အခန်း ၁၃၂
Vol. 9 Ch. 132
အပိုင်း (၁၃၂) ဒါတွေအားလုံးက မုန့်ကြောင့်
“ မင်းရဲ့မောင်ဝမ်းကွဲက အသက်အရမ်း မကြီးသေးပေမဲ့ သူက ကြံ့ခိုင်ပြီး ရင့်ကျက်တယ်၊ သူ တစ်ကြိမ်ထဲနဲ့ အောင်နိုင်ပါတယ်”
ဟယ်ဟောက်သည် စုမိသားစုအတွက် အာမခံစာရွက်ကို ကိုယ်တိုင်လာပို့ပေးပြီး ပင်မခြံဝင်း၏ ဧည့်ခန်းထဲတွင် ယိုကျင့်နှင့် စကားစမြည် ပြောနေလေသည်။ အခုတော့ ဟယ်မိသားစု၏ဘဝသည် ပိုကောင်းသည်ထက် ကောင်းလာလေသည်။ ဆိပ်ကမ်းဘေးက စားသောက်ဆိုင်လေသည် အလွန်ပင် စီးပွားရေးကောင်းလေသည်။ ဟယ်မိသားစုသည် တစ်နှစ် နှစ်နှစ်အတွင်း သည်စားသောက်ဆိုင်လေးကို အားကိုးကာ ငွေအများအပြား ရှာနိုင်ခဲ့သည့်အပြင် စိုက်ပျိုးမြေ ဧက၂၀နီးပါ စုနိုင်ခဲ့လေသည်။ သူတို့သည် နှစ်ရှည်အလုပ်သမားများပင် ငှားထားလေသည်။ ထိုအခြင်းအရာထက် ဟယ်ရွှမ်းဟိုင်သည် မနှစ်က ဆောင်းဦးစာမေးပွဲတွင် ရှို့ချိုင်တစ်ယောက် ဖြစ်လာခဲ့သည်။ ဝူလီချောင်တွင် ဟယ်မိသားစု၏ အဆင့်အတန်းကလည်း မြင့်သည်ထက် မြင့်လာခဲ့သည်။ စုမိသားစုနှင့် မယှဥ်နိုင်သော်လည်း ဝူလီချောင်က လူများ၏မျက်လုံးကို ဆွဲဆောင်ထားနိုင်သေးသည်။
အာမခံစာကို လက်ခံလိုက်ပြီး မှန်မမှန်စစ်ဆေးလိုက်ပြီးနောက် ယိုကျင့်က အစေခံတစ်ယောက်ကို ခေါ်ကာ ထိုစာကို ရုံးတော်သို့ သွားပို့လိုက်ပြီး သူမကိုယ်တိုင်က ဟယ်ဟောက်ကို ဧည့်ခံလိုက်လေသည်။
“ အခုတလော ဆိုင်က အရမ်းအလုပ်များနေတာကို ကျွန်မက ဦးလေးကို ကိုယ်တိုင်လာခိုင်းမိတော့ ဒုက္ခများသွားပါပြီ”
စုမိသားစုတွင် နေထိုင်စဥ် တတိယမိသားစုကို အပြင်ဘက်လောကတွင် သူတို့သည် ဝမ်းကွဲဆွေမျိုးများဟု ပြောထားလေသည်။ ဒါသည် ခဏခဏ ရှင်းပြရမည့်ကိစ္စကို ရှောင်ရှားနိုင်ခဲ့သည်။
ဟယ်ဟောက်သည် ဝမ်းသာပျော်ရွှင်ကာ ရယ်မောလိုက်ပြီးနောက် ပြန်ပြောလိုက်လေသည်။
“ ငါလုပ်ပေးနိုင်တာက ကိစ္စသေးသေးလေးပါ၊ ငါ့မိသားစုကို ထောက်ပံ့ပေးနိုင်တယ်ဆိုရုံလောက်ပါပဲ၊ ဘာက အဲလောက်တော်နေလို့လဲ”
