အခန်း ၁၂၁
Vol. 9 Ch. 121
အပိုင်း (၁၂၁) နန်းတော်အကျဥ်းထောင်သို့ ညပိုင်းထောင်ဝင်စာတွေ့ခြင်း (၂)
ညဖက် နန်းတော်အကျဥ်းထောင်သည် မကြာခဏ ကြားရသည့် ‘တကျွိ ကျွိ’ ကြွက်သံများနှင့် တစ်ဖက်စွန်းရှိ မီးပုံနားတွင် ထောင်စောင့်တချို့၏ သောက်စား လောင်းကစားလုပ်နေသံများကလွဲလျှင် တိတ်ဆိတ်မှုအတိ ရှိနေ၏။ ထိုအသံများသည် ပဲ့တင်ထပ်နေပြီး အထူးခြောက်လှန့်နေလေသည်။
ထောင်ကြပ်သည်လည်း တခြားဖက်စွန်းက ပျော်ပျော်ပါးပါး သောက်စားနေသံကို ကြားနေရသည်။ သူ့နှုတ်ခမ်းက ကွေးတက်သွားလေသည်။ သူ့ငွေနဲ့ ဝယ်ထားတဲ့ အစားအသောက်နဲ့ အရက်ကောင်းကောင်းတောင် မသောက်ရသေးဘူး။ သေသေချာချာ နှပ်ထားသည့် အမဲသားကို မြေးတစ်စုက ကုန်အောင်စားပစ်မည်ကို စိုးသဖြင့် သူက ခြေလှမ်းများကို သွက်သွက်လှမ်းလိုက်ပြီး အမျိုးသမီးယွီကို ဦးဆောင်ကာ နောက်ထပ်ထောင့်တစ်ခုကို ချိုးလိုက်ပြီးနောက်တွင် ရှောင်မိသားစုဝင်သုံးယောက်ကို အကျဥ်းချထားသည့် ထောင်တံခါးသို့ ရောက်သွားလေသည်။
သူက ဆီနှင့် ချွေးများ ပေနေသည့် သော့ကို ထုတ်လိုက်ကာ တံခါးတစ်ခုကို ဖွင့်လိုက်ပြီး
“ မြန်မြန်ဝင်သွား၊ အချိန်ကျရင် ကျုပ် ခင်ဗျားကို ပြန်ခေါ်ထုတ်ပေးမယ်”
တံခါးကို ဖွင့်လိုက်ပြီးနောက် သူက အမျိုးသမီးယွီကို ဝင်ခိုင်းလိုက်ပြီးနောက် တံခါးကို သော့ပြန်ပိတ်လိုက်တော့သည်။ သူက ပြောလိုက်၏။
“ ကျုပ် ဘေးအခန်းမှာ ရှိတယ်၊ ခင်ဗျား အပြင်ထွက်ချင်ရင် ကျုပ်ကို အချက်ပြလိုက်”
ထိုသို့ပြောလိုက်ပြီးနောက် သူက လှည့်ထွက်သွားကာ အနီးက ထောင်စောင့်များ စားသောက်နေသည့် စားပွဲဆီသို့ လျှောက်သွားလိုက်ပြီး ဝင်ထိုင်လိုက်လေသည်။ အထဲက လူများသည် အမှုကြီးကို ကျူးလွန်ထားသူများ ဖြစ်ကြရာ သူသည် ထိုကိစ္စကို ပေါ့ပေါ့တန်တန် မထားရဲပေ။ သူတို့သာ လွတ်သွားလျှင် သူလည်း လွတ်လိမ့်မည်မဟုတ်ပေ။
ရှောင်မိသားစုဝင် သုံးယောက်ကို တစ်ခန်းစီ အကျဥ်းချထားသော်လည်း ဘေးချင်းကပ်လျက် ထားထားသည်။ အိပ်မပျော်သေးသည့် ရှောင်ဟိုင်ရူသည် တံခါးဖွင့်သံ ကြားလိုက်ရသဖြင့် ချက်ချင်း ထထိုင်လိုက်လေသည်။ အနက်ရောင်ဝတ်ရုံ ခြုံထားသည့် အမျိုးသမီးတစ်ယောက် ဝင်လာသည်ကို မြင်လိုက်ရသောအခါ သူ့မျက်လုံးများက အနည်းငယ်မှိတ်သွားပြီး ရင်းနှီးနေသည့်ပုံရိပ်ကို တည့်တည့် စိုက်ကြည့်လိုက်လေသည်။
သူမ၏မျက်နှာကို ဖုံးထားသည့် ဝတ်ရုံကို ချွတ်လိုက်ပြီးနောက် သုံးလနီးပါး ကွဲကွာခဲ့ကြသည့် လင်မယားနှစ်ယောက်သည် သည်လိုမီးရောင်မှိန်မှိန် နံစော် အေးစိမ့်နေသည့် နန်းတော်အကျဥ်းထောင်ထဲတွင် တစ်ဖန် ပြန်တွေ့ဆုံခဲ့ကြတော့သည်။
“ မင်း....”
