← Chapters

အခန်း ၂၆၂

Vol. 27 Ch. 262

အခန်း ၂၆၂

Vol. 27 Ch. 262

အခန်း (၂၆၂) သေရမယ့်သူကတော့ သေရမှာပဲ (၁)

စင်္ကြံလမ်း၏ အဆုံးတွင်ကား ဧရာမ ဂူဗိမာန်ကြီးတစ်ခု ရှိနေသည်။ ထိုဂူအတွင်း၌ ခေါင်းတလား မရှိပေ။ ချိုင့်ဝင်နေသော စတုရန်းပုံ လိုဏ်ဂူ၏ အလယ်ဗဟို မြေပြင်ထက်တွင် ရွှေငွေရတနာ အမြောက်အမြားကို တောင်ပုံရာပုံ စုပုံထား၏။

"ဒါက ရှုံးနိမ့်သွားတဲ့သူတွေ ပြန်ပြီး အင်အားစုနိုင်ဖို့ ချန်ရစ်ခဲ့တဲ့ အရင်းအနှီးတွေလား။"

ပိုင်ချူးရန် နှုတ်ခမ်းများ တွန့်ချိုးသွားသည်။ "ရွှေငွေရတနာတွေ သိမ်းထားတော့ရော ဘာထူးမှာလဲ။ ဝိညာဉ်ကျောက်တုံးတွေ သိမ်းထားတာကမှ ပိုအသုံးဝင်ဦးမယ်။"

"နတ်ဆိုးကမ္ဘာက ငွေကြေးစနစ်က ကျိုကျိုး နယ်မြေဆယ်ခုမှာရှိတဲ့ သေမျိုးကမ္ဘာနဲ့ အတူတူပဲလေ။ သူတို့ကလည်း ရွှေငွေတွေနဲ့ နတ်ဆိုးဧကရာဇ်နန်းတော်က ထုတ်ဝေတဲ့ ငွေကြေးတွေကိုပဲ သုံးကြတာ။"

စုရှန်ရွှယ်က ရှင်းပြလေ၏။

"ပြီးတော့ ဒီသင်္ချိုင်းဂူကြီးက နှစ်ပေါင်း သောင်းနဲ့ချီပြီး ဘယ်လောက်တောင် ကြာအောင် တည်ရှိနေခဲ့လဲဆိုတာ နတ်ဘုရားတွေပဲ သိလိမ့်မယ်။ ဝိညာဉ်ကျောက်တုံးတွေသာ ဆိုရင်တောင် အထဲက ဝိညာဉ်စွမ်းအင်တွေ အကုန်လုံး ခန်းခြောက်သွားလောက်ပြီပေါ့။"

"ဘယ်သူသိနိုင်မှာလဲ။ ဝိညာဉ်ကျောက်တုံးတွေကနေ ဝိညာဉ်အသိဉာဏ် နိုးကြားလာပြီး ကျင့်ကြံခြင်းကတစ်ဆင့် ဝိညာဉ်ကျောက်တုံး နတ်ဆိုးတွေအဖြစ် ပြောင်းလဲသွားနိုင်တဲ့ ဖြစ်နိုင်ခြေ ရှိသေးတာပဲလေ။"

ပိုင်ချူးရန်သည် သူ့လက်များကို ဆန့်တန်းလိုက်သည်။

"အဲဒီအချိန်ရောက်ရင်တော့ သူက နတ်ဆိုးမျိုးနွယ်ရဲ့ ဇာတ်လိုက်ဖြစ်လာမှာပဲ။"

"နင် ဘာတွေ လျှောက်ပြောနေတာလဲ။"

စုရှန်ရွှယ်သည် သူ၏ကျောကို ဖွဖွပုတ်ပြီးနောက် သူမ သိုလှောင်ရေးလက်စွပ်ထဲမှ အသစ်စက်စက် သိုလှောင်အိတ်တစ်လုံးကို ထုတ်ယူ၏။ "ဒီရွှေငွေတွေကို ငါ ယူချင်တယ်။ နင်ကော ဝေစုခွဲယူဦးမလား။"

"မင်းက တော်တော်လေး ကြိုတင်ပြင်ဆင်ထားတာပဲ။"

