← Chapters

အခန်း ၁၅၉

Vol. 11 Ch. 159

အခန်း ၁၅၉

Vol. 11 Ch. 159

အပိုင်း (၁၅၉) လက်ထပ်ရန်ပြင်ဆင်ခြင်း

ဩဂုတ်လ၌ နောက်နှစ်နွေဦးအတွင်း တော်၀င်အရာထမ်းစာမေးပွဲ ကျင်းပမည့်သတင်းသည် မြို့တော်အတွင်း ပျံ့နှံ့လျက်ရှိသည်။ လီကျိုးထင်၊ ယွဲ့၀မ်ရှန်း၊ စစ်ဝေ တို့ကဲ့သို့ နှစ်ပေါင်းများစွာ အပတ်တကုပ် စာကြိုးစားခဲ့ကြသည့် အခြားကျောင်းသားများသည်လည်း ထိုသတင်းကြောင့် ပျော်ရွှင်နေကြမည်မှာ သဘာ၀ကျလှသည်။ သူတို့အားလုံးသည် မြို့တော်၌ ၀င်ခွင့်ဖြေဆိုကာ အိမ်မက်ကိုအကောင်မထည်ဖော်ရမည်ဖြစ်သည်။

နောက်နှစ်မတ်လ၌ ကျင်းပမည့် တော်၀င်စာမေးပွဲအတွက် အချိန်ခုနှစ်လမျှသာ ကျန်ရှိတော့သည်။ လော့ဟယ်မြို့၌လည်း စာမေးပွဲ၀င်ရောက်ဖြေဆိုမည့် ကျောင်းသားဦးရေ များပြားလှသည်။ စာမေးပွဲကျင်းပမည့်သတင်း ပျံ့နှံ့သွားသောကြောင့် မြို့ထဲရှိ စာအုပ်ဆိုင်များသည် ငွေအမြောက်အမြား ရှာဖွေနိုင်ကြလေသည်။

“လူကြီးမင်းရှောင် ယူလာပေးတဲ့ အရင်‌စာမေးပွဲက မေးခွန်းတွေ ရှိတယ်။ အရင်က စာမေးပွဲမှာ စစ်ဆေးရေး လုပ်ဖူးတဲ့ ရုံးတော် သူ့အသိမိတ်ဆွေကိုလည်း အဲ့တုန်းက အဖြေ အချို့ကို ကူးထားခိုင်းလိုက်တယ်။ ရှင်တို့သုံးယောက်က ဒီနယ်ပယ်မှာ ထူးချွန်တော့ ဒီလိုအကူအညီက ပါမွှားလေးဖြစ်မှာပါ” ယိုကျင့်သည် စားပွဲဝိုင်းထိပ်၌ထိုင်ကာ ချွီဖန်နှင့် အခြားလူများအား လီကျိုးထင်၊ စစ်ဝေနှင့် ယွဲ့၀မ်ရှန်းတို့၏ လက်ထဲသို့ စာရွက်များ ဝေပေးရန် ပြောလိုက်သည်။

“ဒါက ဘယ်လိုပါမွှားဖြစ်ရမှာလဲ။ သေချာကို အကူအညီကြီးကြီးပေးလိုက်တာပဲ” လီကျိုးထင်သည် ယခင်နှစ်က မေးခွန်းစာရွက်များကို တောက်ပနေသည့်မျက်၀န်းများဖြင့် ကြည့်လိုက်သည်။ ထိုကဲ့သို့ စာရွက်မျိုးသည် ဈေးထဲ၌ ရွှေထောင်ချီပေး၍ ရှာလျှင်ပင် မရနိုင်ချေ။ သူသည် အံ့ဩမိသလို ပျော်ရွှင်မိသည်။

စစ်ဝေသည် ယခင်နှစ်များက နိုင်ငံရေးသုံးသပ်ချက်များကို ဖတ်ရှုနေလေသည်။ သူ၏မျက်၀န်းသည် တစ်ချက်မှ မှေးမှိန်ခြင်းမရှိဘဲ ထိုစာရွက်ကိုသာ ဖတ်ရင်း အဆက်မပြတ် သက်ပြင်းချနေခဲ့သည်။

