← Chapters

အခန်း ၁၅၁

Vol. 11 Ch. 151

အခန်း ၁၅၁

Vol. 11 Ch. 151

အပိုင်း (၁၅၁) မိုးသက်လေပြင်းထန်လာခြင်း

ပိုင်ယွဲ့ဘုရားကျောင်း၌ အမွှေးတိုင်ထွန်းညှိပူဇော်ကာ ပြန်လာပြီးနောက် ယိုကျင်သည် ယိုပေါင်နှင့်အတူ တိုင်ပင်ဆွေးနွေးခဲ့သည်။ ယိုပေါင်မှ လက်ခံရန်ဆန္ဒရှိသည့်အတွက် သူမလည်း အမျိုးသမီးစုကို ပြောပြလိုက်သည်။

ယခုအခေါက်၌ ဝေမိသားစုတွင် စစ်ဝေသည် သခင်မဝေအား ကိုယ်တိုင်ကိုယ်ကျ တောင်းဆိုခဲ့သည်။

“သား သားရဲ့ထိမ်းမြားမှုအတွက် အမေ့ကို ဒုက္ခပေးပါရစေ”

“မင်းရဲ့ထိမ်းမြားမှု ငါ့သားက ဂန္တ၀င်စာပေနဲ့ကဗျာတွေနဲ့ပဲ တစ်သက်လုံးနေဖို့ စီစဉ်ထားတာ မဟုတ်ဘူးလား” သားဖြစ်သူမှ သူမထံတွင် ထိုသို့တောင်းဆိုသည်မှာ ရှားပါးလှသည်။ သူမသည် စိတ်ကောင်း၀င်နေသောကြောင့် ထိုကလေးအား အနည်းငယ်ပညာပေးရန် စနောက်တော့သည်။

သို့သော်လည်း သားငယ်၏ရှက်သွေးဖြာနေသည့် မျက်နှာကြောင့် အရင်ဆုံးအလျှော့ပေးလိုက်သည်မှာ သခင်မဝေသာဖြစ်ပြီး သူမသည် ချိုသာစွာ ပြောလေသည်။ “ယုကျွမ်း”

စစ်ဝေ(လေးယောက်မြောက်ဝေသခင်လေး)သည် မတ်တတ်ရပ်သည့်တိုင် သူ၏ဂါရ၀ပြုဟန်ကို မဖြုတ်ဘဲ နေခဲ့၏။ သခင်မဝေသာ ခွင့်မပြုပါက တစ်သက်လုံး မထဘဲနေမည့်ဟန်ရှိသည်။

“ငါနင်တို့နှစ်ယောက်ဆီမှာ အရင်ဘ၀က အကြွေးတင်ခဲ့တာလား” သခင်မဝေသည် သက်ပြင်းချကာ ပြောလိုက်သည်။

“ငါ မျက်နှာအပျက်ခံပြီး စုမိသားစုကို တောင်းဆိုပြီးပြီ။ မင်းသာ ဆန္ဒရှိမယ်ဆို စုမိသားစုကလည်း ခွင့်ပြုပြီး လက်ထပ်ဖို့ကိစ္စလည်း အဆင်ပြေလိမ့်မယ်”

သူမ၏စကား ဆုံးပြီးနောက် သားဖြစ်သူကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။ အစက အသေအလဲငြင်းနေတာဘယ်သူလဲ။ ကိုယ့်ပြဿနာကို မီးထွန်းရှာခဲ့တာ မဟုတ်ဘူးလား။

အမျိုးသားဘက်မှ ချစ်ခင်တွယ်တာမှုရှိကာ အမျိုးသမီးဘက်မှလည်း ဆန္ဒရှိပေသည်။ ယခုအခေါက် ဝေမိသားစုဘက်မှ အောင်သွယ်တော် ပို့ချိန်၌ စုမိသားစုသည် လက်ခံလိုက်သည်။ တင်တောင်းပစ္စည်းများသည် ပြဌာန်းထားသော အချက်ရှစ်ချက်နှင့်အညီ ပြင်ဆင်ထားပေသည်။ လက်ထပ်ပွဲကို ကိုယ်တိုင် တန်ဖိုးထားကြောင်းပြသရန် စစ်ဝေသည် ကိုယ်တိုင်ရေးဆွဲထားသည့် ကြာပန်းနတ်သမီးပန်းချီကားကို။ တံဆိပ်ခတ်နှိပ်လိုက်သည်။ ထို့နောက် စာအိတ်သေးတစ်ခုထပ်ကာ သခင်လေးစုအတွက် သီးသန့်စာဟု ရေးသား၍ တံဆိပ်ခတ်နှိပ်ပြီး တင်တောင်းပစ္စည်းများနှင့်အတူ စုမိသားစုထံ ပို့ဆောင်စေသည်။

“ရက်သုံးရက်ရှိတယ်။ အောက်တိုဘာလ ရှစ်ရက်၊ နို၀င်ဘာလ နှစ်ဆယ့်သုံးရက်နဲ့ ဒီဇင်ဘာလ တစ်ဆယ့်ခုနှစ်ရက် သခင်မစု ဘယ်ဟာက ကောင်းတယ်ထင်လဲ” အောင်သွယ်တော်သည် အပြုံးလေးဖြင့် မေးမြန်းလိုက်သည်။ သူမသည် သူမ၏အောင်သွယ်မှုမှာ ရေစုန်မြောပြီဟု တွေးထင်ခဲ့သည်။ မထင်မှတ်စွာပင် လ၀က်အကြာ၌ သခင်မဝေသည် သူမထံသို့ ထပ်မံလာရောက်ကာ ထိုထိမ်းမြားမှုအတွက် ထပ်မေးမြန်းရန် တောင်းဆိုခဲ့ပြီး ယခုအခေါက်၌ အောင်မြင်မည်ဖြစ်ကြောင်း ပြောခဲ့သည်။

