အခန်း ၁၆၁
Vol. 11 Ch. 161
အပိုင်း (၁၆၁) လက်ဖွဲ့ပစ္စည်းခင်းကျင်းပြသခြင်း
နို၀င်ဘာလ နှစ်ဆယ့်သုံးရက်နေ့တွင် စုမိသားစု၌ လက်ထပ်တော့မည့် သမီးဖြစ်သူ၏ လက်ဖွဲ့ပစ္စည်းများကို ခင်းကျင်းပြသထားသည်။
ယနေ့သည် ရှားရှားပါးပါး နေသာသည့်နေ့ဖြစ်သည်။ ဆောင်းရာသီ၏ နေမင်းကြီးသည် လူအများ၏ ကိုယ်ပေါ်သို့ နွေးထွေးစွာ ဖြာကျနေသည်။ စုမိသားစုသည် အချိန်ကြာမြင့်စွာ ပြင်ဆင်ခဲ့သော လက်ဖွဲ့ပစ္စည်းများကို ခင်းကျင်းပြသရန် စတင်ပြင်ဆင်နေကြသည်။
ယနေ့ ယိုကျင့်သည် ကျောက်စိမ်းရောင် စကပ်လေးကို ၀တ်ဆင်ထားကာ မက်မွန်ပွင့်ဖြင့် အနားသတ်ထားသော အင်္ကျီကို ၀တ်ဆင်ထားသည်။ အပေါ်ရုံသည် နှစ်ထပ်ဆင့် အလှပုံဖော်ထားသော ပန်းသီးများ ချည်ထိုးထားသည့် ယုန်သားမွှေးအင်္ကျီဖြစ်သည်။ သူမသည် ပွဲအချိန်အခါနှင့် လိုက်ဖက်သော မက်မွန်ပန်းမိတ်ကပ်ကို ပြင်ဆင်ထားလေသည်။ လှပကာ ကျက်သရေ ရှိသည့်အလျောက် သူမ၏တက်ကြွသည့် ပုံရိပ်မှာလဲ ပျောက်ပျယ်သွားခြင်းမရှိပေ။
“စုမိသားစုက အကြီးဆုံးသခင်မလေး အကြောင်းကို ကြားဖူးတာကြာပါပြီ။ အကြိမ်တစ်ရာ ကြားဖူးတာထက် အပြင်မှာ တွေ့ဖူးတာက ပိုကောင်းတာပဲ” ယိုလင်၏ ယောက္ခမလောင်းမိသားစုသည်လည်း လာရောက်ကြပေသည်။ ယနေ့ပွဲသည် လော့ဟယ်မြို့ရှိ လူချမ်းသာများ အချင်းချင်း ရင်းနှီးရန် ဖြစ်ပြီး ဒုတိယတစ်ချက်မှာ နှစ်ဖက်မိသားစုများ အချင်းချင်း ရင်းနှီးကြရန် ဖြစ်သည်။
ယိုကျင့်သည် သခင်မကြီးချွေ့ထက် အနည်းငယ်နိမ့်သော ခုံ၌ ၀င်ထိုင်လိုက်ကာ သူမ၏ချီးကျူးမှုကို ခေါင်းညိတ်ကာ လက်ခံလိုက်သည်။ “သခင်မကြီးချွေ့ရဲ့ ချီးမွမ်းမှူကို ကျေးဇူးတင်ပါတယ်”
ယိုကျင့်၏ ယဉ်ကျေးပျူငှာမှုကို မြင်လိုက်ရ၍ သူမ၏စိတ်ထဲ၌ ချီးကျူးမိသည်။ ရှေ့တိုးရမည်ကို သိသလို နောက်ဆုတ်ရမည်ကိုလည်း သိပေသည်။ ယဉ်ကျေးသိမ်မွေ့ကာ အကျင့်သီလ ကောင်းမွန်ပေသည်။ အမှန်ပင် ကောင်းမွန်သည့်မိန်းကလေး ဖြစ်သည်။ သခင်မကြီးချွေ့သည် ပညာရှိမျိုးရိုးမှ ဆင်းသက်လာသည့်သူ ဖြစ်သည်။ သားဖြစ်သူနှင့် ချွေးမဖြစ်သူမှ မြေးအတွက် ကျေးလက်ဒေသမှ အမျိုးသမီးတစ်ဦးနှင့် စီစဉ်ပေးထားကြောင်းကို သိရှိလိုက်ရသည်။ အရှင်မင်းကြီးမှ ချီးမြှင့်ထားသော အမည်နာမနှင့် ဆုလာဘ်များ ရှိသော်လည်း သူမ၏စိတ်ထဲ၌ အနည်းငယ် မတင်မကျ ဖြစ်နေသေးသည်။ ထိုမြေးချွေးမလောင်းသည် ထိုမျှလောက်ကောင်းနိုင်သည်လား။
