အခန်း ၁၅၃
Vol. 11 Ch. 153
အပိုင်း (၁၅၃) ပြန်လည်ရောက်ရှိခြင်
လော့ဟယ်မြို့သို့ ရှောင်လင်းယွီ ရောက်ရှိချိန်၌ ဒီဇင်ဘာလနှစ်ဆယ့်ကိုးရက်ရှိနေပြီဖြစ်သည်။ ယခုနှစ်ဆောင်းတွင်းသည် အလွန်တရာ အေးစက်လှသည်။ မြောက်လေသည် နှင်းပွင့်များနှင့်အတူ တိုက်ခတ်ဝေ့ရမ်းနေခဲ့သည်။ ရှောင်လင်းယွီနှင့်သူ၏ အဖွဲ့သားတစ်ဆယ့်တစ်ယောက်၏မျက်နှာ၌ နှင်းမှုန်များဖြင့် ပြည့်နှက်နေသည့်တိုင် မြင်းခွာသံသည် တခဏမျှ ရပ်တန့်သွားခြင်းမရှိခဲ့ချေ။
ထိုအဖွဲ့သည် မြောက်ပိုင်းရှင်းကျန်းမှ ရှောင်မိသားစုမှ အကြီးအကဲနှစ်ဦးကို သွားရောက်ခေါ်ဆောင်ရန် ဖြစ်သော်လည်း ထိုညီအစ်ကိုနှစ်ဦးမှာ ရှောင်လင်းယွီထက်ပင် စော၍ ရောက်ရှိနေခဲ့သည်။ ရာသီဥတု၏ ဒဏ်ကို ခံစားလာရသော ညီအစ်ကိုနှစ်ဦးသည် စုအိမ်တော်သို့ ရောက်သည်နှင့် တစ်ကိုယ်ရေသန့်ရှင်းရေးပင် မလုပ်တော့ဘဲ သခင်မစုန့်ကို သွားရောက်တွေ့ဆုံကာ ဒူးထောက်ဂါရ၀ ပြုကြသည်။ “သားအသုံးမကျလို့ အမေ့ကို ဒုက္ခရောက်စေမိပါတယ်”
“မင်းတို့ပြန်လာရင်ကို တော်ပါပြီ။ ပြန်လာတာကောင်းတယ်” သခင်မစုန့်သည် ဒီနေ့ရက်ကို ရောက်ရှိရန် ရက်ပေါင်းများစွာ စောင့်ဆိုင်းခဲ့ရသည်။ သားဖြစ်သူများသည် သူမ၏ရှေ့၌ ဒူးထောက်နေကြကာ သူတို့၏ဆံထိပ်ရှိ ဆံပင်ဖြူများကို မြင်တွေ့ရသည့်အချိန်၌ သခင်မစုန့်သည် ထိုအခိုက်အတန့်ကို မယုံကြည်နိုင်သေးပေ။ သားဖြစ်သူများဒူးထောက်ဂါရ၀ပြုချိန်၌ သခင်မစုန့်သည် မျက်ရည်များ ပြိုကျကာ သားဖြစ်သူများအား ထူပေးရန် ချွေးမနှစ်ဦးကို ခေါ်လိုက်သည်။ “လမ်းခရီးက ချောမွေ့ရဲ့လား”
သူတို့သည် သခင်မစုန့်၏ဘေး၌ထိုင်ကာ အဆင်ပြေကြောင်း ခေါင်းညိတ်လိုက်သည်။ ရှောင်ဟိုင်ရူသည် ဆက်သသည့် ရေနွေးကြမ်းကို သောက်ပြီးနောက် အပြုံးတစ်ခုကို လှစ်ဟပ်ပြလေသည်။ “သခင်မစုက အနစ်နာခံပြီး စီစဉ်ပေးတာကြောင့် မြောက်ပိုင်းရှင်းကျန်းမှာ နေရတဲ့ရက်တွေက အခြားလူတွေလောက်တော့ မခက်ခဲပါဘူး။ အခုကျွန်တော်တို့ အလျင်စလို ပြန်လာတာတောင်မှ လှည်းနဲ့ ပြန်လာခဲ့ရတာ။ နည်းနည်းလေးမှ ဒုက္ခမခံခဲ့ရဘူး”