စုမိသားစုသည် သည်နှစ်တွက် စားသောက်ဆိုင်အသစ်တစ်ခု ဖွင့်ထားမှန်း သိထားပြီး အဝေးမှ အကြိမ်အနည်းငယ် ဖြတ်သွားခဲ့ဖူးလေသည်။ နေရောင်အောက်က ရွှေချထားသည့်ဆိုင်းဘုတ်သည် မရေမတွက်နိုင်သည့် လူများ၏မျက်လုံးကို ကျိန်းသွားစေသည်။ သူသည် တစ်ဖက်လူနှင့် အဘယ်မှာ ယှဥ်ပြိုင်ရဲပါမည်နည်း။
ယိုကျင့်က ဟယ်ဟောက်နှင့် အချိန်တော်တော်ကြာအောင် စကားစမြည်ပြောလိုက်ပြီးနောက် သူ့ကို စုမိသားစုအိမ်တံခါးအထိ ကိုယ်တိုင် လိုက်ပို့ပေးလိုက်လေသည်။
“ ဒီအထိ ရောက်လာပေးလို့ ဦးလေးသူကြီးကို ကျေးဇူးတင်ပါတယ်ရှင် “
သူမသည် အစေခံဆီက မုန့်ဘူးကို ယူလိုက်ပြီး ဟယ်ဟောက်အား ကမ်းပေးလိုက်လေသည်။
“ဒီမုန့်တွေက အိမ်မှာလုပ်ထားတာ၊ အဒေါ်နဲ့ ညီမလေးရှောင်နင်တို့ စားကြည့်ဖို့ ယူသွားပါနော်၊ ဦးလေးသူကြီး မကြိုက်မှာတော့ စိုးမိပါတယ်”
ဟယ်ဟောက်သည် စုကျားရှန်းကို မည်ကဲ့သို့ မကြားဖူးဘဲ နေမည်နည်း။ သူက စုကျားရှန်းကမုန့်ကို မကြိုက်ဘဲ အဘယ်မှာရှိပါမည်နည်း။ ပြီးခဲ့သည့် နှစ်အတွင်း သူ့အဆက်အသွယ်နှင့် စုမိသားစုအပေါ် နားလည်မှုအရ ယိုကျင့်သည် ပေးသည့်ပစ္စည်းကို ဘယ်တော့မှ ပြန်ယူတတ်သူ မဟုတ်ချေ။ ထို့ကြောင့် သူက ဝမ်းသာစွာဖြင့် လက်ခံလိုက်ပြီး မုန့်ဘူးနှင့် ဝူလီချောင်းသို့ ပြန်လာခဲ့တော့သည်။
ဝူလီချောင်ရွာအဝင်တွင် တချို့သော အားလပ်နေသည့်ရွာသားများက သူကြီးက မုန့်ဘူးတစ်ခုနှင့် မြစ်အနောက်ဘက်မှ ပြန်လာသည်ကို မြင်လိုက်သဖြင့် စုမိသားစုက သူ့ကို ပစ္စည်းကောင်း ပေးလိုက်မှန်း သိလိုက်လေသည်။ ထိုအရာကို မကြည့်နိုင်သည့် တချို့လူများက အတင်းပြောကြတော့သည်။
“ ဘာသူကြီးလဲဟယ် သူက စုမိသားစုက မိန်းမတွေ မွေးထားတဲ့ ခွေးနဲ့ မတူဘူးလား၊ တစ်ခုခု ကောင်းတာရှိရင် သူ့မှာ လူချမ်းသာတွေကို ဖားယားပြီး သွားပို့ပေးရတာနဲ့၊ တကယ်ရှက်စရာကောင်းလိုက်တာ”
တချို့က အတင်းပြောနေကြစဥ် တချို့ကတော့ ပိုပြီး အားကျနေကြလေသည်။ အခုဆို စုမိသားစုက ဘယ်လောက်တောင် ချမ်းသာနေကြပြီလဲ။ အဝေးကနေကြည့်ရင်တောင် နေ့တိုင်းဝင်ထွက်နေတဲ့ လှည်းကာ ၅စီး ၆စီးရှိတယ်။ ကျန်တာတွေတော့ ပြောမနေနဲ့တော့။ တခြားဟာတွေ မပြောနဲ့အုံး သူကြီးက သူတို့နဲ့ ဆက်ဆံရေးကောင်းတယ်။ ဆိပ်ကမ်းနားက ဆိုင်ကို