← Chapters

အခန်း ၁၃၅

Vol. 9 Ch. 135

အခန်း ၁၃၅

Vol. 9 Ch. 135

အပိုင်း (၁၃၅) ဗျာများရခြင်းနှင့် စိတ်သက်သာရာရသွာခြင်း (၂)

အမျိုးသမီးဟန်၏ အကျိုးအကြောင်း အကျဥ်းချုပ်ရှင်းပြချက်ကို နားထောင်လိုက်ပြီးနောက် တတိယသခင်ကြီးဟွမ်သည် မနေ့က သူ့နောက်သို့ ယွဲ့ချိန်ရှို့ကို လိုက်သွားခွင့်ပြုလိုက်ချိန်က အမျိုးသမီးဟန်၏မျက်နှာ အနည်းငယ် ထူးဆန်းသွားရသည့် အကြောင်းအရင်းကို နောက်ဆုံးတော့ နားလည်သွားတော့သည်။

တတိယသခင်ကြီးဟွမ်က သက်ပြင်းချကာ ပြောလိုက်၏။

“ ညီမ ငါ မင်းကို မဝေဖန်ချင်ပါဘူး၊ မင်း စုမိသားစုရဲ့ အေးချမ်းမှုကို မနှောင့်ယှက်ချင်တာ ငါ သိပါတယ်၊ ဒါပေမဲ့ မင်းရဲ့နည်းလမ်းအတိုင်း လုပ်နေတုန်းက ယွဲ့ချန်ရှို့က မင်းကို ဒီလို ဆက်ပြီးနှောင့်ယှက်နေရင် နောက်ပိုင်းတစ်နေ့ကျရင် မင်းကလေးတွေအားလုံး လော့ဟယ်မှာ ရှိနေတာကို သူ သိသွားလိမ့်မယ်၊ အဲကျရင် မင်းဘာလုပ်မှာလဲ”

သူ့စကားကို ကြားလိုက်ပြီးနောက်တွင် အမျိုးသမီးဟန်သည် ကျောချမ်းသွားပြီး အခိုက်တန့်တွင် လမ်းပျောက်သွားသလို ခံစားလိုက်ရတော့သည်။ သူမသည် မျက်လုံးများတွင် စိုးရိမ်တကြီး အကြည့်တစ်ခုဖြင့် တတိယသခင်ကြီးဟွမ်ကို ကြည့်လိုက်လေသည်။

“ တတိယသခင်ကြီးမှာရော ဘာစိတ်ကူးလေးများ ရှိသလဲဟင်၊ တတိယသခင်ကြီးက ဒီတစ်ခါ ကူညီဖို့ ဆန္ဒလေးများ ရှိရင် ကျွန်မက တတိယသခင်ကြီးရဲ့ ကြီးမားတဲ့ကျေးဇူးကို သေချာပေါက် မမေ့ပါဘူး”

အမျိုးသမီးဟန်သည် သည်လိုလုပ်သည်က မှားမှန်းသိသော်လည်း သူမတွင် အမှန်ပင် အဖြေက မရှိနေချေ။ တတိယသခင်ကြီးက သတင်းစုံပြီး အတွေ့အကြုံအများကြီး ရှိတယ်လေ။ သူမထက် စာရင်တော့ သူ့မှာ စိတ်ကူးတွေ ပိုရှိနေမှာပဲ။

တတိယသခင်ကြီးဟွမ်သည် မသိမသာ သက်ပြင်းချလိုက်ပြီး အောက်ဖက်တွင် သနားစဖွယ် ထိုင်နေသည့် အမျိုးသမီးဟန်ကို ကြည့်လိုက်လေသည်။ သူသည် သူမနှင့် အချိန်တစ်ခုအထိ အလုပ်လုပ်ခဲ့ဖူးသဖြင့် သူမက ခေါင်းအမာဆုံးလူသားမှန်း သိထားလေသည်။ အခုတော့ သူမသည် ဦးညွှတ်ကာ သူ့ကို အကူအညီတောင်းနေသည်။ ခဏလောက်စဥ်းစားလိုက်ပြီးနောက် သူက ပြောလိုက်၏။

“ ကောင်းပါပြီ၊ ကျွန်တော်လည်း ကြားဝင်မိပြီး ဖြစ်နေတော့ ကျမ်းစာကို အနောက်ဘက်အထိ ပို့ပေးရတော့မှာပေါ့”

