အခန်း ၁၄၄
Vol. 10 Ch. 144
အပိုင်း (၁၄၄) ဝမ်းမြောက်ဖွယ် ဖြစ်ရပ်
၂လပိုင်း ၁၈ရက်နေသည့် လက်ထပ်ပွဲအတွက် သင့်တော်ပေသည်။
“ ခေါင်းတစ်ကြိမ်အဆုံးအထိ ဖြီးသင်လိုက်ရင် ချမ်းသာကြွယ်ဝဖို့ မပူပင်ရဘူး၊ ခေါင်းနှစ်ခါ အဆုံးထိ ဖြီးလိုက်ရင် ဖျားနာခြင်းနဲ့ ပူပင်ခြင်းက ကင်းဝေးတယ်တဲ့....”
စုမိသားစုမှ ဖိတ်ထားသည့် ပြီးပြည့်စုံသည့်ကံကောင်းခြင်း(မိဘနှစ်ပါး သက်ရှိထင်ရှားရှိသေးပြီး သားသမီးများရှိကာ ကောင်းမွန်သည့် အိမ်ထောင်တစ်ခုနှင့် မောင်နှမများအကြား ညီညီညွှတ်ညွှတ်နေထိုင်ရသူ) အထိန်းတော်အမျိုးသမီးက ယိုရင်၏သတိုးသမီး အပျိုခန်းထဲတွင် ဆံသမင်္ဂလာ (အိမ်ထောင်သည်အမျိုးသမီး ဖြစ်လာမည့် သတိုးသမီးအတွက် ဆံထုံး ထုံးပေးသည့်အစဥ်အလာ) ကို ကျင်းပပေးနေလေသည်။
ကြေးဝါမှန်ထဲတွင် ထင်ဟပ်နေသည့်ပုံရိပ်မှာ နူးညံ့သည့်မိတ်ကပ် လိမ်းခြယ်ထားပြီး အနည်းငယ် ပန်းရောင်သန်းနေသည့်ပါးမို့မိုနှင့် ခေါင်ရမ်းပန်းနှင့်တူသသည့် မိန်းကလေးတစ်ယောက် ဖြစ်သည်။ သူမ၏ခေါင်းသည် ရှေ့သို့ တစ်ဝက်ငိုက်နေပြီး အထိန်းတော်အမျိုးသမီး၏ ကရုဏာတရားကို ခံယူနေသည်။ သတို့သမီးကို သူမနှင့် သက်တူရွယ်တူ လက်မထပ်ရသေးသည့် မိန်းကလေး ၄-၅ယောက်က ဝန်းရံထားသည်။ သူတို့အားလုံးသည် ယိုရင် အာရ်ယာကျောင်းတော်တွင် ဆုံတွေ့ခဲ့သည့် သူငယ်ချင်းများ ဖြစ်လေသည်။ အယောက်တိုင်းက မျက်နှာပေါ်တွင် အပြုံးကိုယ်စီရှိနေပြီး အရင်က အမြဲတမ်း မျက်နှာပြောင်နှင့် နေတတ်သည့် ယိုရင်မှာ အလွန်ကျက်သရေရှိလှသည်ကို တွေ့လိုက်ရသဖြင့် အသစ်အဆန်းဖြစ်သလို အံ့ဩစရာကောင်းနေမှန်း တွေ့လိုက်ရတော့သည်။
ယိုရင်၏ အပျိုခန်းသည် လူများ ဝင်လာလိုက် ထွက်သွားလိုက်ဖြင့် စည်ကားနေတော့သည်။ စုမိသားစု၏ အစေခံများသည်လည်း သည်နေ့တွင် ရွှင်လန်းဖွယ်အနီရောင်အဝတ်အစာများကို ပြောင်းဝတ်ထားကြသည်။ စုမိသားစုတစ်ခုလုံးကို လွန်ခဲ့နှစ်ရက်ကတည်း အပြည့်အစုံ အလှဆင်ထားခဲ့သည်။ အခုတော့ သူတို့သည် စုမိသားစု၏တံခါးမှ ဝင်လာသည်နှင့် အနီရောင် ပင်လယ်ထဲတွင် နစ်မြုပ်သွားကြလိမ့်မည်။ ပျော်ရွှင်မြူးထူးဖွယ်ကောင်းပြီး အသက်ဝင်လှသည့် အငွေ့အသက်ပင်။
“ အဆင်သင့်ဖြစ်ပြီလား”
သည်နေ့ ယိုကျင့်သည် ရွှေဝါဖျော့ရောင် နှစ်ထပ်ကြာပွင့် ရင်စေ့အနွေးထည်နှင့် မြေကြီးထိ ရှည်သည့် ပန်းရောင်စကပ်ကို အထူးဝတ်ဆင်ထားသည်။ သူမ၏အကြိုက်ဆုံး နဂါးသွဲ့ဆံထိုးနေရာတွင် အနီရွှေပိုးမျှင် သွင်းထားသည့် အနီရောင်သန္တာကျောက် ဆံထိုးက နေရာယူထားသည်။ ရွှေသားကြာပန်းလည်ဆွယ်အောက်တွင် ချိတ်ဆွဲထားသည့် ဆွဲပြားမှာ ပွင့်လန်းစကြာပန်းအသွင် ထွင်းထားသည့် ပတ္တမြားတစ်ခုဖြစ်လေသည်။ ထိုအရာက လက်အနားနှင့် စကပ်အနားတွင် ပန်းထိုးထားသည့် ကြာပန်းများနှင့် ပနှံသင့်လှပေသည်။ စုမိသားစု၏အကြီးဆုံး သမီးဟူသည့် သရုပ်ကို ပြသနေရုံသာမက သည်နေ့၏ဇာတ်ကောင်ထံမှ အာရုံစိုက်မှုကိုလည်း တမင်လုယူမထားချေ။
