← Chapters

အခန်း ၂၆၉

Vol. 27 Ch. 269

အခန်း ၂၆၉

Vol. 27 Ch. 269

အခန်း (၂၆၉) နတ်ဆိုးဧကရာဇ်၏ လျှို့ဝှက်ချက်

"ဘာ လျှို့ဝှက်ချက်ကြီးလဲ။"

ပိုင်ချူးရန်နှင့် စုရှန်ရွှယ်တို့ နှစ်ယောက်သား ပြိုင်တူ မေးလေ၏။ အမှန်တွင် သူတို့နှစ်ဦးစလုံးသည် ကနဦး နတ်ဆိုးဧကရာဇ်ဘိုးဘေး ကျင့်ကြံခဲ့သော ကျင့်စဉ်များကို သိပ်ပြီး ဂရုမစိုက်ကြခြင်းပင်။

"ကနဦး နတ်ဆိုးဧကရာဇ်ဘိုးဘေးက နတ်ဆိုးမျိုးနွယ်ရဲ့ ပထမဆုံးဘိုးဘေး မဟုတ်လောက်ဘူး။"

ကျီရှန်းသည် စကားကို လှည့်ပတ် ဝှက်ကွယ်မနေတော့ဘဲ ပွင့်ပွင့်လင်းလင်းပင် ပြန်ဖြေသည်။

"ခေါင်းကိုးလုံးနဂါး တော်ဝင်မိသားစုက အစတုန်းက နတ်ဘုရားမျိုးနွယ်ရဲ့ မြင့်မြတ်တဲ့ သွေးမျိုးဆက်ကနေ ဆင်းသက်လာတာ မဟုတ်ဘူး။"

သူသည် ကျောက်စာတိုင်ပေါ်တွင် မှတ်တမ်းတင်ထားသမျှ အရာအားလုံးကို အသေးစိတ် ရှင်းပြရာ ပိုင်ချူးရန်နှင့် စုရှန်ရွှယ်တို့သည် သူပြောချင်သည်ကို သဲသဲကွဲကွဲ နားလည်သွားတော့၏။

လူသားမျိုးနွယ် သမိုင်းအစ၌ ကျင့်ကြံခြင်းနည်းလမ်းကို ဖန်တီးကာ သက်ရှိအားလုံးထံသို့ ဖြန့်ဝေပေးခဲ့သော အင်မော်တယ်ဘိုးဘေးတစ်ပါး ရှိခဲ့သလိူပင် နတ်ဆိုးမျိုးနွယ်တွင်လည်း သူတို့မျိုးနွယ်စုကို ဖန်တီးကာ နတ်ဆိုးမျိုးဆက်များထံသို့ ကျင့်စဉ်များ လက်ဆင့်ကမ်းပေးခဲ့သော နတ်ဆိုးဘိုးဘေးတစ်ပါးရှိခဲ့၏။

ယခုလက်ရှိ နတ်ဆိုးနယ်မြေ၏ တော်ဝင်မိသားစုမှာ ခေါင်းကိုးလုံးနဂါးမျိုးနွယ် ဖြစ်သောကြောင့် ဤနတ်ဆိုးဘိုးဘေးမှာ နတ်ဆိုးမျိုးနွယ်စုအားလုံးကို စည်းလုံးညီညွတ်စေခဲ့သော ပထမဆုံး နတ်ဆိုးဧကရာဇ်ဘိုးဘေးပင်ဖြစ်သည်ဟု နတ်ဆိုးနယ်မြေရှိ လူအများက ယုံကြည်ထားကြသည်။ ထို့ကြောင့် နတ်ဆိုးကမ္ဘာတွင် တော်ဝင်မိသားစုအပေါ် မကျေနပ်သော အောက်ခြေနတ်ဆိုးများ တိုးပွားလာနေသည့်တိုင် ကနဦး နတ်ဆိုးဧကရာဇ်ဘိုးဘေးအပေါ်တွင်မူ ရိုသေလေးစားမှုကို ထိန်းသိမ်းထားကြဆဲဖြစ်သည်။ ကနဦး နတ်ဆိုးဧကရာဇ်ဘိုးဘေး၏ ဂုဏ်ပုဒ်မှာ နတ်ဆိုးမျိုးနွယ်၏ နတ်ဘုရားတစ်ပါးနှင့်ပင် တန်းတူညီ၏။

