အခန်း ၁၂၃
Vol. 9 Ch. 123
အပိုင်း (၁၂၃) သနားစဖွယ်ပန်းကလေး
“ ဒီခရီးသွားလိုက်တာ ကျွန်မ နှစ်လကျော်ကျော်လောက် အိမ်က ထွက်လာခဲ့မိတာပဲ၊ ဆိုင်ကိစ္စတွေကို ဒေါ်လေးကိုပဲ ဒုက္ခပေးခဲ့မိတယ်”
ယိုကျင့်သည် ထိပ်ပိုင်းတွင် ထိုင်ကာ အမျိုးသမီးဟန်အတွက် လက်ဖက်ရည် လောင်းထည့်ပေးလိုက်လေသည်။ သူမက မေးလိုက်၏။
“အားလုံး ချောချောမွေ့မွေ့ပဲမလား”
စုကျားမီကို ၂လပိုင်းကုန်ခါနီးတွင် ဖွင့်လှစ်လိုက်ချိန်က လုပ်ငန်းသည် ပုံမှန်လည်ပတ်နေလေသည်။ သို့သော် ယိုကျင့်သည် နှစ်လကျော်လောက် ခရီးထွက်ခဲ့ရသည်။ စုကျားမီ၏လုပ်ငန်းက လမ်းကြောင်းပေါ် ရောက်မလာနိုင်သေးသည့် ကိစ္စနှင့်ပတ်သက်ပြီး စိုးရိမ်မှုတချို့က အမှန်ပင် ရှိနေသေးသည်။
အမျိုးသမီးဟန်က လက်ဖက်ရည်ပန်းကို ယူလိုက်ပြီး တစ်ငုံသောက်လိုက်၏။ စိတ်အေးသွားဟန် သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပြီးနောက် သူမက သွားများပေါ်သည်အထိ ပြုံးပြလိုက်ပြီး
“ အခု ဆိုင်မှာ တတိယသခင်ကြီးဟွမ်က လာကူညီပေးနေတယ်လေ၊ အားလုံးက ပုံမှန်အတိုင်းပါပဲ၊ နောက်ဆုံး သူက အိမ်တော်ကြီးတစ်ခုက မွေးထုတ်ပေးခဲ့တဲ့ လူလေ၊ ဆိုင်ကလည်း တစ်နေ့ထက်တစ်နေ့ ပိုပိုကောင်းလာတယ်၊ အဒေါ်ကတောင် နည်းနည်းလူပိုဖြစ်နေတယ်”
ရှောင်မိသားစု ကံဆိုးမိုးမှောင်ကျသွားပြီးနောက် သခင်ကြီးဟွမ်က သူ့ကိုယ်သူ ကယ်ထုတ်ခဲ့ရသည်။ နောက်ပိုင်းတွင် ဦးလေးစုန့်က သက်ကယ်မိုးတစ်ထပ်အိမ်လေးဆီ သွားရောက်လည်ပတ်ခဲ့ပြီး အကြိမ်ကြိမ် စိတ်ရင်းနှင့် ဖိတ်ကြားခဲ့ပြီးမှ တတိယသခင်ကြီးဟွမ်က ပိုင်ရှင်ဟောင်းနှင့် ဆက်ဆံရေးကို ထောက်ထားပြီး စုကျားမီ၏ လုပ်ငန်းများကို ကူညီစီမံပေးရန် ရွေးချယ်လိုက်တော့သည်။ သို့သော် တတိယသခင်ကြီး၏ ဆန္ဒအတိုင်း သူသည် သူ့ကိုယ်သူ မရောင်းခဲ့ပေ။ သူသည် စုမိသားစုနှင့် အလုပ်သဘောအရ စာချုပ်တစ်ခုကို လက်မှတ်ထိုးခဲ့လေသည်။
တတိယသခင်ကြီးဟွမ်သည် စုကျားမီ၏လုပ်ငန်းများကို စီမံလာခဲ့သည်။ ဦးလေးစုန့်က သည်အကြောင်းကို သူမထံသို့ ပို့လာသည့်စာထဲတွင် တင်ပြထားလေသည်။ ခြုံပြောရလျှင် တတိယသခင်ကြီးဟွမ်သည် လော့ဟယ်တွင် အခြေခိုင်သူဖြစ်လေသည်။ သူဆက်ဆံခဲ့သူများမှာ အိမ်တော်ကြီးများ ဖြစ်ကြသည်။ ယိုကျင့်သည်လည်း အလယ်အလတ်တန်းစား လူများကို ရည်ရွယ်ထားသဖြင့် တတိယသခင်ကြီးဟွမ်က အမျိုးသမီးဟန်ထက် တာဝန်ခံရာထူးနှင့် ပိုသင့်တော်သည်က အမှန်။ သို့သော် သည်အခြင်းအရာက အမျိုးသမီးဟန်ကို ပေးထားခဲ့သည့် သူမ၏အရင်က ကတိမှာ အလကားသက်သက်ဖြစ်လာတော့သည်။ ထို့ကြောင့် ယိုကျင့်သည် အနည်းငယ် မလုံမလဲဖြစ်မိလေသည်။
“ဒေါ်လေး...”
