အခန်း (၁၁၃၈-၁၁၄၀)
Vol. 76 Ch. 1138-1140
အခန်း (၁၁၃၈) ကျင့်ကြံမှုကို အနှောက်ယှက်မခံ
ချင်ဟဲသုံးသပ်ချက်က ယုတ္တိကျသည်။ ရှေးဟောင်းခေတ်က နတ်မယ်ကိုကိုးကွယ်သည့် နောက်လိုက်များအား စီစဉ်ပေးရာတွင် သူတာဝန်ယူခဲ့သည်။
ကိစ္စကြီးငယ်များစွာ ဖြေရှင်းရသည်။ နတ်မယ်၏ကြီးမြတ်မှုကို လောကသိအောင်ကြေငြာခြင်း၊ ရုပ်ထုများတည်ဆောက်ခြင်း၊ ယုံကြည်သူများ နေ့စဉ်ဆုတောင်းရာတွင် ဦးဆောင်ခြင်း စသဖြင့်ရှိသည်။
နတ်မယ်ကို ပြန်အစီရင်ခံသည့်အချိန်တွင် အသေးအဖွဲကိစ္စများကို သူအမြဲချန်လှပ်ထားသည်။ အရေးကြီးကိစ္စများကိုသာ ဆွေးနွေးသည်။ နတ်မယ် အချိန်ကုန်သက်သာပြီး သူတို့ချင်းစကားပြောချိန်ရဖို့ဖြစ်သည်။
"မုန်မိသားစုမှတ်တမ်းရေးတာ တကယ်ညံ့တာပဲ။ ကျန်တဲ့အဖွဲ့အစည်းနာမည်တွေကို စာလုံးအသေးနဲ့ ဒီနားမှာရေးထားသင့်တာ"
လုယန် မှတ်တမ်းစာအုပ်၏ ချို့ယွင်းချက်တစ်ခုကို ထုတ်ပြသည်။ မုန်မိသားစု၏ အယူအဆက မှားနေခြင်းဖြစ်သည်။ သူသာဆိုလျှင် ထိုသို့လုံးဝဖြစ်မည်မဟုတ်။
သူသည် မသေမျိုးများကို အလုပ်အကျွေးပြုသူဖြစ်သည်။ သူတာဝန်ထမ်းနေသည့် မသေမျိုးက နိုင်ငံတည်အင်ပါယာဖြစ်သည်။
သူအလွန်တရာ လေးစားမှုထားသည်။ နေ့စဉ်လုပ်ငန်းဆောင်တာတွင် ထိုအမှားမျိုး လုံးဝအဖြစ်ခံမည်မဟုတ်။
"ဟုတ်တယ်"
ချင်ဟဲခေါင်းငြိမ့်ထောက်ခံသည်။ ရှေးဟောင်းခေတ်က သူလည်းထိုသို့လုပ်ခဲ့သည်။ နတ်မယ်ကို အစီရင်မခံသ်ောလည်း အတွေ့အကြုံအားလုံးကို အတိအကျ မှတ်တမ်းရေးသည်။
နတ်မယ်ရုတ်တရက်စိတ်ကူးပေါက်ပြီး အကြောင်းတစ်ခုခုကို ပြန်စစ်ဆေးလိုလျှင် အသင့်ရှိနေစေဖို့ဖြစ်သည်။
သို့သော် နတ်မယ်က ထိုစိတ်ကူးမျိုး တစ်ခါမှမပေါက်ခဲ့။
"ကဲ၊ ဝိညာဉ်ဂိုဏ်းကိစ္စ ရှင်းသွားပြီဆိုတော့ ပြန်ကြစို့"
လုယန် ပြောလိုက်သည်။ တာအိုရှင်ယုလိုလူမျိုးက သူ့အတွက် အသေးအမွှားသာဖြစ်သည်။ နောက်ခံဂိုဏ်းကို ဖော်ထုတ်ဖို့လောက်သာ အသုံးဝင်သည်။
တာအိုရှင်ယု၏ မှော်လက်စွပ်နှင့်တစ်ခြားပစ္စည်းများကလည်း သူ့အတွက် အမှိုက်လိုသာဖြစ်သည်။ မြေပေါ်ကျနေလျှင်ပင် သူမကောက်။
သူတို့ထွက်သွားပြီးနောက် မိုးကသည်းကြီးမည်းကြီးရွာလာသည်။ သင်္ချိုင်းမြေ စိုစွတ်ပျော့ပျောင်းလာသည်။
လူငယ်တစ်ယောက် မြေကြီးကို အတင်းယက်ဖယ်၍ မြေပေါ်သို့ ပေါ်လာသည်။ သွေးရူးသွေးတန်း ရယ်မောသည်။
"အကိုနှစ်၊ အဖေချန်ခဲ့တဲ့ အမွေအနှစ်ကိုရဖို့ လေလွင့်ကျင့်ကြံသူတွေနဲ့ ပူးပေါင်းပြီး ကျုပ်ကိုအကောက်ကြံတယ်။ အရှင်လတ်လတ်တောင် မြေမြှုပ်ခဲ့တယ်ပေါ့။
ဒါပေမယ့် အကိုမသိဘူးလား။ ကျုပ်ကျွမ်းကျင်တာက လိပ်အသက်ရှူပညာလေ။ ကျုပ်မသေသေးဘူး"
ရယ်မောနေပြီးနောက် သူ့မျက်နှာ ညှိုးကျသွားသည်။ အသက်ရှင်နေသော်လည်း ပြန်လက်စားချေနိုင်ဖို့ အခွင့်အလမ်းမရှိသေး။ သူ့အကိုနှစ်တွင် ကျင့်ကြံသူတစ်ယောက် အားကိုးရှိသည်။
လေလွင့်ကျင့်ကြံသူဆိုသော်လည်း သူ့လိုချီပဥ္စမအဆင့်လောက်နှင့် ယှဉ်နိုင်မည်မဟုတ်။
"ဒါကဘာလဲ"
မလှမ်းမကမ်းမှ ပုံပျက်ပန်းပျက်ဖြစ်နေသည့် အလောင်းကို သူမြင်သွားသည်။ အလောင်း၏ဝတ်စုံက ထူးဆန်းသည်။ လက်ကောက်ဝတ်တွင် ပုတီးတစ်ကုံးပတ်ထားသည်။
"ဒါ...ဒါက မှော်ပစ္စည်းလား"
ပုတီးလုံးပေါ်တွင် ရေးထွင်းထားသည့် အက္ခရာလေးများကို သူသတိထားမိသည်။ မှော်ပညာတစ်ရာ့ရှစ်မျိုးကို ကိုယ်စားပြုထားခြင်းဖြစ်သည်။
ပုတီးကုံးထဲသို့ ဝိညာဉ်စွမ်းအင် ပို့လွှတ်လိုက်သည်။ သို့သော် သူ့စွမ်းအားက အခြေခံမီးထိန်းချုပ်ပညာကို အသက်သွင်းနိုင်ရုံသာရှိသည်။
"ငါ့ကျင့်စဉ်အဆင့်တိုးလာရင် နောက်ထပ်ပုတီးလုံးတွေကို အသက်သွင်းနိုင်လောက်တယ်။..အဲ၊ မှော်လက်စွပ်လည်း ရှိနေတာပဲ"
မှော်လက်စွပ်နှင့်ပုတီးကုံးက တာအိုရှင်ယု၏ အသက်နှောင်မှော်ရတနာများဖြစ်သည်။ ယခု ပိုင်ရှင်သေသွားပြီဖြစ်၍ မှော်လက်စွပ်ကို ဘယ်သူမဆိုဖွင့်နိုင်သည်။
လက်စွပ်ထဲမှပစ္စည်းများကိုကြည့်၍ သူ့တစ်ကိုယ်လုံး တုန်ရင်လာသည်။
"ကျင့်စဉ်ကျမ်း...အခြေတည်ထိပ်ဆုံးအဆင့်ထိရောက်အောင် ကျင့်ကြံနိုင်တဲ့ အဓိပဓိကျင့်စဉ်ကျမ်းပဲ။ ပြီးတော့ ဝိညာဉ်ကျောက်တွေ၊ မှော်ရတနာတွေလည်းရှိနေတယ်"
ထိုမျှများပြားသည့် ဝိညာဉ်ကျောက်များ မှော်ပစ္စည်းများကို သူ့တစ်သက် တစ်ခါမှမမြင်ဖူး။
"ဒီအခြေတည်အဆင့်စွမ်းအားရှင်က ဒီလိုအဆုံးသတ်သွားတယ်ဆိုတော့ ဘယ်လိုရန်သူမျိုးနဲ့ ကြုံခဲ့တာများလဲ"
သူ့ကိုယ်သူ စိတ်တည်ငြိမ်အောင်ထိန်းလိုက်သည်။ ရန်သူက လူကိုသတ်သွားသည်။ မှော်လက်စွပ်နှင့် ပုတီးကုံးကိုပင် ယူမသွားရ။ ရတနာများကို ထိုအတိုင်းချန်ထားခဲ့သည်။
"လောကအရှင် ကျုပ်ကိုကောင်းချီးပေးပါ"
လုယန် ဒူးထောက်၍ အရပ်ရှစ်မျက်နှာကို ရှိခိုးဦးခိုက်သည်။ လောကအရှင်ကို ကျေးဇူးတင်နေသည်။
.......