ယွဲ့ချန်ရှို့က ငွေအတွက် လာတာမှန်း သိသွားပြီးဆိုတော့ အားလုံးက ကိုင်တွယ်လို့ လွယ်ပါတယ်။

ယွဲ့ချန်ရှို့သည် ရက်အနည်းငယ်အတွင်း တတိယသခင်ကြီးဟွမ်၏ လူယုံတော် ဖြစ်လာပြီး နောက်ပိုင်း ဖောဖောသီသီနေနိုင်သည့် ဘဝတွင် စိန်နားကပ်ဖြင့်ပါးပြောင်မည့်အရေး အိပ်မက်မက်နေစဥ် တတိယသခင်ကြီးဟွမ်က ယွဲ့ချန်ရှို့ ရှိရမည့်နေရာနှင့် ပတ်သက်ပြီး အမျိုးသမီးဟန်နှင့် တိုင်ပင်ပြီးသွားတော့သည်။

“ ကျွန်တော့်ဘက် စီစဥ်ရတာ လွယ်တယ်၊ ဒါပေမဲ့ အမျိုးသမီးဟန် မင်း ကလေးတွေကို မပြောတော့ဘူးဆိုတာ သေချာလား၊ နောက်ဆုံး ယွဲ့ချန်ရှို့က သူတို့ရဲ့အဖေပဲလေ”

တတိယသခင်ကြီးဟွမ်သည် ယွဲ့ချန်ရှို့နှင့် အဆက်အသွယ် သိပ်မရှိပေ။ သူသာ ယွဲ့ဝမ်ရှန့်ဆိုလျှင် သူလည်း သည်ကိစ္စများကို သိချင်မလားဟု ခံစားမိသောကြောင့်ပင်။

အမျိုးသမီးဟန်က နှုတ်ခမ်းကို တင်းနေအောင် စေ့ထားပြီး ခေါင်းခါပြလိုက်၏။ သူမသည် မနေ့ညကလည်း ကောင်းကောင်း အိပ်မပျော်ခဲ့ရာ မျက်ကွင်းများ ညိုနေလေသည်။

“ ဝမ်ရှန့်က ထုန်ရှန့် စာမေးပွဲဝင်ဖြေတော့မှာလေ၊ စာမေးပွဲက တစ်လတောင် မလိုတော့ဘူး၊ ဒီလိုအချိန်ကြီးမှာ ကျွန်မ သူ့ကို စိတ်ဒုက္ခမပေးချင်ဘူး”

ကိစ္စက ဘယ်လောက်ကြီးကြီးလေ ဝမ်ရှန့်ရဲ့ အနာဂတ်ကိုတော့ နှောင့်နှေးစေလို့ မဖြစ်ဘူး။

ထိုအခါမှ တတိယသခင်ကြီးဟွမ်သည် သည်လိုကိစ္စမျိုး ရှိသေးမှန်း သတိရသွားတော့သည်။ သက်ပြင်းချရင်း သူက ပြောလိုက်တော့သည်။

“ ဟုတ်ပါတယ်လေ၊ အခုချိန်မှာ ကလေးရဲ့အနာဂတ်က ပထမဦးစားပေးရမဲ့ ကိစ္စပဲ၊ မင်း ဆုံးဖြတ်ချက် ချပြီးပြီဆိုမှတော့ ကျွန်တော် ယွဲ့ချန်ရှို့ဘက်ကို စီစဥ်လိုက်ပြီးရင် သူထွက်မသွားခင် ကွာရှင်းစာချုပ်မှာ လက်မှတ်ထိုးအောင် လုပ်ရမယ်”

ယွဲ့ချန်ရှို့က ငွေပဲလိုချင်တာဆိုတော့ သူ ငွေသာရှာနိုင်ရင် လော့ဟယ်မြို့မှာ မနေရလည်း ဖြစ်တယ်လေ ဟုတ်တယ်မလား။ ဒီချိန်ကိုက်ဗုံးက ဘယ်တော့ ပေါက်ကွဲမလဲ မသိဘူးဆိုတော့ သူ့ကို အဝေးကြီးကို ပို့လိုက်ပြီး အချိန်တန်ရင် သူတို့ကိုယ်တိုင် ပြန်မထိအောင် လုပ်ထားတာ အကောင်းဆုံးပဲ။

