← Chapters

အခန်း ၁၅၇

Vol. 11 Ch. 157

အခန်း ၁၅၇

Vol. 11 Ch. 157

အပိုင်း(၁၅၇)မွေးနေ့

ဧပြီလခုနှစ်ရက်နေ့သည် ယိုကျင့်၏ တစ်ဆယ့်ရှစ်နှစ်ပြည့်မွေးနေ့ ဖြစ်သည်။

သူမသည် လက်မထပ်ရသေးသည့် အသက်ကြီးသော အပျိုဖြစ်သော်လည်း စုမိသားစုသည် သူမ၏မွေးနေ့အတွက် လူအများအပြားနှင့် ပျော်ပျော်ရွှင်ရွှင် ကျင်းပပေးပေသည်။ ရှောင်မိသားစု၊ ဟယ်မိသားစုနှင့် ယိုဟယ်၏အမျိုးသားဘက်မှ မိသားစု၀င်များပါ တက်ရောက်ကြသည့်အတွက် ပြင်ဆင်ထားသည့် စားပွဲလေးလုံး၌ လူများပြည့်နှက်နေ‌ကာ အသက်၀င်လှသည်။

“မမကြီး လုပ်သမျှ ကိစ္စတိုင်း အဆင်ပြေချောမွေ့ပြီး ကျန်းကျန်းမာမာရှိပါစေလို့ ဆုတောင်းပေးတယ်”

စုမိသားစုရှိ မိန်းကလေးများသည် ယနေ့မွေးနေ့၏ အဓိကဖြစ်သည့် ယိုကျင့်ကို ဆုတောင်းပေးကြလေသည်။

မူးနေပြီဖြစ်သော ယိုကျင့်သည် ရီဝေဝေဖြင့် ပြောလေသည်။ “မင်းတို့လေးတွေ အဆင်ပြေသ၍ မမကြီး အဆင်ပြေတယ်”

အငယ်ဆုံးဖြစ်သည့် ယိုသွမ့်မှာ နူးညံ့ကာ ချစ်စဖွယ်ကောင်းသည့် ကလေးတစ်ဦးအဖြစ် ကြီးပြင်းလာသည်ကို မြင်ရသောကြောင့် ယိုကျင့်သည် ပီတိဖြာမိလေသည်။ တစ်ခွက်ပြီးတစ်ခွက် သောက်နေပြီးနောက် သူမသည် မူးဝေသွားတော့သည်။

သူမတို့၏အိမ်၌ ကျင်းပသည်ဖြစ်သောကြောင့် သခင်မစုသည် စည်းကမ်းတင်းကြပ်ထားခြင်း မရှိပေ။ သို့သော် အကြီးဆုံးသမီးဖြစ်သူမှာ ပွဲအတွင်း၌ ထိုသို့ မူးနေမည်ဟု မထင်ထားခဲ့ပေ။ စားပွဲ၌ မျက်နှာတစ်ပြင်လုံး နီရဲကာထိုင်နေသော သမီးဖြစ်သူကို အိပ်ဆောင်သို့ ကူညီပို့ဆောင်ခိုင်းလိုက်သည်။

“နင်တို့မမလေးကို ရေနွေးနွေးနဲ့ ‌ရေချိုးပေးလိုက်။ သူသောက်ဖို့ အမူးပြေစွပ်ပြုတ်ချက်ပေးဖို့ မီးဖိုဆောင်ကို ပြောလိုက်ဦး”

“ဘာမှမဖြစ်ဘူး။ သမီးအဆင်ပြေပါတယ်” ယိုကျင့်သည် မူးဝေနေသည့်တိုင် အသိစိတ်ရှိနေသေးသည်။ သူမသည် ချွီဖန်နှင့်ပိုင်ကျီကို မှီရင်း သခင်မစုကို လက်ခါကာ စိတ်မပူရန်ပြောလိုက်သည်။ “သမီးအခန်းပြန်ပြီး နည်းနည်းနားလိုက်ဦးမယ်”

ယိုကျင့်သည် အဆင်ပြေသည်ဟုပြောနေသော်လည်း မိခင်ဖြစ်သူသည် မည်သို့စိတ်ချနိုင်မည်နည်း။ ထိုဆူညံမှုငြိမ်ကျသွားပြီး မကြာမီပင် ခြံအပြင်၌ စောင့်ကြပ်နေသည့်သူမှ လူကြီးမင်းရှောင်ရောက်နေကြောင်း လာရောက်အကြောင်းကြားလေသည်။ သခင်မစုသည် စားပွဲရှင်းကာ ရှောင်လင်းယွီအတွက် စားသောက်ဖွယ်ရာများတည်ခင်းရန် တစ်ယောက်ယောက်ကို ခိုင်းစေလိုက်သည်။

