အခန်း ၁၃၃
Vol. 9 Ch. 133
အပိုင်း (၁၃၃) တစ်ရက်တာ ခင်ပွန်းဖြစ်ရင် ရက်တစ်ရာ ကျက်သရေရှိတယ်
“ တစ်ရက်တာ လင်မယားဖြစ်ရင် အမြဲတမ်း လင်မယားဆိုတဲ့ အတိုင်းပဲလေ၊ ငါတို့တွေက နှစ်ပေါင်းများစွာ လင်မယားဖြစ်လာခဲ့တာ၊ မင်းက ပျော်စရာကောင်းတဲ့ဘဝတစ်ခုမှာ နေရပြီဆိုရင် အတိတ်က သံယောဇဥ်ကို ဖယ်ထားလို့မရဘူးလေ၊ မင်းယောက်ျားကို တခြားလူတွေဆီမှာ ဦးမညွှတ်ခိုင်းသင့်ဘူးလေ ဟုတ်တယ်မလား”
ယွဲ့ချန်ရှို့သည် နူးနူးညံ့ပြောနေသော်လည်း သူ ပြောလိုက်သည့်စကားများက ရှက်ဖွယ်အတိပင်။
“ မိန်းမ လူတစ်ယောက်နဲ့ တစ်လှေထဲစီးပြီး ခရီးသွားဖို့ အခွင့်အရေးရဖို့ဆိုတာ ရေစက်ကောင်း နှစ်တစ်ရာလောက် အချိန်ယူရပြီး ခေါင်းအုံးတစ်လုံးထဲ အတူတူအိပ်ဖို့က နှစ်တစ်ထောင်လောက် ဖြည့်ဆည်းရတယ်တဲ့”
အမျိုးသမီးဟန်က လက်ထဲက လက်ဖက်ရည်ပန်းကန်ကို စားပွဲပေါ် ဆောင့်ချလိုက်လေသည်။ ဒေါသခြောင်းခြောင်းထွက်ရင်း မှတ်ဉာဏ်ပျောက်ဆုံးသွားကာ သူလုပ်ခဲ့သည့်အရာများကို မေ့သွားသယောင် ဖြစ်နေသည့် ယွဲ့ချန်ရှို့ကို အစိမ်းလိုက် ဝါးစားမတတ်ကြည့်လိုက်လေသည်။ ဒေါသကို ဖိနှိပ်ထားရင်း သူမက အံ့ကြိတ်ကာ မေးလိုက်တော့သည်။
“ သံယောဇဥ်တွေကို ပစ်ပယ်ပြီး ကျွန်မရဲ့သမီးကို လူချမ်းသာ ဒုတိယမယားဖြစ်အောင် ရောင်းစားချင်ခဲ့တာ ဘယ်သူလဲ၊ ကျွန်မအမေကို ဒေါသထွက်ပြီး သေအောင်လုပ်ခဲ့တာ ဘယ်သူလဲ၊ ပြီးတော့ ကျွန်မကို စွန့်ပစ်ခဲ့ပြီး ကပ်ဘေးက ထွက်ပြေးခဲ့တာ ဘယ်သူလဲ၊ ယွဲ့ချန်ရှို့ ရှင်ဟာလေ လုံးဝကို အရှက်မရှိပါလား”
သူမ၏ ထိုးဆွနေသည့် မေးခွန်းများကို နားထောင်လိုက်ပြီးနောက် သူက ပြုံးလိုက်သေးသည်။
“ အစတုန်းက ယောက်ျားရဲ့မျက်လုံးတွေက စကားကြီး စကားကျယ်တွေကြောင့် ကန်းသွားခဲ့ပြီး လမ်းမှား ရွေးခဲ့မိတာပါ၊ ယောက်ျားက အခုဆိုရင် စိတ်ထင်တိုင်းလုပ်ခဲ့တာကို နောင်တရပြီး ရွှေထက်တန်ဖိုးရှိတဲ့သူ ဖြစ်နေပါပြီ... အနာဂတ်မှာ ကောင်းကောင်းမွန်မွန် နေကြရအောင်နော်၊ ကျေးဇူးပြုပြီး ဒီတစ်ခါပဲ ယောက်ျားကို ခွင့်လွှတ်ပေးပါနော်”
