အခန်း ၂၆၁
Vol. 27 Ch. 261
အခန်း (၂၆၁) သေရမယ့်သူကတော့ သေရမှာပဲ
ကနဦး နတ်ဆိုးဧကရာဇ်ဘိုးဘေး၏ ဂူဗိမာန်အတွင်းပိုင်းသည် တွေးထင်ထားသည်ထက် ပိုမို၍ ကျယ်ဝန်းနက်ရှိုင်းလှသည်။ ကျွန်းပေါ်ရှိ တောင်တန်းကြီး၏ ဝမ်းဗိုက်အတွင်း၌ တည်ရှိနေရုံမျှမက ကျွန်းတစ်ခုလုံး၏ အောက်ခြေအထိပါ ထိုးဖောက်တူးဆွထားခြင်းဖြစ်သည်။ နတ်ဆိုးဧကရာဇ်ဘိုးဘေး၏ ရုပ်အလောင်းလည်းရှိပေရာ ပင်မဂူဗိမာန်ကြီးကား ဤကျွန်း၏ အနက်ရှိုင်းဆုံး အောက်ခြေတစ်နေရာ၌ လျှို့ဝှက်စွာ တည်ရှိနေ၏။
နတ်ဆိုးဘုရင်သုံးပါးနှင့် သေမင်းတမန်တပ်ဖွဲ့တစ်စုသည် ဇီးကွက်ဘုရင်၏ ခြေရာနောက်သို့ ထပ်ကြပ်မကွာ လိုက်ပါလာခဲ့ကြပြီးနောက် ကျွန်းအောက်ရှိ မာကျောလှသော ကျောက်ဆောင်များကို ဖြတ်သန်းကာ နတ်ဆိုးဧကရာဇ်ဘိုးဘေး၏ ဂူဗိမာန်အတွင်းသို့ အတင်းအဓမ္မ တူးဖောက်ဝင်ရောက်လာသည်။
သန်မာလှသော စပျစ်နွယ်ပင်ကြီးများသည် ထူထဲသော ကျောက်သားအလွှာကို ဖောက်ထွင်းကာ အတွင်းဘက်သို့ ထိုးဖောက်ဝင်ရောက်သွား၏။ အတွင်းပိုင်းရှိ လေဟာပြင်ကို ခေတ္တမျှ အာရုံခံပြီးနောက်တွင်ကား နွယ်ပင်များမှာ ဘေးတစ်ဖက်တစ်ချက်စီသို့ ကွဲသွားကာ ဝင်ပေါက်လမ်းတစ်ခုကို ဖန်တီးပေးလေသည်။
"ဝင်ကြစို့၊ အထဲမှာ ဘာထောင်ချောက် ဘာအစီအရင်မှ မရှိဘူးကွ။"
ဘိုးဘေးဘုရင်က အတွင်းသို့ ဦးဆောင် ဝင်ရောက်သွားပြီးနောက် မိကျောင်းဖြူဘုရင်နှင့် လင်းယုန်ဘုရင်တို့သည်လည်း သေမင်းတမန်တပ်ဖွဲ့နှင့်အတူ အလျင်စလို လိုက်ပါလာကြသည်။
လိုဏ်ဂူအတွင်းသို့ ရောက်ရှိသည်နှင့် လင်းယုန်ဘုရင်က လက်ဖျစ်တစ်ချက် တီးလိုက်ရာ သူ့ လက်ချောင်းထိပ်ဖျား၌ မီးပွားလုံးငယ်တစ်ခု လင်းလက်တောက်ပလာ၏။ မှောင်မိုက်နေသော ပတ်ဝန်းကျင်၌ အလင်းရောင် ဖြာကျသွားသောအခါ သူတို့အုပ်စုသည် ကနဦးနတ်ဆိုးဧကရာဇ်ဘိုးဘေးဂူဗိမာန်၏ ပင်မအခန်းဆောင်ကြီးအတွင်းသို့ ရောက်ရှိနေပြီဖြစ်ကြောင်း တွေ့လိုက်ရသည်။ ဂူဗိမာန်အတွင်းပိုင်းမှာ အလွန်တရာ ကျယ်ဝန်းလှပြီး ခြောက်ခြားဖွယ်ရာ တိတ်ဆိတ်လျက်ရှိကာ ခမ်းနားသော မြေအောက်နန်းတော်ကြီးတစ်ခုနှင့်ပင် ဆင်တူနေ၏။
