အခန်း ၁၄၁
Vol. 10 Ch. 141
အပိုင်း (၁၄၁) တစ်ပါးသူကို ထိခိုက်စေလိုစိတ်
နောက်တစ်နေ့တွင် ဟယ်မိသားစု၌ လူကြီးများမရှိကြချေ။ ဟယ်ရှောင်းနင်သည် သူမ၏မင်္ဂလာလက်ဖွဲ့ ချုပ်လုပ်ရန် အခန်းထဲသို့ ၀င်သွားခဲ့သည်။ ထိုအချိန်တွင် ခြံတံခါးနှင့် အနီးဆုံးတွင်ရှိသော လျန်ဟွားအာသည် တံခါးခေါက်သံကို ကြားလိုက်ရ၍ မည်သူဖြစ်ကြောင်းသိနိုင်ရန် တံခါးဖွင့်လိုက်သည်။ တံခါးခေါက်သည့်သူကို မြင်သည့်အခါ သူမထံမှ အစားအစာ လာရောက်ချေးငှားမည်ကို စိုးရိမ်သောကြောင့် အေးစက်သည့် မျက်နှာဖြင့် မေးလိုက်သည်။
“ဒီကိုဘာလာလုပ်တာလဲ”
သူမသည် ထိုမိန်းကလေးကို သိပေသည်။ ထိုမိန်းကလေးသာမက သူမမိသားစုတစ်ခုလုံး၏ ဝူလီချောင်ရှိ ဂုဏ်သတင်းမှာ ဆိုးရွားလှသည်။ သူမသည် အသက်နှစ်ဆယ်သို့ ရောက်သော်လည်း လက်မထက်ရသေးပေ။
လာရောက်လည်ပတ်သူမှာ လူအိုကြီးချန်မိသားစု၏ အကြီးဆုံးသမီး ချန်ရှောင်းဟုန်ဖြစ်သည်။ သူမသည် အသက်နှစ်ဆယ်ကျော်နေသော်လည်း ယခုထိလက်မထပ်ရသေးပေ။ အကြောင်းအရင်းမှာ ရိုးရှင်းလှသည်။ သူမသည် လူအိုကြီးချန်၏သမီးဖြစ်ကြောင်း ကြားသိသည့်လူတိုင်းသည် သူမကို ရှောင်ဖယ်သွားကြသည်။
သူမတို့မိသားစု၏ ဂုဏ်သတင်းကို ဂရုမစိုက်ဘဲ လက်ဖွဲ့ငွေများဖြင့် လာရောက်တောင်းရမ်းကြသူများ ရှိသော်လည်း သူမ၏အစ်ကိုဖြစ်သူမှ လက်မခံခဲ့ပေ။ ထိုသို့ဖြင့် အချိန်ကြာလာသောအခါ သူမသည် ဝူလီချောင်ရှိ အပျိုကြီးဖြစ်လာခဲ့သည်။
“ယောက်မရယ် အထင်မလွဲပါနဲ့ ဒီနေ့ ချေးဖို့ငှားဖို့လာတာမဟုတ်ပါဘူး” ချန်ရှောင်းဟုန်သည် လျန်ဟွားအာ ပိတ်တော့မည့်တံခါးကို တားလိုက်ကာ ညစ်ကျယ်ကျယ်ပြုံးရင်း အနားသို့ ပိုတိုးလာခဲ့သည်။ “ကျွန်မ မနေ့က ယောက်မနဲ့ပတ်သက်တာလေး ကြားခဲ့လို့။ တော်တော်စဉ်းစားပြီးတဲ့အခါမှာ အစ်မကို ဖုံးထားလို့ မကောင်းဘူးလို့ ထင်မိတယ်။ ဘာပဲဖြစ်ဖြစ် အစ်မက လူကောင်းတစ်ယောက်ပဲလေ။ ကျွန်မက အစ်မအတွက် ခံပြင်းလို့ပါ”
သူမ၏ ကွေ့ပတ်နေသော စကားများကြောင့် လျန်ဟွားအာမှာ စိတ်မရှည်တော့ချေ။
“အဓိကကဘာပြောချင်တာလဲ”