“လူတွေရဲ့နေထိုင်မှုဘ၀နဲ့ နိုင်ငံရေးပြဿနာတွေကို ရေးထားတဲ့ စာလုံးတစ်လုံးချင်းစီတိုင်းက တကယ်အဖိုးတန်တယ်။ တကယ့်ကို ပြောင်မြောက်တဲ့ နိုင်ငံရေးသုံးသပ်ချက်ပဲ” သူ့၌ အရည်အချင်းအနည်းငယ် ရှိကြောင်း ၀န်ခံရမည်ဖြစ်သော်လည်း သူသည် မြို့တော်ရှိ စာမေးပွဲတွင် ဖြေဆိုဖူးသည့် အတွေ့အကြုံမရှိပေ။ အဘိုးဖြစ်သူမှာ ရုံးတော်အရာရှိဖြစ်သော်လည်း စာမေးပွဲကိစ္စရပ်များနှင့် ပတ်သက်၍ ၀င်ရောက်စွက်ဖက်နိုင်စွမ်း မရှိပေ။ အဘိုးဖြစ်သူသည် သူ၏နှစ်သုံးဆယ်ကြာ ဘ၀အတွေ့အကြုံများကိုသာ သာဓကထား၍ အနည်းအကျဉ်းမျှသာ သင်ကြားပေးနိုင်သည်။ သူသည် ထိုကိစ္စအတွက် ခက်ခဲနေစဉ်မှာပင် မရီးဖြစ်သူမှ ပြင်ဆင်ပေးလာသည့်အတွက် သူမအပေါ် ထားရှိသည့် ကျေးဇူးတင်စိတ်မှာ တိုးပွားလာတော့သည်။

ထိုသုံးဦးသည် ရတနာတစ်ခုကို ရှာဖွေတွေ့ရှိသကဲ့သို့ ပြုမူနေကြသည့်အတွက် ယိုကျင့်၏အပြုံးသည် ပို၍ရွှင်လန်းလာတော့သည်။ “ရှင်တို့အတွက် အသုံး၀င်ရင် ရပါပြီ”

ရှောင်လင်းယွီ၏ စာထဲရှိ ပြောထားသည့် အကြောင်းအရာများကို ပြန်စဉ်းစားကာ ထပ်မံပြောလိုက်သည်။

“အရှင်မင်းကြီးက လတ်တလော ပြည်ထဲရေးနဲ့ ပြည်သူတွေရဲ့ လူနေမှုဘ၀ကို အလေးထားနေတယ်။ သူက ဉာဏ်ပညာရှိပြီး အထက်ဖားအောက်ဖိ လုပ်တာတွေ သဘောမတွေ့တော့ ဒီတစ်ခေါက် အဆင့်သတ်မှတ်ချက်တွေက လက်တွေ့ကျနိုင်တယ်”

လူသုံးယောက်သည် ယိုကျင့်ပြောသည်များကို စိတ်ထဲ၌ သေချာစွာ စွဲမြဲမှတ်သားထားလေသည်။ သို့မှသာ စာမေးပွဲမေး‌ခွန်းဖြေချိန်၌ အရူးချီးပန်း လျှောက်မဖြေမိမှာဖြစ်သည်။ ထို့အပြင် ယိုကျင့်၏ စွမ်းဆောင်ရည်ကြောင့် ထိုမေးခွန်းများသည် အမှန်အကန်ဖြစ်ကြောင်း သက်သေပြရန် လုံလောက်ပေသည်။

ယိုကျင့်သည် စာမေးပွဲများ မဖြေဆိုဖူးသော်လည်း ကျောင်းသားများအတွက် စားမေးပွဲ၏ အရေးပါပုံကို သူမ သိရှိပေသည်။ သူမပြောလိုသည်များကို ပြောပြီးသည်နှင့် ထိုသုံးဦးကို ဆက်လက်အချိန်ဆွဲမထားတော့ချေ။ “သတင်းတစ်ခုခုထူးရင် ဖိတ်လိုက်ပါ့မယ်။ အခု အချိန်က အရေးကြီးနေတော့ ကျွန်မလည်း မနှောင့်ယှက်တော့ပါဘူး”

ထိုသုံးဦးသည် ကျေးဇူးတင်နေသည်မှာ ပြောစရာမလိုချေ။ သူတို့သည် အနာဂတ်၌ အောင်မြင်လာပါက ထိုကျေးဇူးကို ပြန်လည်ပေးဆပ်မည်ဟု စိတ်ထဲ၌ ကြွေးကြော်ထားလေသည်။

စုမိသားစု၏ သမက်ဖြစ်‌သည့် စစ်ဝေသည် ယခင်ကတည်းကပင် ယောက္ခမမိသားစုကို ဂရုတစိုက် ရှိပေးခဲ့သည်။ ယခုကဲ့သို့ ရွှေလိုအဖိုးတန်သည့် သတင်းများနှင့် စာရွက်များကို ရရှိချိန်တွင် စုမိသားစုကို ပို၍ပင် ကျေးဇူးတင်နေတော့သည်။

