← Chapters

အခန်း (၁၁၃၂-၁၁၃၄)

Vol. 76 Ch. 1132-1134

အခန်း (၁၁၃၂-၁၁၃၄)

Vol. 76 Ch. 1132-1134

အခန်း (၁၁၃၂) စည်းမျဉ်းကျွမ်းကျင်ခြင်း

အရင်ကျင့်စဉ်ကျမ်းများနှင့်စာလျှင် ယခု လေးဆယ်ရာနှုန်းသာ ပြန်ပြင်ဖို့လိုတော့သည်။ လုယန် သိသိသာသာတိုးတက်လာသည့် လက္ခဏာဖြစ်သည်။

ကျင့်စဉ်ကျမ်းများကို အချိန်ကြာမြင့်စွာ ရေးခဲ့ပြီးနောက် တန်းဝင်သည့်အဆင့်သို့ ရောက်လာသည်။

"ခဏထိုင်စောင့်ပါ။ ဒီကျင့်စဉ်ကျမ်းကို ငါပြင်ဆင်ပေးမယ်"

ယွမ်ကျိ စာရေးကိရိယာများထုတ်သည်။ လုယန်က သူ့ဘေးတွင် မင်ကြိတ်ပေးသည်။ သူ့ကျင့်စဉ်ကျမ်းကို အမယွမ် ဘယ်လိုပြင်ဆင်မည်ကို ကြည့်နေသည်။

နတ်မယ်ကလည်း လုယန်ပုခုံးပေါ်မေးတင်၍ ကြည့်နေသည်။

လှပသည်စုတ်ချက်များ ကျင့်စဉ်ကျမ်းပေါ်တွင် စွန်းထင်းသွားသည်။ ဖျက်သည်၊ ပြင်သည်၊ ထပ်ဖြည့်သည်။

လုယန်နားလည်သွားသည်။ ယွမ်ကျိ၏အတွေးအမြင်က သူ့ထက်တကယ်ပိုမြင့်သည်။ ကိုယ့်ဘာသာကျင့်စဉ်ကျမ်းများရေးနိုင်ဖို့ များစွာလိုသေးသည့်သဘောရှိသည်။

ယွမ်ကျိက မင်များခြောက်သွေ့အောင် စက္ကူများပေါ်သို့ လေတစ်ချက်မှုတ်လိုက်သည်။

"ပြီးပြီ"

"ဟေး...ဒုခေါင်းဆောင်ရဲ့ ကျင့်စဉ်ကျမ်းပြီးသွားပြီဟေ့"

ယွမ်မုန်မုန် အော်ဟစ်လိုက်သည်။ ဘယ်ကထုတ်လိုက်မှန်းမသိသည့် သကြားလုံးလက်တစ်ဆုပ် အားလုံးကိုဝေမျှပေးသည်။ လုယန်ကြိုးစားအားထုတ်ထားသည့် အောင်မြင်မှုကို ဂုဏ်ပြုသည်။

သကြားလုံးက ကောက်ညှင်းစက္ကူဖြင့်ပတ်ထားသည်။ အထုပ်ဖြေစရာမလိုပဲ စားနိုင်သည်။

လုယန် တစ်ခုမြည်းကြည့်သည်။ အချဉ်ရိပ်နည်းနည်းပါပြီး ချိုသည်။ စပျစ်ဝိညာဉ်သီးအရသာမျိုးဖြစ်သည်။

"ကဲ၊ ရှောင်ယန်ရဲ့ကိစ္စ ရှင်းသွားပြီ။ တကယ်လုပ်ရမယ့်အလုပ်ကို လုပ်ကြစို့"

နတ်မယ်က သူ့တပ်ဖွဲ့ဝင်အားလုံးကို နောက်တစ်ကြိမ် စုစည်းပြန်သည်။

အကြိမ်ရှစ်ဆယ်ရှုံးနိမ့်ပြီးနောက် သူတို့စိတ်များ တည်ငြိမ်လာသည်။ အလျင်စလို မတိုက်ခိုက်ဘဲ အားမွေးကြသည်။ ယခု လုံလောက်အောင် အနားယူပြီးဖြစ်သည်။

လုယန်၏ကျင့်စဉ်ကျမ်းလည်း ပြီးဆုံးသွားသည်။ ဘာအနှောက်အယှက်မှ ဖြစ်စရာမရှိတော့။ တိုက်ခိုက်ဖို့အချိန်ကျလာသည်။

"ရှောင်ယွမ်၊ ငါတို့ဒီလို ရုတ်တရက်တိုက်ခိုက်မယ်လို့ ထင်မထားဘူးမဟုတ်လား။ အရင်ရက်တွေတုန်းက နင်ငါတို့ကို သတိထားပြီးနေချင်နေခဲ့မယ်။ ငါတို့တွေ တိုက်ခိုက်ချင်စိတ် လုံးဝမရှိတော့ဘူးလို့ ထင်ချင်ထင်ခဲ့မယ်။

