အခန်း (၁၁၃၉-၁၁၄၀)
Vol. 95 Ch. 1139-1140
အခန်း ၁၁၃၉ -
မှတ်ဉာဏ်များ ဖျက်ပစ်ခြင်း ... ။
ဒူးထောက်နေသော အဘိုးအိုအသံသည် ကောင်းကင်နှင့် မြေကြီးကြားပဲ့တင်ထပ်သွား လေသည်။ စကားလုံးတိုင်း စိတ်လှုပ်ရှားမှုနှင့် ဝမ်းမြောက်မှုများ ပြည့်နှက်နေ၏။
သူသည် ခေါင်းငုံ့ထားပြီး မျက်လုံးများနီရဲနေမှုကို ဖုံးကွယ်ထားသည်။ လူတိုင်း လုံးဝ အံ့အားသင့်သွားကြ၏။
ထိုကဲ့သို့ ကြောက်မက်ဖွယ်ကောင်းပြီး လွှမ်းမိုးနိုင်လွန်းသော တစ်စုံတစ်ယောက်သည် စုရီရှေ့တွင် ဒူးထောက်ကာ အင်မော်တယ် ဘုရင်ဟု ခေါ်နေခြင်းဖြစ်သည်။
ဤမြင်ကွင်းကြောင့် လူတိုင်းတွင် တစ်ခုတည်းသောအတွေးများသာ ဝင်ရောက် လာ၏။
သံသယဝင်ခြင်း။ ထိုစုရီသည် အင်မော်တယ်နယ်မြေသို့ မရောက်ဖူးသေးသော သေမျိုးမျှသာဖြစ်သည်။
အဘိုးအိုသည် သူ့ရှေ့ဒူးထောက်ပြီး အင်မော်တယ်ဘုရင်အဖြစ် တင်စားခေါ်ဝေါ်နေ သည်မှာ အဓိပ္ပါယ်မရှိချေ။
လူတိုင်းသည် ရွှံ့ရုပ်တုများကဲ့သို့ ထိုနေရာတွင် ရပ်နေကြပြီး သူတို့၏စိတ်များ ဗလာဖြစ်နေသည်။
“ ချီဖူဖန်း ... ဒါဆိုမင်းပဲ ... မင်းမှာ အုပ်စိုးရှင်တစ်ပါးရဲ့ သွေးအရှိန်အဝါရှိနေတာ အံ့သြစရာမရှိပါဘူး။ ”
စုရီ စိတ်ခံစားမှုအချို့ဖြင့် ပြောကြားလိုက်သည်။ ဤသည်မှာ ဝမ်ယဲ့၏ ခံစားချက်ဖြစ်ချေ၏။ ရှေးယခင်က အဖြူရောင် သမင်တောင်တန်း၌ ဖူဖန်းအင်မော်တယ် နန်းတော်တည်ရှိခဲ့သည်။
ချီချန်လီသည် ဖူဖန်းအင်မော်တယ် နန်းတော်၏ဘိုးဘေးဖြစ်၏။ တစ်ချိန်တည်း မှာပင် ထိုချီချန်လီသည် ဝမ်ယဲ့၏ ဗိုလ်ချုပ်ကြီး (၃၆)ဦးအနက်မှ တစ်ပါးလည်း ဖြစ်သည်။
သူသည် ဗဟိုအင်မော်တယ်ရုံး၏ ကျော်ကြားသော ‘ဓားသခင်ချန်လီ’ ဖြစ်ချေ၏။ ချီချန်လီတွင် ချီဖူဖန်းအမည်ရှိ သားတစ်ဦး ရှိကြောင်း သူ သိထားသည်။
ယခင်က အင်မော်တယ်အသွင်ပြောင်း ရေကန်ဘေးတွင် ဟောင်းနွမ်းနေသောဝတ်စုံနှင့် ချီဖူဖန်းကို သတိထားမိခဲ့၏။ အဘယ့်ကြောင့် ဆိုသော် သူ့ထံမှအာဏာရှင်တစ်ပါး၏ သွေး ရည်ရွယ်ချက်ကို ခံစားမိသောကြောင့်ပေပင်။
ဤသည်မှာ ချီချန်လီကိုယ်တိုင် ဖန်တီးထားသော ထူးခြားလွန်းသည့် လျှို့ဝှက် နည်းစနစ်တစ်ခုဖြစ်ကာ ကျင့်ကြံပြီးနောက် ရရှိနိုင်သည့် ကြီးစိုးမှုဖြစ်၏။
သို့သော် ထိုမျှအိုမင်းနေသော အဘိုးကြီးသည် ချီချန်လီ၏ သားတစ်ယောက် ဖြစ်နေလိမ့်မည်ဟု မမျှော်လင့်ခဲ့ချေ။
“ ဒါဆို အင်မော်တယ်ဘုရင်က ... ဒီဂျူနီယာကိုမှတ်မိနေတာပေါ့။ ”
ချီဖူဖန်းက စိတ်လှုပ်ရှားစွာဖြင့် တိုးတိုးလေးပြောပြီး နှုတ်ခမ်းများ တုန်ရီကာ ထိန်းမနိုင်သိမ်းမရ ပျော်ရွှင်လာသည်။
“ မြန်မြန်ထပါ ... ငါရှေ့မှာ နောက်ထပ် ဘယ်တော့မှ ဒူးမထောက်ပါနဲ့။ ”
စုရီက အမိန့်ပေးလိုက်သည်။ ချီဖူဖန်းမှ ထရပ်လိုက်သော်လည်း အလွန်လေးစားသည့် အမူအရာဖြင့် ခေါင်းကို ငုံ့ထားဆဲဖြစ်၏။
“ အင်မော်တယ်ဘုရင် ... သူက ဘယ်လိုလုပ်ပြီး အင်မော်တယ်ဘုရင်ဘွဲ့ထူးကို ရနိုင်ရတာလဲ ကောလဟာလတွေက အမှန်ဖြစ်နိုင်မလား။ ”
ယွီချန်က တီးတိုးရေရွတ်လိုက်၏။ ပထမတိုက်ပွဲကွင်းတွင် ရှိစဉ်က အရှေ့ဘက်ရွှမ် ဒေသမှ တစ်စုံတစ်ယောက်သည် ဝင်စားခြင်း စွမ်းအားကို နားလည်ပြီး တစ်ကြိမ်ထက်မက ပြန်လည်မွေးဖွားခဲ့ကြောင်း သတင်းများ ကြားသိထားဖူးသည်။
