အခန်း (၁၁၃၅-၁၁၃၆)
Vol. 97 Ch. 1135-1136
အခန်း ၁၁၃၅
ဧရာမသီးနှံများအကြောင်း ကြားလိုက်ရသောအခါ တပည့်များအားလုံး စိတ်ဝင်တစား ဖြစ်သွားကြသည်။
“လောင်ယွမ် ဒီဟာတွေက ဘယ်ကနေ ရောက်လာတာလဲ။”
တပည့်တစ်ဦးက အားလုံးကိုယ်စား မေးလိုက်သည်။
“ကျွန်းပိုင်ရှင်က ဧရာမဘီလူးမျိုးနွယ်စုဆီကနေ ဒါတွေကို တောင်းခံထားတာပဲ။ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းကို ချဲ့ထွင်ဖို့နဲ့ သူတို့ရဲ့ အဆင့်တွေကို မြှင့်တင်ပေးဖို့ မျှော်လင့်ထားတယ်။”
“အော်... ဒါကြောင့် ဒီလောက်ကြီးနေတာကိုး။ ဧရာမဘီလူးမျိုးနွယ်စုဆီက ဖြစ်နေတာပဲ။”
အားလုံး ရုတ်တရက် သဘောပေါက်သွားခဲ့ကြသည်။
“ကောင်းပြီ... အားလုံး ခဏလောက် အနားယူပြီးရင် အစာကျွေးဖို့ မြက်တွေ ဆက်သယ်ကြရအောင်။ ဧရာမသီးနှံတွေ မထွက်လာခင်အထိတော့ ငါတို့ ပင်ပင်ပန်းပန်း လုပ်ကြရဦးမယ်။”
ယွမ်နွန် ဆော်ဩလိုက်သည်။
“ဟုတ်ကဲ့...။”
ထိုညတွင် ရှောင်းယီသည် ဗီလာသို့ မပြန်တော့ဘဲ သယ်ယူပို့ဆောင်ရေးလေယာဉ်ပေါ်တွင်သာ ညအိပ်ရန် ပြင်ဆင်လိုက်သည်။
“ကျွန်းပိုင်ရှင် တကယ်တော့ မင်း ပြန်သွားလို့ ရပါတယ်။ ငါလည်း ဒီမှာ စောင့်ကြည့်နေမှာပဲ။ တစ်ခုခုဖြစ်တာနဲ့ ချက်ချင်း အကြောင်းကြားလိုက်မယ်လေ။” ဟ
ကျန်းယွင်ထျန်းက ပြောလိုက်သည်။ ရှောင်းယီက လက်ယမ်းပြလိုက်သည်။
“ဒီတစ်ခေါက် မသေမျိုးမျိုးနွယ်စုတွေရဲ့ ဝှက်ဖဲက ဘာလဲဆိုတာ ငါမသိသေးဘူး။ အဲ့ဒါကြောင့် ဒီမှာ နေတာ ပိုကောင်းတယ်။”
ကျန်းယွင်ထျန်းက ထပ်မံ၍ မတိုက်တွန်းတော့ဘဲ စကားလမ်းကြောင်း ပြောင်းလိုက်သည်။
“ဒီတစ်ခေါက်သာ မသေမျိုးမျိုးနွယ်စုတွေကို အပြတ်ရှင်းနိုင်ရင် သူတို့မှာ တခြားနည်းလမ်းတွေ ရှိလာဦးမှာလား။”
“ဘယ်သူသိမှာလဲ။ ဒါပေမဲ့ ကိစ္စတွေက အဲ့လောက် မရိုးရှင်းနိုင်ဘူးလို့ ငါထင်တယ်။”
ရှောင်းယီက ခေါင်းခါကာ ပြန်ဖြေလိုက်သည်။ ကျန်းယွင်ထျန်းက ဆက်ပြောသည်။
“ကလေးတွေကို အနိုင်ယူလိုက်ရင် လူကြီးတွေ ထွက်လာသလိုမျိုးတော့ မဖြစ်လောက်ဘူးမလား။ အဲ့ဒါဆိုရင်တော့ အရမ်းကို ပုံသေကားကျ ဖြစ်နေမှာပဲ။”
ရှောင်းယီက ပြုံးလိုက်သည်။
“ငါတို့ အခု မသေမျိုးမျိုးနွယ်စုတွေနဲ့ အဆုံးအဖြတ် တိုက်ပွဲဝင်နေတာလေ။ မင်းက ဘယ်လိုမျိုး ထူးထူးခြားခြား ဖြစ်စေချင်လို့လဲ။”
ကျန်းယွင်ထျန်းက ပုခုံးတွန့်လိုက်သည်။
“ညည်းကြည့်တာပါ။ ထူးထူးခြားခြား မရှိလည်း အဆင်ပြေပါတယ်။ ဒါမှ အားလုံး မျှော်လင့်ထားတဲ့အတိုင်း ဖြစ်နေမှာဆိုတော့ ငါတို့လည်း ဖြည်းဖြည်းချင်း အဆင့်မြှင့်သွားလို့ ရတာပေါ့။”
“ငါ ခဏလောက် မှေးလိုက်ဦးမယ်။ သုံးနာရီကြာရင် မင်း ငါ့နဲ့ လာလဲလိုက်တော့။”
ရှောင်းယီသည် လေယာဉ်ခန်းအတွင်းရှိ အနားယူဆောင်သို့ လျှောက်သွားလိုက်တော့သည်။
ဧရာမဘီလူးမျိုးနွယ်စုဘက်တွင်လည်း တာဝန်ကျလူများကို စီစဉ်ထားပြီး ကျန်ဧရာမဘီလူးကြီးများမှာမူ မြေပြင်ပေါ်တွင် လဲလျောင်းလျက် အနားယူနေကြသည်။
