အခန်း ၁၆၄
Vol. 17 Ch. 164
အခန်း (၁၆၄)လူထုအုံကြွလာခြင်း
ချီလန်က စဉ်းတီတုံးပေါ်တွင် ခွေနေသော အနီရောင်သံကွင်းဆက်မြွေကို ကြည့်၍ အနည်းငယ် စိုးရိမ်ပူပန်နေမိ၏။
ယင်းကိုမြင်သော် လဲ့ချန်က ပြုံး၍ ရှေ့သို့ တက်သွားသည်။
"ကိုယ်ပဲ လုပ်လိုက်ပါ့မယ်... မင်းက ဘေးကနေ ကြည့်ပြီး သင်ထားလိုက်... ဒါဆို နောက်တစ်ခါကျရင် ကြောက်နေစရာ မလိုတော့ဘူးပေါ့..."
သူက မြွေကို ကျွမ်းကျင်ပိုင်နိုင်စွာ ရှင်းလင်းဆေးကြော၍ အတုံးငယ်လေးများ တုံးလိုက်ပြီး ချီလန်ထံ ကမ်းပေးလိုက်၏။
"ကိုယ် အရင်က သင်ပေးထားတဲ့ နည်းလမ်းအတိုင်း ချက်လိုက်... အရင်ဆုံး ဂျင်းနဲ့ ကြက်သွန်ဖြူကို ဆီသတ်... ပြီးရင် မြွေသားထည့်ပြီးမွှေ... အဲဒီနောက် ရေထည့်ပြီး တည်ထားလိုက်... နောက်ဆုံးကျမှ ဟင်းခတ်အမွှေးအကြိုင်လေးတွေ ထည့်လိုက်..."
ချီလန်က လဲ့ချန်၏ ညွှန်ကြားချက်များကို သံသယအနည်းငယ်ဖြင့် လိုက်နာလုပ်ဆောင်လိုက်ပြီး ဒယ်အိုးထဲတွင် ပွက်ပွက်ဆူနေသော မြွေသားများကို ကြည့်၍ စိတ်ထဲတွင် တစ်မျိုးကြီးဖြစ်နေဆဲပင်။
"ဒါက... တကယ်ရော စားလို့ရတာ သေချာရဲ့လား..."
ချီလန်က အိုးထဲမှ မြွေစွပ်ပြုတ်ကို မွှေရင်း သူမဘာသာ ရေရွတ်လိုက်၏။
"သေချာပေါက် ရတာပေါ့ မိန်းမရာ..."
လဲ့ချန်က ယုံကြည်ချက်ရှိရှိဖြင့် အာမခံလိုက်သည်။
"ကိုယ် မင်းကို ဘယ်တုန်းကများ လိမ်ဖူးလို့လဲ... ဒီမြွေစွပ်ပြုတ်က အရသာရှိရုံတင်မကဘူး... အာဟာရလည်း အရမ်းပြည့်ဝပြီး ကျန်းမာရေးအတွက်လည်း ကောင်းတယ်..."
ညစာစားချိန်တွင် လဲ့ချင်းနှင့် လဲ့အားကော်တို့မှာ မျက်လုံးများ ပြူးကျယ်နေကြပြီး နှစ်ယောက်စလုံးက မြွေစွပ်ပြုတ်ကို အထူးတလည် စပ်စုချင်နေကြ၏။
လဲ့ချင်းက သူမဘာသာ စိတ်သက်သာရာရအောင် အတန်ကြာအောင် ပြင်ဆင်ပြီးမှ နောက်ဆုံးတွင် ဆုံးဖြတ်ချက် ချလိုက်ပုံရသည်။ သူမက သတိထား၍ တစ်ငုံ သောက်ကြည့်လိုက်ရာ သူမ၏ မျက်လုံးများက ချက်ချင်းပင် အရောင်လက်သွား၏။
"ဝါး... အစ်ကို... ဒီစွပ်ပြုတ်က အရမ်း အရသာရှိတာပဲ... ညှီနံ့ နည်းနည်းလေးတောင် မနံဘူး... အရမ်းလည်း ချိုပြီး လတ်ဆတ်နေတာပဲ..."
