အခန်း ၁၆၀
Vol. 11 Ch. 160
အပိုင်း (၁၆၀) လောင်စန်းပြဿနာ
ယိုကျင့်သည် ယိုကျူးအား အကျိုးအကြောင်း ပြောပေးမည်ဟု အမျိုးသမီးစုအား ကတိပေးထားခဲ့သည်။ သို့သော် သူမသည် သည်ရက်ပိုင်းတွင် အလုပ်များနေခဲ့သဖြင့် ခဏလောက် အချိန်ဆွဲထားခဲ့မိသည်။ သူမလက်ထဲက အလုပ်ပြီးခါနီးတွင်တော့ ရက်အနည်းငယ် နောက်ကျနေပြီ ဖြစ်လေသည်။
ဆောင်ဦးပွဲတော်ပြီးသွားသည့်နောက် မြက်ပင်များနှင့် သစ်ပင်များသည် တဖြည်းဖြည်း ကျုံ့လီလာပြီး ကောက်နှံများကတော့ လေးလံလာလေသည်။ အဝေးကကြည့်လျှင် ရွှေပင်လယ်ကြီးတစ်ခုနှယ်။ ကောက်သိမ်းရမည့်အချိန် ရောက်လာတော့သည်။
သည်နေ့သည် စုမိသားစု အပန်းဖြေအိမ်တွင် တံစဥ်စ,ကိုင်သည့်နေဖြစ်လေသေည်။ စုမိသားစုဝင်အားလုံးသည် “လုပ်အားဖြင့် ပြန်လည်ဆင်ခြင်ခြင်း” လုပ်ရန် ဟိုကျားဝမ်သို့ သွားလိုက်ကြသည်။ လတ်တလောမှ ကိုယ်ဝန်မြဲသွားသည့် ယိုပေါင်နှင့် ကိုယ်ဝန်၈လရှိပြီဖြစ်သည့် ယိုရင်တို့သည် မိသားစုဝင်များနှင့်အတူ လိုက်လာရန် တောင်းဆိုခဲ့ကြလေသည်။ လတ်ဆတ်သည့်လေကို ခံစားရန် ရှားရှားပါးပါး အခွင့်အရေးပင်။
“အခုတလော နေ့တွေကလည်း ကုန်မြန်လိုက်တာ၊ ရှောင်ပါ့တောင် မျက်စိတမှိတ်အတွင်း ရှစ်နှစ်ပြည့်တော့မယ်နော်”
ကြာကန်ဘေးက အပြာရောင်အုတ်အိမ် အပြင်ဘေးရှိက သစ်ပင်တစ်ပင်၏ အရိပ်အောက်တွင် ထိုင်ကာ အေးမြမြ ဆောင်းဦးလေကို ခံစားရင်း ယိုရင်သည် သူမ၏ပူထွက်နေပြီးသား ဗိုက်လေးကို ပွတ်သပ်နေလေသည်။ သူမသည် သိပ်မဝေးလှသည့်နေရာက ညီအစ်မများကို ကြည့်လိုက်ပြီး မျက်လုံးများ ကျဥ်းမြောင်းသွားသည်အထိ ပြုံးလိုက်တော့သည်။
သူမဘေးတွင် ထိုင်နေသည့် ယိုပေါင်လည်း ပြုံးကာ မွေးကတည်းက အလုပ်ကြမ်းတစ်ခါမှ မလုပ်ခဲ့ဖူးသည့် သူမ၏ ယောက်ျားက ဒုတိယခဲအိုနောက် လိုက်ကာ ကောက်ရိတ်ရန် လယ်ထဲ လိုက်ဆင်းသွားသည်ကို ကြည့်နေလေသည်။ သူမက ကြည်နူးကာ ပြောလိုက်၏။
“ ညီမလေး ယောက္ခမကြီးဆီက ကြားခဲ့တာ ကလေးတွေက ခဏလေးအတွင်းမှာပဲ ကြီးလာတာတဲ့၊ ဒုတိယအစ်မက ကလေးမွေးရင်လေ အဲဒီအချိန်ကျရင် ပိုပြီးခံစားမိလာမယ်လို့ ထင်တဘ်”
ညီအစ်မများသည် တစ်ယောက်တစ်လှည့် ထွေရာလေးပါး ပြောဆိုနေကြသည်။ အခြွေအရံနှင့် အမျိုးသမီး အစေခံများက အဝေးမှ စောင့်ကြည့်နေကြပြီး သူတို့၏သခင်မအနားသို့ လာမနှောင့်ယှက်ကြပေ။