သခင်မစုကို မြင်သည်နှင့် ရှောင်လင်းယွီသည် ဘေးရှိအစေခံများကို ဖယ်ပေးရန် တောင်းဆိုလိုက်သည်။ ထို့နောက် သူသည် မြေပေါ်သို့ ဒူးထောက်ချလိုက်ကာ သခင်မစုကို ဂါရ၀ပြုလိုက်သည်။ “ယိုကျင့်ကို ကျွန်တော်နဲ့ လက်ဆက်ပေးဖို့ တောင်းဆိုပါတယ် ဒေါ်လေးစု”

သခင်မစုသည် ရှောင်လင်းယွီ ဒူးထောက်လိုက်မှုကြောင့် ထိတ်လန့်သွားကာ တည်ငြိမ်အောင် ပြုမူနေရသည်။ “ဒီကလေးကတော့ အမြန်ထတော့”

သခင်မစုသည် တစ်လျှောက်လုံး သမီးဖြစ်သူ၏ လက်ထပ်ပွဲအတွက် စိုးရိမ်ပူပန်နေခဲ့ခြင်းဖြစ်သည်။ ယခုတွင် သူမ၏ သဘောကျရဆုံး အရည်အချင်းပြည့်မီသော သမက်လောင်းလေးက လော့ဟယ်မြို့သို့ ခရီးနှင်လာသည့် အဓိကရည်ရွယ်ချက်မှာ သူမ၏သမီးကို လက်ထပ်ချင်သောကြောင့်ဖြစ်သည်။ သူမသဘောမတူဘဲ နေမည်လော။ သူမသည် ထိုလူလေးအား အမြန်ဆွဲထူကာ ထခိုင်းရင်း ဖြေလိုက်သည်။

“မင်းက အမြဲ အရည်အချင်းရှိတဲ့လူဆိုတာ ‌ဒေါ်လေးသိပါတယ်။ ဒေါ်လေးရဲ့ သဘောအရဆိုရင်တော့ ငြင်းစရာမရှိပါဘူး။ ဒါပေမဲ့ ယိုကျင့်က သူ့အတွေးနဲ့သူ နေတဲ့ကလေးလေ။ သူသာသဘောတူမယ်ဆိုရင် လက်ထပ်ဖို့က ပြဿနာမရှိဘူးရယ်”

“အဲ့လိုဆို ကျွန်တော်က အမေ့ကို အရင်ကျေးဇူးတင်ပါရစေ” သခင်မစု၏ သဘောတူညီမှူကို ရသောကြောင့် ရှောင်လင်းယွီသည် အမျိုးသမီးစုကို ထပ်မံအရိုအသေပြုလေသည်။ “အဲဒါဆို ယိုကျင့်က အခုဘယ်မှာလဲ”

လမ်းတစ်လမ်းလုံး ခရီးအမြန်နှင်လာရသည်မှာ ယိုကျင့်အတွက် မွေးနေ့လက်ဆောင်ပေးရန်နှင့် လက်ထပ်ခွင့်တောင်းရန်ဖြစ်သည်။

“သူက အခုမူးနေလို့ အနားယူနေလောက်ပြီ။ သွားကြည့်ချင်ကြည့်ချေလေ” ယိုကျင့် လက်ထပ်ရန် ငြင်းပယ်နေရသည့်အကြောင်းအရင်းမှာ ရှောင်လင်းယွီကြောင့်ဟုသာ အမျိုးသမီးစုထင်ခဲ့သည်။ ယခုတွင် လက်ထပ်ခွင့်တောင်းလာပြီး အဆင်ပြေလောက်မည်ဟု ခံစားရသောကြောင့် အမျိုးသမီးစုသည် အစေခံများအား ရှောင်လင်းယွီကို ခြံ၀န်းထဲသို့ လိုက်ပို့ခိုင်းလိုက်သည်။

........................

