အခန်း ၁၃၇
Vol. 10 Ch. 137
အပိုင်း (၁၃၇) ကျောင်းအုပ်နေရာ
“ သခင်မ မိန်းကလေးစု ရောက်ပါပြီ” တရားသူကြီးချင်၏ ရုံးတော်အတွင်း၌ ဖြူနေအောင် လျှော်ဖွတ်ထားသည့် အဝတ်အစားကို ဝတ်ဆင်ထားသည့် အစေခံတစ်ယောက်က အနောက်ဘက်ခြံ၏ လစန္ဒာပုံစံတံခါး အပြင်ဘက်တွင် ရပ်လိုက်ပြီး ပန်းခြံထဲက ဇရပ်ထဲတွင် ထိုင်ကာ ပန်းများရှုစားနေသည့် သခင်မချင်ကို သတင်းလာပို့လေသည်။ သူ့နောက်တွင် တမြန်နေ့က အလည်အပတ် ဖိတ်စာပို့ခဲ့သည့် ယိုကျင့် ပါလာ၏။ သည်နေ့ ယိုကျင့်သည် လရောင်ဖြူဆွတ်နေသည့် လည်ပင်းအဝိုင်း ရင်ဖုံးအင်္ကျီပါးလေးကို အဝါဖျော့ရောင် ပွင့်ခက်ပါသည့် တွန့်စကပ်တစ်ထည်နှင့် တွဲဝတ်ထားလေသည်။ သူမသည် တိမ်ဟန်ဆံထုံးပေါ်တွင် တတိုင်းမွှေးပန်းဆံထိုးတစ်စုံကို ဆင်မြန်းထားသည်။ သခင်မချင်သည် မိန်းမငယ်လေးများကို အိုဟောင်းနေသည့် အဝတ်အစားပုံစံနှင့် တွေ့ရသည်ကို သဘောမကျသည်ကို သူမ မှတ်မိနေသည်။ အခုတော့ ပြီးပြည့်စုံလှသည်။ မိန်းမငယ်တစ်ယောက်၏ တက်ကြွမှုကို မလျော့ပါးစေဘဲ ကျက်သရေရှိလှသည်။
“ စုမိသားစုက ကလေးမ ရောက်ပြီလား”
ရှောင်မိသားစုသည် သူမ၏မိသားစုနှင့် စုမိသားစုက ကလေးမလေးကို မိတ်ဆက်ပေးထားသော်လည်း နောက်ပိုင်းတွင် သူမသည် သည်လိုသိတတ်ပြီး လုပ်နိုင်စွမ်းရှိသည့် မိန်ကလေးကို အမှန်ပင် သဘောကျသွားလေသည်။ ရှောင်မိသားစုသည် ပြိုလဲသွားသော်လည်း သခင်မချင်ကတော့ သူမကို လိုလိုလားလား တွေ့ဆုံနေသေးသည်။ ထို့အပြင် လော့ဟယ်သည် ဧကရာဇ်နှင့် အလွန်ဝေးကွာသည့်အရပ်တွင် ရှိလေရာ သူမက ထိုကိစ္စကို စိတ်မပူချေ။
ယိုကျင့်က သခင်မချင်နှင့် ခြေလှမ်း ငါးလှမ်းအကွာအထိ လျှောက်လာပြီးနောက် တလေးတစား ဦးညွှတ် နှုတ်ဆက်လိုက်လေသည်။
“ မတွေ့တာကြာပြီနော် သခင်မ ကျန်းမာပါရဲ့လား”
ထိုသို့ပြောလိုက်မှ သူမသည် သခင်မချင်နှင့် မတွေ့ဖြစ်တော့သည်မှာ စုကျားယန့် ဖွင့်ပြီးကတည်းကပင်။ သခင်မချင်က ဧည့်သည်များကို ဧည့်ခံရန် စုကျားယန့်တွင် စားပွဲတစ်လုံး ကြိုမှာခဲ့သေးသည်။ ယိုကျင့်က ခြွင်းချက်အနေဖြင့် အထူးတလည်လုပ်ပေးကာ သခင်မချင်အတွက် စုကျားယန်း၏ အကန့်သတ်နှင့်ချက်ပြုတ်သည့် ဟင်းလေးမျိုးနှင့် တည်ခင်းပေးရာ စားသောက်ပွဲသို့ တက်ရောက်လာသည့် အမျိုးသမီးများကြားတွင် သခင်မချင်ကို မျက်နှာရစေခဲ့သည်။
“ ကလေးမလေးကတော့ နင်ဟာလေ အယဥ်ကျေးဆုံးပဲ”