သူမသည် ထိုသို့ ညစ်ပတ်ယုတ်ညံ့သည့်သူမျိုးနှင့် မပတ်သက်ချင်ပေ။ ထိုလူမှာ တစ်ကိုယ်လုံးသာ ညစ်ညမ်းရုံမက လူကိုယ်တိုင်လည်း ညစ်ညမ်းနေလေသည်။ သူမ၏ကိုယ်ပေါ်ရှိ အ၀တ်များမှာ ပိုးချည်ဖောက်ထားသည့် အ၀တ်ကောင်းဖြစ်ပေသည်။ ညစ်ပတ်သွားရင်ဘယ်လိုလုပ်မလဲ။
ချန်ရှောင်းဟုန်သည် စိတ်ထဲရှိ မကျေနပ်ချက်ကို မျိုသိပ်ထားကာ လျန်ဟွားအာ၏ စိတ်ညစ်စရာကောင်းသော အကြည့်များကို မျက်ကွယ်ပြုထားလိုက်သည်။ ထို့နောက် သူမသည် ပျော်ရွှင်စွာ ပြောလိုက်သည်။ “ကျွန်မက အမကောင်းဖို့ ပြောတာပါ။ ကျွန်မကို အထဲ ပေးမ၀င်တော့ဘူးလား”
လျန်ဟွားအာသည် ချန်ရှောင်းဟုန်အား မ၀င်စေချင်သော်လည်း ပြင်းထန်သည့်အကြည့်ဖြင့် ခြေလှမ်းအနည်းငယ် နောက်ဆုတ်ပေးကာ ခြံထဲသို့ ၀င်ခိုင်းလိုက်သည်။
………
ထို့နေ့ ကျိုးချွမ်းဟွာ အိမ်သို့ရောက်သည့် အခါ အိမ်ရှိလေထုမှာ ထူးဆန်းနေခဲ့သည်။ အတိအကျ ပြောရလျှင် သူမချွေးမ၏အပြုအမူများမှာ ထူးဆန်းနေခဲ့သည်။
လျန်ဟွားအာသည် စကားသိပ်မပြောသော်လည်း သူမကို ရိုသေလေးစားပေသည်။ ဒီနေ့မှ သူ့အကြည့်တွေ ငါ့ကို ကိုက်စားမတတ် ကြည့်နေရတာလဲ။
"နင့်ယောက်မက ဘာများအစားမှားထားတာလဲ။ ဒီနေ့လူကို ကိုက်စားမတတ် ကြည့်နေလိုက်ပုံများ"
ထမင်းစားပြီးသည့်နောက်တွင် အမျိုးသမီးကျိုးသည် နီနီကိုခေါ်ကာ ဟယ်ရှောင်းနင်၏အခန်းသို့ စကားပြောရန် သွားခဲ့သည်။ ဘေး၌ မည်သူမှ မရှိသည်မှာ သေချာသည်နှင့် အသံတိုးတိုးဖြင့် မေးလိုက်သည်။ "ဒီနေ့ အိမ်ကို တစ်ယောက်ယောက် လာသွားသေးလား"
ဟယ်ရှောင်းနင်သည် မိခင်ဖြစ်သူ ပြောသည့် အဓိပ္ပာယ်ကို နားမလည်သော်လည်း လိမ္မာယဉ်ကျေးစွာ ဖြေကြားလေသည်။ "သမီးအထင် နေ့လယ်လောက်က ဦးလေးချန်ရဲ့ သမီးကြီး မမရှောင်းဟုန် လာသွားတယ် ထင်တာပဲ"
ပြဿနာတက်စေရန် နောက်ကွယ်မှ ကြိုးကိုင်နေသည့် ချန်ရှောင်းဟုန်သည် သူမ၏အကြောင်းကို အိမ်သာသွားရင်း ပြန်လာသည့် ဟယ်ရှောင်းနင်မှ တွေ့ကာ ဖော်ထုတ်ခံလိုက်ရမှန်း မသိသေးပေ။
"ဒါပေမဲ့ ယောက်မနဲ့သူက အခန်းတံခါးပိတ်ပြီးပြောနေကြတော့ ဘာပြောလဲ မသိလိုက်ဘူး"
