အခန်း ၁၂၈
Vol. 9 Ch. 128
အပိုင်း ( ၁၂၈) စုကျားယန့်
အမျိုးသမီးစု၏ မူလရည်ရွယ်ချက်မှာ စားသောက်ဆိုင်လေးတစ်ခု ဖွင့်ရန်သာဖြစ်လေသည်။ သို့သော် ယိုကျင့်ကတော့ သူမက ဆိုင်ဖွင့်ချင်သည်ဆိုမှတော့ ဆိုင်ကြီးတစ်ခုဖွင့် စေချင်လေသည်။
“ တိုက်ဆိုင်သွားတာ သမီးနှစ်စတုန်းက ဝယ်ခဲ့တဲ့ ဆိုင်က အခုလွတ်နေတယ်လေ၊ သမီးတို့တွေ နှစ်မကုန်ခင် ဖွင့်လို့ရတယ်”
“ အမေက ဒီအတိုင်း စမ်းကြည့်ချင်ရုံလေးပါ၊ ပိုသေးတဲ့ဆိုင်လေးတစ်ခုလောက် ပြောင်းလိုက်ကြမလား၊ အမေတို့ ရှုံးမယ်ဆိုရင်တောင် ငွေနည်းနည်းပဲ ရှုံးရမှာလေ...”
အမျိုးသမီးစု၏စိတ်သည် အနည်းငယ် မရေမရာဖြစ်နေလေသည်။ သမီးဖြစ်သူ ပြောနေသည့်ဆိုင်ကို သူမ သိထားသည်။ ဆိုင်က အလွန်ကြီးမှန်းလည်း သူမ အတတ်သိထားလေသည်။ သူမသည် အချက်အပြုတ်တွင်တော်သော်လည်း တစ်ချိန်လုံး မီးဖိုထဲတွင် ချက်ပြုတ်မနေနိုင်ချေ။ သူမသည် သည်လောက်ကြီးမားသည့် စားသောက်ဆိုင်လုပ်ငန်းကို ကိုယ်တိုင် မည်သို့ ဦးစီးနိုင်ပါမည်နည်း။
ယိုကျင့်က ပြုံးကာ ပြောလိုက်၏။
“ အမေ့အချက်အပြုတ်လက်ရာက ကောင်းတယ်ဆိုတိုင်းလည်း ဆိုင်ကြီးကြီး သေးသေး နေ့တိုင်း မီးခိုးငွေ့တွေထဲ ချက်ပြုတ်နေဖို့ ဖြစ်နိုင်ဘူးလေ ဟုတ်တယ်မလား၊ သမီးက အမေ့ကို စုကျားယန့်ရဲ့ သက်ရှိဆိုင်းဘုတ်တစ်ခု အနေနဲ့ လုပ်စေချင်တာပါ”
“ သက်ရှိဆိုင်းဘုတ်ဟုတ်လား”
အမျိုးသမီးစုသည် ယိုကျင့်ကို မသင်္ကာသလိုကြည့်လိုက်ပီး ဇဝေဇဝါဖြင့် ရေရွတ်လိုက်လေသည်။
“ ဒါပေမဲ့ အမေက စားဖိုမှူးမလုပ်ရင် မီးဖိုထဲမှာ ဘယ်သူက စားဖိုမှူးလုပ်မှာလဲ ၊ ပြီးတော့ အမေ့ရဲ့ နဂိုအတွေးက ကိုယ်တိုင် တစ်ခုခုလုပ်ချင်တာလေ၊ ဒါကြောင့် စားသောက်ဆိုင်တစ်ခု ဖွင့်ချင်သွားတာပေါ့ မဟုတ်ဘူးလား”
ယိုကျင့်က ညစ်ကျယ်ကျယ်အပြုံးတစ်ခုကို ထုတ်ပြလိုက်၏။ သူမသည် အမျိုးသမီးစုအတွက် ဆူးနှင်းဆီ ပျားရည် လက်ဖက်ရည်ကို လောင်းထည့်ပေးလိုက်ပြီးနောက် ပြောလိုက်လေသည်။
“ ရှားပါးပစ္စည်းတွေက အဖိုးတန်တယ်လေ၊ အမေ့ရဲ့ အချက်အပြုတ်လက်ရာက အဲလောက်ကောင်းတာ၊ လော့ဟယ်မြို့မှာ အကောင်းဆုံးတွေထဲက တစ်ခုပဲ၊ အားလုံးသာ ဒါကို စားနိုင်တယ်ဆိုရင် ဘေးက စားသောက်ဆိုင်နဲ့ အတူတူပဲ ဖြစ်မနေဘူးလား၊ ငွေရှိရုံနဲ့ စားသောက်နိုင်ပြီဆိုရင် ဘာထူးခြားတော့မှာလဲ”
အမျိုးသမီးစုက သူမ၏ကိုယ်ပိုင်စကားကို နားလည်အောင်ကြိုးစားရင်း အတွေးနစ်နေသည်ကို မြင်လိုက်ရသဖြင့် ယိုကျင့်က အနိုင်ပိုင်းလိုက်တော့သည်။