အမျိုးသမီးစုသည် ဝေမိသားစုထံမှ ပို့ဆောင်သည့် တင်တောင်းပစ္စည်း စာရင်းကို ကိုင်ထားကာ ယိုပေါင်အပေါ်၌ တန်ဖိုးထားသည့် ဝေမိသားစု၏ အပြုအမူနှင့်ပတ်သက်၍ ကျေနပ်နေခဲ့သည်။

“ဒီဇင်ဘာလ တစ်ဆယ့်ခုနှစ်ရက်နေ့ဆိုရင် ဘယ်လိုလဲ”

ဇူလိုင်လအတွင်းသို့ ရောက်နေပြီဖြစ်ကာ စက်တင်ဘာလနှင့်အောက်တိုဘာလမှာ ကတိုက်ကရိုက် ဆန်လွန်းသည်။ နောက်‌ဆုံးလဖြစ်သော ဒီဇင်ဘာလမှာ အသင့်တော်ဆုံးဖြစ်သည်။

အောင်သွယ်တော်သည် စုမိသားစု ရွေးချယ်သည့် ရက်ကို ဝေမိသားစုထံသို့ သတင်းပြန်ပို့ပေးရသည်။ ဝေမိသားစုသည်လည်း ငြင်းပယ်စရာမရှိပေ။ ထိုသို့ဖြင့် မိသားစုနှစ်ခုကြားရှိ ထိမ်းမြားမှုမှာ အတည်တကျ ဖြစ်သွားခဲ့သည်။

အောင်သွယ်တော် ပြန်သွားပြီးသည့်နောက်တွင် အမျိုးသမီးစုသည် ယိုပေါင်၏ တင်တောင်းပစ္စည်းများကို တစုတစည်းတည်းဖြင့် သေချာသိမ်းဆည်းထားရန် အဒေါ်စုန့်ကို မှာကြားလိုက်သည်။ “ဝေမိသားစုရဲ့ တင်တောင်းပစ္စည်းတွေက တန်ဖိုးကြီးလွန်းတယ်။ အချိန်ကျလို့ရှိရင် ယိုပေါင်ရဲ့ လက်ဖွဲ့တင်သွင်းပစ္စည်းတွေက ပြီးစလွယ်စီစဉ်လို့မဖြစ်ဘူး”

ဝေမိသားစု၏ ‌တင်တောင်းပစ္စည်းများ၌ နဂါးနှင့်ဇာမဏီ လက်၀တ်တန်ဆာ လေးစုံ၊ ရွှေနီစပ် ဆံထိုးလေးစုံ၊ ဖဲသားနှင့်ပိုးထည် နှစ်ဆယ့်လေးလိပ်၊ ရွှေဆယ်လျန်း၊ ငွေသား ကိုးရာကိုးဆယ့်ကိုးလျန်းတို့ ပါရှိသည်။ ထို့အပြင် ဆန်သေတ္တာနှစ်ဆယ့်လေးလုံး၊ ပင်လယ်စာ၊ သားရေ(သားရဲအရေခွံ)၊ သေရည်၊လက်ဖက်ခြောက်နှင့် စာအုပ်များလည်း ပါရှိသေးသည်။ လော့ဟယ်မြို့၌ ထိုကဲ့သို့ တင်တောင်းပစ္စည်းများသည် သာမန်မဟုတ်ပါချေ။

“ခမည်းခမက်မိသားစုက ဒီလောက်အရေးပေးမှတော့ သခင်မပျော်သင့်တယ်လေ။ ဘာလို့ သက်ပြင်းချနေရတာလဲ” အဒေါ်စုန့်သည် သခင်မလေး၄၏ တင်တောင်းပစ္စည်းများကို တစ်ခုချင်းစီ သေချာသိမ်းဆည်းပြီးချိန်၌ သခင်မဖြစ်သူထံ အခြေအနေတင်ပြရန်ရောက်ရှိလာသည်။ ထို့နောက် အမျိုးသမီးစု၏ မျက်မှောင်ကြုံ့ကာ သက်ပြင်းချနေဟန်ကို မြင်တွေ့လိုက်ရသည်။

“ဟုတ်သားပဲ။ အမေက ဘာတွေကို ပူပန်နေတာလဲ။ သမီးတို့အိမ်က ညီမလေးတွေ လက်ထပ်ရင် တင်သွင်းပစ္စည်းတွေက အကုန် ယိုရင်နဲ့ တပြေးညီတည်း ပေးမှာပါ” အမျိုးသမီးစုသည် ဘာမှမပြောရသေးခင်ပင် သမီးဖြစ်သူ ယိုကျင့်၏အသံ ထွက်ပေါ်လာခဲ့သည်။

“သမီးတို့မိသားစုမှာ လက်ဖွဲ့ပစ္စည်းတွေ လုပ်ဖို့ ပြတ်လပ်နေတာလဲ မဟုတ်ဘူးလေ။ အမေ စိတ်မပူပါနဲ့။ ယိုပေါင်အတွက် ဆီလျော်အောင် သမီးပြင်ပေးလိုက်ပါ့မယ်”

“ကောင်းတဲ့ကိစ္စ ဆိုပေမဲ့ အမေစိတ်မချသေးဘူး။ တကယ်လို့ လက်ဖွဲ့တွေနည်းရင် တစ်ဖက်က ယိုပေါင်ကို အထင်မြင်သေးမှာ ကြောက်မိတယ်။ များသွားရင်လည်း ချမ်းသာတာကို ဂုဏ်မောက်တယ်လို့ လူတွေပြောကြမှာ စိုးရိမ်တယ်” အမျိုးသမီးစုသည် ထိုကိစ္စကို စိတ်ပူနေရခြင်း ဖြစ်သည်။

“ပြီးတော့ ဝေမိသားစုက ပညာတတ်မျိုးရိုးလေ။ အမေတို့သာ ငွေစအများကြီးထည့်မိရင် သူတို့ဘယ်လိုတွေးသွားမလဲ”

