အခန်း ၁၃၈
Vol. 10 Ch. 138
အပိုင်း (၁၃၈) ကျောင်းအုပ်ကြီး (၂)
ကျက်သရေရှိကာ လေးစားရိုသေဖွယ် ဘုရားခန်းငယ်လေးထဲတွင် ‘တုန်း တုန်း’ မြည်နေသည့် ကျောက်မောင်းထုသံ ဖြည်းညင်းစွာ စည်းချက်ကျကျ လွှင့်ပျံနေသည်။ ဘုရားခန်းထဲက တလိပ်လိပ် တက်နေသည့် အဖြူရောင်မီးခိုးငွေ့သည် အခန်းငယ်လေးထဲသို့ လျှောက်ကာ ဝင်လာသူတို့ကိုကို စိတ်အေးသွားစေသည့် စန္ဒကူးနံ့တစ်ခုကို ချက်ချင်း ရသွားစေသည်။
စာတစ်စောင် ယူလာပေးသည့် အစေခံသည် တံခါးအပြင်ဘက်တွင် ရပ်နေ၏။ မှန်တံခါးမှတဆင့် ထိုင်ဖုံပေါ်တွင် ဒူးထာက်နေသည့် သခင်မကြီး၏ကျောပြင်ကိုသာ မြင်ရလေသည်။ သခင်မကြီးက ဘုရား ဝတ်ပြုနေသည်ကို နှောင့်ယှက်မိမည်စိုးသဖြင့် အမှတ်တမဲ့ သူ့လှုပ်ရှားမှုများကို လျှော့ချလိုက်တော့သည်။
သခင်မကြီး၏နောက်တွင် ရပ်နေသည့် အထိန်းတော်က ခေါင်းလေးငုံ့ကာ ရပ်နေသည့် အပြင်က အစေခံကို အရင်ဆုံး သတိထားမိသွားတော့သည်။ သူမသည် အနားတွင် ရပ်နေသည့် အပျိုရံလေးကို အချက်ပြလိုက်ပြီး ဘုရားခန်းထဲမှ တိတ်တိတ်လေး ထွက်လာခဲ့လေသည်။ သူမသည် ဘုရားခန်းနှင့် ခြေလှမ်း ၂၀ခန့် ဝေးသည့် ထောင့်နေရာသို့ အစေခံလေးကို ခေါ်သွားလိုက်သည်။ သူမက လေသံဖြင့် ဆုံးမလိုက်လေသည်။
“ နင် သေချင်နေတာလား၊ အခုချိန်က သခင်မကြီး ဘုရားဝတ်ပြုချိန်မှန်း သေချာသိရဲ့သားနဲ့ ခြံရှေ့မှာ နင့်အလုပ်နင် မလုပ်ဘဲနဲ့ ခြံအနောက်ဘက်ကို ဘာလာလုပ်တာလဲ”
“ အဘွားရယ် ဒီအစေခံလေးက သတ္တိတစ်စက်ကလေး ရှိရင်တောင် သခင်မကြီးရဲ့အေးချမ်းမှုကို မနှောင့်ယှက်ရဲပါဘူးဗျာ၊ ဒါပေမဲ့ စာက အရှေ့ခြံကနေပြီး လာပို့သွားတာ သခင်မကြီးအတွက်တဲ့”
အစေခံလေးက ‘ဟိဟိ’ဟု အသံထွက်လိုက်ပြီးမှ အထိန်းတော်လျိုကို တောင်းပန်လိုက်လေသည်။ အထိန်းတော်လျိုသည် သခင်မကြီးနှင့် ဆယ်စုနှစ်ကြာသည်အထိ အတူနေလာမှန်း လူတိုင်းသိကြသည်။ သူတို့မိသားစု၏ အရာရှိကိုပင် အထိန်းတော်လျိုက ထိန်းကျောင်းလာခြင်းဖြစ်သည်။ လျိုအိမ်တော်၏ အစေခံများကြားတွင် သူမက ရာထူးအကြီးဆုံးဖြစ်သည်။ အိမ်တော်ရှိ သခင်မလေးများနှင့် သခင်လေးများကပင် အထိန်းတော်ကို တွေ့လျှင် ယဥ်ကျေးရလေသည်။ သူ့လို အရှေ့ခြံက တောက်တိုမယ်ရ ကောင်လေးတစ်ယောက်အတွက်ဆိုလျှင် စကားထဲ ထည့်ပြောရန်ပင်မလိုချေ။
အထိန်းတော်လျိုသည် စိတ်ဆိုးဆိုးနှင့် ကောင်လေး၏ခေါင်းကို ခေါက်လိုက်ပြီးနောက် ပြောလိုက်တော့သည်။
“ ဟဲ့ကောင်လေး နင် ပြဿနာရှာနေတာမလား၊ သခင်မကြီးက ဧည့်သည်တွေ့ရတာ လုံးဝမကြိုက်တာ နင် သိရဲ့သားနဲ့၊ ဘယ်က ကြောင်လေ ခွေးလွင့်ရဲ့စာမှန်းမသိ ဘာလို့ လာပို့နေတာလဲ”