“အိုး ယိုကျင့်ရယ် ဘာတွေလုပ်နေတာလဲ”
အမျိုးသမီးဟန်က ထိုကိစ္စကို သေချာစဥ်းစားထားပြီးဖြစ်လေသည်။ နောက်ဆုံး ယိုကျင့်ရဲ့ ကျေးဇူးကြောင့်ပဲ သူမရဲ့ကလေးတွေနဲ့ ပြန်ဆုံစည်းခွင့်ရတယ်။ သားဖြစ်သူကလည်း စာလေ့လာနိုင်တယ်။ သမီးဖြစ်သူကလည်း အခုဆိုရင် ကလေးလေးတစ်ယောက်တောင် မွေးပြီးသွားပြီ။ သူမ လောဘ မကြီးပါဘူး။ ပြီးတော့ တတိယသခင်ကြီးဟွမ်က သူမကိုယ်တိုင်ထက် ပိုသင့်တော်တာပဲ။ သူမက ယိုကျင့်ကို ဘယ်လိုလုပ်ပြီး အပြစ်တင်ရက်မှာလဲ။ အမျိုးသမီးဟန်က စိတ်ရင်းဖြင့် ပြုံးပြကာ ပြောလိုက်တော့သည်။
“ အဒေါ် တတိယသခင်ကြီဟွမ်နဲ့ ဆက်ဆံကြည့်ပြီးပါပြီ၊ သူက တကယ့်ကို ပိုသင့်တော်တဲ့ တာဝန်ခံလေ၊ ပြီးတော့ သမီးအစ်မယိုဟယ်ကလည်း အခုမှ ကလေးမွေးထားတာ၊ အဒေါ်အားတဲ့အချိန်တိုင်း သူ့ကို သွားတွေ့လို့ရတာပေါ့၊ ဒါက ပိုစိတ်ချမ်းသာစရာမကောင်းဘူးလား၊ တစ်ခုပဲ အဒေါ်က အရမ်း အားနေတာလေ၊ နည်းနည်းတော့ လွတ်နေသလိုပဲ၊ သမီး အဒေါ့်ကို လုပ်စေချင်တာ ဘာပဲရှိရှိပြောလေ အဒေါ်မငြင်းပါဘူး”
အမျိုးသမီးဟန်၏စိတ်ရင်းက ယိုကျင့်၏ စိတ်ထဲတွင် ပိုပြီး မလုံမလဲ ခံစားရစေသည့်အပြင် အမျိုးသမီးဟန်နှင့်လည်း ပိုရင်းနှီးလာသလို ခံစားလိုက်ရတော့သည်။
“ ဒါဆို ဒေါ်လေးက တတိယသခင်ကြီးဟွမ်ဆီမှာ နည်းနည်းပါးပါး လေ့လာလိုက်ရင်ကော၊ နောက်မှ အဒေါ် ဘာစီးပွားရေးလုပ်နိုင်လဲဆိုတာ သမီးတို့ ကြည့်ကြတာပေါ့၊ အဲဒီအချိန်ကျရင် သမီး အဒေါ့်ကို ထောက်ပံ့ပေးပါ့မယ်”
တူမလေး၏စကားကို နားထောင်လိုက်ပြီးနောက် အမျိုးသမီးဟန်သည် စိတ်ထဲတွင် မလှုပ်ရှားသွားပါဟုဆိုလျှင် လိမ်ရာကျပေလိမ့်မည်။ နောက်ဆုံး သူမမှာ မိသားစုတစ်ခု မစ,တင်ရသေးတဲ့ သားနှစ်ယောက် ရှိသေးတယ်။ သမီးဖြစ်သူက လက်ထပ်ပြီးပြီဆိုပေမဲ့လည်း သူမမှာ သန်မာတဲ့မိခင်ဘက်က မိသားစုတစ်ခု ရှိဖို့လိုသေးတယ်။ အရာအားလုံးအတွက် ဒုတိယမိသားစု ရှိနေပေမဲ့ တစ်သက်လုံး အလကားထိုင်စားနေလို့တော့ မဖြစ်ဘူးမလား။ မိသားစုနှစ်ခုကြားမှာ သံယောဇဥ်တွေ ရှိတယ်ဆိုပေမဲ့ ဒီလိုပုံစံမျိုးနဲ့တော့ ကုန်ဆုံးမသွားသင့်ဘူးလေ။
“ ရတာပေါ့၊ ဒါပေမဲ့ အဒေါ်က သမီးကို အလကားတော့ မဖြစ်စေချင်ဘူး၊ အဒေါ်က အလုပ်သေးသေးလေး လုပ်ချင်တာဆိုပေမဲ့ သမီးကိုတော့ ဝေစုပေးရလိမ့်မယ်”