“မကြီး”
ယိုရင်သည် မကြီးက သူမနောက်တွက် ရပ်နေသည်ကို ကြေးမုံပြင်မှတဆင့် တွေ့လိုက်ရပြီး မျက်လုံးများ အနည်းငယ် ကွေးသွားသည်အထိ ရှက်ပြုံးလေး ပြုံးလိုက်လေသည်။ ထို့နောက် သူမသည် ခေါင်းလေးကို အနည်းငယ်ငုံ့ထားလိုက်ပြီး သည်နေ့ မိတ်ကပ်ထူထူ လိမ်းထားသည်မှာ တော်သေးသည်ဟု တွေးမိသွားတော့သည်။ သို့မဟုတ်လျှင် ရှက်လွန်းသဖြင့် မျောက်ဖင်လို နီနေသည့် သူမ၏မျက်နှာကို လူများက ရယ်မောကြတော့မည်။
ယိုကျင့်က ချိုးဖန်ထံမှ သရဖူကို ယူလိုက်ပြီး ယိုရင်ကို ဆင်ပေးမည့် အထိန်းတော်အမျိုးသမီးအား လှမ်းပေးလိုက်လေသည်။
“ သရဖူက လှလိုက်တာဟယ်”
ဘေးတွင်ကြည့်နေကြသည့် မိန်းကလေးအားလုံးက ယိုရင်၏ဆံပင်ပေါ်က သရဖူကို မြင်လိုက်ချိန်၌ အံ့ဩတကြီး ပြောလိုက်ကြသည်။ ရွှေသန့်သန့်နှင့် အရည်ကောင်းသည့် ပတ္တမြားတို့ဖြင့် လုပ်ထားသည့် သရဖူတစ်ခု ဖြစ်သည်။ ပုရစ်တောင်ပံ ပါးလွှာသည့် ကြွေပန်းများနှင့် ပင်းတိကြာပန်းများသည် ယိုရင်၏မသိမသာအလှုပ်တွင် အနည်းငယ် ယိမ်းနွဲ့သွားသည်။ အထဲတွင်သွင်းထားသည့် အရည်လဲ့လဲ့ ပတ္တမြားများသည် ရင့်မှည့်နေသည့်အသီးများလို နူးညံ့ပြီး နှစ်လိုဖွယ်အပြည့်ပင်။ အထူးသဖြင့် လူကြီးတစ်ယောက်၏ လက်မအရွယ် ပန်းရောင်ပုလဲတစ်လုံးဖြစ်သည့် အဓိကထည့်သွင်းထားသည့် ကျောက်မျက်ရတနာပင်။ ပန်းရောင်ပုလဲက ရှားပါးသည်။ သညလို ကြီးမားလုံးဝန်းပြီး အပြစ်အနာဆာကင်းသည့် ပန်းရောင်ပုလဲက ပိုလို့ပင် ရှားပါးသေးသည်။
ယိုရင်က သေတ္တာထဲတွင် သည်လိုတောက်ပနေသည့် သရဖူကို တွေ့လိုက်ရ၏။ သူမသည် အံ့ဩကြည်နူးသွားကာ အလွန်မှ အဖိုးတန်သည်ကိုလည်း ခံစားမိနေသည်။
“မကြီး ဒါက အရမ်းတန်ဖိုးကြီးတယ်နော်....”
အကြီးဆုံးအစ်မနှင့် အမေတို့က သူမအတွက် သာမန်လူများ စိတ်ကူးမကြည့်နိုင်သည့် လက်ဖွဲ့တစ်ခုကို ပြင်ဆင်ပေးထားခဲ့ပြီး ဖြစ်သည်။ အခုလည်း သည်လောက်အဖိုးတန်သည့် သရဖူတစ်ခုကို အထူးတလည် ပြင်ဆင်ပေးထားပြန်သည်။ သူမသည် ထိုပစ္စည်းကို လက်မခံရဲပေ။
“အစ်မက အရည်အချင်း သိပ်မရှိပါဘူး၊ ဒါပေမဲ့ အစ်မတို့ရဲ့ယိုရင်ကိုတော့ ဒီနေ့ အလှဆုံးသတို့သမီး ဖြစ်စေချင်တယ်”
ယိုကျင့်က သူမ၏ညီမလေးနောက်တွင် ရပ်လိုက်ပြီး သူမ၏ပခုံးကို ပုတ်ပေးလိုက်သည်။
“ ဒါမှ အစ်မတို့တွေက စုမိသားစုရဲ့ သမီးတွေပေါ့၊ ပြည့်စုံသွားပြီ”
အစကတည်းက ယိုရင်၏လက်ဖွဲ့များကို တစ်ခုပြီးတစ်ခု ထုတ်လာသည်ကို မြင်နေရသည်ကပင် လူများကို လုံလောက်အောင် အားကျစိတ်ဖြစ်စေပြီးသားပင်။ အခုတော့ သည်သရဖူကို မြင်လိုက်ရတော့ သူမ၏အပျိုခန်းထဲက သူမ၏သူငယ်ချင်းအရင်းများမှာ ပိုပြီး အားကျစိတ်များ ဖြစ်လာပြီး
“ အစ်မယိုကျင့် အစ်မက အရမ်းအံ့ဩဖို့ကောင်းတာပဲ”
“ယိုရင် နင်လေ ဒီသရဖူကို ဆောင်းထားတာ အရမ်းလှတာပဲ”
ယိုကျင့်က ပြုံးကာ ပြောလိုက်လေသည်။
