အခန်း ၁၅၈
Vol. 11 Ch. 158
အပိုင်း (၁၅၈) စကားပေါင်းတစ်သောင်း ၊ နှုတ်တစ်ရာ စာတစ်လုံး~~
ရှောင်မိသားစုဝင်အားလုံးသည် သူတို့နှစ်ယောက်ကြားတွင် တစ်ခုခု ဖြစ်နေသည်ကို သတိထားမိလိုက်ကြသည်။ နောက်တစ်နေ့ မနက်စောစောတွင် ရှောင်မိသားစုတို့ မနက်စာစားချိန်တွင် အမျိုးသမီးစုန့်က မျှော်လင့်မထားဘဲ အစားစားစဥ် စကားမပြောမရ ဟူသည့် စည်းကမ်းကို ချိုးဖောက်လိုက်တော့သည်။ တစ်ခုခုကို စိုးရိမ်နေမိရာ သူမက မြေးအကြီးဆုံးကို မေးလိုက်တော့သည်။
“ မင်း မနေ့က ရင်ဘတ် ပုတ်ပြီးတော့ စုမိသားစုက ကလေးမကို လက်ထပ်ခွင့် တောင်းတော့မယ်လို့ မနေ့က ကတိပေးသွားခဲ့တယ်မလား၊ အဲဒီသဘောထားက ဘာလို့များ တစ်ရက်ထဲ မှေးမှိန်သွားရတာလဲ၊ ဧကန္တ မင်း ငြင်းခံလိုက်ရပြန်ပြီလား”
ရှောင်လင်းယွီ၏ မျက်နှာသည် မသိမသာ ဖြူဖျော့သွားတော့သည်။ အောင့်သက်သက်ခံစားချက်က သူ့မျက်နှာပေါ်တွင် အတိုင်းသားပေါ်လာတော့သည်။
“ အဘွား”
သူ့တုံ့ပြန်မှုကို မြင်လိုက်ရသည်တွင် အမျိုးသမီးယွီနှင့် အမျိုးသမီးစုန့်တို့သည် သူတို့၏ ငတုံးသားလေး ( မြေးလေး) ငြင်းခံလိုက်ရသည်ကို သိသွားကြတော့သည်။
အမျိုးသမီးယွီက စိမ်ပြေနပြေ သက်ပြင်းချလိုက်ကာ ပြောလိုက်၏။
“ ဆိုရိုးစကားအတိုင်းပဲ ရေမျက်နှာပြင်ရှေ့က အပန်းဖြေဇရပ်က လရောင်ကို အရင်ဆုံးရတယ်တဲ့၊ မင်းတို့တွေ ဝေးနေတာလည်း သုံးနှစ်လောက် ရှိနေပြီ၊ အခု မင်းပြန်လာတော့လည်း လဝက်လောက်နေပြီး အကြာကြီး ပြန်သွားရအုံးမယ်၊ တကယ်လို့များ စုမိသားစု၏မိန်းကလေးက မင်းအပေါ် သံယောဇဥ်ဟောင်း ရှိသေးတယ်ဆိုရင်တောင် အနည်းနဲ့အမြန် ပျောက်သွားတော့မှာပဲ၊ တနေ့က ငါ ယိုလင်ဆီက ကြားထားသေးတယ်၊ လော့ဟယ်မှာ အခြေချထားတဲ့ စစ်တပ်ရဲ့ ဗိုလ်ကြီးက လူလွှတ်ပြီး စုမိသားစုကို တောင်းရမ်းဖို့ လာမေးတယ်တဲ့၊ ယိုလင်က အဝေးကနေ လှမ်းကြည့်ခဲ့သေးတယ်တဲ့၊ သူက တော်တော်ခံ့ညားတယ်ဆိုပဲ၊ ပြီးတော့ သူက ကျင့်ကလေးမနဲ့လည်း သက်တူရွယ်တူပဲတဲ့၊ တော်တော် လိုက်ဖက်တဲ့အတွဲပဲ”
စကားပြောပြီးသည်နှင့် သူမက သားဖြစ်သူကို သနားကြည့်ကြည့်လိုက်တော့သည်။
ရှောင်လင်းယွီ၏ အမူအရာသည် အမေဖြစ်သူ၏ ဂယက်ရိုက်သွားစေသည့် ‘ဖွင့်ချလိုက်သည့်စကား’ကို နားထောင်လိုက်ပြီးနောက် အနည်းငယ် ညှိုးငယ်သွားတော့သည်။ သူ့ဘဝတွင် သူ့ရင်ကို လှုပ်ရှားသွားစေသည့် တစ်ခုတည်းသောအချိန်ကို လွန်ခဲ့သည့်ငါးနှစ်ကတည်းက ယိုကျင့်အား ပေးခဲ့ပြီး ဖြစ်သည်။ သူသည် သူမကို တခြားသူအား သည်အတိုင်း ပေးလိုက်ဖို့ရာ လုံးဝ ဆန္ဒမရှိပေ။ သို့သော် သူမတွင် သူ့အတွက် ခံစားချက် မရှိတော့လျှင် သူသည် သူမကို လုယူဖို့ အဘယ်မှာ အင်အား ရှိပါမည်းနည်း။ အချိန်တခုအထိ သူ့စိတ်တို့သည် ပရမ်းပတာ ဖြစ်သွားပြီး ဘာလုပ်ရမည်မသိ ဖြစ်သွားတော့သည်။
အမျိုးသမီးယွီသည် သားဖြစ်သူကို နှုတ်အားဖြင့် နာကျင်စေမိသော်လည်း သူမ၏သားနှင့် စုမိသားစု၏ ကလေးမတို့ မြန်မြန် လက်ထပ်နိုင်ဖို့ရာ စိတ်ရင်းနှင့် မျှော်လင့်မိလေသည်။ အခုဆိုလျှင် သားကြီးမှာ ၂၆နှစ် ပြည့်တော့မည်။ အိမ်တွင် သည်လို ကံဆိုးမှု ကိစ္စသာ မရှိခဲ့လျှင် အခုချိန်ဆိုလျှင် ကလေးတစ်ယောက်ပင် မွေးဖွားပြီးလောက်ပြီ။ အမျိုးသမီးယွီသည် တတ်နိုင်သမျှ မြေးချီရဖို့အရေး သားဖြစ်သူ၏ နောက်ကွယ်တွင် ယိုကျင့်ထံ သူမကိုယ်တိုင် တိုးတိုးတိတ်တိတ် သွားရှာခဲ့လေသည်။
စာကြည့်ခန်းထဲတွင် အလုပ်များနေသည့် ယိုကျင့်သည် အမျိုးသမီးယွီ ရောက်လာကြောင့် အပြင်က ပြောလိုက်သံကို ကြားလိုက်ရသည်။ သူမက လက်ထဲက စာရင်းစာအုပ်ကို ချလိုက်ပြီး သူမကို ကြိုဆိုရန် အပြုံးလေးဖြင့် အပြင်သို့ ထွက်လာခဲ့၏။
“ အဒေါ် ဘာကိစ္စများရှိလို့လဲဟင်”
“ ဘာရယ်မဟုတ်ပါဘူး၊ ဒီအတိုင်း သမီး လာတွေ့တာပါ၊ အလုပ်ကို အနှောင့်အယှက် မဖြစ်သွားပါဘူးနော်”
အမျိုးသမီးယွီက အပေါ်ဘက်တွင် ထိုင်ချလိုက်၏။ မျက်နှာပေါ်တွင် အပြုံးလေးတစ်ခုဖြင့် သူမက အကဲခတ်လိုက်လေသည်။
“ သမီး အလုပ်များနေရင် နောက်မှ ပြန်လာခဲ့ရမလား”
ယိုကျင့်က ချိုးဖန် ယူလာပေးသည့် ပန်းပေါင်းစုံလက်ဖက်ရည်ကို ယူလိုက်ပြီး အမျိုးသမီးယွီရှေ့တွင် ချပေးလိုက်လေသည်။ သူမက ပြုံးကာ ပြန်ဖြေလိုက်၏။
“ ကျွန်မမှာ အရေးကြီးလုပ်စရာ မရှိပါဘူး၊ အဒေါ်ရယ် အားမနာပါနဲ့”
ယိုကျင့်သည် အရင်လကစာရင်းကို စစ်နေခြင်းဖြစ်သည်။ အခုတော့ ပိုင်ဆိုင်မှုတစ်ခုစီအတွက် သက်ဆိုင်သူတစ်ယောက်စီ ရှိပြီးဖြစ်လေသည်။ သူမက လတိုင်း စာရင်းစာအုပ်များကို စစ်ဆေးပေးရန်သာ လိုအပ်တော့သည်။ ထို့ကြောင့် သူမသည် အလုပ် အရမ်းများမနေချေ။
သူမ၏စကားကို ကြားလိုက်ရပြီး အမျိုးသမီးယွီက စိတ်အေးအေးဖြင့် ထိုင်နေလိုက်ပြီး လက်ဖက်ရည်တစ်ခွက်ကို သောက်လိုက်လေသည်။ သူမက ချီတုံချတုံဖြင့် ပြောလိုက်လေသည်။
“ ယိုကျင့် အဒေါ် ဒီနေ့ သမီးဆီလာတာကလေ သမီးကို တကယ်မေးချင်နေတာလေး တချို့ရှိလို့ရယ်ပါ”
ယိုကျင့်သည် လုံးဝမသိပေ။ အမျိုးသမီးကျောင်းတော် ကိစ္စဟုသာ ထင်လိုက်လေသည်။ သူမက ခေါင်းညိတ်ပြလိုက်ပြီး
“ အဒေါ် ပြောပါ”
“ အဒေါ် သမီးကို မှားပြီး အပြစ်တင်မိတာက သမီးစိတ်ထဲ ခုနေသေးတာလားဟင်”
အမျိုးသမီးယွီသည် ထိုအကြောင်းကို စဥ်းစားလိုက်ပြီးနောက်တွင် ယိုကျင့်က သားအကြီးဆုံး၏ လက်ထပ်ပွဲ တောင်းဆိုခြင်းကို လက်ခံရန် ဝန်လေးနေရသည့် အကြောင်းအရင်းမှာ သူမကြောင့် ဖြစ်မည်ဟု ထင်သွားလေသည်။ ထို့ကြောင့် သူမက ထိုကိစ္စကို တောင်းပန်ရန် သည်နေ့ ယိုကျင့်အား လာတွေ့ခြင်းပင်။
“ ဒီကိစ္စက လင်းယွီနဲ့ ဘာမှမဆိုင်ပါဘူး၊ အဒေါ်ကလည်း လင်းယွီရဲ့ ဘဝတစ်သက်စာအတွက်ဆိုတော့ စိတ်ပူခဲ့မိတာပါ၊ ပြီးတော့ အဲကလေးက အမြဲတမ်း ခေါင်းမာနေတာလေ၊ သူ ငယ်ငယ်လေးကတည်း သူဆုံးဖြတ်ထားတဲ့ ကိစ္စကို ဘယ်တော့မှ မပြောင်းလဲတတ်ဘူး၊ အဒေါ်လည်း ဒေါသကြောင့် ဘာမှမမြင်နိုင် ဖြစ်သွားပြီး သမီးကို စိတ်ဆိုးမိခဲ့တာပါ”
ယိုကျင့်သည် ဟိုတုန်းက စာထဲတွင် အမျိုးသမီးယွီက သူမကို စော်ကားခဲ့သည့်အဖြစ်ကို ကြားလိုက်ရချိန်တွင် အနည်းငယ် စိတ်ရှုပ်သွားတော့သည်။
“ ကိစ္စက ပြီးခဲ့ပါပြီ၊ အဒေါ်က ဒီလိုအသေးအဖွဲကိစ္စတွေကို ဘာလို့ ပြောနေတာလဲဟင်”
“ အဒေါ်ကလည်း အဲဒီတုန်းက အစ်ကိုရှောင်ကို ချစ်လို့ လုပ်ခဲ့တာပဲ၊ ကျွန်မ အဒေါ့်ကို တခါမှ အပြစ်မတင်ခဲ့ဖူးပါဘူး”
ပြုံးလျက်သား ရှိနေသည့် ယိုကျင့်သည် အမျိုးသမီးယွီကို ကြည်လဲ့လဲ့မျက်လုံးများဖြင့် ကြည့်နေလိုက်သည်။ ထိုအကြည့်က အမှန်တရားကို သက်သေပြနေ၏။
သူမ၏သဘောထားကြီးကာ ကျိုးကြောင်းဆင်ခြင်တတ်သည့် စကားများကို ကြားလိုက်ရချိန်တွင် အမျိုးသမီးယွီမှာ ရှက်ရွံ့မိသလို တစ်ချိန်ထဲတွင် ဝမ်းသာသွားတော့သည်။ သူမသည် အရင်က အကြောင်းအရာကို သေသေချာချာမသိဘဲ သည်လူတော်ကလေးမလေးကို အပြစ်ဆိုခဲ့မိသည့်အတွက် ရှက်ရွံ့မိလေသည်။ သူမ၏မိသားစုက သည်လို သိတတ်ပြီး နောက်မျိုးဆက်အတွက် အိမ်တော်၏ သခင်မကြီးကို ရလိုက်သည်ကို စဥ်းစားလိုက်မိပြီး ဝမ်းသာသွားတော့သည်။ ရှောင်မိသားစုသည် အနာဂတ်တွင် မတိုးတက်မှာကို ဘာပူစရာလိုပါအုံးမည်နည်း။
အမျိုးသမီးယွီသည် အလွန်ဝမ်းသာသွားပြီး တဒင်္ဂအတွင်း ဣန္ဒြေပျက်သွားတော့သည်။ သူမက ယိုကျင့်၏လက်ကို ပုတ်လိုက်ပြီး
“ လိမ္မာလိုက်တဲ့ကလေး၊ အဒေါ်က သမီးဆီက ဘာမှ မတောင်းဆိုရဲပါဘူး၊ ဒါပေမဲ့ သမီးအတွက် လင်းယွီကို အခွင့်အရေးတစ်ခုလောက် ပေးလို့ရမလားဟင်၊ ဒီကလေးက ခေါင်းမာတယ်၊ သမီး သူ့ကို ငြင်းလိုက်တာကို အဒေါ်က အပြစ်မတင်ပါဘူး၊ ပြီးခဲ့တဲ့နှစ်ရက်အတွင်း သူ့ကို စိတ်နဲ့ကိုယ် မကပ်တာ မြင်နေရတော့ အဒေါ်လည်း နေလို့မကောင်းဘူး၊ ဒီနေ့တော့ အဒေါ်က မျက်နှာပြောင်ပြောင်နဲ့ပဲ သမီးကို လာတောင်းဆိုနိုင်တော့တယ်၊ ဒီမင်္ဂလာပွဲက မအောင်မြင်ဘူးဆိုရင်တောင် သမီးတို့နှစ်ယောက် ဒီကိစ္စကို ပွင့်ပွင့်လင်းလင်းနဲ့ ရိုးရိုးသားသား ဆွေးနွေးကြဖို့ အဒေါ် မျှော်လင့်မိတယ် ဟုတ်ပြီလား”
