အခန်း ၁၄၆
Vol. 10 Ch. 146
အပိုင်း (၁၄၆) စန်းယွီ
ဒုတိယသမီးက လက်ထပ်သွားပြီ။ သို့သော် အသက် ၁၇နှစ်အရွယ် အကြီးဆုံးသမီးတော့ သူမ၏အပျိုခန်းထဲတွင် ရှိနေဆဲ။ အမျိုးသမီးစု၏ စိတ်နှလုံးမှာ ပူပင်သောကနှင့် ဘာမှမသိနိုင် ဖြစ်နေလေသည်။ အလွန်ပူပင်နေမိသဖြင့် ညဘက်တွင် လုံးဝမအိပ်နိုင်ဘဲ ယွိလန်ကိုသာ ရင်ဖွင့်နေရတော့သည်။
“ ပြောစမ်းပါအုံးဟယ် ဒီကလေးက ဘာလို့ ဒီလောက်ခေါင်းမာနေရတာလဲ၊ သူ အခု ၁၇နှစ်ရှိနေပြီး အလျင်မလိုဘူးလို့ ပြောနေတုန်းပဲ”
အမျိုးသီးစုသည် ညောင်စောင်းပေါ်တွင် လှဲလျောင်းနေ၏။ မျက်ကွင်းများ ညိုလို့ပင်။ သူမသည် လေးပင်စွာ သက်ပြင်းချလိုက်တော့သည်။
ယွိလန်က သူမအတွက် လက်ဖက်ရည်ကို ထပ်ထည့်ပေးကာ ပြောလိုက်၏။
“ သခင်မ ဒီကိစ္စက စိတ်ပူနေလည်း အပိုပဲ၊ အကြီးဆုံးမမလေးက အမြဲတမ်း ဒီလိုပဲလေ၊ သခင်မက သူ့ကို ဖြည်းဖြည်းချင်းစီပဲ နားချမှရမယ်”
တမြန်နေ့က အကြီးဆုံးမမလေးက လူတစ်ယောက်နှင့် တွေ့ဆုံရန် သခင်မ၏တောင်းဆိုမှုကို ငြင်းလိုက်သည်ကို ပြန်အမှတ်ရသွားပြီး ယွိလန်လည်း မနေနိုင်ဘဲ သက်ပြင်းချမိတော့သည်။ သူတို့မိသားစု၏ မိန်းကလေးသည် အရွယ်ရောက်ပြီးဖြစ်သော်လည်း လက်ထပ်ရန် ငြင်းဆန်ပြီး သူတို့ကို ဘာမှမတတ်နိုင်အောင် လုပ်နေလေသည်။
“ ဒီကိစ္စကို ငါတစ်ယောက်ထဲ လုပ်နိုင်မှာမဟုတ်ဘူး၊ ဒီလိုဆိုတော့လည်း တစ်ဆင့်ချင်း တစ်ဆင့်ချင်း လုပ်ကြတာပေါ့”
အမျိုးသမီးစုသည် လက်ဖက်ရည် တစ်ငုံသောက်လိုက်၏။ လက်ဖက်ရည်ပန်းကန်းလုံးကို ပြန်ချလိုက်ပြီးနောက် သန်မာသည့် ယောက်ျားတစ်ယောက်၏ လက်ကောက်ဝတ်ကို ချိုးပစ်လိုက်သည့် ဝမ်းနည်းဖွယ် အာရုံတစ်ခုကို ခံစားမိလေသည်။
“ ငါတော့ သူ့ကို နားချနိုင်မယ် မထင်ဘူး”
ထိုနေ့တွင် အမျိုးသမီးစုသည် ပြောနေသည့်သူ မရှိသည့်အခြေအနေကို အခွင့်ကောင်းယူပြီး အမျိုးသမီးစုန့်၊ အမျိုးသမီးဟန်နှင့် တခြားလူများကိုသွားရှာက တစ်ယောက်ချင်းစီက အကြံဉာဏ်တောင်းတော့သည်။ သူမသည် အားလုံးကို နည်းနည်းလောက် နားချကူရန် တောင်းဆိုလိုက်လေသည်။
“ သခင်မကြီးရယ် ယိုကျင့်က သခင်မကြီးကို အမြဲတမ်း ရိုသေလေးစားလာတာဆိုတော့ သခင်မကြီးသာ ပြောပေးရင် သူ နားထောင်မှာပါ”
