အခန်း ၁၄၉
Vol. 10 Ch. 149
အပိုင်း (၁၄၉) ပထမဆုံးတွေ့ဆုံခြင်းနှင့် အငြင်းခံရခြင်း
လျှို့ဝေသည် ဖြတ်လတ်တက်ကြွသည့် လူငယ်ဖြစ်သည့်အလျောက် အပေါင်းအဖော်များမှာလည်း တက်ကြွကြသည့် လူငယ်လေးများဖြစ်ကြသည်။ ထို့ကြောင့် စာအုပ်ကြီးကဲ့သို့ ရိုးရှင်းကာ စာကိုပဲ တွေးသည့် စစ်ဝေနှင့် အစပ်အဟပ်မတည့်ကြသည်မှာ သဘာ၀ကျလှသည်။ လျှို့ဝေမှ စစ်ဝေကို အတူခေါ်လာချိန်တွင် သူတို့သည် အနည်းငယ် ကြောင်သွားသော်လည်း ခဏလေးနှင့်ပင် ပျော်ရွှင်တက်ကြွလာကြကာ အတူတကွ လျှောက်လည်ကြလေသည်။
များပြားလှသည့် လူငယ်များ ကြာတစ်ထောင်ကန်သို့ ရောက်ချိန်၌ စစ်ဝေသည် သူ့ကိုယ်သူ လျှို့ဝေ၏အတန်းဖော်များနှင့် ပုံစံမတူညီဘူးဟု ခံစားလာမိသည်။ ထို့ကြောင့် ညီငယ်၏နောက်မှ လျှောက်ကာ သတိမထားမိချိန်၌ ကြာကန်၏ အခြားဖက်သို့ တစ်ဦးတည်းလျှောက်သွားလေသည်။
“လျှို့ဝေ မင်းအစ်ကိုကို ဘာလို့ခေါ်လာတာလဲ” စစ်ဝေထွက်သွားသည်ကို မြင်သည့်နောက် စာကြည့်ရသည်ကို မကြိုက်သော လူငယ်အုပ်စုသည် စိတ်သက်သာရာရသွားတော့သည်။
“မင်းအစ်ကိုက တောင်ကြီးတစ်ခုလိုပဲ ဟိတ်ဟန်ကြီးတော့ ငါ့မှာ သူ့ရှေ့ဆို ခေါင်းမွေးပါ ထောင်တယ်”
“ငါရောပဲ” ထိုသို့ခံစားရသည့်လူများမှာ တစ်ယောက်တည်းမဟုတ်ဘဲ အားလုံးသည် တစ်ပုံစံတည်း တွေးကြသည်။
လျှို့ဝေသည် ထိုအရာကြောင့် ဆွံ့အသွားမိသည်။ “မမျှော်လင့်ဘဲ ဖြစ်သွားတာပါ။ ငါ့အစ်ကိုက တကယ် စာအုပ်ကြီးအတိုင်းကျင့်တဲ့လူပဲ။ မင်းတို့ကောင်တွေ ကြောက်နေကြတာ ကြည့်ပါဦး”
လူငယ်အုပ်စုသည် ထိုစကားကို ကြာပြီးနောက် အားရပါးရရယ်မောကြကာ စတင်ပြီး တရုန်းရုန်း ဖြစ်လာတော့သည်။ တစ်ယောက်တည်း သွားလာနေသော စစ်ဝေသည် သူ၏နောက်၌ အခြားလူများ ဘာပြောနေသည်ကို မသိခဲ့ချေ။
ဇွန်လ၏ ရာသီဥတုသည် ကလေးငယ်၏ မျက်နှာအမူအရာနှင့်တူပေသည်။ ခဏလေးအတွင်း ပြောင်းလဲနိုင်သည်။ ကြည်လင်သန့်ရှင်းနေသော ကောင်းကင်သည် ခဏအတွင်း မိုးများ ရွာသွန်းတော့သည်။
စစ်ဝေသည် မိုးသည်းထန်စွာ ရွာလာမည်ဟု မထင်ထားခဲ့ပေ။ လက်ရှိရောက်ရှိနေသော နေရာမှာ ပွဲကြည့်စင်နှင့် ဝေးကွာလှသည်။ အနီးဆုံး မိုးခိုရာနေရာမှာ ကြာကန်၏ တစ်ဖက်၌ အစဉ်လိုက်ဆောက်ထားသည့် အပြာရောင်အုတ်များနှင့် ဆောက်ထားသော အိမ်၏အုတ်ကြွပ်အိမ်သာ ဖြစ်သည်။ ထို့ကြောင့် သူသည် လက်ဖြင့် မိုးရေများကိုကာပြီး အုတ်ကြွပ်အိမ်လေးဆီသို့ မိုးခိုရန် အမြန်ပြေးလွှားသွားခဲ့သည်။
