← Chapters

အခန်း ၁၅၅

Vol. 11 Ch. 155

အခန်း ၁၅၅

Vol. 11 Ch. 155

အပိုင်း (၁၅၅) လူကြီးလူကောင်း

မီးပုံးပွဲတော်၌ ဈေးထဲရှိ ပန်းမီးအိမ်များ၏ အလင်းရောင်သည် နေ့ခင်းသဖွယ် တောက်ပထွန်းလင်းနေသည်။

“အခုရက်က လူသွားလူလာ တအားများလွန်းတယ်။ မင်းတို့တွေ သခင်မလေးတွေကို သေချာစောင့်ကြည့်ကြ နားလည်လား” အမျိုးသမီးစုသည် အနည်းငယ်စိတ်ပူမိသည်။ သို့သော်လည်း ကလေးများမှာ မီးပုံးများကြည့်ချင်သည်ဟု ပူဆာနေသောကြောင့် လိုအပ်သည်များမှာကြားကာ လိုက်လျောလိုက်ရသည်။ သူမသည် ကလေးများကို ထပ်မံသတိ‌ပေးလိုက်သည်။

“လူများတဲ့နေရာတွေမသွားနဲ့။ အကြိတ်ခံရတာတွေ ချော်လဲတာတွေ မဖြစ်စေနဲ့။ နားလည်လား”

ယိုလင်သည် အင်္ကျီလက်ရုံစအား ပြန့်နေအောင် ဖြန့်လိုက်ပြီး ယိုပေါင်၏ဘေးနား၌ ရပ်နေခဲ့ကာ လခြမ်းသဏ္ဍာန်မျက်လုံးကွေးလေးများ ပေါ်အောင်ထိ ပြုံးလိုက်သည်။ “အမေ စိတ်မပူပါနဲ့။ အမေ့သမီးတွေက လွယ်လွယ်နဲ့အနိုင်ကျင့်မခံရပါဘူး”

“ဟုတ်တယ်” ယို‌ကျူးသည် သူမ၏ရင်ဘတ်ကို ပုတ်လိုက်ကာ ဂုဏ်ယူစွာ ပြောလေသည်။

“ကန်းနေတဲ့သူပဲ ဒီသခင်မလေးကို လာနှောင့်ယှက်ရဲမှာ။ အဲ့ကျ နောင်တကဘာလဲဆိုတာ ကောင်းကောင်းကြီး သင်ပြပေးလိုက်မယ်”

စုမိသားစုရှိ ကလေးများသည် ငယ်စဉ်ကတည်းက ကိုယ်ခံပညာကို လေ့ကျင့်လာခဲ့ကြသည်။ ယခုတွင် သူတို့သည် ကြီးပြင်းလာပြီ‌ဖြစ်ကာ အကုန်လုံးသည် အရပ်ကာသွယ်လျကြသည်။ အနည်းငယ် ပိန်ပါးသည်ဟု ထင်ရသော်လည်း အချိုးအစား ကျလှသည်။ သိုင်းနှစ်ကွက်သုံးကွက်မျှသိသော အမျိုးသားများသည် သူမတို့၏ ပြိုင်ဘက် မဖြစ်နိုင်ချေ။

တတိယမြောက် သမီးဖြစ်သူ၏စကားကြောင့် သခင်မစုမှာ ငိုရခက်ရယ်ရခက်ဖြစ်နေခဲ့သည်။

“နင်ကတော့လေ”

သူမ၏ကလေးများအား ကိုယ်ခံပညာလေ့လာခိုင်းမိခြင်းသည် မှားလားမှန်လားကိုပင် သူမ မသိတော့ချေ။

“သခင်မလေး အပြင်က လှည်းတွေက အဆင်သင့်ဖြစ်နေပါပြီ” ချွမ်ရှန်းသည် အပြင်ဘက်၌ အဆင်သင့် ဖြစ်နေပြီဖြစ်ကြောင်း လာရောက်အကြောင်းကြားလေသည်။ စုမိသားစုရှိ ကလေးငယ်များသည် သင့်တင့်လျောက်ပတ်သည့် အပြုအမူများဖြင့် တည်ငြိမ်စွာထွက်ခွာကြလေသည်။ စုခမ်းသည်ပင် ယခင်ကထက် ပို၍တည်ငြိမ်လာကာ အနောက်မှ အစဉ်တကျလိုက်ပါခဲ့သည်။ လူကြီးများသည်သာ အိမ်၌ကျန်ရှိခဲ့ပေသည်။ မီးပုံးပွဲတော်၏ အလှမှာ ထင်ရှားလှသည်။

ယိုကျင့်သည် ယိုသွမ့်၏လက်ကိုဆွဲကာ အပြင်ဘက်သို့ လျှောက်လာခဲ့ပြီး စင်္ကြံ၌ အရှေ့ဘက်ခြံ၀န်းဘက်သို့ လှည့်ကာ ရပ်နေခဲ့သည်။ အရှေ့ဘက်ခြံ၀န်း၏ လဏ္ဍာန်အ၀င်၀ကို ခဏမျှ ကြည့်ပြီးနောက် ဘာစကားမျှမဆိုတော့ဘဲ ညီမဖြစ်သူများ၏ ဆွဲခေါ်ရာနောက်ကို လိုက်သွားတော့သည်။ သူမသည် လွန်ခဲ့သည့် လ၀က်ကပြဿနာများကို စိတ်ထဲမှ ထုတ်ပစ်လိုက်ကာ နောက်ထပ်တွေးတောလိုခြင်း မရှိတော့ချေ။

ယိုသွမ့်သည် အစ်မဖြစ်သူ၏လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားရင်း အခြားမီးအိမ်များနှင့်အတူ ချိတ်ဆွဲထားသော ယုန်ပုံမီးအိမ်လေးအား ညွှန်ပြလိုက်သည်။ “မမကြီး သမီးအဲဒါလိုချင်တယ်”

