အခန်း ၁၅၂
Vol. 11 Ch. 152
အပိုင်း (၁၅၂) နေရာမှန်ပြန်ထားခြင်း
ဖင်းဝမ်၏လမ်းသည် တခြားသူများထက် ပိုပြီးခက်ခဲမည့် ကံအကြောင်းပါလေသည်။ သူသည် သည်လမ်းကို ရွေးလိုက်ပြီဖြစ်သဖြင့် ထိုအရာအတွက် တိုက်ခိုက်ဖို့ရန် တွေဝေနေလိမ့်မည်မဟုတ်ပေ။
“အခုဆို ကိုယ်တော့်မှာ ရုံးတော်က ကိစ္စတွေလည်း အများကြီးလုပ်စရာရှိသေးတယ်၊ အိမ်တော်က ကိစ္စအားလုံးကိုလည်း မင်းကိုပဲ ပိုပြီးပူပန်ရအောင် လုပ်နေမိတယ်”
ဖင်းဝမ်က သူ့ဇနီးသည်၏ ပူထွက်နေပြီဖြစ်သည့် ကိုယ်ဝန်ကို ပွတ်သပ်လိုက်ပြီး သူ၏နိမ့်ချကာ နားလည်ပေးတတ်သည့်ဇနီးသည်အပေါ် အနည်းငယ်အပြစ်ရှိသလို ခံစားမိနေလေသည်။
ဝမ်ဖေးသည် ဖင်းဝမ်၏လက်မောင်းထဲတွင် မှီလိုက်ကာ လေသံတိုးတိုး ဖြင့် ပြန်ပြောလိုက်၏။
“ ခါးသီးတယ်လို့ မထင်ပါဘူးရှင်၊ ကျွန်မက ဝမ်ရယ်ရဲ့ဘေးမှာ ရပ်ဖို့ ရွေးချယ်လိုက်တည်းက ဒီလိုနေ့အကြောင်းကို စဥ်းစားထားပြီးသာပါ”
ဝမ်ဖေးက သူမတွင် တောင့်တင်းသည့် မိသားစုနောက်ခံတစ်ခုမရှိဘဲ မင်းသားငါးကဲ့သို့ ဝမ်ရယ်ကို မကူညီပေးနိုင်သည့်အကြောင်းကို စဥ်းစားလိုက်မိသည်။ အနည်းဆုံး သူမလုပ်ပေးနိုင်သည့်မှာ အိမ်တော်တွင် အေးချမ်းနေအောင် သေချာလုပ်ပေးပြီး ဝမ်ရယ်က အိမ်ကိစ္စ မပူပင်ရအောင် လုပ်ပေးပြီး သူ့ကြီးမားသည့်ရည်ရွယ်ချက်ကို နားလည်သဘောပေါက်ပေးနိုင်ရန်သာ ဖြစ်လေသည်။
အိမ်တော်က ကိုယ်လုပ်တော်များသည် ဘုရင်နှင့် မင်းသားငါး၏ လူများ ဖြစ်ကြမှန်း လင်မယားနှစ်ယောက်လုံး သိထားကြသည်။ ထို့ကြောင့် လင်မယားနှစ်ယောက်လုံးက ထိုလူနှစ်ယောက်နှင့် ခပ်ကင်းကင်း နေကြသည်။ နှစ်ဖက်လုံးက ကိုယ်လုပ်တော်များသည် အတွင်းရေး ကိစ္စများကို သိရန်နေနေသာသာ တစ်နှစ်လျှင် ဝမ်ရယ်နှင့် ဝမ်ဖေးကို အကြိမ်အနည်းငယ်သာ တွေ့ရလေသည်။
***
“ သခင်ကြီး မြို့တော်က စာလာပါတယ်” ရန်ဝေ့က သူ အိတ်ထဲက စာတစ်စောင်ကိုထုတ်လိုက်ပြီး ပြတင်းပေါက်ဘေးတွင် ရပ်နေသည့် လူကို ပေးလိုက်၏။ လှည့်ကြည့်လာသူမှာ ရှောင်လင်းယွီ မဟုတ်လျှင် မည်သူရှိပါအုံးမည်နည်း။
လျှို့ဝှက်စာကို ယူလိုက်ပြီး စာပေါ်က မဖောက်ထားသည့် ချိပ်တံဆိပ်ကို အတည်ပြုပြီးနောင် သူသည် စာကို ဖွင့်ဖောက်ကာ စားပွဲပေါ်သို့ ထိုင်ချလိုက်လေသည်။ စာကို ဖတ်လိုက်ပြီးနောက် ဖယောင်းတိုင်းမီးပေါ် တင်ကာ မီးရှို့လိုက်တော့သည်။
“ သုံးနှစ်လောက် ငြိမ်နေပြီးတဲ့နောက်မှာတော့ စောင့်မျှော်ခဲ့ရတဲ့နေ့ ရောက်လာပြီပဲ၊ သုံးရက်အတွင်း မြို့တော်ကို ပြန်မယ်”
“ ဟုတ်ကဲ့”
ရန်ဝေ့က လက်နှစ်ဖက်ကို ယှက်ကာ အမိန့်ကို ခံယူလိုက်လေသည်။ သူသည် အတွေးနယ်ထဲ ရောက်နေသည့် ရှောင်လင်းယွီကို မနှောင့်ယှက်တော့ပဲ စာကြည့်ခန်းထဲက ထွက်လာခဲ့လိုက်သည်။
