အခန်း ၁၆၂
Vol. 11 Ch. 162
အပိုင်း (၁၆၂) စုမိသားစု၏အကြီးဆုံးသမီး မင်္ဂလာပွဲ
ရှောင်မိသားစုဖက်တွင် အားလုံးကို စီစဥ်ထားသည့်အတိုင်း အသင့်ဖြစ်နေလေသည်။ ရှောင်လင်းယွီသည် စိတ်လှုပ်ရှားလွန်းသဖြင့် ညတိုင်းလိုလို အိပ်ပျော်နိုင်ပေ။ သူ့မျက်လုံးအောက်တွင်လည်း အညိုရောင်မျက်ကွင်းများ မရှိပေ။ သူသည် စိတ်အင်အား မြင့်မားနေတော့သည်။ သူသည် ဗီဒိုထဲက ရွှေချည်ဖြင့် ချုပ်ထားသည့် မင်္ဂလာဝတ်စုံကို လဲဝတ်လိုက်၏။ ထို့နောက် အနီရောင်ကျောက်ဆံထိုးကို ပြောင်းတပ်လိုက်သည်။ စင်စစ် ကျောက်စိမ်းမင်းသားလေးကဲ့သို့ မျက်နှာလေးပင်။
“ အခုမှ ၉နာရီပဲ ရှိသေးတယ်၊ ရှေ့ကလူတွေတောင် မထွက်သေးဘူး၊ နင်က အလျင်လိုနေပြီ”
သည်နေ့ အမျိုးသမီးယွီသည် ပန်းပေါင်းစုံအဆင် ဖဲသားစကပ်နှင့် အနီရင့်ရင့်ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူမ၏ဆံထုံး၊ နားများနှင့် လက်ကောက်ဝတ်ဝွင် အဖိုးတန်ကျောက်များ စီခြယ်ထားသည့ ရွှေနီရောင် လက်ဝတ်ရတနာကို ဝတ်ဆင်ထားလေသည်။ အလွန်ပင် ခမ်းနားလှသည်။ သူမက အငယ်ဆုံးသားကို မျက်ရိပ်ပြလိုက်ပြီး အကြီးဆုံးကို ဆွဲထိုင်ခိုင်းလိုက်သည်။
“ နင်လေ ကလေးမဟုတ်တော့ဘူးနော်၊ နင့်ရဲ့ ဆင်ခြင်တုံတရားတွေကို မပျောက်စေနဲ့စမ်း”
သည်နေ့သည် သားဖြစ်သူ၏ ပျော်ရွှင်ဖွယ်နေ့လေးဖြစ်သော်လည်း သူမတို့ရှောင်မိသားစုမှာ အခုတော့ အုပ်ချုပ်ရေးအမတ်တစ်ယောက်၏ အိမ်တော်ဖြစ်နေလေပြီ။ လော့ဟယ်မြို့က ဘယ်သူမှ သူမတို့မိသားစုကို မကျော်လွန်နိုင်ပေ။ အပြင်လူများက သားအကြီးဆုံး၏ တက်ကြွမှုကို မြင်သွားခဲ့လျှင် အုပ်ချုပ်ရေးအမတ်အနေဖြင့် မျက်နှာပျက်ရလိမ့်မည်။
အမျိုးသမီးယွီသည် ပျော်ရွှင်နေသော်လည်း နှစ်ပေါင်းများစွာကြာပြီးမှ တမြတ်တနိုးထားခဲ့သည့် ဆန္ဒ အမှန်ဖြစ်လာသည့် အကြီးဆုံးသားထက်တော့ အများကြီး ပိုတည်ငြိမ်နေလေသည်။ နောက်ဆုံး သူမသည် အိမ်တော်၏သခင်မကြီးအနေဖြင့် ဂုဏ်သိက္ခာနှင့် ရှောင်မိသားစု၏ ဂုဏ်သတင်းကို ထိန်းသိမ်းထားချင်သေးသည်။
ရှောင်လင်ဖုန်း၏ဘဝတွင် သူ့အကြီးဆုံးအစ်ကိုက ဤမျှလောက် စိတ်လှုပ်ရှားနေသည့်အခြေအနေ ဖြစ်နေသည်ကို မြင်ရသည်မှာ ပထမဆုံးအကြိမ်ဖြစ်လေသည်. သူသည် ဆယ်ရှစ်နှစ်ပြည့်ပြီး ဖြစ်သော်လည်း လွတ်လပ်လပ်ရှိနေရာ သူက သူ့အစ်ကိုကြီးကို ဆွဲလိုက်ရင်းမှ စိတ်ထဲတွင် ကျိတ်ရယ်နေလိုက်ပြီး
“ တကယ့်သူရဲကောင်းတွေက မိန်းမလှလေးရဲ့ စိန်ခေါ်ခြင်းမှာ အခက်တွေ့တော့တာပဲ၊ အစ်ကိုကြီးကလည်း ဒီလို ဣန္ဒြေပျက်နေလိမ့်မယ်လို့ လုံးဝကို စိတ်မကူးကြည့်ခဲ့ဖူးဘူး”
“ ကလေးရဲ့ ပျော်စရာနေ့လေးမှာ အပျော်လွန်တာက ဖြစ်တတ်ပါတယ်ကွဲ့”
အထက်ဖက်တွင် ထိုင်ရင်း အမျိုးသမီးစုန့်က ပြုံးကာ အကြီးဆုံးမြေးလေးကို ကာကွယ်ပေးရှာသည်။ သည်နေ့ သူမသည် ကောင်းခြင်းမင်္ဂလာဟန်ဖြင့် ပန်းထိုးထားသည့် ဝတ်စုံတစ်ခုကို ဝတ်ဆင်ထားပြီး နဖူးတွင် ထိပ်တန်းအရည်အသွေးရှိ မြကျောက်တစ်လုံးကို ဝတ်ဆင်ထားသည်။ သူမရဲ့ လက်ကောက်ဝတ်ပေါ်က လက်ကောက်သည်လည်း နဖူးပေါ်က ကျောက်နှင့် အတူတူပင်ဖြစ်သည်။ အကြီးအကဲတို့၏ တင့်တယ်မှုနှင့် ပင်ကိုသဘာဝကို ပြသနေလေသည်။
