အခန်း ၁၅၀
Vol. 10 Ch. 150
အပိုင်း (၁၅၀) ပိုင်ယွင့်ဘုရားကျောင်းတွင် ချိန်းဆိုခြင်း
မျက်လုံးအစုံအောက်တွင် မျက်ကွင်းများညိုကာ ထမင်းစားစားပွဲတွင်ထိုင်နေသည့် စစ်ဝေမှာ သူသည် အခုပဲ သေတော့မည့်နှယ်။ ထိုပုံစံက ဒုတိသခင်မဝေ့ကို အလွန်မှ စိတ်အနှောင့်အယှက် ဖြစစေတော့သည်။
“ နင် စာအုပ်တွေကိုပဲ အဲလောက်ချစ်နေမှတော့ အမေက နင့်ကို ဒီအတိုင်းလွှတ်ထားပေးလိုက်တော့မယ်၊ တိုက်တိုက်ဆိုင်ဆိုင် စုမိသားစုကလည်း ငြင်းပယ်လိုက်ပြီလေ၊ နင် ကြိုက်တာ လုပ်လို့ရတယ်”
“ ဘာစုမိသားစုလဲ၊ ဘာကို ငြင်းတာလဲ”
သခင်မကြီးဝေက အထက်ဖက်တွင် ထိုင်နေ၏။ သူမသည် ပုံမှန်ဆိုလျှင် တက်ကြွနေတတ်သည့် ဒုတိယချွေးမ ပြောလိုက်သည့်စကားကို ကြားလိုက်ပြီး မြေးလေး စစ်ဝေ၏ မျက်နှာက ညှိုးကျသွားသည်ကို တွေ့လိုက်ရသဖြင့် သူမက ဖြတ်မေးလိုက်တော့သည်။
ထိုအကြောင်းပြောရင်း သခင်မဝေက စိတ်မကောင်းကြီးစွာပြောတော့သည်။
“ အဖေနဲ့အမေတို့ မသိလို့ပါ၊ ဒါပေမဲ့ ချွေးမက စစ်ဝေအတွက် မိန်းမကောင်းလေးတစ်ယောက်ကို သေသေချာချာ ရွေးထားပေးခဲ့တာ၊ အာရ်ယာအမျိုးသမီးကျောင်း ဖွင့်ထားတဲ့ စုမိသားစုလေ၊ စုမိသားစုက နံပါတ်လေးသမီးက ချွေးမရဲ့တပည့်မလေး၊ သူ့အကျင့်နဲ့ စိတ်နေစိတ်ထားလေးကလည်း စံပြပဲ၊ ဒါကိုလေ ဒီကောင်စုတ်လေးက ၊ သူ့စိတ်တစ်ခုလုံးက စာလေ့လာတဲ့နေရာမှာပဲ နှစ်မြှုပ်ထားပြီး ထပ်တိုးလေ့လာချင်သေးတယ်ဆိုတော့ စုမိသားစုကလည်း သူတို့သမီး နစ်နာမှာစို့လိုးတဲ့ ငြင်းလိုက်တယ်လေ”
“ အာရ်ယာအမျိုးသမီးကျောင်းတော်ရဲ့ စုမိသားစု ၊ လင်မြို့အုပ်ချုပ်ရေးမှူးရဲ့ သခင်လေးက ပြီးခဲ့တဲ့လက အာရ်ယာအမျိုးသမီးကျောင်းတော်က မိန်းကလေးကျောင်းသူတစ်ယောက်နဲ့ လက်ထပ်ခဲ့တယ်လို့ လူတွေ ပြောနေတာ ကြားလိုက်တယ်၊ အဲနေ့က ငါ တွေ့ရသလောက်တော့ သူ့အကျင့်စရိုက်နဲ့ စိတ်ထားလေးက တော်တော်ကောင်းတာပါ၊ သူ့စကားပြောဆိုပုံနဲ့ အပြုအမူတွေကလည်း သိမ်မွေ့လို့ပါပဲ”
သခင်မကြီးဝေသည် သခင်ကြီးဝေဘေးတွင် ထိုင်နေ၏။ ချွေးမဖြစ်သူက ထိုအကြောင်းကို ထုတ်ပြောလိုက်သောအခါ သူမသည် သည်လိုကိစ္စကို သတိရသွားတော့သည်။
“ တကယ်လို့ ဒါက အလုပ်မဖြစ်တော့ဘူးဆိုရင်လည်း ဖြည်းဖြည်းချင်း ရှာကြည့်ကြပေါ့၊ အမေတစ်ယောက်အနေနဲ့ သမီးက စစ်ဝေရဲ့လက်ထပ်ပွဲကို ဂရုမစိုက်ရင် ဘယ်သူက ဂရုစိုက်မှာလဲ၊ သမီးက အဘွားတစ်ယောက် ဖြစ်နေပြီးပြီ၊ အခုထိ ကလေးဆန်နေတုန်း၊ ကလေးတွေရယ်ကြမှာ မစိုးရိမ်ဘူးလား”