ထိုအခြေအနေကို မြင်သောအခါ လဲ့အားကော်မှာ သူ၏ ကြောက်ရွံ့မှုများ အားလုံးကို မေ့ပျောက်သွားပြီး စွပ်ပြုတ်ကို အငမ်းမရ သောက်ချလိုက်ကာ ပွစိပွစိ ပြောလိုက်သည်။
"မရီးက တကယ့်ကို အကုန်သိတာပဲ..."
"ဒီမြွေစွပ်ပြုတ်က ကျွန်တော် အရင်က သောက်ဖူးတဲ့ ဘယ်စွပ်ပြုတ်ထက်မဆို ပိုကောင်းတယ်..."
"ဒါက ချန်ဇီ သင်ပေးထားတာပါ... ငါ့မှာ အဲဒီလောက် အရည်အချင်း မရှိပါဘူး..."
သူမ၏ မိသားစုများ မြိန်ရည်ယှက်ရည် စားသောက်နေကြသည်ကို မြင်သောအခါ ချီလန်မှာ စိတ်သက်သာရာ ရသွား၏။
သူမကိုယ်တိုင် မြည်းစမ်းကြည့်လိုက်သောအခါ တကယ်ကို အရသာရှိပြီး လတ်ဆတ်ကောင်းမွန်နေကာ သူမ စိတ်ကူးထားသလောက် အလျဉ်း ဆိုးရွားမနေကြောင်း တွေ့လိုက်ရသည်။
"ချန်ဇီ... ရှင်က တကယ်တော်တယ်..."
ချီလန်က ရိုးသားစွာဖြင့် ချီးကျူးလိုက်၏။
လဲ့မိသားစု စားသောက်ပြီးစီးသွားသောအခါ ချီလန်က ပန်းကန်ခွက်ယောက်များကို ရှင်းလင်းသိမ်းဆည်းပြီး လဲ့ချင်းက စားပွဲကို ကူညီသုတ်သင်ပေးသည်။
ဤနွေးထွေးလှသော မြင်ကွင်းကိုကြည့်ရင်း လဲ့ချန်မှာ အခြားကမ္ဘာတစ်ခုသို့ ရောက်နေသကဲ့သို့ ခံစားလိုက်ရ၏။
အတိတ်ဘဝက သူသည် နှလုံးသားမဲ့သော မိထွေးဖြစ်သူ၏ စကားများကို မျက်ကန်းတစ္ဆေ နာခံခဲ့ပြီး သူရှာသမျှ ငွေကြေးအားလုံးကို ထိုအသုံးမကျလှသော မြေးဦးဆိုသူကို ပြုစုပျိုးထောင်ရန်အတွက် သူတို့ထံ ပေးအပ်ခဲ့ကာ သူကိုယ်တိုင်မှာမူ ဆင်းရဲဒုက္ခများဖြင့် ဘဝကို ဖြတ်သန်းခဲ့ရသည်။
ထို့ပြင် သူသည် နူးညံ့သိမ်မွေ့ပြီး ကိုယ်ကျင့်တရား ကောင်းမွန်သော သူ၏ ဇနီးသည်ကိုပင် သေတွင်းသို့ တွန်းပို့ခဲ့မိ၏။
"မိန်းမ..."
"ချန်ဇီ... ဒီမြွေစွပ်ပြုတ်က တကယ် ကောင်းတယ်... နောင်ကျရင် ခဏခဏ ချက်လို့ရလား..."
ချီလန်က ရုတ်တရက် လှမ်းခေါ်လိုက်သဖြင့် လဲ့ချန် ပြောတော့မည့် ခံစားချက်ပါသော စကားများမှာ ပြတ်တောက်သွားရ၏။
"ပြဿနာမရှိပါဘူး မိန်းမရာ... မင်း သဘောကျရင် နေ့တိုင်း ချက်စားလို့ရတယ်..."