သုံးနှစ်တောင် ရှိသွားပြီပဲ။ နောက်ဆုံးတော့ သူ မြို့တော်ကို ပြန်ရတော့မယ်။ ရှောင်လင်းယွီသည် ခေါင်းမော့ထားလိုက်၏။ ရုတ်တရက်ဆိုသလို အိမ်ပြန်ရမည့်အကြောင်းကြောင်း သူ့ခံစားချက်များ အနည်းငယ် ရှုပ်ထွေးသွားတော့သည်။ ပြီးခဲ့သည့် နှစ်အနည်းငယ်အတွင်း သူသည် အရှေ့မှ အနောက်သို့ ခရီးသွားလာခဲ့ရပြီး ပင်လယ်ခရီးသွားယာဥ်များကို ပြန်တည်ထောင်ခဲ့ကာ တောင်မြောက်ရေလမ်းကြောင်းတွင် ကုန်သွယ်ရေးတစ်ခု ဖွင့်လှစ်ခဲ့လေသည်။ သူသည် နေ့နေ့ ညည အလုပ်လုပ်ရင်း ခရီးသွားခဲ့ရသည်။ သူ့ကိုယ်သူ တစ်စက္ကန့်လေးမှ အနားမပေးခဲ့ပေ။ သူသာ နားလိုက်လျှင် စိတ်ထဲတွင် အင်အားများကို ထိန်းမထားနိုင်တော့မှာ စိုးရိမ်ခဲ့မိသည်။
ပြီးခဲ့သည့် သုံးနှစ်အတွင်း သူသည် ပေကျန်း၊ ပေးတိ၊ ရှီချူနှင့် နန်ယန်းအောက်ပိုင်းသို့ ရောက်ခဲ့လေသည်။ သူသည် ပေကျန်းနှင့် လော့ဟယ်မြို့တွင်သာ တစ်လနီးပါးစီ နေခဲ့ရသည်။ သူ့မိဘနှင့် အကြီးအကဲများက အရင်ကလောက် ချမ်းချမ်းသာသာ မနေရသော်လည်း ကောင်းကောင်းမွန်မွန် နေရသည်ကို သိရသဖြင့် သူလုပ်ခဲ့သမျှက ထိုက်တန်မှန်း သိလိုက်ရသည်။
ဖင်းဝမ်က သူ့ကို နန်းတက်နိုင်အောင် ကူညီပေးရင် စစ်သူကြီးဟန်ကွမ်းဟုန်နဲ့ ပတ်သက်ပြီး နစ်နာခဲ့ရတာတွေအားလုံးကို အကောင်းဆုံး ဖြေရှင်ပေးမယ်လို့ ကတိပေးခဲ့တယ်လေ။ သုံးနှစ်နှစ်လုံးလုံး ဖင်းဝမ်ကို ခစားလာခဲ့အပြီးမှာ မြို့တော်မှာ နာမည်မကြီးတဲ့ ဒီဝမ်ရယ်ရဲ့ ယောက်ျားပီသတဲ့အခြမ်းကို တွေ့လိုက်ရတယ်။ ဒါကပဲ သူ့စိတ်ထဲမှာ ဖင်းဝမ်ရဲ့အစီအစဥ်နောက် လိုက်ဖို့ အင်အားဖြစ်လာစေခဲ့တယ်။
သုံးရက်နေပြီးနောက် ရှောင်လင်းယွီက သူပုံမှန်ဝတ်စားနေကျ အဝတ်အစားကို လဲကာ ဘီးတပ်ကုလားထိုင်ပေါ်တွင် ထိုင်လိုက်ပြီး ရန်ဝေ့က တွန်းလာကာ ယွိမိသားစု၏ ကုန်းတွင်းရေလမ်းသင်္ဘောပေါ် တက်သွားတော့သည်။ သူတို့သည် မြို့တော်သို့ ထွက်ခွာသွားကြတော့သည်။
***
ယွမ်ဟွား ၃၄နှစ် ဆောင်းတွင်းတွင် လက်ရှိဘုရင်မင်းမြတ်က ဖျားနာမှုကြောင့် ကံကုန်သွားပြီး ကွယ်လွန်ပြီးမှာ ရှီဇူဟု အမည်တွင်လေသည်။
ရှီဇူ ကံတော်မကုန်ခင်တွင် အမိန့်တော်တစ်ခု ထားခဲ့ပြီး ၁၃နှစ်သား မင်းသားခုနှစ် ယုံစယ် ကိ ဧကရာဇ်အသစ် တင်မြောက်ခဲ့လေသည်။ အနိုင်ရရင် အခွင့်အရေးရှိထားသည်ဟု ထင်ထားခဲ့သည့် မင်းသားငါး ယုံလျန်က ထိုအမိန့်တော်ကြောင့် ပြင်းပြင်းထန်ထန် အရှက်ခွဲခံလိုက်ပြီး နောက်တစ်နေ့တွင် ပုန်ကန်တော့သည်။
ပုန်ကန်လိုက်သည့် မင်းသားငါးနှင့် သူ့လက်အောက် စစ်သည် တစ်သောင်းတို့သည် တင်းအန်းတံခါးရှိ တော်ဝင်သက်တော်စောင့်တပ်ကို တိုက်ရိုက်ထိုးဖောက်ကာ တင်းအန်းတံခါးကို ဖြတ်ဝင်လာပြီးနောက်တွင် ချင်းယန်၏ ပင်မခန်းမသို့ သွားသည့်လမ်းတစ်လျှောက်လုံး တိုက်ခိုက်လာခဲ့လေသည်။