စုမိသားစုလယ်ကွင်းထဲတွင်တော့ နောက်ထပ် သမက်နှစ်ယောက် ဟန်လီနှင့် စစ်ဝေတို့ ပါလာခဲ့သည်။ နှစ်ယောက်လုံးသည် အကောင်းစား တရုတ်ရိုးရာ ချည်သားအနွေးထည်နှင့် ဘောင်းဘီများကို ဝတ်ထားကြသည်။ သူတို့သည် ဆယ့်တစ်နှစ်အရွယ် ဟန်အားဟွာနှင့် ရှစ်နှစ်ပြည့်ခါနီး စုခမ်းတို့ကို ဦးဆောင်လာခဲ့သည်။ ယောက်ျားလေး လေးယောက်က သေသေချာချာ တန်းစီရပ်လိုက်ကြပြီး တံစဥ်တစ်ခုဖြင့် ကောက်ရိတ်လိုက်တော့သည်။ သူတို့ထဲက ကျန်လူများအားလုံးမှာ အတွေ့အကြုံရှိပြီးသား အလုပ်သမား ဖြစ်ကြသည်။ စစ်ဝေတစ်ယောက်သာ သူ့ဘဝတွင် ပထမဆုံးအကြိမ် လယ်ထဲတွင် အလုပ်လုပ်နေရခြင်းပင်။ ထို့ကြောင့် သူက အနည်းငယ် နမော်နမဲ့ ဖြစ်နေတော့သည်။ စုခမ်းက တဟားဟားရယ်နေသည်ကို တွေ့လိုက်ရလေသည်။
“ ဒီတော့ တတိယယောက်ဖလည်း အားနည်းချက်ရှိတာကိုး”
သူ့ညာဘက်တွင် ရှိနေသည့် ဟန်အားဟွာကလည်း ပြုံးကာ ရယ်မောလိုက်တော့သည်။
မြက်ဦးထုပ်ကြီးတစ်လုံးကို ဆောင်းထားသည့် စစ်ဝေသည် မောဟိုက်နေပြီး နဖူးမှ စီးကျလာသည့် ပဲစေ့အရွယ် ချွေးသီးများကို သုတ်လိုက်လေသည်။ သူ့နှုတ်ခမ်းများမှာ အနည်းကယ် ခြောက်ကပ်နေ၏။ သူက ပြုံးလိုက်ပြီး
“ နယ်ပယ်တစ်ခုချင်းစီ သူတို့ရဲ့ ကိုယ်ပိုင်ထူးခြားချက်တွေရှိတယ်လေ၊ ငါလည်း နေရာတိုင်းမှာ ဘယ်တော်နိုင်ပါ့မလဲ”
သည်နေ့၏ နောက်ခံအကြောင်းအရင်းမှာ သူ့ဇနီးသည်က စုမိသားစု၏ ကောက်ရိတ်စတင်သည့်နေ့အကြောင်း ပြောပြခဲ့ပြီး သူကလည်း အိမ်ထဲတွင် အချိန်အကြာကြီး စာဖတ်ခဲ့ပြီးနောက် အပြင်ထွက်လေညင်းခံ ချင်ခဲ့လေသည်။
သူသည် တစ်ကိုယ်လုံးချွေးများ ထွက်နေပြီး သူ့နှုတ်ခမ်းမှာ အနည်းငယ် ခြောက်သွေ့နေကာ ဝါးစိမ်းရောင် ချည်သားအဝတ်အစားများကလည်း အစောကြီးကတည်းက ရွှဲနစ်နေပြီးဖြစ်သော်လည်း သူသည် လန်းဆန်မှုကို ခံစားလိုက်ရပြီး သူ့ပတ်ဝန်းကျင်တွင် ရစ်ပတ်နေသည့် မွန်းကြပ်သည့်လေထုကလည်း ရှင်းလင်းသွားလေသည်။ သူ့တစ်ကိုယ်လုံး ပေါ့ပါးလန်းဆန်းသွားတော့သည်။
တစ်ဖက်စွန်းတွင်တော့ ယိုကျင့်၏ ခေါင်းဆောင်မှုအောက်တွင် ယိုလင်နှင့် ယိုလော့အပါအဝင် ညီအစ်မလေးယောက်တို့သည် တံစဥ်များကို ဝေ့ယမ်းရင်း ကောက်ရိတ်နေကြလေသည်။ ညီအစ်မများအားလုံးသည် သပ်သပ်ရပ်ရပ် ဝတ်စားထားကြသည်။ လက်များ မကြမ်းတမ်းသွားစေရန် တစ်ယောက်စီက သမင်သားရေလက်အိတ်တစ်စုံစီ ဝတ်ထားကြသည်။ ထိုလက်အိတ်များက စျေးသက်သာသည်။