"ဒါက ဘယ်နေရာလဲ"
ဦးလေဝမ် ဖြူဖွေးသည့် လေဟာနယ်တစ်ခုသို့ ရောက်နေသည်။
မြင့်မားသည့် မပီဝိုးတဝါး သဏ္ဌာန်တစ်ခု ပေါ်လာသည်။ မခန့်မှန်းနိုင်လောက်အောင်မြင့်သည်။
"သိပ်ကောင်းတယ် ဝမ်ဟန်၊ မင်းက အသက်ဖိုးငွေကို ကိုယ့်အတွက်သိမ်းမထားဘဲ မြင့်မြတ်တဲ့စိတ်ဓာတ်နဲ့ ငါတို့ဘုံကျောင်းကိုလှူတယ်။
ဒါကြောင့်မင်း ကောင်းမှုကုသိုလ်တိုးလာတာပြီး အသက်ချမ်းသာရာရသွားတာပဲ"
ဦးလေးဝမ်တုန်လှုပ်သွားသည်။ သူတွေ့ခဲ့သည့်ငွေက နာမည်ဆိုးဖြင့်ကျော်ကြားသည့် အသက်ဖိုးငွေဖြစ်နေသည်။ ထိုငွေကို သူလှူလိုက်မိသည်က ကံကောင်းသွားသည်။
"နောင်ကို ကောင်းမှုကုသိုလ်တွေ ဆက်လုပ်ပါ။ ကောင်းကျိုးကို မင်းခံစားရပါလိမ့်မယ်"
"ဟုတ်ကဲ့"
လောင်ဝမ် အူတူတူမျက်နှာဖြင့် နိုးလာသည်။ အားလုံးက အိပ်မက်တစ်ခုလော...
သို့သော် သူ့လက်ဝါး ဖြန့်ကြည့်ချိန်တွင် 'ကောင်းမှု'ဆိုသည့် စာလုံးကို တွေ့လိုက်ရသည်။ ဗုဒ္ဓပို့လိုက်သည့် အိပ်မက်တစ်ခုဖြစ်ကြောင်း ချက်ချင်းနားလည်သွားသည်။
ပဲဝါဘုံကျောင်းတွင် ရှိခိုးခဲ့သည့်ဗုဒ္ဓက ဗုဒ္ဓအစစ်တစ်ယောက်ဖြစ်သည်။
ထမင်းစားဖို့ပင် မတွေးတော့ဘဲ ကုလားအုတ်ပေါ်ချက်ချင်းတက်၍ ပဲဝါဘုံကျောင်းဆီသွားသည်။ သို့သော် ဘုံကျောင်းရှိခဲ့သည့်နေရာတွင် ဘာမှမရှိတော့။ ဘယ်လောက်ရှာရှာမတွေ့တော့။
ထိုစဉ် အိပ်မက်ထဲတွင်ကြားခဲ့ရသည့် စကားသံက သူ့နားထဲသို့ နောက်တစ်ကြိမ်ဝင်လာသည်။
"ဝမ်ဟန်၊ မင်းနဲ့ငါတို့ဘုံကျောင်းက ကံရေစက်ကုန်သွားပြီ။ ထပ်မရှာနဲ့တော့"
လောင်ဝမ် အတော်စိတ်ဓာတ်ကျသွားပြီး လက်လျှော့လိုက်သည်။
.......
မဟာပဲဝါနိုင်ငံ။ ဘိုးဘေးဘုံကျောင်း။
ဦးလေးဝမ်ကို နောက်ထပ် တွေ့ကရာငွေထုပ် မကောက်ယူမိအောင် လုယန်က အိပ်မက်မှတစ်ဆင့် သတိပေးလိုက်ခြင်းသာဖြစ်သည်။
ဦးလေးဝမ်ကိစ္စ ဖြေရှင်းပြီးနောက် ကြာပုလ္လင်ပေါ်ထိုင်၍ မသေမျိုးအာရုံကို ဖြန့်လိုက်သည်။ စည်းမျဉ်းစွမ်းအားကို ပိုနားလည်နိုင်ဖို့ မိုးမြေကြားမှတာအိုကို အာရုံခံသည်။
မသေမျိုးအာရုံစက်ဝန်းအတွင်း ယွမ်မုန်မုန်နှင့် ကျင်းချိုင်ဝေတို့ တင်လဲအိုးကြီးတစ်လုံးချက်ထားပြီး ဘုံကျောင်း၏ အခေါင်းပေါက်ဖြစ်နေသည့်နေရာများကို ဖာထေးနေသည်။
ထိုသို့လုပ်ရင်း ဘုံကျောင်း၏တစ်ခြားနေရာမှ အစိတ်အပိုင်းများကို စားကြသည်။ စားလိုက်ပြင်လိုက် ဟန်ချက်ညီစွာ လှုပ်ရှားနေသည်။
ချင်ဟဲက ခိုးကြောင်ခိုးဝှက်ဖြင့် စာရေးနေသည်။ လုယန်၏မသေမျိုးအာရုံကို ခံစားမိချိန်တွင် ရေနေသည့်စာကို ဖျတ်ခနဲလက်ဖြင်အုပ်သည်။ ခိုးမကြည့်ဖို့ မျက်လုံးဖြင့်သတိပေးသည်။
နဂါးနှင့်ဖီးနစ်ဘိုးဘေးများက ဘုံကျောင်းအောက်တည့်တည့်တွင် ကျယ်ပြန့်သည့်တွင်းကြီးတစ်ခု တူးသည်။ ချီလင်မသေမျိုးကို ရန်သူအဖြစ်သတ်မှတ်၍ တိုက်ခိုက်ဖို့ လေ့ကျင့်နေသည်။
ချီလင်မသေမျိုးကိုတွေ့လျှင် မှတ်လောက်အောင်ရိုက်မည်ဟု နှစ်ယောက်သား တိုင်ပင်ဆုံးဖြတ်ထားသည်။
"အကိုလုယန်တတ်ထားတဲ့ မသေမျိုးသတ်ဓားစက်ဝန်းက ချီလင်မကြာခဏဒူးထောက်ခဲ့တဲ့ ဓားစက်ဝန်းကိုအခြေခံထားတာ။ သူငါတို့ကို အကြာကြီးမလှိမ့်တပတ်လုပ်ခဲ့တာ။ မှတ်လောက်အောင် ရိုက်ပစ်ရမယ်"
"ဒါပေမယ့် ငါတို့နှစ်ယောက်ပေါင်းရင်တောင် ငါတို့ယောက်ျားကို မနိုင်လောက်ဘူး။ ဘယ်လိုလုပ်ကြမလဲ"
ကျန်းလျန်ယိက အခက်တွေ့နေဟန်ဖြင့်မေးသည်။
အောင်းလင်းက ခပ်ညှင်းညှင်းရယ်သည်။
"စိတ်မပူပါနဲ့။ အချိန်ကျလာရင် ယောက်ျားကို ဗုဒ္ဓနယ်မြေထဲ မျှားခေါ်ကြတယ်။ ပြီးရင် အကိုလုယန်ကို တိုက်ခိုက်ဖို့ပြောမယ်။
ငါတို့သုံးယောက်ပေါင်းရင် သူ့ကိုကောင်းကောင်း ပညာပေးနိုင်မှာပါ"
"အဲဒီ့စိတ်ကူးကောင်းတယ်။ အကိုလုယန် စည်းမျဉ်းသဘောတရားတွေ အပြည့်အဝနားလည်လာတဲ့အထိစောင့်မယ်။ ပြီးရင် ငါတို့သုံးယောက် ပူးပေါင်းတိုက်ခိုက်ဖို့ လေ့ကျင့်ကြမယ်"
သိစိတ်နယ်မြေမှ ပလ္လင်ပေါ်တွင် နတ်မယ် တင်ပျဉ်ခွေထိုင်နေသည်။ ခန္ဓာကိုယ်ကို ဘယ်ညာယိမ်းလွှဲရင်း သူ့ကျင့်စဉ်အတွေ့အကြုံများကို မျှဝေနေသည်။
"စည်းမျဉ်းတွေကျွမ်းကျင်ဖို့ဆိုတာ ဉာဏ်အလင်းပေါ်မူတည်တယ်။ ဉာဏ်အလင်း ဖျတ်ခနဲလက်သွားတဲ့အချိန်ပေါ့။ အဲဒီ့ခံစားချက်ကို နင်နားလည်တယ်မဟုတ်လား။
နားမလည်ဘူးလား။ ငါထပ်ပြောပြမယ်..."