ဝေမိသားစုသည် လူဦးရေ စည်ပင်ပေါများသည့် မိသားစုတစ်ခုဖြစ်လေသည်။ သို့သော် အကြီးဆုံးသားနှင့် နံပါတ်လေးသားတို့သည် တခြားနေရာတွင် တာဝန်ထမ်းဆောင်နေကြသည့် အရာရှိများဖြစ်ကြသည်။ ဒုတိယသားနှင့် တတိယသားတို့သာ လော့ဟယ်မြို့တွင် ရှိကြသည်။ မနက်နှင့် ညနေတိုင်း မိသားစုတစ်ခုလုံးက အတူတူ ထမင်းစားကြသည်။ အတော်ပင် အသက်ဝင် စည်ကားလှပေသည်။
“ အစ်ကိုစစ်ဝေ မင်း တကယ်ပဲ စုမိသားစုရဲ့ နံပါတ်လေးမမလေးကို အထင်သေးနေတာလား”
စစ်ဝေဘေးတွင် ထိုင်နေသည့် လျို့ဝေက မျက်လုံးအပြူးသားဖြင့် ပြောလိုက်၏။
“ နံပါတ်လေး မိန်းကလေးစုက အာရ်ယာကျောင်းမှာ တော်တော်နာမည်ကြီးတယ်လို့ ပြောကြတယ်နော်၊ အစ်ကိုစစ်ဝေက နံပါတ်လေးမိန်းကလေးစုကိုတောင် တကယ်မျက်စိမကျနိုင်ဘူးတဲ့”
စစ်ဝေသည် သူ့လက်ထဲက ဇွန်းကို တင်းနေအောင် ဆုပ်ထားပြီး ဖိအားကြောင့် သူ့လက်ညှိုးပင် ဖြူသွားသည်ကို သတိမထားမိခဲ့ပေ။ သူသည် အဘွားဖြစ်သူနှင့် ဝမ်းကွဲညီလေးပြောလိုက်သည့် စကားများကို မကြားလိုက်ပေ။ သူ့စိတ်ထဲတွင် စကားတစ်ခွန်းသာ ပဲ့တင်ထပ်နေတော့သည်။ သူ ငြင်းလိုက်ပြီ၊ သူ ငြင်းလိုက်ပြီ၊ သူငြင်းလိုက်ပြီတဲ့....
ဒုတိယသခင်မဝေက သားဖြစ်သူကို မျက်လုံးများမှေးကာ ကြည့်လိုက်ပြီး စိတ်ထဲတွင် အေးစက်စက် နှာခေါင်းရှုံ့လိုက်တော့သည်။
ကောင်စုတ်၊ မရိုးသားခဲ့တာ ကိုယ့်ထိုက်နဲ့ ကိုယ်ကံပဲ။
“ မြေး မနက်ခင်းအတန်းတွေ ရှိသေးလို့ အရင်သွားတော့မယ်နော်၊ အဘိုး၊ အဘွား ဖြည်းဖြည်းစားကြပါ”
စစ်ဝေသည် ဇွန်းကို ချထားလိုက်ပြီး အဖြူရောင်ကြွေပန်းကန်လုံးထဲက ဆန်လုံးဖြူဆန်ပြုတ်တစ်ပန်း တစ်ဝက်ပင်ကုန်အောင်မသောက်ဘဲ ပြေးထွက်သွားတော့သည်။
သူမသည် အချိန်အကြာကြီး လှည့်ပြန်ပြောဆိုပြီး သားဖြစ်သူထံမှ မျက်နှာမရခဲ့သည့်အကြောင်းကို ပြန်စဥ်းစားမိရင်း ဒုတိယသခင်မဝေသည် သားဖြစ်သူ၏ ဣန္ဒြေပျက်နေပုံကို မြင်လိုက်ရသဖြင့် ဝမ်းသာသွားတော့သည်။ သူမသည် မနက်စား ဆန်ပြုတ် နောက်ထပ် ပန်းကန်တစ်ဝက်ပင် ထပ်စားလိုက်သေးသည်။ အရမ်းဝမ်းသာတယ်ဆိုပေမဲ့လည်း သားဖြစ်သူရဲ့ ဘဝရှေ့ရေးကိုတော့ စဥ်းစားပေးဖို့လိုသေးတယ်။ သူ့တစ်ဘဝလုံး စာပေနဲ့ သမိုင်းအကြောင်းတွေ စုဆောင်းပြီး နေသွားမှာကိုတော့ တကယ်ခွင့်ပြုမထားနိုင်ဘူးလေ ဟုတ်တယ်မလား။
***
ဝေအိမ်တော်သည် ဖူကျောင်းတော်နှင့် သိပ်မဝေးလှပေ။ စစ်ဝေ၏စိတ်တို့သည် ကသောင်းကနင်း ဖြစ်နေတော့သည်။ ထို့ကြောင့် စိတ်ပြေလက်ပြောက် သည်အတိုင်း တစ်ယောက်တည်း လမ်းလျှောက်လာခဲ့လေသည်။
အာရ်ယာအမျိုးသမီးကျောင်းတော်၏ ဝင်ပေါက်ရှိရာ ကျားဇီလမ်းကြားအဝင်တွင် တစ်ထေရာတည်း တူသည့် ကြာပန်းရောင်အဝတ်အစားနှင့် မိန်းကလေးနှစ်ယောက်က အစေခံမလေးအကူအညီဖြင့် လှည်းပေါ်မှ ဆင်းလာကြသည်။ သို့သော် စစ်ဝေသည် တစ်ချက်ကြည့်လိုက်ရုံနှင့် ညတိုင်းဆက်တိုက် သူ့အိပ်မက်ထဲတွင် ပေါ်လာသည့် တစ်ယောက်ကို မှတ်မိနေ၏။ သူ့မျက်လုံးများသည် ခြေလှမ်းဆယ်လှမ်းအကွာတွင် ရှိနေသည့်မိန်းကလေးကို မမှိတ်မသုန် ကြည့်နေလေသည်။