အချိန်မှာ တစ်မိနစ်ပြီး တစ်မိနစ် ကုန်ဆုံးသွားခဲ့သည်။
သုံးနာရီကြာပြီးနောက် ရှောင်းယီသည် မျက်လုံးများ ဖွင့်ကာ အပြင်သို့ ထွက်လာခဲ့သည်။ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရှေ့တွင်ရှိသော ကျန်းယွင်ထျန်းက ရှောင်းယီ ထလာသည်ကို မြင်သောအခါ ပြောလိုက်သည်။
“အခြေအနေအားလုံး ပုံမှန်ပဲ။ အသံတစ်သံတောင် မကြားရဘူး။”
“ဒါက မုန်တိုင်းမလာခင် လေငြိမ်နေတာ ဖြစ်နိုင်တယ်။”
ရှောင်းယီက ပြန်ဖြေသည်။
“မင်း သွားအိပ်တော့။”
“ဟုတ်ကဲ့။”
ကျန်းယွင်ထျန်းတစ်ယောက် အနားယူဆောင်သို့ လျှောက်သွားလိုက်သည်။
ရှောင်ယီသည် ကျောက်တိုင်ကို တစ်ချက်ကြည့်ပြီးနောက် အပြင်သို့ ထွက်လာခဲ့လိုက်သည်။
ထိုနေ့သည် တိမ်ထူသောနေ့ ဖြစ်သဖြင့် ထူထပ်သော တိမ်တိုက်များက ကြယ်စုံသော ကောင်းကင်ယံကို ဖုံးကွယ်ထားသည်။ ရှာဖွေရေးမီးမောင်း အချို့သည် ရှေ့တန်းစစ်မျက်နှာ၌ ဟိုဘက်ဒီဘက် ဝေ့ယမ်းကာ လင်းထိန်စေနေ၏။
ရုတ်တရက် မီးမောင်းအောက်တွင် အရိုးစုစစ်သည်တစ်ဦး ထွက်ပေါ်လာခဲ့သည်။ တာဝန်ကျနေသော ဧရာမဘီလူးကြီးသည် ထိုအရိုးစုကို မြင်သည်နှင့် “ရန်သူ.....” ဟု အော်ဟစ်လိုက်တော့သည်။
အနားယူနေသော ဧရာမဘီလူးကြီးများအားလုံးသည် ချက်ချင်းပင် နိုးလာကြပြီး ရှေ့သို့ ကြည့်လိုက်ကြသည်။
အမှန်ပင်... မီးမောင်းများအောက်တွင် မရေမတွက်နိုင်သော အရိုးစုများသည် သူတို့ရှိရာသို့ ဦးတည်ကာ အတင်းပြေးဝင်လာကြသည်။
“ခေါင်းဆောင်ကျား မလှုပ်ရှားနဲ့ဦး။”
ရှောင်းယီက လေးနက်သော လေသံဖြင့် ပြောလိုက်သည်။
“စစ်သုံးယာဉ်တွေ အသင့်ပြင်။ ဧရာမဘီလူးမျိုးနွယ်စုတွေရဲ့ ရှေ့ မီတာ သုံးရာအကွာမှာ အမြောက်တွေနဲ့ အကာအကွယ်ပေးထား။”
“ဟုတ်ကဲ့။”
“ဝုန်း...ဝုန်း... ဝုန်း...”
စစ်သုံးယာဉ်များသည် ချက်ချင်းပင် ကျယ်လောင်စွာ ဟိန်းဟောက်လိုက်ကြပြီး ထိုအရိုးစုများသည်လည်း ချက်ချင်းပင် ဖုန်မှုန့်များအဖြစ် လွင့်စင်သွားကြတော့သည်။
စစ်သုံးယာဉ်များမှာ လုံလောက်စွာရှိပြီး ခဲယမ်းမီးကျောက်များမှာလည်း ပေါများလှသောကြောင့် ထိုအရိုးစုများသည် ဘီလူးကြီးများရှိရာ မီတာ သုံးရာအတွင်းသို့ အနားပင် မကပ်နိုင်ကြချေ။
“ဒီအပြင်လူတွေရဲ့ လက်နက်တွေက တကယ်အစွမ်းထက်တာပဲ။”
ဟူကျဲက အံ့ဩတကြီး ရေရွတ်လိုက်သည်။
“ဟုတ်တယ်။ ငါတို့သာ ဒီလိုလက်နက်တွေ ရှိမယ်မှန်း အစောကတည်းက သိခဲ့ရင် မသေမျိုးမျိုးနွယ်စုတွေကို တားဆီးဖို့ ဒီလောက်တောင် ပင်ပင်ပန်းပန်း လုပ်နေစရာ မလိုဘူး။ အခုဆိုရင် အာကာသ အက်ကွဲကြောင်း ရှိတဲ့နေရာအထိတောင် ငါတို့ ထိုးဖောက်နိုင်နေလောက်ပြီ။”
ကျားကျန့်က ခေါင်းငြိမ့်ကာ ဆိုလိုက်သည်။
“ဒါပေမဲ့ အရင်ကလာတဲ့ အပြင်လူတွေမှာ ဒီလောက်အစွမ်းထက်တဲ့ တိုက်ခိုက်ရေးစွမ်းရည် မရှိဘူးလို့ ကျုပ် ကြားဖူးတယ်။”
ဟူကျဲက ဆက်ပြောလိုက်သည်။
ကျားကျန့်တစ်ယောက် အနည်းငယ် တုံ့ဆိုင်းသွားခဲ့ပြီးနောက် ခေါင်းငြိမ့်ကာ ပြောလိုက်သည်။
