← Chapters

အခန်း ၂၆၅

Vol. 27 Ch. 265

အခန်း ၂၆၅

Vol. 27 Ch. 265

အခန်း (၂၆၅) မနာလိုဖြစ်ခြင်း

ပင်လယ်သားရဲများ၏ ထိတ်လန့်ဖွယ်ရာ အဖြစ်ဆိုးကို မျက်မြင်ကိုယ်တွေ့ ကြုံလိုက်ရပြီးနောက်တွင် နတ်ဆိုးနယ်မြေအနီးရှိ ပင်လယ်ပြင်၌ အင်မော်တယ်များကိုပင် ကိုက်မျိုနိုင်စွမ်းရှိသော အစွမ်းထက် ပင်လယ်သားရဲကြီးများ အဘယ်ကြောင့် အရိပ်အယောင်မျှ မရှိရသနည်းဆိုသည်ကို ပိုင်ချူးရန် နားလည်သွားသည်။

အကြောင်းရင်းမှာ ဤနေရာ၌ ခိုအောင်းနေသော ကနဦး နတ်ဆိုးဧကရာဇ်ဘိုးဘေးကိုယ်တိုင်က ဤပင်လယ်ပြင်တစ်ခွင်တွင် အစွမ်းအထက်ဆုံးနှင့် ကြောက်မက်ဖွယ်အကောင်းဆုံး သားရဲကြီးဖြစ်သလို အနည်းဆုံးတော့ ထိုကဲ့သို့သော ထိပ်တန်းသားရဲကြီးများထဲမှ တစ်ကောင် ဖြစ်နေသောကြောင့်ပင်။

ဤနတ်ဆိုးမျိုးနွယ်၏ ကမ်းလွန်ပင်လယ်ပြင် တစ်ကြောလုံးသည် ထိုသားရဲကြီး၏ ပိုင်နက်နယ်မြေပင် ဖြစ်သောကြောင့် ကြောက်မက်ဖွယ် အငွေ့အသက်ကို အာရုံခံနိုင်သော အခြားအစွမ်းထက် ပင်လယ်သားရဲများသည် သဘာဝအလျောက်ပင် ဤပင်လယ်ဒေသသို့ ပေါ့ပေါ့တန်တန် ချဉ်းကပ်လာကာ အသေခံကြမည် မဟုတ်ပေ။

တစ်နည်းအားဖြင့် ဆိုရသော် စိတ်ဝိဉာဉ်ခွဲထွက်ခြင်းအဆင့်နှင့် ခန္ဓာပေါင်းစပ်ခြင်းအဆင့်ရှိ ဤပင်လယ်သားရဲများမှာ နတ်ဆိုးဧကရာဇ်ဘိုးဘေးက ဤပင်လယ်ထဲ၌ မွေးမြူထားသော အရန်ရိက္ခာများသာ ဖြစ်၏။

နတ်ဆိုးဧကရာဇ်ဘိုးဘေးသည် ပင်လယ်သားရဲ အနည်းငယ်ကို အားရပါးရ မျိုချလိုက်ပြီးနောက် ရေငတ်ကာ ဆာလောင်မွတ်သိပ်မိပြီး အသိစိတ် အနည်းငယ် ပြန်လည်ရရှိလာပုံပင်။ သူ၏ မျက်လုံးများတွင် သွေးဆာနေသော ရူးသွပ်မှုများ ပြည့်နှက်နေဆဲဖြစ်ပြီး တွေးခေါ်မှုအများစုမှာလည်း ကစဉ့်ကလျားဖြစ်မှုများကြားတွင် လွင့်မျောနေဆဲဖြစ်သော်ငြား စိတ်အနက်ပိုင်းရှိ အတိတ်က မှတ်ဉာဏ်များအရ သူ့ ကျင့်စဉ်ခန္ဓာကိုယ်ကို လှုပ်ရှားကာ ရှေးဟောင်း စွမ်းအင်များကို စတင် ထုတ်ဖော်ပြသလာ၏။

ရွှေရောင် နတ်ဆိုးစွမ်းအင်များမှာ ဤခေါင်းကိုးလုံးနဂါးကြီး၏ ခန္ဓာကိုယ် မျက်နှာပြင်တစ်လျှောက် စတင်စီးဆင်းလေသည်။ ထိုအကောင်ကြီး၏ ခေါင်းတစ်လုံးသည် ကောင်းကင်သို့ မော့ကာ အော်ဟစ်ဟိန်းဟောက်လိုက်ရာ မိုင်တစ်ရာပတ်လည်ရှိ ကောင်းကင်ယံမှ တိမ်မည်းများသည် ရုတ်တရက် ဆွဲယူစုစည်းခံလိုက်ရပြီး ဧရာမ မိုးကြိုးတိမ်တိုက်ကြီးများအဖြစ်သို့ ပြောင်းလဲသွား၏။