သခင်မဝေသည် သားဖြစ်သူရရှိလာသည် အခွင့်အလမ်းကို ကြားသိပြီးနောက် မြည်တွန်တောက်တီးတော့သည်။

“အစက ဒီလက်ထပ်ပွဲအတွက် ငါ့ကိုအပြစ်တင်နေခဲ့တာ ဘယ်သူလဲ။ အခုတော့ကြည့်ပါဦး။ ယောက္ခမမိသားစု ကောင်းတာပဲ မြင်ပြီး ငါ့ကျ မေ့သွားပြီး။ အဲဒါကြောင့်ပြောတာပေါ့။ မယားအတွက် စိန်နားကပ် အမေ့အတွက် ပဲကြီးလှော်ပါဆို”

မည်သို့ပင်ဖြစ်စေ ထိုစကားများသည် သားဖြစ်သူကို စကားနာထိုးခြင်းသာဖြစ်ပြီး ကိုယ်၀န်သုံးလ ရှိနေသည့် ယိုပေါင်အား သူမသည် ကျောက်မျက်ရတနာကဲ့သို့ ပို၍ပို၍ ဂရုစိုက်ထားပေးလေသည်။

အချိန်သည် တ‌ဖြည်းဖြည်းကုန်လွင့်လာခဲ့သည်။ ရှောင်လင်းယွီသည် လော့ဟယ်မျို၌ မရှိသော်ငြား သူ၏နှလုံးသားသည် ထိုနေရာမှ ထွက်ခွာခြင်း အလျဉ်းမရှိခဲ့ချေ။ သူသည် နှစ်ရက်ခြားတစ်ခါ စာပို့ခြင်းဖြင့် သူ၏လွမ်းနာကျမှုကို ဖျေဖျောက်လေ့ရှိသည်။ ထို့အပြင် ရွှေ၊ ငွေ၊ ပုလဲ၊ ကျောက်မျက်ရတနာ၊ ပိုးထည်၊ ချည်ထည်နှင့် အခြားပစ္စည်းများကိုပါ ရှောင်မိသားစုထံသို့ အပိုလက်ဆောင်များအဖြစ် လူလွှတ်ကာ ပို့ဆောင်စေသည်။

အမျိုးသမီးယွီသည် ပုလဲများဖြင့် ပြည့်နေသော သေတ္တာကို ယူကြည့်လိုက်သည်။ ထိုထဲ၌ ပုလဲလုံးတစ်ရာမျှ ရှိနေကာ တစ်လုံးချင်းစီတိုင်းသည် လုံး၀န်းကာ အရောင်အသွေးရော အရည်အသွေးပါ ပြည့်မှီလှသည်။ သူမ၏မျက်ခုံးမွေးနှစ်ဖက်သည် ထိကပ်လုမတတ် တွန့်ချိတ်သွားသည်။

“လက်မထပ်ခင်ကတည်းက ဒီလောက်တောင် ဘက်လိုက်နေတာ။ လက်ထပ်ပြီးလို့ကတော့ ကောင်းကင်ကကြယ်တောင် တက်ခူးပေးမလား မသိဘူး”

“မင်းပြောတဲ့စကားကိုလည်း ကြည့်ဦး။ ယိုကျင့်ကြားရင် ဘယ်လိုထင်သွားမလဲ”

ရှောင်ဟိုင်ရူသည် ‌ခြေထောက်ဆေးကာ အထဲသို့ ၀င်လာချိန်၌ ညောင်စောင်းတွင်ထိုင်နေသော မိန်းမဖြစ်သူ၏ ညည်းတွားသံကို ကြားလိုက်ရသည်။ စားပွဲ၌ လှပသေသပ်သော ပုလဲများ အပြည့်ဖြည့်ထားသည့် သေတ္တာတစ်လုံး ရှိနေလေသည်။

အမျိုးသမီးယွီ၏ဘေး၌ ထိုင်လိုက်ကာ သေတ္တာအဖုံးကို ပိတ်လိုက်ပြီး သူသောက်ရန် ရေနွေးငှဲ့လိုက်ကာ ပြောလေသည်။ “လင်းယွီက ခက်ခက်ခဲခဲနဲ့ ဖြတ်ကျော်ပြီးမှ နောက်ဆုံးလက်ထပ်ရတာလေ။ မင်းက အမေတစ်ယောက်အနေနဲ့ ကလေးတွေ သင့်မြတ်ဖို့ ဆုတောင်းနေရမှာလေ။ ဘယ်နှယ့် မင်းကအရင်စပြီး အပြစ်တင်ဝေဖန်နေရတာတုံး။ ဘေးလူတွေ ကြားရင် ဘယ်လိုတွေးကြမလဲ”