ယနေ့တွင် သူမသည် စုမိသားစု၏ အကြီးဆုံးသခင်မလေးနှင့် တွေ့ဆုံခဲ့ပြီး ထိုမိန်းကလေးသည် သူမတို့၏ မြေးမလေးထက်ပင် ပုံပန်းသွင်ပြင်၊ အမူအကျင့်နှင့် စိတ်နေစိတ်ထားပါ သာလွန်သည့်အပြင် အခြေအနေကို ကြည့်ကာ လှုပ်ရှားတတ်ပေသည်။ သားဖြစ်သူဇနီးမောင်နှံနှစ်ဦး ရွေးချယ်ထားသည့် စုမိသားစု၏ ငါးယောက်မြောက်သခင်မလေးမှာ အကြီးဆုံးသခင်မလေးမှ ပြုစုပျိုးထောင်ထားခြင်း ဖြစ်ကြောင်း သူမ ကြားသိခဲ့ရသည်။ ထိုကလေးမလေးအား မမြင်ရသေးခင်ပင် ထိုကလေးမအပေါ်၌ ထားရှိခဲ့သော သုံးသပ်ချက်များမှာ လျော့နည်းလာခဲ့ပြီဖြစ်သည်။
ယိုလင်နှင့် ယိုလော့မှာ ယနေ့၌ အထူးဧည့်သည်တော်များ လာရောက်မည်ဖြစ်ကြောင်း သိထား၍ အပြင်ဘက်၌ ဧည်သည်မျကို လေးစားသမှုဖြင့် နှုတ်ဆက်နေခဲ့ကြသည်။
သခင်မကြီးချွေ့သည် ဟောခန်းထဲ၌ ရပ်နေကာ သင့်တင်လျောက်ပတ်စွာ နှုတ်ခွန်းဆက်သနေသည့် ယိုလင်ကို ကြည့်လိုက်သည်။ သူမသည် ယိုလင်၏အမှားကို ထောက်ပြနိုင်ရန် ဆံပင်တမျှင်စီမျှအထိ လိုက်လံစစ်ဆေးနေခဲ့သည်။
ထိပ်ဆုံးခုံ၌ ထိုင်နေသောသူမှာ ချွေ့မိသားစုရှိ သခင်မကြီးမှန်း ယိုလင်မသိခဲ့ပေ။ သူမသည် နှုတ်ခွန်းဆက်ပြီးချိန်၌ ဘေးတွင် ထိုင်နေကာ စကားတစ်ခွန်းမျှ မဆိုခဲ့ပေ။ သူမ၏မျက်နှာပေါ်၌ ဖော်ရွေသည့်အပြုံးကိုသာ တချိန်လုံး တပ်ဆင်ထားခဲ့သည်။ သို့သော် စိတ်ထဲ၌ ထူးဆန်းသည့် ခံစားချက်ကို ခံစားမိနေသေည်။ အဲ့သခင်မကြီးက သူမကို စိုက်ကြည့်နေတာလား။
သခင်မကြီးသည် သူမ၏ချွေးမနှင့် ပတ်သက်၍ အမြဲကတောက်ကဆ ဖြစ်တတ်သည်။ မိဘများမှ ဆုံးဖြတ်ရမည့် လက်ထပ်ရန်ကိစ္စမျိုးကို ကိုယ်ကိုယ်တိုင် ဆုံးဖြတ်ခဲ့သည့် ချွေးမဖြစ်သူကြောင့် သူမသည် ထိုလက်ထပ်ပွဲနှင့် ပတ်သက်၍ အစဉ် စိတ်မချမ်းမသာဖြစ်ခဲ့ရသည်။ သူမ၌ ထိုသို့ထင်မြင်ချက်များ ရှိသော်လည်း သူမသည် ထိုကလေးများကို မထိန်းချုပ်နိုင်ခဲ့ပေ။ ထို့ကြောင့် မြေးချွေးမထံ၌ အမှားရှာကာ ချွေးမဖြစ်သူနှင့် တိုက်ခိုက်ရန် ကြံရွယ်လိုက်သည်။
သခင်မချွေ့သည်လည်း ယနေ့ပွဲ၌ တက်ရောက်ပေသည်။ သူမသည် အပြင်ဘက်၌ ဧည့်သည်များနှင့် စကားပြောနေခဲ့ပြီးနောက် နားနေသည့်နေရာသို့ ရောက်လာခဲ့သည်။