သခင်မချင်က ရယ်မောကာ ပြစ်တင်လိုက်၏။ သူမက ယိုကျင့်ကို ထိုင်ရန် လက်ပြလိုက်ပြီး ဆက်ပြောလိုက်သည်။
“ပြီးခဲ့တဲ့တစ်ခေါက်က စားသောက်ပွဲလုပ်ပြီးကတည်းက ညည်းရဲ့ အကူအညီကြီးအတွက် ကျေးဇူးတင်စကားတောင် မပြောရသေးဘူး၊ ညည်းကလည်း လမ်းကြုံဝင်လာတာက ခပ်ရှားရှားရယ်၊ ငါတို့တွေ အတူတူ စကားတွေ ပြောလို့ရတဲ့ဟာကို”
ယိုကျင့်က အနည်းငယ်ပြုံးလိုက်ပြီး သခင်မချင်၏ အလိုအတိုင်း ထိုင်ချလိုက်ကာ သူမနှင့် စကားအကြာကြီးပြောလိုက်ပြီးနောက် သည်နေ့လာရင်း ရည်ရွယ်ချက်ကို ရှင်းပြလိုက်လေသည်။
“ ညည်းလို ကလေးမက ဖြတ်ထိုးဉာဏ်အကောင်းဆုံးပါလို့ ပြောနေသားပဲ၊ ညည်း ငါ့ဆီလာတာ ငါ့ကို သတိရလို့ ငါ့ဆီလာပြီး စကားပြောတာလို့ ထင်နေတာ၊ ညည်းက ရည်ရွယ်ချက်နဲ့ ရောက်လာမယ်လို့ လုံးဝကို မထင်ထားဘူး”
သခင်မချင်က သွားများပေါ်သည်အထိ ပြုံးကာ ပြစ်တင်စကားဆိုလိုက်လေသည်။
“ ညည်းလည်းနော် စဥ်းစားရဲပါ့၊ ငါလည်း သာမန်မိန်းမတစ်ယောက်ပဲဟာ ဘယ်လိုလုပ်ပြီးတော့ ကျောင်းအုပ်တစ်ယောက် လုပ်နိုင်မှာလဲ”
သူမသည် ငြင်းလိုက်သော်လည်း စိတ်မလှုပ်ရှားသွားပါဟု ပြောလျှင် လိမ်ရာကျပေမည်။ သခင်မချင်ကိုယ်တိုင်က စာတတ်ပေတတ် တစ်ယောက် ဖြစ်သည်။ ထို့ကြောင့် ကျောင်းအုပ်တစ်ယောက်မှာ ပညာရေးလာကတွင် လေးစားဖွယ်ဂုဏ်တစ်ခုဖြစ်မှန်း သိပြီးသားပင်။ အမျိုးသမီးကျောင်းတော်ကို အောင်အောင်မြင်မြင် တည်ဆောက်နိုင်ခဲ့လျှင် သူမသည် လော့ဟယ်တွင် လေးစားဖွယ်အကောင်းဆုံး အမျိုးသမီးတစ်ယောက် ဖြစ်လာလိမ့်မည်။
ဘယ်လိုပဲ စဥ်းစားစဥ်းစား စုမိသားစုက သူဌေးလက်သစ် မိသားစုတစ်ခုပဲ။ နှစ်အနည်းငယ်အတွင်းကမှ ချမ်းသာလာတဲ့ ကျေးလက်က အိမ်ထောင်တစ်ခု။ ဒီကိစ္စ အောင်မြင်သွားရင် ကျော်ကြားမှုက အလိုလို ပါလာလိမ့်မယ်။ ဒါပေမဲ့ မအောင်မြင်ဘူးဆိုရင်တော့ သူမ လော့ဟယ် အထက်တန်းအမျိုးသမီး အသိုင်းအဝိုင်းအတွက် ရယ်စရာတစ်ခုဖြစ်တော့မှာလေ မဟုတ်ဘူးလား။ ဒီလိုစဥ်းစားကြည့်လိုက်တော့ သိပ်တွက်ခြေမကိုက်သလိုပဲ။ သူမ အခုလေး တော်တော်အဆင်ပြေနေတာပဲလေ။ စစ်ဘက်ဆိုင်ရာ မိသားစုက ဇနီးသည်တွေက အမြဲတမ်း သူမကို ရှောင်ချင်နေကြတယ်ဆိုပေမဲ့ နောက်ပိုင်း နင်းခြေခံရပြီး ရယ်စရာဖြစ်နေတာထက် စာရင်တော့ ပိုကောင်းပါသေးတယ်လေ မဟုတ်ဘူးလား။
