အခန်း ၁၆၃
Vol. 11 Ch. 163
အပိုင်း (၁၆၃) ၀တ္ထုဇာတ်သိမ်း
ယိုကျင့်သည် မျက်လုံးမပွင့်သေးသော်လည်း အသိစိတ်မှာ နိုးကြားနေခဲ့သည်။ သူမသည် နေရာလွတ် မရှိအောင် တင်းကျပ်စွာ ပွေ့ဖက်ထားသည့် ရင်ခွင်ထဲ၌ ရှိနေခဲ့သည်။ မျက်လုံးဖွင့်လိုက်သည်နှင့် နှစ်လက်မအကွာ၌ ရှိနေသော ရှောင်လင်းယွီကို တွေ့လိုက်ရသည်။ ရှောင်လင်းယွီသည် မနိုးသေးသော်လည်း သူ၏မျက်နှာပေါ်တွင် ပျော်ရွှင်မှုများ ပြည့်နှက်နေခဲ့သည်။
ထိုအနေအထားနှင့် အခန်းထဲရှိ အငွေ့အသက်သည် လူကိုရှက်သွေးဖြာစေကာ နှလုံးခုန်မြန်စေသည်။ သူမ၏ပေါင်တံများသည် ဟိုနေရာဒီနေရာ နာကျင်နေခဲ့သည်။ ရုတ်တရပ်ဖြင့် သူမသည် လွန်ခဲ့သည့်ညမှ မနက်အထိ လူးလိမ့်ခဲ့သည်များကို ပြန်တွေးမိသွားသည်။ သူမ၏တစ်ကိုယ်လုံးသည် ရေလုံပြုတ်ထားသော ပုဇွန်ထုပ်ကဲ့သို့ပင်ဖြစ်နေကာ မျက်နှာကိုကိုင်လိုက်ပြီး အခြားလူများနှင့် မျက်နှာချင်းဆိုင်ရန် ရှက်ရွံ့နေခဲ့သည်။
အကြိမ်ဖန်များစွာ တွေးတောပြီးနောက် သူမသည် မှန်ပြတင်းပေါက်မှတဆင့် အနီရောင်မင်္ဂလာဦးခုတင်ပေါ်သို့ တိုး၀င်လာသည့် နေရောင်ဖျဖျကို သတိထားမိသွားသည်။ ယိုကျင့်သည် ယနေ့တွင် တစ်ဖက်မိသားစုနှင့် တွေ့ဆုံနှုတ်ဆက်ရမည်ဖြစ်ကြောင်းကို ရေးတေးတေး မှတ်မိလိုက်ကာ ထိုအမျိုးသား၏ ချုပ်နှောင်မှုမှ ရုတ်တရက် ရုန်းထွက်ကာ ထထိုင်လိုက်သည်။
“ဘုရားရေ ငါတော့မျက်နှာပျက်စရာဖြစ်တော့မှာပဲ”
ရက်ရက်စက်စက် စွန့်ပစ်ခံလိုက်ရသော အမျိုးသားမှာ သူ၏နေရာ၌သာ လှဲလျောင်းနေခဲ့သည်။ သူသည်လက်တစ်ဖက်ဖြင့် ခေါင်းထောင်လိုက်ကာ နေရောင်အောက်၌ ရေချိုးရန်ပြင်ဆင်နေသော မိန်းကလေးအား ပျင်းတိပျင်းရွဲ့ဖြင့် ကြည့်နေခဲ့သည်။ သူ၏မျက်နှာပေါ်ရှိအပြုံးမှာ တဖြည်းဖြည်း ပေါ်လွင်လာတော့သည်။ “မနေ့ညက ငိုယိုပြီး ပင်ပန်းနေတယ်လို့ မပြောခဲ့ဘူးလား။ ဘာလို့နည်းနည်းလောက် ထပ်မအိပ်တာလဲ”
ထိုလူ၏ညစ်ပတ်သည့် စကားများကြောင့် ယိုကျင့်၏မျက်နှာသည် နီရဲလာတော့သည်။ သူမသည် သူ့အား နူးညံ့စွာ စိုက်ကြည့်လိုက်သည်။
“ရှင်က အဲ့လိုစကားတွေပြောထွက်သေးတယ်နော်။ ဒီနေ့ကျွန်မတို့ မိဘတွေကို ဂါရ၀ပြုရမှာကို ရှင်သိရဲ့သားနဲ့”
လွန်ခဲ့သည့်ညက တစ်ညလုံး သူ၏မြတ်နိုးခြင်းကို ခံခဲ့ရသည့် အမျိုးသမီးငယ်လေး၏ နှင်းတောင်မို့မို့လေးများသည် သူမ၏လှုပ်ရှားမှုအတိုင်း ယိမ်းနွဲ့နေသည်ကို မြင်လိုက်ရသောကြောင့် သူ၏မျက်၀န်းများမှာ ယစ်မူးလာသကဲ့သို့ ခံစားလိုက်ရသည်။ ယိုကျင့်သည် စကားမဆုံးသေးခင်ပင် မျက်စိတမှိတ်အတွင်း ထိုအမျိုးသား၏ ဖိနှိပ်မှုကို ခံလိုက်ရကာ စောင်ခြုံထဲသို့ ပြန်လည် ရောက်ရှိသွားလေသည်။ ထိုဇနီးမောင်နှံသည် နောက်ထပ်မုန်တိုင်းတစ်ခုအား ထပ်မံပြင်ဆင်ကြတော့သည်။
အစေခံလေးယောက်အား ခေါ်ယူလာသည့် ချွီဖန်သည် ရေဇလုံအသီးသီးကို ကိုင်ကာ အခန်းတံခါးရှေ့၌ ရပ်စောင့်နေခဲ့ကြသည်။ မင်္ဂလာဦးခန်းမှ ရှက်ရွံ့ဖွယ်ရာအသံများ ထပ်မံထွက်ပေါ်လာချိန်၌ သူမတို့သည် မတတ်သာဘဲ ခြေလှမ်း ခုနှစ်လှမ်းရှစ်လှမ်းမျှ နောက်ဆုတ်ခဲ့ရသည်။