“သမီးနဲ့ မတွေ့ဖြစ်တာတောင်ကြာပြီ။ ယိုလင်လေးက ပိုပိုလှလာတာပဲ” သခင်မချွေ့သည် နားနေသည့်နေရာသို့ ရောက်ရောက်ချင်းပင် ယိုလင်ကို တွေ့သည်နှင့် သေချာကြည့်လိုက်ကာ ကျေနပ်နေခဲ့သည်။ သူမသည် ရွေးချယ်ခဲ့သည့် ချွေးမဖြစ်သူနှင့် ပတ်သက်၍ အလွန်ပင် စိတ်ကျေနပ်ပေသည်။ ထို့ကြောင့် ယိုလင်နှင့် စကားအနည်းငယ် ပြောလိုက်သည်။
ယိုလင်သည် ထလိုက်ကာ နှုတ်ဆက်လိုက်သည်။ “ကောင်းသောနေ့ပါ သခင်မချွေ့”
သူမသည် သခင်မချွေ့နှင့် တွေ့ဖူးကာ ထိုသခင်မသည် သူမ၏ယောက္ခမဖြစ်သူမှန်း သိပေသည်။ သူမသည် အနည်းငယ်ရှက်နေသောကြောင့် အနည်းငယ်နီရဲနေသည့်မျက်နှာဖြင့် နှုတ်ဆက်လိုက်သည်။
သခင်မချွေ့နှင့် သူမ၏ ယောက္ခမအိုကြီးတို့ အပေးအယူ မတည့်ကြသည်မှာ ဖြစ်လေ့ဖြစ်ထရှိသောအရာ ဖြစ်သည်။ သူမ၏ ချွေးမလောင်းလေးအား မျက်နှာရရန် သူမသည် မိန်းကလေးဖြစ်သူ မိသားစု၏ရှေ့၌ ကောင်းမွန်စွာပြုမူရမည်ဖြစ်သည်။ ထို့နောက် သူမသည် ယိုလင်အား သခင်မကြီးချွေ့ဆီသို့ ခေါ်လာကာ နှုတ်ဆက်ခိုင်းခဲ့သည်။
ထိုအချိန်၌ ယိုကျင့်သည် ချွေးမနှင့် ယောက္ခစုံတွဲ၏ အတွေးများကို သတိထားမိသည်။ သို့သော် သခင်မချွေ့သည် ယိုလင်ကို နှစ်သက်နေသည်မှာ သိသာထင်ရှားလှသည်။ ပြဿနာရှိသည်မှာ ချွေ့မိသားစု၌ အာဏာနည်းပါးနေသော သခင်မကြီးချွေ့သာ ဖြစ်သည်။ ယိုလင်လက်ထပ်သွားပါက သူမအတွက် လုပ်တတ်ကိုင်တတ်သော အမျိုးသမီးအစေခံများ များများ ထည့်ပေးလိုက်လျှင် ပြဿနာမရှိပေ။
.........
ယနေ့ လက်ဖွဲ့ငွေလာရောက် ထည့်ကြသည့် ဧည်သည်တ၀က်မှာ လော့ဟယ်မြို့ရှိ အထက်တန်းလွှာ သခင်မလေးများနှင့် သခင်မများဖြစ်ကြသည်။ လူအများစုသည် အစက ရွံ့နွံ့ထဲ၌ လုပ်ကိုင်သည့် စုမိသားစုကဲ့သို့သော မိသားစုမျိုးကို အထင်သေးကြသည်။ သို့သော် သူမတို့ ရောက်ရှိချိန်၌ စုမိသားစုတွင် အစေခံဒါဇင်မျှ ထွက်သွားထွက်လာ အလုပ်များနေကြသည်ကို မြင်တွေ့လိုက်ရသည်။ ထိုအစေခံများ၏ အပြအမူသည် သေသပ်သိမ်မွေ့ပေသည်။ နောက်ခံရှိသည်ဟု ထင်ကာ ထင်ရာစိုင်းနေသည့် အချို့ထက်တော့ အမှန်ပင် သာလွန်ပေသည်။ သူတို့သည် စုမိသားစုပေါ်၌ အမြင်ကောင်း မရှိဘဲ မနေနိုင်ချေ။
အထိတ်တလန့် ဖြစ်ရသည့် ငါးဆယ်ရာခိုင်နှုန်ခန့်မှာ စုမိသားစု၏သမီးဖြစ်သူ၏ လက်ဖွဲ့များကို တွေ့လိုက်ရချိန်၌ ဖြစ်သည်။ ဘယ်လိုလူမျိုးက လက်ထပ်ပြီး ထွက်သွားမဲ့ သမီးတစ်ယောက်ကို ဒီလိုခမ်းနားတဲ့လက်ဖွဲ့ကြီး ပြင်ပေးလို့လဲ။ သူတို့သည် လက်ဖွဲ့ပဏ္ဍာစာရင်း ရွတ်ဆိုသည့် အရာရှိမှ လက်ဖွဲ့စာရင်းများကို ဆက်လက်ဖတ်ရှုနေသည်ကို ကြားလိုက်ရသည်။ “၀င်ပေါက်သုံးခုနဲ့ ထားရှိတဲ့ လော့ဟယ်မြို့ ယွမ်ဟွားလမ်းက နေအိမ်၊ မြို့တော် ချင်းယွမ်လမ်းက ၀င်ပေါက်သုံးခုနဲ့ နေအိမ်”