သို့သော် သူ အလေးအနက်မထားခဲ့ချေ။ ယခုမူ အမှန်ပင်ဖြစ်ပုံရနေ၏။
“ တာအိုစုက ဒီလောက် ယုံကြည်မှုရှိနေခဲ့တာ အံ့သြစရာမရှိတော့ပါဘူး သူ့မှာ လျှို့ဝှက်ဆန်းကြယ်ပြီး ငါတို့ မသိရနိုင်တဲ့ နောက်ခံမျိုးရှိတယ်ပဲ ... ။ ”
ဒိုမိန်းတိုက်ပွဲကွင်းမှ လာသော ကျင့်ကြံသူများသည် စုရီကို အမြင်သစ်ဖြင့် ပြန်လည်ကြည့်ရှုလာကြ၏။
ဤမတိုင်မီ သူတို့သည် တစ်ဖက်လူနှင့် ခွန်အားကွာခြားနေလျှင်ပင် အနည်းဆုံးတော့ တာအိုမိတ်ဆွေများဖြစ်နေသေးသည်။
ယခုမူ သူတို့အားလုံးသည် ကမ္ဘာတစ်ခုတည်းမှ မဟုတ်ကြောင်း နားလည် လိုက်တော့၏။ လူတိုင်းရင်ထဲ ရှုပ်ထွေးမှု၊ ထိတ်လန့်မှုနှင့် မရင်းနှီးမှုများ ဝင်ရောက်လာသည်။
အထူးသဖြင့် လျူယွမ်ကျင်း၊ လောင်ယွမ်ကျောက်နှင့် လမ်းညွှန်များမှာ လုံးဝ မှင်သပ်နေပြီး ဇဝေဇဝါဖြစ်ကုန်ကြ၏။
ဤတန်ခိုးရှင်သည် မည်သူနည်း။ အဘယ်မျှစွာသော လျှို့ဝှက်ဆန်းကြယ်သည့် နောက်ခံမျိုးရှိသနည်း။
အဘယ့်ကြောင့် အင်မော်တယ်ဘုရင်ဟု ဘွဲ့ထူးပေးရသနည်း။ တစ်စုံတစ်ယောက်သည် ယနေ့ခေတ်တွင် အင်မော်တယ်ဘုရင်ဟု သူ့ကိုယ်သူ တင်စားဝံ့ခြင်းမရှိချေ။
ဓမ္မအဆုံးခေတ်ပြီးနောက် အင်မော်တယ်ဘုရင်များသည် သစ်ရွက်များလို တဖြုတ်ဖြုတ်ကြွေလွင့်ကုန်ရ၏။
ကျန်ရှိနေသော အင်မော်တယ်ဘုရင်များပင် လျှို့ဝှက်နယ်မြေများ၌ အခြေအနေအမျိုးမျိုးဖြင့် ပုန်းအောင်းရှင်သန်နေရသည်။
“ ဒီကလေးက အင်မော်တယ်ဘုရင်တစ်ပါးရဲ့ တိုက်ရိုက်မျိုးဆက်လား။ ”
ထိုအတွေးက သူတို့ရင်ထဲ ဝင်ရောက်လာသည်။ ဂိုဏ်းတစ်ခုတွင် အလွန် ထူးချွန်ထက်မြက်သော မျိုးဆက်သစ်များကို အင်မော်တယ်ဘုရင်အဖြစ် တင်စားကြ၏။
ရုတ်တရက် လျူယွမ်ကျင်းတစ်ယောက် တစ်စုံတစ်ရာကို သတိရသွားကာ သူ့ခန္ဓာကိုယ် တစ်ခုလုံး တုန်ခါလျက် မျက်လုံးများပြူးကျယ် လာတော့သည်။
“ ချီဖူဖန်း ... ။ ”
ဤသည်မှာ ကျင်းပြည်နယ်၏ အုပ်စိုးရှင်အင်မော်တယ်ဘိုးဘေး၏ သားအမည် ဖြစ်ချေ၏။ သူ့အဖေမှာ အင်မော်တယ်ရုံးတော်မှ ဓားသခင်ချန်လီပေပင်။
“ တကယ်ပဲ အဲဒီစီနီယာလား။ ”
လျူယွမ်ကျင်းနှလုံးသားတစ်ခုလုံး တုန်ခါသွားလေသည်။ ဤဒေသကြီးသည် ဖူဖန်း အင်မော်တယ်နန်းတော် တည်ရာအရပ်ဖြစ်၏။
သူသာ မမှားသော် အမှန်ပင် ဤအဖိုးကြီးသည် သက်ရှိထင်ရှားတည်ရှိ နေသော ရုပ်ကြွင်းကြီးတစ်ခုဖြစ်ပေမည်။
ဓမ္မအဆုံးခေတ်၏ အကြွင်းအကျန်များ အနက်မှ တစ်ပါးဟု ခေါ်ဆိုနိုင်၏။ ထိုသို့သော တစ်စုံတစ်ယောက်မှ အင်မော်တယ်ဘုရင်ဟု ခေါ်ဆိုနေသည်မှာ ပေါ့ပါးသောဂုဏ်ပုဒ်မျိုး မဟုတ်နိုင်ချေ။
“ ဟမ့် ... ။ ”
ထိုအချိန်တွင် အဝေးမှလူရိပ်များ လျင်မြန်စွာပျံသန်းလာနေသည်ကို မြင်လိုက် ရလေသည်။
“ ငါတို့ နောက်မကျပါစေနဲ့လို့ မျှော်လင့်ပါတယ်။ ”
“ စိတ်မပူပါနဲ့ ငါတို့ကို ယှဉ်ပြိုင်ရဲတဲ့ ဘယ်သူ့ကိုမဆို သတ်ပစ်ကြမယ်။ ”
သူတို့က အချင်းချင်း ကျယ်လောင်စွာ ဆွေးနွေးလျက် အထိန်းအကွပ်မဲ့စွာ ရောက်ရှိ လာကြသည်။ သို့သော် စောင့်ကြိုနေသော မြင်ကွင်းကြောင့် သင့်သွားကုန်၏။
မြေပြင်၌ သွေးများ ပြန့်ကျဲနေပြီး အလောင်းများ အပိုင်းအစများအဖြစ် ဖုံးလွှမ်းနေ ချေပြီ။
“ ဒီမှာ ဘာတွေဖြစ်ခဲ့တာလဲဆိုတာ ဘယ်သူပြောပြနိုင်လဲ။ ”