ဟယ်မိသားစုဆီ ပေါက်စျေးရဲ့ ၃၀%လျှော့ပြီး ငှားထားပေးတာတဲ့။ ဟယ်မိသားစုကို ကြည့်လိုက်။ နှစ်နှစ်ပဲ ရှိသေးတယ် သူတို့တွေ မြေကောင်းတွေလည်း ဝယ်ပြီးပြီ ကျယ်ဝန်းတဲ့ သုံးခန်းတွဲ ခမ်းနားတဲ့ အပြာရောင်အုတ်ခံအိမ်လည်း ဆောက်ပြီးပြီ။ ဘယ်သူက အားမကျဘဲ နေမှာတဲ့လဲ။
ဟယ်ဟောက်သည် အားကျနေသည့် ရွာသားများပြောစကားကို ဂရုမစိုက်ချေ။ သူသည် စုမိသားစုနှင့် ဆက်ဆံရေး ကောင်းသော်လည်း သူသည် သမာသမတ်ကျပြီး မတရားပြောခံရမည်ကို မကြောက်ချေ။ ဘာကို ကြောက်ရပါမည်နည်း။ ရွာသားများကို ခေါင်းညိတ်ပြကာ နှုတ်ဆက်လိုက်ပြီးနောက် သူသည် စုမိသားစုက ပေးလိုက်သည့် လက်ဆောင်မုန့်ဘူးနှင့်အတူ အိမ်ထဲဝင်သွားလိုက်တော့သည်။
“ အဖေ အစ်မယိုကျင့်တို့အိမ် သွားခဲ့တာလား”
ဟယ်ရှောင်နင်သည် ဟယ်ဟောက်အတွက် တံခါးဖွင့်ပေးရန် ထွက်လာပြီး သူ သယ်လာသည့် မုန့်ဘူးက မနှစ်က စုမိသားစုမှယူလာသည့် နှစ်သစ်ကူးဘူးနှင့် တူနေသည်ကို တွေ့လိုက်ရပြီး ဟယ်ရှောင်နင်မှာ သွားရည်များ ကျလာတော့သည်။ သူမအဖေ၏လက်ထဲက ဘူးကိုချောင်းကြည့်လိုက်ပြီးနောက် သူမက မေးလိုက်လေသည်။
“ အစ်မယိုကျင့်က အဖေ့ကို ဘယ်လိုအရသာရှိတဲ့ဟာတွေ ထည့်ပေးလိုက်ပြန်တာလဲ”
“ မျောက်မလေး”
ဟယ်ဟောက်က သူ့သမီး၏ ခေါင်းကို ပုတ်လိုက်ပြီး မုန့်ဘူးကို လှမ်းပေးလိုက်ကာ သွားများ ပေါ်သည်အထိ ပြုံးပြလိုက်လေသည်။
“ နင် ၁၃နှစ်အရွယ်မိန်းကလေး ဖြစ်နေပြီနော် အခုထိ အစားမက်နေတုန်းပဲ၊ ဘယ်နေပြန်ဝင်စားလာတဲ့လဲ၊ အစားသရဲလား ဘာလဲ”
ဟယ်ဟောက်သည် သားတစ်ယောက်နှင့် သမီးတစ်ယောက်သာ ရှိလေသည်။ အကြီးဆုံးသား ဟယ်ရွှမ်းဟိုင်သည် ပြီးခဲ့သည့် နှစ်စတွင် လက်ထပ်ခဲ့ပြီး မနှစ်က ဆောင်းဦးစာမေးပွဲတွင် ရှို့ချိုင်တစ်ယောက် ဖြစ်လာရာ ပျော်ရွှင်မှုက နှစ်ဆဖြစ်လာတော့သည်။ အခုတော့ နှစ်လ သုံးလအတွင်း ဟယ်မိသားစုတွင် တတိယမျိုးဆက်တစ်ယောက် ရှိတော့မည်။ သည်နှစ်တွင် အသက်ဆယ့်သုံးနှစ် ပြည့်သွားသည့် အငယ်ဆုံးသမီးအနေဖြင့် သူမသည် ငယ်ငယ်ကတည်းက အလိုလိုက်ခံထားရပြီး သိမ်မွေ့ကာ ချစ်စရာကောင်းလေသည်။ ဟယ်ဟောက်သည် နောင်တစ်ချိန်တွင် သူမသည် လက်ထပ်ပြီး ခမည်းခမက်အိမ်ရောက်သွားချိန်တွင် မည်မျှ ခံစားရမည်နည်းဟု သမီးဖြစ်သူ၏ မရင့်ကျက်မှုကို သာ စိုးရိမ်နေရတော့သည်။