အမျိုးသမီးယွီသည် ယခုရက်ပိုင်းအတွင်းတွင် လော့ဟယ်မြို့ရှိ အရာထမ်း၏ဇနီးမယားများ၊ သခင်မလေးများနှင့် အဆက်အသွယ် ရှိနေခဲ့သည်ကို ရှောင်ဟိုင်ရူ သိပေသည်။ ဇနီးဖြစ်သူ၏စိတ်ထဲ၌ အနည်းငယ် မသက်မသာ ဖြစ်မည်ကိုလည်း သိသောကြောင့် ထပ်မံပြောကြားလိုက်သည်။ “မင်းက အဲ့သခင်မလေးတွေရဲ့ အပြင်ပန်းအလှကိုပဲ ကြည့်နေ။ မင်းဒုက္ခရောက်တုန်းက မင်းနဲ့ မိတ်ဖွဲ့ခဲ့တဲ့ အရာထမ်းဇနီးတွေ သခင်မလေးတွေ ဘာလုပ်ခဲ့လဲ တွေးကြည့်စမ်းပါ။ သူတို့က မင်းကိုကူညီခဲ့လို့လား”

ခင်ပွန်းဖြစ်သူထံမှ ထိုသို့အပြောခံလိုက်ရသည့်အတွက် အမျိုးသမီးယွီသည် ကိုယ့်ကိုယ်ကိုယ်အတွက် ပြန်လည်ခုခံချင်သော်လည်း နောက်ဆုံးတွင် အသံပင်ထွက်မလာခဲ့ချေ။ ခဏတာမျှ တွေးတောပြီး‌နောက် သူမ၏ ထိုအတွေးများသည် ပျောက်ကွယ်သွားတော့သည်။ သူမ၏မျက်နှာကို မည်သည့်နေရာ၌ ထားရမည်မသိသောကြောင့် ပြန်ပြောတော့သည်။ “ကျွန်မက တစ်ခွန်းပဲ ပြောလိုက်တာကို ရှင်က ဆယ်ခွန်းလောက် ပြန်ပြောနေတယ်။ ရှင်ကလည်း ရှင့်သားလိုပဲ ကျေးဇူးမသိတတ်ဘူး”

“မင်းကပြောလေ ပိုဆိုးလေပါလား။ အချိန်တန်ရင် မင်းကို အမေခေါ်ပြီး ဂါရ၀ပြုနေတာပဲ မဟုတ်ဘူးလား။ ပြီးတော့ ယိုကျင့်က မိန်းမကောင်းလေးပါ။ အရေးကြီးဆုံးက လင်းယွီက သူမကို သဘောကျနေတာပဲလေ။ မင်းက ဘာလို့ ကလေးတွေကိစ္စကို အဲ့လောက်စွက်ဖက်နေရတာလဲ” ရှောင်ဟိုင်ရူသည် ခုတင်ပေါ်၌ လှဲကာ မျက်လုံးမှိတ်ရင်း သက်ပြင်းချလိုက်သည်။

“ကလေးတွေကြီးလာရင် သူတို့ဘ၀ သူတို့ဘာသာစီမံလိမ့်မယ်။ ငါတို့လူကြီးတွေက နေရာတကာ လိုက်စီမံနေရင် သူတို့က ငါတို့နဲ့ အနေဝေးသွားလိမ့်မယ်။ မင်း မြေးမြန်မြန်ချီချင်ရင် မဟုတ်တာတွေ တွေးမနေနဲ့”

အမျိုးသမီးယွီသည် သဘောထား ကျဉ်းမြောင်းသည့်သူမဟုတ်ပေ။ လော့ဟယ်မြို့မှ မျိုးရိုးမြင့် သခင်မလေးများ၏ စကားကြောင့်သာ သားဖြစ်သူသည် မြို့စားတစ်ယောက်အနေနှင့် ထိုထက်ပိုကောင်းသည့် အမျိုးသမီးတစ်ဦးနှင့် လိုက်ဖက်သည်ဟု တွေးမိသွားခြင်းဖြစ်သည်။ ယခု ခင်ပွန်းသည်၏ ယခင်ကိစ္စရပ်များကို ပြန်လည်ပြောကြားမှုကြောင့် အတိတ်ရှိ သူမစီစဉ်ပေးသော လက်ဆက်မှုကြောင့် သားဖြစ်သူနှင့် အနေစိမ်းခဲ့သည်ကို မှတ်မိသွားခဲ့လေသည်။ သူမသည် ထိုကိစ္စကို ထပ်မတွေးရဲတော့ချေ။