ယွီရွှမ်းနန်းတော်၏ အနောက်ဆောင်ထဲတွင် သားဖြစ်သူနှင့်အတူ အတွင်းရော အပြင်ပါ ပေါင်းကြံခဲ့သည့် လန်ကွေ့ဖေးက နန်းတွင်းသားများကို နန်းမတက်ရသေးသည့် မင်းသားခုနှစ် ယုံစယ်နှင့် သူ့အမေ ရှန်းဖေးတို့အား ဖမ်းဆီးရန် အမိန့်ချလိုက်လေသည်။
“ အရင်မင်းကြီးရဲ့ အမိန့်တော်နဲ့ နင် ဟယ်ယွင်ရှန်းက မယ်တော်မိဖုရားခေါင်ကြီးနေရာမှာ အေးအေးဆေးဆေး ထိုင်နိုင်မယ်လို့ ထင်မနေနဲ့၊ နင်နဲ့ မဆိုင်တဲ့ ပစ္စည်းက ဆိုတာ သိထားမှာပေါ့၊ ဒီတော့ ဒီအတိုင်းယူသွားဖို့ မစဥ်းစားနဲ့၊ မဟုတ်လို့ကတော့ နင့်အသက်ရဲ့တန်ကြေးကို ပြန်ပေးဆပ်ရလိမ့်မယ်”
“ဆွန်းလန်အာ ရှင် ဘာလုပ်တာလဲ၊ ကျွန်မကိုလွှတ်”
ရှန်းဖေးသည် သန်မာအားကောင်းသည့် အခြွေအရံနှစ်ယောက်၏ မြေပေါ်တွင် ချုပ်ခံထားရလေသည်။ သူမ၏ မျက်လုံးများက ကြောက်ရွံ့မှုအပြည့်ဖြစ်နေ၏။ သူမသည် လွတ်မြောက်ဖို့ရန် ကြိုးစားနေသော်လည်း အချည်းနှီးပင်။
လန်ကွေ့ဖေးက မဲ့ရွဲ့ကာ ပြောလိုက်၏။
“ ဘာလဲ၊ နင်က မယ်တော်ကြီး ဖြစ်နေပြီလို့များ တကယ်ထင်နေတာလား”
သူမသည် ဘေးက လင်ပန်းကိုင်ထားသည့် အခြွေအရံဆီ လျှောက်သွားလိုက်ပြီး
“ နင် တစ်ယောက်ယောက်ကို အပြစ်တင်ချင်တယ်ဆိုရင် သူ မပိုင်တဲ့ အရာကို ယူသွားတဲ့ နင့်သားလိမ္မာလေးကိုပဲ အပြစ်တင်လိုက်”
မင်းသားခုနှစ်က သူ့နှုတ်ခမ်းကို တင်းနေအောင် စေ့ထားပြီး နန်းတွင်းအစေခံများက သူ့ပါးစပ်ထဲ အတင်း လောင်းထည့်လိုက်သည့် အဆိပ်သေရည်ကို ငြင်းဆန်လိုကလေသည်။ သို့သော် သူသည် ၁၃နှစ်သားသာ ရှိသေးသည်။ နန်းတွင်းအစေခံ သုံးလေးယောက်ကို တောင့်ခံရန် အဘယ်မှာ အင်အားရှိပါမည်နည်း။ သူ့ပါးစပ်ကို အတင်းဆွဲဟခံလိုက်ရပြီး မကြာခင်မှာပင် အဆိပ်သေရည်တစ်ခွက်ကို မျိုချလိုက်ရပြီးနောက် မင်းသားခုနှစ်သည့် ပြင်းထန်သည့် နာကျင်မှုဝေဒနာကို ခံစားလိုက်ရတော့သည်။ အချိန်တိုအတွင်းတွင် သတိလစ်သွားတော့သည်။
“ ယုံစယ်၊ ယုံစယ်”
သားဖြစ်သူက အဆိပ်ခတ်ခံလိုက်ရသည်ကို မျက်လုံးနှင့် တပ်အပ်မြင်လိုက်ရသည့် ရှန်းဖေးမှာ အရူးတစ်ယောက်လို ဖြစ်သွားတော့သည်။ သူမသည် ရုတ်တရက်ဆိုသလို အချုပ်အနှောင်အားလုံးကို ချိုးဖျက်လိုက်ပြီး အသက်မရှူတော့သည့် သားဖြစ်သူထံ အပြေးအလွှားသွားလိုက်လေသည်။ သူမ၏ လက်မောင်းပေါ်တွင် ဒွာရခုနှစ်ပေါက်မှ သွေးများစီးကျနေသည့် သားဖြစ်သူကို ဖက်ထားရင်း မျက်ရည်များ ဖြိုင်ဖြိုင်ကျလာတော့သည်။
“ ယုံစယ် မယ်တော့်ကို ကြည့်ပါအုံး၊ မယ်တော့်ကို ကြည့်ပါအုံး”
လန်ကွေ့ဖေးက အောင်နိုင်သူသဖွယ် ပြုံးလိုက်ပြီး
“ ဒါက ငှက်ကျားအသိုက်ကို လိုချင်တဲ့ ခိုတစ်ကောင်ရဲ့ ဇာတ်သိမ်းပဲ”
