အခန်း (၁၁၃၇-၁၁၃၈)
Vol. 97 Ch. 1137-1138
အခန်း ၁၁၃၇
အစောပိုင်းက ပြင်းထန်သော သတ်ဖြတ်လိုစိတ်များဖြင့် အရှိန်အဟုန်ပြင်းစွာ ချဉ်းကပ်လာခဲ့သော ငါးမန်းသွား အရိုးနဂါးကြီးသည် ယခုအခါ ကြောင်ကိုမြင်လိုက်ရသော ကြွက်တစ်ကောင်ကဲ့သို့ အဝေးသို့ အတင်းအဓမ္မ ထွက်ပြေးနေရပြီဖြစ်သည်။
တိုက်လေယာဉ် လေးစင်းသည် ငါးမန်းသွား အရိုးနဂါးနောက်သို့ လိုက်လံပစ်ခတ်လိုက်ကြရာ လေယာဉ်တစ်စင်းစီတွင် ကျန်ရှိနေသော နောက်ဆုံးဒုံးကျည်များကိုပါ ပစ်လွှတ်လိုက်ကြသည်။
ငါးမန်းသွား အရိုးနဂါးသည်လည်း အစွမ်းကုန် ပြေးလွှားရှောင်တိမ်းနေရသည်။ နောက်ဘက်မှ လက်နက်များ လျင်မြန်စွာ ချဉ်းကပ်လာသည်ကို ခံစားမိသည်နှင့် ၎င်းသည် ချက်ချင်းပင် ရှေ့လက်များကို အသုံးပြု၍ အနီးအနားရှိ အရိုးစုများကို ဆွဲယူကာ နောက်ဘက်သို့ လွှင့်ပစ်လိုက်တော့သည်။
“ဝုန်း...ဝုန်း... ဝုန်း... ဝုန်း....”
ထိုဒုံးကျည်လေးစင်းစလုံးမှာ အရိုးစုများနှင့် ထိမိပြီး ချက်ချင်း ပေါက်ကွဲသွားတော့သည်။
“ဒီငါးမန်းသွား အရိုးနဂါးက မရိုးရှင်းဘူးပဲ။”
ရှောင်းယီက မျက်မှောင်ကြုတ်ကာ ၎င်း၏ တုံ့ပြန်မှုကို အကဲခတ်ရင်း ပြောလိုက်သည်။
“ဟုတ်တယ်။”
ကျန်းယွင်ထျန်းသည်လည်း လမ်းလျှောက်လာရင်း ပြောလိုက်သည်။
“ဒုံးကျည်တွေ ရှိသေးလား။ မြန်မြန် ထပ်ဖြည့်ထားမှ ဖြစ်မယ်။ အဲ့ဒီကောင် ပြန်လာမှဆိုရင် အချိန်မီမှာ မဟုတ်ဘူး။”
ရှောင်းယီက နောက်ဘက်ရှိ သယ်ယူပို့ဆောင်ရေးလေယာဉ်ကို ညွှန်ပြကာ ပြောလိုက်သည်။
“မင်းကိုယ်တိုင် အထဲဝင်ပြီး ဆုဝမ်ဆီကနေ လဲလှယ်လိုက်ပါ။”
“ကောင်းပြီ။”
ကျန်းယွင်ထျန်းသည် အတွင်းသို့ ချက်ချင်းဝင်သွားပြီး ဒုံးကျည် အစင်း တစ်ရာကို လဲလှယ်ရယူလိုက်သည်။
စစ်သည်များကို ထိုဒုံးကျည်များအား တိုက်လေယာဉ်ပေါ် တင်ဆောင်ရန် စီစဉ်ပြီးနောက် ကျန်းယွင်ထျန်းသည် ပြန်ထွက်လာပြီး အဝေးကြည့်မှန်ပြောင်းဖြင့် အဝေးသို့ လှမ်းကြည့်လိုက်သည်။
“ငါတို့ ဒုံးကျည်တွေရဲ့ အစွမ်းက သူ့ကို တော်တော်လေး ခြောက်လှန့်လိုက်နိင်ပုံရတယ်။”
ကျန်းယွင်ထျန်းက ပြုံးကာ ပြောလိုက်သည်။ ရှောင်းယီကလည်း ခေါင်းငြိမ့်လိုက်သည်။
“ဟုတ်တယ်။ ဒါပေမဲ့ သူ့ရဲ့ တုံ့ပြန်ပုံက ငါ့ကို နည်းနည်း စိုးရိမ်မိစေတယ်။ ဒီငါးမန်းသွား အရိုးနဂါးက သူ့ဘာသာသူ စဉ်းစားတွေးခေါ်နိုင်တာ အရမ်းသိသာလွန်းတယ်။”
ကျန်းယွင်ထျန်းက အဝေးကြည့်မှန်ပြောင်းကို ချလိုက်လိုက်သည်။
“ဟုတ်တယ်။ သူက တခြား မသေမျိုးမျိုးနွယ်စုတွေနဲ့ လုံးဝမတူဘူး။ ဟိုအရိုးပုံတွေက ဦးနှောက်မပါဘဲ ရှေ့ကို တိုးဖို့ပဲ သိကြတယ်။ ကြောက်စိတ်ဆိုတာလည်း လုံးဝမရှိဘူး။ မဟုတ်ဘူး... ပြောရရင် သူတို့မှာ ဘာခံစားချက်မှကို မရှိကြတာ။”