ရှောင်ဟိုင်ရူ၏နှုတ်ခမ်းများသည် မသိမသာ တုန်ယင်သွားလေသည်။ သူသည် ပိန်ချုံးနေသည့် ဇနီးသည်ကို ငေးကြောင်ကြောင်ဖြင့် စိုက်ကြည့်နေမိသည်။ တဒင်္ဂအတွင်း လင်မယားနှစ်ယောက်မှာ ဆွံ့အသါားပြီး ကျောက်တုံးနှစ်တုံးလို နှုတ်ဆိတ်ကာ အချင်းချင်း ငေးကြည့်နေမိကြသည်။ နှစ်ယောက်လုံးက ရှေ့သို့တစ်လှမ်းတိုးသွားရန် မဝံ့ရဲ ဖြစ်နေကြတော့သည်။
အချိန်တစ်ခု ကြာသွားပြီးနောက် မျက်ရည်စက်လက်နှင့် အမျိုးသမီးယွီက နှစ်ယောက်ကြားက တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်တော့သည်။ ပုံမှန်ဆိုလျှင် ယဥ်ကျေးသိမ်မွေ့လွန်းသော သူမသည် ရှောင်ဟိုင်ရူ၏ ရင်ခွင်ထဲ ပစ်ဝင်လိုက်တော့သည်။ လပေါင်းများစွာ အဝတ်အစားမလဲရ ရေမချိုးရသည့် သူ့ကို စိတ်မကွက်မိဘဲ သူမသည် မလွှတ်ပေးချင်တော့သည့်နှယ် သူ့ကို တင်းကြပ်နေအောင် ဖက်ထားလိုက်သည်။
“ သခင်ကြီး ရှင် ဒုက္ခများရပြီ”
ရှောင်ဟိုင်ရူက သက်ပြင်းချလိုက်လေသည်။ ဒါသည် နှစ်ပေါင်း ၂၀ကျော် လက်ထပ်ထားပြီး အချင်းချင်း တလေးတစား ဆက်ဆံလာခဲ့သည့် စုံတွဲတစ်တွဲသည် သူတို့၏စိတ်အတွင်းက ခံစားချက်များကို အလွန်အားတက်သရာ ထုတ်ပြခဲ့ကြသည်။ ရင်ခွင်ထဲတွင် ထွေးဖက်ထားရင်း ရှောင်ဟိုင်ရူက စိုးရိမ်စကား ပြောလိုက်၏။
“ နန်းတော်အကျဥ်းထောင်က မင်းလာသင့်တဲ့ နေရာ မဟုတ်ဘူးလေ၊ ဘာဆူဆူညံညံမှ မကြားရဘဲ ဘယ်လို ဝင်လာခဲ့တာလဲ”
လင်မယားနှစ်ယောက်သည် မတ်တတ်ရပ်ကာ အချင်းချင်း ပွေ့ဖက်ထားကြ၏။ ခဏကြာပြီးနောက် အမျိုးသမီးက သတိပြန်ဝင်လာတော့သည်။ ကြာပန်းအသွင် မျက်နှာလေးက ရှက်စိတ်ကြောင့် အနည်းငယ် ပန်းရောင်သန်းနေသည်။ လင်မယားနှစ်ယောက်သည် စိတ်လှုပ်ရှားသည့် ခံစားချက်ကို ပြန်ထိန်းလိုက်ကြတော့သည်။
“ ဒီလိုဝင်ခွင့်ရအောင် ဆက်သွယ်ပေးခဲ့တာ စုမိသားစု ကလေးမလေးလေ၊ ဒါပေမဲ့ တစ်နာရီပဲ အချိန်ရတယ်”
အမျိုးသမီးယွီက သူမ၏ဝတ်ရုံထဲတွင် ဝှက်လာသည့် အိတ်ထဲက အစားအသောက်အိတ်နှစ်ထုပ်အပြင် သူမ သေသေချာချာ လုပ်ထားပေးသည့် အမွေးထူထူ မဲနယ်ရောင် အကောင်းစားချည်ဝတ်ရုံကို ထုတ်လိုက်လေသည်။ အိတ်ကို ဖွင့်လိုက်ပြီးနောက် သူမက ရှောင်ဟိုင်ရူရှေ့တွင် ချပေးလိုက်၏။