သို့သော်ငြား ယခု ကျီရှန်း ဖတ်ပြလိုက်သော ကျောက်စာတိုင်မှ မှတ်တမ်းများအရ နတ်ဆိုးမျိုးနွယ်၏ ကျင့်စဉ်ကို ဖန်တီးခဲ့သော အခြားသူတစ်ဦး ရှိနေပြီး ကနဦး နတ်ဆိုးဧကရာဇ်ဘိုးဘေးမှာ လောကတွင် နတ်ဆိုးအဖြစ်သို့ ပထမဆုံး အသွင်ပြောင်းခဲ့သော နတ်ဆိုးမျိုးနွယ်ဝင် မဟုတ်ပေ။ သူမတိုင်မီကပင် နတ်ဆိုးတစ်ကောင် ရှိခဲ့ပြီး ထိုသူသာလျှင် စစ်မှန်သော နတ်ဆိုးဘိုးဘေးစစ်စစ် ဖြစ်သည်။

"ပြီးတော့ သူ အစတုန်းက ခေါင်းကိုးလုံးနဂါးလည်း မဟုတ်ခဲ့ဘူး။ သူက အဆိပ်ကူကောင်တွေ မွေးမြူရာမှာ သုံးတဲ့ သာမန် အဆိပ်ပိုးမွှားကောင်လေးတစ်ကောင်သာသာပဲ။"

ကျီရှန်းက ဆက်ပြောလေ၏။

"နတ်ဘုရားတွေ ခေတ်မှာမပြောနဲ့ ဒီနေ့ခေတ်မှာတောင် အသာစီးရနေတဲ့ မျိုးနွယ်စုတစ်ခု မဟုတ်ဘူး။"

"ဒါဆို ဘယ်လိုလုပ်ပြီး အတောင်ပံပါတဲ့ ခေါင်းကိုးလုံးနဂါးကြီး ဖြစ်လာတာလဲ။"

စုရှန်ရွှယ်က စိုးရိမ်တကြီး မေး၏။ မည်သို့ပင်ဆိုစေကာမူ သူမသည် အဆိပ်ပိုးမွှားတစ်ကောင်၏ မျိုးဆက်ဖြစ်နေသည်ဆိုသော အချက်ကို လုံးဝ လက်မခံချင်ပေ။

"အပေါ်မှာ မှတ်တမ်းတင်ထားတဲ့ ဒုတိယကျင့်စဉ်ကတစ်ဆင့်ပေါ့။"

ကျီရှန်းသည် ခေါင်းခွံကို ခါရမ်းလိုက်ပြီး ကျောက်စာတိုင်ဘက်သို့ ဖြည်းညှင်းစွာ လှည့်ကြည့်၏။