အရှေ့ခြံ၀န်း၏ ဒုတိယမြောက်၀င်ပေါက်သည် ယိုကျင့်၏အိပ်ဆောင်ဖြစ်သည်။ အစေခံများသည် ယိုကျင့် ရေချိုးသန့်စင်ကာ အ၀တ်အစားလဲနေသည်ကို အပြင်မှ စောင့်ကြပ်ပေးနေကြလေသည်။ အပြင်မှအစေခံတစ်ဦးသည် ရှောင်လင်းယွီကို ခြံ၀န်းထဲသို့ ခေါ်ဆောင်လာခဲ့သည်။

ညောင်စောင်းပေါ်တွင် ခေါင်းအုံပျော့လေးကို ခုကာ သူမ၏လေးလံနေသော ခေါင်းကို လက်တစ်ဖက်ဖြင့် နှိပ်နယ်‌နေရင်း အပြင်ဘက်မှ အကြောင်းကြားသည့်အသံကြောင့် သူမသည် နုံးချိစွာ ပြ‌န်ဖြေလိုက်သည်။ “၀င်လာခဲ့”

သူမ၏သခင်မလေးမှာ အနည်းငယ် နိုးကြားလာပြီဖြစ်သောကြောင့် ချွီဖန်သည် အနောက်ကိုဆုတ်ကာ ရှောင်လင်းယွီကို အထဲသို့ ၀င်စေလိုက်ပြီး တံခါး၌ စောင့်ကြပ်နေခဲ့သည်။

ရှောင်လင်းယွီသည် အခန်းထဲသို့ ၀င်၀င်ချင်း၌ပင် တောက်ပသည့် မီးရောင်အောက်၌ မိန်းမပျိုတစ်ဦးသည် ဆံထုံးကို လျော့တိလျော့ရဲ ထုံးထားကာ နီရဲနေသည့် ပါးပြင်လေးများ မို့တက်သွားအောင် ပြုံးပြနေသည်ကို မြင်လိုက်ရသည်။

သူ၏နှလုံးသားမှာ အရည်ပျော်ကျကာ လည်ချောင်းများကွဲအက်လာ‌သလို ခံစားရသည်။ ရှောင်းလင်းယွီသည် သူ၏အက်ရှကာ ကြမ်းတမ်းသည့် အသံဖြင့် ယိုကျင့်အား ခေါ်လိုက်သည်။

“ကျင့်အာ”

“ရှင်ပြန်လာပြီလား” ယိုကျင့်သည် ခေါင်းကိုရမ်းလိုက်ကာ သူမနှင့် ခြေလှမ်းသုံးလေးလှမ်းမျှ အကွာအဝေး၌ ရှိနေသော အမျိုးသားကို ကြည့်လိုက်သည်။ သူမ၏မျက်၀န်းများမှာ ဝေဝါးနေသည့်အတွက် သေချာစွာ မြင်နိုင်ရန် အရှေ့သို့ အနည်းငယ်တိုးလာလိုက်သည်။

“သတိထား” ရှောင်လင်းယွီသည် အရှေ့သို့ တိုးလာကာ ယိုကျင့်ကို ဖမ်းယူလိုက်သည်။ “ဘာလို့ အဲ့လောက် သောက်ထားတာလဲ”

ယိုကျင့်၏လက်များသည် သူ၏လည်ပင်း၌ ရစ်နွယ်တတ်သည့် မြွေပမာ တင်းကျပ်ကျပ်ဖြင့် ပတ်နှောင်ထားလေသည်။ “ရှင် မမှတ်မိတော့ဘူးထင်နေတာ....”

ရှောင်လင်းယွီသည် ယိုကျင့်မှာ သုံးနှစ်ကလေးကဲ့သို့ ချွဲကာ ဆူပူတတ်မှန်း မသိခဲ့ပေ။ သူမ၏ အပြုအမူကြောင့် ရှောင်လင်းယွီသည် ပစ်ထားခဲ့ရန် တုံ့ဆိုင်းနေခဲ့သည်။ လူနှစ်ဦးသည် အချိန်ကြာမြင့်စွာပွေ့ဖွက်ထားကာ ယိုကျင့်သည်လည်း ရှောင်လင်းယွီ ၏လက်မောင်းများကြား၌ မှီတွဲနေခဲ့သည်။ ထိုအမျိုးသား၏ ကြည်လင်လှသည့် မျက်၀န်းများကို ကြည့်ကာ ယိုကျင့်၏ နှုတ်ခမ်းနီနီလေးသည် အသာအယာပွင့်ဟလာတော့သည်။