သေရေးရှင်ရေးကိစ္စများကို ဖြတ်သန်းပြီးနောက် သားအမိများ၌ ပြောစရာများ များပြားလွန်းသောကြောင့် နာရီ၀က်မျှ စကားပြောခဲ့ကြသည်။ မိခင်ဖြစ်သူ၏ နွမ်းနယ်နေသောပုံရိပ်ကြောင့် ရှောင်ဟိုင်ရူသည် မိခင်ဖြစ်သူအား အနားယူခိုင်းရန် အမျိုးသမီးယွီကို အချက်ပြလိုက်သည်။ သူနှင့် ဒုတိယညီဖြစ်သူမှာ စုအိမ်တော်ရှိ အစေခံများ၏ စီစဉ်မှုအတိုင်း ရေချိုးသန့်စင်ကာ အ၀တ်စားများ ပြောင်းလဲ၀တ်ဆင်ခဲ့ကြသည်။ ထို့နောက် ကိုယ့်အခန်းကိုပြန်ကာ အနားယူကြတော့သည်။
ရှောင်ဟိုင်ရူသည် အခန်းထဲရှိ မီးပြင်းဖိုဖြင့် ပူနွေးအောင် အပူပေးထားသော ထူထဲသည့် ပိုးသားထည် ဖုံးအုပ်ထားလေသည့် သစ်သားခုတင်၌ လှဲလျောင်းနေခဲ့သည်။ သူ၏မျက်၀န်းအိမ်များသည် အိပ်မပျော်ဘဲ အရည်အသွေးကောင်းမွန်လှသည့် ရွက်ဖျင်တဲ(ခြင်ထောင်)ကို ကြည့်နေခဲ့သည်။ ထို့နောက် အပြင်ဘက်မှ ၀င်ရောက်လာသည့် အမျိုးသမီးယွီကို ကြည့်ရန် တစ်ဖက်သို့ လှည့်ကာ အသံဩဩဖြင့် ပြောလိုက်သည်။ “လွန်ခဲ့တဲ့သုံးနှစ်လုံး မင်းကို အခက်တွေ့စေမိပြီ”
“ကျွန်မက ဘာအခက်အခဲမှမရှိပါဘူး။ သခင်ကြီးကသာ မြောက်ပိုင်းမှာ ဒုက္ခတွေခံစားလာခဲ့ရတာ”
အမျိုးသမီးယွီသည် အခန်း၏အပူချိန်ကို ထိန်းသိမ်းပြီး မြောက်လေနှင့်နှင်းမှုန်များ မ၀င်ရောက်နိုင်စေရန် အခန်းတံခါးကို တင်းကျပ်စွာ ပိတ်လိုက်သည်။ ထို့နောက် ရှောင်ဟိုင်ရူ၏အနားသို့သွားကာ ထိုင်လိုက်ပြီး ခင်ပွန်းဖြစ်သူ၏တောင့်တင်းနေသော ပုခုံးကို နှိပ်နယ်ပေးလိုက်သည်။ “ရှင်းကျန်းက လေထန်ပြီ နှင်းတွေ သိပ်သည်းနေတာ သခင်ကြီးဒီနှစ်တွေထဲမှာ အတော်ပင်ပန်းခဲ့မှာပဲ”
ရှောင်ဟိုင်ရူသည် သက်ပြင်းချကာ အမျိုးသမီးယွီ၏လက်ကို အသာအယာ ဆုပ်ကိုင်လိုက်သည်။
“ဘယ်လောက်ပဲ ခက်ခဲပါစေ အခုပြီးဆုံးသွားပြီလေ။ သနားစရာကောင်းတာက လင်းယွီ....”
ရှောင်ဇနီးမောင်နှံသည် ရှောင်လင်းယွီ၏ရုတ်တရက်သေဆုံးမှုကြောင့် ၀မ်းနည်းပူဆွေးနေခဲ့ကြသည်။ နောက်ရက်၌ သားဖြစ်သူမှာ သေရွာမှ ပြန်ရှင်လာပြီး စုမိသားစုအိမ်၏တံခါးကို လာခေါက်လိမ့်မည်ဟု မထင်ထားခဲ့ကြပေ။
ဒီဇင်ဘာလ နှစ်ဆယ့်ကိုးရက်နေ့တွင် ရှောင်ဟိုင်ရူသည် သန့်ရှင်းကာ နွေးထွေးသည် ၀တ်ရုံကို ၀တ်ဆင်ထားခဲ့သည်။ ညီအစ်ကိုနှစ်ဦးသည် မိခင်ဖြစ်သူကို တွဲကူရင်း စုမိသားစု၏ပင်မခြံ၀န်းသို့ ပို့ဆောင်ခဲ့ကြသည်။ မိသားစု၀င်ခြောက်ဦးလုံးသည် စုဝေးကာ စုမိသားစုကို ကျေးဇူးတင်ရှိပြီးနောက် စုအိမ်တော်မှ ထွက်ခွာရန် ကြံရွယ်ထားကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