သည်ကိစ္စက အတန်ပင် စွန့်စားရာကျမှန်း ယိုကျင့်လည်း သိလေသည်။ သခင်မချင်က ဆန္ဒမရှိသည်ကိုလည်း နားလည်ပေးနိုင်သည်။ ယိုကျင့်သည် ချက်ချင်းကြီး ငြင်းခံလိုက်ရသဖြင့် စိတ်မပျက်သွာဘူးဟုဆိုလျှင်တော့ လိမ်ရာကျပေမည်။ သူမမျက်နှာပေါ်က အပြုံးက မသိမသာ လျော့သွားတော့သည်။ သို့တိုင် သူမသည် ကျင့်ဝတ်ကိုတော့ မပျက်ကွက်စေဘဲ အပြုံးတစ်ခုနှင့် ပြန်ပြောလိုက်လေသည်။
“ သခင်မ ကျေးဇူးပြုပြီး ထပ်စဥ်းစားပေးပါအုံး၊ တစ်ရက်နှစ်ရက်လောက်နေရင် ကျွန်မ သခင်မဆီ ထပ်လာပြီး နှောင့်ယှက်ပါအုံးမယ်၊ အဲဒီအခါကျမှပဲ ကျွန်မက တိကျတဲ့အဖြေတစ်ခုကို သခင်မဆီက တောင်းဆိုမယ်လေ ရတယ်မလား”
သူမက ထိုသို့ပြောလိုက်သဖြင့် သခင်မချင်က ပွင့်ပွင့်လင်းလင်း မငြင်းနိုင်တော့ပေ။ ထို့ကြောင့် သူမက ခေါင်းညိတ် သဘောတူလိုက်တော့သည်။
“ ဟုတ်ပါပြီ ၊ ဒါဆိုလည်း ငါ ဒီကိစ္စကို သေသေချာချာ စဥ်းစားထားလိုက်ပ့ါမယ်”
သူမသည် ထိုသို့ ပြောလိုက်သော်လည်း စိတ်ထဲတွင်တော့ ငြင်းလိုက်ဖို့ ဆုံးဖြတ်ထားပြီးသားပင်။ သူမက အားလုံး မျက်နှာမပျက်ရအောင် ပြောလိုက်ရုံသာ။
သခင်မချင်နှင့် ၁၅မိနစ်လောက် စကားဆက်ပြောလိုက်ပြီးနောက် ယိုကျင့်သည် ပြန်လာခဲ့တော့သည်။
“ သခင်မ စုမိသားစုက မိန်းကလေး ပြောသွားတာ သိပ်ကောင်းတဲ့ကိစ္စပဲမလား၊ သခင်မသာ ကျောင်းအုပ်ဖြစ်လာရင် လော့ဟယ်မှာ သခင်မရဲ့ ဂုဏ်သတင်းကလည်း သေချာပေါက် ပိုပြီးမြင့်တဲ့ တစ်ဆင့်ကို ရောက်သွားမှာပဲ ဟုတ်တယ်မလား”
သခင်မချင်၏ အခြွေအရံက စုမိသားစုမှ မိန်းကလေး ၏အရိပ်မှာ လပုံစံတံခါးမှ ပျောက်ကွယ်သွားသည်အထိ စောင့်ကြည့်လိုက်ပြီး သင်္ကာမကင်းစွာ မေးလိုက်လေသည်။
သခင်မချင်က သူမမျက်နှာပေါ်က အပြုံးကို ဖိနှိပ်ထားပြီး လက်ဖက်ရည်ပန်းကန်ကို ကောက်ကိုင်ကာ တစ်ငုံလောက် သောက်လိုက်ပြီးမှ ပြန်ဖြေလိုက်လေသည်။
“ ဒီကိစ္စ အဆင်ပြေတာ မပြေတာက တစ်ကဏ္ဍပဲလေ၊ အောင်မြင်သွားရင်တော့ ကောင်းတာပေါ့၊ ဒါပေမဲ့ မအောင်မြင်ခဲ့ရင် နောက်ဆိုရင် ငါ့မျက်နှာကို ဘယ်နားသွားထားရမှာလဲ”
“ လက်ရှိအခြေအနေကို ထိန်းထားတာက နောက်ပိုင်း ရယ်ခံရမှာထက်စာရင် ပိုကောင်းပါသေးတယ်”
အခြွေအရံချင်က အနည်းငယ် စိုးရိမ်သွားပြီး
“ ဒါပေမဲ့ မိန်းကလေးစုက အဲဒီမိသားစုက သခင်မတွေကို ကျောင်းအုပ်ရာထူးအတွက် ဖိတ်ကြားခဲ့ရင်ကော ဘယ်လိုလုပ်မလဲ၊ အဲဒီ စစ်ဘက်ဆိုင်ရာမိသားစုက သခင်မတွေက သခင်မရဲ့ ပြိုင်ဘက်တွေလေ။ သူတို့တွေကို ကျောင်းအုပ်ရာထူး ကမ်းလှမ်းခဲ့ရင် သခင်မရဲ့မျက်နှာကို ပါးရိုက်သလို ဖြစ်နေမဘူးလား။
“ သူတို့တွေအားလုံးက ငတုံးတွေပါဟယ်၊ စုယိုကျင့်မှာ ဦးနှောက်ရှိရင် ဒီလိုကိစ္စမျိုး လုပ်မှာမဟုတ်ဘူး”