ရှောင်လင်းယွီသည် သည်းမခံနိုင်သည့်အတွက် သူ၏စိတ်ထဲ၌ ဂန္တ၀င်စာအုပ်ငါးအုပ်ကို ပြန်လည်ရွတ်ဆိုနေခဲ့သည်။ ယိုကျင့်ကို ဖက်တွယ်ထားရုံမျှအပ သူသည် ရှေ့ဆက်မတိုးရဲပေ။ “ကျင့်အာ လိမ္မာတယ်နော်။ ကိုယ့်ကို လွှတ်လို့ရပြီလား”

“မလွှတ်ဘူး” ယိုကျင့်သည် သူမ၏ခေါင်းကိုရမ်းရင်း ငြင်းဆန်လေသည်။ “လွှတ်ပေးလိုက်ရင် ရှင်က ထပ်ပြီးထွက်ပြေးသွားမှာ”

“ကိုယ်ကဒီမှာရှိနေတာပဲ။ မပြေးပါ အွန့်....” ရှောင်လင်းယွီ၏စကားမဆုံးခင်ပင် ယိုကျင့်၏ အနီရောင်သန်းနေသော နှုတ်ခမ်းဖူးလေးများသည် ရှောင်လင်းယွီ၏ စကားလုံးတို့ကို ပိတ်ဆို့ကာ နမ်းရှိုက်လေတော့သည်။

ယိုကျင့်သည် သူမ၏ နှုတ်ခမ်းထဲရှိ အနည်းငယ်အေစက်နေသော ထိုအမျိုးသား၏ အောက်နှုတ်ခမ်းသားကို စိတ်လိုလက်ရဖြင့် ကိုက်လိုက်လေသည်။ ရှောင်လင်းယွီသည် ‘အွန်း’ ဟူသော အသံဖြင့် အနည်းငယ်သည်းတွားပြီးနောက် ချက်ချင်းပင် ဦးဆောင်မှူရယူတော့သည်။ သူ၏ လက်မောင်းထဲ၌ ထိုအမျိုးသမီးလေးအား တင်းကျပ်စွာပွေ့ဖက်ထားကာ လပေါင်းများစွာ လွမ်းဆွတ်ခဲ့ရသည့် ထိုနှုတ်ခမ်းပါးလေးကို အငမ်းမရ နမ်းရှိုက်တော့သည်။

တိတ်ဆိတ်သည့် အခန်းထဲ၌ မည်သူမျှ စကားပြောဆိုခြင်းမရှိပ။ ချစ်ကြည်နူးနေသည့် မန်ဒရင်းဘဲစုံတွဲသည်သာ အဆက်မပြတ် နမ်းရှိုက်နေခဲ့ကြသည်။ ထိုအသံများ ရံဖန်ရံခါ ထွက်ပေါ်လာမှုကြောင့် လူတိုင်းကို ရှက်သွေးဖြာစေကာ နေရခက်စေသည်။

ထိုအနမ်းသည် မည်မျှကြာရှည်ခဲ့မှန်း မသိပါချေ။ ယိုကျင့်သည် အနည်းငယ် မောဟိုက်နေသည့် အမျိုးသား၏ရင်ခွင်၌ မှီကာ ထိုလူ၏ ဆက်တိုက် ခုန်နေသေး‌သည့် ရင်ခုန်သံအချို့ကို နားဆင်နေခဲ့သည်။ သူမ၏ အပြုံးလေးသည် ရှောင်လင်းယွီအတွက် ဆွဲဆောင်မှူအပြည့်ဖြစ်နေကာ ရှောင်လင်းယွီအား တောက်တဲချင်ကို သတိရသွားမိစေသည်။ (တောက်တဲချင်- ပြီးပြည့်စုံသည့်လမ်းသွယ် ၊ ဂန္တ၀င်စာအုပ်)

ယိုကျင့်သည် ရှောင်လင်းယွီအား နမ်းရှိုက်သည့်အချိန်၌ သူမတွင် အသိစိ‌တ်ရှိနေပြီဖြစ်သည်။ သူမသည် သူ့ကိုနှစ်သက်သော်လည်း။ ထိုလူသည် သူမအားမနမ်းရှိုက်ခင်က သူမအပေါ်၌ နှစ်သက်မှုရှိမရှိကို အတည်မပြုရဲပေ။ သို့သော် သူ၏လက်ထဲ၌ သူမအား ရတနာတစ်ပါးသဖွယ် ညင်သာစွာ ပွေ့ဖက်ထားမှုကြောင့် သူမအပေါ်၌ ထားရှိသည့် သူ၏ချစ်ခင်နှစ်သက်မှုကို သိရှိသွားခဲ့သည်။