"ချန်ရှောင်းဟုန်" ကျိုးချွမ်းဟွာသည် ပင်ပန်းဆင်းရဲလှသော ဘ၀၌ နေထိုင်နေရသည့် ချန်ရှောင်းဟုန်ကို မနှစ်သက်ပေ။ ဆင်းရဲသည့်အပြင် ဒုက္ခများပါ ခံစားနေရသည်က မလွယ်ကူလှချေ။ သို့သော်လည်း ချန်ရှောင်းဟုန်သည် အရှေ့ခြမ်း၌ တစ်အိမ်၀င်တစ်အိမ်ထွက် ချေးငှားကာ အနောက်ခြမ်း၌ ခိုးယူနေပေသည်။ စုမိသားစုသို့ သူမသွားလည်သည့်အချိန်တိုင်း ငွေများ လှည့်ယူလေ့ရှိသည်။
ထိုနှစ်က အမျိုးသမီးကျိုးသည် ချန်ရှောင်းဟုန်မှ စုမိသားစုသည် လူအိုကြီးချန်ကို သတ်လိုက်သည်ဆိုသည့် ကောလာဟလများ ဖြန့်နေသည်ကို သည်းမခံနိုင်သောကြောင့် လူအိုကြီးချန်မှာ ဓားပြတိုက်ကာ ခိုးယူလုယက်ခြင်းကြောင့် ရုံးတော်မှ ကွပ်မျက်လိုက်ခြင်းဖြစ်ကြောင်း အမှန်ကို ပြောပြလိုက်လေသည်။
ထို့နောက် ချန်ရှောင်းဟုန်သည် အချိန်ခဏမျှ ခြေငြိမ်သွားခဲ့သည်။ သူမမရှိသည့်အချိန်မှ အဘယ်ကြောင့် ချွေးမဖြစ်သူကို လာတွေ့ရသနည်း။ ကျိူးချွမ်းဟွာသည် ဆက်တွေးနေစရာမလိုဘဲ ချန်ရှောင်းဟုန်မှ သူမ၏ချွေးမထံ ကောလာဟလများ လျှောက်ပြောထားပြီဖြစ်ကြောင်း သိလိုက်သည်။ ထို့နောက် သူမ၏မြေးဖြစ်သူကို ချီကာ အရှေ့ခြံ၀န်းထဲသို့ သွားလိုက်သည်။ သူမတို့မိသားစုသည် ရှေ့လျှောက် စည်းစည်းလုံးလုံး နေထိုင်သွားရန် လိုအပ်သည်။
"လျန်ဟွားအာ အမေ့ကို ပြောစရာများရှိနေလား။ စိတ်ထဲမှာ မျိုသိပ်မထားနဲ့" ကျိုးချွမ်းဟွာသည် ရယ်ရွယ်ချက်ရှိရှိပြုံးရင်း နီနီကို ခုတင်ပေါ်သို့ တင်ပေးလိုက်သည်။
လျန်ဟွားအာသည် စိတ်ထဲ၌ နှာခေါင်းရှုံ့မိသည်။ ရှင်က ကျွန်မမကောင်းကြောင်းကို လူတိုင်းကို အကုန်ထုတ်ပြောပြီးမှ ဘာလို့ ကြောင်သူတော်ယောင်ဆောင်နေရတာလဲ။ ယောက္ခမဖြစ်သူအပေါ်ရှိ မကျေနပ်မှုများမှာ တဖြည်းဖြည်းကြီးထွားလာခဲ့သည်။ သို့သော်လည်း သူမသည် ဘာကိုမျှ ထုတ်မပြောဘဲ ခေါင်းကိုသာ အသာအယာရမ်းလိုက်သည်။ "သမီးအဆင်ပြေပါတယ်"
ကျိုးချွမ်းဟွာ၏မျက်နှာပေါ်ရှိ အပြုံးမှာ တောင့်တင်းသွားတော့သည်။ သူမသည် ယောက္ခမအနေနှင့် ချွေးမဖြစ်သူကို ကောင်းမွန်စွာ ပြောဆိုခဲ့သည်။ သူမရခဲ့သည်က မျက်နှာပူစရာကိစ္စရပ်သာဖြစ်သည်။ သူမသည် ချွေးမဖြစ်သူအား ဆက်စကားမပြောချင်တော့ပေ။ "နီနီက ခုနလေးတက် ချီးပါထားတာ။ ပြီးကျ သန့်ရှင်းရေး လုပ်ပေးလိုက်ဦး"
ထို့နောက် သူမသည် အရှေ့ခြံ၀န်းမှ ထွက်လာခဲ့သည်။