သခင်မချင်သည် သည်အခြေအနေအထိ ယုံကြည်မှုရှိနေဆဲပင်။ သူမသည် ပူလောင်နေသည့် အာလူးကို လက်မခံလျှင်တောင် ထိုနုံအကြသည့် အမျိုးသမီးများကလည်း သည်အခွင့်အရေးကို ရဖို့ မဖြစ်နိုင်သေးချေ။
သခင်မက ထိုသို့ပြောလိုက်သည်ကို တွေ့လိုက်ရသဖြင့် အခြွေအရံချင်ကလည်း ဘာမှထပ်မပြောတော့ချေ။ သည်အခန်းကို ချင်အိမ်တော်တွင်ပင် စာမျက်နှာအသစ်တစ်ခု လှန်လိုက်လေတော့သည်။
***
သခင်မချင်ဘက်က ဘာရလဒ်မှ ထွက်မလာမှန်း ယိုကျင့်လည်း သိလေသည်။ ထို့ကြောင့် သူမသည် နောက်နည်းလမ်းတစ်ခုရှာပြီး နောက်ထပ်တစ်ယောက်ကို ရှာရတော့သည်။
“အရည်အချင်းပြည့်ဝတဲ့ ကျော်ကြားမှုနဲ့ ဂုဏ်သတင်းတွေ ပိုင်ဆိုင်ရမယ်၊ ပြီးတော့ ဒီနေရာကိုလည်း လိုလိုလားလား တာဝန်ယူချင်ရမယ် ဘယ်သူရှိသေးလဲ”
လည်းထဲတွင် ထိုင်ကာ လိုက်ပါလာရင်း ယိုကျင့်သည် မျက်မှောင်ကျုံ့ထားလိုက်လေသည်။ အချိန်အကြာကြီး ကြိုးကြိုးစားစားရှာခဲ့တာတောင် ပိုကောင်းတဲ့တစ်ယောက်လေးတောင် မတွေ့ဘူး။ သူမသည် မျက်လုံးများကို မှိတ်ထားလိုက်ပြီး လေးပင်စွာ သက်ပြင်းချလိုက်လေသည်။ အလိုလေး။ ဘဝကြီးကလည်း ခက်ခဲလှချည်လား။
ထိုအကြောင်း စဥ်းစားလိုက်ပြီးနောက် ယိုကျင့်တွင် နောက်ဆုံး ဘာနည်းလမ်းမှ မရှိတော့ချေ။ ထို့ကြောင့် သူမက လော့ဟယ်ရှိ နာမည်ကြီးပြီး အရည်အချင်းရှိ လူချမ်းသာ မိသားစုများ၏ အမျိုးသမီးဆွေမျိုး အားလုံး၏စာရင်းကို စုဆောင်းခိုင်းလိုက်တော့သည်။ ထို့နောက် သူမသည် သူတို့ထဲကမှ အသင့်တော်ဆုံးသူကို ရွေးကာ သူတို့ကို တောင်းဆိုရန် စီစဥ်ထားလိုက်လေသည်။
“မမလေး လက်ဖက်ရည်လေးတစ်ခွက်လောက် သောက်ပြီး နားလိုက်ပါအုံးလား”
ချိုးဖန်က ဆူးနှင်းဆီပျားရည်လက်ဖက်ရည်တစ်ခွင်နှင့် ဝင်လာသည်။ သူမသည် လက်ဖက်ရည်ခွက်ကို ယိုကျင့်ဘေးတွင် ဂရုတစိုက်ချလိုက်ကာ လေးသံပျော့ပျော့ဖြင့် နားချလိုက်လေသည်။
“ မမလေး ဒီကိစ္စကို လုပ်လာတာ အရမ်းကြာနေပြီ၊ မျက်လုံးနာမှာကိုလည်း သတိထားပါအုံး”
ယိုကျင့်သည် စာရင်းကို ချထားလိုက်ကာ လေးပင်စွာ သက်ပြင်းချလိုက်ပြီး လက်ဖက်ရည်နွေးတစ်ငုံ သောက်ကာ ပြန်ချထားလိုက်လေသည်။ သူမက ပြောလိုက်၏။
“ ကျောင်းအုပ်နေရာအတွက် ရွေးရတာ တကယ်ခက်တာပဲ”