ယိုပေါင်သည် လှည်းပေါ်မှ ဆင်းလာချိန်၌ သူမအပေါ်ကျရောက်နေသည့် အကြည့်ပြင်းပြင်းတစ်ခုကို သတိထားမိသွားတော့သည်။ သူမသည် ထိုအကြည့်လာရာဖက်ကို ကြည့်လိုက်၏။ ထိုလူ၏အကြည့်က လွဲမသွားချေ။ နှစ်ယောက်သား၏အကြည့်သည် မီးပွားနှင့် မီးခတ်ကျောက်လို ရောယှက်သွဦးပြီး ပူပြင်းသည့်မီးနှယ် တောက်လောင်သွားကြတော့သည်။
ယိုပေါင်သည် သူမ၏မျက်နှာက အနည်းငယ် ပူလာသည်ကိုသာ ခံစားလိုက်ရတော့သည်။ သူမသည် အကြည့်ကို ပြန်သိမ်းလိုက်ပြီး ခေါင်းငုံ့ထားလိုက်၏။ သူမသည် တဖက်လူကို ဣန္ဒြေသိက္ခာရှိရှိ အရိုသေ ပြုလိုက်ပြီးနောက် ထိုနေရာကို မကြည့်တော့ချေ။
“ နင်အခုလေးတင် ကောင်းနေတဲ့ဟာကို၊ ဘာလို့ရုတ်တရက်ကြီး ဒီလို နီရဲသွားတာလဲ” ဘေးက အတန်းဖော်နှင့် စကားနည်းနည်းပါးပါးပြောနေတဲ့ ယိုကျူးက နှစ်ယောက်ကြားက အပြန်အလှန် အပြုအမူများကို လွတ်သွားလေသည်။ သူမ ပြန်လှည့်ကြည့်လိုက်ချိန်တွင် သူမ၏ညီမလေးမျက်နှာမှာ ပြုတ်ထားသည့်ပုဇွန်လို နီရဲနေတော့သည်။ သူမသည် စိတ်မပူဘဲ မနေနိုင်ဖြစ်သွားပြီး မေးလိုက်တော့သည်။
“ နင် ဘယ်နေရာမှာ နေမကောင်းဖြစ်နေတာလဲ”
အခုတော့ ဒုတိယအစ်မက လက်ထပ်သွားပြီဆိုတော့ သူမက အကြီးဆုံးအစ်မပြီးရင် မိသားစုမှာ အကြီးလေ။ သူမက ညီမလေးတွေကို စောင့်ရှောက်ပါမယ်လို့ မကြီးကို ကတိပေးထားသေးတယ်။ ယိုကျူးသည် ထိုအကြောင်းကို စဥ်းစားမိလိုက်ချိန်၌ ယိုပေါင်၏နဖူးကို ချက်ချင်း စမ်းလိုက်တော့သည်။
“ ထူးဆန်းတယ်၊ မပူပါဘူး”
“ ကြည့်ရတာ ခုနက လှည်းထဲမှာ နည်းနည်း ကြပ်သွားလို့ဖြစ်မယ်၊ ခဏနေ ကောင်းသွားမှာပါ”
ယိုပေါင်သည် ခေါင်းငုံ့ထားလိုက်ပြီး နှုတ်ခမ်းထောင့်တွင် ခပ်ရေးရေးအပြုံးလေးတစ်ခု ဖြစ်သွားတော့သည်။
ညီမငယ်က အဆင်ပြေသည်ဟု ပြောလိုက်သဖြင့် ယိုကျူးကလည်း ဘာမှ ထပ်မမေးတော့ချေ။
“ အင်းပါ၊ နင် မနေကောင်းရင် ငါ့ကို ချက်ချင်းပြောနော်”
ထို့နောက် သူမက လှည်းထဲတွင် ရှိနေသေးသည့် ယိုလင်နှင့် ယိုလော့တို့ကို မြန်မြန် လောဆော်လိုက်တော့သည်။
“ နင်တို့နှစ်ယောက် မြန်မြန်လုပ်ကြ၊ ငါတို့ နောက်ကျရင် ဆရာမက ငါတို့အပြစ်ပေးလိမ့်မယ်ဟဲ့”
သည်နှစ် နွေဦးကျောင်းအပ်ချိန်တွင် ယိုလင်းနှင့် ယိုလော့တို့ကလည်း အာရ်ယာအမျိုးသမီးကျောင်းတွင် ဝင်ခွင့်ရကြသည်။ အခုတော့ စုမိသားစု၏ နံပါတ်သုံး၊ နံပါတ်လေး၊ နံပါတ်ငါး နှင့် နံပါတ်ခြောက် မမလေးများသည် အာရ်ယာအမျိုးသမီးကျောင်းတွင် စာသင်ကြားနေကြသည်။ ယိုကျူးသည် သူမပခုံးပေါ်က ဝန်ထုပ်မှာ အများကြီး ပိုလေးလံလာသည်ဟု ခံစားလိုက်ရတော့သည်။
