အခန်း (၁၁၃၉-၁၁၄၀)
Vol. 97 Ch. 1139-1140
အခန်း ၁၁၃၉
“သူဌေးကြီးက အားနာလို့ အဲ့ဒီလို ပြောပေးတာကို မင်းတို့က တကယ်ကြီး ယုံနေတာလား။ မင်းတို့ဘက်မှာ တားဆီးထားနိုင်တဲ့ ရန်သူအင်အားဆိုတာ ရှေ့တန်းစစ်မျက်နှာနဲ့ ယှဉ်ရင် သမုဒ္ဒရာထဲက ရေတစ်စက်လောက်ပဲတယ်။”
“အဲ့ဒီလိုတော့လည်း မပြောနဲ့လေ။ ငါတို့ဘက်က ဆွဲထားနိုင်တဲ့ အင်အားက ဘယ်လောက်ပဲနည်းနည်း၊ မသေမျိုးမျိုးနွယ်စုတွေဘက်ကတော့ ငါတို့ကို ကိုင်တွယ်ဖို့ အဖွဲ့တွေ စီစဉ်ပေးနေရတာပဲ။ မဟာမိတ်အဖွဲ့ တစ်ခုတည်းဆိုရင် သေးငယ်ပေမဲ့ မဟာမိတ်ပေါင်း ထောင်နဲ့ချီသွားရင်ကော။”
“အတိအကျပဲ။ မသေမျိုးတွေမှာ အလောင်းတောင်၊ သွေးပင်လယ်နည်းဗျူဟာ ရှိသလို ငါတို့မှာလည်း လူအင်အားနည်းဗျူဟာ ရှိတာပဲ။ ငါ့ရဲ့ အင်အားအနည်းငယ်လေးနဲ့တောင် ပါဝင်ကူညီခွင့်ရရင်ပဲ ငါကတော့ ကျေနပ်ပြီ။”
“ဒါတော့ ဟုတ်ပါတယ်။ ဒီကိစ္စအတွက် အမှားအမှန် ငြင်းခုန်နေစရာ မလိုပါဘူး။ ဘာပဲဖြစ်ဖြစ် မသေမျိုးမျိုးနွယ်စုတွေက ငါတို့ရဲ့ ရန်သူပဲလေ။ ငါတို့ရဲ့ အင်အားတွေကို အချင်းချင်း ပြဿနာရှာရင်း မဖြုန်းတီးတာ အကောင်းဆုံးပဲ။”
“ကောင်းလိုက်တဲ့ စကား။ ငါ့မှာ မေးခွန်းတစ်ခုရှိတယ်။ ပင်လယ်ထဲမှာရှိတဲ့ လေဟာနယ်တံခါးတွေထဲကိုဝင်ပြီး ဟိုဘက်မှာ ဘာတွေရှိလဲဆိုတာ သွားကြည့်ဖူးတဲ့သူ ရှိလား။ ကုန်းပေါ်က လေဟာနယ်တံခါးတွေအကြောင်းတော့ မပြောကြနဲ့ဦး။”
“ပင်လယ်ထဲက လေဟာနယ်တံခါးတွေထဲကနေ မသေမျိုးတွေက အဆက်မပြတ် ထွက်လာနေတုန်းပဲ။ ငါတို့ အကြိမ်ကြိမ် ထိုးဖောက်ဖို့ ကြိုးစားခဲ့ပေမဲ့ အထဲကို ဝင်လို့မရသေးဘူး။”
“ဟုတ်တယ်။ ငါတို့တော့ ကုန်းပေါ်က လေဟာနယ်တံခါးတွေကို ဖြတ်ပြီး ရှေ့တန်းစစ်မျက်နှာဆီ ဦးတည်နေပြီ။ အခုဆို ဒေသခံမျိုးနွယ်စုတွေနဲ့တောင် အဆက်အသွယ် ရနေပြီ။”
“ပင်လယ်ထဲက လေဟာနယ်တံခါးတွေက ထူးခြားနေလို့လား။ ဘာလို့ မသေမျိုးတွေက အဲ့ဒါတွေကို အသေအလဲ ကာကွယ်နေရတာလဲ။”
“မသိဘူးလေ။ ဘာပဲဖြစ်ဖြစ် ငါတို့ မဟာမိတ်အဖွဲ့လည်း ပင်လယ်ထဲက လေဟာနယ်တံခါးတွေကို မရှင်းနိုင်သေးဘူး။”
သူတို့၏ စကားဝိုင်းကို ကြည့်ရင်း ရှောင်းယီလည်း မျက်မှောင်ကြုတ်လိုက်မိသည်။
လောလောဆယ်တွင် သိမ်းပိုက်ထားနိုင်သော လေဟာနယ်တံခါးအားလုံးမှာ ကုန်းပေါ်တွင်သာရှိပြီး ပင်လယ်ထဲရှိ လေဟာနယ်တံခါး တစ်ခုကိုမျှ မသိမ်းပိုက်နိုင်သေးချေ။
“ဟုတ်သားပဲ။ ပင်လယ်ထဲက လေဟာနယ်တံခါးတွေအတွက်ဆိုရင် မသေမျိုးတွေက သင်္ဘောတွေနဲ့ လာကြတာပဲ။”
ရှောင်းယီ ရုတ်တရက် သတိပြုမိသွားခဲ့သည်။
ရှောင်ယီ ယခုရောက်ရှိနေသော ရှေ့တန်းစစ်မျက်နှာတွင် မြစ်တစ်စင်းတောင် မတွေ့ရသေးချေ။ သမုဒ္ဒရာဆိုလျှင် ပို၍ပင် ဝေးသေးသည်။
ဆိုလိုသည်မှာ သူရောက်နေသော ရှေ့တန်းမှာ ကျယ်ပြောလှသော ကုန်းမြေကြီးဖြစ်ပြီး ပင်လယ်ထဲရှိ လေဟာနယ်တံခါးများသည်မူ ရေပြင်ပေါ်တွင် တည်ရှိနေရမည် ဖြစ်သည်။
