အခန်း ၁၂၆
Vol. 9 Ch. 126
အပိုင်း (၁၂၆) အလှည့်အပြောင်း
အသီးအရွက်စျေးဝင်ပေါက်၌
သည်နှစ်တွင် လူများစွာ ကွပ်မျက်ခံခဲ့ရသည်။ နောက်ဆုံး လူတော်တော်များသည် တတိယမင်းသားနှင့် စစ်သူကြီးဟန်ကွမ်းဟန်တို့၏ ပုန်ကန်မှုတွင် ပါဝင်သည်ဟု စွပ်စွဲခံရသောကြောင့်ပင်။ ထို့ကြောင့် အသီးအရွက်စျေးဝင်ပေါက်၌ သွေးများသည် နေရာအနှံ့ စီးသွားပြီး လူများသည် လမ်းထောင့်ကနေပင် သွေးညီနံ့များကို ရနေလေသည်။ အေးချမ်းပြီး အသက်မဲ့လှသည့်ဆောင်းဦးကာလလယ်တွင် လူများသည် ကြက်သီးမထဘဲ မနေနိုင်ကြပေ။
ရှောင်မိသားစုကို ၉လပိုင်း ၉ရက်နေ့တွင် ကွပ်မျက်ဖို့ သတ်မှတ်ထားလေသည်။ အစောင့်ခေါင်းဆောင်ရှောင်က ထိုအကြောင်းအရာကို စုံစမ်းပြီး နောက်သတင်းတစ်ခုနှင့်အတူ ပြန်လာခဲ့၏။
“ထောင်ကြပ်ဝန်ထမ်းက ပြောတယ် လွန်ခဲ့တဲ့ တစ်လတုန်းက အကြီးဆုံးသခင်လေးက ရုတ်တရက် အပြင်းဖျားပြီး အကျဥ်းထောင်ထဲမှာပဲ သေသွားပြီတဲ့”
“ဘာ”
ယိုကျင့်က မတုံ့ပြန်နိုင်ခင်မှာပင် အနားရှိ အမျိုးသမီးယွီက ထိုသတင်းကြားလိုက်ပြီး အလန့်တကြား အော်ပြောလိုက်တော့သည်။ သူမ၏ခန္ဓာကိုယ်သည် ရုတ်ခြည်း ပြိုလဲသွားပြီး လက်တင်ကုလားထိုင်ပေါ်တွင် မေ့မျောသွားတော့သည်။
“ သခင်မ ( ယောက်မကြီး)”
ယိုကျင့်နှင့် အမျိုးသမီးကျောက်တို့က သူမကို မြန်မြန်တွဲလိုက်ပြီး ချိုးဖန်ကို လှမ်းခေါ်လိုက်၏။ သုံးယောက်သားသည် အမျိုးသမီးယွီကို တွဲကာ အိပ်ခန်းဆီသို့ ပြန်ခေါ်သွားလိုက်တော့သည်။ အစောင့်ခေါင်းဆောင်ရှောင်သည် ပြဿနာလုပ်မိသွားမှန်း သိသွားပြီး သမားတော်ကို မြန်မြန်သွားပင့်လိုက်တော့သည်။
သမားတော်ကြီးက သွေးကြောကို စမ်းကြည့်လိုက်ပြီးနောက် ခဏလောက်စဥ်းစားလိုက်ကာ ဆေးညွှန်းကို ချရေးလိုက်လေသည်။
“ဘာမှမဖြစ်ပါဘူး၊ ခံစားချက်မြင့်တက်သွားလို့ ခဏလောက် အသက်ရှူရပ်သွားတာပါ၊ ဆေး တစ်ဖုံနှစ်ဖုံလောက်သောက်လိုက်ပြီး ရက်နည်းနည်းလောက် သေသေချာချာ အနားယူလိုက်ရင်တော့ သူ ပြန်ကောင်းလာမှာပါ”
သမားတော်ကြီး ပြောလိုက်သည့်စကားကို ကြားလိုက်ပြီးနောက် ယိုကျင့်နှင့် ကျန်လူများသည် စိတ်အေးသွားကြတော့သည်။ တာဝန်ခံဝူ၏မိန်းမက သမားတော်ကြီးကို ပြန်ပို့ပေးလိုက်ပြီး ဆေးများယူကာ ပြန်လာခဲ့လေသည်။ ယို့ကျင့်က ချိုးဖန်အား အမျိုးသမီးယွီကို စောင့်ကြည့်ဖို့ မှာထားလိုက်၏။ သူမသည် သက်တော်စောင့်ခေါင်းဆောင်ရှောင်ကို ဧည့်ခန်းရှေ့သို့ ခေါ်လိုက်ကာ ရှောင်လင်ယွီရုတ်တရက် သေဆုံးမှုအကြောင်း အသေးစိတ်မေးလိုက်တော့သည်။
အစောင့်ခေါင်းဆောင်ရှောင်သည် ထောင်ကြပ်ဆီက သတင်းအနည်းငယ်သာ ရခဲ့သည်။ ရှောင်လင်ယွီ ရုတ်တရက် သေဆုံးသွားပြီးနောက် ကပ်ရောဂါတစ်ခုကို ကြောက်နေကြသည်ဟုသာ ပြောပြခဲ့သည်။ ထို့ကြောင့် အလောင်းကို ညတွင်းချင်း မီးရှို့လိုက်ပြီး ဘာမှမကျန်ခဲ့တော့ပါ ဟူ၍။
