အခန်း ၁၄၂
Vol. 10 Ch. 142
အပိုင်း (၁၄၂) သရုပ်သကန်
“ အဲကောင်မ သက်သာသွားတယ်မှတ်၊ မမလေးက အရမ်းသဘောကောင်းတာပဲ”
ချိုးဖန်သည် ချန်ရှောင်းဟုန်၏ကိစ္စကို သိထားလေသည်။ ချန်ရှောင်းဟုန်က မမလေး၏ ဖြူစင်မှုကို ရက်ရက်စက်စက် ဖျက်ဆီးချင်နေကြောင်း စဥ်းစားမိလိုက်သည်နှင့် ချိုးဖန်သည် ဒေါသကြောင့် တုန်ယင်လာတော့သည်။ ပြီးတော့ မမလေးကလည်း စိတ်ပျော့လိုက်တာ။ မမလေးက တစ်ဖက်လူကို လော့ဟယ်က ထွက်သွားအောင်ပဲ လုပ်ခဲ့တယ်တဲ့။ သူမသာဆိုရင်တော့ ဒေါသပြေတဲ့အထိ အရေခွံခွာပြီး ကြွက်သားတွေကို ဆွဲထုတ်ပစ်မယ်။
ယိုကျင့်သည် သည်လိုအသေးအဖွဲကိစ္စကို ဂရုမစိုက်ချေ။ သူမသည် ထိုအကြောင်းကို သိလိုက်ရချိန်တွင် ဦးလေးစုန့်ကို နည်းနည်းပါးပါး မှာကြားထားလိုက်သည်။ ဦးလေးစုန့်က ထိုကိစ္စကို မှန်မှန်ကန်ကန် ဖြေရှင်းလိုက်ပြီးဖြစ်သဖြင့် သူမသည် သည်ကိစ္စကို စိတ်ရှုပ်ခံမနေတော့ချေ။
ဆောင်းဦးဝင်လာပြီးနောက် ကြားပန်းတစ်ထောင်ရေကန်ထဲက ကြာရိုးများကို နောက်ဆုံးအပြီးသတ်ချိန်အထိ တစ်လနီးပါး ဖြည်းဖြည်းချင်း တူးခဲ့ရသည်။
ရာသီနှင့် လိုက်ဖက်ရန် စုကျားယန့်က တစ်လတာအထူးအစီအစဥ်၏ အစားအသောက်အဖြစ် ‘ဂဏန်းကြာစွယ်’ဟင်းတစ်မျိုးကို ဖန်တီးခဲ့သည်။ အသုံးပြုထားသည့် ပုဇွန်၊ ဂဏန်း၊ ငါးသိုင်း၊ ငါးကြင်းနှင့် ကြာစွယ်များအားလုံးသည် စုမိသားစု၏ ကိုယ်ပိုင်ထုတ်ကုန်များ ဖြစလေသည်။ တစ်ချိန်ထဲတွင် စုကျားယန့် စုကျားရှန်းက သကြားအုပ်ကြာစွယ်၊ ကြာစွယ်အမှုန့်ကိတ်မုန့်၊ သကာအုပ်ကွေ့ဟွားမုန့် နှင့် တခြားကြာစွယ်မုန်းများကို စတင်ရောင်းချခဲ့သည်။ သည်နှစ်ဆောင်းဦးသည် စုမိသားစုက ငွေ၊ ဂုဏ်ဒြပ်နှင့် ကြွယ်ဝမှုအများအပြား ရှာဖွေနိုင်ခဲ့သည်ဟု ဆိုနိုင်လေသည်။
ယိုရင်နှင့် ဟန်လီတို့၏ အနာဂတ်အိမ်သစ်လေးကို ဆောက်လုပ်ပြီးစီးသွားသည့်နောက်တွင် အမျိုးသမီးဟန်၏အိမ်လည်း ပထမဆုံးနှင်းမကျခင်တွင် နောက်ဆုံးကြွေပြားကို ခင်းပြီးသွားတော့သည်။ အခုတော့ ရေလမ်း ကုန်းလမ်းမှ သွားလာနေကြသည့် လမ်းသွားလမ်းလာများနှင့် ခရီးသည်များသည် အဝေးက ဝါးပင်များ ယိမ်းထိုးနေသည့် အရှေ့ခြမ်းတွင် တံတိုင်းသာခြားသည့် လှလှပပ ကျေးလက်အဆောက်အဦသုံးလုံးကို မြင်နိုင်လေသည်။ အစိမ်းရောင် ဝါးပင်လယ်နှင့် ကြည်ပြာရောင် ကောင်းကင်တစ်ခုနှယ် အသွင်ဆောင်ထားသည့် ကြွေပြားနှင့် အဖြူရောင်တံတိုင်းများက ထူးထူးခြားခြားလှပနေသည်။
“ အိမ်အသစ်ထဲမှာ ထားမဲ့ ပရိဘောဂပစ္စည်းအားလုံးကို သစ်မွှေးနဲ့ အနီရောင်စန္ဒကူးသားတွေကိုပဲ သုံးထားတယ်၊ ပြီးတော့ ခြံထဲက ဆီးပန်းပွင့်ပင်ကိုလည်း တောင်ပေါ်ကနေ အခုပဲ ပြောင်းစိုက်ပြီးပြီ၊ မင်းတို့တွေ နေ့တိုင်းနီးပါး သစ်ပင် ပန်းပင်တွေကို စိတ်ရင်နဲ့ ပြုစုရမယ်နော်”