သို့သော် ရှောင်းယီနှင့် အခြားသူများသည် မည်သည့် ရေပြင်ကိုမျှ မတွေ့ကြုံရသေးသဖြင့် ထိုလေဟာနယ်တံခါးများသည် ပို၍ အတွင်းကျကျတွင် ရှိနေသင့်သည်။
ထိုသို့တွေးမိသည်နှင့် ရှောင်းယီက အဖွဲ့ထဲသို့ စာတစ်စောင် ပို့လိုက်သည်။
“အားလုံးပဲ လောလောဆယ် ပင်လယ်ထဲက လေဟာနယ်တံခါးတွေကို အတင်းဝင်ဖို့ မကြိုးစားကြပါနဲ့။ သူတို့ အပြင်ကို အလုံးအရင်းနဲ့ ထွက်မလာနိုင်အောင်ပဲ ထိန်းထားကြပါ။”
“သူဌေး ပေါ်လာပြီဟေ့။ သူဌေး စကားပြောတာ မမြင်ရတာ တော်တော်တောင် ကြာသွားပြီ။”
“သူဌေးက ရှေ့တန်းမှာ အလုပ်ရှုပ်နေမှာပေါ့။ အဖွဲ့ထဲမှာ အချိန်ပြည့် ဘယ်လိုလုပ် ရှိနေနိုင်မှာလဲ။”
“သူဌေး အဲ့ဒီ ပင်လယ်လေဟာနယ်တံခါးတွေမှာ ထူးခြားတာရှိလို့လား။”
တစ်စုံတစ်ယောက်က မေးလာသည်ကို မြင်သောအခါ ရှောင်းယီက ပြန်ဖြေလိုက်သည်။
“ကျုပ်တို့ ရှေ့တန်းမှာ စစ်မျက်နှာကို ကီလိုမီတာ တစ်ထောင်လောက်အထိ တိုးချဲ့ပြီးပြီ။ ဒါပေမဲ့ ဘာရေပြင်ကိုမျှ မတွေ့ရသေးဘူး။ အဲ့ဒါကြောင့် အားလုံးပဲ ခဏလောက် စောင့်ကြည့်ကြပါ။ အဲ့ဒီ ပင်လယ်လေဟာနယ်တံခါးတွေက ဘယ်နေရာမှာ တည်ရှိနေလဲဆိုတာ ကျုပ်တို့ မသိသေးဘူး။”
“ကီလိုမီတာ တစ်ထောင်ကျော်တဲ့အထိ ရေပြင်ကို မတွေ့ရသေးဘူး ဟုတ်လား။ ရှေ့တန်းက ကုန်းမြေကြီးက အဲ့လောက်တောင် ကြီးတာလား။”
“ဟုတ်တယ်။ ကျုပ် ပိုသိချင်တာက ကီလိုမီတာ တစ်ထောင်ကျော်တဲ့အထိ မသေမျိုးတွေရဲ့ အခြေစိုက်စခန်းကိုတောင် မတွေ့သေးတာပဲ။ သူတို့စခန်းက အတိအကျ ဘယ်မှာလဲ။”
“သူဌေး ပြောတာ မှန်တယ်။ ပင်လယ်ထဲက လေဟာနယ်တံခါးတွေက ရေပြင်ပေါ်မှာ ရှိနေရမယ်။ ရေမတွေ့သေးဘူးဆိုတာက အဲ့ဒီလေဟာနယ်တံခါးတွေ ရှိတဲ့နေရာကို ငါတို့ မရောက်သေးလို့ပဲ။ ကီလိုမီတာ တစ်ထောင်ကျော်တဲ့အထိ မတွေ့သေးဘူးဆိုရင် ဒီပင်လယ်လေဟာနယ်တံခါးတွေက ပိုပြီးတော့ အတွင်းကျကျမှာ ရှိနေရမယ်။”
“ပိုပြီး အတွင်းကျကျမှာလား။ ဒါဆိုရင်တော့ အတင်းမတိုးတာ အကောင်းဆုံးပဲ။ အတွင်းဘက်မှာ မသေမျိုးတွေ ပိုများမှာ သေချာတယ်။ အဲ့ဒီကို သွားပြီး အလဟသ အသက်မသေချင်ဘူး။”
“အတိအကျပဲ။ ကံကောင်းလို့ ငါတို့ အရင်က အဆင်မခြင် မလုပ်ခဲ့မိတာ။”
ယခင်က ရှောင်းယီ လေဟာနယ်တံခါးအသစ်များ ဖြစ်ပေါ်ခြင်း စမ်းသပ်ချက် ကို လုပ်ခဲ့စဉ်က လူအများအပြား လိုက်လုပ်ခဲ့ကြသဖြင့် မဟာမိတ်အဖွဲ့ အများအပြား၏ ကျွန်းပေါ်တွင် လေဟာနယ်တံခါးများ ရှိနေကြသည်။
ထိုစဉ်က သူတို့ ကောင်းကောင်း ပြင်ဆင်ထားသောကြောင့် တံတိုင်းများ ကာရံခြင်းနှင့် စစ်သည်များ ချထားခြင်းတို့ဖြင့် ကာကွယ်ထားနိုင်ခဲ့ကြသည်။
ယခုအခါ ထိုလေဟာနယ်တံခါးများသည် ကျွန်းပေါ်ရှိ အသက်ရှင်ကျန်ရစ်သူများအတွက် ရှေ့တန်းစစ်မျက်နှာသို့ စစ်ကူများပို့ဆောင်ရာ လမ်းကြောင်းများ ဖြစ်လာခဲ့လေသည်။