“ဒီသုံးနှစ်လုံး ကျွန်တော်တို့မိသားစုကို မိုးသက်လေပြင်းတွေကြားက ကာကွယ်ပေးလို့ ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ညီအစ်ကိုနှစ်ဦးလည်း ပြန်လာပြီဆိုတော့ ဒီမှာနေဖို့ရာ အကြောင်းပြချက် မရှိတော့ပါဘူး”
“ဦးလေးရှောင်ရဲ့စကားက မဟုတ်သေးပါဘူး။ ကျွန်မတို့မိသားစုက ကျေးဇူးကြွေးကို ပြန်ဆပ်တယ်ဆိုပေမဲ့ သခင်မကြီး၊ ဒေါ်လေးနှစ်ယောက်နဲ့ အစ်မလင်းရူတို့က စုအိမ်တော်ကို ရောက်ကတည်းက ကျွန်မတို့မိသားစုကို အကူအညီအများကြီးပေးခဲ့တာပါ။ ကျွန်မတို့မိသားစုက ဦးလေးတို့မိသားစုနဲ့ အတူနေရတာကိုက ကံကောင်းလွန်းနေပါပြီ” သခင်မစုန့်၏ဘေး၌ ထိုင်နေသော ယိုကျင့်သည် ရှောင်မိသားစုအား ထွက်ခွာသွားစေလိုစိတ်မရှိခဲ့ပေ။
သခင်မစုသည်လည်း ထိုသို့တူညီသည့်အတွေးရှိကာ နူးညံ့စွာ ပြုံးလိုက်သည်။ “အမှန်ပဲ။ တကယ်လို့ သခင်မကြီးသာ ပြောင်းသွားလို့ရှိရင် ကျွန်မတို့အိမ်က မျောက်လောင်းလေးတွေက နေတိုင်း နားပူနေကြတော့မှာ”
မူလက စုမိသားစုအပေါ် ဒုက္ခမပေးချင်သည့် သခင်မစုန့်သည် ထိုအကြောင်းအရာကို ကြားပြီးနောက် သူမ၏နှလုံးသားလည်း ပျော့ပြောင်းသွားခဲ့သည်။ လွန်ခဲ့သည့်နှစ်များအတွင်း စုမိသားစုရှိ ကလေးများသည် သူမနှင့် နေ့စဉ်လာရောက် စကားပြောကြလေသည်။ ထိုသို့ဖြင့်သာ သူမ၏စိတ်ထဲရှိ စိုးရိမ်မှုများကို လျှော့ချနိုင်ခဲ့သည်။ စုမိသားစုမှ ထွက်ခွာသွားသည့်အခါ သူမ၏ဘေး၌ ကလေးများ မရှိတော့ဘဲ နေရမည်ဆိုသည့်အတွေးက သခင်မစုန့်အား အနည်းငယ်တွန့်ဆုတ်စေသည်။
မိခင်ဖြစ်သူ၏ တုံ့ဆိုင်းနေမှုကြောင့် ရှောင်ဟိုင်ရူသည် ညီငယ်ဖြစ်သူကို ကြည့်လိုက်သည်။ အချင်းချင်း အချက်ပြပြီးနောက်တွင် ရှောင်ဟိုင်ရူသည် ချောင်းတစ်ချက်ဆိုးကာ ပြောလိုက်သည်။
“မြို့တော်မှာလည်း ဘာမှစိတ်စွဲစရာမရှိတော့ဘူးဆိုတော့ ကျွန်တော်တို့လော့ဟယ်မြို့မှာပဲ အခြေချရင်ရော ဘယ်လိုလဲ။ အမေရော ဘယ်လိုထင်လဲ”
လော့ဟယ်မြို့သည် ရှောင်မိသားစု၏ သမိုင်းစတင်ဖြစ်တည်ရာနေရာဖြစ်သကဲ့သို့ သခင်မစုန့် ကြီးပြင်းလာသည့်နေရာလည်းဖြစ်သည်။ ထိုအကြောင်းကို ကြားသည့်အခါ သခင်မစုန့်သည် ပျော်ရွှင်သွားလေသည်။ “တကယ်လား”
