အခန်း ၁၃၉
Vol. 10 Ch. 139
အပိုင်း (၁၃၉) ကြာပန်းတစ်ထောင်ရေကန်
အမျိုးသမီးယွီနှင့် အမျိုးသမီးကျောက်တို့သည် အရည်အချင်းရှိသည့် ဂုဏ်သတင်းများ ရှိကြသော်လည်း နောက်ပိုင်းတွင် မကောင်းကြံကြမည့်လူများက သူတို့၏ တရားဝင်ကျွန်ဟူသည့် တံဆိပ်ကို အသုံးချကြမှာကို စိုးရိမ်နေကြလေသည်။ ထို့ကြောင့် သူတို့နှစ်ယောက်လုံးက သင်ကြားရေးစိတ်ကူးကို လက်လျှော့လိုက်ကြပြီး ပစ္စည်းများဝယ်ယူခြင်း၊ ဌာနများနှင့် အသုံးအဆောင်ပစ္စည်းများကို ထိန်းသိမ်းခြင်း၊ ဝန်ထမ်းများကို ကြီးကြပ်ခြင်းနှင့် တခြားအလုပ်များဖြစ်သည့် သင်ကြားရေးပြင်ပ အလုပ်များအတွက်သာ တာဝန်ယူလိုက်ကြသည်။
သခင်မကြီးလျို၏ စိတ်ရောကိုယ်ပါ အကူအညီပေးခြင်းကြောင့် အာရ်ယာအမျိုးသမီးကျောင်းသည် အစကတည်းက အဆင့်မြင့်နေရာတစ်ခုသို့ မြှင့်တင်နိုင်ခဲ့လေသည်။ နောက်ပိုင်း လူများက အမျိုးသမီးကျောင်းတစ်ခု ဖွင့်ချင်လျှင်တောင် အာရ်ယာအမျိုးသမီးကျောင်းတော်၏ ကျောင်းအုပ်ရာထူးကို ကျော်လွန်နိုင်လိမ့်မည်မဟုတ်ပေ။ တစ်ကွက်တည်းနှင့် သူမသည် လော့ဟယ်တွင် အမျိုးသမီးကျောင်း တစ်ကျောင်းကို ဖွင့်ခဲ့သည့် ပထမဆုံးပုဂ္ဂိုလ်၏ ကိုယ်ပိုင်လက္ခဏာကို တည်ဆောက်ခဲ့လေသည်။
အစပိုင်းတွင် လူများက လျိုမိသားစုနှင့် ဆက်ဆံရေးတစ်ခု တည်ဆောက်ရန် သူတို့၏သမီးများကို အာရ်ယာအမျိုးသမီးကျောင်းသို့ ပို့ခဲ့ကြခြင်းပင်။ သို့သော် နောက်ပိုင်းတွင် လဝက်မပြည့်ခင်မှာပင် သူတို့သမီးများ ကျောင်းတက်ခြင်းက အသုံးဝင်မှန်း သိလာကြလေသည်။ သူတို့သည် ကဗျာများနှင့် သီချင်းများကို ပိုသိလာကြသည်။ သူတို့၏ ချင်တီးခတ်သည့် အရည်အချင်းကလည်း အရင်ကထက် ပိုကောင်းလာသည်။ သူတို့၏လူမှုအသိုင်းအဝိုင်းပင် ကျယ်ဝန်းလာခဲ့သည်။ တချို့က သူတို့၏သမီးများမှတဆင့် စီးပွားရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့ကြသည်။ ချိုမြိန်တဲ့အရသာကို မြည်းဖူးတဲ့သူမှာပဲ သူ့အရသာကို ခံစားနိုင်မှာပဲ။ ဟား။ ဒီအာရ်ယာအမျိုးသမီးကျောင်းတော်က တော်တော်အကျိုးရှိတာပဲ။ တစ်နှစ်မှ ကျောင်းလခက လျန်၁၀၀ ပဲ။ ဒါဆိုလည်း သင်လိုက်ကြစမ်းပါ။
စုမိသားစုက ယိုညီအစ်မသုံးယောက်အတွက်တော့ သူတို့ကို အစ်မကြီးက အတင်း ကျောင်းဝင်ခိုင်းခဲ့သည်။ အစပိုင်းတွင် ညီအစ်မသုံးယောက်က နည်းနည်း ငြင်းဆန်ခဲ့ကြသေးသည်။