“ဒီအစေခံကြီးက နောက်ရက်နည်းနည်းနေရင် ထပ်ပြီး သွားစုံစမ်းလိုက်ပါ့မယ် သတင်းလေး ရလိုရငြားပေါ့”
သက်တော်စောင့်ခေါင်းဆောင်ရှောင်သည် ဆယ်နှစ်ကျော် လိုက်လာခဲ့ပြီး ယိုင်တိယိုင်တိုင် လျှောက်တတ်သည့် ကလေးလေးအရွယ်မှ ကျောက်စိမ်းလို လူရည်မွန်လေး ဖြစ်လာသည်အထိ စောင့်ရှောက်လာခဲ့သည့် အကြီးဆုံးသခင်လေးသည် သည်လို သွားနှင့်လိုက်သည်ကို စဥ်းစားမိလိုက်ပြီး မှေးစဥ်းနေသည့် သူ့မျက်လုံး မထိန်းနိုင်တော့ဘဲ မျက်ရည်များ ဝဲတက်လာတော့သည်။
“ ဝမ်းနည်းရပါတယ် မမလေးရယ်”
ယိုကျင့်သည် အောက်နှုတ်ခမ်းကို တင်းနေအောင်ကိုက်ထားမိလေသည်။ သူမသည် သူ့ခန္ဓာကိုယ်ကို လာကောက်မည်ဟု စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားခဲ့သော်လည်း သူက သွားနှင့်လိုက်ပြီး အရိုးပင် မကျန်တော့မှသာ သူမက သိလိုက်ရသည်။ ထိုင်ခုံလက်ရမ်းကို ကိုင်ထားသည့် လက်များသည် တင်းကြပ်နေပြီး ဖြူဆုတ်သွားတော့သည်။ သူမသည် စိတ်ထဲတွင် နာကျင်မှုကို မျိုသိပ်ထားလိုက်ပြီး မချိမဆံ့ပြုံးလိုက်ကာ
“ ကျွန်မ အဆင်ပြေပါတယ် ရှင်သွားလို့ရပါပြီ”
သူမ သည်အချိန်တွင် ပြိုလဲသွားလျှင် ရှောင်မိသားစု လူကြီးနှစ်ယောက်သည် ဆက်ပြီး တောင့်ခံနိုင်လိမ့်မည်မဟုတ်ချေ။ ယိုကျင့်သည် အကြောင်းသိနေသဖြင့် သူမ၏နှလုံးသားသည် ဝမ်းနည်းမှုထဲ နစ်နေသော်လည်း သူမကိုယ်သူမ အားတင်းထားလိုက်ရတော့သည်။
သူမက စကားဆက်မပြောချင်မှန်း သိသွားသဖြင့် သက်တော်စောင့်ခေါင်းဆောင်ရှောင်က လက်နှစ်ဖက်ကို ယှက်ကာ ပြန်ထွက်သွားလိုက်တော့သည်။
ကြည်လင်သည့် မျက်ရည်တစ်စက်က သူမ၏ပါးပြင်ပေါ် ဖြတ်ပြေးသွားပြီး မိန်းကလေး ဝတ်ထားသည့် အစိမ်းဖျော့ဖျော့ အင်္ကျီကော်လံပေါ်သို့ တိတ်တဆိတ် ကျသွားကာ မသိမသာ အရောင်ရင့်သွားသည့် အမှတ်အသားတစ်ခု ကျန်ခဲ့ပြီးနောက် ဘာအရိပ်အရောင်မှ မကျန်ဘဲ ပျောက်ကွယ်သွားတော့သည်။ ယိုကျင့်၏ အနည်းငယ် နီမြန်းနေသည့်မျက်လုံးသည် အားကိုးရာမဲ့ကာ ပိတ်သွားတော့သည်။ တိတ်ဆိတ်နေသည့် ဧည့်ခန်းထဲတွင် ခပ်ပါးပါး သက်ပြင်းချသံတစ်ခု ထွက်လာသော်လည်း ဘယ်သူကမှ သူမကို မတုံ့ပြန်ကြပေ။