“ သခင်ကြီး ရှင် ဒီနေရာ ဒီရက်ပိုင်း မကောင်းတာတွေပဲ စားရမှာပဲနော်၊ ကျွန်မတို့တွေ ရှင့်ကို မကယ်ပေးနိုင်ပေမဲ့ ကျွန်မတို့တွေ ရှင့်ကို ကောင်းကောင်းစားရအောင်ပဲ လုပ်ပေးနိုင်ပြီး ညဘက် မအေးရအောင်ပဲ လုပ်ပေးနိုင်တယ်၊ ဒီလိုမှပဲ ရှင် ကောင်းကောင်းနေနိုင်ပြီး ကျွန်မတို့လည်း စိတ်အေးနိုင်မှာ”
“ မင်းတို့ကို ဆွဲချခဲ့မိတဲ့သူက ငါပါကွာ”
ရှောင်ဟိုင်ရူက သူ့မိန်းမ လုပ်ထားပေးသည့် ကျစ်ကျစ်လစ်လစ်ချုပ်ထားသည့် ဝတ်ရုံကို မြန်မြန် ဆွဲကိုင်လိုက်လေသည်။ သူသည် စိတ်လှုပ်ရှားသလို ရှက်ရွံ့မိလေသည်။
“ အခု ငါ ဒီမှာရောက်နေတာက ဖြစ်နိုင်စရာ အဆိုးဆုံးအခြေအနေပဲ၊ မင်းနဲ့ အမေတို့က အပြင်ဘက်မှာ ကိုယ့်ဟာကိုယ် သေချာဂရုစိုက်နေသ၍ ငါ ဆုံးပါးသွားရင် အေးအေးချမ်းချမ်း အနားယူနိုင်ပါပြီ”
အမျိုးသမီးယွီသည် သူပြောလိုက်သည့် စကားကို ကြားလိုက်ရချိန်တွင် အပ်တစ်ချောင်းဖြင့် ထိုးဆွနေသလို ခံစားလိုက်ရသော်လည်း လူတို့သည် ကံတရားကို မလွန်ဆန်နိုင်ကြရာ သူမသည် ဘာတတ်နိုင်ပါမည်နည်း။
လင်မယားနှစ်ယောက်သည် နောက်ဆယ့်ငါးမိနစ်လောက် စကားပြောလိုက်ကြပြီးနောက် အမျိုးသမီးယွီက ရှောင်ဟိုင်ရူ၏ အကျဥ်းခန်းထဲက ထွက်လာခဲ့လေသည်။ လေးလံသည့် အကျဥ်းထောင်တံခါးကို ဖြတ်လာပြီးနောက် အများကြီး ပိန်ကျသွားသည့် အကြီးဆုံးသားဖြစ်သူကို တွေ့လိုက်ရလေသည်။ ငွေအလကား မကုန်ကျသည့်နှယ် မျက်ရည်များသည် စီးကျလာတော့သည်။
“လင်ယွီ”
နိုးနေသေးသည့် ရှောင်လင်ယွီသည် ရင်းနှီးသည့်အသံကို ကြားလိုက်ရသောအခါ အံ့ဩတကြိး ခေါင်းထောင်ကြည့်လိုက်လေသည်။ အပြင်ဘက်သို့ မယုံကြည်သလို ကြည့်နေရင်းက သူ့အသံသည် အမှတ်တမဲ့ တုန်ရီသွားတော့သည်။
“အမေလား”
သူ ထင်ယောင်ထင်မှားဖြစ်နေတာလား။ အမေက ဒီလို နန်းတော်အကျဥ်းထောင်ထဲမှာ တစ်ယောက်ထဲ ဘယ်လိုပေါ်လာနိုင်မှာလဲ။
“ အမေ့သားရယ်”
အမျိုးသမီးယွီသည် ခုနက ရှောင်ဟိုင်ရူကို တွေ့စဥ်ကထက် ပိုပြီးစိတ်လှုပ်ရှားသွားတော့သည်။ တခြားသူများက သတိထားမိသွားမည်ကို စိုးရိမ်နေ၍သာ မဟုတ်လျှင် သူမသည် သူ့ခေါင်းလေးကို ဖက်ကာ ခဏလောက် အော်ငိုမိပေမည်။