အမျိုးသမီးစုန့်သည် အမျိုးသမီးစုအား အိမ်တွင်းရေး ထိန်းသိမ်းသည့် ကိစ္စများကို သင်ကြားပေးခဲ့ပြီး ယိုကျင့်အား အပြင်က ပြဿနာကြီးများကို ကူညီဖြေရှင်းပေးခဲ့သည်။ အမျိုးသမီးစုန့်၏ စုမိသားစုအတွင်း အဆင့်အတန်းက ပြီးခဲ့သည့် နှစ်နှစ်အတွင်း ပိုပို မြင့်မားလာခဲ့သည်။ အမျိုးသမီးစုသည် သူမကို လေးစားရသည့် လူကြီးတစ်ယောက်သဖွယ် စိတ်ရင်းဖြင့် ဆက်ဆံလေသည်။
“ ယိုကျင့်က ခေါင်းမာတယ်၊ ဒီတော့ ငါ သူ့ကို နားချကြိုးစားရင်တောင် အလုပ်ဖြစ်မှာမဟုတ်ဘူးလေ ဟုတ်တယ်မလား”
အမျိုးသမီးစုန့်က ပင်မထိုင်ခုံနေရာတွင် ထိုင်နေ၏။ သူမ၏မျက်လုံးများကို ကျုံ့ထားပြီး ပြန်ဖြေလိုက်လေသည်။
“ ဒီကလေးရဲ့ အတွေးအခေါ်က ဖြောင့်မတ်တည်ကြည်တယ်၊ တစ်ယောက်ယောက်ကသာ အတင်းကာရော အောင်သွယ်ပေးလိုက်ရင် အလုပ်ဖြစ်မှာ မဟုတ်ဘူး”
အပြင်ဘက်တွင် လှည့်ပတ်စစ်ဆေးနေသည့် ယိုကျင့်သည် လှည်းပေါ်တွင်ထိုင်ရင်း အပြင်ဘက် ဖြည်းဖြည်းချင်း ကွယ်ပျောက်သွားသည့် ရှုခင်းကို ကြည့်နေလေသည်။ ရုတ်တရက် အကြောင်းမရှိဘဲ နှာခေါင်းယားလာပြီး ခပ်ပြင်းပြင်း နှာချေလိုက်တော့သည်။
“ဟက်ချိုး”
ချိုဖန်းဆီက လက်ကိုင်ပုဝါကို ယူပြီး သူမသည် နှာခေါင်းကို သုတ်လိုက်ကာ တစ်ယောက်ထဲ ရေရွတ်လိုက်သည်။
“ထူးဆန်းလိုက်တာ၊ နဂါလှေပွဲတော်တောင် ရောက်တော့မယ်၊ ဘာလို့ ကျောက ချမ်းစိမ့်စိမ့် ဖြစ်နေတာလဲ”
ချိုးဖန်သည် လှည်းခန်းဆီးစကို ဆွဲချလိုက်၏။
“လေတိုက်လို့ ဖြစ်ပါလိမ့်မယ်” သခင်နှင့် အစေခံနှစ်ယောက်လုံးက မိသားစုအကြီးအကဲများက သူမနောက်ကွယ်တွင် သူမဘဝ၏ ကြီးမားသည့်အရေးကိစ္စများကို ဖြေရှင်းရန် ကြိုးစားနေကြခြင်းကြောifhဟု မတွေးမိကြပေ။
“ အခုပဲ ၅လပိုင်း အစတောင်ရောက်နေပြီ၊ အဆင်ပြေမှာပါ”
ယိုကျင့်သည် အနည်းငယ်ပူလာသည်ဟု ခံစားလိုက်ရသည်။ သူမသည် ကြောင်ဖြူလေးများက လိပ်ပြာလေးများကို ဖမ်းနေသည့်ပုံ ချည်ထိုးထာသည့် ယပ်တောင်အဝိုင်းလေးကို ကိုင်ထားပြီး အလုပ်ကိစ္စအကြောင်း စဥ်းစားနေလေသည်။ ဒီနေ့ တတိယသခင်ကြီးဟွမ်က လူတွေ လွှတ်လိုက်တယ်။ လုပ်ငန်းကြီးတစ်ခု အိမ်တံခါးရှေ့ ရောက်လာပြီလို့ ပြောတာပဲ။ မျှော်လင့်နေမိတယ်။
***
“မမလေး အထူးဧည့်သည် ရောက်ပါပြီ”
တတိယသခင်ကြီးဟွမ်က တံခါးနားတွင် ရပ်နေပြီး ဘေးဘီကို ကြည့်နေလေသည်။ စုမိသားစု၏လှည်းရောက်လာသည်ကို မြင်လိုက်သဖြင့် သူက သူမကို မြန်မြန် ဆီးကြိုလိုက်သည်။