ညအချိန်သို့ရောက်သည်နှင့် လမ်းပေါ်၌ လမ်းသွားလမ်းလာများဖြင့် ပြည့်နှက်နေပြီး မီးအိမ်မီးပုံးများသည်လည်း နေရာတိုင်း၌ လှပစွာချိတ်ဆွဲထားလေသည်။ ညကောင်းကင်ယံထက်၌ မီးရှူးမီးပန်းများ ထွန်းလင်းတောက်ပလျက်ရှိသည်။

ယိုကျင့်၏နှုတ်ခမ်းပေါ်ရှိ အပြုံးသည် ကျဆင်းသွားခြင်းမရှိပေ။ ဈေးသည်ဆီသို့ သူမတို့ရောက်ရှိချိန်တွင် ထိုလူသည် ကလေးမလေးညွှန်ပြသည့် မီးအိမ်ကို ဖြုတ်ပေးထားပြီးဖြစ်သည်။ ထို့နောက် ယိုကျင့်သည် မည်သည်ကိုရွေးရမှန်းမသိဖြစ်နေသည့် ယိုလော့အား မေးလိုက်သည်။

“ယိုလော့ရော ယိုလော့ရော ဘာပုံစံမီးအိမ်လိုချင်လဲ”

ယိုလော့သည် သူမနှင့် ခြောက်ဆယ်ရာခိုင်နှုန်းမျှ တူညီပေသည်။ ယိုလော့သည် သူမ၏မျက်လုံးကို ဖျစ်ညစ်ကာ ခဏမျှစဉ်းစားပြီးနောက် ငါးကြင်းပုံစံမီးအိမ်လေးကို ရွေးလိုက်သည်။ ဆိုင်ရှင်မှ ဖယောင်းတိုင်များကို သေချာစွာ ထွန်းညှိတပ်ဆင်ပြီးချိန်တွင် ထိုမီးအိမ်လေးသည် အနီရောင်ငါးကြင်း မီးအိမ်လေးအဖြစ် ပြောင်းလဲသွားကာ အမြင်တင့်တယ်ပေသည်။

သခင်ဖြစ်သူ၏နောက်၌ နေသော ချိုးဖန်သည် ငွေကိုပေးချေကာ သခင်ဖြစ်သူထံ၌ တစ်ခုခုဖြစ်မည် စိုးသောကြောင့် ယိုကျင့်၏ခြေလှမ်းများနောက်ကို အမှီလိုက်ရသည်။

လက်ထဲရှိ ငွေများကိုကြည့်ရင်း ဆိုင်ရှင်သည် အသိပြန်မကပ်သေးပေ။ အဲ့ကလေးမလေးတွေက တကယ်လှတာပဲ။ နောက်ထပ်၀ယ်ယူသူလာမှသာ သူ၏အသိစိတ်မှာ ပြန်လည်၀င်ရောက်လာခဲ့သည်။

“ဒီက ၀ယ်သူက ဘယ်လိုမီးပုံးမျိုးကို လိုချင်ပါလဲ”

စုမိသားစုဘက်၌ ယိုပေါင်သည် မြို့တော်သို့ ၀င်၀င်ချင်း၌ပင် စုကျားရန်၌ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေသော စစ်ဝေ၏ လာရောက်ခေါ်ဆောင်ခြင်းကိူ ခံလိုက်ရသည်။ ထိုကဲ့သို့ ပွဲတော်မျိုးသည် ချစ်သူစုံ‌တွဲလေးများ အတူလည်ပတ်ရန် ရှားပါးသည့် အခွင့်အရေးဖြစ်သည်။ ယိုကျင့်သည်လည်း သူတို့ကို ပိတ်ပင်ခြင်းမရှိပေ။ သူမသည် ယိုပေါင်၏ ကိုယ်ပိုင်အစေခံ သုန်ကျီနှင့်သက်တော်‌စောင့်များကို ယိုပေါင်အား သေချာကာကွယ်ပေးပါရန် မှာကြားလိုက်သည်။

ယိုကျူးသည် ယိုလင်ကိုခေါ်ကာ အာရ်ယာအမျိုးသမီးကျောင်းတော်မှ သူငယ်ချင်းများနှင့်အတူ မီးပုံးများကြည့်ရန် ထွက်သွားခဲ့သည်။ ယိုကျင့်သည် အငယ်လေးနှစ်ဦးကို ခေါ်ကာ လမ်းလျှောက်ထွက်လာခဲ့သည်။ ပွဲတော်သည် အနည်းငယ်စိတ်၀င်စားဖွယ်ကောင်းသည်။

“မမကြီး ကြည့်ဦး” ယိုသွမ့်သည် သူမ၏ခေါင်းပေါ်၌ ကျားမျက်နှာဖုံးလေးတင်ထားကာ လော့ဟယ်မြို့၏ အဓိကလမ်းစုံ၌ ချိတ်ဆွဲထားသော ဒီနှစ်၏ မီးပုံးဘုရင်ကို ညွှန်ပြလိုက်သည်။

ယခုနှစ် မီးပုံးဘုရင်မှာ ပေလေးဆယ်မြင့်သော လက်တစ်ထောင်နတ်ဘုရားမဖြစ်သည်။ မေတ္တာကြီးမားလှသည့် နတ်ဘုရားမ၏ဂရုဏာပုံရိပ်သည် ဖယောင်းတိုင်များ၏ အလင်းရောက်အောက်တွင် ၀င့်ထည်စွာ ပေါ်လွင်နေခဲ့သည်။ လက်တစ်ထောင်လုံး၏ ဘယ်ဘက်လက်၌ ကရုဏာမေတ္တာ၏ သင်္ကေတသဖွယ် ပေါ့ပလာပင်၏၀တ်ရည်အိုးကို ကိုင်ဆောင်ထားလေသည်။ ထိုပုံရိပ်သည် မီးပုံးပြုလုပ်သည့် လက်မှုပညာရှင်၏ တီထွင်ဖန်တီးနိုင်စွမ်းကို ပေါ်လွင်စေသည်။