လဲ့ချန်က ပြုံး၍ ပြောလိုက်ပြီးနောက် ချီလန်၏ ခါးကို လှမ်းဖက်လိုက်သည်။
"အစ်ကိုချန်... အမ်း... မြွေစွပ်ပြုတ် ကျန်သေးလား... ကျွန်တော် မဝသေးဘူး..."
လဲ့အားကော်က ရုတ်တရက် ဝင်လာခဲ့ပြီး ထိုအချစ်ရေးလေထုကို အနည်းငယ်မျှပင် သတိမထားမိပေ။
"ဒါအကုန်ပဲ... တစ်အိုးတည်း ချက်တာ... နောက်တစ်ခါကျမှ မင်းအတွက် ချက်ပေးမယ်..."
ထပ်မံ အနှောင့်အယှက် ခံလိုက်ရသဖြင့် လဲ့ချန်မှာ တစ်မုဟုတ်ချင်း စိတ်မကြည်မသာ ဖြစ်သွားပြီး အော်ငေါက်လိုက်၏။
"မြန်မြန် သွားပြီး ခြံစည်းရိုးကိုပဲ ခိုင်ခံ့အောင် လုပ်စမ်းပါ... ပျင်းမနေနဲ့..."
"ဟုတ်ကဲ့ပါ..."
ထိုစကားကို ကြားသည်နှင့် လဲ့အားကော်မှာ အလုပ်လုပ်ရန် ချက်ချင်း ပြေးထွက်သွားတော့သည်။
လဲ့ချန်က ထွက်ခွာသွားသော လဲ့အားကော်၏ ကျောပြင်ကို ကြည့်လိုက်၏။
ဤကောင်လေးက တစ်ခါတစ်ရံတွင် အနည်းငယ် ထုံအအ ဖြစ်နေတတ်သော်လည်း သူ့အပေါ် အလွန်သစ္စာရှိကာ ယုံကြည်အားထားရသော ညီအစ်ကို တစ်ယောက် ဖြစ်ပေသည်။
လဲ့ချန် မြွေမွေးမြူနေသည့် သတင်းက တစ်ရွာလုံးသို့ လျင်မြန်စွာ ပြန့်နှံ့သွား၏။
ရွာအဝင်ရှိ ကျိုင်းပင်အိုကြီး၏ အောက်တွင် သက်ကြီးရွယ်အို အမျိုးသား အမျိုးသမီး တစ်စုက တက်ကြွစွာ စကားစမြည် ပြောဆိုနေကြသည်။
"ဟေ့... နင်တို့ ကြားပြီးကြပြီလား... လဲ့ချန်ဆိုတဲ့ ကောင်လေးက တကယ်ကြီး မြွေတွေ မွေးနေတယ်တဲ့..."
အဒေါ်ဝမ်က လျှို့ဝှက်သလိုမျိုးဖြင့် ပြောလိုက်၏။
"သေချာပေါက်ပေါ့... သူ တောင်ပေါ်ကနေ မြွေဥတွေအများကြီး ပြန်သယ်လာတာကို ငါ့မျက်စိနဲ့တပ်အပ် မြင်လိုက်ရတာ... ကြည့်ရတာတောင် ကြက်သီးထစရာ ကောင်းတယ်..."
အဒေါ်ကျန်းက ဝင်ရောက် ထောက်ခံလိုက်သည်။
"အဲဒီလဲ့ချန်ကတော့ တကယ်ပဲ... သူက ကောင်းကောင်းမွန်မွန် နေရမယ့် ဘဝကို မလိုချင်ဘဲ အဲ့လို ကောက်ကျစ်ဆိုးရွားတဲ့ နည်းလမ်းတွေကို ရွေးချယ်နေတာကိုး..."
"တစ်နေ့က သူ ဘေးရွာကနေ မြွေဥတွေ အများကြီးနဲ့ ပြန်လာတာကို ငါ မြင်လိုက်တယ်..."