ညီလာခံတက်ရောက်ကြောင်း ဖြေကြားရသည့် အမတ်တစ်ယောက်ဖြစ်သဖြင့် အိမ်ပြန်မလာနိုင်သည့် ဒုတိယသခင်ကြီးရှောင်မှလွဲလျှင် ရှောင်မိသားစု၏မိသားစု နှစ်ခုလုံးသည် စုဝေးရောက်ရှိနေကြသည်။ အားလုံး၏မျက်နှာပေါ်တွင် အပြုံးအမျိုးမျိုးရှိနေပြီး တစ်ယောက်ယောက်နှင့် အပြန်အလှန် စကားဖောင်ဖွဲ့နေကြသည်။ အမှန်ပင် စည်ကားလှပေသည်။
မနက်စာနှင့် နေ့လယ်စာပြီးသွားသည့်နောက်တွင် ဖိတ်ကြားခံရသူတချို့က စောစောစီးစီး ရောက်လာကြသည်။ ရှောင်မိသားစု၏ မင်္ဂလာယာဥ်တန်းအဖွဲ့သည် နောက်ဆုံးတော့ ရှောင်လင်းယွီ၏ မျှော်တလင့်လင့် တောင့်တမှုကြားတွင် စတင်ထွက်ခွာသွားတော့သည်။
အနီရောင်ပိုးဖဲစနှင့် ချည်ထားသည့် အဖြူရောင်မြင်းပေါ်တွင် စီးနင်းလာပြီး ရှောင်လင်းယွီသည် သတိုးသားကြိုဆိုသည့် အဖွဲ့ဆီသို့ ဦးတည်လာခဲ့သည်။ သူ့မျက်နှာပေါ်တွင် ခပ်ရေးရေး အပြုံးတစ်ခု ရှိနေသော်လည်း သူ့အတွင်းစိတ်က ပီတီကို အနည်းငယ်ဖုံးကွယ်ထားခြင်းသာ ဖြစ်သည်။
လော့ဟယ်မြို့၏ ရင်းနှီးပြီးသားလမ်းများပေါ်တွင် လျှောက်လာရင်း ရှောင်လင်းယွီသည် ယိုကျင့်နှင့် ၈နှစ်တာနီးပါး သိကျွမ်းလာခဲ့သည့်အကြောင်းကို ပြန်အမှတ်ရနေမိခဲ့သည်။ ပြဇာတ်တစ်ခုကို သီဆိုနေသည့်နှယ် မြင်ကွင်းက တစ်ခုပြီးတစ်ခု ဖျတ်ခနဲပေါ်လာလေသည်။ မိန်းမလှလေးကို နောက်ဆုံးတွင် ပြန်လည်ပွေ့ဖက်နိုင်ခဲ့သည့်အတွက် ပျော်ရွှင်ရသည်။ သူနှင့် ယိုကျင့်တို့သည် အကြိမ်များစွာ ကွဲကွာခြင်းနှင့် ဆင်းရဲဒုက္ခကို တွေ့ကြုံခဲ့ရခြင်းကြောင်း စိတ်ထိခိုက်ရသည်။ အနာဂတ်တွင် သူသည် ကျန်သည့်သူ့ဘဝတစ်လျှောက်လုံးတွင် သူမကို နှလုံးသားရင်းကာ ချစ်ခင်ရမည်ဟု စိတ်ထဲတွင် ဆုံးဖြတ်ထားလိုက်တော့သည်။
ယခုအချိန်၌ စုမိသားစုသည်လည်း တိုးပွားလာနေသည်။ ဟန်လီတို့ညီအစ်ကို၊ စစ်ဝေ၊ လျိုကျိုးထင်၊ ယွဲ့ဝမ်ရှန့်တို့ညီအစ်ကို၊ နှင့်စုခမ်း ။ အမျိုးသား ခုနှစ်ယောက်သည် အပြင်ဘက်က ရှောင်လင်းယွီ၏ လာကြိုသည့် ယာဥ်တန်းကို နာရီဝက်နီးပါး ပိတ်ဆို့ထားကြသည်။ ကဗျာနှင့် စာအိတ်နီများကိုလည်း ပြင်ဆင်ထားခဲ့သည်။ အောင်သွယ်တော်က ပင်မခြံဝင်းမှ ရောက်လာပြီး အချိန်ကျတော့မည်ဟု ဆိုကာမှ ပြီးသွားတော့သည်။ ထိုအခါမှ အားလုံးက မကျေနပ်သေးသည့် ခံစားချက်တစ်ခုဖြင့် လက်လျှော့ပေးလိုက်လေသည်။
နောက်ဆုံးတွင် စုအိမ်သို့ ဝင်ခွင့်ရသွားသည့် ရှောင်လင်းယွီသည် သူ့အဝတ်အစားကို သပ်ရပ်အောင် ဆွဲဆန့်လိုက်ပြီး သတို့သမီး၏ အပျိုခန်းဆီသို့ တန်းတန်းမတ်မတ် ဦးတည်သွားလိုက်တော့သည်။