“ အမေ စဥ်းစားကြည့်လေ၊ စားသောက်ဆိုင်တစ်ဆိုင် တစ်နေ့ကို ရှားပါးဟင်းမျိုး ဆယ်မျိုးပဲ ရှိမယ်၊ ပထမဆုံး စားသုံးသူ ဆယ်ယောက်ကပဲ စားနိုင်မယ်၊ ဒီဟင်းကို စားဖူးကြသူတိုင်းက တသသနဲ့ လွှမ်းနေတော့မယ်လေ၊ ဒါက စားသုံးသူပိုလာအောင် ဆွဲဆောင်ဖို့ ပိုမလွယ်ဘူးလား”
သမီးဖြစ်သူက သူမ၏သံသယများကို ဖယ်ရှားပေးလိုက်မှန်း သိထားသော်လည်း အမျိုးသမီးစုသည် သမီးဖြစ်သူက စကားများက အဓိပ္ပာယ်ရှိမှန်း ခံစားမိလေသည်။
“ ဒါဆို ယိုကျင့် သမီးက ဘယ်လိုလုပ်ချင်လို့လဲ”
အမျိုးသမီးစုက ငါးစာကိုဟပ်လိုက်သည်ကို မြင်လိုက်ရသဖြင့် ယိုကျင့်က ကျေနပ်သွားကာ ပြောလိုက်တော့သည်။
“ အမေက ဒီကာလအတွင်းမှာ မှတ်မိသမျှ ဟင်းအမည်တွေကို ရွေးထုတ်ပြီး စာအုပ်တစ်အုပ်မှ မှတ်ထားလိုက် ပြီးရင် တစ်ခုချင်းစီ စမ်းချက်ကြည့်လိုက်၊ ဟင်းအမယ်တွေ ပိုကောင်းအောင် လုပ်ဖို့လိုတယ်ဆိုရင်လည်း ပိုကောင်းအောင်လုပ်လိုက်၊ ကျန်တာကိုတော့ သမီးတာဝန်ပဲထားလိုက်’
အမျိုးသမီးစုသည် စီးပွားရေးမည်သို့ လုပ်ရမည်မသိပေ။ အမှန်တွင်တော့ သူမ၏ အစပိုင်းစိတ်ကူးက သူမသည် နေ့တိုင်းအိမ်တွင် အေးအေးဆေးဆေး သက်သောင့်သက်သာ နေနေသည်ဟု ခံစားလာရသဖြင့် သူမကိုယ်တိုင်အတွက်နှင့် မိသားစုအတွက် တစ်ခုခု ရှာလုပ်ချင်သည့် အတွေးပင်။ သို့သော် တကယ်လုပ်ရမည်ဆိုတော့ အမျိုးသမီးစုသည် လမ်းပျောက်နေပြီး ဘယ်ကစရမည်မသိ ဖြစ်နေတော့သည်။ အခုတော့ သမီးဖြစ်သူက သည်လိုယုံကြည်ချက်ရှိနေသည်ကို မြင်လိုက်ရသဖြင့် အားတင်းကာ ခေါင်းညိတ် သဘောတူလိုက်တော့သည်။
***
ယိုကျင့်သည် လမ်းဘက်မျက်နှာမူနေသည့် နှစ်ထပ်ဆိုင်နောက်က အိမ်နှစ်လုံးကို လျန်၈၀၀ သုံးကာ ဝယ်လိုက်လေသည်။ နှစ်ခုလုံး စုစုပေါင်းလိုက်လျှင် တစ်ဧကခန့် ရှိသည်။ ထို့နောက် သူမသည် အသုံးပြုမည့် ပရိဘောဂများ ထည့်သွင်းရန်အတွက် အားလုံးကို အဆောက်အအုံအားလုံး ဆက်ရန် လက်သမားများကို ငှားရမ်းခဲ့လေသည်။ ယိုကျင့်၏စိတ်နှင့် ပေါင်းစပ်ကြီး တတိယသခင်ကြီးဟွမ်က စာရင်းကိုင်တစ်ဦး၊ တာဝန်ခံတစ်ဦး၊ အမျိုးမျိုးချက်တတ်သည့် စားဖိုမှူး လေးဦး နှင့် လက်ထောက်စာဖိုမှူး ၈ဦးတို့ကို ငှားလိုက်သည်။ အလုပ်သင်များ၊ စားပွဲထိုး၊ အစောင့်နှင့် မိန်းကလေးအစေခံများအပါအဝင် စုစုပေါင်း ၅၄ယောက်ရှိသည်။