အဘိုးကျောက်က ခေါင်းခါယမ်းလိုက်ပြီး ထိုမြွေများအကြောင်း သူ ပြောလိုက်သောအခါ သူ၏ အိုမင်းနေသော မျက်နှာပေါ်ရှိ အရေတွန့်များပင် တုန်ယင်သွားသကဲ့သို့ ထင်ရ၏။
"ဘယ်သူက မဟုတ်ဘူးလို့ ပြောနေလို့လဲ... မြွေမွေးတာက အရမ်းကံဆိုးစေတာ..."
"တစ်နေ့နေ့ မြွေ လွတ်သွားပြီး တစ်ယောက်ယောက်ကို ကိုက်လိုက်ရင် ဘယ်လိုလုပ်မလဲ..."
အဘွားစွင်းက စိုးရိမ်ပူပန်သော အမူအရာဖြင့် ပြောလိုက်သည်။
"အဲ့အဆိပ်ပြင်းတဲ့ မြွေက ကလေးကို ကိုက်လိုက်မယ်ဆိုရင်တော့ သွားပြီပဲ..."
အဒေါ်လျိုက ဝင်ပြောလိုက်၏။
“ငါ့ကို မေးရင်တော့... ငါတို့ လဲ့ချန်နဲ့ သွားပြောရမယ်... အဲ့အတိုင်း ဆက်သွားနေရင် ရွာအတွက် အရမ်းအန္တရာယ် များလာလိမ့်မယ်... သူ့ကို မြွေမွေးခွင့် ပေးထားလို့ မဖြစ်ဘူး..."
"ဟုတ်တယ်... ဟုတ်တယ်... ငါတို့ သူ့ဆီ ချက်ချင်းသွားပြီး စကားပြောသင့်တယ်..."
သက်ကြီးရွယ်အိုများမှာ စကားပြောရင်းဖြင့် ပို၍ ဒေါသထွက်လာကြပြီး လဲ့ချန်က မြွေများ မွေးမြူထားခြင်း မဟုတ်ဘဲ သားရဲတိရစ္ဆာန်များကို မွေးမြူထားသည့်အလား ဖြစ်နေကြ၏။
သူတို့က လဲ့ချန်၏ အိမ်ဆီသို့ ခြိမ်းခြောက်မတတ် ချီတက်သွားကြပြီး သည်စကားနားမထောင်သော လူငယ်ကို ကောင်းကောင်းကြီး သင်ခန်းစာပေးရန် အဆင်သင့် ဖြစ်နေကြသည်။
လျိုတာကျူးနှင့် သူ၏ ဇနီး စွင်းယန်မေတို့ကလည်း ထိုသတင်းကို ကြားလိုက်ရ၏။
သူတို့က လဲ့ချန်၏ မိသားစုအပေါ် မကျေနပ်ချက်များ အချိန်ကြာမြင့်စွာ ကတည်းက ရှိနေခဲ့ကြပြီး ယခု လူတိုင်းက လဲ့ချန်အပေါ် မကျေမနပ် ဖြစ်နေကြသည်ကို မြင်သောအခါ လဲ့ချန်၏ အတိတ်က ရက်စက်ကြမ်းကြုတ်မှုများကိုပင် မေ့သွားကြတော့သည်။
သူတို့ကလည်း လဲ့ချန်ကို ရှုတ်ချရာတွင် သက်ကြီးရွယ်အိုများနှင့် ပူးပေါင်းပါဝင်လာကြ၏။
"ဟွန့်... လဲ့ချန်ခံရတာ တန်တယ်..."
လျိုတာကျူးက သရော်လိုက်သည်။
"မြွေမွေးတာက ဘေးဒုက္ခကို ဖိတ်ခေါ်တာပဲ... သူ အနှေးနဲ့အမြန် ဒုက္ခရောက်လိမ့်မယ်လို့ ငါ ထင်တယ်..."
"အဲဒါပေါ့... အဲဒီလို အောက်တန်းကျတဲ့ အလုပ်မျိုးကို လုပ်ရအောင် သူ့စိတ်ထဲ ဘာတွေ ဝင်ပူးနေလဲ မသိဘူး..."
