အခန်း (၁၁၂၉-၁၁၃၁)
Vol. 76 Ch. 1129-1131
အခန်း (၁၁၂၉) မဟာကပ်ပြိုင်ဘက်များ
နတ်မယ် ဝမ်းသာသွားသည်။
"ဪ နင်တို့ဘိုးဘေးလည်း ငါတို့နိုင်ငံကို ဝင်ချင်တယ်ပေါ့။ ကောင်းလိုက်တာ။ မဟာပဲဝါနိုင်ငံရဲ့ နာမည်ဂုဏ်သတင်းက ဒီလောက်ပျံ့နှံ့တာမြန်မယ်လို့ထင်မထားဘူး။ လူတွေက စည်းရုံးစရာမလိုပဲ အလိုလိုဝင်ချင်လာကြပြီပေါ့။ အရည်အသွေးကို တကယ်အကဲဖြတ်နိုင်ကြတာပဲ"
"အင်း..အခု ရုတ်တရက်ကြီး မဟာပဲဝါနိုင်ငံကို မဝင်ချင်တော့သလို ခံစားရတယ်"
အင်ပါယာရှား တီးတိုးရေရွတ်၍ မသိမသာနောက်ဆုတ်သွားသည်။ အသေးစိတ်မမေးမြန်းဘဲ အလောတကြီးဆုံးဖြတ်မိသည်ကို နောင်တရလာသည်။
ပဲဝါနိုင်ငံသို့ သူတကယ်ဝင်လိုက်လျှင် သူ့ဘိုးဘေးက သူ့ကို အသေရိုက်သတ်လောက်သည်။
"ဒီစိတ်ကူးကို မင်းကြီးအလျင်စလို မစွန့်လွှတ်ပါနဲ့ဦး"
လုယန်က လေသံအေးအေးဖြင့်ပြောသည်။ နတ်မယ်၏ သစ္စာဖောက်သင်္ဘောပေါ် တက်လာပြီးသူသည် ပြန်ဆင်းဖို့မလွယ်ကြောင်း သူသိသည်။
"ကျုပ်တို့နိုင်ငံမှာ ဝန်ကြီးချုပ်ဖြစ်လာရင် အကျိုးအမြတ်တွေ အများကြီးရမှာပါ။ ကျုပ်တို့မဟာပဲဝါနိုင်ငံမှာ တိုက်နယ်လေးခုကို လွှမ်းမိုးနိုင်တဲ့ ပါရမီရှင်တွေ ပြည့်နေတယ်။
လက်မှုဝန်ကြီး နိုင်ငံ့သခင်ကျိုး၊ အရှေ့ပိုင်းနဂါးတပ်မှူး အောင်းလင်း စသဖြင့်ပေါ့။ ခင်ဗျား ဝန်ကြီးချုပ်ဖြစ်လာရင် နိုင်ငံတွေကြား အကျိုးတူပူးပေါင်းဆောင်ရွက်ရတဲ့ ကိစ္စတွေ ပိုပြီးအဆင်ပြေချောမွေ့သွားမယ်။
ပြီးတော့ အမယွမ်ကလည်း ပြိုင်ဘက်ကင်းမဟုတ်ပါဘူး။ နတ်မယ်က ရှေးဟောင်းမသေမျိုးငါးယောက်ရဲ့ ခေါင်းဆောင်ပါ။ သူ့စွမ်းအားက မေးခွန်းထုတ်စရာမရှိဘူး။ အခုရက်ပိုင်း သူဒဏ်ရာရထားလို့သာ အားမွေးဖို့အချိန်လိုတာပါ။
ဒါကြောင့် လောလောဆယ် သူမလှုပ်ရှားနိုင်သေးတာ။ စွမ်းအားအပြည့်ဆုံးအခြေအနေ ပြန်ရောက်လာတာနဲ့ အမယွမ်နဲ့တိုက်ခိုက်ဖို့ မဖြစ်နိုင်စရာအကြောင်းမရှိဘူး"
အင်ပါယာရှား စဉ်းစားသည်။ လုယန်စကားက နည်းနည်းယုတ္တိကျသလိုရှိသည်။ ထိုအဆက်အသွယ်များနှင့်ဆိုလျှင် နတ်ဆိုးနိုင်ငံ၊ အရှေ့ပင်လယ်တို့နှင့် ပူးပေါင်းဆောင်ရွက်မှုများ ဆက်လုပ်နိုင်မည်။
နိုင်ငံနှင့်ပြည်သူအကျိုးအတွက် ယခင်ထက်ပို၍ စွမ်းဆောင်နိုင်လာမည်။ သို့သော် သူ့ဘက်တွင် ထိန်းသိမ်းစရာများရှိနေသေးသည်။
အင်ပါယာရှား စိတ်လွန်ဆွဲနေသည်ကိုကြည့်၍ လုယန် စိတ်မပါ့တပါ ဆက်ပြောသည်။
"ဒီထက်ပိုအရေးကြီးတဲ့ အကြောင်းရင်းတစ်ခုလည်း ရှိပါသေးတယ်"
ကြမ်းပြင်ပေါ်ချထားသည့် မှော်ဖန်လုံးကို သူလက်ညှိုးထိုးပြသည်။
"မင်းကြီးခုနက ပြောသမျှအားလုံးကို မှော်ဖန်လုံးနဲ့ မှတ်တမ်းယူထားပြီးပါပြီ"
အင်ပါယာရှား "..."
တကယ့်နဂါးဂူကျားဂူထဲသို့ သူဝင်လာမိခြင်းဖြစ်သည်။ ထင်မှတ်မထားသည့် ထောင်ချောက်များ ပြည့်နေသည်။
မတတ်သာသဖြင့် အင်ပါယာရှား အံတင်းတင်းကြိတ်၍ ပူးပေါင်းလိုက်ရသည်။
နတ်မယ်က လုယန်ကို မသိမသာ လက်မထောင်ပြသည်။ ရှောင်ယန်၏ ပါးနပ်မှုကို သူချီးကျူး၍ ရာထူးသုံးဆင့် တိုးပေးသည်။
လုယန် သိချင်မိသည်။ သူသည် နိုင်ငံ့ဒေါက်တိုင် ရာထူးအမြင့်ဆုံး အကြံပေးဝန်ကြီးဖြစ်သည်။ ရာထူးသုံးဆင့်တိုးသည်ဆိုသည်က ဘာကိုဆိုလိုမှန်းမသိ။ အကြံပေး အကြံပေး အကြံပေးဝန်ကြီးဟု နာမည်သုံးလုံး ထပ်တိုးခြင်းလော...