ယိုကျင့်သည် မိခင်ဖြစ်သူမှ ထိုသို့အသေးစိတ်တွေးတောနေမှန်း မသိခဲ့ချေ။ သူမသည် မနေနိုင်ဘဲ တခစ်ခစ်ရယ်ကာ ပြုံးလိုက်သည်။ သို့သော်လည်း ယိုကျင့်၏ရယ်မောမှုက အမျိုးသမီးစု၏စိတ်ကို တည်ငြိမ်စေခဲ့သည်။ “အမေ အရမ်းအတွေးမများပါနဲ့။ သမီးစီစဉ်နိုင်ပါတယ်။ ပြီးတော့ အခုမှဇူလိုင်လပဲရှိသေးတယ်လေ။ ငါးလတောင်အချိန်ကျန်သေးတော့ သေချာစီစဉ်ဖို့ အချိန်ရပါတယ်”

ယိုပေါင်သည် စေ့စပ်ပြီးသွားသော်လည်း အာရ်ယာအမျိုးသမီးကျောင်းတော်၌ စာလေ့လာနေသေးသည်။ တင်တောင်းပစ္စည်းများနှင့်အတူ ပန်းချီကားအား လက်ခံရရှိပြီးချိန်မှစ၍ ယိုပေါင်သည် စစ်ဝေထံမှ လက်ဆောင်များ အချိန်နှင့်အမျှ အဆက်မပြတ် လက်ခံရရှိခဲ့သည်။ တစ်ခါတရံပန်းချီကားများ၊ တခါတရံ စာအုပ်များ၊ မုန့်ပဲသရေစာများနှင့် မျက်နှာချေမှုန့်ဘူးများပါ ရရှိသေးသည်….

နှစ်ဦးသားသည် စေ့စပ်ပြီးပြီ ဖြစ်သောကြောင့် တစ်ယောက်နှင့်တစ်ယောက် သီးသန့်လက်ဆောင်များ ပေးပို့ရန် ရှက်ကြောက်နေခြင်း မရှိကြပေ။ ထိုအမျိုးသားသည် နောက်နှစ်တွင် ဆောင်းဦးစာမေးပွဲအတွက် မြို့တော်သို့ သွားရမည်ကို ယိုပေါင်သိပေသည်။ ထို့ကြောင့် စာအုပ်ကောင်း တွေ့သည်နှင့် လူလွတ်ကာ ချစ်ရသူထံ ပေးပို့လေ့ရှိသည်။ နှစ်ဦးသားသည် အချင်းချင်းတွေ့ဆုံခြင်း သိပ်မရှိသော်လည်း သူမတို့၏ ဆက်ဆံရေးမှာ ခိုင်မာလှသည်။ သူမတို့နှစ်ဦးကြားရှိ ဆက်ဆံရေးသည် အချိန်ုနှင့်အမျှ တိုးတက်လာခဲ့သည်။

အလုပ်များနေရင်းဖြင့်သာ အချိန်ကုန်မြန်သွားကြလေသည်။ မျက်စိတ်တမှိတ်အတွင်း၌ပင် ဩဂုတ်လထဲသို့ဘရောက်ရှိလာခဲ့သည်။

“တာဝန်ခံဝူပို့တဲ့စာ‌ထဲမှာ မြို့တော်က အခြေအနေက တဖြည်းဖြည်း ပြင်းထန်လာတယ်လို့ ပြောထားပါတယ်။ ကြည့်ရတာ ရာသီဥတု ပြောင်းလဲတော့မယ်နဲ့တူတယ်” ယိုကျင့်သည် ဟောင်ကျားဟွမ်တောင်ခြေသို့ သွားကာ သူမ၏နောက်မှ လိုက်လာသည့် သက်တော်စောင့်ရှောင်ကို တီးတိုးပြောလိုက်သည်။ “တကယ်လို့ ဧကရာဇ်အသစ်သာနန်းတက်ရင် လွတ်ငြိမ်းချမ်းသာခွင့်တွေ ပေးလောက်လား”

အဆုံး၌ ယိုကျင့်သည် ရှောင်မိသားစုများအတွက် တွေးပူမိသည်။ အကယ်၍ လွတ်ငြိမ်းချမ်းသာခွင့်ပေးပါက မြောက်ပိုင်းရှင်းကျန်း၌ ဒုက္ခခံစားနေရသော ရှောင်ဟိုင်ရူတို့ ညီအစ်ကိုနှစ်ဦးလည်း ပြန်လာနိုင်ပြီး သခင်မယုတို့နှင့် ပြန်ဆုံစည်းနိုင်လိမ့်မည်။

သက်တော်စောင့်ရှောင်သည် သူ၏နှုတ်ခမ်းကို ပိတ်ချလိုက်သည်။ သူပြောလိုက်သည့်အချိန်တိုင်း မျက်၀န်းများသည် အရောက်မှိန်ပျသွားလေသည်။ “တကယ်လို့ ပဋိပက္ခဖြစ်ရင် ရှေ့တန်းကလူတွေ ပါ၀င်ရလိမ့်မယ်”

ရှေ့တန်းကလူများပါ ပြဿနာရှိပါက အပိုဆောင်းတပ်သားများ ဖြစ်သည့် ရှောင်ဟိုင်ရူညီအစ်ကိုများကဲ့သို့ အပြစ်သားများသည် တိုက်ပွဲ၀င်ကာ သေဆုံးရမည်ဖြစ်သည်။

“အတွင်းပဋိပက္ခနဲ့ ပြင်ပကျူးကျော်မှုတွေ ငြိမ်းငြိမ်းချမ်းချမ်းနေရတာမှ နှစ်နည်းနည်းပဲရှိသေးတယ်”

ယိုကျင့်သည် သက်ပြင်းခပ်နက်နက်ချမိသည်။ “တကယ်လို့ အရင်တစ်ခါလိုသာဖြစ်ရင် ဒီတစ်ခါ နောက်ထပ်စစ်သူကြီးလု မရှိတော့ဘူး။ ဘယ်သူက ရန်သူကို ခုခံနိုင်မှာလဲ”