စွင်းယန်မေက ဘေးမှနေ၍ မီးလောင်ရာ လေပင့်ပေးလိုက်၏။
"တစ်နေ့နေ့ မြွေလွတ်သွားပြီး တစ်ယောက်ယောက်ကို ကိုက်သတ်လိုက်ရင် ဘယ်လိုလုပ်မလဲ... အဲဒီအခါကျရင် သူ ဘယ်လို ဖြေရှင်းမလဲ ကြည့်ကြသေးတာပေါ့..."
"အဲဒီအချိန်ကျရင် သူ့အိမ်ကို ရွာသားတွေ ဖျက်ဆီးပစ်ကြမှာ သေချာတယ်..."
"မြွေအိမ်ဆိုရင်တော့ အဆင်ပြေမှာပေါ့..."
လျိုတာကျူးမှာ သူ၏ စိတ်ကူးယဉ်မှုများကို မစွန့်လွှတ်သေးပေ။ သူသည် ရက်အနည်းငယ်ခန့်သာ အေးအေးဆေးဆေး နေခဲ့ပြီးနောက် မကောင်းမှုတစ်ခုကို ပြန်လည်၍ အကြံအစည် ထုတ်လာပြန်၏။
"ဟုတ်တယ်... အဲဒီအခါကျရင် ချီလန် ဘယ်လောက်တောင် မောက်မာနိုင်ဦးမလဲ ကြည့်ကြသေးတာပေါ့..."
စွင်းယန်မေသည် အမြဲတစေ အပြောအဆို ကြမ်းတမ်းပြီး စိတ်သဘောထား သေးသိမ်သူဖြစ်ကာ လဲ့ချန်၏ မိသားစုက သူတို့ထက် ပိုမို ကောင်းမွန်သော ဘဝတွင် နေထိုင်နေရသည်ကို သူမ ကြည့်မရနိုင်ခဲ့ပေ။
သူတို့နှစ်ယောက်မှာ အပြန်အလှန် စကားပြောဆိုရင်း ထိုအဖြစ်အပျက်ကို ပြစ်တင်ရှုတ်ချရန် လူအုပ်ကြီးကို အောင်မြင်စွာ ဦးဆောင်နိုင်ခဲ့ပြီး ဆူညံပွက်လောရိုက်သော လေထုတစ်ရပ်ကို ဖန်တီးလိုက်ကြ၏။
လူအုပ်ကြီးက လဲ့ချန်၏ အိမ်သို့ ခမ်းခမ်းနားနား ချီတက်လာကြပြီး ခြံဝင်းကို အော်ဟစ်ဆဲဆိုကြတော့သည်။
"လဲ့ချန်...ကျေးဇူးကန်းတဲ့ကောင်... မြွေမွေးတာက ဘေးဒုက္ခကို ယူဆောင်လာတာပဲ... မင်းက ငါတို့ တစ်ရွာလုံးကို သတ်တော့မလို့လား..."
"အဲဒီမြွေတွေ အားလုံးကို အခုချက်ချင်း ယူသွားစမ်း... မဟုတ်ရင် မင်းအိမ်ကို ဖျက်ဆီးပစ်မယ်..."
"လဲ့ချန်... မင်း မြန်မြန် ထွက်မလာရင် ငါတို့ အတင်း ဝင်လာမှာနော်..."
အော်ဟစ်ဆဲဆိုသံများက ပို၍ ကျယ်လောင်လာပြီး ပိုမို ရိုင်းစိုင်းလာ၏။
ခြံဝင်းအတွင်း၌ ချီလန်နှင့် လဲ့ချင်းတို့မှာ မျက်နှာများ ဖြူလျော့သွားသည်အထိ ထိတ်လန့်နေကြပြီး တစ်ယောက်ကိုတစ်ယောက် တင်းကျပ်စွာ ဖက်ထားကြသည်။
လဲ့အားကော်က လက်ထဲတွင် ပေါက်တူးတစ်လက်ကို ကိုင်၍ တံခါးဝ၌ ရပ်နေပြီး အပြင်ဘက်မှ လူအုပ်ကြီးကို သတိကြီးစွာဖြင့် စောင့်ကြည့်နေ၏။
"ခင်ဗျားတို့ ဘာတွေ လုပ်နေကြတာလဲ... ဒီမှာလာပြီး ပြဿနာမရှာကြနဲ့..."