“မကြီး ကောက်ရိတ်ပြီးရင်လေ ညီမလေးလေ ကွေးဟွားပန်းတွေခူးလို့ရလား” ခုနှစ်နှစ်အရွယ် ယိုတွမ့်မှာ ကစားလို့ကောင်းသည့်အရွယ်လေး ရှိသေးသည်။ ကောက်ရိတ်သိမ်းလို့ မပြီးသေးခင်မှာပင် သူမ၏စိတ်တို့က ကွေးဟွားပင်များကို လှုပ်ယမ်းဖို့ စိတ်ရောက်နေတော့သည်။
ယိုကျင့်က တစ်ဝက်နီးပါးကျန်သေးသည့် စပါးခင်းကိုကြည့်ကာ နဖူးပေါ်က ချွေးများကို သုတ်လိုက်ပြီး
“ ကောက်ရိတ်ပြီးရင် ပြန်သွားပြီး သန့်ရှင်းရေးလုပ်အုံး၊ နေအေးမှ ပြန်ထွက်လာခဲ့” ဆောင်းဦးဝင်လာပြီး ဆိုသော်ငြားလည်း ဆောင်းဦး၏ကျား ဟူသည့် အမည်ကို အလကားခေါ်ခဲ့ခြင်းမဟုတ်ပေ။ နေသည် မွန်းတည့်ချိန်တွင် ခြစ်ခြစ်တောက်အောင် ပူနေသေးသည်။
နေသည့် မြင့်သည်ထက်မြင့်လာသည်နှင့်အမျှ စုမိသားစုဝင်အားလု့းကလည်း ဟိုကျားဝမ်ရှိ စုမိသားစု၏အပန်းဖြေခြံဝင်းဆီသို့ပြန်လာခဲ့ကြသည်။ ခြံဝင်းထဲတွင် စုမိသားစု၏ အစေခံများသည် သခင်ဗျား ရေချိုးသန့်စင်ရန် ရေနွေးနှင့် ဆပ်ပြာများကို ပြင်ဆင်ထားပြီးလေသည်။
***
“ ငါ ဟိုကျားဝမ်ကိုတောင် မရောက်တာ အရမ်းကြာသွားပြီ၊ ဒီနေ့က အနားယူဖို့ရှားရှားပါးပါး နေ့ပဲ”
ယိုကျူးနှင့် ယိုကျင့်တို့သည် ဘေးချင်းယှဥ်လျှောက်လာကြီး စကားပြောလာကြလေသည်။ စုမိသားစု၏ အစေခံများက ခပ်လှမ်းလှမ်းမှ သခင်ဗျားနောက် လိုက်လာပြီး သခင်တို့၏ အေးချမ်းမှုကို ဘယ်တော့မှ မနှောင့်ယှက်တတ်ကြပေ။
ယိုကျင့်က ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ နီးနီးဝေးဝေး ရိတ်သိမ်းထားသည့် စပါးများ အလျှံပယ် ရှိနေလေသည်။ သူမသည် ရုတ်တရက် စိတ်များ ပွင့်သွားသလိုခံစားလိုက်ရပြီး ရင်အေးသွားတော့သည်။ သူမက ပြောလိုက်၏။
“ အိမ်ထဲမှာပဲ ပိတ်လှောင်နေပြီးရင်တော့ လမ်းလေးဘာလေး ထွက်လျှောက်ရမယ်၊ မဟုတ်ရင် လူက ပင်ပန်းလာလိမ့်မယ်”
ယိုကျူးသည် မူလက ပွင့်လင်းပြီး တက်ကြွသည့်အကျင့်စရိုက်တစ်ခု ရှိခဲ့သည်။ သူမသည်လည်း အတန်းဖော်များနှင့် ချိန်းဆိုကာ ပန်းကြည့်ခြင်း၊ ကျောင်းဆင်းလျှင် လက်ဖက်ရည်သောက်ခြင်းများ လုပ်ရသည်ကို သဘောကျခဲ့သည်။ သို့သော် လတ်တလောတွင် သူမသည် အနည်းငယ် မူမမှန်သလို ဖြစ်လာလေသည်။ ကျောင်းမှ အိမ်သို့ ပြန်လာတိုင်း ယိုကျင့်ဘေးတွင် အိမ်မှုကိစ္စ ကိုင်တွယ်ရန် လာသင်နေတတ်သည်။ ထိုအရာက ယိုကျင့်ထံ အတွေးတချို့ ရောက်လာစေလေသည်။
