← Chapters

အခန်း ၂၆၆

Vol. 27 Ch. 266

အခန်း ၂၆၆

Vol. 27 Ch. 266

အခန်း (၂၆၆) မနာလိုဖြစ်ခြင်း [၁]

ဤစွမ်းအင်များ၏ တားဆီးပိတ်ဆို့မှုကြောင့် ပိုင်ချူးရန် လှုပ်ရှားမှုများမှာ ရပ်တန့်သွားခဲ့ပြီး နောက်ထပ်တိုက်ခိုက်လာမည့်အရာကို ကာကွယ်ရန် နောက်ကျသွားသည်။ သူသည် ကျောဘက်ရှိ စုရှန်ရွှယ်ကို ကွယ်ကာထားရုံသာ တတ်နိုင်ပြီး ကောင်းကင်မိုးကြိုးများ၊ ဧရာမ လှိုင်းလုံးကြီးများ၊ အဆိပ်ငွေ့များနှင့် မီးတောက်များကို ခန္ဓာကိုယ်ဖြင့်သာ ခုခံကာကွယ်၏။ ထိုအထဲတွင် ယင်ချောင်ကမ္ဘာမှ ငရဲထိန်းများပင် အလွယ်တကူ အသုံးပြုနိုင်မည်မဟုတ်သော တမလွန်ကမ္ဘာမှ အသန့်စင်ဆုံး သေမင်းတမန် အငွေ့အသက်များပင် ပါဝင်နေသေးသည်။

အနက်ရောင် လေဆင်နှာမောင်းပြင်း တိုက်ခတ်သွားပြီးနောက် ပိုင်ချူးရန်၏ အဝတ်အစားများမှာ စုတ်ပြတ်သတ်သွားပြီး သူ၏ ခေါင်းစည်းကြိုးမှာလည်း ပြတ်တောက်ပျက်စီးသွားကာ ဆံပင်ဖြူများလည်း ဖရိုဖရဲ ကျဆင်းလာ၏။ သူက မေးလိုက်သည်။ "ကျီရှန်း။ ဒီလှည့်ကွက်ကို ချိုးဖျက်ဖို့ နည်းလမ်းရှိလား။"

"စွမ်းအင်အဆင့်က အင်မော်တယ်ဧကရာဇ်အထက်မှာရှိရင်တော့ သူနဲ့ အဲဒီထိန်းချုပ်မှုကို လုဖို့ ကြိုးစားလို့ရတယ်။ အဲဒီအချိန်ကျရင်တော့ ငါတို့ရဲ့ အခြေခံအုတ်မြစ် နက်ရှိုင်းမှု ဘယ်လောက်ရှိလဲဆိုတာကို ယှဉ်ပြိုင်ကြရမှာပဲ။"

ကျီရှန်းက အလျင်အမြန် ထပ်ပြော၏။ "ဒါပေမဲ့ နှမြောစရာကောင်းတာက မင်းမှာ စွမ်းအင်အလုံအလောက်ရှိပေမဲ့ စစ်မှန်တဲ့ချီစွမ်းအင်မှ မရှိတာလေ။ သာမန်ချီစွမ်းအင်က ဒီစွမ်းအားကို မသုံးနိုင်ဘူး။ မင်းရဲ့ ခွန်အားကိုသုံးပြီး စွမ်းရည်ကို အတင်း ချိုးဖျက်ဖို့ပဲ ရှိတော့တယ်။ မင်း ကိုယ့်ဟာကိုယ် ကြည့်သာ လုပ်လိုက်တော့။"

"ဒီစစ်မှန်တဲ့ချီစွမ်းအင်ကိစ္စ ထပ်လာပြန်ပြီလား။ ကျုပ်တောင် မနာလိုမိတယ်။"

ဤအချိန်တွင် ကနဦးနတ်ဆိုးဧကရာဇ်ဘိုးဘေး၏ ဖိနှိပ်မှုများလည်း ပြီးဆုံးသွားသည်။ ပိုင်ချူးရန်သည် အကျောဆန့်လေ၏။

"မင်းက ငါ့ကို ကြည့်လုပ်လိုက်လို့ ပြောတာမလား။"

"ဟုတ်တယ်။"

"ကောင်းပြီ။"