“ ညီမလေးတို့တွေ မနက်အစောကြီးကတည်းက ယိုရင်ကို အဖော်လာလုပ်ပေးနေကြတာ ပင်ပန်းနေကြမှာပဲ၊ ဒီနေ့အိမ်မှာ လုပ်စရာတွေကလည်း အရမ်းများတော့ တစ်ခုခု လိုအပ်တာရှိရင် အစ်မကို ကျေးဇူးပြုပြီး ခွင့်လွှတ်ကြနော်”
သူမက ဒုတိယမမလေး၏ခြံဝင်းတွင် သည်နေ့တာဝန်ကျသည့် အခြွေအရံကိုလည်း သူတို့ကို ဂရုစိုက်ပေးရန် မှာကြားထားလိုက်သည်။ ထို့နောက် သူမသည် တောင်းပန်စကားဆိုလိုက်ပြီးနောက် ထွက်လာခဲ့လေသည်။
ယိုကျင့်နှင့် အမျိုးသမီးစုတို့သည် အရှေ့ဘက်ခြံထဲတွင် ဧည့်သည်များနှင့် စကားပြောနေကြ၏။ အပြင်ဘက်က ခရာသံ၊ ဗုံမောင်းသံ များကို ကြားလိုက်နေရသည်။ သတို့သမီးကို လာကြိုသည့် မင်္ဂလာယာဥ်တန်း ရောက်လာပြီဖြစ်သည်။
သည်နေ့ ဟန်လီသည် အလွန်သားနားတက်ကြွစွာ ဝတ်စားထားသည်။ သူသည် သန်မာမြင့်မားသည့် မြင်းတစ်ကောင်ပေါ်တွင် စီးနင်းလာစဥ်က အားလုံး၏မျက်လုံးများက သူ့ကို ကြည့်နေသည်ဟု ခံစားရသည်။ ထိုအရာက သည်စကားနည်းလွန်းသည့် လူငယ်လေးကို ပိုပြီး စိုးရိမ်ကာ စိတ်လှုပ်ရှားလာစေတော့သည်။
စုအိမ်၏ တံခါးရှေ့တွင် ရပ်လိုက်ပြီး သူ့အဝတ်အစားများကို စိတ်လှုပ်ရှားကာဖြင့် သပ်ရပ်အောင် လုပ်လိုက်ပြီးမှ သည်နေ့ သတို့သားဘက် လိုက်ပါလာသည့် ဝမ်ရှန့်နှင့် လျိုကျိုးထင်တို့ကို တံခါးဖွင့်ခိုင်းရန် အချက်ပြလိုက်တော့သည်။
သတို့သားက နွေဦးမနက်စောစောတွင် နဖူးမှ ချွေးများ ထွက်လာသည်အထိ အလွန် စိတ်လှုပ်ရှားနေသည်ကို မြင်လိုက်ရသဖြင့် ဘေးက ဝူလီချောင်ရွာသားများက ရယ်မောကာ နှစ်သိမ့်ပေးကြလေသည်။
“ သတို့သားရယ် စိတ်လှုပ်ရှားမနေပါနဲ့၊ ယောက္ခမကြီးက ပေးမဝင်မှာ ကြောက်နေတာလား”
သူတို့သုံးယောက်ထဲတွင် လျိုကျိုးထင်တစ်ယောက်သာ လက်ထပ်ထားသူ ဖြစ်သည်။ သူက သူတို့က တံခါးဆီသို့ ဦးဆောင်လာပြီး အော်ခေါ်လိုက်မည်မှာ ပြောရန်ပင်မလိုချေ။
“ သတို့သားက သတို့သမီးကို ကြိုဖို့ ရောက်နေပါပြီခင်ဗျာ”
စုမိသားစု၏တံခါးသည် ပိတ်ထားဆဲ။ ယိုကျူး၏ရယ်သံက အထဲမှ ထွက်လာသည်။
“ ဘယ်သူက သတို့သမီးကို လာကြိုတာလဲ၊ သေချာမကြားရဘူး”
တတိယမမလေး၏ နောက်ပြောင်ကျီစယ်နေ့သည့် အဖြေကို ပြန်ကြားလိုက်ရသဖြင့် သည်တစ်ကြိမ်တွင် ဝူလီချောင်ရွာသားများက အော်ရယ်ကြရုံသာမကာ စုမိသားစု၏ အစေခံအားလုံးကလည်း သူတို့၏ပါးစပ်ကို စေ့ထားကာကြ တခစ်ခစ် ကျိတ်ရယ်နေကြတော့သည်။
ပင်မခြံဝင်းထဲတွင် ထိုင်နေသည့်အမျိုးသမီးစုပင် တတိယသမီးဖြစ်သူ၏အသံကို အဝေးမှ ကြားနေရသည်။ သူမသည် ရယ်မောရင်း ပြစ်တင်ဝေဖန်လိုက်လေသည်။
“ အားလုံးကတော့ ရယ်စရာလို့ မြင်နေကြပြီ၊ ကျွန်မရဲ့တတိယသမီးလေးက ငယ်သေးတော့ အမြဲတမ်း ပြဿနာရှာရတာ ကြိုက်တယ်”
“ တတိယမမလေးက တက်ကြွတာပါ၊ ဒီလိုဆိုတော့ ချစ်စရာလေးပဲဟာ”
ဘယ်ဘက်တွင် ထိုင်နေသည့် အနီရင့်ရောင် ကြာပန်း အနွေးထည်နှင့် စပ်ကို ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ယောက်က အပြုံးတစ်ခုဖြင့် ပြန်ဖြေလိုက်လေသည်။ သူမသည် စုမိသားစုနှင့် လုပ်ငန်းစပ်တူ လုပ်နေသည့် ဖောက်သည်တစ်ယောက်၏ဇနီး ဖြစ်သည်။