ရှောင်မိသားစု၏ တင်တောင်းပစ္စည်းသည် ထည်ဝါသကဲ့သို့ စုမိသားစု၏ လက်ဖွဲ့ပစ္စည်းသည်လည်း မနည်းပေ။

မူလက အမျိုးသမီးစုသည် ယိုရင်၊ ယိုကျူးနှင့် ယိုပေါင်တို့အား စီမံခွင့်ပြုခဲ့သည်။ သို့သော် ယိုရင်သည် ကိုယ်၀န်တည်စ ဖြစ်နေကာ ယိုပေါင်သည်လည်း သန္ဓေသားသုံးလမျှ ရှိနေပြီဖြစ်လေသည်။ အမျိုးသမီးစုသည် သမီးနှစ်ယောက်အား မထိခိုက်စေရန် အခန်းထဲ၌သာ ပိတ်ထားချင်တော့သည်။ ယခုကဲ့သို့ ကိစ္စရပ်များကို ထိုကလေးများအား မည်သို့ စီမံခွင့်ပေးနိုင်တော့မည်နည်း။ ထို့ကြောင့် သူမ၊ ယိုကျူး၊ အမျိုးသမီးဟန်နှင့် တတိယသခင်ဟွမ်တို့သာ ၀င်ရောက်လုပ်ကိုင်ကြရသည်။ နှစ်၀က်အတွင်း၌ပင် ပြင်ဆင်မှုသည် ပြီးပြည့်စုံလုနီးပါးဖြစ်နေလေသည်။

“ယန့်ကျဲမြစ်ကနေ ယူလာတဲ့ ပိုးထည်ရော တောင်ပိုင်းကမှာထားတဲ့ အဝါရောင် နှင်းဆီသစ်မွှေးရော ဆယ်ရက်အတွင်း ရောက်လိမ့်မယ်။ အကုန်အဆင်သင့်ဖြစ်ပြီ” ‌ ထိုအရာများသည် တတိယသခင်ဟွမ်၏ အဆက်အသွယ် ကျယ်ပြန့်လှသောကြောင့် ရရှိခြင်းဖြစ်သည်။ ထိုပစ္စည်းများသည် လော့ဟယ်မြို့၌ မတွေ့ရဘဲ တတိယသခင်ဟွမ်သည် တောင်မြောက်သွားလာနေသော ကုန်သည်ထံမှ မှာယူထားခြင်း ဖြစ်သည်။ ဇွန်လထဲ၌ သူ၏လူယံများအား စုစီရင်နယ်ရှိ အထည်သားကောင်းများနှင့်အတူ ကျန်းနန်မှ ပိုးထည်နှင့် ဖဲသားထည် သုံဆယ်ပါ ယူဆောင်ရန်ခိုင်းစေခဲ့သည်။ ကောင်းမွန်သည့် ချည်ထည်စ ခုနှစ်ဆယ်၊ အရည်အသွေးမြင့်သည့် ပိုးသား၊ ဟန်ဟွပိုးထည်၊ လျှိုကွမ်းပိုးထည်နှင့် အခြားပစ္စည်းများ စုစုပေါင်း ပစ္စည်းပေါင်းတစ်ရာမျှ ရှိပေသည်။

သခင်မစုသည် ခေါင်းညိတ်ကာ ထိုပစ္စည်းများကို လက်ဖွဲ့ပစ္စည်းစာရင်းထဲ၌ ထည့်သွင်းကာ ပြောလိုက်သည်။ “အကုန် စုံသလောက်ရှိပါပြီ။ တကယ်လို့ လိုအပ်တာရှိရင် တတိယသခင်ကနေတစ်ဆင့် ငွေတောင်းလို့ရတယ်။ ယိုကျင့်ရဲ့လက်ထပ်ပွဲက အခမ်းအနားဆုံး ဖြစ်အောင် သေချာစီစဉ်ရမယ်”

“စိတ်မပူပါနဲ့ သခင်မရယ်။ အဝါရောင်နှင်းဆီသစ်မွှေးသာရောက်လို့ကတော့ လော့ဟယ်မြို့က အကောင်းဆုံး လက်သမားကို ရှာပြီး နို၀င်ဘာလအတွင်း ပရိဘောဂရအောင် လုပ်ခိုင်းထားပါ့မယ်”