အကြိမ်ကြိမ်ဖဲ့စားထားသည့် ဘုံကျောင်းခေါင်မိုးကို လုယန် စိတ်ပျက်လက်ပျက် မော့ကြည့်နေသည်။ ဗုဒ္ဓနိုင်ငံသည် နေရာကောင်းတစ်ခုဟု ဘယ်သူပြောခဲ့သည်မသိ။
စိတ်တည်ငြိမ်စွာလေ့ကျင့်နိုင်ဖို့ထက် သရဲဝိညာဉ်များ တွေ့ရဖို့ကများသည်။
"နတ်မယ်၊ စည်းမျဉ်းတွေကို ကိုယ့်အတွက်ကို သုံးလို့ရလား"
"ရတယ်၊ ဒါပေမယ့် အရမ်းအဆင့်မြင့်တာမျိုးတော့မရဘူး။ ဥပမာ နင့်စွမ်းအားကို ဆယ်ဆမြှင့်တာမျိုး၊ နင့်ကျင့်စဉ်စွမ်းအား တည်ငြိမ်အောင်လုပ်တာမျိုး..အဲလိုတွေပေါ့"
"အဆင်ပြေပါတယ်။ အဲလိုအရမ်းအဆင့်မြင့်တာမျိုးတွေ ကျုပ်မလိုပါဘူး။
ဒီနေရာမျာ ငါကြေငြာတယ်။ - ငါ့ကျင့်ကြံမှုကို နှောက်ယှက်တဲ့အရာတွေ ပျောက်ကွယ်စေ"
မသေမျိုးအာရုံတွင် ယွမ်မုန်မုန်တို့ကို သူမမြင်ချင်တော့။ သူ့စိတ်အာရုံ ထွေပြားသည်။
သူ့ကိုယ်သူ့ စည်းမျဉ်းသတ်မှတ်ပြီးနောက် မသိသာသည် အပြောင်းအလဲတစ်ခုဖြစ်လာသည်။
"ဘာလို့ ယွမ်မုန်မုန်တို့ကို ငါမြင်နေရသေးတာလဲ"
သူတွေးမရ။ ချတ်မှတ်လိုက်သည့်စည်းမျဉ်း လွဲနေသည်က သေချာသည်။
ရုတ်တရက် သူ့စိတ်ထဲ ပြင်းထန်သည့်ခံစားချက်တစ်ခု လွှမ်းမိုးလာသည်။
"နတ်မယ်၊ အခုချိန်ကစပြီး ကျုပ်က ခင်ဗျားအပိုင်ပါ"
"အမ် တကယ်လား"
"..."
လုယန် ကိုယ့်ပါးကိုယ် နှစ်ချက်ရိုက်ပြီး ကိုယ့်ဘာသာလှုပ်နှိုးလိုက်သည်။ ဘယ်လိုကြောင်တက်တက်နိုင်သည့် စည်းမျဉ်းမှန်းမသိ။
သူထိန်းသိမ်းထားသည့် ဂုဏ်သိက္ခာကိုပင် လုံးလုံးဆွဲချသွားသည်။
**************************
အခန်း (၁၁၃၉) နောက်ခံ
"တကယ်လား"
လုယန်စကားကြောင့် နတ်မယ် ဝမ်းသာအားရခုန်ဆင်းလာပြီး လုယန်ကို ပုလ္လင်ပေါ်အတင်းဆွဲတင်၍ သူ့ဘေးတွင်ထိုင်ခိုင်းသည်။
"စိတ်ချပါ ရှောင်ယန်၊ ငါမသေမျိုးနောက်ကို နင်လိုက်နေသရွေ၊ နင်လိုချင်တာမှန်သမျှ ငါချီးမြှင့်မယ်။ ရှောင်လင်းတို့ ချင်ဟဲတို့အားလုံး နင့်စကားကို နားထောင်စေရမယ်။ အခု ထီးနန်းလိုချင်ပြီလား။
ထာဝရအရိယဖလသန္ဓေနဲ့ လုံလောက်ရဲ့လား။ နင့်မှာ မသေမျိုးခန္ဓာတစ်ခုရှိပေမယ့် နင့်မူလပုံစံအစစ်မဟုတ်သေးဘူး။ ငါနင့်ကို နောက်ထပ်မသေမျိုးခန္ဓာတစ်ခု ပေးရမလား"
လုယန် စည်းမျဉ်းစွမ်းအားသုံး၍ ကိုယ့်သိက္ခာကိုယ် အမြန်ပြန်ထိန်းလိုက်သည်။
သူသိပါသည်။ နတ်မယ်နောက်သို့လိုက်လျှင် မသေမျိုးတစ်ဝက်ဖြစ်ဖို့ မခက်ခဲ။ အောင်းလင်းထက်သာလွန်သည့် စွမ်းအားအကြီးဆုံးမသေမျိုးပင် ဖြစ်နိုင်သည်။
သို့သော် သူ့ရည်ရွယ်ချက်က မသေမျိုးဖြစ်လာဖို့ဖြစ်သည်။ မသေမျိုးတစ်ဝက်အဆင့်နှင့် မတင်းတိမ်နိုင်။
ထိန်းထားသည့် ဂုဏ်သိက္ခာကိုစွန့်လွှတ်ပြီး နတ်မယ်အတွက်သာ အလုပ်လုပ်ပေးလျှင်လည်း အမယွမ်က သူ့ကို တစ်ဆင့်ချင်းကျင့်ကြံခိုင်းမည်သာဖြစ်သည်။
နတ်မယ်ကို သူမဆန့်ကျင်နိုင်။ ပုလ္လင်ပေါ်အတင်းဆွဲခေါ်ခံရမည့် အခြေအနေကို မြင်ရသဖြင့် ချက်ချင်းနောက်လှည့်ပြီး နတ်မယ်လက်မောင်းကိုဆွဲ၍ သူ့ခံစားချက်များကို ရင်ဖွင့်သည်။
"ကျုပ်ကြောက်ပါတယ် အရှင်မ။ ကျင့်စဉ်ခရီးမှာ အရှင်မကျုပ်အပေါ်ထားခဲ့တဲ့ စေတနာတွေကိုပြန်တွေးမိလို့ အခုလိုစိတ်ခံစားချက်တွေ လွန်ကဲသွားတာပါ။
ကျုပ်က မထင်မရှားဘဝကနေ စခဲ့တာပါ။ ကျုပ်အားနည်းချက်ကို အထင်မသေးဘဲ ကျုပ်သိစိတ်နယ်မြေမှာ အရှင်မနေခဲ့တယ်။ ကျုပ်အတွက် စမ်းသပ်ချက်တွေ စီစဉ်ပေးတယ်။
အခွင့်အလမ်းတွေပေးတယ်။ လက်အောက်ခံဖြစ်တဲ့ကျုပ်အနေနဲ့ အရှင်မရဲ့ကျေးဇူးကို ကျေအောင်မဆပ်နိုင်ပါဘူး။
အခုအရှင်မက ဒီလိုမဟာအခွင့်ထူးမျိုး ကျုပ်ကိုအမွေပေးချင်တယ်။ ဒီလောက်ကြီးလေးတဲ့တာဝန်ကို ကျုပ်ဘယ်လိုထမ်းဆောင်နိုင်မှာလဲ။ အရှင်မက ကျုပ်ကိုအခွင့်အလမ်း နောက်တစ်ကြိမ်ထပ်ပေးနေပြန်ပြီ။