အမှန်တွင်တော့ လော့ဟယ်မြို့တွင် အရည်အချင်းရှိပြီ လေးစားရသည့် သူများ မရှိခြင်း မဟုတ်ပေ။ သူမသည် ဖိတ်စာပေးခိုင်းလိုက်သည်။ ထိုပုဂ္ဂိုလ်ကို မတွေ့ရသေးခင်မှာပင် ငြင်းပယ်ခံလိုက်ရသည်။ သခင်မချင်နှင့် သခင်မကြီးဝေတို့ထံမှ လက်ဗလာဖြင့် ပြန်လာခဲ့ရပြီးနောက် ယိုကျင့်မှာ သူမ၏ ယုံကြည်မှုကိုပင် အနည်းငယ်သံသယဖြစ်လာတော့သည်။
“ကလေးမ ဒီနှစ်ရက်အတွင်း ဘာတွေအလုပ်များနေတာလဲ၊ ဒီအဘွားကြီးဆီ ဘာလို့ စကားလာမပြောတာလဲ”
ရှောင်လင်းရူက တွဲပေးထားပြီး အမျိုးသမီးစုန့်သည် တုတ်ကောက်တစ်ချောင်းနှင့် ဧည့်ခန်းတံခါးမှ လျှောက်ကာ ဝင်လာလေသည်။ ယိုကျင့်မှာ အခက်တွေ့နေသည်ကို တွေ့လိုက်ရသဖြင့် သူမက ဂရုတစိုက် မေးလိုက်လေသည်။
“ မဟုတ်မှလွဲရော ဒီအဘွားကြီးက အနှောင့်အယှက် ဖြစ်သွားတာလား”
ယိုကျင့်သည် ဝင်လာသူမှာ အမျိုးသမီးစုန့်ဖြစ်နေသည်ကို တွေ့လိုက်ရသဖြင့် ချက်ချင်းထရပ်လိုက်ပြီး တံခါးနားအထိ လျှောက်သွားလိုက်ကာ အမျိုးသမီးစုန့်၏ဘယ်ဖက်ခြမ်းတွင် ရပ်လိုက်လေသည်။
“အကြီးအကဲရဲ့ စကားလုံးတွေက ယိုကျင့်ကို တကယ်ပဲ စိတ်ထိခိုက်ရစေပါတယ်ရှင်၊ ပြီးခဲ့တဲ့နှစ်ရက်လုံးလုံး ကိစ္စတချို့ကြောင့် အလုပ်များနေလို့ပါ၊ အကြီးအကဲက ဒီနှစ်ရက်အတွင်း ကောင်းကောင်းအိပ်မပျော်ဘူးလို့လည်း အစ်မလင်းရူဆီက ကြားထားပါသေးတယ် ဒါကြောင့် အကြီးအကဲအေးချမ်းနေတာလေးကို အလွယ်တကူမနှောင့်ယှက်ချင်လို့ပါ”
ယိုကျင့်သည် အမျိုးသမီးယွီနှင့် တခြားသူများကို အဒေါ်ဟု ပြောင်းခေါ်လိုက်ကတည်းက သူမသည်လည်း ရှောင်မိသားစုကဲ့သို့ အမျိုးသမီးစုန့်ကို ထိုနည်းတူ လိုက်ခေါ်လိုက်သည်။ အခုတော့ စုမိသားစုတစ်ခုလုံးက သူမကို သည်လိုခေါ်ကြလေသည်။ ဘာမှမသိသည့်အပြင်လူများအတွက်တော့ သူမကို စုမိသားစု၏ သွေးရင်း သခင်မကြီးဟု ထင်ကြပေလိမ့်မည်။
သူမသည် ကလေးနှစ်ယောက် တွဲပေးကာ ဧည့်ခန်း၏အပေါ်ပိုင်းတွင် ထိုင်လိုက်သည်နှင့် ချိုးဖန်က အမျိုးသမီး၏အကြိုက်ငွေအပ်ပီခိုလက်ဖက်ကို အလိုက်သတိ တည်ခင်းပေးလိုက်သည်။ အမျိုးသမီးစုန့်က ထိုင်ချလိုက်ကာ လက်ယမ်းပြလိုက်ပြီး ကလေးနှစ်ယောက်ကိုလည်း ထိုင်ခိုင်းလိုက်သည်။
“အဲလောက်အထိ တောင့်တောင့်တင်းတင်း ဖြစ်နေကြပါနဲ့၊ ဒီအဘွားကြီးက မင်းတို့ကို အနေအထိုင်ခက်ရအောင် လုပ်ဖို့ လာခဲ့တာမဟုတ်ပါဘူး”
သူမ၏စကားကို ကြားလိုက်ရချိန်တွင် ယိုကျင့်နှင့် ရှောင်လင်းရူတို့သည် အချင်းချင်းကြည့်ကာ ပြုံးလိုက်ကြလေသည်။ သူတို့က အမျိုးသမီးစုန့်၏ဘေးတွင် ထိုင်လိုက်ကြ၏။