သို့သော်လည်း မိုးသည် အလွန်သည်းထန်လွန်းပေသည်။ တံစက်မြိတ်အောက်၌ နားခိုနေချိန်တွင် သူ၏အစိမ်းရောင်၏၀တ်ရုံမှာ တစ်၀က်မျှ စိုရွှဲနေပြီဖြစ်သည်။ အုံ့မှိုင်းနေသော ကောင်းကင်ကို တစ်ချက်ကြည့်ရုံဖြင့် မိုးသည် မရပ်မနားရွာတော့မည်ဖြစ်ကြောင်း သိသည့်အတွက် သက်ပြင်းချမိတော့သည်။ “ဒီနှစ်က ကံဆိုးတဲ့နှစ်များလား”
မိုးသည်းထဲ၌ ပုံရိပ်လေးတစ်ခု ပေါ်ထွက်လာခဲ့သည်။ လက်ကျပ်အင်္ကျီနှင့် စကတ်ကားကားလေး ၀တ်ထားသည့် မိန်းမငယ်လေးသည် ကြာပန်းနှင့်ကြာစေ့များကို ညာဘက်လက်၌ ကိုင်ထားပြီး ဘယ်ဘက်လက်တွင် မိုးကာရန် ကြာရွက်ကြီးတစ်ရွက်ကို ကိုင်ကာ သူခိုနားရာ အမိုးအောက်သို့ အမြန်ပြေး၀င်လာခဲ့သည်။
“စတုတ္ထသခင်မလေး” ထိုအချိန်၌ အိမ်၏တံခါးသည် ကျွီခနဲမြည်သံနှင့်အတူ ပွင့်ဟလာခဲ့သည်။ အထဲမှ အမျိုးသမီးကြီးတစ်ဦးသည် ထီးတစ်ချောင်းကို ကိုင်ဆိုင်လာကာ ထိုထီးဖြင့် မိန်းကလေးအား မိုရေများမှ ကာကွယ်လိုက်သည်။ “ဒီအစေခံအိုကြီးက ကောင်းကင်ကြီး အရောင်ပြောင်းပြောင်းချင်းပဲ ထွက်လာခဲ့တာ သခင်မလေး အဆင်ပြေရဲ့လား”
“စိတ်ပူမပါနဲ့။ ကျွန်မမှာ ဒါလေးရှိပါတယ်” ထိုမိန်းကလေးသည် အပြုံးလေးဖြင့် လက်ထဲ၌ ကိုင်ထားသော ကြာရွက်ကို လှုပ်ရမ်းပြလိုက်သည်။ ထိုအပြုံးသည် တောက်ပလွန်းကာ သူမ၏အပြုအမူများသည် ကြာပန်းနတ်သမီးလေးများ ပျံဝဲနေသည်နှင့်တူပေသည်။
အစေခံအိုကြီးမှာ သူမ၏ စကတ်ထောင့်နားရှိ အနည်းငယ်ရေစိုနေသည့် နေရာကိုတွေ့ကာ သက်ပြင်းချမိသည်။ “ဒီအစေခံအိုကြီးက တစ်ယောက်ယောက်ကို ချင်းပြုတ်ရည် လုပ်ခိုင်းလိုက်ပါ့မယ်။ သခင်မလေးလည်း အင်္ကျီအစိုကို အမြန်လဲပြီး အအေးမမိအောင် ချင်းပြုတ်ရည်လေး သုံးဆောင်လိုက်ပါ”
သခင်နှင့်အစေခံနှစ်ဦးသည် ထီးဆောင်းရင်း စကားတပြောပြောဖြင့် ၀င်သွားကြကာ ထောင့်ထဲ၌ မိုးခိုနေသော စစ်ဝေကို မည်သူမျှ အာရုံမပြုမိခဲ့ကြပေ။ ကျွီဆိုသော မြည်သံနှင့်အတူ တံခါးပိတ်သွားမှသာ စစ်ဝေသည် သူ၏ငေးမောနေမှုမှ လွတ်မြောက်လာမိသည်။
သူသည် ကြာကန်ထဲသို့ ပဲစေ့အရွယ် မိုးပေါက်များ ကျဆင်းသွားသည်ကိုသာ ကြောင်တောင်တောင်နှင့် ရပ်ကြည့်နေခဲ့သည်။ အနီးအနာပတ်၀န်းကျင်သည် အလွန်တိတ်ဆိတ်လှသည်။ သူ၏နားထဲ၌ မိုးစက်များ၏ တဖြောက်ဖြောက် ကျဆင်းသံသာ ပဲ့ထင်နေခဲ့သည်။
“ဒီက လူကြီးမင်း အိမ်အိုလေးက ချင်းပြုတ်ရည် အနည်းငယ် ပြင်ဆင်ထားပါတယ်။ စိတ်မရှိရင် နည်းနည်းလောက် သုံးဆောင်ပါဦးလား” ထိုအုတ်အိမ်လေး၏ တံခါးသည် တဖန် ဖွင့်ဟလာပြန်သည်။ အစောပိုင်းက မြင်တွေ့ခဲ့ရသည့် အစေခံသည် ထီးတစ်ချောင်းဆောင်းကာ ချင်းပြုတ်ရည် ပန်းကန်လေး ကိုင်ရင်း ထွက်လာခဲ့သည်။