အဖွဲ့ကို ဦးဆောင်လာသော အကြီးအကဲတစ်ဦးက လေးနက်သောအသံဖြင့် မေးမြန်းလိုက်လေသည်။
သူ့နှင့်အတူ လိုက်ပါလာသော ကျွမ်းကျင်သူပေါင်း (၁၀)ဦးခန့်သည်လည်း ကြမ်းကြုတ်သော ရောင်ဝါများကိုထုတ်ပြကာ ပတ်ဝန်းကျင်ကို စစ်ဆေးကြည့်တော့၏။
ဤတစ်ကြိမ်တွင် လူအုပ်ကြီးသည် အဆိပ်ငါးပါးတောင်တန်းသခင်နှင့် အခြားသော လူများ ရောက်ရှိလာစဉ်ကကဲ့သို့ ထူးထွေ တုန်လှုပ်ခြင်း မရှိကြတော့ချေ။
ယင်းအစား သူတို့အားလုံးက သနားကြင်နာမှု အရိပ်အယောင်များဖြင့်သာ ပြန်ကြည့်လိုက်ကြသည်။
“ ဟမ့် ... မင်းတို့ အသက်ရှင်နေရတာ ငြီးငွေ့နေပြီလား။ ”
အဘိုးကြီးတစ်ဦးက အေးစက်စွာ အော်ဟစ်ခြိမ်းခြောက်လိုက်သည်။ ဤလူများမှာ သူတို့မေးခွန်းကို မဖြေဘဲ လှောင်ပြုံးဖြင့်ပင် ပြန်ကြည့်လာသူများရှိနေ၏။
ယင်းကြောင့် တစ်စုံတစ်ရာ မှားယွင်းနေကြောင်း နာလည်လိုက်လေသည်။ ထိုစဉ် စုရီသည် လူတိုင်းကို လျစ်လျူရှုလျက်၊
“ သူတို့ကို သတ်ပစ်လိုက်။ ”
-ဟု အမိန့်ပေးလိုက်တော့၏။
“ နားလည်ပါပြီ ... ။ ”
ချီဖူဖန်းက ချက်ချင်း လေထဲ ပျံတက်သွားသည်။ အလင်းရောင်တစ်ချက် လက်သွားကာ ကောင်းကင်နှင့် မြေကြီးကြား လွှမ်းမိုးနိုင်သောဓားအလင်း ပေါ်လာ၏။
နောက်တစ်စက္ကန့်အတွင်း အထိန်းအကွပ်မဲ့စွာ ရောက်ရှိလာသော လူများ အားလုံး ရက်စက်စွာ သတ်ဖြတ်ခြင်း ခံလိုက်ရလေသည်။
ဤမြင်ကွင်းသည် လူတိုင်းကို ထုံကျင်သွားစေ၏။ ထို့နောက် ချီဖူဖန်းက ဓားကိုပြန်သိမ်းကာ၊
“ ဧကရာဇ်သခင် ဒီနေရာက မလုံခြုံတော့ဘူး။”
-ဟု သတိပေးလိုက်သည်။
လူတိုင်းက စုရီထံ မော့ကြည့်လိုက်ကြ၏။ ဤတစ်ကြိမ်တွင် ချီဖူဖန်းသည် ဧကရာဇ်သခင် ဟူသောအမည်ကို ပြောင်းလဲလိုက်သည်။
ဓမ္မအဆုံးခေတ် မတိုင်မီ အင်မော်တယ်မြေတွင် ဧကရာဇ်သခင်ဟူသော ဘွဲ့ထူးကို ဗဟိုအင်မော်တယ်ရုံးတော်၌ တစ်ဦးတည်းသာ ပိုင်ဆိုင်ထား၏။
“ ဧ ... ဧကရာဇ်သခင် ... ။ ”
ထိုအချင်းအရာကို သတိရလိုက်သော လျူယွမ်ကျင်းတစ်ယောက် ဒူးများတဆက်ဆက် တုန်ရင်လျက် ပြိုလဲလုနီးပါးဖြစ်လာခဲ့သည်။
စုရီက ချီဖူဖန်းကို ခေါင်းညိတ်ပြလိုက်၏။ ယခုအချိန်၌ချီဖူဖန်းနှင့် အတိတ်အကြောင်းများ ပြန်ပြောင်းမေးမြန်းရန် အချိန်မဟုတ်ချေ။ စုရီမှ လူအုပ်ကြီးထံဝေ့ကြည့်ကာ၊
“ လူတိုင်းကို ... ငါ မဖုံးကွယ်ထားပါဘူး၊ ဒီနေ့ဖြစ်ပျက်ခဲ့တဲ့ အချင်းအရာမှန်သမျှက ငါ့ကို ရည်ရွယ်ပုံရပါတယ်၊ မင်းတို့အားလုံးက မတော်တဆ ကြုံတွေ့ရတာပါ။ ”
-ဟု ရှင်းပြလိုက်သည်။
“ တာအိုစု ... ဒီအတွက် မင်းစိတ်ပူနေစရာမလိုပါဘူး ငါတို့အားလုံး နားလည်ပြီးသားပါ။ ”
ယွီချန်မှ ချက်ချင်းပြန်ဖြေသည်။ ကျန်သူများသည်လည်း ခေါင်းညိတ်ပြလာ၏။ လက်ရှိအခြေအနေအပေါ် နားမလည်ခြင်းသည် မိုက်မဲရာကျပေလိမ့်မည်။ စုရီက လူတိုင်းထံ ဝေ့ကြည့်လိုက်ကာ၊
“ ဒါကြောင့် မင်းတို့အတွက် ဘေးကင်းရာ နေရာအထိပို့ဆောင်ပေးဖို့ ... ချီဖူဖန်းက တာဝန် ယူပေးပါလိမ့်မယ်။ ”
-ဟု ပြောကြားလိုက်သည်။
ယွီချန်၊ ချင်စုရှင်းနှင့် အခြားသူများမှာ စိတ်သက်သာရာရသွားကြသည်။ စုရီသည်သာ သည်အတိုင်းထွက်သွားသော် ထိုသူများသည် သူတို့ကိုပစ်မှတ်ထားပြီး စစ်ဆေးမှုများ မလွဲမသွေပြုလုပ်လာကြပေမည်။