“လာပါပြီ”
ယိုလင်နှင့် ယိုလော့တို့သည် ခဏလောက် လေးဖင့်နေကြပြီးနောက် နောက်ဆုံးတွင် လှည်းပေါ်မှ ဆင်းလာကြလေသည်။ ညီအစ်မလေးယောက်သည် အာရ်ယာအမျိုးသမီးကျောင်းတော်ထဲသို့ အတူတူဝင်သွားကြတော့သည်။
စစ်ဝေ၏အကြည့်မှာ မိန်းကလေး၏ပုံရိပ်နောက် လိုက်ပါသွားနေဆဲ။ သူသည် သူမ၏မြင်ကွင်း ပျောက်ကွယ်သွားချိန်တွင်တော့ မချင့်မရဲဖြင့် အကြည့်လွှဲလိုက်ပြီး စိတ်နှင့်ကိုယ် မကပ်စွာ ဖူကျောင်းတော်ဘက်သို့ လျှောက်လာခဲ့တော့သည်။
***
ဒုတိယသခင်မဝေသည် သားဖြစ်သူ ဖြောင့်မတ်သည့် စကားနှင့် အပြုအမူများကို ရယ်မောခဲ့သော်လည်း အမှန်တွင်တော့ သူ့ကို လျစ်လျူရှုမထားခဲ့ပေ။ သူမသား၏နောက်ကွယ်တွင် သူမသည် စုမိသားစုကို လူကိုယ်တိုင် အလည်အပတ်လာရန် ဖိတ်ကြားခဲ့လေသည်။
ဝေမိသားစုမှ ဖိတ်စာကို လက်ခံရရှိခဲ့ပြီးနော် ဝေမိသားစုအပေါ် ထားသည့် အမျိုးသမီးစု၏ သဘောထားသည့် တစ်နည်းနည်းဖြင့် ပိုပြီးရှင်းလင်းလာတော့သည်။
“ ဒုတိယသခင်မဝေက ကိုယ်တိုင် အလည်အပတ်လာမယ်ဆိုတော့ သူ အမေတို့မိသားစုနဲ့ ဒီလက်ထပ်ပွဲကို တကယ်ပဲ ဖြစ်စေချင်နေတယ် ထင်တာပဲ”
ဝေမိသားစုက လော့ဟယ်မြို့မှာ တရားသူကြီးချင်နဲ့ မြင်းတပ်လျိုတို့လောက် ဩဇာမရှိဘူးဆိုပေမဲ့ အထက်တန်းစား အလယ်အလတ်အဆင့် မိသားစုတစ်ခုလို မှတ်ယူနိုင်တာတော့ အားလုံးက သိကြတဘ်။ တကယ်လို့သာ ယိုပေါင်က ဝေမိသားစုနဲ့ လက်ထပ်နိုင်ခဲ့ရင် ဘယ်လိုပဲကြည့်ကြည့် ဒါက ပိုမြင့်တဲ့ အကိုင်းပေါ် တက်နေတာပဲ။
“ အမေ အရမ်းစိတ်မလှုပ်ရှားပါနဲ့၊ အခုက လက်ထပ်ပေးချင်တဲ့သူက ဝေမိသားစုပါ၊ သမီးတို့တွေ ယိုပေါင်ရဲ့အနာဂတ်အတွက် ပိုပြီး ထိန်းထိန်းသိမ်းသိမ်းနဲ့ လုပ်မှဖြစ်မယ်”
စုမိသားစု အောင်သွယ်တော်ကို ယဥ်ယဥ်ကျေးကျေးဖြင့် ငြင်းလိုက်စဥ်ကာ ပြတ်ပြတ်သားသား ငြင်းဆိုခဲ့ခြင်း မရှိခဲပေ။ အခုတော့ ဒုတိယသခင်မဝေက လူကိုယ်တိုင်ရောက်လာရာ မျှော်လင့်ချက်တချို့ ရှိလာတော့သည်။
နောက်တစ်နေ့တွင် ဒုတိယသခင်မဝေက အစီစဥ်အတိုင်း ရောက်လာခဲ့သည်။
“စုမိသားစုရဲ့နောက်ခံက နည်းနည်းအားနည်းမယ် ထင်ထားခဲ့တာ၊ မျှော်လင့်မထားမိဘူး၊ အင်အားတချို့တော့ ရှိနေသေးတာပဲ”
သခင်မဝေသည် ပင်မဆောင်သို့ ခေါ်လာသည့် အစေခံလေးနောက်မှ လိုက်လာခဲ့သည်။ စုမိသားစု၏အစေခံများက အထက်တန်းစားမိသားစု၏ တင်းကျပ်သည့် စီမံမှု အနှစ်သာရကို ဆောင်ထားသည့် စည်းမျဥ်းများအတိုင်း ပြုမူကြသည်ကို မြင်လိုက်ရသဖြင့် သူမစိတ်ထဲတွင် တွေးမိသွားတော့သည်။ နံပါတ်လေး မိန်းကလေးစုအပေါ်ထားသည့် သူမ၏သဘောထားကလည်း ပိုလို့ တိုးသွားတော့သည်။ သည်လိုမိသားစုတစ်ခုက ပျိုးထောင်လာသည့် သမီးတစ်ယောက်က လုံးဝမှားယွင်းနိုင်စရာ အကြောင်းမရှိပေ။