ယိုကျင့်သည် သူမခေါ်လာသည့် အစေခံများအား အိမ်အသစ်ကို သန့်ရှင်းသပ်ရပ်နေအောင်ထားရန် မှာကြားခဲ့လိုက်သည်။
“အကြီးဆုံးမမလေး စိတ်မပူပါနဲ့နော်၊ ဒီအစေခံအိုကြိးက ဆီးပန်းပင်လေးကို တစ်ရက်လေးတောင် မျက်နှာမလွဲရဲပါဘူး၊ ဒီအပင်က ဒီနှစ် သေချာပေါက် ပွင့်ပါလိမ့်မယ်”
စုမိသားစု၏ဥယျာဥ်မှူးက သူ့ရင်ဘတ်ကို ပုတ်ပြီး အကြီးဆုံးမမလေးကို အာမခံလိုက်လေသည်။ ဆီးပန်းပွင့်များက ဒုတိယမမလေး၏အကြိုက်ဆုံးပန်းမှန်း သူသိလေသည်။ သည်အိမ်ကလည်း ဒုတိယမမလေး လက်ထပ်ပြီးလျှင် နေဖို့အတွက် ဖြစ်သည်။ ဘာအမှားအယွင်းမှ မဖြစ်စေရန် သူသည် အသေးစိတ်ဂရုတစိုက် ဆောင်ရွက်ရလိမ့်မည်။
ယိုကျင့်က အိမ်အသစ်ကို ထိန်းသိမ်းပေးရန် ရွေးထားသည့် ဦးလေးကောသည် သူမနောက်မှ အာရုံစိုက်ကာ လိုက်လာပြီး မလေးလေး အကြံပြုထားသည့်အရာအားလုံးကို တစ်ချက်ချင်း မှတ်သားထားလေသည်။ ထို့နောက် သူသည် ထိုတာဝန်များကို အလုပ်သမားတစ်ယောက်စီအား တာဝန်ပေးလိုက်တော့သည်။
ပထမဆုံးတံခါးမှ နောက်ဆုံးတံခါးအထိ ယိုကျင့်သည် အိမ်အသစ်ကို ထောင့်စေ့နေအောင် ပတ်ကြည့်ရန် တစ်နာရီလောက် အချိန်ပေးလိုက်ရသည်။
“ ဒီအိမ်မှာ နောက်ဆိုရင် ဒုတိယမမလေးတို့ နေလိမ့်မယ်၊ ကျွန်မက နေ့တိုင်းနီးပါး အလုပ်များနေတာဆိုတော့ ခဏလောက်တော့ အများကြီး ဂရုစိုက်ပေးနိုင်မှာ မဟုတ်ဘူး၊ ဦးလေးကော ဦးလေးရဲ့ဘက်က ပိုပြီး ကြိုးစားပေးမှရမယ်၊ ဦးလေး တစ်ခုခုလိုတာရှိရင် ဦးလေးစုန့်ဆီက တောင်းလိုက်လို့ရတယ်၊ အားလုံး စနစ်တကျ ဖြစ်နေရမယ်”
ဒါသည် ယိုရင်၏လက်ထပ်ပြီးလျှင် နေရမည့်အိမ်ဖြစ်သည်။ မိသားစု၏ လက်ရှိအခြေအနေက မဆိုးပေ။ ထို့ကြောင့် အားလုံးကို ပြီးပြည့်စုံနေအောင် လုပ်ထားရန် လိုအပ်သည်မှာ သဘာဝပင်။
“အကြီးဆုံးမမလေး စိတ်မပူပါနဲ့၊ ဒီအစေခံလေးက သေသေချာချာ ထိန်းသိမ်းပါ့မယ်”
ဦးလေးကောသည် စုမိသားစု၏ပင်မအိမ်တော်က သေသေချာချာ စီစစ်ပြီးမှ ရွေးချယ်ထားသည့် အိမ်အသစ်၏ အိမ်တော်ထိန်း ဖြစ်သည်။ သူသည် သည်ကိစ္စက အကြီးဆုံးမမလေးအတွက် မည်မျှအရေးကြီးကြောင်း အလိုလိုသိနေသည်။ သူသည် ဘယ်မှာ တစ်စက်ကလေးမျှ နှောင့်နှေးအောင် လုပ်ရဲပါမည်နည်း။
ယိုကျင့်သည် စုမိသားစု၏ပင်မအိမ်တော်မှ အိမ်အသစ်အတွက် လူခြောက်ယောက်ကိုသာ ရွေးချယ်လိုက်ကာ အိမ်ထိန်းသိမ်းခြင်း၊ ငွေစာရင်းပြုစုခြင်း ၊ မီးဖိုဆောင်နှင့် ပင်မခြံဝင်းတို့လို အရေးကြီးသည့် အိမ်မှုကိစ္စများကို တာဝန်ပေးလိုက်သည်။ သန့်ရှင်းရေးလုပ်ခြင်း ၊ လက်ဖက်ရည် ဧည့်ခံခြင်း စသည့်ကျန်အလုပ်များအတွက်တော့ အပြင်မှာ အလုပ်သမားအသစ်များကို ဝယ်ယူရလိမ့်မည်။