"အစ်ကိုချန်က ခင်ဗျားတို့ကို ပိုက်ဆံ နည်းနည်းပဲ ပေးလို့လား... ဦးလေးကျန်း... ခင်ဗျား မြွေဥတွေ ရောင်းတုန်းက ဘယ်လောက်တောင် ပြုံးဖြီးနေလဲဆိုတာ မေ့သွားပြီလား..."
အဘိုးကျန်း၏ နာမည်ကို ခေါ်လိုက်သောအခါ သူ့မျက်နှာက နီရဲသွား၏။ သူက အလွန် ရှက်ရွံ့သွားသဖြင့် ချက်ချင်းပင် ဒေါသထွက်သွားတော့သည်။
"မင်း အဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောမနေနဲ့..."
လဲ့ချန်က မြွေခြံအတွင်း၌ မြွေများ၏ ကြီးထွားမှုကို စစ်ဆေးနေသဖြင့် အပြင်ဘက်မှ ဆူပူအုံကြွမှုများကို သတိမထားမိချေ။
သူက အနီရောင်သံကွင်းဆက်မြွေ တစ်ကောင်ကို ဂရုတစိုက် ကောက်ကိုင်၍ ၎င်း၏ အကြေးခွံများကို သေချာစွာ စစ်ဆေးနေ၏။
ထိုမြွေမှာ မကြာသေးမီက နေမကောင်း ဖြစ်နေခဲ့သော်လည်း သူ၏ ဂရုတစိုက် ပြုစုစောင့်ရှောက်မှုကြောင့် ယခုအခါ ပြန်လည် လန်းဆန်းလာပြီ ဖြစ်သည်။
"ရှူး..."
ထိုအနီရောင်သံကွင်းဆက်မြွေက ၎င်း၏ လျှာကို အပြင်ထုတ်ကာ လဲ့ချန်၏ လက်ကို ညင်သာစွာ ပွတ်သီးပွတ်သပ် လုပ်နေပြီး ၎င်း၏ ကျေးဇူးတင်မှုကို ဖော်ပြနေသည့်အလားရှိ၏။
ထိုစဉ် မြွေခြံ၏ တံခါးက ရုတ်တရက် အကန်ခံလိုက်ရပြီး ပွင့်သွား၏။
လဲ့ချန်က မျက်မှောင်ကြုတ်၍ ခေါင်းလှည့်ကြည့်လိုက်ရာ အကြွေးတောင်းသူများနှင့် တူသော လူအုပ်ကြီး တစ်အုပ်က တံခါးပေါက်ကို ပိတ်ဆို့နေသည်ကို တွေ့လိုက်ရသည်။
သူက အနီရောင်သံကွင်းဆက်မြွေကို မြွေသေတ္တာထဲသို့ လျင်မြန်စွာ ပြန်ထည့်လိုက်၏။ ဤအကောင်က ရက်စက်ကြမ်းကြုတ်လှသဖြင့် ၎င်း၏ အကိုက်ခံရခြင်းက နောက်ပြောင်နေစရာ ကိစ္စ မဟုတ်ပေ။
"လဲ့ချန်... မသ်း ခွေးကောင်... မင်းက မြွေတွေ အများကြီးမွေးပြီး ငါတို့ အားလုံးကို အဆိပ်ခတ်သတ်ဖို့ ကြိုးစားနေတာလား..."
အဘိုးကျန်းက တံတွေးများ ဖြာထွက်နေရင်း လဲ့ချန်၏ နှာခေါင်းကို လက်ညှိုးထိုး၍ ဆဲဆိုလိုက်သည်။