သူမတို့ ထိုအခန်းထဲသို့ ရေနွေးများဖြင့် ၀င်ရောက်ချိန်၌ ထိုရေနွေးများသည် သုံးကြိမ်မျှ ပြန်လည်တည်ထားရခြင်းဖြစ်သည်။ သူမတို့ အခန်းထဲသို့ရောက်ချိန်၌ အခန်း၏ တက်ကြွလှသော လေထုကြောင့် ရှက်ရွံ့ကုန်ကြသည်။ သခင်မနှင့် သူ၏အမျိုးသားသည် အမှန်ပင် စိတ်အားတက်ကြွကြလေသည်။
ရေချိုးသန့်စင်ပြီးကာ အနီရောင်ပန်းပွင့်ကြီး ငါးပွင့်ဖြင့် အလှဆင်ထားသည့် အင်္ကျီကို လဲပြီးသည့် ယိုကျင့်သည် ကြေးမုံရှေ့၌ ထိုင်နေကာ ၀တ်ဆင်နေကြ မဟုတ်သည့် အနီရောင်၀တ်ရုံကို ၀တ်ထားသော အမျိုးသားအား စူးစူးရဲရဲ စိုက်ကြည့်လိုက်သည်။ သူမသည် သူ့အပေါ်၌ အပြစ်တင်မိသည်။ အစကတည်းကပင် သူမ၏မျက်နှာသည် ရစရာမရှိအောင် ပျက်သုဉ်းသွားပြီဖြစ်သည်။
စိုက်ကြည့်ခံရသည့် ရှောင်လင်းယွီသည် အစာ၀သွားသည့် ကြောင်ကဲ့သို့ ဖြစ်နေခဲ့သည်။ သူသည် အရှေ့သို့ အနည်းငယ်တိုးလာကာ ပတ္တမြားစီချထားသော အနီရောင် ရွှေဆံထိုး၊ ဖဲပြားနှင့် ကြာပန်းဆံထိုးတို့ကို ရွေးထုတ်ပေးလိုက်သည်။ “ဒါကိုသုံး”
ယိုကျင့်မှ မငြင်းပယ်သောကြောင့် ဆံပင်ဖြီးသင်ပေးနေသည့် အစေခံသည် ထိုဆံထိုးများကို သခင်မဖြစ်သူ၏ ခေါင်း၌ အသာအယာပန်ဆင်ပေးခဲ့သည်။ ထို့နောက် သခင်မ၏ အမျိုးသားဖြစ်သူအတွက် ချီးကျူးသံအချို့ကို ကြားလိုက်ရသည်။ “ကြည့်ကောင်းသားပဲ”
.............
ရှောင်မိသားစုရှိ အကြီးအကဲများသည့် နောက်ကျသည့် ကြင်စဦးဇနီးမောင်နှံကို အပြုံးများဖြင့် ပျော်ရွှင်စွာ ကြည့်နေခဲ့ကြသည်။ ရှောင်လင်းယွီ၏ ကျေနပ်အပြုံးကြီးကို မြင်သည့်အခါ ယိုကျင့်သည် ထိုကပ်သီးကပ်ဖဲ့နိုင်သော အမျိုးသားကြောင့် စိတ်မညစ်ဘဲ မနေနိုင်ချေ။ သူမသည် အရှက်မရှိသည့် မျက်နှာပြောင်သောသူအား စိတ်ထဲ၌ အပြစ်တင်နေခဲ့သည်။
“လိမ္မာလိုက်တဲ့ကလေး။ အနာဂတ်မှာ အဘွားတို့က တစ်မိသားစုတည်းပဲ။ ရှောင်မိသားစုအတွက် မျိုးဆက် မြန်မြန်ပွားပေးဖို့ပဲ မျှော်လင့်တယ်” သခင်မစုန့်သည် ပြုံးလျက်ပင် ယိုကျင့်ဒူးထောက်ကာ ဆက်သသည့် ရေနွေးခွက်ကို လက်ခံကာ အနည်းငယ် သောက်လိုက်ပြီးနောက် အစေခံအား ပေးလိုက်သည်။ ထို့နောက် ပြင်ဆင်ထားသည့် အရည်အသွေးကောင်းမွန်သော ကျောက်လက်ကောက်နှစ်ကွင်းကို ရံရွှေတော်ဖြစ်သူထံမှ ယူလိုက်သည်။
“အမြဲအတွဲညီပြီး ချစ်ခင်ကြင်နာကြနော်”
“အကြီးအကဲကို ကျေးဇူးတင်ပါတယ်” ယိုကျင့်သည် နာခံမှုရှိစွာ ဂါရ၀ပြုပြီးနောက် ရှောင်ဟိုင်ရူတို့ စုံတွဲကိုလည်း တစ်ယောက်ချင်းစီ လက်ဖက်ရည်ဆက်သလေပြီး အမျိုးများကို မှတ်သားရသည်။ လွန်ခဲ့သည့် နှစ်အတောအတွင်း သူမတို့အချင်းချင်း တွေ့ဆုံဖူးသော်လည်း ယဉ်ကျေးမှု ဓလေ့ထုံးတမ်းသည် ပစ်ပယ်၍မဖြစ်ပေ။ သူမတို့သည် အဆင်ပြေချောမွေ့စွာ လုပ်ဆောင်ခဲ့သည်။
ရှောင်မိသားစုသည် သိန်းသန်းချီအမွေများ ပိုင်ဆိုင်ခဲ့သည့် အတိတ်ကနှင့် မယှဉ်နိုင်သော်လည်း ရှောင်လင်းယွီသည် ဘုရင်မင်းမြတ်အား လွန်ခဲ့သည့်နှစ်များအတွင်း ငွေကြေးစုဆောင်းရာ၌ ကူညီပေးခဲ့မှုကြောင့် အကျိုးအမြတ်များ ရရှိခဲ့သည်။ ထို့အပြင် ရှောင်ဟိုင်ရူသည် စီးပွားရေးနယ်ပယ်၌ နှံ့စပ်သူဖြစ်သောကြောင့် လွန်ခဲ့သည့်နှစ်နှစ်အတွင်း မိသားစုလုပ်ငန်းများကို တိုးချဲ့နိုင်ခဲ့သည်။ ယခုအိမ်တော်၌ ခစားနေကြသည့် အစေခံများသည်လည်း ယခင်က ရှောင်အိမ်တော်၌ ခစားခဲ့ကြသည့် သစ္စာရှိအစေခံဟောင်းများ ဖြစ်ကြသည်။ ဘ၀သည် အမှန်ပင် သာယာလှသည်။