ချွေးမရော ယောက္ခမပါ ရှင်းရှင်းလင်းလင်း ထုတ်မပြောဘဲ စိတ်ထဲရှိသည်များကို သိုဝှက်ထားကြသည်။ အိမ်ရှိ လေထုအခြေအနေမှာ တဖြည်းဖြည်းနှင့် ပြင်းထန်လာခဲ့သည်။ မိသားစုအရေးကိစ္စကို စိတ်မ၀င်စားသော ဟယ်ရွှမ်းဟိုင်သည်ပင် အိမ်၌တစ်ခုခုဖြစ်နေကြောင်း သတိထားမိလေသည်။
လျန်ဟွားအာသည် မည်သို့ပြောထွက်နိုင်မည်နည်း။ သူမ၏စိတ်ထဲ၌ ဟယ်မိသားစုသည် သူမအား အပြင်လူအဖြစ်သာ သတ်မှတ်ထားသည်ဟု ယုံကြည်နေလေသည်။ ခင်ပွန်းသည်၏ စိတ်ထဲ၌ အခြားတစ်ယောက်က နေရာယူထားပြီး ယောက္ခမဖြစ်သူမှာ ခင်ပွန်း၏အချစ်ဦးထံ သူမ၏ မကောင်းကြောင်းများကို တောက်လျှောက်ပြောနေခဲ့သည်။ လျန်ဟွားအာသည် ထိုအရာအပေါ်၌ လမ်းမတွင် ကိုယ်လုံးတီးဖြင့် လျှောက်ရမည်ထက်ပင် ပို၍ရှက်ရွံ့မိသည်။
.........
ချန်ရှောင်းဟုန်သည် ဟယ်မိသားစု၌ ပြဿနာတက်စေချင်ခဲ့သည်။ ယခုရက်ပိုင်းအတွင်း စိတ်ညစ်ညူးနေသည့် ကျိုးချွမ်းဟွာ၏ မျက်နှာကို မြင်ရသည်က သူမကို ပျော်ရွှင်စေသည်။ သူမ၏အစီအစဉ်သည် ထိုထက်ပိုပေသည်။ ယနေ့ ဟယ်မိသားစု၀င်များ တစ်ယောက်မှမရှိချိန်၌ သူမသည် လျန်ဟွားအာကို ထပ်မံတွေ့ဆုံခဲ့သည်။
ချန်ရှောင်းဟုန်၏ အကြံဉာဏ်ကို နားထောင်ပြီးနောက် လျန်ဟွားအာသည် မတည်မငြိမ်ဖြစ်လာပြီး အလျင်စလို ပြောလေသည်။ "အဲဒါက မကောင်းဘူးလားလို့"
သူမသည် ယိုကျင့်ကို မုန်းတီးပေသည်။ သို့သော် အမျိုးသမီးတစ်ဦး၏ ဖြူစင်မှုကို ဖျက်ဆီးရမည်တဲ့လား။ အဲ့လူကို သေခိုင်းသည်နှင့်တူနေသည်။ သူမသည် ယိုကျင့်သာ သေသွားပါက အရာအားလုံး အဆင်ပြေသွားမည်ဟု တိတ်တဆိတ်တွေးဖူးခဲ့သည်။
"အစ်မရာ အဲ့လောက်မအစမ်းပါနဲ့။ အစ်မသာ အခြားလူအတွက် တွေးပေးနေရင် အစ်မအတွက် ဘယ်သူတွေးပေးမှာလဲ" ချန်ရှောင်းဟုန်သည် လျန်ဟွားအာအား ထိုကိစ္စကို သူမနှင့်အတူ လုပ်ရန် လှည့်ဖျားနေခဲ့သည်။ "ပြီးတော့ ကျွန်မတို့က သူ့ကို ကောင်းကောင်းမွန်မွန် လက်ထပ်ရအောင် လုပ်ပေးနေတာလေ။ ဘယ်လိုလုပ် သူ့ဖြူစင်မှုကို ဖျက်ဆီးတယ်ဖြစ်မှာလဲ"
ချန်ရှောင်းဟုန်၏ ပြောစကားများကို နားထောင်ကာ လျန်ဟွားအာသည် ထိုလူမှာ အမှန်ပင် အရှက်မဲ့သည်ဟု တွေးလိုက်သည်။ သို့သော်လည်း အခြေအနေတစ်ခုက သူမ၏စိတ်ကို ပြောင်းလဲစေခဲ့သည်။ "အစ်မလျန်ဟွား ဒီကိစ္စသာပြီးတာနဲ့ ညီမ အစ်မကို လျန်းတစ်ထောင်ပေးမယ်"