ထိုသို့ပြောလိုက်ပြီးနောက် သူမက နှလုံးကွဲသည်အထိ ငိုကြွေးနေသည့် ရှန်းဖေးကို ဂရုမစိုက်တော့ပေ။ နန်းတွင်းအစေခံနှစ်ယောက်ကိုသာ စောင့်ကြည့်ရန် ထားခဲ့လိုက်သည်။ သူမသည် ကျန်သည့် နန်းတွင်းကလူများကို ဦးဆောင်က ထွက်လာခဲ့လေသည်။ သူမသည် အောင်မြင်မှုနှင့်အတူ ရောက်လာမည့် သားဖြစ်သူကို ကြိုဆိုရန် ချင်းယန်နန်းတော်သို့ အရောက်သွားရမည်။
တော်ဝင်သက်တော်စောင့်တပ်သည် တစ်လှမ်းပြီး တစ်လှမ်း ပြန်ဆုတ်ရန် ဖိအားပေးခံနေရပြီး ချင်းယန်နန်းတော်၏ အပြင်ဘက်သို့ ရောက်လာတော့သည်။ မင်းသားခုနှစ်မှာ အဆိပ်ခတ်ခံလိုက်ရပြီဟူသည့် သတင်းလည်း ထွက်လာလေသည်။ သို့တိုင် တော်ဝင်သက်တော်စောင့်တပ် ခေါင်းဆောင် ကျန်းဟန်က အရှုံးကို ဝန်ခံရန် ငြင်းဆန်နေဆဲ။
“ ရှီဇူရဲ့ အရိုးတော်တွေတောင် မအေးသေးဘူး၊ မင်းသားခုနှစ်ကို ဧကရာဇ်အသစ် တင်ထားတဲ့ အမိန့်တော်တစ်ခု ရှိထားတယ်၊ မင်းသားငါး မိုးနတ်မင်းကို ဆန့်ကျင့်တဲ့ အပြစ်ကို ကျူးလွန်ခဲ့ပြီး သူ့ရည်ရွယ်ချက်ကလည်း မသန့်ရှင်းဘူး၊ ငါ့နောက်လိုက်တဲ့ စစ်သည်တော်အားလုံး ပုန်ကန်သူတွေကို ချေမှုန်းကြ”
“သတ် ..သတ်...သတ်”
တော်ဝင်သက်တော်စောင့်တပ်သည် အရေးနိမ့်နေသော်လည်း သစ္စာစောင့်သိမှုက ခေါင်းဆောင်ကျန်း၏ တည်ရှိမှုနှင့်အတူ ကျန်ရှိနေသေးသည်။ နောက်ဆုံးယုံကြည်မှုနှင့်အတူ စစ်သည်များသည် နောက်ဆုံးအထိ တိုက်ခိုက်ကြတော့သည်။
ခြေသည်းငါးချောင်း ရွှေဝါရောင်တောက်တောက် နဂါးဝတ်ရုံကို ဝတ်ဆင်ထားပြီး မင်းသားငါးသည် ပုန်ကန်သည့်စစ်တပ်နောက်မှ မြင်းဖြူတစ်ကောင်ကို စီးပြီးလိုက်လာလေသည်။ သေဆုံးကြတော့မည့် တော်ဝင်အစောင့်တပ်သားများ၏ အော်ဟစ်သံကို ကြားလိုက်ရသဖြင့် သူက ခနဲ့ကာ ပြောလိုက်တော့သည်။
“ အရင်မင်းကြီးက အပြင်းအထန်နားမကျန်းဖြစ်ပြီး သတိလွတ်နေတဲ့အချိန်မှာ ဟယ်မိသားစုရဲ့ လှည့်စားခံလိုက်ရပြီး ဒီတော်ဝင်အမိန့်ကို ထုတ်ပြန်ခဲ့မိတာ၊ ဟယ်မိသားစုကို အပြစ်ပေးပြီးသွားပြီ၊ စစ်သည်တော်အားလုံးကို ငါကိုယ်တော်နောက်လိုက်ပြီး ဘုရင်မင်းမြတ်ဖက်တော်သားတွေကို ရှင်းလင်းကြ၊ အမိန့်ထုတ်ပြန်လိုက်တယ်”
တော်ဝင်သက်တော်စောင့်တပ်များသည် စစ်သည် ၃၀၀၀တွင် ရာကျော်လောက်သာ ကျန်တော့သည်။ အများစုက ဒဏ်ရာရသွားကြသည်။ ကျန်းဟန်သည် မျှော်လင့်ချက် ပျောက်သွားသည့်အချိန်မှာပင် တင်းအန်းတံခါးအပြင်ဘက် ကျယ်လောင်သည်အော်သံကို ကြားလိုက်ရတော့သည်။
“သတ်”
အဖြူရောင်ချပ်ဝတ်ကို ဝတ်ဆင်ထားသည့် ယောက်ျားတစ်ယောက်က အနီရောင်မြင်းတစ်ကောင်ကို စီးလာ၏။ သူ့လက်ထဲတွင် ဓားရှည်တစ်ချောင်းကို ဝေ့ယမ်းလာသည်။ သူက သွေးလွှမ်းနေသည့် လမ်းတစ်ခုကို ဖွင့်ကာ ဦးဆောင်ပြီး ဝင်လာလေသည်။