“ဟုတ်တယ်။ အရင်က အပြင်လူတွေနဲ့ ယှဉ်ရင် မဟာမိတ်ခေါင်းဆောင်ရှောင်းက အများကြီး ပိုသန်မာတယ်။”
“အမှန်ပဲ။ မဟာမိတ်ခေါင်းဆောင်ရှောင်းရဲ့ အကူအညီနဲ့ ဒီတစ်ခေါက် မသေမျိုးမျိုးနွယ်စုတွေကို အပြတ်ရှင်းပစ်နိုင်ဖို့ မျှော်လင့်ရတာပဲ။ ဒါမှ တစ်နေ့လုံး ဒီမှာ တိုက်ခိုက်နေရတဲ့ဘဝက ကျွတ်မှာ။”
ဟူကျဲက ပြောလိုက်သည်။
“ငါတော့ ဒီတစ်ခေါက် ငါတို့ အောင်မြင်မယ်လို့ ကြိုတင်နိမိတ် ရနေသလိုပဲ။”
ကျားကျန့်က ဆိုသည်။
အမြောက်သံများမှာ အဆက်မပြတ် မြည်ဟည်းနေဆဲပင်။ အမြောက်ဆံများကြားမှ ဖောက်ထွက်နိုင်သည့် အရိုးစုဟူ၍ မရှိသလောက်ပင်။ တစ်ခါတစ်ရံ တစ်ကောင်တစ်လေ ဖောက်ထွက်လာပါကလည်း စောင့်ဆိုင်းနေသော စနိုက်ပါသမားများ၏ လက်ချက်ဖြင့် ချက်ချင်းပင် လဲကျသွားရသည်။
ဧရာမဘီလူးကြီးများမှာ လက်ဖျားဖြင့်ပင် တို့စရာမလိုဘဲ အရိုးစုများ၏ ထိုးစစ်မှာ ရပ်တန့်သွားတော့သည်။
“ပစ်ခတ်မှု ရပ်။”
အရိုးစုများ ရပ်တန့်သွားသည်ကို မြင်သည်နှင့် ရှောင်းယီက ချက်ချင်း အမိန့်ပေးလိုက်သည်။
“မဟာမိတ်ခေါင်းဆောင်ရှောင်း ဒီအရိုးစုတွေက ငါတို့ကို စမ်းသပ်ဖို့ လွှတ်လိုက်တဲ့ အမြောက်စာတွေပဲ ဖြစ်လိမ့်မယ်။”
ကျားကျန့်က ဝေါ်ကီတော်ကီမှတစ်ဆင့် ပြောလိုက်သည်။
“အင်း... ဒါဆိုရင် ဟိုအစွမ်းထက်တဲ့ကောင် ရောက်ခါနီးပြီဆိုတဲ့ အဓိပ္ပာယ်ပဲ မဟုတ်လား။”
ရှောင်းယီက ပြန်မေးလိုက်သည်။
“ဖြစ်နိုင်ခြေ အရမ်းများတယ်။ သူကိုယ်တိုင် မလာခင် အရင်ဆုံး စမ်းသပ်တိုက်ခိုက်ခိုင်းတာပေါ့။ အောင်မြင်ရင်လည်း အမြတ်၊ မအောင်မြင်ရင်တောင် ငါတို့ကို ကောင်းကောင်း အနားမရအောင် နှောင့်ယှက်လို့ ရတာပဲ။”
ကျားကျန့်ကလည်း မသေမျိုးမျိုးနွယ်စု၏ အကြံအစည်ကို ရိပ်မိသည်။
“ဒါကြောင့် အားလုံးက ပိုပြီးတော့ အာရုံစိုက်ထားဖို့ လိုတယ်။”
ရှောင်းယီက သတိပေးလိုက်သည်။
“နားလည်ပါပြီ။”
ပစ်ခတ်မှု ရပ်နားထားစဉ် ရှောင်းယီသည် အခွင့်ကောင်းယူကာ ချက်ချင်းပင် လက်မှတ်ထိုးဝင်လိုက်သည်။
“လက်မှတ်ထိုးဝင်ခြင်း အောင်မြင်ပါသည်။ ရရှိသောဆုလာဘ်- ဝေဟင်မှ မြေပြင်ပစ် ဒုံးကျည် ပုံစံခွက် (SSS-အဆင့်) ၁။”
ထိုဆုလာဘ်ကို မြင်လိုက်ရသောအခါ ရှောင်းယီသည် သယ်ယူပို့ဆောင်ရေးလေယာဉ်ခန်းအတွင်းရှိ ကျောက်တိုင်သို့ ချက်ချင်းပြန်သွားပြီး ပုံစံခွက်ကို အသုံးပြုလိုက်သည်။
“အန်းရန်၊ ဆုဝမ်... မင်းတို့ ရှိကြလား။”
ရှောင်းယီက ကျောက်တိုင်မှတစ်ဆင့် မေးလိုက်သည်။
သူ့ထံတွင် ကုန်ကြမ်းပစ္စည်းများ မရှိသဖြင့် ဤဒုံးကျည်များကို ကိုယ်တိုင် မထုတ်လုပ်နိုင်ပေ။ ကျွန်းပေါ်ရှိ လူများကိုသာ ထုတ်လုပ်ခိုင်းပြီးမှ လဲလှယ်ရယူရမည်ဖြစ်သည်။
ယခုအချိန်မှာ မနက် ၃ နာရီကျော်နေပြီဖြစ်သဖြင့် ရှောင်းယီ သိပ်တော့ မျှော်လင့်မထားပေ။ တစ်ယောက်ယောက် ရှိနေလျှင် ကောင်းသော်လည်း မရှိပါက ကျန်းယွင်ထျန်း နိုးလာမှသာ သူ့ကို ကျွန်းသို့ ပြန်ခိုင်းပြီး ထုတ်လုပ်ခိုင်းရမည်ဖြစ်သည်။
သို့သော် မမျှော်လင့်ဘဲ ဆုဝမ်က ချက်ချင်း ပြန်ဖြေလာခဲ့သည်။