ရွေးချယ်ခံရသည့် လူခြောက်ယောက်သည် ဒါက သခင်များရှေ့တွင် မျက်နှာရစေမည့် အခွင့်အရေးကောင်းတစ်ခုမှန်း သိကြသည်။ ထို့ကြောင့် သူတို့က ပိုပြီး ဂရုတစိုက်ရှိကြသည်။ နောက်ဆုံး သူတို့သည် အရင်က ပင်မအိမ်တော်တွင် အုပ်ချုပ်ရေးတာဝန်များကို မယူခဲ့ရချေ။ အခုတော့ သူတို့သည် သည်းခံခြင်း၏ အကျိုးကို ခံစားရသည်ဟု မှတ်ယူနိုင်သည်။ မရေမတွက်နိုင်သည့် လူများက အလွန်အားကျကြသဖြင့် သူတို့မှာ သူတို့၏နောက်ကျောကို အိပ်ရေးပျက်ခံကာ သတိထားနေရသည်။ သူတို့သည် ဘာအမှားမှ ပြုလုပ်လို့မဖြစ်ပေ။ သူတို့၏နေရာကို တခြားသူများအား ယူသွားခွင့် ပြုလိုက်လျှင် ဒါသည် ဆုံးရှုံးမှုတစ်ခု ဖြစ်သွားပေလိမ့်မည်။
“ချိုးဖန် ကျေးဇူးပြုပြီး ဦးလေးစုန့်ကို ဒီကိုလာဖို့ သွားခေါ်လိုက်ပါအုံး၊ ငါ သူနဲ့ တိုင်ပင်စရာတချို့ရှိတယ်”
သူမသည် လူများကို အိမ်အသစ်မှ ဦးဆောင်ကာ ထွက်လာပြီး အပြာရောင် ကျောက်ခင်းလမ်းအတိုင်း လျှောက်လာကြာ စုမိသားစု၏ပင်မအိမ်တော်သို့ ပြန်လာခဲ့လေသည်။ ယိုကျင့်သည် အိမ်အသစ်၏ အလုပ်သမားများကို အလုပ်သွားလုပ်ရန် ညွှန်ကြားလိုက်၏။ ထို့နောက် သူမက ချိုးဖန်အား ဦးလေးစုန့်ကို သွားခေါ်ခိုင်းလိုက်သည်။
ယိုကျင့်သည် စာကြည့်ခန်းသို့ ပြန်ရောက်လာချိန်၌ ချိုးဖန်နှင့် ဦးလေးစုန့်တို့သည် စင်္ကြံ၏ထောင့်ကို ချိုးကွေ့လာကြသည်။
“မမလေး”
သခင်နှင့် အစေခံက စာကြည့်ခန်းတွင် တိုင်ပင်ဆွေးနွေးရန် ထိုင်လိုက်ကြသည်။ ချိုးဖန်က အောက်လူများက လုပ်လာသည့် လက်ဖက်ရည်ကို ယူလာကာ မမလေးနှင့် ဦးလေးစုန့်အား ချပေးလိုက်ပြီးနောက် သူမက တခြားသူများက မမလေး၏ဆွေးနွေးမှုကို လာမနှောင့်ယှက်စေရန် အပြင်ဘက်တွင် ရိုရိုကျိုးကျိုးနှင့် စောင့်နေလိုက်လေသည်။
“ မမလေးရဲ့ ဆန္ဒအတိုင်းဆိုရင်တော့ လော့ဟယ်မြို့ရဲ့ အရှေ့ဘက်နဲ့ အနောက်ဘက်မှ ဆိုင်တစ်ဆိုင်စီ ရှိတယ်၊ ပြီးတော့ မြို့နဲ့ ကီလိုမီတာနည်းနည်းဝေးတဲ့ ဝေ့ကျားကောင်းမှာ အပန်းဖြေအိမ်တစ်ခု ဆောက်ထားတယ်၊ စိုက်ပျိုးမြေ ၂၇၀ဧက၊ ကုန်းတွင်းကျတဲ့မြေဧက ၃၉ဧက နဲ့ တောင်ပေါ်မြေ ၈၇ဧက ရှိတယ်”
ဦးလေးစုန့်သည် အကြီးဆုံးမမလေးက သူ့ကို ရှာရသည့်အကြောင်းအရင်းမှာ ဒုတိယမမလေး၏ လက်ဖွဲ့ပစ္စည်းကိစ္စမှန်း သိလေသည်။ သူက ဆက်ပြီး ပြောလိုက်၏။
“ အနီရောင်ရွှေသားနဲ့ ပုလဲခေါင်းဆောင် ၆ စုံ ၊ ကျောက်မျက်စီခြယ်ထားတဲ့ ခေါင်းဆောင်း ၄စုံ လုပ်ပေးဖို့ ကျွန်တော် ချင်းရှီယင်းလိုကိုလည်း အသိပေးထားပြီပါပြီ၊ ရွှေပြား ၃၆ချပ်နဲ့ စတာလင်ငွေထည် လက်ဝတ်ရတနာတွေလည်း ပြင်ဆင်ခိုင်းထားပါတယ်”
ယိုကျင့်က ယိုရင်၏လက်ဖွဲ့ပစ္စည်း ပြင်ဆင်ပေးရန်အတွက် အလွန်များပြားသည့် ပမာဏတစ်ခုကို သုံးစွဲခဲ့သည်ဟု ဆိုနိုင်သည်။ အိမ်ဆိုင်၊ အပန်းဖြေအိမ်၊ လက်ဝတ်ရတနာမျိုးစုံ၊ ပိုးထည် ဖဲသားပိတ်စ အပြည့်အစုံ စုစုပေါင်း လျန် ၁၀,၀၀၀ နီးပါးကုန်ကျသည်။ ထို့အပြင် လက်ဖွဲ့ငွေသား လျန် ၈,၈၀၀လည်း ပါသေးသည်။ လော့ဟယ် မပြောနှင့် သာ့ဖုန်းတစ်ခုလုံးတွင်ပင် တော်တော် အထင်ကြီးစရာကောင်းလေသည်။
