← Chapters

အခန်း ၂၆၄

Vol. 27 Ch. 264

အခန်း ၂၆၄

Vol. 27 Ch. 264

အခန်း (၂၆၄) ပထမဆုံး နတ်ဆိုးဧကရာဇ်ဘိုးဘေး ဖုတ်ကောင်ကြီး [၁]

"သတိထား။ သူ လာနေပြီဟေ့။"

ကျီရှန်း၏ သတိပေးချက်အဆုံးတွင် မြေအောက်နန်းတော်ထဲမှ ထွက်လာသော ပထမဆုံးနတ်ဆိုးဧကရာဇ်ဘိုးဘေးသည် ဆာလောင်မှုကို မအောင့်အည်းနိုင်တော့ပေ။ ခေါင်းကိုးလုံးစလုံးသည် အောက်ခြေမဲ့ ချောက်ကမ်းပါးကြီးကဲ့သို့ ကျယ်ဟဝဲနေသော ပါးစပ်ကြီးများကို ဟကာ ပိုင်ချိုးရန်နှင့် စုရှန်ရွှယ်တို့ထံသို့ စားရန် ပြေးဝင်လာ၏။

ပိုင်ချိုးရန်သည် စုရှန်ရွှယ်၏ လက်ကို ဆွဲကိုင်ကာ အနောက်သို့ ဆွဲခေါ်ပြီး တစ်ချိန်တည်းမှာပင် လက်ဖဝါးကို မြှောက်လိုက်ပြီး ဧရာမ လက်ဝါးရာကြီးတစ်ခုကို ရိုက်ထုတ်လိုက်သည်။

ဝုန်း

လက်ဝါးရာကြီးသည် လွင့်ထွက်သွားပြီး ပထမဆုံးနတ်ဆိုးဧကရာဇ်ဘိုးဘေး၏ ခေါင်းတစ်လုံးကို ကျောက်နံရံနှင့် ချက်ချင်း သွားရိုက်မိရာ အက်ကွဲကြောင်းကြီးတစ်ခုပု် ဖြစ်ပေါ်သွားပြီး ထိုအက်ကွဲကြောင်းမှတစ်ဆင့် ဤနေရာလွတ်အတွင်းသို့ ပင်လယ်ရေများ ဒလဟော ဝင်ရောက်လာသည်။

သို့ရာတွင် ကျီရှန်း လိုဏ်ဂူဗိမာန်၌ ဧရာမနတ်ဆိုးကြီးတစ်ကောင်ကို တစ်ချက်တည်းဖြင့် သတ်ဖြတ်နိုင်ခဲ့သော ထိုလက်ဝါးရာသည် ပထမဆုံးနတ်ဆိုးဧကရာဇ်ဘိုးဘေး၏ ခေါင်းတစ်လုံးကို ထိမှန်သွားခဲ့သော်ငြား ခေါင်းခါရမ်းသွားစေရုံမျှသာ ပြုလုပ်နိုင်လေ၏။

"တော်တော် မာတာပဲ။"

ပိုင်ချိုးရန် အံ့ဩမိသွားသည်။ သူ အစွမ်းကုန် မထုတ်ရသေးသော်ငြား အသက်တစ်ထောင်ကျော်ကာလတစ်လျှောက် သူ့ တိုက်ခိုက်မှုကို ခံရပြီးနောက် ဘာဒဏ်ရာမှမရဘဲ ကျန်ရစ်နေသော အရာတစ်ခုကို ပထမဆုံးအကြိမ် မြင်တွေ့ရခြင်းပင်။

ဤအချက်တစ်ခုတည်းအပေါ် အခြေခံ၍ ပိုင်ချိုးရန် နားလည်လိုက်သည်မှာ မည်သို့ပင်ဖြစ်စေ ယနေ့တွင် ဤနတ်ဆိုးမျိုးနွယ်၏ ပထမဆုံးဘိုးဘေးအား ဂူဗိမာန်ထဲမှ အကောင်းပကတိအတိုင်း ထွက်ခွာခွင့်မပြုနိုင်ဟူ၍ပင်ဖြစ်သည်။