(၀င်ပေါက်သုံးခုဆိုတာ ခြံ၀န်းထဲမှာ နေစရာခြံ၀န်းသုံးခုစာကို ပြောတာထင်တယ်)
၀င်ပေါက်သုံးခုခြံ၀န်းသည်က နှစ်ခြံဖြစ်သည်။ ထို့အပြင် လော့ဟယ်မြို့နှင့် မြို့တော်ရှိ ဆိုင်နှစ်ခုစီ၊ မြေဧကထောင်ကျော်ရှိသည် ဧည့်ရိပ်သာနှစ်ခု၊ ရွှေရာချီ၊ငွေ၊ပုလဲ၊ရတနာ၊ပိုးသားဖဲသားနှင့် အစရှိသည်များ ပါ၀င်သည်။ အဖိုးတန်သည့် နှင်းဆီဝါ သစ်သားမှ ထုတ်လုပ်ထားသော ပရိဘောကပစ္စည်းမျိုးစုံ၊ လက်ဖွဲ့ငွေ တစ်သောင်ရှစ်ထောင့်ရှစ်ရာရှစ်ဆယ့်ရှစ်လျန်း၊ လက်ဖွဲ့အစေခံနှစ်ဆယ်ရှစ်ဦး တို့လည်း အပါအ၀င်ဖြစ်သည်။ ထိုလက်ဖွဲ့များသည် ပျမ်းမျှ လျန်းငါးသောင်းခြောက်သောင်းမျှ ရှိပေသည်။ ထိုပမာဏ အမျိုးသမီးဧည်သည်များအား လျှာကိုက်လုမတတ် ဖြစ်စေသည်။ (သရေတများများကျခြင်း) အပျော်ရှာရန်လာကြသော အသိုင်းအဝိုင်း အသီးသီးမှ မိန်းမပျိုလေးများသည် မနာလိုအားကျကုန်ကြသည်။
ထို့အပြင် ရှောင်မိသားစုမှ ပေးသည့် တင်တောင်းပစ္စည်းများသည်လည်း ကွယ်ဝှက်ခြင်းမရှိ ယိုကျင့်၏ လက်ဖွဲ့ငွေ၌သာ ထည့်သွင်းပေးခဲ့သည်။ နှစ်ခုပေါင်းတန်ဖိုးမှာ လျန်းတစ်သိန်းခွဲမျှ ဖြစ်လေသည်။ လူတိုင်းဆွံ့အကုန်ကြသည်။
ယိုကျင့်၏မျ က်နှာပေါ်ရှိ အပြုံးမှာ မပြောင်းလဲသေးသော်လည်း သူမသည် အနည်းငယ် မျက်မှောင်ကျုံ့လိုက်သည်။ ဘာလို့အဲ့လောက် အများကြီးပြင်ထားတာလဲ။
ထိုမျက်စိကျိန်းလောက်သည့် လက်ဖွဲ့များသည် အမျိုးသမီးစုနှင့် သမီးဖြစ်သူ တသိုက်မှ ပြင်ဆင်ထားခြင်းဖြစ်သည်။ ပွဲလာသည့် ဧည့်သည်များ လန့်သွားကြသောကြောင့် အမျိုးသမီးစုသည် ရှက်ရွံ့စွာ ဆိုလိုက်သည်။ “လက်ဖွဲ့က နည်းတော့ လူရယ်စရာဖြစ်ကုန်ပါပြီ”
ရှောင်မိသားစုပေးအပ်ခဲ့သည့် လျန်းတစ်သိန်းမျှသော တင်တောင်းပစ္စည်းများနှင့် ယှဉ်လျှင်ရင် စုမိသားစု၏ လက်ဖွဲ့မှာ ပမွှားသာ ဖြစ်သည်။ သခင်မစု၏အဆိုအရ သူမသည် အကြီးဆုံးသမီးဖြစ်သူအတွက် လက်ဖွဲ့များ ထပ်ထည့်သင့်သည် မသင့်သည်ကိုပင် မသိတော့ချေ။
လက်ဖွဲ့များ ပြသပြီးချိန်၌ လက်ဖွဲ့ငွေ ပေးအပ်ရန် အချိန်ကျရောက်လေသည်။ ထို့နောက် တည်ခင်းဧည့်ခံမည့် ပွဲများလည်း ရှိသေးသည်။ ဧည့်သည်များရော ဧည့်ခံသည့်သူများပါ မပြန်ခင်အထိ အချိန်ကောင်းများ ပိုင်ဆိုင်သွားခဲ့ကြသည်။