“အန်းရန်က အနားယူနေတယ်။ ကျွန်မ တာဝန်ကျနေတယ်။”
“အရမ်းကောင်းတယ်။ မင်းကို ငါ ခွင့်ပြုချက် ပေးလိုက်မယ်။ အခုလေးတင် ငါရထားတဲ့ ဝေဟင်မှ မြေပြင်ပစ် ဒုံးကျည်တွေကို ကျောက်တိုင် သုံးပြီး ထုတ်လုပ်ပေးပါ။”
ရှောင်းယီက ချက်ချင်း ပြောလိုက်သည်။
“ဟုတ်ကဲ့။”
ဆုဝမ်က ပြန်ဖြေလိုက်ပြီး ဒုံးကျည်များကို စတင်ထုတ်လုပ်လိုက်တော့သည်။
“ကျွန်းပိုင်ရှင် ဘယ်နှစ်စင်း ထုတ်ပေးရမလဲ။”
“အရင်ဆုံး ဆယ်စင်းလောက် ထုတ်လိုက်။”
“ဟုတ်ကဲ့။”
မကြာမီမှာပင် ဒုံးကျည် ဆယ်စင်းကို လဲလှယ်ရယူလိုက်နိုင်သည်။
[ဝေဟင်မှ မြေပြင်ပစ် ဒုံးကျည် (SSS အဆင့်): လေကြောင်း ယူနစ်များမှ ပစ်လွှတ်နိုင်ပြီး ပစ်မှတ်ကို လိုက်လံခြေရာခံနိုင်သည့် စွမ်းရည်ရှိသည်။]
“တိုက်လေယာဉ်တွေနဲ့ အကွက်တိပဲ။”
စနစ်၏ ညွှန်ကြားချက်ကို မြင်သောအခါ ရှောင်းယီ အလွန်ဝမ်းသာသွားခဲ့သည်။ နောက်ဆုံးတော့ တိုက်လေယာဉ်များမှာ ပိုပြီး ထိရောက်သည့် အခန်းကဏ္ဍကနေ ပါဝင်နိုင်တော့မည်ဖြစ်သည်။
ထိုသို့တွေးရင်း ရှောင်းယီသည် တိုက်လေယာဉ် တာဝန်ခံ စစ်သည်များကို ချက်ချင်းခေါ်ယူကာ ထိုဒုံးကျည်များကို တိုက်လေယာဉ်များ၌ တပ်ဆင်ခိုင်းလိုက်သည်။ စနစ်၏ အကူအညီဖြင့် ဒုံးကျည်များကို တိုက်လေယာဉ်များ၌ လျင်မြန်စွာ တပ်ဆင်ပြီးစီးသွားခဲ့သည်။
သို့သော် လက်ရှိပြဿနာမှာ လေယာဉ်မှူးများတွင် ဒုံးကျည်ပစ်လွှတ်သည့် အတွေ့အကြုံ မရှိခြင်းပင်။
လေယာဉ်မှူးများ၏ ခက်ခဲနေသော မျက်နှာထားများကို မြင်သောအခါ ရှောင်းယီက ပြောလိုက်သည်။
“စိတ်မပူကြနဲ့...။ နောက်ကျရင် အစ်ကိုကျန်းက မင်းတို့ကို လက်တွေ့ပစ်ခတ်ပုံကို သင်ပေးလိမ့်မယ်။”
“ဟုတ်ကဲ့။”
လေယာဉ်မှူးများက တုံ့ပြန်လိုက်ကြသည်။
ထို့နောက်တွင် အရိုးစုများသည် နောက်ထပ် အကြိမ်အနည်းငယ် တိုက်ခိုက်လာသော်လည်း အမြောက်ဆံများဖြင့်သာ အပြတ်ရှင်းနိုင်ခဲ့သဖြင့် ဧရာမဘီလူးကြီးများ လှုပ်ရှားရန်ပင် မလိုအပ်ခဲ့ပေ။ ဧရာမဘီလူးကြီးများ၏ ကြံ့ခိုင်မှုမှာ အကောင်းဆုံး အခြေအနေတွင် ရှိနေဆဲဖြစ်သည်။
မကြာမီ မနက် ၆ နာရီသို့ ရောက်ရှိလာခဲ့သည်။ အရုဏ်တက်လာသည်နှင့်အမျှ အဝေးမှ အလွန်ကြီးမားသော အရိုးစုကိုယ်ထည်ကြီးတစ်ခုသည် ဧရာမဘီလူးကြီးများရှိရာသို့ အလွန်လျင်မြန်သော အရှိန်ဖြင့် ပြေးဝင်လာတော့သည်။
ထိုအရိုးစုကြီးမှာ ဘီလူးကြီးများထက်ပင် ပို၍ မြင့်မားနေသေးသည်။
အခန်း ၁၁၃၆
“လာပြီ။”
ကျားကျန့်က ထိုဧရာမ အရိုးစုကြီးကို ကြည့်ကာ လေးနက်သော အသံဖြင့် ပြောလိုက်သည်။
“ဘီလူးတွေအားလုံး... တိုက်ပွဲအတွက် အသင့်ပြင်ကြ...။”
“ဟုတ်ကဲ့။”
ကျန်းယွင်ထျန်းသည်လည်း နိုးနေပြီဖြစ်သည်။ ထို့နောက် အနားယူဆောင်မှ ထွက်လာရင်း သူက မေးလိုက်သည်။
“ကျွန်းပိုင်ရှင် မသေမျိုးမျိုးနွယ်စုဘက်က ထူးခြားတဲ့ လှုပ်ရှားမှု ရှိလား။”
“သူတို့ တိုက်ခိုက်မှုအချို့ လုပ်ခဲ့တယ်။ ဒါပေမဲ့ ငါတို့ တင့်ကားတပ်ဖွဲ့တွေက တားဆီးထားနိုင်ခဲ့တယ်။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