ရှောင်လင်းယွီသည် သူ၏အသည်းသက်ညှာလေးအား ထပ်မံနမ်းရှိုက်ခွင့်ရသည့်အတွက် ပျော်ရွှင်မှုသလို အပြစ်ရှိစိတ်လည်း ၀င်မိသည်။ မြတ်နိုးရသူ အသိစိတ်လွတ်ခိုက်တွင် သူသည် မည်သို့အခွင့်အကောင်း ယူမိခဲ့သနည်း။ ထိုအကြောင်းကို တွေးလေ သူ၏လူကြီးလူကောင်းဆန်မှုမှာ မြောင်းထဲသို့ တစ်ဟုန်ထိုးပြုတ်ကျသွားလေဖြစ်သလို ခံစားလိုက်ရသည်။ သူသည် ယိုကျင့်နှင့် သူ့အပေါ်ယုံကြည်ထားသော စုမိသားစု၀င်များကိုပါ မျက်နှာချင်းဆိုရန် ရှက်ရွံ့မိလာသည်။

ယိုကျင့်သည် ထိုအမျိုးသား၏ စိတ်ထဲရှိ အတွေးများနှင့် ပတ်သက်၍ သိရှိခြင်းမရှိခဲ့ပေ။ သူမသည် သူ၏ရင်ခွင်၌ မှီကာ ထိုလူ၏နှလုံးခုန်သံကိုသာ နားစွင့်နေခဲ့သည်။ ညနက်လာသည့်အတွက် ယိုကျင့်သည် ထိုပုံစံအတိုင်းပင် အိပ်မောကျသွားလေသည်။

သူ၏လက်မောင်းထဲရှိ အသက်ရှူသံဖျော့ဖျော့ကြောင့် ယိုကျင့်မှာ အိပ်ပျော်သွားပြီဖြစ်ကြောင်း ရှောင်လင်းယွီ သိရှိလိုက်ရသည်။ သူ၏နှုတ်ခမ်း၌ ထူးဆန်းသည့် အပြုံးတစ်ခူရှိနေကာ ယိုကျင့်ကို အိပ်ရာပေါ်သို့ တင်ပေးလိုက်သည်။ “မိုက်မဲတဲ့ကျင့်အာလေး ကိုယ် မင်းကို မျိုချမိမှာ မကြောက်ဘူးလား”

ထိုသို့ပြောနေသည့်တိုင် ရှောင်လင်းယွီသည် ထိုမိန်းမပျိုလေးအား အသာအယာပွေ့ချီကာ ခုတင်ပေါ်သို့ ဖြည်းညင်းစွာ တင်ပေးလိုက်ပြီး စောင်ခြုံပေးလိုက်သည်။

ခုတင်ရှေ့၌ ရပ်နေရင်း အိပ်ပျော်နေသည့် ယိုကျင့်၏မျက်နှာကိုကြည့်ကာ ရှောင်လင်းယွီသည် ယိုကျင့်၏ နဖူးလေးကို အနမ်းခြွေလိုက်သည်။ “အိပ်မက်လှလှမက်ပါစေ”

ရှောင်လင်းယွီသည် ယိုကျင့်၏အိပ်ဆောင်မှ တုံ့ဆိုင်းစွာ ထွက်ခွာလာခဲ့သည်။ သူထွက်လာသည်ကို မြင်သည်နှင့် အပြင်ဘက်၌ စောင့်ကြပ်နေသည့် ချွီဖန်တို့မှ အရိုအသေပေးကြလေသည်။

“အထဲ၀င်ပြီး မင်းတို့သခင်မလေးကို သေချာစောင့်ကြည့်ထား။ အခုတော့အိပ်နေပေမဲ့ အရက်မူးတဲ့သူက ညကျရေဆာတတ်တယ်” ရှောင်လင်းယွီသည် ချွီဖန်နှင့် အခြားအစေခံများအား အသေးစိတ် မှာကြားသွားခဲ့လေသည်။

သခင်မနှင့် လူကြီးမင်းရှောင်၏ မှာကြားမှုကြောင့် ချွီဖန်သည် ပို၍ပင် အာရုံစိုက်ရတော့သည်။ တစ်ညလုံး စောင်ကြည့်သည့်တလျှောက်၌ သခင်မလေးသည် ညလယ်ခေါင်တွင် ရေတောင်းရန် နှစ်ကြိမ်တိုင်တိုင် နိုးထခဲ့သည်။ သူမသည် မီးအိမ်ထွန်းကာ ရေထည့်ပေးရင် အလုပ်များနေခဲ့တော့သည်။

