အခန်း ၁၃၀
Vol. 9 Ch. 130
အပိုင်း (၁၃၀) လက်ထပ်ကြောင်းလမ်းခြင်း
စုကျားယန့်သည် နာမည်ကြီးလာ၏။ ထို့နှင့်အတူ စုမိသားစု၏ မိန်းကလေးများသည် လော့ဟယ်ရှိ ချမ်းသာသည့် မိသားစုအသိုင်းအဝိုင်းထဲ ဝင်ရောက်လာခဲ့တော့သည်။ အထူးသဖြင့် စုမိသားစု၏ အကြီးဆုံးသမီးပင်။ သူမ၏အကြောင်းကို စိတ်ဝင်စားသူတိုင်း၏ပါးစပ်တွင် ကြားနိုင်လေသည်။
အကြောင်းကိစ္စများကို ဆုံးဖြတ်တတ်ပြီး အိမ်မှုကိစ္စကို ကိုင်တွယ်ရန် လူလိုအပ်သည့် ထိုချမ်းသာသည့် မိသားစုများသည် လေးနှစ် ငါးနှစ်အတွင်း ကိုယ်ပိုင်အင်အားဖြင့် အမည်မသိ အပြင်လူတစ်ယောက်မှ လော့ဟယ်မြို့၏ လူချမ်းသာ အသိုင်းအဝိုင်းထဲက အထက်တန်းလွှာတစ်ခုဖြစ်လာအောင် စုမိသားစုကို ပြောင်းလဲခဲ့သည့် မိန်းမငယ်လေး စုယိုကျင့်ကို အင်မတန် သဘောကျနေကြလေသည်။
“သခင်မစု အဲဒီချန်မိသားစုက လော့ဟယ်မှာဆိုရင် ပိုးထည်နဲ့ဖဲသား ပိတ်စလုပ်ငန်းမှာ အကောင်းဆုံးထဲက တစ်ခုပဲ၊ ချန်မိသားစုရဲ့ သခင်လေးက အသက်ဆယ့်ခြောက်နှစ်မှာ ထုန်ရှန့်တစ်ယောက် ဖြစ်လာတာလေ၊ ချန်မိသားစုရဲ့ သခင်ကြီးနဲ့ သခင်မကြီးကလည်း အရမ်းသဘောကောင်းပြီး ကြင်တတ်တယ်၊ ကျွန်မ ဒီကိုမလာခင်တုန်းကတောင် အကြီးဆုံးမမလေးက လက်ထပ်ဖို့ သဘောတူသ၍ သူမကို သူတို့ရဲ့သမီးအရင်းလေးလို ဆက်မယ်လို့ ပြောလိုက်သေးတယ်”
စုမိသားစု၏ ပင်မခြံဝင်းထဲက ဧည့်ခန်းထဲတွင် ထိုင်နေသည်က အသက်လေးဆယ်အရွယ် မိန်းမတစ်ယောက် ဖြစ်လေသည်။ သူမသည် မက်မွန်အနီရောင် ဝတ်စုံကို ဝတ်ထားပြီး ခေါင်းတွင် အနီရောင်ကတ္တီပါသားပန်းပွင့်မျာကို ပန်ထားကာ သူမ၏လက်ထဲတွင် အနီရောင်ကြာပန်းထိုးထားသည့် လက်ကိုင်ပုဝါတစ်ထည်ကို ကိုင်ထားလေသည်။ သူမ၏ပါးစပ်ထဲက ပန်းများ ထွက်ကျလာသည့်နှယ် သခင်ကြီးချန်၏ အငယ်ဆုံးသားအကြောင်းကို မိုးတလုံး လေတလုံး ကြွားလုံးထုတ်နေတော့သည်။
အနည်းငယ် ဝဖိုင့်ပြီး အောင်သွယ်တော်လို ဝတ်စားသည့် နောက်မိန်းမတစ်ယောက် တောက်ပသည့် ဂန္ဓမာပန်းတစ်ပွင့်လို့ ပြုံးလိုက်ပြီး ပထမအောင်သွယ်တော်၏ စကားကို ဖြတ်ပြောလိုက်၏။