ယိုကျင့်သည် အမျိုးသမီးယွီ၏စကားကို ကြားလိုက်ရပြီး ခပ်ရေးရေး ခန့်မှန်းမိလိုက်လေသည်။ သူမသည် အမျိုးသမီးယွီက အခုလို တိုက်ရိုက်လာပြောလိမ့်မည်ဟု လုံးဝမျှော်လင့်မထားခဲ့ပေ။ သူမသည် အခိုက်တန့် အနည်းငယ် ရှက်သွားတော့သည်။ ရှေးခေတ်ကလူတွေက ဣန္ဒြေနဲ့ သိုသိုသိပ်သိပ် နေတတ်ကြတာမဟုတ်ဘူးလား။ သူမ၏မျက်နှာပေါ်က အပြုံးသည် အခိုက်တန့် အေးခဲသွားပြီးနောက် ပုံမှန်အတိုင်းပြန်ဖြစ်သွားလေသည်။
“ ကျွန်မ အဒေါ့်စကားကို မှတ်ထားပါ့မယ်၊ အဒေါ် ကျွန်မကို စဥ်းစားဖို့ အချိန်လေးပေးနိုင်မလားဟင်”
အမျိုးသမီးယွီသည် လူကြီးတစ်ယောက်အနေဖြင့် လူငယ်တစ်ယောက်ကို သားဖြစ်သူအား အခွင့်အရေး ပေးရန် ဖိအားပေးမိမှန်း သိလေသည်။ ကြည်လင်သည့်မျက်လုံးများဖြင့် သူမသည် စုမိသားစု၏ ကလေးမက သူမ၏ငတုံးသားလေးကို စိတ်မဝင်စားတာ မဟုတ်မှန်း သိနေလေသည်။ လူငယ်အတွဲလေးက နားလည်မှုလွဲနေတာတွေ ရှိပြီး ဘယ်သူကမှ အရင်ဆုံး အလျှော့မပေးချင် ဖြစ်နေတာပဲ။ ဒီလိုဆိုမှတော့ သူမက အမေတစ်ယောက်အနေနဲ့ ပိုပြီးကြိုးစားပေးရတော့မှာပေါ့လေ။
***
အမျိုးသမီးယွီကို လိုက်ပို့ပေးလိုက်ပြီးနောက် ယိုကျင့်သည် စာကြည့်ခန်းထဲပြန်လာကာ ထိုင်ချလိုက်လေသည်။ ယိုကျူးက ခေါင်းမပါသည့် ယင်ကောင်တစ်ကောင်လို့ အရှိန်ဖြင့် ဝင်လာပြီး ‘ ငါအရမ်းစိတ်ဆိုးနေတယ် ဘာလို့လဲလို့ လာမေးအုံး’ ဟူသည့်အမူအရာဖြင့် ယိုကျင့်ဘေးတွင် ထိုင်ချလိုက်တော့သည်။
“ ဘာဖြစ်တာလဲ၊ နင် ယမ်းမှုန့်များ စားလာတာလား”
ယိုကျင့်က သူမ၏ညီမလေးမှာ အနည်းငယ် စိတ်မရှည်ဖြစ်တတ်သော်လည်း သူမ၏စိတ်ထားကို နှစ်များစွာ ကြာအောင် လေ့ကျင့်ထားခဲ့ရမှန်း သိလေသည်။ သူမက သည်နေ့လို ပေါက်ကွဲနေသည်ကို မတွေ့တာ အတော်ကြာသွားပြီဖြစ်သည်။
“ ငါတို့ရဲ့ တတိယမမလေးကို ဒီလိုဒေါသထွက်အောင် ဘယ်သူက အတင့်ရဲပြီး လုပ်လိုက်တာလဲ၊ မကြီးကို ပြောစမ်း၊ မကြီးက နင့်ကိုယ်စား သူ့ကို သွားဆုံးမပေးမယ်”
“မကြီးနော်၊ ညီမလေးက ဒေါသထွက်နေတုန်း၊ အစ်မက ညီမလေးကို ဒီလို လာစနေသေးတယ်”
ယိုကျူးသည် အကြီးဆုံးအစ်မ ကိုယ်တိုင်က သူမကို စနောက်နေသည်ကို မသိဘဲ ဘယ်နေပါမည်နည်း။ သူမက ‘မကြီးနော်’ဟု သုံးခေါက်လောက် ခေါ်လိုက်ပြီး အကြိမ်တိုင်းက ပိုပို ချွဲနွဲ့ဟန် ဖြစ်လာတော့သည်။
ယိုကျင့်သည် သူမအား ဒေါသထွက်နေပုံကို အလွန်သဘောကျသွားပြီး အပြုအမူများကို ရယ်ချင်မိသွားတော့သည်။
“ အေးပါ အေးပါ မကြီး နင့်ကို မနောက်တော့ဘူး၊ ဒီတော့ ပြောပါအုံး၊ ဘယ်သူက နင့်ကို ဒီလောက်ဒေါသထွက်အောင် လုပ်ခဲ့တာလဲ”
“ အဲဒီ စိတ်ပျက်ဖို့ကောင်းတဲ့ အောက်ဆွဲတစ်ကောင်ပေါ့”
ယိုကျူးသည် သူမ သွားခဲ့သည့်နေရာက ကိစ္စကို ပြန်စဥ်းစားလိုက်လေသည်။ အဲဒီလူက သူမနောက် လိုက်လာပြီး ကိစ္စတိုင်းမှာ သူမကို လိုက်တိုက်ခိုက်နေတာလေ။ အများကြီး တည်ငြိမ်သွားသည့် သွေးတို့သည် တဖန် အလိပ်လိပ်တက်လာပြန်တော့သည်။
“ သူ့ကို မနက်ဖြန် ထပ်တွေ့လို့ကတော့ ဒီမမလေးက ဘယ်လောက်တတ်နိုင်တယ်ဆိုတာ ပြကို ပြရအုံးမယ်”
သူမညီမငယ်လေး၏ မျက်နှာလှလှလေးပေါ်က မကျေမနပ် ကြုံးဝါးနေသည့်အမူအရာကို မြင်လိုက်ရသဖြင့် ယိုကျင့်၏နှုတ်ခမ်းပေါ်မှ အပြုံးမှာ ပိုလေးနက်သွားတော့သည်။ သူမရဲ့ညီမလေးက စိတ်ဆတ်တယ်ဆိုပေမဲ့ ဘယ်လို ပြုမူရမယ်ဆိုတာ သိတယ်လေ။ ဒီတော့ လွှတ်ထားပေးလိုက်ပါအုံးမယ်။
အမျိုးသမီးစုက မနေ့က သူမကို ပြောခဲ့သည့် အကြောင်းအရာကို စဥ်းစားလိုက်မိပြီး သူမက မေးလိုက်တော့သည်။
“ မိသားစုတစ်ခုက လက်ထပ်ဖို့ လာမေးတာ နည်းနည်းကြာသွားပြီလို့ အမေ့ဆီက ကြားထားတယ်၊ လူငယ်လေးကလည်း အခုလောလောဆယ် လော့ဟယ်မြို့စောင့်တပ်က တပ်မှူးလေးဆို၊ သူက ၁၈နှစ် ရှိပြီတဲ့၊ အကျင့်စရိုက်လည်းကောင်း၊ မိသားစုနောက်ခံလည်း ကောင်းတယ်တဲ့၊ နင်ဘယ်လို ထင်လဲ”
“ သူက မင်္ဂလာကိစ္စတောင် လာပြောရဲသေးတယ်”
မကြီး၏စကားကို နားထောင်လိုက်ပြီးနောက် ယိုကျူး၏ ငွေရောင်သွားလေးများက ကျိုးကြမတတ် အံကြိတ်ထားတော့သည်။
“ ညီမလေးကို လက်ထပ်ချင်တာတဲ့လား၊ ရွှီမောက်လင် ဆိုတဲ့သူ့ကို ပြောလိုက်စမ်းပါ လော့ဟယ်မြို့ကို သုံးပတ် ပတ်ပြေးပြီး ‘ ငါက ငတုံးမြည်းတစ်ကောင်ကြီး’လို့ အော်ခိုင်းလိုက်စမ်းပါ ပြီးမှ စဥ်းစားပေးမယ်လို့”
ယိုကျင့်သည် သဲလွန်စတချို့ကို သတိထားမိသွားပြီး ခပ်ရဲရဲ ခန့်မှန်းလိုက်လေသည်။
“ နင်က တပ်မှူးရွှီကို သိတယ်ပေါ့၊ ဧကန္တက သူက နင့်ကို ဒေါသထွက်အောင် လုပ်ခဲ့တာလား”
“ ဖွီ အဲတိရိစ္ဆာန်ကို ဘယ်သူက သိလို့လဲ”
ယိုကျူးနှင့် တပ်မှူးရွှီကြားတွင် ဘာအငြိုးများရှိနေသည်ကိုတော့ သူမ မသိပေ။ မကြီးက ထိုပုဂ္ဂိုလ်အကြောင်း ထုတ်ပြောလိုက်သည်ကို ကြားလိုက်ရချိန်တွင် သူမသည် မိန်းကလေးတို့၏ ဣန္ဒြေကို လုံးဝဂရုမစိုက်တော့ဘဲ ရိုင်းရိုင်းစိုင်းစိုင်း တံတွေးထွေးလိုက်တော့သည်။
“ ကြမ်းတမ်းတဲ့ တိရိစ္ဆာန်ကောင်ကြီး၊ ဒီမိန်းကလေးက စိတ်မဝင်စားပါဘူးနော်”
“ ဪ”
ယိုကျင့်က အလွန်စိတ်ဝင်စားသွားကာ ပြန်ပြောလိုက်လေသည်။ သူမရဲ့ညီမလေးက ဒီတပ်မှူးရွှီဆိုတဲ့သူနဲ့ နက်ရှိုင်းတဲ့ ဆက်ဆံရေးတစ်ခု ရှိနေတယ်လို့ သူမက ဘာလို့ ခံစားမိနေပါလိမ့်။ အခုပဲ ရောက်လာပြီး မြန်မြန် ပြန်ထွက်သွားသည့် ညီမလေးကို လိုက်ပို့ပေးလိုက်ပြီးနောက် ယိုကျင့်၏ မျက်လုံးများသည် တောက်ပသွားတော့သည်။ သူမက ချိုးဖန်ကို သူမညီမလေးနားတွင် အလုပ်အကျွေးပြုနေသူ တစ်ယောက်ကို ခေါ်ခိုင်းလိုက်လေသည်။
လီရှားနှင့် ကုယွီတို့သည် ယိုကျူးကို လေးငါးနှစ်လောက် ခစားလာသည့် ဝါရင့်အလုပ်သမား ဖြစ်ကြသည်။ သူတို့သည် အကြီးဆုံးမမလေး၏ခြံဝင်းက အစ်မချိုးဖန်က သူတို့ကို လာရှာသည်ကို တွေ့လိုက်ရတော့ အမိန့်ကို နာခံရန် အကြီးဆုံးမမလေး၏ခြံဝင်းသို့ အလျင်အမြန် ရောက်လာကြတော့သည်။
ပင်မခန်းမထဲတွင် လက်များကို ချထားပြီး ရပ်နေကြသည့် လူနှစ်ယောက်ကို ကြည့်လိုက်ပြီး ယိုကျင့်က ပုံမှန်အတိုင်း ပြောလိုက်လေသည်။
“ မင်းတို့နှစ်ယောက်က တတိယမမလေးကို စောင့်ရှောက်ဖို့ တာဝန်ယူထားတာနော်၊ မင်းတို့နှစ်ယောက်ကို မေးအုံးမယ်၊ တတိယမမလေးက ဒီနေ့ ဘာလို့ စိတ်ဆိုးနေတာလဲ”
လီရှားနှင့် ကုယွီတို့သည် တပ်မှူးရွှီမိသားစုက လူလွှတ်ပြီး လက်ထပ်ပွဲ လာမေးထားမှန်း မသိကြပေ။ သူတို့သည် အကြီးဆုံးမမလေးက တတိယမမလေးက ကျန်းမာသန်စွမ်းလှသည်ကို မြင်သဖြင့် ကိစ္စတချို့ကို သိချင်သည်ဟု ထင်လိုက်လေသည်. သူတို့က အချင်းချင်း အပြန်အလှန်ကြည့်လိုက်ကြပြီး သည်နေ့ဖြစ်ခဲ့သည့် ကိစ္စအားလုံးကို ပြောပြလိုက်တော့သည်။
“ ဒီနေ့ အမျိုးသမီးကျောင်းတော်မှာ နေ့လယ်စာ နားချိန်တုန်းက တတိယမမလေးက ဒုတိယမမလေး မွေးတော့မဲ့ကိစ္စကို တွေးမိသွားပြီး ဒုတိယမမလေးအတွက် ပစ္စည်းတချို့ အပိုထပ်ဝယ်ပေးချင်တယ်တဲ့၊ ချင်ကျား လမ်းကြားကို ဖြတ်သွားတဲ့အချိန်မှာ ခိုးကြောင်ခိုးဝှက်သူခိုးတစ်ယောက်က တပ်မှူးရွှီကို ဝင်တိုက်သွားတယ်၊ တပ်မှူးရွှီနောက်က တတိယမမလေးက အဲဒါကို မြင်သွားပြီး သူခိုးကို နေရာမှာတင် ဖမ်းလိုက်တာ”
“တတိယမမလေးက စိတ်မြန်လက်မြန်လုပ်တတ်တာကို နင်တို့တွေက မစောင့်ကြည့်ထားဘူးလား”
ယိုကျင့်သည် သူမ၏ညီမလေးမှာ သိုင်းပညာနည်းနည်းပါးပါးတတ်ပြီး မျှတသည့်သဘောထားရှိမှန်း သိလေသည်။ သို့သော် သူမက လမ်းပေါ်တွင် သူခိုးထွက်ဖမ်းလိမ့်မည်ဟုတော့ လုံးဝမထင်ထားခဲ့ချေ။
“ ပြီးတော့ တတိယမမလေးက တပ်မှူးရွှီကို ကူညီပေးခဲ့တာမလား၊ ဒီတပ်မှူးရွှီက ဘယ်လိုဖြစ်ပြီး ကျေးဇူးတရားကို ရန်ငြိုးဖြစ်အောင် လုပ်ပစ်တာလဲ”
အကြီးဆုံးမမလေး၏ မေးခွန်းကို ကြားလိုက်ရသည်တွင် လီရှားနှင့် ကုယွီတို့သည် အချင်းချင်း လှမ်းကြည့်လိုက်ကြသော်လည်း ထိုကိစ္စကို ဖုံးကွယ်မထားရဲပေ။
“ သူခိုးက ၈-၉နှစ်အရွယ်လောက်ပဲ ရှိသေးတာ၊ တတိယမမလေးက သူ့ကို ရုံးတော်ကို ပို့လိုက်ချင်တာလေ၊ သူခိုးရဲ့ ဆင်းရဲတဲ့မိသားစုအခြေအနေရယ် ပြီးတော့ မိုက်မိုက်ကန်းကန်းနဲ့ ခိုးခဲ့တာကလည်း အိမ်မှာ အပြင်းဖျားနေတဲ့ အဘွားကြောင့်ဆိုတော့ တပ်မှူးရွှီက သနားသွားတာ၊ သူက တတိယမမလေး သူခိုးဆီက ပြန်ယူပေးခဲ့တဲ့ ပိုက်ဆံအိတ်ကို သူခိုးကို ပြန်ပေးလိုက်တဲ့အပြင် တတိယမမလေးကိုလည်း အမျိုးသမီးတစ်ယောက်က ဣန္ဒြေရရနဲ့ ကျက်သရေရှိရှိ နေသင့်တယ်ဆိုပြီး နည်းနည်းလောက် ဆုံးမလိုက်သေးတယ်၊ တထစ်ရှိ အော်ဟစ် ရိုက်နက် လူသ-တ်တာက တကယ်ပဲ မသင့်တော်လှဘူးဆိုပြီး....”