“ ကောင်းပြီ ဦးလေးစုန့် ဒီအပိုင်းကိုပဲ သေချာလုပ်ပေးပါ၊ အလုပ်သမားအသစ်တွေ ရောက်လာရင် ဦးလေးနဲ့ အဒေါ်စုန့်ကိုပဲ ဒုက္ခပေးရအုံးမယ်၊ လနည်းနည်းတော့ ကျန်ပါသေးတယ်၊ လူလိုတဲ့အချိန်မှ တစ်ယောက်မှ မရတဲ့ အခြေအနေမျိုးမဖြစ်ချင်ဘူး”
ယိုကျင့်၏အမြင်တွင် ယိုရင်သည် အလွန်စိတ်ထားပျော့ပြောင်းကာ၊ နူးညံ့သိမ်မွေ့ပြီး နားယောင်လွယ်သူ ဖြစ်သည်။ တော်သေးတာပေါ့ သူမက လက်ထပ်ပြီးရင် ဘေးအိမ်မှာပဲ နေမှာမလို့ပဲ။ မဟုတ်ရင် နောက်ပိုင်း သူမ ထိခိုက်နစ်နာ ရတာတွေရှိလာရင် သူမရဲ့မိသားစုကလည်း သူမကို ကူညီပေးနိုင်မှာ မဟုတ်ဘူး။ ထိုအကြောင်းကြောင့်ပင် ယိုရင်က တစ်စက်ကလေးမှ နစ်နာရခြင်း မရှိစေရန် စိုးရိမ်စိတ်ဖြင့် ယိုကျင့်က ဦးနှောက်ကို အပြည့်အဝအသုံးချကာ ပြီးပြည့်စုံသည့် အစီအစဥ်တစ်ခုကို အကောင်အထည်ဖော်ခဲ့ခြင်းပင်။
ယိုကျင့် တစ်ယောက်တည်း စိုးရိမ်နေကြသည် မဟုတ်ဘဲ ညီမငယ်လေးများကလည်း စိုးရိမ်ပေးကြသည်။ အားလုံးက ဒုတိယအစ်မအတွက် ပြင်ဆင်ပေးမည့် လက်ဖွဲ့ပစ္စည်းအမျိုးမျိုးကို စဥ်းစားနေကြသည်။ တစ်ယောက်က သည်နေရာတွင် တစ်ခုခု ထည့်ချင်သည်ပြောလျှင် နောက်တစ်ယောက်က ဟိုနေရာတွင် တစ်ခုခု ထည့်ချင်သည်ဟု ပြောပြန်သည်။ စုမိသားစုဝင်အားလုံးက ပျော်ရွှင်မှု ရောင်ခြည်ဖြာလင်းနေတော့သည်။
သို့သော် သည်ပျော်ရွှင်မှုကို မခံစားနိုင်ဟန်တူသည့် လူတစ်ယောက် ရှိနေ၏။ သူသည် လော့ဟယ်မှ ပြန်လာကတည်းက သူ့စိတ်ထဲတွင် တစ်ခုခုရှိနေသည့်နှယ် စိတ်ဓာတ်ကျနေလေသည်။
“ယိုကျင့် ကျွန်တော် မင်းနဲ့ ပြောစရာရှိလို့”
ရက်တော်တော်ကြာအောင် ဟိုလှည့်သည်လှည့် စဥ်းစားလိုက်ပြီးနောက် နောက်ဆုံးတော့ ဟန်လီသည် ယိုကျင့်ကို သွားရှာလေတော့သည်။
ဟန်လီက စင်္ကြံပေါ်တွင် တောင်တစ်လုံးက သူ့လမ်းကို ပိတ်ထားသည့်နှယ် ရပ်နေပြီး သူ၏ နေလောင်နေသည့် မျက်နှာပေါ်တွင် ရှင်းမပြတတ်သည့် မသက်မသာခံစားချက်တို့ကို ကြည့်နေမိသည်။ သူသည် စကားပြောရင်း သူ့မျက်နှာပေါ်က လေးနက်သည့် အမူအရာတစ်ခု ဖြစ်နေသည်ကို မြင်လိုက်ရဖြင့် ယိုကျင့်က သူမ၏ အစေခံများကို နောက်ဆုတ်ရန် လက်ပြလိုက်လေသည်။
“ ဘာကိစ္စလဲ”
ပြီးခဲ့သည် နှစ်အနည်းငယ်အတွင်း ဟန်လီသည် ချာရှန်းတွင် အခက်အခဲများစွာကို သည်းခံခဲ့ပြီး နောက်ဆုံးတော့ ချာရှန်းက လုပ်ငန်းကို ထောက်ပံ့ပေးနိုင်ခဲ့သည်။ အစားအသောက် ဝဝလင်လင် မစားနိုင်ခဲ့သည့် သူတောင်းစားလေးက ရင်ဘတ်ကျယ်ကျယ်နှင့် တည်ငြိမ်သည့် အကျင့်စရိုက်ရှိသည့် လူငယ်တစ်ယောက်ဖြစ် ကြီးပြင်းလာခဲ့သည်။
“ စုမိသားစုက ကျွန်တော့်ကျေးဇူးရှင်ပါ၊ ကျွန်တော် မကောင်းတဲ့ကိစ္စနဲ့တော့ ကျေးဇူးပြန်မဆပ်နိုင်ပါဘူး၊ ကျွန်တော်နဲ့ ယိုရင်တို့ မင်္ဂလာပွဲကို ဖျက်သိမ်းလိုက်ရအောင်ပါ”
