← Chapters

အခန်း (၁၁၂၆-၁၁၂၈)

Vol. 76 Ch. 1126-1128

အခန်း (၁၁၂၆-၁၁၂၈)

Vol. 76 Ch. 1126-1128

အခန်း (၁၁၂၆) အကောင်းဆုံးကြိုးစားခဲ့ပါတယ်

ယွမ်ကျိအကြံကို လုယန်အတော်စိတ်ဝင်စားသွားသည်။

အမယွမ်၏ ရွှေသန္ဓေကြယ်ကမ္ဘာပေါ်တွင် ကျင့်ကြံစဉ်က ခံစားချက်အရိယဖသန္ဓေကိုသုံး၍ ကြယ်သန္ဓေစွမ်းအင်များကို သန့်စင်ခဲ့သည်။

အကျိုးသက်ရောက်မှုက မယုံနိုင်လောက်အောင်ကောင်းသည်။

ဘာဝေဒနာမှ သူမခံစားရ။ ကျင့်ကြံရသည်မှာ တကယ်ပျော်စရာကောင်းသည်။

သို့သော် စိုးရိမ်စရာကိစ္စလည်းရှိသေးသည်။

"လောင်မုန်ရော သဘောတူလား"

သူနှင့်လောင်မုန် နှစ်ယောက်လုံး ဒဏ်ရာကုနေကြသည်။ လောင်မုန်က ခေါင်းမာမာဖြင့် ကျွေးယွဲ့ထံမှ အကူအညီမလိုဟု ငြင်းနေလျှင် သူလည်းအကူအညီတောင်း၍မဖြစ်။

"သဘောတူတယ်"

"ဒါဆိုသွားမယ်လေ"

ယွမ်ကျိခေါင်းငြိမ့်သည်။ ထို့နောက် နေရာမှပျောက်သွားသည်။ ဘေးပတ်လည်မှလူများက ထမ်းစင်တစ်ခုအမြန်တည်ဆောက်သည်။ လုယန်ကို ထမ်းစင်ပေါ်တင်သည်။

...

"အား..တကယ်နာတယ်"

မုန်ကျင်းကျိုးဘေးတွင်လည်း ပန်းစည်းများ စေတနာလက်ဆောင်များရှိသည်။ တကယ်ပီတိဖြစ်စရာမြင်ကွင်းဖြစ်သည်။

လာလည်သူများရှိစဉ် ဝေဒနာကိုကျိတ်မှိတ်သည်းခံ၍ မနာပါဟု သူပြောခဲ့သည်။ သို့သော် အားလုံးထွက်သွားသည်နှင့် သူမချိမဆံ့စအော်သည်။

ကူးဖြတ်ခြင်းအဆင့်ထိရောက်ရသည့် အကျိုးကျေးဇူးက တကယ်ထူးခြားသလို ဝေဒနာကလည်း တကယ်ထူးခြားသည်။

"ရှောင်မုန်၊ မင်းဒဏ်ရာတွေ ဘယ်လိုနေသေးလဲ"

ယွမ်ကျိ မုန်ကျင်းကျိုးလှိုဏ်ဂူထဲတွင် ပေါ်လာသည်။

လုယန်လှိုဏ်ဂူလို ဆူညံသည့်ပတ်ဝန်းကျင်မျိုးမဟုတ်။ မုန်ကျင်းကျိုးအခန်းက တိတ်ဆိတ်အေးချမ်းသည်။ အနားယူအားမွေးဖို့ သင့်တော်သည်။

ယွမ်ကျိလာလည်သဖြင့် မုန်ကျင်းကျိုးအတော်အားတက်သွားသည်။ ထရပ်ရန်ကြိုးစားသည်။ သို့သော် ခန္ဓာကိုယ်က အဆင်မပြေသဖြင့် ကုတင်ပေါ်တွင်ဆက်လှဲနေရသည်။

"အဆင်ပြေပါတယ်။ အနားယူဖို့ပဲ လိုတာပါ။ စိတ်တည်ငြိမ်မှုရတော့ ကျင့်စဉ်စွမ်းအား လှုပ်ရှားမှုလည်း နည်းသွားတာပေါ့။"

"ခုနက ကျွေးယွဲ့ဘိုးဘေးကို မေးကြည့်တယ်။ ခံစားချက်ခုနစ်မျိုးအရိယဖလသန္ဓေသုံးပြီး မင်းနဲ့ရှောင်လုရဲ့ ဝေဒနာတွေကို ပျော်စရာအဖြစ်ပြောင်းလို့ရတယ်တဲ့။ သူ့ဆီအကူအညီသွားတောင်းကြမလား"

မုန်ကျင်းကျိုး ချက်ချင်းပြန်မဖြေ။ တစ်ခုခုကို ချိန်ဆနေဟန်ရှိသည်။

"ရှောင်လုက သွားမယ်တဲ့"

"ကျုပ်လည်းသွားမယ်"

မဟာနှင်းတောင်တန်း၏ တောင်တက်လမ်းအတိုင်း လူအုပ်နှစ်ခု တောင်ထိပ်ဆီ တက်နေကြသည်။

လောင်မာက မြက်ခြောက်ဝါးနေသည်။ ကြိုးလေးငါးချောင်း မြင်းနှီးကုန်းတွင်ချည်ထားသည်။ ကြိုးစများတစ်ဘက်ရှိ မြက်ဖျာပေါ်တွင် မုန်ကျင်းကျိုးလှဲနေသည်။

မုန်ကျင်းကျိုးက ဖျာပေါ်တွင်လှဲရင်း ကောင်းကင်ကို မော့ကြည့်နေစဉ် လုယန်နှုတ်ဆက်သံကို ကြားလိုက်ရသည်။

"လောင်မုန်၊ မင်းဘယ်လိုနေသေးလဲ"

မုန်ကျင်းကျိုး ခေါင်းလှည့်ကြည့်သည်။ သွေးအန်မတတ်ဖြစ်သွားသည်။

ယွမ်မုန်မုန်က ရှေ့မှဦးဆောင်သည်။ လုယန်က ထမ်းစဉ်ပေါ်တွင် လှဲနေသည်။ ချင်ဟဲ၊ အောင်းလင်း၊ ကျန်းလျန်ယိနှင့် ကျင်းချိုင်ဝေတို့က ထမ်းစဉ်အစွန်းတစ်ဘက်စီကိုင်ထားသည်။

အလွန်တရာအဆင့်အတန်းမြင့်သည့် စောင့်ရှောက်မှုမျိုးဖြစ်သည်။

အင်ပါယာရှားဒဏ်ရာရချိန်မဆိုထားနှင့်။ သေလျှင်ပင် ထိုမျှခမ်းနားထည်ဝါမည်မထင်။

မုန်ကျင်းကျိုးက ခပ်အေးအေးလေသံဖြင့်ဖြေသည်။

"အဆင်ပြေပါတယ်။ အခုတလော ရှေးဟောင်းမသေမျိုးလေးယောက်အကြောင်း ငါလေ့လာနေတာ။ ချီလင်မသေမျိုးကလွဲရင် ကျန်တဲ့သုံးယောက်က အိမ်ထောင်မပြုကြဘူး။

ဒီတော့ မသေမျိုးဖြစ်ချင်ရင် အချစ်ရေးကိစ္စတွေနဲ့ မပတ်သက်တာ အကောင်းဆုံးဆိုတဲ့သဘောပဲ"

"စိတ်လျှော့လိုက်တာလား"