“ဘာ...အဲ့ဒါဆို ဘာလို့ ငါ့ကို မနှိုးတာလဲ။”
ကျန်းယွင်ထျန်းက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
“သာမန်တိုက်ခိုက်မှုတွေပါပဲ။ မင်းလို ကျွမ်းကျင်သူတစ်ယောက်ကိုယ်တိုင် ထွက်လာစရာ မလိုသေးလို့ပါ။”
ရှောင်းယီက ပြန်ဖြေလိုက်ပြီးနောက် အဝေးတွင် ပေါ်လာသော ကြီးမားသည့် အရိုးစုကြီးကို ညွှန်ပြကာ ဆက်ပြောလိုက်သည်။
“ငါတို့ တင့်ကားတပ်ဖွဲ့တွေ အဲ့ဒီကောင်ကိုတော့ ဘာမှလုပ်နိုင်မှာ မဟုတ်တော့ဘူး။”
ငါးမန်းသွား အရိုးနဂါး - [SSS-အဆင့်]: အရွယ်အစား အလွန်ကြီးမားပြီး အရိုးများမှာ အလွန်မာကျောသည်။ အပေါ့စားတင့်ကား များဖြင့် ၎င်းကို အနာတရဖြစ်အောင် မလုပ်နိုင်ပါ။
ကျန်းယွင်ထျန်း အဝေးသို့ လှမ်းကြည့်လိုက်ရာ ငါးမန်းသွား အရိုးနဂါးကြီးကို မြင်လိုက်ရသည်။ ထိုအခါ သူက အံ့အားသင့်စွာဖြင့် မေးလိုက်သည်။
“တင့်ကားတွေနဲ့ အဲ့ဒါကို မသတ်ပစ်နိုင်ဘူးလား။”
ရှောင်းယီက ခေါင်းငြိမ့်ပြလိုက်သည်။
“သူ့ရဲ့ အရိုးတွေက အရမ်းမာတယ်။ အနည်းဆုံးတော့ အပေါ့စားတင့်ကားတွေက သူ့ကို ခြစ်ရာတောင် ထင်အောင် လုပ်နိုင်မှာ မဟုတ်ဘူး။”
“ဒါဆိုရင် ပြဿနာပဲ။”
ကျန်းယွင်ထျန်း၏ မျက်ခုံးများမှာ တင်းကျပ်စွာ တွန့်ချိုးသွားတော့သည်။ သို့သော် ရှောင်းယီက ပြုံးလိုက်သည်။
“ဒါက ငါတို့ရဲ့ လက်နက်သစ်ကို စမ်းသပ်ဖို့ အကောင်းဆုံး အချိန်ပဲ။”
“လက်နက်သစ်လား။”
ကျန်းယွင်ထျန်း၏ မျက်လုံးများ အရောင်တောက်သွား၏။
“ဘာလက်နက်လဲ။ ငါ ရင်းနှီးသွားအောင် မြန်မြန်ထုတ်ပြပါဦး။”
“တိုက်လေယာဉ်တွေမှာ တပ်ဆင်ထားပြီးပြီ။ မင်း လက်တွေ့ပစ်ခတ်ပြီး သင်ပြပေးလို့ရတယ်။”
ရှောင်းယီက တိုက်လေယာဉ်များရှိရာသို့ ညွှန်ပြကာ ပြန်ဖြေလိုက်သည်။
“အဲ့ဒါတွေက လေကြောင်းသုံး ဒုံးကျည်တွေပဲ။”
“အရမ်းကောင်းတယ်။”
ကျန်းယွင်ထျန်းက အော်ဟစ်လိုက်ပြီး တိုက်လေယာဉ်များရှိရာသို့ ချက်ချင်း ပြေးထွက်သွားတော့သည်။
“တင့်ကားတပ်ဖွဲ့တွေကို မင်းဆီမှာ အပ်ခဲ့ပြီနော်။”
ငါးမန်းသွား အရိုးနဂါး၏ နောက်တွင် အရိုးစုစစ်သည် အမြောက်အမြား လိုက်ပါလာနေသဖြင့် တင့်ကားတပ်ဖွဲ့များမှာ လုံးဝ အသုံးမဝင်သည်တော့ မဟုတ်ပေ။ ဤအပေါ့စားတင့်ကားများသည် အရိုးစုတပ်မကြီးကို ဟန့်တားရာတွင် ကူညီပေးနိုင်သည်။
ငါးမန်းသွား အရိုးနဂါးကြီးသည် ဧရာမ ခြေလှမ်းကြီးများဖြင့် ဧရာမဘီလူးကြီးများ၏ ခံစစ်ကြောင်းထံသို့ အရှိန်အဟုန်ဖြင့် ချဉ်းကပ်လာနေသည်ကို ရှောင်းယီ စောင့်ကြည့်နေခဲ့သည်။ ၎င်းသည် လမ်းတစ်လျှောက်ရှိ အရိုးစုများကိုပင် ဖုန်မှုန့်ဖြစ်အောင် နင်းခြေသွားခဲ့သည်။
“ဧရာမဘီလူးမျိုးနွယ်စုတွေရဲ့ ရှေ့ မီတာ သုံးရာပတ်လည်ကို အမြောက်တွေနဲ့ ပစ်ခတ်ထား။ အရိုးစုတွေကို သူတို့အနား မကပ်စေနဲ့။”
ရှောင်းယီက လေးနက်သော အသံဖြင့် အမိန့်ပေးလိုက်သည်။
“ဟုတ်ကဲ့။”
“ဝုန်း... ဝုန်း... ဝုန်း...”
