အခန်း ၁၅၆
Vol. 11 Ch. 156
အပိုင်း (၁၅၆) မောင်လေးက သိတတ်လာတယ်
စုမိသားစု၏ ကလေးမလေးနှစ်ယောက်ကတော့ အချိန်တော်တော်အောင် ကစားနေခဲ့ကြသည်။ အခုမှ ဘေးအခန်းသို့ ပြန်ရောက်လာပြီး အိပ်ချင်သည်စိတ်က ရုတ်တရက် အနိုင်ယူသွားတော့သည်။ သိပ်မကြာခင်မှာပင် သူတို့အားလုံးသည် တရေးအိပ်ရန် လိမ်လိမ်မာမာဖြင့် အိပ်ရာဆီသို့ ပြန်သွားလိုက်ကြတော့သည်။ ရှုံ့မဲ့နေသည့် အမူအရာနှင့် ရှောင်လင်းယွီနှင့် ယိုကျင့်တို့သာ တစ်ပေအကွာတွင် ထိုင်းရင် ကျန်ခဲ့ကြသည်။
ချိုးဖန်နှင့် တခြားသူများက အကြီးဆုံးမမလေးနှင့် အကြီးဆုံးသခင်လေးရှောင်တို့သည် အလွန်မှ တင်းမာနေသည်ကို တွေ့လိုက်ရလေသည်။ သခင်မက သူမကို စောစောက ပြောခဲ့သည့်စကားကို ပြန်စဥ်းစားလိုက်မိပြီး သူတို့သည် ဘာတစ်ခွန်းမှ မပြောဘဲ တိတ်တိတ်လေး ထွက်သွားကြတော့သည်။ တံခါးကိုတော့ သံသယကင်းအောင် ဖွင့်လျက်ထားခဲ့လိုက်သည်။
အဝေးတွင်ထိုင်ကာ သူ့ကို လျစ်လျူရှုထားသည်ကို မြင်လိုက်ရသဖြင့် ရှောင်လင်းယွီသည် သက်ပြင်းချလိုက်လေသည်။ သူက ခြောက်ခြောက်ကပ်ကပ် ချောင်းဟန့်သံတစ်ချက် ပြုကာ ထရပ်လိုက်ပြီး ယိုကျင့်နှင့် စားပွဲလေးတစ်လုံးစာသာ ဝေးသည့် ကုလားထိုင်သို့ လျှောက်သွားလိုက်ကာ ထိုင်ချလိုက်သည်။ ထို့နောက် သူက သူမကို ခွေးပေါက်လေးမျက်လုံးများဖြင့် ကြည့်လိုက်ကာ
“ ကိုယ် မနက်ဖြန် ပြန်ရတော့မယ်....”
ပြန်လည်သင့်မြတ်ရေးကို ဖော်ဆောင်နေသည့်အဓိပ္ပာယ်မှာ ကိုယ့်ကိုယ်ကို သက်သေပြခြင်းပင်။
ယိုကျင့်က သူ့ကို ခပ်စိမ်းစိမ်းကြည့်လိုက်ပြီး ပြန်ပြောလိုက်သည်။
“ အုပ်ချုပ်ရေးအမတ်ကြီးက အခုဆိုရင် အရမ်းကို အရှိန်အဝါကြီးမားနေပါပြီ၊ ရှင် ဘာဖြစ်လို့ ကျွန်မနောက် လိုက်နေတာလဲ”
သေချာနေပါပြီ။ ယိုကျင့်က ဒေါသထွက်နေပြန်ပြီ။
“ အခု ရှင်က ရုတ်တရက် သူကောင်းပြုခံလိုက်ရတော့ ရှင့်ထိုင်ခုံတောင် သေချာအောင်မလုပ်ရသေးခင် အရမ်းကို မာန်တက်တတ်သွားပြီပေါ့၊ ဒီသတင်းသာ ပေါက်ကြားသွားရင် တခြားသူတွေ ဘယ်လိုထင်ကြမလဲ”
ခုနက သူ့အပြုအမူများကို စဥ်းစားကြည့်လိုက်ပြီးနောက် ရှောင်လင်းယွီက အနည်းငယ် မလုံမလဲဟန်ဖြင် ခေါင်းငုံ့ထားလိုက်လေသည်။ သူသည် ခုနက သူ့အပြုအမူများမှာ အမှန်ပင် စိတ်လိုက်မာန်ပါ ဖြစ်သွားသည်ကို ပြန်သုံးသပ်မိလေသည်။ သို့သော် ထိုလူက ယိုကျင့်အပေါ် စိတ်ကူးရဲသည်ကို စဥ်းစားမိလိုက်ချိန်တွင် သူ့ရင်ဘတ်မှာ ပေါက်ကွဲမတတ် ခံစားလိုက်ရလေသည်။ သူ့ဒေါသများကို ပုံချစရာ နေရာမရှိခဲ့ချေ။