လူနှစ်ဦးသည် ကြီးမားသော အကြောင်းအရာကို ဆွေးနွေးနေကြပြီး ကောက်ရိတ်သိမ်းပွဲ၏ ပျော်ရွှင်မှုသည်ပင် ထိုလေးလံမှုကို မဖျက်ဆီးနိုင်ခဲ့ပေ။

……………

မြို့တော်၌

“အရှင်မင်းကြီး ဆေးက အဆင်သင့်ဖြစ်ပါပြီ။ ခဏလောက်နားပါဦးလား” ချင်တိဟိုက်သည် တော်၀င်သမားတော်ညွှန်ကြားသည့်အတိုင်း ပြင်ဆင်ထားသော ဆေးကို စာကြည့်ဆောင်သို့ သယ်လာပြီး စားပွဲပေါ်၌တင်ထားလိုက်သည်။ “ဒီအစီရင်ခံစာတွေက ဘယ်လောက်ပဲအရေးကြီးကြီး အခုအချိန်မှာ အရှင်မင်းကြီးရဲ့ကျန်းမာရေးကို အဓိကထားရမယ် မဟုတ်လား”

နောက်ထပ် သနားခံသည့် အစီရင်ခံစာကို ဖတ်ပြီးသည့်နောက် ဘုရင်မင်းမြတ်သည် ဒေါသကြောင့် ချောင်းအကျယ်ကြီး ဆိုးလိုက်မိသည်။ “သူတို့တွေက တစ်ယောက်ပြီးတစ်ယောက် သနားခံစာတင်ဖို့ပဲ တတ်ကြတယ်။ နန်းတော် အုတ်မြစ်ကို ပြင်ဖို့ ပိုက်ဆံတွေ ဘယ်ရောက်သွားမှန်း ကိုယ်တော်တောင် မသိဘူး”

အစီရင်ခံစာသည် ပျံဝဲသွားကာ မြေပေါ်သို့ စက္ကူစုတ်သဖွယ် လုံးထွေးကာ ကျသွားလေသည်။ မည်သူမျှ မလှုပ်ရှားရဲကြပေ။

ချောင်းဆိုးခြင်းကြောင့် မောဟိုက်နေသည့် ဘုရင်မင်းမြတ်သည် နဂါးပလ္လင်၌ထိုင်ကာ ချင်တိဟိုက်ယူလာသော ပျားရည်ကိုသောက်ကာ လည်ချောင်းရှင်းလိုက်သည်။ ထို့နောက် ဆေးကိုယူကာ တစ်ကျိုက်တည်း မော့သောက်လိုက်သည်။ ဆေးသည်ခါးလွန်း၍ ဖြစ်ပေလိမ့်မည်။ နဂိုက ရှုံ့တွနေခဲ့သော အရှင်မင်းကြီး၏မျက်နှာသည် ပို၍ပင်ရှုံ့တွလာခဲ့သည်။ “ဘာလို့ ဆေးက ပိုပိုခါးလာရတာလဲ”

“အရှင်မင်းကြီး ကျွန်တော်မျိုး မနေ့က ဆေးထပ်စစ်ကြည့်တဲ့အတိုင်း ဆေးညွှန်းရေးထားတာပါ။ အရှင်မင်းကြီးမှာ ပူပန်မှုတွေများတော့ အသည်းအားကောင်းလာအောင် ဆေးနည်းနည်း ထပ်ထည့်ထားတာပါ။ အဲဒါကြောင့် နည်းနည်းခါးနေရတာပါ” သမားတော်ချုပ်လင်းသည် သစ်သားသေတ္တာကို ချကာ ခါးအနည်းငယ်ကိုင်း၍ ရိုသေစွာ ဖြေကြားလိုက်သည်။

ရေနှင့်အနည်းငယ် ပါးစပ်ဆေးပြီးသည့်နောက်တွင် သူသည် လက်ကိုဝှေ့ရမ်းလိုက်သည်။ “ဟုတ်ပြီ သွားတော့” သူသည် အသက်ကြီးလာကာ ကျန်းမာရေးမှာ တနေ့တခြား ဆိုးရွားလာ၍ဖြစ်ပေလိမ့်မည်။ ထိုသမားတော်များ ခဏခဏလာရောက်ခြင်းကို မမြင်ချင်တော့ပေ။

ချင်တိဟိုက်သည် အရှင်မင်းကြီးလွှင့်ထားခဲ့သည့် ပျံ့ကျဲနေသော အစီရင်ခံစာများကို ကောက်ကာ အစီအစဉ်တကျခေါက်ပြီး စားပွဲပေါ်၌ တင်ထားလိုက်သည်။ သေသပ်အောင် ပြင်ဆင်ပြီးချိန်၌ သူသည် အပြင်မှ ၀င်ခွင့်တောင်းသည့် ကြေညာသံကို ကြားလိုက်ရသည်။ “အရှင်မင်းကြီး ဝူမင်းသား(မင်းသား၅)က တွေ့ခွင့်တောင်းနေပါတယ်”

“ဝူလေးက ဒီအချိန်ကြီး ဘာလာလုပ်တာလဲ” သူသည် အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်သွားသော်လည်း ၀င်ခွင့်ပေးလိုက်သည်။ “အခွန်ဌာနက အရေးကိစ္စတွေ မဆောင်ရွက်ဘဲ တော်၀င်စာကြည့်ဆောင်ကို ဘာလာလုပ်တာလဲ”