"စိတ်လျှော့တာကမင်းကွ"

မုန်ကျင်းကျိုး ဒေါသတကြီးပြန်အော်သည်။

သူတို့နှစ်ယောက် တောင်ခြေမှတောင်ထိပ်အထိ တစ်လမ်းလုံး စကားများကြသည်။ ကျွေးယွဲ့ဘိုးဘေးကိုတွေ့မှ အသံတိတ်သွားသည်။

ကျွေးယွဲ့က သူတို့ကိုလှည့်ပတ်၍ကြည့်သည်။

"တကယ်ထူးခြားတာပဲ။ နှစ်သုံးသောင်းကြာအောင်ပျောက်သွားတဲ့ ယင်ထန်မ‌သေမျိုးတောင် မင်းတို့ဖြတ်ကျော်တဲ့ကောင်းကင်ဆင်းရဲကြောင့် ပေါ်လာတယ်"

ထိုကိစ္စက ဘာမှမဆန်းလှဟု လုယန်တွေးသည်။ ကျွေးယွဲ့ဘိုးဘေးလည်း လသံလွင်နန်းတော်သို့ပြန်လျှင် ယင်ထန်မသေမျိုးကို တွေ့နိုင်လောက်သည်။

"ဝေဒနာကို ပျော်စရာအဖြစ်ပြောင်းဖို့မဟုတ်လား။ လွယ်ပါတယ်"

ကျွေးယွဲ့က ခံစားချက်အရိယဖလသန္ဓေကို အသက်သွင်း၍ လက်ဝါးထဲတွင် အနီရောင်အလင်းလုံးနှစ်ခု ဖန်တီးပြီး နှစ်ယောက်လုံး၏ကိုယ်ပေါ်သို့ ရိုက်လိုက်သည်။

လုယန်မျက်လုံးများ ချက်ချင်းအရောင်လက်လာသည်။ တစ်ကိုယ်လုံးကိုက်ခဲနေရာမှ သက်တောင့်သက်သာဖြစ်သွားသည်။ ထိရောက်မှုက တကယ်မြန်ဆန်သည်။

မုန်ကျင်းကျိုးက ထိုအခြေအနေကို ပထမဆုံးကြုံဖူးခြင်းဖြစ်၍ လုယန်ထက်ပင် တုံ့ပြန်မှုပိုပြင်းထန်သည်။

"အရမ်းနေလို့ကောင်းတာပဲ"

ဒဏ်ရာက ပြောင်းလဲမသွားသော်လည်း အတော်သက်တောင့်သက်သာဖြစ်လာသည်။

ရုတ်တရက် မုန်ကျင်းကျိုးမျက်နှာ ကျောက်ရုပ်လိုဖြစ်သွားသည်။ သူ့ထူးခြားချက်ကို လုယန် သတိထားမိသည်။

"လောင်မုန်၊ ဘာဖြစ်တာလဲ"

မုန်ကျင်းကျိုးက ထူးဆန်းသည့်အမူအရာဖြင့် လုယန်ကို သိစိတ်အာရုံမှ လှမ်းပြောသည်။

"သန့်စင်ယန်ကြောင့် ဆန္ဒမီးတောက်နှိပ်စက်တဲ့ဒဏ်ကို ငါအမြဲတမ်းခံခဲ့ရတာ။ ဝေဒနာက အတော်ဆိုးတယ်။ ဒါပေမယ့်အခု အရမ်းသက်တောင့်သက်သာဖြစ်သွားပြီ"

လုယန် စိုးရိမ်မိသည်။ တစ်နေ့နေ့တွင် မုန်ကျင်းကျိုး ကုန်းကုန်းတစ်ယောက် ဖြစ်လာနိုင်ခြေရှိသည်။

ကျွေးယွဲ့ကူညီပေးလိုက်သဖြင့် ညီအကိုနှစ်ယောက် သက်ဆိုင်ရာလှိုဏ်ဂူသို့ စိတ်အေးချမ်းစွာ ပြန်ရောက်လာသည်။

လုယန်က ကုတင်ပေါ်ဆက်လှဲ၍ မသေမျိုးတစ်ဝက်နှစ်ယောက်၏တိုက်ပွဲကို ဆက်ကြည့်သည်။ ချင်ဟဲက သူ့ဘယ်ဘက်မှ သစ်သီးကျွေးနေသည်။ ယွမ်မုန်မုန်က သူ့ညာဘက်မှ ပန်းမုန့်များ ဖဲ့ကျွေးသည်။

မသေမျိုးအဆင့်အောက်တွင် စွမ်းအားအကြီးဆုံးဖြစ်သည့် အောင်းလင်း၏ တိုက်ပွဲအပေါ် ဝေဖန်သုံးသပ်ချက်များကိုလည်း နားထောင်သည်။

"ကြည့်၊ ဒီတစ်ကွက် အရမ်းနှေးလွန်းတယ်။ နင်ဒီလိုတိုက်ခိုက်လို့ မရဘူးလေ"

"ဒါက ငါတီထွင်ထားတဲ့ တိုက်ခိုက်နည်းပါ။ ဗျူဟာကျအနိုင်ယူနည်းလို့ခေါ်တယ်"

ကျန်းလျန်ယိက ပြန်ပက်သည်။

အောင်းလင်းက လှောင်ပြုံးပြုံး၍

"လုပ်မနေပါနဲ့။ ဒီအကြောင်းပြချက်မျိုးက အကိုလုကိုပဲ အရူးလုပ်လို့ရချင်ရမယ်။ အဲဒီ့တုန်းက နင်နိုးထခါစလေ။ နင့်ခန္ဓာကိုယ် အားပြည့်ဦးမှာမဟုတ်ဘူး။ ဒါကြောင့် နင့်တန်ပြန်တိုက်ခိုက်နှုန်းက နှေးနေတာ"

ထိုတိုက်ပွဲမတိုင်ခင်က ကျန်းလျန်ယိ သေဟန်ဆောင်ပညာဖြင့် အိပ်မောကျနေခဲ့သည်။ လုယန်က မတော်တဆတွေ့၍ နတ်မယ့်က သူ့ကိုနှိုးခဲ့ခြင်းဖြစ်သည်။

"ပြီးတော့ ဒီတစ်ကွက်။ အလှပြသက်သက်ပဲ။ လူသားအသွင်နဲ့တိုက်ခိုက်မှ ပိုစွမ်းအားကြီးတာ။ ဒါပေမယ့် နင်က အများကြည့်ကောင်းဖို့ အလေးပေးချင်တော့ ဖီးနစ်ပုံစံနဲ့ တိုက်ခိုက်တယ်...."