“အဲ့လိုသာဆို တတိယဒေါ်လေးနေတဲ့အိမ်ဘေးမှာ လွန်နေတဲ့ မြေလေးဧကရှိတယ်။ အဲ့မြေက ကျွန်မတို့မိသားစု ပိုင်တာပါ။ သခင်မကြီးက ကျွန်မတို့ကို လွမ်းနေတယ်ဆို အတူတူ အိမ်နီးနားချင်း လုပ်ရင်ရော” ယိုကျင့်သည် ရှုပ်ထွေးနေသည့် စကားဝိုင်းကြား၌ သေတ္တာတစ်လုံးကိုင်ဆောင်ရင်း ကြားဖြတ်ပြောလိုက်သည်။
“အဲ့အကြံက ကောင်းသားပဲ” အမျိုးသမီးယွီနှင့် အမျိုးသမီးကျိုးတို့၏ မျက်၀န်းများမှာ တောက်ပလာကြသည်။ သူမတို့သည် အတးတကွ ကိုယ်ထူကိုယ်ထဖြင့် အာရ်ယာအမျိုးသမီးကျောင်းတော်ကို တည်ထောင်ခဲ့ကြသည်။ ယခုကဲ့သို့ ထားပစ်ခဲ့ရပါက သူမတို့သည် အနည်းနယ် နှမြောတသ ဖြစ်မိမည်မှာ အမှန်ပင်ဖြစ်သည်။ ထို့အပြင် သူမတို့သည် စုမိသားစု၌ သုံးနှစ်မျှနေထိုင်ခဲ့ကြသည်။ စစ်မှန်သည့်မိတ်ဆွေကို ဒုက္ခတွေ့မှ သိရှိနိုင်ပေသည်။ စကားဝိုင်း၌ နက်နဲသည့် ခံစားချက်များ ပေါက်ဖွားလာလေသည်။ “ဝူလီချောင်ရဲ့ ပတ်၀န်းကျင်က ကောင်းပါတယ်။ ရေမြေလည်းသန့်တယ်။ နေရာလည်းကျယ်တယ်လေ။ မြို့တော်ထက် သာပါတယ်”
ယိုကျင့်သည် ပြုံးရွှင်စွာဖြင့် သေတ္တာတစ်လုံးကိုကိုင်ကာ ရှောင်ဟိုင်ရူတို့ ဇနီးမောင်နှံနားသို့ လျှောက်သွားပြီး အမျိုးသမီးယွီဆီသို့ လက်ဆင့်ကမ်းပေးလိုက်သည်။ “ဒါက စုမိသားစုရဲ့ သုံးနှစ်စာ ၀င်ငွေခွဲတမ်းပါ။ ပိုက်ဆံက သိပ်မများပေမဲ့ အသုံး၀င်ပါတယ်”
အမျိုးသမီးယွီနှင့်အခြားလူများ စတင်ရောက်ရှိသည့်နှစ်က ယိုကျင့်သည် စုမိသားစု၏ ရှယ်ယာများကို ခွဲဝေပေးချင်ခဲ့သည်။ သို့သော် အမျိုးသမီးယွီနှင့် အခြားသူများမှာ စုမိသားစုအပေါ်၌ အရာရာ မှီခိုနေရသည်ဟု တွေးထင်ကြကာ ထိုငွေများကို လက်မခံခဲ့ကြပေ။ လွန်ခဲ့သည့်သုံးနှစ်အတွင်း ယိုကျင့်သည် အခြားလူများကို အမျိုးသမီးစု၏ လစဉ်၀င်ငွေအတိုင်း ပေးကမ်းခဲ့သည်။ ငါးဆယ်ရာခိုင်နှုန်း ရှယ်ယာကိုတော့ သူမစုဆောင်းပေးခဲ့ကာ တပြားတချပ်မှ သုံးစွဲခဲ့ခြင်းမရှိပေ။
“အဲလောက်များတာလား” အမျိုးသမီးယွီသည် သေတ္တာကိုဖွင့်ကြည့်လိုက်ရာ အထဲ၌ ငွေစာရွက်များစွာ ရှိနေပြီး ခန့်မှန်းချေ လျန်းငါးထောင်ကျော်မျှ ပါ၀င်လေသည်။ “ယိုကျင့်ဒါက.....”