မီးပုံးဘုရင် ထွက်ပေါ်လာသည်နှင့် လူတိုင်း၏အာရုံကို ဖမ်းစားသွားလေသည်။ လူတိုင်းသည် ထိုနေရာသို့ မသွားဘဲမနေနိုင်ကြပေ။ လမ်းထောင့်သို့ ဦးတည်သွားနေရင်း သူတို့၏နှုတ်မှလည်း ချီးမွမ်းစကားများ ပြောလျက်ရှိကြသည်။ “လှလိုက်တာ”

“အရင်နှစ်က အဖြူရောင်နတ်သမီး မီးပုံးထက်တောင် ပိုလှသေးတယ်”

သွားလာသည့်သူများပြားလာသည့်အတွက် လမ်းသွားရသည်မှာ ကျပ်တည်းလာခဲ့သည်။

လူများ၏ တွန်းတိုက်မှုကို ခံလိုက်ရသည့် ယိုကျင့်သည် ထိုနေရာ၌ ဆက်လက်နေလိုခြင်းမရှိတော့ချေ။ ညီမငယ်လေးနှစ်ဦးအား ထိခိုက်ပွန်းပဲ့ခြင်းမှ ကာကွယ်ရန် ယိုကျင့်နှင့် ချိုးဖန်သည် ကလေးနှစ်ဦးကို တစ်ယောက်စီ မြဲမြံစွာ ဆွဲကိုင်ထားသည့်အလျောက် သက်တော်စောင့်များသည်လည်း အရှေ့မှလမ်းရှင်းပေးလျက်ရှိသည်။ သူမတို့သည် လူအုပ်ကြီးဆန့်ကျင်ရာသို့ ထွက်လာခဲ့ကြသည်။

“ဂရုစိုက်ဦး။ လူစုမကွဲစေနဲ့”

“ဂရုစိုက်” ယိုကျင့်သည် ကလေးနှစ်ယောက်ကိုသာ စိတ်ထဲရှိနေပြီး သူမကိုယ်သူမ မေ့လျော့နေခဲ့သည်။ အလျင်စလို သွားလာနေသော လူတစ်ဦးဆီမှ အတွန်းခံရကာ နောက်ပြန်လဲကျမလိုဖြစ်သွားလေသည်။ သူမသည် ထိုအစား ထူထဲသည့် ရင်ခွင်တစ်ခုထဲ၌ ပွေ့ဖက်ခြင်းခံလိုက်ရသည်။

ရှောင်လင်းယွီသည် စုမိသားစု၏လှည်းထွက်သွားချိန်မှစ၍ ယိုကျင့်၏နောက်မှ တိတ်တဆိတ် လိုက်လာခဲ့သည်။ ယိုကျင့်သည် သူ့အပေါ်၌ စိတ်ဆိုးနေသေးမှန်းသိပေသည်။ သို့သော်လည်း မနက်ဖြန်တွင် မြို့တော်သို့ ပြန်သွားရမည်ဖြစ်ကာ ယနေ့ညကို လွဲချော်ခဲ့ပါက မည်သည့်အချိန်မှ ပြန်ဆုံနိုင်မည်မှန်း မသေချာတော့ချေ။

ယိုကျင့် လဲကျမည်ကိုမြင်သည်နှင့် သူ၏နှလုံးမှာ ခုန်ထွက်တော့မတတ်ခံစားလိုက်ရသည်။ သူသည် ခြေလှမ်းကြီးများဖြင့် လှမ်းကာ ယိုကျင့်ကို ဖမ်းယူလိုက်ပြီးနောက် သူမမတ်တတ်ရပ်နိုင်စေရန် ကူညီပေးလိုက်သည်။ “အဆင်ပြေရဲ့လား”

ယိုကျင့်သည် လဲကျတော့မည်ဟု တွေးမိသောကြောင့် ညီမငယ်ကို ထိခိုက်မည်စိုး၍ လက်လွှတ်လိုက်လေသည်။ မမျှော်လင့်စွာပင် ရှောင်လင်းယွီသည် မည်သည့်နေရာမှ ထွက်ပေါ်လာမှန်းမသိဘဲ ထိန်းယူပေးခဲ့သည်။ သူမသည် ထိုလူနှင့် အနည်းငယ် ခြားကာ ရပ်လိုက်ပြီးနောက် အောက်နှုတ်ခမ်းကို ကိုက်ထားလိုက်မိသည်။ သူမသတိပြန်၀င်ချိန်မှသာ ကျေးဇူးတင်စကားဆိုလိုက်သည်။ “ကျေးဇူးပဲ”

“အစ်ကိုကြီးလင်းယွီ” ရှောင်လင်းယွီသည် စုအိမ်တော်၌ လ၀က်မျှ နေထိုင်ခဲ့လေသည်။ သစ္စာဖောက်လေးနှစ်ယောက်ဖြစ်သည့် ယိုသွမ့်နှင့် ယိုချောင်သည် သူ၏လာဘ်ထိုးမှုအောက်၌ ကောက်ကောက် ပါသွားကြလေသည်။ ယခူ၌ အစ်မဖြစ်သူကို ကယ်တင်လိုက်သည့်အတွက် သူတို့သည် ၀မ်းသာအားရဖြင့် လိမ်လိမ်မာမာ နှုတ်ဆက်ကြလေသည်။ “မမက သမီးတို့ကို စုကျားရန်မှာ မီးအိမ်ကြည့်ဖို့ ခေါ်သွားမလို့ အစ်ကိုကြီးရော လိုက်ဦးမလား”