***

တတိယသခင်ကြီးဟွမ်၏ မှာကြားချက်အတိုင်း လိုက်နာပြီး အမျိုးသမီးဟန်က ယွဲ့ချန်ရှို့ကို သွားတွေ့လိုက်လေသည်။ သူမသည် စိတ်ထဲတွင် အကြိမ်ကြိမ် ကြိုတင်ပြင်ဆင်လာခဲ့သည့် စကားအားလုံးကို ထုတ်ပြောလိုက်ပြီးနောက် ယွဲ့ချန်ရှို့ကို တိတ်တိတ်လေး ကြည့်လိုက်လေသည်။

“ မင်းက ငါ့ကို လော့ဟယ်မြို့က ထွက်သွားစေချင်တယ်ပေါ့”

ယွဲ့ချန်ရှို့က အမျိုးသမီးဟန်ကို မသင်္ကာသလို ကြည့်ကာ ပြန်ပြောလိုက်လေသည်။

“ ငါက မင်းရဲ့စကားကို ဘာလို့ယုံရမှာလဲ၊ ငါ ကွာရှင်းစာချုပ်မှာ လက်မှတ်ထိုးလိုက်ရင် ဘာမှမရဘဲ အဆုံးသတ်သွားမှာမလား၊ ငါက ရှုံးပြီးရင်း ရှုံးရမဲ့အခြေအနေ ဖြစ်မနေဘူးလား”

ယွဲ့ချန်ရှို့သည် မအ,ပေ။ သူသည် အမျိုးသမီးဟန်ကို တွယ်ကပ်ထားရန် သူတို့နှစ်ယောက်ကြားက လင်မယားဆက်ဆံရေးကိုသာ အမှီပြုထားရလေသည်။ သူ ကွာရှင်းစာချုပ်မှာ လက်မှတ်ထိုးလိုက်ပြီးမှ တတိယသခင်ကြီးဟွမ်က စိတ်ပြောင်းသွားပြီး သူ့ကို ကန်ထုတ်လိုက်ရင် ဘယ်လိုလုပ်မလဲ။

သူ့တုံ့ပြန်မှုက သူမ မျှော်လင့်ထားသည့်အတိုင်းပင်။ အမျိုးသမီးဟန်သည် သူ၏အရှက်မဲလွန်းလှသည့် ပုံစံကို ကျိတ်မုန်းနေမိတော့သည်။ သူမက လက်ကောက်ဝတ်ပေါ်က ရွှေပြားလက်ကောက်တစ်စုံနှင့် သူမ၏နားတွင်ဝတ်ထားသည့် ရွှေနီနားကပ်လေးတစ်စုံကို ချွတ်ကာ ယွဲ့ချန်ရှို့ရှေ့တွင် ချလိုက်လေသည်။ သူမက ပြောလိုက်၏။

“ ကျွန်မမှာ အဖိုးတန်တာဆိုလို့ ဒါပဲရှိတယ်၊ ရှင် ကွာရှင်းစာချုပ်မှာ လက်မှတ်ထိုးပေးရင် ကျွန်မ ဒါတွေကို ရှင့်ကို ပေးလိုက်မယ်၊ လက်မှတ် မထိုးဘူးဆိုရင်တော့ ကျွန်မ ရုံးတော်ကိုသွားပြီး ရှင့်ကိုယ်လုပ်တော်ကို မျက်နှာသာပေးပြီး ရှင့်မိန်းမကို သတ်နေတဲ့အတွက် တရားစွဲရလိမ့်မယ်၊ ကျွန်မက ရှင် တရားဝင် လုပ်ထုံးလုပ်နည်းအတိုင်း လက်ထပ်ထားတဲ့ တရားဝင်မယားဆိုတာ ရှင် သေချာသိပါတယ်၊ အဲဒီကျောင်းညန်က ရှင် ဆောင်ကြာမြိုင်ကနေ ဝယ်လာတဲ့ အရုပ်တစ်ခုသာသာပဲ”

မျက်လုံးထဲတွင် မရှိမာနဖြင့် ကြည့်နေသည့် ယွဲ့ချန်ရှို့ကို ကြည့်ရင်း အမျိုးသမီးဟန်က အကြိမ်ကြိမ် သရော်လိုက်ကာ ပြောလိုက်လေသည်။