“ဖင်းဝမ်ပဲဟေ့၊ ငါတို့ အန္တရာယ်ကင်းပြီ၊ တောင့်ခံထားကြ ညီအစ်ကိုတို့”
တော်ဝင်သက်တော်စောင့်တပ်များသည် နောက်ဆုံးတွင်တော့ စစ်ကူ ရောက်အလာကို စောင့်နေကြခြင်းပင်။ အားလုံးမျက်နှာပေါ်တွင် စိတ်အေးသွားသည့်ဟန်များ ပေါ်လာပြီး သူတို့၏ ဓားရှည်များကို ပိုပြင်းထန်အောင် ဝေ့ယမ်းလိုက်ကြတော့သည်။
မင်းသားငါးသည် နောက်ဆုံးတွင် စစ်တပ်ဦးဆောင်ကာ သူ့ကို ဆန့်ကျင်တိုက်ခိုက်မည့်သူက ပုံမှန်နေ့များတွင် သူ နင်းချနင်းထားခဲ့သည့် ဒုတိယအစ်ကို ဖြစ်နေမည်ကိုတော့ လုံးဝမျှော်လင့်မထားခဲ့ပေ။
“ မင်း ၊ မင်းမှာ ဘာလို့စစ်အမိန့်ပြား ရှိနေတာလဲ၊ ခမည်းတော်က မင်းကို မြို့စောင့်တပ် အမိန့်ပြားပဲ ပေးခဲ့တာပါ”
ဖင်းဝမ်ဦးဆောင်လာသည့် တပ်သည် ဟန်စစ်တပ်ဟောင်းနှင့် မြို့တော်တွင် အခြေချထားသည့် လက်ရှိ မြို့စောင့်တပ်သားများ ဖြစ်လေသည်။
မြို့စောင့်တပ်သားများသည် စစ်ပွဲတွင် ရှင်သန်ခဲ့ကြပြီး ပြန်ကောင်းလာကြသည့် စစ်သည်များ ဖြစ်ကြသည်။ ထို့အပြင် သူတို့၏အရေအတွက်ကာ မင်းသားငါး ဦးဆောင်သည့် သူပုန်တပ်များထက် အရေအတွက် သိသိသာသာ ပိုများသည်။ ချင်းယန်နန်းတော်ကို သိမ်းပိုက်အောင်နိုင်ခါနီးဖြစ်ခဲ့သည့် သူပုန်တပ်များသည် အသီးအရွက်ကဲ့သို့ ခုတ်ဖြတ်ခံလိုက်ရတော့သည်။ အခြေအနေမှာ တစ်နာရီအတွင်း လုံးဝပြောင်းပြန်ဖြစ်သွားတော့သည်။
အနိုင်အရှုံးကို ဆုံးဖြတ်ပြီးသွားတော့သည်။ ထွက်ပြေးဖို့ကြိုးစားခဲ့သည့် မင်းသားငါး ယုံလျန်ကိုလည်း နောက်တွင် ချန်ထားသည့်တပ်၏ ဖမ်းဆီးခံလိုက်ရသည်။ ဩဇာရှင်ယုံလျန်သည် အခုတော့ အကျဥ်းသားတစ်ယောက် ဖြစ်လာခဲ့သည်။ အဝါရောင်တောက်တောက် ခမ်းနားလှသည့် နဂါးဝတ်ရုံမှာ သွေးများ စွန်းထင်းနေပြီး ဟာသတစ်ခုနှယ် သူ့ကို အရှက်ရစရာဖြစ်နေစေတော့သည်။
ချင်းယန်နန်းတော်ထဲတွင် လန်ကွေ့ဖေးနှင့် သူမ၏ နောက်လိုက်များအားလုံးကို ဖယ်ရှားခဲ့သည်။ နောက်မျိုးဆက်များက ‘ တင်းအန်း ပုန်ကန်မှု’ ဟုခေါ်ဆိုကြသည့် သည်လျှို့ဝှက်ကြံစည်မှုကြီးကို နောက်ဆုံးတွင် ဖင်းဝမ်က ဖြေရှင်းနိုင်ခဲ့လေသည်။ မင်းသားငါး ယုံလျန်ကို ရှင်လျက်ဖမ်းဆီးခဲ့ပြီး မင်းသားခုနှစ် ယုံစယ်မှာ ရုတ်တရက်ဆုံးပါးသွားကာ မရေမတွက်နိုင်သည့် ထိခိုက်ပျက်စီးမှုများလည်း အဆုံးသတ်သွားတော့သည်။
***
နန်းတင်ခံရမည့် မင်းသားခုနှစ်က ရုတ်တရက်ဆုံးပါးသွားပြီး ရည်မှန်းချက်ကြီးသည့် မင်းသားငါးက မျိုးနွယ်စု အိမ်တော်ထဲတွင် အကျဥ်းချခံလိုက်ရသည်။ ချင်းယန်နန်းတော်ကို ဝင်စီးထားသည့်တပ်ကို ထိုးဖောက်ခဲ့သည့် စစ်တပ်ကို ဦးဆောင်ခဲ့သည့် ဖင်းဝမ် ယုံဟုန်က အကျော်ကြားဆုံး နန်းလျာဖြစ်လာတော့သည်။