“သခင်မ မိသားစုအသီးသီးက လာရောက်တဲ့ ဧည့်သည်စာရင်းရော လက်ဖွဲ့တွေရောပါ သခင်မလေးရဲ့ လက်ဖွဲ့စာရင်းထဲ ထည့်ပြီးပါပြီ” ဧည့်သည်စာရင်းများကို မှတ်တမ်းယူရာ၌ ကူညီပေးနေသည့် ဒေါ်လေးစုန့်သည် ပြန်လာကာ စုမိသားစု၏ အကြီးဆုံးသခင်မလေး၏ မင်္ဂလာပွဲပြင်ဆင်မှု၌ ကူညီပေးနေလေသည်။ ယခုတွင် စုတစ်မိသားစုလုံးမှာ အကြီးဆုံးသခင်မလေး၏ မင်္ဂလာပွဲအတွက် အရေးတကြီး ပြင်ဆင်နေကြလေသည်။ သူတို့သည် ယိုကျင့်၏မင်္ဂလာပွဲအား အထင်ရှားဆုံးပွဲဖြစ်ရန် ရည်ရွယ်ထားလေသည်။
သခင်မစုသည် ရေနွေးကြမ်းခွက်ကို ချကာ သက်ပြင်းချလိုက်သည်။ “မင်းတို့လည်း ဒီနေ့ ပင်ပန်းသွားကြပြီ။ မင်းတို့ရဲ့ အကြီးဆုံးသခင်မလေး မင်္ဂလာပွဲပြီးရင် အကုန်လုံးကို နှစ်ရက်ပိတ်ပေးပြီး ကောင်းကောင်းနားခိုင်းမယ်” သခင်မစု၏ အိမ်တွင်းရေးစီမံမှုမှာ တိုးတက်လာကာ သမီးဖြစ်သူ၏ မျှတစွာ ဆက်ဆံသည့်နည်းလမ်းကို ဆက်လက်အသုံးပြုနေခဲ့သည်။ အစေခံများသည် အကြီးဆုံးသခင်မလေးမှာ လုပ်နိုင်ကိုင်နိုင်ကာ သခင်မစုအား စိတ်ထားနူးညံ့သူဟု မှတ်ယူထားကြသည်။ မထင်မှတ်စွာပင် သူမ၌လည်း စွမ်းဆောင်ရည်ရှိနေသည့်အတွက် အစေခံများကလည်း စိတ်လိုလက်ရ နာခံကြသည်။
ရွာသူကြီးမိသားစုမှ အမျိုးသမီးကျိုးသည် ချွေးမဖြစ်သူနှင့်အတူ လက်ဖွဲ့ပေးရန် တက်ရောက်ခဲ့သည်။ ဖတ်ပြနေသော လက်ဖွဲ့စာရင်းကြောင့် လျန်ဟွားအာသည် သတိလက်လွတ်ဖြင့် သူမ၏အင်္ကျီလက်စကို ခြေမွှကာ ဘောလုံးတစ်လုံးကဲ့သို့ လုံးချေနေခဲ့သည်။ စုမိသားစုအပေါ်ထားရှိသည့် သူမ၏ မလိုမုန်းထားမှုမှာ ပို၍ပင် ကြီးထွားလာခဲ့သည်။
လွန်ခဲ့သည့်နှစ်များက နောက်ဆုံးဖြစ်ခဲ့သည့် အဖြစ်အပျက်ကြောင့် အမျိုးသမီးကျိုးသည် ချွေးမဖြစ်သူအပေါ် ပို၍ပင် အမြင်မကြည် ဖြစ်လာခဲ့သည်။ ယနေ့စုမိသားစုမှ ပြန်လာသည့်အခါ ချွေးမဖြစ်သူသည် မည်မျှ စိတ်မချမ်းမြေ့နေကြောင်း သူမ သတိထားမိလိုက်သည်။ အမျိုးသမီးကျိုးသည် သူမ သိသမျှအား ခင်ပွန်းဖြစ်သူထံ ပြန်ပြောတော့သည်။
“ကျွန်မမြင်သလောက်တော့ ဟွားအာက စိတ်ကျဉ်းမြောင်းတဲ့လူပဲ။ သူတစ်ခုခုလုပ်လို့ ကျွန်မတို့ရွှမ်းဟိုက်ရဲ့ အနာဂတ်လေး ကမောက်ကမဖြစ်သွားမှာပဲ စိုးရိမ်မိတယ်။ ဘယ်လိုလုပ်ကြမလဲ”