အောင်းလင်းပြောလေလေ ကျန်းလျန်ယိ မျက်နှာနီလာလေဖြစ်သည်။ ပြောသည့်စကားများကလည်း မှန်နေသဖြင့် သူခွန်းတုံ့မပြန်နိုင်။

သို့သော် ကျန်းလျန်ယိက အောင်းလင်းကို အလျှော့မပေး။

"အပြောသက်သက်ပဲရှိပြီး အလုပ်မပါရင် ဘာထူးမှာလဲ။ မသေမျိုးတစ်ဝက်တွေထဲမှာ ကျူးထန်ကို အနိုင်တိုက်နိုင်တာ ငါတစ်ယောက်ပဲရှိတယ်။ နင်မနိုင်ပါဘူး။ မယုံရင် သွားပြီးစမ်းကြည့်လေ"

"ရယ်စရာကောင်းလိုက်တာ။ ဒါဆို ငါသွားစမ်းကြည့်မယ်"

လုယန် နားထောင်နေရင်း ချွေးပျံလာသည်။ ဘာကြောင့် ထိုနှစ်ယောက် ကောက်ကာငင်ကာ စငြင်းခုန်ကြသည်မသိ။ အမယွမ်ကလည်း ပေါ်မလာ။

အမကျင်းချိုင်ဝေကလည်း မှော်ဖန်လုံးထဲတွင် တစ်ခြားမှတ်တမ်းမရှိလေသလားမသိ။ ရှိသေးလျှင် တိုက်ပွဲပြကွက်ရပ်ပြီး တစ်ခြားကြည့်စရာတစ်ခုခု ပြောင်းသင့်သည်။

"ခဏနေပါဦး ဘိုးဘေးတို့။ ကျုပ်အကြံပြုချင်တာတစ်ခုရှိတယ်"

ထိုနှစ်ယောက် ကျူးထန်ဆီ သွား၍စိန်ခေါ်တိုက်ခိုက်လျှင် ကျူးထန်ဒုက္ခရောက်မည်။

အမယွမ်မရှိသလို ကျင်းချိုင်ဝေကလည်း ဇာတ်ကွက်မပြောင်းသဖြင့် သူသာကြားဝင်စေ့စပ်ရသည်။

ထိုအမျိုးသမီးနှစ်ယောက်က လုယန်ကို အထူးလေးစားသည်။ သူပြောလိုက်သည်နှင့် ငြင်းခုန်မှုရပ်သွားသည်။

"ဘာပဲပြောပြော ဒီနတ်ဆိုးနိုင်ငံက ကျုပ်တို့မဟာပဲဝါနိုင်ငံရဲ့ အစိတ်အပိုင်းပဲ။ ဘုရင်ကျူးက နတ်ဆိုးနိုင်ငံကိစ္စတွေ စီမံရင်းနဲ့ နေ့တိုင်းအလုပ်များနေတာ။ နတ်ဆိုးနိုင်ငံကိုရောက်တုန်းကတောင် သူအလုပ်များနေမှန်းသိလို့ ကျုပ်ကိုလာမတွေ့ဖို့ ကျုပ်ပြောခဲ့တယ်။

အမအောင်းလင်းက နိုင်ငံ့သခင်ကျူးကို သွားတွေ့ရင် နိုင်ငံ့လုပ်ငန်းဆောင်တာတွေ အနှောက်အယှက်ဖြစ်နိုင်ပါတယ်။ ပြီးတော့ အမအောင်းလင်းစွမ်းအားကြီးတာ အများသိပြီးသားပဲ။ ဒီလိုကိစ္စတွေအတွက် သက်သေပြဖို့မလိုပါဘူး"

လုယန်စကားကို သေချာစဉ်းစားကြည့်ပြီးနောက် ယုတ္တိကျသည်ဟု ယူဆသဖြင့် အောင်းလင်း လက်ခံလိုက်သည်။ ကျူးထန်သည် ပဲဝါနိုင်ငံအဖွဲ့ဝင်မဟုတ်သော်လည်း နိုင်ငံအတွက်အလုပ်လုပ်ပေးနေခြင်းဖြစ်သည်။ ကျူးထန်အချိန်ကို အလဟစ်သဖြစ်စေမည် အလုပ်မျိုး သူမလုပ်သင့်။

အောင်းလင်းလက်လျှော့လိုက်သဖြင့် လုယန်စိတ်သက်သာရာရသွားသည်။ အကြပ်အတည်းတစ်ခု ကျော်လွန်သွားသည်။

ကျင်းချိုင်ဝေက အနီးတွင်ဆောင့်ကြောင့်ထိုင်၍ စိတ်ဝင်တစား နားထောင်နေသည်။ သူလည်း မသေမျိုးတစ်ဝက်ဖြစ်သည်။ သို့သော် တိုက်ပွဲအတွေ့အကြုံနည်းသဖြင့် ကျူးထန်တိုက်ပွဲတွင် ဘာဟာကွက်မှ ရှာမတွေ့။

အောင်းလင်းသုံးသပ်ချက်ကို နားထောင်ရသဖြင့် အသိအမြင်များစွာတိုးသည်။

"ဒေါက် ဒေါက်"

"တံခါးခေါက်သံကြားတယ်"

အောင်းလင်းတို့နှစ်ယောက်က ငြင်းခုန်နေသည်။ ယွမ်မုန်မုန်နှင့်ချင်ဟဲက လုယန်ကို အစာကျွေးနေသည်။ ထို့ကြောင့် အားလပ်နေသည့်ကျင်းချိုင်ဝေက တံခါးသွားဖွင့်ရသည်။

လာလည်သူကိုကြည့်၍ သူအတော်အံ့အားသင့်သွားသည်။

"ဦးလေးကျူးထန်"

ကျင်းချိုင်ဝေအသံကြောင့် အားလုံး တံခါးဆီလှည့်ကြည့်ကြသည်။

လှိုဏ်ဂူတံခါးဝတွင် ကျူးထန်ရပ်နေသည်။ သူ့နောက်တွင် ကူးဖြတ်ခြင်းအဆင့်မဟာနတ်ဆိုးနှစ်ယောက် ပါလာသည်။

ကျူူးထန်က လက်နှစ်ဘက်ကိုပွတ်၍ သွားဖြဲပြုံးသည်။

"အကိုလုဒဏ်ရာရတယ်လို့ ကျုပ်ကြားတယ်။ ဒါကြောင့် လမ်းလည်းကြုံလို့ ဝင်လည်တာပါ"

*************************

အခန်း (၁၁၂၇) စည်ကားသည့်လှိုဏ်ဂူ

လုယန် မင်သက်မိနေသည်။ ကျူးထန်ရောက်လာမည်ဟု လုံးဝထင်မထား။

အောင်းလင်းကို သူအတော်ကြိုးစား၍ ဖျောင်းဖျခဲ့ရသည်။

...ဘုရင်ကျူး ခင်ဗျားကျုပ်ဆီ ကချေသည်တွေပို့မယ့်ကိစ္စကိုတောင် ကျုပ်ဘာမှပြဿနာမရှာခဲ့ဘူး။ ကျုပ်မကူညီဘူးလို့မပြောနဲ့။ ကျုပ်အကောင်းဆုံး ကြိုးစားခဲ့ပါတယ်။

"ဘာ..ဘာဖြစ်တာလဲ"

ကျူးထန် သတိထား၍ မေးလိုက်သည်။ လေထုက နည်းနည်းမူမမှန်သလိုခံစားရသည်။ ဘာကြောင့် အားလုံးက သူ့ကိုစိုက်ကြည့်နေကြသည်မသိ။ အချိန်မှား၍ သူရောက်လာသလော...