ယိုကျင့်သည် ရှောင်မိသားစု၀င်များ၏ ရှုပ်ထွေးနေမှုကို ရိပ်မိကာ သေချာရှင်းပြလိုက်သည်။
“စုကျားချာရဲ့ စီးပွားရေ တဖြည်းဖြည်းတိုးတက်နေတာ။ အရင်နှစ်က မြို့တော်မှာ ဆိုင်ခွဲတစ်ခု ဖွင့်လိုက်သေးတယ်။ အဲ့တော့ နှစ်စဉ်၀င်ငွေက လျန်းနှစ်သောင်းသုံးသောင်းလောက်ရှိတယ်။ အဲ့တော့ ရှယ်ယာငါးဆယ်ရာခိုင်နှုန်းရဲ့ သုံးနှစ်စာ အမြတ်ငွေက လျန်းငါးသောင်းအတိအကျပါပဲ”
“ဒါက” အမျိုးသမီးယွီသည် သေတ္တာထဲရှိ ငွေစာရွက်အထူလိုက်ကြီးကို ကိုင်ရင်း ကျေးဇူးတင်မိသလို အပြစ်ရှိသလိုလည်း ခံစားမိလေသည်။ သူမသည် ယခုအချိန်၌ မည်သည့်စကားကို ဆိုရမှန်းမသိတော့ချေ။
တစ်ဖက်ရှိ ရှောင်ဟိုင်ရူမှာ တဟားဟားရယ်သွမ်းတော့သည်။ “လိမ္မာလိုက်တဲ့ကလေး ဦးတို့ ရှောင်မိသားစုက ဒီကျေးဇူးကို သတိရနေမှာပါ” ရှောင်ဟိုင်ရူသည် စီးပွားရေးနယ်ပယ်၌ ကျင်လည်လာသည်မှာ နှစ်ပေါင်းများစွာရှိပြီဖြစ်သောကြောင့် စုမိသားစုရှိ ထိုမိန်းကလေးမှာ ထိုငွေများကို စိတ်လိုလက်ရ ပေးချင်နေမှန်း သိလေသည်။ ထို့ကြောင့် မငြင်းပယ်ဘဲ လက်ခံရန် အမျိုးသမီးယွီကို အရိပ်အခြေပြလိုက်သည်။
စုမိသားစုနှင့်ရှောင်မိသားစုသည် အချိန်အကြာကြီး စကားပြောနေခဲ့ကြသည်။ အဆုံး၌ ရှောင်မိသားစုသည် အိမ်အသစ်ဆောက်လုပ်ပြီးစီးမည့် နွေးဦးမတိုင်ခင်အထိ စုမိသားစုထံ၌ နေထိုင်ရန် ဆုံးဖြတ်ခဲ့ကြသည်။
............
ညအချိန်သို့ ရောက်ရှိနေပြီဖြစ်သည်။ ရှောင်လင်းယွီသည် ဝူလီချောင်သို့ ခရီးအကြာကြီး နှင်ပြီးနောက်တွင် စုမိသားစု၏ အိမ်တံခါးကို စိတ်လှုပ်ရှားမှုဖြင့် ခေါက်လိုက်လေသည်။ သူ၏မိဘများသည် လော့ဟယ်မြို့၌ အခြေချမည့်အကြောင်းကိုတော့ သိရှိခဲ့ခြင်းမရှိပေ။
“သခင်မလေး တစ်ယောက်ယောက် ရောက်နေပါတယ်” ချိုးဖန်သည် မီးအိမ်ဖြင့် အကြီးဆုံးသခင်မလေး၏ အိပ်ဆောင်တံခါးနားသို့ လျှောက်လာကာ အကြောင်းကြားလိုက်သည်။ ခဏအကြာ၌ သူမသည် အထဲမှ လှုပ်ရှားသံအချို့ကို ကြားလိုက်ရသည်။ ထို့ကြောင့် မီးအိမ်ကိုကိုင်ရင်း အခန်းထဲသို့ ၀င်ကာ ဖယောင်းတိုင်များကို တစ်တိုင်ပြီးတစ်တိုင် ထွန်းညှိလိုက်သည်။
“မြို့တော်ကနေရောက်လာတဲ့ လူတွေလို့ ပြောတယ်”
“ငါ့ကို အပေါ်ရုံယူပေး” ယိုကျင့်သည် အိပ်ပျော်နေပြီဖြစ်ကာ ခုတင်ပေါ်၌ ထထိုင်လိုက်ရသည်။ သူမ၏မျက်ခွံများမှာ အလွန်လေးလံနေသည်ဟု ခံစားလိုက်ရသည်။ “နောက်ကျနေပြီကို။ ညကြီးမိုးချုပ် ဘယ်သူလာတာလဲ”