“အင်း... အသိဉာဏ်နဲ့ ခံစားချက်မရှိတဲ့ အရိုးစုတွေကို သတ်ရတာက အရမ်းလွယ်ပေမဲ့ သူတို့မှာ ကိုယ်ပိုင်အတွေးအခေါ် ရှိလာပြီဆိုရင်တော့ ကိစ္စတွေက ရှုပ်ထွေးသွားပြီ။”
ရှောင်းယီက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
ရှောင်းယီ စိုးရိမ်နေသည်ကို မြင်သောအခါ ကျန်းယွင်ထျန်းက ရုတ်တရက် ပြုံးလိုက်သည်။
“ကျွန်းပိုင်ရှင် အမှန်တော့ အဲ့ဒီလောက်ကြီး စိုးရိမ်မနေပါနဲ့။ သူ့ကို နာကျင်အောင်လုပ်နိုင်တဲ့ လက်နက် ငါတို့မှာ ရှိနေသရွေ့တော့ ဒီတိုက်ပွဲက တိုက်လို့ရပါသေးတယ်။ တကယ်လို့ အဆိုးဆုံးအခြေအနေ ရောက်လာရင်တောင် တိုက်လေယာဉ်တွေကို တန်းစီပြီးတော့ စစ်သုံးယာဉ်တွေ အမြောက်တွေနဲ့ ပစ်သလိုမျိုး ဒုံးကျည်တွေနဲ့ တရစပ် ပစ်လို့ရတာပဲ။ သူ့မှာ ဘယ်လိုပဲ အတွေးအခေါ်ရှိရှိ ငါတို့ရဲ့ ဒုံးကျည်ပိတ်ဆို့မှုကိုတော့ သေချာပေါက် ဖောက်ထွက်နိုင်မှာ မဟုတ်ဘူး။”
ရှောင်းယီ အနည်းငယ် ကြောင်အသွားခဲ့သည်။
“အဲ့ဒါလည်း ဟုတ်တာပဲ။ ဒါပေမဲ့ သူ့ရဲ့ တုံ့ပြန်ပုံအရတော့ သူ အချိန်တိုအတွင်း ပြန်မလာလောက်တော့ဘူး။”
ထိုအချိန်တွင် ကျားကျန့်သည်လည်း အားတက်သရော လျှောက်လာခဲ့လေသည်။ နောက်ဘက်သို့ ရောက်ရှိလာပြီး ငါးမန်းသွား အရိုးနဂါးကို ခုနက မောင်းထုတ်လိုက်သည့် တိုက်လေယာဉ်များကို မြင်သောအခါ သူ၏ ခြေလှမ်းများ အနည်းငယ် တုံ့ဆိုင်းသွားခဲ့ပြီးနောက်မှ ရှောင်းယီအနားသို့ တိုးလာခဲ့သည်။
“မဟာမိတ်ခေါင်းဆောင်ရှောင်း မင်းတို့ရဲ့ ဒီလက်နက်က တကယ်ကို အစွမ်းထက်တာပဲ။ အဲ့ဒီအရိုးနဂါးကိုတောင် မောင်းထုတ်နိုင်တယ်။”
ကျားကျန့်က အံ့အားသင့်စွာ ပြောလိုက်သည်။
“ကံကောင်းသွားတာပါ။ ကျုပ်တို့လည်း ဒါကို အခုလေးတင် ရလိုက်တာ။ မဟုတ်ရင်တော့ ကျုပ်တို့ တကယ်ပဲ ဆုတ်ခွာဖို့ ပြင်ရတော့မယ်။”
ရှောင်းယီက ပြုံးကာ ပြန်ဖြေလိုက်သည်။
“ဒီဟာတွေက တရဆက် တိုက်ခိုက်နိုင်တာလား။”
ကျားကျန့်က တိုက်လေယာဉ်များကို စိတ်ဝင်တစား ကြည့်ရင်း မေးလိုက်သည်။ ကျန်းယွင်ထျန်းက ဝင်ရောက်ရှင်းပြလိုက်သည်။
“တိုက်လေယာဉ် တစ်စင်းတည်းဆိုရင်တော့ တရဆက် မတိုက်နိုင်ဘူး။ ဒါပေမဲ့ တိုက်လေယာဉ် အုပ်စုလိုက်ကြီး ရှိနေမယ်ဆိုရင်တော့ အဲ့ဒါက ဖြစ်နိုင်ပါတယ်။”
ရှောင်းယီက ဘေးမှနေ၍ ၎င်းတို့နှစ်ဦးအတွက် ဘာသာပြန်ပေးလိုက်သည်။ ကျားကျန့်က ခေါင်းငြိမ့်ပြီးနောက် မေးလိုက်သည်။
“မင်းတို့ မဟာမိတ်အဖွဲ့မှာ အခု ဒီလိုဟာတွေ အများကြီး ရှိလို့လား။”
“အဆင်ပြေပါတယ်။ လောလောဆယ် ကျုပ်တို့မှာ တိုက်လေယာဉ် အစင်း ငါးရာ ရှိတယ်။ အဲ့ဒီအရိုးနဂါးကို ကိုင်တွယ်ဖို့က ပြဿနာကြီးကြီးမားမား မရှိပါဘူး။”
ကျန်းယွင်ထျန်းက ပြန်ဖြေလိုက်သည်။
ရှောင်းယီထံတွင် တိုက်လေယာဉ် ငါးရာရှိသည်ဟု ကြားလိုက်ရသည့်နောက်ဆုံး၌ ကျားကျန့်တစ်ယောက် စိတ်အေးသွားတော့သည်။