***
၉လပိုင်း ၉ရက်နေ့သည် ချုံးယန်ပွဲတော် ဖြစ်ပြီး မိသားစုပြန်လည်ဆုံစည်းခြင်း၊ ဂန္ဓမာပန်းများကို ကြည့်ခြင်းနှင့် တောင်တက်ခြင်းများ ပြုလုပ်ကြလေ့ရှိသည်။ သို့သော် ကွပ်မျက်ခံရမည့် ရာဇဝတ်သားများနှင့် သူတို့၏မိသားစုများအတွက်တော့ ဒါသည် တကယ့်ကို ကပ်ဘေးကြီးတစ်ခုပင်။ ကွပ်မျက်သည့်နေ့ မနက် ၇နာရီနှင် ကိုးနာရီကြားသည် အကျဥ်းသားများ ကွပ်မျက်သည့် ကွင်းသို့ မသွားမှီ မိသားစုဝင်များက သူတို့ကို ပို့ဆောင်နှုတ်ဆက်ရန် အချိန်ဖြစ်လေသည်။ ယိုကျင့်၊ အမျိုးသမီးယွီနှင့် တခြားသူများသည် အချိန်နည်းနည်းလေးပင် နောက်ကျမည်စိုးသဖြင့် မိုးမလင်းခင်ကတည်းက ရှောင်ဟိုင်ရူတို့ ညီအစ်ကိုအတွက် နောက်ဆုံးထမင်းတစ်နပ်ကို ပြင်ဆင်နေကြလေသည်။
သာ့ဖုန်းပြည်နယ်တွင် ကွပ်မျက်ခြင်းမလုပ်ခင် အကျဥ်းသားများထံ သွားရောက်တွေ့ဆုံနိုင်သည့် အလေ့အထရှိသော်လည်း သူတို့သည် နောက်ဆုံးအပြန်အလှန် တွေ့လိုကြလျှင် ငွေအမြောက်အများ ပေးရလိမ့်မည်။ ကံအားလျော်စွာ သက်တော်စောင့် ခေါင်းဆောင်ရှောင်က အားလုံးကို သေသေချာချာ ကြိုတင်ပြင်ဆင်ပေးထားလေသည်။ အမျိုးသမီးယွီ၊ အမျိုးသမီးကျောက်၊ ယိုကျင့်နှင့် နောက်နှစ်ယောက်တို့သည် နန်းတော်အကျဥ်းထောင်ထဲသို့ ချောချောမောမော ဝင်လာခဲ့ကြပြီး သူတို့အလိုရှိသည့်အတိုင်း ရှောင်ဟိုင်ရူတို့ ညီအစ်ကိုနှစ်ယောက်နှင့် တွေ့ဆုံခဲ့ကြလေသည်။
“ ဒီနေ့က ချုံးယန်ပွဲတော်နေ့လေ၊ ကျွန်မ ကိုယ်တိုင် ဂန္ဓာမာပန်းကိတ်လုပ်ပြီး သခင်ကြီးအကြိုက် သစ်တော်ပန်းသေရည်အဖြူကို ဝယ်လာခဲ့တယ်၊ ကျွန်မတို့ ဇနီးမောင်နှံနှစ်ယောက် အတူတူ မထိုင်ရတာ အရမ်းကို ကြာသွားပြီနော်”
မနက်စောစောက ပြင်ဆင်လာသည့် အစားအစာများကို တစ်ခုချင်း ထုတ်ယူလိုက်ပြီး ရှောင်ဟိုင်ရူ၏ ရှေ့တွင် ချပေးလိုက်လေသည်. ကွေ့ဟွားကြက်သားချက်၊ ဂဏန်းမျှင်နှင့်မျှစ်ကြော်၊ ပန်းနှင့် ငန်းခြေထောက်သား၊ အမဲသား မွှေကြော် စသည့် ဟင်းမျိုး ၇မျိုး ၈မျိုးခန့်ရှိလေသည်။
တစ်ကိုယ်လုံး ညစ်ပတ်နေသည့် ရှောင်ဟိုင်ရူက သူ့အားကို သုံးကာ လက်ထိပ်ခတ်ခံထားရသည့် လက်များကို မြောက်လိုက်ပြီး အမျိုးသမီးယွီ၏လက်ကို တင်းနေအောင် ကိုင်ထားလိုက်လေသည်။ ဝေဝါးနေသည့်မျက်ရည်တစ်စက်က တစ်လိမ့်ချင်း စီးကျသွားတော့သည်။
“ချင်ရူ ကိုယ်မင်းကို ခံစားရအောင် လုပ်ခဲ့မိပြီ”
ချင်ရူသည် အမျိုးသမီးယွီ၏ အပျိုတုန်းကနာမည် ဖြစ်လေသည်။ သူတို့လက်ထပ်ပြီး ပထမနှစ်အနည်းငယ်သည် လူငယ်စုံတွဲ၏ မြတ်နိုးအတွယ်တာရဆုံး ကာလဖြစ်ခဲ့သည်။ ရှောင်ဟိုင်ရူသည် ဟိုတုန်းကတည်း ငယ်ရွယ်ပြီး ရင့်ကျက်သော်လည်း သူက နှစ်ယောက်တည်း ရှိနေချိန် တစ်ခါတစ်လေတွင် သူမကို ချင်ရူ ဟု ခေါ်တတ်လေသည်။
“သခင်ကြီး”