လျန်းတစ်ထောင်ပမာဏသည် သူမအတွက်များပြားလှသည်။ လျန်ဟွားအာ၌ လက်ဖွဲ့ပစ္စည်းအချို့နှင့် ယောက္ခမပေးထားသည့် မုန့်ဖိုးအနည်းငယ် ရှိသော်လည်း ဟယ်မိသားစုသို့ လက်ထပ်ပြီးချိန်၌ သူမထံတွင် ငွေစအနည်းငယ်သာ ကျန်တော့သည်။ အကယ်၍ သူမ၌ လျန်းတစ်ထောင်ရှိပါက ရင်ကော့ကာ အိမ်၌ပြောနိုင်ဆိုနိုင်မည်ဖြစ်သည်။
စုယိုကျင့်ကဲ့သို့ လက်၀တ်ရတနာများ ၀တ်နိုင်ပြီး အမိန့်ပေးစေခိုင်းနိုင်မည့် အစေခံများ ရှိမည်ကို တွေးမိကာ လျန်ဟွားအာ၏ မျက်၀န်းများမှာ လောဘစိတ်တို့ သန်းလာခဲ့သည်။ သူမသည် ထိုကိစ္စကို သဘောတူလိုက်မိသည်။ "ငါက ငွေပဲပေးမှာနော်။ ကျန်တာ ငါ၀င်မပါဘူး"
ချန်ရှောင်းဟုန်သည် သူမအား လာတွေ့ချင်းမှာ ကိစ္စပြီးမြောက်ရန် ငွေလိုအပ်၍သာဖြစ်သည်။ လျန်ဟွားအာ သဘောတူသည်နှင့် သူမသည် ပျော်ရွှင်သွားတော့သည်။ ချန်ရှောင်းဟုန်သည် လျန်ဟွားအာဆီမှ ရသည့် ငွေစများကိုယူကာ ကတိပေးလိုက်သည်။ "အစ်မစိတ်မပူပါနဲ့။ ဒီကိစ္စက သေချာပေါက် အောင်မြင်မှာ"
သို့သော် သူမတို့နှစ်ဦးစလုံးမှာ အရှေ့ခြံ၏ တံခါးရွက်အောက်၌ အသံမထွက်မိအောင် နှုတ်ခမ်းကိုက်ကာ သူမတို့၏ စကားဝိုင်းကို နားထောင်နေသည့်သူ ရှိမှန်း မသိကြချေ။
အရှေ့ခြံ၀န်းမှ စကားများကြောင့် ဟယ်ရှောင်းနင်သည် အမြန်ပင် တိတ်တဆိတ် ထွက်လာခဲ့သည်။ သူမ၏အခန်းသို့ ရောက်သည်နှင့် မောဟိုက်နေခဲ့ကာ ခုတင်၌ ထိတ်လန့်စွာ ထိုင်နေခဲ့သည်။ သူမကြားခဲ့သည့် အကြောင်းအရာများကို ပြန်စဉ်းစားရင်း မိဘများကို ပြန်ပြောသင့်သည်ဟု တွေးမိလိုက်သည်။
ဟယ်ဟောက်နှင့် ကျိုးချွမ်းဟွာသည် သမီးဖြစ်သူ၏ အသေးစိတ်ပြောကြားချက်များကို နားထောင်ပြီးနောက် ထိုဇနီးမောင်နှံ၏မျက်နှာမှာ မှောင်မိုက်လာတော့သည်။ မိသားစုသုံးဦးသည် တိတ်ဆိတ်စွာ ထိုင်နေကြရင်း ဘာကိုမျှ မပြောကြသလို ဘာပြောရမှန်းလည်း မသိကြချေ။