ရှောင်းယီသည် သူ၏လက်ကိုင်ဖုန်းကို သိမ်းလိုက်ပြီး ဗီလာထဲမှ ထွက်လာကာ အရင်ဆုံး စိုက်ပျိုးရေးခြံဝန်းဆီသို့ ဦးတည်လိုက်သည်။
ယွမ်နွန်သည် လက်ရှိတွင် ခြံဝန်းအတွင်းရှိ စိုက်ပျိုးမြေတွင် ရှိနေသည်။ လောလောဆယ်တွင် တစ်ကွင်းလုံးမှာ ဧရာမသီးနှံများဖြင့် ပြည့်နှက်နေပြီး ၎င်းတို့ကြားထဲ လမ်းလျှောက်ရသည်မှာ တောအုပ်တစ်ခုထဲ ရောက်နေသကဲ့သို့ပင်။
ကောင်းကင်ယံတွင်လည်း မိုးပျံပူဖောင်းအချို့ လွင့်မျောနေသည်။
ဤသီးနှံများ၏ ကြီးထွားမှုကို ပိုမိုလွယ်ကူစွာ စောင့်ကြည့်နိုင်ရန် ယွမ်နွန်က မိုးပျံပူဖောင်းအချို့ကို အထူးတောင်းဆိုထားခြင်း ဖြစ်သည်။ မိုးပျံပူဖောင်းတစ်ခုစီပေါ်တွင် ယွမ်နွန်၏ တပည့်များက စောင့်ကြည့်ခြင်း၊ မှတ်တမ်းတင်ခြင်းနှင့် ဓာတ်ပုံရိုက်ခြင်းများကို လုပ်ဆောင်နေကြသည်။
သန်စွမ်းစွာ ကြီးထွားနေသော ဧရာမသီးနှံများကို ကြည့်ရင်း ရှောင်းယီက “လောင်ယွမ်” ဟု လှမ်းခေါ်လိုက်သည်။
ယွမ်နွန်သည် စိုက်ခင်းထဲမှ ထွက်လာပြီး စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။
“ကျွန်းပိုင်ရှင် မင်း ယူလာပေးတဲ့ ဒီဧရာမသီးနှံတွေက တကယ့်ကို အံ့ဩစရာပဲ။ ဒီသီးနှံတွေအပြင် ကြက်၊ ဘဲနဲ့ တိရစ္ဆာန်တွေပါရှိရင် တစ်လအတွင်း တစ်ကမ္ဘာလုံးကိုတောင် အစားအစာ ထောက်ပံ့ပေးနိုင်မယ်လို့ ငါ ယုံကြည်တယ်။”
“တကယ်လား။ ဒီကမ္ဘာကြီးက အရမ်းကျယ်တာနော်။”
ရှောင်းယီက ပြုံးကာ ပြန်မေးလိုက်သည်။
ယွမ်နွန်သည် သူ၏ပြောလိုက်သည့် စကားမှာ အနည်းငယ် ပိုသွားနိုင်သည်ဟု ခံစားမိလိုက်သည်။
“ဒီသီးနှံတွေကို စိုက်ပျိုးပြီး ဟိုဧရာမကြက်၊ ဘဲတွေကို မွေးမြူမယ်ဆိုရင် အရင်က ကမ္ဘာမြေပေါ်က လူဦးရေတစ်ခုလုံးကို ကျွေးမွေးဖို့တောင် ဘာမှ ပြဿနာမရှိဘူးလို့ ပြောတာပါ။”
သူက ထပ်လောင်းပြောလိုက်သည်။
“အင်း... ဒါပေမဲ့ ကျုပ်တို့ရဲ့ လက်ရှိတာဝန်က ဒီအရာတွေရဲ့ အဆင့် မြင့်တက်လာအောင် စိုက်ပျိုးထုတ်လုပ်မှုကို အမြန်ဆုံး ချဲ့ထွင်ဖို့ပဲ။”
“စိတ်မပူပါနဲ့။ ငါ့ကို သုံးရက်လောက် အချိန်ပေးပါ။ ဒီသီးနှံတွေရဲ့ အဆင့်ကို သေချာပေါက် မြှင့်တင်ပေးမယ်။ ကြက်၊ ဘဲနဲ့ တိရစ္ဆာန်တွေကတော့ နည်းနည်း ပိုနှေးနိုင်တယ်။”
ယွမ်နွန်ကက ခပ်တိုးတိုး ပြောလိုက်သည်။
“ကောင်းပါပြီ။ ဦးလေးကိုပဲ ယုံကြည်ပြီး အပ်ထားလိုက်တော့မယ်။”
ရှောင်းယီက ခေါင်းငြိမ့်ပြပြီးနောက် စိုက်ပျိုးရေးခြံဝန်းမှ ထွက်ခွာကာ ဓာတ်ခွဲခန်းအဆောက်အဦးဆီသို့ ဦးတည်လိုက်သည်။
သူ ဓာတ်ခွဲခန်းသို့ ရောက်သောအခါ ဉာဏ်ရည်မြင့်စက်ရုပ်များက ရှောင်းယီကို တစ်ယောက်ပြီးတစ်ယောက် နှုတ်ဆက်ကြသည်။
“လေဟာနယ်တံခါးအကြောင်း သုတေသနလုပ်တာ ဘယ်လိုအခြေအနေရှိလဲ။”
ရှောင်းယီက မေးလိုက်သည်။