ပထမမိသားစုသည် အပြန်အလှန် ပွေ့ဖက်ရင်း ငိုကြွေးနေကြလေသည်။ ဒုတိယမိသားစုဖက်တွင်လည်း ထိုနည်းလည်းကောင်းပင်။ ယိုကျင့်သည် ခြေလှမ်းအနည်းငယ် ခွာကာ ရပ်နေလိုက်ပြီး သေကွဲ ကွဲရတော့မည့် ရှောင်မိသားစု၏ လူကြီးများကို မကြည့်ရက်နိုင်တော့ပေ။ သူမ၏နှလုံးသားသည်လည်း ထိုအခိုက်အတန့်တွင် ခံစားချက်များနှင့် အချေအတင်ဖြစ်နေတော့သည်။ သူမသည် စိတ်ထဲတွင် ကိုယ့်ဟာကို တိတ်တိတ်လေး ပြန်သတိပေး လိုက်မိတော့သည်။ လက်ရှိ စုမိသားစုပဲ ဖြစ်ဖြစ်၊ အနာဂတ်က စုမိသားစုပဲ ဖြစ်ဖြစ် မြို့တော်မှာ အဆင့်မြင့်ပြီး ချမ်းသာတဲ့မိသားစုတစ်ခုလို့ သတ်မှတ်နိုင်တဲ့ ရှောင်မိသားစုလို နန်းတော်အင်အားစုနဲ့ ဘယ်လိုနည်းနဲ့မှ ပတ်သက်လို့မဖြစ်ဘူး။ သူတို့အားလုံး ပျက်စီးခြင်းနဲ့ အဆုံးသတ်ရပြီး သူတို့ရဲ့ ကိုယ်ပိုင်မိသားစုကလည်း အချိန်မရွေး သေသွားနိုင်တယ်မလား။
“ မိန်းကလေးစု မင်းရဲ့ ကြီးမားတဲ့စေတနာကို ကျွန်တော် ဘယ်တော့မှ ပြန်ပေးဆပ်နိုင်တော့မှာ မဟုတ်ပါဘူး”
ယိုကျင့်သည် ငေးငိုင်နေဆဲ ရှောင်ဟိုင်ရူက သူမကို လေးလေးစားစားဖြင့် ဦးညွှတ်လိုက်လေသည်။ အမျိုးသမီးယွီက သည်ကာလအတွင်း သူမတွေ့ကြုံခဲ့သမျှကို ရှောင်ဟိုင်ရူအား အကြမ်းဖျင်း ပြောပြခဲ့ခြင်းပင်။ ထိုအကြောင်း ပြောပြလိုက်ပြီးနောက် သူမက သူ့ကို ရှောင်မိသားစုက မိန်းကလေးနှင့် မိတ်ဆက်ပေးခဲ့သည်။ ထိုအခါမှ ရှောင်ဟိုင်ရူသည် သူ့သားအကြီးဆုံးကို အိမ်တော်သို့ ခေါ်လာရန် အကြံပေးဖူးသည့် သူ့အမေအိုနှင့် ဇနီးကို ကယ်ပေးခဲ့သည့် တောရွာက မိန်းကလေးမှန်း သိလိုက်ရတော့သည်။ မိန်းကလေး၏ သဘောမနောနှင့် ချစ်စဖွယ်သဘောထားက သူ့ကို အနည်းငယ် စိတ်လှုပ်ရှား သွားစေတော့သည်။ ထို့ကြောင့် သူက သူမကို သည်ဆက်ဆံရေးအတွက် စိတ်ရင်းဖြင့် လေးလေးစားစား ဦးညွှတ်လိုက်တော့သည်။
“ ကျွန်မက အကိုကြီးရှောင် ကျွန်မကို ကယ်တင်ပေးခဲ့တဲ့ ကျေးဇူးကို ပြန်ဆပ်တာပါ၊ ဦးလေးရှောင်ရဲ့ ဒီလို လေးလေးစားစား ဦးညွှတ်တာကို တကယ်ပဲ မခံယူသင့်ပါဘူးရှင်”
ချိုးဖန်က သူမ၏အင်္ကျီလက်ကို အသာအယာဆွဲတင်ပေးလိုက်ပြီးနောက် ယိုကျင့်က သူမကိုယ်သူမ ဣန္ဒြေပြန်ဆည်လိုက်လေသည်။ သူမသည် ထိုအကြောင်းကို ထုတ်မပြခဲ့သော်လည်း ရှောင်ဟိုင်ရူကို တလေးတစားဖြင့် သေသေချာချာဦးညွှတ်လိုက်ပြီး
“ ဦးလေး ကျေးဇူးပြုပြီး စိတ်ချပါ၊ ကျွန်မ ဒီနေရာမှာ ရှိနေသ၍ အကြီးအကဲနဲ့ သခင်မကို မနစ်နာစေရပါဘူး”
“ လိမ္မာလိုက်တဲ့ကလေး လိမ္မာလိုက်တဲ့ကလေးပဲ”
သူမ၏ ကြည်လင်သည့် မျက်လုံးနှင့် ခိုင်မာသည့် အမူအရာကို မြင်လိုက်ရပြီး ရှောင်ဟိုင်ရူသည် စီးပွားရေးလောကတွင် အတက်အကျပေါင်းစုံ တွေ့ကြုံခဲ့ရပြီးနောက် သူမက အမှန်တရားကို ပြောနေမှန်း သိနိုင်လေသည်။ မုန့်ပေါ်တွင် ရေခဲတင်ပေးခြင်းက လွယ်ကူပြီး နှင်းထဲတွင် မီးသွေးပေးခြင်းက ခက်ခဲလေသည်။
“ လင်ယွီက သမီးလို သိတတ်တဲ့ကလေးတစ်ယောက်နဲ့ မိတ်ဆွေဖြစ်တာ ကံကောင်းခြင်းတစ်ခုပါပဲ၊ နှမြောစရာကောင်းတာက....”