“ အိမ်မှာလည်း ဆရာတစ်ယောက်ရှိတာပဲမလား၊ ညီမလေးတို့က ဘာလို့ အမျိုးသမီးကျောင်းမှာ တက်ရအုံးမှာလဲ”
အထူးသဖြင့် ထိုငရှုပ်လေး ယိုကျူးပင်။ သူမသည် ငိုယိုကာ၊ ပြဿနာရှာပြီး သူမကို တကျီကျီ လုပ်နေလေသည်။ သို့တိုင် ယိုကျင့်က သည်တစ်ကြိမ်တော့ စိတ်မပျော့ပေ။ သူမသည် ညီမငယ်သုံးယောက်ကို သည်အတိုင်း လှည်းပေါ်တင်ပြီး အမျိုးသမီးကျောင်းသို့ ပို့လိုက်လေတော့သည်။
အစပိုင်းတွင်တော့ ညီအစ်မသုံးယောက်မှာ မပျော်ကြပေ။ အမျိုးသမီးကျောင်းတွင် ခဏလောက် နေလိုက်ပြီးနောက် သူတို့တွင် သူငယ်ချင်းများ ရှိလာကြပြီး အခုတော့ မိန်းမငယ်လေးများကဲ့သို့ ပြုမူတတ်လာကြလေသည်။ ယိုကျင့်သည် အခုမှ ကျေနပ်သွားတော့သည်။ မိသားစု၏ ရှင်သန်ရေးအတွက် ညီမငယ်လေးများသည် သူတို့အသက်အရွယ်လေးနှင့် ရင့်ကျက်ခဲ့ရသည်။ အခုတော့ သူတို့သည် ရွယ်တူများနှင့် ရှိနေကြပြီး အများကြီး ပိုတက်ကြွလာခဲ့ကြလေသည်။
လျိုမိသားစုမှ ယိုဟယ်၏ယောက်မနှစ်ယောက်သည်လည်း စုမိသားစု၏မိန်းကလေးများနည်းတူ ကျောင်းလခ ကင်းလွတ်ကာ ဝင်ခွင့်ရခဲ့သည်။ အစပိုင်းတွင် တချို့အခန်းဖော်များက ချမ်းသာသည့် မိန်းကလေးများလို မဝတ်စားကြသည့် သူတို့ကို မြင်လျှင် အထင်သေးခဲ့ကြသည်။ နောက်ပိုင်းတွင် သူတို့၏ အစ်ကိုကြီးက ငယ်ငယ်လေးနှင့် ရှို့ချိုင်တစ်ယောက် ဖြစ်နေပြီး သူတို့သည်လည်း စုမိသားစု၏ ဆွေမျိုးများ ဖြစ်သည်ကို သိသွားကြလေသည်။ အမျိုးသမီးကျောင်းက မိန်းမငယ်လေးများ၏ အခြေအနေသည် တနေ့တခြား တိုးတက်လာခဲ့သည်။ သူတို့သည် နေ့တိုင်း ကျောင်းသွားရသည်ကို အလွန်သဘောကျကြလေသည်။
“ အမေ မနက်ဖြန်ကျရင်လေ သမီးတို့ ကျောင်းမှာ အခန်းဖော်တွေနဲ့ ကြာပန်းတစ်ထောင်ရေကန်မှာ ကြာပန်း သွားကြည့်ကြဖို့ ချိန်းထားတယ်”
လျိုမိသားစု၏အငယ်ဆုံးသမီးက သည်နေ့ ကျောင်းမှ အိမ်သို့ ပြန်လာခဲ့သည်။ သူမက အမျိုးသမီးချင်၏ လက်မောင်းကို ဖက်ကာ သူမကို စစ်ကူခေါ်လေသည်။
“ သမီးတို့ သွားလို့ရမလားဟင်”