ယွဲ့ချန်ရှို့သည် ကုန်စုံဆိုင်တွင် ဆယ်နှစ်မက အလုပ်လုပ်ခဲ့ဖူးသူဟု ပြောရန်မလိုချေ။ သူသည် သာမန်လူများထက် သာအောင် စကားကို ရွှန်းရွှန်းဝေအောင် ပြောတတ်သည့်အထိ လေ့ကျင့်ထားခဲ့သည်။ သည်လိုစကားများကို သူစိမ်းများအား သွားပြောလျှင် မျက်ရည်များ ကျပြီး စိတ်လှုပ်ရှားသွားပေလိမ့်မည်။
အမျိုးသမီးဟန်မှာ ဦးနှောက်မဲ့သူ မဟုတ်။ ယွဲ့ချန်ရှို့က သူမကို မကြာခဏ လာရှာခဲ့သည်မှာ သူမ၏ဘဝက သူ့ထက်ကောင်းနေသောကြောင့်မှန်း အလိုလိုသိထားပြီး ဖြစ်သည်။ ခက်ခဲပင်ပန်းရသည့်အချိန်များ ကြုံတွေ့ခဲ့ရသည်မှာ လုံလောက်သွားပြီ။ သူသည် သည်အခွင့်အရေးကိုယူပြီး သူမကို တွယ်ကပ်ထားချင်သည်။ သို့မှသာ ခြေချိတ်ပြီး သူ၏ တတိယသခင်ကြီးနေရာတွင် ဆက်နေနိုင်လိမ့်မည်။ အမျိုးသမီးဟန်၏ နှလုံးသားသည် ယွဲ့ချန်ရှို့က ထိုမိန်းမပျက်ကို ခေါ်လာပြီး သူမကို ချွေ့ဖုန်းရွာတွင် ချန်ထားချိန်ကတည်းက သေဆုံးသွားပြီ ဖြစ်လေသည်။ သူ၏ ကွန့်ညွှန့်နေသည့် စကားလုံးများကြောင့် သူမ၏နှလုံးသားသည် အဘယ်မှာ ပျော့ပြောင်းပါတော့မည်နည်း။
“ ရှင် ဒီနေရာမှာ အဲလောက်စကားတတ်အောင် ပြောနေစရာမလိုပါဘူး၊ ရှင် ကျွန်မကို ပွင့်ပွင့်လင်းလင်း ပြောစမ်းပါ၊ တကတည်း ရှင်က ဘာလိုချင်နေတာလဲ”
အမျိုးသမီးဟန် သူနှင့် ခဏလေးပင် ဆက်မနေချင်တော့သော်လည်း ယွဲ့ချန်ရှို့ကို ဒေါသထွက်အောင် လုပ်ခဲ့မိလျှင် ချောင်ပိတ်မိသွားချိန်၌ သူဘာလုပ်မည်ကို မည်သူမှ မသိနိုင်ရာ ထိုကိစ္စကို စိတ်ပူနေမိသည်။ ယခုအချိန်တွင် သူသည် သူမကို ရှာတွေ့သွားပြီဆိုလျှင်တောင် ယိုဟယ်နှင့် ဝမ်ရှန့် ၊ ဝမ်ယွီ ညီအစ်ကိုနှစ်ယောက်တို့ ရှိနေသေးကြောင်း မသိသေးပေ။ သို့သော် သူ့ကလေးများက လော့ဟယ်တွင် ရှိနေမှန်း သိသွားလျှင် မည်မျှပင် ရှုပ်ထွေးသွားမည် မသိတော့ပေ။
ယွဲ့ချန်ရှို့က တဟဲဟဲ အသံထွက်ကာ ရယ်လိုက်ပြီး ပြန်ပြောလိုက်၏။
“ ဒါပေါ့ ငါက မင်းနဲ့ပဲ ပြန်ပေါင်းချင်တာပါ ဝမ်ချင်းရယ်”
ဝမ်ချင်းသည် အမျိုးသမီးဟန်၏ ငယ်နာမည်ဖြစ်လေသည်။ အတိတ်က သူတို့ဆက်ဆံရေး မပျက်စီးခင်က သူမကို သည်လိုခေါ်ပြီး ပျော်အောင် လုပ်ပေးခဲ့ဖူးသည်။ သူသည် ထိုသို့ပြောလိုက်ရင်း သူတို့နှစ်ယောက်ကြား သစ်သားစားပွဲကို ဖြတ်ကာ လက်ဆန့်လိုက်ပြီး အမျိုးသမီးဟန်၏လက်ကို ဆွဲလိုက်လေသည်။