အမျိုးသမီးယွီနှင့် အမျိုးသမီးကျောက်တို့သည် ချမ်းသာသည့် အထက်တန်းလွှာမိသားစုများမှ ဆင်းသက်လာသူများ ဖြစ်သဖြင့် သူတို့တွင် ခြံဝင်းကို နေရာချပြီး အလှဆင်သည့် အတွေ့အကြုံ ရှိကြလေသည်။ စုမိသားစုက စားသောက်ဆိုင်တစ်ခု ဖွင့်ရန် ပြင်ဆင်နေမှန်း သိလေသည်။ စုမိသားစု၏ ကျေးဇူးတရားကြောင့် သူတို့သည် စားသောက်ဆိုင် အလှဆင်ဖို့ရန်အတွက် ယိုကျင့်ထံ အရင်ဦးဆုံး လာမေးကြလေသည်။
“ အဒေါ်တို့ သမီးအတွက် ဒါကို သေချာပေါက် စီစဥ်ပေးပါ့မယ်”
ယိုကျင့်သည် မတတ်သာတော့ချေ။ ထို့ကြောင့် သူမက သူတို့နှစ်ယောက်ကို သူမ၏စိတ်ကူးများကို ရှင်းပြလိုက်လေသည်။ မျှော်လင့်မထားဘဲ လူကြီးနှစ်ယောက်သည် ထိုစကားကို ကြားလိုက်ပြီးနောက် ပိုပြီး ဝမ်းသာသွားကြကာ ချက်ချင်းသွားကြည့်ချင် စိတ်များဖြစ်သွားတော့သည်။ ယိုကျင့်သည် လူကြီးနှစ်ယောက်၏ အလွန်စိတ်တက်ကြွနေသည့် တုံ့ပြန်မှုကို အံ့အားသင့်ရပြီး မြန်မြန် လက်ခါပြကာ သူတို့ကို တားလိုက်ရတော့သည်။
“ အလျင်မလိုပါဘူး သခင်မတို့ရယ်၊ အချိန်ယူပြီး လုပ်ကြတာပေါ့နော်”
အမျိုးသမီးယွီနှင့် အမျိုးသမီးကျောက်တို့သည် သူမ၏စကားလွှဲလိုက်သည့် တုံ့ပြန်မှုကို မြင်လိုက်ရသောအခါ သူတို့သည် အလွန်စိတ်လှုပ်ရှားနေကြမှန်း သဘောပေါက်သွားကြတော့သည်။ သူတို့က တောင်းပန်သည့်အနေဖြင့် ပြုံးပြလိုက်ပြီးနောက် ပြန်ပြောလိုက်လေသည်။
“ အဒေါ်တို့ သမီးရဲ့စေတနာတွေအတွက် သမီးတို့မိသားစုကို တစ်ခုခု ပြန်ပေးဖို့ ကူညီပေးချင်ခဲ့တာ၊ အဒေါ်က ဒီစေတနာကို မကောင်းတဲ့စိတ်ကူးနဲ့ လုပ်နေတာ မဟုတ်ပါဘူးနော် ဟုတ်တယ်မလား”
လူကြီးနှစ်ယောက်က အလွန်မှအားနာပြီး သတိအနေအထားဖြင့် ရှိနေသည်ကို မြင်လိုက်ရသဖြင့် ယိုကျင့်သည် ဘာပြန်ပြောရမည် မသိဖြစ်သွားတော့သည်။ သူမက သူတို့အဲလောက် တက်ကြွနေတာကို ဘယ်လိုလုပ်ပြီး အပြစ်ပြောနိုင်ပါ့မလဲ။ တစ်ချိန်ထဲမှာပင် သူမက လက်ခါပြရင်း ငြင်းဆိုလိုက်တော့သည်။
“ သခင်မရယ် အဲလုပ်ပြောလိုက်မှဖြင့် ကျွန်မက ရှက်မိပါတယ်၊ ကျွန်မတို့တွေက အခုဆို တစ်မိုးအောက်ထဲမှာ နေကြတာလေ မိသားစုတစ်ခုလို့ ပြောလို့ရနေပြီ၊ ကျွန်မတို့က မိသားစု ဆိုမှတော့ အဲလောက်ထိ အားနာဖို့ကောင်းတဲ့ စကားတွေ ပြောစရာလိုသေးလို့လား”
ထိုသို့ ပြန်ပြောလိုက်သဖြင့် သူတို့နှစ်ယောက်လည်း စိတ်အေးသွားတော့သည်။ အမျိုးသမီးကျောက်က ဆက်ပြောလိုက်၏။
“ ယိုကျင့် သမီးက အဒေါ်တို့တွေက မိသားစုတစ်ခုထဲလို့ ပြောတယ်ဆိုမှတော့ နောက်ဆိုရင် အရမ်းကြီး အားနာမနေနဲ့နော်၊ ပြီးတော့ သခင်မလို့ မခေါ်ပါနဲ့တော့, သမီးကလည်း ကိုယ်တွေကို အဒေါ်လို့ ခေါ်သင့်တယ်နော်”