မည်သို့ပင်ဖြစ်စေ သခင်မစုန့်သည် မြို့ထဲ၌ နေရသည်ကို မနှစ်သက်ပေ။ သူမသည် ဝူလီချောင်၏ အရိုင်းဆန်သည့် ရေမြေသဘာ၀ကို နှစ်သက်ပေသည်။ စုမိသားစုရှိ ဆူညံတက်ကြွသည့် ကလေးများလည်း အပါအ၀င်ဖြစ်သည်။ သုံးရက်မျှ နေထိုင်ပြီးသည့်နောက်တွင် ရှောင်မိသားစုရှိ လူကြီးများသည် ဝူလီချောင်သို့ ပြန်လည်ပြောင်းရွှေ့လာကြသည်။ မင်္ဂလာဦးအခန်းမှာ တစ်လအတွင်း အရွှေ့အပြောင်း မလုပ်ရသည့် ဓလေ့ကြောင့် ကြင်စဦးမောင်နှံနှစ်ဦးသည်သာ မြို့ထဲ၌ နေရစ်ခဲ့ကြသည်။
ရှောင်လင်းယွီသည်လည်း အားလပ်ရက်အရှည်ကြီးရခဲ့သည်။ သူသည် မြို့တော်သို့ နှစ်သစ်မတိုင်ခင်အထိ ပြန်ရန် မလိုအပ်ပေ။ ယခု၌ သူသည် လက်ထပ်ပြီးကာစဖြစ်ကာ မြတ်နိုးရသောဇနီးသည်သည်လည်း ဘေး၌ ရှိနေသောကြောင့် အခြားအကြောင်းအရာများကို အာရုံစိုက်ရန် အချိန်မရှိပေ။ သူ၏နေ့စဉ် အလုပ်ကြိုးစားမှုကြောင့် နှစ်သစ်မတိုင်ခင်ပင် သတင်းကောင်း ကြားရလေသည်။
“ယိုရင်က မွေးပြီးပြီ။ ယိုပေါင်လဲ မွေးတော့မှာ။ နင်ကရော အကြီးဆုံးအစ်မဖြစ်ပြီး နောက်ကျကျန်နေတယ်” အမျိုးသမီးစုသည် သမီးဖြစ်သူ ကိုယ်၀န်ဆောင်ရမှန်း သိသည့်အချိန်၌ အပျော်လွန်နေခဲ့ပြီး အစောပိုင်း ကိုယ်၀န်ကာလ၌ ဆောင်ရန်ရှောင်ရန်များကို မှာကြားလေသည်။ ယိုကျင့်၏ဘေး၌ ခစားသည့် အစေခံများကိုလည်း သေချာမှာကြားခဲ့လေသည်။ သူမသည် တစ်ခုခုဖြစ်မည်ကို စိုးရိမ်နေတော့သည်။
ယိုကျင့်၏ လက်ထပ်ပွဲပြီး ဒုတိယမြောက်နေ့၌ ယိုရင်သည် မီးတွင်းကာလသို့ ကျရောက်ကာ ၆.၃ပေါင်ရှိသော ယိုရင်နှင့် တစ်ပုံစံတည်း တူသည့် သမီးမိန်းကလေးကို မွေးဖွားခဲ့သည်။ ဟန်လီသည် ထိုသတင်းကြောင့် ပျော်ရွှင်နေခဲ့သည်။ ကလေးငယ်ကို ရှင်းကျဲအာဟု အမည်မှည့်တွင်လေသည်။ ဟန်လီသည် နေ့စဉ်အိမ်သို့ ပြန်ရောက်သည်နှင့် ဦးစွာပြုလုပ်သည့်အရာမှာ ဇနီးသည်ကို တွေ့ဆုံခြင်း ဖြစ်သည်။ ဒုတိယတစ်ခုမှာ ချစ်လှစွာသော သမီးငယ်အား ပွေ့ချီကာ စနောက်ချော့မြူလေသည်။
ယိုပေါင်သည် ခုနှစ်လ၀န်းကျင်၌ ရှိနေပြီဖြစ်သည်။ ထို့အပြင် သူမ၏မွေးဖွားချိန်သည် စစ်ဝေ မြို့တော်သို့ စာမေးပွဲဖြေရန် သွားရောက်ရမည့်အချိန်နှင့် တိုက်နေခဲ့သည်။ အမျိုးသမီးများ ကလေးမွေးဖွားသည်မှာ ငရဲသို့ လမ်းဖြတ်လျှောက်ရသည်နှင့် တူကြောင်း စစ်ဝေကြားဖူးသည်။ ထိုကဲ့သို့ အချိန်မျိုး၌ သူသည် ဇနီးဖြစ်သူ၏ ဘေး၌ မရှိပေးနိုင်သည်ကို တွေးမိကာ စိုးရိမ်ပူပန်နေမိသည်။
“သူက နေ့တိုင်း စိတ်လေနေပြီး စာလုပ်ချင်စိတ်လည်း မရှိဘူးဖြစ်နေတယ်” ယိုပေါင်သည် သူမ၏ လုံးဝိုင်းနေသော ဗိုက်ကိုထိန်းရင်း အစ်မဖြစ်သူနှင့် အမေအား ဒေါသတ၀က်ပျော်ရွှင်မှုတ၀က်ဖြင့် ဖွင့်ဟလေသည်။ “ကျွန်မက သူ့စာမေးပွဲကို ထိခိုက်သွားမှာ စိုးရိမ်နေတာ။ အခုလည်း အဲဒါနဲ့ စိတ်ညစ်နေရတာ”