ခုနက တိုက်ပွဲကို ကြည့်ခြင်းအားဖြင့် ကျားကျန့်သည် ဤတိုက်လေယာဉ်များ၏ အားနည်းချက်ကို သိရှိသွားခဲ့ပြီဖြစ်သည်။ ၎င်းတို့သည် ဒုံးကျည် နှစ်စင်းသာ ပစ်လွှတ်နိုင်ပြီး ယခု တိုက်လေယာဉ် ငါးစင်းစလုံးမှာလည်း ထပ်တူပင် ဖြစ်သည်။
ထို့ပြင် ပစ်လွှတ်ပြီးနောက် ဤတိုက်လေယာဉ်များသည် နောက်တန်းသို့ ပြန်သွားရမည် ဖြစ်သည်။
အကယ်၍ အရိုးနဂါးက ထိုကွာဟချက်ကို အခွင့်ကောင်းယူကာ အတင်းပြေးဝင်လာပါက ၎င်းတို့အနေဖြင့် ခုခံရန် ခက်ခဲဦးမည် ဖြစ်သည်။
ရှောင်းယီတွင် တိုက်လေယာဉ်များစွာ ရှိသည်မှာ သေချာသွားပြီ ဖြစ်သဖြင့် ကျားကျန့်မှာ ပို၍ စိတ်အေးသွားတော့သည်။
“အခု မသေမျိုးမျိုးနွယ်စုတွေဘက်က သူတို့ရဲ့ ဝှက်ဖဲကို ထုတ်သုံးလိုက်ပြီ။ ငါတို့ဘက်ကလည်း ဒါကို တောင့်ခံနိုင်နေပြီဆိုတော့ ရှေ့ကို ဆက်တိုးကြမလား။”
ကျားကျန့်က လေးနက်သော အသံဖြင့် မေးလိုက်သည်။ ရှောင်းယီက အနည်းငယ် စဉ်းစားကြည့်လိုက်သည်။
“မလုပ်သေးနဲ့ဦး။ ခဏလောက် ထပ်စောင့်ရအောင်။ ရှေ့တန်းကို ကျုပ်တို့နဲ့အတူ တိုက်ပွဲဝင်နိုင်မယ့် အသက်ရှင်ကျန်ရစ်သူတွေ ရောက်လာတာနဲ့ ကျုပ်တို့ ရှေ့ဆက်တိုးကြမယ်။”
“ဟုတ်ကဲ့ပါ။”
ယခုအချိန်တွင် ဧရာမဘီလူးမျိုးနွယ်စုသည် ရှောင်းယီ၏ ဦးဆောင်မှုကို အကြွင်းမဲ့ လိုက်နာနေကြပြီဖြစ်သည်။ ဤသည်မှာ သူတို့အတွက် အောင်ပွဲနှင့် အနီးစပ်ဆုံး အခွင့်အရေးပင်။
ရှေ့တန်းမှ ဧရာမဘီလူးကြီးများသည်လည်း အချင်းချင်း စကားဝိုင်းဖွဲ့ ဆွေးနွေးနေကြပြီဖြစ်သည်။
“ငါတို့ ဧရာမဘီလူးမျိုးနွယ်စုကပဲ မသေမျိုးမျိုးနွယ်စုတွေကို တားဆီးဖို့ အဓိက အင်အားစုလို့ ငါ အမြဲထင်ခဲ့တာ။ ဒါပေမဲ့ အခုတော့ ငါတို့မှာ ဝင်ပြီးလုပ်ရှားဖို့တောင် အခွင့်အရေး မရှိတော့သလိုပဲ။”
“အမှန်ပဲ...။ မနေ့က အရိုးနဂါးတွေကို ကိုင်တွယ်ပြီးကတည်းက ငါတို့မှာ လုပ်စရာ နှစ်ခုပဲ ကျန်တော့သလို ခံစားရတယ်။ အဲ့ဒါက ရှေ့တိုးဖို့နဲ့ စားဖို့ပဲ။”
“အရိုးစုတပ်မကြီးကိုလည်း မဟာမိတ်ခေါင်းဆောင်ရှောင်းရဲ့ စစ်သုံးယာဉ်တပ်ဖွဲ့က ရှင်းပေးတယ်။ ဟို အစွမ်းထက်လှပါတယ်ဆိုတဲ့ အရိုးနဂါးကြီးကိုလည်း မဟာမိတ်ခေါင်းဆောင်ရှောင်းရဲ့ တိုက်လေယာဉ်အဖွဲ့က ကိုင်တွယ်ပေးထားတယ်။ ငါတို့ကတော့ အလှပြသက်သက် ဖြစ်ကုန်ပြီ။”
ဧရာမဘီလူးကြီးများအားလုံးမှာ ကူကယ်ရာမဲ့နေကြလေသည်။ ထိုအခါ ဟူကျဲက အားလုံးကို ကြည့်ကာ ပြောလိုက်သည်။
“အားလုံးပဲ ကိုယ့်ကိုယ်ကိုယ် အထင်မသေးကြပါနဲ့။ ငါတို့က မသေမျိုးမျိုးနွယ်စုတွေကို တားဆီးဖို့ အဓိကအင်အားစု ဖြစ်နေတုန်းပဲ။ လောလောဆယ် ငါတို့ကို အသုံးမပြုရသေးတာပဲ ရှိတာပါ။ အားလုံးပဲ ကောင်းကောင်းအနားယူပြီး အင်အားစုဆောင်းထားကြပါ။”
“ဟုတ်ကဲ့ပါ။”