ချက်ချင်းတုံ့ပြန်ရင်း အမျိုးသမီးဟန်က ယွဲ့ချန်ရှို့၏ လုပ်ရပ်ကို ရှောင်လိုက်ကာ သရော်လိုက်လေသည်။ ဆယ်နှစ်ကျော်လောက် အတူတူအိပ်ခဲ့တဲ့ လူက လူဖြစ်ဖို့ လုံးဝမတန်မှန်း ဘာလို့များ မမြင်ခဲ့ရတာလဲ။
အချည်းနှီး ဖြစ်သွားပြီး ယွဲ့ချန်ရှို့က သူ့လက်ကို အေးအေးဆေးဆေး ပြန်သိမ်းလိုက်ကာ ကောင်းကင်ကို လက်ထောင်ပြီး ကျိန်ဆိုလေတော့သည်။
“ ဝမ်ချင်း ငါ တကယ် အသိတရားရနေပါပြီ၊ ငါ မင်းကို ပထမဆုံး ပြန်တွေ့ခဲ့တဲ့နေ့ကတည်းက ငါတို့ရဲ့ကလေးတွေကို ရှာနေခဲ့တာပါ၊ ငါ့ကို ယုံပါ၊ ငါ သူတို့တွေကို သေချာပေါက် ပြန်ရှာမှာပါ၊ နောက်ဆိုရင် ငါတို့မိသားစုလေးယောက် တင်းယွင်မှာ နေခဲ့သလို အေးအေးချမ်းချမ်း ပျော်ပျော်ရွှင်ရွှင်နဲ့ နေသွားကြမယ်၊ မင်းက အိမ်မှာပဲ စိတ်ချမ်းချမ်းသာသာနဲ့ နေရုံပဲ၊ ဆိုင်ကိစ္စကို ငါ့တာဝန်သာထားလိုက်”
“ စကားတွေ အများကြီး ပြောပြီး နောက်ဆုံးတော့လည်း ဒီဆိုင်အကြောင်းပဲ မလား”
အမျိုးသမီးဟန်က သရော်လိုက်လေသည်။ သူမ၏မျက်လုံးများက ယွဲ့ချန်ရှို့ကို လှောင်နေဟန်ဖြင့် ကြည့်လိုက်ပြီး
“ ယွဲ့ချန်ရှို့ ရှင်ကလေ အရိုးမြင်တဲ့ ခွေးလိုပဲ၊ ငွေမြင်တာနဲ့ ခုန်ဆွခုန်ဆွဖြစ်လို့၊ ရှင့်အိပ်မက်တွေ ပျက်စီးသွားလိမ့်မယ်လို့ပဲ ကျွန်မ ပြောနိုင်တော့တယ်၊ ဦးနှောက်သုံးစမ်းပါရှင်၊ တင်းယွင်က ကျွန်မ မိသားစုဆိုင်ကို ရောင်းပြီး ငွေအားလုံး ယူပြေးသွားတာ ရှင်ပဲလေ၊ ဒီလောက်ဆိုင်အကြီးကြီးဖွင့်ဖို့ ကျွန်မက ဘယ်က ငွေရမှာလဲ”
ယွဲ့ချန်ရှို့သည် သူမ၏ ယမ်းမှုန့်များ ဖြည့်ထားသည့် စကားလုံးများကြောင့် အချိန်တော်တော်ကြာအောင် ကြောင်အမ်းအမ်း ဖြစ်သွားတော့သည်။ နောက်မှ သူ့စိတ်ထဲတွင် ပြန်သတိရလာလေသည်။