စစ်ဝေသည် ယခုနှစ်ကုန်၌ စာမေးပွဲ အောင်မြင်ခဲ့ကာ ကျူးရန်ဖြစ်လာခဲ့သည်။ ယခု၌ သူသည် နှစ်သစ်ကူးပြီးသည်ကို စောင့်ကာ နိုင်ငံတော်စာမေးပွဲကို ၀င်ဖြေရန်သာရှိတော့သည်။ ဒီတစ်ကြိမ်၌ လွဲချော်သွားပါက သူသည် သုံးနှစ်မျှ စောင့်ဆိုင်းရမည်ဖြစ်သည်။ ထိုကိစ္စသည် ခင်ပွန်းဖြစ်သူအတွက် မည်မျှအရေးပါကြောင်း ယိုပေါင်သိပေသည်။ ထို့ကြောင့် ယခုအချိန်အပိုင်းအခြား၌ စိုးရိမ်နေရခြင်း ဖြစ်သည်။
ညီမဖြစ်သူ စိုးရိမ်နေရခြင်းကို ယိုကျင့်နားလည်ပေသည်။ ထို့ကြောင့် စိတ်ငြိမ်သွားစေရန် စကားအနည်းငယ်ဖြင့် ဖျောင်းဖျခဲ့လေသည်။ ညရောက်ချိန်၌ သူမသည် ထိုကိစ္စကို ရှောင်လင်းယွီအား ပြောပြလိုက်ပြီးနောက် ကူညီပေးမည်ဖြစ်ကြောင်း ရှောင်လင်းယွီမှ ကတိပေးလေသည်။ “အဲဒါဆို ကိုယ်စစ်ဝေနဲ့ စကားပြောကြည့်လိုက်မယ်။ မင်းက အခု ကိုယ်၀န်အစောပိုင်းကာလဖြစ်နေတော့ အဲ့လိုကိစ္စတွေ စိတ်ပူမနေနဲ့”
ရုတ်တရက် အသက်သေးသေးလေး ရရှိလာခြင်းအပေါ် ရှောင်လင်းယွီသည် ပျော်သလို မပျော်သလို ဖြစ်နေခဲ့သည်။ ယိုကျင့်နှင့် သူ့၌ ကလေးများ ရှိလာတော့မည်ဖြစ်သောကြောင့် ပျော်ရွှင်လေသည်။ မပျော်ရွှင်ရခြင်းမှာ သူသည် ဘ၀၏ကောင်းမွန်လှသည့် အရသာကို မြည်းစမ်းရုံမျှ ရှိသေးသော်လည်း တစ်နှစ်မျှ ဖြတ်တောက်ခံရတော့မည်ဖြစ်သည်။ ထိုအကြောင်းကို တွေးမိသည်နှင့် ရှောင်လင်းယွီမှာ စိတ်ဓာတ်ကျနေတော့သည်။
စစ်ဝေသည် ယောက်ဖဖြစ်သူ၏ ဖိတ်ခေါ်မှုကြောင့် တွေ့ဆုံရန် လာရောက်ခဲ့သည်။ သူတို့နှစ်ဦးသည် စုကျားရန်၌ နာရီ၀က်မျှ တွေ့ဆုံခဲ့ပြီးနောက် စစ်ဝေသည် အိမ်သို့ ပြန်လာခဲ့သည်။ ယခုအခေါက် ရှောင်လင်းယွီ၏ ပါ၀င်မှုမှာ အကျိုးရှိပေသည်။ ထိုမှပြန်လာပြီးနောက် စစ်ဝေသည် ကိုယ့်ကိုကိုယ် နေ့စဉ် စာလေ့လာရာ၌သာ မြှုပ်နှံလိုက်ပြီး ဇနီးဖြစ်သူနှင့် နေ့စဉ် ညပိုင်းမှသာ စကားအနည်းငယ် ပြောလေသည်။
သူသည် ပြန်လည်တည့်မတ်လာကာ စာမေးပွဲအတွက် ပြင်ဆင်နေကြောင်း တွေ့ရချိန်၌ ယိုပေါင်သည် အမှန်ပင် စိတ်သက်သာရာရသွားကာ အေးအေးချမ်းချမ်း အိပ်စက်နိုင်သွားသည်။ သူမ၏ မျက်၀န်းအောက်ရှိ အမဲရောင်စက်ကွင်းများသည်ပင် ပျောက်ကွယ်သွားတော့သည်။
လပြက္ခဒိန်၏ ပထမဆုံးလ တစ်ဆယ့်ခုနှစ်ရက်မြောက်နေ့တွင် ရှောင်လင်းယွီတို့စုံတွဲသည် ဒုတိယမိသားစုခွဲမှ အမျိုးသမီးကျိုးနှင့် သူမ၏သမီး၊ ယွဲ့၀မ်ရှန်း၊ လီကျိုးထင်၊ စစ်ဝေနှင့် ရွှမ်းဟိုက်တို့အပါအ၀င် လူသုံးဆယ်မျှလောက်သော အုပ်စုသည် မြို့တော်သို့ ချီတက်သွားကြလေသည်။
သခင်မစုနှင့် အမျိုးသမီးစုန့်သည် ကိုယ်၀န်ရှိခါစ ယိုကျင့်အား ခရီးသွားခိုင်းရန် အမှန်ပင် တုံ့ဆိုင်းနေသော်ငြားလည်း လူငယ်စုံတွဲနှစ်ဦးကို ခွဲခွာရန်အတွက်လည်း မတတ်သာပေ။ ထို့အပြင် ခရီးလမ်းသည် လှေဖြင့်သွားမည်ဖြစ်ရာ လုံခြုံသည်ဟု ဆိုနိုင်သည်။ ထို့နောက် သူမတို့သည် သမားတော်တစ်ဦးကို ရှာကာ သူတို့နှင့်အတူ လိုက်ပါရန်တောင်းဆိုပြီးမှ မြို့တော်သို့ စေလွှတ်လေသည်။
...........