“ ကျွန်မတို့တွေ ဒီလိုပုံစံနဲ့ ရုံးတော်ကိုသွားရင် ဘယ်သူနိုင်မယ်ဆိုတာ သံသယဖြစ်စရာတောင် မရှိဘူးလေ ဟုတ်တယ်မလား”

ငွေဆံထိုးလေးကို အသာအယာ ပွတ်သပ်လိုက်ပြီး သူမက ဆက်ပြောလိုက်လေသည်။

“ ကျွန်မက အခုဆိုရင် စုမိသားစုက သခင်မရဲ့ အရေးပါတဲ့လူတစ်ယောက်ပဲ၊ ဘယ်သူက ပိုလုပ်နိုင်စွမ်း ရှိတယ်လို့ ထင်လဲ၊ လူအများကြီးရှိတဲ့ ချမ်းသာတဲ့ စုမိသားစုလား၊ ဒါမှမဟုတ် ယွဲ့ချန်ရှို့ဆိုတဲ့ ရှင်လား”

အမျိုးသမီးဟန်သည် စိတ်ထဲတွင် ကျိတ်မရယ်ဘဲ မနေနိုင်ဖြစ်သွားတော့သည်။ ဒီလှည့်ကွက်က တကယ်အလုပ်ဖြစ်တာပဲ။

ယွဲ့ချန်ရှို့သည် တစ်နှစ်ကျော် ကွဲကွာပြီးနောက်တွင် မူလက ကြောက်စရာကောင်းသည့် အမျိုးသမီးဟန်သည် အခုလို ဖိနှိပ်တတ်လာမည်ဟု မျှော်လင့်မထားခဲ့ချေ။ သူသည် ဒေါသထွက်လာပြီး စိုးရိမ်သွားတော့သည်။ သို့သော် သူမနှင့်ပတ်သက်ပြီးလည်း လုပ်နိုင်တာ တစ်ခုမှ ရှိမနေချေ။ နောက်ဆုံး သူမသည် စုမိသားစုဝင်တစ်ယောက် ဖြစ်နေပေပြီ။ သူမသည် သူ့ကို အမှန်ပင် ရှင်းပစ်ချင်လျှင် ပုရွက်ဆိတ်တစ်ကောင်ကို နင်းခြေလိုက်သလိုပင် လွယ်ကူသည်မဟုတ်ပါလား။ စိတ်ထဲတွင်တော့ တံတွေးထွေးလိုက်ပြီး ဒီခွေးမက တကယ် ကံကောင်းတာပဲ။ အစကတည်း တင်းယွင်မှာ သေသွားသင့်တဲ့ သူက မသေဘဲနဲ့ လော့ဟယ်ကို ရောက်လာပြီး စုမိသားစုလို သစ်ပင်ကြီးပေါ်ကို တွယ်တက်လိုက်သေးတယ်။

အမှန်တွင်တော့ ယွဲ့ချန်ရှို့သည် အမျိုးသမီးဟန်ကို ပထမဆုံး ချဥ်းကပ်စဥ်က သူမနှင့် ပြန်ပေါင်းထုပ်ချင်ခဲ့သည်။ နောက်ဆုံး ကြီးကြပ်တစ်ယောက်အနေဖြင့် စုမိသားစုတွင် အလုပ်လုပ်ပါက တစ်လလျှင် ငွေအများကြီး ရှာနိုင်မှာသေချာသည်။ သို့သော် အမျိုးသမီးဟန်၏ ပေါ်တင်တမျိုး၊ တိတ်တိတ်လေးတမျိုး မုန်းတီးမှုက အလွန်သိသာနေသည်။ ဟန်ဝမ်ချင်းရဲ့ဒေါသက အရင်ကအတိုင်းပဲ။ ရေအိမ်ထဲက ကျောက်တုံးလို နံစော်ပြီး မာကြောနေတာ။ တင်းယွင်မှာတုန်းကလည်း သူမက မျက်နှာတည်တည်နဲ့ သူ့ကို တရားဟောရတာ ကြိုက်တယ်လေ။ အိမ်က သိမ်မွေ့ပြီး ချစ်စရာကောင်းသည့် ကျောင်းညန်ကို စဥ်းစားလိုက်မိချိန်တွင် ယွဲ့ချန်ရှို့သည် သည်ထူးထူးဆန်းဆန်း စိတ်ကူးကို လက်လျှော့လိုက်ပြီး သူမထံမှ ဆီတချို့ကို ညှစ်ထုတ်ချင်သွားတော့သည်။