"ပြီးသွားပြီ"
ကျူးထန်စကားကြောင့် လုယန် အတွေးပြတ်သွားသည်။
မဟာပဲဝါနိုင်ငံသို့ ဝင်ခွင့်ရလိုက်သဖြင့် ကျူးထန် စိတ်အားထက်သန်မှုများပြည့်နေသည်။ လုယန် အင်ပါယာရှားကိူ ဖျောင်းဖျရင်း အလုပ်များနေချိန်တွင် သူက ကုတင်ကြီးတစ်ခု တည်ဆောက်၍ ပြီးဆုံးသွားသည်။
ဤကုတင်က သူ့ကိုယ်ပိုင် တော်ဝင်ကုတင်ထက်ပင် ပို၍သက်တောင့်သက်သာရှိသည်။
"အကိုလု၊ ကြည့်ပါဦး။ ကျုပ်မထင်မှတ်ဘဲ ကုတင်တစ်လုံး လုပ်ဖြစ်သွားတယ်။ အိမ်ပြန်ယူသွားဖို့လည်း နည်းနည်းဒုက္ခများတယ်။ ဘယ်လိုလုပ်မလဲ။ သိမ်းထားမလား"
"ကောင်းပြီလေ"
ချင်ဟဲ၊ အောင်းလင်း၊ ကျန်းလျန်ယိနှင့် ကျင်းချိုင်ဝေတို့က လုယန်ကို ခြေလက်လေးဘက်မှ ဆွဲမသည်။ ယွမ်မုန်မုန်က ခေါင်းကိုထိန်းထားသည်။ လုယန်ကို တော်ဝင်ကုတင်ပေါ်သို့ ရွှေ့ပြောင်းသည်။
ရွှေ့ပြောင်းချိန်တွင် ဝေဒနာကို အပြင်းအထန်ခံစားရသည်။ သို့သော် ခံစားချက်အရိယဖလသန္ဓေအစွမ်းကြောင့် လုယန် နာကျင်သည်ဟုမမြင်။
တော်ဝင်ကုတင်က သူ့ကိုယ်ပိုင်ကုတင်ထက် များစွာပို၍ သက်တောင့်သက်သာရှိသည်။ ခံစားချက်အရိယဖလသန္ဓေအစွမ်းတစ်ခုတည်းကြောင့်မဟုတ်။
အမှန်တကယ်လည်း သက်တောင့်သက်သာရှိသည်။
သူသည် နတ်မယ်လိုမဟုတ်။ အိပ်သည့်အချိန်တွင် ဘေးဘယ်ညာလူးလွန့်ခြင်းမရှိဘဲ ငြိမ်သက်စွာအိပ်လေ့ရှိသည်။ တစ်ယောက်အိပ်ကုတင်ဖြင့်လုံလောက်သည်။
သို့သော် ကုတင်ကြီးကြီးတစ်ခု ရွေးချယ်စရာရှိနေလျှင် တစ်ယောက်အိပ်ကုတင်ကို ဘာကြောင့်သုံးနေမည်နည်း။
နတ်မယ်လည်း ထိုကုတင်ကိုသဘောကျသည်။ သိစိတ်နယ်မြေမှ သူ့ကုတင်နေရာတွင် အစားထိုးဖို့တွေးနေသည်။ တကယ်သက်တောင့်သက်သာရှိလိမ့်မည်။
"အရှင်မ"
ကျူးထန်က ပြုံးဖြဲဖြဲမျက်နှာဖြင့်ပြောသည်။
"ဒီသုံးစားမရတဲ့ ကျုပ်နောက်လိုက်နှစ်ယောက်ရော ကျုပ်တို့နိုင်ငံကို ဝင်ခွင့်ရနိုင်မလား"
သူ့နောက်လိုက်နှစ်ယောက်သည် အခြေအနေအားလုံးကို ကိုယ်တွေ့မြင်ပြီးဖြစ်သည်။ မဟာပဲဝါနိုင်ငံသို့ ဝင်ခွင့်ရလျှင် ပို၍ကောင်းသည်။
ဖြစ်ပေါ်လာသည့်အခွင့်အရေးကြောင့် ကူးဖြတ်ခြင်းနတ်ဆိုးနှစ်ယောက် မျက်လုံးလုံးများအရောင်လက်လာသည်။ သူတို့တကယ်ဝင်ခွင့်ရနိုင်သလော...
နတ်မယ်က တစ်ချက်လှမ်းကြည့်ပြီး စိတ်ပျက်လက်ပျက် ခေါင်းခါသည်။
"ကူးဖြတ်ခြင်းအဆင့်ပဲ ရှိတာလား။ သူတို့ကျင့်စဉ်အဆင့်က နိမ့်လွန်းတယ်။ မလိုဘူး မလိုဘူး"
သူ့မဟာပဲဝါနိုင်ငံတော်သည် လက်ရွေးစဉ်စစ်သည်များဖြင့် ထူးချွန်သည့်ခေါင်းဆောင်များဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။ အရေအတွက်ဖြည့်ရုံလူများအတွက် နေရာမရှိ။
ရှောင်ယန်၏ကျင့်စဉ်အဆင့်က နည်းနည်းနိမ့်သော်လည်း ပါးနပ်သည့်ဉာဏ်ရည်ရှိသည်။ စကားပြောကျင်လည်သည်။
နတ်ဆိုးနှစ်ယောက် မင်သက်မိသွားကြသည်။ သူတို့ရှင်သန်ခဲ့သည့် နှစ်ထောင်ချီအတွင်း သူတို့ကျင့်စဉ်အဆင့်ကို နိမ့်လွန်းသည်ဟု အပြောခံရသည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။
သူတို့သည် ကျင့်ကြံသူလောကတွင် ကြည်ညိုလေးစားရသည့် ကူးဖြတ်ခြင်းအဆင့်များဖြစ်သည်။ ဘယ်ရာထူးမဆို ယူနိုင်စွမ်းရှိသည်။ သူတို့မျိုးနွယ်များကို နှစ်သောင်းချီတိုးတက်အောင် စွမ်းဆောင်ခဲ့သည်။
သူတို့သေသွားလျှင်ပင် မျိုးဆက်သစ်များ တိုးတက်ကြီးပွားဖို့ အမွေအနှစ်များ ချန်ခဲ့နိုင်သည်။
မှန်ပါသည်။ ထိုမသေမျိုး ထိုစကားပြောခွင့်ရှိသည်။ ရှေးဟောင်းမသေမျိုးငါးယောက်၏ ခေါင်းဆောင်ဆိုသည့်အဆင့်အတန်းသည် ကျင့်ကြံသူလောက၏ နံပတ်တစ်ဟု ဆိုနိုင်သည်။
"ကဲ၊ အားလုံးရဲ့အကူအညီနဲ့ဆို ယွမ်ကျိကို ငါတို့သေချာပေါက်နိုင်မှာပါ"
နတ်မယ် လုယန်ခန္ဓာကိုယ်ပေါ် ခုန်ကျော်၍ ကုတင်ပေါ်တက်လိုက်သည်။ ထို့နောက် ကုတင်ပေါ်မှ ကြမ်းပြင်ပေါ် ပြန်ခုန်ဆင်းသည်။ လက်သီးလေးနှစ်ဘက်ကို ဝှေ့ယမ်း၍ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
"ယွမ်ကျိကိုနိုင်ရမယ်"
"ယွမ်ကျိကိုနိုင်ရမယ်"
အားလုံး သံပြိုင်လိုက်အော်သည်။ လုယန်ပင် လက်သီးလက်အောင်းတန်းပြီး အော်ချင်စိတ်ပေါ်လာသည်။
"ယွမ်ကျိကို နိုင်-"
"ဝုန်း"
လှိုဏ်ဂူတံခါး ပွင့်သွားသည်။ ယွမ်ကျိက ဉာဏ်အလင်းသစ်ပင်၏သစ်ကိုင်းတစ်ခုကိုင်၍ ဝင်လာသည်။ မျက်နှာက အေးစက်တင်းမာသည်။ အကြောင်းမသိသူများအဖို့ လူသတ်လာသလိုထင်ကြလိမ့်မည်။
အားလုံး၏လက်များ လေထဲတွင်မြှောက်လျက်သားဖြစ်နေသည်။ အော်ဟစ်နေသည့် နောက်ဆုံးစကားလုံးက တိမ်ဝင်သွားသည်။
နတ်မယ် ယွမ်ကျိကို မကျေမနပ် စိုက်ကြည့်သည်။ သူပင်ပင်ပန်းပန်းလှုံ့ဆော်ထားသည့် အဖွဲ့စိတ်ဓာတ်က အချိန်အခါမသိဝင်လာသည့်ယွမ်ကျိကြောင့် ပျက်စီးသွားသည်။
အခန်းထောင့်သို့သွားရန် အားလုံးကို သူမျက်ရိပ်ပြသည်။
မလှုပ်ရှားနိုင်သည့်လုယန်သာ ကုတင်ပေါ်တွင် ကျန်နေခဲ့သည်။
နတ်မယ်က လက်သီးကိုမြှောက်၍ တီးတိုးရေရွတ်သည်။
"ယွမ်ကျိကို နိုင်ရမယ်။ ယွမ်ကျိကိုနိုင်ရမယ်"
ကျန်သည့်လူများလည်း လက်သီးကိုမြှောက်၍ သစ္စာရှိကြောင်းပြသည်။ အလွန်တိုးညှင်းသည့်လေသံဖြင့် ရေရွတ်ကြသည်။
"ယွမ်ကျိကို နိုင်ရမယ်။ ယွမ်ကျိကိုနိုင်ရမယ်"
"ကျူးထန်၊ နင့်အသံကျယ်လွန်းတယ်။ နည်းနည်းလျှော့ဦး"
"ဪ ဟုတ်ကဲ့"
ယွမ်ကျိက ဘယ်သူ့ကိုမှ အရေးမစိုက်ဘဲ လုယန်ကုတင်ဘေးသို့ တန်းလျှောက်သွားပြီး သစ်ကိုင်းကို ချသည်။
"ဒါကိုသုံးပြီး လက်ဖက်ရည်ဖျော်သောက်ပါ။ မင်းဒဏ်ရာတွေ နည်းနည်းသက်သာသွားလိမ့်မယ်"
"ဟုတ်ကဲ့"
....