မတ်လ၌ နွေဦးစာမေးပွဲ၏ အောင်ပွဲ၀င်စာရင်းများ ထွက်ရှိလေသည်။
စစ်ဝေသည် လူတိုင်း၏မျှော်လင့်ချက်အတိုင်း ဆောင်ရွက်နိုင်ခဲ့ကာ ပထတန်းစာ သုံးယောက်အတွင်း၌ ၀င်ရောက်နိုင်ခဲ့သည်။ လီကျိုးထင်နှင့် ယွဲ့၀မ်ရှန်းသည်လည်း ပထမတန်းစား တစ်ဆယ့်ကိုးနှင့် နှစ်ဆယ့်ခုနှစ်နေရာ၌ အသီးသီးရရှိကြလေသည်။ ဟယ်ရွှမ်းဟိုက်သည် မြို့တော်စာမေးပွဲဖြေချိန်၌ ရေမြေသဘာ၀နှင့် နေသားမကျသောကြောင့် အကောင်းဆုံး မဆောင်ရွက်နိုင်ခဲ့ချေ။ အဆုံး၌ သူသည် ဒုတိယတန်း တစ်ဆယ့်နှစ်နေရာကိုသာ ရယူနိုင်ခဲ့သည်။ လော့ဟယ်မြို့သည် ပထမတန်း ကျင်းရှီသုံးယောက်ကို မွေးထုတ်ပေးနိုင်ပြီး ထိုသုံးယောက်ထဲမှ တစ်ယောက်သည် ထိပ်ဆုံးသုံးနေရာ၌ ပါ၀င်သည်။ ထိုသတင်းကောင်းသည် လော့ဟယ်မြို့သို့ အမြန်ဆုံးသတင်းပို့ဖြင့် နှစ်ရက်အတွင်း ပျံ့နှံ့သွားလေသည်။
လော့ဟယ်မြို့သို့ သတင်းကောင်းရောက်ချိန်၌ ယိုပေါင်သည် ခြောက်ကျင်းရှိသည့် သားယောက်ျားလေးကို မွေးဖွားခဲ့လေသည်။ အပျော်ပေါ် အပျော်ဆင့်ခြင်းဖြစ်လေသည်။ မြို့တော်မှ အလျင်စလို ပြန်ခဲ့သည့် စစ်ဝေသည် နောက်ဆုံး၌ သားဖြစ်သူမွေးဖွားမှုကို မလွတ်သွားခဲ့ပေ။ ဝေသခင်ကြီးသည် ပျော်ရွှင်နေကာ ထိုကလေးကို ရှီကောအာဟု အမည်မှည့်ခဲ့ပြီး မိသားစုအား သိုလှောင်ခန်း ဖွင့်စေကာ ကောက်ပဲသီးနှံများ လ၀က်မျှ လှူဒါန်းစေခဲ့သည်။ ဝေမိသားစုသည် ပီတိကမ္ဘာထဲ၌ နစ်မြုပ်နေတော့သည်။
လီမိသားစုနှင့် ယွဲ့မိသားစုသည်လည်း သတင်းကောင်းကြောင့် ပျော်ရွှင်နေခဲ့ကြသည်။ သူတို့သည် ဝေမိသားစုကဲ့သို့ ချမ်းသာသည် မဟုတ်သော်လည်း ဘုရားကျောင်းသို့သွားကာ သူတို့၏ကတိက၀တ်ကို ဖြည့်ဆည်းပြီး ငွေအမြောက်အမြားလှူဒါန်းခဲ့ကြသည်။
ရှောင်မိသားစုရှိ ရှောင်လင်းယွီသည်လည်း အကြောင်းကြားစာ လက်ခံရရှိပေသည်။ ရှောင်လင်ဖုန်းသည် ယခုနှစ်၌ ၀င်ရောက်ဖြေဆိုခဲ့သော်လည်း သူ၏ မတည်ငြိမ်သော စိတ်နေစိတ်ထားနှင့် လွတ်လပ်သည့်သဘာ၀ကြောင့် အဆင့်တစ်ခုရရန် ကျဆုံးခဲ့ပေသည်။
“လင်ဖုန်းလို မျောက်လောင်းလေးက စာလုပ်ဖို့ စိတ်ရှိပါ့မလား” ထိုအရာသည် အမျိုးသမီးယွီ တွေးတောသည့်အရာဖြစ်သည်။ မည်သို့ပင်ဖြစ်စေ အကြီးဆုံးသားဖြစ်သူမှာ မြို့စားဘွဲ့ရှိသည့်အတွက် ညီငယ်မှာ ထင်ရာစိုင်းနေသည်က ပြဿနာမဟုတ်ပေ။ ထိုကလေးသည် အခြားသော ပန်းများလိပ်ပြာများ (သူများသားပျိုသမီးပျို)ကို မဖျက်ဆီးမနှောင့်ယှက်သ၍ ကြိုက်သလောက် ဆော့ကစားနိုင်သည်။ “လင်းယွီက သူ့ကို သုံးနှစ်ပဲ ကြည့်ပေးမှာ။ သုံးနှစ်ပြီးရင် သူက လင်း၀မ်ကိုပါ အာရုံစိုက်ပေးရတော့မှာ”