“ ချန်မိသားစုရဲ့ အငယ်ဆုံးသခင်လေးက ဘာဟုတ်သေးလို့လဲ၊ ပြောရမယ်ဆိုရင် ကျွန်မကတော့ လီမိသားစုက သခင်လေးက ပိုကောင်းတယ်လို့ပဲ ပြောရမယ်၊ အဲဒီမိသားစုရဲ့သခင်ကြီးမှာ ကျွီရန်တစ်ယောက် နောက်ခံရှိပြီး မိသားစုမှာလည်း စိုက်ပျိုးမြေ ဧက၁၀၀ကျော်ရှိတယ်လေ၊ သခင်လေးလီက အခုဆိုရင် အသက်ဆယ့်ခုနှစ်နှစ်ရှိပြီ၊ သူက ရှို့ချိုင်တစ်ယောက် ဖြစ်နေပြီလေ၊ သူက ကျွမ့်ယွမ် တစ်ယောက် ဖြစ်လာတော့မှာ၊ မြို့စားလား ၊ ဝန်ကြီးလား၊ ရာထူးတစ်ခုခုတော့ သေချာရမှာမလွဲဘူး၊ ကျွန်မတို့ အကြီးဆုံးမမလေးသာ လီမိသားစုထဲ ဝင်သွားရင် နှစ်နည်းနည်းလောက်နေရင် အခွင့်အာဏာရသခင်မတစ်ယောက် ဖြစ်လာလိမ့်မယ် ဟုတ်တယ်ဟုတ်”
“ အမျိုးသမီးရှင်း ရှင် ဒီစကားတွေပြောတော့ ရှင့်ရဲ့သိစိတ်က ပုံမှန်ဖြစ်နေတာတော့ မဟုတ်ဘူးမလား၊ အဲဒီလီမိသားစုရဲ့သခင်လေးက သုံးခါတောင် စေ့စပ်ခဲ့ပြီးပြီလေ၊ အခေါက်တိုင်း စေ့စပ်ထားတဲ့သူက မနေကောင်းရတာနဲ့၊ တခြားတစ်ယောက်နဲ့ လိုက်ပြေးသွားရတာနဲ့၊ ဒီလိုလူတစ်ယောက်ကို လက်ထပ်ဖို့အောင်သွယ်ပေးရဲ သေးတယ်နော်၊ တကယ်တည်း လူရယ်ခံရမှာမကြောက်ဘူးပဲ”
ပထမအောင်သွယ်တော်သည် ပြောလက်စကို ဖြတ်ပြောခံလိုက်ရသဖြင့် မကျေနပ်နိုင် ဖြစ်မည်က ပြောရန်မလိုချေ။ ထိုအခြင်းအရာထက် သူမသည် တစ်ဖက်လူက အလွန်ဝင့်ကြွားပြနေသည်ကို သည်းမခံနိုင်တော့ချေ။ ထို့ကြောင့် သရော်သည့်လေသံဖြင့် ပြောလိုက်တော့သည်။
အမျိုးသမီးရှင်းဟု ခေါ်သည့် အောင်သွယ်တော်က သူမ၏အခြေအနေမှာ တစ်စစီ ဖျက်ဆီးခံလိုက်ရသည်ကို မြင်လိုက်ရသဖြင့် အလိုလိုပင် မပျော်မရွှင်ဖြစ်သွားတော့သည်။ သူမက ပြန်လည်ချေပ ပြောဆိုတော့သည်။
“ ဒါက မိန်းကလေးဖက်က ကိစ္စလေ၊ သခင်လေးလီနဲ့ ဘာဆိုင်လို့လဲ၊ ကျွန်မနဲ့ပတ်သက်ပြီး ရှင့်မှာ ဘာပြောပိုင်ခွင့်ရှိလို့လဲ၊ ချန်မိသားစုရဲ့သခင်မ ဘယ်လောက် အစွမ်းရှိနေလို့လဲ ဟမ်၊ သူမက သဘောကောင်းတဲ့သူလို့ပြောပြီး ရှင်ဆက်တိုက်လိမ်လည်နေတာပဲ၊ ဖန်ရူဟွား ရှင် လူတွေကို ဒီလိုလိမ်နေတာ အသက်တိုမှာမကြောက်ဘူးလား”
“ ရှင်က ဘယ်သူ့ကိုလူလိမ်လို့ခေါ်နေတာလဲ”
“ရှင့်ကိုပေါ့”
နှစ်ဘက်က စတင် ရန်ဖြစ်တော့မည်ကို မြင်လိုက်ရပြီး စိတ်ရှုပ်ကာ ကသိကအောက်ဖြစ်သွားသည့် အမျိုးသမီးစုက အဒေါ်စုန့်ကို အရိပ်အခြည် မြန်မြန်ပြလိုက်ကာ သူတို့နှစ်ယောက်ကို လူခွဲလိုက်ပြီး အပြုံးတစ်ခုဖြင့် ငြင်းဆိုလိုက်တော့သည်။