“ သည်အထူးဧည့်သည်က တောင်ပိုင်းကလာတာတဲ့၊ သူက ပိုင်ရှင်နဲ့ ဆွေးနွေးစရာ လုပ်ငန်းကြီးတစ်ခု ရှိတယ်ပြောလို့ပါ၊ ကြည့်ရတာ တကယ့်လူချမ်းသာတစ်ယောက်ပြ၊ ဒါပေမဲ့ ကျွန်တော့်ဘက်ကတော့ ဘာသတင်းမှ စုံစမ်းလို့ မရသေးဘူး”
တတိယသခင်ကြီးဟွမ် သိထားသည့်အကြောင်းအရာများကို နားထောင်ပြီးနောက် ယိုကျင့်က အသာအယာခေါင်းညိတ်လိုက်လေသည်။
“ လုပ်ငန်းကြီးတစ်ခုဆိုမှတော့ စကားပြောကြည့်ကြတာပေါ့”
စကားပြောရင်းနှင့် နှစ်ယောက်သားသည် ပထမထပ်က ဧည့်ခန်းတံခါးဆီ ရောက်လာကြလေသည်။ တံခါးတွင် စောင့်ကြပ်နေသည့် ဝတ်ကောင်းစားလှနှင့် အစောင့်များကို တစ်ချက်ကြည့်လိုက်ပြီး ယိုကျင့်၏စိတ်ထဲတွင် အကြောင်းမဲ့ တုန်ယင်သွားတော့သည်။ ဒီလူတွေက ဒီလိုကြောက်စရာကောင်းတဲ့ ခံစားချက်တစ်ခုကို ပေးနိုင်တာပဲ။ တစ်နှစ်ပတ်လုံး စစ်မြေပြင်မှာ တိုက်ခိုက်နေတဲ့သူ ဖြစ်ရမယ်။ သူတို့တွေ စစ်တပ်ထဲကများလား။
ရန်ဝေ့သည် ဘာတစ်ခွန်းမှ မပြောချေ။ သူသည် နှုတ်ဆိတ်က နောက်သို့တစ်လှမ်းဆုတ်လိုက်ပြီး နှစ်ယောက်ထဲ စကားပြောနိုင်ရန် ရှောင်ပေးလိုက်သည်။ ထို့နောက်တွင် သူတို့သည် လက်ထဲက ဓားရှည်များနှင့် တံခါးနားတွင် စောင့်ကြပ်နေကြသည်။ အဝေးတစ်နေရာက အခြေအနေကို ကြည့်နေသည့် စုကျားမီ၏ ဝန်ထမ်းမှာ အနားမကပ်လာရဲပေ။ ကြောက်ဖို့ကောင်းလေစွ။
ဧည့်ခန်းထဲတွင် ယိုကျင့်က လမ်းလျှောက်ဝင်လိုက်သည်နှင့် နံရံပေါ်တွင် ချိတ်ဆွဲထားသည့် အနီရောင်ဆီးပန်းပွင့်ပန်းချီကားကို မသိမသာမော့ကြည့်ပြီး အလွန်စိတ်ဝင်စားနေသည့် ဘီးတပ်ကုလားထိုင်ပေါ်တွင် ထိုင်နေသည့် လူရွယ်တစ်ယောက်ကို တွေ့လိုက်ရလေသည်။ သူသည် မျက်နှာပေါ်တွင် ကျောက်စိမ်းမျက်နှာဖုံးတစ်ခုကို တပ်ဆင်ထားသည်။
အနည်းငယ်ရင်းနှီးသည့် အရိပ်မည်းကို မြင်လိုက်ရပြီး ယိုကျင့်သည် အနည်းငယ် မသင်္ကာ ဖြစ်သွားတော့သည်။ ဧကန္တက ငါ သိတဲ့တစ်ယောက်ယောက်များလား။ သို့တိုင် သူမ၏စိတ်ထဲက သံသယများကို ဖိနှိပ်ထားလုက်ပြီး သူမ၏မျက်နှာပေါ်တွင် ခပ်ရေးရေးအပြုံးတစ်ခု ဆောင်ထားလိုက်သည်။
“ ကျွန်မ ရောက်လာတာ နောက်ကျသွားတယ်၊ ကျေးဇူးပြုပြီး ခွင့်လွှတ်ပါရှင်”
ထိုယောက်ျားသည် သူမ၏အသံကြောင့် အနှောင့်အယှက် ဖြစ်သွားပုံရပြီး သူ့ခေါင်း လှည့်လာ၏။ မျက်နှာဖုံးမှတဆင့် သူမကို ကြည့်နေလိုက်ပြီး သူက ပြောလိုက်သည်။
“ရပါတယ်ခင်ဗျာ ကျွန်တော်လည်း အခုလေးတင်မှ ရောက်တာပါ၊ မိန်းကလေးစု ကျေးဇူးပြုပြီး ထိုင်ပါ”
မသိမသာ ခပ်ရှရှအသံက အလွန်မှ သူစိမ်းဆန်နေ၏။