“ အခုဆိုရင်လေ မိသားစုမှာ လူတွေလည်း အများကြီးပဲ၊ ပြီးတော့ ငါတို့တွေလည်း နှစ်တော်တော်ကြာအောင် ပင်ပင်ပန်းပန်း အလုပ်လုပ်လာခဲ့တာ၊ ငါတို့တွေ အနားယူသင့်ပြီ”
မျက်နှာပေါ်တွင် အပြုံးတစ်ခုဖြင့် ယိုကျင့်က ယိုကျူးကို ကြည့်လိုက်သည်။ ညီအစ်မနှစ်ယောက်သည် စုမိသားစု ဆောက်ထားသည့် ဇရပ်တစ်ခုနားအထိ လျှောက်လာခဲ့ကြပြီး ထိုင်လိုက်ကြလေသည်။ အစေခံများက အကွာအဝေးတစ်ခုတွင် ရှိနေကြဆဲ။
“ မကြီးရဲ့အကြီးမားဆုံးဆန္ဒကလေ ညီမလေးတို့အားလုံး ပျော်ရွှင်နိုင်ဖို့ပဲ၊ အပြင်ကိစ္စတွေကိုတော့ မကြီးကိုပဲ လွှဲထားလိုက်ပါ”
ယိုကျူးသည် အကြီးဆုံးအစ်မ၏စကားကို ကြားလိုက်ရချိန်တွင် မကြီးက သူမ၏အတွေးများကို ခန့်မှန်းမိသွားမှန်း သိလိုက်တော့သည်။ သူမ၏ကျောက်စိမ်းရောင် မျက်နှာလေးသည် အနည်းငယ် နီမြန်းသွားပြီးနောက် ပြန်ဖြေလိုက်လေသည်။
“ အခုဆို ညီမလေးလည်း ဆယ့်ခြောက်နှစ်ရှိပါပြီ၊ ညီမလေး မကြီးရဲ့တာဝန်တွေကို ကူထမ်းပေးနိုင်ပါပြီ”
မကြီးက သည်နှစ်တွေမှာ ဒီမိသားစုအတွက် ဘယ်လောက်တောင် အားစိုက်ထုတ်ခဲ့ရတာကို သိနေတော့ လက်ထပ်ပြီးသွားရင် မိသားစုကိစ္စတွေကို စိတ်မပူဘဲ နေနိုင်မှာ မဟုတ်ဘူးလေ။
ယိုကျင့်က လက်ကိုဆန့်ကာ ယိုကျူး၏နဖူးကို တောက်လိုက်ပြီး
“ နင်ဟာလေ၊ ငါတို့မိသားစုရဲ့ကိစ္စကို ငါ စိတ်ပေးနေတာ ဘာပြောစရာလိုလို့လဲ၊ မကြီးက နင့်အတွေးတွေကို နားလည်ပါတယ်၊ လက်ထပ်ပြီးသွားရင်တောင် ငါက စုမိသားစုရဲ့ သမီးပဲလေ ဟုတ်တယ်မလား၊ မကြီး အမေနဲ့ တိုင်ပင်ပြီးသွားပြီ၊ မိသားစု ပိုင်ဆိုင်မှုကို နှစ်ပိုင်းခွဲလိုက်မယ်၊ တစ်ခုကို လော့ဟယ်မှာ ထားပြီး တစ်ခုကို မြို့တော်မှာ ထားမယ်၊ လော့ဟယ်ကဟာကို အမေရယ်၊ နင်ရယ် ယိုရင်က ဦးစီးရမယ်၊ ငါကတော့ မြို့တော်ကဟာကို စီမံလိုက်မယ်၊ နင်ဘယ်လိုထင်လဲ”