“သခင်ကြီး”
အမျိုးသမီးယွီ၏ ခက်ခက်ခဲခဲဖြင့် ထိန်းထားရသည့် မျက်ရည်များသည် ရှောင်ဟိုင်ရူ စကားမဆုံးခင်မှာပင် စီးကျလာတော့သည်။ ရှောင်ဟိုင်ရူသည် သူ့ဇနီးသည်အား ဝမ်းနည်းအောင် လုပ်မိသွားသည်ကို သိသွားတော့သည်။ လျှာဖျားပေါ်က သတိနှင့် သူသည် အမျိုးသမီးယွီအား အပြစ်ရှိသည့် ခံစားချက်ဖြင့် ကြည့်လိုက်ပြီး ခဏလောက် ဘာပြောရမည်မသိ ဖြစ်သွားတော့သည်။
အကျဥ်းထောင်သို့ လူတွေ့ရမည့်အချိန်က ကုန်ဆုံးတော့မည်။ ရှောင်ဟိုင်ရူသည် သူ့အတွက် ဇနီးသည် ယူလာပေးခဲ့သည့် အဝတ်အစားအသန့်များကို လဲဝတ်လိုက်၏။ အနည်းငယ် သပ်ရပ်အောင် လုပ်လိုက်ပြီးနောက် သူ့ကံတရားကို အနည်းငယ် စိတ်ပျက်မိသော်လည်း အရင်ကထက်တော့ ပိုကောင်းလာသေးသည်။ သူ့မျက်နှာပေါ်တွင် ခပ်ယဲ့ယဲ့အပြုံးတစ်ခုဖြင့် သူ့ဇနီးသည်၏လက်ကို ပုတ်ကာ နှစ်သိမ့်လိုက်လေသည်။
“ချင်ရူ ကျန်းမာအောင်နေနော်၊ ယောက်ျားကတော့ မင်းထက်အရင် သွားနှင့်ရတော့မယ်၊ နောက်ဘဝကျရင် လင်မယားအဖြစ် ဆက်နေကြရအောင်”
နှလုံးသား ကွဲကြေနေသည့် အမျိုးသမီးယွီ၏ လက်ထဲက လက်ကိုင်ပဝါသည် မျက်ရည်များနှင့် ရွှဲနစ်နေပြီး ဖြစ်လေသည်။ အင်အားများ လုံးဝ ကုန်ဆုံးသွားပြီး မတ်မတ်ပင် မရပ်နိုင်တော့ချေ။ ယိုကျင့်က လက်ကို ဆန့်လိုက်ပြီး သူမကို မြန်မြန်တွဲပေးလိုက်၏။ ထောင်ဝန်ထမ်း၏ လှုံ့ဆော်မှုအောက်တွင် ယိုကျင့်နှင့် ချိုးဖန်တို့သည် လူတစ်ယောက်စီကို တွဲကာ ဝမ်းနည်းမှုများနှင့် သေဆုံးနေသည့်စိတ်ဝိညာဉ်များ ပုန်းအောင်နေရာ မှောင်မည်းနေသည့်အကျဥ်းထောင်ထဲမှ ဒယီးဒယိုင်ဖြင့် ထွက်လာကြလေည်။
“ နောက်မှ ကျွန်မနဲ့ သက်တော်စောင့်ခေါင်းဆောင်ရှောင်တို့ အသီးအရွက်စျေးဝင်ပေါက်ကို သွားလိုက်ပါမယ်၊ ချိုးဖန် နင်က အိမ်မှာပဲ နေပြီး သခင်မနှစ်ယောက်ကို စောင့်ရှောက်ထားလိုက်”
ယိုကျင့်သည် လက်ဖက်ရည်အိုးထဲက ရေအေးဖြင့် လက်ကိုင်ပဝါကို ရေဆွတ်လိုက်ပြီးနောက် ငေးငိုင်နေကြသည့် အမျိုးသမီးယွီနှင့် အမျိုးသမီးကျောက်တို့၏မျက်နှာကို ဂရုတစိုက် သုတ်ပေးလိုက်ပြီး ချိုးဖန်ကို တီးတိုးအမိန့်ပေးလိုက်လေသည်။
အစောပိုင်းက ငေးငိုင်နေသည့် အမျိုးသမီးယွီသည် ထိုစကားကို ကြားလိုက်ချိန်၌ အလန့်တကြားဖြင့် ချက်ချင်း ထထိုင်လိုက်ပြီး
“ ငါလည်း သွားမယ်”
သို့သော် ယိုကျင့်က သဘောမတူတော့ချေ။ အခုလေးတင် လူကြီးနှစ်ယောက်က သူတို့ကို အသက်ရှင်လျက် တွေ့ခဲ့ပြီး သူတို့၏အခြေအနေသည် အသက်တစ်ဝက်လောက် ဆုံးရှုံးခဲ့ပြီးသည့် အခြေအနေ ဖြစ်နေပြီးဖြစ်သည်။ သူတို့သည် နောက်ပိုင်း ကွပ်မျက်နေသည်ကို ကြည့်မိခဲ့လျှင် သူတို့သည်လည်း နေရာတွင် ငရဲပြည်သို့ လိုက်သွားကြလိမ့်မည်မလား။
“ သခင်မ မစိုးရိမ်ပါနဲ့၊ ကျွန်မ ဦးလေးနှစ်ယောက်ကို ပြန်ခေါ်လာခဲ့ပါ့မယ်၊ သခင်မတို့နှစ်ယောက်က အခုတော့ နေပြန်ကောင်းလာအောင်သာ လုပ်ထားပါ၊ ဒီလိုခံစားချက်ကြီးကို ဘယ်လိုသည်းခံနိုင်ပါ့မလဲ၊ အကြီးအကဲကိုလည်း စဥ်းစားပေးပါအုံး၊ ဦးလေးနှစ်ယောက်လုံးက သိတတ်လိမ်မာကြတယ်၊ သခင်မတို့ တစ်ခုခုသာ ဖြစ်သွားကြရင် အကြီးအကဲက ဘယ်လိုလုပ်မှာလဲ၊ သူတို့တွေသာ သူတို့ရဲ့အကြီးအကဲကြီး မသက်မသာဖြစ်နေတာကို သိသွားရင် ဘယ်လုပ်ပြီး ကောင်းကောင်းအနားယူနိုင်ပါ့မလဲ....”