“ ဒါပေမယ့် ... ငါ့မှာ တောင်းဆိုချက်တစ်ခုရှိတယ် မင်းတို့ရဲ့ ဒီနေ့ မှတ်ဉာဏ်တွေအားလုံးကို ဖျက်ပစ်ရမယ်။”
“ ကောင်းပြီ ... ငါသဘောတူတယ်။ ”
ယွီချန်မှ တုန့်ဆိုင်းခြင်းမရှိသဘောတူ၏။ များမကြာခင်မှာပင် တခြားသူများသည်လည်း လိုက်ပါခေါင်းညိတ်လာကြသည်။
စုရီ၏နောက်ခံသည် အရမ်းထူးခြားပြီး လျှို့ဝှက်ဆန်းကြယ်ကြောင်း သူတို့အားလုံးမှ နားလည်ထား၏။ များများသိလေ ကပ်ဘေးများ ရောက်လာရန် အခွင့်အလမ်း ပိုများလေပေပင်။
စုရီမှ ခေါင်းညိတ်လျက် ချီဖူဖန်းဘက်သို့ လှည့်ကြည့်ကာ၊
“ မင်း ... နှလုံးသားအိပ်မက် ဝိညာဉ်နည်းစနစ်ကို နားလည်လား။ ”
-ဟု မေးမြန်းလိုက်၏။
“ ဟုတ်ကဲ့ ... ။ ”
“ ကောင်းပြီ ... မင်းသူတို့ကို ဒီနေ့နဲ့ဆက်စပ်နေတဲ့ အမှတ်တရတွေအားလုံး ဖျက်ပစ်ပေးလိုက်ပါ ပြီးရင်ငါတို့ထွက်သွားမယ် သတိရပါ သူတို့ဝိညာဉ်ကို မထိခိုက်စေနဲ့။ ”
“ ဟုတ်ကဲ့ နားလည်ပါပြီ။ ”
စကားဆုံးသည်နှင့် ချီဖူဖန်းက ချက်ချင်း စတင်တော့သည်။ စုရီမှ လျူယွမ်ကျင်းထံသို့ အကြည့်လွှဲလိုက်၏။ လျူယွမ်ကျင်းသည်လည်း နားလည်ဟန်ဖြင့် တုန်ရီလာပြီး၊
“ ဧကရာဇ်သခင်၊ ဒီနေ့ရဲ့ မှတ်ဉာဏ်တွေ မရှိရင်တောင် ထိုက်ချင်းဂိုဏ်းက ငါတို့အားလုံး အပေါ် လိုက်လံဖမ်းဆီးပြီး အပြစ်ပေးမှာကို ကြောက်မိပါတယ်။ ”
-ဟု တောင်းပန်ရန် ပြင်တော့သည်။
“ သဘောမတူရင် ခင်ဗျားတို့အားလုံး သေရလိမ့်မယ်။ ”
သို့သော် စုရီမှ စကားပြောခွင့် မပေးချေ။ ထိုစကားကြောင့် လျူယွမ်ကျင်းနှင့် အဖွဲ့သည် ခါးသီးသောအသွင်ဖြင့် ပါးစပ်ပိတ်သွား၏။ စုရီက သူတို့ကို လေးနက်စွာကြည့်ကာ၊
“ တစ်ခါတစ်ရံမှာ မသိနားမလည်မှုက ပျော်ရွှင်စရာတွေကို ဆောင်ကျဉ်းပေးပါတယ်။ ”
-ဟု ပြောကြားလိုက်၏။
သူ့အနေဖြင့် ကြောက်၍မဟုတ်ချေ။ ယွီချန်နှင့် ချင်စုရှင်းတို့ကဲ့သို့ အပြစ်မဲ့သူများကို ပါဝင်ပါတ်သတ်မိစေမည်ကို စိုးရိမ်သောကြောင့် ဖြစ်လေသည်။
ယခုအချိန်၌ သူလုပ်နိုင်သည်မှာ သည်ကနေ့မှတ်ဉာဏ်များကို ဖျက်ရန်ဖြစ်၏။ ဤနည်းဖြင့် အင်မော်တယ်မြေရှိ သူတို့၏ နေ့ရက်များမှာ စိုးရိမ်စရာမရှိတော့ချေ။
ခဏအကြာတွင် ချီဖူဖန်းက ပြန်လည်ရောက်ရှိလာပြီး၊
“ ဧကရာဇ်သခင် ... သူတို့အားလုံး ကောင်းကောင်း ပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး အဆင်ပြေပြေ ဖြေရှင်းပြီးပါပြီ။ ”
-ဟု လျှောက်တင်လာသည်။
မဝေးလှသောနေရာတွင် ယွီချန်၊ ချင်စုရှင်းနှင့် အခြားသူများသည် အချင်းချင်း စကားပြောနေကြသည်။
အစောပိုင်း ဖြစ်ပျက်ခဲ့သမျှကို လုံးဝမသိနားလည်လိုက်ဟန်ဖြင့် မျက်နှာများ၌ ဇဝေဇဝါဖြစ်နေသော အငွေ့အသက်များ ပြည့်နှက်နေချေပြီ။
ထိုအထဲတွင် လျူယွမ်ကျင်းနှင့် အဖွဲ့သည်လည်းပါဝင်သည်။ သို့သော် သူတို့မှာ သတိလစ်နေ၏။
ဤသည်မှာ ချီဖူဖန်းမှ သဘာဝအတိုင်း ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခြင်း ဖြစ်သည်။ မဟုတ်သော် ထိုလူများသည် သေချာပေါက် ထွက်ခွာခြင်းကို တားဆီးလာပေလိမ့်မည်။
“ ဒါက အချိန်အတိုင်းအတာ တစ်ခုလောက်ပါပဲ ကျောက်စိမ်းအလင်းမြေရဲ့ အင်မော်တယ်တစ်ပါးကသာ ‘နတ်ဘုရား ဆင့်ခေါ်ခြင်း’နည်းစနစ်ကို အသုံးပြုရင် ...