ယိုကျင့်သည် ဘာကိုမျှ မကန့်ကွက်လိုက်သေးခင်ပင် ရှောင်လင်းယွီသည် အမြန်သဘောတူလိုက်သည်။

“လိုက်မှာပေါ့”

ယိုကျင့်သည် ထိုလူ့ကို မကြည့်မိစေရန် သူမ၏အကြည့်များကို ထိန်းချုပ်ထားလေသည်။ သူမသည် အမျိုးသမီးယွီထံမှ ထိုအမျိုးသား၏ သုံးနှစ်တာအခက်အခဲများကို သိရှိခဲ့ရပြီဖြစ်သည်။ သို့သော်လည်း မိန်းကလေးတစ်ဦး၏ ကျိုးကြောင်းမဆီလျော်စွာ ပြဿနာရှာမှုသည် စတင်သည့်အချိန်မှစ၍ အလျှော့ပေးရန် လမ်းစမရှိပေ။ သူမသည် ဆက်လက်တောင့်ခံကာ သူ့အား လျစ်လျူရှုထားလေသည်။

ရှောင်လင်းယွီသည် သူ၏ရှေ့၌ လျှောက်လှမ်းနေသည့် မိန်းကလေး၏ အရိုးများမှာ တောင့်တင်းနေကြောင်း သတိထားမိသည်။ သူသည် ထိုမိန်းကလေးကို လမ်းသွားလမ်းလာများ ၀င်တိုက်ခြင်းမှာ ကာကွယ်ထားလေသည်။ သူ၏နှုတ်ခမ်းပေါ်၌ သိသာထင်ရှားသည့် အပြုံးတစ်ခု ပေါ်ထွက်လာလေသည်။ သူ၏မြေခွေးငယ်လေးမှာ ကြီးပြင်းလာခဲ့ပြီဖြစ်သည်။

လမ်း၌ လူများလွန်းသောကြောင့် လှည်း၀င်ရန်မဖြစ်နိုင်ချေ။ ထို့ကြောင့် လူတိုင်းသည် စုကျားရန်ရှိရာသို့ လမ်းလျှောက်လာခဲ့ကြသည်။ ထိုအချိန်၌ ရှောင်လင်းယွီသည် သစ်အယ်သီးလှော်နှစ်ထုပ်ကို ၀ယ်ယူခဲ့ကာ ယိုသွမ့်နှင့်ယိုချောင်ကို တစ်ထုပ်ပေးလိုက်လေသည်။ သူသည် အခြားတစ်ထုပ်ကို သေချာစွာ ဖြေလိုက်ကာ သစ်အယ်သီးခွံမျကို ခွာပေးပြီး ယိုကျင့်၏လက်ထဲသို့ ထည့်ပေးလိုက်သည်။

“သစ်အယ်သီးလှော် ပူပူလေးစားကြည့်ရင်ရော ဘယ်လိုလဲ”

သူမ၏ပတ်ပတ်လည်၌ ချိုမြိန်သည့် သစ်အယ်သီးနံ့များ ပျံ့နှံ့နေပြီး သူမ၏လက်ထဲရှိ သစ်အယ်သီး၏ နွေးထွေးမှုကို ခံစားလိုက်ရသောကြောင့် ယိုကျင့်သည် “အွန်း”ဟုသာ အပေါ်ယံ တုံ့ပြန်လိုက်သည်။ ထို့နောက် သစ်အယ်သီးအား သူမ၏ပါးစပ်ထဲသို့ ဖြည်းဖြည်းချင်းထည့်လိုက်သည်။ အနည်းငယ်မျှ ဝါးရုံဖြင့် သစ်အယ်သီးရနံ့မှာ ခံတွင်းတစ်ခုလုံး၌ ပျံ့နှံ့သွားတော့သည်။ သစ်အယ်သီးကြောင့်လား သူမ၏ဘေး၌ ထိုင်နေသောသူကြောင့်လား မသိပေ။ သူမ၏စိတ်ထဲ၌ တစ်ကိုယ်လုံး နွေးထွေးလာသလို ခံစားလိုက်ရသည်။

ယိုကျင့်မှ မငြင်းပယ်သောကြောင့် ရှောင်လင်းယွီ၏အပြုံးမှာ ပို၍ပင် ကြီးမားလာခဲ့သည်။ သူမအတွက် သစ်အယ်သီးတစ်ခုပြီးတစ်ခု ခွာပေးခဲ့ကာ ယိုကျင့်၏လက်ထဲ၌ သစ်အယ်သီးများဖြင့်‌ ပြည့်နေတော့သည်။ တစ်ယောက်က ခွာကာ တစ်ယောက်ကစားနေပြီး ယိုကျင့်သည် ကုန်လှောင်ရုံကြီးကဲ့သို့ ဖြစ်နေခဲ့သည်။ ငါးခေါက်ခြောက်ခေါက်လောက် စားပြီးသည့်အချိန်၌ ယိုကျင့်သည် အာခေါင်အနည်းငယ်ခြောက်သလို ခံစားလာရသည်။ ထို့ကြောင့် ရှောင်လင်းယွီသည် စိတ်ပျက်လက်ပျက်ဖြင့် ရပ်တန့်ခဲ့ရသည်။

ရှောင်လင်းယွီသည် ကျန်သော သစ်အယ်သီးများကို သူ၏နောက်လိုက်ကောင်လေးထံသို့ ပေးလိုက်လေသည်။ သူသည် ထိုမိန်းကလေး၏ ခြေလှမ်းများနောက်မှ ထပ်ကြပ်မကွာ လိုက်နေခဲ့သည်။ လမ်းဆုံ၌ ပိတ်မိနေသောကြောင့် သူတို့နှစ်ဦးမှာ လက်ချင်းထိမိမလို ဖြစ်သွားခဲ့သည်။ ရှောင်လင်းယွီသည် ခေါင်းငုံ့ကာ ယိုကျင့်နားလေးသို့ကပ်၍ တီးတိုးပြောလိုက်လေသည်။ “ယိုကျင့် ကိုယ့်ကို စိတ်မဆိုးပါနဲ့တော့နော် ဟုတ်ပြီလား”

