အခန်း ၁၂၉
Vol. 9 Ch. 129
အပိုင်း ( ၁၂၉) စုကျားယန့် (၂)
ရှောင်လင်ဖုန်းနှင့် ရှောင်လင်းဝမ်တို့ လောဟယ်မြို့သို့ ရောက်လာခဲ့သည့်အကြောင်းကို ရှောင်မိသားစု၊ အမျိုးသမီးစုနှင့် ယိုကျင့်တို့သာ သိကြသည်။ ရှောင်မိသားစုသည် လက်ရှိတွင် ကွပ်မျက်ခြင်းမှ ကင်းလွတ်ခွင့် ရထားသော်လည်း ရှောင်ဟိုင်ရူတို့သည် ညီအစ်ကိုမှာ နယ်နှင်ဒဏ်ပေးခံထားရဆဲ။ ထို့ကြောင့် ရှောင်လင်ဖုန်းနှင့် ရှောင်လင်းဝမ်တို့သည် ဝရမ်းပြေးများ ဖြစ်နေကြသေးသည်။ သူတို့ ရှိနေသည့်နေရာသာ ပေါက်ကြားသွားခဲ့လျှင် သူတို့ပင် ဇာတ်သိမ်းသွားရုံမက ရာဇဝတ်သားကို လက်ခံထားသည့် စုမိသားစုလည်း ဇာတ်သိမ်းသွားလိမ့်မည်။ သည်ကိစ္စကို လျှို့ဝှက်ချက်တစ်ခုအဖြစ် သေချာပေါက် ထားရပေမည်။ အနံ့လေးတစ်ချက်ပင် ထွက်သွားလို့မဖြစ်ပေ။
ရှောင်လင်းဖုန်းသည် စိတ်ရှုပ်နေသော်လည်း ကိစ္စက အလွန်အရေးကြီးမှန်း သိနေသည်။ သူ့မိသားစုဝင်များ အန္တရာယ်ကင်းသွားသည်ကို အတည်ပြုပြီးနောက်တွင် သူတို့သည် နှစ်မကူးခင် နှင်းများ ထူထပ်သည့်ညတစ်ည၌ တိတ်တဆိတ် ထွက်ခွာလာခဲ့ကြတော့သည်။
“ ဒီတစ်ခါ နှုတ်ဆက်ပြီးသွားရင် အမေ့ကို နောက်တစ်ကြိမ် ဘယ်တော့မှ ကျေးဇူးဆပ်နိုင်တော့မလဲ မသိဘူး၊ အမေ ကိုယ့်ဟာကိုယ် ဂရုစိုက်ပါနော်”
ထွက်မသွားခင် ရှောင်လင်းဖုန်းက နှင်းများပေါ်တွင် ဒူးထောက်ချလိုက်ပြီး ဦးသုံးကြိမ်ချလိုက်လေသည်။ သူ့မျက်များသည် နီရဲနေသော်လည်း သူသည် ထိန်းချုပ်ထားဆဲ။ သူသည် ညတွင်းချင်း ရင့်သွားသည့်နှယ် လူငယ်လေးသည် မိသားစုကို နှုတ်ဆက်ခဲ့ပြီး မျက်ရည်များထိန်းထားကြသည့် သူ့မိသားစုကို လေးလေးနက်နက် တစ်ချက်ကြည့်လိုက်လေသည်။ သူသည် မြင်းပေါ်သို့ ခုန်တက်လိုက်ပြီး သူ့ဝမ်းကွဲညီလေးနှင့် သက်တော်စောင့် ၄-၅ယောက်ကို ဦးဆောင်ကာ လော့ဟယ်မှ ထွက်ခွာသွားတော့သည်။
မျက်လုံးထဲတွင် မျက်ရည်များ အပြည့်နှင့် အမျိုးသမီးယွီသည် အမှောင်ထဲတွင်တဖြည်းဖြည်း ပျောက်ကွယ်သွားသည့် ညလေကြောင့် တလွင့်လွင့်ဖြစ်နေသည့် ဝတ်ရုံ၏ကျောဘက်ကို စောင့်ကြည့်နေလိုက်လေသည်။ သူမသည် စိတ်နှလုံးကွဲကြေရလေသည်. သူမတွင် သည်သားတစ်ယောက်သာ ကျန်တော့သည်။ သို့သော် သူ့အနာဂတ်ဘဝက သားအမိနှစ်ယောက်ကို ပြန်မဆုံစေနိုင်ရုံသာမက သားဖြစ်သူကလည်း အခုအချိန်ကစပြီး နာမည်နှင့် မျိုးရိုးနာမည်ပါ ပြောင်းလိုက်ရသည်။ သည်လိုမှသာ သူတို့ရှောင်မိသားစု၏ မျိုးဆက်ကို ဆက်ထိန်းသိမ်းထားနိုင်တော့မည်။
“ အပြင်မှာ လေပြင်းတယ်၊ ကျွန်မ အဒေါ့်ကို တွဲပေးမယ်နော်”