သူသဘောမတူဘဲ နေမည်လား။ ယခုနှစ်ပိုင်းအတွင်း သူသည် စုမိသားစုထံသို့ ကိုယ့်ကိုယ်ကိုယ် ရောင်းချထားခြင်း မရှိသော်လည်း အကြီးဆုံးသခင်မလေးမှာ သူ့အား တန်ဖိုးထားကာ ယုံကြည်ပေသည်။ ယခုတွင် သခင်မလေးနှင့် သူ၏ ယခင်သခင်တို့ လက်ထပ်မည်ဖြစ်သောကြောင့် လက်ဖွဲ့ပစ္စည်း၀ယ်ရန် လာရောက်ကူညီရခြင်းဖြစ်သည်။ သခင်မစု မမေးလျှင်ပင် သူသည် စိတ်လိုလက်ရ ကူညီနေဦးမည်ဖြစ်သည်။

အမျိုးသမီးစုသည် လက်ထဲမှ စုတ်တံကိုချကာ အပြုံးလေးဖြင့် ပြောလိုက်သည်။ “လက်ဖွဲ့ပစ္စည်းကိစ္စက အဲ့လောက်ရှုပ်ထွေးလိမ့်မယ် ထင်မထားဘူး။ တတိယသခင် ကူညီပေလို့ပဲ”

ယိုကျင့်သည် မကြာမီအချိန်အတွင်း လက်ထပ်ရတော့မည်ဖြစ်ကြောင်း ကိုယ့်ကိုယ်ကိုယ် သိလေသည်။ မိသားစုစီးပွားရေးကို ဂရုစိုက်ပေးလို့ ရသော်လည်း အိမ်ရှိကိစ္စအရပ်ရပ်ကို အမျိုးသမီးးစုအား လွှဲပြောင်းပေးရမည်ဖြစ်သည်။ ထို့ကြောင့် သူမသည် မေလမှ စတင်ကာ စီးပွားရေး ကိစ္စကြီးငယ်ကို အမျိုးသမီးစုထံသို့ လွှဲပြောင်းပေးလိုက်သည်။ အမျိုးသမီးစုသည် နှစ်နှစ်ဆယ်မျှ စီးပွားရေး လုပ်ကိုင်ခဲ့ဖူးသော အမျိုးသမီးယွီထက် လုပ်ကိုင်နိုင်စွမ်း နည်းပါးသော်လည်း စီမံကွပ်ကဲနိုင်သေးသည်။

အစ်မဖြစ်သူ လက်ထပ်ပြီးပါက အိမ်၌ မိခင်ဖြစ်သူကို စောင့်ကြည့်ရန် လူမရှိကြောင်း ယိုကျူး တွေးတောမိသည်။ ယိုလင်သည် နောက်နှစ်ထဲ၌ လက်ထပ်တော့မည်ဖြစ်ကာ ယိုလော့နှင့် အငယ်လေးနှစ်ဦးသည် ငယ်ရွယ်လွန်းပေသည်။ သူမ၏စိတ်ထဲ၌ ရွှီမောက်လင်နှင့် ပတ်သက်၍ ခံစားချက်အနည်းငယ် ရှိသော်လည်း ထိုကိစ္စအတွက်နှင့် လက်ထပ်ပွဲအတွက် ခေါင်းညိတ်လက်ခံရန် ငြင်းဆိုနေဆဲဖြစ်သည်။

အမျိုးသမီးစုသည် ထိုကိစ္စနှင့် ပတ်သက်၍ မသိရှိသေးပေ။ သမီးဖြစ်သူ၏ အကျင့်စရိုက်သည် မတည်ငြိမ်သေးဘူးဟုသာ တွေးတောလိုက်မိသည်။ အမျိုးသမီးစုသည် ယိုကျူး၏ ငယ်ရွယ်မှုများကို အလဟဿကုန်ဆုံးလိုက်ကာ ရွှီမောက်လင်ကဲ့သို့ လက်တွဲဖော်ကောင်းနှင့် လွဲချော်သွားမည်ကို စိုးရိမ်နေခဲ့သည်။ ထို့ကြောင့် ယိုကျင့်၏လက်ဖွဲ့ပစ္စည်းများ ပြင်ဆင်ပြီးချိန်၌ ယိုကျူးကို နားချရန် ပြင်ဆင်ရတော့သည်။