ရှောင်လင်းယွီမှာ သူ့အမှားကို သိနေသဖြင့် အမှန်ပင် မငြင်းဆန်ရဲပေ။ ထို့ကြောင့် သူက သူမကို ဆုံးမခွင့်ပေးထားလိုက်တော့သည်။ သူက ခေါင်းညိတ်လိုက်ပြီး သူ့အမှားကို ဝန်ခံလိုက်လေသည်။
“ အဲဒီလူက အရမ်းကို ကလေးကလားလုပ်နေတာကို ကိုယ်သည်းမခံနိုင်လို့ပါ၊ မင်းရဲ့နာမည်ကို ထိခိုက်သွားရင် ဘယ်လိုလုပ်မလဲ”
ယိုကျင့်မှာ သူ့စကားကို ကြားလိုက်ရချိန်တွင် ပိုပြီး ဒေါသထွက်သွားတော့သည်။ ဘာ ငါ့နာမည်ကို ထိခိုက်မှာတဲ့လဲ။ သူတို့ရှောင်မိသားစုက ငါ့အိမ်မှာတောင် နေနေပြီ။ အဲဒီတုန်းကတော့ ငါ့နာမည် ထိခိုက်မဲ့ကိစ္စကို သူဘာလို့ မတွေ့မိခဲ့လဲ။ တစ်ဖက်လူက မီးထွန်းပွဲကြည့်ဖို့ လာဖိတ်တာပဲ ရှိတာ။ ဒီအချိန်ကျမှ ငါ့နာမည်က ထိခိုက်ရတော့မတဲ့လား။
ရှင်းမပြတတ်သည့် ဒေါသကြည့်တစ်ခုကို လက်ခံလိုက်ရချိန်တွင် ရှောင်လင်းယွီသည် သူ ဘာအမှား ထပ်လုပ်ခဲ့မိမှန်း မသိခဲ့ချေ။ သူ့တွင် သည်လိုတွေးရသည့် အကြောင်းအရင်းတစ်ခု ရှိခဲ့သည်။ သူ့စိတ်ထဲတွင် သူ့ဇနီးအဖြစ် ယိုကျင့်တစ်ယောက်သာ ဖြစ်နိုင်သည်ဟု ဆုံးဖြတ်ထားခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် ဘုရင်အသစ် နန်းတက်ပြီးသည်နှင့် သူသည် ခဏလေးမှ ထပ်မစောင့်ချင်တော့လောက်အောင် စိုးရိမ်နေခဲ့ရသည်။ သူသည် သူမနှင့် ထပ်လွဲချော်မည် စိုးသဖြင့် လော့ဟယ်သို့ အပြေးရောက်လာခဲ့ရသည်။
အစကတည်းက သူတို့သည် မိသားစုတစ်ခုတည်းပင်။ နာမည် ထိခိုက်မည်ကို ဘာစိုးရိမ်စရာ လိုပါအုံးမည်နည်း။
တောက်ပနေသည့် ဖယောင်းတိုင်မီးရောင်အောက်တွင် မိန်းမငယ်လေး၏ ကြာပန်းမျက်နှာလေးသည် ဒေါသအနည်းငယ်ကြောင့် နီမြန်းနေလေသည်။ အမျိုးသားကတော့ စိတ်ထဲတွင် ကျိတ်ပျော်နေလေသည်။ ယိုကျင့်က ငါ့ကို ဂရုစိုက်သားပဲ။
အချိန်အကြာကြီး စဥ်းစားလိုက်ပြီးနောက် သူက အိတ်ထဲတွင် အချိန်အကြာကြီး သိမ်းထားခဲ့ရသည့် အနီရောင်ကျောက်ဆံထိုးကို ထုတ်လာခဲ့ပြီး
“ ဒါက ကိုယ် မမျှော်လင့်ဘဲ ရခဲ့တဲ့ အနီရောင်ကျောက်ဆံထိုးလေးလေ၊ မင်းနဲ့ဆို ကွက်တိပဲ”
အနီရောင်ကျောက်သည် အရောင်အသွေး အလွန်လှလေသည်။ သဘာဝကျကျ အနီရောင်ကြွေပန်းတစ်ပွင့်က ဆံထိုး၏အဖျားတွင် တပ်ထားသည်။ တောက်ပသည့် အဝါရောင် ဖယောင်းတိုင်မီးအောက်တွင် အနီရောင်ကျောက်ဆံထိုးက ပိုပြီးခမ်းနားနေသယောင်။