"ဟိုမှာ ကြည့်စမ်း။"
မိကျောင်းဖြူဘုရင်က ပတ်ဝန်းကျင်ကို သတိကြီးစွာဖြင့် အကဲခတ်ပြီးနောက် အမှောင်ထု ဖုံးလွှမ်းနေသော နေရာတစ်ဝိုက်ဆီသို့ ရုတ်တရက် လက်ညှိုးထိုးပြကာ အံ့အားသံဟန်ဖြင့် အော်ဟစ်လိုက်ခြင်းဖြစ်သည်။
လင်းယုန်ဘုရင်က လက်ချောင်းထိပ်မှ မီးတောက်ကို ထိုအရပ်ဆီသို့ အနည်းငယ် ရွှေ့ပေးရာ အလင်းရောင်သည် အမှောင်ထုအတွင်းရှိ အရာဝတ္ထုအပေါ်သို့ ထင်းလင်းစွာ ကျရောက်သွား၏။ ထိုအရာကား လေဟာပြင်၌ ချိတ်ဆွဲထားပြီး မရေမတွက်နိုင်သော အဆောင်လက်ဖွဲ့များဖြင့် ရစ်ပတ်ဖုံးလွှမ်းထားသည့် သံကြိုးကြီးတစ်ချောင်းဖြစ်ကာ ထိုသံကြိုးအောက်၌ အလျားနှင့် အနံ ဆယ်မီတာကျော်ခန့်စီရှိသော ဧရာမ ခေါင်းတလားကြီးတစ်ခု ရှိနေသည်။
ဤမြင်ကွင်းကြောင့် လူတိုင်းမှာ အသက်ရှူမှားမတတ် ဖြစ်သွားကြသည်။
——————
အခြားတစ်ဖက်တွင်မူ ပိုင်ချူးရန်နှင့် စုရှန်ရွှယ်တို့သည်လည်း မြေပုံ၏ လမ်းညွှန်မှုဖြင့် ဂူဗိမာန် ဝင်ပေါက်ကို အောင်မြင်စွာ ရှာတွေ့သွား၏။ သူတို့သည် မှောင်မိုက်နေသော ဂူဗိမာန် ကျောက်လှေကားထစ်များအတိုင်း တောက်လျှောက် ဆင်းသက်လာခဲ့ကြရာ အောက်ဆုံးထပ်သို့ ရောက်ရှိသွားသောအခါ သူတို့ရှေ့မှောက်၌ မြင်းလှည်းနှစ်စီး ယှဉ်ပြိုင်သွားလာနိုင်လောက်အောင် ကျယ်ဝန်းလှသော လျှောက်လမ်းကြီးတစ်ခု ပေါ်လာသည်။
နောက်ထပ် မီတာဆယ်ဂဏန်းခန့် အကွာသို့ ရောက်သောအခါ လျှောက်လမ်း၏ ဘေးတစ်ဖက်တစ်ချက်စီ၌ ဆေးရောင်များ မှေးမှိန်နေပြီဖြစ်သော ရှေးဟောင်း နံရံဆေးရေးပန်းချီများကို တွေ့ရလေ၏။