အခုတော့ မိသားစု၏လူနေမှုဘဝသည် ကောင်းသည်ထက် ပိုကောင်းလာကာ အရင်က မသိမသာ တင်းမာသည့်မျက်နှာထားနှင့် အမျိုးသမီးချင်သည် အခုတော့ မျက်ခုံးများ ကွေးလာလေသည်။ သူမသည် အရင်ကထက် အများကြီး ပိုကြည့်ကောင်းလာခဲ့သည်။ သမီးဖြစ်သူ၏ ဆွဲခါ ခံနေရသဖြင့် အနည်းငယ် မူးနောက်လာရာ သူမ၏လက်ကို မြန်မြန်ကိုင်လိုက်ပြီး ဝမ်းသာအားရ ပြန်ပြောလိုက်လေသည်။
“ အေးပါ အေးပါ ရပါတယ်၊ သွားကြ၊ အန္တရာယ်မဖြစ်အောင်သာ ဂရုစိုက်”
ကြာပန်းတစ်ထောင်ရေကန်သည် အမှန်တွင်တော့ ဟိုကျားဝမ်တွင် စုမိသားစုက ဆည်ထားသည့် ကြာပန်းကန် ဖြစ်လေသည်။ သမီးများက စုမိသားစု၏ နယ်မြေတွင် သွားကစားကြခြင်း ဖြစ်လေရာ အမျိုးသမီးချင်က သဘောမတူဘဲ ဘယ်မှာရှိပါမည်နည်း။
“ အမေက အကောင်းဆုံးပဲ”
လျိုမိသားစု၏ အငယ်ဆုံးသမီးက ဝမ်းသာအားရ အော်ပြောလိုက်၏။ ထို့နောက် သူမသည် သတင်းကောင်းကို အစ်မဖြစ်သူအား မြန်မြန်သွားပြောပြတော့သည်။ သူတို့တွေ မနက်ဖြန်ခရီးအတွင် အဝတ်အစားနဲ့ လက်ဝတ်ရတနာတွေကို ပြင်ဆင်ရမယ်လေ။
မြေးလေးကိုချီထားသည့် အမျိုးသမီးချင်ကတော့ ပါးစပ်နားရွက် တက်ချိတ်တော့မတတ် ပြုံးရယ်နေတော့သည်။ နဂိုက သူမ၏သမီးနှစ်ယောက်မှာ အလွန်မှ စကားနည်းကြသည်။ အခုတော့ သူတို့သည် အများကြီး တက်ကြွလာကြပြီး အရင်ထက် ၁၃-၁၄နှစ်အရွယ် မိန်းကလေးများနှင့် ပိုတူလာကြသည်။
***
စုမိသားစု၏ ကြာပန်းများသည် ကန်အပြည့်ဖူးပွင့်နေကြ၏။ ယိုကျင့်က ခမ်းနားသည့် ဆိုင်းဘုတ်တစ်ခုကို အထူးပြုလုပ်ကာ ကြာကန်ဝင်ပေါက်တွင် ချိတ်ဆွဲထားပြီး ‘ ကြာပန်းတစ်ထောင်ကန်’ ဟု နာမည်ပေးထားခဲ့သည်။ ကြာပန်းကန်ဘေးတွင် ဇရပ် တစ်ဆောင် နှစ်ဆောင်လောက် ဆောက်ထားလိုက်သည်။ ဇရပ်ထဲတွင် ထိုင်ကာ နေရောင်ပြန်နေသည့် ကြာရွက်နှင့် ကြာပန်းများကို ကြည့်ရသည်မှာ အလွန်စိတ်ဝင်စားဖွယ်ကောင်းလေသည်။ အာရ်ယာအမျိုးသမီးကျောင်း၏ လက်ရေးလှအတန်း၏ တွေ့ဆုံပွဲကို အရာရှိလျို၏ တရားဝင်သမီး လျိုယွီချီက အရင်ဆုံးအကြံပြုခဲ့လေသည်။ မဲပေးခဲ့ကြပြီးနောက် တွေ့ဆုံပွဲကိုတက်ရောက်လိုကြသည့် မိန်းကလေးအားလုံးက သည်တစ်ကြိမ်တွင် သူတို့သည် စုမိသားစု၏ ‘ကြာပန်းတစ်ထောင်ကန်’ သို့သွားကာ ကြာပန်းများ ကြည့်ကြမည်ဟု ဆုံးဖြတ်လိုက်ကြသည်။ စာလုံးလေ့ကျင့်သည့် အတန်းက စုမိသားစု၏ တစ်ဦးတည်းသောသူအနေဖြင့် ယိုကျူးသည် ဧည့်သည်များကို ဧည့်ခံရန် ပစ္စည်းအားလုံးကို ပြင်ဆင်ပေးဖို့ အလိုလိုတာဝန်ယူရတော့သည်။