“အမေက အစ်မလက်ထပ်ပွဲကိစ္စပြီးရင် နောက်နှစ်ယိုလင်အတွက် လုပ်ပေးရဦးမှာလေ။ ဘယ်လိုလုပ်ပြီး သမီးကိစ္စကို စိတ်ပူဖို့ အချိန်ရသွားတာလဲ” ယိုကျူးသည် မိခင်ဖြစ်သူ၏ နားချမှုကို သေချာစွာ‌ နားထောင်ပေးခဲ့သည်။ သူမသည် အနည်းငယ် စိတ်မရှည်သော်လည်း အမျိုးသမီးစုနှင့် စကားများလိုခြင်းမရှိခဲ့ချေ။ သူမ၏မကြည်မသာဖြေကြားချက်က အမျိုးသမီးစုအား ဆွံ့အသွားစေခဲ့သည်။

“အမေက သမီးကို အိမ်မှာမြင်ရတာ မျက်စိနောက်နေလို့လား။ အဲ့လိုသာဆို သမီးက မထွက်သွားဘူးနော်”

“ဒီကလေးက ဘာတွေလျှောက်ပြောနေတာလဲ” အမျိုးသမီးစုသည် ထိုစကားကြောင့် ဆွံ့အကာ အသည်းယားမိ၍ ယိုကျူး၏နဖူးကို အသာအယာတောက်လိုက်သည်။ “အမေက သမီးကောင်းဖို့ ပြောနေတာ။ မိခင်တွေက သူ့ကလေးအကြောင်းကို အသိဆုံးပဲ။ တပ်မှူးရွှီအပေါ်ထားတဲ့ သမီးခံစားချက်ကို အမေသိတယ်။ တပ်မှူးရွှီက လူကောင်းလေးပါ။ သမီးက သူ့လိုလူကောင်းနဲ့ လွဲပြီး တစ်ဘ၀လုံး နောင်တရနေမှာပဲ အမေကစိတ်ပူတာ”

အမျိုးသမီးစု၏ စကားများကြောင့် သူမ၏မျက်၀န်းများသည် အကြောင်းအရင်းမရှိ ပူနွေးလာသည်ဟု ယိုကျူးခံစားမိသည်။ သို့သော်လည်း အမျိုးသမီးစုအား နှစ်အနည်းငယ်မျှ ကူညီလုပ်ကိုင်ပေးရန် စိတ်ပိုင်းဖြတ်ထားလေသည်။ “အဲကိစ္စကို ထပ်မပြောနဲ့တော့နော်။ တကယ်လို့ သမီးနဲ့သက်ဆိုင်ရင် နောက်နှစ်နှစ်နေလဲ သမီးဟာပဲ ဖြစ်နေမှာ။ သမီးနဲ့ မသက်ဆိုင်ဘူးဆိုမှတော့ ဘာလုပ်ဖို့ အလောကြီးနေရမှာလဲ”

ယိုကျူး၏အပြုအမူသည် ပျော့ပြောင်းရမည့်အစား ပို၍ပင်ခက်ထန်လာကာ အပူအပင်မရှိသည့် အတွေးများကြောင့် အမျိုးသမီးစုသည် သူမ၏သမီးအပေါ် အမှန်ပင် စိတ်ညစ်မိသည်။ တတိယသမီးဖြစ်သူသည် ကလေးများထဲ၌ ဒေါသထွက်လွယ်သည့်သူမှန်း သူမသိသည်။ အကယ်၍ စကားများကြပါက အနိုင်အရှုံးထက် သူမတို့နှစ်ဦးကြား၌ အနေဝေးသွားလိမ့်မည်။ ထို့ကြောင့် သူမ၏စိတ်ထဲရှိ အတွေးများကို ထုတ်ပြောရန်သာ တတ်နိုင်သည်။ “ထားလိုက်တော့။ အမေလည်း ဖိအားမပေးတော့ဘူး။ ဒါက တစ်ဘ၀လုံးနဲ့ သက်ဆိုင်တဲ့အရာပဲ။ စိတ်အေးအေးထားပြီး တွေးကြည့်”

ချားရှန်းသို့ စီးပွားရေးကိစ္စဖြင့် ရက်အနည်းငယ် သွားရောက်ကာ ပြန်လာပြီးချိန်၌ မိခင်ဖြစ်သူသည် ညီမဖြစ်သူကို ထပ်မံနားချရန်အတွက် အတွေးများနေကြောင်း ယိုကျင့်သိလိုက်ရသည်။ ထိုအခါ သူမသည် မရယ်ဘဲ မနေနိုင်တော့ချေ။ “အမေ ယိုကျူးရဲ့စိတ်ကို အမေမသိတာလဲ မဟုတ်ဘဲနဲ့။ ပြီးခဲ့တဲ့တစ်ခေါက်က သမားတော် လာတုန်းက အမေ့ကို စိတ်အေးအေးထားဖို့ မပြောခဲ့ဖူးလား။ ဘာလို့ ကိုယ့်အပူကို လိုက်ရှာနေတာလဲ”