"အဖြစ်အပျက်က အဲဒါပဲ"
တော်ဝင်နန်းတော်သို့ ပြန်ရောက်ချိန်တွင် အင်ပါယာရှားက နန်းတော်တားမြစ်နယ်မြေမှ ကျန်းပင်ကန်းကို ချက်ချင်းသွားတွေ့သည်။ သူ့အမှားများကို ဝန်ခံရင်း အခြေအနေကိုပြောပြသည်။
ကျန်းပင်ကန်း ဒေါသူပုန်ထသွားသည်။ အင်ပါယာရှားကို လက်ညှိုးငေါက်ငေါက်ထိုး၍
"ငါက မဟာရှားကို ယွမ်ကျိနဲ့ ပိုနီးစပ်အောင်လုပ်ချင်တာကွ။ အခုမင်းက ငါ့ကို ယွမ်ကျိနဲ့ ဆန့်ကျင်ဘက်ဖြစ်အောင် လုပ်ခဲ့တာပဲ။ ယွမ်ကျိနဲ့ တကယ်တိုက်ခိုက်ရရင် ငါ့နေရာကို မင်းအစားဝင်မှာလား"
အင်ပါယာရှား ခဏစဉ်းစားသည်။ ထို့နောက် အလေးအနက်လေသံဖြင့်
"ရပါတယ်။ ဘယ်လိုဖြစ်ဖြစ် ကျုပ်တို့နှစ်ယောက်လုံး ယွမ်ကျိကို နိုင်မှာမှမဟုတ်တာ"
ကျန်းပင်ကန်း ဖိနပ်ကိုချွတ်၍ အင်ပါယာရှားကို လိုက်ရိုက်သည်။ တားမြစ်နယ်မြေတွင် သူတို့နှစ်ယောက် လိုက်တမ်းပြေးတမ်းကစားနေသည်။ မူလနေရာသို့ ပြန်ရောက်ချိန်တွင် အင်ပါယာရှားတစ်ကိုယ်လုံး ဖိနပ်ရာများပြည့်နေသည်။
ကျန်းပင်ကန်းက ဒေါသတကြီးဖိနပ်ကိုမြှောက်၍ ထပ်ရိုက်ရန် ပြင်နေသဖြင့် အင်ပါယာရှား နောက်သို့အမြန်ဆုတ်သွားသည်။ ထိုအဖြစ်ကိုကြည့်၍ ကျန်းပင်ကန်း အော်ရယ်သည်။
"တော်ပါပြီ တော်ပါပြီ။ ငါမင်းကို မရိုက်တော့ပါဘူး။ ဒီကိုလာဦး"
"ဟုတ်ကဲ့"
အင်ပါယာရှား အပိုးကျိုးကျိုးဖြင့် ကျန်းပင်ကန်းဘေးတွင်ထိုင်သည်။
ကျန်းပင်ကန်းက လက်နှစ်ဘက်နောက်ပစ်၍ ဖိနပ်ကိုကိုင်ထားပြီး အင်ပါယာရှားကို လှည့်ပတ်လမ်းလျှောက်နေသည်။
"ဒါဆို ရှေးဟောင်းမသေမျိုးငါးယောက်ရဲ့ခေါင်းဆောင် ထာဝရနတ်မယ်ဆိုတာက လုယန်ရဲ့ခန္ဓာကိုယ်ထဲမှာ အခုရှိနေတယ်ပေါ့"
"ဟုတ်ပါတယ်"
"ဒါကြောင့်လည်း လုယန်က မသေမျိုးတစ်ဝက်တွေနဲ့ ဒီလောက်ရင်းနှီးနေတာဖြစ်မယ်။ ပြီးတော့ တာအိုရှင်ယွမ်ကျိက နတ်မယ်အကြောင်းသိပေမယ့် ဝင်မစွက်ဘူး။
မင်းတို့ ဆန့်ကျင်ပုန်ကန်တာကို အရေးမစိုက်ဘဲ လုယန်ဆီ တန်းသွားတယ်ပေါ့"
"ဟုတ်ပါတယ်"
ကျန်းပင်ကန်း ပင့်သက်ရှည်တစ်ချက်ရှိုက်၍ ရဲတင်းသည့်ကောက်ချက်တစ်ခု ချလိုက်သည်။
"ဒီမဟာကပ်အပြိုင်အဆိုင်ခေတ်ရဲ့ အဓိကလူက လုယန်ဖြစ်နေမလားပဲ"
*****************************
အခန်း (၁၁၃၀) အောင်ပွဲ
"မဟာကပ်ရဲ့ အဓိကလူက လုယန်လား"
အင်ပါယာရှား ပင်သက်တစ်ချက်ရှိုက်မိသည်။ အမှန်တကယ်ပင် ဘိုးဘေး၏ အတွေးအခေါ်က တစ်ခြားလူများနှင့် လုံးဝမတူ။
ကျန်းပင်ကန်း ထိုအကြောင်းတွေးလေလေ ယုတ္တိကျသည်ဟု ယုံကြည်လာလေဖြစ်သည်။ လက်နှစ်ဘက်နှောက်ပစ်၍ လမ်းလျှောက်နေရင်းမှ
"နန်းမြို့တော်တိုက်ပွဲတုန်းက လုယန်ဟာ သာမန်လူမဟုတ်ဘူးဆိုတာ ငါသတိထားမိတယ်။ ကျန်းမိသားစု မိန်းကလေးတစ်ယောက်နဲ့ လက်ထပ်ပေးဖို့တောင် ငါကြိုးစားခဲ့တယ်။ ဒါပေမယ့် မထင်မှတ်ဘဲ ယွမ်ကျိက တားတယ်။
လုယန်ရဲ့ အရေးပါမှုဟာ ငါထင်ထားတာထက် အများကြီးကျော်လွန်နေတယ်။ ရှေးဟောင်းခေတ်နဲ့ဒီနေ့ခေတ်ရဲ့ စွမ်းအားအကြီးဆုံးလူနှစ်ယောက်က သူ့ကိုသဘောကျနေတယ်"
ကျန်းပင်ကန်း ခဏဆက်စဉ်းစားသည်။ သို့သော် လုယန်ကို စည်းရုံးသိမ်းသွင်းနိုင်လောက်မည့်အရာကို သူစဉ်းစားမရ။
ထို့နောက် သူရုတ်တရက် ခြေလှမ်းရပ်ပြီး ခေါင်းမူးမတတ်ဖြစ်နေသည့် အင်ပါယာရှားကို လှည့်မေးသည်။
"တာအိုရှင်ယွမ်ကျိနဲ့ မသေမျိုးနတ်မယ်၊ ဘယ်သူက ပိုစွမ်းအားကြီးမယ်ထင်လဲ"
"ဘယ်လို.."