ဟုတ်သားပဲ။ သူကိုယ်တိုင် ဟန်မိသားစုရဲ့ဆိုင်ကို ရောင်းပစ်ပြီး ငွေအားလုံးကလည်း သူ့လက်ထဲမှာ။ အမျိုးသမီးဟန်က လော့ဟယ်ကို ဘယ်လိုရောက်လာခဲ့တာလဲ။ တစ်ချက်ကြည့်လိုက်တာနဲ့ ကုန်ကျစားရိတ်များတဲ့ ဒီအလှကုန်ဆိုင်ကို သူမက ဘယ်လိုရင်းနှီးမြုပ်ခဲ့တာလဲ။ ယွဲ့ချန်ရှို့သည် ထိုအကြောင်းကို စဥ်းစားလေလေ တစ်ခုခု လွဲနေသလို ခံစားရလေလေ ဖြစ်နေတော့သည်။ ဧကန္တ အမျိုးသမီးဟန်က လူချမ်းသာစီးပွားရေးသမားတချို့ကို တွယ်ကပ်ခဲ့တာလား။
သူ့ငယ်ထိပ်မှာ မူးနောက်လာသည်အထိ စဥ်းစားရင်း ယွဲ့ချန်ရှို့၏မျက်နှာမှာ အလွန်မှ အကျည်းတန် လာတော့သည်။
“ မဟုတ်မှလွဲရော မင်း အထက်တန်းစားလူတချို့နဲ့ တွေ့ခဲ့တာလား၊ မင်းကို လော့ဟယ်ကို ခေါ်လာပြီး ဒီဆိုင်ကို စီမံခွင့်ပေးအောင် မင်း တစ်ဖက်လူကို ဘာတွေလုပ်ပေးခဲ့တာလဲ”
သူသည် မျက်စောင်းဖြင့် အမျိုးသမီးဟန်ကို အခေါင်းအစ ခြေအဆုံး အကြိမ်ကြိမ် အကဲခတ်လိုက်လေသည်။ အမျိုးသမီးဟန်သည် အစကတည်း ရုပ်မဆိုးချေ။ ထို့အပြင် သည်နှစ်များတွင် သူမသည် စုအိမ်တွင် ကောင်းကောင်း စားသောက်ရပြီး သူမ တင်းယွင်တွင် ရှိစဥ်ကထက် အနည်းငယ်ပိုလွတ်လပ်ကာ အဆင်ပြေပြေ ရှိခဲ့သည်။ ယွဲ့ချန်ရှို့သည် ထိုအကြောင်းကို စဥ်းစားလေလေ သူမက သူ့ကို လှည့်စားခဲ့သည်ဟု ခံစားရလေလေ ဖြစ်နေသည်။ သို့သော် သူ့စိတ်ထဲက ဒေါသကို ဖိနှိပ်ထားရမည်။ ကောင်းကောင်းမွန်မွန် နေထိုင်နိုင်ဖို့ဆိုလျှင် လှည့်စားခံရသည်က ဘာအရေးကြီးပါမည်နည်း။
“ယွဲ့ချန်ရှို့ ရှင်ဟာလေ ရွံစရာကောင်းသလောက် အရှက်မရှိပေမဲ့ ကျွန်မကတော့ အရှက်ရှိသေးတယ်၊ ထွက်သွား”
အမျိုးသမီးဟန်သည် ဒေါသထွက်လွန်းသဖြင့် မျက်နှာပင် ဖြူဆုတ်သွားတော့သည်။ သူမက တံခါးဝကို လက်ညှိုးထိုးလိုက်ပြီး လေသံနိမ့်ကာ အော်ပြောလိုက်တော့သည်။
“ ရှင်မသွားရင် ကျွန်မ လူခေါ်ရလိမ့်မယ်နော်”
သူမမိသားစုဝင်များ၏ လုံခြုံရေးအတွက် ယိုကျင့်သည် တစ်ယောက်ယောက် ပြဿနာရှာခဲ့လျှင် စောင့်ကြည့်ပေးရန် စုမိသားစု၏ဆိုင်တိုင်းတွင် အစောင့်နှစ်ယောက် စီစဥ်ထားခဲ့လေသည်။
ယွဲ့ချန်ရှို့က နှုတ်ခမ်းကို တင်းထားလိုက်ပြီး တစ်ခုခု ပြောချင်လေသည်။ သို့သော် အမျိုးသမီးဟန်၏ အမုန်းတရားကို တွေ့လိုက်ချန်တွင် ထိုစိတ်ကူးကို ခဏလောက် ဆိုင်းငံ့ထားလိုက်တော့သည်။ စိတ်ထဲက ဒေါသကို မျိုသိပ်ထားပြီး သူက လေသံပျော့ပျော့ဖြင့် ပြောလိုက်လေသည်။