ဒါသည် စုမိသားစုက မင်္ဂလာပွဲပထမဆုံးအကြိမ် ကျင်းပခြင်းပင်။ သူတို့နှင့် အဆက်အဆံရှိသူများကို ဖိတ်ကြားထားသည်က သဘာဝပင်။ ဖိတ်စာရသူအားလုံးနီးပါး လာရောက်ကြသည်။ နောက်ဆုံး စုမိသားစုသည် တစ်နေ့တစ်ခြား ပိုချမ်းသာလာပြီဖြစ်သည်။ မိတ်ဆွေဖွဲ့ထားလျှင်က အကျိုးမယုတ်ချေ။
ပင်မခြံဝင်းသည် မင်္ဂလာအခမ်းအနားနှင့် ယဥ်ကျေးသည့် သက်ဝင်လှုပ်ရှားမှု အပြည့်ဖြစ်နေ၏။ ယိုကျူးက အရှေ့ဘက်ခြံဝင်းကို အတန်ကြာသည်အထိ ပိတ်ထားလေသည်။ အောင်သွယ်တော်က အချိန်ကျတော့မည်ဟု ပြောလိုက်မှ သူမက စိတ်လှုပ်ရှားနေသည့် ဟန်လီကို အထဲပေးဝင်လိုက်တော့သည်။
မကြာခင်မှာပင် ပဝါအုပ်ထားသည့် ယိုရင်နှင့် ဟန်လီတို့သည် အနီရောင်ဖဲကြိုးအစွန်းတစ်ဖက်စီကို ကိုင်ကာ အမျိုးသမီးစုကို ကန်တော့ရန် ပင်မခြံဝင်းဘက်သို့ သွားလိုက်ကြသည်။
အမျိုးသမီးစုသည် နီမြန်းသည့် မျက်လုံးများဖြင့် ခန်းမထဲတွင် ဒူးထောက်နေသည့် ဒုတိယသမီးလေးကို ကြည့်လိုက်ပြီး သူမကို တွဲပေးရန် တစ်ယောက်ယောက်အား မြန်မြန်တိုက်တွန်းလိုက်၏။
“ သမီးလိမ္မာလေး မြန်မြန်ထတော့၊ ဒီနေ့ကစပြီး သမီးတို့တွေက လင်မယားဖြစ်သွားကြပြီ၊ အနောက်ဆိုရင် အပြန်အလှန် ထောက်ပံ့ပြီး ကောင်းမွန်တဲ့ဘဝတစ်ခု တည်ဆောက်ဖို့လိုတယ်နော်”
သူမသည် သမီးဖြစ်သူကို ကြောင်ပေါက်လေးတစ်ကောင်လို သေးသေးကွေးကွေးနှင့် တမြောင်မြောင် အော်ငိုကာ မွေးဖွားလာခဲ့ပုံကို ပြန်လည်အမှတ်ရသွားတော့သည်။ အခုတော့ သူမ၏သမီးလေးသည် မိန်းမငယ်လေးတစ်ယောက်အဖြစ် ကြီးပြင်းလာပြီး သည်နေ့တွင် တစ်စုံတစ်ယောက်နှင့် လက်ထပ်တော့မည်။ သူမသည် အနည်းငယ် ဝမ်းမနည်းဘဲ မနေနိုင်သလို လက်လွတ်ပေးရမှာ ဝန်လေးနေမိလေသည်။
ရေထဲတွင် မင်္ဂလာဘဲမောင်နှံတို့ ကစားနေပုံ ထိုးထားသည့် နီစွေးသည့်ခေါင်းဆောင်းအောက်တွင် ယိုရင်းသည် အမေဖြစ်သူ၏ ဆို့နင့်နေသံကို ကြားလိုက်ရချိန်၌ သူမ၏မျက်လုံးများမှာလည်း မခံနိုင်တော့ဘဲ နီရဲသွားတော့သည်။ သို့သော် ပျော်ရွှင်စရာ သည်လိုနေ့မျိုးတွင်မျက်ရည်ကျသည့် မင်္ဂလာမရှိဘူးဟု အောင်သွယ်တော်၏စကားကို သတိရသွားပြီး သူမ၏မျက်ရည်များကို ထိန်းထားလိုက်တော့သည်။
“ အမေရယ် တတိယမြောက်နေ့ ပြန်လာရင် ယိုရင်က ဘေးအိမ်မှာ နေမှာပဲလေ၊ သမီးတို့တွေ အတူတူ စားသောက်လို့ရပါသေးတယ်”
အမျိုးသမီးစု၏ဘေးတွင် ရပ်နေသည့် ယိုကျင့်က လေသံပျော့ပျော့ဖြင့် သူမကို နှစ်သိမ့်လိုက်လေသည်။
“ ဒီလို ပျော်စရာကောင်းတဲ့နေ့မှာ အမေ ပျော်နေသင့်တာပေါ့”
အမျိုးသမီးစုက သူမ၏လက်ထဲ အနီရင့်ရောင်လက်ကိုင်ပဝါနှင့် သူမ၏မျက်လုံးထောင့်ကို သုတ်လိုက်ပြီး ခေါင်းညိတ်ကာ ပြောလိုက်တော့သည်။
“ အမေ ပျော်ပါတယ်၊ မြန်မြန်သွားကြ၊ အချိန်မလင့်စေနဲ့”