ဟယ်ရှောင်နင်သည် အပေါ်ဘက်အခန်းသို့ သူမအဖေနောက် လိုက်သွားကာ ခုတင်ပေါ်က စားပွဲပေါ်တွင် မုန့်ဘူးကို တင်လိုက်ကာ ဘူးကို ဖွင့်လိုက်ပြီးနောက် နူးညံ့ပြီး အရသာရှိသည့် မုန့်အပြည့်ကို တွေ့လိုက်ရတော့သည်။ သူမသည် သွားရည်များပင် ထွက်လာတော့သည်။ သူမသည် အဖေဖြစ်သူ တွေးနေသည့်အရာကို အဘယ်မှာ သိပါလိမ့်မည်နည်း။
သူမသည် ကွေ့ဟွားမုန့်တစ်ပိုင်းကို ဖဲ့လိုက်ပြီးနောက် သူမ၏ပါးစပ်ထဲသို့ ထည့်လိုက်လေသည်။ ပါးစပ်ထဲတွင် အရည်ပျော်သွားသည့်ကွေ့ဟွားမုန့်သည် အနံ့အရသာ ထွက်လာတော့သည်။ ကွေ့ဟွာပန်းနံ့ သင်းသင်းလေးက ပါးစပ်ထဲတွင် ပျံ့သွားလေသည်။ ဟယ်ရှောင်နင်သည် သူ့အရသာကြောင့် လျှာကိုက်မိလုနီးနီး ဖြစ်သွားတော့သည်။ နှစ်ကိုက် သုံးကိုက်ထဲနှင့် သူမသည် တစ်ခုလုံးကုန်သွားတော့သည်။ ရေသောက်နေသည့် သူမ၏အဖေကို ကြည့်လိုက်ပြီးနောက် ပြောလိုက်၏။
“ အဖေရော စားအုံးမလား၊ ပြီးခဲ့တဲ့ နှစ်ရက်လောက်တုန်းက ယောက်မကြီးက ပြောနေတာ သူခံတွင်းမတွေ့ဘူးတဲ့၊ သမီး သူ့ကို စမ်းစားကြည့်ခိုင်းဖို့ နည်းနည်းသွားပို့လိုက်မယ်”
“ ညီမလေး ဒါကို ဝယ်ခဲ့တာလား”
ဟယ်ရွှမ်းဟိုင်သည် သူ့ကျောင်းက ဆရာလျိုမိန်းမ၏ တူမလေးနှင့် လက်ထပ်ခဲ့လေသည်။ သူမ၏နာမည်မှာ လျန်ဟွားအာ ဖြစ်သည်။ လျန်ဟွားအာ၏ မိဘနှစ်ဦးလုံးသည် သူမ ငယ်ငယ်ကတည်းက ဆုံးပါးသွားခဲ့သည်။ သူမသည် ဆရာလျိုမိန်းမဘက်က တူမလေးဖြစ်သော်လည်း ဆရာလျိုက သူမကို သမီးအရင်းကို ကျွေးမွေးစောင့်ရှောက်ပေးခဲ့သည်။ လျန်ဟွားအာသည် အပျိုအရွယ် ရောက်လာတော့ ဆရာလျိုအား အစားအသောက်ပို့ပေးရင်း ကျောင်းသို့ မကြာခဏ ရောက်လာတတ်သည်။ တဖြည်းဖြည်းနှင့် သူမသည် ချောမောလှသည့် ဟယ်ရွှမ်းဟိုင်ကို တစ်ဖက်သတ်အချစ်များ တိုးလာခဲ့လေသည်။ ထို့ကြောင့် ဆရာလျိုက ထိုစိတ်ကူးမျိုး ရလာချိန်တွင်တော့ လျန်ဟွားအာသည့် ပျော်ရွှင်မိသလို ရှက်ရွံ့မိခဲ့သည်။ သူမသည် သည်လက်ထပ်ပွဲကို သဘောတူလိမ့်မည်က ပြောရန်ပင် မလိုချေ။
