အခန်း ၁၃၄
Vol. 9 Ch. 134
အပိုင်း (၁၃၄) ဗျာများရခြင်းနှင့် စိတ်သက်သာရာရသွာခြင်း
သို့သော် အမျိုးသမီးဟန်တွင် ငွေလည်းမရှိသလို အာဏာလည်းမရှိပေ။ သူမသည် ယွဲ့ချန်ရှို့ကိ ဖြေရှင်းရန် နည်းလမ်းကို အဘယ်မှာ စဥ်းစားတတ်ပါမည်နည်း။ ရက်တော်တော်ကြာအောင် သေသေချာချာစဥ်းစား တွေးတောပြီးနောက်တွင်လည်း သူမသည် ဘာအဖြေမှ စဥ်းလို့မတတ်ခဲ့ချေ။ ယွဲ့ချန်ရှို့ကတော့ သူမကို ထပ်အနှောင့်အယှက် ပေးရန် လာခဲ့ပြန်သည်။
“ဝမ်ချင်း အဝေးကြီးကတည်းက မင်းကို တွေ့လိုက်တယ်လို့ထင်နေတာ မင်း တကယ်ဖြစ်နေလို့ မထင်ထားဘူး၊ မတွေ့က ရက်နည်းနည်းပဲ ရှိသေးပေမဲ့ မင်းကတော့ နည်းနည်းပိုလှလာတယ်နော်”
ယွဲ့ချန်ရှို့သည် ပြုံးကာဖြင့် သည်နေ့ ဆိုင်ကထွက်လာသည့် အမျိုးသမီးဟန်ကို တားလိုက်လေသည်။ သူသည် အမျိုးသမီးဟန်၏ ရှုံ့မဲ့နေသည့်မျက်နှာကို မတွေ့သည့်နှယ် ဟန်ဆောင်ကာ သူမကို စကားပြောနေလေသည်။
သူ့ကိုတွေ့လိုက်ရသဖြင့် အမျိုးသမီးဟန်၏မျက်နှာသည် နေရာတွင်ပင် ညိုမဲသွားတော့သည်။ သူမသည် သူ့ကို စကားလည်းမပြောချင်သလို ကွေ့ပတ်ကာ ရှောင်သွားချင်တော့သည်။
အခက်အခဲများစွာတွေ့ရပြီးသည့်နောက် ယွဲ့ချိန်ရှို့သည် သူမကို တွေ့ခဲ့သည်ဖြစ်ရာ မည်သို့ အလွယ်တကူလက်လွှတ်နိုင်ပါမည်နည်း။ သူသည် လက်ကို ဆန့်ကာ အမျိုးသမီးကို တားလိုက်ပြီး
“ တကယ်တော့ ငါတို့တွေက လင်မယားတွေပဲလေ၊ မင်းနဲ့ငါက အခုထိ လင်မယာဖြစ်နေတုန်းပဲ၊ မင်း ဒီလိုလုပ်နေတာ အရမ်းရက်စက်ရာမကျဘူးလား၊ ငါသာ မကောင်းတဲ့ဘဝတစ်ခုမှာ နေနေရရင် မင်းက ဇနီးမယားတာဝန်ကျေလို့ဆိုပြီး ပြောခံရမှာ မစိုးရိမ်ဘူးလား”
ဒါသည် ခြိမ်းခြောက်မှုတစ်မှန်း သိသာလေသည်။
အမျိုးသမီးဟန်၏ မျက်နှာမှာ အနည်းငယ်ဖြူဆုတ်သွားတော့သည်။ သူမက အဝကျယ်အင်္ကျီလက်အောက်တွင် လက်သီးများကို တင်းနေအောင် ဆုပ်ထားလိုက်တော့သည်။ သူမ၏စိတ်ထဲက ပျို့အန်ခြင်သည့်စိတ်နှင့် ဒေါသမီးတို့ကို မျိုသိပ်ပြီး သူမက လေသံတိုးတိုးနှင့် မေးလိုက်တော့သည်။
“ ယွဲ့ချန်ရှို့ တကယ်ပဲ ရှင်ဘာဖြစ်ချင်နေတာလဲ”
“ မင်း အခု စုမိသားစုအတွက် အလုပ်လုပ်ပေးနေတာ ငါ သိတယ်၊ မင်းလည်း ငါတို့လင်မယား အချိန်အကြာကြီး ခွဲနေရတာကို မခံနိုင်တော့ဘူးလေ ဟုတ်တယ်မလား”
ယွဲ့ချန်ရှို့သည် ထိုနေ့က ပြန်သွားပြီးနောက် သူသည် ပတ်ဝန်းကျင်တွင် တစ်ဖန်စုံစမ်းကြည့်ခဲ့သေးသည်။ အမျိုးသမီးဟန်က လတ်တလောနှစ်များအတွင်း ချမ်းသာလာသည့် စုမိသားစုအတွက် အလုပ်လုပ်ပေးနေမှန်း သိသွားလေသည်။ စုမိသားစုသည် လော့ဟယ်တွင် ဆိုင်ကြီးဆိုင်ကောင်းတချို့ ပိုင်ဆိုင်ထားသည့်ကို လူတိုင်းသိကြသည်။ သူသည် စုမိသားစု၏ဆိုင်တွင် အလုပ်လုပ်နိုင်ခဲ့လျှင် ငွေအတွက် စိတ်ပူရန် မလိုတော့ပေ။