ပိုင်ချူးရန်က လက်ခါပြသည်။

"ငါတော့ မလိုဘူး။ ဘယ်လိုပဲဖြစ်ဖြစ် အသုံးမှမဝင်တာ။ မင်းရဲ့ဂိုဏ်းကို စီမံခန့်ခွဲဖို့အတွက် အဲဒါကို အသုံးပြုလို့ ရတယ်။"

စုရှန်ရွှယ်က ရတနာများကို သိမ်းဆည်းပြီးနောက် သူတို့နှစ်ဦးသည် ဂူ၏ အနောက်ဘက်ရှိ ကျောက်လှေကားမှတစ်ဆင့် အောက်ထပ်သို့ ဆက်လက် ဆင်းသက်လာကြ၏။ သူတို့သည် လမ်းတစ်လျှောက် ရပ်တန့်လိုက် သွားလိုက်ဖြင့် လျှို့ဝှက်ထောင်ချောက်အချို့ကို ရှောင်ရှားကာ တိုက်ခိုက်လာသော ကျောက်ဆင်းတုအများအပြားကို ရိုက်ချိုးဖျက်ဆီးကြပြီး မြေကြီး၏ အနက်ရှိုင်းဆုံး အပိုင်းဖြစ်သော ဧရာမ မြေအောက်လိုဏ်ခေါင်းကြီးတစ်ခုအတွင်းသို့ ရောက်ရှိလာသည်။

လိုဏ်ခေါင်းထွက်ပေါက်တွင် ကျယ်ဝန်းသော ကျောက်တံတားကြီးတစ်ခုက တစ်ဖက်ကမ်းနှင့် ဆက်သွယ်ပေးထားသည်။ တံတားအောက်တွင် အောက်ခြေမရှိသော ချောက်ကမ်းပါးကြီးတစ်ခု ရှိနေပြီး တံတား တစ်ဖက်ကမ်းတွင်မူ ကြီးမားခမ်းနားလှသော မြေအောက်နန်းတော်ကြီးတစ်ခု ခန့်ညားစွာ တည်ရှိနေ၏။

တံတားထိပ်၌ ဧရာမ ကျောက်စာတိုင်ကြီးတစ်ခု ရှိနေသည်။ ထိုကျောက်စာတိုင်ပေါ်ရှိ ပုံစံအမျိုးမျိုးက ပိုင်ချူးရန်အား ရင်းနှီးနေသယောင် ခံစားရစေသည်။

"ဟေ့ ကျီရှန်း။"

ပိုင်ချူးရန်က ဆက်ပြော၏။

"မင်းတို့ ခေတ်ဟောင်းက လူတွေက မြေကြီးထဲ တွင်းတူးပြီးရင် တံတားတွေဆောက်တာတို့ ကျောက်စာတိုင်တွေ စိုက်ရတာကို အဲဒီလောက်တောင် သဘောကျကြတာလား။"

"အဲဒီလိုလည်း ပြောလို့မရပါဘူး။"

ကျီရှန်းက ကာကွယ်ပြောဆိုသည်။

"ဘာပဲဖြစ်ဖြစ် ဧကရာဇ်တွေနဲ့ စစ်သူကြီးတွေက မြှုပ်နှံမယ့်နေရာကို ရွေးချယ်တဲ့အခါ သင်္ချိုင်းမြေကိုရော နန်းတော်ကိုပါ တွဲဆောက်တာ သဘောကျတတ်ကြတယ်။ ဒါကြောင့် တွင်းတူးတဲ့အခါ မြေအောက်နန်းတော်တစ်ခုပါ ထည့်ပြီး တည်ဆောက်ကြတာလေ။"

"ဧကရာဇ်တွေ စစ်သူကြီးတွေဆိုရင်တော့လည်း ထားပါတော့လေ။"

ပိုင်ချူးရန်သည် သူ့နှာခေါင်းကို ပွတ်သပ်မိ၏။ သူတို့နှစ်ဦး ငြင်းခုံနေစဉ် စုရှန်ရွှယ်သည် ကျောက်စာတိုင်အနီးသို့ ရောက်ရှိလာသည်။ သူမသည် ကျောက်စာတိုင်ပေါ်ရှိ မှုန်ဝါးနေသော စာသားများကို စမ်းသပ်ကိုင်တွယ်ပြီးနောက် ခေါင်းလှည့်ကာ မေး၏။