လျန်ဟွားသည် အတွေးလွန်တတ်သူတစ်ယောက် ဖြစ်ပြန်သည်။ ဟယ်မိသားစုအတွင်းသို့ လက်ထပ်ခဲ့ပြီးနောက် ဟယ်မိသားစု၏အခြေအနေသည် ကျေးလက်တွင် ရှိသော်လည်း နှစ်နှစ်အတွင်း တိုးတက်လာခဲ့သည်။ သူမသည် အစားအသောက် အဝတ်အစား ရှားပါးခဲ့သည်ဟူ၍ ဘယ်တုန်းကမှ မရှိခဲ့ချေ။ သူမသည် စိတ်မချမ်းသာရဘူးဟု ပြောလို့မရပေ။ သူမကို မကျေမနပ်ဖြစ်ရစေသည့် တစ်ခုတည်းသောအချက်မှာ သူမ၏ခင်ပွန်းက သူမအပေါ်တွင် အလွန် ယဥ်ကျေးလွန်းသည်ကို သိလိုက်ရသောကြောင့်ပင်။ အကြောင်းအရင်းကိုလည်း သူမ မသိပေ။ သူမသည် ကိုယ်ဝန်ရလာပြီးမှ သူမ၏ အတွေးလွန်ခြင်းက ပိုဆိုးရွားလာပြီး နေ့တိုင်း မစားနိုင် မသောက်နိုင်ဖြစ်လာတော့သည်။ သည်နေ့တွင်တော့ ဟယ်ရှောင်နင် ယူလာပေးသည့် ခံတွင်းလိုက်ကာမုန့်အနံ့ကို ရလိုက်ပြီး သူမ၏ စားချင်စိတ်က ပြန်ပေါ်လာခဲ့လေသည်။ သူမက မုန့်တစ်တုံးကို ယူကာ စားရင်းမေးလိုက်လေသည်။
ရှောင်နင်သည် လျန်ဟွားအာနှင့် မျက်နှာချင်းဆိုင်တွင် ထိုင်ကာ အပြုံးတစ်ခုနှင့်ပြောလိုက်၏။
“ စုမိသားစုက အစ်မကြီးက အဖေ့ကိုပေးလိုက်တာ၊ သူတို့မုန့်တွေက အရသာရှိတယ်”
စုမိသားစု၏ မုန့်အကြောင်းပြောလျှင် ဟယ်ရှောင်နင်က အလွန်ဝင့်ကြွား ဂုဏ်ယူဟန်ရှိလေသည်။ သူမမိဘနှင့် အစ်ကိုကြီးမှလွဲလျှင် စုမိသားစု၏အစ်မကြီးက သူမ သဘောအကျဆုံးပင်။
“ မြစ်တစ်ဖက်က စုမိသားစုကို ပြောတာလား” လျန်ဟွားအာသည် လက်ထပ်ပြီးနောက် ဝူလီချောင်သို့ ရောက်လာသည်မှာ တစ်နှစ် ရှိသွားပြီဖြစ်သည်။ ဟယ်မိသားစုသည် စုမိသားစုနှင့် အဆက်အဆံ အများအပြားရှိခဲ့သော်လည်း လျန်ဟွားအာကတော့ စုမိသားစု၏ အကြီးမမလေးက အမြဲတမ်း ပြုံးနေသည်ကို မကြိုက်ရသည့်အကြောင်းကို ရှင်းမတတ်အောင်ဖြစ်နေလေသည်။ သူမ၏အပြုံးက အလွန်ပင် စိတ်ရှုပ်စရာကောင်းလို့ ဖြစ်လိမ့်မည်။ သူမ ဝတ်ထားသည့် အဝတ်အစားများကို အလွန်ကောင်းသည့်ပစ္စည်းများဖြင့် လုပ်ထားသောကြောင့်ဖြစ်လိမ့်မည်။ သူမ၏ခင်ပွန်းက စုမိသားစုက အကြီးဆုံးမမလေးအကြောင်း မကြာခဏပြောမိချိန်၌ သူသည် အမြဲတမ်း ပြုံးနေသောကြောင့် ဖြစ်လိမ့်မည်...