ဘိုးဘေးက ထိုမေးခွန်မျိုး သူ့ကိုမေးမည်ဟု အင်ပါယာရှားထင်မထား။
ကိုယ့်ကျင့်စဉ်အဆင့်ကိုယ် ပြန်တွေးကြည့်သည်။ ဝိညာဉ်ပြောင်းအဆင့်။ သူနှင့်မသေမျိုးအဆင့်ဆိုသည်က ကမ္ဘာသုံးလေးခုလောက်ခြားသည်။
"ထာဝရနတ်မယ်ပဲ ဖြစ်မယ်ထင်တယ်။ သက်တမ်းရင့်လေ စွမ်းအားကြီးလေလို့ ပြောကြတယ်မဟုတ်လား။ ပြီးတော့ ရှေးဟောင်းမသေမျိုးငါးယောက်ရယ်လို့ ကျုပ်တို့မကြားဖူးဘူး။ လေးယောက်ပဲ ကြားဖူးတာလေ။
ဒီ့တော့ တစ်ခုတည်းသောသဲလွန်စက ရှေးဟောင်းခေတ်မှာ ကြယ်ကမ္ဘာတွေကို တိုက်နယ်အဖြစ်ပြောင်းလဲစေခဲ့တဲ့ မဟာတိုက်ပွဲကြီးပဲ။ ဒီတိုက်ပွဲမှာ အမည်မသိမသေမျိုးတစ်ယောက်က ရှေးဟောင်းမသေမျိုးလေးယောက်နဲ့ တိုက်ခိုက်ခဲ့တယ်။
အဲဒီ့အမည်မသိမသေမျိုးဟာ နတ်မယ်ဖြစ်မယ်လို့ ကျုပ်ထင်တယ်။ လေးယောက်တစ်ယောက်ယှဉ်နိုင်တယ်ဆိုရင် နတ်မယ်ရဲ့စွမ်းအားက သိသာနေပါပြီ"
"အဲဒါဖြစ်နိုင်တယ်"
ကျန်းပင်ကန်း ခေါင်းငြိမ့်သည်။ မဟာပဲဝါနိုင်ငံသို့ အင်ပါယာရှားဝင်ခဲ့ခြင်းသည် မှန်ကန်သည့်လုပ်ရပ်ဟု သူခံစားရသည်။
.....
"ဒုခေါင်းဆောင်၊ ငါတကယ်လွှတ်လိုက်တော့မယ်နော်"
"ခြေတစ်လှမ်းလှမ်းနိုင်ရင်ကို အဆင်ပြေပြီ"
"ကိုယ့်ကိုယ်ကို ယုံကြည်ထားပါ။ နင်လုပ်နိုင်ပါတယ်"
အားလုံး၏ မျှော်လင့်နေသည့်မျက်စိရှေ့တွင် လုယန် ကုတင်ပေါ်မှဆင်း၍ ပထမခြေလှမ်းကို ရဲဝံ့စွာလှမ်းလိုက်သည်။ အော်ဟစ်အားပေးသံများ ထွက်လာသည်။
အိပ်ယာထဲတွင် တစ်ပတ်ကြာအောင်လှဲပြီးနောက် ယွမ်မုန်မုန်နှင့် ချင်ဟဲအကူအညီမပါပဲ လုယန် လမ်းစလျှောက်နိုင်လာသည်။
အကယ်၍သာ တိတ်ဆိတ်သည့်ပတ်ဝန်းကျင်၌ နေခဲ့ရလျှင် ငါးရက်အတွင်း အိပ်ယာမှထနိုင်လောက်သည်ဟု သူထင်မိသည်။
သို့သော် အားလုံးက သူ့ကိုစေတနာဖြင့်အဖော်ပြုပေးနေသည့် မသေမျိုးတစ်ဝက်များဖြစ်သည်။ သူမောင်းထုတ်၍မဖြစ်။ မောင်းထုတ်နိုင်စွမ်းလည်းမရှိ။
သူတို့အော်ဟစ်သံများက လမ်းလျှောက်နိုင်ဖို့ ကြိုးစားနေသူကို အားပေးသည်နှင့်သိပ်မတူ။ လမ်းလျှောက်သင်စ ကလေးတစ်ယောက်ကို အားပေးသလိုလိုဖြစ်နေသည်။
"ကျင့်စဉ်ကျမ်းဆက်ရေးဖို့ အချိန်ကျလာပြီပဲ"
သူအချိန်ကို အလဟဿဆက်ဖြုန်း၍မရ။ တစ်ခုခုလုပ်မှဖြစ်မည်။
လေဟာနယ်သန့်စင်အဆင့်အတွက် ကျင့်စဉ်ကျမ်းပြုစုရမည်။
ချင်ဟဲ၊ အောင်းလင်းနှင့် ကျန်းလျန်ယိတို့သည် တာအိုလမ်းစဉ်ဂိုဏ်းတွင် လျှို့ဝှက်နေထိုင်သူများဖြစ်သည်။ ထို့ကြောင့် ကျန်းစာတိုက်သို့သွားရန် ယွမ်မုန်မုန်ကသာ အဖော်ပြုပေးသည်။
ကျမ်းစားတိုက်အထိ တွဲခေါ်မည်ဟု ယွမ်မုန်မုန်ကပြောသည်။ သို့သော် လုယန်က ကိုယ့်ဘာသာလမ်းလျှောက်ဖို့ ဆုံးဖြတ်ထားသည်။
အတော်ကြာအောင် အတိုက်အခံပြောပြီးနောက် ယွမ်မုန်မုန် အလျှော့ပေးလိုက်သည်။ လုယန်နှင့်အတူလိုက်သွားဖို့သာ ရွေးချယ်ရသည်။
"ညီမမုန်မုန်၊ အဲလောက်ထိ သတိထားနေဖို့ မလိုပါဘူး"
လုယန် ယွမ်မုန်မုန်ကို စိတ်ပျက်လက်ပျက်ကြည့်၍ ပြောသည်။
ယွမ်မုန်မုန်က လက်နှစ်ဘက်ကို အသင့်မြှောက်ထားသည်။ လုယန်လဲကျသည်နှင့် ချက်ချင်းဖမ်းထိန်းနိုင်ဖို့ဖြစ်သည်။
"မဖြစ်ဘူး။ အမချင်ဟဲနဲ့ အမလင်းတို့က အခုနင့်ကို ကာကွယ်မပေးနိုင်ဘူးလေ။ ငါပဲ ငါကာကွယ်ပေးရမှာ"
လမ်းတလျှောက်တွင် လုယန်ကို မြင်သူတိုင်းက နှုတ်ဆက်ကြသည်။ လုယန် နည်းနည်းရှက်လာသည်။
ကျမ်းစာတိုက်ထဲဝင်သည့်အချိန်တွင် ဘယ်သူမှမတားကြ။ ယွမ်မုန်မုန်က ဂိုဏ်းသားမဟုတ်သော်လည်း ယွမ်ကျိနှင့်ရင်းနှီးသူဖြစ်ကြောင်း အားလုံးသိနေပြီးဖြစ်သည်။
ကျမ်းစာတိုက်ထဲရောက်ပြီးနောက် လေဟာနယ်အဆင့်ကျမ်းများဆီ တန်းသွားသည်။