ယိုကျင့်နှင့် တတိယသခင်ကြီးဟွမ်တို့သည် ဘယ်တစ်ဖက် ညာတစ်ဖက်စီတွင် ထိုင်ချလိုက်သည်။ ယိုကျင့်က ဧည့်သည်အတွက် လက်ဖက်ရည်ပန်းကန်ကို ပြန်ဖြည့်ပေးလိုက်ပြီး
“ အထူးဧည့်သည်တော်ကြီးရဲ့နာမည်ကို သိခွင့်ရှိမလားရှင်၊ ရှင် ဒီကိုရောက်လာတာ လုပ်ငန်းကိစ္စ ဆွေးနွေးချင်လို့ဆိုပြီး တတိယသခင်ကြီးဟွမ်ဆီက ကြားထားပါတယ်၊ ဘယ်လို အရောင်းအဝယ်မျိုး လုပ်ချင်တာလဲ မသိဘူး”
ထိုလူက ရွှေသားတစ်ရာလောက် တန်သည်ဟုဆိုကြသည့် မီးခိုးရောင်ကျောက်စိမ်းဘရိုကိတ်သား အဝတ်အစားကို ဝတ်ဆင်ထားပြီး ကော်လံနှင့် လက်အင်္ကျီအနားပေါ်တွင် ဝါးပင်ပုံစံ ချည်ပန်းထိုးထားသည့် ပုံစံမှာ စု ချည်ပန်းထိုးလက်ရာဖြစ်မှန်း သူမ သတိထားမိသည်။ ဘာမိသားစုနောက်ခံမှ မရှိရင် ဘယ်သူက ဒီလိုပုံစံမျိုးကို ဝတ်စားရဲမှာလဲ။ တတိသခင်ကြီးဟွမ်က အရမ်းကို သတိထားပြီး သူမကို ဒီအထိဖိတ်လာတာ မဆန်းတော့ပါဘူး။ တကယ်လုပ်ငန်းကြီးတစ်ခု ဖြစ်နေတာပဲ။ ထိုသို့ စဥ်းစားလိုက်ပြီး ယိုကျင့်က စိတ်ထဲတွင် တအုံ့နွေးနွေး ခံစားချက်တစ်ခု ကျန်ရစ်နေသော်လည်း သူမကိုယ်သူမ အဆင်သင့်ဖြစ်အောင် လုပ်လိုက်လေသည်။
“မိန်းကလေးစုက အားနာတတ်ရန်ကောဗျာ၊ ကျွန်တော်က စုစီရင်စုပြည်နယ်က ယွီမိသားစုကပါ၊ မိသားစုရဲ့ တတိယသားပါ၊ ကျွန်တော်က မိန်းကလေးထက် တစ်နှစ် နှစ်နှစ်လောက်ပဲ ကြီးမယ်ထင်ပါတယ်၊ စိတ်မရှိရင် ကျွန်တော့်ကို အစ်ကိုစန်းယွီလို့ ခေါ်နိုင်ပါတယ်”
ကျောက်စိမ်းမျက်နှာဖုံးနှင့် ထိုလူက အကြိမ်အနည်းငယ် ချောင်းဆိုးသွားသည်။ သူ့အသံမှာ အနည်းငယ် မသိမသာခြောက်ကပ် တိမ်ဝင်နေသည်။
သူပြောလိုက်သည့် စကားကို ကြားလိုက်ရပြီး ယိုကျင့်မှာ ရှင်းမပြတတ်အောင် စိတ်ပျက်သွားတော့သည်။ သို့တိုင် သူမ၏မျက်နှာထားကို မပြောင်းလဲစေဘဲ ပြုံးပြလိုက်၏။
“ ဒါဆိုရင် ကျွန်မက အစ်ကိုစန်းယွီကို အသားယူသလို ဖြစ်နေတော့မှာပဲ၊ အစ်ကိုစန်းယွီ ချောင်းဆိုးနေတယ်ဆိုတော့ ကျွန်မတို့ဆိုင်က အိမ်လုပ် လိမ္မော်ဖျော်ရည်ကို သောက်ကြည့်ပါလား”
“ ဒါဆိုရင် ကောင်းတာပေါ့၊ ကျွန်တော် ဒီတစ်ခေါက် မိန်းကလေးစုနဲ့ လာဆွေးနွေးတာကလည်း စုကျားမီရဲ့လုပ်ငန်းကိစ္စပါပဲ၊ ဒါဆိုရင် ကျွန်တော် အရင်ဆုံး အရသာစမ်းကြည့်လိုက်မယ်လေ”
စန်းယွီသည် စုမိသားစုနှင့် လုပ်ငန်းလုပ်ချင်သည့် စိတ်ရင်းအမှန်ရှိပုံရပြီး သူ့စကားများကလည်း ယဥ်ကျေးလှသည်။ မိတ်ဆွေဖွဲ့ရန် စိတ်ကူး ရှိထားပုံရသည်။