ယိုကျင့်သည် ထိုလူ၏ တိုးလျကာ အက်ရှသည့် အသံဖြင့် တစ်ခါတည်း မြောပါသွားခဲ့သည်။ သူမကိုယ်၏ဘက်ဘက် တစ်ခြမ်းလုံးမှာ ထုံလာသည်ဟု ခံစားလိုက်ရသည်။ သို့သည့်တိုင် သူမသည် ခေါင်းကို တည့်တည့်ထားကာ သူ့အား လှည့်မကြည့်ခဲ့ပေ။

ရှောင်လင်းယွီသည် မီးအိမ်နှင့် ဖယောင်တိုင်များ၏ အလင်းရောင်မှိန်ပျပျအောက်တွင် ရွေ့လျားနေသော အသန့်ရှင်းဆုံး အဖြူရောင်ကျောက်သဖွယ် လှပကြော့ရှင်းလှသည့် ထိုမိန်းကလေး၏ လည်ပင်းကို ကြည့်ကာ တံတွေးမမျိုမိဘဲ မနေနိုင်ချေ။ “အနာဂတ်မှာ ဘာမှ မဖုံးကွယ်တော့ပါဘူး။ ဒီတစ်ခေါက်တည်းပါ။ နောက်တစ်ခါမလုပ်တော့ပါဘူး”

အချိန်ကြာမြင့်စွာ စောင့်ဆိုင်းပြီးသည့်နောက်တွင် အရှေ့ရှိ လူအုပ်ကြီးမှာ ရှင်းလင်းသွားခဲ့လေသည်။ လူအနည်းငယ် စတင် ထွက်ပေါ်လာချိန်တွင် သူသည် ထိုမိန်းကလေးငယ်၏ “အွန်း”ဟူ‌သော တိုးလျသည့် သဘောတူညီသံကို ရှင်းလင်းစွာကြားလိုက်ရသည်။

ရှုပ်ထွေးသည့်လမ်းမပေါ်မှ လူတိုင်း ထွက်ခွာသွားသည့်အခါမှသာ သူတို့သည် နွေဦး၏ လတ်ဆတ်သည့်လေကို ရှူရှိုက်မိတော့သည်။ ရှောင်လင်းယွီသည် စိတ်လွတ်လင်လွတ်ပင် ပြုံးနေပြီး အကြီးဆုံးသခင်မလေးသည်လည်း ဟိုကြည့်ဒီကြည့်ဖြင့် ရှက်သွေးဖြာနေခဲ့သည်။ ထူးဆန်းလိုက်တာ။

“အဟွတ် အဟွတ် အမြန်သွားရအောင် မဟုတ်ရင် ထပ်ပိတ်မိနေဦးမယ်” ယိုကျင့်သည် ချောင်းခြောက်အနည်းငယ်ဆိုးလိုက်ကာ သူမ၏ရှက်ရွံ့မှုကို ‌ဖျောက်ဖျက်ပြီး တည်ငြိမ်စွာ ရှေ့ဆက်သွားလေသည်။ အုပ်စုကွဲကာ ဘယ်ညာ၌ လျှောက်နေကြသည်ကို အခွင့်အရေးယူပြီး သူမသည် ရှောင်လင်းယွီကို လက်ညှိုးထိုးကာ သိသိသာသာစိုက်ကြည့်ရင်း နှုတ်ခမ်းမှ တိုးတိုးလေး အပြစ်တင်လိုက်သည်။ “အဲဒါ ရှင့်အပြစ်တွေပဲ”

အုပ်စုသည် အနောက်၌ ကျန်ခဲ့သော်လည်း သူတို့၏ဆော့ကစားမှုကို နှောင့်နေးခြင်းမရှိခဲ့ချေ။ ရှောင်လင်းယွီသည်လည်း ၀မ်းသာအားရစွာ အဖော်ပြုပေးခဲ့သည်။ သူသည် ရွံ့ရုပ်တုလေးများနှင့် ယိုသကြားလုံးများ ၀ယ်ပေးခဲ့သောကြောင့် ယိုသွမ့်နှင့် ယိုပေါင်တို့မှာ ပျော်ရွှင်သွားကြသည်။

ယနေ့သည် မီးပုံးပွဲတော်ဖြစ်သည့်အတွက် စုကျားရန်၌ ဧည့်သည်များဖြင့် ပြည့်နှက်နေခဲ့သည်။ ၀တုတ်တာ ကြင်နာလှသော အိုက်ချန်သည် ဒုတိယထပ်ရှိ အခန်းများထဲမှ ဧည့်သည်များကို အပြုံးဖြင့် ကြိုဆိုနေခဲ့သည်။ ပိုင်ရှင်မိသားစုရှိ သခင်မလေးများ လာရောက်သဖြင့် သူသည် လှိမ့်ကျလာသော အာလူးကဲ့သို့ အရှေ့သို့ တလိမ့်လိမ့်ဖြင့် လျှောက်လာခဲ့သည်။ “အကြီးဆုံးသခင်မလေး ပြန်ရောက်ပြီပဲ။ အနောက်ထဲမှာ အကုန်ပြင်ဆင်ထားပြီးပါပြီ”