ဟန်လီက လက်နှစ်ဖက်ကို ယှက်ပြီး ယိုကျင့်အား ဦးညွှတ်လိုက်ကာ ယိုရင်ကို စုမိသားစု၏ တံခါးအပြင်ဘက်သို့ ခေါ်ဆောင်လာခဲ့သည်။ မင်္ဂလာယာဥ်တန်းက သတို့သမီးကို လက်ခံလိုက်သည်။ မောင်းသံ၊ ဗုံသံ ၊ မီးရှူးမီးပန်းနှင့် နှဲသံတို့သည် အသက်ဝင် စည်ကားလှစွာ လော့ဟယ်ပြည်နယ်၏ မြို့တော်သို့ ဦးတည်သွားလိုက်ကြသည်။ မင်္ဂလာပွဲကြီး၏ ပထမဆုံးသုံးရက်ကို ဟန်လီနှင့် ယိုရင်တို့သည် လော့ဟယ်ပြည်နယ်၏ လော့ဟယ်မြို့တွင် မနှစ်က ယိုကျင့်က ယိုရင်အတွက် ဝယ်ထားပေးသည့်အိမ်တွင် နေကြလိမ့်မည်။
မင်္ဂလာယာဥ်တန်းကြီး ထွက်ခွာသွားသည်နှင့်တစ်ပြိုင်နက် စုအိမ်၏တံခါးရှေ့တွင် ပျော်ရွှင်ခြင်းငွေ သုံးခြင်းစာ ငွေမိုးများ ကြဲပေးလိုက်သည်။ အခိုက်တန့်အထိ စိတ်လှုပ်ရှားမှုများစွာ ဖြစ်သွားပြီးနောက် ပျော်ရွှင်စရာအချိန်ကို လာရောက်စောင့်ကြည့်ကြသည့် ရွာသွားများသည် လူခွဲသွားကြတော့သည်။
***
ဟန်မိသားစုတွင် သက်ရှိထင်ရှားကျန်ခဲ့သည့် လူကြီးများ မရှိပေ။ ထို့ကြောင့် ယိုရင်နှင့် ဟန်လီတို့သည် မင်္ဂလာပွဲတွင် မိုးကောင်းကင်၊ မြေကြီးနှင့် ဘိုးဘွားကမ္ဗည်းတိုင်ကိုသာ ကန်တော့ကြသည်။ ကန်တော့လိုက်ကြပြီးနောက် သတို့သမီးကို အောင်သွယ်တော်က တွဲပေးလာပြီး ခမ်းခမ်းနားနား ဆင်ယင်ထားသည့် မင်္ဂလာဦးခန်းသို့ ပြန်လာခဲ့သည်။
ညဦးပိုင်းသာ ရှိသေးသည်။ အိမ်ထဲ အိမ်ပြင်တွင် အသံများစွာ ကြားနေရ၏။ အစားအသောက်များကို တည်ခင်းထားသည်။ ယမကာများကိုလည်း ခင်းကျင်းထားသည်။ ယမကာများကို လက်ဝေ့ယမ်းကာ တောင်းဆိုနေသူများလည်း ရှိသည်။ ပွဲကြည့်စင်တစ်ခု ယာယီထိုးထားပြီး သာယာနာပျော်ဖွယ် ဘဝသရုပ်ဖော်ခန်းကို တင်ဆက်ကပြနေကြသည်။ အတန်ပင် အသက်ဝင် စည်ကားလှပေသည်။
“ မမလေး အရင်ဆုံး တစ်ခုခု စားထားလိုက်ပါလား”
လီတုန်းသည် အပြင်က ပျားပန်းခတ်မျှစည်ကားနေသံ သဲ့သဲ့ကို ကြားလိုက်ရပြီး ယိုရင်ကို လေသံတိုးတိုးဖြင့် ပြောလိုက်လေသည်။
“ သတို့သားက အခန်းထဲ ပြန်လာအုံးမယ် မထင်ဘူး၊ မမလေး ကိုယ့်ဟာကို အဆာမခံပါနဲ့”
အနီရောင်ပဝါအောက်တွင် ယိုရင်သည် အနီရောင်ပဝါကိုသာ မြင်ရလေသည်။ သူမ၏လက်များကို စိတ်လှုပ်ရှားကာ ထပ်ထားလိုက်ပြီး လေသံဖျော့ဖျော့ဖြင့် ပြန်ဖြေလိုက်၏။
“ ရပါတယ်၊ အားလုံး ပျော်ကြပါစေ၊ စားသောက်ပြီး ခဏလောက် အနားယူကြပါစေပေါ့၊ နင်တစ်ယောက်နဲ့လဲ အဆင်ပြေပါတယ်”
လီတုန်းသည် ဒုတိယမမလေးက တိတ်တိတ်ဆိတ်ဆိတ် နေရသည်ကို သဘောကျမှန်း သိသည်။ ထို့ကြောင့် အပြင်ဘက်တွင် စောင့်နေကြသည့် အောင်သွယ်တော်နှင့် တခြားသူများကို အနားယူခိုင်းလိုက်တော့သည်။
“ ဒီနေ့ အားလုံးလည်း ပင်ပန်းသွားကြပါပြီ၊ အပြင်က မီးဖိုဆောင်ထဲမှာ ဝိုင်နဲ့ ဟင်းပွဲတွေ ပြင်ဆင်ထားပေးတယ်၊ သွားစားသောက်ကြပြီး အေးအေးဆေးဆေး အနားယူလိုက်ကြနော်”
ဟန်လီဘက်တွင်တော့ အရှေ့ခြမ်းက ဧည့်သည်များကို ဧည့်ခံနေရင်း စိတ်လှုပ်ရှားနေလေသည်။ အမျိုးသားဧည့်သည်များက သတို့သားက မျက်နှာနီရဲနေကာ ယာယီပျက်ကွက်မှုအတွက် တောင်းပန်နေသည်ကို မြင်လိုက်တော့ သူတို့အားလုံးက ပျော်ရွှင်နေသည့်လေသံဖြင့် အလိုလို သဘောပေါက်နေဟန် ပြောလိုက်ကြသည်။