ယိုကျင့်သည် ပိန်ပါးသော်လည်း သာမန်မိန်းမတစ်ယောက်ထက်တော့ အများကြီးပိုသန်မာသည်။ အမျိုးသမီးယွီ၏ခန္ဓာကိုယ်အလေးချိန် အားလုံးနီးပါက သူမပေါ်ကျရောက်လာပြီး သူတို့သည် ပုံမှန်အတိုင်း လျှောက်လာလိုက်ကြတော့သည်။ တစ်ဖက်တွင်တော့ ရှောင်လင်းရူးက အမျိုးသမီးကျောက်ကို တွဲထားသည်။ လေးယောက်သားသည် နွေးထွေးသည့်အခန်းဆီသို့ ပြန်ရောက်လာခဲ့ကြပြီး ခန္ဓာကိုယ် နွေးထွေးရန် အငွေ့တထောင်းထောင်းထနေသည့် စွပ်ပြုတ် နောက်တစ်ပန်းကန်ကို သောက်လိုက်ကြလေသည်။
အငယ်ဆုံးသားလေးက အဆင်ပြေနေပြီး ယိုကျင့်က မြောက်ပိုင်းရှင်းကျန်းဘက်ကို ဂရုစိုက်ပေးရန် လူလွှတ်ထားသည်ကို သိရသဖြင့် အမျိုးသမီးယွီသည် သူမဂရုစိုက်ခဲ့သည့် အရာအားလုံးမှာ အတည်တကျ ဖြစ်နေသည်ဟု ခံစားလိုက်ရတော့သည်။ အကြီးဆုံးသားဖြစ်သူရဲ့ အရိုးကို ရှာမတွေ့ခဲ့ပေမဲ့ ယိုကျင့်က သူမကို သူပေးခဲ့တဲ့ ကျောက်စိမ်းဆံထိုးကို အမှတ်တရလက်ဆောင်အနေနဲ့ ဝါးကျည်တောက်ထဲထည့်ပြီး စုမိသားစု ခြံဝင်းနဲ့ သိပ်မဝေးလှတဲ့ နေရာမှာ အုတ်ဂူလုပ်ပြီး အထဲမှာ ထောင်ထားခဲ့တယ်။ ဒါတွေအားလုံးက စုမိသားစုရဲ့ ကျေးဇူးတွေပဲ။ ဒါကြောင့်လည်း သူမက စုကျားယန့်အပေါ်မှာ စိတ်နှစ်ထားခဲ့တာပေါ့။ ဆီးပန်းပွင့်တွေ၊ အစိမ်းရောင်ဝါးပင်တွေကအစ လက်ဖက်ရည်ပန်းကန်လုံး၊ ယမကာပန်းကန်လုံး အထိ အားကို သူမကိုယ် သေသေချာချာလုပ်ပေးခဲ့တာပေါ့။ စုကျားယန့် ဆိုင်ဖွင့်နိုင်ဖို့အတွက် တကယ်ပဲ အကောင်းဆုံးဖြစ်အောင် လုပ်ပေးခဲ့ပြီး အားလုံးကိုလည်း ကိုယ်တိုင်ကိုယ်ချ ကိုင်တွယ်ပေးခဲ့တယ်။
ပထမလ၏ ၁၅ရက်နေ့သည့် မီးထွန်းပွဲတော် ဖြစ်လေသည်။
နွေဦး၏ အစောပိုင်းနေ့များသည် အနည်းငယ် အေးနေဆဲဖြစ်သော်လည်း သည်နေ့တွင်တော့ ရှားရှားပါးပါး ရာသီဥတုက ကောင်းမွန်းနေ၏။
“ ပြီးခဲ့တဲ့ ရက်တွေတုန်းကတောင် မိုးရွာပြီး နှင်းတွေကျနေသေးတာ၊ အေးခဲနေတာပဲ၊ ထင်တောင်မထင်ထားဘူး ဒီနေ့တော့ နေသာနေတယ်၊ နေ့ကောင်းတစ်ခုပဲနော်”
အမျိုးသမီးစု၏ဘေးတွင် ထိုင်ရင်း အမျိုးသမီယွီက အမျိုးသမီးယွီ စိတ်ပူနေသည်ကို လျှော့ပေးရန် သူမနှင့် ဝမ်းသာရွှင်လန်းကာ စကားပြောနေလေသည်။
သည်နေ့သည် တော်ဝင်စားဖိုမှူး၏ ဆက်ခံသူ အမျိုးသမီးစု၏ ပထမဆုံးအကြိမ် သူမ၏လက်ရာများကို ချပြမည့် နေ့ဖြစ်လေသည်။ သူမ၏နှလုံးသည် ဗုံတစ်ခုလို တဒိန်းဒိန်းခုန်နေလေသည်။ ကြီးမားနွေးထွေးသည့် ဝတ်ရုံအောက်က သူမ၏လက်များကို ကြိုးထုံးတစ်ခုကို တင်းနေအောင် ဆုပ်ထားသည်။ သူမသည် အင်မတန်စိတ်လှုပ်ရှားနေ၏။ အမျိုးသမီးယွီက သူမနှင့် စကားပြောချိန်မှာပင် သူမသည် စိတ်ပါတဝင် မပါတဝက် နားထောင်နေခဲ့သည်။