“ အဲဒီတော့...”
ယိုကျင့်သည် ညီမလေးဖြစ်သူ၏ ဒေါသကို ကောင်းကောင်းသိလေသည်။ သူမ၏စေတနာက မြည်းတစ်ကောင်လို ဆက်ဆံခံလိုက်ရပြီး ဆုံးမခံလိုက်ရသေးသည်။ သူမသည် သည်ကိစ္စကို လုံးဝ သည်းခံနိုင်လိမ့်မည်မဟုတ်ပေ။
လီရှားက တံတွေးမျိုချလိုက်တော့သည်။ ကံကိုသာ ပုံချထားလိုက်ပြီး ဆက်ပြောလိုက်၏။
“ တတိယမမလေးက ဒေါသကို မထိန်းနိုင်တော့ဘဲနဲ့ တပ်မှူးရွှီနဲ့ ရန်ဖြစ်တော့တာပဲ....”
“ ဘာရယ်”
ယိုကျင့်၏ မျက်လုံးလှလှလေးများမှာ အထိတ်တလန့်ဖြစ်သွားတော့သည်။ သူမသည် လီရှားနှင့် ကုယွီတို့ကို မယုံကြည်နိုင်သလို စိုက်ကြည့်လိုက်တော့သည်။
“ နင်တို့ ပြောချင်တာက တတိယမမလေးက လမ်းပေါ်မှာ လူတစ်ယောက်ကို အရင်စပြီး တိုက်ခိုက်တယ် ဟုတ်လား”
“ အစေခံမက အမှားကိုသိပါပြီ၊ အကြီးဆုံးမမလေး ကျေးဇူးပြုပြီး အပြစ်ပေးပါ”
အကြီးဆုံးမမလေးက အမှန်ပင် ဒေါသထွက်သွားသည်ကို တွေ့လိုက်ရသဖြင့် လီရှားနှင့် ကုယွီတို့သည် ကိုယ့်ကိုယ်ကို မခုခံတော့ဘဲ ကြမ်းပြင်ပေါ်တွင် ဒူးထောက်ချလိုက်တော့သည်။
ယိုကျင့်မှာ အသက်ကို ရှည်ရှည်လေး ရှူသွင်းလိုက်ပြီး လက်ယမ်းကာ ပြောလိုက်တော့သည်။
“ အရင်ဆုံး ထကြ”
ထို့နောက် သူမက ကုလားထိုင်ပေါ်တွင် ထိုင်လိုက်ပြီး စကားတစ်ခွန်းမှ မပြောဘဲ အချိန်တော်တော်ကြာအောင် တရားမှတ်နေလိုက်လေသည်။
လီရှားနှင့် ကုယွီတို့ကလည်း စကားမပြောရဲချေ။ သူတို့သည် ထိုနေရာတွင်ပင် လက်မှိုင်ချကာ ရပ်နေပြီး အကြီးဆုံးမမလေး၏ အမိန့်ကို စောင့်ဆိုင်းနေကြတော့သည်။
“ လီရှားနဲ့ ကုယွီက တတိယမမလေးက တစွတ်ထိုးလုပ်တာကို မတားမြစ်ခဲ့ဘူး၊ သူတို့ကို အပြစ်ပေးတဲ့အနေနဲ့ သုံးလစာ လုပ်အားခ ဒဏ်ပေးလိုက်မယ်”
ခဏကြာပြီးနောက် သူတို့နှစ်ယောက်သည် အကြီးဆုံးမမလေး၏ အပြစ်ပေးခြင်းကို ခံယူလိုက်တော့သည်။ သူတို့သည် သုံးလစာ လစာကိုသာ ဖြတ်ခံရမည်ဟု ကြားလိုက်ချိန်တွင် ရင်ထဲ အလုံးကြီးကျသွားကာ စိတ်အေးသွားတော့သည်။ ထို့နောက် အကြီးဆုံးမမလေး ဆက်ပြောလိုက်သည့်စကားကို ကြားလိုက်ရလေသည်။
“ ဒီနေ့ ငါ နင်တို့ကို ဒီကို ခေါ်မေးတဲ့ကိစ္စ တတိယမမလေး မသိစေနဲ့”
“ဟုတ်ကဲ့”
သူတို့နှစ်ယောက်သည် အကြီးဆုံးမမလေး၏အမိန့်ကို စိတ်ထဲတွင် မှတ်ထားလိုက်တော့သည်။ အကြီးဆုံးမမလေးက ထပ်မှာစရာ မရှိတော့သည်ကို တွေ့လိုက်ရချိန်တွင် ပြန်ထွက်သွားကြတော့သည်။ အပြင်ဘက်က အပြာရောင်ကောင်းကင်ကြီးကို မော့ကြည့်ရင်း သူတို့သည် စိတ်အေးသွားကာ သက်ပြင်းချလိုက်ကြလေသည်။
သူမ၏ညီမလေးနှင့် တပ်မှူးရွှီတို့ကြားက ရန်ငြိုးမှာ သည်ကိစ္စကြောင့် ဖြစ်ရမှန်း သိလိုက်ရပြီးနောက် ယိုကျင့်မှာ စိတ်အေးသွားတော့သည်။ သူမက ပြုံးပြီး ချိုးဖန်ကို ရယ်စရာပြောလိုက်လေသည်။
“ ဒီတပ်မှူးရွှီက အရည်အချင်းတော့ ရှိသားပဲ၊ ယိုကျူးကို ထိန်းနိုင်တယ်တဲ့လေ”
“ အခုလေးတင် လီရှားတို့နှစ်ယောက် ပြောသွားတာကို နားထောင်ကြည့်ရတာတော့ တပ်မှူးရွှီက နည်းနည်း တစ်ဖက်သတ်ဆန်ပြီး ဇွတ်တရွတ်နိုင်သလိုပဲ၊ တတိယမမလေး နစ်နာမှာ စိုးမိတယ်”
ချိုးဖန်က စားပွဲဘေးတွင် ရပ်ကာ ဖြည်းညင်းစွာ မှင်သွေးပေးရင်း သူမ၏အမြင်ကို မမလေးအား ထုတ်ပြောလိုက်လေသည်။
“ ဒီလိုဆိုရင်လည်း သူတို့အချင်းချင်း အရင်တွေ့ကြပါစေအုံးပေါ့၊ အခြေအနေ မကောင်းတော့လည်း ငါတို့တွေ ဒီကိစ္စကို လက်ရှောင်လိုက်ကြမယ်”
ချိုးဖန်၏ စကားကို နားထောင်လိုက်ပြီးနောက် ယိုကျင့်သည် အဓိပ္ပာယ်ရှိသည်ဟု ထင်မိပြီး ပြန်ပြောလိုက်လေသည်။ လက်ထဲက စုတ်တံကို ချထားလိုက်ပြီး သူမက ပြောလိုက်၏။
“ ဒါဆို ဒီကိစ္စကို နောက် ရက်နည်းနည်းကြာမှ စမ်းကြည့်ကြတာပေါ့”
ညီမငယ်လေးများ၏ တစ်သက်စာ အရေးအတွက် ယိုကျင့်သည် အလွန်မှ သတိရှိနေဆဲပင်။ သည်ခေတ်ကာလတွင် အမျိုးသမီးများသည် လက်ထပ်ရာတွင် အမြဲတမ်း နစ်နာကြရလေသည်။ သူမသည် ညီမငယ်လေးမျာ၏ ကျန်သည့်ဘဝတစ်လျှောက်လုံးအတွက် မစိုးရိမ်ဘဲ မနေနိုင်ပေ။ သို့သော် သူမသည် တစ်ဘဝစာအတွက် အနည်းဆုံး အချင်းချင်း အပြန်အလှန် ထောက်ပံ့ပေးနိုင်မည့် လူတစ်ယောက်ကိုတော့ ရွေးချယ်ပေးရပေမည်။
…
အပိုင်း ( ၁၅၈.၂)
ရွှီမောက်လင် အနေဖြင့် သူသည် လွန်ခဲ့သည့် သုံးနှစ် ၁၅နှစ်သားအရွယ်ကတည်းက ရန်သူများကို ချေမှုန်းက စစ်တပ်အတွင်းသို့ ဝင်ခဲ့လေသည်. လော့ဟယ်ကို ကာကွယ်ရသည့် တိုက်ပွဲတွင် သူသည် ရန်သူ့တပ်၏ ဘယ်တောင်ပံ့ရှ့ပြေးတပ် ခေါင်းဆောင်ကို ခေါင်းဖြတ်သ-တ်ခဲ့သည်။ အသက် ၂၀မပြည့်ခင် သူသည် တပ်အတွင်း၌ အဆင့် ၆ တပ်မှူးတစ်ယောက် ဖြစ်လာခဲ့သည်။ ထိုအရာက သူ့ကို အရည်အချင်းပြည့်ဝသူတစ်ယောက်မှန်း သက်သေပြခဲ့သည်။
ရွှီမိသားစုသည်လည်း မူလက ဘွဲ့တံဆိပ်ရ အထက်တန်းမိသားစုတစ်ခု ဖြစ်လေသည်။ ရွှီမောက်လင်၏ မျိုးဆက်သို့ ရောက်သောအခါ အထက်တန်းစားမိသားစုများထဲတွင် နောက်ဆုံးမျိုးဆက်ဖြစ်လာခဲ့သည်။ မိသားစုထဲတွင် တစ်ဦးတည်းသောသားဖြစ်သူ သူ၊ ဆယ်နှစ်ကျော် မုဆိုးမဖြစ်နေသည့် အမေနှင့် ၁၃နှစ်အရွယ် ညီမလေးတစ်ယောက်သာ ရှိလေသည်။ မိသားစု မျိုးဆက်သုံးခုတိုင်တိုင် ဘွဲ့တံဆိပ်ကို ဆက်ခံခဲ့ပြီး မိသားစုထဲတွင် အမွေအနှစ်တချို့ ရှိနေသေးသည်။
သည်တစ်ကြိမ်တွင် ရွှီမိသားစုက စုမိသားစုထံတွင် လက်ထပ်ရန် သွားရောက်ကြောင်းလမ်းသောအခါ အမေရွှီက ဆုံးဖြတ်ချက်ချခဲ့ပြီးမှ ရွှီမောက်လင်နှင့် ထိုကိစ္စကို တိုင်ပင်ခဲ့ခြင်းပင်။ သည်ကိစ္စကို သိလိုက်ရပြီးနောက် သူက အမေရွှီကို မဖြစ်မနေ ရှင်းပြလိုက်တော့သည်။
“ သားက အခုမှ ၁၈နှစ်ပဲရှိသေးတယ်၊ ဂုဏ်ထူးဆောင်ဖို့ အချိန်ကိုက်ပဲလေ၊ ယောကျ်ားတစ်ယောက်က ဇနီးမရှားပါဘူး ဟုတ်တယ်မလား၊ အရေးကြီးအဆုံးက ဂုဏ်ထူးဆောင်ရဖို့ပဲ၊ ကျွန်တော့်ရဲ့ ရွှီမိသားစုရဲ့ အိမ်တိုင်ကို ပြန်ထောင်ဖို့က အရေးအကြီးဆုံး ဦးစားပေးကိစ္စပဲ”
အမေရွှီသည် ကျန်းနန်က အမျိုးသမီးတစ်ယောက်နှင့် အနည်းငယ် ဆင်လေသည်။ သူမ၏ မျက်ခုံးနှင့်မျက်လုံးများကသာ အကြီးဆုံးသားနှင့် ဆင်သည်။ သူမ၏ဆုံးပါးသွားပြီဖြစ်သည့် ခင်ပွန်းသည်နှင့် ၇၀%လောက်တူသည့် အကြီးဆုံးသားကို ကြည့်ရင်း အမေရွှီမှာ သက်ပြင်းချလိုက်တော့သည်။
“ သားရဲ့ရည်ရွယ်ချက်ကို အမေ မသိဘဲ ဘယ်နေပါ့မလဲ၊ အမေ့ကျန်းမာရေးက အခု ပိုပိုပြီး ဆိုးလာလို့ပါ၊ ပြီးတော့ သားရဲ့ညီမလေးကလည်း စိတ်ပျော့တယ်၊ မိသားစုကို ထောက်ပံ့ပေးမဲ့ လူတစ်ယောက်တော့ လိုတယ်လေ”