“ ဟုတ်တယ် စန်းအာ ဟိုနားကို ရေခဲတုံးတချို့ ယူသွားခိုင်းလိုက်အုံး၊ နေကိုကြည့်ရတာ ဒီနေ့ တော်တော်ပူလိမ့်မယ်၊ ဇရပ်တွေထဲမှာ ပိုအေးသွားအောင် ရေခဲလက်ဆေးစဥ်လေးတစ်ခုနှစ်ခု သွားထားလိုက်၊ နောက်ပိုင်းကျရင် ဆီးချိုချဥ်ဖျော်ရည်နဲ့ ပဲတီစိမ်းစွပ်ကိုလည်း သောက်လို့ရသေးတယ်”
မနက်စောစောစီးစီး ဟိုကျားဝမ်သို့ ရောက်လာပြီး သူမသည် စုမိသားစု၏အစေခံများကို တစ်ခုမှ မလွတ်ရအောင် ပြင်ဆင်ခိုင်းရင်း အလုပ်များနေလေသည်။ စုမိသားစုသည် တတိယမမလေးက သည်နေ့ စားသောက်ပွဲတစ်ခု ကျင်းပမည်ကို သိထားကြလေသည်။ သူတို့က အကြီးဆုံးမမလေးရဲ့ အမှာစကားကိုလည်း ကြားထားတယ်လေ။ တတိယမမလေးရဲ့ ပြဿနာရှာ... အဲလေ စားသောက်ပွဲကို ပူပေါင်းလုပ်ပေးရမှာ ပြောစရာတောင်မလိုပါဘူး။
ကြာကန်ဘေးတွင် ပေါင်းမိုးလှေငါးစီးကို ပြင်ဆင်ထားလေသည်။ အမွှေးနံ့သာ၊ ရေခဲတုံး၊ သောက်စရာနှင့် သွားရေစာများအားလုံးကို ဇရပ်ထဲတွင် ပြင်ဆင်ပေးထားသည်။ ဇရပ်အပြင်ဘက်တွင် လရောင်လိုဖြူဆွတ်နေသည့် ပိတ်စကြမ်းကို နေကာရန်နှင့် အပြင်လူများ အကြည့်မှ ကာကွယ်ရန် လိုက်ကာချထားလေသည်။
“ ဆယ်မိုင်ကြာကန်က တကယ်လှတယ်နော်”
ကြာပန်းတစ်ထောက်ကန်၏ဝင်ပေါက်တွင် လမ်းဘေး၌ လှည်းတချို့ ရပ်ထားလေသည်။ လျိုယွီချီက ဘေးက အစေခံမလေး၏ အကူအညီဖြင့် လှည်းပေါ်မှဆင်းလာပြီး သူမရှေ့က ငွားငွားစွင့်စွင့် ပွင့်လန်းနေကြသည့် ကြာပန်းများ၏ ကြိုဆိုခြင်းကို ခံစားလိုက်ရတော့သည်။ ကြာရွက်ပင်လယ်ကြားတွင် အတော်ပင်လှပသည့် မြင်ကွင်းတစ်ခုပင်။
လျိုယွီချီနောက်တွင် လျိုမိသားစု၏ ကိုယ်လုပ်တော်မှ မွေးသည့်သမီး လျိုယွီရန် လိုက်လာခဲ့သည်။ အစ်မဖြစ်သူ စကားကို ကြားလိုက်ရလိုက်ရချိန်တွင် သူမက ပြုံးကာ သဘောတူလိုက်၏။ လျိုယွီချီနှင့် ကိုယ်လုပ်တော်မှ မွေးသည့်သမီးသည် မရင်းနှီးကြသော်လည်း အပြင်ဘက်တွင် အပြန်အလှန် မျက်နှာသာပေးကြပြီး ဘာမှမဖြစ်သလို ပြောဆိုကြလေသည်။ လျိုမိသားစု မိန်းကလေးနှစ်ယောက်နောက်တွင် လက်ရေးလှအတန်းမှ ကျောင်းသူများ ပါလာကြသည်။ အားလုံးက မိန်းမငယ်လေးများ ဖြစ်ကြလေသည်။ သူတို့သည် လှပသည့်ရှုခင်းကို မြင်လိုက်ရသောအခါ သဘာဝအလျောက် ပျော်ရွှင်သွားကြတော့သည်။ နောက်တစ်ယောက်က အနီရောင်ကြာပန်းက လှသည်ဟုဆိုသည်။ တော်တော်ပင် အသက်ဝင်လှသည်။