ရှောင်မိသားစု၏ အိမ်တော်မှာ ဆောက်လုက်၍ မပြီးစီးသေးသဖြင့် စုမိသားစု၏ အရှေ့ဘက်၀င်းထဲရှိ အရှေ့ဘက်ခြံဝင်းလေးထဲတွင် နေထိုင်ကြလေသည်။

‌ရှောင်ဟိုင်ရူသည် အပြင်ဘက်မှ လှုပ်ရှားမှုကိုကြားပြီး အပေါ်ရုံကို ခြုံကာ ထကြည့်လိုက်သည်။ လရောင်အောက်၌ မားမားမတ်မတ် ရပ်နေသည်မှာ သူ့သား မဟုတ်ပါလော။ သူသည် လော့ဟယ်မြို့တွင် နေထိုင်သည့်တိုင် မြို့ပေါ်ရှိ ကိစ္စရပ်များနှင့် ပတ်သက်၍ စိုးရိမ်ပူပ န်နေခဲ့ရသည်။ ယနေ့သည် စုမိသားစုရှိ သခင်မလေး၏မွေးနေ့ ဖြစ်သောကြောင့် သားဖြစ်သူပြန်လာမည်ကို သိလေသည်။ ထို့ကြောင့် ရိုးရှင်းစွာင့် မေးလိုက်သည်။ “သွား‌တွေ့ပြီးပြီလား”

“တွေပြီးပါပြီ” ရှောင်လင်းယွီသည် ရှက်ရွံ့စွာဖြင့် ခေါင်းညိတ်လိုက်သည်။ “အဖေ ညနက်နေပြီ စောစောအနားယူတော့”

ရှောင်ဟိုင်ရူလည်း သဘောတူလိုက်လေသည်။ “မင်းအခန်းက နေ့တိုင်း သန့်ရှင်းရေးလုပ်ထားတော့ အနားယူရုံပဲ။ ဘာကိစ္စရှိရှိ မနက်ဖြန်မှဆက်ပြောတော့”

....

နေယက်တစ်နေ့မနက်၌ ယိုကျင့်သည် မျက်လုံးမဖွင့်မီ ခေါင်းကိုက်သည့်ဒဏ်ကို အလူးအလဲ ခံစားလိုက်ရသည်။ အိပ်ရာပေါ်၌ လှဲလျောင်းရင်း အနည်းငယ် သည်းတွားမိသည်။ “အာ့”

အတွင်းခန်းထဲရှိ လှုပ်ရှားသံကိုကြား‌သဖြင့် ချွီဖန်သည် ရေနွေးကိုသယ်ကာ ၀င်လာခဲ့သည်။

“သခင်မလေး နိုးပြီလား”

ယိုကျင့်သည် အိပ်ရာမှ ကြိတ်မှိတ်ကာ ထထိုင်လိုက်ပြီး ခဏမျှ မူးနောက်နေမိသည်။ အပြင်ဘက်ရှိ နေလုံးမှာ အတော်ပင် မြင့်တက်နေသည့်အတွက် သူမ၏လေးပင်နေသော ခေါင်းကို ထိန်းရင်း မေးလိုက်သည်။ “ဘယ်အချိန်ရှိပြီလဲ”

“ကိုးနာရီခွဲရှိပါပြီ” ချွီဖန်သည် သူမယူဆောင်လာသည့် ရေနွေးနှင့် လက်ကိုင်ပဝါစကို ယိုကျင့်၏ အနောက်၌ ချလိုက်ကာ ယိုကျင့်၏ခေါင်းကို ညင်သာစွာ နှိပ်နယ်ပေးလိုက်သည်။ “ဒီနေ့ သခင်မကြီးက သခင်မလေးကို အနားယူတာကို မနှောင့်ယှက်ဖို့ မှာထားလို့ မနိုးရဲတာပါ”

သူမသည် ချွီဖန်၏ ညက်ညောလှသော နှိပ်နယ်ပေးမှုအောက်တွင် သက်ပြင်းအသာအယာချမိသည်။ မနေ့ညက အဖြစ်အပျက်များသည် သူမ၏ခေါင်းထဲသို့ ဖြည်းဖြည်းမှန်မှန် တိုးဝင်လာခဲ့သည်။ အရှေ့ပိုင်းမှတ်ဉာဏ်များက အဆင်ပြေပေသည်။ ရှောင်လင်းယွီနှင့် သူမကြားရှိ ပြင်းပြသောအနမ်းက ချိုမြိန်လွန်းလှကာ သူမအား နှာခေါင်းသွေးလျှံမတတ် ဖြစ်စေသည်။ အဲဒါက အစစ်လားအတုလား။