“ အောင်သွယ်တော်နှစ်ယောက်ရဲ့ စေတနာကို ကျေးဇူးတင်ပါတယ် ဒါပေမဲ့ အခု ကျွန်မရဲ့ယိုကျင့်က ငယ်နေသေးတယ်၊ ကျွန်မ သူ့ကို နောက်ထပ် နှစ်နှစ်လောက် ခေါ်ထားချင်သေးတယ်”
ထိုအခါကျမှ အမျိုးသမီးရှင်းနှင့် အမျိုးသမီးဖန်တို့သည် ဣန္ဒြေပျက်သွားမှန်း သတိထားမိသွားတော့သည်။ သူတို့သည် ရှက်ရှက်နှင့် နှစ်ခါလောက် ချောင်းဟန့်လိုက်လေသည်။ အမျိုးသမီးရှင်းက မျက်နှာပြောင်ဖြင့် ပြုံးကာ ပြန်ပြောလိုက်လေသည်။
“ အကြီးဆုံးမမလေးက ဒီနှစ်ဆို ဆယ်ခြောက်နှစ် ပြည့်တော့မှာပဲ၊ သခင်မက သူ့ကို ဆက်ပြီး ခေါ်ထားချင်တယ်ဆိုရင် အခုလောလောဆယ် စေ့စပ်ထားမယ်ဆိုရင်ကော၊ နောက်မှ လက်ထပ်ကြပေါ့၊ အဲဒီချန်မိသားစုရဲ့ သခင်လေးက တကယ့်ကို ထိပ်တန်းအရည်အချင်းရှိသူတစ်ယောက်ပါ၊ အကြီးမမလေးက ဒီအခွင့်အရေးကို လွဲသွားရင် နှမြောစရာကြီး ဖြစ်နေလိမ့်မယ်”
“ ရှင်စေတနာနဲ့ တွေးပေးတာကို ကျေးဇူးတင်ပါတယ်၊ ဒါပေမဲ့ ကျွန်မတို့ ယိုကျင့်ရဲ့ အကျင့်စရိုက်တွေကလည်း အခုထိ ပြင်လို့ရသေးတာ မဟုတ်ဘူး၊ ကျွန်မက သူ့စိတ်ထားကို သွေးပေးဖို့ သူ့ကို နောက်ထပ်နှစ်နှစ်လောက် ခေါ်ထားချင်သေးတယ်၊ နောက်ပိုင်း အချိန်ကျလာမှ လက်ထပ်ဖို့ တိုင်ပင်ဖို့ ရှင်တို့နှစ်ယောက်ကို သေချာပေါက် လာရှာပါ့မယ်ရှင်”
အမျိုးသမီးစုသည် ခေါင်းကိုက်သွားသော်လည်း အောင်သွယ်တော်များကို စိတ်ဆိုးအောင် မလုပ်ရဲချေ။ နောက်ဆုံး ယိုရင်တစ်ယောက်သာ မိသားစုထဲတွင် စေ့စပ်ရသေးလေသည်။ ကျန်ခုနှစ်ယောက်က နောက်ပိုင်းတွင် တစ်ယောက်ပြီးတစ်ယောက် လက်ထပ်ဖို့ ရှာပေးရအုံးမည်။ သူတို့ကို ဒေါသထွက်အောင် လုပ်ခဲ့မိလျှင် လက်ထပ်ပွဲတစ်ခု ရှာဖွေဖို့က ခက်ခဲသွားပေလိမ့်မည်။
အောင်သွယ်တော်တို့၏ အလုပ်သဘောတွင် ဘယ်စကားကမှ အပြုံးမျက်နှာကို ပျက်သွားရစေသည် မရှိချေ။ သူတို့နှစ်ယောက်လုံးသည် စုမိသားစု၏ကိစ္စကို တာဝန်ယူချင်ပါသော်လည်း အမေဖြစ်သူက ကိစ္စကို ရှောင်လွှဲနေခဲ့သည်။ သူတို့က ဘာလုပ်နိုင်ပါမည်နည်း။ သူတို့သည် တခြားသူ၏သမီးကို အတင်းလက်ထပ်ခိုင်းလို့ မရနိုင်ပြီ မဟုတ်ပါလား။ နှစ်ယောက်သားသည် မတတ်သာတော့ဘဲ မကျေမနပ်ဖြင့် ပြန်လာရတော့သည်။