ဟန်လီသည် ခေါင်းငုံ့ကာ ဘာမှဂရုမစိုက်သည့်နှယ် ယိုကျင့်ရှေ့တွင် ရပ်နေ၏။ သို့သော်ငြား သူ့လက်များကို တင်းကြပ်နေအောင် ဆုပ်ထားပြီး ထိုအခိုက်အတန့်လေးတွင် သူ၏ အလွန်အမင်း ပြင်းထန် ညှင်းပန်းနေသည့် စိတ်ဒုက္ခကို လှစ်ပြနေသည်။
“ အကြီး ဆုံးမမလေး ကျေးဇူးပြုပြီး ကျွန်တော့်ဆန္ဒကို ဖြည့်ဆည်းပေးပါ”
သူ့စကားကို ကြားလိုက်ရပြီးနောက် ယိုကျင့်၏မျက်နှာပေါ်က ရှိနှင့်ပြီးသား အပြုံးတို့က အပြီးတိုင် ပျောက်ကွယ်သွားတော့သည်။
“ ဟန်လီ နင် ဘာပြောနေတယ်ဆိုတာကိုရော သိရဲ့လား၊ ဒီကိစ္စကို ယိုရင်ကော သိလား”
အားလုံးက အဆင်ပြေနေရက်နဲ့ သူကဘာလို့ ရုတ်တရက်ကြီး စေ့စပ်ထားတာကို ဖျက်သိမ်းဖို့ စဥ်းနေတာလဲ။
ဟန်လီက အံကြိတ်ကာ ဘာမှပြန်မပြောသည်ကို မြင်လိုက်ရသဖြင့် ယိုကျင့်က မျက်မှောင်ကျုံ့ကာ မေးလိုက်တော့သည်။
“ နင့်မှာ တခြားတစ်ယောက် ရှိနေလို့လား”
ခေါင်းကို ခပ်ကြမ်းကြမ်း ခါလိုက်သည်ကို မြင်လိုက်ပြီး ယိုကျင့်က စိတ်ပြောင်းသွားတာ မဟုတ်လျှင် ပြီးတာပဲဟု တွေးလိုက်တော့သည်။ သူမက ဆက်မေးလိုက်၏။
“ ဒါဆို စေ့စပ်ပွဲကို ဖျက်သိမ်းချင်တယ်လို့ ရုတ်တရက်ကြီး ဘာလို့ပြောရတာလဲ၊ အခုပဲ ၁၁လပိုင်းတောင် ရောက်နေပြီ၊ မင်္ဂလာဆောင်မဲ့ရက်က ၃လတောင် မလိုတော့ဘူးဆိုတာ နင် မသိဘူးလား”
ဟန်လီသည် ရှင်းပြရန် ဆန္ဒမရှိချေ။ သူသည် နှုတ်ဆိတ်ကာနေလျှင် ပြဿနာအားလုံးကို ဖြေရှင်းနိုင်လိမ့်မည့်နှယ် ခေါင်းကိုသာ ဆက်ငုံ့ထားလေသည်။
ယိုကျင့်သည် သူ့ခေါင်းမာတတ်သည့်သဘောထားကို အနည်းငယ် ဒေါသထွက်လာတော့သည်။ သူက အံကြိတ်ထားလိုက်ပြီး
“ ဟိုတုန်းက ယိုရင်ကို လက်ထပ်ချင်ပါတယ်လို့ပြောတာလည်း နင်ပဲ၊ ဟန်လီ နင် သေချာစဥ်းစားသင့်တယ်၊ နင် စေ့စပ်ပွဲကို ဖျက်လိုက်ရင် နောက်ပိုင်း နင့်စကားတွေကို ပြန်ရုပ်သိမ်းမယ်ဆိုရင်တောင် ငါ ဒီမင်္ဂလာပွဲကို လုံးသဘောတူပေးမှာ မဟုတ်တော့ဘူးနော်”
ဟန်လီက သူ့ရင်ထဲက ဖော်ပြလို့ပင် မတတ်သာသည့် နာကျင်မှုကို သည်းခံရင်း သူ့မျက်လုံးများကို မှိတ်ထားလိုက်သည်။ သို့သော် သူ့ကိုယ်ပိုင်ဒုက္ခများကို စဥ်းစားမိလိုက်ပြီးနောက် ခါးသီးလှသော နာကျင်မှုဖြင့် ခေါင်းညိတ်လိုက်တော့သည်။
“ ကျွန်တော် နားလည်ပါတယ်”
“ သခင်လေးဟန်က ဆုံးဖြတ်ထားပြီးသားဆိုတော့ ကျေးဇူးပြုပြီး ယိုရင်ကို ကိုယ်တိုင်သွားပြောလိုက်ပါ”
ယိုကျင့်သည် သူ့ကို ကြောက်စရာကောင်းလောက်အောင် ခပ်စိမ်းစိမ်းကြည့်ကာ သူမ၏အင်္ကျီလက်ကို ဝေ့ယမ်းလိုက်ပြီး ပြန်လွှတ်လိုက်ပြီးနောက် လှည့်ထွက်သွားလိုက်တော့သည်။