“ ဟား ဟား ဟား လူငယ်လေးတွေက အခုထိ အရမ်းစိတ်လှုပ်ရှားနေတုန်းပဲဟ”
ပုံမှန်အားဖြင့် လူ ၅-၆ယောက်သာရှိသော်လည်း အခြေအနေက ယမကာများ သောက်စားပြီးနောက်တွင် အသက်ဝင် တက်ကြွနေတော့သည်။ သည်အမျိုးသား ဧည့်သည်များသည် ပျော်ရွှင်နေကြလေသည်။ လူငယ်များက အုပ်စုဖွဲ့ကာ သတို့သားနှင့်အတူ မင်္ဂလာဦးခန်းဆီသို့ လိုက်လာကြတော့သည်။
“ သတို့သမီးက ဘယ်လောက်တောင် ချောမောလို့များ သတို့သားက ဘာလို့ ဒီလောက် စိတ်လှုပ်ရှားနေလဲဆိုတာ သွားကြည့်ရအောင်”
သာ့ဖန်းနိုင်ငံတွင် မင်္ဂလာဦးခန်းကို သက်ဝင်လှုပ်ရှားအောင် လုပ်လေ့ရှိသည့် ဓလေ့ထုံးစံတစ်ခု အမြဲရှိခဲ့သည်။ သတို့သမီးနှင့် သတို့သားတို့ကို စကားတစ်ခွန်းနှစ်ခွန်း စနောက်ကျီစယ်ကြပြီး ကြင်စဦးမောင်နှံကို နောက်ပြောင်ကြခြင်းဖြစ်သည်။ လိုက်ကာတစ်ခုဖြင့် ခြားသည့် ခြံဝင်းတစ်ဘက်တွင် အမျိုးသမီးဧည့်သည်များကို ဧည့်ခံနေသည့် ယိုကျင့်သည် အစေခံမလေးက ဧည့်သည်များက မင်္ဂလာဦးခန်းကို အသက်ဝင်အောင်လုပ်ရန် သွားလိုက်သည်ဟု လာပြောချိန်တွင်တော့ သူမသည် လိုက်မသွားတော့ဘဲ အမှာစကား ပါးလိုက်တော့သည်။
“ အဒေါ်စုန့် တစ်ယောက်ယောက်နဲ့ အဲဒီကိုသွားပြီး စောင့်ကြည့်ပေးလိုက်ပါအုံး၊ လူတွေ ယိုရင်ကို မနှောင့်ယှက်စေနဲ့အုံး”
အဒေါ်စုန်သည် အကြီးဆုံးမမလေးဆီက အမိန့်ကို နာခံလိုက်ပြီး အမျိုးသမီး အစေခံတချို့နှင့် အိမ်အသစ်ဆီသို့ သွားလိုက်ကြသည်။ ယိုကျင့်က ပြုံးရွှင်လျက် ဧည့်သည်များကို ဆက်ဧည့်ခံနေလိုက်သည်။
“ သခင်မတို့ သုံးဆောင်ကြပါနော်၊ တစ်ခုခုလိုတာရှိရင် ကျွန်မကိုသာ ပြောလိုက်”
ဟန်မိသားစုတွင် လူကြီးများ မရှိကြပေ။ သည်နေ့ ဖိတ်ထားသည့် ဧည်သည်အများစုက စုမိသားစု၏ စီးပွားဖက်များ ဖြစ်ကြသည်။ အဖွဲ့နှစ်ဖွဲ့က မင်္ဂလာစားသောက်ပွဲကို အတူတူ ကျင်းပလိုက်ကြသည်။ ယိုကျင့်အတွက်တော့ ဧည့်သည်များကို ဧည့်ခံပေးရန် မလွဲမသွေ လုပ်ရမည့်အရာပင်။
“ မိန်းကလေးစု မစိုးရိမ်ပါနဲ့၊ ကျွန်မတို့ လိုတာရှိရင် ရှင့်ကို ပြောပါမယ်”
ဇနီးသည်များကလည်း အနည်းငယ် သောက်ကြသည်။ သူတို့၏ကုလားထိုင်များကို ကျောမှီရင်း မျက်လုံးများကို မခွာတန်း ဇာတ်စင်ကို ကြည့်ကာ တစ်ခါ တစ်ခါ သီချင်းများ လိုက်ညည်းကြသည်။ သူတို့သည် စုမိသားစု၏အစီအစဥ်ကို အလွန်မှ ကျေနပ်သည်ဟု ဆိုနိုင်လေသည်။
***
မင်္ဂလာဦးခန်းထဲတွင် လျိုကျိုးထင်၊ ဝမ်ရှန်းနှင့် အစေခံနှစ်ဦးတို့က မင်္ဂလာဦးခန်းကို လာရောက်ကျီစယ်ကြသူ လူငယ်များကို မင်္ဂလာဦးခန်းမ၏ အတွင်းခန်းထဲ မဝင်နိုင်အောင် တားဆီးထားကြသည်။ သူတို့သည် ထိုစုံတွဲကို ခပ်ကြဲကြံရက်ထားသည့် လိုက်ကာ အလွှာများ၏အပြင်မှ မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေစဥ် ဟန်လီက ပဝါကို ဖယ်လိုက်လေသည်။