ဒါသည် ယိုကျင့်နှင့် အမျိုးသမီးစုတို့ကြားတွင် ရက်ပေါင်းများစွာ တိုင်ပင်ခဲ့ကြပြီးနောက် ဆုံးဖြတ်ခဲ့ခြင်းပင်။ စုမိသားစု၏ လုပ်ငန်းသည် နဂိုကတည်းက ယိုကျင့်၊ ယိုရင်နှင့် ယိုကျူးတို့ ညီအစ်မသုံးယောက်၏ ကြိုးစားမှုရလဒ်ဖြစ်လေသည်။ သူတို့သည် လက်ထပ်သွားလျှင်တောင် လော့ဟယ်မြို့သာ နေကြအုံးမည်။ ထို့အပြင် မိသားစုပိုင်ဆိုင်မှု တစ်ခုစီအတွက် အထူးအလုပ်သမားလည်း ရှိလာပြီ။ သူတို့သည် တစ်ခုခု ကြံစည်ခဲ့လျှင်တောင် လတိုင်း စာရင်းစာအုပ်ကို စစ်ဆေးပြီး မကြာခဏဆိုသလို ရှောင်တခင်စစ်ဆေး လိုက်ရုံသာ။ ထို့အပြင် ဟန်လီနှင့် ရွှီမောက်လင်တို့သည် စာအုပ်ကြီးများ မဟုတ်ကြပေ။ သူတို့အနေဖြင့် ယိုရင်နှင့် ယိုကျူးတို့က မိသားစုလုပ်ငန်းကို ကူညီလုပ်ကိုင်ပေးမည်ကို တားမြစ်ကြလိမ့်မည်မဟုတ်ပေ။
ယိုပေါင်ကတော့ စာပေပညာရှင်မိသားစုနှင့် လက်ထပ်ခဲ့သူဖြစ်သည်။ စစ်ဝေ၏ အရည်အချင်းနှင့်ဆိုလျှင် အနာဂတ်တွင် သူသည် သူမအတွက် ဘုရင့်အမိန့်တော်ရဘွဲ့တစ်ခုပင် ယူပေးနိုင်မလား မပြောတတ်ပေ။ ထို့အပြင် ယိုပေါင်သည် စိတ်ပျော့သည်။ လက်ရှိတွင် အမျိုးသမီးဟန်နှင့် တွဲဖွင့်ထားသည့် သူမ၏ မင်္ဂလာလက်ဖွဲ့ဆိုင် ‘ယစ်မူးဖွယ်အလှ’ကို ဒုတိယဆိုင်ခွဲ ဖွင့်ထားလေသည်။ ယိုပေါင်၏ စိတ်ကူးအရ သူမကို ထည့်စဥ်းစားပေးရန် မလိုချေ။
“ဒါပေမဲ့....”
ယိုကျူးက အနည်းငယ် တွေဝေနေဆဲ။ နောက်ဆုံး မိန်းမတစ်ယောက်က လက်ထပ်ပြီးတာတောင် မိခင်အိမ်က စီးပွားရေးကိစ္စတွေကို ဝင်စွက်ဖက်နေတာက အပြင်လူတွေသာ သိသွားရင် ပြောစရာတွေအများကြီး ဖြစ်လာမှာလေ မဟုတ်ဘူးလား။
သူမက တွေဝေနေသည်ကို တွေ့လိုက်ရသဖြင့် ယိုကျင့်က ပြုံးကာ ပြောလိုက်လေသည်။
“ ဒီလောကမှာ အသက်ရှင်နေထိုင်တယ်ဆိုတာ ကိုယ်ကိုယ်တိုင်အတွက်ပဲ ဖြစ်သင့်တာလေ၊ ဘာလို့ တခြားသူတွေရဲ့ ပြောစကားကို ဂရုစိုက်ပြီး လိုက်လုပ်နေရမှာလဲ၊ ပိတ်ထားတဲ့ တံခါးတွေရဲ့နောက်မှာ ငါတို့ရဲ့ကိုယ်ပိုင်အရေးကိစ္စတွေနဲ့ပဲ နေရအောင်ပါ”
အမှန်ပင်။ ယိုကျင့်သည် မိသားစုအတွက်ကြောင့် သူမညီမလေး၏ တစ်ဘဝတာပျော်ရွှင်မှုကို နှောင့်စေရမည်ကိုတော့ မလိုလားပေ။ သူမရဲ့မိသားစုတွေ ပျော်ပျော်ရွှင်ရွှင်နေနိုင်မယ်ဆိုရင် ဘာလို့ အဓိပ္ပာယ်မရှိတာတွေကို ဂရုစိုက်နေမှာလဲ။
အခုဆို စုမိသားစုမှာ စိုက်ပျိုးမြေက ၅၀၀နီးပါး နဲ့ မြေရိုင်း ဧက၃၀၀ လောက်ရှိတယ်လေ။ ဆောင်းဦးကောက်ရိတ်ပြီးသွားရင် စပါးကျီထဲမှာ ဆန်အချိန် ၂၀,၀၀၀ထက်မက ရှိနေမှာ။ ဒါက နောက်ထပ် အားရဖို့ကောင်းတဲ့ ရိတ်သိမ်းရတဲ့နှစ်ပဲလေ။ နှစ်ရှည်အလုပ်သမားအများကြီးကလည်း ပိုင်ရှင်မိသားစုရဲ့ ကျေးဇူးကို လက်ခံရပြီး ခွင့်သုံးရက် ရခဲ့ကြတယ်။