လုယန် လေဟာနယ်သန့်စင်အဆင့်၏ အကန့်အသတ်ကိုကျော်ဖြတ်၍ ကူးဖြတ်ခြင်းအဆင့်ထိ တက်နိုင်ခဲ့သည်ဟု သူကြားသည်။ တစ်လောကလုံး အံ့အားသင့်ကြသည်။

သို့သော် ထိုကိစ္စကို သူဂရုမစိုက်။ သူဂရုစိုက်သည့်ကိစ္စက...အကိုလု ဒဏ်ရာရထားသည်။

ဒဏ်ရာက ပြင်းထန်မည်တော့မဟုတ်။ သေမည်မဟုတ်။ အတွင်းဒဏ်ရာကျန်မည်မဟုတ်။ သို့သော် လုယန်ဒဏ်ရာရသည့်ကိစ္စကြောင့် သူလာလည်ပြီး ရင်းနှီးမှုယူဖို့ အကြောင်းပြချက်ရလာသည်။

နတ်ဆိုးမြို့တ်ောတိုက်ပွဲနောက်ပိုင်း သူပြန်တွေးကြည့်သည်။ တစ်ခုခုဖြစ်တိုင်း အကိုလုက ထိုနေရာတွင်ရှိနေသည်။ တိုက်ဆိုင်မှုလားမသိ။

ရလာသည့်အဖြေက...မဖြစ်နိုင်။ အကိုလုရှိနေခြင်းသည် တိုက်ဆိုင်မှုမဟုတ်။ ကံကြမ္မာဖြစ်သည်။

သူသည် မဟာကပ်စတင်ဖို့ ကောင်းကင်မှရွေးချယ်ထားသည့် နတ်ဆိုးဖြစ်သည်။ အကိုလုက မျက်မြင်သက်သေဖြစ်သည်။ နှစ်ယောက်လုံး အတော်အရေးပါသည်။

ထိုသို့တွေးရင်း လုယန်ကိုရင်းနှီးချင်စိတ်များ ပိုတိုးပွားလာသည်။

"အဆင်မပြေဘူးလား။ မပြေရင် ကျုပ်နောက်မှလာခဲ့ပါမယ်"

"ပြေပါတယ်။ ဝင်ခဲ့ပါ"

ကျင်းချိုင်ဝေက လမ်းဖယ်ပေးသည်။ ရောက်လာပြီးမှ ပြန်သွားလျှင် အဆင်မပြေ။

ကျူးထန် လက်ဆောင်သေတ္တာနှစ်လုံးဖြင့် လှိုဏ်ဂူထဲဝင်လာသည်။ သူ့နောက်မှ နတ်ဆိုးအင်ပါယာနှစ်ယောက်က ဘာမှမပါ။

သေတ္တာများထဲတွင် နတ်ဆိုးနိုင်ငံမှ ရှားပါးဝိညာဉ်သစ်သီးများ ရှားပါးဒဏ်ရာပျောက်ဆေးများပါသည်။

တကယ်တော့ မှော်လက်စွပ်ထဲ ထည့်သယ်လာပြီး အထဲရောက်မှထုတ်လည်းရသည်။ သို့သော် တိုက်ရိုက်ယူလာသည်က ပိုအမြင်လှသည်။

သူကိုယ်တိုင်သယ်လာပြီး နတ်ဆိုးအင်ပါယာများ ဘာလက်ဆောင်မှမပါလာသည်ကလည်း ထိုအကြောင်းကြောင့်ဖြစ်သည်။

နတ်ဆိုးအင်ပါယာနှစ်ယောက် လှိုဏ်ဂူထဲရောက်လာပြီးနောက် အတော်ထိတ်လန့်သွားကြသည်။ အသက်ပင်ကျယ်ကျယ်မရှူရဲကြ။

သူတို့သခင် ဘာကြောင့် တာအိုလမ်းစဉ်ဂိုဏ်းမှ လုယန်ဆီ တကူးတကလာလည်သည်ကို အစကနားမလည်ခဲ့။

လုယန်သည် သက်တူရွယ်တူထဲတွင် စွမ်းအားအကြီးဆုံးပါရမီရှင်ဖြစ်သော်လည်း နိုင်ငံ့သခင်ကိုယ်တိုင် လာလည်ရလောက်အောင် အရေးပါမည်မထင်။

နိုင်ငံ့သခင်ကလည်း အကျိုးအကြောင်းရှင်းမပြ။ ဟန်ပြကောင်းအောင် နောက်မှလိုက်ခဲ့ဖို့ ဘာတွေ့တွေ့မအံ့ဩဖို့သာ ပြောသည်။

ဘာအံ့ဩစရာရှိမည်နည်း... သူတို့တွေးခဲ့သည်။

ယခုမှ နားလည်သွားသည်။

နဂါးဘိုးဘေး၊ ဖီးနစ်ဘိုးဘေး၊ ချုန်းချီဘိုးဘေးငယ်။ သုံးယောက်လုံးရှိနေသည်။ ရှေးဟောင်းကောင်းကင်ရုံးတော်မှ သူတို့ရာထူးများကို နတ်ဆိုးနှစ်ယောက် ပြန်တွေးမိလာသည်။

လုယန်၏ သရုပ်မှန်သည် အတော်အရေးပါပုံရသည်။

လူငယ်မျိုးဆက်၏စွမ်းအားအကြီးဆုံးဆိုသည့် လုယန်၏ သရုပ်မှန်သည် အပေါ်ယံသာဖြစ်မည်။

အတွေ့အကြုံ အသိဗဟုသုတစုံလင်သည့် မဟာနတ်ဆိုးနှစ်ယောက်လုံး လုယန်၏နောက်ခံအစစ်ကိုမှန်းဆရင်း ကြက်သီးထမိကြသည်။

ထိုထက်ပိုအရေးပါသည့် နောက်ခံမျိုးပင်ရှိနိုင်သည်။ ရင်သပ်ရှုမောလောက်အောင်လှသည့် အစေခံနှစ်ယောက်က လုယန်ကို တစ်ယောက်တစ်ဘက် ပြုစုနေသောကြောင့်ဖြစ်သည်။

"သက်သာရဲ့လား အကိုလု၊"

ကျူးထန် ညင်သာစွာမေးသည်။ သို့သော် ထိုမေးခွန်းက အပေါ်ယံဆန်မှန်း သူသိသည်။ ယွမ်မုန်မုန်ကို သူမသိ။ သို့သော် ချင်ဟဲက အသိအကျွမ်းဟောင်းဖြစ်သည်။

ယခု ချင်ဟဲက လုယန်ကို ပြုစုစောင့်ရှောက်နေသည်။ ရှေးဟောင်းမသေမျိုးလေးယောက်ပင် ထိုသို့အလေးထားခံရမည်မထင်။

"အများကြီးသက်သာလာပါပြီ"

လုယန် ခေါင်းငြိမ့်သည်။ စကားအရပြောခြင်းမဟုတ်။ ခံစားချက်ခုနစ်မျိုး အရိယဖလသန္ဓေအစွမ်းက တကယ်ထိရောက်သည်။

တိုက်ပွဲမြင်ကွင်းများ ပြဿနေဆဲဖြစ်သည့် မှော်ဖန်လုံးကို ကျူးထန်သတိထားမိသည်။ ရုတ်တရက် သူ့စိတ်ထဲ လေးလံလာသည်။ ထိုအကြောက်တရား ဘယ်ကလာသည်တော့မသိ။ တုံ့ဆိုင်းဆိုင်းလေသံဖြင့် မေးလိုက်သည်။

"အကိုလုက မသေမျိုးတစ်ဝက်အဆင့် တိုက်ခိုက်ရေးပညာတွေ လေ့လာနေတာလား။ နာမည်ဂုဏ်သတင်းနဲ့ တကယ်လိုက်ဖက်တာပဲ"

ထိုစဉ် သူ့နောက်ဘက်မှ ပေါ့ပေါ့ပါးပါးပြောလိုက်သည့် အောင်းလင်း၏စကားသံပေါ်လာသည်။

"ကျူးထန်၊ နင်က နင့်ကိုယ်နင် မသေမျိုးအဆင့်အောက်မှာ နံပတ်တစ်လို့ ကြွေးကြော်ခဲ့တယ်လို့ကြားတယ်"