မည်မျှကြာမြင့်ခဲ့ပြီမှန်း မခန့်မှန်းနိုင်သော အချိန်ကာလများကြောင့် နံရံပေါ်ရှိ ပန်းချီကားချပ်များမှာ အထူးဆေးရောင်များကို အသုံးပြုရေးဆွဲထားသည့်တိုင် အကြောင်းအရာများကို ပီပြင်စွာ မမြင်ရတော့ပေ။ ပိုင်ချူးရန်နှင့် စုရှန်ရွှယ်တို့သည် အလင်းရောင်ဖြင့် ခေတ္တမျှ အကဲခတ်ကြည့်ရှုကြသော်လည်း ရေရေရာရာ ဘာမျှ မသိနိုင်ခဲ့ချေ။
"နံရံပေါ်မှာ ဘာတွေ ဆွဲထားတာလဲ။ ငါ့ကို ပြစမ်းပါဦး။"
ကျီရှန်းက သူကိုယ်တိုင် ကြည့်ရှုပေးမည်ဟု ကမ်းလှမ်းလာသဖြင့် ပိုင်ချူးရန်သည် သူ့ကို ဆွဲထုတ်ကာ နံရံဆေးရေးပန်းချီရှိရာဘက်သို့ မျက်နှာမူပေးသည်။
ခေတ္တမျှ အာရုံစိုက် ကြည့်ရှုပြီးနောက် ကျီရှန်းက ပြောလေ၏။"ဒီပန်းချီက နတ်ဘုရားတွေအကြောင်း ဆွဲထားတာဟ။ နတ်ဘုရားတွေက ကောင်းကင်ယံမှာ ရှိပြီးတော့ လောကကြီးတစ်ခုလုံးကို အုပ်စိုးထားကြတယ်။ အဲဒီအထဲမှာ လူသားတွေနဲ့ နတ်ဆိုးတွေရဲ့ ပုံရိပ်တွေလည်း ပါနေသလိုပဲ။ သေချာတာက ရှေ့မှာ အဆက်ရှိဦးမယ်။"
ထိုစကားကို ကြားပြီးနောက် ပိုင်ချူးရန်သည် စုရှန်ရွှယ်နှင့်အတူ ရှေ့သို့ အနည်းငယ် ဆက်လျှောက်လာရာ နံရံပေါ်ရှိ ဒုတိယမြောက် ပန်းချီကားကို တွေ့ရပြန်သည်။
ကျီရှန်းက သူ၏ ကြီးမားသော ဉာဏ်ပညာစွမ်းရည်ဖြင့် ဆက်လက် အကဲခတ်ကြည့်ရှုပြီးနောက် ပြော၏။ "ဒီပန်းချီထဲမှာ ပြထားတာကတော့ လူသားမျိုးနွယ်ထဲက တစ်ယောက်က သူ့ခန္ဓာကိုယ်ထဲမှာ ပုန်းကွယ်နေတဲ့ စွမ်းအင်တွေကို စစ်မှန်တဲ့ ချီစွမ်းအင်အဖြစ် စုစည်းပြီး အင်မော်တယ်အဖြစ် ကျင့်ကြံနိုင်မယ့် နည်းလမ်းကို မတော်တဆ ရှာဖွေတွေ့ရှိသွားခဲ့တယ်တဲ့။ ပြီးတော့ သူက ဒီနည်းလမ်းကို တခြားလူသားတွေကို သင်ပေးခဲ့လို့ လူသားတွေနဲ့ နတ်ဆိုးမျိုးနွယ်ဝင် သတ္တဝါတွေ တဖြည်းဖြည်း တိုးတက်လာခဲ့တယ်လို့ ဆိုလိုတာ။"
ပိုင်ချူးရန်သည် ကျီရှန်းကို ရှေ့သို့ ထပ်မံရွှေ့ပေးရာ တတိယမြောက် ပန်းချီကားတစ်ချပ်ကို တွေ့ရပြန်သည်။