အမှန်တွင်တော့ အမေရွှီသည် ယိုကျူးက ဒေါသကြီးသည်ဟု သိထားသော်လည်း သူမက ဒါကို အမူအကျင့်ကောင်းတစ်ခုဟု တွေးလေသည်။ သခင်ကြီး ဆုံးသွားပြီးတာနဲ့ သူမသာ ဖြစ်ပျက်သမျှကို တောင့်ခံပြီး မာန်မတင်းထားခဲ့ရင် သူတို့ မုဆိုးမနဲ့ မိဘမဲ့ကလေးတွေ အဲဒီမျိုးနွယ်စု ဆွေးမျိုးတွေရဲ့ ဝါးမျိုတာ ခံခဲ့ရလောက်ပြီးပြီ။ အဲလိုသာဆိုရင် သူမက ဒီကလေးနှစ်ယောက်ကို ဘယ်လို ပျိုးထောင်နိုင်ခဲ့မှာလဲ။
သားအကြီးဆုံးက ရည်မှန်းချက်ကြီးတွေရှိပေမဲ့ သမီးအငယ်ဆုံးက အရမ်းစိတ်ပျော့တယ်။ သူမကတော့ လွန်ခဲ့တဲ့ ၁၃နှစ်က သမီးငယ်လေးကို မွေးပြီးကတည်းက ကျန်းမာရေး မကောင်းတော့ဘူး။ ပြီးတော့ ပြီးခဲ့တဲ့နှစ် ဆောင်းတွင်းတုန်းက သူမ နေမကောင်းပြန်ဖြစ်လာခဲ့တယ်လေ။ အမေရွှီသည် သူမသာ ဆုံးပါးသွားလျှင် သည်မိသားစု ပြိုလဲသွားမည်ကို စိုးရိမ်နေခဲ့သည်။ ထို့ကြောင့် သူမက သားအကြီးဆုံးအတွက် ကောင်းမွန်သည့်မင်္ဂလာပွဲတစ်ခု ရွေးချယ်ပေးရန် အလျင်နေခြင်းပင်။
“ အမေရယ် ဒီလိုစိတ်ဆင်းရဲစရာ စကားတွေမပြောပါနဲ့၊ အခု အမေ့ခန္ဓာကိုယ်က ပြန်ကောင်းနေပါပြီ၊ အမေ့ခန္ဓာကိုယ်ကို စိတ်အေးအေးနဲ့ ပြုစုလို့ရပါတယ်၊ အရမ်းစိတ်မပူပါနဲ့”
ရွှီမောက်လင်သည် အမေရွှီ၏အတွေးများကို မသိပါချေ။ သူမသည် နေမကောင်းဖြစ်နေသဖြင့် အလွန်စိုးရိမ်နေသည်ဟုသာ ထင်လိုက်ပြီး သူမကို အနည်းငယ် နှစ်သိမ့်ပေးလိုက်လေသည်။
အမေရွှီက သက်ပြင်းချလိုက်၏။ သူမက သူမရဲ့ ခန္ဓာကိုယ်ကို သိတာပေါ့။ နှစ်နှစ် သုံးနှစ်လောက်ပဲ။ သူမ ဒီအတိုင်းထွက်သွားပြီး ကလေးနှစ်ယောက်က အခြေမကျသေးဘူးဆိုရင် ရွှီမိသားစုရဲ့ ဘိုးဘွားတွေကို ဘယ်လိုမျက်နှာနဲ့ သွားတွေ့ရမှာလဲ။
အမေဖြစ်သူကို ထိုသို့တွေ့လိုက်ရသဖြင့် ရွှီမောက်လင်သည် ဘာမှ ထပ်မပြောချင်တော့ပေ။ အမေ့အစေခံက အခုမှချပြီး ပြင်ဆင်လာသည့် ဆေးနှင့် ဝင်လာသည်နှင့် တိုက်ဆိုင်သွားလေေသည်။ အမေရွှီ ဆေးသောက်ရမည့်အချိန်ပင်။ ရွှီမောက်လင်သည် အမေဖြစ်သူက ဆေးသောက်ပြီး အနားယူတော့မည်ကို သိသဖြင့် သူမကို ထပ်ပြီး မနှောင့်ယှက်ချင်တော့ပေ။ သူသည် အစေခံကို သူမအား သေသေချာချာ စောင့်ရှောက်ဖို့သာ မှာကြားလိုက်တော့သည်။ စစ်တန်းလျားထဲတွင် အရေးကြီးကိစ္စ ရှိသေးသည်ဟု ဆိုကာ အတွင်းဘက်ခြံဝင်းထဲက ထွက်လာပြီး စစ်တန်းလျားသို့ ပြန်ရန် ပြင်ဆင်လိုက်တော့သည်။
“ အစ်ကို အပြင်သွားမလို့လား”
ရွှီမောက်လင်၏ ညီမလေး ရွှီယုံကျား ဖြစ်နေသည်။ သူမသည် အပြင်က ပြန်လာခဲ့ခြင်းပင်။
“ အခု နေက အရမ်းပူနေပြီ၊ အစ်ကို ခေါင်းမမူးအောင် ဂရုစိုက်နော်”
သူ့ညီမငယ်လေး၏ အပြုံးမျက်နှာက အနည်းငယ် နီမြန်းနေသည်ကို တွေ့လိုက်ရသဖြင့် ရွှီမောက်လင်က ခေါင်းညိတ်ပြကာ ပြန်ပြောလိုက်လေသည်။
“အစ်ကိုသိပါတယ်၊ နင်လည်း မြန်မြန်ဝင်တော့ အသားတွေမည်းကုန်မှာစိုးလို့”
“ သိပါပြီ”
ရွှီယုံကျားသည် အသားခပ်လတ်လတ် ရှိသူဖြစ်သည်။ သို့တိုင် သူမသည်လည်း နေလောင်မှာ စိုးလေသည်။ သူမသည် အမိုးအောက်တွင် ရပ်ကာ အစ်ကိုဖြစ်သူ အိမ်တော်မှ ထွက်သွားသည်ကို စောင့်ကြည့်ပေးလိုက်ပြီးနောက်မှ ပြန်လှည့်ကာ ခြံဝင်းထဲသို့ ဝင်သွားတော့သည်။ နေ့လယ်စာ စားပြီးနောက် သူမသည် ၄၅မိနစ်ခန့် စောင့်လိုက်ပြီးမှ ထလာကာ အတန်းတက်ရန် ကျောင်းတော်သို့ ပြန်သွားလိုက်လေသည်။
ရွှီယုံကျားသည်လည်း အာရ်ယာအမျိုးသမီးကျောင်းတွင် တက်ရောက်နေပြီး ယိုရင်နှင့် တစ်ခါတလေ စကားပြောဖြစ်ကြသည်။ ထို့ကြောင့် သူမသည် စုမိသားစု မိန်းကလေးများအကြောင်းကို နည်းနည်းပါးပါး သိလေသည်။ အမေရွှီက အောင်သွယ်တော်ကို စုမိသားစုဆီ သွားပြီး မင်္ဂလာပွဲကမ်းလှမ်းခိုင်းခဲ့သည့်နေ့က အမေရွှီက သူမ၏သမီးဖြစ်သူကို ယိုကျူး၏ အကျင့်စရိုက်အကြောင်း မေးခဲ့သေးသည်။ ရွှီယုံကျားသည် အမေက သူမကို မေးရသည့် အကြောင်းအရင်းကို မသိသော်လည်း သူမက လိမ်လိမ်မာမာနှင့် ပြန်ဖြေလိုက်လေသည်။
ရွှီယုံကျားသည် စိတ်ပျော့သဖြင့် ပွင့်ပွင့်လင်းလင်း တဲ့တိုးဆန်သည့် ယိုကျူးလို ဖြစ်ချင်ခဲ့သည်။ သူမ၏စကားလုံးများက အားကျမှု အပြည့်ပင်။ သူမသည် တစ်ယောက်ယောက်နှင့် ရင်းနှီးချင်လျှင် စိတ်သဘောကောင်းတစ်ခု ရှိရမည်။ ထို့ကြောင့် အမေရွှီနှင့် သမီးဖြစ်သူတို့က စုမိသားစု၏သမီးကို အလွန်မှ သဘောကျပြီး ဖြစ်နေတော့သည်။ ရွှီမောက်လင်တစ်ယောက်သာ။ သူသည် အမေဖြစ်သူက ပြောပြနေသည့် ပုဂ္ဂိုလ်ကြောင်းကိုပင် မသိပေ။
***
စုမိသားစုဘက်တွင်တော့ သက်တော်စောင့်ခေါင်းဆောင်ရှောင်က သည်နှစ်ရက်အတွင်း ရွှီမောက်လင်၏ နေ့စဥ် လုပ်ငန်းဆောင်တာများကို စုံစမ်းခဲ့ပြီးဖြစ်သည်။ သခင်နှင့် အစေခံသုံးယောက်သားက ရွှီမောက်လင် နေ့တိုင်းဖြတ်သွားနေကြ လမ်းဆုံဘေးက လက်ဖက်ရည်ဆိုင်တွင် စောင့်ဆိုင်းနေကြသည်။ ယိုကျင့်က ယိုကျူးကို ထိခိုက်အောင်လုပ်ခဲ့သည် ဟူသည့် ဆင်ခြေသုံးကာ သည်လူ၏ စိတ်နေစိတ်ထားကို သိရရန် နေရာတွင်ပင် သူ့ကို ဖြတ်ခေါ်ထားဖို့ စီစဥ်ထားလေသည်။
မြို့ထဲတွင် မြင်းများကို အရှိန်ဖြင့် စီးနင်းခွင့် မပြုထားချေ။ ထို့ကြောင့် ရွှီမောက်လင်သည် မြင်းပေါ်တွင် သည်အတိုင်း လိုက်ပါလာပြီး ဖြည်းညင်းစွာ လျှောက်သွားရင်း လမ်းတစ်လျှောက် လော့ဟယ်မြို့၏ ဒေသအလေ့အထကို ပျော်ရွှင်စွာ ကြည့်ရှုလာခဲ့သည်။ သူသည် လော့ဟယ်သို့ရောက်လာသည်မှာ ၄-၅နှစ်သာ ရှိသေးသည်။ မြို့တော်မှာ ရှိသည့် အမေနှင့်ညီမလေးကို စိတ်ပူသည့်အတွက် တပ်မှူးအဆင့်ရာထူးကို ချီးမြင့်ခဲ့ရပြီး တမြန်နှစ်က ခြံဝင်းနှစ်ခုပါ အိမ်တစ်လုံးကို ချထားပေးခံရသဖြင့် ရွှီမောက်လင်က အမေနှင့်ညီမလေးကို လော့ဟယ်သို့ ခေါ်ထားလိုက်လေသည်။
“ တပ်မှူးရွှီ အရိုအသေပြုပါတယ်” သက်တော်စောင့်ခေါင်းဆောင်ရှောင်က ရွှီမောက်လင်ကို ချောချောမွေ့မွေ့ တားလိုက်လေသည်။
ရွှီမောက်လင်သည် သူ့မြင်း၏လမ်းကို ပိတ်ဆို့ထားသူမှာ အသက်၃၀ဝန်းကျင် ယောက်ျားတစ်ယောက် ဖြစ်နေမှန်း တွေ့လိုက်ရသည်။ သူ့အရောင်အဝါနှင့် အငွေ့အသက်ကို အကဲခတ်လိုက်ပြီး သူသည် ကျွမ်းကျင်သည့် တိုက်ခိုက်သူတစ်ယောက်မှန်း သိလိုက်လေသည်။ ရွှီမောက်လင်သည် အကြောင်းအရာကို မသိသော်လည်း သူက မြင်းပေါ်က ဆင်းကာ ပြန်ဖြေလိုက်လေသည်။
“ နောင်ကြီးက ကျွန်တော့်ကို ဘာများ ထောက်ပြပေးမလို့လဲ သိချင်ပါတယ်”
သက်တော်စောင့်ခေါင်းဆောင်ရှောင်က လက်နှစ်ဖက်ကို ယှက်လိုက်ကာ ပြောလိုက်လေသည်။
“ ပြီးခဲ့တဲ့ ရက်အနည်းငယ်တုန်းက ချင်ကျားရှန်းမှာ ဖြစ်ခဲ့တဲ့ကိစ္စအတွက် ကျွန်တော့်သခင်က လူကြီးမင်းကို ဖိတ်ကြားဖို့ ဒီကို ရောက်နေပါတယ်”
ရွှီမောက်လင်သည် သူက ချင်ကျားရှန်းဟု ထုတ်ပြောလိုက်သည်ကို ကြားလိုက်ရသောအခါ သူ့ကိုယ်သူ ပြန်စဥ်းစားလိုက်လေသည်။ “ ဧကန္တ အဲနေ့တုန်းက တွေ့ခဲ့တဲ့ ကလေးမများလား”
သူ့အမူအရာကတော့ ပြောင်းလဲမသွားချေ။ သူက မေးလိုက်၏။