“ဒီမှာ ဧည့်သည်တွေများနေတာပဲ။ ဦးလေးအိုက်ကို အလုပ်များစေမိပြီ။ ကျွန်မတို့ကို စိတ်မပူဘဲ ဆက်လုပ်နေပါ” ယိုကျင့်သည် ပျော်ရွှင်စွာ ဖြေကြားလိုက်ရင်း ညီမငယ်နှစ်ယောက်ကို အနောက်ခြံ၀န်းထဲသို့ ခေါ်ဆောင်သွားလိုက်သည်။

အိုက်ချန်သည် ယိုကျင့်၏နောက်ရှိ အမျိုးသားကို မြင်သည့်အခါ စူးစမ်းဟန် မော့ကြည့်လိုက်သည်။ သို့သော်လည်း ထိုလူ၏ မျက်၀န်းရှိ အငွေ့အသက်ကြောင့် ခေါင်းငုံ့ကာ သခင်ဖြစ်သူအတွက် လမ်းရှင်းပေးလေသည်။

စုကျားရန်၏ခြံ၀န်းထဲ၌ မီးပုံးထောင်ကျော်ချိတ်ဆွဲထားကာ အိုက်ချန်သည် ထိုမီးပုံးများကို ‌ချိတ်ဆွဲရန် ပညာရှင်များအား သေချာမှာကြားထားလေသည်။ မီးပုံးများသည် အရောင်အသွေးစုံလင်လှသည်။ ခြံ၀င်းအလယ်ရှိ ကျောက်တုံးပေါ်၌ ဒဏ္ဍာရီလာနတ်သမီးပုံစံ မီးပုံးကို ပုံဖော်ထားလေသည်။ စီစဉ်ထားမှုမှာ အမှန်ပင် လှပသေသပ်လှသည်။

စုကျားရန်၏ပန်းခြံ၀န်းထဲရှိ အခန်းများသည် အကန့်အသတ်ဖြင့် ထားရှိလေသည်။ လော့ဟယ်မြို့ရှိလူတိုင်းသည် စုကျားရန်၌လည်း မီးပုံးပွဲတော်အလှဆင်ကြောင်း သိရှိကြပေသည်။ လမ်းမများမှာ လူစည်ကားမည်ကိုသိသောကြောင့် သူတို့သည်စုကျားရန်၌သာ တိတ်တဆိတ်နေကာ သက်တောင့်သက်သာဖြင့် မီးပုံးများကို ကြည့်ရှုလိုကြသည်။ ထို့အပြင် ယခုနှစ်အတွင်း၌ စုမိသားစု၏ ဂုဏ်သတင်းမှာ ပို၍ပွင့်လန်းလာခဲ့သည်။ ထိုထဲ၌ ဖုံးကွယ်ထားသော ရည်ရွယ်ချက်များဖြင့် လာရောက်ကြသူများလည်းရှိသည်။ အများစုမှာ စုမိသားစုနှင့် ပတ်သက်ဆက်နွယ်ချင်သောကြောင့် လာရောက်ကြခြင်းဖြစ်သည်။ ထို့ကြောင့် မီးပုံးပွဲတော်အတွင်း၌ စုကျားရန်၏ အခန်းများအားလုံးမှာ စာရင်းသွင်းသူများ ပြည့်နှက်နေခဲ့ခြင်းဖြစ်သည်။

“သခင်မလေးစုနဲ့ တွေ့ရတာ၀မ်းသာပါတယ်” ပညာတော်သင်ကျောင်းသားပုံပေါက်သည့် လူငယ်တစ်ဦးသည် သူ၏ယပ်တောင်ကို ဝှေ့ယမ်းရင်း စုမိသားစု၏ အုပ်စုရှေ့၌ ပိတ်ရပ်လိုက်သည်။ သူ၏အပြုံးမှာ ကျက်သရေရှိလှသည်ဟု ကိုယ့်ကိုယ်ကိုယ် တွေးထင်နေခဲ့လေသည်။ “ကျွန်‌တော်ကျန်းဟန်က သခင်မလေးစုရဲ့ ဂုဏ်သတင်းတွေကို ကြားဖူးပါတယ်။ သခင်မလေးကို ချစ်ခင်စုံမက်မိတာလည်း ကြာပါပြီ။ ဒီနေ့တွေ့လိုက်မှ သခင်မလေးက ကောလာဟလတွေထက် ပိုမြင့်မြတ်တာပဲ”

ယိုကျင့်သည် ထိုဖွင့်ပြောခြင်းအပေါ် မတုံ့ပြန်ခင်မှာဘဲ တစ်ဖက်ရှိ ရှောင်လင်းယွီ၏အနေအထားမှာ မိုးတိမ်များ အုံ့မှိုင်းနေခဲ့သည်။ “မင်းက စာပေပညာရှင်တစ်ယောက်ဖြစ်ပြီး ရိုင်းစိုင်းလွန်းတယ်။ အတိတ်က စာပေသမားတွေရဲ့ ဂုဏ်ထူးနဲ့ပုံရိပ်တွေကို ညှိုးနွမ်းအောင် လုပ်နေတာပဲ”

ကျန်းဟန်သည် စုကျားရန်သို့ ၀င်ရောက်ကာ အလှလေး၏နှလုံးသားကို ဖမ်းဆုပ်ရန် ငွေအမြောက်အမြား ကုန်ကျခံခဲ့သည်။ လမ်းတစ်၀က်တွင် မထင်မှတ်ဘဲ ချန်ယောင်ကျင်း(idiom: ချန်ယောင်ကျင်း- အချိန်မှန်နေရာမှန်၌ ထွက်ပေါ်ကာ တရားမျှတမှုရှာပေးတတ်သူ) ထွက်ပေါ်လာကာ ရုပ်ပျက်ဆင်းပျက်ဖြစ်အောင် ပြုလုပ်မည်ဟုမထင်ထားခဲ့ပေ။ သူ၏ချောမောသည့် အသွင်အပြင်ကို ထိန်းသိမ်းရန် အလို့ငှာ အပြုံးလေးဖြင့်သာ တုံ့ပြန်ခဲ့သည်။ “ဒီ‌က နောင်တော်က အကြောင်းပြချက် မရှိဘဲ ဘာလို့ လူကို နား၀င်ဆိုးအောင် ပြောရတာလဲ။ ကျွန်တော်လုပ်တာက အလောသုံးဆယ် ဖြစ်သွားပေမဲ့ ရှေးလူကြီးတွေက ဒီလိုပြောကြတယ်လေ။ ကောင်းမွန်ကြော့ရှင်းစွာ ပြင်ဆင်ထားတဲ့မိန်းမပျိုက လူကြီးလူကောင်းနဲ့ လိုက်ဖက်တယ်တဲ့။ ကျွန်တော်က လူကြီးလူကောင်းတစ်ယောက်ပဲလေ။ အဲတော့ ဘာမှားလို့လဲ”