ထိုအကြောင်းကို စဥ်းစားရင်း လျန်ဟွားအာ၏ စားချင်စိတ်က အနည်းငယ်တက်လာပြီးမှ ပြန်ကျသွားတော့သည်။သူမသည် တစ်ကိုက်ကိုက်ထားသည့် မုန့်ကို ပန်းကန်ထဲ ပြန်ချထားလိုက်ပြီး စိတ်ရှုပ်ရှုပ်ဖြင့် ပြောလိုက်လေသည်။
“ တော်ပါပြီ၊ ငါ မစားချင်တော့ဘူး၊ ညီမလေး နင်ပဲ စားလိုက်တော့”
ဟယ်ရှောင်နင်သည် ယောက်မကြီးကို ထူးထူးဆန်းဆန်း ကြည့်နေလိုက်လေသည်။ သူမ အခုလေးတင် ပျော်နေတာ မဟုတ်ဘူးလား။ ဘာလို့ရုတ်တရက်ပြီး မျက်နှာက ထိုင်းမှိုင်းသွားတာလဲ။ သို့သော်ငြား ဟယ်ရှောင်နင်သည် သူမကို ဘာမှ မမေးရဲချေ။ ‘ဟုတ်’ဟုသာ ပြောလိုက်ပြီး ဒေါသကို ခံစားမိလိုက်သဖြင့် တစ်ဝက်တစ်ပျက် စားသည့် မုန့်ပန်ကန်းကို ယူကာ ထိုင်းမှိုင်းပြီး ထူးဆန်းသည့်အမူအရာဖြင့် ရှိနေသည့်လျန်ဟွားအားကို ထားခဲ့လိုက်ပြီး အရှေ့ဘက်ဆောင်သို့ ပြန်လာခဲ့လိုက်တော့သည်။
ဗိုက်ကြီးဖြင့် အခန်းထဲတွင် ထိုင်နေရင်း စုမိသားစု ပေးလိုက်သည့် မုန့်ကို စားလိုက်သည့်အကြောင်း စဥ်းစားရင်း နေမကောင်းချင်သလို ဖြစ်သွားတော့သည်။ နောက်ဆုံးတွင်တော့ သူမသည် အားလုံးကို အန်ထုတ်ပစ်လိုက်တော့သည်။ သူမ၏နဂိုက မလှသည့်အသားအရေမှာ ပိုပြီးဆိုးရွားလာတော့သည်။
“စုယိုကျင့် တကတည်း နင်က ဘာဖြစ်ချင်နေတာလဲ”
သူမက အကြောင်းလဲ မရှိဘဲနဲ့ ဘာလို့ ယောက္ခထီးကြီးကို မုန့်တွေပေးလိုက်တာလဲ။ ညီမလေးကရော မုန့်တွေကို ဘာလို့ သူမဆီ ယူလာခဲ့တာလဲ။ မဟုတ်မှလွဲရော သူမက သွေးထိုးပေးနေတာလား။
လျန်ဟွားသည် ထိုအကြောင်းကို တွေးလေလေ ပိုပြီး စိတ်ဆိုးလာလေလေ ဖြစ်နေတော့သည်။ သူမတစ်ကိုယ်လုံးကို လှဲချလိုက်ပြီးနောက် အိပ်ပျော်သွားတော့သည်။ မှောင်လာပြီး ဟယ်ရှောင်နင် ညနေစာစားရန် တံခါးလာခေါက်မှ သူမ နိုးလာတော့သည်။
***
ဟယ်မိသားစု၏ ထမင်းစားစားပွဲတွင် အရသာရှိလှသည့် ဝက်သားနှင့် မုန်လာထုပ်ချဥ် စတူးဟင်းတစ်အိုး၊ လတ်လတ်ဆတ်ဆတ် အသီးအရွက် နှစ်မျိုးနှင့် ကျောက်ချွန်းဟွားက သူမ၏ဆိုင်လေးမှ ယူပြန်လာခဲ့သည့် အရသာရှိလှသည့် အသားကပ်အရိုးနှပ်ဟင်းတချို့ ခင်းထားလေသည်။ ဟယ်ရှောင်နင် မုန့်များကို သူမ၏အမေနှင့် အစ်ကိုကြီးအတွက် သပ်သပ်ချန်ထားပေးလေသည်။
“ ဒီနေ့အသားကို သေသေချာချာ အရည်သောက်ချက်ထားတယ်၊ ရွှမ်းဟိုင် ကြိုးကြိုးစားစား စာလေ့လာနေရတာဆိုတော့ သားပိုစားနော်”