ခေါင်းတစ်လုံး မူးဝေသွားခြင်းက ခေါင်းကိုးလုံးပါ နဂါးကြီးကို သိသာစွာ မသက်ရောက်နိုင်ပေ။ ကနဦးနတ်ဆိုးဧကရာဇ်ဘိုးဘေး၏ အခြားသော ခေါင်းများသည်လည်း မကြာမီမှာပင် ထပ်ချပ်မကွာ လိုက်ပါလာပြီး တလှည့်စီ ဆက်တိုက် တိုက်ခိုက်လာကာ ပိုင်ချိုးရန်အား အသက်ရှူချိန် တစ်စက္ကန့်မျှပင် ပေးရန် ရည်ရွယ်ထားပုံမရချေ။

ပိုင်ချိုးရန်သည် စုရှန်ရွှယ်၏ ခါးကို လက်တစ်ဖက်ဖြင့် ဖက်ကာ ပွေ့ချီပြီး အခြား လက်တစ်ဖက်နှင့်အတူ ခြေနှစ်ဖက်ကို စတင်လှုပ်ရှားကာ ကနဦးနတ်ဆိုးဧကရာဇ်ဘိုးဘေး၏ ရက်စက်သော ကိုက်ခဲတိုက်ခိုက်မှုများကို စဉ်ဆက်မပြတ် ခုခံသည်။

ရိုက်ကန်ချက်များ၊ ခြေကန်ချက်များ၊ ခွဲကန်ချက်များ၊ လက်သီးများ၊ လက်ဝါးများနှင့် တံတောင်တွပ်တိုက်ကွက်များဖြင့် ပိုင်ချိုးရန်သည် ဤမြေအောက်သင်္ချိုင်းဂူအတွင်း ကနဦးနတ်ဆိုးဧကရာဇ်ဘိုးဘေးနှင့် နေရာရွှေ့ပြောင်းခြင်းနီးပါး လျင်မြန်လှသော အမြန်နှုန်းဖြင့် စတင် ယှဉ်ပြိုင် တိုက်ခိုက်လေ၏။

သူသည် ခြေထောက်ကို မြှောက်ကာ ခေါင်းကိုးလုံးနဂါး၏ ခေါင်းတစ်လုံးကို ကန်လိုက်ပြီး နောင်တစ်ခဏတွင်မူ မိုင်အနည်းငယ်အကွာရှိ ကျောက်နံရံအနီးတွင် ရုတ်တရက် ပေါ်လာပြီး လက်ကိုမြှောက်ကာ မီးလျှံမိုးကြိုးများဖြင့် ပစ်ခတ် တိုက်ခိုက်သည်။

သို့သော် ခေါင်းကိုးလုံးနဂါး၏ အမြန်နှုန်းမှာလည်း မညံ့ဖျင်းပေ။ ပိုင်ချိုးရန်၏ အမြန်နှုန်းမှာ နေရာရွှေ့ပြောင်းခြင်းနီးပါး မြန်နေသော်ငြား သူ့အမြန်နှုန်းကို ခြေရာခံနိုင်ဆဲပင်။

ခေါင်းကိုးလုံးနဂါးသည် ပိုင်ချိုးရန်၏ ဆက်တိုက် ရိုက်ချခံရမှုကြောင့် နောက်ဆုတ်သွားရပြီး ကျောက်နံရံနှင့် ဝင်တိုက်မိရာ ပြင်းထန်သော ငလျင်လှုပ်ခတ်မှု ကိုတောင် ဖြစ်ပေါ်စေသည်။

မျက်တောင်တစ်ခတ်အတွင်းမှာပင် မြေအောက်လိုဏ်ခေါင်း၏ ကျောက်နံရံပေါ်တွင် ပင့်ကူအိမ်များ ထပ်နေသကဲ့သို့ အက်ကွဲကြောင်းများ ပေါ်လာ၏။