“ အရင်မင်းကြီးက ကံတော်ကုန်သွားပါပြီ၊ မိဖုရားခေါင်ရဲ့ အမိန့်တော်အရ လုံ့လရှိပြီး ရိုသေလေးစားကာ အကျင့်စရိုက်မြင့်မြတ်သည့် အရင်မင်းကြီး၏ ဒုတိယသားတော် ယုံဟုန်သည် နိုင်ငံအတွက် မရှိမဖြစ်လိုအပ်သည့် ထောက်တိုင်တစ်ခု ဖြစ်သည်၊ အရင်မင်းကြီး၏ နောက်ဆုံးဆန္ဒကို စောင့်ထိန်းသောအားဖြင့် လက်ရှိထီးနန်းကို ယုံဟုန်ထံ လွှဲပြောင်းပေးလိုက်သည်၊ မင်းသားများက အတူတူ လက်တွဲလုပ်ကိုင်ကြပြီး ဧကရာဇ်အသစ်ကို ထောက်ပံ့ပေးကြပါ၊ အရေးကြီး အမတ်များနဲ့ အလုပ်သမားများကလည်း အုပ်ချုပ်သူကို အုပ်ချုပ်ရေးမှာ စိတ်အားထက်သန်စွာ ကူညီပေးပြီး ပြည်သူများကိုလည်း အတူတကွ ကူညီပေးကြစေ၊ အမိန့်တော်”
ချင်းယန်နန်းတော်၏ ပင်မခန်းမထဲတွင် အမတ်များနှင့် မင်းညီမင်းသားများ အပြည့်ရှိနေသော်လည်း ဘယ်သူကမှ အသံမလှုပ်ရဲပေ။ ချင်သယ်ဟိုင်က အမိန့်တော်ပြန်နေသည်ကို နားထောင်လိုက်ပြီး ရုံးတော်ထဲက အမတ်အားလုံးသည် ဒူးထောက်လိုက်ကြပြီး သုံးကြိမ် ဦးညွှတ်ကာ ကိုးကြိမ် ဦးချလိုက်ကြလေသည်။
“ ငါကိုယ်တော်က အရည်အချင်းမရှိပါဘူး၊ ဒါကြောင့် ဖမည်းတော်နဲ့ မယ်တော်မိဖုရားခေါင်ကြီးကို သူတို့ရဲ့ မေတ္တာတွေအတွက် ကျေးဇူးတင်ရပါတယ်”
ဖင်းဝမ်က ဒူးထောက်က အမိန့်တော်ကို လက်ခံလိုက်လေသည်။
“ အမတ်မင်းအပေါင်းတို့လည်း တည်ငြိမ်အေးချမ်းတဲ့ နိုင်ငံတော် တည်ဆောက်တဲ့နေရာမှာ ငါကိုယ်တော်နဲ့အတူတူ လက်တွဲကူညီပေးမယ်လို့ မျှော်လင့်ပါတယ်”
“ မင်းကြီး သက်တော်ရာကျော် ရှည်ပါစေ၊ သက်တော်ရာကျော် ရှည်ပါစေ၊ သက်တော်ရာကျော်ရှည်ပါစေ”
ပြည်သူနှင့် စစ်ဘက်အရာရှိအားလုံးက ဒူးထောက်လိုက်ပြီး ဆုတောင်းပေးနေကြလေသည်။ အမတ်တော်တော်များများက ခေါင်းငုံ့ထားကြပြီး ဘာမှမပြောရဲကြပေ။ သူတို့အများစုသည် မင်းသားငါးဘက်တော်သားများ ဖြစ်ကြလေသည်။ အခုတော့ မင်းသားငါးကို အကျဥ်းချထားသည်ဖြစ်ရာ သူတို့သည် မပုန်းအောင်းဘဲ မနေနိုင်တော့ပေ။ သူတို့သည် လှုပ်ရှားမှုတစ်ခုခုကို လုပ်ရဲပါလိမ့်မည်လား။
နက္ခတ်တာရာဌာနက ၁၂လပိုင်း ၁၉ရက်နေ့ကို ဘုရင်အသစ် နန်းတက်မည့်နေ့အဖြစ် ရွေးချယ်ခဲ့ကြသည်။
ဘုရင်အသစ်သည် မင်းပြုအုပ်သူအမည် ချန်အန်း နာမည်ဖြင့် နန်းတက်ခဲ့သည်။ ဘုရင်အသစ် နန်းတက်ပြီးနောက်တွင် သူသည် နှစ်နှစ်တာ အခွန်ကင်းလွတ်ခွင့် ပေးခဲ့ပြီး တတိယမင်းသားနှင့် စစ်သူကြီးဟန်ကွမ်းဟုန်တို့၏ နိုင်ငံတော်သစ္စာဖောက်မှုကို ပြန်လည်စစ်ဆေးခဲ့သည်။