အိမ်ရှင် ယိုကျူးသည် အပြင်က ဆူညံသံများကို ကြားသဖြင့် ချက်ချင်းထွက်လာကာ သူတို့ကို နှုတ်ဆက်လိုက်သည်။
“ နင်တို့တွေ ရောက်လာကြပြီပဲ၊ မြန်မြန်ဝင်လာကြ”
“ယိုကျူး နင့်မိသားစုရဲ့ ကြာပန်းတစ်ထောင်ကန်က ရှုခင်းက မဆိုးဘူးနော်၊ ငါတို့တွေ ဒီနေ့ ဒီကိုလာခဲ့တာ အလကား မဖြစ်တော့ဘူး ထင်တယ်”
လျိုယွီချီက ရှေ့ကလျှောက်ရင်း သူမနောက်က ခြေလှမ်းဝက်နောက်ကျနေသည့် ယိုကျူးကို ပြောလိုက်လေသည်။
“ ဒီရာသီဥတုက ပူနေတာနော်၊ နင်တော့ ဒါတွေကို ပြင်ဆင်ပေးရတာနဲ့ အရမ်းအလုပ်ပင်ပန်းသွားမှာပဲ”
လက်ရှိတွင် ၆လပိုင်းရောက်နေပြီ။ အနည်းငယ်ပူပြင်းနေသည်က ထုတ်ပြောရန်ပင် မလိုချေ။ အားလုံးက ဇရပ်ထဲသို့ ဝင်လိုက်သည်နှင့်တစ်ပြိုင်နက် လေနုအေးလေးတစ်ပွေက သူတို့မျက်နှာကို လာရိုက်ခတ်သွားသည်ကို ခံစားလိုက်ရတော့သည်။ ပင်ပန်းနေသည့်ခံစားချက်မှာ ချက်ချင်း ပျောက်ကွယ်သွားတော့သည်။
“ ဟယ် ဘာလို့ ဒီလောက်အေးမြနေတာလဲ ထင်နေတာ ရေခဲစင် သုံးခုတောင် ရှိနေတာကိုး၊ ယိုကျူး နင်လေ အရမ်းစဥ်းစားပေးတတ်တာပဲ”
ထိုနောက်တွင်မှ အားလုံးက နေရာယူလိုက်ကြလေသည်။ သာယာငြိမ့်ညောင်းသည့် ပုလွေသံက ကြာကန်၏အတွင်းပိုင်းမှ ထွက်လာခဲ့သည်။ ထို့နောက် နားဝင်ချိုလှသည့် အမျိုးသမီးအသံက ပုလွေသံနှင့် ဖြည်းဖြည်းချင်း လာတွဲစပ်ကာ ရေများက ကျောက်စိမ်းဖြာတစ်ခုပေါ်သို့ လျှောခနဲကျသွားသည့်နှယ် ခံစားလိုက်ရလေသည်။ “ ပန်းကြာဖူး ခူးချိန်တန်တော့ ကြာရွယ်နှယ် .....”
“ယိုကျူး နင်က အိမ်ရှင့်တာဝန် ကျေလိုက်တာဟယ်၊ လော့ဟယ်မြို့မှာ ဒီလောက်လှတဲ့အသံပိုင်ရှင် တေးသံရှင်တစ်ယောက် ရှိမှန်း ငါတောင်မသိဘူး”
သီချင်း ပြီးသွားသည့်နောက် လျိုယွီချီက ပြုံးချိုစွာ လက်ခုပ်တီးအားပေးလိုက်သည်။ သူမသည် စုမိသားစု၏ အစီအစဥ်ကို အလွန်သဘောကျနေတော့သည်။
လျိုယွီချီဘေးတွင် ထိုင်နေသည့် ယိုကျူးက သွားများပေါ်အောင် ပြုံးလိုက်ပြီး
“ သခင်မလေးလျိုကတော့ ချီးကျူးလွန်းနေပါပြီ၊ အားလုံးက ပျော်တယ်ဆိုတော့ ကောင်းတာပေါ့”
ထို့နောက်က သူမက မိန်းကလေးများဘက်လှည့်ကာ ပြောလိုက်လေသည်။
“ အစေခံတွေက လှေတွေ ပြင်ဆင်ထားပေးတယ်၊ နင်တို့တွေ စိတ်ဝင်စားရင် လှေစီးရင်း ကြာဖူးတွေ ခူးရတာလည်း ပျော်စရာကောင်းတယ်နော်”