အချိန်မှာ ညသန်းခေါင်ယံကျော်နေပြီဖြစ်သည့်အပြင် နှစ်သစ်ကူးပွဲတော်အချိန်အခါဖြစ်သည်။
“ဘယ်သူက ဒီအချိန်ကြီး လာလည်တာလဲ”
ချိုးဖန်၏ လှုပ်ရှားမှုများမှာ မြန်ဆန်လှသည်။ ခဏလေးအတွင်း၌ပင် ဘီရိုထဲမှ သေသပ်လှသည့်တိမ်ပုံစံ ချည်ထိုးထားသော အပေါ်၀တ်ရုံနှင့် သားမွေးအနွေးထည်ကို ထုတ်ယူခဲ့လိုက်သည်။ “ကျွန်မလည်း မသိပါဘူး။ အရှေ့ခြံတံခါးစောင့် ချွမ်ရှန်းက အပြင်မှာစောင့်ရင်း သတင်းပို့လာလို့ပါ”
သခင်နှင့်အစေခံနှစ်ဦးစလုံးသည် အမြန်ပြင်ဆင်ကြရလေသည်။ ရေတံခွန်ကဲ့သို့ လျှောကျကာ လှပသည့် ဆံနွယ်များကို အဖြူရောင်ကျောက်ဆံထိုးဖြင့်သာ အသာအယာပင့်တင်ထားလိုက်သည်။ ထို့နောက် အခန်းထဲမှ အမြန်ထွက်ခဲ့ကြသည်။ အပြင်၌ စောင့်ဆိုင်းနေသော ချွမ်ရှန်းမှာ အကြီးဆုံးသခင်မလေးထွက်လာသည်နှင့် မီးအိမ်ကိုကိုင်ကာ လမ်းပြလေသည်။ “သခင်မလေး တံခါးအပြင်ဘက်မှာ လူဆယ်ယောက်ကျော်လောက် စောင့်နေပါတယ်။ ခေါင်းဆောင်က လွဲရင် ကျန်တဲ့သူတွေက စစ်၀တ်ရုံနဲ့ဓားတွေ ကိုင်ထားကြတာပါ”
ထိုအကြောင်းကိုကြားသည်နှင့် ယိုကျင့်သည် ပို၍ပင် ရှုပ်ထွေးသွားတော့သည်။ မြို့တော်ကလာတာ စစ်၀တ်စုံနဲ့ ဓားတွေနဲ့ ဘယ်သူတွေလဲ။ ရှောင်မိသားစုရဲ့ ဒုတိယဦးလေးကို လာရှာတာလား။ စဉ်းစားကြည့်လျှင် ရှောင်မိသားစုရှိ ဒုတိယဦးလေးသည်သာ ရုံးတော်နှင့် အဆက်အသွယ်ရှိသည့်သူ ဖြစ်သည်။ ထိုသို့တွေးမိသည်နှင့် ယိုကျင့်သည် သူမ၏ခြေလှမ်းများကို အရှိန်တင်လိုက်တော့သည်။
နှင်းမြူများကျကာ တိတ်ဆိတ်လွန်းသည့်ည၌ အထဲမှ ပြေးလွှားနေသည့် ခြေသံများသာ ပဲ့တင်ထပ်နေပြီး ထိုခြေသံများသည် အပေါက်၀သို့ရောက်မှသာ ရပ်တန့်သွားလေသည်။
နောက်ကျောပေးထားသည့် အမျိုးသားမှာ လှုပ်ရှားမှုများကို ကြားသည်နှင့် အမည်းရောင် ခေါင်းဆောင်းခြုံထည်ကို ချွတ်ကာ အနောက်သို့လှည့်လိုက်လေသည်။ ထိုမှသာ ယိုကျင့်၏အိပ်မက်ထဲ၌ အကြိမ်ပေါင်းများစွာ ပုံဖော်ခဲ့ဖူးသည့် လူတစ်ဦး၏မျက်နှာသည် ပေါ်ထွက်လာတော့သည်။
“ကျွန်မရှင့်ကို သုံးနှစ်တောင် မတွေ့ခဲ့တာ။ ရှင်ဘာတွေလုပ်နေခဲ့တာလဲ”
ယိုကျင့်သည် ခြေထောက်များ ပျော့ခွေသွားသည်ဟု ခံစားလိုက်ရသည်။ ဘေးရှိချိုးဖန်မှာ သခင်ဖြစ်သူကို တွဲထူထားကာ လှပသည့်ပုံရိပ်ပျက်စီးခြင်းမှ ကာကွယ်လိုက်သည်။ “ရှင် ရှင်က....”