စစ်ဝေသည် အနည်းငယ် အံ့ဩသွားခဲ့သည်။ ထိုအိမ်လေး၏ ပိုင်ရှင်မှာ ထိုမျှ ကြင်နာတတ်မှန်း မထင်ခဲ့ပေ။ သူသည် အခြားလူအား အနှောင့်အယှက် ထပ်မပေးချင်ပေ။ ထို့ကြောင့် လက်နှစ်ဖက်ယှက်ကာ ယဉ်ကျေးစွာ ငြင်းပယ်လိုက်သည်။ “အသင်တို့အိမ်တံခါးကို မိုးခိုဖို့ သုံးနေတာကပဲ တော်တော် အနှောင့်အယှက်ပေးမိနေပါပြီ။ ဘယ်လိုလုပ်ပြီး အိမ်ရှင်ကို ထပ်ပြီးဒုက္ခပေးရပါ့မလဲ”
“လူကြီးမင်းက ယဉ်ကျေးလွန်းနေပါပြီ။ ကျွန်မတို့သခင်က ကြင်နာတတ်ပါတယ်။ တကယ်လို့ မိုးရွာထဲကနေ မိုးခိုဖို့ ပြေးလွှားနေတဲ့လူကို တွေ့ရင်တောင် သူက အခုလို ချင်းပြုတ်ရည်တွေပေးဖို့ တွန့်တိုနေမှာ မဟုတ်ဘူး” အစေခံအိုကြီးသည် အပြုံးလေးဖြင့် ဖိအားပေးလိုက်သည်။ “ဇွန်လပေမဲ့ မိုးကတအားသည်းလွန်းတယ်။ တကယ်လို့ မိုးရေမိရင် ကျန်းမာရေးအတွက် မကောင်းဘူး”
စစ်ဝေအနေနှင့် ထိုသို့ကြင်နာလှသည့် သူစိမ်းနှင့် တွေ့ဆုံဖူးသည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။ သူ၏စိတ်ထဲ၌ နွေးထွေးမှုကို ခံစားလိုက်ရသည်။ ထို့ကြောင့် လက်နှစ်ဖက်ကိုယှက်ကာ အရိုအသေပြုရင်း ကျေးဇူးတင်လိုက်သည်။ “အဲဒါဆို ကျေးဇူးတင်ပါတယ်”
ချင်းပြုတ်ရည်များနှင့် ပြည့်နေသော အဖြူရောင် ကြွေထည်ပန်းကန်ကို လက်ခံလိုက်သည်။ သူသည် တစ်ကျိုက်တည်းသောက်ကာ ပန်းကန်လွတ်ကို ချက်ချင်းပြန်ပေးလိုက်သည်။ “ကျေးဇူးပါ”
အစေခံသည် လူငယ်လေးကို သေချာစွာ ကြည့်လိုက်သည်။ မိုးရေကြောင့် နွမ်းနေသည့်တိုင် ထိုလူငယ်၏ မျက်ခုံးများမှာ တွန့်ကွေးသွားခြင်း မရှိဘဲ တည်ငြိမ်လှသည်။ သူမသည် ကျေနပ်ဟန်ဖြင့် ပြုံးလိုက်လေသည်။ ဒီလူငယ်လေးက ရည်မွန်ပြီး ကောင်းမွန်တဲ့ကလေးပဲ။ ထို့နောက် သူမသည် တံခါးဖွင့်ကာ ပန်းကန်အလွတ်ဖြင့် အိမ်ထဲသို့ ပြန်၀င်သွားတော့သည်။
စစ်ဝေသည် ချင်းပြုတ်ရည်သောက်ပြီးသည့်နောက်တွင် သူ၏ခန္ဓာကိုယ်ရှိ အရိုးအဆစ်များထိပါ နွေးထွေးသွားသည်ဟု ခံစားလိုက်ရသည်။ သူ၏နှာထိပ်လေးရှိ အမွေးအမျှင်သေးသေးလေးများ၌ပင် ချွေးများပြန်လာသလို ခံစားရသည်။
နာရီ၀က်မျှကြာပြီးနောက်တွင် ထီးတစ်ချောင်းဖြင့် လိုက်ရှာနေခဲ့သော လျှို့ဝေသည် အစ်ကိုဖြစ်သူကို ရှာတွေ့ခဲ့လေသည်။ ညီအစ်ကိုနှစ်ဦးသည် ထီးတစ်ချောင်းတည်းနှင့် ထပ်မံပွင့်ဟလာသော အုပ်ကြွပ်အိမ်လေး၏တံခါးရှေ့မှ ထွက်ခွာခဲ့ကြသည်။ ထီးကိုင်ကာထွက်လာခဲ့သော သုန်ကျီသည် ထိုလူကို ရှာမတွေ့ခဲ့ပါချေ။ ထို့ကြောင့် သူမသည် ပိုနေသော ထီးကို အထဲသို့ ပြန်သယ်သွားရုံသာ ရှိတော့သည်။
အပြာရောင်အုပ်ကြွတ်အိမ်လေး၏အပြင်ဘက်၌ မည်သူမျှ မရှိတော့ဘဲ မိုးပေါက်လေးများ၏ တေးသံသည်သာ စိုးမိုးနေခဲ့သည်။
...........