... ဒီကနေ့ ပျောက်ဆုံးသွားတဲ့ သူတို့ရဲ့မှတ်ဉာဏ်တွေကို ပြန်လည်ရရှိလာမယ့် နည်းလမ်းရှိနေတယ်။ ”
စုရီက ခေါင်းညိတ်ကာ ပြောကြား လိုက်သည်။ သို့သော် ဤသည်မှာ အနာဂါတ် ဖြစ်ချေ၏။
“ သွားရအောင် ... ။ ”
ထို့နောက် ချီဖူဖန်းက ဘူးသီးခြောက်တစ်လုံးကို ထုတ်ယူကာ ယွီချန်၊ ချင်စုရှင်းနှင့် အခြားသူများကို ဘူးသီးထဲသို့ တိုက်ရိုက်ထည့်သွင်းလိုက်၏။
များမကြာခင် ဆယ်ပေကျယ်သော ရွှေရောင်တိမ်တိုက်တစ်ခုဆင့်ခေါ်ကာ စုရီနှင့် အတူ ခုန်တက်ထွက်ခွာလာခဲ့သည်။
သူတို့ထွက်သွားပြီး များမကြာမီ လျူယွမ်ကျင်းနှင့် အခြားသူများသည် သတိလစ် နေရာမှ တဖြည်းဖြည်းနိုးထလာကြ၏။
“ ငါတို့ ဒီကိုဘယ်လိုရောက်လာတာလဲ။ ”
တစ်စုံတစ်ယောက်က အံ့အားသင့်စွာ မေးလိုက်သည်။ သို့သော် မည်သူမျှ ပြန်လည် ဖြေကြားနိုင်ခြင်းမရှိချေ။
“ သေစမ်း၊ ငါ့မှတ်ဉာဏ်တွေ ပျောက်သွားပြီ။ ”
“ ဟမ့် ... ငါလည်းအတူတူပဲ ... ။ ”
“ တစ်ယောက်ယောက် ငါတို့ မှတ်ဉာဏ်တွေကိုဖျက်စီးသွားတယ်။ ”
လျူယွမ်ကျင်းနှင့် အခြားသူများမှာ မျက်နှာအမူအရာများ ပြောင်းလဲသွားပြီးနောက် ကျောရိုးတစ်လျှောက် အေးစက်လာ၏။
သူတို့အားလုံးသည် အင်မော်တယ် လမ်းကြောင်းပေါ်သို့ လျှောက်လှမ်းနေခဲ့သော ပုဂ္ဂိုလ်များဖြစ်ချေသည်။
ယနေ့နှင့်ဆက်စပ်သော မှတ်ဉာဏ်များ ဖျက်ပစ်ခံရကြောင်းသိရှိပြီးနောက် ကြီးမားသည့် ပြဿနာတစ်ခုအတွင်း ဝင်ရောက်မိခဲ့ကြောင်း နားလည်လိုက်ကြသည်။
“ ဟမ့် ... ဗလာနယ်ပယ် အင်မော်တယ်တွေကို သတ်ပစ်ခဲ့တာလား။ ”
ရုတ်တရက် လူတိုင်း၏ အကြည့်များက မြေပြင်ပေါ်ရှိ အလောင်းများနှင့် လက်နက်များ အပျက်အစီးများထံ ရောက်ရှိသွားကာ ချက်ချင်း ထိတ်လန့်ကုန်တော့သည်။
“ ဒီကနေ့ ငါတို့အသက်ရှင်လျက် လွတ်မြောက်နိုင်ခဲ့တာ ကံကောင်းတယ်လို့ ဘာလို့ခံစားလာရတာလဲ။ ”
***
အခန်း ၁၁၄၀ -
ငါတို့ပြန်ဆုံကြပြီနော်။
ကောင်းကင်အောက်တွင် ရွှေရောင်တိမ်တိုက်တစ်ခုကို စီနင်းလျက် စုရီနှင့် ချီဖူဖန်းတို့ပျံသန်းလာနေသည်။
စုရီက ကုလားထိုင်ကို ထုတ်ယူကာ သက်တောင့်သက်သာထိုင်နေ၏။ ချီဖူဖန်းသည် တစ်ဖက်တွင် လေးစားစွာရပ်နေပြီး သူ၏ အကြည့်များက ငြိမ်သက်နေသည်။
သူ့မျက်ဝန်းများတွင် ဖုံးကွယ်ထားခြင်း မရှိသော ရှုပ်ထွေးမှုခံစားချက်များဖြင့် ရစ်သိုင်း ပြည့်နှက်နေ၏။ နှစ်ပေါင်းများစွာ စောင့်ဆိုင်းပြီး နောက်ဆုံးတွင် ဧကရာဇ်သခင်မှာ အမှန်ပင် ပြန်လည်ရောက်ရှိလာခဲ့သည်။
“ မင်းရဲ့အဖေက တကယ်ပဲ ဆုံးပါးသွားပြီလား။ ”
စုရီ မေးမြန်းလိုက်သည်။ ချီဖူဖန်းမှ ခေါင်းညိတ်ပြလိုက်၏။
“ ဓမ္မအဆုံးခေတ်မှာ ငါ့ဖခင်နဲ့ ဖူဖန်းနန်းတော်က တပည့်တွေ ကပ်ဘေးကြီးကို မကျော်လွှားနိုင်ခဲ့ပါဘူး ...
... ဒီဂျူနီယာနဲ့ လူအနည်းစုသာ ကံကောင်းထောက်မစွာပဲ ကပ်ဘေးကနေ လွတ်မြောက်ခဲ့ကြပါတယ် ဒါပေမယ့် ငါတို့ အားလုံးဒဏ်ရာတွေ ပြင်ထန်ခဲ့ပါတယ်။ ”
... ဒါကြောင့် ဖူဖန်းရဲ့ တပည့်တွေ တစ်ယောက်ပြီးတစ်ယောက် ကွယ်လွန်သွားပြီး နောက်ဆုံးတော့ ဒီဂျူနီယာတစ်ယောက်ပဲ ...
... လောကကြီးမှာ ကျန်ရစ်ခဲ့ပါတယ် ... ဒါကအထီးကျန်တစ္ဆေတစ်ကောင်လို အရမ်းပဲ နာကျင်စေပါတယ်။ ”
ထို့နောက် ချီဖူဖန်းမှသက်ပြင်းချပြီး ခေါင်းခါလိုက်သည်။
“ အဲဒီနောက်ပိုင်း ဒီဂျူနီယာက ဖခင်ရဲ့ စကားအတိုင်း သမင်ဖြူတောင်တန်းကြီးမှာပြ အမြဲနေထိုင်ခဲ့ပါတယ် ...
... ဘာလို့လဲဆိုတော့ ဖခင် မကွယ်လွန်ခင်တုန်းက ဧကရာဇ်သခင်ဟာ တိုက်ပွဲမှာ လုံးဝသေဆုံးခဲ့တာ ...