အမျိုးသမီးယွီသည် သူ့စိတ်ထဲက သံသယကို အလိုလို သိနေသည်။ ထို့ကြောင့် သည်ကာလအတွင်း သူမ တွေ့ကြုံခဲ့ရသည့်အကြောင်းအရာများကို ရှောင်လင်ယွီအား ပြောပြလိုက်ပြီး နောက်ဆုံးမှ ပြောလိုက်တော့သည်။
“ အမေ အရင်က မှားသွားခဲ့တယ်၊ အမေ ယိုကျင့်ကို ဒီလိုမမြင်ခဲ့သင့်ဘူး၊ သူ့ကြောင့်သာ မဟုတ်ရင် အမေတို့တွေကို ပိုင်ယအာက ဝယ်သွားပြီးလောက်ပြီ”
ထိုအခါမှ လော့ဟယ်မှ မြို့တော်သို့ အပြေးရောက်လာပြီး သူ၏ရှောင်မိသားစုက အမျိုးသမီးမိသားစုဝင်များကို ကယ်ပေးခဲ့သူမှာ ယိုကျင့်ဖြစ်နေသည်ကို ရှောင်လင်ယွီ နားလည်သွားတော့သည်။ သူ့နှလုံးအိမ်ထဲတွင် သူမအပေါ်ထားသည့် ချစ်ခြင်းနှင့် ကျေးဇူးတရားတို့က တိုးလာတော့သည်။
“ ယိုကျင့်က အပေါ်ယံ ဂုဏ်သိက္ခာတွေအတွက်နဲ့တော့ ဒီလူတွေကို ဂရုစိုက်မှာ မဟုတ်ဘူး၊ သူသာ ဂရုစိုက်နေခဲ့ရင်လည်း လော့ဟယ်ကနေ မြို့တော်အထိ အရင်ဆုံး အလောတကြီးနဲ့ ရောက်လာခဲ့မှာ မဟုတ်ဘူး”
ရှောင်လင်ယွီသည် ထိုထက်မြက်သည့်မိန်းကလေးကို စဥ်းစားလိုက်ပြီး သူ၏ပိန်ပါးသွားသည့် မျက်နှာပေါ်တင် ခပ်ရေးရေး အပြုံးတစ်ခု ပေါ်လာလေသည်။ သူက ပြောလိုက်၏။
“ အစတုန်းက ကျွန်တော်တို့ ဒီမှာ မရှိတော့ရင် အမေနဲ့ အဘွားတို့ ဘာဖြစ်သွားမလဲလို့ စိုးရိမ်နေခဲ့တာ၊ အခုတော့ သူ ဒီကိုရောက်လာပြီဆိုတော့ ကျွန်တော် စိတ်အေးသွားပါပြီ”
အမျိုးသမီးယွီသည် သူ့ဂုဏ်ယူနေသည့်အပြုအမူကြောင့် ရယ်ချင်သွားတော့သည်။ အခိုက်တန့် ငိုရခက် ရယ်ရခက်ဖြစ်သွားပြီးနောက် သူမက ပြောလိုက်လေသည်။
“ ဒီကလေးကတော့လေ”
အမှန်တွင်တော့ သားအမိနှစ်ယောက်သည် အရင်က ရင်းနှီးသည်ဟု ဆိုလို့မရပေ။ အခုတော့ ဒါသည် သူတို့အချင်းချင်း တွေ့ကြသည်မှာ နောက်ဆုံးဖြစ်လေရာ သားအမိနှစ်ယောက်ကြားရှိ ဆယ်နှစ်တာ အတားအဆီးအားလုံးသည် ပြိုပျက်သွားတော့သည်။ နှစ်ယောက်သား လေသံတိုးတိုးဖြင့် စကားပြောလိုက်ကြလေသည်။ အမျိုးသမီးယွီက တတွတ်တွတ်နှင့် အများဆုံးပြောနေပြီး ရှောင်လင်ယွီက မကြာခဏဆိုသလိ စကားတစ်ခွန်း နှစ်ခွန်းသာ ဖြတ်ပြောဖြစ်သည်။ သို့တိုင် သူတို့သည် အရင်ကထက် ပိုရင်းနှီးလာကြလေသည်။
သားအမိနှစ်ယောက်သည် အချိန်တော်တော်ကြာအောင် စကားပြောခဲ့ကြသည်။ အမျိုးသမီးယွီက သူ့အတွက် ပြင်ဆင်လာသည့် ဝတ်ရုံနှင့် အစားအသောက်များကို ထုတ်ယူလိုက်သည်။