“ကျွန်းပိုင်ရှင်ကို အစီရင်ခံပါတယ်။ လောလောဆယ် တိုးတက်မှုက သိပ်ပြီး အဆင်မပြေလှသေးဘူး။ ဒီအာကာသနည်းပညာက အရမ်းကို အဆင့်မြင့်လွန်းနေပါတယ်။ အခြေခံရလဒ်အချို့ ထွက်ပေါ်လာဖို့ နောက်ထပ် တစ်ပတ်လောက် လိုအပ်မယ်လို့ ခန့်မှန်းရပါတယ်။”
စက်ရုပ်တစ်ရုပ်က ပြန်ဖြေလာခဲ့သည်။
“အဲ့လောက်တောင် ကြာမှာလား။”
ရှောင်းယီ မျက်မှောင်ကြုတ်သွားခဲ့သည်။ ထိုအခါ စက်ရုပ်က ရှင်းပြလာခဲ့သည်။
“ဒီလိုမျိုး အဆင့်မြင့်နည်းပညာတွေက သုတေသနလုပ်ဖို့ အချိန်ပိုယူရတာပါ။”
“အင်း...ငါ နားလည်ပြီ။ အဲ့ဒီလေဟာနယ်တံခါးကို သုတေသနလုပ်ဖို့ လူအင်အား ပိုတိုးပြီးတော့ အမြန်ဆုံး စီစဉ်လိုက်ပါ။”
ရှောင်းယီက အမိန့်ပေးလိုက်သည်။
“ဟုတ်ကဲ့ပါ။”
အမှန်တကယ်တော့ ရှောင်းယီသည်လည်း စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားပြီးသားဖြစ်သည်။ လေဟာနယ်တံခါးများဆိုသည်မှာ ကြယ်စင်စုအကြား ခရီးသွားလာမှုနှင့် သက်ဆိုင်နေခြင်းဖြစ်သည်။ တစ်ပတ်အတွင်း အခြေခံရလဒ် ထွက်လာနိုင်ခြင်းဆိုသည်ကပင် Cheat Code သုံးထားသလို ဖြစ်နေပြီဖြစ်သည်။
ရှောင်းယီသည် ကူကယ်ရာမဲ့စွာ ခေါင်းခါလိုက်ပြီးနောက် မြို့ပြန်ကျောက်တုံးကို တိုက်ရိုက်အသုံးပြုကာ ရှေ့တန်းသို့ ပြန်လာခဲ့လိုက်သည်။
သူ ပြန်ရောက်သွားသည့်ချိန်မှာပင် မီစီတစ်ယောက် သူ့ကို လာရှာနေသည်နှင့် တိုက်ဆိုင်သွားခဲ့သည်။
ထိုစဉ် ဘီလူးမလေး မီစီသည် ရှောင်းယီရှေ့သို့ ရောက်လာပြီး ပြောလိုက်သည်။
“ကျွန်မပေးထားတဲ့ သီးနှံမျိုးစေ့တွေကို အလဟသ အဖြစ်မခံနဲ့နော်။”
“စိတ်မပူပါနဲ့၊း။ ကျုပ်တို့ အဲ့ဒါတွေကို စိုက်ပျိုးနေပါပြီ။ မကြာခင်မှာပဲ ဧရာမဘီလူးမျိုးနွယ်က အဲ့ဒီအဆင့်မြင့် ဧရာမအစားအစာတွေကို စားနိုင်တော့မှာပါ။”
ရှောင်းယီက ပြုံးကာ ပြန်ဖြေလိုက်သည်။
ဘီလူးများ၏ အစားအစာ ထောက်ပံ့မှုက အမှန်တကယ် ရှားပါးနေပုံရသည်။ မဟုတ်လျှင် မီစီက သူမပေးထားသည့်အရာများအပေါ် ဤမျှအထိ ဂရုစိုက်နေမည်မဟုတ်ပေ။
“ရှင်တို့ တကယ်ပဲ စိုက်ပျိုးနေပြီလား။”
မီစီက မယုံကြည်နိုင်ဟန်ဖြင့် ပြောလိုက်သည်။
“ဟုတ်တယ်။ ကျုပ်တို့ရဲ့ အုတ်မြစ်ကျောက်ကျွန်းမှာ အရှိန်မြှင့်တင်ပေးတဲ့ ဂုဏ်သတ္တိရှိနေလို့ အပင်တွေနဲ့ တိရစ္ဆာန်တွေရဲ့ ကြီးထွားနှုန်းက တခြားနေရာတွေနဲ့ မတူဘူး။”
ရှောင်းယီက ရှင်းပြလိုက်သည်။
“ဒါကြောင့်ကိုး...။”
မီစီက ခေါင်းငြိမ့်လိုက်သည်။
“အဲ့ဒီသီးနှံတွေကို ကောင်းကောင်း ထိန်းသိမ်းထားဖို့ မျှော်လင့်ပါတယ်။”
ထိုသို့ပြောပြီးနောက် မီစီသည် အနည်းငယ် တွန့်ဆုတ်နေသော်လည်း နောက်ဆုံးတွင် သာမန်ကာလျှံကာဖြင့် မေးလိုက်သည်။
“ဒါနဲ့... ရှင့်ရဲ့ အစားအစာတွေထဲမှာ ဘာတွေထည့်ထားတာလဲ။ ဘာလို့ အရသာက ဒီလောက်ထူးခြားပြီး အနံ့က အရမ်းမွှေးနေရတာလဲ။”
အခန်း ၁၁၄၀
ရှောင်းယီတစ်ယောက် အနည်းငယ် ကြောင်အသွားခဲ့ပြီးနောက် ပြုံးလိုက်သည်။