အမျိုးသမီးဟန်သည် ပြီးခဲ့သည့်နှစ်များတွင် ဒုက္ခအကြီးအကျယ်ခံစားခဲ့ရသော်လည်း သူမ၏အရိုးနှင့် နှလုံးသားထဲက မာကြောမှုက ရှိနေဆဲ။ သူမသည် အစကတည်းက ယောက်ျားလေးတစ်ယောက်ကို ပျိုးထောင်ခံခဲ့ရခြင်းဖြစ်သည်။ သူမ၏ အတွေ့အကြုံနှင့် အမြင်တို့က သာမန် သေးငယ်သည့် မိသားစုအိမ်ထောင်က အမျိုးသမီးများထက် အများကြီး ကျယ်ပြန့်လေသည်။
တူဝရီးနှစ်ယောက်သည် ဝမ်းသာအားရ စကားပြောခဲ့ကြသည်။ ထို့နောက် ဒုတိယနေ့တွင် အစောပိုင်းက ဘာမှမလုပ်ဘဲ ငြိမ်နေသည့် အမျိုးသမီးဟန်သည် တစ်ဖန် အလုပ်ရှုပ်လာပြန်တော့သည်။ သူမသည် အရင်က ကုန်စုံဆိုင်ငယ်လေးကို အုပ်ချုပ်ခဲ့သော်လည်း တတိယသခင်ကြီးဟွမ်နောက် လိုက်ကာ အလုပ်အကြောင်းကို လေ့လာနေလိုက်သည်။ ထိုအရာများသည် အရင်ကတည်းက သူမ ဘယ်တော့မှ အပေါ်ယံ မလုပ်ခဲ့သည့်အရာများဖြစ်လေသည်။ သူမသည် အစောပိုင်းက အနည်းငယ် မပျော်မရွှင် ဖြစ်ခဲ့သောလည်း လကုန်ရက်၌ ဆိုင်၏လစဥ် အဓိကစာရင်းစာအုပ်ကို မြင်လိုက်ချိန်တွင်တော့ အမျိုးသမီးဟန်သည် စိတ်အေးသွားတော့သည်။
စုကျားမီသည် စုကျားရှန်းနှင့် မတူပေ။ စုကျားမီ၏ စျေးနှုန်းများသည် မနိမ့်ပေ။ အဓိကစားသုံးသူများမှာ လော့ဟယ်မြို့က လူချမ်းသာ အိမ်ထောင်စုများ ဖြစ်ကြသည်။ တတိယသခင်ကြီးဟွမ်သည် လော့ဟယ်သို့ ရောက်လာသည်မှာ နှစ်များစွာကြာနေပြီဖြစ်သဖြင့် သူ့တွင် ကိုယ်ပိုင် လူမှုကွန်ယက်တစ်ခု ရှိလာခဲ့သည်။ ထို့အပြင် စုကျားမီလို ပျားရည်နှင့် နောက်ဆုံးပေါ် ပန်းပေါင်းစုံလက်ဖက်ခြောက် ရောင်းချသူ များမရှိကြပေ။ အမှန်ပင် တမူထူးခြားလေသည်။ စုကျားမီသည် သည်ကာလအတွင်းတွင် ရုတ်တရက် တိုးတက်လာသည်ဟု ဆိုနိုင်လေသည်။ ၆လပိုင်း ဝင်ငွေက စုကျားရှန်း၏ ဝင်ငွေကိုပင် ကျော်သွားသည်။ အခုတော့ စုကျားမီသည် လော့ဟယ်တွင် လေးစားဖွယ် ဖောက်သည်အများဆုံးဆိုင် ဖြစ်လာတော့သည်။
ဝမ်ညန်သည် ယိုရင်ကို လမ်းတွင် မမျှော်လင့်ဘဲ တွေ့ခဲ့ပြီး သူမကို ရင်းနှီးနေသလို ခံစားမိခဲ့သည်။ ထိုအကြောင်းကို စုံစမ်းလိုက်ပြီးနောက်တွင်မှ စုမိသားစုသည် သိပ်မကြာခင်နှစ်များက လော့ဟယ်သို့ ပြောင်းရွှေ့လာခဲ့သည်ကို သိလိုက်ရလေသည်။ အပြင်ဘက်တွင် အမျိုးသမီးများ စီမံသည့် အိမ်ထောင်တစ်ခု ဖြစ်သဖြင့် စုံစမ်းရန် မခက်ခဲပေ။ အကြံကုန်သွားသည့် ဝမ်ညန်သည် ယွဲ့ချန်လု၏ ကွာရှင်းထားသည့် မိန်းမ အမျိုးသမီးစုနှင့် သွားတွေ့လိုက်လေသည်။ သူမသည် ရှေ့တိုးကာ မလွတ်တမ်း ကပ်တွယ်နေရဲခဲ့သည်။ စုမိသားစုထံမှ အပေါ်ယံ အဆီလွှာကို ညစ်ထုတ်ပြီးချိန်တွင်တော့ သူမကို ကျေနပ်သွားစေတော့သည်။