အမိန့် ရလာသည့် စားပွဲထိုးငယ်လေးက ပျားလိမ္မော် အချိုရည်ထည့်ထားသည့် အဖြူရောင် ကြွေပန်းကန်လုံးကို မြန်မြန်ပြန်ဖြည့်ရန် ထွက်သွားပြီး ပြန်လာခဲ့လေသည်။ ဧည့်သည်ရှေ့တွင် ချပေးလိုက်ပြီးနောက် သူက တိတ်တိတ်လေး ပြန်ထွက်သွားပြီး တံခါးကို အသာအယာပိတ်လိုက်၏။ သူသည် ဘေးဘီကို ဝေ့မကြည့်ရဲပေ။
စန်းယွီက ပျားလိမ္မော်ရည်ကို တစ်ငုံလောက်သောက်လိုက်ပြီး ပန်းကန်လုံးကို ပြန်ချထားလိုက်ကာ အပြုံးတစ်ခုဖြင့် ပြောလိုက်လေသည်။
“ စုကျားမီရဲ့ အမှတ်အသားလို့ မပြောရဘူး၊ ပါးစပ်ထဲမှာ ပျော်ဝင်ပြီး ချိုနေတာပဲ ၊ မိန်းကလေးစုက တကယ်စိတ်ရင်းကောင်းလိုက်တာ”
မျက်နှာဖုံးတပ်ထားသော်လည်း စုကျားမီအပေါ်ထားသည့် စန်းယွီ၏ကျေနပ်သည့်သဘောထားကို ခံစားမိနိုင်သည်။ ယိုကျင့်ကို ကြည့်နေသည့် သူ့အကြည့်က လေးနက်ပျော်ရွှင်မှုတစ်ခုကို ဆောင်နေတော့သည်။
“ အစ်ကိုစန်းယွီက ချီးကျူးလွန်းနေပါပြီ၊ အစ်ကိုစန်းယွီက သဘောကျတယ်ဆိုရင် ကျွန်မ ရှင် ယူသွားဖို့ အောက်ကလူတွေကို နည်းနည်းပါးပါး ပြင်ဆင်ထားခိုင်းလိုက်ပါမယ်၊ အခုက ရာသီပြောင်းလဲချိန်ဆိုတော့ မိုးလေဝသက အရမ်းကို အပြောင်းအလဲမြန်တယ်၊ ပုံမှန်နေ့တွေမှာ လိမ္မော်ကျွတ်သီးကို ရေနဲ့ရောပြီး သောက်ပါ၊ လည်ချောင်းခြောက်ပြီး နေရာခက်တာကို သက်သာစေတယ်”
ယိုကျင့်သည် သူမမိသားစု၏ နန်းတော်က လိမ္မော်ကျွတ်သီးဖျော်ရည် လျှို့ဝှက်ဖော်စပ်နည်း အပေါ် အလွန်ယုံကြည့်မှုရှိလေသည်။ သည်ဖော်စပ်နည်းသည် သူမနှင့် အမျိုးသမီးစုက စုမိသားစု၏ တော်ဝင်စားဖိုးကဲအဘိုး၏ နည်းကို အခြေခံထားပြီး အဖန်ဖန် ပြုပြင်ပြောင်းလဲထားသည့် ဖော်စပ်နည်းဖြစ်သည်။ စုကျားမီ၏အမှတ်တံဆိပ်များထဲက တစ်ခုဟု ဆိုနိုင်လေသည်။ အထူးသဖြင့် ရာသီပြောင်းချိန် ဆောင်းဦးနှင့် ဆောင်းရာသီများတွင် ရောင်းအားအကောင်းဆုံးဖြစ်သည်။
“မိန်းကလေးစုက အရမ်းကို နှိမ့်ချတာပဲ၊ ကျွန်တော်က မိန်းကလေးစုနဲ့ စုကျားမီရဲ့လုပ်ငန်းကို လာဆွေးနွေးတာပါ”
စန်းယွီက သူ၏ရှည်သွယ်ဖြူဆွတ်သည့်လက်ဆစ်များဖြင့် လက်ဖက်ရည်ပန်းကန်လုံး၏အစွန်းကို အသာအယာခေါက်နေလိုက်ပြီးမှ ပြောလိုက်လေသည်။
“ ကျွန်တော် စုကျားမီကို တောင်ပိုင်းဘက် ယူသွားပြီး တောင်ပိုင်းစျေးကွက်မှာ ဖွင့်ချင်လို့ပါ....”