“ဘာလို့လဲဆိုတော့ ကျုပ်တို့ ဟင်းခတ်အမွှေးအကြိုင်တွေ အများကြီး ထည့်ထားလို့ပါ။”
ဧရာမဘီလူးမျိုးနွယ်စုထဲမှ တစ်စုံတစ်ယောက်သည် မီစီ၏ အငြိုးထားခြင်းကို ခံရမည့်အရေးထက် ယီရန်ပင်းမဟာမိတ်အဖွဲ့၏ အစားအစာက ပို၍အရသာရှိကြောင်း သူမကို သွားရောက်ပြောပြရဲသည်မှာ သိသာလှပေသည်။
“ဟင်းခတ်အမွှေးအကြိုင်လား။”
မီစီက ရှောင်းယီကို နားမလည်ဟန်ဖြင့် ကြည့်လိုက်သည်။
“ခဏလေး စောင့်ပါ...။”
ရှောင်းယီက ထိုသို့ပြောပြီးနောက် သယ်ယူပို့ဆောင်ရေးလေယာဉ်ဆီသို့ ပြန်သွားကာ ကျောက်တိုင်မှတစ်ဆင့် ဟင်းခတ်အမွှေးအကြိုင်အချို့ကို လဲလှယ်ယူပြီး ပြန်ထွက်လာခဲ့သည်။
“ဒါတွေပါပဲ။”
ရှောင်းယီက ဟင်းခတ်အမွှေးအကြိုင်များကို ကမ်းပေးလိုက်သည်။
မီစီသည် ထိုအရာများကို နားမလည်သလို လှမ်းယူလိုက်ပြီးနောက် သူမ၏ နှာခေါင်းနားသို့ ကပ်ကာ အနံ့ခံကြည့်လိုက်သည်။
သူမ၏ လှုပ်ရှားမှုမှာ အလွန်သိမ်မွေ့သော်လည်း ဘီလူးမလေး၏ အသက်ရှူအားမှာ ပြင်းထန်လွန်းလှသဖြင့် ဟင်းခတ်အမွှေးအကြိုင် အမှုန့်အတော်များများကို သူမ၏ နှာခေါင်းပေါက်ထဲသို့ တိုက်ရိုက် စုပ်ယူလိုက်သကဲ့သို့ ဖြစ်သွားခဲ့လေသည်။
၎င်းကို မြင်သည်နှင့် ရှောင်းယီက ချက်ချင်း အော်ဟစ်လိုက်သည်။
“အားလုံးပဲ... အကာအကွယ်ယူကြ။”
ဟတ်... ချိုး..
သေချာပေါက်ပင် မီစီသည် အမွှေးအကြိုင်များကြောင့် နှာမွှန်သွားပြီး နှာချေလိုက်တော့သည်။ ကံကောင်းထောက်မစွာဖြင့် သူမသည် အချိန်မီ သတိထားမိလိုက်သဖြင့် သူမ၏ လက်ဝါးဖြင့် ပါးစပ်နှင့် နှာခေါင်းကို အုပ်လိုက်နိုင်သည်။
“ဟူး...”
ရှောင်းယီ သက်ပြင်းအရှည်ကြီး ချလိုက်မိလေသည်။
မီစီသည် သူမ၏ လက်ထဲတွင် ကျန်ရှိနေသော ဟင်းခတ်အမွှေးအကြိုင်များကို အံ့အားသင့်စွာ ကြည့်ရင်း မေးလိုက်သည်။
“ဒီအရာတွေရဲ့ အနံ့က တကယ်ကို ထူးခြားတာပဲ။ ဒါတွေကို ဘယ်လို ထုတ်လုပ်တာလဲ။”
“ဒါတွေက အပင်တွေကို အခြောက်လှန်းပြီး အမှုန့်ကြိတ်ထားတာတွေပါ။ အကယ်၍ ပိုပြီး အသေးစိတ် သိချင်တယ်ဆိုရင် ကျုပ်တို့ မဟာမိတ်အဖွဲ့ဆီကို လာခဲ့ပါ။ အဲ့ဒီမှာ ပိုပြီး ကျွမ်းကျင်တဲ့သူတွေက မင်းကို ရှင်းပြပေးပါလိမ့်မယ်။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။ မီစီက ခေါင်းအနည်းငယ် ငြိမ့်ပြလိုက်သည်။
“ကောင်းပါပြီ။ ကျွန်မ ပြန်သွားပြီး အလုပ်တွေကို အရင်စီစဉ်လိုက်ဦးမယ်။ အဲ့ဒါတွေ ပြီးသွားတာနဲ့ ရှင့်ရဲ့ မဟာမိတ်အဖွဲ့ဆီကို သေချာပေါက် လာလည်ပါ့မယ်။”
“ကောင်းပါပြီ။ အမြဲတမ်း ကြိုဆိုနေပါတယ်။”
စကားပြောဆိုပြီးနောက် မီစီတစ်ယောက် လှည့်ထွက်သွားတော့သည်။ ရှောင်းယီသည် ကျားကျန့်ထံသို့ ဖုန်းဆက်ကာ မေးလိုက်သည်။
“ခင်ဗျားတို့ မီစီ ပို့ပေးတဲ့ အစားအစာတွေအပေါ် ညည်းညူခဲ့ကြသေးလား။”
“ဟင်... မလုပ်ပါဘူး။ အဲ့ဒီလို ညည်းညူတဲ့သူရှိတယ်လို့တော့ မကြားမိဘူး။ ဟူကျဲရေ...”