“ ကျွန်တော် အဲဒီနေ့က ခင်ဗျား သခင်ကို သူ့စေတနာအတွက် ကျေးဇူးတင်စကား ပြောခဲ့ပြီးပါပြီ၊ ဒီနေ့ ကျွန်တော့်ကို ဘာဖြစ်လို့ ဖိတ်ကြားတာလဲမသိဘူးနော်”
သူသည် အပေါ်ယံတွင် ထုတ်မပြသော်လည်း စိတ်ထဲတွင်တော့ သတိအနေအထား ဖြစ်နေသေးသည်။ ဒါက နေ့တိုင်း စခန်းကို ပြန်တဲ့လမ်းလေ။ ဒီလူက သူတို့တွေ သူ့ကို ဒီနေရာမှာ တားနိုင်တယ်လို့ သိနေတယ်ဆိုတော့ သူနေတဲ့နေရာကို သေသေချာချာ သိထားမှာပဲ။ တစ်ဖက်လူက ရန်သူလား မိတ်ဆွေလား မသိရသေးသဖြင့် ရွှီမောက်လင်သည် အလျင်စလို မလုပ်ရဲပေ။
သက်တော်စောင့် ခေါင်းဆောင်ရှောင်က ဘာမှ မပြောတော့ပေ။ သူက လက်နှစ်ဖက်ယှက်ထားပြီး အထဲဖို့ သူ့ကို ဖိတ်လိုက်တော့သည်။
“တပ်မှူးရွှီ ကြွပါ”
ရွှီမောက်လင်သည် မတတ်သာတော့ဘဲ မြင်းဇက်ကြိုးကို အနီးက လက်ဖက်ရည်ဆိုင်ထဲက ကောင်လေးဆီ ပစ်ပေးလိုက်ပြီး သက်တော်စောင့် ခေါင်းဆောင်ရှောင်နောက်လိုက်သွားကာ လက်ဖက်ရည်ဆိုင်ထဲသို့ ဝင်သွားတော့သည်။
ဒုတိယအထပ်၏ သီးသန့်ခန်းထဲ ဝင်လိုက်သည်နှင့် သူမြင်လိုက်ရသည့် သခင်က ထိုနေ့က ကလေးမ မဟုတ်သည်ကို တွေ့လိုက်ရသဖြင့် အနည်းငယ် စဥ်းစားမရဖြစ်သွားတော့သည်။ အမျိုးသမီးငယ်လေးက အပျိုစင် ဆံထုံးပုံကိုစံကို ဖြီးသင်ထားသည်ကို တွေ့လိုက်ရသဖြင့် သံသယကို ရှောင်ရှားရန် သီးသန့်ခန်းတံခါးကို တမင် ဖွင့်ထားလိုက်လေသည်။ သူ့မျက်နှာက တစ်စက်ကလေးမှ ဟန်မပျက်သွားချေ။
“ မိန်းကလေးက ကျွန်တော့်ကို ဘာလို့တားခဲ့တာလဲ သိပါရစေ”
ယိုကျင့်သည် ရွှီမောက်လင် ဝင်လာကတည်းက သေသေချာချာ လေ့လာထားလိုက်လေသည်။ ရှီမောက်လင်သည် အရပ် ၇ပေ မြင့်သည်။ သူသည် စစ်တပ်စခန်းထဲတွင် နေဒဏ်မိုးဒဏ် ထိတွေ့ခဲ့ရသောကြောင့်ဖြစ်မည်။ သူသည် သာမန်ယောက်ျားများထက် ပိုပြီး အသားညိုသည်။ သို့တိုင် သူ့မျက်ခုံးများက အလွန်မှ ထင်ရှားသည်။ သူသည် အသားပိုဖြူခဲ့လျှင် ကျောက်စိမ်းသခင်လေးတစ်ယောက် ဖြစ်ပေလိမ့်မည်။ အရေးအကြီးဆုံးအချက်မှာ ရွှီမောက်လင်သည် စစ်သားတစ်ယောက် ဖြစ်သောကြောင့် သူ့မျက်ခုံးနှစ်ကြားတွင် ဖြောင့်မတ်မှန်ကန်သည့် သဘောတစ်ခု ရှိနေသည်။ ယိုကျင့်၏ သည်လူ့အပေါ် ပထမဆုံးအမြင်က တော်တော်ကောင်းလေသည်။
သို့သော် ကပြဖို့လိုသည့် ပြဇာတ်ကိုတော့ ဆက်ကရဖို့လိုသည်။ မျက်နှာသေဖြင့်ရှိနေသည့် ယိုကျင့်က သူမ၏ အပိုင်းကို ချက်ချင်းစလိုက်တော့သည်။ သူမက ရွှီမောက်လင်ကို ခပ်စိမ်းစိမ်း တည့်တည့်စိုက်ကြည့်လိုက်ပြီး
“ ကျွန်မ ဘယ်သူလဲ ဟုတ်လား၊ ကျွန်မတို့ စုမိသားစုက ကျေးလက်နောက်ခံက လာတယ်ဆိုပေမဲ့လည်း တပ်မှူးရွှီက အနိုင်ကျင့်တာ နည်းနည်းတော့ လွန်ပါတယ်၊ ကျွန်မညီမလေးက ရှင့်အတွက် စေတနာနဲ့ သူခိုးဖမ်းပေးခဲ့တာ သိသိရက်နဲ့ ရှင်ကတော့ သူနဲ့ လမ်းပေါ်မှာ ရန်ဖြစ်ခဲ့တာလေ၊ အခုတော့ ကျွန်မတို့စုမိသားစုရဲ့သမီးက ရန်လိုလှပါလားဆိုပြီး လော့ဟယ်မှာ မသိတဲ့သူ ဘယ်သူရှိသေးလဲ၊ ဒီကိစ္စကြောင့်ပဲ ကျွန်မညီမလေးမှာ မစားနိုင်မသောက်နိုင် ဖြစ်နေရပြီ၊ သူက သေချင်တယ်ချည်းပဲ ပြောတယ်ရှင့်၊ တပ်မှူးရွှီက ကျွန်မကို သေချာမရှင်းပြပေးရင်တော့ မနက်ဖြန် တော်ဝင်တံဆိပ်ပြားကို ရှင့်စစ်တန်းလျားဆီ သယ်လာပြီး မြင်းတပ်အရာရှိလျိုဆီမှာ တရားမျှတမှု လာတောင်းဆိုရလိမ့်မယ်”
ရွှီမောက်လင်သည် သူမက ခိုင်မာသည့်လေသံဖြင့် ဆဲဆိုနေသည်ကို နားထောင်နေလိုက်လေသည်။ သူ့မျက်နှာပေါ်တွင် ရှက်ရွံ့ခြင်း မရှိဘဲ ၇၀% အပြစ်ရှိသလိုခံစားချက်နှင့် ၃၀% စိတ်ပူနေပုံရလေသည်။ သူက ယိုကျင့်ကို ဦးညွှတ်လိုက်ပြီး
“ ကျွန်တော် အဲနေ့က အရမ်းစိတ်လိုက်မာန်ပါ ဖြစ်သွားခဲ့ပါတယ်၊ ကျွန်တော့်အမှားပါ၊ ကျွန်တော် နောက်ဆက်တွဲအကျိုးဆက်ကို တာဝန်ယူဖို့ ဆန္ဒရှိပါတယ်၊ မိန်းကလေးက ကျွန်တော့်ကို ဖြေရှင်းခွင့်ပေးပါ”
ပြတ်သားလှသည့် သူ့ကို ကြည့်ရင်း သူသည် သူ့အမှားကို စိတ်ရင်းနှင့် ဝန်ခံနေမှန်း သူမ ပြောနိုင်လေသည်။ ဒီလူက တကယ်တာဝန်ယူတတ်တဲ့သူပဲဟု သူမ၏ စိတ်ထဲတွင် စဥ်းစားလိုက်မိလေသည်။ သို့တိုင် သူမက ဒေါသဖြစ်နေသည့် မျက်နှာထားကို ဆက်ထိန်းထားလိုက်ပြီး
“ ရှင်ကတော့ ဒီကိစ္စ လုံးဝပေါ့ပေါ့ပါးပါးပဲ ပြောလိုက်တာပဲ၊ အပျိုစင်တစ်ယောက်ရဲ့သိက္ခာတွေဆိုတာ အရေးအကြီးဆုံးဆိုတာ ရှင်မသိဘူးလား၊ ကျွန်မရဲ့ တတိယညီမလေးက ရှင်နဲ့ လမ်းပေါ်မှာ အဆင်မပြေ ဖြစ်ခဲ့ရတယ်လေ၊ မျက်လုံးဘယ်နှစ်လုံးကများ မြင်သွားခဲ့ပြီလဲ မသိဘူး၊ ကျွန်မရဲ့ တတိယညီမလေးရဲ့ သိက္ခာနဲ့ အပြစ်ကင်းစင်မှုကို ရှင်က ဘာနဲ့ လျော်ပေးမှာလဲ”
“ တတိယမိန်းကလေးက ဆန္ဒရှိသ၍ ကျွန်တော် ဒီနေ့ အိမ်က အမေကို ရှင်းပြပြီး မိန်းကလေးတို့ အိမ်တော်ကို လာရောက် တောင်းရမ်းပါ့မယ်”
ရွှီမောက်လင်သည် လွှတ်ခနဲ ထွက်သွားပြီးနောက် အလျင်လိုသည်ထက် ပိုနေသည့် သူ့ကိုယ်သူ စိတ်ထဲတွင် မုန်းမိသွားတော့သည်။ စုမိသားစု၏ မိန်းကလေးက သူ့ကို ပိုပြီးသဘောမတွေ့မှာ စိုးမိသွားပြီး
“ ကျွန်တော်က အလောတကြီး လုပ်တတ်တဲ့သူ မဟုတ်ပါဘူး၊ ဒီအတိုင်းပဲ... ဒီအတိုင်း...”
ရွှီမောက်လင်သည် မည်သို့ရှင်းပြရမည် မသိဖြစ်သွားပြီး ရှက်သွားကာ စကားစ, ပျောက်သွားတော့သည်။
သူ့ကို ဤပုံစံ တွေ့လိုက်ရသဖြင့် ယိုကျင့်သည် စိတ်ဝင်စားသွားပြီး ပြောလိုက်တော့သည်။
“ ဒီမင်္ဂလာပွဲက မလုပ်ချင် လုပ်ချင်နဲ့ ဖြစ်သွားတာပဲ၊ ကျွန်မရဲ့တတိယညီမလေးက ရှင်တို့ရွှီအိမ်တော်ထဲ ဝင်သွားတာနဲ့ သူ့မှာ ကောင်းမွန်တဲ့ဘဝတစ်ခု ရနိုင်ပါ့မလား၊ ရှင် သိထားရမှာက အဲဒီနေ့ကစပြီး ကျွန်မရဲ့ တတိယညီမလေးက ရှင့်လက်ထဲမှာ နစ်နာရတော့မယ်ဆိုတာကိုလေ”
ဟုတ်တယ်လေ။ ယိုကျူးက သေအောင် အရိုက်မခံရဘူးဆိုပေမဲ့ သူမရဲ့ ဟန်တလုံးပန်တလုံး သိုင်းပညာနဲ့တော့ တိုက်ပွဲမှာ အစမ်းသပ်ခံပြီးဖြစ်တဲ့ ရွှီမောက်လင်နဲ့တော့ ဘယ်လိုလုပ်ပြီး ပြိုင်ဘက်ဖြစ်နိုင်မှာလဲ။
ထိုနေ့က သူ့ကို ရုတ်တရက် တိုက်ခိုက်ခဲ့သည့် မိန်းမငယ်လေးအကြောင်းကို စဥ်းစားမိလိုက်လေသည်။ သူမသည် သူ့ကို မနိုင်သဖြင့် ခါးထောက်ကာ သူ့ကို ‘ ငတုံးမြည်းကြီး’ဟု ဆဲသွားသေးသည်။ ရွှီမောက်လင်သည် အကြောင်းတစ်ခုခုကြောင့် မပြုံးဘဲ မနေနိုင် ပြုံးချင်သွားတော့သည်။ သို့သော် လက်ရှိအခြေအနေတွင် မှားယွင်းစွပ်စွဲခံနေသည်ကို စဥ်းစားမိလိုက်ပြီး သူ့အပြုံးကို မြန်မြန် ဖိနှိပ်ထားလိုက်ကာ ပြန်ဖြေလိုက်တော့သည်။
“ မိန်းကလေးစုကို ဘရိုကိတ်ပုံပေါ်မှာ ထားပြီး ကျောက်စိမ်းလို အစားအသောက် ကျွေးနိုင်ဖို့ အာမမခံနိုင်ပေမဲ့ မိန်းကလေးစုက ဆန္ဒရှိတယ်ဆိုရင် ကျွန်တော် အားလုံးကို သေချာပေါက် ....”