... မဟုတ်ဘူးလို့ ပြောပါတယ် တစ်နေ့မှာ သေချာပေါက် ဧကရာဇ်သခင်ပြန်လာခဲ့မယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။ ”
ထိုစကားကြောင့် စုရီတစ်ယောက် အတိတ်ကိုပြန်ပြောင်းသတိသော အကြည့်များ ထွက်ပေါ်လာသည်။ ထိုစဉ်က သူ တစ်ယောက်တည်း ရှိနေချိန်တွင် ရုတ်တရက် ရန်သူများ၏ ချုံခိုတိုက်ခိုက်မှုကို ခံခဲ့ရ၏။
အင်မော်တယ်သမိုင်းတလျှောက် အကြောက်စရာအကောင်းဆုံး သွေးချောင်းစီးမှု တိုက်ပွဲကြီးပေပင်။ ထိုတိုက်ပွဲတွင် ဝမ်ယဲ့သည် ရန်သူများအများအပြားကို သတ်ဖြတ်ခဲ့၏။
အကျိုးဆက်အနေဖြင့် ပြန်လည် ကုသ၍မရသော ဒဏ်ရာများကို ရရှိခဲ့လေသည်။ ယင်းကြောင့် ပြန်လည်ဝင်စားကာ တစ်ဖန် ကျင့်ကြံရန်စတင်ခဲ့ရ၏။
သို့သော် လောကကြီးအမြင်တွင် ဧကရာဇ်များသခင်သည် ထိုတိုက်ပွဲကြီးအတွင်း သေဆုံးသွားခဲ့သည်ဟု ကောလဟာလများ ထွက်ပေါ်သွားလေသည်။
ထို့ကြောင့် အဆိုပါတိုက်ပွဲကို ထာဝရအမှောင်တိုက်ပွဲဟု ခေါ်ဆိုကြလေသည်။ ဆိုလိုသည်မှာ ဧကရာဇ်များသခင် ကွယ်လွန်ပြီး ဗဟိုအင်မော်တယ်ရုံးတော်သည် ရှုပ်ထွေးမှုများ ဖြစ်ပေါ်လာသောကြောင့်ပေပင်။
“ မင်းအဖေ ကျရှုံးခဲ့တာ ... ဘယ်လောက်နှမျောစရာ ကောင်းလိုက်လဲ။ ”
စုရီမှ ညည်းညူလိုက်သည်။ ချီချန်လီမှာ အလွန်ထူးချွန်ပြီး မယုံနိုင်အောင် အလားအလာ ကောင်းများ ရှိနေသည်။
ဝမ်ယဲ့က သူ့ကို အင်မော်တယ်ဘုရင် အလွယ်တကူရောက်ရှိနိုင်သော ပါရမီရှင်တစ်ပါး အဖြစ် သတ်မှတ်ထားခဲ့သည်။
ထိုမှန်းဆချက်အတိုင်းပင် ချီချန်လီသည် အင်မော်တယ်ဘုရင်အဆင့်သို့ ရောက်ရှိလာပြီး ဓမ္မအဆုံးခေတ်၌ ကျရှုံးသွားချေပြီ။
“ အခု မင်းက ဘာလို့ထိုက်ချင်းဂိုဏ်းကို နာခံနေရတာလဲ။ ”
စုရီက မေးလိုက်သည်။ ချီဖူဖန်းမှ သက်ပြင်းချက်လျက်၊
“ ဧကရာဇ်သခင်ကို အစီရင်ခံရင် လွန်ခဲ့တဲ့တစ်နှစ်က ထိုက်ချင်းဂိုဏ်းအကြီးအကဲ တစ်ယောက် တပည့်အချို့နဲ့ ပိုင်လူတောင်ကို ရောက်လာပါတယ် ...
... အဲဒီတုန်းက ဒီဂျူနီယာက အမှောင်ထဲမှာပုန်းနေပြီး သူတို့ရဲ့စကားဝိုင်းကို နားထောင်ခဲ့တယ် ... အဲဒါကတစ်နှစ်အကြာမှာ ပိုင်လူတောင်ပေါ်မှာ အင်မော်တယ် တံခါး ပွင့်လာမယ်လို့ ပြောကြတယ် ...
... အဲဒီစကားဝိုင်းကနေ ဧကရာဇ်သခင် ဝင်စားသူလို့ သံသယရှိနေတဲ့လူတစ်ယောက်ကို ရှာဖွေနေကြောင်း သိလိုက်ရတယ်။ ”
ဤအချိန်တွင် ချီဖူဖန်း၏ မျက်နှာအမူအရာသည် စိတ်လှုပ်ရှားမှုဖြင့် ပြည့်နှက်လာတော့သည်။
“ ဒါကြောင့် အဲဒီတုန်းက ဒီဂျူနီယာ အရမ်းပျော်ခဲ့တယ် ဒီလိုအထီးကျန်ပြီးပျင်းရိတဲ့ နှစ်တွေ နောက်ဆုံးတော့ ပြီးဆုံးသွားပြီ။ ”
ထိုစကားကြောင့် စုရီတစ်ယောက် စိတ်ခံစားချက်များ မြင့်တက်လာသည်။ ဝမ်ယဲ့ တစ်ယောက် မည်မျှ လေးစားစရာကောင်းသော ခေါင်းဆောင်တစ်ဦးဖြစ်ခဲ့ကြောင်း မြင်သာ၏။
သူ့အပေါ် သစ္စာခံသူများမှ တဆင့် ထိုပုံရိပ်ကို မြင်နိုင်ချေပြီ။ ဥပမာအားဖြင့် ပိုင်လု တောင်ပေါ်၌ နှစ်ပေါင်းများစွာ အထီးကျန်စွာ စောင့်ဆိုင်းနေသော ချီဖူဖန်းလိုပင်။
တခြားမည်သူမဆို သူတို့၏ သက်တမ်းကိုကြာမြင့်စွာ ဖြုန်းတီးကျမည် မဟုတ်ချေ။
ထိုအချိန်တွင် ချီဖူဖန်းသည် သူ့ကိုယ်သူ ငြိမ်သက်အောင်ပြင်ယူလျက် စကားဆက်ပြော လာသည်။
“ အဲဒီတုန်းက သူတို့အင်မော်တယ် နန်းတော်ကိုရှာတွေ့ပေမယ့် မဖွင့်နိုင်ခဲ့ကြဘူး ဒါကြောင့် ဒီဂျူနီယာက သူတို့နဲ့ ပူးပေါင်း ဆောင်ရွက်ဖို့ ကမ်းလှမ်းခဲ့တယ် ...
... သူတို့အမြင်မှာ ချမ်းသာကြွယ်ဝမှု အတွက်နဲ့ ဂုဏ်သိက္ခာကိုရောင်းစားမဲ့ လူမိုက် အဖြစ်နဲ့ပေါ့။ ”
အဆုံး၌ စုရီတစ်ယောက် နားလည်သွားတော့သည်။
“ သူတို့ မင်းကို သံသယမဝင်ကြဘူးလား။ ”
“ မဝင်ပါဘူး ... ဒီကာလတွေမှာ နှစ်တွေ မရေမတွက်နိုင်အောင် ကုန်ဆုံးခဲ့ပြီး အချိန်တွေ ပြောင်းသွားပြီ ဒီဂျူနီယာလိုအဖိုးကြီးတွေက ဓမ္မအဆုံးခေတ်ကနေ အသက်ရှင်ကျန်ရစ်တဲ့ အထီးကျန်တစ္ဆေတွေအဖြစ် နေရာတိုင်းမှာ ထွက်ပေါ်လာတတ်တာ သဘာဝပါပဲ ...