“ ဒါက ဘာလို့ သဘောထားပေးရမှာလဲ၊ ကျွန်မကို ဒေါသထွက်အောင် လုပ်ခဲ့မိတဲ့အတွက် တောင်းပန်တဲ့လက်ဆောင်လား”
ယိုကျင့်က မသိမသာ ပြုံးလိုက်၏။ သူ့ကို ကြည့်နေသည့် မျက်လုံးလှလှလေးများက သူမသည် ချော့ရမလွယ်ကကူကြောင်း ဖော်ပြနေသယောင်။
အပြင်ဘက်တွင် စောင့်နေကြသည့် ချိုးဖန်နှင့် အစေခံမလေးတချို့သည် အကြီးဆုံးမမလေးနှင့် လူကြီးမင်းရှောင်တို့ကြားက စကားကို ခပ်ရေးရေး ကြားနေရသည်။ အပြုံးတစ်ခုက သူတို့၏နှုတ်ခမ်းများပေါ်တွင် ပေါ်လာပြီး သူတို့သည် နောက်ထပ် ခြေငါးလှမ်းထပ် ဆုတ်လိုက်လေတော့သည်။
***
နောက်တစ်နေ့ မနက်စောစော မိုးသောက်ယံအချိန်အဖြစ်သည်။ ဒုတိယသခင်ကြီးရှောင်နှင့် ရှောင်လင်းယွီတို့သည် မြို့တော်သို့ ထွက်ခွာရန် အသင့်ဖြစ်နေကြသည်။ ရှောင်လင်ဖုန်းနှင့် ရှောင်လင်းဝမ်တို့သည်လည်း မြို့တော်သို့ အတူတူလိုက်ပါသွားကြသည်။ ရှောင်လင်းယွီနှင့် အတူလိုက်ပါလာသည့် အစောင့်များအပြင် လူဆယ်ယောက်ကျော်သည် အဖွဲ့တစ်ခုသည် အထုပ်အပိုးများကို သိမ်းဆည်းပြီး မြို့တော်သို့ ခရီးထွက်ခဲ့ကြသည်။
တံခါးနားတွင် ရပ်ကာ ရှောင်လင်းယွီက ရှောင်နှင့် စုမိသားစုကို ဦးဆောင်လာပြီး တောင်ဝှေးတစ်ခုကို အားပြုထားသော အမျိုးသမီးစုန့်ကို ဦးညွှတ်လိုက်ပြီး
“ လင်းယွီ သွားတော့မယ်၊ အဘွားတု့ ကျေးဇူးပြုပြီး ဂရုစိုက်ကြပါဗျာ”
အမျိုးသမီးစုန့်နှင့် အမျိုးသမီးယွီတို့သည် မျက်လုံးနီများဖြင့် သူတို့၏ မြေး (သား) က မြင်းပေါ် ခုန်တက်သွားသည်ကို စောင့်ကြည့်နေလိုက်ကြသည်။ သူတို့သည် သူကို အထပ်ထပ် အခါခါ သတိပေးဘဲ မနေနိုင်ဖြစ်နေကြလေသည်။ အရှေ့ဘက်မှာ နေမင်းက တောင်ကုန်းပေါ်သို့ တိတ်တိတ်လေး တက်လာချိန်မှ ဒုတိယသခင်ကြီးရှောင်က ခရီးစထွက်ရန် အမိန့်ပေးလိုက်တော့သည်။
“အမေ အစ်ကိုကြီး ၊ ဟိုင်ဖုန်း နောက်မျိုးဆက်လေးတွေကို ဂရုစိုက်ပေးပါ့မယ်”
မြင်းပေါ်တွင် ထိုင်ရင်း ရှောင်လင်းယွီက ရှောင်မိသားစုနောက်တွင် ရပ်နေကာ နတ်သမီးပျံသန်းနေဟန် ဆံထုံးနှင့် အနီရောင်ကျောက် ကြွေပန်းဆံထိုးကိုပန်ထားသည့် ယိုကျင့်အား နက်ရှိုင်းသည့်အကြည့်ဖြင့် လှည့်ကြည့်လိုက်လေသည်။ ထို့နောက် သူသည် ကြာပွတ်ကို ဝေ့ယမ်းလိုက်ပြီး မြင်းကို နှင်လိုက်ကာ လူအုပ်ကြီးနောက် လိုက်ပါသွားတော့သည်။
ကျယ်ပြောလှသည့် ကောင်းကင်နှင့် မြေကြီးဆီသို့ ရှောင်လင်းယွီနှင့် တခြားသူများ၏ ပုံရိပ်ပျောက်ကွယ်သွားမှ ရှောင်နှင့် စုမိသားစုတို့သည် အချင်းချင်းတွဲကူရင်း အထဲသို့ ပြန်ဝင်သွားကြတော့သည်။