စန်းယွီ၏စကားကို နားထောင်လိုက်ပြီးနောက် ယိုကျင့်၏မျက်လုံးများသည် အရောင် လက်သွားတော့သည်။ စန်းယွီ ပြောတာတွေက အမှန်ပဲဆိုရင် သူ့မှာ ရေလမ်းခရီး သွားလာမဲ့ နည်းလမ်းရှိလို့ပဲ ဖြစ်ရမယ်။ ဒါဆို စုကျားမီရဲ့ ကုန်ပစ္စည်းတွေကို တခြားနိုင်ငံကို တင်ပို့နိုင်မှာပဲ။ သူမကလည်း ယွီမိသားစုရဲ့ ပင်လယ်ခရီးကုန်သင်္ဘောတွေကို သုံးနိုင်ပြီး သာ့ဖုန်းမှာမရှိတဲ့ ကုန်ပစ္စည်းတွေ၊ အပင်တွေနဲ့ သီးနှံအမျိုးမျိုးကို စုဆောင်းနိုင်မယ်။ ဒါက စုမိသားစုအတွက် ကြီးမားတဲ့ အကျိုးအမြတ်တစ်ခုပဲ။
“ အစ်ကိုစန်းယွီ ပြောတာက မှန်ပါတယ်၊ ဒါပေမဲ့ ကျွန်မ အစ်ကိုစန်းယွီနဲ့ ဆွေးနွေးချင်တာ တစ်ခုရှိတယ်”
ယိုကျင့်သည် စဥ်းလဲသည့်မြေခွေးတစ်ကောင်နှယ် တလက်လက်တောက်ပနေသည့် မျက်လုံးများနှင့် တစ်ဖက်လူကို ကြည့်လိုက်လေသည်။
“ကျွန်မတို့စုမိသားစုက ထုတ်လုပ်ရေးအပိုင်းကို တာဝန်ယူပေးမယ်၊ ကုန်ကျစရိတ်ကို မပါဘဲနဲ့ စုမိသားစုက အမြတ်ရဲ့ ၂၀%ကို ယူမယ်၊ ဘယ်လိုသဘောရပါသလဲ”
ယိုကျင့်သည် သူမ၏ကိုယ်ပိုင်ပစ္စည်း အပေါ်တွင် အလွန်ယုံကြည်မှုရှိလေသည်။ နောက်ဆုံး ယခုအချိန်တွင် ပျားမွေးမြူနည်းကို သိသူများနှင့် သည်လောက်အများအပြား မွေးနိုင်သူမှာ လော့ဟယ်တွင် သူမ မိသားစုတစ်ခုသာ ရှိသည်။ ထို့အပြင် စုကျားမီ၏ ပန်းပေါင်းစုံပျားရည် အမျိုးမျိုးကကလည်း လျှို့ဝှက်နည်းများ ဖြစ်လေသည်။ တခြားဘယ်နေရာကမှ မထုတ်လုပ်ပေ။ ထို့ကြောင့် သူမသည် ခြင်္သေ့တစ်ကောင်လို ရဲတင်းကာ ပြောလိုက်ခြင်းပင်။
“ မိန်းကလေးစု ပါးနပ်ပါပေတယ်”
စန်းယွီ၏မျက်လုံးများထဲက တဖိတ်ဖိတ်လက်နေသည့် အရောင်မှာ ပိုပြီး အားကောင်းလာလေသည်။ မျက်နှာဖုံးဖြင့် ကာထားသည့် သူ့နှုတ်ခမ်းထောင့်များကပင် အပြုံးတစ်ခုကို ပြသနေသည်။
“ သယ်ယူပို့ဆောင်ရေး၊ သင်္ဘောတင်တာနဲ့ အရောင်းကိစ္စအားလုံးကို ကျွန်တော်တို့ ယွီမိသားစုက တာဝန်ယူပါတယ်၊ စုမိသားစုကတော့ ကုန်ပစ္စည်းအတွက်ပဲ တာဝန်ယူပေးပါ၊ ပြီးတော့ ၂၀% က အရမ်းများတယ်၊ ၁၀%ဆိုရင်ကော ဘယ်လိုလဲ”
ယိုကျင့်က နေရာတွင်ပင် စဥ်းစားနေဟန် ဆောင်လိုက်ပြီးမှာ ထိုကိစ္စကို သဘောတူလိုက်တော့သည်။ နှစ်ဖက်လုံးကာ လက်တွဲလုပ်ဆောင်မည့်ကိစ္စများကိုယုံယုံကြည်ကြည်နှင့် ဆွေးနွေးတိုင်ပင်လိုက်ကြပြီး တစ်ထိုင်တည်း ဆုံးဖြတ်လိုက်ကြသည်။ သူတို့သည် လုပ်လက်စနှင့် စာချုပ်တွင် လက်မှတ်တစ်ခါတည်း ထိုးလိုက်ကြလေသည်။
စန်းယွီသည် ရှားပါးသည့် ဘယ်သန်တစ်ယောက်ဖြစ်သည်။ ရှင်းလင်းကာ အားကောင်းလှသည့် သူစာသားများကို လှလှပပ ရေးထားလေသည်။ စုတ်တံကို ချလိုက်ပြီးနောက် သူက ယိုကျင့်အား ပြုံးပြလိုက်၏။