“ ဟုတ်တယ် ဟုတ်တယ် ယောက်မလေးပြောတာ မှန်တယ်”
အမျိုးသမီးယွီက ခေါင်းအထပ်ထပ်ညိတ်လိုက်၏။ သူမ၏မိသားစုသာ ကပ်ဆိုးမကျရောက်ခဲ့ဘဲ သားဖြစ်သူကလည်း မသေဆုံးခဲ့လျှင် အမျိုးသမီးယွီသည် ထိုအခိုက်တွင် သည်လိုချွေးမမျိုး အမှန်ပင် လိုချင်ခဲ့လေသည်။ ယိုကျင့်က အသိပညာကြွယ်ဝပြီး သိတတ်သည်။ မြို့တော်က သခင်မလေးထက် မနိမ့်ပေ။ အရေးကြီးဆုံးအချက်မှာ သည်ကလေး၏ စိတ်ရင်းပင်။ နောက်ဆုံးတွင် ရေစက်မပါခဲ့သည်က နှမြောစရာ။
သူတို့နှစ်ယောက်ပြောလိုက်သည့် စကားကို ကြားလိုက်ရပြီး ယိုကျင့်က အပြုံးတစ်ခုဖြင့် ပြန်ဖြေလိုက်တော့သည်။
“ အဒေါ်တို့နှစ်ယောက်က မယဥ်ကျေးဘူးလို့ မထင်ဘူးဆိုရင်တော့ ကျွန်မက အဒေါ်တို့နှစ်ယောက်နဲ့ ဆက်ဆံရေးကို ကျွန်မက တွဲကပ်ထားရတော့မှာပဲ”
သူမ၏ အလွန် ဆင်ခြင်တတ်ပြီး သူတို့ကို အခေါ်အဝေါ် ပြောင်းလဲလိုက်သည်ကို တွေ့လိုက်ရသဖြင့် ရှောင်မိသားစု၏ လင်ညီအစ်မနှစ်ယောက်၏ မျက်လုံးထောင့်များက အပြုံးသည် ပိုထင်ရှားလာတော့သည်။
***
ယိုကျင့်သည် အမျိုးသမီးစုနှင့် တိုင်ပင်လိုက်ပြီးနောက် ၂လကြာသွားတော့သည်။ သည်ကာလသည် အမျိုးသမီးစု၏ဘဝတွင် အပြည့်စုံဆုံးနှင့် အပျော်ရွှင်ရဆုံးအချိန်ဖြစ်ခဲ့သည်။ မနက်တိုင်း သူမသည် မိသားစုက အမျိုးသမီးထမင်းချက်များနှင့်အတူတူ မီးဖိုထဲတွင် ခေါင်းချင်းရိုက်ကာ ဟင်းအမယ်များကို စတင် လေ့လာပြီး အမှားများက သင်ခန်းယူကာ အောင်မြင်သည်အထိ မှတ်သားခဲ့လေသည်။
“ ဒီထဲမှာ အဘိုးက အမေ့ကို မှတ်ထားခိုင်းခဲ့တဲ့ ဟင်းတွေအများကြီး ရှိတယ်၊ အဲဒီတုန်းက အမေတို့မိသားစုက လုံလုံလောက်လောက် စားနိုင်ဖို့တောင် အနိုင်နိုင်ရယ်၊ ဒီလိုတန်ဖိုးကြီးတဲ့ ပါဝင်ပစ္စည်းတွေကို ရှာပြီး ဘယ်လို စမ်းပြီး ချက်ပြုတ်ကြည့်နိုင်ပါ့မလဲ”
အမျိုးသမီးစုသည် သည်နေ့တွင် ဟင်းနှစ်မျိုးကို ချက်ခဲ့သည်။ ဟင်းနှစ်မျိုးလုံးက အစမ်းချက်သည့် လက်ရာများ ဖြစ်လေသည်။ လုံကျင်းမှိုကွန်ချာနှင့် စိန့်ဂျောဂျ် မှို ( မှိုဝတုတ်) စိတ်ပျော်ဟင်းရည်ဖြစ်သည်။
လီချွန်းက ဟင်းများကို ခုနှစ်ခွက်ခွဲထည့်လိုက်ပြီး အမျိုးသမီးစုန့်၊ ယိုကျင့်နှင့် တတိယသခင်လေးဟွမ်ဆီ ယူလာခဲ့လိုက်သည်။ တတိယသခင်ကြီးဟွမ်သည် သည်ချိနဲ့ပုံထင်ရသည့် မုဆိုးမမိခင် အမျိုးသမီးစုက အရင်မင်းဆက်၏ နန်းတွင်းစားဖိုဆောင်မှ စားဖိုမှူးအကြီးအကဲ၏ နောက်မျိုးဆက်မှန်း သိလိုက်ရသည်တွင် စုကျားရှန်းက