ကျောက်ချွန်းဟွားသည် စားသောက်ဆိုင်လေးတွင် တစ်နေကုန် အလုပ်လုပ်ပြီး ပင်ပန်းလွန်းသဖြင့် စားချင်စိတ်မရှိ ဖြစ်နေသည်။ မုန်လာထုပ်ချဥ်တစ်ဇွန်းကို စားလိုက်ပြီးနောက် သူမ၏စားချင်စိတ်က အများကြီးတက်လာတော့သည်။ သားဖြစ်သူက စိတ်နှင့်ကိုယ်မကပ်သည်ကို မြင်လိုက်ရသဖြင့် သူမသည် အိစက်နေသည့်အဆီအသားတစ်တုံးကို ယူကာ သူ့ပန်းကန်ထဲ ထည့်ပေးလိုက်ပြီး
“ စိတ်အားငယ်နေတဲ့ပုံကိုလည်း ကြည့်လိုက်ပါအုံး၊ စာလေ့လာတာကလည်း အရေးကြီးတယ်ဆိုပေမဲ့ ကိုယ့်ဟာကိုယ်လည်း ဂရုစိုက်ရအုံးမယ်လေ”
ဟယ်ရွှမ်းဟိုင်က သူ့အမေထည့်ပေးလိုက်သည့် အသားတုံးကို လက်ခံလိုက်ပြီး ပြောလိုက်လေသည်။
“ ကျွန်တော် အခုတလော အိမ်စာတွေအများကြီး လုပ်နေရလို့ပါ၊ ပြဿနာမဟုတ်ပါဘူး”
ဟယ်ရွှမ်းဟိုင်သည် အခုချိန်တွင် ရှို့ချိုင်တစ်ယောက် ဖြစ်သော်လည်း သူသည် လော့ဟယ်မြို့က မူလက ကိုယ်ပိုင်ကျောင်းမှ အစိုးရကျောင်းသို့ ပြောင်းလိုက်ခြင်း ဖြစ်လေသည်။ သူသည် ကိုယ်ပိုင်ကျောင်းတွင် ဆရာများ၏ သဘောကျခြင်းခံရပြီး တစ်နည်းနည်းဖြင့် ကိုယ့်ဟာကို အထင်ကြီးမိခဲ့သည်။ သို့သော် အခုတော့ အစိုးရကျောင်းတွက် တက်ရချိန်၌ လော့ဟယ်တွင် အရည်အချင်းရှိသူအများအပြားရှိမှန်း သိလိုက်ရတောသည်။ သူမသည် လူကြားထဲတွင် အနည်းငယ် မထင်ရှားသည်က ရှောင်လွှဲလို့မရသည့်အဖြစ်ပင်။ ထို့ကြောင့်ပင် သူသည် နေ့နေ့ညည ကြိုးစားနေရတော့သည်။ သူ့အင်အားကလည်း အမှန်ပင် အရင်ကလောက်မကောင်းတော့ချေ။
လျန်ဟွားအာသည် ထိုအရာအားလုံးကို မြင်တွေ့နေရလေသည်။ ခင်ပွန်းသည်က အသားဟင်းကို အကြိမ်အနည်းထပ် ပိုမနှိုက်တော့ပေ။ သို့သော် သူသည် အငယ်ဆုံးညီမလေးရှေ့တွင် ချထားသည့် မုန့်နှစ်တုံးကိုတော့ စားလိုက်လေသည်။ စုမိသားစုမှ အကြီးဆုံးမိန်းကလေး အိမ်လာသည့်အချိန်တိုင်း ခင်ပွန်းဖြစ်သူက အထူးတက်ကြွနေသည်ကို သတိရမိသွားတော့သည်။ မုန်လာထုပ်ချဥ်နှင့် ဝက်သားဟင်းက အရသာရှိပြီး ခံတွင်းမြိန်စေသော်လည်း သူမ၏ ခံတွင်းမတွေ့သည့်အဖြစ်က ပိုပြီးဆိုးလာတော့သည်။ လျန်ဟွားအာသည် တူကို ဆက်မကိုင်ထားနိုင်တော့ချေ။ သူမသည် စူပုတ်နေသည့်မျက်နှာဖြင့် ထိုနေရာတွင် ထိုင်နေလိုက်ပြီး ဘာတစ်ခွန်းမှ မပြောတော့ပေ။