လှိမ့်တက်လာသော မိုးကြိုးမုန်တိုင်းများသည် သည်းထန်စွာ ရွာသွန်းနေသော မိုးပေါက်များကဲ့သို့ သိပ်သည်းစွာ ကျဆင်းလာပြီး ဤသမုဒ္ဒရာပြင်ကြီးတစ်ခုလုံးသို့ လွှမ်းခြုံသွားကာ ပတ်ဝန်းကျင်ရှိ ကျယ်ပြောလှသော ပင်လယ်ပြင်ဧရိယာကြီးတစ်ခုလုံးအား လျှပ်စစ်စွမ်းအင်များ ပါဝင်သော ရေကန်ကြီးအဖြစ်သို့ ပြောင်းလဲသွားသည်။

နောင်တစ်ခဏတွင်မူ တိမ်မည်းကြီးသည် အကြောင်းပြချက်မရှိဘဲ စွမ်းအားတစ်ရပ်ကြောင့် ထက်ပိုင်းကွဲသွား၏။ ပိုင်ချူးရန်သည် သူ၏လက်ထဲမှ ဓားရိုးကို လွှတ်ချပြီး သူ့ရင်ခွင်ထဲရှိ စုရှန်ရွှယ်အား သတိပေးလာသည်။ "သေချာ မြဲမြဲဖက်ထားနော်။ ငါ အားကုန်ထုတ်တော့မှာ။"

စုရှန်ရွှယ်သည် ထိုစကားကို ကြားသည်နှင့် ချက်ချင်း နားလည်သွားကာ သူ့လက်မောင်းကို တင်းကြပ်စွာ ဆုပ်ကိုင်ထားသည်။

ပိုင်ချူးရန်သည် စုရှန်ရွှယ်အား သူ့ထံမှခွာ၍ အခြားတစ်နေရာ၌ ပုန်းအောင်းခွင့် မပြုပေ။ ဤနယ်မြေတွင် သူ၏ အနီးအနားသည်သာလျှင် အလုံခြုံဆုံးနေရာ ဖြစ်သောကြောင့်ပင်။ ကနဦး နတ်ဆိုးဧကရာဇ်ဘိုးဘေးသည် ရူးသွပ်နေသော ဖုတ်ကောင်အဖြစ်သို့ ပြောင်းလဲသွားသော်ငြား စွမ်းအားမှာ ကောင်းကင်ဘုံအထိပင် ထိုးဖောက်ရောက်ရှိနိုင်စွမ်း ရှိလေ၏။ ထိုအကောင်ကြီးသည် စွမ်းအားများကို လည်ပတ်အသုံးပြုလိုက်ပြီးနောက်တွင်မူ နတ်ဆိုးနယ်မြေ၏ ကမ်းလွန်ပင်လယ်ပြင်ရှိ လောကကြီး၏ ထိန်းချုပ်မှုစွမ်းအားသည် သူ့ လက်ဖဝါးများကြားသို့ ရောက်သွားသည်။

ထို့ကြောင့် စုရှန်ရွှယ်သည် မည်သည့်နေရာသို့ပင် ထွက်ပြေးပုန်းရှောင်စေကာ နတ်ဆိုးဧကရာဇ်ဘိုးဘေး၏ ကျင့်စဉ်အဆင့်အရဆိုလျှင် သူမအား ချေမှုန်းရန်မှာ အားစိုက်ထုတ်စရာပင် လိုမည်မဟုတ်ပေ။ ဤအရာသည် သူမအတွက် သူ့အနီးအနားတွင် နေခြင်းကသာ အလုံခြုံဆုံးဖြစ်ရသည့် အကြောင်းရင်းပင်။