သည်တစ်ကြိမ်တွင် သူသည် သတို့သမီးကို ချောချောမွေ့မွေ့ လက်ခံခဲ့ရပြီး ယိုကျင့်ကို ပင်မဆောင်ဆီသို့ ခေါ်သွားကာ အမျိုးသမီးစုအား ဒူးထောက် နှုတ်ဆက်လိုက်သည်။ ထို့နောက်တွင် စုခမ်းက သူ့အစ်မဖြစ်သူကို လက်တွဲကာ စုမိသားစု၏တံခါးအပြင်ဘက်သို့ ဖြည်းဖြည်း ဦးဆောင်ကာ ခေါ်သွားပေးလိုက်သည်။ သူမသည် လူရှစ်ယောက်သယ်သည့် ဝေါယာဥ်ပေါ်သို့ တက်သွားလေသည်။ တစ်လမ်းလုံးတွင် မီးရှူးမီးပန်းများသည် ပျော်ရွှင်သံတို့နှင့်အတူ ထွက်ပေါ်နေပြီး သူတို့သည် လော့ဟယ်စီရင်စု၏ မြို့ဆီသို့ ထွက်သွားခဲ့ကြတော့သည်။
စုမိသားစုဘက်တွင်တော့ ပျော်ရွှင်ခြင်း ငွေများကို ကျဲပေးခဲ့သည်။ နောက်ဆုံးလက်ဖွဲ့ကို စုအိမ်မှ သယ်လာပြီးနောက်တွင် ဦးလေးစုန့်က စုခမ်းကို ခေါ်ကာ မင်္ဂလာပွဲကို လာရောက်ကြည့်ရှုကြသည့် ပတ်ဝန်းကျင်ရွာသားများကို မင်္ဂလာသကြားလုံး ဝေပေးလိုက်ကြသည်။ ထိုနောက်တွင်မှ စုမိသားစုဝင်အားလုံးက အိမ်ထဲသို့ ပြန်လှည့်ဝင်သွားကြတော့သည်။ လာရောက်ဂုဏ်ပြုကြသည့် ဝူလီချောင်ရွာသားများသည် ဝမ် လေး ငါးဆယ်လောက် ကောက်ရလိုက်ကြသည်။ အနည်းဆုံး ၁၂ ဝမ်လောက်ရကြပြီး မင်္ဂလာသကြားလုံးလည်း ရကြလေသည်။ သူတို့သည် ပျော်ပျော်ရွှင်ရွှင်နှင့် ပြန်သွားကြသည်မှာ သဘာဝပင်။
သမီးတစ်ယောက်ကို လက်ထပ်ပေးလိုက်ပြီးနောက် စုမိသားစုသည် မနေ့က ဝူလီချောင်တစ်ရွာလုံးအတွက် ညစာစားပွဲတစ်ခု ကျင်းပပေးခဲ့သည်။ စားသောက်ပွဲသည့် နေ့တစ်ဝက်လောက်အထိ ဆက်ရှိနေခဲ့သည်။ သည်နေ့၏ ညစာစားပွဲဧည့်သည်များသည် ရှောင်မိသားစုက လုပ်သည့် ညစာစားပွဲသို့သွားရောက်ရန် နောက်ထပ် နာရီဝက်လောက် စောင့်လိုက်ရသည်။ ဝူလီချောင်တစ်ရွာလုံးတွင် သူကြီးမိသားစုတစ်ခုကိုသာ ဖိတ်ကြားထားခဲ့သည်။ မနာလိုသည့်မျက်လုံးများ တချို့ရှိကြသော်လည်း သူသည် ကျိတ်ကာ အားကျရုံသာ တတ်နိုင်လေသည်။
လော့ဟယ်မြို့သို့ ချီတက်သွားသည့် မင်္ဂလာယာဥ်တမ်းဖက်တွင် နောက်ကလိုက်လသည့် ရှစ်ဆယ့်ရှစ်စီးသော လက်ဖွဲ့လှည်းမှာ တစ်ကီလိုမီတာအထိ ရှည်လျားလေသည်။ လော့ဟယ်မြို့က လူများအားလုံးသည် ဆွံ့အကုန်ကြတော့သည်။ ဘာမှမသိသည့် ဖြတ်သွားဖြတ်လာတချို့က သက်ပြင်းချရင်း မှတ်ချက်ပေးကြလေသည်လာ
“ ဘယ်ချမ်းသာတဲ့ အထက်တန်းစားမိသားစုက လက်ထပ်ပွဲလုပ်နေတာလဲ၊ ရှေ့မှာလည်း သေတ္တာ အလုံး၂၀ ကျော်သွားပြီး နောက်မှာလည်း မျက်စိတစ်ဆုံးပဲ၊ တကယ့်ကို ချမ်းသာပြီး အင်အားကြီးလွန်းပါပေတယ်ကွာ”
အကြောင်းသိကြသည့် ကြည့်ရှုသူများလည်း ရှိလေသည်။ တစ်စုံတစ်ယောက်က ဘာမှမသိဖြစ်နေသည်ကို ကြားလိုက်ရသောအခါ သူတို့က ပြောကြတော့သည်။
“ ခင်ဗျားမှမသိဘဲဗျ၊ ဒါက အုပ်ချုပ်ရေးအမတ်ရဲ့ မင်္ဂလာဆောင်လေ၊ သူက ဘုရင်မင်းမြတ်ကိုယ်တိုင် ရေးသားထားတဲ့ တော်ဝင်တံဆိပ်ပြား ချီးမြင့်ခံရတဲ့ စုမိသားစုက သမီးနဲ့ လက်ထပ်လိုက်တာ”
“ အုပ်ချုပ်ရေးအမတ် ဟုတ်လား၊ ကျုပ်အမြင်တော့ သတို့သားက အခုမှ ၂၀လောက်ပဲ ရှိပါသေးတယ်၊ သူက အုပ်ချုပ်ရေးအမတ်တစ်ယောက်တောင် ဖြစ်နေပြီလား”
“ ဒီမှာ ကျုပ်ပြောပြမယ်.....”