ပင်မဆောင်တွင် သူမကို ကြိုဆိုဧည့်ခံကြသူများမှာ အမျိုးသမီးစုနှင့် ယိုကျင့်တို့ပင်။ ဒုတိသခင်မဝေနှင့် ယိုကျင့်တို့သည် အသိမိတ်ဆွေများဟု မှတ်ယူနိုင်သည်။ ထို့ကြောင့် သူတို့သုံးယောက်မှာ သူစိမ်းများလို ထိန်းချုပ်မထားကြချေ။ အချိန်အကြာကြီး စကားစမြည်ပြောရင်း ရယ်မောခဲ့ကြသည်။
“ မိဘရဲ့စိတ်နှလုံးတွေက သောကနဲ့ ပြည့်နေတယ်ဆိုတဲ့စကား ဘာလို့ ရှိလာလဲသိလား၊ ကျွန်မမိသားစုရဲ့ ကောင်လေးအကြောင်း စိုးရိမ်နေရလို့လေ”
ဒုတိယသခင်မဝေသည် စကားအရာတွင် ကျွမ်းကျင်လေသည်။ ခဏကြာသွားပြီးနောက် သူမသည် အမျိုးသမီးစုနှင့် မိတ်ဆွေများဖြစ်လာတော့သည်။
“ ကျွန်မတော့ သိပ်ကို လိမ္မာပြီးချစ်စရာကောင်းတဲ့ သမီးတွေအများကြီးပိုင်ဆိုင်ထားတဲ့ ညီမလေးကို တကယ်အားကျမိတယ်၊ ကျွန်မကို ဘာဆိုဘာမှ မပြောပြချင်ဘဲနဲ့ ကွယ်ဝှက်ထားချင်တဲ့ ကျွန်မမိသားစုရဲ့ စစ်ဝေနဲ့များကွာပါ့ရှင်၊ ကျွန်မလေ ဒေါသထွက်ရလွန်းလို့ ဆံပင်ဖြူတွေ ဘယ်နှစ်ချောင်းတောင် ပေါက်လာပြီးမှန်းတောင် မသိတော့ဘူး”
အမျိုးသမီးစုသည် ဒုတိယသခင်မဝေက ဤမျှသဘောကောင်းသည့် လူတစ်ယောက်ဖြစ်မှန်း လုံးဝ မထင်ထားခဲ့ချေ။ ထို့ကြောင့် သည်လက်ထပ်ပွဲသည် သူမ၏စိတ်ထဲတွင် ပိုနေရာယူလာတော့သည်။
“အစ်မရဲ့သောကက တခြားသူတွေအားကျရတဲ့ သောကမျိုးပါရှင်၊ အဲဒီနံပါတ်လေး သခင်လေးက ပြီးခဲ့တဲ့နှစ်က ထိပ်ဆုံးဆယ်ယောက်စာရင်းဝင်ခဲ့တဲ့ ပါရမီရှင်လေးတစ်ယောက်ပဲ၊ အနာဂတ်က တောက်ပနေပြီးပါပြီ”
အမျိုးသမီးစု၏ သားဖြစ်သူအပေါ်က အကဲဖြတ်ပုံက အလွန်တော်သည်ဟု သိလိုက်ရသဖြင့် ဒုတိယသခင်မဝေသည် စိတ်ထဲတွင် မျှော်လင့်အချက်တချို့ရှိလာပြီး အမျိုးသမီးစုနှင့် ပိုပိုရင်းနှီးလာတော့သည်။ ဘေးတွင် ထိုင်နေသည့် ယိုကျင့်ကတော့ ဘာမှ သိပ်မပြောပေ။ သူမသည် အေးစက်သည့် မျက်လုံးများနှင့် သခင်မဝေ၏ သဘောထားကို စောင့်ကြည့်နေသော်လည်း ဘာအပြစ်မှာ ရှာမတွေ့နိုင်ခဲ့ပေ။
နောက်ဆုံးတွင် အမျိုးသမီးစုက ကလေးနှစ်ယောက်ကို တွေ့ဆုံပေးရန် သဘောတူလိုက်တော့သည်။ နှစ်ယောက်သားသည် သည်လ ၁၅ရက်နေ့တွင် ပိုင်ယွင့်ဘုရားကျောင်း၌ အမွေးတိုင် ပူဇော်ဖို့ရန် ကလေးများကို ခေါ်လာဖို့ သဘောတူလိုက်ကြသည်။ ကလေးများက ဆန္ဒရှိလျှင် အမျိုးသမီးစုက သည်လက်ထပ်ပွဲ ငြင်းလိမ့်မည်မဟုတ်ပ။
“ ကောင်းပါပြီ၊ ဒါဆို ၁၅ရက်နေ့မှ တွေ့ကြမယ်နော်”
ဒုတိယသခင်မဝေက စုအိမ်မှ ဝမ်းသာစွာ ထွက်သွားပြီး သူမ၏လှည်းပေါ် တက်သွားတော့သည်။ သူမသည် ဘေးက အခြွေအရံကို ပြောလိုက်လေသည်။