မျက်ရည်စီးကြောင်းနှစ်ခုသည် အမျိုးသမီးယွီ၏ တင်းနေအောင်မှိတ်ထားသည့်မျက်လုံးများဆီမှ စီးကျလာတော့သည်။
တိတ်ဆိတ်နေသည့် လှည်းသည် ဝမ်းနည်းမှုအရှိန်အဝါနှင့် ဖုံးလွှမ်းနေတော့သည်။ ဘာပြောရမည်မှန်း မသိကြရာ မည်သူကမှ စကားမပြောကြချေ။
***
ယိုကျင့်နှင့် သက်တော်စောင့်ခေါင်းဆောင်ရှောင်တို့သည် အသီးအရွက်စျေးဝင်ပေါက်နားတွင် နေလည် မွန်းတည့်ချိန်မှ မှောင်ရီပျိုးချိန် ၇နာရီအထိ တစ်နေ့လုံးစောင့်နေခဲ့ကြသည်။ အသီးအရွက်စျေး၏ ဝင်ပေါက်သည် မနှစ်မြို့စရာသွေးညီနံ့များဖြင့် ပြည့်နေလေသည်။ နောက်ဆုံး ကွပ်မျက်ခံလိုက်ရသည့် ခန္ဓာကိုယ်ကိုလည်း သယ်သွားပြီးဖြစ်သည်။ ပါးကွပ်သားက သူ့အလုပ် ပြီးသွားသည့်အချိန်မှာပင် ရှောင်ဟိုင်ရူတို့ ညီအစ်ကိုကို ဘယ်မှာမှ မမြင်ရချေ။
“ နည်းနည်းတော့ ထူးဆန်းနေပြီ၊ သက်တော်စောင့် ခေါင်းဆောင်ရှောင် မှောင်သွားရင် ဝူမျိုးနွယ် ထောင်ကြပ်ကို သွားရှာပြီး စုံစမ်းပေးပါ”
ညလေးကြမ်းကြမ်းကြောင့် အေးစိမ့်ပြီး ကြက်သီးထလာသည့် ယိုကျင့်က ရုတ်တရက် အနည်းငယ် ပျာယာခတ်လာတော့သည်။ သူမသည် မကူးလာပြောင်းခင်က ဘာသာမဲ့တစ်ယောက် ဖြစ်လေသည်။ သို့သော် ကူးပြောင်းလာပြီးနောက် သူမသည် သရဲတစ္ဆေနှင့် နတ်ဘုရားများ၏ အယူဝါဒကို ခပ်ရေးရေး ယုံကြည်လာခဲ့သည်။ အခုတော့ မရေမတွက်နိုင်လှသည့် အပြစ်မဲ့ဝိညာဉ်များက အသီးအရွက်စျေး ဝင်ပေါက်တွင် သတ်ခံခဲ့ရသည်ဖြစ်ရာ သည်နေရာတွင် ယင်ဓာတ်စွမ်းအား အများဆုံးဖြစ်နေမည်က သဘာဝပင်။ နေဝင်သွားပြီး ကြည့်ရှုသူများကလည်း လူကွဲသွားကြပြီဖြစ်သည်။ သခင်နှင့်အစေခံ သုံးယောက်သာ ကျန်ခဲ့၏။ အနည်းငယ်ခြောက်ခြားဖွယ်ဖြစ်ပြီး အနည်းငယ်အုံံ့မှိုင်းနေလေသည်။
သက်တော်စောင့် ခေါင်းဆောင်ရှောင်က ‘ဟုတ်ကဲ့’ဟု ခေါင်းညိတ်ကာ ပြောလိုက်၏။ သူသည် ယိုကျင့်အား လှည်းပေါ်တင်ကာ စုကျားချာသို့ ပြန်ခေါ်လာခဲ့လေသည်။ ထို့နောက် အပြင်ထွက်မစုံစမ်းခင် အဝတ်အစား လဲလိုက်သည်။ ယိုကျင့်ကတော့ တစ်နေ့လုံးစောင့်နေကြသည့် အမျိုးသမီးယွီနှင့် အမျိုးသမီးကျောက်တို့ကို မြန်မြန် အကျိုးအကြောင်း သွားပြောလိုက်သည်။ အမျိုးသမီးယွီနှင့် အမျိုးသမီးကျောက်တို့သည် မတတ်သာတော့ဘဲ မျှော်လင့်ချက်များက ပြန်ပေါ်လာတော့သည်။
“ ဧကန္တ သခင်ကြီးနဲ့ တခြားသူကို ကယ်တင်နိုင်ခဲ့တာများလားဟင်”
ယိုကျင့်သည် မျက်မှောင်ကျုံ့လိုက်ပြီး သူတို့နှစ်ယောက်၏အောက်ဖက်က ထိုင်ခုံတွင် ထိုင်ချလိုက်လေသည်။ သူမသည် တည်ကြည်သည့်လေသံတစ်ခုဖြင့် ပြန်ဖြေလိုက်လေသည်။
“ အခုလောလောဆယ်တော့ ဘာသတင်းမှ မရသေးဘူး၊ သက်တော်စောင့် ခေါင်းဆောင်က အပြင်ထွက်ပြီး သွားစုံစမ်းနေပါပြီ၊ အခုတော့ စိတ်ရှည်ရှည်နဲ့ပဲ စောင့်ကြတာပေါ့”