တင့်ကားတပ်ဖွဲ့ဝင်များသည် လေ့ကျင့်မှု အကြိမ်ရေများနေပြီဖြစ်ရာ ၎င်းတို့၏ ပစ်ခတ်မှုမှာ ပိုမို ညီညာပြီး စနစ်ကျလှသည်။ အရိုးစုတပ်မကြီးမှာ အမြောက်ကျည်များ ကျရောက်ရာ ဇုန်အား အမှန်တကယ် ဖြတ်ကျော်နိုင်ခြင်း မရှိကြပေ။
သို့သော် မကြာမီမှာပင် မီးခိုးလုံးများကြားမှ ကြီးမားသော ပုံရိပ်ကြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။ ၎င်းမှာ ငါးမန်းသွား အရိုးနဂါးကြီးပင်။
“သေစမ်း... ဘာဖြစ်တာလဲ။ အဲ့ဒီကောင်က ငါတို့ အမြောက်တွေကို လုံးဝ ဂရုမစိုက်ဘူးလား။”
“ချီးဘဲ...ဒီကောင်က အဲ့လောက်တောင် အကြမ်းခံတာလား။”
“ဒါဆို ငါတို့တော့ သွားပြီ။ အပေါ့စားတင့်ကားတွေက ငါတို့ မဟာမိတ်အဖွဲ့ရဲ့ အားအကောင်းဆုံး တိုက်ခိုက်ရေးစွမ်းရည် မဟုတ်ဘူးလား။”
ဧရာမဘီလူးကြီးများသည်လည်း မျက်လုံးအပြူးသားဖြင့် ငေးကြည့်နေကြသည်။
“ငါတို့တော့ ဒုက္ခရောက်ပြီ။”
ကျားကျန့်က တည်ကြည်လေးနက်သော မျက်နှာထားဖြင့် ဆိုလိုက်သည်။
ကျားကျန့်သည် သူ၏ တိုက်ခိုက်မှုမှာ တင့်ကားများလောက် အားမကောင်းကြောင်း သိရှိထားသည်။ အကယ်၍ အပေါ့စားတင့်ကားများပင် ထိုကောင်၏ ခံစစ်ကို မထိုးဖောက်နိုင်လျှင် ဧရာမဘီလူးကြီးများ၏ တိုက်ခိုက်မှုမှာလည်း ထိရောက်မည်မဟုတ်ပေ။ ရန်သူ၏ ခံစစ်ကိုပင် မထိုးဖောက်နိုင်ပါက သူတို့မှာ သေမင်းကို စောင့်နေရုံသာ ရှိတော့သည်။
“မဟာမိတ်ခေါင်းဆောင်ရှောင်း ခင်ဗျား မြန်မြန် ဆုတ်ခွာပါတော့။”
ကျားကျန့်က ဝေါ်ကီတော်ကီမှတစ်ဆင့် အသံတိုးတိုးဖြင့် ပြောလိုက်သည်။
“ငါတို့ ခဏလောက်တော့ တောင့်ခံထားနိုင်မှာပါ။ ဒီအရိုးနဂါးရဲ့ ခံစစ်က အရမ်းကို အားကောင်းလွန်းနေတယ်။”
ကျားကျန့်၏ စကားကို ကြားသောအခါ ရှောင်းယီတစ်ယောက် အနည်းငယ် ကြောင်အသွားခဲ့ပြီးနောက် ပြုံးကာ ပြောလိုက်သည်။
“ခေါင်းဆောင်ကျား စိတ်မပူပါနဲ့။ ခဏနေရင် ရောက်လာမယ့် မီးရှူးမီးပန်း လှလှလေးတွေကို စောင့်ကြည့်နေလိုက်ပါ။”
ရှောင်းယီ၏ စကားပင် မဆုံးသေးမီ ကျားကျန့်သည် သူ၏ ခေါင်းပေါ်မှ ဟိန်းဟောက်သံကြီးတစ်ခု ဖြတ်သန်းသွားသည်ကို ကြားလိုက်ရတော့သည်။
၎င်းတို့မှာ ယီရန်ပင်း မဟာမိတ်တပ်မတော်တွင် အသစ်စက်စက် ပေါ်ပေါက်လာသော တိုက်လေယာဉ်များပင် ဖြစ်သည်။
ယခုအချိန်တွင် တိုက်လေယာဉ်များ၏ ဘေးတစ်ဖက်တစ်ချက်စီ၌ ဒုံးကျည်များကို တပ်ဆင်ထားပြီးဖြစ်သည်။
“ငါတို့ တိုက်လေယာဉ်တွေမှာပါတဲ့ ဒုံးကျည်တွေက ပစ်မှတ်ကို ခြေရာခံတဲ့စနစ် ပါဝင်တယ်။ ဒါကြောင့် ငါတို့ရဲ့ ပစ်မှတ်ချိန်ဆမှုက အရမ်းကြီး လွဲမနေသရွေ့ ရန်သူကို ထိမှန်လိမ့်မယ်။”
ကျန်းယွင်ထျန်းက သူ၏ လေယာဉ်ကို မောင်းနှင်ရင်း ပြောလိုက်သည်။
ထိုအချိန်တွင် တိုက်လေယာဉ်သည် ငါးမန်းသွား အရိုးနဂါး၏ အနီးအနားသို့ ရောက်ရှိနေပြီဖြစ်သည်။ ကျန်းယွင်ထျန်းသည် လုံးဝတွေဝေမနေဘဲ အရိုးနဂါး၏ ခြေထောက်တစ်ဖက်သို့ ဒုံးကျည်တစ်စင်း ပစ်လွှတ်လိုက်ဝော့သည်။