“ဟူကျဲ... အနားယူပြီး အင်အားစုဆောင်းဖို့ဆိုရင် အနည်းဆုံးတော့ တစ်ခုခု ကျွေးဦးမှပေါ့။ ကြည့်ပါဦး... အခု မနက်တောင် ရောက်နေပြီ။ နံနက်စာ စားရတော့မယ် မဟုတ်ဘူးလား။”
ဧရာမဘီလူးကြီးတစ်ဦးက ရုတ်တရက် အနားတိုးကာ မေးလိုက်သည်။ ဟူကျဲတစ်ယောက် သူ့ကို ဆွံ့အစွာ ကြည့်လိုက်မိတော့သည်။
“စားဖို့၊ စားဖို့၊ စားဖို့...မင်းတို့က စားဖို့ပဲ သိတယ်။ အရင်က တစ်နေ့မှ တစ်နပ်ပဲ စားရတုန်းက မင်း ဒီလောက် ဆာနေတာ မတွေ့မိပါဘူး။”
“ဟဲဟဲ... မနေ့က မဟာမိတ်ခေါင်းဆောင်ရှောင်းရဲ့ အဆင့်မြင့် စားသောက်ပွဲကြီးကို စားလိုက်ရလို့လေ။ ငါ့ဗိုက်ထဲက အစားမက်တဲ့ သန်ကောင်တွေ နိုးကြားကုန်ပြီ။”
“ဟုတ်တယ် ဟူကျဲ... အဲ့ဒီ အဆင့်မြင့် အစားအစာတွေကို ပြန်တွေးမိရင် အခုထိ သွားရေကျနေတုန်းပဲ။”
“အစားအစာက အဆင့်မြင့်ရုံတင် မဟုတ်ဘူး။ သူတို့ရဲ့ ချက်ပြုတ်ပုံ နည်းစနစ်တွေကလည်း ငါတို့ နောက်ထောက်ပို့အဖွဲ့ထက် အများကြီး ပိုသာတယ်။”
“ဒါကို ငါ မှတ်ထားလိုက်ပြီ။ မီစီ ရောက်လာရင် မင်းပြောတာကို ငါကိုယ်တိုင် သွားတိုင်ပြော
မယ်။”
ဟူကျဲက ပြုံးလိုက်သည်။
“မင်းတော့ သေပြီသာမှတ်။”
“အစ်ကိုကြီး... အစ်ကို့ကြီးကို ကျုပ် အစ်ကိုကြီးလို့ပဲ ခေါ်ပါရစေ။ မီစီသာ ဒါကို သိသွားရင် နောက်ကျရင် ကျုပ်အတွက် စားစရာ ကျန်တော့မှာမဟုတ်ဘူး။”
ထိုဘီလူးကြီးမှာ ချက်ချင်းပင် မျက်နှာငယ်လေးဖြင့် ပြောတော့သည်။
ထိုအချိန်တွင် ကျားကျန့်တစ်ယောက် နောက်တန်းမှ ပြန်လာပြီဖြစ်သည်။
“မဟာမိတ်ခေါင်းဆောင်ရှောင်းက အမိန့်ပေးလိုက်တယ်။ ဒီနေရာမှာပဲ ဆက်ပြီး အနားယူကြပါ။ ကင်းထောက်မှုကိုလည်း အထူးသတိပြုထားကြ။”
“ဟုတ်ကဲ့။”
ကျားကျန့်က ဆက်ပြောလိုက်သည်။
“ကင်းစောင့်နေတဲ့ ဘီလူးတွေကလွဲရင် ကျန်တဲ့သူတွေ အရင်ဆုံး နံနက်စာ စားကြပါ။ စားပြီးမှ လူလဲကြမယ်။”
“နံနက်စာ တကယ်ရှိတာလား။”
ဘီလူးကြီးများအားလုံး မျက်လုံးများ ပြူးသွားကြတော့သည်။
ထောက်ပို့လုပ်ငန်းက အစားအစာများ ပို့ပေးရန်မှာ အလွန်ခက်ခဲလှပြီး အစားအစာ လုံလောက်မှု မရှိခြင်းကြောင့် ရှေ့တန်းရောက် ဘီလူးကြီးများသည် တစ်နေ့ တစ်နပ်သာ စားသည့် အလေ့အထကို အမြဲ ထိန်းသိမ်းခဲ့ကြသည်။
“မင်းတို့က မစားချင်ဘူး ထင်တယ်...ရပါတယ်။ ဒါဆိုရင် နောက်ကို ငါတို့အတွက် နံနက်စာနဲ့ နေ့လယ်စာ ပြင်ဆင်ပေးစရာ မလိုဘူးလို့ မဟာမိတ်ခေါင်းဆောင်ရှောင်းကို ငါ သွားပြောလိုက်မယ်။”
ကျားကျန့်က ပြုံးစစဖြင့် ပြောလိုက်သည်။
“မလုပ်ပါနဲ့ ခေါင်းဆောင် ကျုပ်တို့ အားလုံး ဗိုက်ဆာနေကြတာ။ မဟာမိတ်ခေါင်းဆောင်ရှောင်းရဲ့ စေတနာကို ဘယ်လိုလုပ် ငြင်းပယ်ရမှာလဲ။”
ဟူကျဲက ပထမဆုံး ခုန်ထွက်ကာ ပြောလိုက်သည်။
“ကျုပ် အရင်ဆုံး သွားယူလိုက်မယ်။”