အဆိုးဆုံးအခြေအနေမှာ သည်နေ့ကွပ်မျက်ခြင်းပင်။ အခုတော့ ကွပ်မျက်ခြင်းကိစ္စ မရှိတော့ပေ။ တစ်ရက်လောက် ရွေ့ဆိုင်းထားလျှင်တောင် ရှောင်ဟိုင်ရူတို့ညီအစ်ကိုအတွက် တစ်ရက် ပိုအသက်ရှင်ရသည်က ကံကောင်းခြင်းတစ်ခုပင်။
“သခင်မ၊ မမလေး၊ သတင်းကောင်းပါတယ်”
စုကျားချာ၏ နောက်ဘက်ခြံထဲက ပင်မဆောင်ထဲတွင် ဖယောင်းတိုင်သည် ညဥ့်သန်းခေါင်အထိ လင်းနေလေသည်။ နောက်ဆုံးတော့ စိတ်လှုပ်ရှားမှုကြောင့် အနည်းငယ်မောဟိုက်နေသည့် သက်တော်စောင့် ခေါင်းဆောင်ရှောင်သည် ပင်မဆောင်ဆီသို့ တန်းတန်းမတ်မတ် ဝင်လာခဲ့သည်။ သူက လက်နှစ်ဖက်ကို ယှက်ပြီး ဒူးတစ်ဖက်ကို ထောက်ချလိုက်ကာ သူ အသေးစိတ် စုံစမ်းလာသည့်သတင်းကို ရှောင်မိသားစု၏အမျိုးသမီးမိသားစုဝင်များအားပြောပြလိုက်တော့သည်။
“ ဒီငယ်သား စုံစမ်းခဲ့ပါပြီ၊ အကြောင်းတချို့ကြောင့် အတွင်းကျကျ ပါဝင် ပတ်သက်မှုမရှိတဲ့ အကြီးဆုံးသခင်ကြီး၊ ဒုတိယသခင်ကြီးနဲ့ လူတစ်စုကို ဘုရင်မင်းမြတ်က သေမိန့်က လွှတ်ငြိမ်းခွင့် ပေးလိုက်ပါတယ်၊ အဲဒီအစား သူတို့ကို မြောက်ပိုင်းရှင်းကျန်းကို နယ်နှင်ဒဏ်ပေးလိုက်ပါတယ်”
“ မင်း ပြောတာတွေ အမှန်ပဲလား”
အမျိုးသမီးယွီနှင့် အမျိုးသမီးကျောက်တို့သည် သူတို့၏လက်ထဲက လက်ကိုင်ပဝါကို တင်းနေအောင် ဆုပ်ထားလေသည်။ မယုံကြည်နိုင်စွာဖြင့် ပျော်ရွှင်မှုကြောင့် သတိမလစ်သွားအောင် အံကြိတ်ကာ ထိန်းထားရလေသည်။ သူတို့သည် နားကြားမှားသွားမည် စိုးမိသဖြင့် သက်တော်စောင့် ခေါင်းဆောင်ရှောင်ကို နောက်တစ်ဖန် အတည်ပြုမေးမြန်းလိုက်ကြလေသည်။
သက်တော်စောင့်ခေါင်းဆောင်ရှောင်က အားတက်သရော ခေါင်းညိတ်ပြလိုက်လေသည်။
“ အမှန်ပါပဲ ဒီငယ်သားက စုံစမ်းရေးလုပ်ရင်း လူတချို့ကိုလည်း မေးခဲ့ပါသေးတယ်၊ ကျွန်တော် သခင်လေး ဖုန်းဟွာကိုလည်း အကူအညီတောင်းပြီး မေးခဲ့ပါတယ်၊ အကြီးဆုံးသခင်ကြီးနဲ့ ဒုတိယသခင်လေးတို့ရဲ့ ရာဇဝတ်မှုကြီးကို တကယ် ကင်းလွတ်ခွင့်ပေးလိုက်တာပါ”
အစပိုင်းတွင် သက်တော်စောင့်ခေါင်းဆောင်ရှောင်သည် အနည်းငယ် မယုံကြည် နိုင်ခဲ့ချေ။ အစောပိုင်းက ဘာသတင်းမှလည်း မကြားခဲ့ချေ။ သူတို့ကို ကွပ်မျက်ခြင်းမစခင်လေးမှ ကင်းလွတ်ခွင့်ပေးလိုက်ခြင်းပင်။ ထို့ကြောင့် သူသည် လူတချို့ကို မေးမြန်ခဲ့ပြီးနောက် ဖုန်းမိသားစုကို သွားရှာခဲ့လေသည်။ ဖုန်းဟွာသည် အမှန်ပင် လုပ်နိုင်စွမ်းရှိသူတစ်ယောက် ဖြစ်လေသည်။ သူသည် သတင်း အမှန်အမှား သိရရန် ချက်ချင်းပင် အရာရှိဖုန်းကို သွားရှာကာ မေးခဲ့လေသည်။ သည်သံသရာကို အကြိမ်အနည်းငယ် လှည့်ပတ်နေပြီးနောက် နောက်ဆုံးတွင်တော့ သက်တော်စောင့်ခေါင်းဆောင်သည် ညဥ့်သန်းခေါင်မှ ပြန်လာခဲ့တော့သည်။
“ သခင်မ အရမ်း စိတ်မလှုပ်ရှားပါနဲ့၊ အခု ဦးလေးနှစ်ယောက်ရဲ့အသက်က အန္တရာယ် ကင်းသွားပြီဆိုတော့ တကယ့်ဝမ်းသာစရာကြီးပါပဲ၊ သခင်မ လော့ဟယ်ကို ပြန်ပြီး ဒီသတင်းကောင်းကို အကြီးအကဲဆီ ပြောပြရမယ်”