ရွှီမောက်လင် စကားမဆုံးခင်မှာပင် အပြင်က ယောက်ျားတစ်ယောက်က ဖြတ်ပြောလိုက်တော့သည်။
“ သူက ဆန္ဒမရှိဘူး”
ဝါးစိမ်းရောင် ဘရိုကိတ်ဝတ်ရုံနှင့် လူငယ်တစ်ယောက်က ခြေလှမ်းကျဲဖြင့် ဝင်လာလေသည်။ ပထမတွင် သူက ရွှီမောက်လင်ကို ခပ်မာမာကြည့်လိုက်ပြီး နောက် စားပွဲဝိုင်းနောက်တွင် ထိုင်နေသည့် မိန်းကလေးစုကို ဆွဲထုတ်သွားတော့သည်။ ထူးဆန်းသည်မှာ မိန်းကလေးစုဘေးက ဘယ်သူမှ သူတို့၏ သခင်ကို ကယ်တင်ရန် ရှေ့မတိုးသွားကြခြင်းပင်။ ထိုအစား သူတို့အားလုံးက ပြုံးလိုက်ကြပြီး ခပ်လှမ်းလှမ်းမှ လိုက်သွားကြတော့သည်။
ဇဝေဇဝါဖြစ်နေသည့် ရွှီမောက်လင်သည် စကားမဆုံးခင်မှာပင် ထိုလူက ပျောက်ကွယ်သွားတော့သည်။ သူသည် ထိုလူက မိန်းကလေးစု၏လက်ကို တင်းနေအောင် ကိုင်ထားပြီး ပွင့်လင်းသည့် အပြုအမူတစ်ခုဖြင့် ထွက်သွားတော့သည်။
သူက သည်လူသည် မိန်းကလေးစုနှင့် အလွန်မှ ရင်းနှီးသည့် ဆက်ဆံရေးတစ်ခု ရှိရမည်ဟု စဥ်းစားလိုက်ပြီး အနည်းငယ်ရှက်ရွံ့ကာ ခေါင်းငုံ့ထားလိုက်လေသည်။
“တပ်မှူးရွှီ တောင်းပန်ပါတယ်၊ ကျွန်တော့်သခင် အယ် ဟိုလေ ကိစ္စလေး ပေါ်လာလို့ပါ၊ ခင်ဗျား အရင်ပြန်နှင့်လိုက်ပါ၊ ဘာကိစ္စပဲဖြစ်ဖြစ် နောက်တစ်ခေါက်မှ ထပ်ဆွေးနွေးကြတာပေါ့”
သက်တော်စောင့်ခေါင်းဆောင်ရှောင်သည် သူ့အရင်သခင်က သူ့လက်ရှိသခင်ကို ဆွဲခေါ်သွားသည်ကို စောင့်ကြည့်နေလိုက်လေသည်။ သူသည် ရှက်သွားပြီး တစ်နည်းနည်းဖြင့် ရယ်ချင်သွားတော့သည်။ သို့တိုင် သူသည် ရွှီမောက်လင်ကို ရှင်းပြဖို့ကိုတော့ မမေ့ခဲ့ချေ။
ရှောင်လင်းယွီဘက်တွင်တော့ သူသည် အကြီးဆုံးမမလေးက တပ်မှူးရွှီကို သွားတွေ့မည့်အကြောင်း စုမိသားစု၏ အစေခံများထံမှ နားစွန်နားဖျား ကြားခဲ့လေသည်။ စကားနားထောင်လို့ မပြီးသေးခင်မှာပင် သူသည် သူမကို သွားရှာရန် မြင်းပေါ်တက်ကာ လော့ဟယ်သို့ အလျင်စလို ထွက်လာခဲ့တော့သည်။ သူ ဝင်မသွားခင်မှာပင် ထိုသောက်ကျိုးနည်း တပ်မှူးရွှီက ယိုကျင့်အား ချစ်ခြင်နှစ်လိုဖွယ် ဖွင့်ဟဝန်ခံသည့်စကား ပြောလိုက်သည်ကို ကြားလိုက်ရတော့သည်။ သူသည် တစ်စက္ကန့်လေးမှ သည်းမခံနိုင်တော့ပေ။ ချက်ချင်း တိုးဝင်သွားပြီး ယိုကျင့်ကို လှမ်းဆွဲကာ ထွက်လာခဲ့တော့သည်။
သူတို့သည် လက်ဖက်ရည်ဆိုင်မှ ထွက်လာသည်နှင့် ချက်ချင်း သူ၏ဆူပွက်နေသည့်သွေးတို့က အနည်းငယ် အေးလာလေသည်။ သူ မြင်းတစ်ကောင်ထဲနဲ့ ထွက်လာတာပဲ။ ယိုကျင့်နဲ့ အတူတူစီးဖို့ မဖြစ်နိုင်ပါဘူး။ ဟုတ်တယ်မလား။ အဲလိုလုပ်ခဲ့ရင် သူမရဲ့ သိက္ခာကို တကယ်ဖျက်ဆီးသလို ဖြစ်သွားလိမ့်မယ်မလား။ ထိုသို့စဥ်းစားလိုက်ပြီး သူသည် ယိုကျင့်၏လက်ကို မြန်မြန် လွှတ်ပေးလိုက်တော့သည်။
ကံအားလျော်စွာ စုမိသားစု၏လှည်းမောင်းသမားသည် အကြီးဆုံးမမလေးနှင့် ရှောင်မိသားစု၏ အုပ်ချုပ်ရေးမှူးအမတ်တို့ ထွက်လာသည်ကို မြင်လိုက်ရသောအခါ သူက နားလည်မှုဖြင့် သူတို့ဆီ မောင်းလာခဲ့လေသည်။
“ အကြီးဆုံးမမလေး၊ အုပ်ချုပ်ရေးမှူးအမတ်မင်း”
ယိုကျင့်သည် ဖမ်းဆုပ်ခံလိုက်ရသဖြင့် အနည်းငယ်နာနေသည့် သူမ၏လက်ကို အသာယာ ခါလိုက်လေသည်။ သူမသည် ဘာမှမတတ်နိုင်ဘဲ သူ့ကို ဒေါသတကြီး ကြည့်လိုက်တော့သည်။ သူက ဘာတွေ မကျေမနပ် ဖြစ်နေတာတဲ့လဲ။ သူမသည် သူ့ကို လျစ်လျူရှုထားလိုက်ပြီး လှည်းပေါ်တက်သွားလိုက်တော့သည်။
ပွဲဖျက်ခဲ့မိမှန်း မသိသည့် ရှောင်လင်းယွီသည် ယိုကျင့်က သူမ၏မင်္ဂလာပွဲကို ဖျက်ခဲ့သည့်အတွက် သူ့ကို ဒေါသထွက်နေသည်ဟုသာ တွေးလိုက်လေသည်။ သူသည် ထိုအကြောင်းကို စဥ်းစားလိုက်ချိန်တွင် ပိုပြီး စိတ်အားငယ်လာတော့သည်။
“ အကြီးဆုံးသခင်လေး မမလေးက သခင်လေးကို စုကျားယန့်ဆီ ဖိတ်လိုက်ပါတယ်”
စုမိသားစု၏လှည်းသည် ထွက်သွားနှင့်ပြီး ဖြစ်သည်။ သက်တော်စောင့် ခေါင်းဆောင်ရှောင်တစ်ယောက်သာ နောက်တွင် နေခဲ့ပြီး သူ၏သခင်ဟောင်းကို သတင်းပါးလိုက်လေသည်။
ရှောင်လင်းယွီက သက်တောင်စောင့်ခေါင်းဆောင်ရှောင်ကို ရှုံ့မဲ့ကာ ပြုံးရင်း ကြည့်လိုက်ပြီး ပြောလိုက်လေသည်။
“ သက်တော်စောင့်ခေါင်းဆောင်ရယ် ပြောစမ်းပါ၊ ငါ တစ်ခုခုအမှား လုပ်ခဲ့မိလို့လား”
သက်တော်စောင့်ခေါင်းဆောင်သည် သူ့နှုတ်ခမ်းကို တင်းနေအောင် စေ့လိုက်ပြီးမှ မသိမသာ ခေါင်းညိတ်ပြလိုက်လေတော့သည်။
…
အပိုင်း (၁၅၈.၃)
“ ရှင် ခုနက ဘာလုပ်ခဲ့လဲဆိုတာ သိရဲ့လား”
ယိုကျင့်သည် သူမ၏မျက်ခုံးများကြားတွင် တဒုတ်ဒုတ် ခုန်နေသည်ကိုသာ ခံစားလိုက်ရတော့သည်။ သူမကို ယောက်ျားတစ်ယောက်က ဒီလို ဆွဲထုတ်သွားတာလေ။ ယိုကျူးက ရွှီမောက်လင်အပေါ် ခံစားချက်တစ်ခု ရှိနေနိုင်ပေမဲ့ သူမကိုယ်သူမ မသိဘူးဆိုတာ သူမ သိနေတယ်။ ရွှီမောက်လင်က စည်းကမ်းတင်းကျပ်တဲ့သူတစ်ယောက် ဖြစ်ပြီး သူတို့စုမိသားစုက သမီးတွေက အရမ်းကို ဟော့ရမ်းနေတယ်လို့ ထင်သွားရင် သူတို့တွေ ဘယ်လိုလုပ်ရတော့မှာလဲ။
ပုံမှန်ဆိုလျှင် စကားပြောဆိုရသည့် ညက်သည့် ရှောင်လင်းယွီသည် ယိုကျင့်ရှေ့တွင် ရပ်နေပြီး သူမကို ဘယ်က စပြောရမည်မသိ ဖြစ်နေတော့သည်။ ခဏကြာပြီးမှ သူက ဖြည်းဖြည်းချင်း တစ်ခွန်းစီ ပြောလိုက်တော့သည်။
“ အဲဒီလူက ကြည့်လိုက်တာနဲ့ လက်တွဲဖော်ကောင်းတစ်ယောက်နဲ့ မတူပါဘူး၊ သူက စံနှုန်းအတိုင်း မလိုက်တဲ့အပြင် ဒီလိုပေါ့ပျက်ပျက်နဲ့ ကတိတွေ ပေးလိုက်သေးတယ်၊ ကိုယ်၊ ကိုယ်က မင်း အန္တရာယ်ရှိတဲ့သူနဲ့ တွေ့မှာ စိုးလို့ပါ....”
ရှောင်လင်းယွီသည် ရှင်းနေရင်းမှ ပိုပိုပြီး အပြစ်ရှိသလို ခံစားလာရတော့သည်။ သူက ဒီအတိုင်း အတင်းဝင်သွာပြီး သူမကို ဆွဲထုတ်လာခဲ့တာပဲ။ ဒီအပြုအမူက တပ်မှူးရွှီရဲ့ အပြုအမူထက် မဆိုးရင်တောင် မလျော့ဘူးလား။
ယိုကျင့်သည် ပုံမှန်ဆိုလျှင် ခံ့ညားချောမောသည့် သခင်လေးရှောင်က ပြဿနာကောင် ဖြစ်သွားသည်နှင့် ချက်ချင်း အလွန်မှ ကျိုးကြောင်းမဆင်ခြင်နိုင်တော့သည်ကို လုံးဝ မသိခဲ့ပေ။ ဒေါသသလို ရယ်ချင်မိလေရာ သူမက ပြောလိုက်တော့သည်။
“ ဒါဆို သူ ဘာလို့ ကတိပေးခဲ့တာလဲဆိုတာကော ရှင်သိလား၊ ပြီးတော့ ဘယ်သူ့ကို ကတိပေးနေတာလဲ ဆိုတာကော ရှင်သိလား”
ယိုကျင့်မှာ ဒေါသထွက်လွန်းသဖြင့် အော်ရယ်မိတော့မည်ကို တွေ့လိုက်ရသဖြင့် ရှောင်လင်းယွီသည် ‘ အဲ ဟိုလေ’ ဟု ပြောမည်တွေးလိုက်သော်လည်း မတတ်သာတော့ဘဲ ဖြေလိုက်တော့သည်။
“ ဘာပဲဖြစ်ဖြစ်လေ ဒါက အရမ်းပေါ့ပျက်ပျက်နိုင်လွန်းတယ်....”
“ ရှင် ဒီစကားကို ရှင်ကိုယ်တိုင် ပြောရတာ မရှက်ဘူးလား”
ယိုကျင့်က အင်အားမဲ့သည့် ဒေါသကြည့်တစ်ချက်ဖြင့် သူ့ကို ကြည့်လိုက်ပြီး
“ ရှင် ယိုကျူးရဲ့ မင်္ဂလာပွဲကို ဖျက်ဆီးလို့ကတော့ ကျွန်မ ရှင့်ကို ဘယ်လိုရှင်းပစ်မယ်ဆိုတာ သိတယ်မလား”
သူမကို ဤသို့ တွေ့လိုက်ရသဖြင့် ရှောင်လင်းယွီသည် သူမကို ထပ်စိတ်မဆိုးတော့မှန်း သိလိုက်လေသည်။ သူသည် ထိုကိစ္စမှာ ယိုကျူးမင်္ဂလာပွဲအတွက်ဟု ကြားလိုက်ချိန်တွင် စိတ်အေးသွားကာ သက်ပြင်းချလိုက်ပြီး ခြေလှမ်းအနည်းငယ် ရွှေ့လိုက်ကာ သူမနှင့် ခပ်လှမ်းလှမ်းက စားပွဲလေးတစ်ခုတွင် ထိုင်ချလိုက်တော့သည်။ သူက လေသံပျော့ပျော့ဖြင့် ပြောလိုက်ု၏။
“ ကျင့်အာ ကိုယ်မှားမှန်း သိပါပြီ၊ မင်း ကိုယ့်ကို ဘယ်လိုပဲ အပြစ်ပေးပေး ကိုယ်လက်ခံပါ့မယ်နော် ဟုတ်ပြီလား”
နှစ်ယောက်သားသည် ပြီးခဲ့ရက်အနည်းငယ်က အကြောင်းအရင်း မည်မည်ရရမရှိဘဲ ရန်ဖြစ်ခဲ့ကြပြီး နောက်တွင်တော့ အကြောင်းအရင်း မည်မည်ရရမရှိဘဲ ပြန်ပြေလည်သွားကြတော့သည်။
သူ၏သိမ်မွေ့ကာ ချစ်မြတ်နိုးဟန်ကို တွေ့လိုက်ရသဖြင့် ယိုကျင့်မှာ မနေနိုင်တော့ဘဲ သူမ၏ တင်းနေသည့်နှုတ်ခမ်းပေါ်တွင် အပြုံးတစ်ခု ဖြစ်သွားတော့သည်။ ထိုနေ့က အမျိုးသမီးယွီ၏ စကားကို သတိရသွားပြီး သူမက တမင်ပြောလိုက်လေသည်။
“ ရှင့်အမေက သိပ်မကြာခင်တုန်းက ကျွန်မကို အထူးတလည်လာရှာပြီး ရှင့်ကိစ္စကို ထုတ်ပြောခဲ့တယ်လေ....”