“မင်းကတော့ တော်တော် စိတ်လောတာပဲ။ သွားယူစရာ မလိုပါဘူး။”
ကျားကျန့်က ခေါင်းခါကာ ရယ်မောလိုက်မိသည်။
“ခဏနေရင် သူတို့ လာပို့ပေးလိမ့်မယ်။ အားလုံးပဲ တော်ရုံတန်ရုံပဲ စားကြနော်။”
အခန်း ၁၁၃၈
ခဏနေလျှင် ရှောင်းယီက အစားအစာများ ပို့ပေးရန် အဖွဲ့တစ်ခု စေလွှတ်ပေးမည်ဟု ကြားလိုက်ရသဖြင့် ဘီလူးကြီးများမှာ ချက်ချင်းပင် စိတ်လှုပ်ရှားသွားကြတော့သည်။
“အဲ့ဒါက အရင်လိုပဲ အဆင့်မြင့် အစားအစာတွေ ဖြစ်နေဦးမလား မသိဘူးနော်။”
“ငါကတော့ SSS အဆင့် အစားအစာအထိ မတောင်းဆိုပါဘူး။ S အဆင့်လောက်နဲ့တင် ကျေနပ်ပြီ။”
“မင်းရဲ့ တောင်းဆိုချက်ကလည်း အရမ်းကြီးနေတာပဲ မဟုတ်ဘူးလား။ သာမန်အဆင့်မဟုတ်တဲ့ အဆင့်အတန်းရှိတဲ့ အစားအစာဆိုရင်တင် ငါက ကျေနပ်နေပြီ။”
“ဟုတ်တယ်၊ မဟာမိတ်ခေါင်းဆောင်ရှောင်းက သူတို့မဟာမိတ်အဖွဲ့မှာ အဆင့်မြင့် အစားအစာတွေ မရှားဘူးလို့ ပြောပေမဲ့ ဒါတွေက ထိပ်တန်းအစားအစာတွေပဲလေ။ အကန့်အသတ်တော့ ရှိမှာပဲ။ ငါတို့ ဘီလူးကြီးတွေ အများကြီး စားနေတာကို ဘယ်လိုလုပ် တောင့်ခံနိုင်မှာလဲ။”
ဧရာမဘီလူးကြီးများ ဆွေးနွေးနေစဉ်မှာပင် ယီရန်ပင်းမဟာမိတ်အဖွဲ့၏ ထောက်ပို့ယာဉ်တန်းမှာ မောင်းနှင်ရောက်ရှိလာခဲ့သည်။ အစားအစာ၏ မွှေးရနံ့များမှာ အဝေးမှပင် သင်းပျံ့လာတော့သည်။
“သခင်မမီစီကို ရီရန်ပင်းမဟာမိတ်အဖွဲ့က အစားအစာတွေ ဘာလို့ ဒီလောက်မွှေးနေရတာလဲဆိုတာကို နည်းပညာ သွားတောင်းဖို့ ငါ အကြံပေးချင်မိတယ်။”
“ဟုတ်တယ်။ မီစီ ရောက်လာရင် မင်း အကြံပေးဖို့ မမေ့နဲ့ဦး။ ငါ မင်းကို ထောက်ခံတယ်။”
“မင်းက ထောက်ခံတယ်ဆိုမှတော့ မင်းပဲ သွားပြီး အကြံပေးလိုက်ပါလား။”
“ငါက မင်းကို စိတ်ဓာတ်ပိုင်းအရပဲ ထောက်ခံနိုင်မှာလေ။”
“သွားစမ်းပါ။”
အစားအစာများ ရောက်ရှိလာပြီးနောက် ဧရာမဘီလူးကြီးများမှာ ချက်ချင်းပင် စတင်စားသောက်ကြတော့သည်။
“ဟင်...။ ဒါက SSS အဆင့် အစားအစာတွေ ဖြစ်နေတုန်းပဲလား။”
“ဟုတ်တယ်။ ဒါတွေက SSS အဆင့် အစားအစာမှ အစစ်ပဲ။ မဟာမိတ်ခေါင်းဆောင်ရှောင်းက ငါတို့အပေါ် တကယ်ကောင်းလွန်းတာပဲ။”
“ငါတော့ ဆက်စားရမှာတောင် အားနာလာပြီ။ ဘာမှလည်း ဝင်မလုပ်ရသေးဘဲ စားနေရတာဆိုတော့ စိတ်ထဲမှာ အပြစ်မကင်းသလိုပဲ။”
“အင်း... မင်းပြောမှပဲ ငါလည်း ဆက်စားလို့ မရတော့သလိုမျိုး ဖြစ်လာပြီ။”
ထိုအချိန်တွင် ရှောင်းယီသည် ယာဉ်တစ်စီးပေါ်မှ ခုန်ဆင်းလာပြီး ဘီလူးကြီးများကို ကြည့်ပြီး ပြုံးကာ ပြောလိုက်သည်။
“ခင်ဗျားတို့ အင်အားနဲ့ အခြေအနေကောင်းတွေကို ဆက်ထိန်းထားရမယ်လေ။ စိတ်အေးအေးထားပြီး စားကြပါ။ ခင်ဗျားတို့က မသေမျိုးမျိုးနွယ်စုတွေကို တိုက်ထုတ်ဖို့အတွက် အဓိကအင်အားစုတွေပဲ။ အခုက ခင်ဗျားတို့ အလှည့် မရောက်သေးလို့ပါ။”