စုမိသားစုအိမ်တံခါးမှ ထွက်လာပြီးနောက် အမျိုးသမီးရှင်းက ဒေါသတကြီးဖြင့် စတင်ဝေဖန်တော့သည်။
“ နေပါအုံး ဖန်ရူဟွားရဲ့ ကျွန်မက ကိုယ့်အလုပ်ကို လုပ်နေတာလေ ရှင်က ဘာပြဿနာလာရှာနေတာလဲ”
“ ကျွန်မက ပြဿနာရှာတယ်ဟုတ်လား၊ လူတွေကို လိမ်နေတာက ရှင်လေ”
အောင်သွယ်တော်တစ်ယောက်အနေဖြင့် သူတို့၏ပါးစပ်သည် အဘယ်မှာ အသုံးမကျဘဲ ရှိပါမည်နည်း။ အမျိုးသမီးဖန်က အလိုလိုပင် အကျောမခံဘဲ ပြန်ပက်ပြောလိုက်တော့သည်။
“ချန်မိသားစု မိန်းမက ဘယ်လောက် အစွမ်းရှိနေလို့လဲ၊ သူ့ယောက်ျားက ကိုယ်လုပ်တော်တစ်ယောက် ယူချင်လို့ သေလုနီးပါး ရိုက်ခံလိုက်ရတာလေ၊ ရှင်က တခြားလူတွေကို ဒီလို လိမ်စားနေတာ ဒါက မကောင်းတဲ့ရည်ရွယ်ချက်မဟုတ်ရင် ဘာလဲ”
တံခါးကို ဖြည်းဖြည်းချင်း ပိတ်လိုက်သည့် ဦးလေးဝမ်သည် တံခါးအပြင်ဘက်တွင် အငြင်းပွားနေကြသည့် အောင်သွယ်တော်နှစ်ယောက်၏အသံကို ကြားနေရလေ။ သူသည် မနေနိုင်တော့ဘဲ ခေါင်းခါရင်း သက်ပြင်းချလိုက်တော့သည်။ မိန်းမတွေက တကယ့်ကို ကြောက်စရာကောင်းတာပဲ။
***
တချို့လူတွေက အကြီးမမလေးကို မျက်စိကျနေကြတာလေ။ တတိယမမလေးကို သဘောကျတဲ့ လူတွေလည်းရှိသေးတယ်။ အတိအကျပြောရရင်တော့ စုကျားရှန်းကို မျက်စိကျနေကြတာပေါ့လေ။
စုမိသားစုရဲ့တတိယမမလေးက စုကျားရှန်း မီးဖိုဆောင်ကို တာဝန်ယူထားရတာက လျှို့ဝှက်ချက်မှ မဟုတ်ပဲ။ စုကျားရှန်း ပိုပြီးအောင်မြင်လာတာကို လူအများကြီးက မြင်ခဲ့ပြီးသားပဲ။ နောက်ထပ်ဆိုင်ခွဲ ဖွင့်လိုက်တာတောင် ဆိုင်ခွဲကလည်း ရောင်းကောင်းနေတုန်းပဲ။ အခုဆိုရင် စုကျားရှန်းက လော့ဟယ်မြို့ရဲ့ မုန့်လောကမှာ ထိပ်ဆုံးရောက်လာပြီလေ။ တချို့လူတွေ တတိယမမလေးကို စပြီး မျက်စိကျလာတော့တာပေါ့။ ဒီလိုဝင်ငွေ ရှိနေသ၍တော့ ဒီလိုချွေးမကို လက်ထပ်ရတာက ချမ်းသာခြင်းနတ်ဘုရားကို လက်ထပ်လိုက်တာ အတူတူပဲကိုး။
ဒါပေမဲ့ စုမိသားစုရဲ့ အကြီးဆုံးမမလေး မင်္ဂလာဆောင်ကိုတောင် မပြင်ဆင်ရသေးဘူး။ တတိယမမလေးက အကြီးဆုံးမမလေး နှစ်နှစ်ငယ်တယ်။ ဒါက ပိုပြီးမျှော်လင့်ချက် မဲ့တာပဲလေ။ ဒါကြောင့်....