အမှန်တွင်တော့ အစက သူမသည် ယိုရင်ကို ဟန်လီနှင့် သဘောမတူလိုခဲ့ချေ။ ယိုရင်နဲ့ ဆက်ဆံရေးတစ်ခု ဖြစ်လာအောင် အရင်စခဲ့တာ ဟန်လီပဲလေ။ ယိုရင်ကိုယ်တိုင်ကလည်း သူ့ကို ချစ်နေတော့ ငိုယိုပြီး သူမကို လာတောင်းပန်ခဲ့တယ်။ ဒါကြောင့်လည်း သူမက ဟန်လီက အချိန်အကြာကြီး အေးစက်စက်နဲ့ စောင့်ကြည့်ခဲ့ပြီးမှ သူ့အကျင့်စရိုက်က မဆိုးပါဘူးလေဆိုပြီး ကောက်ချက်ချခဲ့တာ။ ဒါ့ကြောင့်ပဲ သူမက သူ့ကို လေ့ကျင့်ပေးဖို့ အခွင့်အရေးတစ်ခုပေးခဲ့ပြီး ဒီလက်ထပ်ပွဲကို သဘောတူပေးခဲ့တာ။ ဒါပေမဲ့ အခုတော့ ... အရင်ဆုံးနောင်တ ရတဲ့သူက သူဆိုတော့လည်း သူကိုယ်တိုင် ဒီဆက်ဆံရေးကို အဆုံးသတ်ခိုင်းရမှာပဲ။
ညပိုင်းရောက်လာ၏။ မသက်မသာ အမူအရာတစ်ခုဖြင့် ဟန်လီနှင့် သူ့ကို အမြဲတမ်း ပျော်အောင်လုပ်ပေးနိုင်သည့် ယိုရင်တို့သည် ယိုကျင့်၏ စာကြည့်ခန်းတံခါးကို တစ်ဖန်လာခေါက်ပြန်လေသည်။
သူမရှေ့တွင် ဘေးချင်းယှဥ်ရပ်နေသည့် လူနှစ်ယောက်ကို ကြည့်လိုက်ပြီး ယိုကျင့်က ခေါင်းပြန်ငုံ့ထားလိုက်ကာ တုံးတိပြောချလိုက်၏။
“ နင့်စကားကို ပြန်ရုပ်သိမ်းမလို့မလား၊ ငါ နေ့လယ်က နင့်ကို ပြောခဲ့တာ မှတ်မိတယ်မလား”
ဘာအကြောင်းပြချက်ပဲဖြစ်ဖြစ် သူမဆိုတဲ့ စုယိုကျင့်က လုပ်စရာမရှိလို့ အားယားနေတဲ့လူတွေရဲ့ ကစားစရာ မဟုတ်ဘူး။
“ မကြီး”
ယိုရင်သည် အကြီးဆုံးအစ်မက ဒေါသထွက်နေမှန်း သိလေသည်။ ဒီလိုဖြစ်စေတဲ့ အကြောင်းတရားကလည်း သူမရဲ့သတို့သားလောင်းကြောင့်မှန်း သိပါတယ်။ ဒါပေမဲ့ ဟန်လီကို စိတ်ထဲက ခံစားချက်တွေ ထုတ်ပြောလာအောင် ခက်ခက်ခဲခဲနဲ့ နားချခဲ့တာလေ။ မတော်လို့များ မကြီးက အရမ်းကြောက်စရာကောင်းအောင် ခြောက်လန့်လိုက်လို့ သူ ထပ်ပြီး နောက်ဆုတ်သွားရင် ဘယ်လိုလုပ်မလဲ။
ယိုကျင့်က ယိုရင်ကို ဒေါသတကြီးဖြင့် ခပ်စိမ်းစိမ်းကြည့်လိုက်၏။ လက်တောင်မထပ်ရသေးဘူး သူမက အပြင်လူကို ကာကွယ်ပြီး အလိုလိုက်မဲ့ အပြုအမူတွေကို တတ်နေပြီ။ နောက်ပိုင်း လက်ထပ်ပြီးသွားတာနဲ့ တခြားသူက သူမကို မလွတ်တမ်းဖမ်းထားတော့မှာ မဟုတ်ဘူးလား။
ဟန်လီသည်လည်း စုညီအစ်မနှစ်ယောက်ကြားက မျက်လုံးချင်း စကားပြောနေကြသည်ကို သတိမထားမိချေ။ သူသည် သူ့ဝတ်ရုံကို ဆွဲလိုက်ပြီး ဒူးကို ညွတ်ကာ ကြမ်းပြင်ပေါ်တွင် ဒူးထောက်ချလိုက်ပြီး ယိုကျင့်ကို သုံးကြိမ်ဦးချလိုက်လေသည်။
“ဘာလဲ ကိုယ့်ဟာကိုယ် ထိခိုက်အောင်လုပ်ပြီး ငါ့ကို ဖိအားပေးမလို့လား”
ယိုကျင့်က မရှောင်လိုက်ပေ။ ထိုင်ခုံတွင်သာ ထိုင်ချလိုက်ပြီး ဟန်လီအား အေးစက်စွာ ကြည့်လိုက်လေသည်။
ဟန်လီက နှုတ်ခမ်းများကို တင်းနေအောင် စေ့ထားပြီး ကြမ်းပြင်ပေါ်တွင် ဆက်ပြီးဒူထောက်ကာ သူ့အခက်အခဲများနှင့် အကြောင်းအရင်းများကို လေသံတိုးတိုးဖြင့် ဝေမျှလိုက်တော့သည်။
“ တကယ်တော့ အားဟွာနဲ့ ကျွန်တော်က စစ်သူကြီးဟန်ကွမ်းဟုန်ရဲ့ မျိုးဆက်တွေပါ၊ ဟိုတုန်းက ဂရုတစိုက်နဲ့ အကာအကွယ်အောက်မှာ လွတ်မြောက်လာခဲ့တာ....”