“မနေ့က ငါမူးနေတော့ ငါ့ကိုစောင့်ပေးတာ နင်တစ်ယောက်တည်းမလား” ယိုကျင့်သည် ပျိုတိုင်းကြိုက် နှင်းဆီပန်းလေးအား ကိုယ်ထိလက်ရောက် ကျူးလွန်မိသည့် အဖြစ်အပျက်ကို မစဉ်းစားမိအောင်နေရင်း ချောင်းခြောက်အနည်းငယ် ဆိုးလိုက်သည်။

ချွီဖန်၏ နှိပ်နယ်ပေးမှုသည် ရပ်တန့်သွားခြင်းမရှိပေ။ “ကျွန်မပဲ စောင့်ပေးတာပါ ဒါပေမဲ့ မနေ့က ကိုးနာရီ၀န်းကျင်လောက်က လူကြီးမင်းရှောင် ရောက်လာတော့ ကျွန်မက အပြင်မှာ စောင့်ပေးနေခဲ့တာ”

ချွီဖန်၏ အဖြေကြောင့် သူမ၏ခေါင်းပေါ်သို့ မိုးကြိုးပစ်ချခံလိုက်ရသလို ခံစားလိုက်ရသည်။ နာကျင်မှူနှင့် ရှက်ရွံ့မှု‌တို့ကြောင့် သူမ၏မျက်၀န်းကို မှိတ်ချလိုက်သည်။ အနာဂတ်မှာ ရှောင်လင်းယွီနဲ့ ဘယ်လို မျက်နှာချင်းဆိုင်ရမှာလဲ။

သူမသည် ရှောင်လင်းယွီနှင့် မျက်နှာချင်းမဆိုင်ချင်သော်လည်း ရှောင်လင်းယွီသည် မနေ့ညက အနမ်းကြောင့် သူမကိုပို၍ပင် ဂရုစိုက်သည့်ပုံဖြစ်နေခဲ့သည်။ အတွင်းခန်းထဲရှိ သခင်နှင့် အစေခံနှစ်ဦး စကားပြောလို့မဆုံးခင်ပင် အပြင်ဘက်မှ အစေခံတစ်ဦးသည် တံခါး၀မှ အကြောင်းကြားတော့သည်။

“သခင်မလေး မြို့စားမင်း ရောက်နေပါတယ်”

ယိုကျင့်သည် သူမ၏ခေါင်းကို မြှုပ်ရန် ကျွင်းတစ်ခုတူးချင်လာသည်။ သူမသည် ချက်ချင်းပင် စောင်ခြုံထဲ၀င်ကာ လှဲအိပ်ရင်း အသံတိုးတိုးလေးဖြင့် ချွီဖန်အား မှာကြားကာ လက်ရမ်းပြလိုက်သည်။

“ငါမနိုးသေးဘူးလို့ပြောလိုက် သွား”

ချွီဖန်သည် သခင်ဖြစ်သူမှ အဘယ်ကြောင့် ထိုသို့ အပြစ်ရှိသလို ပြုမူနေသည်ကို မသိသော်လည်း မှာကြားထားသည့်အတိုင်းပြုလုပ်ရန် အပြင်သို့ထွက်ကာ တံခါးကို အသာအယာပိတ်ပေးခဲ့သည်။

ယိုကျင့်သည် စောင်ခြုံထဲ၌ ပုန်းနေခဲ့ကာ အထဲမှ အပြင်သို့ထွက်သွားသံကိုသာ ကြားလိုက်မိသည်။ ချွီဖန်သည် ယိုကျင့်၏ မဟုတ်တရုတ်အကြောင်းပြချက်နှင့် ရှောင်လင်းယွီအား ၀င်ခွင့်ပြုရန် ငြင်းဆန်ခဲ့သည်။

ခဏအကြာ၌ တံခါးသံသဲ့သဲ့ထွက်ပေါ်ကာ လူတစ်ယောက်သည် ခြေလှမ်းဖွဖွလေးဖြင့် လှမ်းလာရင်း ခုတင်နား၌ ရပ်တန့်သွားလေသည်။

“သူထွက်သွားပြီလား” ယိုကျင့်သည် စောင်ခြုံအောက်‌မှ နေကာ အနည်းငယ် မောဟိုက်ဟန်ဖြင့် မေးလိုက်သည်။ သူမသည် ထိုအမှန်တရားကြီး ရင်မဆိုင်ရဲသေးပေ။