ယိုကျူးကတော့ နောက်ဆုံး သူ့စိတ်တွေ ပြန်လည်လာပြီး စဥ်းစားတတ်လာခဲ့တယ်လေ။ ၁၀လပိုင်းမှာ ရွှီမိသားစုက အောင်သွယ်တော်လွှတ်ပြီး မင်္ဂလာပွဲကို ထပ်ကမ်းလှမ်းလာတော့ စုမိသားစုကလည်း လက်ခံပေးခဲ့တယ်။
ရွှီမိသားစုက ပို့လိုက်သည့် စေ့စပ်ပွဲကမ်းလှမ်းစာလွှာကို သေသေချာချာ သိမ်းထားလိုက်ပြီးနောက် အမျိုးသမီးစု၏ ရင်ထဲက နောက်ဆုံးကျောက်တုံးကြီးကို လွှတ်ချနိုင်ခဲ့ပြီဟု မှတ်ယူနိုင်လေသည်။
“ နောက်ဆုံးတော့ ဖြေရှင်းပြီးသွားပြီလို့ ပြောလို့ရတယ်”
လောင်စန်း၏ပြဿနာကို နောက်ဆုံးတော့ ဖြေရှင်းပြီးသွားပြီ။
အခုတော့ စုမိသားစု၏ အကြီးဆုံးမှ ငါးယောက်မြောက်ကလေးအထိ မင်္ဂလာပွဲကို အတည်ပြုပေးခဲ့ပြီးလေပြီ။ ရာထူးရာခံ မရှိသည့် ဟန်လီနှင့် လက်ထပ်ခဲ့သည့် ယိုရင်မှလွဲလျှင် တခြားညီအစ်အများစုက ပညာသင်မိသားစုများနှင့် လက်ဆက်ခဲ့ကြသည်။ သူတို့ထဲတွင် အကြီးဆုံးသမီးက ရာထူးအမြင့်ဆုံးနှင့် မင်းဆက်တည်ထောင်ရာတွင် ပါဝင်ခဲ့သည့် အုပ်ချုပ်ရေးအမတ် ရှောင်လင်းယွီနှင့် လက်ထပ်ခဲ့သည်။ စုမိသားစုက သမီးများ၏လက်ထပ်ပွဲက တဖြည်းဖြည်း အတည်တကျ ဖြစ်လာသည်နှင့် လော့ဟယ်မြို့က လူများစွာက မရှုစိမ့်နိုင်သည့် အကြည့်ဖြင့် စောင့်ကြည့်နေကြပြီး သူတို့ဟာသူတို့ စဥ်းစားလိုက်ကြလေသည်။ တကယ်လို့သာ တစ်ယောက်ယောက်က စုမိသားစုရဲ့ သမီးတစ်ယောက်နဲ့ လက်ထပ်နိုင်ခဲ့ရင် သူတို့တွေက အရာရှိဝေမိသားစု၊ ကျောင်းအုပ်ကြီးချွေ့၊ တတိယအဆင့်နယ်စားရွှီမိသားစုနဲ့ ဒုတိယအဆင့်အုပ်ချုပ်ရေးအမတ်တို့နဲ့ ယောက်ဖ ဖြစ်လာမှာပဲ ဟူ၍။
အခုတော့ မစေ့စပ်ရသေးသူများမှာ ရှောင်လျို့၊ ရှောင်ချီ၊ ရှောင်ပါ့တို့အပြင် စုမိသားစု၏ တစ်ဦးတည်းသောသားတို့သာ ကျန်တော့သည်။ စုမိသားစု၏သမီးဖြစ်သူက ဘုရင်မင်းမြတ်၏ ချီးမြောက်ခံရပြီး သူတို့၏စိတ်နေစိတ်ထား ရုပ်အသွင်တို့မှာ ထိပ်တန်းဝင်သည့်အချက်ကို ဖယ်ထားလျှင်တောင် သမီးသုံးယောက် လက်ထပ်စဥ်က ဆယ်မိုင်ကျော်လောက် ရှည်သည့် အနီရောင်လက်ဖွဲ့များကပင် မရေမတွက်နိုင်သည့် လူများ၏မျက်လုံးများကို မီးဝင်းဝင်း တောက်သွားစေလေသည်။ ထို့ကြောင့်ပင် အိမ်တံခါးကို လာခေါက်ကာ မင်္ဂလာပွဲလာကမ်းလှမ်းသူများ ပိုများလာခဲ့လေသည်။