“ဝမ်ချင်း ခုနက ငါမှားသွားပါတယ်၊ စိတ်မဆိုးနဲ့နော်၊ ငါ ဒီနေ့ ပြန်လိုက်မယ်၊ နှစ်ရက်လောက်နေရင် မင်းကို ပြန်လာတွေ့မယ်”
အလှကုန်ဆိုင်က ဧည့်သည်များအတွက် ဧည့်ခံပေးသည့် လက်ဖက်ရည်ခန်းလေးဆီမှ တံခါးပေါက်အထိ ခရီးတိုလေးအတွင်းတွင် ယွဲ့ချန်ရှို့သည် အလှကုန်ဆိုင်၏ အခင်းအကျင်းကို သေသေချာချာ တဖန် သေသေချာချာ စစ်ဆေးကြည့်လုိက်လေသည်။ သူသည် အမျိုးသမီးခန်က လူချမ်းသာတစ်ယောက်ပေါ်သို့ တွယ်တက်ခဲ့သည့်ကိစ္စကို စိတ်ထိခိုက်မိရင်း ရက်စက်ပြီး ကျေးဇူးကန်းသည့်သူမကို စိတ်ထဲက ကျိတ်မုန်းနေတော့သည်။ သူမက ကောင်းကောင်းနေရပြီဆိုတော့ သူ့ကို ထားခဲ့ပြီး ပိုမြင့်တဲ့သစ်ကိုင်းမှာ နားချင်နေတာပေါ့လေ။ အားကျခြင်းနှင့် အမုန်းတရားက သူ့စိတ်ထဲတွင် တိုးပွားလာတော့သည်။ သူသည် အလှကုန်ဆိုင်မှ ထွက်လာပြီး သည်နေ့ ဆိုင်ကို တစ်ချက်လာကြည့်သည့် ယိုပေါင်နှင့် ဝင်တိုက်မိမလို ဖြစ်သွားတော့သည်။
“ ရှင် ဘာလုပ်တာလဲ”
ယိုပေါင်ဘေးက အစေခံမလေး တုန်းကျီက နံပါတ်လေး မမလေးကို မျက်နှာချင်းဆိုင် ဝင်တိုက်တော့မည့် သက်လတ်ပိုင်းယောက်ျားကို မြန်မြန် ဝင်တားလိုက်သည်။ သူမ၏ ဗာဒံသီးသဏ္ဌာန်မျက်လုံးမျာက ဝိုင်းစက်သွားရင်းမှ ဆူဆဲလိုက်တော့သည်။
ယွဲ့ချန်ရှို့သည် စိတ်မကြည်မနေချေ။ အခုတွင် မိန်းကလေးငယ်တစ်ယောက်၏ ရုတ်တရက် ဆိုဆဲခံလိုက်ရသဖြင့် ဒေါသထွက်သွားပြီး ချက်ချင်း လက်မြောက်လိုက်လေသည်။ သို့သော် ထိုမိန်းကလေး ဝတ်စားထားသည့် အဝတ်အစားများက သာမန်လူများ တတ်နိုင်သည့်အရာမဟုတ်ပေ။ ထို့အပြင် သူမနောက်တွင် အရပ်မြင့်မြင့် အစောင့်တစ်ယောက် အဖော်ပါလာသည်။ ချက်ချင်းပင် အစောင့်က သူ့ရှေ့ ဝင်ရပ်လိုက်ပြီး သူ့ကို အေးစက်စက် စိုက်ကြည့်လိုက်လေသည်။ ယွဲ့ချန်ရှို့မှာ ချက်ချင်း ရွံ့သွားပြီး
“ ကျွန်တော် မှားသွားပါတယ် ၊ ကျွန်တော် မှားသွားပါတယ်၊ ဒီဆင်းရဲသားက သတိမထားလိုက်မိလို့ပါ”