"ဒုတိယကျင့်စဉ်ကို နဂါးတံခါးခုန်ကျော်ခြင်းလို့ ခေါ်တယ်။ အာနိသင်ကတော့ ကျင့်ကြံသူတွေကို သူတို့ရဲ့ သွေးမျိုးဆက်အဆင့်ကို မြှင့်တင်ပေးနိုင်စွမ်းရှိတာပဲ။ အဆင့်တစ်ခုကို ဖောက်ထွင်းကျော်လွန်နိုင်တိုင်း သူတို့က အသွင်ပြောင်းလဲမှုတစ်ခုကို ဖြတ်သန်းနိုင်ပြီး မျိုးဆကိကိုပါ ပြောင်းလဲပစ်နိုင်တယ်။ ရေတွက်လို့မရနိုင်တဲ့ မျိုးဆက်တွေ မျိုးပွားလာပြီးနောက်မှာ အခု ငါတို့တွေနဲ့ နတ်ဘုရားခေတ်က သက်ရှိတွေဟာ အများကြီး ကွာခြားသွားပြီဆိုပေမဲ့ ဘာပဲဖြစ်ဖြစ် မျိုးဆက်တွေရဲ့ သွေးမျိုးဆက်တွေကနေတစ်ဆင့် လက်ဆင့်ကမ်းလာခဲ့ပြီး ငါတို့ခန္ဓာကိုယ်ထဲက အခြေခံအကျဆုံး အကြောင်းတရားတွေမှာ မှတ်တမ်းတင်ထားတဲ့ အရာတချို့တော့ ရှိနေသေးတယ်။ ဒီကျင့်စဉ်ကို ကျင့်ကြံတာက လူတွေကို ပုန်းကွယ်နေတဲ့ အရာတွေကို တူးဖော်နိုင်စေပြီး ဘိုးဘေးတွေရဲ့ မူလအရင်းအမြစ် ဦးတည်ရာဘက်ကို ဆင့်ကဲပြောင်းလဲသွားစေနိုင်တယ်။ ကနဦးနတ်ဆိုးဧကရာဇ်ဘိုးဘေးက ဒီလိုကျင့်စဉ်မျိုးကတစ်ဆင့် သူ့ကိုယ်သူ ခေါင်းကိုးလုံးနဂါးမျိုးနွယ်အဖြစ် ကျင့်ကြံနိုင်ခဲ့တဲ့အပြင် နတ်ဘုရားခေတ်က နတ်ဆိုးကောင် အများအပြားကို ဝါးမျိုခဲ့တာတွေလည်း ပါတာပေါ့။"

"တော်တော်လေး စိတ်ဓာတ်ခွန်အားဖြစ်စေတဲ့ အောင်မြင်မှု ဇာတ်လမ်းကြီးပဲ။"

ပိုင်ချူးရန်က သက်ပြင်းချလိုက်သည်။ စုရှန်ရွှယ်သည် သူ့ကို တံတောင်ဖြင့်တွက်ပြီး သံသယများဖြင့် မေး၏။ "အနာဂတ်မှာ ငါနဲ့ ငါ့ရဲ့ ကလေးတွေက ရုတ်တရက် အဆိပ်ရှိတဲ့ ပိုးကောင်ခြေလက်တွေ ဘာတွေ ထွက်လာနိုင်လား။"

"မင်း ဘာတွေ လျှောက်တွေးနေတာလဲ။"

ပိုင်ချူးရန်သည် သူမ၏ ခေါင်းလေးကို ပုတ်လေ၏။

"လူတစ်ယောက်က ဘယ်လိုလုပ် အဆိပ်ရှိတဲ့ ပိုးကောင်ခြေလက်တွေ ထွက်လာနိုင်မှာလဲ။"

"အင်း။ ဒါလည်း ဟုတ်တာပဲ။"

စုရှန်ရွှယ်၏ လက်များ ငြိမ်သက်သွားသော်လည်း စိုးရိမ်နေဆဲပင်။

မိန်းကလေးအားလုံးသည် အင်းဆက်ပိုးမွှားများကို ကြောက်တတ်ကြသည်။ သူမသည် ကာမသုကြာဂိုဏ်း၏ စုန်းမအိူကြီးတစ်ဦးပင်ဖြစ်စေကာမူ ပိုးကောင်မျိုးကို သဘောမကျလှပေ။ သူမ ဘိုးဘေးမှာ အဆိပ်ရှိသော ပိုးမွှားတစ်ကောင်ဖြစ်နေသည်ဟု ကြားလိုက်ရသဖြင့် ပို၍ပင် နေသာထိုင်သာမရှိတော့ချေ။

All Chapters