ဟန်လီသည် သူ့နှုတ်ခမ်းများက အနေခက်သွားလောက်အောင် ခြောက်သွေ့သွားသည်ကို ခံစားလိုက်မိသည်။ အနီရောင် ပိုးသားနှင့် ဖဲသားတို့ဖြင့် ရစ်ပတ်ထားသည့် တုတ်ချောင်းကို ကိုင်ထားလိုက်ပြီး အနီရောင်ပဝါ၏အစွန်းကို ဂရုတစိုက် မ,လိုက်သည်။ ထို့နောက်တွင် ချောမွတ်သည့် ကျောက်စိမ်းသဖွယ် လက်တစ်စုံက တင်းနေအောင်ဆုပ်ထားသည်ကို မြင်လိုက်ရသည်။ ယခုအချိန်တွင် လက်ပိုင်ရှင်မှာ မည်မျှ စိတ်လှုပ်ရှားနေသည်ကို ပြသနေလေသည်။
“ မကြောက်ပါနဲ့ ကိုယ်ပါ”
ဟန်လီ၏ အသံက ရှရှတတ ထွက်လာ၏။ သူသည် သူ့ချစ်သူကို ညင်ညင်သာသာ နှစ်သိမ့်ပေးလိုက်လေသည်။
“ အင်း”
ပဝါကို မ,လိုက်ပြီးသည့်နောက်တွင် ခပ်ရေးရေးအဖြေတစ်ခုက နောက်မှ ထွက်လာလေသည်။ နူးနူးညံ့ညံ့ ခြယ်သထားသည့် မျက်နှာလေးက ညအချိန်တွင် တောက်ပနေသည့် ဖယောင်းတိုင်အလင်းကြားမှ ပန်းလေးတစ်ပွင့် ပွင့်လန်းနေသည့်နှယ်။ အတော်နှစ်လိုဖွယ်ကောင်းကာ စိတ်လှုပ်ရှားဖွယ်အတိပင်။
“ ဝိုး”
ဟန်လီ မတုံ့ပြန်နိုင်ခင်မှာပင် အပြင်က ကြည့်ရှုနေသည့် လူငယ်များက လေချွန်ကာ ချီးကျူးကြတော့သည်။
ထိုအခါမှ ယိုရင်သည် စောင့်ကြည့်နေကြသည့် လူများစွာ ရှိနေမှန်း သိလိုက်ရတော့သည်။ သူမသည် ရှက်သွားပြီး ခေါင်းငုံ့ထားလိုက်၏။ သူမ မသိလိုက်သည်က ထိုအမူအရာမှာ သူမ၏ ခေါင်းရမ်းပန်းနှယ် မျက်နှာလေးကို ပိုပြီး ဆွဲဆောင်မှုရှိသွားစေသည်ကိုပင်။ သူမ၏ခေါင်းပေါ်က သရဖူသည် ခေါင်ရမ်းပန်းတစ်ပွင့်ဆီမှ နှင်းစက်ကလေးများ ကျလာသည့်နှယ် အနည်းငယ် လှုပ်ယမ်းနေလေသည်။ စိတ်လှုပ်ရှားဖွယ် မြင်ကွင်းတစ်ခုပင်။
လျိုကျိုးထင်က ပထမဆုံး သတိဝင်လာပြီး စကားလှလှလေးဖြင့် နားချဖို့ ကြိုးစားတော့သည်။
“ အားလုံးပဲ ဒီနေ့က ညီလေးဟန်ရဲ့ နေ့ထူးနေ့မြတ်ကြီးတစ်ခုလေ၊ မင်းတို့ ငါတို့တွေ စိတ်လှုပ်ရှားစရာလည်း မြင်ပြီးသွားပြီးဆိုတော့ လူကြီးလူကောင်းတွေအနေနဲ့ ငါတို့တွေ သူတို့ရည်ရွယ်ချက် ပြည့်အောင် ကူညီပေးရမှာပေါ့၊ ငါတို့တွေ သူတို့ကို ထပ်ပြီး နှောင့်ယှက်လို့ မဖြစ်တော့ဘူး၊ အရှေ့ဘက်ခန်းမကို သွားပြီး သောက်ကြမယ်လေ”
လူငယ်လေးများသည် မင်္ဂလာဦးခန်းသို့ သွားမွှေကြမည်ဟု ဆိုသော်လည်း သူတို့သည် အတူတူ သွားလာချင်ကြသည်။ အဒေါ်စုန့်က အချိန်ကိုက် လူများကို ခေါ်လာသည်နှင့် ကြုံကြိုက်သွားပြီး ဆယ်နှစ်ယောက်မကသည့် လူအုပ်ကြီးက လာလိုက် ပြန်သွားလိုက်နှင့် သူတို့သွားသည့်နေရာတိုင်းတွင် အမှန်တကယ်ပင် စည်ကားနေတော့သည်။
လီတုန်းသည် သမက်လေးက မမလေးကို မျက်လုံးမခွာတမ်းကြည့်နေပြီး မမလေးက ရှက်ရွံ့သဖြင့် ခေါင်းငုံ့ထားသည်ကို စောင့်ကြည့်နေလေသည်။ သူမသည် မနေနိုင်တော့ဘဲ နှုတ်ခမ်းကို စေ့ထားရင်းးက ပြုံးမိသွားတော့သည်။ သူမက အောင်သွယ်တော်နှင့် တခြားသူများကို မြန်မြန် ခေါ်ထုတ်လားပြီး မင်္ဂလာဦးခန်းထဲတွင် စုံတွဲကိုသာ ချန်ထားခဲ့လေသည်။
“ ညီမ ပင်ပန်းနေပြီလား”