သူတို့၏သခင်မကြီးသည် လော့ဟယ်မြို့တွင် ဂုဏ်သရေအရှိဆုံးသခင်မကြီး ဖြစ်လေသည်။ ဘယ်ရာထူးအဆင့်က လူမဆို သူမကို တွေ့နိုင်နေလျှင် သူမသည် အပြင်တွင် ဆိုင်လေးတစ်ခုချကာ ဗေဒင်ဟောစားရန်သာ ရှိတော့သည်။
လက်တိုလက်တောင်းအစေခံလေးက ခေါင်းခေါက်ခံလိုက်ရသည့်အတွက် စိတ်မဆိုးချေ။ သူက သွားများပေါ်သည်အထိ ပြုံးဖြီးကာ တောင်းပန်လိုက်လေသည်။
“ အထိန်းတော်ကြီး ကျွန်တော် ပြဿနာရှာနေတာ လုံးဝမဟုတ်ရဘူး၊ သခင်မကြီးရဲ့အေးချမ်းမှုကို နှောင့်ယှက်ဖို့ ကျွန်တော့်မှာ ဘယ်ကသတ္တိရှိရမှာလဲ၊ ဒီစာကို ပေးလာတဲ့သူက ဒီပစ္စည်းကိုလည်း ထည့်ပေးလိုက်တယ်၊ သခင်မကြီး တစ်ချက်ကြည့်တာနဲ့ နားလည်သွားမှာပါလို့လည်း ပြောသွားတယ်”
ပြောရင်းဆိုရင်း သူ့အိတ်ကပ်ထဲက အနီရောင်ကျောက်စိမ်းယပ်တောင် ဆွဲပြားလေးတစ်ခုကို ထုတ်ယူလိုက်လေသည်။ ယပ်တောင်ဆွဲပြား၏ အလယ်ပိုင်းကို "英" ဟူသည့် စာလုံးငယ်လေးတစ်ခုအား အပေါက်ဖြစ်အောင် ထွင်းထုထားလေသည်။
အထိန်းတော်လျိုသည် ထိုပစ္စည်းကို မြင်လိုက်သည်နှင့်တစ်ပြိုင်နက် အနီရောင် ကျောက်ယပ်တောင်ဆွဲပြားကို ဆတ်ခနဲ လုယူလိုက်ပြီး လက်ထဲတွင်ကိုင်ကာ သေသေချာချာ ကြည့်လိုက်လေသည်။ သူမ၏အမူအရာသည် မပြောင်းလဲသွားသော်လည်း သူမ၏ မျက်လုံးထဲတွင်တော့ သံသယအနည်းငယ် ရှိနေသေးသည်။ အနီကျောက်ယပ်တောင်ဆွဲပြားပေါ်က စာလုံးက သခင်မကြီးနာမည်ထဲက စာလုံးတစ်ခုပဲ။ သခင်မကြီး အပျိုဘဝတုန်းက အရမ်းနှစ်သက်ခဲ့တဲ့ ယပ်တောင်ဆွဲပြားလေးနဲ့ တူတယ်။ နောက်ပိုင်း သခင်မကြီးက ဒီပစ္စည်းကို တခြားသူကို ပေးလိုက်တာ မှတ်မိနေသေးတယ်။ ဧကန္တ အဲဒီလူ ပြန်လာတာများလား။
ထိုသို့တွေးလိုက်မိပြီး အထိန်းတော်လျို၏မျက်လုံးများသည် ပြောင်းလဲသွားတော့သည်။ သူမသည် ပြုံးကာ တောင်းပန်နေသည့် အစေခံလေးဆီက စာကို ယူထားလိုက်လေသည်။
“ အေးအေး နင်သွားလို့ရပြီ”
စာနှင့် အမှတ်တရပစ္စည်းကို ကိုင်ရင်း သူမသည် လှည့်ကာ ဘုရားခန်းသို့ ပြန်ဝင်သွားတော့သည်။
“ ဘာကိစ်စလဲ”
သခင်မကြီးလျိုသည် မျက်လုံးမှိတ်ကာ ဂုဏ်တော်ပွားနေသော်လည်း အထိန်းတော်လျို၏ အဝင်အထွက် လှုပ်ရှားမှုက သူမ၏သိစိတ်အောက်မှ လွှတ်မသွားချေ။
သခင်မကြီးက မတ်တတ်ရပ်တော့မည်ကို မြင်လိုက်ရသည့် အထိန်းတော်လျိုက သူမလက်ထဲက ပစ္စည်းများကို ဘေးက အစေခံမလေးအား မြန်မြန်ပေးလိုက်ပြီး သခင်မကြီးကို ထူပေးရန် ရှေ့သို့လှမ်းလိုက်၏။ ထို့နောက် သူတို့နှစ်ယောက်သည် ပြတင်းပေါက်ဘေးက ညောင်စောင်းဆီ ဖြည်းဖြည်းချင်းလျှောက်သွားလိုက်သည်။ အထိန်းတော်လျိုက သူမ ထိုင်နိုင်ရန် တွဲပေးလိုက်ပြီးနောက် အစေမလေးနောက်တစ်ယောက် ယူလာခဲ့သည့် ပန်းစေတီပျားရည်ရေကို လှမ်းယူလိုက်လေသည်။ ထို့နောက်မှ သူမသည် အခုလေးတင် ပေါ်သည့်ကိစ္စကို အစချီလိုက်တော့သည်။