မိုးရွာပြီးသည့်နောက်တွင် ညကောင်းကင်ယံသည် ကြည်လင်နေခဲ့သည်။ ထိုမှောင်မိုက်သည့် ညကောင်းကင်တွင် တောက်ပသည့် လ၀န်းကြီးတစ်ခု ချိတ်ဆွဲနေသည်။
လှပသည့် အိပ်မက်မှ နိုးထလာသော စစ်ဝေသည် ခြုံလွှာတစ်ခုခြုံလိုက်ကာ စင်္ကြံလျှောက်လှမ်းမှ လမင်းကြီးကို ငေးကြည့်နေခဲ့သည်။ ညဘက်ရှိ လေပြေအေး၏ အလည်ရောက်ရှိမှုကြောင့်သာ အသိစိတ်၀င်လာခဲ့သည်။ ထို့နောက် အခန်းသို့ပြန်ကာ အရည်အသွေးကောင်းမွန်သည့် စာရွက်ကို ယူလိုက်ပြီး မှင်စသွေးတော့သည်။ အစေခံများ၏ ခြေလျှောက်သံများ တိုးညင်းသွားသည့်အချိန်တွင်(ညနက်တဲ့အချိန်) အနီရောင်ဖယောင်းတိုင်သည် ဖယောင်းစက်များဖြင့် အရည်ပျော်ကျကာ မီးခွက်အပြည့်ဖြစ်ချိန်၌ စစ်ဝေသည် အကြောဆန့်ကာ သူ၏လက်ထဲရှိ စုတ်တံကို ချလိုက်လေသည်။
အဖြူရောင်စကျင်ကျောက်ဖြင့် ဖိထားသော စာရွက်သားပေါ်၌ ကြာပန်းနတ်သမီးတစ်ပါး တည်ရှိလေသည်။ ထိုနတ်သမီးသည် ကြာပန်းသုံးလေးပွင့်ကို ပွေ့ပိုက်ထားကာ ကြာပန်းများမှာလည်း ငွားငွားစွင့် ပွင့်လိုနေသည်။ နတ်သမီး၏ နှုတ်ခမ်းလေးသည် ကော့ညွှတ်နေခဲ့ကာ အပြုံးဖျော့ဖျော့လေးတစ်ခု တည်ရှိနေခဲ့သည်။ စုတ်ချက်အနည်းငယ်နှင့်ပင် စာရွက်ပေါ်ရှိ မိန်းကလေးငယ်၏ ဖြူစင်မှုနှင့်နှစ်လိုဖွယ်ကောင်းမှုများသည် ထင်ရှားပေါ်လွင်နေသည်။
ဒုတိယသခင်မဝေသည် ယခုရက်ပိုင်းအတွင်း စိုးရိမ်ပူပန်မှုများကြောင့် ဆံပင်ဖြူများပင် ပေါက်နေလေသည်။ သူမသည် စုမိသားစု၏ မိန်းကလေးကို အမှန်ပင် သဘောတွေ့လှသည်။ ထိုကလေးမသည် နူးညံ့ကာ ချစ်စရာကောင်းသည့် အပြုံးလေးရှိသည့်အပြင် အမူအကျင့်မှာလည်း ကောင်းမွန်လှသည်။ ဒါပေမဲ့ ငါ့သားက ဘာလို့ လက်မခံသေးတာလဲ။
“အမေ အစ်ကိုလေးကို သဘောတူစေချင်ရင် တကယ်လို့ အမေပြောသလိုသာ အဲ့သခင်မလေးက ကောင်းမွန်တယ်ဆိုရင် အစ်ကိုလေးနဲ့ သူနဲ့ကို တွေ့ပေးကြည့်လေ။ အလုပ်ဖြစ်ချင်လည်းဖြစ်မှာပေါ့”
ချွေးမဖြစ်သူ အမျိုးသမီးရန်သည် သူမ၏ကလေးကို ပိုက်ကာ အမျိုးသမီးဝေ၏ဘေး၌ ထိုင်နေရင်း အကြုံပြုလိုက်သည်။
အမျိုးသမီးဝေသည် ထိုစကားကိုကြားပြီးနောက် မျက်၀န်းများ တောက်ပလာသည်။ “ဟုတ်သားပဲ။ လောင်အာ့တုန်းကလည်း အဲ့အတိုင်းပဲလေ” ဒုတိယအမျိုးသမီးဝေသည် သူမ ရွေးချယ်ထားသည့် ချွေးမနှင့်ပတ်သက်၍ ယုံကြည်ချက်အပြည့်ရှိပေသည်။ ထိုမိန်းကလေးသည် သူမ၏ သတ်မှတ်ချက်များကို ဖြတ်ကျော်နိုင်သည်။