“ နောက်ဆိုရင် ကျွန်တော်က ကျွန်တော်တို့ယွီမိသားစုရဲ့ အိမ်တော်ထိန်းနဲ့ မိန်းကလေးစုကို ဆက်သွယ်ခိုင်းလိုက်ပါ့မယ်၊ ဒါဆိုရင် လက်တွဲလုပ်ဆောင်ရတာ ဝမ်းသာပါတယ်”
ယိုကျင့်က စာချုပ်များထဲက တစ်ခုကို လက်ခံလိုက်ပြီး စာအုပ်ကလေးပေါ်က ‘ယွီယန်’ ဟူသည့်စာလုံးများကို လှမ်းကြည့်လိုက်လေသည်။ သူမသည် သူ့မျက်နှာကို သေချာမမြင်ရသော်လည်း တချို့လူများက နာမည်နှင့်လိုက်အောင် နေထိုင်တတ်မှန်း တစ်နည်းနည်းဖြင့် ခံစားမိလိုက်သည်။
“အစ်ကိုစန်းယွီ နောက်ဆိုရင် ကျွန်မတို့က အစ်ကိုစန်းယွီရဲ့ ထောက်ပံ့မှုကို အားကိုးဖို့ သဘာတူထားကြတာပါ”
စန်းယွီက သူ့စိတ်ရင်းအမှန်ကို ပြသရန် အလွန်မှ ရက်ရောလွန်းလှသည်။ သူသည် တစ်ထိုင်တည်း လျန် တစ်သိန်းကို စရံငွေ ပေးချေလိုက်သည်။
“ ဒါက စရံငွေပါ၊ မိန်းကလေးစု လျန်တစ်သိန်းဖို့ ကုန်ပစ္စည်းကို အရင်ဆုံး လုပ်ပေးပါ၊ ကျွန်တော်တို့ ယွီမိသားစုရဲ့ သင်္ဘောတွေက လော့ဟယ်ကို ဆယ်ရက်နေရင် ရောက်လာလိမ့်မယ်၊ သည်ရက်ပိုင်းအတွင်းတော့ ကျွန်တော် မိန်းကလေးစုကို ကြိုးစားပေးဖို့ တောင်းဆိုရတော့မှာပဲ”
စန်းယွီ ပြန်သွားသည်ကို စောင့်ကြည့်နေလိုက်ပြီးနောက် ယိုကျင့်က တတိယသခင်ကြီးဟွမ်နှင့် တိုင်ပင်လိုက်သည်။
“ သိုလှောင်ရုံထဲ လက်ကျန်ပစ္စည်းတွေကို စစ်ဆေးပေးဖို့ တတိယသခင်ကြီးဟွမ်ကိုပဲ ဒုက္ခပေးရတော့မယ်၊ ကျွန်မ ဘယ်လောက်အထိ ထုတ်မလဲဆိုတာကို သိရဖို့ ဟိုကျားဝမ်ကို သွားရအုံးမယ်”
စုကျားမီက ရောင်းချပေးသည့် ပျားရည်အမျိုးမျိုးကို ဟိုကျားဝမ် အလုပ်ရုံက ထုတ်လုပ်ပေးသည်။ ရက်တော်တော်များများအတွက် ကုန်ကြမ်းတွေကို သိမ်းထားတယ်ဆိုပေမဲ့ လျန်တစ်သိန်းဖိုး ကုန်ကြမ်းက တော်တော်များတဲ့ ပမာဏပဲ။ လောက်ပါ့မလားတောင် မသိဘူး။
တတိယသခင်ကြီးဟွမ်က ခေါင်းညိတ်ပြလိုက်ပြီး ပြန်ပြောလိုက်၏။
“ တောင်ပိုင်းမှာ စျေးကွက်ရသွားပြီးဆိုတာနဲ့ ဟိုကျားဝမ်က လူအင်အားနဲ့ ကုန်ကြမ်းပစ္စည်းတွေက လောက်ချင်မှ လောက်တော့မှာ”
လက်ရှိတွင် စုကျားမီသည် လော့ဟယ်မြို့၏ စျေးကွက်တွင်သာ လုပ်နေခြင်းဖြစ်သည်။ ပမဏက တော်တော်သေးငယ်သည်ဟု ဆိုရမည်။ ဟိုကျားဝမ်အလုပ်ရုံတွင် လူများသည်ဆိုယုံလောက်သာ ရှိလေသည်။
“ တတိယသခင်ကြီး စိတ်မပူပါနဲ့၊ ကျွန်မ ဒီကိစ္စကို ကိုယ်တိုင်စီစဥ်လိုက်ပါမယ်၊ ဒီပစ္စည်းတွေကိုပဲ အရင် ပြင်ဆင်လိုက်ကြတာပေါ့၊ ပြီးမှ ကျန်တာကို ဆက်ရှင်းကြမယ်”
ယိုကျင့်သည် ယုံကြည်မှုရှိဟန်တူသည်။