သို့သော် စုမိသားစုသည် အရင်ကလို သာမန်ကိစ္စများကို လျစ်လျူရှုမထားတော့ချေ။ သူမသည်လည်း အနည်းကျဥ်းတော့ သိနေသည်။ မင်္ဂလာပွဲလာကမ်းလှမ်းကြသူ အများစုမှာ သူတို့မိသားစု၏ နာမည်ကြောင့်ပင်။ သူမသည် မကောင်းသည့်လူကို ရွေးခဲ့မိလျှင် ကလေး၏ဘဝ ပျက်စီးရမည်စိုးသဖြင့် ကျန်ကလေးများ၏ လက်ထပ်ပွဲကို ပိုပိုပြီး အာရုံစိုက်နေရတော့သည်။
အမျိုးသမီးဟန်ဖက်တွင်တော့ ယွဲ့ဝမ်ရှန့်၏ မင်္ဂလာပွဲကိုလည်း သတ်မှတ်ပြီးဖြစ်လေသည်။ လော့ဟယ်မြို့က ကျောင်းအုပ်ကြီးချွေ့၏ တူမဖြစ်သူ ဖြစ်သည်။ သူမ၏အပျိုနာမည်မှာ ချွေ့ကျီလန်။ ချွေ့ကျီလန်သည် သည်နှစ်တွင် ဆယ့်ခြောက်နှစ်ပြည့်သည်။ သူမ၏အကျင့်စရိုက်နှင့် စိတ်နေစိတ်ထားက ပထမတန်းစားပင်။ သူမသည် စာပေတတ်ပြီး ကျက်သားရေရှိလှသည်။ လွန်ခဲ့သည့် သုံးနှစ်က မိခင်ဖြစ်သူ ဆုံးပါးသွားသည့်အတွက် သူမသည် သုံးနှစ်တာ ဝမ်းနည်းခြင်းပြုလုပ်ခဲ့ရသည်။ သည်နှစ် ၈လပိုင်းတွင် သူမသည် သားသမီးဝတ္တရားတို့ ပြီးမြောက်မည်ဖြစ်သည်။ ထို့ကြောင့် သူမ၏ မင်္ဂလာပွဲကို ရွှေ့ဆိုင်းခဲ့ရခြင်းပင်။
အမျိုးသမီးဟန်ကလည်း သည်မင်္ဂလာပွဲကို အလွန်သဘောကျလေသည်။ ချွေ့မိသားစုကလည်း ကျောင်းသားလေး ယွဲ့ဝမ်ရှန့်ကို အလွန်သဘောကျသည်။ မိသားစုနှစ်ခုက သဘောထားတူကြသဖြင့် မင်္ဂလာပွဲရက်ကို နောက်နှစ်၅လပိုင်းတွင် သတ်မှတ်လိုက်ကြသည်။ နောက်ဆုံးတွင် ယွဲ့ဝမ်ရှန့်သည် နွေဦးရောက်ပြီး ၃လပိုင်းတွင် စာမေးပွဲဖြေရန် မြို့တော်သို့ သွားရလိမ့်မည်။ အခုတော့ စိတ်အနှောင့်အယှက် ဖြစ်ရန် အချိန်ပင် မရှိပေ။ ချွေ့မိသားစုကလည်း စာပေပညာရှင်မိသားစုတစ်ခု ဖြစ်သောကြောင့် သူတို့သည် စာမေးပွဲ၏အရေးကြီးပုံကို အလိုလိုနားလည်ထားပြီး သဘောတူခဲ့လေသ်ည။
အငယ်ဆုံးသား ယွဲ့ဝမ်ယွီ၏ လက်ထပ်ပွဲကိုလည်း သတ်မှတ်ပြီးဖြစ်သည်။ သူသည် အပျိုနာမည်မှာ ဟွမ်ယွင်ဟု ခေါ်သည့် တတိယသခင်ကြီးဟွမ် မိသားစု၏ အငယ်ဆုံးသမီးနှင့် စေ့စပ်ထားလေသည်။ သူမသည် သည်နှစ်တွင် ဆယ့်လေးနှစ်သာ ရှိသေးပြီး ယွဲ့ဝမ်ယွီနှင့် အသက်တူတူခန့် ဖြစ်သည်။ တစ်နှစ်ထဲတွင် နှစ်မင်္ဂလာ မဆောင်သင့်ဟူသည့် ဓလေ့နှင့် ဟွမ်ယွင်သည်လည်း ငယ်သေးသည့်အတွက်ကြောင့် သူတို့၏လက်ထပ်ပွဲကို လာမည့်နှစ် ၂လပိုင်းဟု သတ်မှတ်ထားလေသည်။