“ သားရေ အာ... သားလေး စားချင်တာ အားလုံးစားနော်၊ အမေ့မှာ ငွေရှိတယ်”
သူမသည် ယွဲ့ဝမ်ပေါင်၏ ရှုပ်ပွနေသည့်ခေါင်းကို ချစ်မြတ်နိုးဟန်ဖြင့် ပွတ်သပ်ပေးလိုက်ပြီး ကြက်ပေါင်ကြီးတစ်ခုကို ကိုက်ကာ အားပါးတရစားနေသည့် သူ့သားကို စောင့်ကြည့်နေလေသည်။ သူမ၏ နှုတ်ခမ်းထောင့်က အပြုံးသည် ဝင့်ကြွားသည့်အရိပ်တစ်ခု ဆောင်ထားလေသည်။ အမျိုးသမီးစု ဘာကြောက်လဲဆိုတာ သူမ သိတယ်လေ။ အခုဆိုရင် အဲဒီအောက်တန်းစား ကလေးမတွေလည်း ကြီးလာကြပြီး လက်ထပ်ဖို့အရွယ် ရောက်လာကြပြီ။ သူမသာ ယွဲ့အိမ်က ဘုရားကျောင်းက ပြောလိုက်တဲ့ ဟောစာတမ်းရဲ့ အဖြေကြောင်း ထုတ်ပြောလိုက်ရင် အဲဒီ အောက်တန်းစား မိန်းကလေးတွေ လုံးဝလက်ထပ်နိုင်တော့မှာ မဟုတ်ဘူး။
သူမက ဒီရှားရှားပါးပါး အခွင့်ရေးကို သေသေချာချာ ဖမ်းဆုပ်ပြီး အစီအစဥ်ချပြီးရင် သူမကိုယ်တိုင်နဲ့ သားလေးရဲ့ အနဂါတ်ကောင်းစားဖို့ ရှာဖွေရမယ်။ တဟားဟား အော်ရယ်လိုက်ကာ သူမက တစ်ယောက်တည်း စကားပြောလိုက်လေသည်။
“အဲဒီခွေးမတွေ ဒီလိုအိမ်ကြီးတွေမှာ ဘာလို့နေနိုင်ပြီး အစေခံအများကြီးက အလုပ်အကျွေး ပြုနေကြတာလဲ၊ ဒါတွေအားလုံးက ငါ့ကလေးအတွက်ပဲ ဖြစ်သင့်တာ”
“သားရဲ့ဟာ”
ယွဲ့ဝမ်ပေါင်သည် ငယ်သေးပြီး အမေ့စကား၏အဓိပ္ပာယ်ကို မသိပေ။ သူက ကြက်သား နောက်ဆုံးတစ်ကိုက်ကို ကြောက်ကြောက်လန့်လန့် မျိုချလိုက်ပြီး ဝမ်ညန့်စကားကို ရွှင်ရွှင်ပျပျနှင့် သံယောင်လိုက်လေသည်။
ဝမ်ညန်သည် သားဖြစ်သူ၏စကားကို ကြားလိုက်ရပြီး သူမ၏မျက်လုံးများထဲက တဖျတ်ဖျတ် လက်နေသည့်အရောင်မှာ ပိုပြီး ထင်ရှားလာတော့သည်။ သူမက ကြက်ပေါင်ကို သားဖြစ်သူအား လှမ်းပေးလိုက်ပြီး ထောက်ခံလိုက်သည်။
“ ဟုတ်တဘ်၊ အားလုံးက အမေတို့ဟာတွေပဲ”
သည်ဖက်တွင် ဝမ်ညန်သည် စုမိသားစု၏ ပိုင်ဆိုင်မှုအားလုံးကို စိတ်ကူးယဉ်နေတော့သည်။ တစ်ဖက်တွင်တော့ ယိုကျင့်က သည်ရက်ပိုင်း သူမ၏လှုပ်ရှားမှုများကို လူလွှတ်ကာ စုံစမ်းခိုင်းထားပြီး ဖြစ်လေသည်။
သည်အချိန်တွင် စုမိသားစု၏အစောင့်က သူရလာခဲ့သည့် နောက်ဆုံးသတင်းကို အကြီးဆုံးမမလေးထံ တင်ပြနေလေသည်။