“ ငါ့အတွက် အလုပ်နေရာတစ်ခု စီစဥ်ပေးဖို့ ပိုင်ရှင်ကို သွားတောင်းပန်ချည်၊ ဘာပဲဖြစ်ဖြစ် ငါလည်း ဆိုင်အလုပ်ကို ဆယ်နှစ်ကျော်လောက် လုပ်ကိုင်ခဲ့တာပဲ၊ ကြီးကြပ်သူတစ်ယောက် မဟုတ်ဘူး၊ တာဝန်ခံတစ်ယောက်လောက်ဆိုရင် တော်ပါပြီ”
စုမိသားစုအကြောင်းကို သူ့ပါးစပ်မှ ထုတ်ပြောလိုက်သည်ကို ကြားလိုက်ရသဖြင့် အမျိုးသမီးဟန်၏ နှလုံးသားသည် ချက်ချင်းပင် လည်ချောင်းဆီသို့ ခုန်တက်သွားတော့သည်။ သို့သော် စကား၏ ဒုတိယပိုင်းကို ကြားလိုက်ရချိန်တွင်တော့ ပုံမှန်အနေအထားပြန်ဖြစ်သွားတော့သည်။ သူမသည် သူ့ကို သရော်ဟန် ကြည့်လိုက်တော့သည်။ သူ့မ၏နှုတ်ခမ်းထောင့်နှင့် မျက်ခုံးများက သရော်ဟန်ဖြင့် ပြည့်နေတော့သည်။
“ ရှင် တကယ့်ကို လက်မလျှော့နိုင်တာပါပဲ၊ ဒါပေမဲ့ ကျွန်မက စုမိသားစုရဲ့ အစေခံတစ်ယောက်သာသာပဲ ရှိတာ ရှင့်အတွက် စုမိသားစုမှာ အလုပ်စီစဥ်ပေးနိုင်တဲ့ မဟာအရည်အချင်းမျိုး ရှိမှာလဲ”
ယွဲ့ချန်ရှို့သည် သူမ၏အဖြေကို လက်မခံချေ။ သူသည် လော့ဟယ်မြို့သို့ ရောက်နေသည်မှာ တစ်နှစ်ကျော်နေပြီဖြစ်လေသည်။ အစပိုင်းတွင် သူ့ဉာဏ်ရည် လုပ်နိုင်စွမ်းနှင့်ဆိုလျှင် သူသည် လော့ဟယ်တွင် ကောင်းကောင်းလုပ်နိုင်မည်ဟု ထင်ထားခဲ့သည်။ ပထမတော့ သူသည် လူတချို့၏ လိမ်ခံလိုက်ရပြီး မိသားစု စုဆောင်းငွေအားလုံး၏ သုံးပုံတစ်ပုံအထိ လျော့သွားခဲ့သည်။ နောက်ပိုင်းတွင် သူသည် ကုန်စုံဆိုင်လေးတစ်ခုတွင် အလုပ်တစ်ခု ရခဲ့သည်။ သူသည် သကြားနှင့် ဆားများကို အိမ်သို့ ခွင့်မတောင်းဘဲ ယူပြန်ခဲ့သည့်အတွင်တာဝန်ခံက သူ့တစ်လစာကို ဖြတ်လိုက်ပြီး သူ့ကိုလည်း မောင်းထုတ်လိုက်တော့သည်။
ထိုအကြောင်းကို တွေးမိပြီး ယွဲ့ချန်ရှို့သည် နာကျည်းစိတ်များ ပြည့်နက်သွားတော့သည်။ သူ အဲဒီ ကပ်စေးနဲလူအတွက် ငွေအများကြီး ရှားပေးခဲ့တာပဲ မဟုတ်လား။ ဒီသကြားနဲ့ ဆား နည်းနည်းလေးလောက်အတွက်နဲ့များ အရင်ကသံယောဇဥ်ကို မထောက်ဘဲ သူ့ကို မောင်းထုတ်ခဲ့ရတယ်လို့။ သူ နာမည်ကြီးလာတဲ့အထိ စောင့်နေလိုက်စမ်းပါ။ သူ့ဆီပြန်သွားပြီး အဲဒီကပ်စေးနှဲ အဘိုးကြီးကို သူက ဘာဆိုရာ ပြပေးလိုက်မယ်။ သူ့ရှေ့က အရင်က သူမကြိုက်တော့တဲ့ အမျိုးသမီးဟန်ကတော့ သူ့အောင်မြင်မှုရဲ့ လှေကားထစ်ပေါ့လေ။ သူ ဒီရှားပါးအခွင့်အရေးကို သေချာပေါက် ဖမ်းဆုပ်ရမယ်။
သူသည် အမျိုးသမီးဟန်၏ သရော်နေသည့်စကားကို မကြားသည့်အလား မျက်နှာကို ချီထားကာ သွားများပေါ်သည်အထိ ပြုံးကာ