ကိစ္စက ခေါင်းဖြတ်ခံရလောက်သည်အထိ ကြီးမားသည့် ပြစ်မှုတစ်ခုဖြစ်သော်လည်း မရှုပ်ထွေးခဲ့ချေ။ ရှောင်မိသားစု၏သခင်ကြီးနှင့် ဟန်မိသားစု၏ သွေးကို ဆက်ထိန်းသိမ်းပေးချင်ခဲ့သည့် ဖြောင့်မတ်သည့် လူနှစ်ယောက်တို့ ဖြစ်ခဲ့ကြပြီး တစ်စုံတစ်ယောက်အား ရှာဖွေကာ ဟန်မိသားစု၏ နောက်မျိုးဆက်များကို မြို့တော်မှ မရမက ခေါ်ထုတ်သွားခဲ့ခြင်းဖြစ်လေသည်။ ဟန်အားဟွာသည် ဟန်ကွမ်းဟုန်၏ သွေးသားမှမွေးသည့် တရားဝင်မြေးအရင်းဖြစ်ပြီး ဟန်လီမှာ မြို့တော်မှ ဟန်မျိုးနွယ် အကြီးအကဲဟောင်း၏ မြေးဖြစ်ကာ ဟန်ကွမ်းဟုန်၏ ဝမ်းကွဲညီမှမွေးသည့် မြေးဖြစ်လေသည်။
မြို့ပြင်သို့ ပို့ဆောင်ခံခဲ့ရပြီးနောက်တွင် နှစ်ယောက်သားသည် တစ်လမ်းလုံး နောက်ကလိုက်သ-တ်ခံခဲ့ရပြီး မြောက်ပိုင်းရှင်းကျန်းသို့ မရောက်ခင် ကွဲသွားကြတော့သည်။ သူ့ညီလေးကို ကာကွယ်ပေးရန် ဟန်လီက သူတောင်းစားလို ဟန်ဆောင်ခဲ့ပြီး မြောက်ပိုင်းရှင်းကျန်းမှ လော့ဟယ်သို့ ရောက်လာခဲ့လေသည်။
“မိသားစုတွေ ကံဆိုးမိုးမှောင်ကျတော့ အားဟွာက အရမ်းငယ်သေးတယ်၊ သူ ဘာမှသိပ်မမှတ်မိဘူး၊ ဒါပေမဲ့ ကျွန်တော်တို့မိသားစု ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တွေကို မကောင်းတဲ့လူတွေက ရှာတွေ့သွားရင် စုမိသားစုတစ်ခုလုံးကို သက်ရောက်လိမ့်မယ်ဆိုတာ့ ကျွန်တော်သိတယ်”
ဟန်လီသည် စကားအရာကျွမ်းကျင်သူ မဟုတ်ချေ။ အကြောင်းအရာများကို တစ်ခုပြီး တစ်ခု ပြန်ပြောပြရန်နှင့် သူ့စိတ်ဒုက္ခကို ဖော်ပြရန် ခက်ခဲခဲ့လေသည်။
ယိုကျင့်က သူ့ဘေးတွင် ရပ်နေသည့် ယိုရင်ကို ဒေါသဖြင့် ကြည့်လိုက်၏။ ဟန်လီကို အမှန်အတိုင်း ပြောလာအောင် ချော့မော့ခဲ့တာ ဒီကလေးမပဲ နေမှာပေါ့။ မဟုတ်ရင် ဒီလောက် နှစ်တွေအကြာပြီး ဖုံးကွယ်ထားတဲ့ အမှန်တရားကို သူက ရုတ်တရက်ကြီး ဘာလို့ ပြောပြချင်မှာလဲ။
အကြီးဆုံးအစ်မ၏ ပြစ်တင်နေသည့်မျက်လုံးများကို ခံစားမိသည့် ယိုရင်က အနည်းငယ် ဇက်ပုသွားတော့သည်။ ထို့နောက် သူမကလည်း ဒူးထောက်လိုက်ပြီး
“ မကြီး ဒီကိစ္စက အရမ်းကြာနေပါပြီ၊ ကလေးနှစ်ယောက်က မြောက်ပိုင်းရှင်းကျန်းကနေ လော့ဟယ်အထိ လမ်းလျှောက်လာနိုင်မယ်လို့ ဘယ်သူက စိတ်ကူးမိမှာလဲ၊ ဘယ်သူမှ မသိတာ သေချာပါတယ်”