“ကိုယ့်အမေက ကိုယ်ကို စိတ်ပူနေလို့ပါ၊ သူ မပြောသင့်တာ တစ်ခုခုပြောမိခဲ့ရင် စိတ်ထဲ မထားနဲ့နော်၊ ကိုယ် သူ့ကိုယ်စား တောင်းပါတယ်”
ရှောင်လင်းယွီသည် သူ့အမေက ယိုကျင့်အား သွားရှာခဲ့ကြောင်းကို မသိခဲ့ချေ။ သူမက သူ့အခြေအနေကို ချိုးဖျက်ဖို့ ကြိုးစားမည်စိုးသွားသဖြင့် သူက သူ့ရပ်တည်ချက်ကို မြန်မြန်ရှင်းပြလိုက်လေသည်။
“ဒါဆိုလည်း ဟုတ်ပြီလေ ရှင်က အဲလိုပြောမှတော့ ကျွန်မလည်း အဲကိစ္စကို စိတ်ထဲ မထားနေတော့ပါဘူး”
သူ့တုံ့ပြန်မှုက ရန်သူကြီးတစ်ယောက်နှင့် တွေ့ရနေရသည့်အလား ဖြစ်နေသည့်အတွက် ယိုကျင့်က စိတ်ထဲတွင် ရုတ်တရက် စဥ်းစားမိသွားပြီး ပြောလိုက်လေသည်။
“ အစတုန်းက သူပြောခဲ့တယ်လေ၊ သူက လက်ထပ်ဖို့အတွက် စဥ်းစားပေးစေချင်တာတဲ့၊ ပြီးတော့ ကျွန်မကလည်း လက်ခံရင်ကောင်းမလား၊ မကောင်းဘူးလားဆိုပြီး စဥ်းစားနေတာ၊ ရှင်က ဒီလိုပြောတယ်ဆိုတော့ အခု ဒီကိစ္စကို ဘေးချိတ်ထားလိုက်တာပေါ့”
သူမပြောလိုက်သည့် စကားကို ကြားလိုက်ရပြီးနောက် ရှောင်လင်းယွီက သူ့ကိုယ်သူ အကြိမ်အနည်းငယ် လက်သီးဖြစ် ထိုးပစ်ချင်စိတ် ပေါက်သွားတော့သည်။ သူဘာလို့ အလျင်စလိုနဲ့ အဖြေပေးလိုက်ရတာတဲ့တုံး။ သူအခုလေးတင် ပြောလိုက်တဲ့စကားက မျက်စိတမှိတ်အတွင်းမှာပဲ သူ့ကို ပြန်ခံစားသွားရအောင် လုပ်လိုက်တာပဲ။
သူ့မှာ သွေးအန်တော့မည်ကို တွေ့လိုက်ရသဖြင့် ယိုကျင့်က ကိုယ်ကို အနည်းငယ်လှုပ်ကာ ဆိုလိုက်လေသည်။
“နောက်ဆုံးတော့လည်း ဒီလိုအရေးကြီးကိစ္စကို ယောက်ျားလေးဘက်က လာတောင်းဆိုသင့်တာပေါ့၊ ဟုတ်တယ်မလား၊ အမေဖြစ်သူက သူ့ကိုယ်စား ကူညီပြီး လာတောင်းဆိုပေးရတယ်ဆိုတော့ ဒါက သိပ်တော့ စိတ်ရင်း မဟုတ်သလိုပဲ၊ ရှင် ဘယ်လိုထင်လဲ”
“ ဟုတ်တယ် ဟုတ်တာပေါ့၊ စိတ်ရင်းက မလုံလောက်သေးဘူး”
ရှောင်လင်းယွီ၏ ရှေ့တွင် အခုနေ မှန်တစ်ချပ်ထောင်ထားခဲ့လျှင် သူ့နှုတ်ခမ်းထောင့်က တုံးအစွာ ပြုံးဖြီးနေပုံက သူ့နောက်စေ့အထိ ရောက်လုနီးပါး ဖြစ်နေသည်ကို တွေ့ရပေလိမ့်မည်။ ယိုကျင့်က ထိုအဖြစ်ကို တော်တော်ရယ်စရာကောင်းသည်ဟု တွေးလိုက်လေသည်။
အမျိုးသားနှင့် မိန်းမငယ်လေးကြားတွင် စားပွဲငယ်လေးတစ်လုံးသာ ခြားလေသည်။ မိန်းမငယ်လေးက ညစ်ကျယ်ကျယ် ပြုံးနေပြီး အမျိုးသားကတော့ အူလှိုက်သည်းလှိုက်ပြုံးနေ၏။ သူတို့သည် ကောင်းကင်မှ ဖန်ဆင်းပေးထားသည့်စုံတွဲ တစ်တွဲ အမှန်ပင်ဖြစ်တော့သည်။
***
ငါးရက်ကြာပြီးနောက် ရှောင်လင်းယွီနှင့် သူ့အမေတို့သည် သားသားနားနား ဝတ်စားကာ ဝူလီချောင်ရှိ ရှောင်မိသားစုအိမ်မှ ထွက်လာလေသည်။ သူတို့နောက်တွင်တော့ နှစ်ချင်းစီထားသည့် လူများက ဝန်စည်များကို သယ်ဆောင်လာသည့် ရှည်လျားသည့်လူတန်းကြီးတစ်ခု ပါလာ၏။ ပစ္စည်းများ အပြည့်ထည့်ထားသည့် ၂၈ခုသော ဝန်စည်အပြည့်ကို ပိုးကြိုးအနီဖြင့် အလှဆင်ထားလေသည်။ သူတို့သည် ခြေလှမ်း ဆယ့်နှစ်လှမ်းမျှသာ ဝေးသည့် စုအိမ်သို့ ဦးတည်သွားလိုက်လေသည်။ သည်နေ့သည် မင်္ဂလာပွဲအတွက် လာကမ်းလှမ်းသည့်နေ့ပင်။
“ ညီမ အခုအချိန်ကစပြီး ကျွန်မတို့တွေ ခမည်းခမက်တွေ ဖြစ်သွားပြီနော်၊ ဒီလက်ထပ်ပွဲကမ်းလှမ်းဖို့ ပြင်ဆင်ထားတာတွေက အလောတကြီးလုပ်ထားတာဆိုပေမဲ့ နောက်ကျရင် ယိုကျင့် အိမ်တော်ထဲ ဝင်လာတဲ့အခါ အစ်မက သူ့ကို သမီးအရင်းလေးလို သေချာပေါက်ဆက်ဆံမှာပါ”
စုအိမ်၏ ပင်မခြံဝင်းထဲက ထိပ်ပိုင်းနေရာတွင် အမျိုးသမီးယွီက ဝမ်းသာရွှင်လန်းကာ ပြုံးနေလေသည်။ အမျိုးသမီးစု၏ လက်ကို ကိုင်ထားပြီး သူ့နှုတ်ခမ်းများက ‘ခမည်းခမက်’ ဟူသည့်စကားကို မချတမ်းပြောနေရာ ကလေးနှစ်ယောက်က သည်နေ့တွင်ပဲ လက်ထပ်တော့မည့်နှယ်။
အမှန်တွင်လည်း အမျိုးသမီးစုသည် ရှောင်မိသားစုက လက်ထပ်ရန် လာတောင်းရမ်းမည်ကို သိထားလေသည်။ အကြီးဆုံးသမီးက သူမကို သည်အကြောင်းထုတ်ပြောစဥ်ကာ သူမရှက်နေသည့်ပုံကို မြင်ရသည်မှာ ရှားရှားပါးပါးပင်။ သူမသည် သဘောမတူနိုင်ဘဲ အဘယ်မှာရှိပါမည်နည်း။
“ နောက်ဆိုရင် ယိုကျင့်ကို စိတ်ပူပေးဖို့ အစ်မကိုပဲ ဒုက္ခပေးရတော့မယ်”
အမျိုးသမီးစုက ပျော်ရွှင်စွာ ပြုံးလိုက်လေသည်။ နောက်ဆုံး အကြီးဆုံးသမီးက အသက်၁၈နှစ်ပြည့်မွေးနေ့ ကျော်သွားပြီလေ။ မိန်းကလေးတစ်ယောက်က ဘယ်လောက်ပဲ တော်ပါတယ်ပြောပြော အသက်၁၈နှစ်အထိ လက်မထပ်ရသေးဘူးဆိုရင် နောက်ကျရင် သူ မုဆိုးဖိုတစ်ယောက်ကိုပဲ လက်ထပ်နိုင်တော့မှာမလား။ ယိုကျင့်လည်း ဒုတိယအဆင့် အုပ်ချုပ်ရေးအမတ် ရာထူးရထားတဲ့ အကြီးဆုံးသခင်လေးရှောင်နဲ့ စေ့စပ်ရတာ ပျော်တာထက်တောင် ပိုအုံးမှာပဲ။ ဒီမင်္ဂလာပွဲက အဆင့်မြင့်တဲ့မိသားစုကို လက်ထပ်ရတာလေ။ ဒီတော့ စုမိသားစုက အဆတစ်ရာ တစ်ထောင် အလိုရှိတာ သဘာဝပဲပေါ့။
မိသားစုနှစ်ခုလုံးသည် အပြန်အလှန် စိတ်ဝင်စားနေကြသည်။ သူတို့သည် တရားဝင်အောင်သွယ်တော်များကို ငှားထားကြသော်လည်း ပြောစရာစကားများ အများအပြား ရှိနေကြသေးသည်။ မိသားစုနှစ်ခုသည် အချိန်အကြာကြီး စိတ်ရင်းနှင့် စကားပြောလိုက်ကြပြီးနောက် မွေးဇာတာကို လဲလှယ်လိုက်ကြလေသည်။ သည်လိုနှင့် ကလေးနှစ်ယောက်ကြားက မင်္ဂလာပွဲကို အတည်ပြုလိုက်ကြတော့သည်။
အမျိုးသားဖက်က လာရောက်တောင်းရမ်းသည့်အတွက် အမျိုးသမီးဖက်က မျက်နှာပြရန် မသင့်တော်ချေ။ ထိုအစား အကြီးဆုံးမမလေး ထိုးထားသည့် လက်ကိုင်ပဝါတချို့ကို အမျိုးသမီးဖက်က အမှတ်တရပစ္စည်းအနေဖြင့် ချိုးဖန်က လင်ပန်းများထဲတွင် ထည့်လာခဲ့သည်။ ရှောင်လင်းယွီ၏ အချိန်အကြာကြီး စောင့်မျှော်လာခဲ့ရသည့် မင်္ဂလာပွဲကို နောက်ဆုံးတော့ အတည်ပြုပေးလိုက်တော့သည်။ သူသည် အလွန်မှပျော်ရွှင်ရသော်လည်း ယိုကျင့်ကို မတွေ့နိုင်ခဲ့သည့်အတွက် အနည်းငယ် စိတ်ပျက်နေလေသည်။
သူ့မျက်နှာက အနည်းငယ် စိတ်ပျက်နေသည်ကို တွေ့လိုက်ရသဖြင့် အမျိုးသမီးစု၏နှလုံးအိမ်သည် သည်အနာဂတ်သမက်လောင်းလေးကို ပိုပြီး ကျေနပ်သွားတော့သည်။ သူ့နှလုံးသားတစ်ခုလုံးက သူတို့မိသားစုရဲ့ ယိုကျင့်ဆီမှာပဲကိုး။ ရှောင်မိသားစုမှ လူကြီးတွေအများကြီးရှိပေမဲ့ အခုဆိုရင် သူတို့အားလုံးက ယိုကျင့်နဲ့ သိပ်အဆင်ပြေကြတယ်။ နောက်ပိုင်း ယိုကျင့်လက်ထပ်ပြီးရင်လည်း ဘဝက လုံးဝခက်ခဲမှာမဟုတ်ဘူး။ ထိုသို့ စဥ်းစားလိုက်ပြီး အမျိုးသမီးစု၏အပြုံးက အနည်းငယ် ပိုထင်ရှားလာတော့သည်။
သည်တစ်ခေါက် လော့ဟယ်သို့ ပြန်လာရန်အတွက် ရှောင်လင်းယွီသည် မင်းကြီးထံတွင် ခွင့်တစ်လ အထူးတောင်းခံခဲ့လေသည်။ ရှောင်နှင့် စုမိသားစုနှစ်ခုလုံးကလည်း သူသည် သာမန်ပြည်သူ မဟုတ်တော့မှန်း သိထားကြသည်။ သူတို့နှစ်ဘက်လုံးက မင်္ဂလာပွဲအတွက် အလောတကြီး စီစဥ်ကြရတော့သည်။ ရက်အနည်းငယ်အတွင်း မွေးဇာတာတိုက်ပြီး ရက်သတ်မှတ်လိုက်ကြတော့သည်။
“ကလေးနှစ်ယောက်က သိပ်လိုက်ဖက်တယ်၊ ရက်ကောင်းတွေလည်းအများကြီးပဲ၊ ခမည်းခမက် ရှင် ဘယ်ရက်ရွေးချင်လဲ”
ရက်များရွေးလာသည့် တရားဝင်အောင်သွယ်တော်က ရွှင်လန်းစွာ ပြုံးနေလေသည်။ ဒါက အုပ်ချုပ်ရေးအမတ်ရဲ့ လက်ထပ်ပွဲလေ။ သူမမှာ ရုတ်တရက်ကြီး ဒီကောင်းမွန်တဲ့မင်္ဂလာပွဲကို တာဝန်ပေးခဲ့ရတာ။ သူမရဲ့အောင်သွယ်တော်အလုပ်ကို အထောက်အကူ ဖြစ်လာလိမ့်မယ်။ ဒီတော့ သူမမှာ မပျော်ဘဲ ဘယ်နေပါ့မလဲ။
အမျိုးသမီးစုက အနီရောင်စာရွက်ပေါ်တွင် ရေးထားသည့် ရက်စွဲသုံးရက်ကို ဖတ်လိုက်လေသည်။ သူမသည် အပြင်ဘက်တွင် စောင့်နေသည့် အခြွေအရံကို လက်ယက်ခေါ်လိုက်ပြီး စကားတချို့ တီးတိုးပြောလိုက်၏။ ထိုစကားကို ကြားလိုက်ပြီးနောက် အခြွေအရံက ပြန်ထွက်သွားတော့သည်။ သိပ်မကြာခင်မှာပင် သူမသည် အနောက်ဘက်ခြံက ပြန်လာပြီး အမျိုးသမီးစုအား တစ်ခုခုကို တီးတိုးပြောလိုက်တော့သည်။
အမျိုးသမီးစုက သမီးဖြစ်သူ၏အတွေးကို သေချာမသိသဖြင့် အနောက်ဘက်ခြံသို့ လူလွှတ်ပြီး မေးခိုင်းလိုက်ခြင်းပင်။ အခုတော့ သမီးဖြစ်သူ၏အတည်ပြုချက်ကို ရလာသဖြင့် သူမက ၁၁လပိုင်း ၂၆ရက်နေ့ကို ရွေးလိုက်လေသည်။
အောင်သွယ်တော်ကို ဝမ်းသာအားရဖြင့် ပြန်ပို့ပေးလိုက်ပြီးနောက် အမျိုးသမီးယွီသည် ပြန်ရောက်လာချိန်တွင် စူပုပ်နေသည့်ရုပ်တစ်ခုနှင့် သားဖြစ်သူကို တွေ့လိုက်ရတော့သည်။ သူမက ပြောလိုက်၏။
“ အချိန်က ကြာအုံးမှာ ဆိုပေမဲ့ ကောင်းတဲ့အချက်တွေလည်း ရှိပါသေးတယ်၊ မင်္ဂလာပွဲအတွက် လုပ်စရာတွေလည်း အများကြီးပဲ၊ နှစ်ဝက်လောက် ဖြစ်သွားပေမဲ့ မင်းလည်း မြို့တော်မှာ စိတ်အေးလက်အေးနဲ့ အလုပ်လုပ်လို့ရတယ်လေ၊ လော့ဟယ်မှာ အဖေနဲ့အမေတို့က မင်းအတွက် ကူစီစဥ်ပေးမှာပေါ့”