ယိုကျင့်က အမျိုးသမီးစုန့် နောက်ကျ လိုက်ဝင်လာသည်။ ခုနလေးတင်က ထိုယောက်ျား၏ ပြင်းပြသည့်အကြည့်ကို ပြန်စဥ်းစားမိလိုက်ပြီး မနေ့ညက ရှောင်လင်းယွီအား စိတ်အလိုလိုက်ကာ နမ်းခဲ့မိသည်ကို ပြန်သတိရသွားတော့သည်။ သူသည် ထိုအခြေအနေကို ပြောင်းလဲလိုက်ပြီး ရှေ့တိုးလာကာ သူမ၏ နှုတ်ခမ်းထောင့်များပင် ပဲ့သွားသည်အထိ နမ်းခဲ့လေသည်။ သူမ၏ပါးပြင်ပေါ်တွင် တက်လာသည့် ရှက်ရွံ့မှုကို မခံစားမိဘဲ မနေနိုင်ခဲ့ချေ။ ဘာစကားမှလည်း မပြောလိုက်တော့ပေ။
ရှောင်လင်းယွီသည် မြို့တော်သို့ ပြန်ရောက်လာပြီးနောက် ရှောင်မိသားစုအိမ် ဆောက်လုပ်ရေးကို ဟန်မိသားစု၏ မြေဘေးတွင် တရားဝင် စတင်ဆောက်ခဲ့ကြသည်။
အမျိုးသမီးစုက ရှောင်မိသားစုက အားလုံးကို မည်သို့ ဖျောင်းဖျခဲ့သည်မသိပေ။ အစပိုင်းတွင် ရှောင်မိသားစုတစ်ခုလုံးက မြို့တော်သို့ ပြန်လိမ့်မည်ဟု ယိုကျင့် ထင်ထားခဲ့မိသည်။ မျှော်လင့်မထားဘဲ သူတို့သည် မူလအစီအစဥ်အတိုင်း ဝူလီချောင်တွင် အခြေချခဲ့လေသည်။ လော့ဟယ်မြို့ပေါ်က ရှောင်မိသားစု မျိုးနွယ်များကတော့ ရှောင်လင်းယွီက အုပ်ချုပ်ရေးအမတ် ဖြစ်သွားသည်ကို သိလိုက်ရကတည်းက သူတို့သည် ပြန်လည်သင့်ဖို့အရေး လာရောက်ပြောကြားကြသော်လည်း အမျိုးသမီးစုန့်၏ ရိုက်လွှတ်ခြင်းသာ ခံလိုက်ရသည်။
“ ငါတို့မိသားစု ဒုက္ခရောက်နေတုန်းကတော့ မျိုးနွယ်က ပါဝင်ပတ်သက်မိမှာစိုးလို့ဆိုပြီး ငါတို့ကို မိသားစုဝင်စာရင်းကနေတောင် ဖယ်ထုတ်လိုက်ပြီးပြီ၊ ငါ့ယောက်ျား ကဗျည်းတိုင်တောင် ဘိုးဘွားခန်းမထဲ ဝင်ခွင့်မရခဲ့ဘူး အခုမှ ပြန်ပေါင်းစည်းချင်တာတော့ မဖြစ်နိုင်တော့ဘူး”
ကြီးလေးသည့် တာဝန်များကို ထမ်းရသည့် ရှောင်မိသားစု၏ အကြီးအကဲများသည် အမျိုးသမီးစုန့်၏ ခေါင်းမဖော်ရဲသည်အထိ ဆူဆဲခြင်းကို ခံလိုက်ရတော့သည်။ သူတို့သည် ရှောင်ဟိုင်ရူဖက်လှည့်ကာ ပြေရာပြေကြောင်း ပြောလိုက်လေသည်။
“ဟိုင်ရူ မင်းက မိသားစုရဲ့သခင်ကြီးပဲ၊ မျိုးနွယ်ရဲ့ ဘိုးဘွားမျိုးဆက်က နောက်စရာ မဟုတ်ဘူးဆိုတာ မင်း သိပါတယ်၊ မင်း အမြင်ကျဥ်းနေလို့မရဘူးနော်”
အမျိုးသမီးစုန့်က အမြင်ကျဥ်းပြီး အာဃာတထားသည်ဟူ သွယ်ဝိုက်ပြောလိုက်ခြင်းပင်။
ရှောင်ဟိုင်ရူက သူတို့ကို ပိုပြီး မတွေ့ချင်တော့ပေ။ ထို့ကြောင့် သူက ပွင့်ပွင့်လင်းလင်း ပြောလိုက်တော့သည်။