အပြင်ဘက်က ဆူညံသံသည် သတို့သမီးဝေါယာဥ်ပေါ်တွင် ထိုင်နေသည့် ယိုကျင့်၏နားထဲသို့ အမှန်ပင် မရောက်နိုင်ပေ။ မီးရှူးမီးပန်းသံကသာ အဆက်မပြတ်မြည်နေပြီး ပျော်ရွှင်မှုကို ဖော်ပြနေသည့် မောင်းသံ၊ ဗုံသံနှင့် နှဲသံတို့က အရာအားလုံးကို ပိတ်ဆို့ထားလေသည်။ ယိုကျင့်သည် သူမ၏လက်ဖဝါးများက အနည်းငယ်ချွေးထွက်နေသည်ကို ခံစားမိလိုက်သည်။ သူမသည် ရင်ဘတ်ထဲက တဒုတ်ဒုတ်မြည်သံကို ကြားနေရသယောင် ခံစားမိသည်။ စိတ်လှုပ်ရှားမှုက သူမကို မူးနောက်လာစေတော့သည်။
သူမသည် တစ်နည်းနည်းဖြင့် သည်ထူးဆန်းသည့် အချိန်ကာလကို ရောက်လာခဲ့ပုံအကြောင်း စဥ်းစားမိလိုက်လေသည်။ သူမ၏ညီမလေး ခုနှစ်ယောက်ကို မည်မျှခက်ခက်ခဲခဲ ပျိုးထောင်ခဲ့ရကြောင်း စဥ်းစားမိသည်။ ရှောင်လင်းယွီနှင့် ပထမဆုံးတွေ့ခဲ့ရပုံနှင့် သူ၏ ချမ်းသာကာ အာဏာရှိပုံကို ကျိတ်ရယ်ခဲ့မိသည့်အကြောင်းကို စဥ်းစားလိုက်မိသည်။ သူ ဆုံးပါးသွားပြီဟု တွေးမိသည့်နောက်ပြီး စိုးရိမ်ပူပင်ကာ အိပ်ရေးပျက်ခဲ့ရသည့် ညများအကြောင်းကို စဥ်းစားလိုက်မိလေသည်...
များပြားလှသည့်အတိတ်က ရုပ်ရှင်ကားတစ်ခုနှင့် သူမ၏စိတ်ထဲတွင် ထင်ဟပ်သွားခဲ့သည်။ ရုတ်တရက်ဆိုသလို အောင်သွယ်တော်က အပြင်ဘက်တွင် တစ်ခုခုအော်ပြောသံကို ကြားလိုက်ရပြီးနောက် ခုနက လှုပ်ယမ်းနေသည့် မင်္ဂလာဝေါယာဥ်သည်လည်း ရပ်တန့်သွားတော့သည်။ သူတို့ ရောက်လာပြီ။ ထို့ကြောင့် သူမသည်လည်း သတိပြန်ကပ်ထားလိုက်တော့သည်။
“ သတို့သားက မင်္ဂလာဝေါယာဥ်ကို လုယူလိုက်ပါပြီ....”
“ သတိုးသမီးအသစ်လေးက မီးပုံကို ကျော်ပြီး အန္တရာယ်ကင်းကင်း ဝင်ရောက်သွားပါပြီ....”
“ ပထမ ကောင်းကင်နှင့်မြေကြီးကို ကန်တော့ပါ... ဇနီးမောင်နှံအချင်းချင်း အပြန်အလှန် ကန်တော့ပါ....”
အောင်သွယ်တော်က အသံကျယ်ကျယ် နားဝင်ချိုသည့်အသံတစ်ခုဖြင့် အော်ပြောလိုက်လေသည်။ ပင်းတိကြာပန်းခေါင်းဆောင်းပဝါဖြင့် မြင်ကွင်းကို ပိတ်ခံထားရသည့် ယိုကျင့်သည် ချိုးဖန်နှင့် ရှောင်လင်းယွီတို့၏ အကူအညီဖြင့် ရုပ်သေးရုပ်လေးတစ်ခုကို တစ်ဖက်သို့ လှည့်ကာ ဒူးထောက်လိုက်သည်။ သူမသည် ပိုပိုပြီး မူးနောက်လာတော့သည်။ ဆက်ပြီး သည်းမခံနိုင်တော့ဟု ခံစားလိုက်ရချိန်တွင်တော့ နောက်ဆုံးတွင် သူသည် ကြာရွက်အောက်တွင် ပန်းများထိုးထားပြီး မင်္ဂလာဟင်္သာမောင်နှံက ရေထဲတွင် ကူးခပ်နေပုံထိုးထားသည့် အဝါရောင်သစ်မွှေး မင်္ဂလာခုတင်ပေါ်တွင် ထိုင်ချလိုက်တော့သည်။
အနီရောင်ပဝါ၏ အပြင်ဘက်တွင် ဘာတွေဖြစ်နေမှန်းမသိခဲ့သည့် ယိုကျင့်သည် ခေါင်းပေါ်က ကြိုးများ ငြှိနေလျက်ပင် အလွန်ငြိမ်သက်စွာ စိတ်အေးလက်အေး ထိုင်နေလိုက်တော့သည်။
အပြင်ဘက်က ရှောင်မိသားစု၏ မင်္ဂလာညစာစားပွဲတွင် ရှောင်လင်ဖုန်းနှင့် ရှောင်လင်းဝမ်တို့သည် ယမကာများများ မသောက်မိအောင် ထိန်းထားကြသော်လည်း ရှောင်လင်းယွီကတော့ အနည်းငယ်မူးနေပြီဖြစ်သည်။ သူ၏ မသိမသာအပြုံးမျက်နှာပေါ်တွင် ရှက်သွေးတို့က ထင်ရှားနေသည်။ လက်ထဲက အဖြူရောင် ကျောက်စိမ်းယမကာခွက်ကို ကိုင်ထားပြီး သူက တစ်ကြိုက်တည်း မော့သောက်လိုက်ကာ