အမျိုးသမီးဟန်နှင့် ယွဲ့ချန်ရှို့တို့သည် အချိန်တော်တော်ကြာသည်အထိ မတိုးမသာမဆုတ်သာ အခြေအနေတွင် ရှိနေကြသည်။ နောက်ဆုံးတွင် ယွဲ့ချန်ရှို့က လက်လျှော့လိုက်ပြီး သူမကို ကွာရှင်းစာချုပ်ပေးဖို့ သဘောတူလိုက်တော့သည်။ သို့တိုင် သူက ခြင်္သေ့ပါးစပ်ကို ဟနေဆဲ။

“ ငါ မင်းကို ကွာရှင်းစာချုပ်မှာ လက်မှတ်ထိုးပေးလို့ရတယ်၊ လျန် ၁၀၀ ယူလာခဲ့၊ မင်းကို စာချုပ် ချက်ချင်းထုတ်ပေးလိုက်မယ်”

“ လျန် ၁၀၀ ၊ ရှင် ဓားပြပဲ သွားတိုက်လိုက်ပါတော့လား ယွဲ့ချန်ရှို့ရဲ့”

အမျိုးသမီးဟန်သည် ဘာလိုက်လျောမှုမှ ထပ်မလုပ်ချင်တော့ပေ။ သူမသည် ယွဲ့ချန်ရှို့ကို သူမ၏ ဝေးရာတွင်သာ ထားလိုက်ချင်တော့သည်။ သို့သော် ဒါက သူမတွင် သည်းခံနိုင်စွမ်း မရှိတော့သည့် သဘော မဟုတ်ပေ။

“ ဒီလိုဆိုတော့လည်း ရုံးတော်မှာပဲ တွေ့ကြတာပေါ့”

ယွဲ့ချန်ရှို့သည် သူမက အလွန်ပြတ်သားနေမည်ဟု မျှော်လင့်မထားသလို ရုံးတော်တွင် အမှန်တကယ် ပြဿနာသွားရှာမည်ကိုလည်း စိုးရိမ်သွားတော့သည်။ မတတ်နိုင်တော့ဘဲ အမျိုးသမီးဟန် ပြင်ဆင်လာခဲ့သည့် ကွာရှင်းစာချုပ်တွင် လက်မှတ်ထိုးပေးလိုက်ရပြီး မဲ့ရွဲ့ကာ ပြောလိုက်လေသည်။

“ မင်းလည်း ကလေးတွေကို မင်းခေါ်သွားမဲ့အကြောင်း ရေးလိုက်၊ သူတို့တွေက အစောကြီးကတည်း သေသွားလောက်ပြီ၊ မင်းက သရဲတွေကို မင်းနောက် လိုက်စေချင်တာတော့ မဖြစ်နိုင်ပါဘူး”

ယွဲ့ချန်ရှို့သည် ဘာသံသယမှ မရှိပေ။ အမျိုးသမီးဟန်က အတွေးလွန်ပြီး ကလေးတွေကို ပြန်ရှာချင်နေသည်ဟုသာ စဥ်းစားလိုက်လေသည်။

“ ကျွန်မ ကလေးတွေ သေသေ ရှင်ရှင် ရှင့်အပူမပါဘူး၊ ကွာရှင်းစာချုပ်မှာ လက်မှတ်ထိုးပြီးပြီဆိုတော့ နောက်ဆိုရင် ကျွန်မတို့တွေက ရှင်နဲ့ ဘာမှ မပတ်သက်တော့ဘူး၊ ကျွန်မ ဘာပဲလုပ်လုပ် ရှင်နဲ့မဆိုင်ဘူး”

အမျိုးသမီးဟန်သည် လော့ဟယ်တွင် အမျိုးသမီးအိမ်ထောင်စုတစ်ခု တည်ထားသဖြင့် တံဆိပ်တုံးအနီ ရိုက်ဖို့ရာ ကွာရှင်းစာချုပ်ကို ရုံးတော်သို့ ချက်ချင်းပို့လိုက်လေသည်။ သည်ကွာရှင်းစာချုပ်က တရားဝင် အသိအမှတ်ပြုပြီးသား ဖြစ်သွားတော့သည်။