သည်ဖက်တွင်တော့ လှည်းသုံးစီးက စုမိသားစုမှ လော့ဟယ်သို့ မောင်းနှင်လာလေသည်။ လော့ဟယ်၏ စုကျားယန့်တွင် အမျိုးသားများက ဝါးစိမ်းရောင် ဝတ်ဆင်ထားပြီး အမျိုးသမီးများက လက်ကျဥ်းအင်္ကျီနှင့် ဘောင်းဘီတို့ကို ကြာစွယ်ခရမ်းနုရောင် ဆင်တူဝတ်ထားကြသည်။ အနွေးထည်၏ဘယ်ဖက်ခြမ်းတွင် ‘စုကျားယန့်’ ဟူသည် စာလုံးသုံးလုံးကို သပ်ရပ်စွာ ပန်းထိုးထားသည်။ အားလုံးသည် အစီအစဥ်တကျ လုပ်ဆောင်နေကြပြီး နေရာချပေးခြင်း ၊ သန့်ရှင်းရေးလုပ်ပေးခြင်းတို့ဖြင့် သူတို့၏တာဝန်များနှင့် အလုပ်များနေကြလေသည်။ မင်္ဂလာအချိန် ရောက်သည်နှင့် တရားဝင် ဖွင့်လှစ်ပေတော့မည်။
တတိယသခင်ကြီးဟွမ်သည် လော့ဟယ်မြို့တွင် နာမည်ကျော် အစားကြိုက်သူတစ်ယောက် ဖြစ်လေသည်။ သူ့ကိုယ်ပိုင် အဆက်အသွယ်ရှိမည်က ပြောရန်ပင်မလိုချေ။ စုကျားယန့် မဖွင့်ခင်ကတည်းက ယိုကျင့်သည် သည်ကိစ္စကို စဥ်းစားထားခဲ့ပြီးဖြစ်လေသည်။ သူမကို အရင်လာရှာပြီး အကြံကောင်းတစ်ခု ပေးခဲ့သူမှာလည်း တတိယသခင်ကြီးဟွမ်ပင် ဖြစ်လေသည်။
“ ကျွန်တော်တို့တွေ ဖွင့်ပွဲအခန်းအနားတစ်ခု လုပ်လို့ရတယ်၊ ကျွန်တော်က အဲလောက်တော့ အရည်အချင်း မရှိပါဘူး ဒါပေမဲ့ အောင်မြင်တဲ့ အစားကြိုက်သူတစ်ယောက်လို့တော့ ပြောလို့ရပါတယ်၊ လော့ဟယ်က နာမည်ငကြီး အစားကြိုက်သူတွေ အားလုံးကို ဖိတ်လို့ရတယ်။ သခင်မရဲ့လက်ရာနဲ့ဆိုရင် ဒီအစားကြိုက်တဲ့လူကြီးတွေကို ဆွဲဆောင်ဖို့ မခက်ခဲပါဘူး ၊ သူတို့ရဲ့ ထောက်ခံချက်တွေနဲ့ဆိုရင် စုကျားယန့်က သေချာပေါက် နာမည်ကြီးသွားလိမ့်မယ်”
ယိုကျင့်သည် စဥ်းစားမနေတော့ဘဲ သဘောတူလိုက်တော့သည်။ ထိုအကြိုက်သူများကို ဖိတ်ကြားရန် ကိစ္စကိုတော့ တတိယသခင်ကြီးဟွမ်အား စီစဥ်ရန် တာဝန်ပေးလိုက်လေသည်။ တတိယသခင်ကြီးဟွမ်၏ မျက်နှာသည် အမှန်ပင်အသုံးဝင်လေသည်။ နှစ်ရက်အတွင်း လော့ဟယ်ရှိ နာမည်ကြီး အစားအသောက်အကြောင်း နားလည်သူ ၁၉ယောက်ကို ဖိတ်ကြားခဲ့လေသည်။ စုကျားယန့်ကို တရားမဖွင့်လှစ်ရသေးဘဲ ဖိတ်ကြားထားသည့် ဧည့်သည်များက ရောက်နှင့်နေလေသည်။ ကြိုဆိုသည့်အနေဖြင့် စုကျားယန့် ဝင်ပေါက်တွင် ခြင်္သေ့အကနှင့် ဖျော်ဖြေခဲ့သည်. ကြည့်ရှုသူပေါင်းများစွာကို ဆွဲဆောင်ခဲ့လေသည်။
ဒုတိယအထပ်က အစွန်ဆုံးအခန်းအပြင်ဘက် ဝရံတာတွင် ရပ်ရင်း ယိုကျင့်သည် ပထမထပ်က စည်ကားသက်ဝင်လှသည့် မြင်ကွင်းကို စောင့်ကြည့်နေလေသည်။ သူမက ဝမ်းသာစွာ ပြုံးလိုက်ပြီး
“ ဒီနေ့ ဖျော်ဖြေမှုက ငါတို့အားလုံးက လတော်တော်ကြာအောင် ပြင်ဆင်လာခဲ့တဲ့ လုပ်အားကို အသက်ဝင်အောင် လုပ်ပေးလိုက်တာပဲ”