“ သခင်မကြီးအတွက် အပြင်ကစာတစ်စောင် လာပါတယ်၊ ဒီပစ္စည်းက စာနဲ့အတူပါလာတာ”
ဆယ်စုနှစ် ကြာသွားသော်လည်း မပြောင်းလဲသည့် အနီရောင်ကျောက်ယပ်တောင်ကို မြင်လိုက်သည်တွင် သခင်မကြီး၏ တည်ငြိမ်နေသည့် မျက်လုံးများသည် မသိမသာ တဖျပ်ဖျပ် လက်သွားတော့သည်။ သူမက မေးလိုက်၏။
“ သူ ပြန်လာပြီလား၊ ကြည့်ရတာ အဲဒီအဘွားကြီး မြို့တော်မှာ မသေဘူး လော့ဟယ်ကို အသက်ရှင်လျက် ပြန်ခဲ့တာ ထင်တယ်” သူမသည် အဘွားကြီးဟု ဆိုလိုက်သော်လည်း သခင်မကြီးလျို၏ မျက်လုံးထဲက ပျော်ရွှင်မှုကိုတော့ အထိန်းတော်လျိုအား ဖုံးကွယ်မထားနိုင်ခဲ့ချေ။
သခင်မကြီးလျိုကို စာလှမ်းပေးလိုက်သည် အထိန်းတော်လျိုသည်လည်း အလွန်ဝမ်းသာနေမိသည်။ သခင်မကြီးသည် တဖြည်းဖြည်းအသက်အရွယ်ကြီးရင့်လာပြီး ဟိုတုန်းက လူများကလည်း အိုသူအို သေသူသေ ဖြစ်ကုန်ကြပြီ။ ထိုမိတ်ဆွေဟောင်းသာ လော့ဟယ်သို့ အမှန်တကယ် ပြန်လာခဲ့သည်ဆိုလျှင် အခုအချိန်၌ အခြေအနေက ပြောင်းလဲသွားပြီးဆိုသော်ငြား လွမ်းဆွတ်တမ်းတကာ ပူပန်မှုကို မျှဝေမည့် ခံစားချက်တစ်ခုတော့ ရှိသေးလေသည်။ အပြန်အလှန် တွေ့ဆုံပြီး စကားပြောနိုင်ခြင်းက ငယ်ရွယ်စဥ်က နောင်တတစ်ခုကို ဖြည့်ဆည်းပေးခြင်းဟုပင် မှတ်ယူနိုင်လေသည်။
***
သုံးရက်ကြာပြီးနောက် လော့ဟယ်၏ အစိုးရမြင်းတပ်အရာရှိ လျိုအိမ်တော်၌
“ လေးစားရပါတဲ့ဧည့်သည်တော်ကြီး ကျေးဇူးပြုပြီး ဒီဘက်ကြွပါခင်ဗျာ”
လျိုမိသားစု၏အစေခံက တလေးတစားဖြင့် ဦးညွှတ်လိုက်ပြီး သူ့လက်ကို အောက်သို့ချထားသည်။ သူသည် ခြေလှမ်းစိပ်များဖြင့် ရှေ့မှဦးဆောင်ရင်း ကွေ့ပတ်သွားလာပြီးမှ လျိုအိမ်တော်၏ အနောက်ဘက်ခြံသို့ ရောက်လာပြီး ‘ဖူရှို့ခန်းမ’ ဟူသည့်ဆိုင်းဘုတ်ချိန်ဆွဲထားသည့် နေရာတွင် ရပ်လိုက်လေသည်။ သခင်မကြီး၏ အမိန့်ကို ရရှိထားပြီးသည့် အထိန်းတော်လျိုက ခြံ၏တံခါးတွင် စောစောကတည်းက စောင့်ဆိုင်းနေသည်။
အစေခံက တစ်ယောက်ယောက်အား ခေါ်လာသည်ကို မြင်လိုက်ရသဖြင့် သူမသည် ရှေ့သို့ တိုးသွားလိုက်ပြီး ဦးညွှတ်လိုက်၏။
“ မတွေ့ရတာ နှစ်တွေအများကြီးကြာသွားပြီ ကျန်းမာပါရဲ့လားရှင်”
ရှောင်မိသားစု၏ ကံဆိုးမှုသတင်းသည် လော့ဟယ်သို့ ပြန့်နှံ့လာပြီးနောက် သခင်မကြီးက တစ်ညလုံး မအိပ်တမ်း ဘုရားခန်းထဲတွင် ထိုင်နေခဲ့သည်။ အခုတော့ သူမ အဆင်ပြေနေသည်ကို တွေ့လိုက်ရသဖြင့် အထိန်းတော်လျိုမှာ မျက်ရည်ဝဲလာတော့သည်။