... ဒါကြောင့် သံသယဝင်စရာ အကြောင်းမရှိဘူး ငါဘယ်သူလဲဆိုတာတောင် စုံစမ်းဖို့ ဆန္ဒမရှိကြတော့ဘူး။ ”
“ ဒါဆို မင်းငါ့ကို ဘယ်လိုမှတ်မိတာလဲ။ ”
“ ဒီဂျူနီယာသာ မမှားဘူးဆိုရင် အင်မော်တယ်ဘုရင် ရာပေါင်းများစွာကို သတ်ပစ်တုန်းက ‘လက်ဖဝါးထဲကဓားကမ္ဘာ’ ဆိုတဲ့ အင်မော်တယ်နည်းစနစ်ကို ...
... အသုံးပြုခဲ့တယ် ပြီးတော့ ဒီလိုပြိုင်ဘက်ကင်း အင်မော်တယ်နည်းစနစ်ကို အဖေ့ဆီ သင်ပေးခဲ့တယ် မဟုတ်လား။ ”
“ မှန်တယ် ... ။ ”
စုရီမှ ခေါင်းညိတ်သည်။ အစောပိုင်းက ‘လက်ဖဝါးထဲကဓားကမ္ဘာ’ကို အသုံးပြုခဲ့သည့် အကြောင်းရင်းသည် ချီဖူဖန်းထံစမ်းသပ်ရန် ဖြစ်လေသည်။
တစ်ဖက်လူသည်သာ သူ့ကို စောင့်မျှော်နေပါက မှတ်မိနိုင်စေရန် ရည်ရွယ် ထား၏။ သည့်နောက်အချိန်အတော်ကြာအောင် စကားစမြည်များ ပြောကြားဖြစ်ကြသည်။
ပထမဦးစွာ၊ လက်ရှိ အင်မော်တယ်နယ်မြေသည် အတိတ်နှင့် လုံးဝကွဲပြားနေပြီဖြစ်သည်။
ဓမ္မအဆုံးခေတ် ပြီးဆုံးသည့်နောက် ဖရိုဖရဲနှင့် မငြိမ်မသက်ဖြစ်နေသော ထိုအချိန်၌ အင်မော်တယ်အင်အားစု ထွက်ပေါ်လာ၏။
မိုးဦးကျမှိုများ ပေါက်ဖွားလာသကဲ့သို့ပင်။ ရှေးခေတ် အင်မော်တယ်ဘုရင်အင်အားစုများမှာ အချိန်မြစ်ကြီးတွင် ဖျက်ဆီးခံခဲ့ရသည်။
သို့သော် ရှေးဟောင်း အင်အားစု အနည်းငယ်လည်း ကျန်ရစ်ခဲ့သည်။ ၎င်းတို့မှာ ထိုက်ချင်းဂိုဏ်း၊ လျန်ဟွာဘုံကျောင်းနှင့် ရှေးဟောင်းတန်မျိုးနွယ်ကဲ့သို့သော ဘီလူးကြီးများဖြစ်သည်။
ထိုအင်အားစုများသည် ယနေ့တိုင် အထွတ်အထိပ်စွမ်းအားများနှင့် တည်ရှိနေဆဲ ဖြစ်လေသည်။ အခြားသော မြင့်မြတ်မြေ သုံးပါးနှင့် တော်ဝင်မိသားစုအချို့လည်း ရှင်သန်ကျန်ရစ်ခဲ့ကြသည်။
သို့သော် အင်အားစုအများစုမှာ ခေတ်သစ်မျိုးဆက်၏ တပ်ဖွဲ့များသာပေပင်။ အချို့သော အင်အားစုများသည် မကြာသေးမီက ပေါ်ထွက်လာသော်လည်း ထိုရှေးဟောင်း ဘီလူးကြီးများကို စိန်ခေါ်လာနိုင်သည်။
ထို့ပြင် ချီဖူဖန်း၏ အဆိုအရ အင်မော်တယ်မြေတွင် ရှေးခေတ်အင်အားစု မည်မျှ ကျန်ရှိနေသေးသည်ကို မည်သူမျှ မပြောနိုင်ဖြစ်နေသည်။
ယခုအခါတွင် မရေမတွက်နိုင်သော နှစ်ပေါင်းများစွာ ကုန်လွန်လာပြီးနောက် တဖန် ပြန်၍ ကောင်းကင်နှင့် မြေကြီးသည် ပြောင်းလဲ လာတော့သည်။ ယင်းသည် အင်မော်တယ်မြေ အတွက် ရွှေခေတ်ကြီးပေပင်။
ငြိမ်းသတ်၍မရသော တောမီးကဲ့သို့၊ ကောင်းကင်တာအိုနှင့် ဥပပဒေစည်းမျဉ်းများမှာ နွေဦးလေပြေအလား ပြန်လည်ရှင်သန်လာရန် အရာခပ်သိမ်းပေးစွမ်းနေသည်။
တစ်ဖက်တွင် ရှေးဟောင်းအင်အားစုများ သည်လည်းနေရာအနှံ့အပြားတွင် ပြန်လည် ထွက်ပေါ် လာနေကြသည်။
၎င်းတို့အနက် ထိုက်ချင်ဂိုဏ်းသည် အလျင်မြန်ဆုံးဖြစ်သည်။ သူတို့သည် ဝမ်ယဲ့ ဝင်စားမှုအကြောင်း သိရှိနေကာ ရှာဖွေမှုများကို အဆက်မပြတ် ပြုလုပ်လာကြသည်။
လက်ရှိ အင်မော်တယ်မြေတွင် ဝမ်ယဲ့ဝင်စားမှုသည် ထိပ်တန်းလျှို့ဝှက်ချက် ဖြစ်ပြီး သိရှိသူ အနည်းငယ်မျှသာရှိသည်။
ထိုက်ချင်းဂိုဏ်းအပြင် အခြားသော အင်အားစုများမှ စေလွှတ်ခံရသူများသည်ပင် ထိုအကြောင်းအရာကို မသိနိုင်ချေ။ အမိန့်အရ ဖမ်းဆီးရန် လာကြခြင်းသာ ဖြစ်သည်။
သူတို့၏ ရည်ရွယ်ချက်မှာ ဝမ်ယဲ့ဝင်စားသူကိုဖမ်းဆီးကာ ဝင်စားခြင်း ဥပဒေအား သိမ်းပိုက်ရန်ပေပင်။
ထိုသတင်းသည်သာ ပျံ့နှံ့သွားသော် ကျင့်ကြံမှုတွင်ပိတ်မိနေသော အဖိုးကြီးများမှာ သေချာပေါက် သူ့ကို ရှာကြပေမည်။
ချီဖူဖန်းသည်ပင် နှစ်ပေါင်းများစွာ တိုင်အောင် ဤအရပ်တွင်စောင့်မျှော်နေနိုင်သေး သည်မှာ သက်သေဖြစ်သည်။