"ဒီကိစ္စကို ရွှမ်းဟိုင်သိမှ ဖြစ်မယ်။ ဘယ်လိုပဲဖြစ်ဖြစ် လျန်ဟွားက သူ့ဇနီးပဲ" အချိန်ကြာပြီးနောက် ဟယ်ဟောက်သည် တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။ ဆေးတံများ တစ်ခုပြီးတစ်ခု သောက်ပြီးသည့်တိုင် အဖြေတစ်ခုမှ စဉ်းစား၍မရချေ။ သူတို့၏ချွေးမသာ ထိုကိစ္စ၌ ပါ၀င်ပါက စုမိသားစုသည် သူတို့မိသားစုကို အလွတ်ပေးမည်မဟုတ်ကြောင်းကိုသာ သိလေသည်။
"အစက စုမိသားစုရဲ့ နောက်ခံသေးသေးလေးနဲ့တောင် သူ့အဖေက ဘာမှမလုပ်နိုင်ခဲ့တာ အခုလို ယိုကျင့်မှာ သက်တော်စောင့် တစ်ဆယ်နှစ်ဆယ်လောက် ရှိတဲ့အချိန် သူက တစ်ခုခုလုပ်ဖို့ ကြံနေတယ်ဆိုတော့ ချန်ရှောင်းဟုန်က ငွေကြောင့် ရူးသွားတာလား"
ကျိုးချွမ်းဟွာသည် ပြိုလဲမတတ်ပင် ဖြစ်နေသည်။ သူမသည် ဒေါသထွက်သည့်အလျောက် အပြစ်တင်နေခဲ့သည်။ သူမ၏ချွေးမကောင်းလေးမှာ သတ္တိရှိကာ နုံအလှသည်။ သူမသည် ဘာမဆိုလုပ်ရဲပေသည်။
အခန်းထဲ၌ စာလုပ်နေခဲ့သော ဟယ်ရွှမ်းဟိုင်သည် ညီမဖြစ်သူ ခေါ်သောကြောင့်သာ လိုက်လာရပြီး ဖြစ်ပျက်နေသည်များကို မသိရှိပေ။ သို့သော် မိဘများ၏ မျက်နှာအရိပ်အခြေကို ကြည့်ရင်း စိတ်ထဲ၌ အေးစက်မှုကို ခံစားလိုက်ရသည်။ အိမ်မှာ ဆိုးဆိုးဝါးဝါး တခုခုဖြစ်လို့လား။
"ရွှမ်းဟိုင် သားစာလေ့လာနေတာကို မနှောင့်ယှက်ချင်ပါဘူး။ ဒါပေမဲ့ ဒီကိစ္စက လျန်ဟွားနဲ့ ပတ်သက်တယ်။ အဲဒါကြောင့်မလို့ ခေါ်လိုက်ရတာ" ထို့နောက် ဟယ်ဟောက်သည် သမီးဖြစ်သူ ပြောခဲ့သည့် အတိုင်း ပြောပြလိုက်သည်။ "လျန်ဟွားဘာတွေတွေးနေလဲ အဖေ မသိဘူး။ အဖေမိသားစုက တိုးတက်လာပေမဲ့ စုမိသားစုကို သွားဆန့်ကျင်မယ်ဆိုရင် ကျောက်တုံးကို ကြက်ဥနဲ့ ပေါက်သလိုပဲ"
ဟယ်ဟောက်သည် ဇနီးဖြစ်သူနှင့် ရင်းနှီးစွာ မနေဖြစ်သော်လည်း ဇနီးဖြစ်သူမှာ တည်ငြိမ်ကာ သိမ်မွေ့သည့် အမျိုးသမီးတစ်ဦးဟုသာ အမြဲတွေးထင်ခဲ့သည်။ ယနေ့ထိုသို့ ကိစ္စမျိုးကို ကြားသိလိုက်ရသည့်အခါ ဟယ်ရွှမ်းဟိုင်အတွက် လက်ခံရန် ခက်ခဲနေခဲ့သည်။သူသည် ဟယ်ဟောက်၏ ရှေ့၌ ထိုင်နေကာ အချိန်အကြာကြီး တိတ်ဆိတ်နေခဲ့သည်။