လေဟာနယ်အဆင့် ကိုယ်စားပြုကျမ်းအတော်များများ လေ့လာသည်။ လေဟာနယ်အဆင့်အကြောင်း သူသေချာနားလည်လာသည်။
နတ်မယ်နှင့် တစ်ခြားလူများထံမှ ဤအဆင့်နှင့်ပတ်သက်၍ တိုက်ရိုက်အကြံတောင်းနိုင်သော်လည်း ကိုယ်တိုင်နက်နက်ရှိုင်းရှိုင်း နားမလည်ထားလျှင် ထိုအကြံများကို အသုံးချဖို့ခက်မည်။
ပထမဆုံး ကိုယ့်ဘာသာ လေ့လာထားဖို့လိုသည်။
"ဪ အဲလိုလား။ လေဟာနယ်သန့်စင့်အဆင့်မှာ အခြေခံ၊ အလတ်တန်း၊ ထိပ်တန်းအဆင့်ရယ်လို့ မရှိဘူး။ ကျင့်စဉ်အဆင့်လှုပ်ရှားတဲ့ အတိုင်းအတာကိုကြည့်ပြီး ခွဲခြားတာပဲရှိတယ်။
ကျင့်စဉ်အဆင့်လှုပ်ရှားမှု နည်းလာလေ လေဟာနယ်အဆင့် ပြည့်ဆုံဖို့ နီးစပ်လာလေပဲ။ ကျင့်စဉ်အဆင့် လှုပ်ရှားမှု ရပ်တန့်ခါနီးဖြစ်လာရင် ဒါဟာ စုစည်းခြင်းအဆင့်ကို တက်တော့မယ့် လက္ခဏာလို့ သတ်မှတ်တယ်။
ပြီးတော့ လေဟာနယ်သန့်စင်အဆင့်မှာ ကျင့်ကြံရတာ အရမ်းခက်တယ်။ လူကိုးဆယ်ရာနှုန်းကျော်က တစ်သက်လုံး အဆင့်မတက်နိုင်ကြတော့ဘူး။
ကျင့်စဉ်တည်ငြိမ်အောင်လုပ်ဖို့ နည်းလမ်းတွေအများကြီးတယ်။ သေမျိုးအဖြစ် ပြန်ဝင်စားပြီး လောကဘဝကို တွေ့ကြုံခံစားရမယ်။ လူသားဘဝရဲ့ ကိစ္စတွေကို လက်တွေ့ကြည့်မယ်။ သေမျိုးနဲ့မသေမျိုးကြားက ကွာခြားချက်ကို နောက်တစ်ကြိမ် နားလည်အောင်ကြိုးစားတယ်။
ဒါမှမဟုတ် နိုင်ငံ့ရုံးတော်ကို အရာရှိအနေနဲ့ဝင်ရမယ်။ လူသားဘဝကိစ္စတွေကို တွေ့ကြုံခံစားနိုင်သလို ရာထူးအရှိန်ကိုသုံးပြီး ကိုယ့်ကိုယ်ကိုလည်း ကာကွယ်နိုင်မယ်။ တစ်ခြားနည်းလမ်းတွေနဲ့စာရင် စိတ်ချရတယ်။
...ဒါပေမယ့် ငါ့ဆရာက တာအိုရှင်ဝစီပိတ်ဆိုတော့ ဒီနည်းလမ်းကို စဉ်းစားစရာမလိုတော့ဘူး။
နောက်နည်းလမ်းတစ်ခုက ပြစ်မှုကျူးလွန်ပြီး အကျဉ်းချခံဖို့။ အကျဉ်းထောင်ထဲက ပျော်ခြင်းဝမ်းနည်းခြင်းတွေကို စောင့်ကြည့်ရမယ်။ ကိုယ့်ကိုယ်လည်း ကာကွယ်ရာရောက်မယ်။
ဒီနည်းလမ်းလည်း ငါ့ဆရာက ဝစီပိတ်ဖြစ်နေတော့ သူ့ခြေရာလိုက်မနင်းသင့်ဘူး။
ပြီးတော့ငါက မဟာပဲဝါနိုင်ငံရဲ့ အဓိကဝန်ကြီးတစ်ယောက်။ မြင့်မားတဲ့ ဩဇာအဆင့်အတန်းကို ပိုင်ဆိုင်ထားတယ်။ ငါ့အထက်မှာ တစ်ယောက်ပဲရှိတယ်။ ငါ့အောက်မှာ ထောင်ချီရှိတယ်။
မဟာရှားအရာရှိအဖြစ်တော့ ထပ်ပြီးမတာဝန်မထမ်းချင်ဘူး။ ငါအကျဉ်းကျရင်လည်း ပဲဝါနိုင်ငံ နာမည်ပျက်လိမ့်မယ်"
လုယန် သူ့ဘာသာစဉ်းစားနေသည်။ ကိုယ့်အဆင့်အတန်းကိုယ် သူအမြဲတမ်းဂရုစိုက်သည်။
"နင့်အထက်မှာ တစ်ယောက်ပဲရှိတယ်။ နင့်အောက်မှာ ထောင်ချီရှိတယ်ပေါ့။ ငါတို့ မဟာပဲဝါနိုင်ငံက အဲလောက်တောင်လူများတာလား"
နတ်မယ်စဉ်းစားသည်။ သုံးလေးကြိမ် လက်ချိုးရေကြည့်သည်။ လူတစ်ထောင်ပြည့်အောင် ရေတွက်၍မရ။
သူ၊ ရှောင်ယန်၊ ဝန်ကြီးအင်ပါယာရှား၊ ဝန်ကြီးချင်ဟဲ၊ မဟာစစ်သူကြီးသုံးယောက်၊ ဝန်ကြီးယွမ်မုန်မုန်၊ ဝန်ကြီးကျူးထန်နှင့် ရာထူးမရွေးရသေးသည့် ကျန်းပင်ကန်း။
စုစုပေါင်း ဆယ်ယောက်သာရှိသည်။
"နောက်ပြီး လေဟာနယ်သန့်စင်အဆင့်မှာ အမသုံးလို နတ်ဆိုးနယ်မြေကို အတွေ့အကြုံသွားရှာတဲ့လူတွေလည်းရှိတယ်။ အန္တရာယ်ကြားမှာ ကိုယ့်အစွမ်းအစကိုယ် တိုးတက်အောင်လုပ်ပြီး ကျင့်စဉ်အရှိန်မြှင့်တယ်"
ဒဏ်ရာရထားသဖြင့် လုယန် ကျမ်းစာတိုက်တွင်နေ၍ အချိန်ယူပြီးမလေ့လာနိုင်။ ထို့ကြောင့် လေဟာနယ်သင့်စင်အဆင့် စာအုပ်တစ်ချို့ငှား၍ လှိုဏ်ဂူသို့ပြန်သည်။
လှိုဏ်ဂူသို့ ပြန်ရောက်ပြီးနောက် စိတ်နှစ်ကိုယ်နှစ် ဖတ်ရှုလေ့လာသည်။ တစ်ခြားလူများက သူ့ကိုမနှောက်ယှက်ရဲ။ လှိုဏ်ဂူနေရာအများစုကို လုယန်အတွက်ပေးထားသည်။ သူတို့က ထောင့်တစ်ထောင့်စာသာ နေရာယူထားသည်။