လက်ရှိဘုရင်မင်းမြတ်၌ သားခုနှစ်ယောက် ရှိပေသည်။ ထိုထဲ၌ အကြီးဆုံးသားဖြစ်သူမှာ ယခင်အိမ်ရှေ့စံဖြစ်ကာ လွန်ခဲ့သည့် ဆယ်နှစ်က ပြင်းထန်သည့်ရောဂါဝေဒနာကြောင့် ကွယ်လွန်သွားခဲ့သည်။ ထိုမှစ၍ ဘုရင်မင်းမြတ်ထံ၌ အိမ်ရှေ့စံ မရှိတော့ချေ။ တတိယမြောက်သားတော်သည် ယခင်က ဟန်ကွမ်းဟုန်နှင့်အတူ ပုန်ကန်မှုပြုလုပ်ခဲ့သော အဓိကလက်သည် ဖြစ်သည်။ ထို့ကြောင့် ကွပ်မျက်ခြင်း ခံလိုက်ရသည်။ လက်ရှိ၌ သူ့ထံတွင် ဒုတိယ၊ စတုတ္ထ၊ ပဉ္စမ၊ ဆဋ္ဌမ၊ သတ္တမနှင့် အဋ္ဌမ သားတော်တို့သာ ကျန်ရှိတော့သည်။

ဒုတိယမင်းသား၏ မွေးမိခင်မှာ အဆင့်အတန်း နိမ့်ပါးသောကြောင့် သူမ၏ဆွေမျိုးများသည် မည်သည့်အကူအညီမျှ ထောက်ပံ့နိုင်ခြင်းမရှိပေ။ သူသည် ယခင်က အိမ်ရှေ့စံ၏ တောင်းဆိုမှုကြောင့် ဖင်း၀မ်အဖြစ် ချီးမြောက်ခြင်းခံခဲ့ရသူ‌ဖြစ်သော်လည်း သားခြောက်ယောက်ထဲတွင် အကျိုးခံစားခွင့် အနည်းဆုံးလူဖြစ်သည်။

တစ်ဖက်ရှိ မင်းသားငါး၏ မွေးမိ‌ခင်မှာ မောင်းမဆောင်ရှိ တော်၀င်ကြင်ယာတော်လန်ဖြစ်သည်။ တော်၀င်ကြင်ယာတော်၏ ဖခင်နှင့်အစ်ကို နှစ်ဦးစလုံးသည် ရုံးတော်၌ အရာရှိများဖြစ်ကြသည်။ သူမ၏ဖခင်သည် ယခင်က အိမ်ရှေ့စံ၏ သင်ကြားရေးအမတ်ဖြစ်ခဲ့သည့်အပြင် မင်းသားငါးသည်လည်း အလုပ်ကြိုးစားသူအဖြစ် သတ်မှတ်နိုင်သည်။ ဘုရင်မင်းမြတ်၏ကျန်းမာရေး ဆိုးရွားလာခဲ့သည့် လွန်ခဲ့သော နှစ်နှစ်မှစတင်ကာ ငါးယောက်မြောက်မင်းသားအား အိမ်ရှေ့စံအဖြစ်တင်မြောက်ရန် တောင်းဆိုသူများ များပြားလာခဲ့သည်။

“ခမည်းတော် နေမကောင်းဘူးကြားလို့ သားတော်က အထူးတလည် လာကြည့်တာပါ” မင်းသားငါးသည် စာကြည့်ဆောင်၌ ဒူးထောက်ကာ ရိုသေစွာ ဂါရ၀ပြုလိုက်သည်။ “သားတော် လွန်ခဲ့တဲ့ရက်ကပဲ ဂျင်‌ဆင်းကောင်းကောင်း ရထားလို့ ခမည်းတော်အတွက် ယူလာပေးတာပါ”

ဘုရင်မင်းမြတ်သည် သားဖြစ်သူ၏ အလိုက်သိမှုကြောင့် မျက်နှာအမူအရာမှာ အနည်းငယ် ပျော့ပြောင်းလာခဲ့သည်။ “မင်းကတော့ အရင်လိုအလိုက်သိတုန်းပဲ။ ဒီကိုရောက်လက်စနဲ့ မင်းမယ်တော်ဆီကို ၀င်တွေ့လိုက်ပါဦး။ လွန်ခဲ့တဲ့နှစ်ရက်လောက်ကပဲ နေလို့မကောင်းဘူး ပြောနေသေးတယ်”

ဖခင်ထံမှာ ချီးကျူးခံရလိုက်ရသောကြောင့် မင်းသားငါးသည် စိတ်အခြေအနေကောင်းမွန်စွာဖြင့် စာကြည့်ဆောင်မှထွက်ကာ တော်၀င်ကြင်ယာတော်လန် နေထိုင်သည့် ချင်းချွမ်း (ငယ်ရွယ်ပျိုမြစ်မှု)နန်းဆောင်သို့ ဦးတည်ခဲ့သည်။ လမ်းတ၀က်၌ ‌နန်းတော်မှ ထွက်ခွာရန် ပြင်ဆင်နေသော ဖင်း၀မ်နှင့် တွေ့ဆုံခဲ့သည်။

“အစ်ကိုတော်နှစ်ကို မတွေ့ရတာ ရက်တော်တော်ကြာပြီပဲ။ ဘာလို့ ချူချာနေတဲ့ပုံပေါက်နေရတာလဲ”

မင်းသားငါးသည် ဖင်း၀မ်၏လမ်းကိုပိတ်ကာ အနိုင်ရရှိသည့်ဟန်ဖြင့် ကြည့်လိုက်သည်။

ဖင်း၀မ်သည် သွားနေသည်ကိုရပ်ကာ ငုဏ်မောက်နေသော သွေးတစ်၀က်တော်သည့် ညီငယ်ကို ကြည့်ကာ ချောင်းအသာဟန့်လိုက်သည်။ “ဝူတိ(ငါးယောက်မြောက်ညီ)ကို စိတ်ပူစေမိပြီ။ ရာသီဥတု အပြောင်းအလဲကြောင့် ‌နေလို့မကောင်းတာ ဖြစ်ပါလိမ့်မယ်။ ရက်နည်းနည်းလောက်နေရင် သက်သာသွားမှာပါ”