"ဒီပန်းချီကတော့ လူသားတွေနဲ့ နတ်ဆိုးတွေ ပူးပေါင်းပြီး နတ်ဘုရားတွေကို ပုန်ကန်ပြီး နတ်ဘုရားတွေရဲ့ အုပ်ချုပ်မှုကို ဖြုတ်ချခဲ့တယ်ဆိုတာ ပြထားတာပဲ။"
ပိုင်ချူးရန်သည် ရှေ့သို့ ဆက်လက် လျှောက်လှမ်းသွားသည်။ ဤတစ်ကြိမ်တွင်မူ သူသည် စင်္ကြံလမ်း၏ အဆုံးသို့ ရောက်ရှိသွားခဲ့ပြီဖြစ်ပြီး လမ်းဆုံးရှိ ဘေးနံရံပေါ်၌ စတုတ္ထမြောက် ပန်းချီကားတစ်ချပ် ရှိနေ၏။
"ဒီပန်းချီကတော့ နတ်ဘုရားတွေကို ဖြုတ်ချအနိုင်ယူပြီးတဲ့နောက်မှာ လူသားမျိုးနွယ်နဲ့ နတ်ဆိုးမျိုးနွယ်ကြားက စစ်ပွဲ စတင်ခဲ့တယ်ဆိုတာ ပြထားတာပဲ။"
ပန်းချီကားကို ဖတ်ရှုပြီးနောက် ကျီရှန်းက ဖြည့်စွက်ပြောသည်။ "အခုကြည့်ရတာ နတ်ဆိုးမျိုးနွယ်တွေ စစ်ရှုံးခဲ့ပုံရတယ်။ မဟုတ်ရင် ကနဦးနတ်ဆိုးဧကရာဇ်ဘိုးဘေးက သေမှာမဟုတ်သလို ဟာလာဟင်းလင်းပြင်ထဲက ကျိုကျိုး နယ်မြေဆယ်ခုဆီကနေ နတ်ဆိုးနယ်မြေကို သီးခြားခွဲထုတ်ဖို့ မှော်တန်ခိုးစွမ်းအင်တွေ သုံးစရာလည်း လိုအပ်မှာ မဟုတ်ဘူးလေ။"
"သူတို့က ဒီလောက် အရည်အချင်း မရှိဘူး။"
ပိုင်ချူးရန်သည် ခေါင်းကို ကုတ်ရင်း မေး၏။ "ဒါနဲ့ စကားမစပ် သမိုင်းမှာ နတ်ဆိုးမျိုးနွယ်က လူသားမျိုးနွယ်ကို အနိုင်ရခဲ့ဖူးလို့လား။"
"ငါလည်း သေချာတော့ မသိဘူး။ ဒါပေမဲ့ ငါသိသလောက် တိုက်ပွဲတွေမှာတော့ နတ်ဆိုးမျိုးနွယ်တွေချည်း အမြဲရှုံးခဲ့တာပဲ။"
ကျီရှန်းက ပြန်ဖြေသည်။
"အကြိမ်ကြိမ် ရှုံးနိမ့်နေရက်နဲ့ ဆက်တိုက်ရဲတဲ့ သူတို့ရဲ့ သတ္တိကိုတော့ ချီးကျူးရမယ် ဒါပေမဲ့ နတ်ဆိုးတွေ ရှုံးနိမ့်တိုင်း၊ လူသားတွေဘက်က ကောင်းကင်ဘုံကနေ ဆင်းသက်လာတဲ့ ပုဂ္ဂိုလ်ကြီးတွေ အမြဲရှိနေတတ်တယ်။ ကြည့်ရတာ ကံကြမ္မာက လူသားမျိုးနွယ်ဘက်မှာ တကယ် ရပ်တည်နေပုံပဲ။"
"ဒီမှာတော့ ဘာမှ ဆက်ကြည့်စရာ မရှိတော့ဘူး။ ရှေ့ဆက်သွားကြတာပေါ့။" ပိုင်ချူးရန်က ပြောသည်။