“ ဒီနေ့ ဒီနေရာကို အချိန်ပေးပြီး ရောက်လာပေးတဲ့ အရာရှိလျိုအတွက်ပါ၊ တကယ့်ကို ကျွန်တော့်အတွက် မင်္ဂလာရှိလှပါတယ်”
လော့ဟယ်မြို့၏ မြင်းတပ်အရာရှိလျိုသည် သူ၏ အလွန်ပွင့်လင်းလှပုံကို တွေ့လိုက်ပြီး ရွှင်မြူးသွားတော့သည်။ တဟားဟား အော်ရယ်လိုက်ပြီး
“ အုပ်ချုပ်ရေးအမတ်က တကယ်သောက်နိုင်တာပဲ”
ထိုသို့ပြောလိုက်ပြီးနောက် အစေခံဆီမှ အထူးတောင်းဆိုထားသည့် သူ့ရှေ့က ကြီးမားသည့်ပန်းကန်လုံးကို ကောက်ယူလိုက်ကာ အားလုံးမော့သောက်လိုက်လေသည်။ အရာရှိလျိုသည် စစ်တပ်ထဲတွင် မွေးလာသူဖြစ်သည်။ အခုတော့ သူသည် ဒုတိယအဆင့် စစ်တပ်အင်အားကို ထိန်းချုပ်ထားသည့် အရေးကြီးအမတ်တစ်ယောက် ဖြစ်သော်လည်း နှစ် ၂၀ကျော် မွေးမြူလာခဲ့သည့် ရဲတင်းသည့်အမူအကျင့်တို့ကတော့ လုံးဝပြောင်းလဲမသွားချေ။
ယခင်မင်းကြီး ရှိစဥ်က မင်းညီမင်းသားများသည် နန်းမွေအတွက် တိုက်ခိုက်နေကြချိန်တွင် အရာရှိလျိုသည် သူ့လက်ထဲတွင် ကြီးမားသည့်စစ်တပ်တစ်ခု ရှိသော်လည်း ဘယ်ဘက်ကိုမှ မပါခဲ့ချေ။ ယခုအခါ ဘုရင်မင်းမြတ်အသစ် နန်းတက်လာပြီး ရှောင်လင်းယွီသည ဘုရင့်အမိန့်ကို လက်ခံခဲ့ကာ မြင်းတပ်အရာရှိ၏ စိတ်ကို လာစမ်းသပ်ခြင်းဖြစ်လေသည်။ မင်းဆရာကြီးသည် သူ့လက်ထဲတွင် လော့ဟယ်မြို့က ခံတပ်အင်အား သုံးသိန်းလောက် ရှီသော်လည်း မင်းကြီးထံမှ သံသယများ လက်ခံရလာမည့် နန်းသိမ်းခြင်းအတွက် ဘယ်ဘက်မှာမှ မရပ်တည်ခဲ့ပေ။ သည်တစ်ကြိမ်တွင် ညစာစားပွဲ တက်ရောက်လာသည်မှာ ရှောင်လင်းယွီနှင့် ကောင်းမွန်သည့် ဆက်ဆံရေးထားရှိရန် စိတ်ကူးဖြင်လေသည်။
နောက်ဆုံး ရှောင်လင်းယွီသည် မင်းကြီးနန်းတက်ပြီးနောက် ဘွဲ့များ အပ်နှင်းခံရသည့် ပထမဆုံးအသုတ်ထဲက တစ်ယောက် ဖြစ်သည်။ သူသည် နဂါးနောက်လိုက်ခဲ့သည့် အကျိုးကို ခံစားရခြင်းဟု မှတ်ယူနိုင်သည်။ အခုတော့ သူကိုယ်တိုင်ကလည်း သူနှင့် မိတ်ဆွေဖြစ်ချင်လာသည်။ ဒါသည်ပင် မင်းကြီး၏ ရည်ရွယ်ချက်လည်း ဖြစ်လိမ့်မည်။ အရာရှိလျိုသည် လူကြမ်းတစ်ယောက်ဖြစ်သော်လည်း တော်တော်လေး ပညာရှိသည်။ သည်ခန့်မှန်းချက်များနောက်တွင် သူ့မျက်နှာပေါ်က အပြုံးသည် ပိုပြီး ထင်ရှားလာလေသည်။
လော့ဟယ်တွင် ရှိနေသည့် တခြားအရာရှိများနှင့်အတူ သောက်ပေးလိုက်ပြီးနောက် ရှောင်လင်းယွိက မူးချင် ဟန်ဆောင်တော့သည်။ သူ့ညီလေးနှင့် ညီဝမ်းကွဲတို့က တွဲပေးလာပြီး သူ့သည် မင်္ဂလာအိပ်ခန်းသို့ ပြန်လာခဲ့လေသည်။
ရှောင်လင်းယွီ၏ အထူးအဆင့်အတန်းကြောင့် အလိုလိုပင် ဘယ်လူငယ်ကမှ မင်္ဂလာအိပ်ခန်းကို လာမနှောင့်ယှက်ရဲခဲ့ချေ။ မင်္ဂလာအိပ်ခန်းသို့ တွဲပြန်လာရသည့် ‘ မူးနေသည့်လူကြီး’မှာ တံခါးနား ရောက်သွားချိန်တွင် ချက်ချင်း ‘အမူးပြေ’သွားတော့သည်။
“ အားလုံး ပြန်လို့ရပြီ”
