အခန်း ၂၇၀
Vol. 27 Ch. 270
အခန်း (၂၇၀) နတ်ဆိုးဧကရာဇ်၏ လျှို့ဝှက်ချက် [၁]
"တကယ်တော့ မင်း စိုးရိမ်စရာ မလိုပါဘူး။"
သူမ ဤသို့ဖြစ်နေသည်ကို မြင်သောအခါ ကျီရှန်းကလည်း ဝင်ပြော၏။
"ဒီကျင့်စဉ်ကို လေ့ကျင့်ပြီးတဲ့နောက်မှာ ပထမဆုံးနတ်ဆိုးဧကရာဇ်ဘိုးဘေးရဲ့ မျိုးဆက်က နဂါးအဖြစ်ကို အသွင်ပြောင်းသွားပြီ။ အနာဂတ်မှာ သွေးသားမျိုးနွယ်က ဘယ်လိုပဲ ပြောင်းလဲပြောင်းလဲ နဂါးမျိုးနွယ်စုထဲမှာပဲ ပြောင်းလဲတော့မှာ။ မင်းရဲ့ မောင်လေးဆို ခေါင်းသုံးလုံးနဲ့ ပိုးကောင် ဖြစ်သွားလို့လား။ တကယ်လို့ မင်း အဲဒါကို မယုံဘူးဆိုရင်လည်း မင်းတို့နှစ်ယောက် အိမ်ပြန်ရောက်ရင် ကလေးယူပြီး စမ်းကြည့်လို့ရတာပဲ။"
"ဟုတ်တယ်"
စုရှန်ရွှယ်၏ အကြည့်များသည် ပိုင်ချူးရန်ထံသို့ စိတ်အားထက်သန်စွာ ရောက်လာသည်။
"အဟမ်း။"
ပိုင်ချူးရန် ချောင်းဟန့်လိုက်ပြီး စကားလမ်းကြောင်းကို ရုတ်တရက် လွှဲလိုက်သည်။ "နတ်ဆိုးမျိုးနွယ်တိုင်းကို နဂါးလိုဖြစ်လာစေနိုင်တဲ့ ဒီလိုကျင့်စဉ်မျိုးရှိနေမှတော့ ဘာလို့ မဖြန့်ဝေခဲ့တာလဲ။"
"မင်း စကားလမ်းကြောင်းလွှဲတာက အရမ်း သိသာလွန်းတယ်ကွ။ မင်းမလုပ်ချင်နေတာ အသိသာကြီး"
ကျီရှန်းက ပြန်ဖြေသည်။
"တကယ်လို့ နတ်ဆိုးနယ်မြေမှာ လူတိုင်းက နဂါးတွေချည်း ဖြစ်နေမယ်ဆိုရင် နဂါးတစ်ကောင်ဖြစ်ရတာက ဘာအသုံးဝင်တော့မှာလဲ။ သူ့ရဲ့ အုပ်ချုပ်မှုအတွက် အောက်ခြေလူတန်းစားတွေ လိုအပ်တယ်လေ။"
"အဟမ်း... အင်း။ မင်းပြောတာ အဓိပ္ပာယ်ရှိတယ်။"
ပိုင်ချူးရန်သည် စိတ်မပါ့တပါဖြင့် ပြန်ဖြေ၏။ သို့သော် ကံကောင်းထောက်မစွာဖြင့် ကျီရှန်းနှင့် စုရှန်ရွှယ်တို့သည် ကလေးယူခြင်းနှင့် ပတ်သက်သော အကြောင်းအရာကို ထပ်မံမပြောကြတော့ပေ။
စုရှန်ရွှယ်သည် ကျောက်စာတိုင်ပေါ်ရှိ ကျင့်စဉ်နှစ်ခုနှင့် ကနဦး နတ်ဆိုးဧကရာဇ်ဘိုးဘေး၏ လျှို့ဝှက်ချက်တို့ကို သေချာစွာ ကူးယူမှတ်တမ်းယူသည်။ ထို့နောက် ပိုင်ချူးရန်သည် ကျီရှန်း၏ ခေါင်းကိုကိုင်ကာ ဤဂူအတွင်း လှည့်လည်ကြည့်ရှုရင်း မေး၏။ "တခြား ဘာကျန်သေးလဲ။ ငါ့ရဲ့ ကောင်းကင်မနာလိုခန္ဓာကိုယ်ကို အခြေခံအုတ်မြစ် တည်ဆောက်ခြင်းအဆင့်အထိ ဖောက်ထွက်နိုင်မယ့် သဲလွန်စတွေများ တွေ့လား။"