စုကျားယန့်သည် လူလတ်တန်းစားနှင့် အထက်တန်းစားတို့ကို ရည်ရွယ်လေသည်။ စားသောက်ဆိုင်ထဲသို့ ဝင်လိုက်သည်နှင့် ကောင်တာနောက် နံရံတစ်ခုလုံးပေါ်တွင် ရေးထားသည့် စားသောက်ဖွယ်စာရင်း သင်္ကေတကို မြင်ရလိမ့်မည်။ အားလုံးကို လှပသည့်အဆင့်မီ လက်ရေးစာဖြင့် ရေးထားလေသည်. အစားအစာအုပ်စုမှာ စီချွမ်း အစားအစာ၊ ရှန့်တုန်း အစားအစာ၊ ကွမ်တုန်း အစားအစာ၊ ဟွိုင် အစားအစာ၊ သွားရေစာ၊ အချိုပွဲနှင့် သောက်စရာများဖြစ်လေသည်. နံရံတစ်ခုလုံးပေါ်က အစားအသောက်စာရင်းများသည် စုကျားယန့်သို့ ဝင်လာသည့် ဧည့်သည်တိုင်းကို ဆွဲဆောင်ထားတော့သည်။
ပထမထပ်က ခန်းမသည် ဧည့်သည်စားပွဲပေါင်း ၄၈ပွဲကို တည်ခင်းဧည့်ခံနိုင်လေသည်။ နေရာလေးခု ခွဲထား၏။ ဆီးပန်းပွင့်၊ သစ်ခွပန်း၊ ဝါးရုံတော်နှင့် ဂန္ဓမာပန်း တို့ဖြစ်ကြသည်။ နေရာတစ်ခုတွင် စားပွဲ ၁၂လုံးထည့်ပြီး နာမည်နှင့်လိုက်ဖက်အောင် ကားချပ်များ၊ အလှပန်းအိုးများနှင့် ကျောက်ဆောင်ရှုခင်းပုစံငယ်များဖြင့် ပိုင်းခြားထသည်။ ခန်းမအလယ်တွင် လူငါးယောက်စာ အရွယ်အစားရှိသည့် ကျောက်ဆောင်နှင့် ရေတံခွန်ငယ်လေးတစ်ခုဖြင့် အလှဆင်ထားသည်။ အထဲတွင် ခိုးအိ ငါးကလေးများ မွေးထားလေသည်။ အတန်ပင် စိတ်ဝင်စားစရာကောင်းကာ သဘာဝဆန်ဆန် အသွင်တစ်ခု ဖြစ်သည်။
အဓိကခန်းမဘေးတွင် လူလေးယောက်စာကျယ်သည့် လှေကားတစ်ခုက အပေါ်ထပ်သို့ ခေါ်သွားပေးလိမ့်မည်။ စုစုပေါင်း သီးသန့်အခန်း ၂၄ခန်းရှိသည်။ အခန်းများကို နေစနစ်အခေါ်အဝေါ် ၂၄ခုအတိုင်း အမည်ပေးထားသည်။ ဒုတိယထပ်မှ ဆင်းလာပြီး လေကွယ်ရာလမ်းလေးအတိုင်း ခြေလှမ်း၂၀လောက်လျှောက်လာလျှင် နောက်ကျောဘက်က စုကျားယန့်၏ သီးသန့်အခန်းသို့ ရောက်သွားလိမ့်မည်။ မူလဆိုင်၏ နောက်ဖေးခြံဝင်းနှင့်ကပ်လျက် တစ်ဧက ၊ နှစ်ဧကနီးပါး မြေကို ဝယ်ယူခဲ့ခြင်းက အမျိုးသမီးယွီနှင့် အမျိုးသမီးကျောက်တို့၏ စိတ်ကူးပင်။ အဓိကခန်းမ လို ဆီးပန်းပွင့်၊ သစ်ခွ၊ ဝါးရုံတော နှင့် ဂန္ဓမာပန်းများနည်းတူ ထိုနေရာကိုလည်း ခြံဝင်းလေးခု ခွဲထားလေသည်။ ခြံဝင်းတစ်ခုတွင် သီးသန့်ဆောင် လေးခုရှိပြီး ဧည်သည်များ၏ ကိုယ်ပိုင်သီးခြားအေးချမ်းမှုကို အလေးထားကာ တိတ်ဆိတ်သည့်အပြင် အေးအေးဆေးဆေး စားသောက်နိုင်သည့်အတွေ့အကြုံရစေပြီး ယာယီအနာယူရန် နေရာများ လုပ်ပေးထားသည်။
တတိယသခင်ကြီးဟွမ်က သူ့ဧည့်သည်များနှင့် အနောက်ဘက်ခြံသို့ လှည့်ပတ်ကြည့်ရှုနေစဥ်တွင် ယိုကျင့်က အရှေ့မှ ဖွင့်ပွဲမီးရှူးမီးပန်းများကို မီးငြိလိုက်လေသည်။ ဆိုင်းဘုတ်ပေါ်က ရွှေသားနှင့် လက်ရေးဆက်ရေထားသည့် ‘စုကျားယန့်’ ဟူသည့် စာလုံးကြီး သုံးလုံးသည် အစောပိုင်းနွေဦး၏ နေရောင်ခြည်ထဲတွင် ထူးထူးခြားခြား ဆွဲဆောင်မှု ရှိနေတော့သည်။