နှစ်အနည်းငယ်အတွင်း လော့ဟယ်တွက် ခြေကုပ်ရယူနိုင်ခဲ့ပြီး အခုတော့ ဒုတိယဆိုင်ခွဲပါ ဖွင့်နိုင်ခဲ့သည့် အကြောင်းအရင်းကို နားလည်သွားတော့သည်။ သူမက တော်ဝင်စားဖိုဆောင်က စားဖိုမှူးအကြီးအကဲရဲ့ မြစ်မလေး ဖြစ်နေတာကိုး။ လော့ဟယ်မြို့က မုန့်ဆိုင်တွေအားလုံးက ဒီကျေးလက်ဒေသက သာမန်လူတွေအတွက်တော့ ကလေးကစားစရာလောက်ပဲ ရှိတာလေ။ တခြားသူတွေကို သူမကို ဘယ်လိုလုပ်ပြီး ယှဥ်နိုင်ပါ့မလဲ။ ထို့ကြောင့် အမျိုးသမီးစု ဟင်းများကို စတင် စမ်းသပ်ချက်ပြုတ်နေသည်ဟု ကြားလိုက်ချိန်၌ တတိယသခင်ကြီးဟွမ်သည် ဟင်းပွဲများကို အရသာစမ်းပေးရန် ဆန္ဒအလျောက် ရောက်လာခဲ့တော့သည်။
တတိယသခင်ကြီးဟွမ်သည် အကောင်းကြိုက်သည့်လျှာတစ်ခု ရှိပြီး အမျိုးသမီးစုန့်က တောင်အထပ်ထပ် ပင်လယ်ဘက်မှ မရေမတွက်နိုင်သည့် အစားအသောက်ကောင်းများကို စားခဲ့ဖူးသည်။ ဟင်းပွဲများကို ရွေးချယ်ရာတွင် သည်နှစ်ယောက်က ယိုကျင့်၏ထိပ်ဆုံး သင့်တော်သူ နှစ်ယောက်ဖြစ်လာခဲ့သည်။
တတိယသခင်ကြီးဟွမ်က ရေသန့်ဖြင့် အာလုတ်ကျင်းလိုက်ပြီးနောက် ဇွန်းကို ကောက်ကိုင်လိုက်ကာ မှိုဝတုတ်စွပ်ပြုတ်ဟင်းရည်ကို အပြည့်ခတ်လိုက်ပြီး အရသာခံလိုက်လေသည်။ လတ်ဆတ်ပြီး နူးညံ့သည့်မှို၊ ဆောင်းတွင်းမျှစ်၊ ပေါက်ထွက်လာသည့် ဝက်ပေါင်ခြောက်အရသာ နှင့် တခြားပါဝင်စ္စည်းများက သူ့ပါးစပ်ထဲတွင် အရသာတစိမ့်စိမ့် ဝင်သွားတော့သည်။ သူသည် မနေနိုင်တော့ဘဲ နောက်ထပ်တစ်ဇွန်း အပြည့်ခတ်ကာ စားလိုက်ပြီး အရသာကို သေသေချာချာ ခံကြည့်လိုက်လေသည်။ ထို့နောက် သူသည် စိတ်ကျေနပ်သွားကာ ဇွန်းကို ပြန်ချလိုက်ပြီး သွားများပေါ်သည်အထိ မှတ်ချက်ပေးလိုက်တော့သည်။
“ သခင်မရဲ့ အချက်အပြုတ်လက်ရာက တဖြည်းဖြည်း ကောင်းသထက်ကောင်းလာတာပဲ၊ ကျွန်တော့် ဆယ်စုနှစ်အတွေ့အကြုံအရဆိုရင် ဒီစိတ်ပျော်ဟင်းရည်က ကျွန်တော် စားဖူးသမျှထဲမှာ သေချာပေါက် အကောင်းဆုံးဟင်းရည်ပဲ”
အမျိုးသမီးစုကလည်း အရသာခံကြည့်လိုက်ပြီးနောက် သင့်တော်သည်မှတ်ချက်တစ်ခုကို ပေးလိုက်လေသည်။
“ မှိုဝတုတ်စိတ်ပျော်စွပ်ပြုတ်အရသာက ပိုကောင်းတဲ့ဘက်မှာ ရှိတယ်၊ လုံကျင်းမှိုကွန်ချာကတော့ မှိုက စိမ်ထားတာ အရမ်းကြာသွားတယ်၊ မှိုကွန်ချာရဲ့အရသာက နည်းနည်းဆိုးတယ်”
အမျိုးသမီးစုသည် အစားအသောက်ပညာရှင်နှစ်ယောက်၏ မှတ်ချက်ကို သေသေချာချာ လိုက်မှတ်ထားပြီး နှစ်ယောက်လုံးကို စိတ်ရင်းဖြင့် ကျေးဇူးတင်စကားပြောလိုက်လေသည်။