ခွေခြေပုများဖြင့် ဝိုင်းဖွဲ့ထိုင်နေသည်။ နတ်မယ်က စိတ်အားထက်သန်စွာပြောသည်။
"နင်တို့အားလုံး စွမ်းအားကြီးတဲ့ မသေမျိုးတစ်ဝက်တွေဖြစ်ပေမယ့် ပူးပေါင်းဆောင်ရွက်နိုင်စွမ်း နည်းသေးတယ်။ ထပ်ပြီးလ့ကျင့်ဖို့လိုတယ်"
ယွမ်မုန်မုန်က လက်မြှောက်၍
"ဘယ်လိုလေ့ကျင့်ကြမလဲ ခေါင်းဆောင်"
"သိပ်ကောင်းတဲ့မေးခွန်းပဲ။ လေ့ကျင့်မှသာ အမှန်တကယ်သိနားလည်တာလို့ ရှောင်ယန်က အမြဲပြောတယ်။ သဘောတရားကို လက်တွေ့ဖြစ်အောင်လုပ်ရမယ်။
ငါတို့နိုင်ငံရဲ့ နောက်ဆုံးပန်းတိုင်က ရှောင်ယွမ်ကို အနိုင်ယူဖို့ပဲ။ ဒီတော့ သူနဲ့စပြီး လေ့ကျင့်ကြတာပေါ့။
ငါက ဒဏ်ရာရနေလို့ ဝင်မပါနိုင်ဘူး။ ယွမ်ကျိကိုရင်ဆိုင်ဖို့ တိုက်ခိုက်ပုံ နည်းဗျူဟာပဲ ချပေးနိုင်မယ်"
"ကျွန်မတို့ ရှောင်ကျိနဲ့ ထပ်ပြီးတိုက်ခိုက်ရမှာလား"
ယွမ်မုန်မုန်က စိတ်အားအတက်ကြွဆုံးဖြစ်သည်။ ရှောင်ကျိနှင့် လက်ရည်စမ်းရသည်က တကယ်ပျော်စရာကောင်းသည်။
ကျန်သည့်လူများ ခန္ဓာကိုယ် နောက်သို့နည်းနည်းယိုင်သွားကြသည်။ တကယ်လက်တွေ့တိုက်ခိုက်ပြီး လေ့ကျင့်ရမည့်ဗျူဟာကို အံ့အားသင့်နေကြသည်။
နတ်မယ်က သူ့ဘာသာ တတွတ်တွတ်ရေရွတ်ရင်း မြေပေါ်တွင် ပုံများဆွဲသည်။ အချင်းချင်းချိတ်ဆက်တိုက်ခိုက်သည့် တိုက်ခိုက်ရေးဗျူဟာများ စီစဉ်သည်။ တကယ့်ဗျူဟာကောင်းများဖြစ်ကြောင်း အားလုံးက အသိအမှတ်ပြုကြသည်။
"ကဲ..အားလုံးမှတ်မိတယ်မဟုတ်လား။ သွားကြစို့"
ကျင့်ကြံသည့်ကိစ္စသည် အချိန်ကာလသတ်မှတ်ချက်မရှိဟု ပြောကြသည်။
လုယန် နာရီဝက်ကြာအောင် ကျင့်စဉ်ကျမ်းများထဲ အာရုံစိုက်ခဲ့သည်။
သူအသိပြန်ဝင်လာချိန်တွင် ကျန်သည့်လူအားလုံး လေ့ကျင့်မှုပြီးဆုံး၍ ပြန်ရောက်လာသည်။ ဖူးယောင်ညိုမည်း၍ ပုံပျက်ပန်းပျက်ဖြစ်နေကြသည်။
လုယန် ပင့်သက်တစ်ချက်ရှိုက်လိုက်သည်။ အပြင်ဘက်တွင် ဘာတွေဖြစ်နေသည်မသိ။ သူတို့ဒဏ်ရာများက သူ့ထက်ပင် ပိုဆိုးဝါးနေသလိုရှိသည်။
**********************************
အခန်း (၁၁၃၁) သေမျိုးအသွင်ပြောင်းခြင်းလား
"သူကံကောင်းလို့နိုင်သွားတာပါ။ တစ်ကြိမ်ရှုံးတာက ဘာမှမဖြစ်ဘူး။ အားလုံး ဆက်ကြိုးစားကြမယ်။ နောက်တစ်ကြိမ် ထပ်လေ့ကျင့်ကြစို့"
နတ်မယ်က အားလုံးကို စိတ်ဓာတ်လှုံ့ဆော်နိုင်သည်။
လူတိုင်းက အကောင်းဆုံးဝှက်ဖဲများ ကိုယ်စီသုံး၍ စွမ်းအားကုန်ထုတ်ခဲ့ကြသည်။ နောက်ဆုံးတွင် ယွမ်ကျိက နိုင်သွားသည်။ သို့သော် ပင်ပန်းသည်ဟုမထင်ကြ။ အတော်စိတ်အားတက်ကြွနေကြသည်။
လှိုဏ်ဂူသို့ပြန်မလာမီ သူတို့အားလုံး မြေပြင်ပေါ်လှဲ၍ အချိန်အတော်ကြာအောင် အိပ်စက်ခဲ့သည်။ ကောင်းကောင်းအားပြည့်မှ ထလာကြခြင်းဖြစ်သည်။
သူတို့ဒဏ်ရာများက လုယန်ထက်ပိုပြင်းထန်သည်။ သို့သော် သူတို့ဒဏ်ရာကသနည်းများကလည်း အံ့ဩစရာကောင်းလောက်အောင်မြန်ဆန်သည်။ သိပ်မကြာမီ မူလအတိုင်း ပြန်ဖြစ်လာသည်။
ချက်ချင်းဆိုသလိုပင် ပဲဝါအင်ပါယာကိုယ်တိုင် တပ်ဖွဲ့ကို ဦးဆောင်၍ ခမ်းခမ်းနားနား ချီတက်သွားကြပြန်သည်။ လှိုဏ်ဏ်ဂူထဲတွင် လုယန်တစ်ယောက်သာ ကျန်ခဲ့သည်။
ထိုလူစု ဘာလုပ်နေသည်ကို လုယန်တွေးမရ။
ပန်းမနု့်တစ်ခုစား၍ ဉာဏ်အလင်းလက်ဖက်ရည်သောက်သည်။ တစ်ခုခုမှားနေကြောင်းသိလိုက်သည်။ စာအုပ်တစ်အုပ်ကိုအမြန်ကောက်၍ လှုပ်ခါလိုက်သည်။
"ဟာ..သွားပြီ၊ စာအုပ်ခေါက်ရိုးထဲကို မုန့်ဖတ်အကြေတွေကျသွားပြီ"
လုယန် ကျင့်စဉ်ကျမ်းကို အာရုံစိုက်လေ့လာရာမှ ဒုတိယတစ်ကြိမ် မော့ကြည့်ချိန်တွင် မဟာပဲဝါတပ်ဖွဲ့ အရှုံးနှင့်ပြန်ရောက်လာသည်ကို မြင်ရသည်။
"ဆယ့်ငါးကြိမ်ရှုံးတာက ဘာမှမဟုတ်ပါဘူး။ အားလုံးဆက်ကြိုးစားကြစို့.."