ခန်းမထဲတွင် ဝန်ထမ်းများသည် အလွန်အလုပ်များနေကြကာ ခြေထောက်နှင့် ကြမ်းပြင်ပင် မထိတော့သလောက်ပင်။ လက်ဖက်ရည်ဧည့်ခံပေးရန် တာဝန်ယူထားသည့် အစေခံမလေးများသည် စုမိသားစု၏လက်ဖက်ခြောက်ကို တစ်အိုးပြီးတစ်အိုး နှပ်ပြီး ဧည့်သည်များကို ဧည့်ခံပေးနေသည်။
အနောက်ဘက် မီးဖိုဆောင်ထဲတွင် အမျိုးသမီးစုအတွက် သီးသန့်မီးဖိုဆောင်ငယ်လေးတစ်လုံး ဆောက်ထားသည်။ အမျိုးသမီးစုနှင့် သူတို့မိသားစု၏ အမျိုးသမီး စားဖိုမှူးနှစ်ယောက်သည် ဖွင့်ပွဲ စားသောက်ပွဲကြောင့် အလုပ်များနေလေသည်။
မီးဖိုဆောင်ငယ်လေး၏ အပြင်ဘက် မီးဖိုဆောင်ထဲတွင် အစားအစာလေးမျိုး ချက်ပြုတ်နိုင်သည့် စားဖိုမှူးလေးယောက်ကလည်း ကိုယ်ပိုင်မီးဖိုများ၊ လက်ထောက်စားဖိုမှူးများနှင့် အလုပ်သင်များ ရှိကြသည်။ မီးဖိုတစ်လုံးစီသည် တောက်ပသည့်မီးလျှံများ ထိန်ညီးနေပြီး အားလုံးက ပျားတစ်ကောင်လို့ အလုပ်များနေကြလေသည်။
သည်တစ်ကြိမ် လာရောက်ကြသည့် ဖိတ်ကြားထားသည့် ဧည့်သည်အများစုမှာ တတိယသခင်ကြီးဟွမ်ကို မျက်နှာသာပေးကြသည်။ သူတို့အများစုသည် အစားကောင်းများ ကြိုက်ကြပြီး အစားဝါသနာအိုးများ ဖြစ်ကြသည်။ သူတို့သည် လော့ဟယ်တွင် စားဖိုမှူးကောင်းကောင်း ဘယ်နှစ်ယောက်ရှိသည်ကို သိကြသည်။ လတ်တလောနှစ်များတွင် စားဖိုမှူးတစ်ယောက်ယောက် ပေါ်ပေါက်လာသည်ကိုလည်း မကြားခဲ့မိပေ။ ပြန်ရောက်သွားရင်တော့ စုကျားယန့်အတွက် နာမည်သိပ်မရှိသေးတဲ့ စားဖိုမှူးလေးတချို့ကို ဖိတ်ကြားရမယ်။ ကြည့်ရတာ စုကျားယန့်က ဘယ်သူမှမသိတဲ့ စားဖိုမှူးတချို့ကို ငှားထားခဲ့တာဖြစ်မယ်။ သူတို့တွေက တတိယသခင်ကြီးဟွမ်နဲ့ ဆက်ဆံရေးကြောင့်သာ မဟုတ်ရင် သူတို့ထဲက အများစုက လာကြလိမ့်မှာတောင်မဟုတ်ဘူး။
တတိယသခင်ကြီးဟွမ်သည် ဧည့်သည်များက သတိလက်လွတ်ဖြစ်နေကြသည်ကို သတိထားမိလေသည်။ သူ့မျက်နှာပေါ်က အပြုံးမှာ ပြောင်းလဲပေ။ သူတို့၏သဘောထားကို နားလည်ပေးနိုင်သော်လည်း သူသည် သခင်မ၏လက်ရာကို ၁၀၀% ယုံကြည်ထားသည်။ သူတို့ကို ခဏလောက် ပတ်ပြလိုက်လိုက်ပြီးနောက် အနောက်ဖက်မီးဖိုဆောင်က လက်ထောက်က သတင်းလာပို့လေသည်။ ထို့ကြောင့် တတိယသခင်ကြီးဟွမ်သည် ဧည့်သည်များကို လက်ဖက်သောက်ရင်း စကားပြောရန် အစာကြီးကတည်းက ကြိုတင်ပြင်ဆင်ထားပေသည့် သီးသန့်အဆောင်သို့ ခေါ်သွားလိုက်တော့သည်။
“ ဧည့်သည်တော်တို့ ဧည့်ခံကျွေးမွေးဖို့ အချိန်ကျပါပြီ”