“အစ်ကိုတော် ရုံးတော်မတက်တာလည်း ရက်အတော်ကြာနေပြီ။ အစ်ကိုက အမှုထမ်းလီရဲ့ကိစ္စကြောင့် အခြားသူတွေနဲ့ မျက်နှာချင်းဆိုင်ရမှာ ရှက်နေတယ်လို့ ထင်နေတာ” မင်းသားငါးသည် စိတ်အနှောင့်အယှက် ပေးချင်သည့် ပုံစံဖြင့် ရယ်သွမ်းလိုက်သည်။ “အစ်ကိုတော် နေမကောင်းဘူးဆိုမှတော့ နှစ်သစ်တုန်းက ခမည်းတော်ပေးထားတဲ့ ငှက်သိုက်အပိုတွေရှိသေးတယ်။ နောက်မှ လူလွှတ်ပြီး ပို့ပေးလိုက်ပါ့မယ်။ အစ်ကိုတော်လည်း အထောက်အကူပစ္စည်းလေးရတာပေါ့”

အရာရှိလီသည် ဖင်း၀မ်၏ ယောက္ခမဖြစ်ကာ ရုံးတော်၌ အဆင့်ခြောက်ရာထူးသာရှိသော အမှုထမ်းဖြစ်သည်။ သူသည် ရိုးသားကာ ထုံအလွန်းသောကြောင့် အရှင်မင်းကြီးကို သူ၏အမြင်အတိုင်း လျှောက်တင်လိုက်လေသည်။ ထို့ကြောင့် လအစ၌ပင် ဘုရင်မင်းမြတ်ထံမှ တင်းကျပ်စွာ အပြစ်ပေးဆုံးမခြင်းကို ခံခဲ့ရသည်။ အမတ်လီမှာ ဒေါသထွက်လွန်းသောကြောင့် ဖျားနာကာ အိမ်၌သာလှဲနေခဲ့ရသည်။ ထိုသို့ဖြစ်သည့်တိုင် သူ့ထံသို့ ၀မ်းနည်းပူဆွေးကြောင်းစာလွှာနှင့် လာရောက်မေးမြန်းသူများ မရှိကြပေ။

“ဝူတိရဲ့ စေတနာကို လက်ခံလိုက်ပါ့မယ်။ လုပ်စရာရှိသေးလို့ ဒီလောက်နဲ့ပဲ နှုတ်ဆက်ပါတယ်”

ငါးယောက်မြောက်မင်းသား ပြောဆိုသည်များမှာ စိတ်မကျေနပ်စရာများ ဖြစ်သော်လည်း ဖင်း၀မ်သည် တည်ငြိမ်နေဆဲ ဖြစ်ကာ ဒေါသထွက်ခြင်း အလျဉ်းမရှိခဲ့ပေ။ မင်းသားငါးအား ခေါင်းညိတ်ပြလိုက်ကာ သူ့ဘာသာထွက်သွားတော့သည်။

****

“အဲ့လို လူတန်းစားနဲ့ ဘာပြောစရာရှိလို့လဲ” တော်၀င်ကြင်ယာတော်လန်သည် သားဖြစ်သူမှာ ဖင်း၀မ်နှင့် တော်၀င်ဥယျာဉ်၌ အမှတ်တမဲ့တွေ့ဆုံကာ အချိန်အတန်ကြာ စကားပြောခဲ့ကြောင်းကို ကြားသိလိုက်ရသည်။ ထိုကြောင့် သူမ၏နှုတ်ခမ်းထောင့်၌ မကျေနပ်ဖွယ်ရာ အမူအရာကို ပြသလို့နေသည်။

ငါးယောက်မြောက်မင်းသားသည် ကြင်ယာတော်လန်၏ ဘေး၌ထိုင်နေကာ သူ၏ယပ်တောင်ကို တဖျက်ဖျက်ခတ်ရင်း ‌တက်ကြွစွာပြန်ဖြေလေသည်။ “ကျွန်တော်က သူ့နေရာသူသိစေချင်တာပါ။ သူက မင်းသားတစ်ပါးဖြစ်တော့လဲ ဘာဖြစ်လဲ။ အကြီးဆုံးသားဖြစ်တော့ရော ဘာထူးလဲ။ အမြဲ‌ကျွန်တော့်နောက်မှာပဲ ရှိနေရတာမလား” သူ၏နှုတ်ခမ်းများသည် ကွေးတက်ကာ ရယ်နေသော်လည်း မျက်လုံးများမှာ မဟူရာချောက်နက်၏ အအေးဓာတ်ကဲ့သို့ အေးစက်လှသည်။ ကမ္ဘာလောက၏ အလေးစားခံရဆုံးနေရာသည် သေချာပေါက်သူ၏အပိုင်ဖြစ်ရမည်။ တစ်ယောက်ယောက်သာ ထိုနေရာကို ရည်မှန်းပါက ညီအစ်ကိုအချင်းချင်း သတ်ရလျှင်ပင် သူ့အတွက် အသေးအမွှားပင် ဖြစ်သည်။

“ငါ့သား အဲဒါတွေက ပါမွှားတွေပါ။ မင်းက အခု အရှင်မင်းကြီးရဲ့စိတ်ကို အပိုင်ရထားတယ်ဆိုတာသာ

မှတ်ထား။ မင်းသာ အရှင်မင်းကြီးရဲ့စိတ်ထဲမှာ ရှိနေသ၍ ထီးနန်းဆက်ခံဖို့ဆိုတာ စိတ်ပူစရာလိုလို့လား” ကြင်ယာတော်လန်သည် သူမ၏ဆေးဆိုးထားသော လက်သည်းကို ကြည့်ရင်း လေညင်းကဲ့သို့ ညင်သာကာ တိမ်တိုက်ကဲ့သို့ ပေါ့ပါးသည့်အသံဖြင့် ပြောလေသည်။ “အရင် အိမ်ရှေ့စံ ဆုံးပါးသွားကတည်းက အရှေ့နန်းတော်က အမြစ်မရှိတဲ့ ရေမှော်ပင်ပဲ။ နန်းတွင်းက ကိစ္စတွေအားလုံးကို အမေဂရုစိုက်ပေးမယ်။ သားကအပြင်ဘက်မှာ သားအဘိုးနဲ့ လိုအပ်သလို တိုင်ပင်ဆွေးနွေးကြ”