သူတို့သည် ရေကန်ထဲတွင် ကစားလို့ရသည်ဟု ကြားလိုက်ရသည်နှင့် မိန်းကလေးအားလုံး၏ စိတ်ဝင်စားမှုက ထိုးတက်သွားတော့သည်။ ဝမ်းသာရွှင်မြူးကာဖြင့် သူတို့သည် ဇရပ်ထဲက ထွက်သွားကြတော့သည်။ လေးယောက်တစ်ဖွဲ့စီ လှေတစ်စီး စီးလိုက်ကြသည်။ စုမိသားစု၏ အစေခံများက ဝါးလုံးရှည်ကြီးတစ်လုံးကို ကိုင်ကာ လှေကို ရေထဲသို့ တွန်းလိုက်လေသည်။ လှေများသည် လေးကြိုးမှ ပစ်လွှတ်လိုက်သည့် မြှားလို ကန်စောင်းမှ ထွက်သွာပြီး ကြာပန်းများအလယ်သို့ ဦးတည်သွားလိုက်ကြသည်။
တေးသံရှင်က သီချင်းဆက်ဆိုနေသည်။ မိန်းကလေးများသည် ကြာပန်းရုံများကြားတွင် လွန်းထိုး သွားလာနေကြသည်။ သူတို့သည် ရပ်လိုက် ရှေ့ဆက်သွားလိုက်လုပ်နေကြ၏။ လှေပေါ်တွင် ပေါင်းမိုးပါသည့်အတွက် ပူပြင်းသည့်နေရောင်ကို ကာကွယ်ထားပြီး လန်ဆန်းသည့် ကြာပန်းလေက ရှေ့မှ တိုက်ခတ်လာလေသည်။ သူတို့အားလုံးသည် ပျော်စရာအချိန်ကောင်းတစ်ခု ပိုင်ဆိုင်ခဲ့ကြလေသည်။
“ စုမိသားစုရဲ့ကြာပန်းတစ်ထောင်ကန်ကလေ နတ်ပြည်က နန္ဒာကန်နဲ့ တကယ်တူတာနော်”
လူများသည် ပန်းများကို ရှုစားပြီး ကြာဖူးများ ခူးကာ ကန်အလယ်တွင် နာရီဝက်လောက် လည်ပတ်ခဲ့ကြပြီးနောက် နှစ်ယောက်တစ်တွဲ ၊ သုံးယောက်တစ်တွဲ ပြန်လာခဲ့ကြသည်။ ကန်ဘောင်ပေါ်တွင် အေးမြသည့် ဆီသီးဖျော်ရည်နှင့် ကွေ့ဟွားပဲစိမ်းစွပ်ပြုတ်တို့ကို အစောကြီးကတည်းက ပြင်ဆင်ပေးထားသည်။ မိန်းကလေးများသည် ကုန်းပေါ်သို့ တက်လာသည်နှင့် သူတို့၏လက်များကို ဆေးကြောရန် စုမိသားစုက အစေခံများက ကြာပန်းပွင့်ဖတ်များ ထည့်ထားသည့် ရေသန့်များကို ယူလာပေးကြသည်။ လာရောက်ကြသူ တစ်ဦးချင်းကို တတ်နိုင်သမျှအသေးစိတ် စောင့်ရှောက်ပေးသည်ဟု ဆိုနိုင်လေသည်။
အလျှံပယ် ပြင်ဆင်ထားသည့် ပျော်ပွဲစားနေ့လယ်စာ စားပြီးနောက် မိန်းကလေးများသည် လှည်းများပေါ်တက်ကာ မပြန်ချင် ပြန်ချင်နှင့် ပြန်သွားကြတော့သည်။ အစေခံတိုင်းက သူတို့၏မမလေးများ ခူးလာကြသည့် လက်ထဲက ကြာပန်းနှင့် ကြာဖူးများကို ကိုင်ထားပေးကြသည်။
အတန်းဖော်များကို လိုက်ပို့ပြီးနောက်တွင်တော့ ယိုကျူးမှာ စိတ်အေးသွားကာ သက်ပြင်းချရင်း ဇရပ်ထဲတွင် ထိုင်ချလိုက်ကာ “ နောက်ဆိုရင် နောက်တစ်ခါ ထပ်မလုပ်တော့ဘူး၊ ပင်ပန်းလိုက်တာဟယ်”