ယိုကျင့်သည် သူမ၏အလုပ် ပြီးစီးသွားပြီရာ တာဝန်ယူဧည့်ခံပေးရန် ရောက်လာခဲ့သည်. တတိယသခင်ကြီးဟွမ်သည် သည်အစားအသောက်ကြိုက်သူများကို ခေါ်လာချိန်က သူ့တွင် နောက်ထပ်ရည်ရွယ်ချက်တစ်ခု ရှိလေသည်။ ယိုကျင့်ကို ပွဲထုတ်ဖို့လေ။ အခုဆိုရင် စုမိသားစုရဲ့လုပ်ငန်းက တဖြည်းဖြည်း ပိုကြီးလာပြီ။ သခင်တစ်ယောက်အနေနဲ့ လော့ဟယ်မြို့ရဲ့ စီးပွားရေးလောကကို ဝင်ဖို့ သင့်တော်တဲ့ပွဲအခန်းအနားတစ်ခု လိုအပ်တာ သဘာဝပဲလေ။ ဒီနေ့လာကြတဲ့ ဧည့်သည်အများစုကလည်း လော့ဟယ် စီးပွားရေးလောကမှ လေးစားရတဲ့ လူတွေပဲ။ ဒီတော့ ဒါက အသင့်တော်ဆုံး အခွင့်အရေးတစ်ခုပဲပေါ့။
ဧည့်သည်များသည် မိန်းကလေးအသံတစ်ခုက အစားအသောက်ကို တည်ခင်းပေးရန် အမိန့်ပေးနေသည်ကို ကြားလိုက်ရသောအခါ စားသောက်ဆိုင်မှ အစေခံမလေးတစ်ယောက် ဖြစ်မည်ဟု ထင်လိုက်ကြလေသည်။ သို့သော်ငြား အဝတ်အစားများကို လူချမ်းသာများလို ဝတ်စားထားသည်ကို တွေ့လိုက်ရသဖြင့် ထိုအခိုက်တန့်တွင် သူတို့သည် သူမကို မည်သို့ ခေါ်ရမည်မသိဖြစ်သွားတော့သည်။ ကံအားလျော်စွာ သည်တစ်ကြိမ်တွင် တတိယသခင်ကြီးဟွမ်က ကြားဖြတ်ပြောလိုက်၏။
“ အားလုံးပဲ၊ ဒါက စုကျားယန့်ရဲ့ပိုင်ရှင်လေ၊ ကျုပ်ရဲ့ လက်ရှိသူဌေးဆိုလည်း ဟုတ်တယ်၊ မိန်းကလေးစုတဲ့၊ စုကျားယန့်၊ စုကျားရှန်းနဲ့ စုကျားမီ အားလုံးကို ကျုပ်တို့သူဌေးက တည်ထောင်ခဲ့တာလေ”
“ ဒီလိုကိုးဗျ၊ မိန်းကလေးစုက ယောက်ျားတွေထက် မနိမ့်ပါပဲ”
ဧည့်သည်အားလုံးသည် ယောကျ်ားများ ဖြစ်သော်လည်း သူတို့အများစုသည် တတိယသခင်ကြီးဟွမ်နှင့် ရွယ်တူများ ဖြစ်ကြလေသည်။ သူတို့သည် မျက်စိရှေ့က သည်လို သိမ်သိမ်မွေ့မွေ့ မိန်းမငယ်လေးကို တွေ့လိုက်ရသောအခါ တခြားမိသားစုက မမလေးတစ်ယောက် ဖြစ်မည်ဟု ထင်ခဲ့မိသည်။ မျှော်လင့်မထားဘဲ လတ်တလောနှစ်များအတွင်းက လော့ဟယ်မြို့တွင် ရုတ်တရက် ထောင်တက်လာသည့် စုကျားရှန်း၏ သူဌေးဖြစ်နေသည်ကို သိလိုက်ရလေသည်။
စားသောက်ပွဲရှိ ဧည့်သည်များ၏ အံ့ဩချီးကျူးသည့် မျက်လုံးများက ယိုကျင့်ဆီသို့ ကျရောက်သွားတော့သည်။ ယိုကျင့်က ပေါ့ပေါ့ပါးပါး ပြုံးရုံသာ ပြုံးလိုက်ပြီး ပြောလိုက်၏။
“ကျွန်မက လုပ်ငန်းသေးသေးလေးကို လုပ်ရုံလေးပါရှင်၊ နောက်ကျရင်လည်း ကျွန်မက လူကြီးမင်းတို့ရဲ့စောင့်ရှောက်ပေးတာကို လိုအပ်ပါသေးတယ်”
ကိုယ်ကို လှည့်လိုက်ပြီး သူမက ဟင်းတစ်မျိုးကို ယူလိုက်ကာ ခေတ်သစ်ပုံစံ လှည့်လို့ရသည့်စားပွဲကို ပုံတူကူးထားသည့် အထူးသစ်သားစားပွဲဝိုင်းပေါ်သို့ ချလိုက်လေသည်။ သူမက အားလုံးကို ဟင်းများနှင့် မိတ်ဆက်ပေးလိုက်လေသည်။