သို့သော် ၀င်လာသည့်သူမှာ သူမ၏စောင်ခြုံကို အသာအယာဖယ်ရှားလိုက်ပြီးနောက် ပြုံးရွှင်နေသည့် မျက်နှာတစ်ခုသည် သူမ၏ရှေ့၌ ပေါ်ထွက်လာတော့သည်။ အဲဒါရှောင်လင်းယွီ မဟုတ်လို့ ဘယ်သူဖြစ်ရမှာလဲ။

“ဘာလို့ ကိုယ့်ကို မတွေ့ချင်တာလဲ” ရှောင်လင်းယွီသည် ယိုကျင့်တစ်ယောက် စောင်အောက်တွင် အသက်ရှူကျပ်နေမည်ကို စိုးရိမ်သောကြောင့် ခြုံစောင်အား အဝေးသို့ အသာအယာ ပစ်လိုက်ကာ နူးညံ့စွာ မေးလိုက်သည်။ “ကျင့်အာ မနေ့က ကိစ္စကြောင့် ကိုယ့်ကို အပြစ်တင်....”

ထိုကိစ္စကို ပြောသည့်အခါ ရှက်ရွံ့နေသောယိုကျင့်၏ သည်းခံနိုင်စွမ်းမှာ ထိပ်ဆုံးသို့ ရောက်ရှိနေခဲ့သည်။

“ရပ်တော့။ မနေ့ညက အကြောင်းကို ထပ်မပြောလို့မရဘူးလား။ မနေ့ညက ကျွန်မအမှားပါ။ ကျွန်မမူးပြီး အသိစိတ်မရှိလို့ ဖြစ်သွားရတာ”

ရှောင်လင်းယွီမှာ ယိုကျင့်တစ်ယောက် ထိုသို့ တုံ့ပြန်လိမ့်မည်ဟု မျှော်လင့်မထားခဲ့ချေ။ သူ၏မျက်နှာ၌ ပွင့်လန်းနေသော အပြုံးမှာ တစ်ခဏအတွင်း၌ပင် တဖြည်းဖြည်းချင်း ညှိုးကျလာတော့သည်။

“မနေ့ကကိစ္စက နှစ်ဦးနှစ်ဖက် သဘောတူလို့လို့ ထင်ထားတာ။ ကိုယ့်ဖက်က တစ်ဦးတည်း အတွေးတွေ ဖြစ်နေမှန်း မသိခဲ့ဘူး။ အဲ့လိုဆိုမှတော့ ကောင်းကောင်းအနားယူလိုက်ပါဦး။ မနှောင့်ယှက်တော့ဘူး”

ထိုသို့ ပြောပြီးသည့်နောက်၌ ရှောင်လင်းယွီသည် အခန်းထဲမှ လှည့်ထွက်ကာ အရှေ့ဘက်ခြံနှင့် ဝေးရာသို့ ထွက်သွားလိုက်လေသည်။

ထိုလူ၏ စိတ်ပျက်မှုအပြည့်ဖြင့် ထွက်သွားသည့် ကျောပြင်ကိုကြည့်ကာ ယိုကျင့်၏စိတ်ထဲ၌ မသက်မသာ ခံစားလိုက်ရသည်။ သူမသည် ထိုသို့ဆိုလိုခြင်း မဟုတ်ပေ။ ယခင်က စကားပြောကောင်းသည့်သူမမှာ ယခုအဘယ်ကြောင့် မသေမသပ်ဖြစ်နေရသနည်း။ ငယ်ရွယ်လှသည့် မိန်းမပျိုလေးမှာ သူမ၏ မကျေနပ်ချက်များကို စောင်ခြုံဖြင့်အုပ်ကာ အသံတိုးတိုးလေးဖြင့် အော်ဟစ်လိုက်တော့သည်။ “အားးးးးး”

ချွီဖန်သည် ငေးငိုင်ကာ ထွက်သွားသည့် လူကြီးမင်းရှောင်အပြင် စောင်ခြုံအောက်၌ ထပ်မံပုန်းကွယ်နေသည့် သူမ၏သခင်မကိုပါ တွေ့မြင်လိုက်ရသည်။ မည်သို့ဖြစ်မှန်း မသိသော်လည်း အသံမထွက်ဘဲ အပြင်၌သာ နေနေခဲ့သည်။

…

All Chapters