ဖုန်းထဲမှတစ်ဆင့် ကျားကျန့်က ဟူကျဲကို လှမ်းခေါ်လိုက်သည့်အသံကို ရှောင်းယီ ကြားလိုက်ရသည်။
“ခုနက မီစီပို့ပေးတဲ့ အစားအစာတွေအပေါ် တစ်ယောက်ယောက် ညည်းညူတာမျိုး ရှိခဲ့လား။”
“ညည်းညူတာတော့ မဟုတ်ပါဘူး။ ကျုပ်တို့က မီစီကို ယီရန်ပင်းမဟာမိတ်အဖွဲ့က အစားအစာတွေကို မြည်းကြည့်ဖို့ပဲ အကြံပေးလိုက်တာပါ။ သူမ မြည်းကြည့်ပြီးတာနဲ့ ထွက်သွားတော့တာပဲ။ မဟာမိတ်ခေါင်းဆောင်ရှောင်းကို သွားရှာတာ ဖြစ်လိမ့်မယ်။”
“မင်းတို့ကတော့ ကမောက်ကမတွေ လုပ်လိုက်ပြန်ပြီကွ။”
ဖုန်းထဲမှ ကျားကျန့်၏ ဆူပူသံအချို့ ထွက်ပေါ်လာခဲ့သည်။
“အခုက ဘယ်လိုအချိန်ရှိနေပြီလဲ။ မင်းတို့က အစားအသောက် ကိစ္စတွေနဲ့ ရှုပ်နေတုန်းလား။”
ထို့နောက်တွင် ကျားကျန့်သည် ဖုန်းကို ပြန်ကိုင်လိုက်ဟန်ဖြင့် အလျင်အမြန် တောင်းပန်စကား ဆိုလာခဲ့လေသည်။
“တောင်းပန်ပါတယ် မဟာမိတ်ခေါင်းဆောင်ရှောင်း မီစီက မင်းဆီ ရောက်လာခဲ့တာလား။”
“ဟုတ်တယ်။ သူမ အခုလေးတင်ပဲ ပြန်ထွက်သွားပြီ။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
“မဟာမိတ်ခေါင်းဆောင်ရှောင်းကို ငါ တကယ်ပဲ အားနာပါတယ်။ မီစီက စကားပြောရင် အရမ်းကို ပွင့်လင်းလွန်းတယ်။ တစ်ခုခု အမှားအယွင်း ရှိခဲ့ရင် သူမကိုယ်စား ငါကပဲ တောင်းပန်ပါတယ်။”
ကျားကျန့်၏ စကားကြောင့် ရှောင်းယီ အနည်းငယ် ကြောင်အသွားခဲ့ပြီးနောက် ပြုံးကာ ပြန်ဖြေလိုက်သည်။
“ခင်ဗျား အရမ်းတွေးနေပါပြီ။ မီစီက စိတ်ထား အရမ်းကောင်းပါတယ်။ ခုနက ကျုပ်တို့ စကားပြောတာလည်း အရမ်း အဆင်ပြေခဲ့ပါတယ်။ ဘာမှ စိတ်အနှောင့်အယှက် ဖြစ်စရာ မရှိပါဘူး။”
ယခုတစ်ကြိမ်တွင်မူ ကျားကျန့် ကြောင်အသွားရသည့်အလှည့် ဖြစ်သည်။
မီစီက စိတ်ထားကောင်းတယ် ဟုတ်လား။
ဒီမှာရှိတဲ့ ဘီလူးတွေထဲမှာ မီစီကို စိတ်ထားကောင်းတယ်လို့ ပြောမယ့်သူ တစ်ယောက်မှ ရှိမှာမဟုတ်ဘူး။
“မီစီက မင်းကို စိတ်ဆိုးအောင်မလုပ်ခဲ့တာ သေချာရဲ့လား။”
ကျားကျန့်က တစ်ခုခုတော့ မှားနေပြီဟု ခံစားမိလိုက်သည်။
“သေချာပါတယ်။ သူမက ကျုပ်တို့ မဟာမိတ်အဖွဲ့ရဲ့ အစားအစာတွေ ဘာလို့ ဒီလောက် အရသာရှိနေရတာလဲဆိုတဲ့ လျှို့ဝှက်ချက်ကို လာမေးတာပါ။”
ရှောင်းယီက ပြုံးကာ ပြန်ဖြေလိုက်သည်။
“ဒါကတော့ အရမ်း ရိုင်းရာကျသွားပြီ။”
ကျားကျန့်က အလျင်အမြန် ဆိုလိုက်သည်။
“မရိုင်းပါဘူး။ ဒါက လျှို့ဝှက်ချက်လည်း မဟုတ်ပါဘူး။ ကျုပ်တို့က အမွှေးအကြိုင်အချို့ကို ရှာတွေ့ထားရုံတင်ပါ။ နောက်ကျရင် ခင်ဗျားတို့ကို နည်းနည်း ပေးလိုက်ပါ့မယ်။ ဒါဆို မီစီလည်း ကျုပ်တို့လို အရသာမျိုး ရအောင် ချက်နိုင်မှာပါ။”
“ဒါဆိုရင်တော့ ကျေးဇူးအများကြီး တင်ပါတယ် မဟာမိတ်ခေါင်းဆောင်ရှောင်း။”