“ ဟုတ်ကဲ့”
သခင့်အမိန့်ကို ရလိုက်ပြီးနောက် ရှောင်မိသားစု၏အစေခံများသည် မငြင်းကြတော့ပေ။ မင်္ဂလာအိပ်ခန်းထဲက များစွာသော အစေခံမလေးများသည်လည်း အောင်သွယ်တော်နှင့်အတူ ထွက်လာခဲ့ကြသည်။ ရှောင်လင်ဖုန်းနှင့် ဝမ်းကွဲညီလေးတို့သည် အစောကြီးကတည်းက ပျောက်သွားကြလေသည်။ ပဝါမတင်ရသေးသည့် သတို့သမီးနှင့် သူမရှေ့တွင် ရပ်နေကာ အနည်းငယ် တွန့်ဆုတ်နေပြီး မသိမသာရှက်သွေးဖြာနေသည့် ကျောက်စိမ်းမျက်နှာပိုင်ရှင် သတို့သားတို့သာ ကျန်ခဲ့လေသည်။
ရှောင်လင်းယွီသည် ခုတင်ပေါ်တွင် ငြိမ်ငြိမ်လေးလေးထိုင်နေသည့် လူကို ကြည့်လိုက်၏။ ခဏလောက် တွန့်ဆုတ်နေပြီးနောက် သူသည် ရှိသမျှအားနှင့်ပဝါနီလေးကို မ,လိုက်တော့သည်။ ထို့နောက်တွင် ပဝါနီလေးအောက်က မိန်းမလှလေးကြောင့် ရုတ်ခြည်းအံ့အားသင့်သွားတော့သည်။
“ကျင့်အာ....”
သူ၏ ဆွံ့အနေသည့်ရုပ်ကို မြင်လိုက်ရသဖြင့် မျက်လွှာချထားသည့် ယိုကျင့်မှာ အသံမထွက်ဘဲ မရယ်နိုင်ဖြစ်သွားတော့သည်။
“ အရူး”
သည်နေ့ ယိုကျင့်ဝတ်ထားသည့် သူမ၏ခေါင်းပေါ်က သရဖူသည် ရှောင်လင်းယွီ အစောကြီးကတည်း ပို့လာသည့် ပုလဲသေတ္တာထဲက ပစ္စည်းဖြစ်လေသည်။ ပုလဲများနှင့် ပတ္တမြားတို့သည် လိုက်ဖက်တင့်တယ်လှပေသည်။ သူတို့သည် မိတ်ကပ်အပြည့်လိမ့်ခြယ်ထားသည့် မိန်းမငယ်လေးကို ပိုပြီး ကျက်သရေရှိနေအောင် ဖြည့်ဆည်းပေးထားလေသည်။ အရင်က မိတ်ကပ်ပါးပါးလေးနှင့် ရှိနေသည့်အချိန်ထက် ၇၀%နီပါး ပိုချစ်စဖွယ်ကောင်းကာ စွဲမက်ဖွယ်ကောင်းလေသည်။ ရှောင်လင်းယွီ မှင်သက်သွားသည်မှာ အံ့ဩစရာမဟုတ်တော့ပေ။
“ကိုယ်.....”
ရှောင်လင်းယွီသည် ဆူခံလိုက်ရသော်လည်း သူမကို ချစ်စိတ်ပြင်းစွာ ငေးကြည့်နေမိဆဲ။ သူမ၏လည်ပင်း ထပ်လှုပ်လိုက်သည်ကို မြင်လိုက်ရသဖြင့် သရဖူမှာ တော်တော်လေးမည်ကို တွေးမိသွားပြီး သူမဆံပင်ကို မဆွဲမိအောင် သရဖူကို ဂရုတစိုက် ကူချွတ်ပေးလိုက်လေသည်။
ယိုကျင့်သည် သည်နေ့အတွက် ပင်ပန်းနေပြီဖြစ်သည်။ အခုမှ အနားယူနိုင်တော့သည်။ ကံကောင်းသွားသည်ဟု ခံစားလိုက်မိပြီး ထရပ်လိုက်ကာ အစားအသောက်များ အလျှံပယ်ပြင်ဆင်ထားပေးသည့် စားပွဲဝိုင်းနားတွင် သွားထိုင်လိုက်ပြီး ငေးမောနေသည့် ရှောင်လင်းကို ကြည့်လိုက်လေသည်။
“ ဒီကိုလာခဲ့လေ”
ရှောင်လင်းယွီသည် အိပ်မက်ကြီးတစ်ခုမှ ထွက်လာသည့်နှယ် သတိပြန်ဝင်သွားလေသည်။ သူသည် မိန်းမငယ်လေးဆီ သုံးလှမ်းတစ်ခါ လျှောက်သွားလိုက်ပြီးနောက် သူမဘေးတွင် ထိုင်လိုက်တော့သည်။ သူတို့နှစ်ယောက်သည် အရက်တစ်ခွက်သောက်လိုက်ကြပြီးနောက် ယိုကျင့်က ဟင်းတစ်မျိူးစီကို တစ်လုပ်စီ စားလိုက်ပြီးနောက် ဗိုက်ပြည့်သွားလေသည်။ သူမ၏မျက်နှာပေါ်က မိတ်ကပ်အထူးကြီးကို သတိရသွားပြီး သန်းစင်ခန်းထဲသွားကာ ဆေးကြောသန့်စင်လိုက်ပြီး ကြွေပန်းအနီရောင် ဖန်ဇာအောက်ခံအင်္ကျီကို လဲဝတ်လိုက်ပြီး ထွက်လာခဲ့သည်။