ယိုပေါင်သည် အမူအရာ အပြောင်းအလဲ အမြန်လွန်းသည့် သက်လတ်ပိုင်းယောက်ျားကို တစ်ချက် ကြည့်လိုက်၏။ သူ့ကို ရင်းနှီးနေသည်ဟု ခံစားရသော်လည်း ဘယ်မှာ တွေ့ခဲ့ဖူးမှန်း မပြောတတ်နေချေ။ အရေးမပါသည့် တစ်စုံတစ်ယောက်သာ ဖြစ်ပေမည်။ ထို့ကြောင့် သူမက အစောင့်ကို လွှတ်ပေးလိုက်ရန် လက်ရမ်းပြလိုက်တော့သည်။
“ ဆိုင်က စီးပွားရေးလုပ်နေတာ ၊ ဒီမှာ ပြဿနာမဖြစ်စေနဲ့”
“ဟုတ်ကဲ့”
အစောင့်က ဘေးသို့ တစ်လှမ်းဆုတ်ပေးလိုက်၏။ ယွဲ့ချန်ရှို့သည် သက်ပြင်းချလိုက်ပြီး ကျေးဇူးတင်စကားပြောကာ မြန်မြန်ထွက်သွားတော့သည်။ သူအခုလေးတင် တိုက်မိမလိုဖြစ်သွားသည့် လူချမ်းသာရုပ်နှင့် မိန်းကလေးမှာ လွန်ခဲ့သည့် ၅-၆နှစ်ခန့်က အစားအသောက်ပင် ဝဝလင်လင် မစားခဲ့ရသည့် ဒုတိယမိသားစု မိန်းကလေးခြောက်ဖြစ်နေသည်ကို မမှတ်မိခဲ့ချေ။
ဆိုင်ထဲက လူများက ပိုင်ရှင် ဝင်လာသည်ကို တွေ့လိုက်ရချိန်တွင် သူတို့အားလုံးက ပြုံးကာ နှုတ်ဆက်ကြလေသည်။
“ စတုတ္ထမမလေး ရောက်လာပြီ”
အလှကုန်ဆိုင်ကို အမျိုးသမီးဟန်နှင့် ယိုပေါင်တို့က ဖွင့်ခဲ့ပြီး ‘အလှဖန်ဆင်းရှင်’ ဟု အမည်ပေးထားလေသည်။ အလှဖန်ဆင်းရှင်တွင် အဓိကအားဖြင့် အမျိုးသမီးအလှကုန်မျိုးစုံ၊ ဆပ်ပြာနှင့် နှင်းရေ စသည်တို့ကို ရောင်းချလေသည်။ ဒါကြောင့်ပင် ဆိုင်ထဲက လူများအားလုံးမှာ အမျိုးသမီးများ ဖြစ်ပြီး စုမိသားစု၏ တခြားလုပ်ငန်းမှ ပြောင်းရွှေ့လာကြသူဖြစ်လေသည်။ သူတို့သည် စတုတ္ထ မမလေးနှင့် အမျိုးသမီးဟန်ကို အလွန်လေးစားကြသည်။
ယိုပေါင်က ပြုံးကာ ခေါင်းညိတ်ပြလိုက်၏။
“ ရပါတယ်၊ ရှင်တို့တွေ အလုပ်များနေကြတာပဲ၊ ကျွန်မက လုပ်စရာလည်းမရှိတာနဲ့ တစ်ချက် ဝင်ကြည့်တာ၊ ဒေါ်လေးရော ဘယ်သွားလဲ”
ဒေါ်လေးက အလှကုန်ဆိုင်ကို ဂရုအစိုက်ဆုံးပဲ။ ပုံမှန်နေ့တွေမှာဆို တစ်လှမ်းမှ ခွာတာမဟုတ်ဘူး။ ဒီနေ့ကျမှ သူမကို ဘာလို့ ဘယ်မှာမှ မတွေ့တာလဲ။
စတုတ္ထ မမလေး၏ မေးခွန်းကို ကြားလိုက်သဖြင့် ဆိုင်တာဝန်ခံက ပြန်ဖြေလိုက်၏။
“ခုနတုန်းက မမလေးနဲ့ တိုက်မိမလို ဖြစ်သွားတဲ့ လူက ကိစ္စတစ်ခုကြောင့် တာဝန်ခံကို လာရှာခဲ့တာလေ၊ တာဝန်ခံက လက်ဖက်ရည်ခန်းက အခုထိထွက်မလာသေးဘူး၊ သူ လာတာ ပထမဆုံးအကြိမ် မဟုတ်တော့ဘူး၊ သူလာတိုင်း တာဝန်ခံက လုံးဝမပျော်ဘူး၊ ဒါပေမဲ့ တာဝန်ခံက ဘာမှမပြောတော့ ကျွန်တော်တို့လည်း မမေးရဲဘူး”