အရှင်မကျေးဇူးကို နောင်တစ်ချိန် ကျုပ်ဘယ်လိုပြန်ဆပ်ရမှာလဲ"
ဤတစ်ကြိမ်တွင် နတ်မယ်နားလည်သည်။ ရှောင်ယန်က ကိုယ့်ကိုယ်ကို ယုံကြည်မှုနည်းနေခြင်းဖြစ်သည်။
"ရှောင်ယန်၊ ကိုယ့်ကိုယ်ကို ယုံကြည်ပါ။ နင်က နိုင်ငံ့ထောက်တိုင်ပဲ။ ငါနတ်မယ်ရဲ့..."
"လက်ရုံးပါ"
လုယန် အမြန်စကားဖြတ်ပြောသည်။
"အင်း ငါ့ရဲ့လက်ရုံးပဲ။ ငါသိမ်းပိုက်ထားတဲ့ ကျယ်ပြန့်တဲ့ ဒီနိုင်ငံကြီးဟာ တစ်နေ့မှာ နင့်လက်ထဲ ရောက်လာမှာလဲ။ ငါမသေမျိုးပေးတာကို နင်လက်ခံလိုက်ရုံပါပဲ"
"မဖြစ်ပါဘူး အရှင်မ။ မဟာတပ်မှူးသုံးယောက် နယ်မြေအနှံ့ကို စစ်ချီနေတယ်။ သမိုင်းရေးဝန်ကြီး၊ ယဉ်ကျေးမှုဝန်ကြီးနှင့် တစ်ခြားလူတွေက မရပ်မနားအလုပ်လုပ်နေတယ်။
ဒါပေမယ့် အရှင်မဆီ ဘာမှမတောင်းဆိုကြဘူး။ ကျုပ်က ဘာစွမ်းဆောင်မှုမှ မလုပ်ရသေးပါဘူး။ အရှင်မရဲ့ ချီးမြှောက်မှုကို ကျုပ်ဘယ်လက်ခံလို့ဖြစ်မှာလဲ။
ကျုပ်ကို အချိန်ပေးပါ။ စွမ်းဆောင်ရည်ပြပြီး နာမည်ကျော်ကြားအောင် လုပ်ခွင့်ပေးပါ။ အဲဒီ့အချိန်ရောက်မှ ကျုပ်ကို သခင်မဆုလာဘ်ချီးမြှောက်လည်း နောက်မကျပါဘူး"
"အင်း..ကောင်းပြီလေ"
လုယန်ကို ထာဝရအရိယဖလသန္ဓေ ပေးနိုင်တော့မည်ဟု နတ်မယ်ထင်ခဲ့သော်လည်း ယခုထိ အငြင်းခံနေရဆဲဖြစ်သည်။
သို့သော် လုယန်က သူ့လူဖြစ်နေပြီဖြစ်၍ အရိယဖလသန္ဓေပေးဖို့ အချိန်တစ်ခု စောင့်ရုံသာရှိသည်။
ထိုသို့တွေးရင်း နတ်မယ် ရယ်ပြန်သည်။
"ခေါင်းဆောင်၊ ဒုခေါင်းဆောင်၊ အမချိုင်ဝေနဲ့ငါ ဘာဆွဲထားလဲကြည့်ပါဦး..."
"ရှူး၊ သခင်လေး ကျင့်ကြံနေတယ်။ သူ့ကိုမနှိုးနဲ့"
ကျင်းချိုင်ဝေက ယွမ်မုန်မုန်ကို တိတ်တိတ်နေဖို့ အချက်ပြသည်။
"ဪ အင်း"
ယွမ်မုန်မုန် ခြေလှမ်းနှေးသွားသည်။ လုယန်ဆီ ခြေဖျားထောက်၍ လှမ်းလာသည်။
လုယန် ထိုနှစ်ယောက်ကို စိတ်ပျက်လက်ပျက် မျက်လုံးဖွင့်၍ကြည့်သည်။
"ကျုပ်အစောကြီးကတည်းက နိုးနေတာပါ"
သို့မဟုတ် သူလုံးဝမအိပ်ခဲ့ဟု ဆိုရမည်။ လက်ရှိကျင့်ကြံနည်းက မသေမျိုးအာရုံကို ဖြန့်ကျက်ဖို့ဖြစ်သည်။ အိပ်ဖို့မဟုတ်။
"ဒီမှာကြည့်၊ ငါတို့ဆွဲထားတာ"
ယွမ်မုန်မုန်က သကြားပန်းချီတစ်ချို့ ကိုင်ထားသည်။ ပန်းချီဆွဲဖို့သုံးသည့် ကုန်ကြမ်းပစ္စည်းက နံရံပြုပြင်သည့် တင်လဲရည်ဖြစ်သည်။ အောင်းလင်း၊ ကျန်းလျန်ယိနှင့် သူတို့အဖွဲ့အားလုံး၏ မျက်နှာပုံတူကို ပုံဖော်ထားသည်။
"ခေါင်းဆောင်နဲ့ ဒုခေါင်းဆောင်။ ရော့..ဒါက ခေါင်းဆောင်တို့အတွက်ပါ။ ပန်းချီပုံတွေကတော့ မတော်တဆ ကပ်သွားတယ်"
ယွမ်မုန်မုန် သကြားပန်းချီနှစ်ခု ထုတ်ပေးသည်။ လုယန်နှင့်နတ်မယ် ဘေးချင်းယှဉ်၍ ထိုင်နေသည့်ပုံဖြစ်သည်။
"ညီမုန်မုန်က အများကြီးအပင်ပန်းခံထားတာပဲ"
လုယန် သကြားပန်းချီကို၍ တစ်ခါလျက်ကြည့်သည်။ လုယန်ခန္ဓာကိုယ်ကို ပူးကပ်ထားသည့် နတ်မယ်လည်း လျက်သည်။
"အတော်ကောင်းတာပဲ"
"ဟုတ်လား။ အဲဒါ ငါသေချာလေ့လာထားတဲ့ တင်လဲရည်အချိုးအစားပဲ"
ဝိညာဉ်စားဖိုမှူးနှစ်ယောက်၏ ချီးကျူးစကားကြောင့် ယွမ်မုန်မုန် ယုံကြည်မှုရလာပြီး ကျန်သည့်သကြားပန်းချီကို တစ်ခြားလူများနှင့် မျှဝေစားသည်။
သကြားပန်းချီလျက်နေရင်း ဘယ်လိုစည်းမျဉ်းမျိုး တည်ဆောက်ရမည်ကို လုယန်တွေးနေသည်။
သူရခဲ့သည့် သင်ခန်းစာအရ စည်းမျဉ်းများကို လက်လွတ်စပယ် မချမှတ်သင့်။ တစ်ချက်မှားသည်နှင့် ဒုက္ခအကြီးအကျယ်ရောက်သွားနိုင်သည်။
"ဒီနေရာမှာပဲ စည်းမျဉ်းသတ်မှတ်ကြည့်ရမယ်။ - စည်းမျဉ်းသတ်မှတ်မယ်။ ငါ့ကိုဗဟိုထားပြီး ဆယ်မိုင်ပတ်လည်အတွင်း ကန္တာရမြို့တော်တစ်ခု တည်ဆောက်မယ်"