သူက သူမကို ငေးကြည့်နေသေးသည်ကို တွေ့လိုက်ရသဖြင့် သူမ၏မျက်နှာသည် မနေနိုင်တော့ဘဲ အနည်းငယ် ထူပူသွားတော့သည်။
“ ရှင်လည်း သွားဆေးကြောတော့လေ၊ အရက်နံ့တွေနဲ့”
ရှောင်လင်းယွီသည် ခပ်ရေးရေးမြင်နေရသည့် အတွင်းခံအင်္ကျီနှင့် ထွက်လာသည့် သူမကို ကြည့်ရင်း သူ့လည်ချောင်းမှာ အလွန်ခြောက်သွေ့သွားကာ ရုတ်ခြည်း အသံတိမ်ဝင်သွားသည်ကို ခံစားလိုက်ရတော့သည်။ သူသည် သူမကို ချက်ချင်းပင် စားပစ်ချင်စိတ် ပေါက်သွားတော့သည်။ သို့သော် သူမက အရက်နံ့ကို လုံးဝမကြိုက်ကြောင်း ကြားလိုက်ရချိန်တွင် သူသည် ရေမခပ်ခိုင်းတော့ဘဲ ယိုကျင့်သုံးထားသည့် ရေဖြင့်သာ သည်အတိုင်းဆေးကြောလိုက်တော့သည်။
ကျောဖက် သန့်စင်ခန်းထဲက ရေသံကို ကြားလိုက်ရသည်တွင် ယိုကျင့်သည် သူမ၏မျက်နှာမှာ ပူတက်လာသည်ကို ခံစားလိုက်ရတော့သည်။ သူမသည် ယောကျ်ားနှင့် မိန်းမကြားက အချစ်အကြောင်းကို သိထားသော်လည်း သူမတွင် သဘောတရားအရသာ သိလေသည်။ သည်နေ့ညမှာ မင်္ဂလာဦးခန်းထဲက မင်္ဂလာညဖြစ်ပြီး ကိစ္စများကလည်း မကြာမီဖြစ်လာတော့မည့်အကြောင်း စဥ်းစားမိလိုက်ချိန်တွင် လူများကို ရင်ဆိုင်ရန် အလွန်ရှက်သွားတော့သည်။
“ ဘာတွေ စဥ်းစားနေတာလဲ”
ယိုကျင့်သည် ဆံပင်ကို တဝက်ချထားပြီး ခုတင်စွန်းတွင် ထိုင်ကာ သူမ မစဥ်းစားသင့်အရာတချို့ကို စဥ်းစားနေမိသည်။ ယောက်ျားက ဆေးကြောသန့်စင်ပြီးသွားသည်ကိုပင် သတိမထားမိလိုက်ချေ။ ရုတ်ခြည်းဆိုသလို ပူပြင်းသည့်ရင်ခွင်တစ်ခုထဲ ကျရောက်သွားသလို ခံစားလိုက်ရတော့သည်။ လည်ပင်းပေါ် ကျလာသည့် လေပူနှင့်အတူ သူ၏လေသံတိုးတိုးနှင့် တနည်းနည်းဖြင့် တိမ်ဝင်နေသည့်အသံကို ကြားလိုက်ရသည်တွင် သူမသည် အလန့်တကြားဖြစ်သွားပြီး ရှက်သွားတော့သည်။ သူသည် မနေသာတော့ဘဲ ချိုချိုသာသာ အပြစ်ဆိုလိုက်တော့သည်။
“ ရှင်ဘာလုပ်တာလဲ”
ယိုကျင့်သည် သူ့ကို အလွန်ကြောက်မိသွားပြီး ဘရိုကိတ်သား ဂွမ်းစောင်ပေါ် လဲကျသွားလေသည်။ သူမ၏နက်မှောင်သည့်ဆံနွယ်များမှာ မှင်ရည်ကဲ့သို့ ဖြစ်နေပြီး သူမ၏မျက်လုံးများက ပိုးသားကဲ့သို့ ဆွဲတောင်မှုရှိကာ ပါးလွှာသည့် ကြွေပန်းနီရောင်အင်္ကျီက မိန်းမတစ်ယောက်၏အလှကို ပြီးပြည့်စုံအောင် ပုံဖော်ထားကာ သူမ၏ဆင်စွယ်ရောင် ချောမွတ်ပြီး ပြစ်မျိုးမဲ့မထင်အသားအရည်က သူမကို ပိုပြီး လှပနေစေတော့သည်။
သည်မြင်ကွင်းကြောင့် ရှောင်လင်းယွီသည် သူ့လည်ချောင်းမှာ ခြောက်ကပ်သွားပြီး တစ်ဆို့သွားသလို ခံစားလိုက်ရတော့သည်။ သူ့လည်ဇလုတ်မှာ နိမ့်ချည်မြင့်ချည် ဖြစ်နေတော့သည်။ သူသည် အသာအယာ ကိုယ်ကိုညွှတ်လိုက်ပြီး အချိန်အကြာကြီးကတည်းက မက်မောလာခဲ့သည့် အနီရောင်တောက်တောက် နှုတ်ခမ်းများကို အသာနမ်းလိုက်လေသည်။