“ သခင်မကြီးက မနက်အစောကြီးထပြီး ချောင်းဆိုးနေတာလို့ ဒီအစေခံအိုကြီးက သူမကို အထဲမှာပဲ စောင့်ဖို့ ကြိုးစားနားချထားလို့ပါ၊ မဟုတ်ရင် အစောကြီးကတည်းက ထွက်လာပြီး လာကြိုနေလောက်ပြီ”
“ နင်နဲ့ မတွေ့တာတောင် နှစ်တွေအရမ်းကြာသွားပြီနော် ယွီကျား နင် အသက်အရမ်းကြီးလာပြီပဲ”
စာပို့လာသူမှာ အမျုးသမီးစုန့် မဟုတ်လျှင် မည်သူဖြစ်နိုင်ပါအုံးမည်နည်း။ နှစ်ယောက်သားသည့် လခြမ်းတံခါးပေါက်အပြင်ဘက်တွင် ရပ်ရင်း စကားနည်းနည်းပါးပါး ပြောလိုက်လေသည်။ အထိန်းတော်လျိုက ရှေ့သို့လှမ်းလာကာ အမျိုးသမီးစုန့်ကို တွဲပေးလိုက်ပြီး ခြေသုံးလှမ်းတိုင်း ခဏရပ်ပေးရင်း ဖူရှို့ခန်းမသို့ ရောက်လာတော့သည်။ လျိုမိသားစု၏အစေခံအချို့သာ နောက်တွင် ကျန်ခဲ့ပြီး အချင်းချင်းကြည့်နေကြလေသည်။ အားလုံးသည် သတိလွတ်သွားပြီး ဇဝေဇဝါ ဖြစ်သွားတော့သည်။
လမ်းပြပေးခဲ့သည့် အစေခံသည် အထိန်းတော်လျိုက သိပ်မခမ်းနားလှသည့် လူကြီးတစ်ယောက်အား တလေးတစား ဆက်ဆံနေသည်ကို မြင်လိုက်ရသဖြင့် အံ့ဩထိတ်လန့်သွားတော့သည်။ သူသည် အလည်လာသူက အထိန်းတော်လျိုအား အပျိုနာမည် ခေါ်လိုက်သည်ကို ကြားလိုက်ရလေသည်။ အထိန်းတော်လျိုရဲ့ မျက်နှာပေါ်က လွမ်းဆွတ်သတိရနေတဲ့အပြုံးက ဘာအဓိပ္ပာယ်တဲ့လဲ။
သူသည် ထူးခြားသည့်ဧည့်သည်ကို လမ်းပြခဲ့ချိန်က ဂရုမစိုက်မိသလို ဖြစ်သွားသည်လားဟု အပြင်ထွက်လာရင်းက စဥ်းစားနေမိတော့သည်။ သူသည် ထိုအကြောင်းကို ထပ်ခါထပ်ခါ တွေးတောလာပြီး နောက်ဆုံးတွင်တော့ ဘာမှမလုပ်ခဲ့မိကြောင်း သေချာသွားပြီးနောက် စိတ်အေးသွားကာ သက်ပြင်းချလိုက်တော့သည်။ သူသည် သခင်မကြီး၏ အထူးဧည့်သည်ကို အပြစ်ပြုမိခဲ့လျှင် လျိုအိမ်တော်တွင် ဆက်နေရန် မလိုအပ်တော့ချေ။
ဖူရှို့ခန်းမတွင်တော့ ကောင်းခြင်းတစ်သောင်းအဆင်ပုံစံဖြင့် ခရမ်းရင့်ရောင် ဝတ်စုံတစ်ခုကို ဝတ်ဆင်ထားပြီး နဖူးတွင် စီချွမ်းဖဲသားပေါ်တွင် ကျောက်စိမ်းတစ်ခု ထည့်သွင်းထားသည့် နဖူးစည်းကို ဝတ်ထားသော အမျိုးသမီးကြီးသည် အစေခံမလေး၏အကူအညီဖြင့် ညောင်စောင်းပေါ်တွင် ထိုင်နေလေသည်။ အပြင်က လှုပ်ရှားသံကို ကြားလိုက်ရချိန်တွင် သူမသည် ဖိနပ်ကို မြန်မြန် ပြန်စီးလိုက်ပြီး ကြမ်းပြင်ပေါ်သို့ ခြေချလိုက်တော့သည်။ အပြင်မှ ဝင်လာသည့် လူနှစ်ယောက်နှင့် အချိန်ကိုက် ဖြစ်သွားတော့သည်။ ဆယ်စုနှစ်များစွာကြာအောင် ကွဲကွာခဲ့ရသည့် မိတ်ဆွေဟောင်းနှစ်ယောက်သည် ပုတီးစေ့ခန်းဆီးလေးမှတဆင့် ဘာမှမပြောနိုင်ကြဘဲ အချင်းချင်း ကြည့်နေကြတော့သည်။