ကျူးထန် တစ်ကိုယ်လုံးတောင့်တင်းသွားသည်။ ကျောရိုးထဲမှ စိမ့်တက်လာသည်။ ကြိုးစား၍ နောက်သို့လှည့်ကြည့်သည်။ နတ်ဆိုးနိုင်ငံတည်အခမ်းအနားတွင် နှစ်ကြိမ်သုံးကြိမ်သာ သူထို့သို့အော်လိုက်သည်။ ကျန်းလျန်ယိပေါ်လာသည်။ သူ့အော်သံက တိမ်ဝင်သွားခဲ့သည်။

ကျူးထန် ထိတ်ထိတ်ပျာပျာရယ်မော၍

"အောင်းလင်း၊ ခင်ဗျားကျုပ်ပြောတာကို နားကြားမှားတာပါ။ မသေမျိုးတစ်ဝက်အဆင့်တွေရဲ့အောက်မှာ နံပတ်တစ်လို့ ပြောခဲ့တာပါ"

"အဲလိုလား။ လျန်ယိကလည်းပြောတယ်။ နင်က ရှေးဟောင်းခေတ်တုန်းကနဲ့မတူဘဲ အရမ်းစွမ်းအားကြီးလာလို့ အခု ငါတောင်နင့်ကို မနိုင်နိုင်ဘူးတဲ့"

ကျူးထန် ကြောက်ချွေးပြန်လာသည်။ သေခြင်းအရိပ်ကို သူမြင်နေရသည်။

"အမလျန်ယိက နောက်နေတာပဲ။ အမအောင်းလင်းနဲ့ ကျုပ်ဘယ်လိုယှဉ်နိုင်မှာလဲ"

"လျန်ယိပြောတာ ဟုတ်မဟုတ် လက်တွေ့စမ်းကြည့်ကြတာပေါ့"

အောင်းလင်းမျက်လုံးတွင် တိုက်ပွဲစိတ်ဓာတ်များ ပြည့်နေသည်။ လက်သီးတင်းတင်းဆုပ်လိုက်သည်။ အသံများတဖျစ်ဖျစ်မြည်လာသည်။ ကျူးထန် ပို၍ထိတ်လန့်သွားသည်။

"ဟုတ်တယ် ကျူးထန်၊ နင်ဘာလို့သူ့ကိုကြောက်ရမှာလဲ"

ကျန်းလျန်ယိက ဘေးမှ လောင်စာဖြည့်ပေးသည်။

"မလုပ်ရဲပါဘူး။ ကျုပ်တကယ်မလုပ်ရဲပါဘူး"

ကျူးထန် အောင်းလင်းလို မသေမျိုးခန္ဓာပိုင်ရှင်နှင့် မတိုက်ခိုက်ရဲ။ တိုက်ခိုက်ရဲသည်ဆိုလျှင် ရူးရာကျသည်။

ကျူးထန်မတိုက်ခိုက်လိုသဖြင့် အောင်းလင်း အတင်းဆွဲခေါ်၍မရ။ ထို့ကြောင့် လက်လျှော့လိုက်ရသည်. စိတ်ထဲတွင်ကျိတ်၍ သက်ပြင်းချသည်။

ကျန်းလျန်ယိနှင့် အမြင်ချင်းတူသည့်တစ်ချက်တော့ရှိသည်။ ရှင်သန်သူအရိယဖလသည် လူများများထိန်းချုပ်လေ စွမ်းအားကြီးလေဖြစ်သည်။ ကျူးထန်၏ စွမ်းရည်များသည် ရှေးဟောင်းခေတ်ကထက် များစွာတိုးတက်လာသည်မှာ အမှန်ဖြစ်သည်။

သို့သော် ကျူးထန်က သူနှင့်မတိုက်ခိုက်ချင်။

"ဒေါက် ဒေါက်"

တံခါးခေါက်သံ ပေါ်လာပြန်သည်။

"လုယန်ရှိလား"

ကျင်းချိုင်ဝေ နောက်တစ်ကြိမ် တံခါးပြေးဖွင့်သည်။ ထင်မှတ်မထားသည့် လာလည်သူကိုကြည့်၍ အံ့ဩသွားပြန်သည်။

အင်ပါယာရှား။

"အဟွတ် အဟွတ် အဟွတ်"

လုယန် ချောင်းအသည်းအသန်ဆိုးသည်။

...ငါ့ဒဏ်ရာက နှစ်ရက်လောက်နားလိုက်ရင် ပျောက်မှာပါ။ သေလုမျောပါးအခြေနေမဟုတ်ပါဘူး။ သူတို့တွေ အဲလိုတစ်ယောက်ပြီးတစ်ယောက် လာလည်ဖို့လိုလို့လား...

လုယန်လှိုဏ်ဂူ လူစည်ကားနေသည်ကို မြင်ရသဖြင့် အင်ပါယာရှား ချက်ချင်းမင်သက်မိသွားသည်။

လူအတော်များနေသည်။

အင်ပါယာရှားက ကျန်းပင်ကန်းအမိန့်အရ လာလည်ခြင်းဖြစ်သည်။

ကျင်းပင်ကန်း အမြင်အရ လုယန်ကို ယွမ်ကျိက အလေးထားသည်။ နောင်တစ်ချိန် မသေမျိုးဖြစ်မည်မှာ သေချာနေသည်။ လုယန်ကို နန်းတွင်းမိသားစုထဲ လက်ထပ်ထိန်းမြားပေး၍မရသဖြင့် တစ်ခြားနည်းလမ်းဖြင့် ရင်းနှီးမှုတည်ဆောက်ရုံသာရှိသည်။

ယခု လုယန်ဒဏ်ရာရသည့်ကိစ္စက အခွင့်ရေးကောင်းဖြစ်သွားသည်။

လုယန်သည် မသေမျိုးတစ်ဝက်အတော်များများနှင့် မရှင်းလင်းသည့် ဆက်ဆံရေးရှိကြောင် အင်ပါယာရှားသိသည်။

ထို့ကြောင့် ကူးဖြတ်ခြင်းအဆင့် သူ့သက်တော်စောင့်များကိုပင် အပြင်ဘက်တွင်ချန်ခဲ့ပြီး ဂိုဏ်းထဲသို့ တစ်ယောက်တည်းဝင်လာခြင်းဖြစ်သည်။

ကျူးထန်က အရိယဖလသန္ဓေအစွမ်းဖြင့် လက်အောက်ခံများကို အပြည့်အဝထိန်းချုပ်နိုင်သည်။ သူ့လက်အောက်ခံများနှုတ်မှ ဘာသတင်းမှပေါက်ကြားမည်မဟုတ်။ သို့သော် အင်ပါယာရှားက ထိုစွမ်းရည်မျိုးမရှိ။

"လုယန်၊ ဘယ်လိုနေသေးလဲ"

အင်ပါယာရှားလည်း လုယန်ကို နှစ်သိမ့်အားပေးဖို့ လက်ဆောင်မျိုးစုံယူလာသည်။ နိုင်ငံ့ရတနာတိုက်မှ သေချာရွေးချယ်ထားသည့် ပစ္စည်းများဖြစ်သည်။

သို့သော် မသေမျိုးရတနာမျိုးစုံမြင်ဖူးပြီးဖြစ်သည့် လုယန်အတွက် သာမန်ရတနာများကို အာရုံမကျတော့။ စေတနာကိုသာ အဓိကထားသည်။