“ အမလေးဗျ ချမ်းသာပေးပါ သူရဲကောင်းမလေး”
စုကျားရှန်ဆိုင်ခွဲ၏ နောက်ဖေးလမ်းကြားထဲတွင် မာထန်သည့်မျက်နှာထားနှင့် လူဆိုးနှစ်ယောက်က တစ်ယောက်ထဲ ထွက်လာသည့်ပစ်မှတ်ကို လမ်းပိတ်ကာ တားလိုက်လေသည်။ သူတို့သည် သူတို့ကို ငွေပေးကာ အလုပ်ပေးထားသည့် အလုပ်ရှင်အတွက် မိန်းမလှလေးကို ကယ်ဆယ်ခွင့် မပေးလိုက်နိုင်ခင်မှာပင် သူတို့သည် မြေကြီးပေါ်၌ အလူးအလဲ ရိုက်ခံထားရနှင့်ပြီး ဖြစ်တော့သည်။
လက်ရာမြောက်သည့် ပန်းထိုးဖိနပ်က အတူတူလုံးထွေးနေပြီးသား လူဆိုးနှစ်ယောက်၏ကျောပေါ် တက်နင်းထားလေသည်။ ယိုကျူးက ချွဲနွဲ့သည့်ဟန်ဖြင့် ပြုံးလိုက်ပြီး
“ နင်တို့နှစ်ယောက်က ငါ့ကို ဘာလုပ်ချင်တာလဲ”
သူမသည် အလွန်စိတ်လှုပ်ရှားနေတော့သည်။ ဒါသည် သူမ၏ပထမဆုံး လက်တွေ့တိုက်ခိုက်ခြင်းပင်။ သူမသည် သက်တော်စောင့်ခေါင်းဆောင်နှင့် တိုက်ခိုက်တိုင်း အမြဲတမ်းရှုံးခဲ့မှန်း အားလုံး အသိပင်။ ထို့ကြောင့် တိုက်ခိုက်ခြင်းတွင် အနိုင်ရခြင်းက လူကိုလန်းဆန်းတက်ကြွသွားသလို ခံစားလိုက်ရတော့သည်။
“ ကျွန်တော်တို့ ညီအစ်ကိုနှစ်ယောက် ထိုက်တောင်ကြီးကို မမှတ်မိလို့ပါ သူရဲကောင်းမလေး ကျေးဇူးပြုပြီး ကျွန်တော်တို့ အသက်ကို ချမ်းသာပေးပါဗျာ”
ကျောကို နင်းခံထားရသည့် လူဆိုးသည် ရင်ဘတ်ထဲတွင် နာကျင်မှုကိုသာ ခံစားလိုက်ရတော့သည်။ သူ့ပါးစပ်နှင့် နှာခေါင်းထောင့်များကလည်း နာကျင်နေ၏။ သည်လို နူးညံ့သိမ်မွေ့သည့် မိန်းမငယ်လေးက သည်လောက်ရက်စက်လိမ့်မည်ဟု မည်သူက ထင်ထားပါမည်နည်။
သူတို့သည် သူမကို မလုပ်ရန်သာ ပြောနိုင်တော့သည်။ မျက်စိတစ်မှိတ်အတွင်း သူသည် အရင်ဆုံး နှာခါင်းကို ထိုးခံလိုက်ရလေသည်။ သူ မတုံ့ပြန်နိုင်ခင်မှာပင် ရင်ဘတ်ကို ကန်ခံလိုက်ပြီး မြေကြီးပေါ်သို့ ကျသွားတော့သည်။ သူ မထရသေးခင်မှာပင် သူ့မျက်နှာကို ယောင်ကိုင်းလာသည်အထိ အရိုက်ခံလိုက်တော့သည်။ ဒါက မိန်းမငယ်လေးရော ဟုတ်ရဲ့လား။ သူမက မိန်းမလူသ-တ်သမားတစ်ယောက် ကြီးပါဟ။
အောက်တွင် ဖိခံထားရသည့် နောက်လူဆိုးတစ်ယောက်မှာ ထိုးကြိတ်မှုများများစားစား မခံရချေ။ သို့တိုင် သူသည်လည်း သူ့အမြစ်လေးက မိန်းမငယ်၏ အင်အားအပြည့်ဖြင့် ကန်ခံထားရလေသည်။ အခုတော့ သူသည်မြေပေါ်တွင် ပြိုလဲနေပြီး မထနိုင်တော့ချေ။ ထိုလူ၏မျက်ရည်များသည် အစောကတည်း ခြောက်သွေ့သွားပြီဖြစ်သည်။ အလွန်နာကျင်လွန်းသဖြင့် စကားတစ်ခွန်းပင် မပြောနိုင်တော့ချေ။