လွန်ခဲ့သည့်သုံးနှစ်က ဆုံးပါးသွားပြီဟု ပြောကြသည့် လူမှာ သူမ၏မျက်စိရှေ့တွင် အကောင်းအတိုင်း ရပ်နေသောကြောင့် ယိုကျင့်သည် ပျော်ရွှင်ရမည်လား ၀မ်းနည်းရမည်လားကို ခဏမျှ မစဉ်းစားနိုင်ခဲ့ပေ။ လူနှစ်ဦးသည် ခံစားချက်များကို ကွယ်ဝှက်ကာ အချိန်အကြာကြီး စိုက်ကြည့်နေခဲ့ကြသည်။ ခွေးဟောင်သံ ပေါ်ထွက်လာမှသာ သူတို့နှစ်ဦးကြားရှိ အနေရခက်မှုသည် ပြိုကွဲသွားခဲ့သည်။
“အရင်အထဲ၀င်ကြတာပေါ့။ ချိုးဖန် အဒေါ်စုန့်ကို ဧည့်သည်တွေနားဖို့ အရှေ့ခြံက အခန်းတွေ အရင် ရှင်းထားဖို့ပြောလိုက်။ ညနက်နေပြီ။ လူကြီးတွေကို သွားမနှောင့်ာှက်ဘဲ နေရအောင်”
ယိုကျင့်သည် သူမ၏အသိစိတ်ပြန်၀င်လာသည်နှင့် ပုံမှန် မှာကြားနေကြအတိုင်း မှာကြားလိုက်သည်။ ရှောင်လင်းယွီ၏အနောက်ရှိ ဓားကိုင်ထားသော သက်တော်စောင့်များကို ကြည့်ကာ ယိုကျင့်သည် ထပ်မံမှာကြားလိုက်သည်။ “မီးဖိုဆောင်ကလူတွေကို ခေါက်ဆွဲပြုတ် နည်းနည်း ချက်ခိုင်းထားလိုက်။ မဟုတ်ဘူး များများချက်ခိုင်းထားလိုက်”
စိတ်တည်ငြိမ်ရန် ဟန်ဆောင်နေသော်လည်း မျက်တောင်လေးများတုန်ရီနေသည့် ထိုမိန်းမပျိုလေးသည် သူ၏မျက်၀န်းထဲ၌ တလက်လက် တောက်ပနေခဲ့သည်။ သူ၏လူများကို ထိုမိန်းကလေး၏ အမိန့်အတိုင်း လိုက်လုပ်ရန် အချက်ပြလိုက်ပြီး သူကတော့ ထိုမိန်းကလေး၏နောက်မှ လိုက်သွားလေသည်။
စာကြည့်ခန်းထဲ၌ ယိုကျင့်သည် ထိတ်လန့်မှုမှ အနည်းငယ်သက်သာလာကာ စိတ်ရှုပ်ထွေးနေခဲ့သည်။ သူမနှင့် မျက်နှာချင်းဆိုင်တွင် ထိုင်နေသော ရှောင်လင်းယွီကို အေးတိအေးစက် ကြည့်ကာ တိတ်ဆိတ်နေလိုက်သည်။
“ယိုကျင့် ကိုယ်....” ရှောင်လင်းယွီသည် ယိုကျင့်အား ရှင်းပြချင်သော်လည်း မည်သို့ရှင်းပြရမည်မှန်း မသိတော့ချေ။
ယိုကျင့်သည် အစေခံငယ်လေး ယူလာပေးသည့် ရေနွေးကြမ်းအနည်းငယ်ကို သုံးဆောင်လိုက်သည်။ သူမသည် အနည်းငယ် နွေးထွေးလာသည်ဟု ခံစားလိုက်ရပြီးနောက် သူစိမ်းဆန်စွာ ပြောလိုက်သည်။
“ကျွန်မလို အပြင်လူကို လူကြီးမင်းရှောင် ရှင်းပြစရာမလိုပါဘူး။ ညလည်းနက်နေပြီ။ ရှောင်အကြီးအကဲတွေလည်း အနားယူနေလောက်ပြီ။ လူတွေအနားယူနေတာကို နှောင့်ယှက်လို့ မကောင်းဘူးလေ။ မနက်ဖြန်မနက်မှ ကိုယ့်ဘာသာ သွားရှင်းပြလိုက်ပါ”
ယိုကျင့်သည် အမှန်ပင် ဒေါသထွက်ခဲ့နေသည်။ အလွန်ဒေါသထွက်နေခဲ့သည်။ သူမသည် လွန်ခဲ့သည့်နှစ်များအတွင်း ရှောင်မိသားစုအား အသိတရားဖြင့် အသေးစိတ်ဂရုစိုက်ပေးခဲ့သည်။ သူ့အတွက် အုတ်ဂူတည်ပေးခဲ့ကာ နှစ်ပတ်လည်တိုင်း၌ နှစ်စဉ် လိုအပ်သည်များ လုပ်ကိုင်ပေးခဲ့သည်။ မမျှော်လင့်ထားသည်က ထိုလူသည် ကောင်းကောင်းမွန်မွန်အသက်ရှင်နေခဲ့သည်။ ထိုအကြောင်းကို သူ့ဆီမှ သတင်းအစအနပင် မရခဲ့ပါချေ။ မည်သူမဆို သူတို့စေတနာ ခွေးစားသွားသည်ဟု ထင်မိကြလိမ့်မည်။
ရှောင်လင်းယွီသည် ဒေါသဖြင့် တုန်ရီနေသော ယိုကျင့်၏မေးစေ့လေးကို ကြည့်လိုက်သည်။ အတိတ်ကအကြောင်းများကို ပြန်တွေးမိကာ ရှင်းပြရန် မလွယ်ကူကြောင်း ခံစားလိုက်ရသည်။ “ကိုယ်...”