“ဟုတ်ကဲ့ပါ။ ကျေးဇူးတင်ပါတယ် မဟာမိတ်ခေါင်းဆောင်ရှောင်း။”
ဘီလူးကြီးများက တစ်ပြိုင်နက်တည်း တုံ့ပြန်လိုက်သဖြင့် ရှောင်းယီ၏ နားထဲ၌ ဟိန်းထွက်သွားတော့သည်။ ထိုအခါ ကျားကျန့်က ချက်ချင်းပင် အော်ဟစ်လိုက်သည်။
“ဒီမှာ တခြားလူသားတွေလည်း ရှိနေတာကို မင်းတို့ အသံနည်းနည်းလောက် လျှော့ကြစမ်း။”
ရှောင်းယီနှင့် ထောက်ပို့ဝန်ထမ်းများမှာ ခေတ္တမျှ နားအူသွားကြပြီး မျက်လုံးများ ပြူးသွားခဲ့ကြသည်။ ကျားကျန့် တစ်ယောက်တည်း အော်လိုက်သည့်အသံက အားလုံးပေါင်းထားသည်ထက်ပင် ပိုကျယ်နေသေးသည်။
ထိုအချိန်တွင် အာကာသအက်ကွဲကြောင်းအနီးရှိ ကျောက်တုံးအိမ်အတွင်း၌ ဝတ်ရုံနက်ကိုးဦးသည် ငါးမန်းသွား အရိုးနဂါး ဒဏ်ရာရသွားသည့် သတင်းကို ရရှိလိုက်သဖြင့် အားလုံး ဝုန်းခနဲ ထရပ်လိုက်ကြသည်။
ဒါက ပထမဆုံးအကြိမ်ပဲ။
အရင်က တိုက်ပွဲတွေမှာ ရှုံးနိမ့်ခဲ့ရင်တောင် သူတို့ ဒီလောက်အထိ မတုန်လှုပ်ခဲ့ဖူးပေ။
“ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ။ အဲ့ဒီဘီလူးတွေက ငါးမန်းသွား အရိုးနဂါးကို ဒဏ်ရာရအောင် လုပ်နိုင်တယ် ဟုတ်လား။”
ခေါင်းဆောင် ဝတ်ရုံနက်က အံ့ဩတကြီး မေးလိုက်သည်။
“သူတို့ မဟုတ်ပါဘူး။ အရှင်တို့ ကြည့်လိုက်ပါဦး။”
ဘေးတွင် ရပ်နေသော ဝတ်ရုံနက်က စိတ်အာရုံပုံရိပ်ကို ချက်ချင်း ထုတ်ပြလိုက်သည်။
ငါးမန်းသွား အရိုးနဂါးထက် သေးငယ်သော ဝေဟင်ပျံစက်များက ဒုံးကျည်များဖြင့် ပစ်ခတ်လိုက်ရာ အရိုးနဂါးကြီး ယိုင်တိယိုင်တိုင် ဖြစ်သွားသည်ကို သူတို့အားလုံး မြင်လိုက်ရသည်။
“ဒါက ဘယ်လိုလက်နက်မျိုးလဲ။ ငါတို့ တစ်ခါမှ မမြင်ဖူးပါလား။”
“ပြောနေစရာတောင် မလိုပါဘူး။ ဒါက ဟိုအပြင်လူတွေရဲ့ လက်ချက်ပဲ ဖြစ်ရမယ်။ ဒီက ဒေသခံမျိုးနွယ်စုတွေက ဒီလိုမျိုး မဖန်တီးနိုင်ဘူး။”
“စွမ်းအားက အရမ်းကြီးတာပဲ။ ငါးမန်းသွား အရိုးနဂါးကိုတောင် ဒဏ်ရာရစေနိုင်တယ်။”
ဝတ်ရုံနက်များမှာ ချက်ချင်းပင် အငြင်းပွားလာကြတော့သည်။
ခေါင်းဆောင်ဖြစ်သူက ချောင်းတစ်ချက်ဟန့်ကာ အာရုံစိုက်ခိုင်းလိုက်ရသည်။
“အခုက အံ့ဩနေရမယ့် အချိန်မဟုတ်သလို ဘယ်သူက ဒါကို ဖန်တီးခဲ့တာလဲဆိုတာကို ငြင်းနေရမယ့် အချိန်လည်း မဟုတ်ဘူး။ အခု ပြဿနာက ဒါကို ဘယ်လိုဖြေရှင်းမလဲ ဆိုတာပဲ။”
ကျန်ဝတ်ရုံနက်များမှာ ချက်ချင်းပင် စကားစရပ်ကာ စဉ်းစားခန်း ဝင်သွားကြသည်။ ခဏအကြာတွင် ဝတ်ရုံနက်တစ်ဦးက ပြောလာခဲ့သည်။
“ကျုပ်အထင်တော့ ပြိုင်ဘက်ရဲ့ လေကြောင်းယူနစ်တွေကို ဟန့်တားဖို့ အစွမ်းထက်တဲ့ လေးကြောင်းတပ်ဖွဲ့အချို့ကို ဆင့်ခေါ်ရမယ်ထင်တယ်။ လုံးဝကြီး မတားဆီးနိုင်ရင်တောင် ခဏလောက် အနှောင့်အယှက် ပေးထားနိုင်ရင် ငါးမန်းသွား အရိုးနဂါးက ပြိုင်ဘက်ရဲ့ ခံစစ်ကြောင်းကို ဖောက်ထွက်ဖို့ အခွင့်အရေး ရသွားလိမ့်မယ်။”