စိတ်ကျေနပ်စွာဖြင့် တတိယသခင်ကြီးဟွမ်က ဇွန်းကိုချလိုက်ကာ ပြောလိုက်၏။
“ ဒီလိုကာလတိုလေးအတွင်းမှာ သခင်မရဲ့ ဟင်းချက်စကေးက အများကြီး တိုးတက်လာတာပဲ၊ ကျွန်တော်ကတော့ စုကျားယန့်ကို ပိုပိုပြီး မျှော်လင့်နေမိပြီ”
ယိုကျင့်သည် စုကျားယန့်၏ အခန်းအပြင်အဆင်အတွက် အဆင့်မြင့်မြင့် မျှော်လင့်ထားပြီး ဆောင်းတွင်းတွင် အားလုံးက အေးခဲနေသဖြင့် ဆောက်လုပ်ရေးလုပ်ငန်းမှာ နှေးကွေးသွားတော့သည်။ စုကျားယန့်ဖွင့်ပွဲနေ့ကို ၁လပိုင်း ၁၅ရက်နေ့ မီးပုံပွဲတော်နေ့ဟု သတ်မှတ်ထားလိုက်သည်။
အခုတော့ စုမိသားစုတွင် လူများစွာရှိနေ၏။ သည်နှစ်သစ်ကူးပွဲတော်သည် အထူးစည်ကားလှပေသည်။ အထူးသဖြင့် နှစ်သစ်ကူးအကြိုနေ့ည တွင်ဖြစ်၏။ လူငယ်ဧည့်သည်တော်နှစ်ယောက်က စုအိမ်သို့ တိတ်တဆိတ် ရောက်လာပြီး ပြန်လည်ဆုံစည်းခြင်းပတ်ဝန်းကျင်ကို နောက်အခြေအနေတစ်ခုအထိ တိုးသွားအောင် လုပ်ပေးခဲ့လေသည်။
“ မင်းတို့နှစ်ယောက် ဘယ်လိုသတ္တိနဲ့များ လော့ဟယ်မြို့ကို လာရဲရသလဲ”
ပျော်ရွှင်စိုးရွံ့မှုဖြင့် အမျိုးသမီးယွီက နှစ်ဝက်ကျော်ကျော် ခွဲခွာခဲ့ရသည့် သားဖြစ်သူကို ဖက်ထားလိုက်လေသည်။ မျက်ရည်များက တားမရအောင် စီးကျလာ၏။
သူမ၏ရင်ခွင်ထဲတွင် ရှောင်လင်ဖုန်းက အောင့်သက်သက်နိုင်စွာ အသံထွက်အောင်ရယ်လိုက်ကာ ရှင်းပြလိုက်လေသည်။
“ လင်းဝမ်နဲ့ ကျွန်တော်က မြို့တော်က အိမ်မှာ ဒီလောက်ကြီးတဲ့ပြဿနာဖြစ်သွားတာကို မသိခဲ့ကြဘူး၊ ကျွန်တော် မြို့တော်ကို ပြန်ဖို့ ပြဿနာမလုပ်ခဲ့ရင် ဦလေးဝမ်က ကျွန်တော့်ကို အမှန်တောင် ပြောပြမှာ မဟုတ်ဘူး”
ထိုသို့ပြောရင်း ရှောင်လင်ဖုန်းသည် အနည်းငယ်ဒေါသထွက်နေသေးသည်။ မိသားစုအားလုံးနီးပါး သုတ်သင်ခံရလုနီးပါး ဖြစ်နေသဖြင့် သူ့မိဘများနှင့် အစ်ကိုကြီးက သူ့ကို စောစောစီးစီး အဝေးသို့ ပို့လိုက်လိုက်လေသည်။
“ အင်းပါ အင်းပါ ဒီနေ့က နှစ်သစ်ကူးအကြိုနေ့လေ၊ ငါတို့မိသားစုတွေ ပြန်ဆုံစည်းနိုင်တာပဲ အရမ်းကိုကြီးမားတဲ့ ကောင်းခြင်းတစ်ခု ဖြစ်နေပြီ၊ မင်းတို့ သားအမိတတွေလည်း နောက်ဆုံးတော့ ပြန်ဆုံသွားကြပြီ၊ ပျော်သင့်တာပေါ့ ဟုတ်တယ်မလား၊ ဘာလို့ ဒေါသထွက်နေသေးတာလဲ”
ထိပ်ပိုင်းတွင် ထိုင်ရင်း အမျိုးသမီးစုန့်က မျက်လုံးများကို စဥ်းထားကာ ရန်မဖြစ်ရန် ဖျောင်းဖျလိုက်လေသည်။
“ စိတ်မကောင်းတာက မင်းအဖေ၊ မင်းဦးလေးနဲ့ အစ်ကိုကြီးတို့အားလုံးက မြောက်ပိုင်းရှင်းကျန်းကို ရောက်နေပြီး ပြန်လာလို့မရတာပဲ”
“အစ်ကိုကြီးက.....”