သူတို့နှစ်ယောက်လုံးမှာ အတွေ့အကြုံမရှိကြသူများ ဖြစ်ကြရာ စိတ်မရှည်ဖြစ်နေလို့လည်း အပိုပင်။ သူတို့သည် အချိန်တော်တော်ကြာသည်အထိ အမြီးအမောက်မတည့်နိုင်ဖြစ်နေကြလေသည်။ ရှက်ရွံ့နေသည့် ယိုကျင့်မှာ သူခန္ဓာကိုယ် တစ်ခုလုံးပေါ်က အပူဓာတ်ကို ခံစားမိနေသည်။ ရှက်ရှက်နှင့်ပင် သူမသည် မင်္ဂလာဦးခန်းသို့ သူမယူလာသည့် သေတ္တာလေးကို လက်ညိုးထိုးပြလိုက်ပြီး ရှောင်လင်းယွီအား သေတ္တာအောက်ဆုံးက စာအုပ်သေးသေးလေးကို ထုတ်လိုက်ဖို့ ပြောလိုက်တော့သည်။
ရှောင်လင်းယွီသည် ရတနာတစ်ခုကို ရှာတွေ့သွားသည့်နှယ် မြန်မြန်လှန်လှော ဖတ်လိုက်တော့သည်။ နည်းအတိုင်း အကြိမ်အနည်းငယ် ကြိုးစားလိုက်ပြီးနောက်တွင် အမှန်ပင် အလုပ်ဖြစ်သွားတော့သည်။
သို့သော်ငြား အတွေ့အကြုံနုသေးသူများအတွက် အမြဲတမ်း ချောမောနေသည်က မရှိပေ။ နေကောင်းတစ်ခု ရောက်ရန် အချိန်ခဏလောက် ယူလိုက်ရသော်လည်း ရုတ်ခြည်းအဆုံးသို့ ရောက်သွားတော့သည်။
ရှောင်လင်းယွီသည် အနည်းငယ် မယုံကြည်နိုင်ဖြစ်သွားပြီး အနည်းငယ် ရှက်သွားတော့သည်။ ဒါက ဘယ်လိုဖြစ်ပြီး ဒီလိုဖြစ်နိုင်ရတာလဲ။ ဒါကြီးက မျှော်လင့်ထားတာနဲ့ ကွဲနေတယ်မလား။
ဖြစ်ပျက်သွားသည်ကို ဘာမှမသိလိုက်သည့်နှယ် မျက်လုံးများထဲတွင် မျက်ရည်များနှင့် မိန်းမ၏ ကြောင်အမ်းအမ်းမျက်နှာကို ကြည့်လိုက်ပြီး ရှောင်လင်းယွီသည် ရုတ်တရက် စိတ်ပူသွားတော့သည်။ သူများ....
ယိုကျင့်အနေဖြင့် သူက သူမကို အူကြောင်ကြောင်ဖြင့် ကြည့်နေသည်ကို မြင်လိုက်ရသဖြင့် မယုံကြည်မှုနှင့် ရှက်ရွံ့မှုတို့ ရောထွေးသွားတော့သည်။ အစပိုင်းတွင် သူမသည် အကြောင်းအရင်းကို နားမလည်ခဲ့ပေ။ ထို့နောက် ချက်ချင်း သတိဝင်လာပြီး သူမ၏နှုတ်ခမ်းများကို တင်းထားရင်းမှာ ခစ်ခနဲ ရယ်မိသွားတော့သည်။
သူမ၏လှောင်ရယ်သံကြောင့် အနည်းငယ်ရှက်သွားသည့် ရှောင်လင်းယွီက သူ့လက်များကို ဆန့်လိုက်ပြီး သူမ၏ခါးကို တင်းနေအောင် ဖက်ထားလိုက်ကာ
“ ကိုယ့်ယောက်ျားကို ရယ်နေတာပေါ့လေ၊ ဟင်”
ယိုကျင့်၏နှလုံးသားသည် သူ့တီးတိုးစကားသံကြောင့် အသည်းယားသွားတော့သည်။ နှစ်ယောက်သားသည် အစကတည်းက အပြန်အလှန် ချစ်ခင်လာကြသည်။ အခုတော့ အချိန်မှန်၊ နေရာမှန် နှင့် လူမှန်ကို ပိုင်ဆိုင်ထားရာ သူတို့သည် အဘယ်ကြောင့် နောက်ဆုတ်ပါလိမ့်မည်နည်း။ ခဏလောက်နားလိုက်ပြီး နောက်ဆုံးတွင် နောက်တစ်ကြိမ်ပြင်းထန်သည့် မုန်တိုင်းတစ်ခု ဖြစ်သွားတော့သည်။ တောင်ပေါ်က တိမ်များသည် အကန့်သတ်တစ်ခုတွင် မိုးများ တဖျောက်ဖျောက် ရွာလာတော့သည်။
မင်္ဂလာအိပ်ခန်း၏ အပြင်ဘက်ခြံထဲက အစေခံများသည် သခင်က သည်ည ရေတောင်းမည့်အချိန်ကို စောင့်နေကြလေသည်။ သူတို့သည် ညဦးပိုင်းမှာ ညဥ့်ယံအထိ ရေကို ငါးကြိမ် ခြောက်ကြိမ်လောက် လဲခဲ့ရသည်။ လူသားတို့၏ အရေးကိစ္စအကြောင်းကို သိပြီးဖြစ်ကြသည့် အမျိုးသမီး အခြွေအရံများအားလုံးသည် သူတို့ပါးစပ်ကို အုပ်ထားကြပြီး ခိုးရယ်နေမိလေသည်။ ကြည့်ရတာတော့ သူတို့ရှောင်မိသားစုက သိပ်မကြာခင်မှာ အကိုင်းအခက်တွေ ပွားလာတော့မယ်ထင်ပါတယ် ~
ရွှေစတစ်ထောင် အမှန်ပင်တန်သည့် နွေဦးည၏ အခိုက်အတန့်အချိန်လေး ဖြစ်တော့သည်။
…