ငါတို့က ရှောင်ယန်လှိုဏ်ဂူထဲမှာနေပြီး အချိန်ဖြုန်းနေခဲ့ကြတာလေ။ တကယ်တော့ အဲဒါ ငါတို့ဆီ ယုန်ရောက်အလာကို စောင့်နေခဲ့တာပါ"

"'ရန်သူပင်ပန်းတဲ့အချိန်ကို ထိုင်စောင့်'တာပါ"

နတ်မယ်တို့လူစုကို ယွမ်ကျိကိုယ်စား လုယန်အံ့ဩနေသည်။ သို့သော် စကားပုံအမှန်ကိုပြင်ပေးသည်။

"အဲ ဟုတ်တယ်။ အဲလိုပြောတာ။ ရှောင်ယန်ပြောတာမှန်တယ်။ တက်ကြဟေ့"

နတ်မယ်အမိန့်ပေးလိုက်သည်နှင့် မိန်းကလေးအားလုံး တစ်ပြိုင်တည်း တိုက်ကွက်ခင်းကြသည်။

တပ်မှူးသုံးယောက်က မူလအသွင်ပြောင်းသည်။ နဂါးနစ်၊ မီးဖီးနစ်၊ ကျားဖြူ။ ကျားဖြူက လူတစ်ရပ်စာမြင့်သည့် သွားစွယ်များကိုဖြဲသည်။ အဖြူရောင်သွားတန်းက တောက်ပနေသဖြင့် ယွမ်ကျိ၏အရိပ်ပင် ထင်ဟပ်နေသည်။

စိတ်အားငယ်သူများအဖို့ ထိုရှေးဟောင်းသားရဲများကိုမြင်သည်နှင့် လိပ်ပြာလွင့်သွားကြလိ့်မည်။

ချင်ဟဲက ကြာတစ်ပွင့်ကိုင်၍ သက်ရှည်အရိယဖလသန္ဓေကို အသက်သွင်းပြီး အချိန်ကိုနှေးအောင်လုပ်သည်။

ယွမ်မုန်မုန်က အားလုံး၏ဝတ်စုံများကို ထာဝရအရိယဖလသန္ဓေစွမ်းအား ထည့်ပေးသည်။ တိုက်ပွဲတွင် အဝတ်အစားများ မထိခိုက်စေဖို့ဖြစ်သည်။

စိတ်အားထက်သန်နေသည့်လူအုပ်ကိုကြည့်၍ ယွမ်ကျိ ခေါင်းကိုလက်ဖြင့်ကိုင်၍ သက်ပြင်းချသည်။ ကန်ထန်ကို အင်ပါယာထိုင်ခုံလို ပစ္စည်းများကို မထိခိုက်အောင် သိမ်းဆည်းဖို့ ညွှန်ကြားသည်။

ကန်ထန် ကျင်လည်စွာလှုပ်ရှားသည်။ အရင်က အမယွမ်ကို လာစိန်ခေါ်သည့် ထိုလူစုကို အံ့အားသင့်မိသော်လည်း ယခု အတော်အသားကျနေပြီဖြစ်သည်။

ပစ္စည်းအားလုံးသိမ်းပြီးနောက် ကန်ထန် ဗျတ်စောင်းဆက်တီးသည်။ နူးညံ့သည့် သံစဉ်များက တော့။ တိုက်ပွဲသံစဉ်များ ဟိန်းထွက်လာသည်။

သူ့ဂီတသံကြောင့် တစ်ဘက်အုပ်စု တိုက်ပွဲစိတ်ဓာတ်များ နိုးကြားလာသည်။ မှော်စက်ဝန်းတစ်ခုတည်ဆောက်၍ ယွမ်ကျိကို ပိတ်ဆို့သည်။

"ကျားနဂါးဖီးနစ်အသွင်ပြောင်းစွမ်းအား"

တပ်မှူးသုံးယောက်၏ ပူးပေါင်းတိုက်ခိုက်နည်းဖြစ်သည်။ ပါရမီသုံးပါးစွမ်းအားနှင့် တူသလိုလိုရှိသည်။ ကျန်းလျန်ယိနှင့် ကျင်းချိုင်ဝေက ပြားချပ်သည့်ရုပ်ပုံများအဖြစ် အသွင်ပြောင်းပြီး အောင်းလင်းကိုယ်ပေါ်တွင် ကပ်နေသည်။

"ထာဝရစွမ်းအား"

ယွမ်မုန်မုန်နှင့် ချင်ဟဲတို့ အတူလှုပ်ရှားသည်။ ဆက်စပ်နေသည့် သူတို့အရိယဖလသန္ဓေများဖြင့် အချိန်ကို ရပ်သလောက်နီးပါးနှေးအောင် လုပ်ထားသည့် နယ်မြေတစ်ခု ဖန်တီးသည်။