ရှောင်လင်ဖုန်းသည် ရှောင်ဝမ်ကတဆင့် သူ့အစ်ကိုကြီးအကြောင်းကို သိပြီးသားဖြစ်လေသည်။ အကြီးအကဲ၏မျက်နှာပေါ်က ပျော်ရွှင်နေသည့်အမူအရာကို မြင်လိုက်သဖြင့် သူသည် အနည်းငယ် တွေဝေသွားတော့သည်။ မဟုတ်မှလွဲရော ဦးလေးဝမ်ရဲ့သတင်းက မှားနေတာလား။
အမျိုးသမီးယွီက သူ့အင်္ကျီလက်ကို ဆွဲလိုက်၏။ ရှောင်လင်ဖုန်းသည် သူ့အမေ၏ အမူအရာက တစ်ခုခု မှားနေသည်ကို သတိထားမိသွားသဖြင့် ပြောနေသည့်စကားကို ချက်ချင်းရပ်လိုက်တော့သည်။ သူက အမျိုးသမီးစုန့်နားတွင် ထိုင်ချလိုက်ပြီး
“ အကြီးအကဲ လင်ဖုန်းက အဘွားရှေ့မှာ ရှိနေပြီလေ၊ အဘွားကျွန်တော်နဲ့ စကားတွေအများကြီး ပြောရမယ်၊ အရင်တုန်းက အဘွားက ကျွန်တော့်ကို အချစ်ဆုံးပဲ”
“အေးပါ အေးပါ မင်းတို့အားလုံးက လိမ္မာတဲ့ကလေးတွေပါ၊ အကြီးအကဲတွေက အားလုံးကိုချစ်ပါတယ်”
အမျိုးသမီးစုန့်သည် သွားပေါ်သည်အထိ ပြုံးလိုက်ပြီးနောက် သူမ၏လက်ကို ဆန့်လိုက်ကာ မြေးနှစ်ယောက်ကို ဘယ်ညာတစ်ဖက်စီသို့ ဆွဲခေါ်လာလိုက်လေသည်။ သူမသည် အလွန်စိတ်ကျေနပ်နေတော့သည်။
“ မင်းတို့တွေ ကြီးလာပြီး ကလေးတွေ မြေတွေနဲ့ ရှိနေချင်ကြမှာပဲ၊ မင်းတို့အားလုံး နေကောင်းကျန်းမာနေသ၍ အဘွားက အရမ်းပျော်နေပါပြီ”
ရှောင်မိသားစုနေထိုင်သည် ခြံဝင်းထဲက အိမ်ထဲတွင် တံမြက်လှည်း သန့်ရှင်းရေးလုပ် စသည့်အလုပ်ကြမ်းများကို တာဝန်ယူပေးသည့် အစေခံ နှစ်ယောက် သုံးယောက်သာ ရှိလေသည်။ အခုတော့ မြေးနှစ်ယောက်က လော့ဟယ်သို့ တိတ်တိတ်လေး ပြန်လာခဲ့သဖြင့် သူတို့သည် သည်အကြောင်းကို အမှန်ပင် လျှို့ဝှက်ထားရလေသည်။ အစေခံအားလုံးကို ပြန်လွှတ်လိုက်၏။ သူတို့ခြံဝင်းလခြမ်းပုံတံခါးကို သက်တော်စောင့်ခေါင်းဆောင်ရှောင်ကပင် ထိုနေရာသို့ ခွေးခြေခုံလေးတစ်ခုယူလာကာ ကိုယ်တိုင် စောင့်ကြည့်ပေးထားလေသည်။ သူသည် ရှောင်မိသားစု၏ အေးချမ်းပျော်ရွှင်မှုကို မည်သူမှ ဝင်မနှောင့်ယှက်နိုင်ရန် ကာကွယ်ပေးထားလေသည်။
“ သက်တော်စောင့်ခေါင်းဆောင် ရှင့်ခန္ဓာကိုယ်လေး နွေးသွားအောင် စွပ်ပြုတ်နည်းနည်းလောက် သောက်လိုက်ပါအုံး၊ ဒီလို အေးတဲ့ရာသီဥတုမှာ အရက်သောက်တာက မကောင်းဘူးလေ”