ပိုင်ချူးရန်သည် ပင်လယ်ရေမျက်နှာပြင်ပေါ်တွင် ရပ်နေပြီး မည်သည့်အရာကို အာရုံစိုက်နေမှန်း မသိနိုင်သော တည်ငြိမ်သည့် မျက်နှာပေးဖြင့် ရှိနေသည်။

သူ၏ ခန္ဓာကိုယ်ထံမှ စွမ်းအင်တုံ့ပြန်မှုများသည် ဒီရေလှိုင်းများပမာ လျင်မြန်စွာ အတက်အကျ ဖြစ်နေသည်ကို အာရုံခံမိသောအခါ စုရှန်ရွှယ်က စူးစမ်းချင်စိတ်ဖြင့် မေး၏။ "နင် ဘာလုပ်နေတာလဲ။"

"ငါ့အဆင့်အောက်မှာ ထိန်းထားနိုင်တဲ့ အမြင့်ဆုံး ချီစွမ်းအင်ပမာဏကို ဖိနှိပ်ထားဖို့ ကြိုးစားနေတာ။ ငါ အဆင့်မတက်ချင်သေးဘူးလေ။"

ပိုင်ချူးရန်က ခါးသီးစွာ ရှင်းပြသည်။

"ဒီနတ်ဆိုးဧကရာဇ်ဘိုးဘေးက သူ့နာမည်နဲ့ တကယ်ကို လိုက်ဖက်တာပဲ။ အရမ်းကို အစွမ်းထက်လွန်းတော့ သူ့ကို ပြန်တိုက်နိုင်ဖို့ ငါ့ကို အဆင့်တက်သွားအောင် အတင်းအကျပ် ဖိအားပေးနေသလို ဖြစ်နေတာ တကယ်ကို ကြောက်စရာကောင်းတယ်။"

"နင်ကမှ ပိုပြီး ကြောက်စရာကောင်းနေတာဟဲ့။" စုရှန်ရွှယ်မှာ မနေနိုင်ဘဲ ပြောလိုက်မိ၏။

"ရလောက်ပြီ ထင်တယ်။"

ပိုင်ချူးရန်၏ စွမ်းအင်တုံ့ပြန်မှုမှာ တဖြည်းဖြည်း တည်ငြိမ်သွားပြီးနောက် သူသည် သံဓားကို ဆွဲထုတ်ကာ လက်ကောက်ဝတ်ကို လှည့်၍ နတ်ဆိုးဧကရာဇ်ဘိုးဘေးဆီသို့ လျှောက်သွားသည်။

"ဟေ့ကောင် ခေါင်းကိုးလုံးနဂါး။ သွားသေလိုက်စမ်း။"

"ဂါး။"

ရှေ့မှလူသားသည် သာမန်ကာလျှံကာ လျှောက်လှမ်းနေပြီး တိုက်ခိုက်မည့် ကိုယ်ဟန်အမူအရာပင် မရှိသော်ငြားလည်း တိုက်ခိုက်လိုစိတ် ဗီဇတစ်ခုတည်းသာ ကျန်ရှိတော့သော နတ်ဆိုးဧကရာဇ်ဘိုးဘေးသည် အကြောင်းပြချက်မရှိဘဲ ယခင်က တစ်ခါမျှ မကြုံဖူးသော သေရေးရှင်ရေး ခြိမ်းခြောက်ခံနေသည့်ပမာ ထင်သွားသည်။

သူသည် ကောင်းကင်နှင့် မြေကြီး၏ အာဏာကို အသုံးပြုရန် တွန့်ဆုတ်မနေခဲ့ဘဲ ပတ်ဝန်းကျင်ရှိ နေရာလွတ်အား ဖိအားတစ်ခုအဖြစ်သို့ စုစည်းသွားစေကာ ပိုင်ချူးရန်အား ခုခံတားဆီးလေ၏။

သို့သော် ဤတစ်ကြိမ်တွင် ပိုင်ချူးရန်၏ လက်မောင်းသည် တုန်ခါလျက် အပေါ်သို့ မြင့်တက်လာသည်။ သူ၏ လှုပ်ရှားမှုများနှင့်အတူ ပတ်ဝန်းကျင်ရှိ နေရာလွတ်များမှာ ဝန်ပိလာပြီး ပုံပျက်ကာ ကျိုးပဲ့စပြုလေ၏။ နေရာလွတ် အက်ကွဲကြောင်းငယ်လေးများ စတင်ဖြစ်ပေါ်လာပြီးနောက် တစ်ခုနှင့်တစ်ခု ပေါင်းစပ်သွားကြသည်။