“ရှူး... ဘုန်း...။”
တိုက်လေယာဉ်ဘေးမှ ထွက်ပေါ်လာသော ဒုံးကျည်သည် မီးခိုးဖြူတန်းကြီးတစ်ခုကို ချန်ခဲ့ရစ်ကာ အရိုးနဂါး၏ ခြေထောက်ဆီသို့ ဦးတည်ပျံသန်းသွားတော့သည်။
ကောင်းကင်ယံမှ ပျံသန်းကျရောက်လာသော ဒုံးကျည်ကို မြင်လိုက်ရသောအခါ ငါးမန်းသွား အရိုးနဂါးမှာ ဘေးသို့ ရှောင်တိမ်းရန် ကြိုးစားလိုက်သည်။ သို့သော် ဒုံးကျည်သည် အလိုအလျောက် အနည်းငယ် ကွေ့ဝိုက်သွားကာ ၎င်းထံသို့ အရှိန်ဖြင့် ပြေးဝင်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
“ဝုန်း...”
အလွန်ပြင်းထန်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာခဲ့သည်။
ငါးမန်းသွား အရိုးနဂါးသည် ယိုင်တိယိုင်တိုင်ဖြစ်သွားပြီး လဲကျလုနီးပါး ဖြစ်သွားသော်လည်း ဟန်ချက်ကို ပြန်ထိန်းနိုင်ခဲ့သည်။
၎င်းကို မြင်လိုက်ရသောအခါ ရှောင်းယီနှင့် အခြားသူများမှာ မျက်လုံးအပြူးသား ဖြစ်သွားကြတော့သည်။
“ဒီအရိုးနဂါးက ရှောင်တတ်တယ်လား။ သူ့မှာ အသိဉာဏ်ရှိနေတာလား။”
“အဲ့ဒီပေါက်ကွဲမှုက ငါတို့တင့်ကားတွေထက် ပိုကျယ်တာ သေချာတယ်။ ဒါတောင် ဒီအရိုးနဂါးက ယိုင်ရုံပဲ လုပ်နိုင်လိုက်တာလား။”
“ဒါက ဘယ်လို အရိုးနဂါးမျိုးလဲ။ ဘာလို့ ဒီလောက်တောင် သန်မာရတာလဲ။”
လူစုလူဝေးကြီးမှာလည်း တစ်ယောက်တစ်ပေါက် ဆွေးနွေးကြတော့သည်။
တိုက်လေယာဉ်မှ ပစ်လွှတ်လိုက်သော ဒုံးကျည်က ၎င်းကို လဲကျအောင် မလုပ်နိုင်သည်ကို မြင်သောအခါ မျှော်လင့်ချက် အနည်းငယ် ရှိနေခဲ့သော ကျားကျန့်မှာ တစ်ဖန် စိတ်ပျက်သွားခဲ့ရပြန်သည်။
“ဒါက မလုံလောက်သေးဘူး ထင်တယ်။”
ကျားကျန့်တစ်ယောက် သက်ပြင်းချရင်း မျှော်လင့်ချက်ကင်းမဲ့စွာ ပြောလိုက်သည်။
“ဟူကျဲ... ခဏနေရင် ငါ ဒီအရိုးနဂါးကို တားထားမယ်။ မင်း လူတွေကိုခေါ်ပြီး ဆုတ်ခွာတော့။ မဟာမိတ်ခေါင်းဆောင်ရှောင်းတို့ ဘေးကင်းကင်း ထွက်ခွာနိုင်ဖို့ ကာကွယ်ပေးလိုက်။”
ဟူကျဲသည် အနည်းငယ် တုံ့ဆိုင်းသွားခဲ့ပြီးနောက် အံကိုတင်းတင်းကြိတ်ကာ “ဟုတ်ကဲ့” ဟု တုံ့ပြန်လိုက်သည်။
ယခုအခြေအနေတွင် ၎င်းတို့မှာ ဤအရိုးနဂါးကို ယှဉ်နိုင်မည့် အင်အားမရှိသောကြောင့် ဤသည်မှာ အကောင်းဆုံး ရွေးချယ်မှုဖြစ်ကြောင်း သူ သိရှိထားသည်။ ထို့ပြင် ရှောင်းယီသည် ဤကမ္ဘာကြီးက မသေမျိုးမျိုးနွယ်စုများကို အနိုင်တိုက်နိုင်ရန်အတွက် တစ်ခုတည်းသော မျှော်လင့်ချက်ဖြစ်သဖြင့် သူ့ကို မဖြစ်မနေ အသက်ရှင်အောင် ကာကွယ်ရမည်ဖြစ်သည်။
သို့သော် တိုက်လေယာဉ်အတွင်းရှိ ကျန်းယွင်ထျန်းကမူ ပြုံးနေခဲ့လေသည်။
“ဒီကောင်က တော်တော်တော့ အကြမ်းခံသားပဲ။ ကောင်းပြီ... အားလုံးပဲ လက်တွေ့လေ့ကျင့်ခန်း လုပ်ကြရအောင်။”
“ဟုတ်ကဲ့။”
အခြား တိုက်လေယာဉ်လေးစင်းသည်လည်း ငါးမန်းသွား အရိုးနဂါးထံသို့ ဒုံးကျည်များကို ချက်ချင်း ပစ်လွှတ်လိုက်ကြတော့သည်။
“ရှူး... ရှူး... ရှူး... ရှူး...”