“အလိုပြည့်စွပ်ပြုတ်၊ ရွှေဝက်ပေါင်ခြောက်နဲ့ ငါးကင်၊ နဂါးဇာမဏီချမ်းသားခြင်း၊ သက်သတ်လွတ်ဟင်းလျာ ရသာမွန်၊ ကွေ့ဟွာရတနာရှစ်သွယ်ဘဲဟင်း၊ လိမ္မော်နံ့အမဲသား၊ သခွားသီးချဥ် နဲ့ ပထမတန်းစား ဖူထျောက်ချန်း ၊ ကျွန်မတို့ဆိုင်လေးက အခုမှ ဖွင့်တာဆိုတော့ ကျေးဇူးပြုပြီး မှတ်ချက်လေးတချို့ ပေးပါအုံးရှင်”
ပထမဟင်းပွဲ စားပွဲပေါ်သို့ ရောက်လာသည်နှင့် ချက်ချင်း အစားကြိုက်သူ လူကြီးများ၏မျက်လုံးများသည် ဝိုင်းစက်သွားကြလေသည်။ ဟင်းလျာတိုင်းက အမှန်ပင် ‘ အရောင်အသွေးစုံလင်ပြီး မွှေ့ပျံ့ကာ အရသာ’ရှိလှသည်။ သူတို့ထဲတွင် ထိပ်ပိုင်းတွင် ထိုင်နေသည့် အနည်းငယ်အသက်ပိုကြီးသည့် လူကြီးက အလွန်အရသာရှိသည့် ရတနာရှစ်သွယ်ဘဲဟင်းကို တူဖြင့် ပန်းကန်လုံးထဲ အရင်ထည့်လိုက်ပြီး အရသာခံလိုက်ကာ မှတ်ချက်ပေးလိုက်လေသည်။
“ ကျုပ်ဒီနေ့ ဒီကိုလာခဲ့တာ အလကားမဖြစ်ဘူးပဲဗျ၊ တတိယသခင်ကြီးဟွမ်က ကျုပ်ကို မဖြီးဘူး ဟား”
တတိယသခင်ကြီးဟွမ်က လှိုက်လှိုက်လှဲလှဲ ရယ်မောကာ ပြန်ဖြေလိုက်၏။ “သခင်ကြီးဝူဟယ်မှာ အကောင်းဆုံးလျှာရှိတာ ဘယ်သူက မသိတာကျလို့ဗျာ၊ လုံးဝ အရည်အသွေးမမီရင် ကျုပ်က ဘယ်လိုလုပ်ပြီး ခင်ဗျားကို တောင်ပေါ်ကနေ ဆင်းလာခိုင်းရဲပါ့မလဲဗျ ဟုတ်တယ်မလား”
သခင်ကြီးဝူဟယ်က အစားကြိုက်သူ လူကြီးတွေထဲမှာ အဆင့်အတန်းအမြင့်ဆုံး လူမှန်း အားလုံးက သိကြတယ်လေ။ သူသာ စုကျားယန့်ကို ကောင်းမွန်တဲ့အဆုံးအဖြတ်ပေးခဲ့ရင် နောက်ပိုင်းကျရင် ပူပန်စရာ ဘာရှိအုံးမှာလဲ။ ဒါကြောင့်ပဲ သူက သခင်ကြီးဝူဟယ်ကို တက်ရောက်ပေးဖို့ ခဏခဏ တောင်းဆိုခဲ့တာပေါ့။ ထင်ထားတဲ့အတိုင်းပဲ သခင်မရဲ့လက်ရာက မှတ်သားလောက်စရာပဲ။ တတိယသခင်ကြီးဟွမ် ကိုယ်တိုင်က ကြိတ်ပြီး စိတ်အေးသွားတော့သည်။ တော်ပါသေးရဲ့။ ဒီကိစ္စက ပြဿနာမဖြစ်သွားလို့ပဲ။
သခင်ကြီးဝူဟယ်က မှတ်ချက်ကောင်းပေးလိုက်ပြီးနောက် ကျန်လူများကလည်း တစ်ယောက်ပြီး တစ်ယောက် တူကို ကောက်ကိုင်လိုက်ကြလေသည်။ ပထမဆုံးတူကို သူတို့ပါးစပ်ထဲ ထည့်လိုက်သည့် အခိုက်တန့်လေးတွင် အားလုံး၏ လင်းလက်နေသည့်မျက်လုံးများက ယိုကျင့်၏မျက်လုံးထဲ ဝင်သွားတော့သည်။ ယိုကျင့်သည် သစ်ခွဆောင်မှ ကျေနပ်ပြုံးတစ်ခုဖြင့် ထွက်လာခဲ့လိုက်တော့သည်။
ဖွင့်ပွဲနေ့တွင် စုကျားယန့်၏လုပ်ငန်းသည် သိပ်နာမည်မရသေးချေ။ သို့သော် ဖွင့်ပွဲနေ့ကတည်းက လော့ဟယ်ရှိ အစားအသောက်ကြိုက်သူ လူကြီးများက စုကျားယန့်ကို စေတနာဖြင့် ထောက်ခံအားပေးခဲ့ကြသည်။ အစားအသောက်ကြိုက်သူ အသိုင်းအဝိုင်းတွင် အလေးစားရဆုံးဖြစ်သူ သခင်ကြီးဝူဟယ်ကပင် သူသည် စုကျားယန့်၏ အလိုပြည့်စွပ်ပြုတ်ဟင်းကို နောက်တစ်ကြိမ် ထပ်စားချင်သေးသည်ဟု တစ်ကြိမ်မက ထုတ်ပြောခဲ့လေသည်။ မူလက တခြားအဆင့်တူ စားသောက်ဆိုင်များက အများကြီး မျှော်လင့်မထားခဲ့သည့် စုကျားယန့်သည် နာမည်ကြီးလာတော့သည်။