ယွဲ့ချန်ရှို့ဖက်တွင်တော့ အမျိုးသမီးဟန်ထံမှ ရွှေသားလက်ဝတ်ရတနာများကို ရလိုက်ပြီး ထိုပစ္စည်းများကို ငွေသားဖြင့် လဲလှယ်လိုက်လေသည်။ တတိယသခင်ကြီးဟွမ်၏ မိတ်ဆက်ပေးမှုဖြင့် သူ့အစီအစဥ်အောက်တွင် သူသည် တောင်ပိုင်းနှင့် မြောက်ပိုင်းသို့ ခရီးသွားသည့် ကုန်စည်လှည်းအဖွဲ့သို့ ဝင်သွားပြီး ကျောင်းညန်နှင့်အတူ လော့ဟယ်မြို့မှ ထွက်သွားတော့သည်။ သည်သတင်းကို ကြားလိုက်ရပြီးမှ နောက်ဆုံးတွင် အမျိုးသမီးဟန်သည် စိတ်အေးသွားကာ သက်ပြင်းချနိုင်တော့သည်။ နောက်ဆုံးတွင် ယွဲ့ဝမ်ရှန့် စာမေးပွဲဖြေမည့်ရက်သို့ ရောက်လာတော့သည်။

“ သား စာမေးပွဲနဲ့ ပတ်သက်ပြီး မစိုးရိမ်နဲ့နော်၊ အမေတို့တွေ ဒီတစ်ကြိမ် မအောင်လည်း နောက်တစ်ကြိမ် ရှိပါသေးတယ်၊ အမေ သားအတွက် ပြင်ဆင်ထားပေးတဲ့ မုန့်ခြောက်တွေက စားဖို့မမေ့နဲ့နော်”

လော့ဟယ်မြို့ စာမေးပွဲခန်းမ၏ အပြင်ဘက်တွင် အမျိုးသမီးဟန်က မုန့်ခြောက်၊ သန့်ရှင်းသည့် အဝတ်အစား၊ ခေါင်းအုံး စသည့်ပစ္စည်းများ ထည့်ထားသည့် အိတ်ကို သယ်ထားလေသည်။ သူမက မျက်နှာပေါ်တွင် စိတ်ပူနေသည့် အမူအရာတစ်ခုဖြင့် ယွဲ့ဝမ်ရှန့်ဘေးတွင် ရပ်နေ၏။ သူမက သူ့ကို အတန်တန် သတိပေးနေလေသည်။

“ အိတ်ထဲမှာ ဝမ်းလျှောပျောက်ဆေးနဲ့ ခြင်မောင်းအမှုန့်တချို့လည်း ထည့်ထားပေးတယ်၊ သုံးဖို့ မမေ့နဲ့နော်”

သဖုန်း စီရီစုမြို့နယ် စာမေးပွဲသည် တစ်နေ့ စာမေးပွဲတစ်ခုသာ ကျင်းပပြီး စာမေးပွဲ ၅ခု ဆက်တိုက်ဖြေရသည်။ နေ့တိုင်း ညနေခင်းဗုံသံ ထွက်လာမှ စာမေးပွဲပြီးသည်။ အမျိုးသမီးဟန်က ပစ္စည်းများ ပြတ်လပ်သွားလျှင် စာမေးပွဲဖြေရမဲ့ စိတ်ကို အနှောင့်အယှက်ဖြစ်သွားပြီး ပြဿနာများ ဖန်တီးမိမည်စိုးသဖြင့် သားဖြစ်သူအတွက် ပစ္စည်းများကို လုံလုံလောက်လောက် ပြင်ဆင်ပေးလိုက်သည်။

“ အမေ စိတ်မပူပါနဲ့၊ တမြန်နေ့တုန်းက ယောင်ကျားက ဝမ်ရှန့်ရဲ့ ဗဟုသုတကို စစ်ဆေးပြီးပါပြီ၊ မြို့နယ်စာမေးပွဲအောင်ဖို့က ပြဿနာမရှိဘူးလို့ ပြောပါတယ်”

သည်နေ့သည် တတိယမိသားစု၏ နေ့ထူးနေ့မြတ်ကြီးတစ်ခုဖြစ်သည်။ ယိုဟယ်ကလည်း သူတို့နှင့် လိုက်လာမည်မှာ ပြောရန်ပင်မလိုချေ။ အမေ့အမှာစကားကို ကြားလိုက်ပြီးနောက် သူမက မောင်လေးအပေါ်တွင် ဖိအားအလွန်များသွားမည်စိုးသဖြင့် စိတ်အေးသွားစေရန် စကားနည်းနည်းပါးပါး ပြောလိုက်လေသည်။