“ ဒါဆို သူတို့အတွက် ကျင့်ကြံဖို့ တစ်နေရာရာကို လမ်းညွှန်ပေးနိုင်မလား။ ”
စုရီက ယွီချန်တို့ကို ရည်ရွယ်ကာ မေးမြန်းလိုက်သည်။ ချီဖူဖန်းမှ ပြုံးရယ်လျက်၊
“ ဧကရာဇ်သခင် ဒါကအသေးအဖွဲပါ ကိုယ့်ကိုယ်ကိုယ် ဒုက္ခမပေးပါနဲ့ ဒီဂျူနီယာကို ထားခဲ့လိုက်ပါ သူတို့အတွက် ကောင်းမွန်တဲ့ နေရာတစ်ခု ရှိပါတယ်။ ”
-ဟု ပြန်ဖြေလိုက်သည်။
သူသည် အဖြူရောင်သမင် တောင်တန်းပေါ်တွင် အချိန်အများစွာကုန်ဆုံးခဲ့ သော်လည်း မကြာခဏဆိုသလို မိုးမြေတခွင် ခရီးသွားလာခဲ့ဖူးသည်။
သူ့ကဲ့သို့ အထီးကျန် အဖိုးကြီးများစွာနှင့် ဆုံတွေ့ကာ မိတ်ဆွေဟောင်းများကို ပြန်လည် ရှာဖွေနိုင်ခဲ့သည်။ ယွီချန်တို့ကို ထိုသူများထံ သင့်လျော်သလို အပ်နှင်းထားနိုင်၏။
၎င်းတို့သည် အနိမ့်ဆုံးအဆင့် သူတော်စင်အင်မော်တယ်များ ဖြစ်ကြလေရာ လမ်းပြရန် အခက်အခဲမရှိကြချေ။ ကံကောင်းသော် ယွီချန်တို့သည် သူတို့၏ အမွေများကိုပင် ဆက်ခံနိုင်ပေမည်။
“ ကောင်းပြီ၊ ဒါဆို ငါမင်းနဲ့ထားခဲ့မယ်။ ”
စုရီက ခေါင်းညိတ်ပြသည်။ အင်မော်တယ် နယ်မြေသည် အလွန်ကျယ်ပြောသည်။ သာမန် ကျင့်ကြံသူများမဆိုနှင့် အင်မော်တယ်ဘုရင်များ ပင်လျှင် ပြည်နယ်ကြီးတစ်ခုကို ခရီးနှင်ရန် သက်တမ်းများစွာ ပေးဆပ်ရပေမည်။
အများစုမှာ သူတို့၏ ဘဝတစ်လျှောက်လုံးတွင် ဤသို့အချိန်ဖြုန်းခြင်း အပေါ် စိတ်မဝင်စားကြချေ။ ယွီချန်တို့အတွက် လုံလောက်သော အချိန်တစ်ခုရပေမည်။
နောက်ဆုံးတွင် အင်မော်တယ်မြေတွင် နောက်ခံသည် အလွန်အရေးကြီးချေပြီ။ စုရီက ဝိုင်အိုးကိုထုတ်ယူပြီး အားပါးတရ မော့သောက်လိုက်သည်။
“ နှစ်ပေါင်းများစွာ ကုန်လွန်ခဲ့တာတောင် မင်းရဲ့ကျင့်ကြံမှုက ... သူတော်စင်အင်မော်တယ် ကနဦးအဆင့်မှာပဲ ရှိနေသေးတာလား ... မင်းမှာ မကျော်လွှားနိုင်တဲ့ အတားအဆီးတစ်ခုနဲ့ ကြုံတွေ့နေရလား။ ”
ထိုမေးခွန်းကြောင့် ချီဖူဖန်း၏နဖူးတွင် ဝမ်းနည်းမှုအရိပ်အယောင်တစ်ခု ပေါ်လာသည်။ သူက သက်ပြင်းချလျက်၊
“ ဒါက အတားအဆီးတစ်ခု မဟုတ်ပါဘူး ဓမ္မအဆုံးခေတ်မှာ ဒီဂျူနီယာဟာကပ်ဘေးကြီး ကြုံတွေ့ခဲ့ရပြီး တာအိုဒဏ်ရာရရှိခဲ့တာပါ ...
... ဒီဘဝမှာ ပိုမိုမြင့်မားတဲ့ နယ်ပယ်ကို တက်လှမ်းနိုင်ဖို့ မဖြစ်နိုင်တော့ပါဘူး ဧကရာဇ် သခင်။”
-ဟု ပြန်ဖြေခဲ့သည်။
သူတော်စင်အင်မော်တယ် သခင်တစ်ပါးအတွက် ဤအဆင့်၌တစ်သက်လုံး ပိတ်မိနေသည်မှာ တကယ်ပင် ကြီးမားသော ထိုးနှက်ချက်တစ်ခုပေပင်။
သေခြင်းနှင့် ရှင်ခြင်းထက် ကျင့်ကြံမှု လုံးဝရပ်တန့်ကာ သက်တမ်းကုန်ဆုံးမည့်အချိန် အပေါ် ဤသို့စောင့်မျှော်နေရခြင်းသည် အနာကျင်ရဆုံးပေပင်။
စုရီသည်ပင် ထာဝရညတိုက်ပွဲပြီးနောက် ပြန်လည်ကုသမရသော တာအိုဒဏ်ရာတစ်ခု ခံစားခဲ့ရကာ ပြန်လည်မွေးဖွားခြင်းကို ရွေးချယ်ရသည်။
“ သူတော်စင် အင်မော်တယ်တစ်ပါးရဲ့ တာအိုဒဏ်ရာတွေက တကယ်ကို ကျော်လွှားလို့ မရတဲ့ ဒဏ်ရာတွေ မဟုတ်ပါဘူး ... ငါမင်းကို အစွမ်းကုန် ကူညီပေးမယ်။ ”
စုရီမှပြောလိုက်သည်။ ချီဖူဖန်းခမျာ ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီသွားပြီး မျက်နှာတွင် ဝမ်းသာရွှင်မြူးသော အလင်းရောင်များ တောက်ပလာတော့၏။
“ ခရစ် ... ။ ”
ထို့နောက် စုရီကို ကျေးဇူးတင်စကား ပြောရန်ပြင်လိုက်စဉ် သူတို့လမ်း၌ လေဟာနယ် အက်ကွဲကာ တစ်စုံတစ်ဦးထွက်ပေါ်လာသည်။
“ ဟားဟားဟား ကောင်လေး၊ ငါတို့ လမ်းခွဲပြီးတာ မကြာသေးဘူး ပြန်ဆုံကြပြီနော် မင်း ဒါကို ဘယ်လိုခေါ်လဲ ကံကြမ္မာလား။ ”
***