“ ဒီဝတ်ရုံကို ယိုကျင့် ကူချုပ်ထားပေးတာ၊ သား ဒီမှာ အဆင်ပြေအောင် နေနော်”
“ အမေ စိတ်မပူပါနဲ့၊ ကျွန်တော် ကိုယ့်ဟာကို ဂရုစိုက်ပါ့မယ်”
ရှောင်လင်ယွီက လက်ထဲတွင် လေးလံသည့်ဝတ်ရုံကို ကိုင်ထားကာ ခေါင်းညိတ်သဘောတူလိုက်ပြီး ဒူးထောက်လိုက်ကာ အမျိုးသမီးယွီအား သုံးကြိမ်အလေးအနက် ကန်တော့လိုက်လေသည်။
“ သား မသိတတ်တာပါ၊ သား အမေ့ကို နောက်ဆို တွေ့ရတော့မှာ မဟုတ်ဘူး၊ အမေ ကျေးဇူးပြုပြီး ကိုယ့်ဟာကို ဂရုစိုက်ပါနော်”
အမျိုးသမီးယွီသည် ပုံမှန်ဆိုလျှင် တည်ငြိမ်အေးဆေးက ထိန်းထိန်းသိမ်းသိမ်း နေတတ်သည့် အကြီးဆုံးသားဖြစ်သူက သူမရှေ့တွင် ဒူးထောက်လိုက်ပြီး သူမနှလုံးသားကို ထိုးဖောက်လိုက်သည့် စကားတစ်ခွန်းကို ပြောလာလိမ့်မည်ဟု လုံးဝမျှော်လင့်မထားခဲ့ချေ။ သူမသည် တော်တော်ကြာအောင် ဆွံ့အသွားတော့သည်။
ရှောင်လင်ယွီ၏နေရာမှ ထွက်လာပြီးနောက်တွင် သူမသည် ဒုတိယသခင်ကြီးရှောင်ကို သွားတွေ့လိုက်ပြီး အမျိုးသမီးကျောက်တို့ သားအမိလုပ်ထားသည့် ဝတ်ရုံတစ်ခုနှင့် အစားအသောက်အပြင် အမျိုးသမီးကျောက်၏ စာကို သူ့အားပေးလိုက်လေသည်။ ထို့နောက် ထောင်ကြပ်၏ လောဆော်မှုအောက်တွက် သူမသည် ခြေလှမ်း လှမ်းလိုက်တိုင်း နောက်လှည့်တကြည့်ကြည့်ဖြင့် မရေမတွက်နိုင်သည့် အပြစ်ကင်းသည့် ဝိညာဉ်များကို အကျဥ်းချထားသည့် သည်အကျဥ်းထောင်မှ ထွက်လာခဲ့လေသည်။
***
အမျိုးသမီးယွီ၏ နန်းတော်အကျဥ်းထောင်သို့ ထောင်ဝင်စာသွားတွေ့ပြီးနောက်တွင် အမျိုးသမီးစုန့်နှင့် အမျိုးသမီးကျောက်တို့၏ကျန်းမာရေးသည် တဖြည်းဖြည်း ပြန်ကောင်းလာခဲ့သည်။ ယိုကျင့်၏ အကြံပြုချက်အောက်တွင် ရှောင်မိသားစု၏ အမျိုးသမီးမိသားစုဝင်များသည် ယိုကျင့်နောက် လိုက်လာကာ လော့ဟယ်မြို့သို့ အပြန်ခရီး လိုက်လာခဲ့တော့သည်။
ရှောင်မိသားစုကို ရှင်းပစ်ရန် အခွင့်အရေးရှာဖို့ ကြိုးစားနေသည့် ပိုင်ယအာသည် စုကျားချာ၏ လှုပ်ရှားမှုကို စောင့်ကြည့်ရန် လူများကို လွှတ်ထားရန်သာ တတ်နိုင်တော့သည်။ ပိုင်ယအာသည် ရှောင်မိသားစုက လှုပ်ရှားပြီး မြို့တော်က ထွက်သွားရန် ပြင်ဆင်နေသည်ဟု ကြားလိုက်ရချိန်တွင် သူမသည် စိတ်ထဲတွင် အစီအစဥ်တစ်ခုကို ရုတ်တရက် ဆွဲလိုက်တော့သည်။ သူမက သူမ၏အခြွေအရံကို ခေါ်လိုက်ပြီး လေသံနိမ့်ကာ စကားတချို့တီးတိုးပြောလိုက်လေသည်။ သူမ၏စကားကို နားထောင်လိုက်ပြီးနောက် အခြွေအရံပိုင်သည် မျက်မှောင်ကျုံ့လိုက်လေသည်။