“ စုမိသားစု နှစ်အနည်းငယ်အတွင်းမှာ တည်ထောင်လာနိုင်တာ မဆန်းဘူး၊ ဒီလို လုပ်နိုင်စွမ်းရှိတဲ့သမီးတစ်ယောက် ရထားပြီး သူတို့တွေ မတည်ထောင်လာနိုင်ဘူးဆိုမှပဲ ထူးဆန်းနေအုံးမယ်”
“ဟုတ်ပါတယ်၊ အစေခံအိုကြီးလည်း စုမိသားစုရဲ့ အစေခံတွေက ကျွန်မတို့အစေခံတွေထက် မညံ့ဘူးဆိုတာ သတိထားမိတယ်၊ သူတို့တွေက အပြုအမူကောင်းတွေ သင်ကြားထားတဲ့ လူတွေလို့ ထင်တာပဲ”
ဒုတိယသခင်မဝေ၏ပခုံးကို နှိပ်နယ်ပေးရင်း အခြွေအရံက အခုလေးတင် သူမတွေ့ကြုံခဲ့ရသည့် အတွေ့အကြုံတချို့ကို ပြောပြနေလေသည်။ သခင်နှင့် အစေခံနှစ်ယောက်လုံးသည် စုမိသားစုအပေါ်တွင် ခံစားချက်ကောင်းများ စုပုံလာတော့သည်။
***
၆လပိုင်း ၁၅ရက်နေ့ ပိုင်ယွင့်ဘုရားကျောင်း
သည်နေ့ ယိုပေါင်သည် ရွှေဝါရောင် ဘရိုကိတ်အနားတွန့်စကပ်နှင့် ပန်းများပုံစံထိုးထားသည့် ဝတ်စုံကို ဝတ်ထားပြီး အဖြေူရောင်ကျောက်စိမ်း ကြာပန်းဆံထိုး ၊ သေးငယ်ပြီး လက်ရာမြောက်လှသည့် ကျောက်စိမ်းလက်ကောက်များ၊ ရွှေပြားလည်ဆွဲနှင့် အဖြူရောင်ကျောက်စိမ်းလင်းဆွဲ ဆွဲပြားကို ဆင်ယင်ထားသည်။ မိန်းကလေးတစ်ယောက်၏ ငယ်ရွယ်မှုနှင့် မိန်းမသားတို့၏ ထူးခြားသည့် ပျော့ပြောင်းမှုတို့က မျှတလှပေသည်။
“ အမေ”
ယိုပေါင်သည် လှည်းပေါ်က ဆင်းလာသည့်အမျိုးသမီးစုကို တွဲပေးလိုက်သည်။ သားအမိနှစ်ယောက်စီက ကိုယ်ပိုင်အစေခံနှင့် သက်တော်စောင့်တစ်ယောက်စီ ခေါ်လာခဲ့ပြီး လှေကားပေါ်တက်လာခဲ့သည်။ သူတို့သည် ပိုင်ယွင့်ဘုရားကျောင်း၏ ဝင်ပေါက်ဆီရောက်လာရန် ခြေလှမ်းများစွာ ဖြတ်လျှောက်လာခဲ့ရလေသည်။
အမေဖြစ်သူ၏ ပိုင်ယွင့်ဘုရားကျောင်းသို့ အတင်းဆွဲခေါ်လာခံရသည့် စစ်ဝေသည် လက်တစ်ဖက်တွင် အမွှေးတိုင်ကိုင်လာပြီး ဒုတိယသခင်မဝေကို တခြားသူများနှင့် တွဲလာကာ ရှည်လျားသည့် လှေကားထစ်များကို ဖြည်းညင်းစွာ တက်လာခဲ့ကြသည်။
“ အမေ အမြဲတမ်း ချင်းယန်ဘုရားကျောင်းကို သွားတာမလား၊ ဒီတစ်ခါကျမှ ဒီလောက် ဝေးတဲ့ ပိုင်ယွင့်ဘုရားကျောင်းကို လာခဲ့ရတာလဲ”
ချင်းယန်ဘုရားကျောင်းသည် လော့ဟယ်မြို့ထဲတွင် ရှိလေသည်။ ဒုတိယသခင်မဝေသည် ပုံမှန်ဆိုလျှင် အမွှေးတိုင်ထွန်းပြီး ဘုရာဝတ်ပြုရန် ထိုနေရာသို့ သွားတတ်သည်။ သည်နေ့မှ သူမသည် အမွှေးတိုင်လှူဖို့ရာ မြို့ပြင်သို့ ထွက်လာချင်ခဲ့သည်တဲ့။ စစ်ဝေသည် ဘာမှမတတ်နိုင်သော်လည်း သူသည် သူမကို အဖော်လုပ်ကာ လိုက်လာပေးခဲ့သေးသည်။
“ နင်က ဘာသိလို့လဲ”
ဒုတိယသခင်မဝေသည် လမ်းလျှောက်ရင်း အနည်းငယ်မောဟိုက်လာ၏။ သူမသား၏အမေးကို ကြားလိုက်ရချိန်တွင် သူ့ကို ဒေါသထွက်ထွက်နှင့် ဝါးစားမတတ်ကြည့်လိုက်တော့သည်။ နင့်လက်ထပ်ပွဲကြောင့်သာ မဟုတ်ရင် ဒီမိန်းမအိုကြီး ဒီလိုအချည်းနှီးတွေ လုပ်ရပါ့မလားဟဲ့။