ထိုသခင်လေးက သူတို့ညီအစ်ကိုနှစ်ယောက်ကို မိန်းမငယ်လေးအား လမ်းပိတ်ပေးရန် ငွေလျန်၂စ သာ ပေးခဲ့သည်။ သူသည် မိန်းမငယ်လေးက ကွန်ဖူးတတ်သည့်အကြောင်းကို ကြိုမပြာပြခဲ့ချေ။ မှားလေခြင်း။ တကယ်ကို မှားမိလေခြင်းပင်။
ယိုကျူးက အပြုံးတစ်ခုဖြင့် သူမ၏မျက်လုံးများကို ကျဥ်းမြောင်းထားသည်။ သူမ၏ခြေထောက်ကို ပြန်ရုပ်လိုက်ပြီး ကိုယ်ကိုညွှတ်ကာ အပေါ်စီးမှ ထိုလူဆိုးကို ကြည့်လိုက်ပြီး
“ နင်တို့တွေ ငါ့လမ်းကို ပိတ်ထားတာ ပိုက်ဆံလုဖို့လား စော်ကားဖို့လား”
ဒါသည် သူမအတွက် လုယက်မှုကို ပထမဆုံး တွေ့ကြုံရခြင်းဖြစ်ပြီး ပျော်စရာကောင်းသည်ဟု ခံစားမိတော့သည်။
“ မဟုတ်ပါဘူး မဟုတ်ပါဘူး မဟုတ်ရပါဘူးဗျာ ကျွန်တော်တို့မှာ မိန်းကလေးအပေါ် ဘာစိတ်မှ မရှိရဲပါဘူး၊ တစ်ယောက်ယောက်က ကျွန်တော်တို့ကို ငွေပေးပြီး ငှားခဲ့တာပါ”
ထိုလူဆိုးများသည် အခြေခံကျင့်ဝတ်ပင် မရှိချေ။ တွေဝေမနေဘဲ သူ့အလုပ်ရှင်ကို သစ္စာဖောက်လိုက်တော့သည်။
“ သခင်လေးတစ်ယောက်က ကျွန်တော်တို့ကို ငွေလျန် ၂စပေးပြီး မိန်းကလေးကို အခက်တွေ့အောင် လုပ်ခိုင်းခဲ့တာပါ ဒါမှ သူက မိန်းမလှလေးကို ကယ်ပေးမဲ့ သူရဲကောင်းဖြစ်မှာတဲ့၊ မထင်ထားမိတာက သူရဲကောင်းမလေးက သိုင်းပညာတတ်နေတယ်.....”
ယိုကျူး၏ညာဘက်လက်သည် လက်သီးဆုပ်ထားသည့် ဘယ်ဘက်လက်ကို ပွတ်သပ်ရင်း သူမ၏အပြုံးက ပိုပြီးတောက်ပလာလေသည်။
“ ဪ အဲလိုလား၊ ဒါဆို ငါ့ရဲ့သူရဲကောင်းက ဘယ်မှာလဲ၊ သူ ဘာလို့ ထွက်လာပြီး ငါ့ကို မကယ်သေးတာလဲ”
‘သူရဲကောင်းက မိန်းမလှလေးကို ကယ်ခြင်း’ဆိုတဲ့ ပုံပြင်ဟောင်းကိုများ ထုတ်လာပြီး ဟန်ပြရဲသေးသတဲ့လား။ တကယ် ရယ်စရာကောင်းလိုက်တာ။
“ တကယ် တကယ်ပြောတာပါ”
သူမ၏မျက်နှာပေါ်တွင်မကျေနပ်သည့်အမူအရာနှင့် လက်သီးဆုပ်များကို မြင်လိုက်ရသဖြင့် လူဆိုးနှစ်ယောက်က တံတွေးကို ခက်ခက်ခဲခဲ မျိုချလိုက်တော့သည်။ ကျေးဇူးပြုပြီး ထပ်မလုပ်ပါနဲ့တော့ဗျာ။ မဟုတ်ရင် လုပ်အားခ ၂လျန်က ဆေးဖိုးနဲ့တင် လောက်မှာ မဟုတ်တော့ပါဘူး။ နောက်ဖေးလမ်းကြား အဝင်ဘက်သို့ လက်ညှိုးထိုးပြကာ သူက ပြောလိုက်လေသည်။
“ အဲဒီသခင်လေးရဲ့ ဘယ်ဖက်ပါးပေါ်မှာ ပဲစေ့အရွယ် မှဲ့တစ်လုံး ရှိတာပဲ ကျွန်တော် သိတယ်၊ သူပြောတော့ ကျွန်တော်တို့တွေ မမလေးကို လမ်းပိတ်ထားနိုင်ရင် သူ ထွက်လာမယ်တဲ့”
ယိုကျူးက လက်ခုပ်တီးလိုက်ပြီး လူရှင်းနေသည့် နောက်ဖေးလမ်းကြာလေးကို ကြည့်ကာ လက်ယက်ပြလိုက်လေသည်။
“ သိပြီ နင်တို့သွားတော့ နောက်ဆို အဲလောက် မကန်းကြနဲ့၊ မဟုတ်ရင် နင်တို့တွေကို အခုလို လွယ်လွယ်လေးနဲ့ အလွှတ်ပေးမှာမဟုတ်တော့ဘူး....”