“ယောက်ျားက မြို့နယ်စာမေးပွဲ အတွေ့အကြုံရှိပြီးသားလေ၊ သူက အဲလိုပြောတယ်ဆိုမှတော့ ဝမ်ရှန့် အရွေးခံရဖို့က ပြဿနာကြီးတစ်ခု မဟုတ်လောက်ပါဘူး”

ယွဲ့ဝမ်ရှန့်သည် စာမေးပွဲခန်းမ အပြင်ဘက်က လူတန်းက စတင်ရွေ့လျားနေသည်ကို သတိထားမိလိုက်ပြီး အမျိုးသမီးဟန် ပြင်ဆင်ပေးထားသည့် အထုပ်ကို ယူလိုက်လေသည်။ သူက အမေနှင့် အစ်မကို ဦးညွှတ်နှုတ်ဆက်လိုက်၏။

“ အမေ အစ်မ၊ ဝမ်ရှန့် သွားတော့မယ်နော်”

အမျိုးသမီးဟန်နှင့် ယိုဟယ်က အပြန်အလှန် တွဲထားပြီး ပေါ့ပလာပင်ကဲ့သို့ မြင့်မားဖြောင့်မတ်ကာ ကြီးပြင်လာခဲ့သည့် ယွဲ့ဝမ်ရှန့်က ခိုင်မာပြတ်သားသည့် ခြေလှမ်းများနှင့် စာမေးပွဲခန်းထဲသို့ ဝင်သွားသည်ကို စောင့်ကြည့်နေလိုက်လေသည်။ သူတို့နှစ်ယောက်လုံးက စိတ်အေးသွားကာ ခံစားချက်များ တက်လာလေသည်။ ယိုကျင့်သည် အမျိုးသမီးဟန်မှာ သည်ရက်ပိုင်းအတွင်း ပြဿနာတစ်ခု ကြုံနေရမှန်း သိထားသဖြင့် အမျိုးသမီးဟန်က ယွဲ့ဝမ်ရှန့်ကို ဂရုစိုက်ပေးနိုင်ရန် ယိုပေါင်းကို အလှကုန်ဆိုင်သို့ မကြာမကြာ သွားလည်ခိုင်းလိုက်သည်။

မြို့နယ်စာမေးပွဲ မေးခွန်းက အလွန်မမြင့်ချေ။ ငါးရက်မြောက်နေ့ ပြီးသွားပြီးနောက် ယွဲ့ဝမ်ရှန့်သည် အခြေအနေကောင်းလေသည်။ သို့တိုင် ဆရာကြီးချန်းက သူ့တပည့်အတွက် စိတ်မကောင်းဖြစ်နေဆဲ။ စာမေးပွဲ ပြီးနောက် ဒုတိယမြောက်နေ့တွင် သူနှင့်အတူ စာမေးပွဲမေးခွန်းများကို အကဲဖြတ်ပြီးနောက် သူ့ကို နှစ်ရက်လောက် ကောင်းကောင်းအနားယူခိုင်းလိုက်လေသည်။

သို့သော် ယွဲ့ဝမ်ရှန့်က ကောင်းကောင်း မနားပေ။ ထုန်ရှန့်စာမေးပွဲအတွက် ပြင်ဆင်ရန် သူသည် မျက်လုံးပွင့်သည်နှင့် စာလေ့လာပြီး မျက်လုံးမှိတ်ထားချိန်တွင် ဂန္ထဝင်စာပေနှင့် သမိုင်းများကို စုဆောင်းမှုများကို ပြန်ရေရွတ်နေတတ်သည်။ အခုတော့ ရုတ်တရက် အနားရသွားသဖြင့် သူ့မှာ ထိုအနေအထားကို အနည်းငယ် အသားမကျနိုင်ဖြစ်နေတော့သည်။

“ အစ်ကိုဝမ်းကွဲ ဝမ်ရှန့်က အရမ်းကံကောင်းတာပဲ၊ သူ စာဖတ်စရာ မလိုတော့ဘူး”

အတန်းနားချိန်တွင် စုခမ်းက မှင်များသုတ်ထားသည့် သစ်နက်သား စားပွဲပေါ်တွင် ကူကယ်ရာမဲ့စွာ လဲလျောင်းရင်း ရုတ်တရက် ညည်းညူလိုက်တော့သည်။ စာလုပ်ရတာက အရမ်းပြင်းဖို့ကောင်းတာပဲ။