အထိန်းတော်လျိုသည် သခင်မကြီးက သူမ၏မိတ်ဆွေဟောင်းနှင့် စကားပြောချင်မှန်း သိလိုက်သည်။ ထို့ကြောင့် သူမက အခန်းထဲတွင် ရပ်နေကြသည့်တခြားအစေခံများကို အချက်ပြလိုက်၏။ အစေခံအားလုံးသည် တစ်ယောက်ပြီး တစ်ယောက် တိတ်တိတ်လေး ထွက်ခွာသွားကြသည်။ အချိန်တိုအတွင်းမှာပင် သူတို့နှစ်ယောက်သာ ကျန်ခဲ့တော့သည်။
“ ငါတို့တွေ ကွဲသွားတာ နှစ်လေးဆယ်တောင် ရှိသွားပြီ၊ ငါတို့တွေ ဒီနေရာမှာ ပြန်တွေ့ရလိမ့်မယ်လို့ လုံးဝ မထင်ထားခဲ့ဘူး”
ပုတီးစေ့ခန်းဆီး၏အပြင်ဘက်တွင် ရပ်နေသည့် အမျိုးသမီးစုန့်က စကားအရင်စလိုက်လေသည်။ မသိမသာ သက်ပြင်းချလိုက်ပြီး သူမ၏မျက်လုံးများသည် အနည်းငယ် နီမြန်းသွားတော့သည်။
“ ချန်ယင်း ဒီနှစ်တွေမှာ အဆင်ပြေရဲ့လား”
‘ချန်ယင်း’ဟုခေါ်သည် သခင်မကြီးလျိုကလည်း နီမြန်းသွားသည့် မျက်လုံးများဖြင့် ပြန်ဖြေလိုက်လေသည်။
“ ဘယ်လောက်ပဲ အခြေအနေဆိုးခဲ့ပါစေလေ ဒါတွေက အစပိုင်းတုန်းကပါပဲ၊ အခုတော့ အားလုံး အဆင်ပြေလာကြပါပြီ၊ အစ်မစုန့်ကရော ဒီနှစ်အတောအတွင်း ဘယ်လိုနေလဲ”
နှစ်ယောက်သားသည် ညောင်စောင်းပေါ်တွင် ထိုင်လိုက်ကြသည်။ တစ်ယောက်က ဘယ်၊ တစ်ယောက်က ညာ တွင်ထိုင်ရင်း စကားစမြည်ပြောနေကြလေသည်။ သူတို့သည် အတိတ်က ငယ်ရွယ်လှသည့် နှစ်ကာလများကို သတိရသွားပြီး ကုန်ဆုံးသွားသည့် အချိန်များကို လွမ်းဆွတ်နေကြတော့သည်။ ရာသီနှစ်များကတော့ လျှော်ပစ်ပေးရန် အကြောင်းမရှိပေ။
သည်နေ့ အမျိုးသမီးစုန့်နှင့်အတူ လျိုအိမ်တော်သို့ အဖော်လိုက်လာခဲ့သည့် ရှောင်လင်းရူကတော့ အထိန်းတော်လျို၏ ဘေးဘက်ကအခန်းသို့ ခေါ်သွားခံလိုက်ရပြီး လက်ဖက်ရည်၊ မုန့်များနှင့် ဧည့်ခံကျွေးမွေးခံရလေသည်။ အစေခံမလေးတစ်ယောက်က တံခါးအပြင်ဘက်တွင် စောင့်ရင်း ကျန်ခဲ့သည်။ သခင်မကြီးက လိုအပ်လာလျှင် အချိန်မရွေး တစ်ယောက်ယောက်ကို ခိုင်းစေနိုင်ရန် အထိန်းတော်လျိုက ပင်မဆောင်၏အပြင်ဘက် စင်္ကြံသို့ ပြန်ရောက်လာခဲ့သည်။
ရှောင်လင်းရူသည် ဘေးဘက်ကခန်းမတွင် တည်ငြိမ်သည့်အဝတ်အစားနှင့် လက်နှစ်ဖက်ထပ်ကာ ထိုင်နေသည်။ သူမ၏မိန်းမဆန်သည့် အပြုအမူကတော့ လုံးဝပျောက်မသွားချေ။ သူမ၏စကားပြောဆိုပုံနှင့် လုပ်ကိုင်သွားလာပုံတို့က ကောင်းကောင်းပျိုးထောင်ခံလာရသည်ကို ပြသနေလေသည်။ သူမသည် ပတ်ဝန်းကျင်ကိုလည်း လှည့်ပတ်ကာကြည့်မနေချေ။ ထိုအရာက လျိုအိမ်တော်က အစေခံများကို အလွန်သိချင်စိတ် ဖြစ်သွားစေတော့သည်။ ဒီဧည့်သည်နှစ်ယောက်ရဲ့ နောက်ခံက ဘာများပါလိမ့်။ သူတို့ ဝတ်စားထားပုံက ချမ်းသာတဲ့မိသားစုတစ်ခုရဲ့ သခင်တွေနဲ့လည်း မတူဘူး။ ဒါပေမဲ့ အိမ်ထောင်သည်အမျိုးသမီးတစ်ယောက်လို ဆံပင်ထုံးဖွဲ့ထားတဲ့ ဒီအမျိုးသမီးလေးက အရမ်းကျက်သရေရှိတာပဲ။ ထူးဆန်းလိုက်တာ။