ရှောင်လင်း၀မ်သည် ဖခင်ဖြစ်သူကဲ့သို့ပင် ငယ်ရွယ်ကာ အရည်အချင်းရှိလှသည်။ ယခုနှစ်၌ သူသည် တစ်ဆယ့်ငါးနှစ်သာရှိသေး၍ ဒုတိယသခင်ရှောင်သည် စာမေးပွဲဒဏ်ကို မခံနိုင်မည်စိုးသောကြောင့် မပါ၀င်ခိုင်းခဲ့ပေ။
“လင်းယွီက အဲ့လိုပြောမှတော့ သူစီစဉ်ထားတာရှိလို့နေမှာပေါ့” သခင်မစုန့်သည် ထိုကိစ္စများကို အာရုံမထားဘဲ မြေးဖြစ်သူပို့ပေးသည့်စာကို ဖတ်ကာ ချွေးမဖြစ်သူကို ပြောလိုက်သည်။
“ဘယ်လိုဖြစ်ဖြစ် လင်ဖုန်းက ဆယ့်ကိုးနှစ်ရှိနေပြီ။ သူလည်း လက်ထပ်ဖို့ အရွယ်ရောက်ပြီး။ အဲ့ကိစ္စကို ပိုအာရုံစိုက်ထား။ ကောင်းတဲ့သူသာဖြစ်ပါစေ မြို့တော်ကဖြစ်ဖြစ် လော့ဟယ်မြို့ကဖြစ်ဖြစ် အရေးမကြီးဘူး”
ယွဲ့၀မ်ရှန်းသည် တင်းယွမ်စီရင်စု၏ တရားသူကြီးအဖြစ် တာ၀န်ထမ်းဆောင်ရမည်ဖြစ်သည်။ ရာထူးကို လက်မခံခင် မေလ၌ လက်ထပ်ပွဲကျင်းပရန် စီစဉ်ထားသည်။ ထို့နောက် ဇနီးဖြစ်သူအား သူ၏ မူလနေရပ်ဖြစ်ရာ တင်းယွမ်စီရင်စုသို့သွားကာ ရာထူးလက်ခံရမည်ဖြစ်သည်။
အစ၌ ယွဲ့၀မ်ရှန်းသည် အမျိုးသမီးဟန်ကိုပါ အတူခေါ်သွားချင်သော်လည်း သူမသည် တင်းယွမ်သို့ ပြန်လိုစိတ် မရှိပေ။ လော့ဟယ်မြို့သည် သူမ ကြိုးစားရှာဖွေခဲ့သော ပိုင်ဆိုင်မှုများရှိရုံသာမက အကြီးဆုံးသမီးနှင့် အငယ်ဆုံးသားပါ ရှိသေးသည်။ သူမသည် မည်သို့ ထွက်သွားနိုင်မည်နည်း။ ထို့ကြောင့် ယွဲ့၀မ်ရှန်းသည် ထိုကိစ္စကို ဖိအားမပေးတော့ဘဲ ဇနီးဖြစ်သူကိုသာ ခေါ်ဆောင်သွားလေသည်။
လီကျိုးထင်သည် ကံကောင်းသည်ဟုဆိုရမည်။ သူသည် လော့ဟယ်မြို့၏ လက်အောက်ရှိ တရားခုံရုံး၌ တာ၀န်ကျလေသည်။ လော့ဟယ်မြို့မှ ထိုသို့ မြင်းဖြင့် သုံးလေးနာရီမျှ စီးသွားလျှင် ရောက်ရှိမည် ဖြစ်သည်။ အမှန်ပင် ခရီးသက်သာလှသည်။
စစ်ဝေသည် တော်၀င်တရားရုံး၌ တာ၀န်ထမ်းဆောင်ရမည်ဖြစ်လေသည်။ ထို့ကြောင့် သူသည် ကလေးတစ်လပြည့်သည်အထိ ဇနီးဖြစ်သူဘေး၌ နေပေးချင်ခဲ့သည်။ သို့သော်လည်း နန်းတွင်းမှ အရေးတကြီး ဆင့်ခေါ်စာကြောင့် သူ၏ရာထူးကို လက်ခံရန် တစ်ဦးတည်းသာ ခရီးဆက်ခဲ့ရသည်။ ဇနီးဖြစ်သူမှာ မြို့တော်သို့ မသွားခင် ကလေးရက်တစ်ရာပြည့်အောင် စောင့်ဆိုင်းရန် လိုအပ်ပေသည်။
သူသည် သူမကို လွမ်းဆွတ်နေကြောင်း ယိုပေါင်သိပေသည်။ သူမသည်လည်း သူနှင့်မခွဲချင်ပေ။ ထိုသို့ဖြင့် လူငယ်စုံတွဲသည် တုံ့ဆိုင်းစွာ ခွဲခွာခဲ့ရသည်။ စစ်ဝေသည် ယိုပေါင်ဆီမှ ယိုကျင့်အတွက် စာယူလာခဲ့သည်။
မြို့တော်ဘက်၌ ရှောင်လင်းယွီသည် ပြန်ရောက်ရောက်ချင်းပင် ယိုကျင့်အတွက် ဘွဲ့တစ်ခုကို တောင်းခံခဲ့သည်။ ယခုတွင် ယိုကျင့်သည် ဒုတိယအဆင့်ရှိ မြို့စားကတော် ဖြစ်ပေသည်။ ထိုအရာမှာ ဘုရင်မင်းမြတ်သည် ရှောင်လင်းယွီအပေါ် အလေးပေးသောကြောင့်ဖြစ်သည်။ ထို့သို့ဖြင့် ယိုကျင့်သည် မြို့တော်ရှိ ဂုဏ်သရေရှိအမျိုးသမီးများ အသိုင်းအဝိုင်း၌ ကျင်လည်ရတော့သည်။ ညီမဖြစ်သူထံမှ စာလက်ခံရရှိပြီးနောက် ညီမဖြစ်သူအတွက် အိမ်၀ယ်ရန် စီစဉ်တော့သည်။