သားနှစ်ယောက်၏ လက်ထပ်ပွဲကို အတည်ပြုပြီးချိန်တွင် လျိုမိသားစုဘက်မှ ယိုဟယ်၏ ပျော်စရာသတင်းကောင်းကလည်း ရောက်လာခဲ့သည်။ အမျိုးသမီးဟန်၏ အသားအရေသည် ဒုတိယနှစ်ဝက်အတွင်းတွင် အများကြီး ပိုကောင်းလာပြီး လွန်ခဲ့သည့်နှစ်နှစ်က သူမ လော့ဟယ်သို့ ပထမဆုံး ရောက်လာချိန်ကထက်စာလျှင် အများကြီး ပိုနုလာခဲ့သည်။
***
မြို့တော်တွင်တော့ ရှောင်လင်းယွီက လက်ထပ်ခွင့်ကို အသုံးချကာ နှစ်လတာ ခွင့်ရက်ရှည်တစ်ခု ယူလိုက်လေသည်။
မင်းကြီးနှင့် ရှောင်လင်းယွီတို့ကြားတွင် ရင်းနှီးမှုအတိုင်းအတာ တစ်ခုထိရှိလေသည်။ မင်းကြီးက သူ့ဇာတိမြို့တွင် ဟိုးအရင်ကတည်းက သူမြတ်နိုးလာခဲ့ရသည့် သတိုးသမီးလောင်းတစ်ယောက် ရှိမှန်း သိထားရာ နှစ်လတာခွင့်ကို လိုလိုလားလား ပေးခဲ့လေသည်။ ထို့အပြင် ကျောက်စိမ်းဖြင့် လုပ်ထားသည့် ရာဇတောင်ဝှေး ခြောက်စုံ၊ အရည်အသွေးထိပ်တန်းအဆင့်ရှိသည့် ပစ္စည်းများထည့်ထားသည့် သေတ္တာ ရှစ်လုံး၊ သန္တာကျောက်နီပုလဲနှစ်လုံး နှင့် ပျော်ရွှင်ခြင်းလက်ကောက် ခြောက်စုံတို့ကို အမြင့်ဆုံးဂုဏ်ရောင်ကို ဖြစ်စေရန် သူ့ကို ချီးမြင့်ခဲ့လေသည်။
၁၁လပိုင်း ၉ရက်နေ့ မင်္ဂလာပွဲကြီး မတိုင်ခင် ၁၆ရက်အလိုတွင် ရှောင်လင်းယွီသည် လော့ဟယ်သို့ အလောတကြီး ပြန်ရောက်လာခဲ့တော့သည်။ ဒါသည် သူနှင့် ယိုကျင့်တို့၏ မင်္ဂလာပွဲဖြစ်သည်။ သူကိုယ်တိုင် အားလုံးကို ပြင်ဆင်ရမည်က အထူးပြောရန်ပင် မလိုချေ။
လော့ဟယ်မြို့တွင် ရှောင်လင်းယွီသည် သူ စန်းယွီဖြစ်စဥ်က ရှောင်ခြံဝင်းကို ဝယ်ထားခဲ့သည်။ ထိုအိမ်တွင် မည်သူမှ မနေသော်လည်း တစ်ချိန်လုံး စောင့်ရှောက်ပေးထားသည့် အစေခံများ ရှိသည်။ အားလုံးက အကောင်းအတိုင်းပင်။ မင်္ဂလာအိမ်တော်တစ်ခုအဖြစ် ပြီးပြည့်စုံလေသည်။
၁၀လပိုင်း၏ အစောပိုင်းတွင် အမျိုးသမီးယွီသည် သားဖြစ်သူက မြို့ထဲတွင် ညစာစားပွဲကြီးတစ်ခု ကျင်းပမည်ဟု ပြောထားသည့် သူမ၏သားထံမှ စာတစ်စောင်လက်ခံရရှိခဲ့သည်။ သားဖြစ်သူ၏ အဆင့်အတန်းမှာ အခုဆိုလျှင် အဖိုးတန်သည့်အတွက် ညစာစားပွဲကလည်း ကြီးမားလိမ့်မည်ဟု ခန့်မှန်းမိပြီး သားဖြစ်သူ အရှက်ရမည်စိုးသဖြင့် ထို့အတွက် သေသေချာချာ စီစဥ်ပေးထားလိုက်လေတော့သည်။
…