“ အားလုံးပဲ ထပ်မပြောကြပါနဲ့တော့၊ ကျွန်တော် မိသားစုကို ခွဲထုတ်လိုက်ပြီးပြီဆိုတော့ ဒီအတိုင်း ထားလိုက်ပါတော့၊ ပြန်လာစရာအကြောင်းလည်း မရှိတော့ဘူးလေ ဟုတ်တယ်မလား”
ထို့နောက်တွင်တော့ သူသည် ဧည့်သည်များကို ပြန်ပို့ခိုင်းလိုက်တော့သည်။
ရှောင်မိသားစုသည် ချမ်းသာပြီး အာဏာရှိစဥ်က သူတို့သည် မျိုးနွယ်အတွက် မြေဧက ရာချီဝယ်ပေးခဲ့လေသည်။ မျိုးနွယ်စုကျောင်းကိုလည်း သူတို့မိသားစုငွေဖြင့် ရန်ပုံငွေထောင်ပေးခဲ့သည်။ ရှောင်မိသားစု ပျက်စီးချိန်တွင်တော့ သူတို့သည် ရှောင်မိသားစုထံမှ ဤမျှများပြားသည့် အထောက်အပံ့ရလိမ့်မည်ဟု မည်သူက ထင်ပါအုံးမည်နည်း။ ဆန့်ကျင့်ဘက်အနေဖြင့် ရှောင်မိသားစု ကူညီပေးခဲ့သည့် မျိုးနွယ်က အမြန်ဆုံးလှုပ်ရှားခဲ့သူ ဖြစ်လေတော့သည်။ သတင်းရရှိခဲ့ပြီးနောက် သူတို့သည် ရှောင်မိသားစုကို ဆွေစဥ်မျိုးဆက်စာရင်းမှာ ထုတ်ပယ်ခဲ့ကြသည်။ ဆုံးပါးသွားသည့် သခင်ကြီးရှောင်၏ ကဗျည်းတိုင်ကိုပင် ဘိုးဘွားခန်းမထဲသို့ ထည့်ခွင့်မပြုခဲ့ချေ။ စုမိသားစုက အမွှေးတိုင် မပြတ်လပ်စေရန် ယာယီကပ်လှူနိုင်သည့် ဘုရားကျောင်းတစ်ခုကို ရှာပေးခဲ့ရသည်။
အရှုံးဖြင့် ပြန်သွားခဲ့ရသည့် ရှောင်မိသားစု၏ မျိုးနွယ်သည် အလွယ်တကူ လက်လျှော့မည် မဟုတ်သည်က သဘာဝပင်။ နောက်ဆုံး ရှောင်မိသားစု၏ မျိုးနွယ်တစ်ခုလုံးသည် အုပ်ချုပ်ရေးအမတ်တစ်ယောက်ကို မွေးထုတ်ပေးခဲ့သည့် မိသားစုတစ်ခု ရှိထားလျှင် သူတို့သည် လော့ဟယ်မြို့၌ ခေါင်းမော့ရင်ကော့ကာ နေနိုင်ပေသည်။ ထို့ကြောင့် သူတို့က မျက်နှာပြောင်ဖြင့် တံခါးဆီရောက်လာကာ အကြိမ်ကြိမ် လာတောင်းပန်ကြလေသည်။ ရှောင်ဟိုင်ရူမှာ အလွန် စိတ်ပျက်သွားသဖြင့် စုမိသားစု၏ တံခါးစောင့်ကို ရှောင်မိသားစုက မည်သူ့ကိုမှ မတွေ့လိုတော့ကြောင်း ပြောထားလိုက်တော့သည်။
ပြန်လည်ပြင်ဆင်လို့ မရနိုင်တော့မှန်း သိလိုက်ရသဖြင့် မျိုးနွယ်ကလည်း ဆန္ဒမပါဘဲ လက်လျှော့လိုက်ရတော့သည်။
ယိုပေါင် ဖက်တွင်တော့ သူမ၏မင်္ဂလာပွဲနေ့ကို ၂လပိုင်း ၂၃ရက် ဟု သတ်မှတ်ထားလိုက်သည်။ အခုတော့ မင်္ဂလာဆောင်မည့်ရက်လည်း နီးလာရာ စုမိသားစုက ထိုပွဲအတွက် စ,တက်ပြင်ဆင်ကြတော့သည်။ ဝေမိသားစုသည် ပညာရှင်မိသားစုတစ်ခု ဖြစ်သဖြင့် အမျိုးသမီးစုနှင့် ယိုကျင့်တို့က ပညာရှင်မိသားစုတစ်ခုက ဆင်းသက်လာသည့် အမျိုးသမီးကျောက်အား မင်္ဂလာပွဲ ပြင်ဆင်ရာ၌ ကူညီပေးရန် တောင်းဆိုခဲ့ကြသည်။