“အင်း... အဲ့ဒီလက်နက်တွေက တရဆက် ပစ်နိုင်ပုံမရဘူး။ လေယာဉ်တစ်စင်းကို နှစ်ကြိမ်ပဲ တိုက်ခိုက်နိုင်တာ။ ငါတို့အနေနဲ့ သူတို့ရဲ့ တိုက်ခိုက်မှုကြားက ဟာကွက်ကို အသုံးချလို့ ရတယ်။”
“မှန်တယ်။ နောက်ဆုံးပစ်လိုက်တဲ့ ဒုံးကျည်လေးစင်းဆိုရင် ငါးမန်းသွား အရိုးနဂါး လွှင့်ပစ်လိုက်တဲ့ အရိုးစုတွေနဲ့ ထိမိပြီး ပေါက်ကွဲသွားတာပဲ။ ဆိုလိုတာက ဒီဒုံးကျည်တွေကို ကာကွယ်ဖို့ တခြားမသေမျိုးတွေကို အသုံးချနိုင်ရင် ဒီလက်နက်ကို တန်ပြန်တိုကခိုက်နိုင်လိမ့်မယ်။”
အဆက်မပြတ် ဆွေးနွေးမှုများအပြီးတွင် ဝတ်ရုံနက်များသည် နောက်ဆုံး၌ အဖြေတစ်ခုကို ရှာတွေ့သွားခဲ့ကြလေသည်။ ခေါင်းဆောင်က ဆက်ပြောလိုက်သည်။
“ဒါပေမဲ့ ဒါကိုရော မင်းတို့ စဉ်းစားမိရဲ့လား။ အာကာသအက်ကွဲကြောင်းက အစွမ်းထက်တဲ့ လေကြောင်းယူနစ်တွေကို ဆင့်ခေါ်ဖို့ ငါတို့ တောင့်ခံနိုင်ပါဦးမလား။”
ကျန်ဝတ်ရုံနက် ရှစ်ဦးမှာ ခေတ္တမျှ ငြိမ်ကျသွားခဲ့ပြီးနောက် ခေါင်းငြိမ့်လိုက်ကြသည်။ အစောပိုင်းက ငါးမန်းသွား အရိုးနဂါးကို ဆင့်ခေါ်ထားရခြင်းကြောင့် အက်ကွဲကြောင်းမှာ မတည်မငြိမ် ဖြစ်နေပြီဖြစ်သည်။ အကယ်၍ အစွမ်းထက်သည့် ယူနစ်များကို ဆက်လက် ဆင့်ခေါ်ပါက အာကာသအက်ကွဲကြောင်းတွင် ပြဿနာများ တက်လာနိုင်ပေသည်။ မည်သို့သော ပြဿနာများ ဖြစ်လာမည်ကိုမူ သူတို့ မခန့်မှန်းနိုင်ပေ။
“အဲ့ဒီလိုဆိုရင်တော့ ငါတို့ မသေမျိုးမျိုးနွယ်စုရဲ့ ‘အလောင်းတောင်၊ သွေးပင်လယ်’ နည်းဗျူဟာကိုပဲ သုံးပြီး လေကြောင်းတပ်ဖွဲ့တွေကို အလုံးအရင်းနဲ့ ဆင့်ခေါ်ကြတာပေါ့။ အဲ့ဒီအပြင်လူတွေမှာ လေကြောင်းရန်သူတွေကို ရင်ဆိုင်ဖို့ လက်နက်တွေ အများကြီး ရှိပုံမရဘူး။”
“မှန်တယ်။ သူတို့ရဲ့ မြေပြင်လက်နက်တွေက မြေပြင်တပ်ဖွဲ့တွေကို ရှင်းလင်းဖို့အတွက်ပဲ။ ပြီးတော့ ဟိုလေကြောင်းယူနစ်တွေက ပစ်လိုက်တဲ့ ဒုံးကျည်တွေကလည်း မြေပြင်ကိုပဲ ဦးတည်ထားတာ။”
“ဒါကြောင့် ငါတို့မှာ လေကြောင်းတပ်ဖွဲ့ အလုံအလောက်ရှိနေသရွေ့ သူတို့ကို သေချာပေါက် ခေါင်းခဲသွားအောင် လုပ်လို့ရတယ်။”
အားလုံးက နောက်ထပ် ဖြေရှင်းနည်းတစ်ခုကို ဆွေးနွေးလိုက်ကြသည်။ ခေါင်းဆောင် ဝတ်ရုံနက်က အနည်းငယ် ခေါင်းငြိမ့်လိုက်သည်။
“ဒီလိုဆိုရင် ဒီနည်းလမ်းအတိုင်းပဲ လုပ်ကြတာပေါ့။ ရန်သူတွေ ငါတို့ဆီကို အတင်းမတိုးလာခင် ဒါကို အမြန်ဆုံး အကောင်အထည်ဖော်ကြ။”
“ဟုတ်ကဲ့။”
သူတို့အနေဖြင့် လေကြောင်းတပ်ဖွဲ့များကို အလုံးအရင်းနှင့် ဆင့်ခေါ်နိုင်သော်လည်း ကီလိုမီတာ သုံးထောင်ကျော်ဝေးသော ရှေ့တန်းစစ်မျက်နှာသို့ ရောက်ရှိရန် တစ်ရက်ထက်မက အချိန်ယူရဦးမည်ဖြစ်သည်။
ထိုအစွမ်းသိပ်မရှိလှသော လေကြောင်းယူနစ်များမှာ အလွန်နှေးကွေးလှသဖြင့် ငါးမန်းသွား အရိုးနဂါးကြီး၏ အရှိန်ကို လုံးဝ မမှီနိုင်ကြပေ။