စည်းမျဉ်းချမှတ်ပြီးသည်နှင့် ဘုံကျောင်းအပြင်ဘက်မှ တဝုန်းဝုန်းအသံများ ပေါ်လာသည်။ သဲနှင့်ကျောက်တုံးများ တုန်ခါပြီး ကြွတက်လာသည်။ ကန္တာရမြို့၏နံရံများဖြစ်လာသည်။
နံရံအတွင်းဘက်တွင် အဆောက်အဦးများပေါ်လာသည်။ သဲပွင့်များနှင့် တည်ဆောက်ထားခြင်းဖြစ်သည်။ သို့သော် တကယ်အဆောက်အဦးများနှင့် နှိုင်းယှဉ်ကြည့်လျှင် အတော်လေး အချိုးမကျဖြစ်နေသည်။
အနိမ့်အမြင့်မညီဘဲ ယိမ်းယိုင်နေသည်။
ထို့နောက် ကန္တာရမြို့တော် ဝုန်းခနဲ ပြိုကျသွားသည်။
"ဘာကြောင့်ပြိုကျသွားတာလဲ"
"နင်စည်းမျဉ်းသတ်မှတ်တဲ့အဝိုင်းအဝန်းက အရမ်းကျယ်ပြီး အားလုံးကိုတည်ဆောက်ဖို့ ကြိုးစားခဲ့လို့ပါ။
ပထမဆုံးစည်းမျဉ်းတည်ဆောက်တာဆိုတော့ အားလုံးကို ဘယ်လွှမ်းခြုံနိုင်မလဲ။ ဒါကြောင့် အခုလိုဖြစ်တာပါ"
နတ်မယ်က ပြုံး၍ပြောသည်။
"ဒါပေမယ့် နည်းလမ်းက မှန်တယ်။ ဆက်ပြီးလေ့ကျင့်ပါ"
"ကောင်းပြီလေ"
လုယန် ဤတစ်ကြိမ် လောဘမကြီးတော့။ ဖြေးဖြေးချင်းသွားသည်။
"ဒီနေရာမှာစည်းမျဉ်းသတ်မှတ်မယ်။ - ငါ့ကိုဗဟိုထားပြီး ဆယ်မိုင်ပတ်လည် ကန္တာရမြို့တော်အတွက် နံရံတစ်ခုတည်ဆောက်မယ်"
နံရံကိုသာ အဓိကထားသည်။ အိမ်များမပါ။ ဖိအားအတော်လျော့သွားသလို ခံစားရသည်။ သိပ်မကြာမီ မီတာတစ်ရာမြင့်သည့် နံရံကြီးတစ်ခု ဘုံကျောင်းဘေးပတ်လည်တွင် ပေါ်လာသည်။
နံရံနှင့် မနီးမဝေးတွင် ကန္တာရခရီးသည်တစ်ု ရှိနေသည်။ ရုတ်တရက်ပေါ်လာသည့် ကန္တရာရမြို့တော်ကိုကြည့်၍ ထိတ်လန့်ခြောက်ခြားလွန်းသဖြင့် ကုလားအုတ်များပေါ်မှ လိမ့်ကျမတတ်ဖြစ်ကုန်သည်။
ထိုမျှခမ်းနားသည့် မြင်ကွင်းမျိုး တစ်ခါမှမမြင်ဖူးကြ။
"ရှေ့မှာရှိနေတာ ဘယ်သူ့ဘုံကျောင်းလဲ။ လောကအရှင် ကိုယ်ရောင်ပြတာများလား"
သို့သော်ထိုခဏမှာပင် ကန္တာရမြို့တော်က ပြန်လည်ပြိုကျသွားသည်။ ထူးဆန်းသည့် တံလျှပ်တစ်ခုကို မြင်လိုက်ရသည်ဟု ခရီးသွားအုပ်စု ထင်မိကြသည်။
သို့သော် တစ်ခုခုတော့ မူမမှန်။
"လောကအရှင် ကျုပ်တို့ကို အပြစ်မတင်ပါနဲ့။ လောကအရှင်ကျုပ်တို့ကို ကာကွယ်ပေးပါ"
တံလျှပ်ဖြစ်စေ တစ်ခြားတစ်ခုခုဖြစ်စေ အရေးမစိုက်တော့။ အဝေးသို့ ချက်ချင်းထွက်ပြေးကြသည်။
ဘုံးကျောင်းအလယ်မှ လောကအရှင်၏အမွေခံလုယန် ခေါင်းကိုခါယမ်း၍ ရယ်လိုက်သည်။ အကြောတစ်ချက်ဆန့်သည်။
"သူတို့ကငါ့ကို ကာကွယ်ပေးဖို့ ဆုတောင်းနေတော့လည်း နည်းနည်းကူညီပေးရတာပေါ့"
ခရီးသွားအုပ်စုနောက်ဘက်မှ နေရာတစ်ခုဆီ သူလက်ညှိုးညွှန်လိုက်သည်။ အဆိပ်ပြင်းသည့် မြွေတစ်ချို့ ချက်ချင်းသေသွားသည်။
ထိုမြွေများက ခရီးသွားအုပ်စုနောက်သို့ တောက်လျှောက်လိုက်လာပြီး တိုက်ခိုက်ဖို့အခွင့်ကောင်းကို စောင့်နေခဲ့ခြင်းဖြစ်သည်။ သို့သော် လုယန်က သတိထားမိသဖြင့် လက်ညှိုးတစ်ချောင်းဖြင့် သေလမ်းသို့ပို့လိုက်သည်။
ရက်ပေါင်းများစွာ ကြာသွားသည်။ ပေါ်လိုက်ပျောက်လိုက်ဖြစ်နေသည့် ကန္တာရမြို့တော်ကို ကန္တရာခရီးသွားများစွာ သတိပြုမိလာသည်။
သိပ်မကြာမီ မြို့တော်မှ ရွှေသန္ဓေအဆင့်ကျင့်ကြံသူများ ပေါ်လာပြီး အခြေအနေကို စူးစမ်းသည်။ သို့သော် ဘာမှမတွေ့။
လုယန် စည်းမျဉ်းစွမ်းအား လေ့ကျင့်နေခြင်းဖြစ်သည်။
"ထူးဆန်းတယ်။ ဒီစွမ်းအားရှင်က ဘယ်သူလဲ။ ဒီလိုမြင်ကွင်းမျိုးတောင် ဖန်တီးနိုင်တယ်ပေါ့"
ရွှေသန္ဓေကျင့်ကြံသူအုပ်စု ဆွေးနွေးတိုင်ပင်ကြသော်လည်း ကောက်ချက်မချနိုင်ကြ။ တံလျှပ်မဟုတ်သည်က သေချာသည်။ အဆင့်မြင့်စွမ်းအားရှင်တစ်ယောက် လှုပ်ရှားနေခြင်းဖြစ်သည်။
သို့သော် စွမ်းအားသုံးသည်နည်းလမ်းက သူတို့နားလည်နိုင်စွမ်းထက် ကျော်လွန်နေသည်။ ဘယ်လိုနည်းလမ်းသုံးသည်ကို မခွဲခြားနိုင်ကြ။
"ထားလိုက်ပါတော့။ သူက ငါတို့လိုသာမန်လူတွေနဲ့ မတွေ့ချင်လို့ဖြစ်မှာပါ"