အမျိုးသမီးစုန့်နှင့် သခင်မကြီးလျိုဘက်တွင်တော့ ပိတ်ထားသည့်တံခါးနောက်တွင် နှစ်ယောက်သားသည် တစ်နာရီခွဲခန့် စကားပြောလိုက်ကြလေသည်။ ထို့နောက်တွင်မှ ပင်မခန်းမ၏ သစ်သားတံခါးသည် ကျွီခနဲ မြည်သံတစ်ခုနှင့် အတွင်းဘက်မှ တွန်းဖွင့်လိုက်သံကို ကြားလိုက်ရလေသည်။ သခင်မကြီးလျိုနှင့် အမျိုးသမီးစုန့်တို့သည် ရှေ့ဆင့်နောက်ဆင့် ထွက်လာခဲ့ကြသည်။
“ ဒီကိစ္စနဲ့ပတ်သက်ပြီး ငါတော့ နင့်ကိုပဲ ဒုက္ခပေးရတော့မယ်”
အမျိုးသမီးစုန့်က သခင်မကြီးလျိုကို အသာအယာခေါင်းညိတ်ပြလိုက်၏။ ထို့နောက်တွင်တေ့ သူမသည် သူမကို တွဲပေးရန် အနားသို့ရောက်လာသည့် မြေးမလေးနှင့်အတူ လျိုအိမ်တော်မှ လမ်းလျှောက်ကာ ထွက်သွားလိုက်တော့သည်။
သခင်မကြီးလျိုက ခြံထဲတွင် ရပ်ကာ အမျိုးသမီးစုန့် ထွက်သွားသည်ကို စောင့်ကြည့်လိုက်ပြီးနောက် အစေခံမလေး၏အကူအညီဖြင့် အတွင်းခန်းသို့ ပြန်ဝင်ကာ အနားယူလိုက်လေသည်။ ညောင်စောင်းပေါ်တွင် တစ်ဝက်လဲလျောင်းရင်း အစေခံမလေးက ညင်ညင်သာသာ ပခုံးနှိပ်နယ်ပေးနေသည်ကို သဘောကျနေတော့သည်။ သူမက သက်ပြင်းချလိုက်ပြီး
“ ငါက အိုပြီး အသုံးမကျတော့ပါဘူးလေ”
အစေခံမလေးသည် သခင်မကြီးက သူမကို ပြောနေသည် မဟုတ်မှန်းသိသဖြင့် ဘာမှပြန်မပြောချေ။ သူမက သူမ၏အားကို ဂရုတစိုက်ထိန်းရင်း သခင်မကြီးကို နှိပ်နှယ်ပေးရန်သာ အာရုံစိုက်ထားလိုက်တော့သည်။
***
အမျိုးသမီးစုန့်သည် ကိုယ်တိုင် ဆောင်ရွက်ပေးခဲ့သည်။ ကျောင်းအုပ်ရွေးချယ်မည့် ပြဿနာသည် အမှန်ပင် ပြေလည်သွားတော့သည်။
အမျိုးသမီးကျောင်းသည် လော့ဟယ်မြို့ အရှေ့ဘက်ခြမ်း၏အတွင်းပိုင်းတွင် တည်ရှိသည်။ ဖူ ကျောင်း ၊ ကျားဇီ လမ်းကြားနှင့် သိပ်မဝေးလှပေ။ ၅ဧကခန့်ရှိသည့် မြေနေရာတစ်ခုဖြစ်သည်။ အတွင်းဘက်တွင် စာသင်ခန်းများ၊ အဆောင်များ၊ မုန့်စျေးတန်းများ၊ လက်ဖက်ရည်သောက်ခန်းများ၊ ပန်းခြံနှင့် တခြားနေရာများလည်း ရှိသည်။ အားလုံးကို အပြည့်အစုံ ထည့်သွင်းထားသည်။ အဓိကသင်ကြားမည့် ဘာသာရပ်များမှာ ဗျပ်စောင်း၊ စစ်တုရင်၊ လက်ရေးလှစာလုံး၊ ပန်းချီ၊ ကဗျာနှင့်င့် သီချင်းများ ဖြစ်သည်။ စိတ်ကြိုက်ရွေးခွင့်ရှိသည့် ဘာသာရပ်များမှာ အက၊ မြင်းစီးခြင်း၊ အချုပ်အလုပ်၊ လက်ဖက်ရည်ပွဲနှင့် ပန်းအလှဆင်ခြင်း တို့ဖြစ်သည်။ ဘာသာရပ်တစ်ခုစီတွင် အချိန်ပြည့်ဆရာတစ်ယောက် ရှိသည်။ အမျိုးသမီးယွီ၊ အမျိုးသမီးကျောက်၊ ယိုကျင့်နှင့် တတိယသခင်ကြီးဟွမ်တို့သည် လအနည်းငယ်လောက် အတူတူ လက်တွဲခဲ့ကြပြီး နောက်ဆုံးတွင် လော့ဟယ်နှင့် ရှင်းကျန်းမှ နာမည်ကြီးဆရာများကို နဂါးလှေပွဲတောင်မတိုင်ခင်တွင် စုစည်းနိုင်ခဲ့ကြသည်။