ယောက္ခမဖြစ်သူမှ သူမနှင့် သူမ၏အမျိုးသားဖြစ်သူ တွေ့ဆုံခဲ့သည့်အကြောင်းကို ပြန်လည် အစဖော်လာသောကြောင့် အမျိုးသမီးရန်သည် အနည်းငယ် ရှက်သွေးဖြာမိ၍ ခေါင်းအနည်းငယ် ငုံ့လိုက်သည်။ သူမ၏ယောက္ခမဖြစ်သူသည် အခြားသူများနှင့် ကွဲပြားပေသည်။ အမူအကျင့်ရော စိတ်နေစိတ်ထားပါ ကောင်းမွန်ကာ ဖျတ်လတ်တက်ကြွသည့်သူဖြစ်သည်။ တခါတရံ အံ့ဩဖွယ်ရာများ ပြုလုပ်တတ်သော်လည်း သူမအပေါ်၌ ကောင်းမွန်စွာဆက်ဆံပေသည်။ ထို့အပြင် အတိတ်က ယောက္ခမဖြစ်သူ၏ အကြံအစည်ထုတ်မှုကြောင့်သာ မဟုတ်လျှင် သူမနှင့်အမျိုးသားဖြစ်သူသည် ယနေ့ကဲ့သို့ ဖြစ်လာမည်မဟုတ်ချေ။
“သားအခုတလော စာထဲမှာ စိတ်နှစ်ထားတယ်ဆိုတာ အမေသိပါတယ်။ အဲဒါကြောင့် သားအတွက် စားသောက်ပွဲတစ်ခု ပြင်ဆင်ပေးထားတယ်” အမျိုးသမီးဝေသည် ပြောသည့်အတိုင်း လုပ်တတ်တဲ့သူ ဖြစ်သည်။ နောက်တစ်နေ့တွင် စုကျားရန်၌ စာရင်းသွင်းကာ စစ်ဝေတစ်ဦးတည်းသာ ခေါ်လာခဲ့သည်။
ပြည့်နှက်နေသော စားပွဲဝိုင်းရှေ့တွင်ထိုင်ကာ စစ်ဝေသည် ဟင်းပန်းကန် တစ်ဆယ့်တစ်ချက်ကို အားငယ်စွာ ကြည့်မိသည်။ “အမေ ကျွန်တော်တို့နှစ်ယောက်တည်းနဲ့ ကုန်လို့လား။ ဒါက တအားဖြုန်းတီးလွန်းတယ်”
“ဘာမှတော့ မဟုတ်ပါဘူး။ ဒီနေ့ အမေစိတ်ကောင်း၀င်နေလို့ပါ။ သားစားချင်တာစားလို့ရတယ်”
အမျိုးသမီးဝေသည် အိမ်နီးချင်းမြို့တော်ရှိ ချမ်းသာသော စီးပွားရေးလုပ်ငန်းရှင် မိသားစုမှ ဆင်းသက်လာသူဖြစ်သည်။ သူမသည် ထိုအိမ်၏တစ်ဦးတည်းသော သမီးဖြစ်ကာ သူမ၏ လက်ဖွဲ့ငွေများသည် တစ်ဘ၀လုံး အေးဆေးသက်သာစွာ ထိုင်စား၍ရပေသည်။ ထို့ကြောင့် သူမ၏ လက်ထဲ၌ ငွေကြေးဥစ္စာသည် အပေါများဆုံးဖြစ်သည်။
စစ်ဝေသည် သူ၏မျက်ခုံးကြား၌ ကိုက်ခဲလာသည်ဟု ခံစားလိုက်ရသည်။ သို့သော် ဒီနေရာသို့ မလာရောက်ခင် မိခင်ဖြစ်သူအား စိတ်ဆိုးအောင် မလုပ်မိစေရန် ဖခင်ဖြစ်သူထံမှ အကြိမ်ကြိမ် သတိပေးခံခဲ့ရသည်။ ထို့ကြောင့် သူသည် ကူကယ်ရာမဲ့စွာဖြင့်သာ ရတနာရှစ်ပါးဘဲပေါင်းကို ပန်းကန်လုံးထဲ ထည့်ပြီး စတင်စားသောက်တော့သည်။ သူ၏အပြုအမူများကို ကြည့်လျှင် စကားပြောချင်စိတ် မရှိကြောင်းသိနိုင်သည်။ စားနေရင်းဖြင့် စုကျားရန်၏ ဟင်းပွဲများမှာ ကောင်းမွန်သည်ဟု ထင်မိသည်။ ထို့ကြောင့် ယခုရက်ပိုင်းအတွင်း မိခင်ဖြစ်သူ၏ မရပ်မနား တွတ်ထိုးသံများကို ထိုဟင်းပွဲများနှင့်အတူ မေ့ပစ်လိုက်သည်။