ထိုလူ၏ကျင့်စဉ်အဆင့်က ခန့်မှန်းမရအောင်မြင့်သည်ဟု ယူဆကြသည်။ မိုးပျံဘုံကျောင်းမှ အကြီးအကဲများထက်ပင် ပိုမြင့်လောက်သည်။
ထိုစွမ်းအားရှင်မျိုးသည် သေမျိုးလောကကို ကျော်လွန်နေသည်။ သာမန်လူတို့အတွေးများဖြင့် နားလည်နိုင်စရာအကြောင်းမရှိ။
ကန္တာရမြို့တော်ကို ရှာမတွေ့သလို ထိခိုက်ဒဏ်ရာရသူလည်းမရှိသဖြင့် ဘိုးဘေးဘုံကျောင်းက အနီးအနားမြို့တော်များတွင် ဒဏ္ဍာရီတစ်ခုဖြစ်လာသည်။ လျှို့ဝှက်ဆန်းကြယ်သည့်အရာ ဖြစ်လာသည်။
"ဂိုဏ်းသခင်လေး၊ ကြည့်ပါဦး။ ဒီနားက မြို့တော်တစ်ခုမှ ဈေးဝယ်ထွက်ရင်း စိတ်ဝင်စားစရာတစ်ခု တွေ့လာတယ်"
ကျင်းချိုင်ဝေက မှော်ဖန်လုံးတစ်ခု ကိုင်ထားသည်။
"ဒါက မှတ်တမ်းမှော်ဖန်လုံးပဲမဟုတ်လား"
လုယန် တွေးရခက်သွားသည်။
ကျင်းချိုင်ဝေက ပဟေဠိဆန်ဆန် ပြန်ပြောသည်။
"ဒီမှော်ဖန်လုံးနဲ့ကစားရင် သရဲမတစ်ယောက်ပေါ်လာပြီး သူ့ကိုမြင်တဲ့လူမှန်သမျှ ကံဆိုးတယ်လို့ ပြောကြတယ်"
*****************************
အခန်း (၁၁၄၀) ဖန်လုံးထဲက သရဲမ
"အဲလိုလား"
လုယန် မှော်ဖန်လုံးကိုယူ၍ကြည့်သည်။ နည်းနည်းစိတ်ဝင်စားလာသည်။
"မှောင်ခိုဈေးမှာ ဒီလိုမှော်ဖန်လုံးတွေအကြောင်း ပြောနေသံကြားတာနဲ့ တစ်ခုဝယ်လာတာ"
မှော်ဖန်လုံးလုပ်ငန်း၏ ခေါင်းဆောင်ဖြစ်၍ ချုန်းချီမျိုးနွယ်သည် မှော်ဖန်လုံးများ၏ အပြောင်းအလဲမှန်သမျှကို အတော်စိတ်ဝင်စားကြသည်။
"မှော်ဖန်လုံးထဲက သရဲမကို ကြည့်တဲ့လူတိုင်း ကံဆိုးတယ်ပေါ့"
ကျိန်စာပညာနှင့်ပတ်သက်လျှင် ချင်ဟဲ၏အသိဗဟုသုတက မြင့်မားသည်။
"ကျိန်စာတိုက်တဲ့ပညာက ရှုပ်ထွးတယ်။ အနည်းဆုံး ပစ္စည်းတစ်ခုကို အပြည့်အစုံမြင်နိုင်ဖို့လိုတယ်။ ပုံမှန်မှော်ဖန်လုံးတစ်ခုနဲ့ ကျိန်စာတိုက်ဖို့ မဖြစ်နိုင်လောက်ဘူး။
ချုန်းချီတွေ အဆင့်မြှင့်လိုက်တဲ့ မှော်ဖန်လုံးကြောင့် သုံးဘက်မြင်ပုံရိပ်ကောင်းတွေ ရလာတယ်။ ဒါက ကျိန်စာတိုက်ဖို့အတွက် အခြေခံလိုအပ်ချက်ပဲ"
ချင်ဟဲ သေချာသုံးသပ်သည်။
အရင်က မှော်ဖန်လုံးများသည် နှစ်ဘက်မြင်ပုံရိပ်'အပြား'များသာထွက်သည်။ သို့သော်ယခု သုံးဘက်မြင်ပုံရိပ်ထုတ်သည့် မှော်ဖန်လုံးများ ပေါ်လာသည်။
မှော်ဖန်လုံးများတွင် ထိုစွမ်းရည်ရှိကြောင်း အောင်းလင်းတို့ ပထမဆုံးကြားဖူးခြင်းဖြစ်သည်။ ယွမ်မုန်မုန်လုပ်ထားသည့် သကြားလုံးများကိုင်၍ အားလုံးဝိုင်းကြည့်ကြသည်။ မကြာခဏ သကြားလုံးများကို လျက်သည်။
လုယန် မှော်ဖန်လုံးကိုရှေ့တွင်ချ၍ ဝိညာဉ်စွမ်းအင်ပို့လွှတ်သည်။ ဒေါင်းတစ်ကောင်အတောင်ဖြန့်သကဲ့သို့ ကျန်သည့်မိန်းကလေးများက လူဖြန့်၍ စိတ်ဝင်တစား ဝိုင်းကြည့်ကြသည်။
မှော်ဖန်လုံးမှ သုံးဘက်မြင်ပုံရိပ်တစ်ခု ထွက်လာသည်။ ခြောက်ခြားဖွယ် သရဲညည်းသံလည်း ပေါ်လာသည်။ ရေတွင်းဟောင်းတစ်ခုဖြစ်သည်။ ရေတွင်းထဲမှ ဆံပင်နှင့်အဝတ်အစားများ ရေတစက်စက်ကျနေသည့် သပုံပျက်ပန်းပျက် သရဲမတစ်ယောက်တက်လာသည်။
သရဲညည်းသံများ ပိုခြောက်ခြားစရာကောင်းလာသလို သရဲမ၏ခန္ဓာကိုယ်လည်း ပို၍ပို၍ပေါ်လာသည်။
ထို့နောက် သရဲညည်းသံများ တိခနဲရပ်သွားပြီး သရဲမက ဖျတ်ခနဲမော့ကြည့်သည်။ သွေးဆုတ်ဖြူရော်နေသည့် ကြောက်စရာသရဲမျက်နှာတစ်ခု ပေါ်လာသည်။
ထို့နောက် လေပြင်းများတိုက်ခတ်လာသည်။ မီးအလင်းများ တဖျတ်ဖျတ်လှုပ်ရှားလာပြီး မှိန်လိုက်လင်းလိုက်ဖြစ်နေသည်။
အားလုံး သရဲမကို စိုက်ကြည့်နေကြသည်။
သရဲမ မင်သက်မိသွားသည်။ ထိုပရိတ်သတ်၏ တုံ့ပြန်မှုက မူမမှန်။ ပုံမှန်ဆိုလျှင် သူ့ကိုမြင်သူများ ကြောက်လန့်တကြား ထွက်ပြေးကြသည်။ သို့မဟုတ် မှော်ဖန်လုံးကို ပိတ်ရန်ကြိုးစားကြသည်။
မပိတ်နိုင်လျှင် ရိုက်ခွဲကြသည်။
"အူး..အူး..."