လွန်ခဲ့သည့်နှစ်နှစ်မှ စတင်ကာ ဟယ်မိသားစု၏ဘ၀သည် တဖြည်းဖြည်း တိုးတက်ကောင်းမွန်လာခဲ့သည်။ သူမတို့မိသားစုသည် စုမိသားစုနှင့် ယှဉ်လျှင် မိုးနှင့်မြေကဲ့သို့ ကွာခြားသည့်အတိုင် ပညာတတ်စာသင်သားတစ်ဦးရှိသည့်အပြင် လျန်းသုံးရာမျှ စုဆောင်းမိကာ လယ်ဧက တစ်ဆယ့်ခုနှစ်ဧက တစ်ဆယ့်ရှစ်ဧကမျှ ၀ယ်ယူနိုင်ခဲ့သည်။ ဝူလီချောင်၏ အနီးနားပတ်၀န်းကျင်၌ ဟယ်မိသားစုသည် ချမ်းသာသည့် မိသားစုတစ်ခုအဖြစ် မှတ်ယူနိုင်သည်။
အမျိုးသမီးကျိုးသည် လျန်ဟွားအာ၏ ယိုကျင့်အပေါ် မပျူငှာမှုကို သိသော်လည်း အကြောင်းအရင်းကို မသိရှိပေ။ ချွေးမဖြစ်သူ ပြဿနာရှာသဖြင့် မိသားစုအပေါ် သက်ရောက်မည်စိုးသောကြောင့် ဟွားအာကို သေချာစောင့်ကြည့်ရုံသာ တတ်နိုင်သည်။
“ချန်မိသားစုကိုပဲ ကြည့် သူတို့က စုမိသားစုအပေါ် မကောင်းကြံချင်နေတာလေ သူတို့ပဲ ပျက်စီးသွားရတာပဲ။ အခုယိုကျင့်က မြို့စားကို လက်ထပ်မှာနော်။ အကယ်လို့ ကျွန်မတို့သာ စုမိသားစုကို အပြစ်ပြုမိရင် ကျွန်မတို့ရွှမ်းဟိုက်ရဲ့ အနာဂတ်က ဘယ်လိုဖြစ်သွားမလဲ”
ရွှမ်းဟိုက်သည် ဟယ်မိသားစု၏ ကံကြမ္မာကို ပြောင်းလဲနိုင်မည့် တစ်ခုတည်းသော မျှော်လင့်ချက် ဖြစ်ကြောင်း လူတိုင်းသိပေသည်။ လျန်ဟွားအာမှ သူမ၏သားဖြစ်သူဘ၀ကို ဆွဲချသွားမည်ကို အမျိုးသမီးကျိုး အဖြစ်မခံနိုင်ချေ။
“အမှန်ပဲ မြို့စားမပြောနဲ့ဦး။ အဲ့မှာ ဝေမိသားစုနဲ့ ရွှီမိသားစုလည်း ကျန်သေးတယ်။ ငါတို့ကဘယ်လို အပြစ်လုပ်ရဲမှာလဲ” ဟယ်ဟောက်သည် ခုတင်ကို မှီကာ ဆေးတံသောက်နေခဲ့သည်။ သူ၏မျက်နှာမှာ မည်းမှောင်နေကာ ဘောလုံးကဲ့သို့ ရှုံ့တွသွားတော့သည်။ “သူ့ကိုသေချာစောင့်ကြည့်ဖို့ မင်းကိုပဲ ဒုက္ခခံခိုင်းရမှာပဲ”
ဟယ်မိသားစု၏ စားသောက်ဆိုင်၌ အလုပ်သမားများရှိနေ၍ ဟယ်ဟောက်သည် ကြီးကြပ်ပေးရုံသာ ရှိသည်။ နီနီလေး(ကလေးလေး)သည် ငယ်စဉ်ကတည်းက ကျန်းမာရေး ချို့တဲ့သည့်အပြင် လျန်ဟွားအာသည် ထိုကလေးနှင့် ရင်းနှီးကျွမ်း၀င်မှု မရှိပေ။ ထို့ကြောင့် အမျိုးသမီးကျိုးသည် ထိုကလေးကို အချိန်ပြည့် စိတ်ရောကိုယ်ပါမြှုပ်နှံကာ စောင့်ရှောက်ပေးနေရသည့်အတွက် လျန်ဟွားအာကို စောင့်ကြည့်နေရန် ခက်ခဲသည် မဟုတ်ချေ။
ဇနီးမောင်နှံနှစ်ဦးသည် အနားမယူခင်အထိ အချိန်အကြာကြီး ဆွေးနွေးနေခဲ့ကြသည်။ စုမိသားစုသည် ဟယ်မိသားစု၏ အကြောင်းအရာကို သိရှိခြင်း မရှိပေ။ သူတို့သည် သုံးရက်အတွင်း၌ ကျင်းပမည့် ယိုကျင့်၏ လက်ထပ်ပွဲအတွက် အလုပ်များနေခဲ့ကြသည်။
............