တော်၀င်ကြင်ယာတော်လန်သည် မွေးကတည်းကပင် ပန်းလေးကဲ့သို့ လှပသူဖြစ်သည်။ သူမသည် သတ်လတ်ပိုင်းအရွယ်သို့ရောက်သည့်တိုင် ယခင်အတိုင်း လှပနေဆဲဖြစ်သည်။ သူမလောက်ပင် အလှအပ၊ အရည်အချင်း၊ မိသားစုနောက်ခံ မရှိသောသူမှာ နန်းတွင်း၏အဓိကနေရာတွင် စံစားနေသည်ဟူသော အတွေးက တော်၀င်ကြင်ယာတော်လန်ကို ရူးခါသွားစေသည်။ သူမသည် မိဖုရားခေါင် မဖြစ်နိုင်ပါက ထိုထက် ပိုမြင့်မြတ်သည့် အမျိုးသမီး ဖြစ်ရမည်။

.......

နန်းတော်အပြင်ဘက်ရှိ ဖင်း၀မ်အိမ်တော်၌

“အရှင့်သား ဒါကရှေ့နှစ်၀က်အတွက် ပို့ပေးထားတဲ့ စာရင်းစာအုပ်တွေပါ” ဖင်း၀မ်သည် နန်းတွင်းမှ အိမ်တော်သို့ ပြန်ရောက်ရောက်ချင်းပင် အထောက်တော်များမှ ပေးပို့ထားသော စာရင်းစာအုပ်များစွာက ကြိုဆိုလို့နေသည်။

ဖင်း၀မ်သည် နားလည်ကြောင်း အရိပ်အချေပြကာ စီမံခိုင်းလိုက်သည်။ ခြေလက်ဆေးကာ အ၀တ်လဲပြီးသည့်အချိန်တွင် စားပွဲ၌ ထိုင်ကာ စာရင်းစာအုပ်များကို စစ်ဆေးတော့သည်။ ထိုစာအုပ်ထဲရှိ လျှို့ဝှက်စာကို ယူကာ ဖတ်လိုက်ပြီးနောက် စာကြည့်စားပွဲ၏ဘေးရှိ မီးအိမ်ထဲမှ ဖယောင်းတိုင်မီးနှင့်အတူ လောင်ကျွမ်းပြာကျစေသည်။

“နှစ်၀က်အတွင်း ဒီလောက်ငွေတွေကို စုမိထားတာ ရှောင်မိသားစုက တကယ်ကို အရည်အချင်းရှိတာပဲ”

ခုံဘေး၌ ရပ်နေသော လက်ထောက်သည် သူပေးလိုက်သည့် စာရင်းစာအုပ်ကို ဂရုတစိုက်ကြည့်ကာ မှတ်ချက်ပြုလိုက်သည်။ “အရှင့်သား လူရွေးတာ မမှားခဲ့ဘူးပဲ”

ဖင်း၀မ်၏ မျက်နှာပေါ်၌ အပြုံးသေးသေးလေးရှိနေခဲ့ကာ သူသည် အတိတ်က ချမှတ်ခဲ့သော သူ၏ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ ကျေနပ်နေဟန်ပေါ်သည်။

“၀မ်ရယ်(မင်းသား) ၀မ်ဖေး(မင်းသားရဲ့ ကြင်ယာတော်)ရောက်နေပါတယ်” လူနှစ်ဦးသည် စာကြည့်ခန်း၌ စကားပြောနေကြရင်း အပြင်ဘက်၌ စောင့်ကြပ်နေသော သက်တော်စောင့်မှ တံခါးခေါက်လာလေသည်။

အပြင်ဘက်ရှိ သတိပေးသံကို ကြားသည်နှင့် လက်ထောက်သည် မင်းသား၏အချက်ပြမှုကိုပင် စောင့်မနေဘဲ စာရင်းစာအုပ်ကို မူရင်းနေရာသို့ ပြန်ထားကာ နှုတ်ဆက်ထွက်ခွာလေသည်။ စာကြည့်ခန်းမှ အထွက်တွင် ၀မ်ဖေးနှင့်တွေ့ဆုံခဲ့သည့်အတွက် အစဉ်အလာအရ အရိုအသေပေးခဲ့၏။

“ဘယ်လိုလုပ်ပြီးရောက်လာတာလဲ” ၀မ်ဖေး၏ ရှေ့၌သာ ၀မ်ရယ်၏ အေးစက်သောမျက်နှာသည် ပျော့ပျောင်းလေ့ရှိသည်။ သူသည် အရှေ့သို့လျှောက်သွားကာ ဇနီးဖြစ်သူ ကိုင်ဆောင်လာသည့် မုန့်သေတ္တာကို ယူကာ ခုနှစ်လနီးပါးကိုယ်၀န်ဆောင်ထားသည့် ဇနီးသည်အား စာကြည့်ခန်း၏ ခဏတာ လှဲလျောင်းရာ ညောင်စောင်း၌ ထိုင်စေလိုက်သည်။ “အပြင်မှာ ဒီလောက် လေတွေပြင်းနေတာ အ၀တ်ကို ထူထူထဲထဲ၀တ်သင့်တယ်”