အခြား တိုက်လေယာဉ်များက တစ်ပြိုင်နက်တည်း ပစ်ခတ်လိုက်သော်လည်း ကျန်းယွင်ထျန်းကမူ မပစ်သေးပေ။ သူက ငါးမန်းသွား အရိုးနဂါး၏ လှုပ်ရှားမှုကိုသာ အာရုံစိုက် စောင့်ကြည့်နေလိုက်သည်။
ငါးမန်းသွား အရိုးနဂါးမှာ ခြေတစ်ဖက် ထော့နဲ့ထော့နဲ့ဖြင့် ဘေးသို့ ထွက်ပြေးနေ၏။ ဤတစ်ကြိမ်တွင် ၎င်းသည် တစ်ချက်ရှောင်ပြီး ရပ်မနေဘဲ ဘေးသို့သာ တောက်လျှောက် ပြေးနေရသည်။
“ဒုံးကျည်တွေက သူ့ကို ထိခိုက်စေနိုင်တုန်းပဲ။”
ကျန်းယွင်ထျန်းက ဝေါ်ကီတော်ကီမှတစ်ဆင့် ချက်ချင်း ပြောလိုက်သည်။
စကားပြောနေစဉ်မှာပင် ကျန်းယွင်ထျန်းသည် သူ ကြိုတင်ခန့်မှန်းထားသော နေရာသို့ ကျန်ရှိနေသည့် ဒုံးကျည်တစ်စင်းကို ပစ်လွှတ်လိုက်တော့သည်။
“ရှူး... “
ထိုဒုံးကျည်သည် ငါးမန်းသွား အရိုးနဂါးဆီသို့ တဟုန်ထိုး ပျံသန်းသွားခဲ့သည်။ အရိုးနဂါးမှာ နောက်မှ လိုက်လာသော ဒုံးကျည်လေးစင်းကို ရှောင်တိမ်းရန်သာ အာရုံရောက်နေသဖြင့် ကျန်းယွင်ထျန်း ပစ်လိုက်သော ဒုံးကျည်ကိုမူ သတိမထားမိဘဲ တိုက်ရိုက် တိုးမိသွားတော့သည်။ ဤတစ်ကြိမ်တွင်မူ ၎င်းသည် မြေပြင်ပေါ်တွင် အကြိမ်အနည်းငယ် လိမ့်ထွက်သွားပြီးမှ တုန်တုန်ရင်ရင်ဖြင့် ပြန်ထလာနိုင်တော့သည်။
ယခုအခါ ကျားကျန့်နှင့် အခြားဧရာမဘီလူးကြီးများမှာ တစ်ဖန် အံ့အားသင့်သွားကြပြန်သည်။
ဒုံးကျည်များက ငါးမန်းသွား အရိုးနဂါးကို မထိခိုက်နိုင်ဟု သူတို့ ထင်မှတ်ထားခဲ့သော်လည်း ၎င်းက အတင်းအဓမ္မ ထွက်ပြေးနေသည်ကို ကြည့်ခြင်းအားဖြင့် ဒုံးကျည်များက ၎င်းကို ပြင်းပြင်းထန်ထန် ထိခိုက်စေနိုင်ကြောင်း သိသာလှသည်။
“ဒါက အဲ့ဒီအရိုးနဂါးကို တကယ်ပဲ နာကျင်အောင် လုပ်နိုင်တာပဲ။ ငါတို့က မဟာမိတ်ခေါင်းဆောင်ရှောင်းရဲ့ အင်အားကို တကယ်ပဲ လျှော့တွက်မိသွားတယ်။”
ကျားကျန့်က စိတ်လှုပ်ရှားစွာဖြင့် မှတ်ချက်ပေးလိုက်သည်။
ရှောင်းယီကို ကာကွယ်ပြီး ဆုတ်ခွာရန် အသင့်ပြင်ထားသော ဟူကျဲမှာလည်း အားရပါးရ ရယ်မောလိုက်တော့သည်။
“မဟာမိတ်ခေါင်းဆောင်ရှောင်းမှာ ဒီအရိုးနဂါးကို ကိုင်တွယ်ဖို့ နည်းလမ်း သေချာပေါက် ရှိလိမ့်မယ်ဆိုတာ ကျုပ် သိသားပဲ။”
ကျန်းယွင်ထျန်းသည် ဒုံးကျည်နှစ်စင်းလုံးကို ပစ်လွှတ်ပြီးနောက် စခန်းသို့ ချက်ချင်း ပြန်လှည့်လာခဲ့သည်။ တိုက်ခိုက်မှု ဆက်လုပ်နိုင်ရန် ဒုံးကျည်များကိုမူ ထပ်မံ ဖြည့်တင်းရဦးမည် ဖြစ်သည်။
တစ်ဖက်တွင်မူ ငါးမန်းသွား အရိုးနဂါးမှာ အလျင်အမြန် ဆုတ်ခွာသွားပြီ ဖြစ်သည်။