"ဆိုးဆိုးဝါးဝါးမဟုတ်ပါဘူး။ ရက်နည်းနည်း နားလိုက်ရင် အဆင်ပြေမှာပါ"

"ကောင်းတာပေါ့"

လုယန်ကိုကြည့်၍ ကျန်းပင်ကန်းပြောသည့်စကားများကို အင်ပါယာရှား ပြန်သတိရလာသည်။

ကျန်းပင်ကန်းကို မဟာပဲဝါနိုင်ငံအကြောင်း သူပြောပြခဲ့သည်။ သူ့ကိုပင် ဝန်ကြီးလုပ်ဖို့ ကမ်းလှမ်းခဲ့ကြောင်း ပြောပြခဲ့သည်။ သူ့စကားနားထောင်ပြီးနောက် ကျန်းပင်ကန်း အတော်ကြာအောင် အသံတိတ်သွားသည်။

ထို့နောက်...သူ့အတွက် ရာထူးတစ်နေရာချန်ထားဖို့ ပြောသည်။

"နိုင်ငံ့သခင်ကျန်း"

ကျးထန်နှုတ်ဆက်သည်။

ယခုမှ ကျူးထန်ရှိနေသည်ကို အင်ပါယာရှား သတိထားမိသည်။

"နိုင်ငံ့သခင်ကျူး"

နိုင်ငံ့သခင်နှစ်ယောက် အချင်းချင်းကြည့်၍ အံ့အားသင့်နေသည်။ ဤအခြေအနေမျိုးနှင့် လာဆုံရမည်ဟု ထင်မထားကြ။

နိုင်ငံ့သခင်များအနေဖြင့် လက်လွတ်စပယ်လှုပ်ရှား၍မရ။ သူတို့၏တွေ့ဆုံပွဲများသည် တင်းကြပ်သည့်စည်းမျဉ်းစည်းကမ်းများနှင့်အညီ လုပ်ဆောင်ရသည်။ ယဉ်ကျေးမှုဝန်ကြီးများက တွေ့ဆုံမှုတစ်ခုချင်းစီအတွက် ပြင်ဆင်ပေးရသည်။

သို့သော် မဟာပဲဝါနိုင်ငံတွင်လည်း ယဉ်ကျေးမှုဝန်ကြီးရှိသည်။ နိုင်ငံသခင်နှစ်ယောက်တွေ့ဆုံပွဲအတွက် စီစဉ်ပေးနိုင်သည်။

"ထိုင်ကြပါ"

ယဉ်ကျေးမှုဝန်ကြီး ယွမ်မုန်မုန်က ခွေးခြေထိုင်ခုံနှစ်ခု ယူလာပေးသည်။

*******************************

အခန်း (၁၁၂၈) ကျူးထန်၏ တိုးတက်မှု

"ဪ ကျေးဇူးပါ ကျေးဇူးပါ"

နိုင်ငံ့သခင်နှစ်ယောက် ခွေးခြေထိုင်ခုံပုလေးများတွင် ထိုင်ကြသည်။ အထူးအခွင့်ရေးပေးခံရသလို ခံစားရပြီး ကိုယ့်ကိုယ်ကို အံ့ဩနေကြသည်။

ရှိနေသူများ အားလုံးထဲတွင် သူတို့သာထိုင်ခွင့်ရခြင်းဖြစ်သည်။

ခွေးခြေပေါ်ထိုင်ရင်း နည်းနည်းစိတ်မသက်မသာဖြစ်နေသည်။

"ရေသောက်ဦးမလား"

ယဉ်ကျေးမှုဝန်ကြီး ယွမ်မုန်မုန်က သူ့တာဝန်ကို ကျေပွန်စွာထမ်း‌ဆောင်သည်။

"နေပါစေ၊ မလိုအပ်လောက်ပါဘူး"

ကျူးထန် ပြောရမည့်စကားကို နည်းနည်းမရေမရာဖြစ်နေသည်။ မည်သို့ဆိုစေ ဤမိန်းကလေးသည် ကောင်းကင်ရုံးတော်ဂိုဏ်းချုပ်၏ ညီမဖြစ်သည်။ သူ့အတွက် ရေယူလာပေးဖို့ မပြောရဲ။

"မလိုဘူးလား"

"လိုအပ်လောက်မလား"

"ကောင်းပြီလေ"

ယွမ်မုန်မုန် ဝိညာဉ်ရေတစ်အိုးယူလာပြီး နိုင်ငံ့သခင်နှစ်ယောက်အတွက် ငှဲ့ပေးသည်။

သူစဉ်းစားမိသမျှ အားလုံးလုပ်ပေးပြီးပြီဟု ယွမ်မုန်မုန်တွေးလိုက်သည်။ လုပ်စရာ ဘာမှမကျန်တော့ဟု ထင်သည်။ ထို့ကြောင့် လုယန်ကို ပန်းမုန့်ဆက်ကျွေးသည်။

"ဒုခေါင်းဆောင်၊ ဒါလေးစားကြည့်ပါ။ လိမ္မောပန်းမုန့်ပါ"

"အင်း၊ နည်းနည်းချဉ်တယ်"

"ဒီတစ်ခုကရော.ဒါက နှစ်မွှာကြာပန်းမုန့်ပါ"

"ဒီတစ်ခုက အရသာရှိတယ်"

"ဒီနှင်းဆီပန်းမုန့်လည်း စားကြည့်ပါဦး"

လုယန် ကုတင်ပေါ်လှဲရင်း လျှာတစ်ချက်သပ်သည်။

"နည်းနည်းခြောက်ကပ်ကပ်နေတယ်"

ဘေးတွင်ထိုင်နေသည့် ချင်ဟဲက လတ်လတ်ဆတ်ဆတ်ညှစ်ယူထားသည့် ဝိညာဉ်တစ်ပုလင်းယူလာပြီး လုယန်သောက်နိုင်စေရန် ဝါးပိုက်တပ်ပေးသည်။

လုယန် တစ်ငုံသောက်သည်။ ချိုချဉ်အရသာရှိသည်။ အတော်ကောင်းသည်။ ပန်းမုန့်များကို ဆက်စားသည်။

ထိုမြင်ကွင်းကိုကြည့်၍ နိုင်ငံ့သခင်နှစ်ယောက် မင်သက်မိနေသည်။ သူတို့ လုယန်ဆီလာလည်သည်က နည်းနည်းအဆင့်နိမ့်နေသလို ခံစားနေရသည်။ လုယန်ရထားသည့် ပြုစုစောင့်ရှောက်မှုမျိုး သူတို့ အိပ်မက်ပင်မမက်ဖူး။

သို့သော် ယွမ်မုန်မုန်က ခွေးခြေထိုင်ခုံများ ယူလာပေးပြီးဖြစ်၍ ချက်ချင်းထပြန်သွားလျှင် မလေးစားရာကျမည်။

ခဏနေပြီးမှပြန်ဖို့ ဆုံးဖြတ်လိုက်သည်။

ကျူးထန် အားနေသဖြင့် သစ်သား၊ လွှ၊ မင်အိုးနှင့် တစ်ခြားပစ္စည်းများ မှော်လက်စွပ်ထဲမှထုတ်ပြီး ပစ္စည်းတစ်ခုစတင်ဖန်တီးသည်။ သူ့စွမ်းရည်များက အဆင့်မြင့်ပြီး ညင်သာသည်။ လုယန်အတွက် အနှောက်အယှက်မဖြစ်။