“ ပြီးတော့ စန်းယွီရဲ့ဇာစ်မြစ်ကို စုံစမ်းဖို့ တတိယသခင်ကြီးကိုပဲ ဒုက္ခပေးရအုံးမယ်”
လုပ်ငန်းကို လက်တွဲလုပ်ဆောင်လိုက်ပြီလျှင် တချို့ အသေးစိတ်အချက်အလက်များကို သိထားလျှင်ပိုကောင်းသည်။
တတိယသခင်ကြီးဟွမ်၏လှုပ်ရှားမှုက မြန်ဆန်လှသည်။ ယွီမိသားစု၏ သင်္ဘောများ ရောက်မလာခင်မှာပင် သူရနိုင်သမျှ သတင်းအားလုံးကို ရှာတွေ့ထားပြီးဖြစ်သည်။
“ ဒီစန်းယွီက တကယ်ပဲ စုစီရင်စုပြည်နယ်ကပါ၊ စု စီရင်စုပြည်နယ်က ပြန်လာတဲ့ ကုန်သည်တချို့ဆီက ကြားတာတော့ စန်းယွီက ပေါ်လာတာ တစ်နှစ် နှစ်နှစ်လောက်ပဲ ရှိသေးတယ်တဲ့၊ သူ့နာမည်ပြောင်က ‘ချမ်းသာခြင်းနတ်ဘုရားယွီ’ ဆိုပဲ၊ လက်ရှိမှာတော့ သူ့နာမည်အောက်မှာ စု နဲ့ ဟန် စီရင်စုပြည်နယ်တွေမှာ စီးပွားရေးနေရာကောင်းတစ်ခု ရထားတယ်တဲ့၊ ပြီးတော့ ပင်လယ်ကူးသင်္ဘောအုပ်စု နှစ်စု ရှိတယ်တဲ့၊ ဒါပေမဲ့ သူက ဘယ်လိုရုပ်ရည်ရှိလဲ၊ သူ့အသက်နဲ့ သူမိသားစုနောက်ခံကိုတော့ ရှာမရခဲ့ဘူး”
သည်အကြီးဆုံးမမလေးနှင့်အတူ ဟိုကျားဝမ်သို့ အလည်လာသည့် တတိယသခင်ကြီးဟွမ်သည် ယိုကျင့်နောက် ခြေလှမ်းတစ်ဝက် နောက်ကျကာ လိုက်လာပြီး သူ စုံစမ်းခဲ့သည့် သတင်းများကို တစ်ခုပြီးတစ်ခု ပြောပြလိုက်သည်။
ယိုကျင့်က ခေါင်းညိတ်လိုက်၏။ ကြာဖူးလေးများ ပေါ်နေသည့် ကြာပန်းကန်လေးကို ကြည့်လိုက်ပြီး သူမက ပြောလိုက်လေသည်။
“ နှစ်အနည်းငယ်အတွင်း ဒီလိုအောင်မြင်မှုတစ်ခု ရထားတယ်ဆိုတော့ သူ့မှာ အရည်အချင်းတချို့ ပိုင်ဆိုင်ထားတယ် ထင်တယ်၊ သူက သတင်းမွှေးနေသလောက် တော်တယ်ဆိုရင် လှေကောင်းတစ်ခုပေါ် ခုန်တက်နေတာလို့ ပြောလို့ရတယ်”
“ အဲဒီစန်းယွီက ဘုရားကျောင်းလမ်းကြားပေါ်က ရှောင်မိသားစုရဲ့အိမ်ကို ဝယ်လိုက်တယ်တဲ့”
တတိယသခင်ကြီးဟွမ်သည် တစ်ခုခုကို သတိရသွားပြီး ပြောလိုက်လေသည်။
“ သူ လော့ဟယ်မှာ အကြာကြီးနေချင်လို့များလား၊ ဒါမှမဟုတ် ယာယီအခြေချချင်လို့များလားတော့ မသိရဘူး”
ရှောင်မိသားစုအိမ်ကို နိုင်ငံဘဏ္ဍာအဖြစ် သိမ်းလိုက်ပြီးနောက်တွင် အိမ်ကို လော့ဟယ်ပြည်နယ်ထဲက လူချမ်းသာစီးပွားရေးသမားတစ်ယောက်က ဝယ်သွားသည်။ ယိုကျင့်သည် တစ်ချိန်လုံး ထိုအိမ်ကို ဝယ်ချင်ခဲ့သော်လည်း အခွင့်အရေးမရခဲ့ချေ။ အခုတော့ စန်းယွီ၏လက်ထဲ ရောက်ချေပြီ။ သူမက ပြုံးလိုက်ပြီး
“ ကံပဲပေါ့လေ၊ နောက်ဆုံးတော့ ကိုယ့်ပစ္စည်းမဟုတ်တဲ့ဟာက ဘယ်တော့မှ ကိုယ့်ပစ္စည်း ဖြစ်လာမှာမဟုတ်ဘူး”
တတိသခင်ကြီးဟွမ်သည် သူမ စဥ်းစားနေသည့်အကြောင်းအရာကို သိလိုက်လေသည်။ သူမက ထိုသို့ပြောလိုက်သဖြင့် သူကလည်း ဘာမှဆက်မပြောလိုက်တော့ပေ။
…