“ အခုတော့ အမျိုးသမီးကျောင်းရဲ့ ကျောင်းအုပ်နေရာအတွင် လူရှာနေတယ်လို့ ကြားတယ်၊ သမီးရဲ့မျက်လုံးအောက် အညိုကွင်းကြီးကို ကြည့်ရတာ ကိစ္စက ကောင်းကောင်းအဆင်မပြေဘူးထင်ပါ့”
အမျိုးသမီးစုန့်က လက်ဖက်ရည်တစ်ငုံသောက်ရင်း ဖြည်းညင်းစွာမေးလိုက်၏။
သူမက သည်မေးခွန်းကို မေးလိုက်သဖြင့် ယိုကျင့်ကလည်း ရှက်ရှက်နှင့် ပြုံးကာ သူမ၏အရည်အချင်း လိုအပ်ပုံကို ဝန်ခံလိုက်တော့သည်။
“ အခုလောလောဆယ်တော့ ပြဿနာတချို့ရှိနေသေးတယ်၊ စိတ်ဝင်စားတဲ့လူတွေလည်း ရှိကြပါတယ် ဒါပေမဲ့ သူတို့တွေက ရာထူးကိုတော့ လက်မခံချင်ကြဘူး”
အမှန်တွင်တော့ ယိုကျင့်သည် အကြောင်းအရင်းကို သိလေသည်။ မျိုးရိုးစဥ်ဆက် ချမ်းသာလာသည့် လော့ဟယ်မြို့က ထိုမိသားစု၏ အမြင်ကကြည့်လျှင် စုမိသားစုသည် သူတို့ခြေထောက်ကို ဆေးကြောပေးကာ ထောင်တက်လာသည့် လူချမ်းသာလက်သစ်တစ်ခုသာ ဖြစ်သည်။ အထူးသဖြင့် ပညာရှင်မိသားစုများက လူများအတွက်ဖြစ်လေသည်။ ထိုကြောင့် သူတို့က ဝမ်းသာစရာကိစ္စကို ဝင်မပါကြခြင်းပင်။ တစ်ချက်မှာ စုမိသားစုသည် ဘာလုပ်ဆောင်ချက်၊ ဘာရာထူးအဆင့်မှ မရှိခြင်းကြောင်းဖြစ်ပြီး နောက်တစ်ချက်မှာ သူတို့၏ဘိုးဘွားမျိုးရိုးကို မသိရသောကြောင့်ပင်။ ဆုံးရှုံးမှုတစ်ခုဖြစ်လာခဲ့လျှင် စုမိသားစုနှင့်အတူ အလျော်အစား ပေးရန် သူတို့၏ ဂုဏ်သတင်းကောင်းကို အဘယ်ကြောင့် သုံးရပါမည်နည်း။
အမျိုးသမီးစုန့်က ကြင်နာစွာဖြင့် စားပွဲပေါ်က ယိုကျင့်၏လက်ကို ပုတ်ကာ ပြောလိုက်လေသည်။
‘ ကလေး ဘယ်မိသားစုရဲ့ ဂုဏ်သတင်းကို မင်းမျက်စိကျနေလဲ အကြီးအကဲကို ပြောပါအုံး”
သူမသည် လော့ဟယ်က ထွက်လာခဲ့သည့်မှာ နှစ်ပေါင်း၂၀နီးပါး ရှိပြီဖြစ်သော်လည်း လော့ဟယ်မြို့၏ အကြီးပိုင်းမျိုးဆက်များကြားတွင် သံယောဇဥ်တချို့ ရှိသေးလေသည်။ သူမ၏ဘဝသည် အတက်အကျ ဖြစ်ခဲ့ရသည်။ ယခုမူ အသက်အရွယ်ကြီးလာချိန်တွင်တော့ ကလေးများ ကောင်းကောင်းမွန်မွန် နေထိုင်နိုင်သ၍ ဘာမှတောင်းဆိုစရာ မရှိတော့ပေ။ ဒီမျက်နှာအိုကြီးကို စွန့်ပစ်လိုက်လို့လည်း ဘာဒုက္ခမှ မရှိပေ။
ယိုကျင့်သည် အမျိုးသမီးစုန့်၏ ရည်ရွယ်ချက်ကို မသိသော်လည်း သူမက သဘောကျနေသည့်သူများကို နာနာခံခံဖြင့် ပြောပြလိုက်သေးသည်။
“ တစ်ခုက တရားသူကြီးချင်မိသားစုက သခင်မပါ၊ နောက်တစ်ခုကတော့ လော့ဟယ် ဖူကျောင်းတော်ရဲ့ ကျောင်းအုပ် ဝေမိသားစုက သခင်မကိုပါ၊ လော့ဟယ် မြင်းတပ်က လျိုမိသားစုရဲ့ သခင်မကြီးလျိုလည်း ရှိပါသေးတယ်၊ ပထမနှစ်ယောက်ကတော့ ချက်ချင်း ငြင်းလိုက်ပါတယ်”