“ အရင်မင်းကြီးရဲ့ သားတော်ငါး ယုံလျန်က တတိယမင်းသားနဲ့ စစ်သူကြီးဟန်ကွမ်းဟုန်တို့ကို နိုင်ငံတော် သစ္စာဖောက်မှုနဲ့ မှားယွင်းစွပ်စွဲခဲ့ပြီး မြောက်ပိုင်းရှင်းကျန်းကို ကျူးကျော်ဖို့ ပေတိနဲ့ ပူးပေါင်းကြံစည်ခဲ့တယ်၊ သူက သာ့ဖုန်းရဲ့ တကယ့်အပြစ်သားပဲ၊ အရင်မင်းကြီးရဲ့ ကျေးဇူးတော်ကို စိတ်ထဲ မှတ်ယူထားသဖြင့် ငါကိုယ်တော်က ညီအစ်ကိုတွေကို မသတ်ရက်နိုင်ဘူး၊ ဒါကြောင့် ယုံလျန်ကို ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ ချီးမြင့်လိုက်တယ်၊ မင်းသားငါးအိမ်တော်က အမျိုးသမီးမိသားစုဝင်တွေကို တော်ဝင်ကျောက်စိမ်း တံဆိပ်တော် ပြန်သိမ်းပြီး သာမန်ပြည်သူအဖြစ် အဆင့်ချလိုက်တယ်၊ သူတို့တွေကို တစ်သက်လုံး မြို့တော်ထဲ ဝင်ခွင့်မပြုဘူး”
အကျဥ်းသားတစ်ယောက် ဖြစ်သွားသည့် မင်းသားငါးသည် အကျဥ်းထောင်ထဲတွင် ထိုင်နေပြီး တော်ဝင်အမိန့်တော်ကို နားထောင်နေလေသည်။ သူက ဘာတုံ့ပြန်မှုမှ မပေးချေ။
ချင်သယ်ဟိုင်သည် တော်ဝင်အမိန့်တော်ကို လိပ်လိုက်ပြီး မင်းသားငါးကို ပေးလိုက်လေသည်။
“မင်းသားငါး အမိန့်တော်ကို လက်ခံပါ”
မင်းသားငါးက ရူးသွပ်သွားသည့်နှယ် ချင်သယ်ဟိုင်၏လက်ကို ပုတ်ထုတ်လိုက်လေသည်။ အဝါရောင်တောက်တောက် တော်ဝင်တံအမိန့်တော်က ရွံစရာကောင်းလှသည့် အကျဥ်းထောင်ထဲ ကျသွားလေသည်။
“ ဘာသောက်ကျိုးနည်း ဧကရာဇ်ယုံဟုန် လဲ၊ ငါကမှ ကံကြမ္မာကသတ်မှတ်ထားတဲ့သူကွ၊ ငါက ဘာလို့အသတ်ခံရမှာလဲ”
အနည်းငယ် ရူးသွပ်သွားပြီဖြစ်သည့် မင်းသားငါးကို အေးစက်စက်ကြည့်လိုက်ပြီး ချင်သယ်ဟိုင်က မျက်နှာကို မဲ့ကာ ခေါင်းခါလိုက်လေသည်။
“ မင်းသားငါး အောင်နိုင်တဲ့သူက ဘုရင်၊ ရှုံးနိမ့်တဲ့သူက ဓားပြပဲ၊ မင်းက အဆင့်မြင့်မင်းသား မဟုတ်တော့ဘူး၊ ဒါနဲ့များ ဘာလို့စိတ်ရှုပ်ခံနေတာလဲ”
ထိုသို့ပြောလိုက်ပြီးနောက် သူသည် သူ့အလုပ်သင်လေးကို ဦးဆောင်က နံစော်ညစ်ပတ်နေသည့် အခန်းထဲမှ ထွက်လာတော့သည်။ လမ်းလျှောက်ထွက်လာရင်း သူက ထောင်မှူးကို ပြောလိုက်လေသည်။
“ မင်းကြီးက စေတနာတရားကြီးမားတယ်၊ ယုံလျန်ကို ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ ချီးမြင့်လိုက်တယ်၊ မင်း ဆက်လုပ်လိုက်တော့”
“ ကုန်းကုန်း မစိုးရိမ်ပါနဲ့ ကျွန်တော်နားလည်ပါပြီ”
ထောင်မှူးက ခေါင်းညိတ်ပြလိုက်ပြီး ဦးညွှတ်လိုက်ကာ ချင်သယ်ဟိုင်ကို လိုက်ပို့ပေးလိုက်လေသည်။
ဟန်ကွမ်းဟုန်နှင့် လျိုဝေ စစ်သူကြီးနှစ်ယောက်၏ မတရားမှုကို ရှင်းလင်းပေးခဲ့သည်။ အမှုနှစ်ခုလုံးတွင် ပါဝင်ပတ်သက်သူများအားလုံးသည် နောက်ဆုံးတော့ သူတို့၏မတရားမှုကို ရှင်းလင်းနိုင်ခဲ့လေသည်။
မြို့တော်က တာဝန်ခံဝူထံမှ နောက်ဆုံးရသတင်းများကို လက်ခံခဲ့ရပြီး မိသားစုတစ်ခုလုံးက သူတို့၏ အဆင့်နိမ့်ဘဝမှ လွတ်မြောက်သွားပြီး မြောက်ပိုင်းရှင်းကျန်းသို့ နယ်နှင်ဒဏ်ပေးခံခဲ့ရသည့် ရှောင်ဟိုင်ရူတို့ ညီအစ်ကိုကလည်း ပြန်လည်ဆုံစည်းရန် သူတို့၏ဇာတိမြို့သို့ ပြန်လာနိုင်ခဲ့ကြသည်။ အမျိုးသမီးစုန့်နှင့် ချွေးမနှစ်ယောက်တို့သည် ချက်ချင်း မျက်ရည်ဝဲလာကြတော့သည်။