ရှောင်လင်းယွီသည် လွန်ခဲ့သည့်နှစ်များအတွင်း ဒုက္ခများကို ကြံ့ကြံ့ခံလာခဲ့ရသည်။ သူမြတ်နိုးရသူအား သူမည်မှ ဒုက္ခခံလာရကြောင်း မည်မျှကြိုးစားခဲ့ရကြောင်းကို ပြောထွက်ဖို့ရန် သတ္တိမရှိပါချေ။
ယိုကျင့်သည် ဒေါသဖြင့် မီးတောက်နေလေပြီဖြစ်သည်။ ရှောင်လင်းယွီသည် သူ၏ဘ၀၌ မည်သည့်မိန်းကလေးကိုမျှ ချော့မြူဖူးခြင်း မရှိခဲ့ပေ။ သူကယိုကျင့် ဘာကိုစိတ်ဆိုးနေတာရော သိရဲ့လား။ ဘယ်လိုချော့မှာလဲ။ အပြင်ဘက်ရှိ ချိုးဖန်၏ တံခါးခေါက်သံကသာ သူတို့နှစ်ဦးကြားရှိ တိတ်ဆိတ်နေမှုကို ဖြိုခွဲလိုက်သည်။
“သခင်မလေး အရှေ့ခြံက ရှင်းလင်းပြီးပါပြီ” ယခုအခေါက်လာရောက်သူမှာ ရှောင်မိသားစု၏ အကြီးဆုံးသား ရှောင်လင်းယွီမှန်း ချိုးဖန်သိလေသည်။ သူမသည် စုအိမ်တော်သို့ ၀င်လာသည့်အချိန်မှ စ၍ ယိုကျင့်၏ဘေး၌သာ ရှိနေခဲ့သည်။ ထို့ကြောင့်သခင်ဖြစ်သူနှင့် ရှောင်လူကြီးမင်းကြားရှိ ရှင်းပြမရသော ခံစားချက်ကို သူမ သိသည်မှာ သဘာ၀ကျပေသည်။ ထို့ကြောင့် သူမသည် အထဲသို့ မျက်ကန်းတစ္ဆေ မကြောက်သကဲ့သို့ ၀င်မသွားရဲပေ။
ယိုကျင့်သည် ဘာမှမပြောနိုင်ဘဲ သူမအား တုံးတုံးအအနှင့်စိုက်ကြည့်နေသော ရှောင်လင်းယွီကို တစ်ချက်ကြည့်လိုက်သည်။ သူမ၏နှလုံးမှာ အသက်ရှူကျပ်သကဲ့သို့ ခံစားရသောကြောင့် အပြင်ဘက်ရှိ ချိုးဖန်ကို မှာကြားလိုက်သည်။ “လူကြီးမင်းရှောင်ကို အနားယူဖို့ခေါ်သွားလိုက်။ ကျန်တဲ့ကိစ္စကို မနက်ဖြန်မှ ဆွေးနွေးမယ်”
ရှောင်လင်းယွီသည် လွန်ခဲ့သည့်နှစ်များရှိ ဖြတ်ကျော်ခဲ့ရသောအခက်အခဲကြောင့် ကိုယ့်ကိုကိုယ် ရင့်ကျက်လာပြီဟု သတ်မှတ်ခဲ့သည်။ သူသည် ယခင်ကကဲ့သို့ ဉာဏ်မရှိသည့် လူငယ်လေး မဟုတ်တော့ကြောင်း တွေးထင်ခဲ့သည်။ သို့သော် သုံးနှစ်ကြာမျှ ခွဲခွာခဲ့သည်။ ယိုကျင့်နှင့် မျက်နှာချင်းဆိုင်ရချိန်တွင် စိုးရိမ်ပူပန်မှုနှင့် ကူကယ်ရာမဲ့သည့် ခံစားချက်များက တစ်ဖန်ပေါ်ထွက်လာခဲ့သည်။ ထိုအရာများက သူ့အား နေရခက်စေသည်။ “ကိုယ်အခုပဲ သွားပါ့မယ်။ စိတ်မဆိုးပါနဲ့နော်”
သူ၏ကြောင်တောင်တောင် အပြုအမူကြောင့် ယိုကျင့်၏ဒေါသများမှာ ပျောက်ကွယ်သွားတော့သည်။ သို့သော်လည်း သူမသည် မပြုံးမိအောင် တောင့်ခံကာ အေးတိအေးစက် ပြန်ဖြေလိုက်သည်။ “အွန်း”
မှောင်မည်းလှသော နှင်းမြူများကြား၌ ရှောင်လင်းယွီ၏ကျောပြင် ပျောက်ဆုံးသွားမှသာ ယိုကျင့်၏ မျက်နှာပေါ်ရှိ အပြုံးသည် ဖြည်းညင်းစွာ ပေါ်ထွက်လာခဲ့သည်။
…