ဒီအခန်းဖော် အုပ်စုကြီးကို ဧည့်ခံဖို့ သူမမှာ မနေ့ကတည်းက ဟိုဟာ သည်သာ ပြင်ဆင်ပြီး ဟိုပြေးလိုက် သည်ပြေးလိုက် လုပ်ခဲ့ရတာ။ တော်ပါသေးရဲ့ ဘာပြဿနာမှမရှိဘဲ ပြီးသွားလို့။
လက်ရေးလှအတန်းက ကျောင်းသူများ၏ ကြာပန်းတစ်ထောင်ကန်သို့ တစ်နေ့တာ ခရီးသွားခဲ့သည့်အကြောင်း အားလုံးသိပြီးနောက်တွင် ကျင့်ဝတ်အတန်းနှင့် စာပေအတန်းက ကျောင်းသူများက သူတို့၏ ကိုယ်စီအတန်းက စုမိသားစု၏ မိန်းကလေးများကို သွားရှာကြတော့သည်။ ပြဇာတ်ကို အစောကတည်း စောင့်ကြည့်နေခဲ့ကြသည့် ယိုရင်နှင့် ယိုပေါင်တို့သည် ယိုကျူး၏ ပင်ပန်းမှုများကို တွေ့ကြုံခဲ့ရပြီးဖြစ်လေသည်။ သို့သော် သည်အဖြစ်အပျက် ပြီးသွားသည့်နောက်တွင် စုမိသားစု၏ ညီအစ်မသုံးယောက်တို့သည် လော့ဟယ်ရှိ လူချမ်းသာမိသားစုမှ မိန်းကလေးများ၏ အသိုင်းအဝိုင်းထဲသို့ ရောက်သွားကြတော့သည်။
အာရ်ယာအမျိုးသမီးကျောင်းက ဆရာတစ်ယောက်က စုမိသားစုတွင် ကြာပန်းတစ်ထောင်ရေကန်တစ်ခု ရှိသည်ဟု ကြားလိုက်ရသည်။ ထို့ကြောင့် သူသည် လက်ထောက်ကျောင်းအုပ်နှစ်ယောက်နှင့် တိုင်ပင်လိုက်ပြီး ကြာပန်းတစ်ထောင်ကန်ကို ပန်းချီဆွဲရာနေရာတစ်ခုအဖြစ် သတ်မှတ်လိုက်လေသည်။
သည်အဖြစ်အပျက်ပြီးသွားသည့်နောက်တွင် ကြာပန်းတစ်ထောင်ကန်သည် လော့ဟယ်မြို့က လူများအတွက် အလည်ပတ်သွားကာ ရှုခင်းများကို ကြည့်ရမည့် နေရာကောင်းတစ်ခု ဖြစ်လာတော့သည်။ လော့ဟယ်မြို့တောင်ဖက် ဂိတ်တံခါးမှ လှေငယ်တစ်စီးနှင့် မြစ်ကြောင်းအတိုင်း ဆင်းသွားကာ မြစ်တစ်ဖက်တစ်ချက်က ကျေးလက်ရှုခင်းများကို ကြည့်ရှုကြလေသည်။ သူတို့သည် ဟိုကျားဝမ်တွင် လှေပေါ်ကဆင်းပြီး ကြာပန်းတစ်ထောင်ကန်သို့ လမ်းလျှောက်သွားကာ ရှုခင်းကို ခံစားကြလေသည်။
သို့သော်ငြား ကြာကန်ကြီးထွားမှုကို မထိခိုက်စေရန် စုမိသားစုက လမ်းလျှောက်သူများကို ကန်ဘောင်ပေါ်က ဇရပ်တွင်သာ ကြည့်ရှုရန်ခွင့်ပြုထားလေသည်။ လှေစီးဖို့ရန်အတွက်တော့ စုမိသားစုက ဖိတ်ကြားထားသည့် ဧည့်သည်များကိုသာ ခွင့်ပြုထားသည်။ ကြာပန်းရှုခင်းကို ကန်ဘောင်ပေါ်မှသာ ကြည့်ရသော်လည်း လော့ဟယ်မြို့က လူများအတွက်တော့ အကျိုးဖြစ်လေသည်။