နတ်ဆိုးဧကရာဇ်၏ ခေါင်းကိုးလုံးသည် ကြောက်မက်ဖွယ် စွမ်းအင်များကို စတင် ထုတ်ဖော်လာသည်။ သိပ်သည်းသော စွမ်းအင်ကွန်ရက်တစ်ခုကို ရက်လုပ်ရန် ကောင်းကင်မိုးကြိုးများကို ခြယ်လှယ်နိုင်ကာ တောင်တန်းကြီးများနှင့်အမျှ ကြီးမားသော ဆူနာမီလှိုင်းလုံးကြီးများကို ဖြစ်ပေါ်စေသလို လခြမ်းပုံသဏ္ဌာန် လေဓားသွားများနှင့် အဆိပ်ငွေ့များပင်ပေါ်လာပြီး တောက်လောင်နေသော မီးတောက်များကို အဆက်မပြတ် မှုတ်ထုတ်လေ၏။

ဒဏ္ဍာရီထဲတွင် နဂါးမျိုးနွယ်များ ပိုင်ဆိုင်ထားသည်ဆိုသော စွမ်းအားအားလုံး၏ အရိပ်အယောင်များကို နတ်ဆိုးဧကရာဇ်၏ ခေါင်းကိုးလုံး၌ အထင်းသား မြင်တွေ့နိုင်၏။ သူ့ အလယ်ဗဟိုရှိ ခေါင်းသည် အထက်သို့ မြင့်မားစွာ မော့တက်သွားပြီး ကောင်းကင်ယံတွင် အခြားကမ္ဘာတစ်ခုဆီသို့ သွားရာ တံခါးတစ်ချပ်ကို ဖွင့်လှစ်လိုက်သည်။ ထိုမှတစ်ဆင့် ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်များသည် သေမင်းတမန် လက်နက်များအဖြစ်သို့ ပြောင်းလဲသွားတော့သည်။

ပိုင်ချူးရန်သည် ထိုတံခါး၏ နောက်ကွယ်ရှိ ကမ္ဘာနှင့် အလွန်ပင် ရင်းနှီး၏။ ၎င်းမှာ ပြန်လည်မွေးဖွားခြင်းခြောက်သွယ်ကို တာဝန်ယူရသော ယင်ချောင် တမလွန်ကမ္ဘာပင်။

ဤရေတွက်၍မရနိုင်လောက်အောင် အစွမ်းထက်ကာ အနှိုင်းမဲ့သော စွမ်းအင်များကို ရင်ဆိုင်ရာတွင် သိုလှောင်ရေးအိတ်ထဲမှ သံဓားတစ်လက်ကို ထုတ်ယူပြီး ဆွဲထုတ်ရန် ပြင်သော်လည်း သူ့ပတ်ဝန်းကျင် အရာအားလုံး ရပ်တန့်သွားသည့်အလား ခံစားချက်တစ်ခုကို ခံစားလိုက်ရသည်။

ပတ်ဝန်းကျင်ရှိ လေထုသည် နံရံကြီးတစ်ခုအဖြစ်သို့ ချက်ချင်း ပြောင်းလဲသွားပြီး သူ့အား ထိုနံရံထဲတွင် အခဲသဖွယ် ဖြစ်သွားစေကာ အရပ်မျက်နှာအနှံ့မှ ကြီးမားသော စွမ်းအားတစ်ခုကလည်း သူ့အား ထိုနေရာတွင်ပင် လှုပ်ရှား၍မရအောင် ပိတ်လှောင်‌လေ၏။

"သတိထား။"

ကျီရှန်းက အချိန်မီ သတိပေးသည်။

"ဒါက ကောင်းကင်နဲ့ မြေကြီးရဲ့ စွမ်းအားပဲကွ။ ကနဦးနတ်ဆိုးဧကရာဇ်ဘိုးဘေးက ဒီကောင်းကင်နဲ့ မြေကြီးရဲ့ ထိန်းချုပ်မှုကို လုံးဝ လုယူသွားပြီ။"

ကောင်းကင်ကြီးမှာ မှုန်မှိုင်းမှောင်မိုက်နေလေသည်။ ကနဦး နတ်ဆိုးဧကရာဇ်ဘိုးဘေး၏ ခြယ်လှယ်မှုအောက်တွင် ကောင်းကင်ယံရှိ ကြယ်တာရာများပင် အရပ်မျက်နှာ ပြောင်းလဲနေပြီး နေမင်းသည် အနောက်ဘက်သို့ နစ်ဝင်သွားကာ နဂါးငွေ့တန်းဂလက်ဆီသည် ပြောင်းပြန်လန်သွားပြီး လောကကြီးတစ်ခုလုံးသည် မှုန်မှိုင်းမှောင်မိုက်သော ဟာလာဟင်းလင်းပြင် နေရာလွတ်ကြီးတစ်ခုဖြစ်သွား၏။

All Chapters