“ဝမ်ချင်းရယ် မင်း အခုဝတ်စားထားတာကိုလည်း ကြည့်လိုက်ပါအုံး၊ ပိုးသား ဖဲသားနဲ့ ရွှေငွေတွေ မြုပ်ထားသည့် လက်ဝတ်ရတနာတွေနဲ့ မင်းရဲ့ယောက်ျား ဒီလို ဒုက္ခရောက်နေတာကို မင်း ကြည့်မနေနိုင်ပါဘူး ဟုတ်တယ်မလား”
သူမက စုမိသားစုရဲ့ပိုင်ရှင်နဲ့ ဘာမှမဆိုင်ဘူးတဲ့လား။ ဘယ်သူက ယုံမှာလဲ။ သူမလို ဟန်ဝမ်ချင်းက သာမန်အစေခံတစ်ယောက်ပဲဆိုရင် ဒီလိုငွေထည် ဆံထိုးကို ဘယ်လိုလုပ်ပြီး တတ်နိုင်မှာလဲ။ လက်ကောက်ဝတ်မှာလည်း တောက်ပြောင်နေတဲ့ ရွှေသားကြာပန်းလက်ကောက်လည်း ဝတ်ထားသေးတယ်။ ဒါက ငွေလျန်တချို့တော့ တန်မှာပဲ။
အမျိုးသမီးဟန်သည် သူ၏မျက်နှာပြောင်လွန်းလှသည့် အပြုအမူကို အလွန်စိတ်ပျက်သွားတော့သည်။ ထို့အပြင် မကြာခဏဆိုသလို စိတ်ဝင်တစားနှင့် လှည့်ကြည့်တတ်ကြသည့် ဖြတ်သွားဖြတ်လာများကို မြင်လိုက်ရပြီးနောက် သူမသည် သူနှင့် သည်ထက်ပိုပြီးမပတ်သက်ချင်တော့ပေ။
“ ကျွန်မရှင်နဲ့ လေကုန်မခံချင်တော့ဘူး၊ ကျွန်မမှာ လုပ်စရာရှိသေးတယ် အခုချက်ချင်း လမ်းဖယ်ပေးတော့”
“ဝမ်ချင်းရယ် ငါတို့ လင်မယားပြန်တွေ့တာထက် ပိုအရေးကြီးတဲ့ကိစ္စရှိပါအုံးမလား”
ယွဲ့ချန်ရှို့သည် သည်အဆင့်နိမ့်အမျိုးသမီးဟန်က သူ့ဘဝကို လုံးဝဂရုမစိုက်မှန်း သိနိုင်လေသည်။ သူသည် သူမကို မည်သို့ အလွတ်ပေးနိုင်ပါမည်နည်း။ သည်အခွင့်အရေး လက်လွတ်သွားလျှင် ချမ်းသာရဖို့ နောက်ထပ်အခွင့်အရေးတစ်ခုကို ထပ်စောင့်ဖို့ရန် အမှန်ပင် ခက်ခဲသွားပေလိမ့်မည်။
“ ဘာဖြစ်နေတာလဲ” အနည်းငယ်လေးနက်သည့်အသံတစ်ခုက သူတို့နှစ်ယောက်ကြားက မတိုးသာမဆုတ်သာ အခြေအနေတွင် ဖြတ်ဝင်လာတော့သည်။
အမျိုးသမီးဟန်က မော့ကြည့်လိုက်လေသည်။ တတိယသခင်ကြီးဟွမ်က သည်လမ်းမှ ဖြတ်သွားသည်နှင့် ကြုံပြီး သူမကို ယောက်ျားတစ်ယောက်က နှောင့်ယှက်နေသည်ကို မြင်လိုက်ရသဖြင့် သူမကို လာကူညီခြင်းဖြစ်လေသည်။ သူမ၏စိတ်နှလုံးသည် ရှင်းမပြတတ်လောက်အောင် သက်သာရာ ရသွားတော့သည်။ သူမသည် သူ့ကို ရှက်ရွံ့ကာဖြင့် နှုတ်ဆက်လိုက်တော့သည်။
“ တတိယသခင်ကြီး”
ကြားဝင်ခံလိုက်ရသဖြင့် ယွဲ့ချန်ရှို့သည် အစပိုင်းတွင် အနည်းငယ် မကျေမနပ်ဖြစ်သွားတော့သည်။ သို့သော် အမျိုးသမီးဟန်က သူ့ကို ဤသို့ခေါ်လိုက်သည်ကို ကြားလိုက်ရသဖြင့် ခရမ်းရင့်ရောင် ဖဲသားဝတ်စုံနှင့် ထင်ရှားသည့် ပုံစံနှင့် ကျောက်စိမ်းဆွဲပြားတချို့ကို ခါးတွင်ချိတ်ထားသည့် ထိုယောကျ်ားကို စူးစမ်းကြည့်လိုက်လေသည်။ ထိုသက်လတ်ပိုင်းယောကျ်ားသည် အနည်းငယ်ဝဖိုင့်ပြီး