အမေဖြစ်သူ၏အကြောင်းမဲ့ ဝါးစားမတတ် ကြည့်ခံလိုက်ရသည့် စစ်ဝေက ပါးစပ်ဟလိုက်ပြီး နောက်ဆုံးတွင် သူသည် ပါးစပ်ပိတ်ကာ စကားမပြောဖို့သာ ရွေးချယ်လိုက်တော့သည်။ သူတစ်ခုခု ပြောလိုက်လျှင် အဆူခံရလိမ့်အုံးမည်။ ထားလိုက်ပါလေ။
“ ညီမလေးစု”
ဒုတိယသခင်မဝေသည် တောင်ပေါ်တံခါးနားသို့ အရောက်တွင် သူမရှေ့က သိပ်မဝေးလှသည့် အမျိုးသမီးစုနှင့် ယိုပေါင်တို့ကို မြင်သွားတော့သည်။ သူမသည် ခြေလှမ်းများကို အားရဝမ်းသာ မြန်မြန်လျှောက်လိုက်ပြီး သူတို့နောက် လိုက်သွားလေတော့သည်။
“ ဒီနေ့ ဒီနေရာမှာ တွေ့ရတာ ရေစက်ပဲနော်”
အလွန်မှ ကျက်သရေရှိလှစွာ ဝတ်စားထားသည့် ယိုပေါင်ကိုကြည့်လိုက်ပြီး သူမက ကျေနပ်စွာ ခေါင်းညိတ်လိုက်တော့သည်။
“ အစ်မကြီးကျန်း” အမျိုးသမီးစုက ပြန်ပြုံးပြလေသည်။
“ မင်္ဂလာပါနော် ဆရာမ” ယိုပေါင်က သခင်မဝေကို ဦးညွှတ်လိုက်လေသည်။ သူမသည် ခေါင်းလေး အနည်းငယ်ငုံ့ကာ အမျိုးသမီးစုနောက်တွင် ရပ်နေပြီး ဘာမှမပြောပေ။
“ သခင်မစုကို မြန်မြန်နှုတ်ဆက်လေ”
ဒုတိယသခင်မဝေ၏အပြုံးက ပြောင်းလဲမသွားသော်လည်း ဘေးက သားဖြစ်သူကို လေသံဖြင့် သတိပေးလိုက်လေသည်။
“ နင်ထပ်ပြီး ပြဿနာရှာလို့ကတော့ အမေ့ကို ရက်စက်တယ်လို့ အပြစ်မပြောနဲ့”
စစ်ဝေသည် ယိုပေါင်ကို မြင်လိုက်သည့် အခိုက်တန့်လေးတွင် အမေဖြစ်သူ သည်လိုလုပ်ရသည့် အကြောင်းအရင်းကို နားလည်သွားတော့သည်။ သူ၏ချောမောသည့် မျက်နှာမှာ ရှက်သွေးကြောင့် နီရဲသွားလေသည်။
“ ကျွန်တော် ဝေယွင်လီ သခင်မစုကို နှုတ်ဆက်ပါတယ် ခင်မျာ”
အမျိုးသမီးစုက စစ်ဝေကို ကျေနပ်သဘောကျကာ ကြည့်လိုက်ပြီး
“ မင်းက လူလိမ္မာလေးလို့ ကြားထားတာ၊ ဒီနေ့တွေ့လိုက်ရတော့ အားလုံးက အမှန်ဖြစ်နေတာပဲ”
“ ညီမလေးရယ် ချီးမွှမ်းမနေပါနဲ့၊ သူ့ကို ဒီထပ်ပိုပြီး ချီးကျူးနေရင် တောင်လား မြောက်လား တောင်မသိဘဲ ဖြစ်သွားလိမ့်မယ်”
ဒုတိယသခင်မဝေက သူမ၏သားအပေါ် ညှာတာထောက်ထားမှုကို မပြခဲ့ချေ။
“ အမွှေးတိုင်မြန်မြန် ပူဇော်ရအောင်၊ ခဏနေ ကျမ်းစာဖတ်တာကိုလည်း နားထောင်ကြမယ်”
မိသားစုနှစ်ခုသည် ‘ မမျှော်လင့်ဘဲ’ တွေ့ဆုံခဲ့ကြပြီးနောက် အမွှေးတိုင်လှူရန် ခန်းမထဲသို့ အတူတူ ဝင်လာကြတော့သည်။
“ သား မင်းအဒေါ်စုနဲ့ အမေတို့က ကျမ်းစာဖတ်တာ နားထောင်အုံးမှာဆိုတော့၊ ပျင်းနေလိမ့်မယ်၊ ပိုင်ယွင့်ဘုရားကျောင်းအနောက်ဘက်မှာ ပန်းတွေ အပြည့်ပွင့်နေတဲ့ ကြာပန်းရေကန်ကြီးတစ်ခု ရှိတယ်တဲ့၊ သားတို့လူငယ်တွေ သွားကြည့်ကြလေ၊ ဒီမှာ နေစရာမလိုပါဘူး”