"ချူးရန်။ နင့်ရဲ့ ဟိုခေါင်းခွံကို ယူခဲ့ပြီး ဒီပေါ်မှာ ဘာတွေရေးထားလဲဆိုတာ ကြည့်ခိုင်းပါလား။"

ပိုင်ချူးရန်သည် ကျီရှန်းကို သူမအနီးသို့ ယူဆောင်လာပေးခဲ့ရာ ကျီရှန်းက ခေတ္တမျှ စစ်ဆေးကြည့်ရှုပြီးနောက် ပြောသည်။

"အပေါ်ကဟာက ဂူဗိမာန်ရဲ့ တည်ဆောက်ပုံ အကြမ်းဖျင်းပုံစံပဲ။ အထဲမှာ ဂူအမျိုးမျိုးရဲ့ ပါဝင်တဲ့အရာတွေကို ပြသထားပြီး အဆုံးမှာတော့ သတိပေးချက်တစ်ခု ရှိတယ်။"

"ဘာ သတိပေးချက်လဲ။"

စုရှန်ရွှယ်က မေးသည်။

"နတ်ဆိုးမျိုးနွယ်ရဲ့ မျိုးဆက်တွေအနေနဲ့ မလိုအပ်ဘဲ ကနဦးဘိုးဘေးရဲ့ ဂူဗိမာန်ကို အနှောင့်အယှက် မပေးရဘူးတဲ့။"

ကျီရှန်းက ဖြည်းညင်းစွာ ပြောလေ၏။

"ဒီလိုမှမဟုတ်ရင် နောက်ဆက်တွဲရလဒ်တွေက တွေးကြည့်လို့တောင်မရနိုင်အောင် ဆိုးရွားပြီး အရာအားလုံး အတူတကွ ပျက်စီးဆုံးရှုံးရလိမ့်မယ်တဲ့။"

"ဘာလို့လဲ။ ပထမဆုံးဘိုးဘေးက သူ့ခေါင်းတလားထဲမှာ ပေါက်ကွဲရေးအစီအရင်တွေများ ထည့်ထားလို့လား။" ပိုင်ချူးရန်က တွေးကာ မေးသည်။

"ငါက ဘယ်လိုလုပ် သိမှာလဲ၊ ဒီကျောက်စာတိုင်ပေါ်က စာကိုပဲ ဖတ်ပြနိုင်တာလေ။"

ကျီရှန်းက ပြန်ဖြေသည်။

"ကြီးမားတဲ့ ဉာဏ်ပညာဆိုတိုင်း အရာအားလုံးကို သိနေတာမှ မဟုတ်တာ။"

ပိုင်ချူးရန်သည် ပါးစပ်ဟကာ စကားထပ်ပြောမည်အပြုတွင် တံတားတစ်ဖက်ကမ်းရှိ မြေအောက်နန်းတော်ဆီမှ ကြက်သီးမွေးညင်း ထဖွယ်ကောင်းလှသော ဟိန်းဟောက်သံကြီးတစ်ခု ရုတ်တရက် ထွက်ပေါ်လာ၏။

ထိုဟိန်းဟောက်သံကြီးမှာ မိုးဟိန်းသံကဲ့သို့ ကျယ်လောင်လှပြီး ဧရာမ နဂါးကြီးများစွာ တစ်ပြိုင်နက်တည်း အော်ဟစ်ဟိန်းဟောက်သကဲ့သို့ပင်။ ဟိန်းဟောက်သံအဆုံးတွင်မူ တစ်ဖက်ကမ်းရှိ မြေအောက်နန်းတော်ကြီးမှာ ပြင်းထန်စွာ တုန်ခါလာပြီး ကျွန်းတစ်ခုလုံးပင် ငလျင်ဒဏ်ကို ခံရသည့်အလား ပြင်းထန်စွာ တုန်လှုပ်လာတော့သည်။

All Chapters