ချမ်းသာသည့်ရုပ်ရည်နှင့် နောက်က အစောင့်တစ်ယောက်ပါလေသည်။ ထို့ကြောင့် သူသည် ထိုလူကို စုမိသားစု၏ သခင်တစ်ယောက်ဟု အထင်မှားသွားပြီး ခခယယအမူအရာတစ်ခု ချက်ချင်း ပြောင်းသွားတော့သည်။ အမျိုးသမီးဟန်ကို လွှတ်ပေးလိုက်ပြီး သူက အနည်းငယ်ခါးကို ညွှတ်လိုက်ပြီး အမျိုးသမီးဟန် ခေါ်သည့်အတိုင်းလိုက်တုကာ ဝမ်းသာအားရဖြင့်် နှုတ်ဆက်လိုက်လေသည်။
“ မင်္ဂလာပါ တတိယသခင်ကြီး ကျွန်တော်က အမျိုးသမီးဟန်ရဲ့ယောက်ျားပါ”
တတိယသခင်ကြီးဟွမ်သည် အမျိုးသမီးဟန်၏အတိတ်အကြောင်း အနည်းအကျဥ်းကို သိထားပြီးဟန် တူသည်။ သူမက ကိုယ်ပိုင်အိမ်ထောင်တစ်ခုကို တည်ထားတာလို့ မှတ်မိထားတာပါ။ ဒီယောက်ျားက ဘယ်ကရောက်လာတာလဲ။ သူသည် အနည်းငယ် တွေဝေသွားသော်လည်း သူ့မျက်နှာပေါ်တွင် ဘာမှမပြချေ။ သူသည် ယွဲ့ချန်ရှို့ကို ဂရုမစိုက်သလိုကြည့်လိုက်ပြီးနောက် အသိအမှတ်ပြုဟန်ဖြင့် မသိမသာ ခေါင်းညိတ်ပြလိုက်လေသည်။ သူသည် အမျိုးသမီးဟန်ဘက်သို့ ပြန်လှည့်ကြည့်လိုက်ပြီး သူ့အကူအညီလိုမလို မျက်လုံးဖြင့် အရိပ်အချည်ပြကာ မေးလိုက်လေသည်။
အမျိုးသမီးဟန်က ယွဲ့ချန်ရှို့ဖမ်းဆုပ်ထားသဖြင့် နာကျင်နေသည့် လက်မောင်းကို အနည်းငယ် ခါလိုက်ပြီးနောက် ပြန်ဖြေလိုက်တော့သည်။
“ တတိယသခင်ကြီး စိတ်မပူပါနဲ့ ၊ ဒီအစေခံက သခင်မ မှာထားတဲ့ပစ္စည်းတွေအားလုံး ဝယ်ပြီးသွားပါပြီ၊ ကျွန်မ အခုပဲ သခင်ကြီးရဲ့ဇနီးဆီ သွားပို့လိုက်ပါ့မယ်”
တတိယသခင်ကြီးဟွမ်သည် သူမသည် သည်လိုနားမလည်နိုင်သည့်စကားများ ပြောလိုက်သော်လည်း သူ့အမူအရာက ပြောင်းမသွားချေ။ ထိုအစား သူက အေးစက်စက်သူ့သဘောထားကို ဆက်ထိန်းထားလိုက်ပြီး အမျိုးသမီးဟန်နှင့်အတူ လိုက်ဟန်ဆောင်ပေးလိုက်တော့သည်။
“ ကောင်းပြီ သခင်မရဲ့ကိစ္စတွေကို မနှောင့်နှေးစေနဲ့၊ စောစောပြန်တော့၊ မင်း ပြန်ရောက်ရင် ငါ အလုပ်ကိစ္စ ဆွေးနွေးစရာ ချိန်းထားတာရှိလို့ ညစာပြန်မစားတော့ဘူးလို့ သခင်မကို ပြောလိုက်”
အမျိုးသမီးဟန်က တတိယသခင်ကြီးဟွမ်၏ စကားကို ပြန်မဖြေလိုက်ခင်မှာပင် ယွဲ့ချန်ရှို့က စကားဝိုင်းကို ဖြတ်ပြောလိုက်လေသည်။
“ တတိယသခင်ကြီး ကျွန်တော်က လူတွေနဲ့ဆက်ဆံတဲ့နေရာမှာ အတော်ဆုံးပဲ၊ သခင်ကြီး အလုပ်ကိစ္စပြောတဲ့အခါ ကျွန်တော့်ကို ခေါ်သွားစေချင်ပါတယ်၊ ကျွန်တော် တတိယသခင်ကြီးအတွက် အလုပ်တာဝန်ကို စိတ်နှစ်ပြီး ဖြည့်ဆည်းပေးပါ့မယ်”
အမျိုးသမီးဟန်သည် ယွဲ့ချန်ရှို့ကို စိတ်ပျက်ပျက်နှင့် ဒေါသတကြီး စိုက်ကြည့်လိုက်ပြီး တတိယသခင်ကြီးဟွမ်ကို တောင်းတောင်းပန်ပန်နှင့် တောင်းပန်စကားပြောလိုက်တော့သည်။