“လူကြီးလူကောင်းတစ်ယောက်က သူများလမ်းသွားတာကို ပိတ်ရပ်တယ်ပေါ့” ရှောင်လင်းယွီ၏ ကျောက်စိမ်းသဖွယ် မျက်နှာလေးမှာ မှောင်မည်းနေခဲ့ပြီး အတော်ပင် စိတ်မချမ်းမသာဖြစ်နေခဲ့သည်။

ယိုကျင့်သည် ထိုသဝန်တိုနေသည့် လူကြီးအား ကူကယ်ရာမဲ့စွာ ကြည့်လိုက်သည်။ သူမသည် ထိုလူကို ဖယ်ရှားမလို့ပင် ဖြစ်သည်။ သူကဘာလို့ အဲ့လိုသစ်စသစ်နကို လိုက်မဲနေရတာလဲ။

ယိုကျင့်ဆီမှ စိုက်ကြည့်‌ခံလိုက်ရသော ရှောင်လင်းယွီသည် ကလေးဆိုးကြီးကဲ့သို့ပင် တစ်ဖက်သို့ လှည့်သွားကာ ဟွန့်ဟူသော အသံသဲ့သဲ့လုပ်ပြီး လျစ်လျူရှုလိုက်တော့သည်။

ထိုနှစ်ဦးကြားရှိ အပြုအမူများကိုကြည့်ကာ ကျန်းဟန်သည် မူမမှန်သလို ခံစားလိုက်ရသည်။

“မီးပုံးပွဲတော်ဆို လော့ဟယ်မြစ်မှာ မီးပုံးမျှောကြတယ်။ ရေမျက်နှာပြင်မှာ မီးပုံးထောင်ကျော် အလင်းပြန်နေမှာ။ တကယ်ကို ခမ်းနားလှပတဲ့မြင်ကွင်းပဲ။ သခင်မလေးစု ကျွန်တော်နဲ့အတူ သွားချင်ရဲ့လား”

ကျန်းဟန်သည် မူလက ချမ်းသာသည့်မျိုးရိုးမှ ဆင်းသက်လာသူဖြစ်သော်လည်း ဖခင်ဖြစ်သူမှာ မရိုးဖြောင့်သူ ဖြစ်လေသည်။ ထိုလူသည် ငယ်စဉ်ကပင် ကာမဂုဏ်လိုက်စားကာ လောင်းကစား၌ ပျော်မွေ့သူဖြစ်လေသည်။ ကျန်းဟန် အသက်တစ်ဆယ်သုံးနှစ် တစ်ဆယ့်လေးနှစ်အရွယ်၌ ထောင်ပေါင်းများစွာသော မိသားစုအမွေများသည် ပြောင်သလင်းခါသွားပြီဖြစ်သည်။ သူ၏လက်ထဲ၌ လော့ဟယ်မြို့ အရှေ့ဘက်၀င်ပေါက်ရှိ အိမ်ဟောင်းသုံးလုံးနှင့် ငှားရမ်းနိုင်သော မြေဧကနှစ်ဆယ်ကျော်သာ ကျန်ရှိကာ အခြားပစ္စည်းဥစ္စာများ မရှိတော့ပေ။

ကျန်းဟန်မှာ ကိုယ့်ကိုယ်ကိုယ်အထင်ကြီးလွန်းလှသည်။ ထိုသို့သောသူသည် သာမန်ဘ၀၌ မည်သို့နေထိုင်‌နိုင်မည်နည်း။ သူသည် ချောမောကာ ပညာအနည်းငယ်တတ်မြောက်ထားသောကြောင့် ကိုယ့်ကိုကိုယ် ယုံကြည်ချက်အပြည့် ရှိလေ့သည်။ နှစ်အနည်းငယ်မျှ ကြိုးစား လေ့လာပြီးသည့်နောက်တွင် လွန်ခဲ့သည့်နှစ်၌ တုံ့ရှန်းကို အောင်မြင်ခဲ့သည်။ သူသည် လှပကာ အရည်အချင်းရှိသည့်အပြင် ချမ်းသာသည့် မိသားစု နောက်ခံရှိသော အမျိုးသမီးတစ်ဦးကို ရှာဖွေရန်ဆုံးဖြတ်လိုက်သည်။