"ဒီခံစားချက်ကို ငါ နားလည်လောက်ပြီ ထင်တယ်။"

ပိုင်ချူးရန်သည် သူ၏ ခြေထောက်ကို မြှောက်လိုက်သည်။

"ဒီလှည့်ကွက်က ငါ့အတွက် အသုံးမဝင်တော့ဘူး။ ငါ့ဓားချက်ကို မြည်းစမ်းကြည့်လိုက်စမ်း။"

ပင်လယ်ရေမျက်နှာပြင်ပေါ်တွင် ကျယ်လောင်သော ပေါက်ကွဲသံကြီးတစ်ခုနှင့်အတူ ပင်လယ်ထဲ၌ ရုတ်တရက်ဆိုသလို ဧရာမ အပေါက်ကြီးတစ်ခု ပေါ်လာပြီး ပင်လယ်ရေများသည် အရပ်မျက်နှာအနှံ့သို့ ပေါက်ကွဲလွင့်စင်လေသည်။

လှိုင်းတံပိုးများကြားတွင် ပိုင်ချူးရန်၏ ဓားသည် နတ်ဆိုးဧကရာဇ်ဘိုးဘေး၏ ဧရာမ ခန္ဓာကိုယ်ကြီးနှင့် နဂါးခေါင်းကိုးခေါင်း ဆက်သွယ်ထားသော အမြစ်နေရာများဆီသို့ ထိုးစိုက်‌နေ၏။

ကောင်းကင်နှင့် မြေကြီးကြားရှိ လေစီးကြောင်းများမှာ တစ်ခဏမျှ ရပ်တန့်သွားပြီး ပြင်းထန်သော သွေးမြူခိုးများ ပန်းထွက်လာသည်။

တောက်ပသော အဖြူရောင် ဓားချီအငွေ့အသက်များသည် ပင်လယ်ပြင်ပေါ်တွင် မိုင်ထောင်ပေါင်းများစွာအထိ ဖြန့်ကြက်သွား၏။ တိုက်ခိုက်သည့်နေရာမှာ ပင်လယ်ပြင်ထဲတွင် ဖြစ်သောကြောင့် ပိုင်ချူးရန်၌ မည်သည့် စိုးရိမ်ပူပန်မှုမျှ ရှိမနေပေ။ မိုင်ထောင်ချီ ရှည်လျားသော ဓားချီများသည် ပင်လယ်ပြင်ကို ကြမ်းတမ်းစွာ ဖြတ်သန်းလေသည်။

ထိုဓားချီများကြားတွင် နတ်ဆိုးဧကရာဇ်ဘိုးဘေး၏ ခေါင်းကိုးလုံးစလုံးသည် ရွှေရောင်သွေးများ ပန်းထွက်လျက် လေထဲသို့ လွင့်စင်သွားပြီး ပင်လယ်ရေမျက်နှာပြင်ပေါ်သို့ ပြုတ်ကျသွားတော့၏။

ဤကဲ့သို့သော ခေါင်းကိုးလုံး နတ်ဆိုးများသည် အခြေခံအားဖြင့် ခန္ဓာကိုယ် အင်္ဂါအစိတ်အပိုင်းများ ပြန်လည်ဖြစ်တည်နိုင်သော စွမ်းရည်ရှိကြသည်။ ခေါင်းတစ်လုံးကို ဖြတ်တောက်လိုက်ရုံဖြင့် သူတို့ကို သတ်ဖြတ်နိုင်မည် မဟုတ်သောကြောင့် ပိုင်ချူးရန်သည် ကိုးခေါင်းစလုံးကို သပ်ရပ်စွာ ဖြတ်တောက်ရန် ရွေးချယ်ခြင်းပင်။

ဓားချီကြောင့် ဖြစ်ပေါ်လာသော ဧရာမ လှိုင်းလုံးကြီးများမှာ အဆုံးမရှိ လှိမ့်တက်လာသည်။ ထိုလှိုင်းလုံးကြီးများကြားတွင်မူ နတ်ဆိုးဧကရာဇ်ဘိုးဘေး၏ ခေါင်းမဲ့နေသော ဧရာမ ခန္ဓာကိုယ်ကြီးမှာ ကျွန်းတစ်ကျွန်းပမာ ပင်လယ်ပြင်ထက်တွင် လွင့်မျောနေတော့သည်။

All Chapters