အဆုံး၌ မိသားသုလေးဦးမှာ အဖြေတစ်ခုရှာနိုင်ခဲ့ကြသည်။ နောက်တစ်နေ့မနက်ခင်း၌ ရွှမ်းဟိုင်သည် ကျောင်းတော်မှခွင့်ယူကာ အိမ်သို့ ဇနီးဖြစ်သူနှင့် နီနီလေးအား လာခေါ်ရင်း လော့ဟယ်စီရင်စုရှိ ဇနီးသည်၏ မိဘအိမ်သို့ ပြန်ရန် စီစဉ်လိုက်သည်။ "အခုဆို ဆောင်းတွင်း ကောက်ရိတ်ပွဲ ရောက်တော့မှာမလား။ ရှောင်းနင်က လက်ဖွဲ့ပစ္စည်းတွေ ချုပ်ဖို့ အလုပ်များနေမှာနဲ့ မင်းကို အဖော်ပြုပေးမဲ့သူ မရှိမှာကို စိုးရိမ်မိတယ်။ အဲဒါကြောင့် အဖေနဲ့အမေဆီကနေ ခွင့်တောင်းပြီး မင်းမိဘအိမ်မှာ ရက်အနည်းငယ် သွားနေရအောင်လား"
ဟယ်ရွှမ်းဟိုင်သည် ထိုအကြောင်းကို ပြောချိန်၌ မျက်နှာအမူအရာများမှာ ပုံမှန်အတိုင်းသာ ဖြစ်ပေသည်။ လျန်ဟွားအာသည် များများစားစား တွေးမနေချေ။ မိဘအိမ်သို့ ခဏသွားနေရမည်ဆိုသည်နှင့် ဟယ်ရွှမ်းဟိုင်နှင့်အတူ ပျော်ရွှင်စွာပင် မြို့ထဲသို့သွားလေသည်။
ထိုလူငယ်စုံတွဲမှာ မြို့ထဲသို့ စ၀င်သည့်အချိန်တွင် အမျိုးသမီးကျိုးသည် စုအိမ်တော်သို့ အမြန်သွားကာ ထိုပြဿနာကို ပြောပြလေသည်။ သူမသည် အပြစ်ဟူသမျှကို ချန်ရှောင်းဟုန်ပေါ်သို့ ပုံချရင်း ရှောင်းနင်မှ မထင်မှတ်ဘဲ ကြားသွားသည်ဟုသာ ဆိုလေသည်။
ကျိုးချွမ်းဟွာသည် လျန်ဟွားအာကို ကွာကွယ်လိုခြင်း မဟုတ်ပေ။ အကာ်၍ လျန်ဟွားအာသာ ထိုကိစ္စ၌ ပါ၀င်နေကြောင်း စုမိသားစု သိသွားပါက သူမတို့မိသားစုအား အပြစ်တင်မည် စိုးသောကြောင့် ဖြစ်သည်။
ချန်ရှောင်းဟုန်သည် စုမိသားစုကဲ့သို့ ချမ်းသာစွာနေရမည်ကို အိပ်မက်မက်နေရင်း သူမ၏ အကြောင်းသည် ဟယ်မိသားစုကြောင့် ထုတ်ဖော်ခံလိုက်ရမှန်း မသိသေးပေ။
ထိုကိစ္စကို သိသည်နှင့် ယိုကျင့်သည် ဒေါသဖြင့် အားရပါးရ လှောင်ရယ်မိတော့သည်။ လွန်ခဲ့သည့်နှစ်များ၌ သူမသည် ချန်ရှောင်းဟုန်၏ မိသားစုရှိ အသက်ကြီးကာ အနည်းလှသည့် အမျိုးသမီးများနှင့် ကလေးငယ်များကို သနားမိ၍ အစားအစာနှင့် အ၀တ်အထည်များကို ပေးကမ်းခဲ့သည်။
လူတစ်ယောက်၏ နှလုံးသားသည် မတင်းတိမ်နိုင်ဘဲ မြွေတစ်ကောင်အဖြစ် ပြောင်းလဲနိုင်မှန်း သူမမသိခဲ့ပေ။ ချန်ရှောင်းဟုန်သည် အစ်ကိုဖြစ်သူအား သူမ၏ဖြူစင်မှုကို ဖျက်ဆီးစေကာ ချန်မိသားစုထံသို့ လက်ဖွဲ့ငွေများစွာနှင့် လက်ထပ်စေချင်သည်တဲ့လား။