ကြာပန်းတစ်ထောင်ကန်သည် နာမည်ကြီးလာခဲ့သည်။ ဆောင်းဦးဝင်လာသည်နှင့် ကြာစွယ်များ ထွက်လာကြကာ ကန်ဘောင်ပေါ်တွင် လည်ပတ်သူများလည်း မလာကြတော့ပေ။ လည်ပတ်သူများ လာရောက်ကြစဥ်ကာ ရွာသားများသည် မြစ်ဘေးက တရားဝင်လမ်းမပေါ်တွင် စျေးဆိုင်လေးများခင်းကာ အစားအသောက်တချို့ ရောင်းချကြသည်။ အခုတော့ သူတို့သည် ဆောင်းဦးကောက်ရိတ်ဖို့ရာ အိမ်ပြန်သွားကြပြီ။ နွေရာသီတစ်ခုလုံး စည်စည်ကားကား ဖြစ်နေခဲ့ပြီးနောက် ကြာပန်းတစ်ထောင်ကန်သည် နောက်တဖန် ခူးဆွတ်ရမည်ကာလသို့ ဝင်ရောက်လာတော့သည်။
လော့ဟယ်မြို့ရှိလူများအတွက် ကြာပန်းတစ်ထောင်ကန်သည် အလည်အပတ်သွားရန် နေရာကောင်းတစ်ခု ဖြစ်လေသည်။ သို့သော် စုမိသားစုအတွက်တော့ သည်ကန်မှာ ငွေများအပြည့် ရှိနေသည်။
ရာသီဥတုက သူတို့ဘက်တွင် ရှိနေ၏။ ထို့အပြင် ကြာပန်းလုပ်သားများက သူတို့ကို ကောင်းကောင်း စောင့်ရှောက်ကြသည်။ သည်နှစ်ကြာပန်းများသည် ဆက်တိုက်ပွင့်လန်းကြသည်။ ကြာစေ့များကိုလည်း တစ်ခါပြီးတစ်ခါ ခူးခဲ့ရသည်။ ဆောင်းဦးအစပိုင်း ရိတ်သိမ်းချိန်တွင် ကြာကန်ဆယ်ဧကမှ ကြာစေ့ပေါင်း ပေါင်၂၀၀၀၀ကျော် ရိတ်သိမ်းနိုင်ခဲ့သည်။ အများစုကို စုကျားရှန်းက အသစ်ထုတ်ထားသည့် သကြားကြာစေ့အတွက် အသုံးပြုသည်။ ပေါင် ၅၀လောက်ကို မိသားစုကိုယ်ပိုင်သုံးရန်အတွက် ဖယ်ထားလိုက်သည်။ ၁၀ ပေါင်စီကို ယိုဟယ်အတွက် လျိုအိမ်သို့ ပို့ပေးလိုက်ပြီး တတိယသခင်ကြီးဟွမ်တို့ အိမ်အတွက် လည်း ပို့ပေးလိုက်သည်။ အခွံခွာပြီးသား ကြာဆံအားလုံးကို လော့ဟယ်က ဆေးခန်းသို့ ရောင်းချလိုက်သည်။ ဘာတစ်ခုမှ အလကားမဖြစ်ပေ။
ကြာစေ့များကို လူချမ်းသာများကြားတွင် အသုံးများလေသည်။ သည်နှစ် စုမိသားစုက ကြာစေ့များ အလျှံပယ် ရိတ်သိမ်းနိုင်ခဲ့သည်ကိုသိကြသဖြင့် သူတို့သည် စျေးကွက်ထဲ ရောက်ပြီးနောက်တွင် ဝယ်ချင်သူများ ရှိလာကြသည်။ မျှော်လင့်မထားဘဲ စုမိသားစုက ကြာစေ့ပေါက် နှစ်သောင်းနီပါး ရခဲ့သည့် မဟုတ်ပါလား။ စုကျားယန့်တွင် စုမိသားစု၏ ကြာစေ့ကို မြည်းကြည့်ခဲ့ကြပြီးနောက် လော့ဟယ်မြို့၏ စျေးထဲတွင် ရောင်းနသည့် ကြာစေ့များထက် အမှန်ပင် ပိုကောင်းနေသည်ကို တွေ့လိုက်ရသည်။ လူတော်တော်များများက နောက်နှစ်ကျလျှင် စုမိသားစု၏ ကြာစေ့များကို သတိတရဝယ်ယူဖို့ သူတို့၏အစေခံများကို မှာကြားထားကြလေတော့သည်။
…