“ဆရာမ ရောက်နေတယ်ကြားလို့ တပည့်က လာနှုတ်ဆက်တာပါ” ယိုပေါင်သည် ဆိုင်သို့ ရောက်ရောက်ချင်းပင် ဆရာလင်းမှ ဆရာမအဖြစ် အကြုံပြုထားသော သခင်မသည် သူမအား ဒုတိယထပ်ရှိ အခန်းထဲ၌ စောင့်ဆိုင်းနေသည်ကို သိလိုက်ရသည်။ သူမ၏ဘေး၌ သုန်ကျီ မရှိသောကြောင့် သူမတစ်ဦးတည်းသာ ဒုတိယထပ်ရှိ အခန်းထဲသို့ ၀င်လာခဲ့သည်။ နှုတ်ဆက်ပြီးသည့်အချိန်မှသာ အခန်းထဲ၌ လူငယ်တစ်ဦး ရှိနေမှန်း သိလိုက်ရသည်။ သူမသည် နှုတ်ခမ်းကို စေ့လိုက်ကာ ခေါင်းကို ထက်၀က်မျှ နှိမ့်ချလိုက်သည်။ “ဆရာမမှာ ဧည့်သည်ရှိမှန်း တပည့် မသိလို့ပါ။ အဲဒါဆို ဆရာမကို မနှောင့်ယှက်တော့ပါဘူး”
“စုကျားရန်မှာ ဟင်းပွဲအသစ် တင်တယ်ကြားလို့ ဆရာမသားကို မြည်းစမ်းရအောင် ခေါ်လာခဲ့တာပါ။ ဒီရောက်တော့မှ ဒီဆိုင်က သမီးတို့မိသားစုရဲ့ ဆိုင်မှန်း မှတ်မိသွားတာ။ သမီးကို မတွေ့ရတာလည်း ရက်နည်းနည်းကြာပြီဆိုတော့ တွေ့ချင်လို့ပါ။ အခုရပါပြီ သမီးလုပ်စရာရှိတာ သွားလုပ်လို့ရပြီ”
အမျိုးသမီးဝေသည် ယိုပေါင်အား တလက်လက်တောက်ပနေသော မျက်လုံးများဖြင့် ကြည့်နေခဲ့သည်။ ထို့နောက် သားဖြစ်သူကို အချက်ပြဟန် စိုက်ကြည့်လိုက်သည်။ မြင်ပြီလား။ ဒါငါနင့်ဖို့ သေချာရွေးထားတဲ့ ဇနီးသည်ပဲ။
ယိုပေါင်၏ ဖြူစင်လှသော မျက်နှာလေးသည် အနည်းငယ် ကြက်သွေးရောင် သန်းသွားခဲ့သည်။ သူမသည် ထုံးတမ်းစဉ်လာအရ ဂါရ၀ပြုပြီးသည့်နောက် ထွက်ခွာသွားတော့သည်။
စစ်ဝေတစ်ဦးတည်းသာ ကြာပန်းပွင့်များဖြင့် ပုံဖော်ထားသော ဆယ့်နှစ်လွှာစကပ်နှင့် မိန်းမပျိုလေးကို ငေးကြည့်နေခဲ့သည်။ သူမသည် ထို့နေက ကြာကန်၌ တွေ့ခဲ့သည့် ပထမဆုံးနေ့ကလိုပင် လှပနေခဲ့သည်။ သူ၏အကြည့်များကို မရုပ်သိမ်းခင် သူသည် အခန်းထဲမှ ထိုမိန်းကလေး၏ကျောပြင် မပျောက်ကွယ်ခင်အထိ ငေးကြည့်နေခဲ့သည်။
“သား စုမိသားစုရဲ့ လေးယောက်မြောက် သခင်မလေးက လှတယ်မလား”
သူခေါင်းလှည့်လိုက်သည်နှင့်ပင် မိခင်ဖြစ်သူမှာ မြေခွေးအိုကြီးတစ်ကောင်ကဲ့သို့ ပြုံးနေကာ သူ့အား စိုက်ကြည့်နေခဲ့သည်။ သူ၏ခြောက်သွေ့နေသော နှုတ်ခမ်းကို သပ်ကာ လည်ချောင်းမှာ “အွန်း”ဟူသော အသံသဲ့သဲ့ကိုသာ ပြောပြီး စကားဆက်ပြောခြင်းမရှိခဲ့ပေ။ သူ၏အာရုံအားလုံးကို အစာစားရာ၌သာ စူးစိုက်နေသည့်ဟန် ပြုလုပ်နေခဲ့သည်။
သို့သော် ရှေးလူကြီးများ ပြောကြားသည့်အတိုင်းပင် မိခင်များသည် မည်သူထက်မဆို သူ့သားသမီးအကြောင်းကို နားလည်ဆုံးဖြစ်သည်။ အမျိုးသမီးဝေသည် သားဖြစ်သူ၏ အတွေးကို မသိဘဲ နေမည်လား။ သူမသား၏ မျက်နှာလှလှလေး၌ ရှက်သွေးဖြာနေသည်ကို မြင်သည့်အခါ သူမသည် ကျေနပ်သွားကာ စနောက်တော့သည်။ “ငါ့သား မင်းက အစားပေါ်မှာပဲ အာရုံစိုက်နေတဲ့ပုံ ဟန်ဆောင်နေတယ်ဆိုတာ အမေမသိဘူး ထင်နေလား။ မင်းမျက်နှာလည်း ကြည့်ပါဦး။ မျောက်ဖင်လိုနီရဲနေပြီ~~~”