သူမ၏မျက်နှာပေါ်က ညစ်ကျယ်ကျယ်အပြုံးကို ကြည့်ရင်း လူဆိုးနှစ်ယောက်သည် ကျောချမ်းသွားကြတော့သည်။ အချင်းချင်း တွဲထူရင်း ကြောက်တတ်သည့်ကြောင်တစ်ကောင်လို မြင်ကွင်းထဲမှာ မြန်မြန် ပြေးထွက်သွားကြတော့သည်။
သူရဲကောင်းလေးကတော့ သူသည် ယိုကျူး စတင်တိုက်ခိုက်ချိန်ကတည်း အဝေးမှ ချောင်းကြည့်နေခဲ့လေသည်။ သူမသည် လူဆိုးနှစ်ယောက်ကို ရှင်းလိုက်ပြီးမှတော့ သူက သူတို့နှင့် သွားပေါင်းလို့ ဘာလုပ်ရအုံးပါမည်နည်း။
သူ့အစေခံနှင့် ထွက်ပြေးသွားပြီးနောက် ဝေတာ့လန်သည် လက်ဘက်ရည်ဆိုင်တွင် ထိုင်ကာ သက်ပြင်းချနေလေသည်။
“ တော်ပါသေးရဲ့ တတိယမိန်းကလေးစုက ကျားမ ဖြစ်နေတာ ကြိုသိလိုက်ရပေလို့ပဲ၊ ဒီလိုလူမျိုးကို မိသားစုထဲ ခေါ်ဝင်မိရင် နောက်ဆို သူမရဲ့ အမျိုးသမီးအင်အားကို သုံးပြီး နေ့တိုင်း ကြွားလုံးထုတ်နေတော့မှာမလား”
ဝေမိသားစုသည် စားသောက်ဆိုင်လုပ်ငန်း လုပ်ကိုင်သည်။ ဝေတာ့လန်သည် သတင်းကို ဘယ်ကရခဲ့သည် မသိပေ။ သူသည် စုမိသားစု၏ တတိယမမလေးကို မျက်စိကျနေတော့သည်။ သို့သော် သည်အခိုက်တန့်တွင်တော့ သူသည် ခေါင်းအစ ခြေအဆုံး ကျေးဇူးတင်ရမည်။ သူ့ခန္ဓာကိုယ်သည် နူးညံ့သိမ်မွေ့ကာ စျေးကြီးလေသည်။ သူသည် ကျားမ တစ်ကောင်ကို လက်ထပ်ခဲ့မိလျှင် အနာဂတ်တွင် ယောက်ျားအာဏာကို ထိန်းထားနိုင်ပါအုံးမည်လား။ သူသည် ထိုအကြောင်းကို စဥ်းစားလေလေ ပိုပြီး ဝမ်းသာလာလေလေ ဖြစ်နေတော့သည်။ သို့သော် သူ မသိလိုက်သည်က ဝမ်းသာစောလွန်းနေခြင်းပင်။
နွေဦးအစောပိုင်းဖြစ်သော်လည်း အနည်းငယ် အေးစိမ့်နေသေးသည်။ သို့သော် ဝေတာ့လန်သည် သူ့ကိုယ်သူ ချစ်စရာကောင်းသည်ဟုတွေးလိုက်ရင်း သူ့ခေါက်ယပ်တောင်ကို တဖျပ်ဖျပ် ခတ်နေလေသည်။ သူသည် ဖြတ်သွားဖြတ်လာ မိန်းမလှလေးများကို ငေးကြည့်ရင်း မိန်းမငယ်လေးတစ်ယောက်က သူ့ကို ခပ်ရှက်ရှက် ရှောင်သွားလိုက်ချိန်တွင်တော့ ညစ်ညမ်းသည့် အပြုံးတစ်ခု ပေါ်လာတော့သည်။ ထို့နောက် သူက နောက်ပစ်မှတ်တစ်ခုကို ဆက်ရှာဖွေလိုက်လေသည်။ ပျော်စရာကောင်းလေစွ။