သူမ ကျောက်ချွန်းဟွားက ဒီချွေးမဖြစ်သူကို သဘောမကျတာတော့ မဟုတ်ပါဘူး။ သူတို့ရဲ့ အကျင့်စရိုက်က မကိုက်တာလောက်ပါပဲ။ သူမက အမြဲတမ်း ပွင့်ပွင့်လင်းလင်း ပြောတတ်တဲ့အကျင့်လေ။ စိတ်ထဲမှာ ပေါ်လာတဲ့အရာတိုင်းကို ပြောထုတ်လိုက်တာပဲ။ ဒါပေမဲ့ ချွေးမဖြစ်သူက အတွင်းကျိတ် ဖာသိဖာသာ နေတတ်တဲ့သူ။ ချွေးမဖြစ်သူက လက်ထပ်ပြီး ဟယ်မိသားစုဆီ လိုက်လာတုန်းက သူမရဲ့ နမော်နမဲ့စကားတွေကြောင့် သူမမှာ ရက်နည်းနည်းလောက် အလကားနေရင်း စိတ်ဆိုးခဲ့ရသေးတယ်။ တခြားမိသားစုမှဆိုရင် ချွေးမဖြစ်သူက စည်းကမ်းသတ်မှတ်တဲ့ ယောက္ခမဖြစ်သူကို ပြုစုလုပ်ကျွေးရတာလေ။ သူမမှာတော့ ယောက္ခမဖြစ်သူက သူမကို သခင်တစ်ယောက်လို ပြုစုနေရတယ်။ စောစောသာ သိခဲ့ရင် သူမရဲ့သားအတွက် ကျေးလက်က မိန်းကလေးတစ်ယောက်ကိုပဲ ရှာပေးလိုက်ပါတယ်။
ဟယ်ရွှမ်းဟိုင်သည် မိခင်အိုကြီးနှင့် သူ့ဇနီးကြားက မကျေလည်မှုများကို အမှန်ပင် မသိချေ။ ညနေစာစားပြီးနောက် သူက သူ့အခန်းသို့ ပြန်သွားပြီး စာဆက်လေ့လာနေလိုက်လေသည်။ လျန်ဟွားအာက ဟင်းပွဲများကို သည်အတိုင်းချန်ထားခဲ့ပြီး သူ့နောက်လိုက်ကာ အခန်းထဲသို့ ဝင်သွားတော့သည်။
“ သိတဲ့သူကတော့ ကျွန်မတို့မိသားစုက ချွေးမတစ်ယောက်ကို လက်ထပ်ထားတယ်ပေါ့လေ၊ ဒါပေမဲ့ မသိတဲ့သူတွေကတော့ ကျွန်မတို့မိသားစုက အကြီးအကဲတစ်ယောက်ကို လက်ထပ်ထားတယ်လို့ ထင်ကြလိမ့်မယ်”
အရှေ့ဆောင်တံခါး ပိတ်သွားသည်ကို ကြည့်ရင်း ကျောက်ချွန်းဟွားက လေသံတိုးတိုးဖြင့် ဝေဖန်ပြစ်တင်တော့သည်။
ဟယ်ဟောက်သည် မိန်းမဖြစ်သူနှင့် ချွေးမဖြစ်သူကြားက အဖုအထစ်ကို သိထားလေသည်။ သူမထိုသို့ ပြောလိုက်သည်ကို မြင်လိုက်ရသဖြင့် သူသည် စကားနည်းနည်းပြောကာ ချော့မော့လိုက်လေသည်။
“အေးပါကွာ၊ ချွေးမက ငယ်သေးတော့ ထောင်လွှားနေတာပါ၊ မင်းက အဘွားတစ်ယောက်တော့ ဖြစ်တော့မယ် သူမကို စိတ်ဆိုးမနေပါနဲ့ ဟုတ်ပြီလား”
သို့သော်ငြား ဟယ်ဟောက်သည် စိတ်ထဲတွင်တော့ သက်ပြင်းချမိလေသည်. အားလုံးက ပြောကြတယ်လေ။ ဇနီးတစ်ယောက်ကို လက်ထပ်ရတာက သူတော်စင်တစ်ယောက်ကို လက်ထပ်ရတာနဲ့ အတူတူပဲတဲ့။ လျန်ဟွားအာရဲ့ ပုံကိုကြည့်ပြီးတော့ သူမက သူတော်စင်မလား ဘာလား တကယ့်ကို မသိတော့ဘူး။ သူမက လက်ထပ်ပြီး မိသားစုထဲရောက်လာတာ တစ်နှစ်တောင် ကျော်နေပြီပဲ။ အနာဂတ်က နေ့ရက်တွေကို ဘယ်လိုဖြတ်သန်းရပါ့နော်။
ကျောက်ချွန်းဟွားသည် ပေါ့ပေါ့ပါးပါးသဘောထားသည့် ဟယ်ဟောက်ကို မှုန်တေတေဖြင့် ဒေါသတကြီး ကြည့်လိုက်ပြီး
“ ရှင်တစ်ယောက်ပဲ လူကောင်းလို ဟန်ဆောင်နေလိုက်၊ ဒီနေရာရဲ့ ငြိမ်းချမ်းရေးတမန်တော်ကြီး”
ထိုနောက်တွင်တော့ သူမသည် ဘာမှထပ်မပြောတော့ချေ။ မိသားစုသုံးယောက်သည် ထမင်းကို အေးအေးဆေးဆေး ပြီးအောင်စားလိုက်တော့သည်။
…