“ယွဲ့ချန်လု ပျောက်ဆုံးသွားပြီးတဲ့နောက်ပိုင်း သူမက ရက်ပိုင်းအတွင်း သူမရဲ့ အိမ်နီးနားချင်းတစ်ယောက်နဲ့ ရှုပ်နေတယ်တဲ့၊ ပျံကျစျေးသည်နာမည်က ဝူလင်းတဲ့၊ သူ့မိန်းမရဲ့မိသားစုက လော့ဟယ်မှာနေတဲ့ သားသတ်သမားတစ်ယောက်ပဲ၊ မိန်းမက သန်မာတဲ့အကျင့်စရိုက်ရှိတယ်၊ သူမသာ လောင်ဝူလင်း အပြင်မှ ခိုးစားနေတာ သိသွားရင် ဓားဆွဲပြီး အဲဒီနောက်မီးလင်းတဲ့အတွဲကို အပိုင်းပိုင်း ခုတ်ပစ်လိမ့်မယ်”
ဝမ်ညန်၏လှုပ်ရှားများကို ဖုံးကွယ်ထားလို့မရပေ။ သည်ညစ်ညမ်းသည့်ကိစ္စများသည် စုမိသားစု၏ စုံစမ်းရေးမှ မလွတ်မြောက်နိုင်သည်က သဘာဝပင်။
“ တကယ့်ကို ရှားရှားပါးပါး သိမ်မွေ့တဲ့ သနားစဖွယ်ပန်းကလေးပဲ”
ယိုကျင့်၏ မျက်လုံးများထဲတွင် သရော်လှောင်ပြောင်သည့် အရိပ်တစ်ခု ဖြစ်သွားတော့သည်။ ဟိုတုန်းကလည်း သူမ ဒီလိုပဲ ယွဲ့ချန်လုနဲ့ ရှုပ်ပွေခဲ့တာ မလား။ ပြောရမယ်ဆိုရင် ဒီဝမ်ညန်က အသက်ရှင်ဖို့ အရေးနဲ့ကြုံလာရင် တကယ် ချေးမများတာပဲ။
“ ရှေ့မှာ ယွဲ့ချန်လု၊ နောက်တော့ လောင်ဝူလင်း၊ သူက သူများရဲ့ သနားစဖွယ်ပန်းကလေး ဖြစ်ချင်နေမှတော့ သူမကို ကူညီပေးရမှာပေါ့လေ”
အစောင့်က နှုတ်ဆိတ်ရင်း ခေါင်းမော့လိုက်ပြီး အကြီးဆုံးမမလေး၏မျက်နှာပေါ်က အန္တရာယ်ကင်းသည့် အပြုံးကို လှမ်းကြည့်လိုက်လေသည်။ သူသည် စိတ်ထဲတွင် အလေးအနက် မှတ်ချက်ပေးလိုက်တော့သည်။ အကြီးဆုံးမမလေးကတော့ မကောင်းတဲ့ရေဆိုးကို အရှေ့ဘက်ခြမ်းကို လမ်းလွဲနေပြီ။ ဘယ်လူနုံလူအ ကတော့ ကံဆိုးတဲ့သူ ဖြစ်လာမလဲ မသိဘူး။
လော့ဟယ်မြို့သည် အတန်လူဦးရေများပြီး ကြီးမားလေသည်။ လူချမ်းသာမဆိုထားနှင့် လူများလည်း မပြတ်လပ်နေသည်က သဘာဝပင်။
ယိုကျင့်သည် ဝမ်ညန်အတွက် လူလည်သူဌေးကြီးတစ်ယောက် ရှာပေးဖို့ရာ သဘောထားမကြီးဘဲ မနေနိုင်ချေ။ တတိယသခင်ကြီးဟွမ်သည် လော့ဟယ်တွင် အဆက်အသွယ် ကျယ်ကျယ်ပြန့်ပြန့် ရှိလေသည်။ ရက်အနည်းငယ်အတွင်း သူသည် ယိုကျင့်ရှာနေသည့် လူကို ရှာတွေ့ခဲ့သည်။
“ယိုကျင့် ဒီသူဌေးချန်က လူကောင်းမဟုတ်ဘူးနော်၊ နင် ဒီလိုလူဆီက ဘာလိုချင်လို့လဲ”
သူသည် အတင်းအဖျင်း ပြောလို၍ မဟုတ်ပေ။ အထူးသဖြင့် သူ့လို သတင်းစုံလင်သည့် လူကပင် သူဌေးချန်၏ အပြုအမူများကို လက်မခံနိုင်ပေ။ မည်သို့ဆိုစေ သည်လိုလူမျိုးနှင့် ဆက်ဆံလို ဘာမှကောင်းလာမည်မဟုတ်ချေ။