အမျိုးသမီးဟန်၏မျက်လုံးထောင့်က မျက်ရည်များကို မသုတ်ရသေးခင်မှာပင် ယိုပေါင်က လက်ဖက်ရည်ခန်းထဲ ဝင်လာခဲ့သည်။
“ ဒေါ်လေး ဘာဖြစ်လို့လဲ”
ယိုပေါင်၏အမြင်တွင် ဒေါ်လေးသည် အမြဲတစေ အတက်ကြွအပျော်ရွှင်ဆုံးသူ ဖြစ်လေသည်။ ဘယ်လိုဖြစ်ပြီး အားလုံးရဲ့နောက်ကွယ် တိတ်တတ်လေးလေး ငိုနေရတာလဲ။ အမျိုးသမီးဟန်၏ ဘေးတွင် ထိုင်လိုက်ပြီး သူမက စိုးရိမ်တကြီးမေးလိုက်၏။
“ ဘာဖြစ်တာလဲ၊ ဆိုင်ကလူတွေ စကားနားမထောင်လို့လား၊ ဒါမှမဟုတ် ဧည့်သည်တွေက ရိုင်းလို့လား၊ မဟုတ်မှလွဲရော ခုနက အဲဒီလူကြောင့်လား....”
“ ယိုပေါင် သမီး သူနဲ့ တွေ့ခဲ့တာလား၊ သူ သမီးကို မမှတ်သွားပါဘူးနော် ဟုတ်တယ်လား”
မျက်လုံးထောင့်များမှ မျက်ရည်များကို ကပျာကယာသုတ်လိုက်သည့် အမျိုးသမီးဟန်သည် ယိုပေါင်က အဲဒီလူဟု ပြောလိုက်ချိန်တွင် ယွဲ့ချန်ရှို့နှင့် မမျှော်လင့်ဘဲ တွေ့ခဲ့မှန်း ချက်ချင်းခန့်မှန်း မိသွားတော့သည်။ သူမ၏ မျက်လုံးထဲတွင် ထိတ်ထိတ်ပျာပျာ ဖြစ်သွားတော့သည်။ သူမက ယိုပေါင်၏လက်ကို လက်နှစ်ဖက်ဖြင့် တင်းနေအောင် ကိုင်လိုက်ပြီး အဖြေကို ချက်ချင်း သိဖို့လိုအပ်သွားလေသည်။
ယိုပေါင်သည် ဒေါ်လေး၏ စိုရိမ်တကြီး တုံ့ပြန်မှုကြောင့် အနည်းငယ် စိတ်ရှုပ်သွားတော့သည်။
“ ဘာကို မှတ်မိရမှာလဲ၊ အဲဒီလူက စိတ်နဲ့ကိုယ် မကပ်ဘဲ လျှောက်လာပြီး သမီးကို ဝင်တိုက်မိမလို ဖြစ်သွားတာ၊ သူ သမီးတို့ရဲ့ ဆိုင်ကို စိတ်နဲ့ကိုယ်မကပ်တဲ့ အမူအရာနဲ့ အကဲခတ်နေတာ တွေ့လိုက်တယ်၊ သူက ဘယ်သူလဲ”
အမြဲတမ်း အတည်ငြိမ်ဆုံးဖြစ်ခဲ့တဲ့ ဒေါ်လေးက အခု အရမ်းကိုကြောက်လန့်တကြားနဲ့ ပျာယာခတ်နေတယ်။ သူက အင်မတန်ဆိုးတဲ့သူပဲ ဖြစ်ရမယ် ဟုတ်တယ်မလား။ ယိုပေါင်သည် အမျိုးသမီးဟန်၏ တင်းနေအောင် ဆုပ်ထားသည့် လက်များထဲက သူမ၏လက်ကို ဂရုတစိုက် ဆွဲထုတ်လိုက်ကာ အသာအယာ ခါလိုက်လေသည်။ ဒေါ်လေးက တကယ်အားကောင်းတာပဲ။