လခြမ်းပုံတံခါး၏ သစ်သားတံခါးရွက်နှစ်ခုသည် ဘယ်အချိန်ကမှန်းမသိ ပွင့်လာလေသည်။ ရှဉ့်မွေးအနွေးထည်အပေါ်က ထပ်ထားပြီး အနီရောင်ပန်းပွင့်ဘရိုဂိတ်ဂါဝန်ကို ဝတ်ထားသည့် အမျိုးသမီးငယ်လေးတစ်ယောက်က သစ်သားဗန်းတစ်ခုနှင့် ထွက်လာကာ သူ့အား နူးညံ့စွာ ပြုံးပြလိုက်လေသည်။
သူမ၏အပြုံးမျက်နှာလေးကို မြင်လိုက်ရသည်တွင် သက်တော်စောင့်ခေါင်းဆောင်ရှောင်သည် သူ၏ ထွေနေသည့်စိတ်က တစ်နည်းနည်းဖြင့် ပိုဆိုးသွားတော့သည်။ ခဏကြာမှ သူသည် သတိပြန်ဝင်လာပြီး
“ မမလေး ရပါတယ် မလိုပါဘူး၊ ဒီငယ်သားက မအေးပါဘူး”
ထိုသို့ပြောလိုက်ပြီးနောက် သူသည် ရုတ်တရက် သတိတဝက်ဝင်လာပြီး မြေကြီးပေါ်က အရက်ဘူးခွံကို တိတ်တိတ်လေး ခြေဆန့်ကာ ကန်လိုက်တော့သည်။
သိပ်မဝေးလှသည့်နေရာက စင်္ကြံပေါ်တွင် ထွန်းထားသည့် အနီရောင်မီးပုံးနှင့် ဖယောင်းတိုင်၏အလင်းက အမျိုးသမီး၏ အပြုံးမျက်နှာပေါ်တွင် ထင်ဟက်နေသည်။ ရှောင်လင်းရူက သူ့ကို စွပ်ပြုတ်လှမ်းပေးလိုက်၏။ သူမ၏မျက်လုံးများက ဆောင်းဦးရေများလို တည်ငြိမ်နေလေသည်။ သူမက သူ မသောက်သ၍ အလျှော့မပေးဟန်ဖြင့် တည်တည်ငြိမ်ငြိမ် ကြည့်နေသည်။
သက်တော်စောင့်ခေါင်းဆောင်ရှောင်သည် သူမက အပြင်ဘက်တွင် နူးညံ့သော်လည်း စိတ်အတွင်းက မာကြာသည်ကို သိထားလေသည်။ သူက စွပ်ပြုတ်ကို မသောက်လျှင် သူမက သူနှင့် သေချာပေါက် အားပြိုင်လိမ့်မည်။ သည်လို အေးခဲလှသည့်နေ့မျိုးတွင် သူမသည် အမြဲလိုလို အအေးဒဏ်ကို အကြောက်ဆုံးဖြစ်ခဲ့သည်။ သူမ အအေးမိသွားလျှင် သူက မဟာပြစ်မှုကြီး ကျူးလွန်ခဲ့ခြင်းပင် မဟုတ်ပါလား။ ထိုသို့စဥ်းစားလိုက်ပြီး သက်တော်စောင့်ခေါင်းဆောင်ရှောင်က သက်ပြင်းကို လေးလေးပင်ပင် ရှူထုတ်လိုက်ပြီး အငွေ့ထနေသည့်စွပ်ပြုတ်ကို ယူလိုက်ကာ တစ်ကျိုက်ထဲ မော့သောက်လိုက်ပြီး
“ ကျေးဇူးတင်ပါတယ် မမလေး”
ရှောင်လင်းရူ၏ ရည်ရွယ်ချက်သည် အောင်မြင်သွားသဖြင့် သူနှင့် ပြိုင်ပြီး ခေါင်းမာမနေတော့ချေ။ သူမက ပြောလိုက်၏။
“ သက်တော်စောင့်ခေါင်းဆောင် အလုပ်ကြိုးစားပေးလို့ ကျေးဇူးတင်ပါတယ်”
သူမသည် လက်ထဲက ပန်းကန်လုံးအလွတ်တစ်ခုနှင့် လှည့်ပြန်သွားတော့သည်။ သက်တော်စောင့်ခေါင်းဆောင်ရှောင်သည် မမလေး၏ထွက်သွားသည့် ကျောပြင်ကို စောင့်ကြည့်နေမိတော့သည်။ သူမ၏နှုတ်ခမ်းထောင့်က အောင်နိုင်သူအပြုံးတစ်ခုကိုတော့ သူ မမြင်လိုက်ရပေ။
…