ဖင်း၀မ်နှင့် ၀မ်ဖေးသည် ငယ်ရွယ်သည့်စုံတွဲ ဖြစ်လေသည်။ လက်ထပ်ပြီးသည်မှာ ဆယ်နှစ်နီးပါး ရှိပြီဖြစ်သော်လည်း ယခင်ကဲ့သို့ပင် အပြန်အလှန်ဂရုစိုက်နေကြသေးသည်။ အိမ်တော်၌ ၀မ်ဖေးအပြင် မင်းကြီးမှ ပဏ္ဍာပို့ဆောင်ထားသော ကိုယ်လုပ်တော်နှစ်ဦး ရှိသေးသည်။ သို့သော် ဖင်း၀မ်သည် ထိုနှစ်ဦးနှင့် စည်းခြားကာ‌ နေထိုင်လေ့ရှိသည်။ ၀မ်ဖေးတစ်ဦးတည်းသာ တော်၀င်သွေးသားနှစ်ဦးကို မွေးထုတ်ပေးခဲ့သည်။ ယခုတွင် သူမသည် သုံးယေက်မြောက် တော်၀င်သွေးကို လွယ်ထားခြင်း ဖြစ်သည်။

“ကျွန်မအဆင်ပြေပါတယ်။ ၀မ်ရယ်က ကြင်ယာတော်မယ်မယ်ကို သွားတွေ့ဖို့ နန်းတွင်းထဲ၀င်တိုင်း အလောသုံးဆယ် သွားတတ်တယ်လေ။ ၀မ်ရယ် ဘာမှမစားရသေးဘူးထင်လို့ မီးဖိုဆောင်ကို ငှက်သိုက်လုပ်ထားဖို့ မှာထားလိုက်တာ” ၀မ်ဖေးသည် ညောင်စောင်း၌ထိုင်ကာ သူမ၏လက်မလေးဖြင့် လေးလံနေသည့် ခါးတစ်ဝိုက်ကို အသာအယာဖိနှိပ်ရင်း ဖြေကြားလိုက်သည်။

သူမသည် သူ့အတွက် စိတ်ပူပေးနေမှန်း ဖင်း၀မ်သိပေသည်။ ထို့ကြောင့် ဘာမျှမပြောဘဲ ယူလာပေးသည့် ငှက်သိုက်ကို ကုန်အောင်သောက်လိုက်သည်။ “မင်းက အခုကိုယ်လေးလက်၀န် ဖြစ်နေပြီလေ။ ဒီလိုကိစ္စ‌အသေးတွေကို အစေခံတွေကိုပဲ ခိုင်းလိုက်ပါ။ မတော်လို့ တစ်ခုခုဖြစ်သွားရင် ဘယ်လိုလုပ်မလဲ”

ဖင်း၀မ်သည် ပုံမှန်၌ စကားများများ ပြောလေ့ မရှိသော်လည်း ၀မ်ဖေးရှေ့၌ စကားလက်ဆုံ ကျတတ်သည်။ အပြင်လူများသည် နိမ့်ကျသော နောက်ခံရှိသည့် ကြင်ယာတော် မျက်နှာသာပေးခံရခြင်းမှာ သိမ်မွေ့နူးညံ့သော သူမ၏အသွင်အပြင်ကြောင့်ဟုသာ မှတ်ယူကြသည်။

“အမေက ဒီနေ့ပဲ စာပို့ပြီး အဖေနေကောင်းကြောင်း ပြောလိုက်တယ်။ အဖေက နည်းနည်း စိတ်ဖိစီးသွားရုံပါတဲ့။ ဒီလိုအကျပ်အတည်းအချိန်ကာလမှာမှ မင်းသားကို ဒုက္ခပေးမိပြီ”

ထိုအကြောင်းအရာသည် ယနေ့ ၀မ်ဖေးလာရောက်ရခြင်း၏ ရည်ရွယ်ချက်ဖြစ်သည်။ သူမ၏ ခင်ပွန်းဖြစ်သူသည် ဖခင်၏လက်အောက်၌ ပညာသင်ကြားရင်း ကြီးပြင်းလာကာ ဖခင်၏အနှစ်သက်ဆုံး တပည့်ဖြစ်လေသည်။ အခြားသူများ၏ အမြင်၌ သူမသည် ဖင်း၀မ်အတွက် အပေါ်ယံ စိတ်ကျေနပ်မှုရစေရန် မင်းကြီးမှ ပို့ဆောင်လိုက်သည့် လက်ဆောင်ပဏ္ဍာတစ်ခုသာသာ ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ဖင်း၀မ်သည် မင်းကြီးမှ ထိုလက်ထပ်ပွဲကို မချီးမြောက်ခင်ကပင် သူမ၏ အဖေထံ၌ လက်ထပ်ရန် တောင်းဆိုခဲ့ပြီးဖြစ်သည်။

ယောက္ခမဖြစ်သူ၏ ရုံးတော်၌ ဆုံးမခြင်းခံရမှုကို ကြားသိပြီးနောက် ရုံးတော်ရှိ ထိုလူ၏ ရာထူးနေရာအတွက် စိုးရိမ်ပူပန်မိသည်။ ဖင်း၀မ်သည် သက်ပြင်းမချဘဲမတတ်နိုင်ခဲ့ပါချေ။

“အဖေက ဖြောင့်မတ်လွန်းတယ်”

ယခုတွင် ဖခမည်းတော်သည် စိတ်ရှုပ်ထွေးနေခဲ့ကာ ရုံးတော်ခြောက်ခုလုံး၌လည်း မင်းသားငါး၏ လူများဖြင့် ပြည့်နှက်နေခဲ့သည်။ ထို့ကြောင့် သူလည်း ကျဉ်းထဲကျပ်ထဲရောက်နေသည်ဟု ဆိုနိုင်သည်။ ဝူတိသည် ကောင်းသည့်လူ မဟုတ်ပေ။ ထိုလူသာ ထီးနန်းဆက်ခံလိုက်ပါက သူတို့မိသားစု၏ အဆုံးသတ်သည် ဆိုးရွားပေလိမ့်မည်။ အခုချိန်၌ သူသာ နည်းလမ်းမစဉ်းစားနိုင်ပါက အသူရာချောက်နက်သို့ ကျဆင်းရပေတော့မည်။

…

All Chapters