လုယန်အတွက် တစ်ခြားလိုအပ်သည့်အရာ ဘာမှမရှိ။ ထို့ကြောင့် သက်တောင့်သက်သာရှိသည့် ကုတင်တစ်လုံးလုပ်ပေးရလျှင်ကောင်းမည်ဟု သူတွေးသည်။

အင်ပါယာရှားလည်း ပျင်းရိလာသဖြင့် ကျူးထန်နှင့်စကားပြောသည်။

"နိုင်ငံ့သခင်ကျူးလည်း ကျူးထန်ဆီလာလည်မယ်လို့ ကျုပ်ထင်မထားမိဘူး"

ကျူးထန်က ခေါင်းမော့မကြည့်ဘဲ ပြန်ပြောသည်။

"အကိုလုယန် ဒဏ်ရာရတယ်ကြားတော့ ကျုပ်လာလည်ရမှာပေါ့။...ဒါနဲ့ ကျုပ်ပို့လိုက်တဲ့ နှစ်နိုင်ငံကုန်သွယ်ရေးစာချုပ်ကိစ္စကို စဉ်းစားပြီးပြီလား နိုင်ငံ့သခင်ကျန်း"

"ကျုပ်လက်ထဲခုမှရောက်လာတာ။ မကြည့်ရသေးဘူး"

ထိုစကားကြားပြီးနောက် ကျူးထန်က မှော်လက်စွပ်ထဲမှ စာအုပ်ငယ်တစ်အုပ်ထုတ်၍ အင်ပါယာရှားကို လှမ်းပေးသည်။

"ခင်ဗျား အခုအားနေတာပဲ။ စစ်ကြည့်လိုက်ပါလား"

"ကောင်းပြီလေ"

အင်ပါယာရှား စာအုပ်ငယ်ကိုယူ၍ သေချာစဖတ်သည်။

ခဏအကြာတွင် စာတစ်ကြောင်းကို လက်ညှိုးထောက်ပြပြီး ကျူးထန်ကိုမေးသည်။

"ဒီပစ္စည်းတွေနဲ့ ပတ်သက်တဲ့ ကုန်သွယ်ခွန်ကင်းလွတ်ခွင့်တွေက သိပ်အဆင်မပြေလောက်ဘူးမဟုတ်လား"

"ခင်ဗျား သစ်သားကိုဖြတ်ထားပါ။ ကျုပ်စစ်ဆေးကြည့်ဦးမယ်"

ကျူးထန်က လက်ထဲမှလွှကို အင်ပါယာရှားထံ လှမ်းပေးပြီး စာအုပ်ကိုပြန်ယူသည်။

ကျူးထန် ခဏစဉ်းစားပြီး အကြံပြုသည်။

"ဟုတ်တယ်၊ နည်းနည်းတော့များတယ်။ ပထမပစ္စည်းနှစ်မျိုးကိုပဲ အခွန်ကင်းလွတ်ခွင့်ပြုပြီး ကျန်တာတွေကို ပုံမှန်အတိုင်းထားရင်ရော အဆင်ပြေလောက်မလား"

"အဲဒါ အဆင်ပြေမှာပါ"

တစ်ယောက်တစ်လှည့် လွှနှင့်စာအုပ် အလွှဲအပြောင်းလုပ်ရင်း ဆက်ဆွေးနွေးကြသည်။

သူတို့နောက်ဘက်တွင်ရပ်နေသည့် ကူဖြတ်ခြင်းအဆင့်နတ်ဆိုးနှစ်ယောက်က ထိုမြင်ကွင်းကို အသံတိတ်စောင့်ကြည့်နေသည်။

နိုင်ငံနှစ်ခုကြား ကုန်သွယ်ရေးကိစ္စ ညှိနှိုင်းဆွေးနွေးပုံက နည်းနည်းရိုးရှင်းလွန်းနေသလိုရှိသည်။

"ဒါနဲ့၊ ခင်ဗျားက လုယန်ကို ဘာလို့ 'အကို'လို့ခေါ်နေတာလဲ"

အင်ပါယာရှား အစောကတည်းက ထိုကိစ္စကို သိချင်ခဲ့သည်။

"ဘာရယ်၊ ခင်ဗျားက ဘာကိုမေးတာလဲ"

ကျန်းထန် ခဏမင်သက်မိသွားသည်။ လုယန်လိုအဆင့်အတန်းမျိုးကို အကိုဟု ခေါ်ခွင့်ရသည်ကပင် သူ့အတွက် အခွင့်ထူးဖြစ်သည်။

ထို့နောက် သူသဘောပေါက်သွားသည်။ အင်ပါယာရှားကို ပြုံးစေ့စေ့မျက်နှာဖြင့်ကြည့်သည်။

"အကိုလုယန်ရဲ့ သရုပ်မှန်ကို ခင်ဗျားမသိသေးဘူးထင်တယ်"

သို့ဆိုလျှင် သူက အင်ပါယာရှားထက် လုယန်နှင့် ပိုရင်းနှီးသည့်သဘောဖြစ်သည်။

ထိုသို့တွေးရင်း သူ့စိတ်ထဲ အသာစီးရသလိုခံစားရသည်။ သစ်သားကို ပိုအားစိုက်၍ လှီးဖြတ်သည်။

"သရုပ်မှန်...ဟုတ်လား"

အင်ပါယာရှား ပို၍နားမလည်နိုင်အောင်ဖြစ်သွားသည်။

"တာအိုရှင်ဝစီပိတ်ရဲ့တပည့်၊ ယွမ်ကျိရဲ့ဆရာတူမောင်လေး၊ ဒီနေ့ခေတ်ရဲ့ နံပတ်တစ်ပါရမီရှင်။ ဒါ့အပြင် တစ်ခြားဘာရှိသေးလို့လဲ။ ပြောရရင် လုယန်က ဂြိုလ်မွှေတယ်။

နန်းမြို့တော်ကို သူရောက်တုန်းက မဟာပဲဝါနိုင်ငံဆိုတာ တည်ထောင်မယ်ပြီး ကျုပ်ကို ဝန်ကြီးချုပ် လုပ်ခိုင်းမယ်လို့တောင် ပြောခဲ့တယ်"

"အဟွတ် အဟွတ် အဟွတ်-"

ကျူးထန် ရုတ်တရက် အသည်းအသန်ချောင်းဆိုးလာသည်။ အင်ပါယာရှားကို မယုံနိုင်သည့်အကြည့်ဖြင့် ကြည့်သည်။

သူသည် မဟာပဲဝါနိုင်ငံသို့ ဝင်ခွင့်ပင်မရ။

ထိုစဉ် လုယန်ကိုယ်ထဲမှ အဖြူရောင်မြူငွေ့တစ်ခု ရုတ်တရက် ပျံထွက်လာပြီး မိန်းမလှတစ်ယောက်ပုံသဏ္ဌာန် တဖြေးဖြေးပေါ်လာသည်။

"ကျူးထန်၊ နင်ငါတို့မဟာပဲဝါနိုင်ငံရဲ့ လက်မှုဝန်ကြီးဖြစ်ချင်လား"

အဆက်မပြတ် သစ်သားဖြတ်နေသည့် ကျူးထန်ကို မြင်ပြီးနောက် သူလည်း ပါရမီရှင်တစ်ယောက်ဖြစ်ကြောင်း နတ်မယ် ပြန်သတိရလာသည်။