ယိုကျင့်သည် အမျိုးသမီးယွီနှင့် အမျိုးသမီးကျောက်တို့ အပျော်လွန်ပြီး သတိမလစ်သွားခင် သူတို့၏ ခံစားချက်ကို ထိန်းချုပ်နိုင်ရန် အလျင်စလိုပြောလိုက်တော့သည်။ သေချာပါသည်။ သူမပြောလိုက်သည့် စကားကို ကြားလိုက်ရချိန်၌ သူတို့သည် စိတ်ထဲက အလွန်ပျော်နေသည့်ခံစားချက်ကို မြန်မြန် ဖိနှိပ်ထားလိုက်တော့သည်။
“ ဟုတ်တယ် ဟုတ်တယ် ယိုကျင့် သမီးပြောတာမှန်တယ်”
နောက်တစ်နေ့ မနက်စောစောတွင် သက်တော်စောင့်ခေါင်းဆောင်ရှောင်နှင့် တာဝန်ခံဝူတို့သည် သတင်းစုံစမ်းရန် ထွက်သွားကြလေသည်။ သူတို့သည် နေ့လယ်စာ မတိုင်ခင်တွင် သတင်းကောင်းများဖြင့် ပြန်လာခဲ့ကြလေသည်။
“ အခုက ဆောင်းဦးရောက်နေပြီဆိုတော့ အရင်နှစ်တွေက နယ်နင်ဒဏ်ပေးတဲ့ အလေ့အထရဆိုရင် သူတို့တွေ ၁၀လပိုင်းမတိုင်ခင် ထွက်ခွာရလိမ့်မယ်ထင်တယ်၊ အဲလိုမှ မထွက်ရဘူးဆိုရင်တော့ မြောက်ပိုင်းရှင်းကျန်းက ရေခဲနဲ့ နှင်းတွေ ပျော်သွားပြီးမှ နောက်နှစ် နွေဦးအထိစောင့်ရလိမ့်မယ်”
တာဝန်ခံဝူသည် အဖြူရောင်အဝတ်အစားကို ဝတ်ထားသော်လည်း သူသည် တစ်နှစ်လုံး စျေးထဲသို့ သွားလာခဲ့သူ ဖြစ်လေသည်။ သည်ပါးစပ်သတင်းကို စုံစမ်းဖို့ရန်တော့ အလွန်မှလွယ်ကူလေသည်။
“ ဒီနေ့ ကျွန်တော် သိထားတဲ့လူကြီးတစ်ယောက်ဆီက ကြားခဲ့ရတာတော့ သူတို့တွေ ရက်အနည်းငယ်နေရင် ထွက်သွားကြမယ်ထင်တယ်တဲ့”
“ ရှင်တို့နှစ်ယောက် ကြိုးစားပေးခဲ့ပါတယ်”
ယိုကျင့်က ခေါင်းညိတ်လိုက်ပြီး
“ သူတို့တွေ မကြာခင် ထွက်သွားတော့မှာဆိုတော့ ကျွန်မတို့ အသင့်ပြင်ထားရမယ်၊ မြောက်ပိုင်းနယ်စပ်က ရေခဲနေအောင် အေးတာတဲ့”
အမျိုးသမီးယွီနှင့် အမျိုးသမီးကျောက်တို့သည် ထိုစကားကို ကြားလိုက်ချိန်တွင်တော့ သူတို့သည် သူမပြောသည့်စကားအဓိပ္ပာယ်ကို အလိုလို နားလည်သွားတော့သည်။ အဝတ်အစား၊ ဖိနပ်နှင့် ခြေအိတ်များကို အထူထဲဆုံး ချုပ်လုပ်ပေးရလိမ့်မည်။ အစောပိုင်းက ဘာလုပ်လို့ ဘာကိုင်ဘာရမည်မသိသည့် နှစ်ယောက်သည် သူတို့လုပ်နိုင်သည့် အလုပ်တစ်ခု ရသွားကြတော့သည်။ နေ့တိုင်း သူတို့၏အင်အားများသည် မြင့်တက်နေပြီး အဝတ်အစား ၊ ဖိနပ်နှင့် ခြေအိပ်များ ချုပ်ခြင်းနှင့် အလုပ်များနေကြတော့သည်။ သူတို့နှစ်ယောက်ကို ထိုသို့တွေ့လိုက်ရသဖြင့် ယိုကျင့်သည် စိတ်ထဲမှ သက်ပြင်းတစချက် ချမိလိုက်တော့သည်။ သူတို့နှစ်ယောက်သည် သည်နှစ်ရက်အတွင်း ဝမ်းနည်းမှုနှင့် ဝမ်းသာမှုတို့ကိ အလွန်အကျွံ့ခံစားခဲ့ရသည်။ သည်ချိနဲ့လှသည့် လူကြီးနှစ်ယောက်က သည်းမခံနိုင်တော့မည်ကို စိုးရိမ်နေခဲ့မိသည်။ သူတို့သည် နေမကောင်းဖြစ်သွားကြလျှင် ပျော်စရာကောင်းသည့်အချိန်က တစ်ဖန် ဝမ်းနည်းစရာဖြစ်သွားလိမ့်ပေတော့မည်။
…