“ တခြားလူတွေအတွက် အောင်သွယ်တော်တစ်ယောက် လုပ်ပေးနေတာပါ”
ယိုကျင့်က ညစ်ကျယ်ကျယ်အကြည့်ဖြင့် တတိယသခင်ကြီးဟွမ်ကို ကြည့်လိုက်၏။ ဝမ်ညန်အတွက် အခွင့်အရေး ဘယ်လိုဖန်တီးပေးရမလဲဆိုတာ သူမ ပြင်ဆင်ပြီးနေပြီလေ။
တတိယသခင်ကြီးဟွမ်သည် ပြီးခဲ့သည့် နှစ်အနည်းငယ်အတွင်း ယိုကျင့်နှင့် ဆက်ဆံရေး အများအပြား ရှိခဲ့သည်။ အပြုံးနောက်ကွယ်က မကောင်းသည့်ရည်ရွယ်ချက်ကို အလိုလို မြင်တွေ့ခဲ့ပြီး စိတ်အေးသွားတော့သည်။ ယိုကျင့်က သူဌေးချန် ဘယ်လိုလူမျိုးလဲဆို သိထားတယ်ဆိုတော့ သူမဘေးက လူတွေအတွက် သူ့ကို အသုံးချမှာ မဟုတ်လောက်ဘူး။ သူက လက်ပိုက်ကာ ပြောလိုက်လေသည်။
“ နင့်အတွက် ငါ့ကို ဘာလုပ်ပေးစေချင်သေးလဲ”
ယိုကျင့်က သူ စကားစလာဖို့ စောင့်နေခြင်းပင်။ သူ ထုတ်ပြောလာသည်ကို တွေ့လိုက်ရသဖြင့် သူမ၏မျက်လုံးထဲက ပျော်ရွှင်မှုက ပိုပြီးသိသာသွားတော့သည်။ သူမက ပြန်ပြောလိုက်၏။
“ တတိယသခင်ကြီးက ကျွန်မကို ကူညီစီစဥ်ပေးစရာ ကိစ္စတချို့ ရှိတယ်”
သူမက သူမ၏အစီအစဥ်ကို ချပြလိုက်လေသည်။ တတိယသခင်ကြီးဟွမ်က မငြင်းသည်ကို တွေ့လိုက်ရသဖြင့် သည်ကိစ္စကို အတည်ပြုလိုက်တော့သည်။ ယိုကျင့်၏အစီအစဥ်က အလွန်ရိုးရှင်းလေသည်။ သူဌေးချန်နှင့် ဝမ်ညန် ဆုံတွေ့နိုင်ရန် အခွင့်အရေးတစ်ခု ဖန်တီးပေးမည်။ သူရဲကောင်းက မိန်းမလှလေးကို ကယ်တင်ခြင်းက ဖန်တရာတေနေသည့် ဇာတ်ညွှန်းဖြစ်သော်လည်း သည်လှည့်ကွက်က ဘယ်တော့ ဟောင်းမသွားသလို ထိရောက်မှုလည်း ရှိလေသည်။
ဝမ်ညန်သည် ခါးသီးသည့် နေ့ရက်များတွင် အမြဲတစေ နေလာခဲ့ရသော်လည်း အလှအပကြိုက်သည်က အရိုးစွဲနေလေသည်။ စုမိသားစုထံမှ သူမရလာခဲ့သည့် ငွေလျန်၂၀ သည် သာမန်မိသားစုတစ်ခုအတွက် တစ်နှစ်တာ သုံးစွဲရန် လုံလောက်သည်။ သူမကတော့ အားလုံးကို သုံးပစ်လိုက်သည်။ ဝမ်ညန်က သူမသည် စုမိသားစုကို အခိုင်အမာ ဖမ်းဆုပ်ထားနိုင်ပြီဟု တွေးကာ ငွေပြတ်မှာ မကြောက်တော့ပေ။ ငွေရလာပြီးနောက် သူမသည် မျက်နှာချေနှင့် ပါးနီးများအပြင် အဝတ်အစားနှင့် လက်ဝတ်ရတနာများကိုလည်း အများအပြား ဝယ်ခဲ့လေသည်။ အစကတည်းက ဝမ်ညန်သည် အတိုင်းအတာတစ်ခုအထိ လှပလေသည်။ မဟုတ်လျှင် တစ်ချိန်က သူမ အစေခံဖြစ်စဥ်က အကြီးဆုံးသခင်ကြီးကို မည်သို့ မြှူဆွယ်နိုင်ခဲ့ပါမည်နည်း။ နောက်ပိုင်းတွင် ယွဲ့ချန်လုနှင့် လောင်ဝူလင်းတို့လည်း ပါလာကြသည်မဟုတ်ပါလား။