ပင်လယ်ရေများလည်း ပိုမို ဝင်ရောက်လာပြီး ကျောက်နံရံမှာ မတည်မငြိမ်ဖြစ်ကာ ဖောင်းကြွနေပြီး ပုံမှန်မဟုတ်သော အနေအထားဖြင့် ကွေးညွှတ်သွားသည်။

"ကျောက်နံရံက ဆက်ပြီး တောင့်မခံနိုင်တော့ဘူး။"

ကျီရှန်းက သတိပေးသည်။

"မြေအောက်နန်းတော်ကို ကာကွယ်ဖို့ ဂရုစိုက်။ တန်ဖိုးရှိတဲ့အရာတွေ အဲဒီမှာ ရှိတယ်ဟေ့။"

"ကျုပ် သိတယ်"

ပိုင်ချိုးရန်က ပြန်ဖြေလိုက်ရင်း လက်ကိုမြှောက်ကာ မြေအောက်နန်းတော်အား လွှမ်းခြုံနိုင်ရန် အစီအရင်တံဆိပ်အချို့ကို ရိုက်ထုတ်လိုက်ရာ အလင်းဖောက်ထွင်းလို့ပင်ရသော အကာအကွယ်ဒိုင်းတစ်ခု ဖြစ်ပေါ်လာ၏။

ထိုအချိန်တွင် ဆာလောင်မွတ်သိပ်နေသော ကနဦးနတ်ဆိုးဧကရာဇ်ဘိုးဘေးသည် ပိုင်ချိုးရန်အား အချိန်အနည်းငယ်အတွင်း မဖမ်းဆီးနိုင်သည်ကို မြင်သောအခါ ရုတ်တရက် ဟိန်းဟောက်ပြီး စတင် ရုန်းကန်တော့သည်။

သူသည် မြေအောက်နန်းတော်၏ အနိမ့်ဆုံးအထပ်တွင် ရှိနေသေးသော ဧရာမ ခန္ဓာကိုယ်ကြီးတစ်ခုလုံးကို အတင်းအဓမ္မ ဆွဲထုတ်၏။ ဤမြေအောက်လိုဏ်ခေါင်းကြီးသည် သူ့ခန္ဓာကိုယ်ကို ဆက်လက်မတောင့်ခံနိုင်တော့ဘဲ ရုတ်တရက် ပျက်စီးသွားလေသည်။

ကောင်းကင်ကြီးသည် ရုတ်တရက် လင်းထိန်သွားပြီး မြေအောက်နန်းတော်အား ဖုံးအုပ်ထားသော ကျွန်းငယ်များနှင့် တောင်ထွတ်များသည် နတ်ဆိုးဧကရာဇ်၏ တွန်းကန်မှုကြောင့် လေထဲသို့ လွင့်စင်သွားကြ၏။ ထို့နောက် ပင်လယ်ရေများသည် အရပ်မျက်နှာ အနှံ့အပြားမှ ဒလဟော ဝင်ရောက်လာပြီး မြေအောက်နန်းတော်အား ပင်လယ်ရေအောက်သို့ နစ်မြုပ်သွားစေသည်။

ပိုင်ချိုးရန် ဖန်တီးထားသော အလင်းဖောက်မြင်နိုင်သည့် အကာအကွယ်ဒိုင်းသည် ပင်လယ်ရေများကို အောင်မြင်စွာ တားဆီးနိုင်ခဲ့သော်လည်း သူကိုယ်တိုင်မှာမူ စုရှန်ရွှယ်ကို ခေါ်ဆောင်ကာ ပင်လယ်ရေထဲမှ ခုန်ထွက်ပြီး ပင်လယ်ရေပြင်ညီပေါ်သို့ ခြေချလိုက်၏။

ဤအချိန်တွင်ကား ကောင်းကင်ယံရှိ အခြေအနေမှာ ပြောင်းလဲသွားသည်။

ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ ပိုင်ချိုးရန်၏ မြင်ကွင်းတွင် ပင်လယ်ပြင်၏ ကောင်းကင်တစ်ခုလုံးသည် အထက်တွင် အုံ့မှိုင်းသော တိမ်မည်းများဖြင့် ဖုံးလွှမ်းလာ၏။