ဟန်လီသည် သည်နေ့မှ ထူးထူးခြားခြား လှပလွန်းနေသည့် ချစ်သူလေးကို ကြည့်လိုက်၏။ တဒင်္ဂအတွင်း ဘာပြောရမည် မသိဖြစ်သွားတော့သည်။ သူမသည် ထိုနေရာတွင်ပင် ခွေးလေးတစ်ကောင်ကဲ့သို့ ရပ်နေကာ ထိုင်ရမလို ထရမလိုဖြစ်နေတော့သည်။
ယိုရင်၏ မက်မွန်သဏ္ဌာန်မျက်လုံးများသည် တောက်ပလို့နေသည်။ သူမသည် မျက်လုံးများကို အနည်းငယ်ပင့်ကာ သူ့ကို ကြည့်လိုက်ပြီး
“ ဒီအချိန်ကြီး ဘာလို့ ပြန်လာတာလဲ၊ လူတွေ ရယ်ကြမှာ မစိုးရိမ်ဘူးလားဟင်”
မိန်းကလေးငယ်လေးနှင့်တူသည့် သူမကို ကြည့်ရင်း ဟန်လီက ပြစ်တင်ခံလိုက်ရသော်လည်း အိုးနင်းခွက်နင်း ရယ်မောလိုက်ပြီး
“ ညီမ ပျင်းနေပြီး အခန်းထဲမှာ တစ်ယောက် ဗိုက်ဆာနေမှာ စိုးလို့ပါ၊ ဒါကြောင့် ညီမကို ပြန်လာကြည့်တာ”
အလွန်ဂရုစိုက်တတ်သည့် သူကို မြင်လိုက်ရသဖြင့် ယိုရင်သည် ပြုံးကာ ထရပ်လိုက်၏။ ထို့နောက် သူမက သူ့ကို ဖွယ်ဖွယ်ရာရာ ဟင်းများပြည့်နေသည့် စားပွဲဝိုင်းဆီသို့ ဆွဲသွားကာ ထိုင်ခိုင်းလိုက်လေသည်။
“ ဒီလိုဆိုရင် အစ်ကို ညီမနဲ့ နည်းနည်းပါးပါး စားသောက်ပြီးမှ ဧည့်သည်တွေကို သွားဧည့်ခံလိုက်နော်”
ယိုရင်သည် အစောကတည်းက ယမကာနံ့ခပ်သင်းသင်းကို ရနေသည်။ ဘာမှ မစားသောက်ရသေးခင် သောက်လျှင် ဗိုက်အောင့်မည်စိုးသဖြင့် သူမက တစ်ခုခုစားရန် သူ့ကို ဆွဲခေါ်လာခြင်းပင်။
လူငယ်စုံတွဲလေးသည် စကားတစ်ခွန်းမှမပြောဘဲ ထမင်းစားစားပွဲတွင် ထိုင်လိုက်ပြီး တိတ်ဆိတ်စွာ စားသောက်လိုက်ကြသည်။ ဆယ့်ငါးမိနစ်ကြာပြီးနောက် နှစ်ယောက်သားသည် စားသောက်ပြီးစီးသွားတော့သည်။ ယိုရင်က သူ့ကို မြန်မြန် တွန်းထုတ်လိုက်ပြီး
“ အရှေ့ကိုသွားပြီး ဧည့်သည်တွေကို ဧည့်ခံလိုက်အုံး၊ မကြီးတစ်ယောက်ထဲ ဧည့်ခံနေရတာ မကောင်းဘူးလေ”
အမှန်တွင်တော့ သူမသည် စောစောပြန်လာသည့် သူ့ကိုကြည့်ရင် အလွန်ရှက်သွားသဖြင့် သူ့ကို ချက်ချင်း မောင်းထုတ်ချင်ခဲ့ခြင်းသာ။
ဟန်လီသည် သူ့လက်ထပ်ပြီးစ ဇနီးသစ်လေးက သူ့ကို တွန်းထုတ်လိုက်သည်ကို စိတ်မဆိုးပေ။ သူက အပြင်ဘက်တွင် ရပ်နေသည့် လီတုန်းကို ဝင်လာဖို့ပြောလိုက်ပြီး သူမကို စောင့်ရှောက် ထားခိုင်းလိုက်တော့သည်။
“ မင်း ဒုတိယမလေးလေး သန့်ရှင်းရေးလုပ်တာကို အရင်ဆုံး စောင့်ပေးထားလိုက်နော်၊ နောက်ကျနေရင် မမလေးကို အရင်ဆုံး အနားယူဖို့ ပြောလိုက်၊ ငါ့ဘက်က ခဏလောက်တော့ ဗရုတ်ကျကြအုံးမှာ”
“ ဟုတ်ကဲ့ စိတ်မပူပါနဲ့ သခင်လေး”
လီတုန်းသည် သမက်လေးကို လိုက်ပို့လိုက်၏။ ထို့နောက်တွင် သူမသည် တစ်ယောက်ယောက်အား ရေနွေးနှင့် အနံ့မွှေးသည့်ပန်းများကို ပြင်ဆင်လာခိုင်းလိုက်သည်။ ဒုတိယမမလေး ဆေးကြော သန့်စင်ပြီးနောက်တွင် ဒုတိယမမလေး၏ အတင်းအကြပ်တိုက်တွန်းမှုကြောင့် သူမသည် မင်္ဂလာဦးခန်းမှ ထွက်လာခဲ့လေသည်။ တစ်နေ့လုံး အလုပ်များခဲ့ပြီးနောက်တွင် သူမသည် နောက်ဆုံးတော့ အခန်းဆီသို့ ပြန်လာနိုင်ကာ ခဏလောက် အနားယူနိုင်လေတော့သည်။
…