“ မမလေး ဒါ မကောင်းဘူးမလား”
“ ငါက နင့်ကို လုပ်ခိုင်းရင် နင်က လုပ်လိုက်ပေါ့၊ အောက်တန်းစား အစေခံနဲ့ ဆင်းရဲသား တောရွာက ထွက်လာတဲ့ တောသားတွေပဲကို၊ လောကကြီး အခုဆိုရင် ကမောက်ကမဖြစ်နေတာ၊ လမ်းပေါ်မှာ လူတစ်ယောက်သေသွားရင်တောင် သူခိုး ဓားပြတွေကြောင့်လို့ပဲ ထင်မှာ ဟုတ်တယ်မလား’
သည်အခိုက်တွင် ပိုင်ယအာ၏မျက်လုံးများက ရူးရူးသွပ်သွပ် သွေးဆာမှုအပြည့် ဖြစ်နေတော့သည်။ သူတို့ကြောင့်သာ မဟုတ်ရင် အဘိုးက သူမကို အိမ်ကနေ နှင်ထုတ်ရတဲ့အထိ ဘယ်ဖြစ်မှာလဲ။
တရားဝင်ကျွန်လေလံပွဲ ပြီးနောက်တွင် ပိုင်မိသားစုထံပြန်လာဖို့အရေး အဘိုးအား တောင်းပန်ခဲ့ပုံနှင့် တစ်ဖန် မောင်းထုတ်ခံခဲ့ရပုံကို ပြန်စဥ်းစားလိုက်မိသည်။ သခင်ကြီးပိုင်သည် သူ့ဘဝတစ်လျှောက်လုံး အထက်တန်းစား ဘဝတစ်ခု ပိုင်ဆိုင်ခဲ့သူဖြစ်သည်။ မြေးမဖြစ်သူက ရှောင်မိသားစုနှင့် စေ့စပ်ထားလျက်က အမည်မရှိဖျော်ဖြေသူတစ်ယောက်၏ ကိုယ်လုပ်တော်က မွေးသည့်သားနှင့် တိုးတိုးတိတ်တိတ် ချစ်ကြိုက်ရဲခဲ့ကာ နစ်နာသူ ရှောင်မိသားစုက မိသွားခဲ့သည့်အဖြစ်ကို သူသည် အဘယ်မှာ သည်းခံနိုင်ပါမည်နည်း။ သူမက အိမ်တံခါး လာခေါက်သည်ကို သိလိုက်ရသဖြင့် သခင်ကြီးပိုင်သည် သူ့မှုတ်ဆိတ်မွေးများ ထောင်တက်သွားသည်အထိ အမျက်ထွက်သွားတော့သည်။ လက်တင်ကုလားထိုင်ပေါ်တွင် ထိုင်နေရင်း သူသည် အပြင်ဘက်ကို ဒေါသတကြီး အော်ပြောလိုက်လေသည်။
“ရှောင်မိသားစုက ပြိုကွဲသွားပြီဆိုပြီး သူက ငါ့ပိုင်မိသားစုရဲ့ အိမ်တံခါးထဲ ဝင်နိုင်မယ်လို့ ထင်နေတာလား၊ အိပ်မက်မက်နေလိုက်၊ ငါ့ပိုင်မိသားစုက တော်ဝင်မိသားစုအိမ်တော်တစ်ခု မဟုတ်ဘူးဆိုပေမဲ့ ငါတို့မှာ သူ့ကို အရှက်မရှိတဲ့သမီးမျိုး မရှိဘူး”