ပြင်းထန်သော လေဆင်နှာမောင်းက ဧရာမ လှိုင်းလုံးကြီးများကို ဖြစ်ပေါ်စေပြီး တိမ်တိုက်များကြားရှိ ဟာကွက်များမှတစ်ဆင့် မိုးကြိုးများ ကျဆင်းလာကာ ပင်လယ်ပြင်ကို ရိုက်ခတ်ပြီး ဧရာမ လှိုင်းလုံးကြီးများ ဖြစ်လာစေသည်။

နတ်ဆိုးနယ်မြေ၏ ပင်လယ်နှင့် နီးသော ဒေသတစ်ခုလုံးသည် ဤကဲ့သို့ ကြောက်မက်ဖွယ် မုန်တိုင်းအဖြစ်သို့ ပြောင်းလဲသွားလောက်ပြီဟု ထင်ရ၏။

နဂါးများသည် လေနှင့် မိုးကို ထိန်းချုပ်နိုင်စွမ်းရှိရာ ဤမြင်ကွင်းမှာ အင်မော်တယ်ဧကရာဇ်အဆင့်ရှိ ကနဦးနတ်ဆိုးဧကရာဇ်ဘိုးဘေး မျက်မှောက်လောကသို့ ထွက်ပေါ်လာခြင်းကြောင့် ဖြစ်ပေါ်လာသည့် သဘာဝဖြစ်စဉ်တစ်ခုမျှသာ ဖြစ်နိုင်သည်။

ဖုတ်ကောင်အဖြစ်သို့ ပြောင်းလဲသွားပြီးနောက် ဤခေါင်းကိုးလုံးနဂါးကြီးသည် ကိုယ်ပိုင်စွမ်းရည်များကို ထိန်းချုပ်နိုင်စွမ်း သိသာစွာ ကျဆင်းသွားသည်မှာ ထင်ရှားပြီး စွမ်းအင်အချို့ လျှံကျနေခြင်းမှာ ပုံမှန်ဖြစ်စဉ်တစ်ခုပင်။

အုန်းအုန်းသောင်းသောင်း ရိုက်ခတ်နေသော လှိုင်းတံပိုးများအကြား ပိုင်ချိုးရန်သည် ကနဦးနတ်ဆိုးဧကရာဇ်ဘိုးဘေး၏ တည်နေရာကို အဆုံးတွင် ရှာတွေ့သွား၏။ ဧရာမ ရွှေရောင်ရင့်ရင့် ဘိုးဘေးနဂါးကြီးသည် ခန္ဓာကိုယ်ကို ဖြေလျှော့ထားပြီး တောင်တန်းတစ်ခုပမာ ကြီးမားလှသော ခန္ဓာကိုယ်ကြီးတွင် နဂါးခေါင်း ကိုးခေါင်းက တွယ်ကပ်နေ၏။ သူ၏ အနောက်ဘက်တွင်မူ ကောင်းကင်နှင့် နေမင်းကိုပင် ဖုံးကွယ်ထားနိုင်သော ဧရာမ အတောင်ပံတစ်စုံကို ဖြည်းညင်းစွာ ဆန့်တန်းထားသည်။

နတ်ဆိုးဧကရာဇ်၏ အနီးတစ်ဝိုက်တွင် ပင်လယ်သားရဲများ ချန်ရစ်ခဲ့သော ခြေလက်အင်္ဂါ အကြွင်းအကျန်များနှင့် အသားစ၊ သွေးစများ ပြန့်ကျဲနေဆဲဖြစ်သည်။

ကနဦးနတ်ဆိုးဧကရာဇ်ဘိုးဘေး၏ မျက်လုံးထဲတွင်မူ ထိုစိတ်ဝိဉာဥ်ခွဲထွက်ခြင်းအဆင့်ရှိ ပင်လယ်သားရဲများမှာ သွားလာလှုပ်ရှားနိုင်သော အစာများအဆင့်သာရှိသည်။

All Chapters