“အခုတော့ အားလုံး အဆင်ပြေသွားပါပြီ၊ အားလုံးကောင်းသွားပြီ”
ယိုကျင့်က ရှောင်မိသားစု၏ပျော်ရွှင်မှုကို မနှောင့်ယှက်လိုက်ပေ။ သူမက သတင်းလာပို့ပေးပြီးနောက် ထွက်လာခဲ့ပြီး သက်တော်စောင့်ခေါင်းဆောင်ရှောင်ကို လွှတ်လိုက်လေသည်။
“ သတင်းကလည်း မြောက်ပိုင်းရှင်းကျန်းကို မကြာခင် ရောက်သွားမယ်ထင်တယ်၊ သက်တော်စောင့်ခေါင်းဆောင်ကိုပဲ ခရီးထွက်ခိုင်းပြီး ရှောင်မိသားစုရဲ့ သခင်ကြီးနှစ်ယောက်ကို သွားကြိုခိုင်းရတော့မယ်”
သက်တော်စောင့်ခေါင်းဆောင်ရှောင်ကလည်း အမှန်ပင် မငြင်းပေ။ နောက်တစ်နေ့တွင် သူက လူနှစ်ယောက်ကို ခေါ်ကာ မြောက်ပိုင်းရှင်းကျန်းသို့ ခရီးပြင်းနှင်ခဲ့တော့သည်။
လော့ဟယ်မြို့က အားလုံးက မှားယွင်းစွပ်စွဲခံရမှုကို ရှင်းလင်းပြီးသွားသဖြင့် ပျော်ရွှင်မှုထဲတွင် နစ်မြောနေစဥ် မြို့တော်က တခြားဖက်ရှိ လူများကတော့ မင်းသားငါး၏ နိုင်ငံတော်ပုန်ကန်မှုတွင် ပါဝင်ခဲ့သည့်အတွက်ကြောင့် ဟန်မိသားစုနှင့် လျိုမိသားစုကဲ့သို့ တူညီသည့်ကံတရားနှင့် အဆုံးသတ်ခဲ့ရလေသည်။
မှားယွင်းစွပ်စွဲခံရသူများထဲက တစ်ယောက်ဖြစ်သည့် ရှောင်လင်းယွီသည်လည်း နောက်ဆုံးတော့ သုံးနှစ်နီးပါး ဝတ်ထားခဲ့ရသည့် မျက်နှာဖုံးကို ချွတ်နိုင်သွားပြီး ရုံးတော်အနီးရှိ ရှောင်အိမ်တော်သို့ ပေါ်ပေါ်ထင်ထင် ပြန်ခြေချလိုက်ခဲ့လေသည်။
အရင်မင်းကြီးသည် အရည်အချင်း မပြည့်ဝဘဲ လက်အောက်ငယ်သားအများစုက အကျင့်ပျက်ခြစားသည့်အရာရှိများ ဖြစ်ကြသည်။ ဟိုတုန်းက နိုင်ငံဘဏ္ဍာအဖြစ် သိမ်းထားခဲ့သည် ပိုင်ဆိုင်မှုများသည် ဘယ်ရောက်လို့ ဘယ်ပေါက်မှန်းပင် မသိရတော့ပေ။ သို့တိုင် ရှောင်လင်းယွီက ထိုအပြင်ပန်း ပစ္စည်းများကို ဂရုမစိုက်ပေ။ အခုတော့ သူသည် သူ့မိသားစုများကို ပြန်သွားခေါ်ရန်နှင့် အခက်အခဲဆုံးအချိန်တွင် သူမိသားစုကို လက်ကမ်းကူညီပေးခဲ့သူနှင့် တွေ့ဆုံရန် လော့ဟယ်မြို့သို့ သွားဖို့အရေးကိုသာ စိတ်လှုပ်ရှားကာ ပူပန်နေတော့သည်။
“လူက အသက်ရှင်နေသရွေ့ အားလုံးကို ပြန်ရှာလို့ရတယ်၊ ငါ လော့ဟယ်မြို့ကို သွားရမယ်၊ အိမ်တော်က ကိစ္စတိုင်းကို မင်းကို လွဲထားလိုက်ပြီ”
သူ့သခင်က သည်အရှုပ်ထုပ်ကြီးကို ထိုးထည့်လာသဖြင့် ရန်ဝေ့သည် ခေါင်းကိုက်သွားဟန် လုပ်ပြလိုက်လေသည်။ သို့သော် သခင်က ဘုရင်မင်းမြတ် အပ်နှင်ထားသည့် တော်ဝင်သက်တော်စောင့်တပ်က အစောင့်ဆယ်ယောက်ကို ခေါ်ကာ မြောက်ပိုင်းသို့ ဦးတည်သွားခဲ့ပြီ။ သူသည ကံကိုသာ အားကိုးပြီး အိမ်တော်ထိန်းအိုကြီးနှင့်အတူ ဝေယျာဝေစ္စများကို လုပ်ဆောင်ရန်သာ ရှိတော့သည်။
…