“ခင်ဗျားက အားနာနေပြန်ပါပြီ။ ကျုပ် ဖုန်းဆက်တာက ထောက်ပို့လုပ်ငန်းဆိုတာ မီစီတို့အတွက် မလွယ်ကူဘူးဆိုတာကို သတိပေးချင်လို့ပါ။ ဒါကြောင့် သူတို့ကို အမြဲတမ်း ညည်းညူမနေကြပါနဲ့။”
ရှောင်းယီက ရယ်မောကာ ပြောလိုက်သည်။
“မဟာမိတ်ခေါင်းဆောင်ရှောင်း ပြောတာ မှန်ပါတယ်။ ရှေ့တန်းက ဒီကောင်လေးတွေကို ငါ သေချာဆုံးမလိုက်ပါ့မယ်။”
ကျားကျန့်က ပြန်ဖြေလိုက်သည်။
ဖုန်းချပြီးနောက် ကျားကျန့်သည် အခြားဘီလူးများကို ချက်ချင်းလှည့်ကြည့်ကာ ခက်ထန်သောလေသံဖြင့် မေးလိုက်သည်။
“မင်းတို့က နှစ်ရက်လောက် အစားကောင်းသောက်ဖွယ်တွေ စားလိုက်ရရုံနဲ့ မောက်မာချင်နေကြပြီပေါ့ ဟုတ်လား။”
ဘီလူးများအားလုံး ခေါင်းငုံ့သွားကြတော့သည်။ မီစီသည် ရှောင်းယီကို တစ်ခုခု စော်ကားမိခဲ့ပြီဟု သူတို့ ထင်ကြေးပေးနေကြသည် မဟုတ်လျှင် ကျားကျန့်က ဤမျှအထိ တည်ကြည်လေးနက်နေမည် မဟုတ်ပေ။
“တကယ်လို့ ဒီအတိုင်းသာဆိုရင် မဟာမိတ်ခေါင်းဆောင်ရှောင်းကို ငါတို့အတွက် အစားအစာတွေ ထောက်ပံ့တာ ရပ်တန့်ခိုင်းဖို့ လိုအပ်မယ်လို့ ငါထင်တယ်။”
ကျားကျန့်က ဆက်ပြောလိုက်သည်။
“မလုပ်ပါနဲ့ ခေါင်းဆောင်...။ ကျုပ်တို့က မီစီကို အကြံပေးရုံတင်ပါ။ စဉ်းစားကြည့်လေ..တကယ်လို့ မီစီလည်း မဟာမိတ်ခေါင်းဆောင်ရှောင်းတို့ဘက်ကလို အရသာမျိုး ရအောင် ချက်နိုင်သွားရင် ကျုပ်တို့ဘာသာ ချက်စားလို့ရပြီ။ ဒါဆို မဟာမိတ်ခေါင်းဆောင်ရှောင်းကိုလည်း ဒုက္ခပေးစရာ မလိုတော့ဘူး မဟုတ်လား။”
ဟူကျဲက သတိထားပြီး ပြောလိုက်သည်။
“ဟွန်း... မင်းတို့ စိတ်ထဲမှာ ဘာတွေ ကြံစည်နေလဲဆိုတာ ငါမသိဘူး မထင်နဲ့။”
ကျားကျန့်က ဆိုသည်။
“ဒါပေမဲ့ ဟုကျဲ့ပြောတာလည်း တစ်ဖက်ကကြည့်ရင်တော့ အဓိပ္ပာယ်ရှိသားပဲ။”
“ခေါင်းဆောင်...မီစီက တကယ်ကြီး မဟာမိတ်ခေါင်းဆောင်ရှောင်းဆီ သွားလိုက်တာလား။”
ဟူကျဲ့က ဆက်မေးလိုက်သည်။ ကျားကျန့်က ဟူကျဲကို စိုက်ကြည့်လိုက်၏။
“ဒါက မင်းတို့ လိုချင်တဲ့ ရလဒ်ပဲ မဟုတ်ဘူးလား။”
ဟူကျဲတစ်ယောက် ခေါင်းကုတ်လိုက်မိသည်။
“ကျုပ်တို့က မီစီကို သူတို့ဆီကနေ ပညာသွားသင်စေချင်ရုံတင်ပါ။ သူမက မဟာမိတ်ခေါင်းဆောင်ရှောင်းကိုတော့ စိတ်အနှောင့်အယှက် မဖြစ်စေခဲ့ပါဘူးနော်။”
“မဖြစ်ခဲ့တာ ကံကောင်းတယ်လို့မှတ်။ မဟုတ်ရင် မင်းတို့အားလုံး သွားပြီး တောင်းပန်ရမယ်။”
ကျားကျန့်က သူတို့ကို ကြည့်ကာ ပြောလိုက်သည်။
ရှောင်းယီကို စိတ်မဆိုးစေခဲ့မှန်း သိလိုက်ရသဖြင့် ဟူကျဲသည် နောက်ဆုံးတွင် ပြန်ပြုံးနိုင်သွားခဲ့တော့သည်။
“မဟာမိတ်ခေါင်းဆောင်ရှောင်းကို စိတ်မဆိုးစေခဲ့ဘူးဆိုရင်တော့ ဒါက အောင်မြင်သွားတာပဲပေါ့။ မဟာမိတ်ခေါင်းဆောင်ရှောင်းက မီစီကို အရသာရှိအောင်ချက်တဲ့ လျှို့ဝှက်ကျမ်းကို တကယ်ပေးလိုက်တာလား။”