အမျိုးသမီးကျောက်သည် အစကတည်းက အိမ်ထောင် စီမံခန့်ခွဲသူဖြစ်လေရာ သည်ကိစ္စများကို စီစဥ်ပေးရန် မခက်ခဲချေ။ ယိုရင်၏မင်္ဂလာဆောင် အခမ်းအနားစံနှုန်းကို ကြည့်လိုက်ပြီး သူမသည်လည်း ယိုပေါင်အတွက် မင်္ဂလာလက်ဖွဲ့ကို ကူညီပြင်ဆင်ပေးလိုက်လေသည်။
ယိုပေါင်၏ မင်္ဂလာပွဲအကြိုနေ့တွင် စုမိသားစုက ရှားရှားပါးပါး မိသားစုအစည်းအဝေးတစ်ခု လုပ်ခဲ့ကြသည်။
“ငါဒီကိစ္စကို အမေနဲ့ တိုင်ပင်ပြီးသွားပြီ၊ အခု ငါတို့ မိသားစုက မိန်းကလေးတွေကလည်း အရွယ်ရောက်လာပြီး နောက် ၄-၅နှစ်ဆိုရင် တခြားအိမ်တော်ရဲ့ သခင်မတွေ လာတော့မယ်၊ ငါတို့မိသားစုရဲ့ မိန်းကလေးတွေ မနစ်နာဖို့နဲ့ ကောင်းမွန်တဲ့ဘဝတစ်ခုမှ နေနိုင်ဖို့ ငါတို့မိသားစုရဲ့ ပိုင်ဆိုင်မှုအားလုံးကို ဆယ်ပုံခွဲပေးဖို့ ဆုံးဖြတ်လိုက်တယ်၊ လက်ထပ်ပြီးသွားတဲ့သူတွေက ၆လတစ်ခါ အမြတ်ရမယ်၊ လက်မထပ်ရသေးတဲ့ သူတွေကိုတော့ အရင်အတိုင်း လစဥ်ပေးတဲ့အထဲကနေ ခွဲပေးမယ်၊ နင်တို့ ဘယ်လိုသဘောရလဲ”
စုမိသားစုက မိန်းကလေးများသည် မိသားစုအစည်းအဝေးတစ်ခု လုပ်မည်ဟု ကြားလိုက်ရချိန်က ဘာမှစဥ်းစားမရနိုင် ဖြစ်နေခဲ့ပြီး အကြီးဆုံးအစ်မ ပြောလိုက်သည့် စကားကို ကြားလိုက်ရချိန်တွင်တော့ လန့်ဖျပ်သွားကြတော့သည်။ အထူးသဖြင့် မိသားစု လုပ်ငန်းနှင့် ထိတွေ့နေသည့် ယိုရင်၊ ယိုကျူးနှင့် ယိုပေါင်တို့ပင်။ သူတို့သည် တစ်ပြိုင်တည်း ပြောလိုက်ကြလေသည်။
“ ဒါက အရမ်းများတယ်”
မိသားစုပိုင်ဆိုင်မှုသည် တစ်နှစ်လျှင် အနည်းဆုံး လျန်တစ်သိန်းရှိမှန်း သိထားကြသည်။ ဆယ်ရာခိုင်နှုန်းဆိုလျှင် လျန် တစ်သောင်းဖြစ်တော့မည်။
“မကြီး ညီမလေး လက်မခံနိုင်ဘူး၊ ညီမလေး လက်ထပ်တုန်းက အစ်မနဲ့ အမေက လုံလုံလောက်လောက် ပေးခဲ့ပြီးပြီလေ”
လက်ရှိတွင် တစ်ဦးတည်းသော လက်ထပ်ပြီးသား သမီးတစ်ယောက်အနေဖြင့် ယိုရင်က အရင်ဆုံး ငြင်းလိုက်တော့သည်။
“ ညီမလေးတို့ဆိုင် အခုဆို ဘယ်လောက်ပဲ အောင်မြင်တယ်ပြောပြော နှစ်တိုင်း လျန်ထောင်ချီလောက်ပဲ ရတာပါ၊ ညီမလေးက ဘယ်လိုလုပ်ပြီး ဒီလောက်ငွေအများကြီးကို သုံးနိုင်ပါ့မလဲ”
“ ဟုတ်တယ် မကြီး ညီမလေးတို့မှာ ခမ်းအာ ရှိသေးတယ်၊ ညီမလေးတို့ကို လက်ထပ်ပေးလိုက်ပြီး ငွေတွေရဲ့၇၀-၈၀% ကို ခွဲပေးလိုက်မယ်ဆိုတာက မဖြစ်နိုင်ပါဘူး၊ ခမ်းအာအတွက် ငွေနည်းနည်းတော့ ချန်ထားပေးရမယ်မလား”