သို့ဖြစ်ရာ ဤတစ်ရက်၊ နှစ်ရက်အတွင်း မည်သို့သော မမျှော်လင့်ထားသည့် အဖြစ်အပျက်များ ဖြစ်လာနိုင်သည်ကို မည်သူမျှ မခန့်မှန်းနိုင်ကြချေ။
ထို့ကြောင့်ပင် ခေါင်းဆောင် ဝတ်ရုံနက်က လူတိုင်းကို အမြန်ဆုံး ဆင့်ခေါ်ရန် တိုက်တွန်းနေခြင်း ဖြစ်သည်။
ငါးမန်းသွား အရိုးနဂါးကြီး ဆုတ်ခွာသွားသည်နှင့်အမျှ ကျန်ရှိနေသော မသေမျိုးတပ်ဖွဲ့များသည်လည်း ချက်ချင်းပင် နောက်ဆုတ်သွားကြသည်။ ဧရာမဘီလူးမျိုးနွယ်စုများ လိုက်လံတိုက်ခိုက်ခြင်း မရှိသည်ကို မြင်သောအခါ ၎င်းတို့သည် ငါးကီလိုမီတာခန့်အကွာတွင် ရပ်တန့်သွားကြတော့သည်။
ရှောင်းယီက မသေမျိုးမျိုးနွယ်စု၏ အခြေအနေကို ကြည့်ကာ ပြောလိုက်သည်။
“အစ်ကိုကျန်း မင်း ဒီမှာပဲ စောင့်ကြည့်ပေးထားဦး။ ငါ ခဏ ပြန်လိုက်ဦးမယ်။”
“အင်း။”
ကျန်းယွင်ထျန်းက တုံ့ပြန်လိုက်သည်။
ရှေ့တန်းစစ်မျက်နှာတွင် ရှိနေစဉ် မဟာမိတ်အဖွဲ့နှင့် ကျောက်တိုင်မှတစ်ဆင့်သာ ဆက်သွယ်နိုင်ပြီး သတင်းစကားအတော်များများကို ချက်ချင်း လက်ခံမရရှိနိုင်ပေ။ ထို့ပြင် ယခုအခါ လူအများစုမှာ လက်ကိုင်ဖုန်းများဖြင့်သာ စကားပြောနေကြပြီး ဤနေရာတွင် လိုင်းမရသဖြင့် အခြားအသက်ရှင်ကျန်ရစ်သူများ ပေးပို့လာသော သတင်းများကို စောင့်ကြည့်ရန် ရှောင်းယီအနေဖြင့် ပြန်သွားရခြင်းဖြစ်သည်။
သူသည် မြို့ပြန်ကျောက်ကို အသုံးပြု၍ ဗီလာသို့ တိုက်ရိုက် ပြန်လာခဲ့ရာ သူ၏ လက်ကိုင်ဖုန်းထဲသို့ အဖွဲ့တစ်ခု၏ သတင်းအချက်အလက်များ ရောက်ရှိနေသည်ကို တွေ့လိုက်ရသည်။
ကံကောင်းထောက်မစွာဖြင့် သတင်းအချက်အလက်များကို စစ်ထုတ်ပေးမည့် သီးသန့်လူများ ရှိနေသောကြောင့်သာ ဖြစ်သည်။ မဟုတ်လျှင် ရှောင်းယီတစ်ယောက် တကယ်ပင် ပင်ပန်းနွမ်းနယ်သွားပေလိမ့်မည်။
အဖွဲ့ထဲရှိ လူအများအပြားမှာ မသေမျိုးမျိုးနွယ်စု ရှေ့တန်းအကြောင်းကို ဆွေးနွေးနေကြသည်။
“ငါတို့ဘက်မှာတော့ မသေမျိုးတွေကို လေဟာနယ်တံခါးထဲအထိ လုံးဝ မောင်းထုတ်လိုက်နိုင်ပြီ။”
“ငါတို့လည်း အတူတူပဲ။ ရန်သူတွေ မရှိတော့ဘူးဆိုတော့ စိတ်ထဲ တော်တော်လေး နေလို့ကောင်းသွားတယ်။”
“အပေါ်က နှစ်ယောက် မင်းတို့ ကိုယ့်ကိုယ်ကိုယ် အမွှမ်းတင်နေတာ တော်ကြပါတော့။ မင်းတို့က တကယ်ပဲ သူတို့ကို မောင်းထုတ်လိုက်တာရော ဟုတ်လို့လား။”
“အတိအကျပဲ။ ဒါက ရှေ့တန်းက သူဌေးကြီးက မသေမျိုးတွေအပေါ် လုံလောက်တဲ့ ဖိအားပေးနိုင်ခဲ့လို့ သူတို့က ငါတို့ကို တိုက်နေတဲ့ တပ်ဖွဲ့တွေကို ပြန်ခေါ်သွားရတာပါနော်...ဟုတ်ပြီလား။”
“ဒါတော့ ဟုတ်ပါတယ်။ ဒါပေမဲ့ ငါတို့ရဲ့ တိုက်ခိုက်မှုတွေကလည်း သူဌေးကြီးအတွက် မသေမျိုးတွေရဲ့ အင်အားအချို့ကို ခွဲဝေပေးရာ ရောက်ခဲ့တာပဲလေ။”