သရဲမက သွားဖြဲ၍ လေထဲသို့ လက်သည်းဖြင့်ကုတ်ခြစ်ဟန်ပြပြီး အားလုံးကို ခြောက်လှန့်ရန် ကြိုစားသည်။
"ဒါပဲလား"
ယွမ်မုန်မုန် ထိုထက်ပို၍ မျှော်လင့်ထားသည်။ သို့သော် သရဲမက နောက်ထပ်ဘာမှမလုပ်တော့။ သွားဖြဲပြီး လက်သည်းကုတ်ပြရုံသာဖြစ်သည်။ လုံးဝကြောက်စရာမကောင်း။
"ဒါပဲတဲ့လား။ ရှောင်ကျိရယ်တာလောက်တောင် ကြောက်စရာမကာင်းဘူး"
ကြောက်စရာမကောင်းသည့် သရဲမကို ကြည့်နေသည့် လုယန်နှင့်နတ်မယ် ယွမ်မုန်မုန်စကားကြောင့် အလိုလိုကြက်သီးထလာကြသည်။
ယွမ်ကျိရယ်သည့် အခြေအနေက တစ်ခုသာရှိသည်။ ဒေါသထွက်နေချိန်ဖြစ်သည်။ ကြောက်စရာကောင်းသည်မှာ မဆန်းလှ။
"ချင်ဟဲ၊ ဒါက ကျိန်စာပညာဆိုတာ သေချာရဲ့လား"
လုယန် ချင်ဟဲကို သံသယဖြင့်ကြည့်သည်။ ကျိန်စာပညာနှင့် လုံးဝမတူ။ ယခု မသေမျိုးခန္ဓာ သူပိုင်ဆိုင်ထား၍ ကျိန်စာများ မသက်ရောက်နိုင်။ သို့သော် ခုခံမှုအာရုံတစ်ခုခုတော့ ရသင့်သည်။
သရဲမက တစ်ချိန်လုံး သွားဖြဲ၍ လက်သည်းကုတ်ပြရုံသာ လုပ်နေသည်။
ချင်ဟဲ နည်းနည်းရှက်သွားသည်။ ကျိန်စာပညာနှင့် တကယ်မတူကြောင်း ဝန်ခံသည်။
"ဒီသရဲက ကျိန်စာတိုက်နိုင်တဲ့ အစွမ်းရှိလောက်တယ်။ ဒါပေမယ့် ငါတို့မကြောက်မှန်းသိလို့ ကျိန်စာမတိုက်တော့တာဖြစ်မယ်"
ဘယ်သူမှ မကြောက်သည်ကို မြင်ရသဖြင့် သရဲမက မှော်ဖန်လုံးထဲ ပြန်ဝင်ရန်ပြင်သည်။ လုယန်က သူ့ကို ချက်ချင်းအပြင်သို့ဆွဲထုတ်သည်။
"ဘာတွေဖြစ်နေတာလဲ ရှင်းပြစမ်း"
သရဲမက ကြမ်းပြင်ပေါ်ဒူးထောက်ပြီး ဝမ်းနည်းပက်လက် ငိုကျွေးသည်။
"ကျွန်မအသက်ကို ချမ်းသာပေးပါ။ ကျွန်မ မကောင်းတာဘာမျှမလုပ်ခဲ့ပါဘူး။ ကျွန်မသခင်က မှော်ဖန်လုံးထဲမှာ ပုန်းနေဖို့ အမိန့်ပေးထားလို့ပါ"
"မင်းသခင်က ဘယ်သူလဲ"
"သခင်ရှီပါ။ သခင့်ရဲ့ နောက်ခံကိုတော့ ကျွန်မမသိဘူး။ သူ့ကို သခင်ရှီလို့ပဲ ခေါ်ခိုင်းတယ်"
"သူကဘယ်မှာလဲ"
"ကျင်းအန်းမြို့တော်မှာ"
"ငါ့တို့ကို ခေါ်သွားပေးပါ"
သရဲမက တုံ့ဆိုင်းနေသည်။ လုယန်မျက်လုံးများမှေးစင်းသွားသည်။ သရဲမ တစ်ခွန်းမှမငြင်းရဲတော့။ မှော်ဖန်လုံးထဲသို့ ပြန်ဝင်သည်။
မှော်ဖန်လုံးပေါ်တွင် မြားတစ်စင်းပေါ်လာသည်။ ထိုမြားဖြင့် လမ်းပြသည်။
"ခင်ဗျားတို့ရော ကျင်းအန်းမြို့ကိုလိုက်မှာလား"
လုယန် မေးလိုက်သည်။ သို့သော် မေးစရာမလိုမှန်း သဘောပေါက်သွားသည်။ တစ်ယောက်မှ ပွင့်ပွင့်လင်းလင်းမပြောသော်လည်း စပ်စုလိုစိတ်ပြင်းပြသည့် အမူအရာများ သူတို့မျက်နှာတွင် ပေါ်လွင်နေသည်။
"ခင်ဗျားတို့ အခုလက်ရှိဖျက်ထားတဲ့ရုပ်ရည်နဲ့ဆို ကျင်းအန်းကို သွားဖို့အဆင်မပြေနိုင်ဘူး"
လုယန် စေတနာဖြင့် သတိပေးသည်။ သူက ရုပ်ဖျက်ပြီး လူအုပ်ကြားထဲ ရောလိုက်လျှင် မသိသာတော့။ သာမန်လူလိုဖြစ်သွားသည်။
သို့သော် ထိုမိန်းကလေးများက မတူ။ ရုပ်ဖျက်ထားသည့်တိုင် လှနေကြဆဲဖြစ်သည်။ လမ်းတွင်တွေ့သည့်လူတိုင်းက လည်ပြန်ကြည့်ကြမည်။
တဇွတ်ထိုးနိုင်သည့် သခင်လေးတစ်ချို့နှင့် ကြုံရနိုင်သည်။
"ဒါကလွယ်ပါတယ်။ ငါတို့ကို ရေပြင်ညီဖြစ်အောင် ချိုင်ဝေကို ပုံပြောင်းခိုင်း၇မှာပေါ့"
အောင်းလင်းက အဖြေတစ်ခု စဉ်းစားပြီးဖြစ်သည်။
ထိုသို့ပြောပြီးနောက် အောင်းလင်း နဂါးစစ်အသွင်ပြောင်းလိုက်သည်။ ကျင်းချိုင်ဝေက ရေပြင်ညီအရိယဖလသန္ဓေဖြင့် နဂါးစစ်အောင်းလင်းကို အပြားဖြစ်အောင်ပြောင်း၍ လုယန်ဝတ်ရုံပေါ်တွင် ကပ်လိုက်သည်။
ကျန်းလျန်ယိလည်း ထိုသို့လုပ်သည်။
ချင်ဟဲလည်း ကြာပန်းအသွင်ပြောင်း၍ လုယန်ဝတ်ရုံပေါ် ကပ်သည်။
ချက်ချင်းဆိုသလို လုယန်ဝတ်ရုံဖြူပေါ်တွင် နဂါး၊ ဖီးနစ်၊ ချုန်းချီ၊ ကြာပန်းနှင့် ယွမ်မုန်မုန်တို့ရုပ်ပုံများ ပြည့်နက်သွားသည်။
"နေပါဦး၊ ချင်ဟဲက ဘာလို့ကြာပန်းပုံလဲ"
လုယန် တအံ့တဩမေးသည်။
"ဟမ်၊ ငါနင့်ကို မပြောရသေးဘူးလား။ ချင်ဟဲရဲ့ မူလပုံစံက ကြာပန်းလေ"