အမျိုးသမီးစုန့်သည် လော့ဟယ်တွင် နေခဲ့ချင်လေသည်။ ရှောင်ဟိုင်ရူကလည်း မြို့တော်တွင် သံယောဇဥ်တွယ်စရာ မရှိပေ။ သားအကြီးဆုံးအနေဖြင့် သူ၏လိမ္မာသိတတ်မှုတို့ကို ဖြည့်ဆည်းပေးရန် လော့ဟယ်တွင် နေခဲ့ဖို့ ဆုံးဖြတ်လိုက်တော့သည်။ သို့သော် ရှောင်ဟိုင်ရူသည် စီးပွားရေးလောကတွင် နှစ်နှစ်ဆယ်လောက် နေလာခဲ့သူဖြစ်သည်။ သူသည် အိမ်တွင် ဘာမှမလုပ်ဘဲ နေမည် မဟုတ်သည်ကတော့ ပြောရန်ပင်မလိုပေ။ အခုတော့ သူသည် ရှောင်မိသားစု၏ စီးပွားရေးလုပ်ငန်းကို စတင်ထားသဖြင့် နေ့တိုင်း ခြေထောက်နှင့်မြေကြီး မထိအောင် အလွန်အလုပ်များနေတော့သည်။
ရှောင်လင်းယွီသည် သည်လိုအမေေတစ်ယောက် ရထားသည့်အတွက် ကျေးဇူးတင်မိတော့သည်။ သူက လက်နှစ်ဖက်ကို ယှက်လိုက်ပြီး ပြန်ဖြေလိုက်၏။
“ သား အမေ့ဘက်ကနေ မသိတတ်ပေးနိုင်ခဲ့ဘူး၊ အဲဒီအစား အဖေနဲ့ အမေကိုပဲ ကျွန်တော့်ကို စိတ်ပူအောင်လုပ်နေမိတယ်၊ တကယ် မလိမ္မာတာပါ”
ပြီးခဲ့သည့်နှစ်အနည်းငယ် ရှောင်မိသားစု၏ ပရမ်းပတာအခြေအနေဖြစ်သွားပြီးနောက် မိဘနှင့် သားသမီးကြားက ဆက်ဆံရေးသည် အရင်လို မစိမ်းတော့ချေ။ ဆန့်ကျင်ဘက်အနေဖြင့် အချို့သောသာမန်မိသားစုများကဲ့သို့ပင် မိဘနှင့် သားသမီးကြားက ချစ်ခြင်းမျိုး ရှိလာကြသည်။ ဒါကိုပင် အဆိုးထဲက အကောင်းဟု မှတ်ယူနိုင်ပေသည်။
“ ငါက မင်းအမေလေ၊ ငါမှ မင်းကို စိတ်မပူပေးရင် ဘယ်သူ့ကို စိတ်ပူပေးရမှာလဲ”
အမျိုးသမီးယွီက ရွှင်မြူးကာ ဝေဖန်လိုက်တော့သည်။ သူမက သားဖြစ်သူကို မြန်မြန် ထိုင်ခိုင်းလိုက်ပြီး
“ လင်ဖုန်းက မငယ်တော့ဘူး၊ သူက သားဘေးမှာရှိနေတော့ ဂရုစိုက်ပေးလိုက်အုံး၊ တကယ်လို့ သား မဆုံးဖြတ်နိုင်တဲ့ကိစ္စဆိုရင် မင်းရဲ့ဒုတိယဒေါ်လေးကို မေးရင်မေး မဟုတ်လည်း အမေ့ဆီ စာရေးလိုက်နော်”
ရှောင်လင်းယွီသည် သည်တစ်ကြိမ်ပြန်လာချန်၌ အမျိုးသမီးကျောက်နှင့် ရှောင်လင်းရူတို့ကို မြို့တော်သို့ ခေါ်လာပေးရန် ဒုတိယသခင်ကြီးရှောင်က တာဝန်ပေးခဲ့သည်။
“သားနားလည်ပါတယ်၊ အမေသာ လော့ဟယ်မှာ ကိုယ့်ဟာကိုယ် ဂရုစိုက်ပါ”
ရှောင်လင်းယွီက ခေါင်းညိတ်ရင်း ပြန်ဖြေလိုက်၏။ သူသည် အနာဂတ်တွင် သူ့ညီလေးအတွက် ကောင်းမွန်သည့်မင်္ဂလာပွဲတစ်ခု ရှာပေးဖို့ရန် အလေးအနက် ကတိပေးလိုက်လေသည်။
လော့ဟယ်က မထွက်ခွာမီ ရှောင်လင်းယွီသည် ယိုကျင့်နှင့် သွားတွေ့ခဲ့ပြီး စကားအများကြီး ပြောခဲ့သည်။ သူက မရေမတွက်နိုင်သည့် ကတိများကိုလည်း ပေးခဲ့သေးသည်။ လတ်တလောမှ မင်္ဂလာပွဲ သဘောတူခဲ့ကြသည့် ချစ်သူနှစ်ဦးမှာ တဖန် ထပ်ခွဲခွာရပေအုံးမည်။ သူတို့သည် အချင်းချင်း မခွဲခွာရက်နိုင်ကြသော်လည်း ထုတ်မပြောခဲ့ကြပေ။ တစ်ယောက်မှာ ထုတ်ပြောလိုက်လျှင် တစ်ဖက်လူက မသွားနိုင်မည်ကို စိုးရိမ်နေလေသည်။ တစ်ယောက်ကတော့ သူ့ထုတ်ပြောလိုက်လျှင် တဖက်လူက ပိုပြီးဝမ်းနည်းသွားမည်ကို စိုးရိမ်နေလေသည်။ နှစ်ဦးသားသည် နက်နက်ရှိုင်းရှိုင်း ချစ်မြတ်နိုးကြသော်လည်း လတော်တော်ကြာအောင် ခွဲခွာရပေအုံးမည်။
ရှောင်လင်းယွီ ထွက်သွားပြီးနောက်တွင် ယိုကျင့်သည် စိတ်ပူရသော်လည်း ခါတိုင်းလိုပင် နေ့တိုင်း အလုပ်ကိစ္စများနှင့် အလုပ်ရှုပ်နေတော့သည်။ အမျိုးသမီးစု၊ ယိုရင်၊ ယိုကျူးနှင့် ယိုပေါင်တို့သည် သည်တစ်ကြိမ်တွင် အကြီးဆုံးအမ၏ မင်္ဂလာပွဲဖြစ်ပြီး သူတို့သည် လက်ဖွဲ့များကို ပြင်ဆင်ပေးရလိမ့်မည်ဟု ပြောပြီး သူမကို ဝင်ပါခွင့်ပေးထားလေသည်။ မင်္ဂလာဝတ်စုံအတွက်တော့ ယိုကျင့်က သူမ၏ပန်းထိုးလက်ရာအဆင့်က အပ်ချက်ချောမွတ်ရုံမျှသာ ရှိမှန်းသိသည်။ ထို့ကြောင့် သူမက ကိုယ်တိုင် ချုပ်ဖို့ရာ လက်လျှော့လိုက်ပြီး ခမ်းနားသည့်မင်္ဂလာဝတ်စုံတစ်ခု ချုပ်ရန် လော့ဟယ်မြို့က အကောင်းဆုံးပိုးဖဲအလုပ်ရုံသို့ သွားလိုက်တော့သည်။ ယိုကျင့်ကိုယ်တိုင်လည်း စိတ်အေးသွားတော့သည်။
၅လပိုင်းတွင် ယိုလင်၏မင်္ဂလာပွဲကို အတည်ပြုလိုက်သည်။ သူမသည် ချွေ့ယွင်လျန်ဟု အမည်ရသည့် လော့ဟယ်မြို့က ဖူကျောင်းတော် ကျောင်းအုပ်၏မြေးနှင့် စေ့စပ်လိုက်သည်။ သူသည် သည်နှစ်မှ အသက် ၁၆နှစ်သာ ရှိသေးသည်။ ယိုလင်သည် ၇လပိုင်းမှာ အရွယ်ရောက်မည်ဖြစ်သဖြင့် မင်္ဂလာဆောင်မည့်ရက်ကိုတော့ သူမ ၁၆နှစ်ပြည့်သည့်အချိန် နောက်နှစ်မှ သတ်မှတ်လိုက်လေသည်။
စုမိသားစုမှ အကြီးဆုံးသမီး၏ ပြဿနာကို ဖြေရှင်းပြီးသွားပြီဖြစ်လေသည်။ အခုတော့ လောင်စန်း၏ပြဿနာက ဖြေရှင်းရတော့မည်။ ရွှီမောက်လင်မိသားစုက လူလွှတ်ပြီး မင်္ဂလာပွဲကြောင်းလမ်းလာသည်မှာ တတိယအကြိမ် ဖြစ်လေသည်။ သို့သော် ယိုကျူးက လက်ခံရန် ဆန္ဒမရှိပေ။ ထို့အစား သူမသည် ရွှီမောက်လင်နှင့် တွေ့သည့်အကြိမ်တိုင်း သူနှင့် ရန်ဖြစ်ချင်နေတော့သည်။ အင်းအားမမျှသော်လည်း ရွှီမောက်လင်က တမင်အလျှော့ပေးပြီး ယိုကျူးကို မသိမသာအနိုင်ပေးလိုက်သည်။ ရွှီမောက်လင်အပေါ် သူမ၏ခံစားချက်မှာ နှလုံးသားထဲတွင်တော့ တဖြည်းဖြည်း ကြီးထွားလာလေသည်။ သို့သော် သူမသည် ခေါင်းမာလျက်သာ လက်ထပ်ပွဲကို လက်ခံရန် ငြင်းဆန်နေတော့သည်။ ထိုအချက်က အမျိုးသမီးစုကို အလွန်မှ စိုးရိမ်မိစေရာ သူမ၏ဆံပင်များပင် ဖြူသွားသည်ဟု ခံစားလိုက်ရတော့သည်။
၇လပိုင်း ၇ရက်နေ့သည့် ယိုလင်၏မွေးနေ့ ဖြစ်သည်။ သည်နှစ်တွင် အရွယ်ရောက်လာခဲ့သည်။ စုအိမ်က တစ်ဖန် စည်ကားနေပြန်သည်။ စေ့စပ်ထားပြီးဖြစ်သည့်အတွက်တော့ ချွေ့မိသားစု၏သခင်မကလည်း သားသားနားနား ဝတ်ဆင်ကာ ပွဲတက်လာလေသည်။ သူမသည် သခင်မကြီးချွေ့က လက်ဆင့်ကမ်း အမွေပေးထားသည့် အဖြူရောင်ကျောက်စိမ်း လက်ကောက်တစ်စုံကိုပင် ပေးလိုက်သေးသည်။ သူမသည် ချွေးမလောင်းလေးကို မည်မျှတန်ဖိုးထားကြောင်း ပြနေသည်မှာ ပြောရန်ပင်မလိုပေ။
ယိုလင် အရွယ်ရောက်အခမ်းအနားတွင် ထိခိုက်မှုအနည်းအကျဥ်းဖြစ်ခဲ့သေးသည်။ ယိုပေါင်မှာ အကြောင်းကြောင်းကြောင့် မေ့လဲခဲ့သည်။ သမားတော်ကို မြန်မြန်ပင့်ခဲ့ပြီးနောက် သူမသည် ကိုယ်ဝန်၂လနီးပါး ရှိနေမှန်း သိလိုက်ရသည်။ ယိုပေါင်နှင့်အတူ မိခင်အိမ်သို့ ဖော်လိုက်ပြန်လာခဲ့သည့် စစ်ဝေမှာ သတင်းကောင်း ကြားလိုက်ရလေသည်။ သူသည် ပြုံးဖြီးနေသလို တစ်ချိန်ထဲတွင် စိုးရိမ်နေမိတော့သည်။ သူက ယိုပေါင်ကို ဂရုတစိုက် တွဲကာ ပေးထိုင်နေသည်မှာ နုနယ်လှသည့် ရှားပါးရတနာတစ်ခုကို ကိုင်ထားသည့်နှယ်။
သည်ကိုယ်ဝန်လေးနှင့် လွဲချော်သွားမည်စိုးသဖြင့် သူသည် ယိုပေါင်နှင့်အတူ စုအိမ်တွင် ရက်အနည်းငယ် နေလိုက်တော့သည်။ သမားတော်က ပြဿနာမရှိတော့ပါဟု ပြောလာသည်အထိ စောင့်ရင်း ထိုင်ခင်းများကို ထူထူထဲထဲ ထည့်ထားသည့် လှည်းတစ်စီးကို ပြင်ဆင်ခိုင်းလိုက်ပြီး ဝေအိမ်သို့ ဖြည်းညင်းစွာ ပြန်လာခဲ့တော့သည်။
ဝေအိမ်တော်တွင်တော့ ဒုတိယသခင်မဝေသည် ယိုပေါင် ကိုယ်ဝန်ရှိနေသည်ကို သိလိုက်ရတော့သည်။ သူမသည် အပျော်လွန်နေပြီး ဘုရားရှင်ကို ကျေးဇူးတင်လိုက်လေသည်။ သတင်းလာပို့သူက စတုတ္ထသခင်မလေး၏ ကိုယ်ဝန်မှာ မတည်ငြိမ်သေးကြောင်းနှင့် သမားတော်က ရက်အနည်းငယ် မလှုပ်ရှားရန် အကြံပြုထားသည်ဟု ကြားလိုက်ရသဖြင့် သူမက သီးသန့်ဘဏ္ဍာတိုက်ကို ဖွင့်ခိုင်းကာ ဂျင်ဆင်းနှင့် ငှက်သိုက်များကို ရှာခိုင်းပြီး စုအိမ်သို့ ပို့ခိုင်းလိုက်လေသည်။ ထို့နောက်တွင် သူမက သူမ၏ယောက္ခမများကို သတင်းသွားပို့လိုက်လေသည်။ ပျော်ရွှင်မှုသည် ဝေ့အိမ်တော်တခွင် အထက်အောက်ပျံ့နှံ့သွားလေတော့သည်။
“ ယိုပေါင် ဖြည်းဖြည်း၊ တစ်လှမ်းချင်း လာ”
သားဖြစ်သူနှင့် ချွေးမတို့ ပြန်ရောက်လာမည်ကို သိလိုက်သဖြင့် ဒုတိယသခင်မဝေက အစောကတည်းက အချိန်အကြာကြီး စောင့်နေခဲ့သည်။ အစေခံက ရောက်လာကြောင်း သတင်းလာပို့သည်ကို ကြားလိုက်ရသောအခါ လက်ဖြင့် စကပ်အနားကို ပင့်ရင်း မြန်မြန် ထွက်လာခဲ့လေသည်။ ချွေးမက လှည်းပေါ်မှ ဆင်းလာသည်ကို အချိန်ကိုက်မြင်လိုက်ရသည်။ သူမက သူမ၏ အဖိုးတန်ချွေးမလေး၏ ဆံပင်တစ်ချောင်းပင် နာကျင်ရမည် စိုးသဖြင့် ချွေးမလေးကို တွဲပေးရန် သန်မာသည့် အခြွေအရံနှစ်ယောက်ကို မြန်မြန်အမိန့်ပေးလိုက်လေသည်။
ခင်ပွန်းနှင့် အားကောင်းသည့်အခြွေအရံတို့၏ အကူအညီဖြင့် ယိုပေါင်က လှည်းပေါ်မှ ဆင်းလာပြီး ဒုတိယသခင်မဝေကို နှုတ်ဆက်လိုက်လေသည်။
“ ချွေးမက ကျန်းမာရေးမကောင်းလို့ အမေ့ကို စိတ်ပူအောင်လုပ်မိပါပြီ”
“ဒီကလေးကတော့ အခုချိန်မှာ အရေးအကြီးဆုံးက ကောင်းကောင်းအနားယူဖို့ပဲလေ၊ အဓိပ္ပာယ်မရှိတာတွေကို ဘာလို့ ဂရုစိုက်နေတာလဲ”
သူမကို ဦးညွှတ်လိုက်သည်ကို မြင်လိုက်ရသဖြင့် ဒုတိယသခင်မဝေသည် သူမကို တွဲပေးရန် ရှေ့သို့ မြန်မြန်လှမ်းလိုက်တော့သည်။ ယောက္ခမနှင့် ချွေးမတို့သည် ဘေးချင်းယှဥ်လျက် လျှောက်လာကြပြီး တိုးတိုးညင်းညင်း ပြောဆို ရယ်မောလာကြလေသည်။ သားအမိ အရင်းများကဲ့သို့ပင်။ နောက်တွင် သန်မာသည့် အခြွေအရံများစွာက အနီးကပ်လိုက်လာကြလေသည်။ လှည်းပေါ်က ဆင်းလာပြီး ဂရုစိုက်မခံရသည့် စစ်ဝေတစ်ယောက်သာ နေရာတွင် ရပ်ကျန်နေခဲ့တော့သည်။ သူသည် သူ့ဇနီးသည်ကို သူ့အမေအိုကြီးက လုယူသွားသည်ကို ကူကယ်ရာမဲ့စွာ ရပ်ကြည့်နေရလေတော့သည်။
…