တတိယသခင်ကြီးဟွမ်၏ ဖိတ်ကြားချက်ကို ငြင်းဆိုခဲ့ကြသည့် အစားအသောက်ကြိုက်သူ လူကြီးများအတွက်တော့ စားသောက်ပွဲကို တက်ခဲ့သည့် တခြားမိတ်ဆွေဟောင်းများက တသသဖြစ်ရင်း အကြိမ်ကြိမ် နှုတ်ခမ်းသပ်နေကြသည်ဟု ကြားလိုက်ကြချိန်တွင် သူတို့၏အမူအရာမှာ အလွန်မှ အကျည်းတန်သွားတော့သည်။ ထို့နောက်တွင် စုကျားယန့်က ထိုနေ့တွင် ပထမဆုံး စားပွဲ ဆယ်ဝိုင်းသာ အထူးဟင်းလျာကို မှာနိုင်ပြီး စားပွဲတစ်ခုကို ဟင်းလျာတစ်မျိုးသာ မှာနိုင်သည်ဟု သတ်မှတ်ထားကြောင်း သိလိုက်ရတော့သည်။ သူတို့သည် မတတ်သာတော့ဘဲ ရင်ထုရင်းက ထိုနေ့က တစ်ဖက်လူအား ငြင်းခဲ့မိသည့်အကြောင်းကို စိတ်အနှောင့်အယှက် ဖြစ်နေရတော့သည်။
သို့သော် အခုတော့ နောင်တရလို့လည်း မထူးတော့ပေ။ စုကျားယန့်၏ အထူးဟင်းလျာသည် တစ်နေ့လျှင် ဟင်းလျာဆယ်မျိုးသာ ချက်ပြုတ်ပြီး နေ့တိုင်း ဆိုင်ဖွင့်သည်နှင့် ချက်ချင်း မှာထားရသည်။ အစပိုင်းက တတိယသခင်ကြီးဟွမ်အား ငြင်းပယ်ခဲ့သည့် သည်အစားအသောက်ကြိုက်သူများသည် စုကျားယန့်သို့သွားရန် နေ့တိုင်း အုပ်စုဖွဲ့နေရတော့သည်။ တံခါးဖွင့်သည်နှင့်တစ်ပြိုင်နက် သူတို့သည် အစားအသောက်မှာရန် အလောတကြီး လုပ်ကြရသည်။ သူတို့၏ အစားအသောက်ကြိုက်သူဟူသည့် မျက်နှာနှင့် သိက္ခာကိုပင် မငဲ့ကွက်ကြတော့ပေ။
သူတို့တွေက အစားအသောက်ကြိုက်တဲ့ အစားသရဲတွေဆိုမှတော့ အရသာရှိတဲ့ အစားအသောက်အတွက် တန်းစီပြီး စောင့်ရတာကို ဘာလို့ ရှက်နိုင်အုံးမှာလဲ။ နောက်ဆုံး သူတို့တွေ စုကျားယန့်ရဲ့အထင်ကရ အထူးဟင်းလျာတွေကို အရသာခံပြီးတဲ့အချိန်မှာတော့ အစားအသောက်လုဖို့ တူတွေနဲ့ တိုက်ခိုက်ကြရင်း အော်ဟစ်ကြနေလေရဲ့။ စုကျားယန့်က တကယ့်ကို အရသာရှိတာမလို့ စိတ်လှုပ်ရှားပြီး မျက်ရည်တောင် ကျခဲ့ကြတယ်။ နောက်တစ်ချက်က နောင်တကြောင့်ဆိုပါတော့။ သူတို့တွေ ဘာလို့များ ဟိုတုန်းက နုံနုံအအနဲ့ ငြင်းခဲ့မိကြပါလိမ့်ကွာ။ မဟုတ်ရင် တစ်နေ့ကို ဟင်းတစ်မျိုးပဲ စားနေရမဲ့အစား အစကတည်းက စားပွဲအပြည့် ဟင်းလျားပေါင်း ၂၀ လောက်ကို စားနိုင်ခဲ့မှာ။ ပြီးတော့ ဒါကြီးက နေ့တိုင်းစားနိုင်မယ်လို့လည်း အာမခံချက်က မရှိပြန်ဘူး။
“ အာသီသဖြစ်ခြင်း စျေးကွက်က တကယ်ထိရောက်တာပဲ” မျဥ်းဖြောင်းအတိုင်း တက်နေသည့် နေစဥ်ရောင်းအားကိုကြည့်ရင်း ယိုကျင့်သည် သည်ရက်ပိုင်းတွင် အမှန်ပင် စိတ်ချမ်းနေလေတော့သည်။
…