အမျိုးသမီးကျောင်း ဖွင့်ပွဲနေ့ကို ၅လပိုင်း ၅ရက်နေ့ဟု သတ်မှတ်ထားသည်။
နဂါးလှေပွဲတော်နေ့တွင် ဖွင့်လှစ်မည်ဆိုသော်လည်း ဖွင့်ပွဲနေ့အတွက် ကျောင်းသားခေါ်ယူခြင်းနှင့် ဖိတ်စာဝေခြင်းများကို ၄လပိုင်း အစောပိုင်းကတည်းက စတင်လာခဲ့သည်။ လော့ဟယ်မြို့ရှိ မိသားစုအသီးသီးက အာရ်ယာ အမျိုးသမီးကျောင်းမှ ဖိတ်စာများကို လက်ခံရရှိခဲ့သည်။ အစပိုင်းတွင်တော့ အားလုံးနီးပါးက ထိုကိစ္စကို သရော်ခဲ့ကြပြီး အဓိပ္ပာယ်မရှိသည့် ကိစ္စဟု ထင်ခဲ့ကြသည်။ နောက်ပိုင်းတွင် အမည်မသိ သတင်းရပ်ကွက်တစ်ခုမှ ကျောင်းအုပ်အဖြစ် ဆောင်ရွက်ပေးမည့်သူမှာ အစိုးရမြင်းတပ်အရာရှိ လျိုမိသားစုမှ သခင်မကြီးလျို ဖြစ်သည်ဟူသည့် သတင်းထွက်လာခဲ့သည်။
သခင်မကြီးလျိုက ဘယ်လိုလူမျိုးမလို့လဲ။ တတိယအဆင့် ဘွဲ့အပ်နှင်းခံထားရတဲ့ လော့ဟယ်မြို့က တစ်ဦးသော သခင်မကြီးပေါ့။ လွန်ခဲ့တဲ့ နှစ်သုံးဆယ်လောက်က သူမရဲ့ခင်ပွန်းကို ဆုံးရှုံးလိုက်ရပြီးနောက်ပိုင်း သူမတစ်ယောက်ထဲ ကလေးနှစ်ယောက်ကို ပြုစုပျိုးထောင်ခဲ့တာလေ။ နောက်ပိုင်း သူတို့ထဲတစ်ယောက်က လော့ဟယ်မြို့ရဲ့ အစိုးရမြင်းတပ်မှာ အမြင့်ဆုံးအဆင့် အရာရှိတစ်ယောက် ဖြစ်လာခဲ့တာပေါ့။ မြို့တော်က ဟန်လင်းကျောင်းတော်မှာ အလုပ်လုပ်နေတဲ့ သားတစ်ယောက် ရှိသေးတယ်။ သူမရဲ့တစ်ဦးသောသမိးကလည်း ကျွမ်းဝမ်အိမ်တော်နဲ့ လက်ထပ်ခဲ့ပြီး ဝမ်ဖေးတစ်ပါး ဖြစ်လာခဲ့တယ်လေ။ လော့ဟယ်မှာ ဂုဏ်ကျက်သရေအရှိဆုံးအမျိုးသမီးလို့ ပြောလိုက်ရင် သခင်မကြီးလျို ပဲပေါ့။
ဒါပေမဲ့ သခင်မကြီးလျိုက လွန်ခဲ့တဲ့ ၅နှစ် ၆နှစ်လောက်ကတည်းက ဘာပွဲလမ်းမှ မတက်တော့ဘူး။ မမျှော်လင့်ထားဘဲ ဒီတစ်ကြိမ်တော့ နာမည်မရှိတဲ့ အာရ်ယာ အမျိုးသမီးကျောင်းက သခင်မကြီးလျိုကို ဖိတ်ကြားနိုင်ခဲ့တယ်။ ဒါက အမှန် ဟုတ်မဟုတ် မသိရပေမဲ့ ဒီသတင်းကြားလိုက်တဲ့အချိန်မှာ သူတို့အားလုံးကတော့ သူတို့ရဲ့သမီးတွေကို အာရ်ယာ အမျိုးသမီးကျောင်းကို ပို့ဖို့ စိတ်ကူးလိုက်ကြတော့တယ်။ အစိုးရမြင်းတပ်အရာရှိ လျိုမိသားစုက ကိုယ်လုပ်တော်သုံးယောက် မွေးတဲ့ သမီးသုံးယောက်ကို စာရင်းသွင်းပြီးနောက်မှာတော့ ခေတ်ရေစီးကြောင်းအတိုင်း လိုက်တတ်ကြသည့် လော့ဟယ်က လူတွေကလည်း ချက်ချင်းဆိုသလိုပါလာခဲ့တယ်။ သုံးရက်အတွင်းမှာပဲ စာရင်းသွင်းတဲ့သူ ၁၂၇ယောက် ရှိလာခဲ့တယ်။