ယိုကျင့်က သူမ သဘောကျသူ သုံးယောက်အကြောင်း ပြောနေသည်ကို နားထောင်လိုက်ပြီးနောက် အမျိုးသမီးစုန့်က လေးစားသည့်မျက်လုံးများဖြင့် ယိုကျင့်ကို ကြည့်လိုက်လေသည်။
“ကလေး မင်းက ရဲတင်းတဲ့စိတ်ဓာတ်တစ်ခုတော့ ရှိသားပဲ၊ ဒီကိစ္စကို လုပ်ရဲတယ်ဆိုတော့၊ သူတို့တွေ အဲလောက်မနုံအတာပါ၊ မင်းက သူတို့အိမ်တော်က ထွက်လာတာနဲ့ သူတို့တွေက မင်းရဲ့နောက်ခံကို အသေးစိတ် စုံစမ်းပြီးကြပြီ၊ သူတို့တွေက အလှဆုံးဥဒေါင်းတွေလိုပဲလေ အမွေးအတောင်တိုင်းကို ချစ်မြတ်နိုး တန်ဖိုးထားကြတယ်၊ သူတို့တွေ ဒီကိစ္စမှာ မင်းနဲ့ ဘယ်လိုလုပ်ပြီး လောင်းကြေးထပ်ရဲမှာလဲ”
ယိုကျင့်သည် ထိုစကားကို ကြားလိုက်သည်နှင့် သူမသည် အမျိုးသမီးစုန့်၏ အင်္ကျီကို အသာအယာ ဆွဲလိုက်ပြီး အလိုလိုက်ခံထားရသည့် ကလေးတစ်ယောက်လို ပူဆာလိုက်လေသည်။
“ အကြီးအကဲရယ် သမီးရဲ့ စကားလုံးတွေက ဩဇာမညောင်းဘူးဆိုတာ သိပါတယ် ဒါပေမဲ့ တခြားနည်းလမ်းမှ မရှိတာ၊ အကြီးအကဲရဲ့ အင်္ကျီလက်ထဲမှ ဝှက်ဖဲလေးများရှိရင် သမီးကို မြန်မြန်လေး ပြောပြပါလားလို့”
အမျိုးသမီးစုန့်၏စကားလုံးများသည် ပွင့်လင်းလေသည်။ သူမသည်လည်း အရူးတစ်ယောက် မဟုတ်ပေ။ သည်နေ့တွင် အကြီးအကဲက သူမနေထိုင်သည့် အရှေ့ဘက်ခြံဝင်းထဲက ရှားရှားပါးပါး ထွက်လာပြီး သူမကို လာရှာခဲ့သည်။ ထို့အပြင် သူမကို ဟိုဟို သည်သည် မေးခွန်းများ မေးခဲ့သည်။ သူမ၏အကျပ်အတည်းများကို ကူညီဖြေရှင်းပေးမည့် နည်းလမ်းတချို့ရှိသည့် သဘောပင်။
“ အေးပါ အေးပါ၊ ကလေးမ ၊ ညည်းလေးကလေ ဒီအဘွားကြီးကို ပိုပိုကြီး တွယ်ကပ်ရတာကို ကြိုက်နေပြီပဲ ဟုတ်လား”
အမျိုးသမီးစုန့်သည် သည်လို ဆွဲလှုပ်ခံနေရသဖြင့် အနည်းငယ်မူးနောက်လာပြီး သူမ၏လက်ကိုမြန်မြန် ကိုင်ထားလိုက်လေသည်။ သူမက ပြန်ပြောလိုက်၏။
“ မင်း ပထမနှစ်ယောက်ကို တွေ့ပြီးပြီ၊ သူတို့တွေကလည်း ရှင်းရှင်းလင်းလင်း ငြင်းလိုက်ဆိုတော့ သူတို့ရဲ့ အေးစက်စက်ကျောပေးထားတဲ့အပေါ် ငါတို့တွေလည်း မျက်နှာပူစရာ မလိုတော့ဘူးပေါ့၊ ပြည်နယ်မြင်းတပ်က လျိုမိသားစုကတော့ ငါ အလည်အပတ်သွားပြီး ဒီအဘွားကြီးရဲ့ မျက်နှာ အသုံးကျသေးလားဆိုတာကို စမ်းကြည့်ရမှာပဲ”
“ အကြီးအကဲ”