“ကျွန်မ တကယ်တောင်းပန်ပါတယ်ရှင်၊ သူက အဓိပ္ပာယ်မရှိတာတွေချည်း ပြောနေတာ၊ တတိယသခင်ကြီး ကျေးဇူးပြုပြီး သူ့ကို ဂရုစိုက်မနေပါနဲ့”
တတိယသခင်ကြီးဟွမ်သည် အချက်အလက်အချို့ကို သဘောပေါက်လာပြီး အပြုံးတစ်ခုဖြင့် ပြောလိုက်လေသည်။
“ ရပါတယ် ကျုပ် ခင်ဗျားကို ဘယ်လိုခေါ်ရမလဲ၊ နောင်ကြီး လို့ခေါ်ရမလား၊ နောင်ကြီး ကိုယ်ဟာကိုယ်လောက် မွှမ်းနေပြီး ကျုပ်ကလည်း အရည်အချင်းရှိတဲ့ သူတွေကို သဘောကျတဲ့သူ ဖြစ်နေတယ်၊ ဒီနေ့က အရေးကြီးကိစ္စတစ်ခု ဖြစ်နေလို့ပါ၊ နောင်ကြီး ကျုပ်နဲ့ လိုက်ခဲ့ပါလား”
အံ့ဩဝမ်းသာသွားပြီး ယွဲ့ချန်ရှို့သည် ခေါင်းကို တွင်တွင်ညိတ်ပြလိုက်လေသည်။
“ ကျေးဇူးတင်ပါတယ် တတိယသခင်ကြီး၊ ကျေးဇူးတင်ပါတယ် တတိယသခင်ကြီး”
ထို့နောက်တွင် သူသည် နောက်လိုက်တစ်ယောက်လို တတိယသခင်ကြီးဟွမ်နောက်သို့ လိုက်သွားကာ ထွက်သွားတော့သည်။ နောက်ဆုံးတွင်တော့ သူသည် သူ့အနေအထားကို ပြောင်းနိုင်မည့် အခွင့်အရေးတစ်ခုကို ဖမ်းဆုပ်ခဲ့ပြီး ကြီးစွာ ပီတိဖြာနေတော့သည်။ သူသည် အမျိုးသမီးဟန်ကို ပြောခဲ့သည့်စကားကို သတိရမည့်စိတ်တို့ ကျန်ရှိနိုင်ပါအုံးမည်နည်း။ ပိုင်ရှင်မိသားစု၏ မျိုးရိုးနာမည်မှာ စုဖြစ်နေပြီး တတိယသခင်ကြီး၏မျိုးရိုးနာမည်မှာ ဟွမ်ဖြစ်ရသည့်အကြောင်း မေးခွန်းထုတ်ဖို့တော့ စဥ်းစားမိမည်ပင်မဟုတ်ချေ။
တတိယသခင်ကြီးဟွမ်သည် လက်နောက်ပစ်ကာ ဖြည်းဖြည်းချင်းချင်း လျှောက်သွားနေပြီး ဦးညွှတ်ကာ သူ့ဖော်လံဖားအသွင်ကို ပြသနေသည့် ယွဲ့ချန်ရှို့ကို မြင်လိုက်ရသဖြင့် အမျိုးသမီးဟန်သည် အနည်းငယ် စိတ်ပျက်သွားတော့သည်။ မူလက သူမသည် ယွဲ့ချန်ရှို့၏ပြဿနာကို ဖြည်းဖြည်းချင်း ဖြေရှင်းရန် နည်းလမ်းတစ်ခု ရှာချင်ခဲ့လေသည်။ မျှော်လင့်မထားဘဲ တတိယသခင်ကြီးက ရုတ်တရက် ပါဝင်လာတော့သည်။ သူမသည် ယွဲ့ချန်ရှို့က တတိယသခင်ကြီးဟွမ်နှင့် ပေါက်ကရလျှောက်ပြောပြီး သူမကို ခေါင်းကိုက်စေသည့်ကိစ္စ ပိုကြီးထွားလာမည်ကို စိုးရိမ်နေမိတော့သည်။
***
ယွဲ့ချန်ရှို့သည် အခွင့်အရေးရသည်နှင့် အကောင်းဆုံးကြိုးစားတော့သည်။ ခြုံပြောရလျှင် ယွဲ့ချန်ရှို့သည် နှုတ်ရေးကောင်းသူတစ်ယောက် ဖြစ်သည်။ သူသည် တင်းယွင်တွင် ရှိနေစဥ်ကာ သခင်ကြီးဟန်နောက် လိုက်ကာ ကုန်စုံဆိုင်ကို ဆယ်နှစ်ကျော် ဦးစီးခဲ့လေသည်။ သခင်ကြီးဟန်က သူ့ကို စိတ်ရင်းနှင့် အားလုံးသင်ပြပေးခဲ့သည်။ သူသည် လူမှုရေးနှင့် ပြုမူနေထိုင်ပုံများကို ထူးချွန်သည်အထိ လေ့ကျင့်ခဲ့သည်ဟု ဆိုနိုင်လေသည်။