နှစ်ဆယ့်ငါးရက်မြောက်နေ့၌ နေထွက်သော်လည်း တစ်နေကုန် နှင်းမြူများကျဆင်းနေခဲ့သည်။ စုမိသားစုရှိ လူတိုင်းသည် မနက်ဖြန်၌ ဆင်နွှဲရမည့် သခင်မလေးဖြစ်သူ၏ မင်္ဂလာပွဲမှာ ရာသီဥတုကြောင့် နှောင့်နှေးသွားမည်ကို စိုးရိမ်နေကြသည်။
နို၀င်ဘာလ နှစ်ဆယ့်ခြောက်ရက်နေ့၌ ရာသီဥတုသည် လက်ထပ်ရန်အတွက် သင့်တော်ပေသည်။
သတို့သား လာရောက်ကြိုဆိုမည့်အချိန်မှာ နေ့လယ်ခင်း သုံးနာရီခွဲကျော်ဖြစ်ပေသည်။ မနက်ခင်းခုနှစ်နာရီ မတိုင်ခင်ကပင် ကောင်းကင်သည် အနည်းငယ်ကြည်လင်လာခဲ့သည်။ စုမိသားစုအတွင်း၌ တစ်ညလုံး မီးထိန်ထိန်လင်းနေခဲ့ကာ စည်ကားနေခဲ့သည်။
“တာ့လင်း မင်းတို့တွေ လမ်းပေါ်က နှင်းတွေကို မြန်မြန်လှဲကြ။ ချန်းချင်ရဲ့ဇနီး နင်တို့က ကော်ဇော်နီပေါ်က နှင်းတွေကို ရှင်းလင်း စိုနေတာတွေကို သိုလှောင်ခန်းထဲသွား သန့်ရှင်းရေးလုပ်။ ပြီးတော့ ယန်းကျီ နင်တို့လည်း လက်ဖက်ရည်ကြမ်းလုပ်ဖို့ မီးဖိုပြီး ရေနွေးတည်ကြတော့။ နောက်မကျစေနဲ့” ဒေါ်လေးစုန့်သည် ကြက်သွေးရော အပေါ်ထပ်ကိုခြုံကာ အနီရောင်ပန်းပွင့်များအား သေသပ်စွာ ဖြီးသင်ထားသော် သူမ၏ဆံထုံး၌ ထိုးထားရင်း ခြံထဲ၌ ရပ်နေခဲ့သည်။ တစတစဖြင့် ခြံထဲရှိ လူများသည် ကိုယ့်အလုပ်နှင့်ကို အလုပ်ရှုပ်နေကြတော့သည်။
“ဒီနေ့က အကြီးဆုံးမမလေးရဲ့ နေ့ကြီးရက်ကြီးပဲ။ အိမ်ကို ဧည့်သည်တွေ လာတဲ့အခါ မင်းတို့ အ၀င်အထွက် သတိထားရမယ်။ မျိုးရိုးမြင့်တွေကို စိတ်အနှောင့်အယှက်မဖြစ်စေနဲ့” ဒေါ်လေးစုန့်သည် အမျိုးသမီးစုကို အိမ်အတွင်း ပြင်ဆင်မှု၌ ကူညီပေးလျက်ရှိသည်။ သူမသည် လုံ့လဝီရိယရှိကာ မည်သူ့ကိုမျှ မျက်နှာသာပေးသည့်သူ မဟုတ်ပေ။ မိသားစုအတွင်းရှိ အစေခံများထဲမှ သူမ၏စကားသည် အာဏာသက်ရောက်ပေသည်။
ကြက်သွေးရောင် ၀တ်ထားကြသော အစေခံအကုန်လုံးသည် မည်သည့်အရာမှာ အရေးကြီးကြောင်း သိရှိကြပေသည်။ ပြောစရာမလိုဘဲနှင့်ပင် သူမတို့သည် သေချာစွာပြုမူကြကာ သူမတို့၏ မျက်နှာအမူအရာများကို ထိန်းထားလိုက်ကြပြီး တညီတည်းဖြေကြားလေသည်။ “ဟုတ်ကဲ့”
အရှေ့ဘက်ခြံ၏ ဒုတိယ၀င်ပေါက်ရှိ အိပ်ဆောင်၌ တိတ်ဆိတ်နေလျက်ရှိသည်။ အိပ်ဆောင်ထဲတွင် ဖယောင်းတိုင်ထွန်းညှိထားခြင်းမရှိဘဲ အိပ်ရာပေါ်ရှိ အမျိုးသမီးလေးသည် စောင်ခြုံထဲ၌ ကွေးကာ အိပ်ပျော်နေလျက်ရှိပေသည်။ ထိုအခန်းသည် တိတ်ဆိတ်နေလွန်းသည့်အတွက် အသက်ရှူသံပင် ကြားနေရသည်။