ယိုကျင့်နှင့် ရှောင်လင်းရူတို့သည် တစ်ပြိုင်နက်တည်း အံ့ဩကာ ခေါ်လိုက်ကြလေသည်။ အမျိုးသမီးစုန့်သည် အပြင်ထွက်ရသည်ကို မကြိုက်ဆုံးပင်။ လော့ဟယ်သို့ ပြန်လာပြီးကတည်း အပြင်မထွက်သလောက်ပင်။ မိသားစု၏ သခင်မတစ်ယောက် လုပ်နေပြီးတော့ ကောင်းကောင်း တာဝန်မယူနိုင်ခဲ့သဖြင့် ရှောင်မိသားစု၏ ဘိုးဘွားများကို မျက်နှာပြစရာမရှိပါဟု ပြောတတ်လေသည်။ အခုတော့ အမျိုးသမီးစုန့်က ယိုကျင့်ကို ကူညီပေးရန်အတွက် အမှန်ပင် အကူအညီ သွားတောင်းပေးမည်တဲ့။
“ အကြီးအကဲ သမီး အပြင်က ကိစ္စတွေကို တာဝန်ယူလို့ရပါတယ်၊ အခုနေ အကြီးအကဲအတွက် အရေးအကြီးဆုံးက ကျန်းမာရေးကို စောင့်ရှောက်ဖို့လေ၊ မဟုတ်ရင် ဦးလေးနှစ်ယောက်က မြောက်ပိုင်းရှင်းကျန်းမှာ ဘယ်လိုလုပ်ပြီး စိတ်အေးအေးနဲ့ နေနိုင်မှာလဲ ဟုတ်တယ်မလား”
ယိုကျင့်က ထပ်မစဥ်းစားတော့ဘဲ ပြန်ပြောလိုက်ပြီး အမျိုးသမီးစုန့်၏ စိတ်ကူးကို ငြင်းပယ်လိုက်တော့သည်။ အမျိုးသမီးစုန့်သည် သူမ၏တစ်ဘဝလုံးတွင် အမြဲတမ်း ခေါင်းမော့ကာ နေလာခဲ့မှန်း သိထားလေသည်။ အသက်အရွယ် ကြီးရင့်ပါလျက် သူတို့လူငယ်များအတွက် သူမ၏ မျက်နှာကို အောက်ချကာ အကူအညီ တောင်းခိုင်းရက်ပါမည်နည်း။ သူမသည် သူတို့ကို ကယ်ပြန်လာချိန်ကလည်း သူ့မိသားစုကို တခြားလူ၏အရိပ်အောက်တွင် တခြားလူ၏မျက်နှာကို ကြည့်ကာ တစ်သက်လုံး မနေစေလိုခဲ့ပေ။ သူမသည် မိသားစု၏ အကြီးဆုံးလူကြီးကိုမှ မည်သို့ နစ်နာအောင် လုပ်ရက်ပါမည်နည်း။
ရှောင်လင်းရူသည် ထိုကဲ့သို့ တွေးလေသည်။ အကြီးအကဲသည် အမြဲတမ်း အဆင့်အတန်းမြင့်သူတစ်ယောက် ဖြစ်ခဲ့သည်။ အမေနှင့် ကြီးတော်တို့ကိစ္စအတွက်နှင့် သူမ၏မျက်နှာကို မည်သို့ အောက်ချနိုင်ပါမည်နည်း။ အမေနှင့် တခြားသူများ သိသွားလျှင် သူတို့ ဘယ်လိုခံစားနိုင်ကြပါမည်နည်း။ သူမသည် ထုတ်မပြောသော်လည်း စိုးရိမ်တကြီးနှင့် အမျိုးသမီးစုန့်ကို ကြည့်ကာ သူမစိတ်ပြောင်းသွားဖို့ရာ တိတ်တိတ်လေးလေး မျှော်လင့်နေတော့သည်။
အမျိုးသမီးစုန့်က သူမကို စိုးရိမ်တကြီးနှင့် ကြည့်နေသည့် ကလေးနှစ်ယောက်၏လက်ကို ပုတ်ကာ အပြုံးတစ်ခုဖြင့် ပြောလိုက်လေသည်။
“ မင်းတို့ ဒီလိုပုံစံလုပ်နေစရာမလိုပါဘူး၊ ဒီအဘွားကြီးက အိုပြီဆိုပေမဲ့ ငါ ဘာပြောနေမှန်းတော့ သိပါတယ်၊ မင်းတို့တွေ စိတ်ချထားလိုက်၊ ငါ ပြည်နယ်မြင်းတပ်ဘက်ကို ဖြေရှင်းပေးမယ်၊ ဆုံးဖြတ်ပြီးပြီ၊ မင်းတို့တွေ ငါ့ကို ထပ်ပြီး ဖျောင်းဖျဖို့ မလိုတော့ဘူးနော်”
လှေသည် ရွက်လွင့်ပြီးဖြစ်လေသည်။ ယိုကျင့်နှင့်ရှောင်လင်းရူတို့သည် မတတ်သာတော့ဘဲ ကံကိုသာ ယုံလိုက်ကာ အမျိုးသမီးစုန့်ကို သွားခွင့်ပြုလိုက်လေတော့သည်။
…