“ ဒီနေ့အတွက် နောင်ကြီးယွဲ့ကို ကျေးဇူးတင်ပါတယ်၊ ကျွန်တော်တို့ လုပ်ငန်းကို ချောချောမောမော ဆွေးနွေးနိုင်ခဲ့တယ်၊ ဒီငွေကိုတော့ နောင်ကြီးယွဲ့ရဲ့ လုပ်အားခလို့ မှတ်ပေးပါ”
တတိယသခင်ကြီးဟွမ်သည် ပြုံးကာ ကျူးယဲ့ချင်းတစ်ခွက် သောက်လိုက်ပြီး သူ့ဘေး အစေခံတစ်ယောက်ကို ပိုက်ဆံအိတ်အား လှမ်းပေးရန် အချက်ပြလိုက်လေသည်။
ယွဲ့ချန်ရှို့က ပိုက်ဆံအိတ်ကို လက်ခံလိုက်လေသည်။ လေးလံသည့်အလေးချိန်က သူ့စိတ်ကို အနည်းငယ် လှိုင်းထန်သွားစေတော့သည်။ သူသည် ပိုပြီး စိတ်အားထက်သန်စွာ ပြုံးပြလိုက်ပြီးနောက် ပြောလိုက်လေသည်။
“ တတိယသခင်ကြီးဟွမ်က ထောက်ပံ့ပေးတာကို ကျွန်တော်က ကျေးဇူးတင်ပါတယ်၊ ကျွန်တော့်မှာ အင်အားနည်းနည်းပါးပါးပဲ ရှိတာပါ တတိယသခင်ကြီးဟွမ်က ကျွန်တော့်ကို အခွင့်အရေးတစ်ခုလောက် ပေးဖို့ မျှော်လင့်ပါတယ် ကျွန်တော်ကလည်း တတိယသခင်ကြီးအတွက် သေချာပေါက် အကောင်းဆုံး လုပ်ပေးမှာပါ”
တတိယသခင်ကြီးဟွမ်က လှိုက်လှုက်လှဲလှဲ အော်ရယ်လိုက်ပြီး ယွဲ့ချန်ရှို့၏ပခုံးကို ပုတ်လိုက်ကာ ပြောလိုက်တော့သည်။
“ ကျုပ် တတိယသခင်ကြီးဟွမ်က အရည်အချင်းရှိတဲ့သူတွေကို အမြဲတမ်း တန်ဖိုးထားလာတာပါ၊ ကောင်းပြီလေ မနက်ဖြန် မြို့အနောက်ဘက်က ဝမ်ကျားလိုကို သွားပြီး တာဝန်ခံလီကို သွားရှာလိုက်ပါ၊ ကျုပ်လွှတ်လိုက်တာလို့ ပြောလိုက်၊ သူ ခင်ဗျားအတွက် စီစဥ်ပေးလိုက်မယ်”
ဝမ်ကျားလိုသည် တတိယသခင်ကြီးဟွမ်၏ ကိုယ်ပိုင် ပိုင်ဆိုင်မှုဖြစ်ပြီး သာမန်မြို့သားအများစုအတွက် ရည်ရွယ်ပြီးဖွင့်ထားသည့် လက်ဖက်ရည်ဆိုင်ငယ်လေးတစ်ခု ဖြစ်လေသည်။ ဆိုင်လေးသည် စုကျားယန့်လောက် နာမည်မကြီးသော်လည်း ယွဲ့ချန်ရှို့ အတွက်တော့ လုံလောက်အောင် ကောင်းမွန်သည့် နေရာတစ်ခုဖြစ်သည်။
“ ကျေးဇူးတင်ပါတယ် တတိယသခင်ကြီးဟွမ် ကျေးဇူးတင်ပါတယ် တတိယသခင်ကြီးဟွမ်ရယ်”
ယွဲ့ချန်ရှို့သည် တတိယသခင်ကြီးဟွမ်ကို ဒူးထောက်ကာ အကြိမ်ကြိမ် ဦးချလိုက်ပြီး သူသည် ကျေးဇူးတင်စွာဖြင့် သဘောကောင်းသည့် တတိယသခင်ကြီးဟွမ်ကို လိုက်ပို့ပေးလိုက်လေသည်။ ထို့နောက် သူသည် အခုလေးတင် တတိယသခင်ကြီးဟွမ်က သူ့ကို ဆုချခဲ့သည့် ပိုက်ဆံအိတ်ကြီးကို ရင်ဘတ်ထဲထည့်လိုက်ကာ အိမ်သို့ ပျော်ပျော်ရွှင်ရွှင် ပြန်သွားလေတော့သည်။
ယွဲ့ချန်ရှို့နှင့် ကျောင်းညန်တို့သည် မြို့အနောက်ဘက်ပေါက်အပြင်ဘက်က မြည်းလှည်းလမ်းကြားတွင် နေထိုင်သည်။ ယွဲ့ချန်ရှို့သည် သည်နေ့တွင် စိတ်ကောင်းဝင်နေလေသည်။ သူသည် အရက်နှင့် အသားကို ဝယ်လာပြီး သီချင်းလေးညည်းကာ အိမ်ပြန်လာတော့သည်။ သူသည် တစ်နေ့လုံးအိမ်ကနေ သူ့ကို စောင့်နေသည့် ကျောင်းညန်ကို ကြွားလုံးထုတ်ရင်း သည်နေ့ သူ၏မဟာအောင်မြင်မှုအကြောင်းကို ရှင်းပြလိုက်တော့သည်။