စုခမ်းဘေးတွင် ထိုင်နေကြသည့် ဟန်အားဟွာနှင့် ယွဲ့ဝမ်ယွီတို့ကလည်း ချည့်နဲ့စွာ လဲလျောင်းလိုက်ကာ တီးတိုး ညည်းညူကြလေသည်။

“ အစ်ကိုကြီး ( အစ်ကိုဝမ်ရှန့်) ကို အားကျလိုက်တာ”

သူတို့သည် အတန်းတက်ရမည့်အစား အပြင်ထွက် ကစားချင်လိုက်တော့သည်။

“ ငါတို့တွေ အတန်းလစ်ကြမလား”

စုခမ်းက ထိုသို့ပြောလိုက်ပြီးနောက်တွင် ဟန်အားဟွာ၏မျက်လုံးများက အရင်ဆုံး တောက်ပလာသည်။ သို့သော် ဆရာက တစ်ဆင့် အစ်မယိုကျင့်အား အတန်းလစ်သည့်အကြောင်း အတိုင်ခံလိုက်ရကာ လက်များ ညောင်းချိနေသည်အထိ စာအုပ်ကူးလိုက်ရပြီး လက်တွင် အချက် ၂၀ အရိုက်ခံခဲ့ရသည့် နာကျင်ရသည့် မှတ်ဉာဏ်တို့ကို ပြန်တွေးမိလိုက်ချိန်တွင်တော့ သုံးယောက်သားသည့် အချင်းချင်း အကြည့်များထဲက ရှင်းမပြတတ်သည့် ခုခံအားကို တွေ့လိုက်ရတော့သည်။

“ မင်း (ငါ) ဘာမှမပြောခဲ့ဘူးလို့ ငါ (မင်း) သဘောထားလိုက်မယ်”

စိတ်ကူးက အတည်မဖြစ်ရသေးခင်မှာပင် သူတို့အားလုံးသည် အတန်းလစ်မည့်စိတ်ကူးကို ဖျက်လိုက်ကြတော့သည်။ အတန်းလစ်တာက ခဏလောက် စိတ်လှုပ်ရှားစရာဆိုပေမဲ့ အစ်မယိုကျင့် (မကြီး) သာ မိသွားရင် ငရဲပဲ။

သည်နေ့ နွေဦးပျိုးပင်များ၏ တိုးတက်မှုအခြေအနေကို စစ်ဆေးရန် ဟိုကျားဝမ်သို့ လူများကို ခေါ်လာခဲ့သည့် ယိုကျင့်သည် ရုတ်တရက်ကြီး နှာချေသွားတော့သည်။ ဝတ်ရုံအပါးလေးတစ်ထည်ကို ကိုင်ထားသည့် ချိုးဖန်က သူမကို ချက်ချင်း ဝတ်ရုံခြုံပေးချင်လိုက်သည်။

“ အပြင်ဘက်မှာ လေနည်းနည်းတိုက်နေတုန်းပဲ၊ မမလေး ဝတ်ရုံဝတ်ထားသင့်တယ်”

ယိုကျင့်က မလိုကြောင်း လက်ခါပြလိုက်၏။ သူမက ပြုံးကာ ပြောလိုက်လေသည်။

“ ၄လပိုင်းတောင် ရောက်နေပြီလေ ဘယ်လိုလုပ်ပြီး အရမ်းအေးတော့မှာလဲ၊ တစ်ယောက်ယောက်က ငါ့အကြောင်း ပြောနေတာပဲဖြစ်မယ်”

မရည်ရွယ်ထားသည့် ဟာသတစ်ခုက အမှန်ပင် အမှန်တရားကို သွားထိမှန်တော့သည်။

မမလေး၏ သဘောထားကို သိလိုက်ရသဖြင့် ချိုးဖန်က သူမကို ထပ်ပြီး မတိုက်တွန်းတော့ပေ။ သူမသည် မမလေးနောက်မှ ကပ်ကာ လိုက်လာခဲ့လေသည်။ မမလေး ထပ်နှာချေလျှင်တော့ မည်သို့ပင်ဖြစ်စေ သူမသည် မမလေးကို ဝတ်ရုံခြုံပေးရပေလိမ့်မည်။

…

All Chapters