ယိုပေါင်သည် ထိုကိစ္စကို ယောက္ခမဖြစ်သူနှင့် ဆွေးနွေးပြီးသား ဖြစ်သည်။ သူမတို့သည် မြို့တော်၌ အချိန်အတန်ကြာနေရမည်ဖြစ်ကြောင်း ခန့်မှန်းမိ၍ အစ်မဖြစ်သူကို အိမ်ရှာပေးရန် တောင်းဆိုခဲ့သည်။
ယိုကျင့်သည် ကိုယ်၀န်နှင့်ဖြစ်သောကြောင့် ကိစ္စအများအပြားကို မကိုင်တွယ်နိုင်ပေ။ သို့သော်လည်း မြို့စားအိမ်တော်၌ မြို့တော်တွင် ဂျင်ဂျင်လည်အောင် ဘ၀ကျင်လည်ဖူးသော အစေခံများ ရှိပေသည်။ ထို့ကြောင့် ထိုကိစ္စရပ်သည် အလွယ်တကူ ဖြေရှင်းပြီးဖြစ်သည်။ နှစ်ရက်သုံးရက်အတွင်း၌ ရုံးတော်အရာထမ်းအများစု နေထိုင်ရာနေရာ၌ ၀င်ပေါက်သုံးခုရှိသည့် မြေနေရာကို ရှာတွေ့ခဲ့သည်။ ရှင်းဟွာလမ်းသည် နန်တော်သို့သွားရန် နာရီ၀က်မျှသာ အချိန်ယူရသည့်အတွက် အမှန်ပင် အကျိုးရှိပေသည်။
သွားရောက်ကြည့်ရှုပြီးနောက် ၀ယ်ယူရန်ဆုံးဖြတ်လိုက်ကာ အိမ်ကိုသေချာစွာ သန့်ရှင်းရန် လူစီစဉ်ပေးခဲ့သည်။ ယိုပေါင်သည် တစ်လနှစ်လအတွင်း ရောက်လာနိုင်သည်ဖြစ်ရာ သူမ ရောက်သည်နှင့် အဆင်သင့်နေထိုင်နိုင်ရန်ဖြစ်သည်။
.............
မျက်စိတမှိတ်အတွင်း၌ ဩဂုတ်လသို့ ရောက်လာခဲ့သည်။ ယိုလင်သည်လည်း လက်ထပ်သွားပြီဖြစ်သည်။ ကိုယ်၀န်ဆောင်ထားရခြင်း ပြဿနာကြောင့် ယိုကျင့်သည် ယိုလင်မျက်နှာရရန် သူမနှင့် ယိုပေါင် ပြင်ဆင်ထားသည့် လှည်းနှစ်စီးစာလက်ဖွဲ့ကို ချွီဖန်တို့စုံတွဲနှင့်အတူ ထည့်ပေးကာ ပြန်စေခဲ့သည်။
ချွီဖန်သည်လည်း ယခုနှစ်အတွင်း၌ လက်ထပ်ခဲ့သည်ဖြစ်ပြီး သူမ၏ခြံ၀န်း၌သာ အလုပ်အကျွေး ပြုခဲ့သည်။ ချွီဖန်၏အမျိုးသားသည် မြို့စားအိမ်တော်၏ ပထမတန်းစားအစောင့်တပ်၏ ခေါင်းဆောင် ဖြစ်ပေသည်။ ထိုစုံတွဲသည် လုပ်စရာရှိသည်နှင့် အသည်းအသန် အလုပ်ကြိုးစားကြလေသည်။ သူတို့သည် ယိုလင်၏ မင်္ဂလာပွဲမတိုင်ခင်ပင် လော့ဟယ်မြို့သို့ အရောက်ပြန်ကာ လက်ဖွဲ့ပေးခဲ့သည်။
ယိုပေါင်သည်လည်း မြို့တော်၌ ရှိနေခြင်းဖြစ်သည်။ ညီအစ်မနှစ်ယောက်၌ တစ်ယောက်သည် မီးဖွားပြီး ဖြစ်သော်လည်း တစ်ယောက်မှာ ကိုယ်၀န်လွယ်ထားဆဲဖြစ်သည်။ ထို့ကြောင့် သူမတို့သည် စိတ်အေးလက်အေး နေ၍မရချေ။ စုကျားရန်နှင့် မူးယစ်စေသည့်အလှ အလှအပပစ္စည်းဆိုင်တို့သည် ကျူးယွဲ့လမ်း၌ ဘေးချင်းကပ်လျက် ဖွင့်လှစ်ထားခဲ့သည်။