အမျိုးသမီးဝေသည် သူမ၏သားကို စနောက်ကာ ကျီစယ်နေသည့်အချိန်၌ စုမိသားစုသည် စစ်ဝေနှင့် ဝေမိသားစု၏ နောက်ခံအကြောင်းအရာများကို စစ်ဆေးနေခဲ့သည်။
“ဝေမိသားစုက ပညာတတ်မိသားစုပါ။ သခင်ကြီးဝေက မိသားစုကို စည်းကမ်းတင်းကျပ်လို့ ဝေမျိုးဆက်သုံးခုလုံးမှာ ဘယ်သူမှ အမြောင်မယားမရှိကြဘူး။ လူဦးရေလည်း နည်းတယ်။ လေးယောက်မြောက် သခင်လေးကတော့ နည်းနည်းထူးဆန်းတယ်။ လူကြီးတွေကြားထဲ ဂုဏ်သတင်းကောင်းပေမဲ့ သူက နည်းနည်း စာအုပ်ကြီးအတိုင်းနေလွန်းတယ်။ သခင်မဝေက သူ့အတွက် မိန်းကလေးတွေ တစ်ယောက်ပြီး တစ်ယောက် ရွေးပေးနေပေမဲ့ အဆင်မပြေခဲ့ဘူး။ အဓိကက လေးယောက်မြောက်သခင်လေးက အဲ့လိုကိစ္စတွေအတွက် ဘာမှခံစားချက်မရှိတာပဲ။ အဲဒါကြောင့်ပဲ သခင်မဝေက စိတ်ညစ်နေရတာပါ” သက်တော်စောင့်ရှောင်သည် သတင်းစုဆောင်းရာ၌ ပို၍ကျွမ်းကျင်လာခဲ့သည်။ ရက်အနည်းငယ်အတွင်း၌ပင် သိရှိလိုသည့် သတင်းအားလုံးကို စုစည်းနိုင်ခဲ့သည်။
“အဲ့သခင်လေးကိုက အဲ့လိုကိစ္စတွေအပေါ် စိတ်မ၀င်စားတာဆို ဒီတစ်ခေါက်လည်း အတူတူပဲ ဖြစ်မနေဘူးလား” အမျိုးသမီးစုသည် သမက်ဖြစ်သူ၏အကြောင်းကို ကြားလေလေ ထိုကလေး၏ အရည်အချင်းနှင့်ပတ်သက်၍ သဘောကျလေလေဖြစ်သည်။ သို့သော် သူမသည် အနည်းငယ် စိုးရိမ်မိသည်။ “တကယ်လို့ ငါတို့ယိုပေါင်လေးကို လက်ထပ်ပေးလိုက်ရင် မုဆိုးမအဖြစ်ခံလိုက်တာပဲ မဟုတ်ဘူးလား”
ယိုကျင့်သည် အမျိုးသမီးစု၏ လက်ကို အသာအယာပုတ်ပေးရင်း ပြောလေသည်။ “အမေ စိတ်မပူပါနဲ့။ နှစ်ဖက်လုံးက ဒီလက်ထပ်ပွဲကို အကောင်းမြင်နေကြတာပဲ။ တကယ်လို့ စတုတ္ထသခင်လေးသာ ခံစားချက် မရှိရင် ဒီလက်ထပ်ပွဲကို ကျွန်မတို့ သဘောမတူပါဘူး။ ပြီးတော့ ယိုပေါင်ကိုလည်း ဖိအားပေးမှာ မဟုတ်ဘူး”
သုံးလေးရက်အကြာ၌ ဝေမိသားစုမှ ခန့်အပ်ထားသော အောင်သွယ်တော်သည် စုမိသားစုအိမ်သို့ လာတီးခေါက်ကြည့်လေသည်။ သမီးဖြစ်သူ၏ ဆန္ဒအတိုင်း အမျိုးသမီးစုသည် စေ့စပ်ကြောင်းလမ်းခြင်းကို ဖျက်သိမ်းလိုက်သည်။ “သခင်လေးဝေက တကယ်ပဲ ထူးချွန်ပါပေတယ်။ ဒါပေမဲ့ ကျွန်မကြားခဲ့တာက သခင်လေးက စာမှာပဲ အာရုံစိုက်နေပြီး အိမ်ထောင်ထူထောင်ဖို့ ရည်ရွယ်ချက် မရှိဘူးဆို။ ကျွန်မတို့စုမိသားစုက ဝေမိသားစုလောက် မကောင်းပေမဲ့ လက်ထပ်တာကြောင့်နဲ့ ရန်သူမဖြစ်ချင်ဘူ။ တကယ်လို့ ကောင်းစေချင်တဲ့ ရည်ရွယ်ချက်က မတော်လို့ မကောင်းတာ ဖြစ်ခဲ့ရင် မိသားစုနှစ်ခုက လက်ထပ်ပွဲကနေ ရန်သူတွေဖြစ်ကြမဲ့ ဆိုးကျိုးပဲ”