ဒုက္ခများ ခံစားနေရသည့် ရက်များကို ဖြတ်သန်းလာခဲ့ပြီးနောက် နဂိုက ပိန်လှီနေသည့် ဝမ်ညန်မှာ ပိုပြီး ပိန်ကျသွားလေသည်။ ကွေးညွှတ်ပျော့ပြောင်းသည့် မိုးမခပင်နှင့်တူသည့် ခါးနှင့် ခြေတံတို့သည် တဖျတ်ဖျတ်ခတ်နေသည့် ရွှန်းရွှန်းစားစား မျက်လုံးတစ်စုံနှင့် လိုက်ဖက်လေရာ သည်ဝမ်ညန်က သူဌေးချန်ကို ဖက်တွယ်ထားနိုင်မည်ဟု ယိုကျင့်က ယုံကြည်ထားလိုက်သည်။
စုမိသားစုသည် အားလုံးကို ခြေလုံလက်လုံဖြင့် ပြင်ဆင်ခဲ့ပြီးနောက် အရက်အနည်းငယ် ကြာသွားခဲ့သည်။ အခုတော့ ပြဇာတ်ကောင်းတစ်ခုကို စောင့်ကြည့်ရတော့မည်အချိန်ပင်။
“ ကြာကူလီမ ငါ့ယောကျ်ားကို မြှူဆွယ်ရဲတယ်ပေါ့လေ”
အသီးအရွက်ခြင်းတစ်လုံးနှင့် လမ်းပေါ်တွင် လမ်းလျှောက်လာသည့် ဝမ်ညန်သည် သတိလက်လွတ် ဖြစ်သွားပြီး သူမကိုယ်တိုင်ထက် တစ်ဝက်နီးပါး ကိုယ်ထည်ကြီးသည့် မိန်းမတစ်ယောက်၏ မူးနောက်သွားအောင် ပါးရိုက်ခံလိုက်ရတော့သည်။ အသီးအရွက်ခြင်းသည် ဘယ်ချောင်သို့ လွင့်သွားမှန်းပင် မသိတော့ပေ။ ထိုမိန်းမက သူမကို ရှင်းပြရန် အခွင့်အရေးပင် မပေးချေ။ ဝမ်ညန်ကို ပါးချလိုက်ပြီး သူမကို ခုန်အုပ်လိုက်တော့သည်။ လက်တစ်ဖက်က သူမ၏လည်ပင်းအင်္ကျီအနားကို တင်းနေအောင် ဆုပ်ထားပြီး ကျန်တစ်ဖက်က ဝမ်ညန်၏ ပါးသေးသေးလေးကို အားကုန်ရိုက်နေတော့သည်။ မကြာလိုက်ပေ သူမ၏ပါးပြင်မှာ နီရဲယောင်ကိုင်း သွားတော့သည်။ သူမ၏နှုတ်ခမ်းထောင့်မှ သွေးထွက်လာတော့သည်။ ထိုမိန်းမကြီးက လုံးဝ မညှာမတာပင်။ တစ်ဖက်က ရိုက်ရင်း တစ်ချိန်ထဲတွင် ဆဲဆိုသံများ ထွက်နေလေသည်။
“ လူတွေကို မြှူဆွယ်တယ်ပေါ့ ဟမ်၊ အရှက်မဲလိုက်တဲ့ ခွေးမ၊ နင့်မှာ အဖမဲ့ သားတစ်ယောက် ရှိတယ်ဆို၊ နင်က သူများမိသားစုတစ်ခုလုံးကို သေတွင်းပို့နေတဲ့ မြေခွေးမပဲဟဲ့”
မိန်းမနှစ်ယောက် ရုန်းရင်းဆန်ခတ်ဖြစ်နေပုံက လမ်းသွားလမ်းလာများကို ချက်ချင်း ဆွဲဆောင်မိကာ စုရုံးလာပြီး ရပ်ကြည့်နေကြတော့သည်။ လောင်ဝူလင်၏ တစ်ဖက်သတ် ရိုက်နှက်နေခြင်းကြောင့် ဝမ်ညန်မှာ ပြန်တိုက်ခိုက်နိုင်စွမ်း မရှိတော့ချေ။ နစ်နာသူ၏ နေရာတွင် ရှင်းပြချက်များကြောင့် ကြည့်ရှုနေသူများက အချင်းချင်း တီးတိုးပြောဆိုနေကြလေသည်။ တချို့က ရိုက်ခံရပြီးနောက် ဖရိုဖရဲဖြစ်နေသည့် ဝမ်ညန်ကို တံတွေးများပင် ထွေးလိုက်ကြသေးသည်။