အမှားကို ပြင်ဆင်ခွင့် အလောတကြီး လာတောင်းခံသည့် ပိုင်ယအာသည် သခင်ကြီးပိုင်၏ သည်လိုအရှက်ခွဲခံရလိမ့်မည်ဟု လုံးဝမျှော်လင့်မထားခဲ့ချေ။ ကြီးမားသည့် အရှုံးတစ်ခုကို ခံစားလိုက်ရပြီးနောက် ရွှီအိမ်သို့ ပြန်ရောက်လာခဲ့ချိန်တွင် မျှော်လင့်ချက်ဖြင့် တောက်ပနေခဲ့သည့် ယောက်ျားဖြစ်သူ၏မျက်လုံးများသည် တဖြည်းဖြည်း ညှိုးငယ်ဝမ်းနည်းလာသည်ကို တွေ့လိုက်ရတော့သည်။ သို့သော်လည်း သူသည် စိတ်ပျက်မှုကို သည်းခံလိုက်ပြီး သူမကို နှစ်သိမ့်ပေးလိုက်လေသည်။ ပိုင်ယအာ၏ စိတ်ထဲက ပူလောင်မှုတို့သည် ထိုးတက်သွားတော့သည်။
အခု ရှောင်မိသားစုက ထွက်သွားတော့မယ်။ သူမရဲ့ဒေါသတွေကို ဘယ်သူ့ဆီ ဖွင့်ချလိုက်ရတော့မှာလဲ။ အမုန်းတရားကြောင့် ဘာမှမမြင်တော့သည့် လူများသည့် အမှန်ပင် ဘာမဆိုလုပ်နိုင်သည်ဟု ဆိုနိုင်လေသည်။
အခြွေအရံ မော့မော့က ခေါင်းမော့လိုက်ကာ သူမ ငယ်ငယ်လေးကတည်းက စောင့်ရှောက်လာခဲ့သည့် မမလေးကို ကြည့်လိုက်လေသည်။ မူလက ချောမောသိမ်မွေ့သည့်မျက်နှာသည် ယိုယွင်းကာ အမုန်းတရားတို့နှင့် ပြည့်နှက်နေလေသည်။ သူမသည် မတတ်သာတော့ဘဲ စိတ်ထဲတွင် လေးပင်စွာ သက်ပြင်းချလိုက်တော့သည်။ မမလေးအပေါ်ထားသည့် သူမ၏ခံစားချက်မှာ သားအမိလို ဖြစ်လေသည်။ သူမအတွက် ထိုသို့လုပ်ရသည်က မှားယွင်းမှန်း သိနေသော်လည်း သူမက အမိန့်ကို နာခံလိုက်ဆဲပင်။
ကြိုတင်မမြင်ရသည်က ယိုကျင့်သည် ရှောင်မိသားစု၏ အမျိုးသမီး မိသားစုဝင်များအားလုံးက အားနည်းကြသည်ကို စဥ်းစားလိုက်မိပြီး နှေးသော်ငြား ပိုသက်သာသည့် ရေလမ်းခရီးကို ရွေးလိုက်လေသည်။ ပိုင်ယအာ ရှာထားခဲ့သည့် လူက သူတို့နောက်က တရားဝင်လမ်းမကြီးအတိုင်း လိုက်လာခဲ့ပြီး နောက်ဆုံးတွင် ပစ်မှတ်က သင်္ဘောပေါ်သို့ တက်သွားသည်ကို တွေ့လိုက်ရလေသည်။ သူတို့သည် အခွင့်အရေးတစ်ခုပင် ရှာမတွေ့ခဲ့ရာ ပြန်လှည့်လာခဲ့ရတော့သည်။
ပိုင်ယအာသည် ထိုသတင်းကို ကြားလိုက်ရသောအခါ လက်ဖက်ရည်ပန်းကန် အကောင်းစားများကို ခွဲပစ်တော့သည်။ ယိုကျင့်နှင့် ရှောင်မိသားစုတို့သည် လော့ဟယ်သို့ သွားသည့် ကုန်သည်သင်္ဘောတစ်စင်းပေါ် ရောက်သွားပြီး တဖြည်းဖြည်း မြို့တော်မှ ဝေးကွာလာလေသည်။