ဇနီးဖြစ်သူမှာ ဗိုက်ကိုထိန်းရင်း အ၀င်အထွက်လုပ်ကာ စီစဉ်နေသည်ကို မြင်နေရသောကြောင့် ရှောင်လင်းယွီသည် စိုးရိမ်မိနေသည်။ သို့သော် သူမ၏တောက်ပသည့်ပုံရိပ်ကို ကြည့်ကာ မွေးဖွားရ လွယ်ကူစေရန် ကိုယ်လက်လှုပ်ရှားသင့်ကြောင့် သမားတော်၏မှာကြားမှုကြောင့် သူမအနားရှိ အစေခံများကိုသာ သေချာမှာကြားပြီး သူမစိတ်ကြိုက် လုပ်ခိုင်းရုံသာတတ်နိုင်သည်။
ယခင်က လော့ဟယ်မြို့ရှိ စုကျားရန်ဆိုင်ခွဲအား မဖွင့်လှစ်ခင်တွင် အမျိုးသမီးစုသည် သူမ မမှတ်မိသော ဟင်းလျာများကို တစ်ခုချင်းစီရေးမှတ်ကာ အဆင့်မြှင့်တင်ခဲ့ပြီး စုမိသားစု၏ဟင်းချက်နည်းစာအုပ်၌ ထည့်သွင်းခဲ့သည်။ ထို့နောက် ယိုကျင့်၏ အကြံပေးမှုအတိုင်း အသက်လေးနှစ်မှ အသက်တစ်ဆယ့်နှစ်နှစ်အောက် ကလေးများကို ခေါ်ယူကာ ဟင်းချက်နည်းသင်ကြားပေးခဲ့သည်။
ထိုသို့သင်ကြားပေးသည်မှာ သုံးလေးနှစ် ရှိပြီဖြစ်လေသည်။ သူတို့သည် သခင်မစု၏ အချက်အပြုတ်စွမ်းရည်ကို မမှီသော်လည်း ခုနှစ်ဆယ် ရှစ်ဆယ်ရာခိုင်နှုန်းမျှတူညီပေသည်။ ထိုသို့ဖြင့် မြို့တော်ရှိ စုကျားရန်ဆိုင်၏စားတော်ကဲပြဿနာမှာ ဖြေရှင်းနိုင်ခဲ့သည်။
စုမိသားစု ဟင်းချက်နည်းစာအုပ်ကို အခြေခံကာ မြို့တော်ရှိစုကျားရန်သည် စတင်ဖွင့်လှစ်သည်နှင့် နာမည်တိုးတက်လာခဲ့သည်။ စုကျားရန်သည် အရာထူးအရာခံများနှင့် မျိုးရိုးမြင့်များ နှစ်သက်ကြသော စားသောက်ဆိုင်တစ်ခုဖြစ်လာခဲ့သည်။ ထို့နောက် စုကျားရန်ရှိ စားတော်ကဲများသည်လည်း ဆန်းသစ်လှသော စားတော်ကဲအဖွဲ့ဖြစ်လာကာ စုကျားရန်းဟုခေါ်ဆိုကြသည်။
စုမိသားစုသည် သူတို့၏ကံကြမ္မာကို ကိုယ်တိုင်ဖောက်လုပ်ခဲ့ကာ သူတို့၏တစ်ဘ၀လုံးတွင် ထိုအရည်အချင်းကို အဆက်မပြတ် အသုံးချခဲ့သည်။ ရှောင်မိသားစုသည်လည်း လမ်းဖောက်တတ်သည့် ချွေးမဖြစ်သူကို စိတ်ကျေနပ်နေခဲ့ကြသည်။
ထိုနှစ်၏အောက်တိုဘာလ၌ ယိုကျင့်သည် သားယောက်ျားအမြွှာကို မွေးဖွားခဲ့သည်။ ရှောင်မိသားစုသည် ပွဲကျင်းပကာ ပျော်ရွှင်နေတော့သည်။ ရှောင်လင်းယွီတစ်ဦးတည်းသာ ဇနီးဖြစ်သူမှ ဟိုကြွက်စုတ်ကို ချီလိုက် ဒီကြွက်စုတ်ကိုချီလိုက် လုပ်နေသည်ကို ထိုင်ကြည့်နေခဲ့ရသည်။ ထို့နောက် သူသည် ဟန်မိသားစုရှိ ပြေပြစ်ကာ ချစ်စရာကောင်းသော တူမလေးကို တွေးတောမိသွားသည်။ သူသည် ထိုကိစ္စကြောင့် အချိန်ကြာပြိး စိတ်ဓာတ်ကျနေခဲ့ပြီးနောက် သမီးတစ်ယောက်လောက် မွေးရမည်ဟု စိတ်ထဲ၌ တိတ်တဆိတ်ဆုံးဖြတ်လိုက်သည်။
တစိုက်မတ်မတ် ကြိုးစားအားထုတ်ကာ သုံးနှစ်ကြာပြီးနောက် သူသည် သမီးအမြွှာလေးကို ရရှိခဲ့သည်။ မူလက ပျော်ရွှင်နေသည့် သူ၏ဖခင်အိုကြီးနှလုံးသားသည် သူ၏သမီးများမှာ ဘေးအိမ်က ကောင်စုတ်များနှင့် လက်တွဲသွားလာချိန်၌ ထပ်မံစိတ်ဓာတ်ကျလာတော့သည်။ အဲဒါငါ့သမီးတွေလေ မင်းတို့ ကြွက်စုတ်တွေက ဘာလုပ်နေကြတာလဲ။
…