အမွှေးတိုင် ပူဇော်ပြီးနောက်တွင် ဒုတိယသခင်ဝေက ကလေးနှစ်ယောက်ကို အချိန်သပ်သပ်ပေးရန် အကြံတစ်ခု ထုတ်လိုက်တော့သည်။
ယိုပေါင်က အမျိုးသမီးစုအား ခပ်ရှက်ရှက်နှင့် ကြည့်လိုက်၏။ အမေဖြစ်သူက မငြင်းပယ်သည်ကို တွေ့လိုက်ရသဖြင့် သူမက ပြောလိုက်လေသည်။
“ ယိုပေါင် သခင်လေးစစ်ဝေနဲ့ အဖော်ပြုပြီး လမ်းလျှောက်လိုက်ခဲ့ပါမယ်၊ တုန်းကျီကို ခေါ်သွားရင် အဆင်ပြေပါတယ်”
သာ့ဖုန်း၏ ကျေးလက်ဓလေးက ပွင့်လင်းလေသည်။ ထိုအခြင်းအရာထက် သူကို အဖော်ပြုပေးနေသည့် အစေခံမလေးများနှင့် အစောင့်များလည်း ရှိသည်။ သူတို့သည် လက်ထပ်ပွဲတစ်ခု ဖြစ်လာရန် ရည်ရွယ်ထားသဖြင့် အဆင်ပြေလေသည်။
စစ်ဝေသည် သူ၏အရှိန်အဟုန်ဖြင့် ခုန်နေသည့် နှလုံးကို အားတင်ကာ သည်းခံထားပြီး အကြီးအကဲနှစ်ယောက်ကို ဦးညွှတ်လိုက်ပြီးနောက် ယိုပေါင်နှင့်အတူတူ ခြေလှမ်း သုံး-လေးလှမ်းအကွာက လျှောက်ရင်း နောက်ဘက်က ကြာပန်းရေးကန်ဆီသို့ သွားလိုက်လေသည်။
လူငယ်အတွဲလေးက အနောက်ဘက်သို့ လျှောက်သွားသည်ကို တွေ့လိုက်ရသဖြင့် ဒုတိယသခင်မဝေက ကျေနပ်စွာ ပြုံးလိုက်တော့သည်။ သူမ ပြောတဲ့အတိုင်းပဲ။ သူမက အမြင်ရှိပါတယ်လို့။
“အဟမ်း ဟိုနေ့က ချင်းပြုတ်ရည်အတွက် ကျေးဇူးတင်ပါတယ်နော်”
စစ်ဝေက အရင်ဆုံး တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်ပြီး သူတို့ ပထမဆုံးတွေ့ခဲ့သည့်နေ့ကအကြောင်းကို ပြောလိုက်လေသည်။
“ ချင်းပြုတ်ရည် တစ်ပန်းကန်လေးပါပဲ၊ သခင်လေး အဆင်ပြေတယ်ဆိုတော့ ကောင်းတာပေါ့”
ယိုပေါင်က သူမ၏နှလုံးသားမှာ ထိန်းမရအောင် ခုန်နေသည်ကို ခံစားမိနေသဖြင့် ခေါင်းလေးကို ငုံ့ထားလိုက်လေသည်။ အမှန်တွင်တော့ သူတို့ ပြီးခဲ့သည့်အခေါက် စုကျားယန့်တွင် တွေ့ခဲ့ချိန်ကတည်းက ထိုနေ့က သူမ၏အိမ်အပြင်ဘက်တွင် မိုးခိုနေခဲ့သည့် သူဖြစ်နေမှန်း မှတ်မိခဲ့လေသည်။ သူ့ကို ဝေမိသားစု၏ နံပါတ်လေးသား ဖြစ်နေမည်ဟု လုံးဝမထင်ထားခဲ့ချေ။
မိသားစုနှစ်ခုက အစေခံများသည် သူတို့နောက်က ခြေလှမ်း ၅-၆လှမ်းအကွာမှာ လိုက်လာခဲ့သည်။ သူတို့သည် တီးတိုးပြောနေသဖြင့် ကြားသွားမည်ကို စိတ်မပူခဲ့ကြပေ။
၁၅ရက်နေ့တွင် ပိုင်ယွင့်ဘုရားကျောင်းသို့ လာရောက်ကြသည့် ဘုရားဖူးများစွာ ရှိလေသည်။ အလည်အပတ်လာရောက်သူများနှင့် တိုးတိုက်မိမည်စိုးသဖြင့် စစ်ဝေက ကျောက်စားပွဲတစ်ခုကို ရှာလိုက်ပြီး နှစ်ယောက်သားက နှုတ်ဆိတ်ကာ ထိုင်လိုက်ကြလေသည်။ သို့သော် သူ မော့ကြည့်လိုက်ချိန်တွင် တစ်ဖက်လူကလည်း သူ့ကို ကြည့်နေသည်ကို တွေ့လိုက်ရလေသည်။ ကပျာကယာြဖင့် အကြည့်လွှဲလိုက်ပြီးနောက် စိုးရိမ်မှုနှင့် မရေမရာဖြစ်တည်မှုများက လေထုတွင် တိတ်တိတ်လေး စိမ့်ဝင်ပျံ့နှံ့သွားလေတော့သည်။
…