သူတို့အားလုံးက ထွက်သွားချိန်တွင် တံခါးကိုညင်သာစွာပိတ်ဖို့ မမေ့ကြ။ လုယန် အတွေးလွန်နေရင်း ဝိညာဉ်သစ်သီးတစ်ခု ကိုက်စားလိုက်သည်။ ရုတ်တရက် သူ့မျက်နှာရှုံ့မဲ့သွားသည်။
"ချဉ်လိုက်တာကွာ။ ဒါဘာသစ်သီးမျိုးကြီးလဲ"
တတိယတစ်ကြိမ် သူခေါင်းမော့ကြည့်သည်။ နတ်မယ်က အားလုံးကို စိတ်ဓာတ်လှုံ့ဆော်နေပြန်သည်။
"အကြိမ်ရှစ်ဆယ်ရှုံးတာက ဘာမှမဟုတ်ပါဘူး။ အားလုံး ခဏနားကြပါ"
အားလုံး ပင်ပန်းလွန်းသဖြင့် ခြေလှမ်းများယိုင်နေသည်။ တိုက်ခိုက်ဖို့စွမ်းအားမကျန်တော့။ ချင်ဟဲပင် ပင်ပန်းလွန်းသဖြင့် မြေပေါ်လဲကျသွားသည်။
မသေမျိုးတစ်ဝက်များဖြစ်သော်လည်း တိုက်ပွဲများစွာ ဆက်တိုက်ကြုံရသည့်ဒဏ်ကို မခံနိုင်ကြ။
သို့သော် ကောင်းသည့်အချက်လည်းရှိသည်။ သူတို့ပူးပေါင်းတိုက်ခိုက်သည့် နည်းဗျူဟာများ လျင်မြန်စွာတိုးတက်လာသည်။ ရန်သူက စွမ်းအားကြီးလွန်းနေ၍သာ ကိုယ့်တိုးတက်မှုကိုယ် သတိမထားမိကြခြင်းဖြစ်သည်။
လုယန် မျက်ခုံးလှုပ်နေသည်။ နောက်ဆုံးတွင် မနေနိုင်တော့ဘဲ သူမေးလိုက်သည်။
"နတ်မယ်၊ ခင်ဗျားတို့ဘာတွေလုပ်နေတာလဲ"
"အင်အားကြီးရန်သူကို နှိပ်ကွပ်ပြီး နယ်မြေချဲ့ထွင်မယ်"
"အတုမဲ့အောင်မြင်မှု ရယူပြီး ပဲဝါသမိုင်းမှာ မသေမျိုးဖြစ်ရမယ်"
"ကိုယ့်ကိုယ်ကို စိန်ခေါ်ပြီး အတားအဆီးတွေကို ချိုးဖျက်မယ်"
"စစ်သူကြီးအဖြစ် တာဝန်ထမ်းပြီး အရာရှိတွေကြားမှ ထိပ်ဆုံးကိုရောက်ရမယ်"
"တစ်ကြိမ်သိမ်းပိုက်ပြီး နယ်မြေကို ထာဝရစိုးမိုးမယ်"
အားလုံးက ရည်မှန်းချက်ကိုယ်စီ ဆောင်ပုဒ်ကိုယ်စီရှိကြသည်။ ယွမ်မုန်မုန်တို့လူစု စိတ်အားထက်သန်စွာ အော်ဟစ်ကြသည်။ မောရကောင်းမှန်းမသိ။
မဟာပဲဝါနိုင်ငံ၏ တိုက်ပွဲသမိုင်းသည် သွေးနှင့်မျက်ရည်သမိုင်းဖြစ်သည်။ တိုက်ပွဲကြီးငယ် ရှစ်ဆယ်ကျော် ဆင်နွှဲခဲ့သည်။ ပဲဝါအင်ပါယာကိုယ်တိုင် ဦးဆောင်ခဲ့သည်။
မဟာတပ်မှူးသုံးဦးကိုယ်တိုင် လှုပ်ရှားသည်။ နန်းတွင်းရုံးတော်အရာရှိများဖြစ်သည့် သမိုင်းရေးဝန်ကြီးနှင့် ယယ်ကျေးမှုဝန်ကြီးပင် ကလောင်ကိုစွန့်၍ တိုက်ပွဲဝင်ခဲ့သည်။
သာမန်လူတို့၏ဒုက္ခအတွက် စိတ်မကောင်းဖြစ်နေသည့် ပဲဝါအင်ပါယာက တိုက်ပွဲအခြေအနေ ဘယ်လောက်ဆိုးသည်ဖြစ်စေ အခွန်လုံးဝမကောက်။ သာမန်လူများကို ဝန်ထုပ်ဝန်ပိုးမပေး။ သူမျိုးဆက်၏ ဉာဏ်ပညာနှင့်ပြည့်စုံသည့် အုပ်ချုပ်သူအစစ်ဖြစ်သည်။
"ရှောင်ယွမ်ကို ငါတို့တိုက်ခိုက်မယ်"
နတ်မယ်က လက်နှစ်ဘက်ခါးထောက်ပြီး ခေါင်းမော့၍ပြောသည်။ အရေးကြီးမစ်ရှင်တစ်ခု ထမ်းဆောင်တော့မည့် ဟန်ပန်မျိုးဖြစ်သည်။
"ဝုန်း"
လှိုဏ်ဂူတံခါး ပွင့်သွားသည်။ ဆန့်ကျင်တော်လှန်မည့်လုစု ချက်ချင်း အပြင်ထွက်သွားသည်။
"အမယွမ်"
လုယန်က အရိုးခံမျက်နှာဖြင့် လက်မြှောက်၍ခေါ်လိုက်သည်။ သူရိုးသားကြောင်းပြသည်။
လုယန်စားပွဲပေါ်တွင် ပြန့်ကျဲနေသည့် မှတ်စုများကို ယွမ်ကျိတစ်ချက်ကြည့်သည်။ ကျေနပ်ဟန်ဖြင့် ခေါင်းငြိမ့်သည်။
"မင်းကျင့်စဉ်ကျမ်းရေးနေတာ အနှောက်အယှက်မပေးချင်လို့ သူတို့အပြင်ထွက်ပြီး တစ်ခြားကိစ္စတွေလုပ်မယ်လို့ နတ်မယ်ကပြောတယ်။
အဲဒါ ငါဖြတ်သွားရင်းနဲ့ တကယ်ဟုတ်မဟုတ်လာကြည့်တာ"
လုယန် မျက်ခုံးလှုပ်သွားသည်။
...နတ်မယ်၊ ခင်ဗျားတို့လူစု လှိုဏ်ဂူထဲမှာ ငြိမ်ငြိမ်နေပြီး ကျားကစားနေတာ ကောင်းမယ်ထင်တယ်..
"ကောင်းတယ်၊ မင်းဆက်လေ့လာပါ"
အားပေးစကားနည်းနည်းပြောပြီး ယွမ်ကျိ ထွက်သွားရန်ပြင်သည်။ လုယန် လှမ်းတားလိုက်သည်။
"အမယွမ်၊ ကျုပ်ရဲ့ကျင့်စဉ်အဆင့် တည်ငြိမ်ဖို့ ငြိမ်းချမ်းတဲ့ ကျင့်စဉ်လမ်းတို့ တိုက်ပွဲကြားမှာ ကိုယ်ရည်သွေးတဲ့ ကျင့်စဉ်လမ်းတို့ လုပ်ဖို့လိုလောက်မလား"
ယွမ်ကျိ ခဏစဉ်းစားသည်။
"တကယ်တော့ အဲဒါတွေက အရေးမကြီးပါဘူး"
လုယန် ခေါင်းငြိမ့်သည်။ အမယွမ် ပြောချင်သည့်အဓိပ္ပါယ်ကို သူနည်းနည်းနားလည်သလိုရှိသည်။
"ဒါဆို ဘယ်လမ်းကြောင်းရွေးရွေး အဓိကက ကိုယ့်စိတ်နှလုံးကို ထိန်းညှိပြီး ကျင့်စဉ်နည်းလမ်းနဲ့ အံဝင်ခွင်ကျဖြစ်ဖို့ပဲပေါ့၊ အဲလိုလား"
"မဟုတ်ဘူး။ ငါပြောချင်တာ မင်းရဲ့ကံကြမ္မာနဲ့ဆို ငြိမ်းချမ်းတဲ့လမ်းစဉ်ရွေးလည်း နောက်ဆုံးကျရင် တိုက်ပွဲကြားကိုရောက်သွားမှာပဲ"
..အမယွမ်၊ ကျုပ်ဝမ်းနည်းသွားပြီ။ တိုက်ခိုက်ရတာကို ကျုပ်သဘောကျပေမယ့် တမင်တကာ စပြီးပြဿနာရှာတာမျိုး တစ်ခါမှမလုပ်ဖူးပါဘူး..
မဟာကပ်ရောက်လာလို့ တိုက်ပွဲတွေ နေရာတိုင်းဖြစ်နေတာပါ..အဲဒီ့တိုက်ပွဲတွေကြား ကျုပ်က မထင်မှတ်ဘဲ ကြားညပ်သွားတာမျိုးပါ..