"ယိုကျင့် အဲ့လိုလူမျိုးအတွက်နဲ့ စိတ်ထိခိုက်မခံနဲ့။ ချန်ရှောင်းဟုန်က ကောင်းတဲ့သူ မဟုတ်ဘူး။ သူ့အတွက်နဲ့ ကိုယ့်ကိုကိုယ် မထိခိုက်စေနဲ့" အမျိုးသမီးကျိုးသည် ယိုကျင့်၏ ဖော်ရွေသည့်အပြုံးကို မြင်မှသာ စိတ်အေးသွားတော့သည်။ ကံကောင်းစွာဖြင့် သူမသည် ယိုကျင့်အား အလုံးစုံမပြောပြခဲ့ချေ။ အကယ်၍ ထိုကိစ္စ၌ လျန်ဟွားပါသည်ကိုသာ ယိုကျင့်သိသွားပါက အဆုံးသတ်မကောင်းလှချေ။
ယိုကျင့်သည် အမျိုးသမီးကျိုးအား ခြံတံခါးအထိလိုက်ပို့ကာ ပြောလေသည်။ "စိတ်မပူပါနဲ့ အဒေါ်။ ကျွန်မက ကိုယ့်စည်းကို သိပါတယ်။ ဒီကိစ္စကို ၀င်မပါပါနဲ့တော့။ မဟုတ်ရင် အဒေါ့်ကိုပါ အရှုပ်ထဲ ဆွဲထည့်မိလိမ့်မယ်"
လျန်ဟွားအာသည် ထိုကိစ္စများကို မသိခဲ့ပေ။ သူမသည် မိဘအိမ်၌ ခင်ပွန်းမှ လာမခေါ်ခင်အထိ ရှစ်ရက်ကြာမျှ နေထိုင်ခဲ့သည်။ ဝူလီချောင်သို့ ပြန်လာပြီး ရက်အနည်းငယ်အတွင်း၌ ချန်ရှောင်းဟုန်မှ သူမအား လာတွေ့ခြင်း မရှိသည့်အတွက် သူမသည် အနည်းငယ် စုံစမ်းမေးမြန်းကြည့်ခဲ့သည်။ ထိုအခါမှ ချန်ရှောင်းဟုန်သည် အစ်ကိုဖြစ်သူမှ ဖြတ်သန်းသွာသည့် ကုန်သည်ထံသို့ ရောင်းချလိုက်ကြောင်း သိလိုက်ရသည်။ ချန်မိသားစု၏သားအကြီး ဖြစ်သူမှာ လောင်းကစားရုံ၌ အကြွေးများတင်ပြီး မိခင်ဖြစ်သူနှင့် ညီမငယ်ကို ထပ်မံရောင်းချခဲ့လေသည်။ ထို့နောက် သူပါ ပျောက်ဆုံးသွားခဲ့သည်။ ချန်မိသားစုတစ်ခုလုံးမှာ လော့ဟယ်မြို့မှာ ပျောက်ကွယ်သွားပြီဖြစ်လေသည်။
ဟယ်ရှောင်းနင် ပြောပြသည့် သတင်းကိုကြားပြီးနောက် လျန်ဟွားအာသည် အနည်းငယ် ကြောက်ရွံ့လာခဲ့သည်။
"ဖြစ်နိုင်တာက စုမိသားစုက ချန်ရှောင်းဟုန်ရဲ့ အစီအစဉ်ကိုသိပြီး လက်စဖျောက်လိုက်တာလား။ မဟုတ်ရင် ဘယ်လိုလုပ်ပြီး အဲ့လောက်တိုက်ဆိုင်နိုင်ရတာလဲ။ ခုနှစ်ရက်ရှစ်ရက်အတွင်းမှာ မိသားစုတစ်ခုလုံး ကံဆိုးမိုးမှောင် ကျသွားတာလား"
ယောက်မဖြစ်သူ၏ ထိတ်လန့်နေသော အမူအရာကြည့်ရင်း ဟယ်ရှောင်းနင်သည် အနည်းငယ် စိတ်ပျက်လာမိကာ ဟယ်ရှောင်းနင်နှင့် အကွာအဝေးတစ်ခု ခြားထားလိုက်တော့သည်။
ထိုမတော်တဆမှုအပြီး၌ လျန်ဟွားအာသည် အတွေးလွန်နေခဲ့သည်။ သို့သော်လည်း နောက်ထပ် ချန်ရှောင်းဟုန် ဖြစ်မည်စိုးသောကြောင့် ထိုအတွေးများကို အစအနမကျန်အောင် ဖျောက်ပစ်ခဲ့သည်။ သူတစ်ပါးကို ထိခိုက်စေလိုစိတ်သည် အစပျိုးကာစနှင့်ပင် အပြတ်ရှင်းလင်းခံလိုက်ရသည်။
…