ယိုရင်သည် အကြီးဆုံးအစ်မက စိတ်ပျော့မှန်း သိထားလေသည်။ သူမ သည်လို ဒူးထောက်တာ မြင်လျှင် သေချာပေါက် သဘောတူပေးလိမ့်မည်။
ဟန်လီက သူ့သတို့သမီးက သူနှင့်အတူ ဒူးထောက်မှာ မမြင်ရက်သဖြင့် သူမကို တွဲထူပေးချင်လေသည်။ သို့သော် ယိုရင်က သူ့ဘက်ကို ဖယ်ချလိုက်၏။ လူငယ်ချစ်သူနှစ်ယောက်သည် လက်ချင်းတွဲကာ ကြမ်းပြင်ပေါ်တွင် ဒူးထောက်နေလေသည်။
ယိုရင်သည် သူမ၏ဒူးများက ထောက်ထားရသောကြောင့် နာကျင်နေသည့်တိုင် အစ်မကြီးက သူမကို ထခွင့်မပြုချေ။ ထို့အစား သူမက ဂရုမစိုက်သည့်လေသံဖြင့် မေးလိုက်လေသည်။
“ဟန်လီ နင်ဆုံးဖြတ်ပြီးပြီလား၊ လက်စားမချေတော့ဘဲနဲ့ လော့ဟယ်မှာ မိသားစုတစ်ခု စတင်ပြီး တည်ငြိမ်တဲ့ဘဝတစ်ခုမှာ နေဖို့ ဆုံးဖြတ်ပြီးပြီလား၊ ကျန်တဲ့ဘဝတစ်လျှောက်လုံး ဘိုးဘွားတွေ မပြန်ဘဲ အမှတ်မိမခံဘဲ နေနိုင်လား”
ဟန်လီသည် သူမ ပြောခဲ့သည့် စကားများကို နားလည်ပြီး လေးလေးနက်နက် ဦးချလိုက်ကာ
အကြီးဆုံးမမလေး ကျေးဇူးပြုပြီး ကျွန်တော်တို့ဆန္ဒကို ဖြည့်ဆည်းပေးပါ”
ဟန်လီသည် ယိုရင်၏ဘဝကို မနှောင့်နှေးလိုပေ။ မျှော်လင့်မထားဘဲ ယိုရင်က စကားတစ်ခွန်း နှစ်ခွန်း ပြောပြီးသည်နှင့် သူ့အခက်အခဲများကို ခန့်မှန်းမိသွားခဲ့သည်။ သူက စေ့စပ်ပွဲကို ဖျက်သိမ်းချင်လျှင် သူမသည်လည်း ခေါင်းရိတ်ပြီး သီလရှင်သာ လုပ်တော့မည်ဟု ပြောခဲ့သည်။ ထို့နောက် သူမက သူ့ကို အကြီးဆုံးမမလေးထံတွင် ဝန်ခံပြီး အကြီးဆုံးမမလေး၏ နာလည်မှုကို တောင်းခံရန် သူ့အား ချောမော့ကာ နားချခဲ့လေသည်။
“ ယိုရင် နင်ကရော၊ သေသေချာချာ စဥ်းစားပြီးပြီလား”
ယိုကျင့်သည် တောက်ပစွာပြုံးနေသည့် ယိုရင်အား စိုက်ကြည့်လိုက်၏။ ဒီကလေးမက ဒီလို လှုံ့ဆော်ပေးလိမ့်မယ်လို့ ထင်တောင်မထားဘူး။
ယိုရင်က နားရွက်တက်ချိတ်တော့မတတ် သွားများပေါ်အောင် ပြုံးလိုက်ပြီး ဟန်လီကို ကြည့်လိုက်သည်။ သူမသည် အသာအယာခေါင်းညိတ်ပြလိုက်၏။
“ သေချာစဥ်းစားပြီးပါပြီ”
ယိုကျင့်မှာ သည်နှစ်ယောက်၏ ကစားခြင်းခံလိုက်ရသည်ဟု ခံစားလိုက်ရတော့သည်။ မတတ်သာတော့ဘဲ သူမက ပြောရပြန်သည်။
“ ဒီကိစ္စက ကောင်းတဲ့အလှည့်အပြောင်းတစ်ခုလို့ မှတ်လိုက်မယ်၊ နောက်တစ်ခါဆိုရင် ငါ သည်းခံတော့မှာ မဟုတ်ဘူးနော်”
လူငယ်စုံတွဲက ပျော်ပျော်ရွှင်ရွှင် ထွက်သွားသည်ကို ကြည့်ရင်း ယိုကျင့်သည် ပြင်းစွာ သက်ပြင်းချလိုက်မိလေတော့သည်။
…