ယိုပေါင်၏ မေးခွန်းကို ကြားလိုက်ရသဖြင့် အမျိုးသမီးဟန်သည် ရုတ်တရက် ဘာပြောရမည် မသိ ဖြစ်သွားတော့သည်။ သူတို့လေးယောက်က ယိုကျင့်နဲ့ ဒုတိယမိသားစုကို ဒုက္ခတွေ အများကြီး ပေးခဲ့ပြီးပြီ။ အခု ယွဲ့ချန်ရှို့က သူမကို တွေ့သွားပြီဆိုတော့ ဒုတိယမိသားစုက ချမ်းချမ်းသာသာနဲ့ နေနေတာကို သူ့ကို သိခွင့်ပေးလို့မဖြစ်ဘူး။ မဟုတ်ရင် ဒုတိယမိသားစုကို ဝန်ထုပ်ဝန်ပိုးတွေ ဖြစ်သွားစေလိမ့်မယ်။
ထိုသို့စဥ်းစားလိုက်ပြီး အမျိုးသမီးဟန်က သူမ၏မူလဆုံးဖြတ်ချက်ကို ဆက်ကိုင်ထားရန် ဆုံးဖြတ်လိုက်တော့သည်။ ကိစ္စကို ကိုယ့်ဟာကို ဖြေရှင်းရမယ်။ သူမက ဒုတိယမိသားစုက အများကြီး မကူညီနိုင်ဘူးဆိုပေမဲ့ သူတို့ကို ပြဿနာတွေတော့ ဆက်မပေးနိုင်ဘူး။ သူမသည် ယိုပေါင်၏လက်ကို ပုတ်လိုက်ပြီး အားယူ ပြုံးကာ ပြောလိုက်တော့သည်။
“ဘာမှမဟုတ်ပါဘူး၊ ဒေါ်လေးလည်း လော့ဟယ်မှာ ရှိနေတာ သူသိသွားတော့ ဒေါ်လေးနောက်လိုက်လာတဲ့ အရေးမကြီးတဲ့ အသိမိတ်ဆွေဟောင်းတစ်ယောက်ပါ”
“ တကယ်လားဟင်”
ယိုပေါင်၏မျက်နှာပေါ်တွင် မယုံကြည်မှုက အတိုင်းသားပေါ်နေလေသည်။ အရေးမကြီးတဲ့သူဆိုရင် ဒေါ်လေးက ဘာလို့ ဒီလောက်အထိ အလန့်တကြားဖြစ်သွားတာလဲ။
အမျိုးသမီးဟန်က အားတက်သရော ခေါင်းညိတ်ပြလိုက်ကာ ပြောလိုက်၏။
“ ဟုတ်တယ်”
ယိုပေါင်သည် သံသယဖြစ်နေသော်လည်း ထိုအကြောင်းကို ထုတ်မပြောချင်သဖြင့် ဒေါ်လေးတွင်လည်း အကြောင်းရှိလိမ့်မည်ဟု တွေးလိုက်လေသည်။ သူမသည် ထိုကိစ္စကို အမှန်ပင် ဖိအားမပေးရက်ပေ။ သူမက သည်အတိုင်း ပြန်ပြောလိုက်၏။
“ အင်းပါ ဒေါ်လေး ဘာပြဿနာပဲ ဖြစ်ဖြစ် သမီးတို့ကို ပြောပြရမယ်နော်၊ တစ်ယောက်ထဲ သယ်မထားနဲ့၊ နောက်ဆုံး သမီးတို့က မိသားစုတစ်ခုထဲလေ”
ယိုပေါင်၏ မိသားစု ဟူသည့် စကားကြောင့် စိတ်လှုပ်ရှားသွားပြီး အမျိုးသမီးဟန်၏နှာခေါင်းမှာ အနည်းငယ်မွှန်ထူသွားတော့သည်။ သူမက ပြောလိုက်၏။
“ အင်းပါ၊ ဒေါ်လေး သိပါတယ်”
သူမသည် သည်ကိစ္စကို ဒုတိယမိသားစု မပြောပြတော့ဖို့ ပိုပြီးပြတ်သားသွားတော့သည်။ မိသားစုတစ်ခုလုံးက သူတို့ကို စိတ်ရင်းနဲ့ ဆက်ဆံပေးခဲ့တာလေ။ သူတို့တွေက ကျေးဇူး ပြန်မဆပ်နိုင်ရင်တောင် တဖက်လူကို ခဏခဏ ဒုက္ခမပေးသင့်တော့ပါဘူး။
…