နတ်မယ်က ပြောသည်။ ရှေးဟောင်းခေတ်ဇာတ်လမ်းများ လုယန်ကို သူနေ့တိုင်းပြောခဲ့သည်။ ချင်ဟဲအကြောင်း ပြောခဲ့မပြောခဲ့ သိပ်မသချောလှ။
"ဪ အဲလိုလား"
လုယန် ရုပ်ဖျက်လိုက်သည်။ ရုပ်ပုံအပြည့်ထိုးထားသည့် ဝတ်ရုံဖြူဝတ်၍ မှော်ဖန်လုံးကိုယူပြီး ကျင်းအန်းသို့ဝင်သည်။
ကျင်းအန်းမြို့တော်သည် ဗုဒ္ဓနိုင်ငံထဲမှ မထင်မရှား မြို့တော်ငယ်တစ်ခုဖြစ်သည်။ ရွှေသန္ဓေအဆင့်ကျင့်ကြံသူပင် ငါးယောက်မပြည့်။
ထိုသို့မဟုတ်လျှင်လည်း တာအိုရှင်ယုက အသက်ဖိုးငွေကို မြို့ထဲတွင် ဖြန့်ရဲခဲ့မည်မဟုတ်။
သို့သော် မြို့တော်က စည်ကားသည်။ လုယန် လမ်းအတိုင်းလျှောက်လာရင်း လျှို့ဝှက်ဆန်းကြယ်သည့် ကန္တာရမြို့တော်အကြောင်း ဘေးလူများပြောဆိုနေသံကိုကြားရသည်။
ရေပြင်ညီရုပ်ပုံဖြစ်သွားပြီးနောက် မိန်းကလေးများက အငြိမ်မနေ။ ဝတ်ရုံပေါ်တွင် ဟိုဟိုဒီဒီ ရွှေပြောင်းနေကြသည်။ သို့သော် လုယန်ပုံစံက လူအုပ်ကြားတွင် သိပ်မသိသာ။
ထို့ကြောင့် သူ့ဝတ်ရုံပေါ်မှ အပြောင်းအလဲများကိုလည်း ဘယ်သူမှသတိမထားမိကြ။
"ကန္တာရမြို့တော်အလယ်မှာ ဗုဒ္ဓရုပ်ထုရှိတဲ့ ဘုံကျောင်းတစ်ခုရှိတယ်လို့ ပြောကြတယ်။ ကန္တာရမြို့ကိုဝင်ပြီး ဘုံကျောင်းကိုရှာနိုင်ရင် ဆုတစ်ခုတောင်းလို့ရတယ်တဲ့"
"ဟုတ်လား။ ဒါမျိုးလည်း ရှိသေးတာလား"
"ဒါပေမယ့် ကောလဟာလပါပဲ။ အဲဒီ့ကန္တာရမြို့တော်ကို ရှာတဲ့လူတွေ ဘယ်လောက်များလဲကြည့်လေ။ ဘယ်သူတွေ့ခဲ့လို့လဲ"
ထိုဆွေးနွေးသံများကြားပြီးနောက် သရဲမ ဝိညာဉ်ကြေမွမတတ် ထိတ်လန့်သွားသည်။ ဤဘုံကျောင်းသည် သူခုနကရောက်ခဲ့သည့်နေရာဖြစ်ဖို့များသည်။
မှော်ဖန်လုံးပေါ်မှ မြားဦးက ဦးတည်ချက်အဆက်မပြတ် ပြောင်းလဲနေသည်။ လုယန်ဘယ်ညာချိုးကွေ့၍ လိုက်လာရင်း နောက်ဆုံးတွင် မှောင်မည်းနေသည့် လမ်းသွယ်တစ်ခုသို့ ရောက်လာသည်။
"ဒီနေရာပါပဲ"
မှော်ဖန်လုံးထဲမှ သရဲမအသံပေါ်လာသည်။
လုယန် တံခါးကိုတွန်းဖွင့်ပြီးနောက် ခြံဝင်းငယ်တစ်ခုထဲသို့ ရောက်လာသည်။
"ငါ့အိမ်ထဲကို ဘယ်သူကျူးကျောရဲတာလဲကွ"
အရပ်မြင့်မြင့်ကျင့်ကြံသူတစ်ယောက် လုယန်ဝင်လာသည်ကို သတိထားမိသဖြင့် စာကြည့်ခန်းမှ ခြံဝင်းထဲသို့ ချက်ချင်းရောက်လာပြီး အော်မေးလိုက်သည်။
"သခင်ရှီ"
မှော်ဖန်လုံးထဲမှ သရဲမက အော်ခေါ်သည်။
"မြောင်အာ"
သခင်ရှီ မျက်နှာနည်းနည်းပျက်သွားသည်။ တစ်ဘက်လူက မြောင်အာကိုအသုံးချ၍ သူ့ကိုခြေရာခံခဲ့ခြင်းဖြစ်သည်။
"မင်းဘယ်သူလဲ။ မြောင်အာကို ပြန်ပေးဆွဲရဲတယ်ပေါ့။ ချုန်းချီမျိုးနွယ်ကို မင်းရန်စနေတာလား"
သခင်ရှီ၏ဦးခေါင်းက ကျားဦးခေါင်းအသွင်ပြောင်း၍ သန္ဓေစွမ်းအင်ရောင်များ ထွက်ပေါ်လာသည်။
လုယန် ခဏမင်သက်မိသွားပြီး မျက်နှာပျက်လာသည်။
သူ့ဝတ်ရုံပေါ်မှ ကျားဖြူအရုပ်လှုပ်ရှားပြီး အပြင်ဘက်သို့ ခုန်ထွက်လာသည်။ လူအသွင်ပြောင်း၍ သခင်ရှီကို အေးစက်စက်စိုက်ကြည့်သည်။
"ဘိုး..ဘိုးဘေးငယ်"
သခင်ရှီ အကြီးအကျယ်တုန်လှုပ်သွားသည်။ မယုံနိုင်အောင်ဖြစ်နေသည်။ ဘာကြောင့် ဘိုးဘေးငယ်က ဤနေရာသို့ ရောက်လာသည်မသိ။
"ကျင်းကောင်းရှီ ဘိုးဘေးငယ်ကို ဂါရဝပြုပါတယ်"
သခင်ရှီ ဒူးထောက်၍ အထပ်ထပ်ရှိခိုးဦးခိုက်သည်။
"ဒီသရဲမက သူ့ကိုမှော်ဖန်လုံးထဲ ပုန်းနေဖို့ နင်အမိန့်ပေးခဲ့တာလို့ ပြောတယ်။ ဒါက ဘာသဘောလဲ"
ရင်းမြစ်ကို ခြေရာခံချိန်တွင် ပြဿနာရှာနေသူက သူတို့မျိုးနွယ်ဖြစ်နေသဖြင့် ကျင်းချိုင်ဝေအံ့ဩမိသည်။
သခင်ရှီ တုံ့ဆိုင်းနေသည်။ စကားပြန်မပြောနိုင်သေး။
"ပြောစမ်း"
"မှော်...မှော်ဖန်လုံးအရောင်းမြှင့်တင်ဖို့ ဒီနည်းလမ်းမျိုး ကျုပ်စိတ်ကူးမိလို့ပါ။ ဒါကြောင့် မြောင်အာ၊ ခဲအာနဲ့ အန်းအာတို့ကို အစီအစဉ်ထဲထည့်တယ်။
အထဲမှာပုန်းနေပြီး လူတွေကိုခြောက်လှန့်ခိုင်းတယ်။ တစ်ချို့လူတွေက အကြောက်လွန်ရင် မှော်ဖန်လုံးတွေကို ရိုက်ခွဲမိတတ်ကြတယ်။ အဲလိုဆို သူတို့ မှော်ဖန်လုံးအသစ်ဝယ်ရမယ်လေ"
*******************************