ခဏအကြာ၌ မျက်တောင်ရှည်များ ကော့ညွှတ်ကာတည်ရှိသည့် ရှည်သွယ်သွယ် မျက်၀န်းတစ်စုံသည် အနည်းငယ်ပုတ်ခတ်လာကာ အမျိုးသမီးငယ်လေးသည်လည်း နိုးလာခဲ့ပေသည်။
အိပ်ရာပေ့်၌ လှဲနေသည့် ယိုကျင့်မှာ သူမ၏မျက်လုံးကို မနည်းဖွင့်နေရသည်။ သူမသည် နှစ်ဘ၀လုံး၌ သမီးရည်းစားဆက်ဆံရေးကို မကြုံတွေခဲ့ဖူးသည့်အပြင် ယနေ့၌ လက်ထပ်ရတော့မည် ဖြစ်သောကြောင့် အကြောင်းပြချက်မရှိ စိုးရိမ်ပူပန်နေခဲ့သည်။ ထို့နောက် သူမသည် မိုးလင်းသည်ထိ အိပ်မပျော်နိုင်ဘဲ ရှိနေခဲ့သည်။ သူမ၏အသိစိတ်သည် ယခုအထိ နိုးကြားလာခြင်းမရှိပေ။
“သခင်မလေးနိုးပြီလား” အပြင်၌ စောင့်ကြပ်နေသော ချွီဖန်သည် လှုပ်ရှားသံကို ကြားသောကြောင့် အတွင်းသို့ တံခါးဖွင့်ကာ ဖြည်းဖြည်းချင်း ၀င်လာခဲ့သည်။ သခင်မဖြစ်သူမှာ အိပ်ရာပေါ်၌ လှဲလျောင်းနေသေးသဖြင့် သူမသည် ခုတင်နားသို့သွားကာ ဒူးထောက်ချလိုက်ပြီး ခြင်ထောင်စကို ပင့်လျက် ညင်ညင်သာသာ မေးလိုက်သည်။
အပြင်ဘက်ရှိ အလင်းရောင်ကိုကြည့်ကာ အမျိုးသမီးငယ်လေးသည် ဝေခွဲမရဖြစ်စွာဖြင့် မေးလိုက်သည်။ “ဘယ်နှနာရီရှိပြီလဲ”
“ခုနှစ်နာရီခွဲပြီးပါပြီ။ အရှေ့မှာ ကောင်းချီးပေးမဲ့ အမျိုးသမီးရောက်နေလို့ သခင်မကြီးက ဧည့်ခန်းမှာ ဧည့်ခံနေပါတယ်။ ခဏလောက် အနားယူချင်သေးလား” အခန်းထဲ၌ အလင်းရောင် သိပ်မရှိသည့်တိုင် ချွီဖန်သည် သခင်ဖြစ်သူ၏ မျက်၀န်းအောက်က အမဲရောင်စက်ကွင်းများကို အာရုံခံနိုင်သေးပေသည်။
“ဒီနေ့တော့ ညသန်းခေါင်ထိ ပွဲစည်နေမှာစိုးတယ်”
ယိုကျင့်သည် ယိုရင်နှင့် ယိုပေါင်တို့၏ မင်္ဂလာပွဲကို ပြန်စဉ်းစားမိသွားသည်။ ထိုပွဲများသည် ညမိုးချုပ်သည့်တိုင် မပြီးဆုံးပေ။ ထို့ကြောင့် ယိုကျင့်သည် ခေါင်းညိတ်ကာ ပြောလိုက်သည်။
“နာရီ၀က်လောက် ထပ်အိပ်ဦးမယ်။ အဲ့အချိန်ကျမှ ပြန်လာနှိုးလှည့်”
ထိုသို့ပြောပြီးနောက် သူမသည် ကိုယ့်ကိုယ်ကိုယ် အနားပေးဆုံး သတို့သမီးဟု မျက်လုံးမှိတ်ကာ တွေးမိလိုက်သည်။ ခဏအကြာ၌ သူမသည် ထပ်မံအိပ်ပျော်သွားတော့သည်။
အကြီးဆုံးသခင်မလေးမှာ ထပ်မံအိပ်ပျော်သွားသည်ဖြစ်၍ ချွီဖန်သည် ခြင်ထောင်စကို အသာအယာ ချကာ အခန်းထဲမှ ဖြည်းဖြည်းချင်းထွက်သွားလိုက်ပြီး တိတ်ဆိတ်ငြိမ်သက်သည့် ပတ်၀န်းကျင်ကိုသာ ချန်ထားခဲ့လေသည်။
…