"ငါ့ကို ကြည့်ခွင့်ပေးဦး။ အိုး... ဟိုနံရံပေါ်မှာ တစ်ခုခု ရှိနေသလိုပဲ။"
ပိုင်ချူးရန်သည် ကျီရှန်းကို မြှောက်ကိုင်ပြီး အနီးကပ် စစ်ဆေးကြည့်ခိုင်းကာ ဦးခေါင်းခွံက ပြောလာသည်။
"ဒါက အစက နံရံဆေးရေးပန်းချီတစ်ခုပဲ။ လူသားမျိုးနွယ်နဲ့ နတ်ဆိုးမျိုးနွယ်တွေ နတ်ဘုရားတွေကို အနိုင်ယူခဲ့တဲ့ မြင်ကွင်းတွေကို မှတ်တမ်းတင်ထားတာ။ ပြီးတော့ အဲဒီအထဲမှာ စာကြောင်းတစ်ကြောင်းလည်း ပါသေးတယ်။ ကောင်းကင်ဟောင်း ပြိုလဲ၍ ကောင်းကင်သစ် ပေါ်ထွန်းလာသည်၊ နတ်ဆိုးက အသက်ကို ရယူကာ ကောင်းကင်နှင့် မြေကြီးကို ပြောင်းလဲပစ်သည်တဲ့၊ အဲဒါက ဘာအဓိပ္ပာယ်လဲ။"
ကျီရှန်း စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် သူ့ရှေ့ရှိ ကျောက်နံရံပေါ်တွင် အက်ကွဲကြောင်းတစ်ခု ရုတ်တရက် ပေါ်လာသည်။ ထိုအက်ကွဲကြောင်းထဲမှ ရွှေရောင်အလင်းတန်းများ စူးရှစွာ ထွက်လာ၏။ မူလ ကျောက်နံရံမှာ အပိုင်းအစများအဖြစ် ပြိုကျပျက်စီးသွားတော့သည်။
ကျောက်နံရံ၏ အနောက်ဘက်တွင် ကျောက်စာတိုင်နှင့် တူညီသော သလင်းကျောက်ရိုင်းပစ္စည်းဖြင့် ပြုလုပ်ထားသည့် ကျောက်နံရံတစ်ခု ရှိနေ၏။ ရွှေရောင်အလင်းတန်းများ စီးဆင်းသွားအပြီးတွင် ဧရာမ မြေပုံကြီးတစ်ခုအဖြစ် တဖြည်းဖြည်း ပုံပေါ်လာသည်။
"ဒါက နတ်ဆိုးကမ္ဘာရဲ့ မြေပုံလား။"
ဤရုတ်တရက် ပြောင်းလဲမှုကြောင့် စုရှန်ရွှယ်လည်း အာရုံစိုက်မိသွားသည်။ သူမသည် ပိုင်ချူးရန်အနီးသို့ ရောက်လာပြီး ကျောက်နံရံပေါ်ရှိ ရွှေရောင်အလင်းတန်းများကို သူတို့နှင့်အတူ အကဲခတ် စောင့်ကြည့်နေ၏။
"မဟုတ်ဘူး၊ ဒါက ကမ္ဘာတစ်ခုလုံးရဲ့ မြေပုံပဲ။"
ပိုင်ချူးရန်က လေးနက်စွာဖြင့် ပြောသည်။