ယိုရင်ဘေးတွင် ထိုင်နေသည့် ယိုပေါင်က သဘောထားအတူတူပင်။ သူမအတွက် မိသားစုက ပြင်ဆင်ပေးခဲ့သည့် မင်္ဂလာလက်ဖွဲ့၏ ငွေတစ်စိတ်တစ်ပိုင်းကပင် လျန် တစ်သောင်းနီးပါး ရှိနေပြီဖြစ်သည်။ နှစ်တိုင်း လျန် တစ်သိန်း ခွဲဝေပေးရမည်ဆိုလျှင် မိသားစုကို အခွံသာ ကျန်သွားစေတော့မည် မဟုတ်ပါလား။
ယိုကျင့် ဘာမှ မပြောရသေးခင်မှာပင် အမျိုးသမီးစုဘေးတွင် ထိုင်နေသည့် စုခမ်းက အရင်ဆုံး ပြောလိုက်လေသည်။
“မကြီး ကျွန်တော် ငွေမလိုချင်ပါဘူး၊ အားလုံးကို အစ်မတွေကိုပဲ ပေးလိုက်ပါ၊ ကျွန်တော်က ယောက်ျားလေး၊ ကျွန်တော့်ကိုယ်ပိုင် အရည်အချင်းနဲ့ ကြီးပွားအောင် လုပ်နိုင်တယ်”
မူလက တင်းမာနေသည့် အခြေအနေသည် ရင့်ကျက်သလို ကလေးဆန်လှသည့် စုခမ်း၏ စကားများကြောင့် ရယ်မောဖွယ်ရာ ဖြစ်လာတော့သည်။
ယိုကျင့်က သူမ၏အပြုံးကို ဖိနှိပ်ထားလိုက်ပြီး ပြန်ဖြေလိုက်လေသည်။
“မရဘူး၊ ငါတို့တွေက မိသားစုဝင်တွေ ဖြစ်နေသ၍ တစ်ယောက်စီတိုင်း ဝေစုတစ်ခုစီ ရရမယ်၊ ခမ်းအာ နင် ဘယ်လိုထင်လဲ”
စုခမ်းက သူ့ခေါင်းလေးကို စောင်းထားလိုက်ပြီး ထိုအကြောင်းကို စဥ်းစားလိုက်လေသည်။ နောက်ဆုံးတွင် သူက သတိအနေအထားဖြင့် ခေါင်းညိတ်ပြလိုက်သည်။
“ ဟုတ်ပါတယ်လေ၊ အစ်မတွေက ဘယ်သူနဲ့ ဘယ်နေရာဆီ လက်ထပ်သွားပါစေ သူတို့တွေ ကျွန်တော်တို့ စုမိသားစုဝင်တွေ ဖြစ်နေတုန်းပဲလေ”
မောင်လေးက အလွန်သိတတ်ပြီး ဂရုစိုက်တတ်သည်ကို မြင်လိုက်ရသဖြင့် စုမိသားစု၏ ညီအစ်မများအားလုံးက အံ့ဩဟန် အာမေဋိတ်သံများ ထွက်လာပြီး သူတို့၏စိတ်များလည်း ပျော့ပြောင်းသွားကြတော့သသည်။
“ ငါတို့ခမ်းအာလေ အရမ်းကို သိတတ်လိမ္မာတာပဲ”
အစ်မတစ်ဖွဲ့လုံး၏ ချီးကျူးခံလိုက်ရသည့် ခုနှစ်နှစ်အရွယ် စုခမ်းမှာ တိတ်တိတ်လေး ရှက်သွားပြီး အမျိုးသမီးစုနောက် တွင် ပုန်းနေလိုက်ကာ သူ့မျက်နှာကို ပြဖို့ ငြင်းဆန်နေတော့သည်။
ယိုကျင့်က အပြုံးလေးတစ်ခုဖြင့် သူမ၏မျက်လုံးကို ကျဥ်းမြောင်းထားလိုက်လေသည်။ သူမ ပြောထားသည့်အတိုင်းပင် သူမသည် သည်မောင်လေးကို သေချာပေါက် ကောင်းကောင်း သင်ကြားပေးနိုင်လိမ့်မည်။
အစ်မကြီး၊ အမေနှင့် စုမိသားစု၏ ထောက်တိုင်လေးက မငြင်းဆန်ကြသဖြင့် စုမိသားစု၏ ပိုင်ဆိုင်မှု ခွဲဝေခြင်းကို အတည်ပြုလိုက်ကြလေသည်။ လက်ထပ်ပြီးသား သမီးများသည် စုမိသားစု၏ပိုင်ဆိုင်မှု မပျက်စီးမချင်း သို့မဟုတ် လက်ထပ်သွားသည့်သမီး မသေဆုံးမချင်း ၆လတစ်ကြိမ် ဝေစုတစ်ခု ရလိမ့်မည်။ လစဥ်သတ်မှတ်ငွေ လျန်၂၀ကို လက်မထပ်ရသေးသည့် သမီးများကို ပေးပြီး ကျန်သည်များကို မိသားစုငွေထဲသို့ ထည့်ရမည်။