“ မင်းရဲ့သခင်ကြီးက တတိယသခင်ကြီးဟွမ် ငါ့ကိုအထင်ကြီးသွားအောင် စကားနည်းနည်း ပြောလိုက်တာ မနက်ဖြန် ဝမ်ကျားလိုမှာ ငါ အလုပ်ဆင်းရတော့မယ်၊ ဒီနေ့ တတိယသခင်ကြီးဟွမ်က အလုပ်ကိစ္စဆွေးနွေးတော့ ငါက စကားတစ်ခွန်းနှစ်ခွန်းလောက် ပြောလိုက်တာလေ၊ တတိယသခင်ကြီးဟွမ်က ငါကို လျန်၁၀စတောင်ဆုချလိုက်တယ်၊ ကျောင်းညန် ငါတို့တွေ အကောင်းစားအဝတ်နဲ့ အစားအသောက် ပေါပေါများများ စားပြီး ပျော်ရွှင်တဲ့ဘဝတစ်ခု နေရတော့မယ် သိပ်မကြာတော့ပါဘူး”
ကျောင်းညန်သည် ယွဲ့ချန်ရှို့ သူမကို ပေးထားသည့် လျန်၂စကို တင်းနေအောင် ဆုပ်ထားလိုက်သည်။ ၁၀လျန်ရခဲ့သည့်သူက သူမကို လျန်၂စပဲ ပေးသည့်အတွက် ကပ်စေးနဲလွန်းသည့် ယွဲ့ချန်ရှို့ကို စိတ်ထဲတွင်တော့ ကျိန်ဆဲရင်း ယွဲ့ချန်ရှို့အနား ကပ်သွားလိုက်လေသည်။ သူမသည် အားနည်းချိနဲ့ကာ အရိုးများမရှိတော့သလို သူ့ကို မှီချလိုက်ပြီး သစ်ခွပန်းလေးတစ်ပွင့်လို လေသံလေးဖြင့် ပြောလိုက်လေသည်။
“ သခင်ကြီးက ကြီးမားတဲ့အောင်မြင်မှုတွေ ရယူနိုင်မယ်ဆိုတာ ကျောင်းညန် ယုံပါတယ်”
ယွဲ့ချန်ရှို့ပြောသည့် အစေခံများဖြင့် ခစားခံရကာ ရွှေငွေများ ဝတ်စားနိုင်မည့်နေ့များသည် သူမ အတောင့်တဆုံးအရာပင်။ သူမသည် တစ်ဘဝလုံး ဆင်းဆင်းရဲရဲနေခဲ့ရသလို အဖေဖြစ်သူက သူမကို ဆောင်ကြာမြိုင်တွင် ရောင်းစားခြင်းကို ခံခဲ့ရသည်။ သူမသည် ထိုအဖိုးကြီးများကို မုန်းတီးလေသည်။ နေ့တိုင်း ကောင်းမွန်သည့်ဘဝတစ်ခု တွင်နေပြီး ထိုသောက်ကျိုးနဲလူများ၏မျက်နှာများကို ရုပ်ပျက်သွားသည်အထိ ပါးချကာ သူတို့ကို နောင်တရသွားအောင် လုပ်နိုင်ဖို့ ဆုတောင်းခဲ့သည်။
သာယာသည့်တစ်ညတာ ကုန်ဆုံးသွားပြီးနောက် ယွဲ့ချန်ရှို့သည် နောက်တစ်နေ့ မနက်စောစောတွင် သူ၏အကောင်းဆုံး အဝတ်အစားများကို ဝတ်ကာ စျေးအနောက်ဘက် ဝမ်ကျားလိုသို့ သွားလိုက်လေသည်။ ဝမ်ကျားလိုသည် မြို့အနောက်ဘက်တွင်ရှိသည့် နှစ်ထပ် လက်ဖက်ရည်ဆိုင်တစ်ခု ဖြစ်ပြီး အတန်ငယ်သေးငယ်သည့် နေရာတစ်ခုကို လွှမ်းမိုးထားသည်။ သို့တိုင် တည်နေရာက အလွန်ကောင်းပြီး စားဖိုမှူးများသည်လည်း မဆိုးကြချေ။ နေ့စဥ်ဝင်ငွေက ကောင်းလေသည်။
ဝမ်ကျားလို၏ရှေ့တွင် ရပ်လိုက်ပြီး ယွဲ့ချန်ရှို့က ဝမ်ကျားလိုကို အကဲခတ်လိုက်သည်။ သူမျှော်လင့်ထားသည်နှင့် တော်တော် ကွာခြားနေသည်။ အံကြိတ်ထားလိုက်ပြီး အထဲသို့ ဝင်လိုက်ကာ စားပွဲထိုးတစ်ယောက်ကို တားလိုက်ပြီး မေးလိုက်၏။