“မဟာမိတ်ခေါင်းဆောင်ရှောင်း ပြောတာတော့ အစားအစာတွေ အရသာရှိတာက ဟင်းခတ်အမွှေးအကြိုင်အချို့ ထည့်ထားလို့တဲ့။ သူက မီစီကိုလည်း အဲ့ဒါတွေအကြောင်း ပြောပြလိုက်တယ်။ ပြီးတော့ ငါတို့အတွက် အမွှေးအကြိုင်တစ်သုတ် ပေးဖို့လည်း ပြင်ဆင်နေတယ်လို့ ပြောတယ်။”
ကျားကျန့်က ပြန်ဖြေသည်။
“ကောင်းလိုက်တာ...။ အခုကစပြီး ငါတို့စားရမယ့် အစားအစာတွေကလည်း ဒီလိုမျိုး အရသာရှိလာတော့မှာပေါ့။”
ဟူကျဲက စိတ်လှုပ်ရှားစွာ ဆိုလိုက်သည်။
“နောက်နောင်ကျရင် ဒီလိုကိစ္စမျိုးတွေနဲ့ မဟာမိတ်ခေါင်းဆောင်ရှောင်းကို သွားပြီး ဒုက္ခမပေးကြနဲ့။”
ကျားကျန့်က သတိပေးလိုက်သည်။
“ဟုတ်ကဲ့ပါ။”
ဟူကျဲက အကျယ်ကြီး ပြန်ထူးလိုက်သည်။
ထိုအချိန်တွင် မီစီသည် ပြန်လျှောက်လာခဲ့ပြီဖြစ်ပြီး သူမလက်ထဲတွင် ကျန်နေသေးသည့် အနံ့ကို ခဏခဏ နမ်းကြည့်နေခဲ့သည်။
မီစီ၏ အပြုအမူကို မြင်သောအခါ အခြားဘီလူးများက တိုးတိုးတိတ်တိတ် စပြောကြတော့သည်။
“မီစီ ဘာလုပ်နေတာလဲ။ ဘာလို့ ကြည့်ရတာ တစ်မျိုးကြီး ဖြစ်နေတာလဲ။”
“မင်းက မီစီကို အဲ့ဒီလို ပြောရဲတယ်ပေါ့။ ခဏနေရင် မင်း သူ့ကို အဲ့ဒီလို ခေါ်တယ်လို့ ငါသွားပြောလိုက်မယ်။”
“မလုပ်ပါနဲ့။ ငါက သူ့ရဲ့ အပြုအမူက လူတွေကို အတွေးနယ်ချဲ့စေတယ်လို့ ပြောတာပါ။”
“အမှန်အတိုင်း ပြောရရင် ဒီအပြုအမူက တကယ်ပဲ ကြည့်ရတာ နည်းနည်းတော့ မသင့်တော်ဘူး။”
ကျားကျန့်တစ်ယောက် မီစီ၏ အပြုအမူကို မြင်သောအခါ မျက်နှာက အနည်းငယ် တွန့်လိမ်သွားသည်။ သူက ရှေ့သို့တက်ကာ မေးလိုက်သည်။
“မီစီ မင်း ဘာဖြစ်နေတာလဲ။”
မီစီ ခေါင်းမော့ကြည့်လိုက်ရာ ကျားကျန့်ကို မြင်သောအခါ သူမ၏ လက်ကို ကျားကျန့်ရှေ့သို့ တန်းတန်းမတ်မတ် ဆန့်ထုတ်လိုက်ရာ ကျားကျန့်မှာ လန့်သွားပြီး နောက်သို့ အလန့်တကြား ခြေလှမ်းအတော်များများ ဆုတ်လိုက်မိသည်။
“မင်း ဘာလုပ်တာလဲ။”
ကျားကျန့်က ခုခံကာကွယ်သည့် ပုံစံမျိုးဖြင့် ကြည့်လိုက်သည်။
“ဒါကို အနံ့ခံကြည့်စမ်း။ ဒါက မဟာမိတ်ခေါင်းဆောင်ရှောင်း ခုနကပေးတဲ့ အမွှေးအကြိုင်တွေပဲ။ အားပြင်းပြင်းနဲ့တော့ မရှူလိုက်နဲ့။”
ထိုအခါမှ ကျားကျန့်သည် မနမ်းသင့်သည့်အရာကို နမ်းမိမှာ ကြောက်နေသည့်ပုံစံဖြင့် စမ်းတဝါးဝါး ရှေ့တိုးကာ အနံ့ကို အသာအယာ ရှူကြည့်လိုက်သည်။
သို့သော် နောက်တစ်စက္ကန့်တွင် ကျားကျန့်၏ မျက်လုံးများ ပြူးကျယ်သွားတော့သည်။
“ဒါ... ဒါ ဟုတ်တယ်။ ဒါက ခုနက ငါတို့စားခဲ့တဲ့ ယီရန်ပင်းမဟာမိတ်အဖွဲ့ရဲ့ အစားအစာတွေထဲက အရသာအတိအကျပဲ။”
ထိုစကားကို ကြားလိုက်ရသောအခါ အခြားဘီလူးကြီးများအားလုံးလည်း အနားသို့ တိုးလာကြပြီး မီစီ၏ လက်ပေါ်က အနံ့ကို ဝိုင်းပြီး နမ်းကြည့်ကြတော့သည်။