ယိုကျင့်သည် ပိုင်ဆိုင်မှု ခွဲဝေသည့် စာချုပ်ကိုပင် ပြင်ဆင်ထားခဲ့သည်။ ယိုကျင့်၊ စုခမ်းနှင့် အမျိုးသမီးစုတို့က စာချုပ်တစ်ခုစီတွင် လက်မှတ်ထိုးထားခဲ့သည်။ တခြားညီအစ်များ တစ်ယောက်စီကလည်း သူတို့လက်ခံရရှိသည့် စာချုပ်ပေါ်တွင် သူတို့၏နာမည်ကို လက်မှတ်ထိုးလိုက်ကြသည်။ စာချုပ်တစ်ခုစီတွင် မိတ္တူတစ်ခုစီ ထားရှိသည်ကိုတော့ ထည့်ပြောရန်ပင် မလိုချေ။
နောက်တစ်နေ့သည် ယိုပေါင်၏ မင်္ဂလာပွဲနေ့ကြီးဖြစ်လေသည်။ အစည်းအဝေးပြီးသွားသည့်နောက်တွင် စုမိသားစုသည် လူစုခွဲလိုက်ကြပြီး စောစောအနားယူလိုက်ကြတော့သည်။
နေက်တစ်နေ့ မင်္ဂလာပွဲတွင်တော့ စစ်ဝေသည် နောက်ဆုံးတော့ သူ့ဆန္ဒများ ပြည့်ဝသွားပြီး မိန်းမလေးကို ချီကာ အိမ်ပြန်လာခဲ့လေသည်။ ပျော်ရွှင်မှုသည် ပုံမှန်ဆိုလျှင် စာအုပ်ကြီးဆန်လွန်းသည့် စစ်ဝေကို သည်နေ့မှ စိတ်အားတက်ကြွေနေစေတော့သည်။ ထိုအခြင်းအရာထက် ကြီးမားသည့် အနီရောင် မင်္ဂလာဝတ်ရုံက သူ့၏ချောမောပြီးသော အသွင်ပြင်ကို ပိုမို ထင်ရှားနေစေေသည်။ သူ၏အရင်က ဟန်မဆောင်တတ်သည့် အသွင်ထက်စာလျှင် အနည်း ပိုပြီး ငယ်ရွယ်ကာ တက်ကြွဟန်တူနေသည်။
သည်လက်ထပ်ပွဲနှင့် ပတ်သက်ပြီး အင်မတန်မှ ပျော်ရွှင်နေသူ နောက်တစ်ယောက်ကို ပြပါဆိုလျှင် ဒုတိယသခင်ဝေသာ ဖြစ်လေသည်။ ခန်းမထဲတွင် ထိုင်ကာ အငယ်ဆုံးသားလေးက ချွေးမကို ဦးဆောင်လာပြီးဒူးထောက်ကာ သူမကို ကန်တော့နေသည်ကို ကြည့်ရင်း ဒုတိယသခင်မဝေသည် သူမ၏မျက်လုံးများ ကျဥ်းမြောင်းသွားသည်အထိ ပြုံးနေလိုက်တော့သည်။
အစပိုင်းတွင် သခင်မကြီးဝေက မိသားစုနောက်ခံမှာ သိပ်မတော်လှဘူးဟု ထင်မိခဲ့သေးသည်။ စုမိသားစုသည် ဘုရင်မင်းမြတ်၏ တော်ဝင်စုတ်တံဖြင့် ချီးမြင့်ထားသည့် တံဆိပ်ပြားကို လက်ခံခဲ့ရမှန်း သိလိုက်ပြီးနောက် စုမိသားစု၏သမီးများအပေါ်ထား သည့် သူမ၏သဘောထားမှာ အများကြီး ပြောင်းလဲသွားတော့သည်။ စုမိသားစု၏ သမီးများကို ဘုရင်မင်းမြတ်၏ ရွှေပါးစပ်တော်က ကျောက်စိမ်းစကားလုံးများဖြင့် ချီးကျူးထားသည်ကို လူတိုင်းသိကြလေသည်။ သူမ၏ မြေးချွေးမလေးကို ထုတ်ပြလိုက်လျှင် သူမ၏ဝေမိသားစုကို အားမကျသူ ဘယ်မှာ ရှိပါမည်နည်း။
သို့နှင့် အားလုံးက သည်မင်္ဂလာပွဲကို ပျော်ရွှင်ဝမ်းသာပေးခဲ့ကြပြီး အောင်အောင်မြင်မြင် ပြီးဆုံးသွားတော့သည်။
…