သို့သော် သူ့ပျော်ရွှင်မှုက ကြာကြာမခံလိုက်ပေ။ ဒုတိယညနေခင်း လမ်းကြားလေးတစ်ခုကို ဖြတ်လာချိန်၌ သူသည် လမ်းကြားလေးထဲသို့ ဆွဲခေါ်သွားခံလိုက်ရတော့သည်။ ထို့နောက် သူ့ကိုယ်တွင် အိတ်တလုံးစွပ်ခံလိုက်ရကာ ရိုက်နှက်ခံရတော့သည်။ သူ့ကို ရိုက်နှက်နေသည့် လူမှာ သူမ၏သရုပ်မှန် ပေါ်သွားမည်ကို မကြောက်ပေ။ ရိုက်ရင်းနှက်ရင်း သူမသည် ဒေါသထွက်ထွက်ဖြင့် ပြောဆိုလေတော့သည်။
“ သူရဲကောင်းက မိန်းမလှလေးကို ကယ်ချင်တယ်ပေါ့လေ ဟုတ်လား၊ စမ်းကြည့်လိုက်စမ်းပါ”
ရိုက်ချက်များသည် မြန်ဆန်ပြီး ရက်စက်လေသည်။ သူသည် နေရာတိုင်းတွင် ညိုမည်းပွန်းပဲ့နေပြီး ခံနိုင်စွမ်းမရှိတော့ပေ။
စုမိသားစု၏အစောင့်များက တတိယမမလေး ကိုယ့်ဟာကိုယ် မတော်တဆ ပြန်ထိခိုက်မိမည်စိုးသဖြင့် သူတို့သည် မမလေးအပေါ် မကောင်းသည့်စိတ်ထားခဲ့သည့် သည်ငနဲကို အတင်းဖိထားရင်း ဂရုတစိုက် ရှောင်တိမ်းလိုက်လေသည်။ သူတို့သည် စိုးရိမ်ရသလို ကျေနပ်နေကြလေသည်။ တတိယမမလေးက ဒီနေရာမှာတော့ ဆရာကြီးပဲ။ ကြည့်လေ ဒီကန်ချက်က ဘယ်လောက်တောင် ပြင်းလိုက်သလဲ။ ဒီဘယ်ဖက်ဝိုက်လက်သီးက ဘယ်လောက်တောင် အားပါလိုက်သလဲ။ သူမကတော့ ပိုပိုပြီး သူရဲကောင်းဆန်လာပြီ။
ကျေနပ်အားရအောင် ရိုက်နှက်လိုက်ပြီးနောက် ယိုကျူးသည် သူမ၏နာနေသည့်လက်ကို ခါလိုက်ပြီး ခါးကို ဆန့်လိုက်ကာ အိတ်ထဲတွင် ထုပ်ထားသည့် အမှိုက်ကို လှမ်းကြည့်လိုက်လေသည်။ သူမက ပြောလိုက်၏။
“ တော်ပြီ၊ သူ့ကို ဝေ့မိသားစုဆီ ပို့ပေးလိုက်ကြ၊ သခင်လေးဝေက ဘယ်သူ့ကို အပြစ်ပြုမိမှန်းမသိပါဘူး၊ အသက်ပြင်းပြင်းတောင် မရှူနိုင်လောက်အောင် ရိုက်ခံထားရတယ်၊ ငါတို့စုမိသားစုက မတရားတာ မြင်လို့ ဓားဆွဲပြီး အကူအညီပေးလိုက်ပြီးပြီ၊ ဒါက ဒီအတိုင်း ကူညီပေးလိုက်တာပဲ၊ ဝေမိသားစုက ပေးလာမဲ့ ကျေးဇူးဆပ်တဲ့ လက်ဆောင်တွေကို ယူလာစရာမလိုဘူးနော်”
ထိုသို့ပြောလိုက်ပြီးနောက် သူမသည် အမျိုးသမီးတို့၏အပြုအမူကို ဂရုမစိုက်ဘဲ ထိုလူကို ဖွီးခနဲ ထွေးလိုက်ပြီး အစေခံမလေးနှင့် လှည့်ထွက်သွားလေတော့သည်။
…