အောင်သွယ်တော်သည် စုမိသားစုမှ ထိုအကြောင်းပြချက်ကြောင့် ငြင်းပယ်လိမ့်မည်ဟု မျှော်လင့်မထားခဲ့ချေ။ စုမိသားစုမှာ မျက်နှာပြောင်သည်ဟု တွေးမိသည့်အတွက် အောင်သွယ်တော်၏ အပြုံးမှာ တောင့်တင်းနေတော့သည်။ ဝေမိသားစုက ဘယ်လိုမိသားစုလဲ။ သူ့လို မိသားစုကို ထောက်ပံ့နေတဲ့ မုဆိုးမက ဒီလိုမိသားစုနဲ့ ယောက္ခမ တော်စပ်ရမှာက ကံကောင်းခြင်းပဲမဟုတ်ဘူးလား။ သူတို့ကများ ဇီဇာကြောင်နေသေးတယ်။ ရယ်စရာကောင်းလိုက်တာ။
သို့သော်လည်း သူမ၏ကျွမ်းကျင်ပိုင်နိုင်လှသော အလုပ်စည်းမျဉ်းအရ စစ်ဝေအတွက် စကားကောင်း ပြောပေးခဲ့သည်။ “သခင်မစုက စကားကနည်းနည်းလွဲနေတယ်။ အရင်ကတည်းက လက်ထပ်ထိမ်းမြားမှုဆိုတာ မိဘတွေနဲ့ အောင်သွယ်တော်တွေရဲ့ စကားကိုပဲ လိုက်နာရတာ မဟုတ်လား။ သခင်လေး၄က အဲ့အရာတွေကို အခုနားမလည်သေးဘူးလေ။ လက်ထပ်ပြီးသွားရင် နားလည်သင့်တဲ့အရာကို နားလည်လာနိုင်မှာပဲ မဟုတ်လား”
အောင်သွယ်တော်သည် စကားကို ထိုသို့ပြောနေသော်လည်း သူမသည် မပျော်ရွှင်ခဲ့ပေ။ သခင်မဝေသာ စုမိသားစုရဲ့ သခင်မလေး၄ကို အထူး မတောင်းဆိုခဲ့ရင် လော့ဟယ်မြို့မှာ စုမိသားစုထက် ပိုကောင်းတဲ့မိသားစုတွေ ရှိတယ် ဟုတ်ပြီလား။
အမျိုးသမီးစုသည် ထိုအရာမှာ အကျိုးအကြောင်းသင့်လှသည်ဟု ထင်မိသည်။ သို့သော် ခင်ပွန်းသည်နှင့် ဇနီးကြား၌ အပြန်အလှန်ဆက်ဆံမှုမရှိဘဲ တစ်ဦးစီ သီးခြားနေထိုင်ပါက ယိုပေါင်၏အနာဂတ်၌ ဒုက္ခခံစားနေရလျှင် မည်သို့တတ်နိုင်မည်နည်း။ ထို့ကြောင့် အမျိုးသမီးစုသည် အပြုံးလေးဖြင့် ငြင်းပယ်လိုက်သည်။
“ပြောတာလည်း မမှားပါဘူး။ ကျွန်မနားလည်ပါတယ်။ ဒါပေမဲ့ ကလေးတွေရဲ့ကိစ္စဆိုတော့ သေချာဂရုစိုက်ရမယ်လေ။ တကယ်လို့ ကလေးတွေသာ မပျော်ဘူးဆိုရင် ဘာနေနေ လက်လွှတ်ရမှာပဲ”
အမျိုးသမီးစုဟည် အခွင့်အရေးရှာကာ အောင်သွယ်တော်ကို အိမ်ပေါက်၀သို့ လိုက်ပို့လိုက်သည်။ လမ်းတစ်လျှောက်လုံး၌ အောင်သွယ်တော်မှ ဝေမိသားစု၏ကောင်းကြောင်းများကို ပြောကာ ထိုလက်ထပ်မှုမျိုးကို လက်လွှတ်ရသောကြောင့် နောင်တမရကြောင်း သေချာစေရန် ထပ်တလဲလဲ ပြောဆိုခဲ့သည်။ အောင်သွယ်တော်သည်လည်း မျက်နှာမပျက်ခဲ့ပါချေ။ အမျိုးသမီးစုသည် ထိုအရာကို ငြင်းပယ်သည့်တိုင် အောင်သွယ်တော်အတွင် မျက်နှာသာပေးထားပေသည်။ အပေါ်ယံ ရိုသေသမှုများ ပြီးသွားသည့်အခါ အောင်သွယ်တော်သည် စုအိမ်မှာ ပြုံးရင်းဖြင့်သာ ထွက်ခွာပြီး သခင်မဝေကို ထိုအကြောင်းသတင်းပို့တော့သည်။
…