“ဒီမြေခွေးမတွေက အရှက်မရှိဆုံးပဲ၊ သေအောင် ရိုက်ခံရတာ တန်တယ်”
“ ဟုတ်တယ် ခံရသင့်တယ်၊ တခြားလူရဲ့ယောကျ်ားကို မြှူဆွယ်ရဲရတယ်လို့၊ တစ်ချက်ကြည့်လိုက်တာနဲ့ သူက မကောင်းတဲ့ဟာမှန်း သိသာတယ်”
မေးရိုးရှည်ရှည် သွားကြီးကြီး မျက်နှာနှင့် သက်လတ်ပိုင်း အမျိုးသမီးနောက်တစ်ယောက်က ရွံရှာဟန်ဖြင့် တံတွေးထွေးလိုက်လေသည်. စိတ်ထဲတွင်တော့ သူမသည် လူများကို ဆွဲဆောင်နိုင်သည့် ရုပ်ရည်ပိုင်ဆိုင်ထားသည့် သည်မြေခွေးမလေးကို မနာလိုဖြစ်လေသည်။
“ ရပ်ကြစမ်း မင်းတို့တွေ ဘာလုပ်နေကြတာလဲ”
ဝမ်ညန်သည် မျှော်လင့်ချက် မဲ့သွားချိန်တွင်မှာပင် သက်လတ်ပိုင်းယောကျ်ားတစ်ယောက်အသံက လူကြားထဲမှ တိုးထွက်လာခဲ့သည်။ နားများအူသွားမတတ် အပြင်းအထန် ဝင်ရောက်လာခဲ့သော်လည်း ကယ်တင်ရှင်တစ်ယောက် အသံနှင့်တူလေတော့သည်။
သူဌေးချန်သည် မူလက သည်နေ့ အလုပ်ကိစ္စ အစည်းအဝေး သွားရမည်ဖြစ်ပြီး သည်လူလိမ် ဖမ်းမိသည့်အမှုကို ကြားဝင်ရန် စိတ်ကူးမရှိချေ။ သို့သော် ဖျတ်ခနဲအရိပ်တစ်ခုက သူ့အာရုံကို ဖမ်းစားသွားတော့သည်။ စုတ်ပြဲနေသည့် အဝတ်အစားအောက်က ပေါ်လာသော ရိုက်ခံလိုက်ရသည့် အမျိုးသမီး၏ ချောမွတ်သည့် ခါးအသားလေးက သူ့မျက်လုံးများကို ကျိန်းစပ်သွားစေတော့သည်။ မော့ကြည့်လိုက်ချိန်တွင် ပြောမပြတတ်အောင် ရှက်ရွံ့ဟန်ဖြစ်နေသည့် တဖျတ်ဖျတ်ခတ်နေသည့် မျက်လုံးအစုံကို တွေ့လိုက်ရ၏။ ထိုအခြင်းအရာက သူ့ခြေလှမ်းများကို ရပ်တန့်သွားစေတော့သည်။ သူသည် မိန်းမလှလေးကို ကယ်မည့် သူရဲကောင်းတစ်ယောက်လုပ်ရန် ဆုံးဖြတ်လိုက်တော့သည်။
သူဌေးချန် ပေါ်လာသည်ကလည်း မဆိုးချေ။ သူသည် သက်လတ်ပိုင်းအရွယ် ဖြစ်သော်လည်း အကောင်းသား အဝတ်အစားများ အထပ်ထပ် ဝတ်ဆင်ထားရာ ထိုလမ်းသွားလမ်းလာများထက် အများကြီး ပိုသာနေတော့သည်။ ခြေကုန်လက်ပန်းကျသွားပြီးနောက် ဝမ်ညန်၏မျက်လုံးများသည် အမျိုးအမည်မသိသည့် မျှော်လင့်ချက်တစ်ခု ဖြစ်သွားတော့သည်။ ဘေးက ရပ်ကြည့်နေသည့် တခြားအမျိုးသမီးများပင် အနည်းငယ် ရှက်ရွံ့သွားကြလေသည်။ လောင်ဝူလင်း၏ မိန်းမသည် သူမ၏လက်ကို မရပ်ချင် ရပ်ချင်နှင့် ရပ်လိုက်ပြီး သူ့ကို အူကြောင်ကြောင်ဖြင့် ငေးကြည့်နေမိတော့သည်။
…