“ တဆိတ်လောက်ပါ၊ တာဝန်ခံလီများ ဒီမှာရှိသလား၊ တတိယသခင်ကြီးဟွမ်က ကျွန်တော့်ကို ဒီကိုလာခိုင်းလိုက်လို့ပါ”
တာဝန်ခံလီသည် သူ့သခင်ထံမှာ အမိန့် လက်ခံရရှိပြီးဖြစ်သည်။ သူသည် ယွဲ့ချိန်ရှို့ကို တွေ့လိုက်သောအခါ သူ့အတွက် စားပွဲထိုးအလုပ်တစ်ခုကို စီစဥ်ပေးလိုက်တော့သည်။
“ အခုက အလုပ်နေရာလွတ်မရှိသေးလို့ပါ၊ ခင်ဗျား အခုလောလောဆယ်တော့ ဒီအလုပ်လေး လုပ်လိုက်ပေါ့ ၊ တတိယသခင်ကြီးက နေကောင်းတစ်ခု လွတ်တာနဲ့ ပြောပါလိမ့်မယ်၊ အဲနေရာက ခင်ဗျားအတွက်ပါပဲ”
ယွဲ့ချန်ရှို့သည် မနေ့က သဘောထား ပျော့ပြောင်းသည်ထင်ရသည့် တတိယသခင်ကြီဟွမ်က သူ့အတွက် ဒီလိုရှက်စရာကောင်းသည် စားပွဲထိုးအလုပ် စီစဥ်ပေးလိမ့်မည်ဟု မျှော်လင့်မထားခဲ့ချေ။ ချက်ချင်းပင် သူ့အမူအရာမှာ အကျည်းတန်သွားတော့ည်။ သို့တိုင် သူသည် ချက်ချင်း ထွက်မသွားရဲသေးချေ။ နောက်ဆုံး တတိယသခင်ကြီးဟွမ်သည် အခုအချိန်အထိ သူဆက်ဆံဖူးသမျှထဲတွင် အချမ်းသားဆုံးလူ ဖြစ်လေသည်။ သူသည် သူ့ကို အပြစ်ပြုမိခဲ့လျှင် ဘဝကို ပိုလို့ပင် ခက်ခဲသွားလိမ့်မည်။ ရွေးစရာမရှိတော့သဖြင့် သူသည် အံကြိတ်ရင်း အလုပ်ကို လက်ခံလိုက်ရတော့သည်။
သို့သော်ငြား တတိယသခင်ကြီးက သူ့ကို စိတ်ရင်းအနည်းငယ်တော့ ပြသခဲ့လေသည်။ သူသည် ယွဲ့ချန်ရှို့ကို သာမန်စားပွဲထိုးများထက် နှစ်ဆပေးခဲ့သည်။ သူ့ကို မျက်နှာသာပေးသည်ဟု မှတ်ယူနိုင်ပေသည်။ ယွဲ့ချန်ရှို့သည် သည်အရာကို သိသွားသည်နှင့်ချက်ချင်း စောစောက သူ့မကျေနပ်ချက်များက ပြောင်းလဲသွားတော့သည်။ သူသည် ကိုယ့်ဟာကို စိတ်ထဲတွင် တိတ်တိတ်လေး စဥ်းစားလိုက်လေသည်။ “ သခင်ကြီးဟွမ်က ငါ့ကို အလုပ်ပေးထားတာ ရည်ရွယ်ချက်တော့ ရှိရမယ် မဟုတ်ရင် သူ ငါ့ကို ဒီလစာပေးမှာမဟုတ်ဘူး”
သည်ဘက်တွင် ယွဲ့ချန်ရှို့သည် တိုးတက်လာဖို့ အခွင့်အရေးတစ်ခု ရှာတွေးသွားသဖြင့် ဂုဏ်ယူကာ နစ်မြောနေလေသည်။ တစ်ဖက်တွင်တော့ အမျိုးသမီးဟန်က တတိယသခင်ကြီးဟွမ်အား သွားရှာလိုက်တော့သည်။ တစ်ချက်မှာ မနေ့က အခြေအနေမှ ကယ်တင်ပေးခြင်းကြောင့် သူ့ကို ကျေးဇူးတင်လို၍ဖြစ်ပြီး နောက်တစ်ချက်မှာ သူ့ကို တောင်းပန်ရန် ဖြစ်လေသည်။ အကြောင်းမှာ သူမ၏ကိုယ်ရေးကိုယ်တာကိစ္စကို အပြင်လူအား ဝင်စွက်ဖက်စေမိခြင်းကြောင့် ဖြစ်လေသည်။ သူမသည် မနေ့က အိမ်ပြန်သွားပြီးနောက် တစ်ညလုံး အိပ်မပျော်ခဲ့ချေ။ သူမသည် ယွဲ့ချန်လုအပြင် တတိယသခင်ကြီးဟွမ်အား အပြစ်ရှိစိတ်ကြောင့် စိတ်ညစ်နေရတော့သည်။
…