လွန်ခဲ့သည့်နှစ် ဆောင်းဦး၌ အာရ်ယာအမျိုးသမီးကျောင်းတော်တည်ရှိရာ ကျားဇီလမ်းထဲတွင် စုမိသားစု၏ ဂုဏ်သတင်းကြီးလှသော အကြီးဆုံးသခင်မလေးကို တွေ့ရှိခဲ့သည်။ ထိုအချိန်မှစ၍ သူသည် တောက်လျှော က်စောင့်ကြည့်ခဲ့လေသည်။ စုမိသားစုသည် အမှန်ပင်ချမ်းသာကြွယ်၀ကာ သားတစ်ယောက်တည်းသာ ရှိလေသည်။ မိသားစု၏ ပစ္စည်းဥစ္စာမှန်သမျှကို အကြီးဆုံးသမီးဖြစ်သူမှ စုဆောင်းထားခြင်းဖြစ်သည်။ အကယ်၍ တစ်ယောက်ယောက်သာ စုမိသားစု၏ အကြီးဆုံးသခင်မလေးနှင့် လက်ထပ်ပါက လက်ဖွဲ့ငွေများစွာ ရရှိပေလိမ့်မည်။ သူသည် သူ၏ရုပ်ရည်နှင့် ပတ်သက်ကာ ယုံကြည်ချက်အပြည့်ရှိလေသည်။ စုမိသားစု၏ သမီးဖြစ်သူမှာ အသက်တစ်ဆယ့်ရှစ်နှစ် ရှိပြီဖြစ်သောကြောင့် သူ့လို ရုပ်ချောမနောကောင်းသည့်သူအား ငြင်းပယ်မည်မဟုတ်ဟု တွေးထင်လိုက်သည်။

ယိုကျင့်သည် ထိုလူ၏နောက်ခံကို မသိသောကြောင့် အေးတိအေးစက်သာ ကြည့်လိုက်သည်။ ထိုလူသည် စာပေပညာရှင်တစ်ဦးကဲ့သို့ ၀တ်စားထားသော်လည်း မျက်၀န်းများမှာ မတည်ငြိမ်ဘဲ လူကြီးလူကောင်းကဲ့သို့ ပြုမူခြင်းမရှိပေ။ ယိုကျင့်၏စိတ်ထဲ၌ မနှစ်သက်မှုများ ပြည့်နှက်နေသော်လည်း ထုတ်ဖော်ပြသခြင်းမရှိခဲ့ပေ။ သူမသည် ပြုံးရုံသာပြုံးလိုက်ကာ အေးတိအေးစက်ငြင်းပယ်လိုက်သည်။

“လူကြီးမင်းရဲ့ ဖိတ်ခေါ်မှုကို ကျေးဇူးတင်ပေမဲ့ ကျွန်မက ရုပ်ရည်သာရှိပြီး ဘာမှမရှိတဲ့လူ မလို့ လူကြီးမင်းနဲ့အတူ တွဲမလျှောက်ရဲပါဘူး။ ကျေးဇူးပြုပြီး လမ်းလေးဖယ်ပေးပါလား လူကြီးမင်း”

ကျန်းဟယ်သည် အခွင့်အရေးကို စောင့်ဆိုင်းနေခဲ့သည်မှာ ကြာပြီဖြစ်သောကြောင့် မည်သို့ လက်လျှော့နိုင်မည်နည်း။ သို့သော် သူစကားမဆိုရသေးခင်ပင် စုသခင်မ‌လေး၏နောက်ရှိလူမှ သူ၏လက်ကို ဝေ့ရမ်းလိုက်‌သည်ကို မြင်လိုက်ရသည်။ ထို့နောက် သံချပ်ကာ၀တ်ထားကာ ဓားသွားကိုင်ဆောင်ထားသော သက်တော်စောင့်နှစ်ဦးမှ သူ့အား ကိုင်ပေါက်လိုက်လေသည်။

သူ၏ပညာရှင်သိက္ခာမှာ သူနဲ့အတူမြေပေါ်သို့ လွင့်မျောသွားကြောင်း သိလိုက်ရသည်။ သူသည် ရှုပ်ပွနေသည့် ပုံစံဖြင့် အော်ဟစ်တော့သည်။ “မင်းဘာလုပ်တာလဲ။ ငါဘယ်သူလဲဆိုတာ သိလို့လား။ မင်းကို အရာရှိချင်ဆီ တိုင်တန်းပြီး အပြစ်ပေးခိုင်းမယ်”

စုသခင်မလေးမှာ ထိုလူကို တစ်ချက်မှ ငဲ့မကြည့်သည်က သနားစရာကောင်းလွန်းလှသည်။ လူအုပ်စုသည် ထိုလူကို ထားခဲ့ကာအရှေ့သို့သာ ဆက်သွားလေသည်။

အစောင့်နှစ်ဦးထဲမှ သူ့အား ပစ်ပေါက်ခဲ့သောသူသည် အရှေ့သို့ ထွက်ကာ သူ၏လက်မောင်းကြားမှ အမှတ်အသားတစ်ခုကို ထုတ်ကာ ကျန်းဟန်၏မျက်စိရှေ့၌ ဝေ့ရမ်းပြလိုက်သည်။ ထို့နောက် ထိုလူသည် အရှေ့သို့ ခြေလှမ်းကျဲများဖြင့် ထွက်ခွာသွားတော့သည်။

ကျန်းဟန်သည် ထိုအရာကိုမြင်လိုက်သည်နှင့် သူ၏ခြေထောက်များမှာ ပျော့ခွေလာကာ မြေကြီး၌သာ ကပ်တွယ်နေလေသည်။ “ယု ယုလင်းစစ်တပ်” တကယ်လို့ အဲ့လူတွေသာ ယုလင်းစစ်တပ်ကဆို သူတို့ကို အမိန့်ပေးတဲ့သူက “မြို့စားလော့လား” ထိုအကြောင်းကို တွေးမိသည်နှင့် ကျန်းဟန်သည် ဆောင်းတွင်းကြီး၌ ချွေးအေးများ ထွက်လာတော့သည်။ အချိန်ကြာမြင့်သည်အထိ မည်သူမျှ သူ၏တည်ရှိမှုကို သတိမထားမိသည်ကို အခွင့်အရေးယူကာ စုကျားရန်မှ လေးလံသည့် ခြေလှမ်းများဖြင့် တစ်လှမ်းချင်းဆုတ်ခွာသွားတော့သည်။

…

All Chapters