"မကြောက်ပါနဲ့ ရှောင်ယန်။ မဟာပဲဝါနိုင်ငံက နင့်ရဲ့အမာခံအင်အားအဖြစ် အမြဲတမ်းရှိနေမှာပါ။ ငြိမ်းငြိမ်းချမ်းချမ်းသာ ဆက်နေပါ။
တိုက်ပွဲတစ်ခုခုကြုံရင် နင့်အတွက် ငါတို့တိုက်ခိုက်ပေးမယ်"
နတ်မယ်က ကတိပေးသည်။
မဟာပဲဝါနိုင်ငံသည် နှစ်ပေါင်းများစွာ မယိမ်းမယိုင် ရပ်တည်ခဲ့သည်။ တဖြေးဖြေးအင်အားတိုးနေသည်။ အိမ်ရှေ့မင်းသားလုယန်ကိုပင် မွေးထုတ်နိုင်သည်။
အားလုံးက စွမ်းဆောင်ရည်ကိုမကြည့်ဘဲ ရင်းနှီးမှုကိုသာကြည့်သည့် နတ်မယ်၏ စိတ်ဓာတ်ကြောင့်ဖြစ်သည်။ သွေးချင်းစိတ်ဓာတ်နှင့် ကံကြမ္မာပေါ်သာ အခြေခံ၍ အဖွဲ့ဝင်များကို ခန့်အပ်သည်။
အမယွမ်ထွက်သွားပြီးနောက် လုယန် သက်ပြင်းချသည်။ အမယွမ် ဘယ်အချိန်သူ့ကို လာကူညီမည်မသိ။ ဤအယောင်ဆောင်သရုပ်မှန်က ဘယ်တော့မှ အဆုံးသတ်မည်မသိ။
ကျင့်ကြံမှုသည် အချိန်အခါ သတ်မှတ်ချက်မရှိ။ လှိုဏ်ဂူထဲတွင် နေ့ရောညပါ လုယန် မရပ်မနားလေ့လာသည်။ ကျန်သည့် ပဲဝါနိုင်ငံအဖွဲ့ဝင်များလည်း သူ့လှိုဏ်ဂူထဲတွင် နေ့ရောညပါ ကစားနေကြသည်။
နှစ်ဘက်လုံးက ကိုယ့်အလုပ်ကိုယ် ရှိသည်။ အချိန်က ငြိမ်းချမ်းစွာ ဖြတ်ကျော်သွားသည်။
"အချိန်ကျပြီ"
ဤရက်များအတွင်း ကျင့်စဉ်နည်းလမ်းများ၊ နောက်ကွယ်မှ အဓိပ္ပါယ်များ တစ်ဆင့်ချင်းလေ့လာခဲ့သည်။ နားလည်ထားသည့်အတွေးအမြင်နှင့် ပေါင်းစပ်သည်။ ကျမ်းစာတစ်အုပ်စာ မှတ်စုများထွက်လာသည်။
လုယန် စာရွက်တစ်ထပ်ကောက်ကိုင်၍ ဖျတ်ခနဲ ခါလိုက်သည်။
ထို့နောက် စာရွက်များက ဝုန်းခနဲပေါက်ကွဲ၍ အမှုန်အမွှားများဖြစ်သွားသည်။
လုယန် မျက်နှာကိုလက်ဖြင့်အုပ်လိုက်သည်။ ခုနက ကူးဖြတ်ခြင်းအဆင့်သို့ ရုတ်တရက်ရောက်လာပြီး အားမထိန်းနိုင်ခဲ့ခြင်းဖြစ်သည်။ သူရေးထားသည့်မှတ်စုများ အမှုန့်ဖြစ်သွားသည်။
သို့သော် ကိုယ်တိုင်ရေးထားသည့် မှတ်စုများဖြစ်၍ သူအားလုံးမှတ်မိနေသည်။ ချက်ချင်းအသစ်ပြန်ရေးသည်။
"အမယွမ်ဆီသွားမယ်"
ယခု ခန္ဓာကိုယ်အခြေအနေကလည်း အတော်သက်သာလာသည်။ အကူမပါဘဲ လမ်းကောင်းကောင်းလျှောက်နိုင်သည်။
လှိုဏ်ဂူတံခါးကို သူဖွင့်လိုက်သည်။ နတ်မယ်တို့လူစုက သက်တော်စောင့်များကဲ့သို့ သူ့နောက်မှလိုက်လာကြသည်။
ကောင်းကင်ဂိတ်တောင်ထိပ်တွင် ယွမ်ကျိကို တွေ့ရသည်။ အင်ပါယာထိုင်ခုံတွင်ထိုင်၍ ဓားကျင့်စဉ်ကျမ်းတစ်အုပ် ဖတ်နေသည်။
ကန်ထန်က မျက်လုံးအဝတ်အုပ်လျက်သားဖြင့် သူ့ဘေးတွင် ဗျတ်စောင်းတီးနေသည်။ လေပြေကြောင့် မြက်ခင်းများ လှုပ်ရှားနေသည်။ ငြိမ်းချမ်းသည့် ပန်းချီကားတစ်ချပ်ဖြစ်သည်။
လုယန်ရောက်လာသည်ကိုမြင်သဖြင့် ယွမ်ကျိ ဓားကျင့်စဉ်စာအုပ်ကို သိမ်းလိုက်သည်။ သို့သော် ယွမ်မုန်မုန်က စာအုပ်ကိုမြင်လိုက်သည်။
"အဲ ရှောင်ကျိ၊ နင်က ဓားကျင့်စဉ်ကျမ်းတွေ ကြည့်နေပြန်ပြီလား။ ငါ့လိုမနေနိုင်ဘူးလား။ နင်မလေ့လာနိုင်ရင်လည်း လက်လျှော့လိုက်ပါလား"
ယွမ်ကျိက သူနှင့်ဖက်၍ အငြင်းအခုန်မလုပ်။ မကြားချင်ယောင်ဆောင်နေသည်။
"ကျင့်စဉ်ကျမ်း ပြီးသွားပြီလား"
"ဟုတ်ကဲ့"
လုယန် ရေးထားသည့်ကျင့်စဉ်ကျမ်းကို ရိုရိုသေသေပေးသည်။
ယွမ်ကျိ ခဏဖတ်ကြည့်ပြီးနောက် ခပ်တိုးတိုးရေရွတ်သည်။
"မဆိုးဘူး"
အရင်က ရေးခဲ့သည့် ကျင့်စဉ်ကျမ်းများနှင့်ယှဉ်လျှင် ယခုတစ်ကြိမ် ရှောင်လု အတော်တိုးတက်လာသည်။
"ပြပါဦး၊ ငါ့ကိုလည်းပြဦး"
ရှောင်ကျိချီးမွှမ်းစကားကြောင့် ယွမ်မုန်မုန် ကြည့်ချင်လာသည်။ စာအုပ်ကိုလှမ်းယူပြီးနောက် အောင်းလင်းတို့လူစုလည်း ဝိုင်းကြည့်ကြသည်။
"တကယ်မဆိုးဘူးပဲ"
ချင်ဟဲ အံ့အားသင့်သွားသည်။ ချို့ယွင်းချက်နည်းနည်းရှိသော်လည်း ကိုယ်ပိုင်အမြင်အပေါ် အခြေခံ၍ ရေးထားခြင်းဖြစ်သည်။
သူသာ လေဟာနယ်သန့်စင်အဆင့်ဆိုလျှင် ဤကျင့်စဉ်ကျမ်းမျိုး ရေးနိုင်မည်မဟုတ်။
"ဂိုဏ်းသခင်လေးက တကယ်တော်တာပဲ"
"ဒါပေါ့၊ ငါတို့ဒုခေါင်းဆောင်က ဘယ်မတော်ဘဲနေပါ့မလဲ"
"အမယွ၊ ဒါဆို ဒီကျင့်စဉ်ကျမ်းက..."
လုယန် မျှော်လင့်ချက်အပြည့်ဖြင့် ယွမ်ကျိကို လှမ်းကြည့်သည်။
"လေးဆယ်ရာနှုန်းပဲ ပြင်ဆင်ဖို့လိုတယ်"
*****************************