မဟာပဲဝါနိုင်ငံ၏ လက်မှုဝန်ကြီးနေရာက ယခုထိ လစ်လပ်နေသေးသည်။

ကျူးထန် ဝမ်းသာအားရထရပ်သည်။ အကိုလုဆီလာလည်သည့်ခရီးက ထိုမျှအကျိုးထူးရလာမည်ဟု ထင်မထား။

"ကျုပ်ဖြစ်ချင်ပါတယ်"

မဟာပဲဝါနိုင်ငံဖြစ်သည်။ မသေမျိုးတို့ ယုံကြည်သူများသာ ဝင်ခွင့်ရသည်။ ထိုအခွင့်အရေးမျိုးရလာသည်ကို ကျူးထန် မယုံနိုင်အောင်ဖြစ်နေသည်။

အင်ပါယာရှား မျက်လုံးပြူးသွားသည်။ ဘာကြောင့် လုယန်ကိုယ်ထဲတွင် လူတစ်ယောက်ရှိနေသည်မသိ။

"နိုင်ငံ့သခင်ကျူး၊ သူက ဘယ်သူလဲ"

မသေမျိုးတစ်ယောက်များလားမသိ။ ထို့ကြောင့် ကျူးထန်ထိုမျှစိတ်လှုပ်ရှားနေခြင်းဖြစ်မည်။

အံ့ဩနေသည့် အင်ပါယာရှားကိုကြည့်၍ နတ်မယ်သတိရလာပြန်သည်။ နန်းမြို့တော်တွင် မဟာပဲဝါနိုင်ငံ တည်ထောင်သည့်အချိန်က လုယန်ခန္ဓာကိုယ်ဖြင့် အင်ပါယာရှားကို ဆက်ဆံခဲ့ခြင်းဖြစ်သည်။

အင်ပါယာရှားက သူ့အကြောင်းကိုမသိ။

"အရှင်မကို ဂါရဝပြုပါတယ်"

နတ်မယ်ပေါ်လာသည်နှင့် မသေမျိုးတစ်ဝက်အားလုံး သူ့ကိုဦးညွှတ်အရိုသေပြုကြသည်။ လူအရေအတွက်နည်းသော်လည်း သူတို့အသံက မိုးချုန်းသံလို ဟိန်းထွက်သွားသည်။ လှိုဏ်ဂူတစ်ခုလုံး တုန်ခါလာသည်။

အင်ပါယာရှား ပို၍အံ့အားသင့်သွားသည်။

လုယန်က မထနိုင်ဘဲ အိပ်ယာပေါ်လဲနေသည်။ ထို့ကြောင့် ပဲဝါအင်ပါယာက သူ့ကို ပုံမှန်လောကဝတ်များမှ ကင်းလွတ်ခွင့်ပေးထားသည်။

ချင်ဟဲက အလေးအနက်လေသံဖြင့် အင်ပါယာရှားကို မိတ်ဆက်ပေးသည်။

"ဒါက ရှေးဟောင်းမသေမျိုးငါးယောက်ရဲ့ ခေါင်းဆောင်၊ မဟာဉာဏ်ပညာ၊ မြင့်မြတ်မှုနဲ့ အဓိပဓိဩဇာပိုင်ရှင်၊ ပဲဝါမသေမျိုးနိုင်ငံကို တည်ထောင်ခဲ့တဲ့ ထာဝရနတ်မယ်သခင်ပဲ"

အင်ပါယာရှား လုံးဝမင်သက်မိသွားသည်။ မဟာပဲဝါနိုင်ငံသည် လုယန်တည်ထောင်ခြင်းမဟုတ်ဘဲ မသေမျိုးတစ်ယောက် တည်ထောင်ထားခြင်းလော...

မဟာပဲဝါနိုင်ငံတည်ထောင်ခြင်းသည် ယွမ်ကျိအကြံဟု ကျန်းပင်ကန်းက တွေးခဲ့သည်။

သူ့ဘိုးဘေး၏အတွေး မှားနေခြင်းလော...

လုယန်က အင်ပါယာရှားထက် ပို၍အံ့ဩနေသည်။

...အကြီးအကဲချင်ဟဲ၊ နတ်မယ်ရဲ့ မဟာဉာဏ်ပညာဆိုတာ ဘယ်နားမှာရှိတာလဲ...

"နင်ရော င့ါရဲ့မဟာပဲဝါနိုင်ငံမှာ ဝန်ကြီးဖြစ်ချင်လား"

နတ်မယ်က မေးသည်။

"ဒီမဟာပဲဝါနိုင်ငံက ယွမ်ကျိနဲ့ ပတ်သက်လား"

အင်ပါယာရှား သတိဖြင့်မေးသည်။

"ဒါပေါ့"

"ကောင်းပြီလေ၊ ကျုပ်ဝန်ကြီးလုပ်ပါ့မယ်"

အင်ပါယာရှား ချက်ချင်းလက်ခံလိုက်သည်။ မဟာပဲဝါနိုင်ငံသို့ ဝင်ခွင့်ရလျှင် လက်မနှေးဖို့ ဘိုးဘေးကျန်းပင်ကန်းက ပြောထားသည်။

"ကျုပ်တို့ဘိုးဘေးလည်း မဟာပဲဝါနိုင်ငံကို ဝင်ချင်နေပါတယ်"

"ငါတို့မဟာပဲဝါနိုင်ငံရဲ့ ရည်ရွယ်ချက်က ယွမ်ကျိကို အနိုင်ယူဖို့ပဲ"

အင်ပါယာရှားနှင့်နတ်မယ် စကားနှစ်ခွန်းပြိုင်တူပြောမိကြသည်။ စကားသံများဆုံးသွားသည်နှင့် လှိုဏ်ဂူတစ်ခုလုံး ခြောက်ကပ်တိတ်ဆိတ်သွားသည်။

...

လှိုဏ်ဂူထဲတွင် မုန်ကျွင်းဇီက မုန်ကျင်းကျိုး၏ ကျန်းမာရေးအခြေအနေကို စစ်ဆေးနေသည်။

လေဟာနယ်သန့်စင်အဆင့်၏ အကန့်အသတ်ကိုချိုးဖျက်၍ မှတ်ကျောက်တင်ခဲ့သည့် မုန်ကျင်းကျိုးကို မုန်ကျွင်းဇီ တကယ်အံ့အားသင့်မိသည်။

မုန်ကျင်းကျိုးပါရမီ ထိုမျှကောင်းမည်ဟု မထင်ခဲ့။

သူကောင်းကင်ဆင်းရဲဖြတ်စဉ်ကပင် ယင်ထန်မသေမျိုးကို မတွေ့ခဲ့ရ။

"မင်းခန္ဓာကိုယ်က ကုသဖို့နည်းနည်းခက်တယ်။ ဆေးတွေနဲ့ အလုပ်မဖြစ်ဘူး။ အနားယူဖို့လိုတယ်"

"အင်း"

"မင်းဘာတွေများတွေးနေတာလဲ။ စိတ်နဲ့ကိုယ် မကပ်သလိုပါလား။ မင်းဘိုးဘေးကိုယ်တိုင် မင်းကိုလာကြည့်တာလေကွာ"

"ဘာရယ်မဟုတ်ပါဘူး။ လုယန်လှိုဏ်ဂူမှာ အခုချိန် အတော်စည်ကားနေလောက်တယ်လို့ တွေးမိလို့ပါ"

*******************************

All Chapters