အမျိုးသမီးစု၏ မူလခန္ဓာကိုယ်သည် ကောင်းမွန်သော်လည်း အတိတ်က တစ်နှစ်တစ်ကြိမ် မီးဖွားလာခဲ့၍ သူမ၏ကိုယ်သည် မောပန်းနေပြီဖြစ်သည်။ လွန်ခဲ့သည့် ခြောက်နှစ်ခုနှစ်နှစ်ခန့်က ယိုကျင့် ပိုက်ဆံစစုမိသည့် အချိန်မှစ၍ အမျိုးသမီးစုကို အာဟာရပြည့်၀အောင် ကျွေးမွေးလာခဲ့သည်။ ယခုတွင် ငှက်သိုက်နှင့် ဂျင်ဆင်းကဲ့သို့သော ဖြည့်စွက်စာများကို နေ့စဉ်ကျွေးမွေးခဲ့ပြီး အာဟာရစွပ်ပြုတ်များနှင့် အခြားသော ဖြည့်စွက်စာများကိုလည်း မပြတ်မလပ် ကျွေးမွေးခဲ့လေသည်။ အမျိုးသမီးစု၏ ခန္ဓာကိုယ်သည် ၀ဖြိုးခြင်း မရှိသော်လည်း ယခင်နှစ်များထက် အနည်းငယ် ကောင်းမွန်လာပြီဖြစ်သည်။

“နင့်ညီမအတွက် စိတ်ပူနေလို့ပေါ့။ ယိုလင်တောင် စေ့စပ်ပြီးနေပြီ။ သူက တစ်ဆယ့်ခြောက်နှစ်ရှိပြီး အခုထိ ဘာကိုမှ စိတ်ထဲရှိမနေဘူး။ တကယ်လို့ တပ်မှူးရွှီတို့မိသားစုဘက် စိတ်မရှည်တော့ရင် နောင်ကျ နင့်ညီမက ဘယ်လိုလုပ်မှာလဲ” အမျိုးသမီးစုသည် ရွှီမိသားစုနှင့် လက်ဆက်မည့်ကိစ္စကို သဘောတွေ့ပေသည်။ သူမသည်လည်း ရွှီမောက်လင်နှင့် အကြိမ်အနည်းငယ် တွေ့ဖူးပေသည်။ စစ်အားစစ်မာန် ပြည့်၀ကာ ချောမောလှပေသည်။ ထို့အပြင် အဆင့်ငါးရာထူးရှိသည့်တပ်မှူးဖြစ်သည်။ အရေးကြီးဆုံးအချက်မှာ ယိုကျူးသည် တပ်မှူးရွှီကို နှစ်သက်နေခြင်းဖြစ်သည်။ အကယ်၍ ထိုသို့ ငယ်ရွယ်ကာ အရည်အချင်းရှိသည့်သူနှင့် လွဲချော်သွားပါက အနာဂတ်၌ ယိုကျင့်အတွက် ထိုလောက်ကောင်းမွန်သည့် လက်တွဲဖော်မျိုး မည်သို့ ရှာဖွေပေးရမည်နည်း။

ယိုကျင့်သည် အမျိုးသမီးစုအတွက် ရေနွေးကြမ်းငှဲ့ပေးကာ အပြုံးလေးနှင့်ပြောလိုက်သည်။

“ပြောရကြေးဆို ကလေးနဲ့ မြေးတွေက ကံစပ်မှရတာတဲ့။ အမေစိတ်မပူပါနဲ့။ တကယ်လို့ အလုပ်မဖြစ်မှ သမီးယိုကျူးကို သွားမေးပေးပါ့မယ်”

“ဟုတ်တယ်။ ဟုတ်တယ်။ သမီးသွားပြောကြည့်လိုက်ပါ။ ယိုကျူးက သမီးပြောတာဆို နားထောင်ပါတယ်” အကြီးဆုံးသမီးဖြစ်သူ၏ ပြောစကားကြောင့် အမျိုးသမီးစု၏မျက်၀န်းများမှာ တောက်ပလာတော့သည်။ ယိုကျင့်အား အခုချက်ချင်းပင် ယိုကျူးဆီသွားကာ မေးမြန်းစေလိုတော့သည်။

…

All Chapters