"မင်း ကြည့်ကြည့်။ ဒီမှာက နတ်ဆိုးနယ်မြေ၊ ဒီမှာက ပင်လယ် ပြီးတော့ ပင်လယ်ပေါ်မှာ ကျွန်းတစ်ကျွန်း ရှိတယ်။ ဒါက ဖူဆန်းဖြစ်ရမယ်။ အနောက်ဘက်အစွန်ဆုံးက မြစ်က ဝိညာဉ်ဖြတ်မြစ်ပဲ။ ပြီးတော့ ဝိညာဉ်ဖြတ်မြစ်ရဲ့ အနောက်ဘက်မှာလည်း ကန္တာရမြေပြင်တွေရှိတယ်။ တကယ်တော့ အဲဒီမှာ ဒီလောက်ကြီးမားတဲ့ ကုန်းမြေကြီး ကျန်နေသေးတာပဲ။"
ရွှေရောင်အလင်းတန်းဖြင့် ရေးဆွဲထားသော မြေပုံပေါ်တွင် ဝိညာဉ်ဖြတ်မြစ်၏ အနောက်ဘက်၌ ကျိုကျိုး နယ်မြေဆယ်ခုကို အရှေ့ဘက် အရိုင်းနယ်မြေများနှင့် ပေါင်းစပ်ထားသည်နှင့် ညီမျှသော တိုက်ကြီးတစ်ခုသည် အနောက်ဘက် အရိုင်းနယ်မြေဧရိယာတွင် ရှိနေ၏။ တစ်နည်းဆိုရလျှင် ဝိညာဉ်ဖြတ်မြစ်သည် အမှန်တော့ ကမ္ဘာကြီး၏ အလယ်ဗဟိုတွင် ရှိနေကာ ကမ္ဘာကြီးတစ်ခုလုံးကို နှစ်ပိုင်းခွဲခြားထားခြင်းပင်။
"နေဦး။ အဲဒီအပေါ်မှာ နေရာအမည်တွေ စပေါ်လာပြီ။"
ကျီရှန်းက ပြော၏။
ရွှေရောင်အလင်းတန်းသည် မြေပုံရေးဆွဲခြင်း ပြီးဆုံးသွားပြီးနောက် ကျန်ရှိနေသော အလင်းတန်းများသည် တစ်စုတစ်စည်းတည်း ပေါင်းစည်းသွားကာ မြေပုံပေါ်ရှိ နေရာအနှံ့အပြားတွင် နားလည်နိုင်စွမ်းမရှိသော ရှေးဟောင်းစာသားများအဖြစ်သို့ ပြောင်းလဲသွားသည်။ အဆုံးတွင် အနောက်ဘက် အရိုင်းနယ်မြေ၏ အနက်ရှိုင်းဆုံးနေရာတွင် ရွှေရောင်အစက်ကလေးတစ်ခုကို ထင်ရှားစွာ မြင်ရ၏။
"ငါ ကြည့်ကြည့်ရအောင်။ ကျိုကျိုးနယ်မြေဆယ်ခုကို အရှေ့ဘက် အရိုင်းနယ်မြေနဲ့ ပေါင်းထားတဲ့ အပိုင်းရှိတယ်။ နာမည်က သေမျိုးကမ္ဘာတဲ့။ ဒီက နတ်ဆိုးနယ်မြေကိုတော့ နတ်ဆိုးနယ်မြေလို့ပဲ ခေါ်တယ်။ ပင်လယ်ပေါ်က ကျွန်းက ဖူဆန်း။ ဝိညာဉ်ဖြတ်မြစ်က မူလက အဲဒီနာမည် မဟုတ်ဘူး ကောင်းကင်မြစ်တဲ့။ နေဦး... ငါ တွေ့ပြီ။ ရွှေရောင်အမှတ်အသားရှိတဲ့ နေရာကို နတ်ဘုရားများရဲ့ နယ်မြေလို့ ခေါ်တယ်။ အဲဒီမှာ နောက်ဆုံးနတ်ဘုရား စစ်ပွဲအတွင်း ကျဆုံးသွားခဲ့ပြီး မူလကောင်းကင်ကြီး ပြိုလဲသွားခဲ့တာတဲ့။ နတ်ဘုရားတချို့ကိုလည်း အဲဒီမှာ မြှုပ်နှံထားတယ်။ မင်း နတ်ဘုရားတွေနဲ့ ပတ်သက်တဲ့ သဲလွန်စတွေကို ရှာချင်တယ်ဆိုရင် အားလုံးနီးပါးက အဲဒီမှာ ရှိလိမ့်မယ်။”