ရွှီမိသားစုက ရွှီကျီထုန်းအတွက် လုပ်ထားပေးသည့် ကျဥ်းမြောင်းသည့် ခြံဝင်းတစ်ဖက်တွင်တော့ စာကြည့်ခန်းထဲတွင် စာဖတ်နေသည့် ရွှီကျီထုန်းသည် သူ့ဇနီးသည်က လက်ဖက်ရည်ပန်းကန်းကို ခွဲပစ်ကာ ပင်မဆောင်ထဲမှ ထိန်းမနိုင် သိမ်းမရအောင် အော်ဟစ်နေသည်ကို ကြားလိုက်ရလေသည်။ အောက်ချထားသည့် မျက်ခွံများက သူ့မျက်လုံးထဲက အထင်သေးသည့် ခံစားချက်ကို ကာဆီးထားလေသည်။ သခင်ကြီးပိုင်နဲ့ အဆက်အသွယ်ရဖို့အတွက်သာ မဟုတ်ဘူးဆိုရင် သိမ်မွေ့ပြီး ကျက်သရေရှိတယ်လို့ ထင်ရဖူးခဲ့ပေမဲ့ တကယ်တော့ အတွင်းစိတ်က ရက်စက်တဲ့ ဒီမိန်းမနဲ့ ဆက်ဆံဖို့ သည်းခံစိတ်တွေ ပျောက်သွားတာ ကြာလှပြီ။
စုနှင့် ရှောင်မိသားစုဖက်တွင်တော့ ချောမောသည့် ခရီးတစ်ခု ဖြစ်ခဲ့လေသည်။ လှေပေါ်တွင် သူတို့သည် လဝက်လောက် ရေပြင်ကို ကြည့်လာခဲ့ရပြီး မြစ်ကမ်းနှစ်ဘက်လုံးက သစ်ပင်များ၏ ရှုခင်းသည့် မြို့တော်မှ မြောက်ပိုင်းသို့ ရောက်လာသည်နှင့် တဖြည်းဖြည်း ပြောင်းလဲသွားတော့သည်။ နောက်ဆုံးတွင် သူတို့သည် ၇လပိုင်းကုန်ခါနီးတွင် လော့ဟယ်စီရင်စု နယ်မြေအတွင်းသို့ ဝင်ရောက်လာခဲ့လေသည်။
“ ကြည့်ပါအုံး သခင်မကြီး ဟိုးမှာ ကျွန်မတို့အိမ်လေ”
ကုန်သည်သင်္ဘော၏ ဒုတိယထပ်က အထပ်သားသစ်ပေါ်တွင် ယိုကျင့်က အမျိုးသမီးစုန့်ကို လေကောင်းလေသန့် ရှူရှိုက်ရန် တွဲထားလေသည်။ သင်္ဘောက ဝူလီချောင်ကို ဖြတ်ကာ ရွက်လွှင့်ရမည် ဖြစ်သည်။ ထို့ကြောင့် သူမက မြစ်ကမ်း အရှေ့ဘယ်ဖက်ခြမ်းက အပြာရောင်အုတ်နှင့်ကြွေပြားများဖြင့် ဆောက်ထားသည့်အိမ်တစ်လုံးကို ဝမ်းသာအားရ လက်ညှိုးထိုးပြလိုက်လေသည်။ တံခါးရှေ့တွင် တောင်ပေါ်ပန်းများက ဟိုတစ်စု သည်တစ်စု ပွင့်နေကြပြီး ကျောက်တုံးအတုများ ခင်းထားလေသည်။ အိမ်အနောက်ဖက်တွင် စိမ်းလန်းနေသည့် ဝါးများပေါက်နေသည့် တောင်တစ်လုံး ရှိနေသည်။
အမျိုးသမီးစုန့်က သူမ၏မျက်လုံးများကို ကျုံ့ထားလိုက်ပြီး သူမ ညွှန်ပြနေသည့်ဖက်ကို ကြည့်လိုက်လေသည်။ ကျေးလက်သဘာဝ ချစ်စဖွယ်အများအပြားနှင့် သည်အိမ်၏ အားသာချက်များကို စိတ်ဝင်စားသွားတော့သည်။ မြို့ပြင်တွင် ရှိသော်လည်း သည်လို အိမ်အရွယ်အစားကို သာမန်လူများက တတ်နိုင်ကြမည် မဟုတ်ပေ။ နှစ်လနီးပါးလောက် ရင်းနှီးကျွမ်းဝင်လာခဲ့ပြီးနောက်တွင် အမျိုးသမီးစုန့်သည် စုမိသားစု၏ အခြေအနေအကြမ်းဖျင်းကို သိထားပြီးဖြစ်လေသည်။ သူမသည် ဘေးက မိန်းမငယ်လေးကို မချီးကျူး မလေးစားဘဲ မနေနိုင်အောင် ဖြစ်ရလေသည်။
…