၅လပိုင်း ၅ရက်နေ့တွင် အာရ်ယာ အမျိုးသမီးကျောင်းတော်၏ တံခါးကို တရားဝင်ဖွင့်လစ်ခဲ့လေသည်။ မနက်ခင်းစောစောတွင် မိသားစုအမျိုးမျိုးက မိန်းမပျိုလေးများသည် ရင်ဘတ်တွင် ‘အာရ်ယာအမျိုးသမီးကျောင်းတော်’ ဟူသည့်စားလုံးကို ထိုးထားသည့် တူညီဝတ်စုံများကို ဝတ်ထားကြပြီး အားလုံးသည် လှည်းများ၊ ဝေါယာဥ်များနှင့် အာရ်ယာအမျိုးသမီးကျောင်းသို့ ရောက်လာကြလေသည်။ အမျိုးသမီးကျောင်းသူပေါင်း ၁၂၇ယောက်အပြင် စုမိသားစုမှ ညီအစ်မသုံးယောက် ( ယိုရင်၊ ယိုကျူး၊ ယိုပေါင်) နှင့်င့် လျိုမိသားစုက ယိုဟယ်၏ယောက်မလေး နှစ်ယောက် တို့အပါအဝင် စုစုပေါင်း ၁၃၂ယောက်ရှိသည်။ ၄လပိုင်း ၂၇ရက်နေ့တွင် ကနဦးစာမေးပွဲ ပြုလုပ်ခဲ့ပြီးနောက် သူတို့ကို အုပ်စု ၅ခု ခွဲလိုက်သည်။ သည်နေ့သည် ကျောင်းစဖွင့်သည့်ရက်လည်း ဖြစ်သလို အတန်းပထမဆုံးတက်ရမည့်နေ့လည်း ဖြစ်သည်။
လေးစားရသည့် ကျောင်းအုပ်တစ်ယောက်အနေဖြင့် သခင်မကြီးလျိုသည်လည်း မင်္ဂလာအချိန်ရောက်ခင် ၁၅မိနစ်ကြိုပြီး အာရ်ယာ အမျိုးသမီးကျောင်းသို့ ရောက်လာခဲ့သည်။ အမျိုးသမီးစုန့်၊ အမျိုးသမီးယွီ၊ အမျိုးသမီးကျောက်နှင့် တခြားလူအများနှင့်အတူ သခင်မကြီးလျိုက အမျိုးသမီးကျောင်းကို လှည့်ပတ်ကြည့်ရန် ဝေါယာဥ်ငယ်လေးတစ်ခုကို စီးလာသည်။
လှည့်ပတ်ကြည့်ရှုပြီးနောက် သခင်မကြီးလျိုက ကိုယ်လုပ်တော်မှ မွေးခဲ့သည့် မြေမလေးများ ရှိသည့် အခန်းသို့ သွားလိုက်ပြီး စကားနည်းနည်းပါး ပြောလိုက်လေသည်။ အနည်းငယ် ပင်ပန်းသွားသဖြင့် သူမသည် အထိန်းတော်လျို၏ အကူအညီဖြင့် ဝေါယာဥ်ပေါ်ပြန်တက်လိုက်ပြီး အလည်အပတ် ရောက်လာသည့် မိဘများနှင့် တွေ့ဆုံရန် အမျိုးသမီးကျောင်းတော်ခန်းမဆီသို့ သွားကာ စကား နည်းနည်းပါးပါး ပြောလိုက်ပြီးနောက် အားလုံးကို အပြုံးဖြင့် နှုတ်ဆက်ကာ ပြန်သွားတော့သည်။ လျိုအိမ်တော်၏လှည်းပေါ် တက်သွားပြီးနောက်တွင်တော့ သူမသည် ထွက်ခွာသွားလေသည်။
ထိုကျောင်းသူများ၏မိဘများသည် သခင်မကြီးလျိုက အမှန်တကယ်ပေါ်လာသည်ကို မြင်လိုက်ရချိန်၌ အနည်းငယ် အံ့ဩထိတ်လန့်သွားကြတော့သည်။ အာရ်ယာအမျိုးသမီးကျောင်းက လူများသည် သခင်မကြီးလျိုနှင့် ရယ်မောကာ စကားပြောနေသည်ကို မြင်လိုက်ရချိန်တွင်တော့ ပိုပြီးဇဝေဇဝါ ဖြစ်သွားကြတော့သည်။ အာရ်ယာ ကျောင်းတော်က လူတွေက တကယ်ပဲ ဘယ်လိုလူမျိုးတွေပါလိမ့်။ သူတို့ကြားထားတာတော့ သူတို့တွေက ကျေးလက်ကာ လူချမ်းသာလက်သစ်လေးတစ်ခုပဲဆို။ သူတို့တွေက သခင်မကြီးလျိုနဲ့ ဘယ်လိုလုပ်ပြီး အဲလောက်ရင်းနှီးနေကြတာလဲ။ မိဘများသည် သူတို့၏ စိတ်ထဲတွင်တော့ အာရ်ယာကျောင်းတော် နောက်က ပိုင်ရှင်နှင့် ဆက်ဆံရေးကောင်းရန် သတိထားစိတ်တစ်ဝက် သံသယစိတ်တစ်ဝက်နှင့် ပြည့်နက်နေလေတော့သည်။
…