တိုက်ပွဲရှစ်ဆယ်ကျော်မှရလာသည့် အကျိုးဆက်ဖြစ်သည်။ မသေမျိုးနှင့် သေမျိုးများကြားမှ ကွာဟချက်ကို ချိတ်ဆက်ပေးနိုင်သည်။ မသေမျိုးတစ်ယောက်ကို ရင်ဆိုင်ရသည်ထက်ပင် ပိုခက်ခဲသည်။

မကြာမီ မိန်းကလေးများ တစ်ယောက်ပြီးတစ်ယောက် မြေပေါ်ကျလာသည်။ နှစ်ခြိုက်စွာ အိပ်မောကျသွားသည်။

ယွမ်ကျိက လူသတ်ရိပ်အပြည့်ဖြင့် လုယန်ဆီ တစ်လှမ်းချင်းလှမ်းလာသည်။ လုယန် ထိတ်လန့်သွားသည်။

"ရှောင်လု၊ မင်းပြန်ပြီးကျင့်ကြံဖို့ အချိန်ကျပြီ။

လုယန် ကြက်အစာကောက်သလို ခေါင်းငြိမ့်သည်။

နတ်မယ်က အလျှော့မပေးသေး။

"ဟား..ရှောင်ယွမ်။ သိပ်လည်းမာန်တက်မနေပါနဲ့။ ငါဒဏ်ရာအပြင်းအထန်ရထားလို့ ရုပ်ခန္ဓာမတည်ဆောက်နိုင်သေးလို့ပါ။ မဟုတ်ရင် နင့်ကို သေချာပေါက်နှစ်ယောက်ချင်းစိန်ခေါ်မှာ"

ယွမ်ကျိပါးနှစ်ဘက် ဆတ်ခနဲခါသွားသည်။ မကြားချင်ယောင်ဆောင်နေသည်။

လုယန်က သူတို့နှစ်ယောက်ကြားမှ တင်းမာမှုကို ဖျန်ဖြေပေးသည်။

"အရှင်မက တိုက်ပွဲကွင်းကို ကိုယ်တိုင်လာပြီး တပ်ဖွဲ့ရဲ့စိတ်ဓာတ်ကို လှုံ့ဆော်ပေးတာဟာ တကယ်မှန်ကန်တဲ့ ဆုံးဖြတ်ချက်ပါ။ ဒါပေမယ့် တပ်ဖွဲ့ဆိုတာ အန္တရာယ်ရဲ့ အသုံးချခံပစ္စည်းမဟုတ်ဘူး။

တိုက်ပွဲဆိုတာ စွန့်စားရတာပါ။ အနိုင်အရှုံးဆိုတာ စစ်ပွဲမှာ မဆန်းပြားပါဘူး။ အနိုင်ရမှ တန်ဖိုးရှိတာမဟုတ်ဘူး။ နောက်ဆုတ်ပြီး ဗျူဟာသစ်စီစဉ်နိုင်ရင်လည်း သူရဲကောင်းအနှစ်သာရ လျော့မသွားပါဘူး"

နတ်မယ် လုယန်စကားကို အလေးအနက်စဉ်းစားသည်။

"ငါမသေမျိုး တပ်ဆုတ်သင့်တယ်လို့ အကြံပေးချင်တာလား"

"ဟုတ်ပါတယ်"

"ဪ ဒါဆိုလည်း ပြန်ဆုတ်ကြတာပေါ့"

ရှုံးသွားသည့်ရန်သူကို အဝေးထိဆက်မလိုက်သည့် စည်းမျဉ်းကို ယွမ်ကျိသဘောပေါက်ထား၍ တော်သေးသည်။

အနိုင်ရပြီးနောက် အပြတ်ရှင်းဖို့ ဆက်မကြိုးစားတော့။ လုယန်တို့ကို တပ်ဆုတ်ချိန် အပြည့်အဝပေးသည်။

မိန်းကလေးများကို လှိုဏ်ဂူဆီသို့ လုယန်တစ်ယောက်ချင်းပြန်သယ်ရသည်။

အားလုံးက အိပ်ပျော်နေဆဲဖြစ်သည်။ တော်တော်နှင့် နိုးမည့်ဟန်မရှိ။ ထို့ကြောင့် လုယန် အာရုံစိုက်၍ ကျင့်စဉ်ကျမ်းကို လေ့လာသည်။

ကျင့်စဉ်အသစ်ဖြင့် စွမ်းအင်တစ်ကြိမ်လည်ပတ်ပြီးနောက် သူ့ကျင့်စဉ်အဆင့် နည်းနည်းတည်ငြိမ်လာသည်။ သူဘာမှမလုပ်ဘဲ တစ်ဆင့်ချင်းကျင့်ကြံသွားလျှင် နောက်ဆုံးတွင် စုစည်းခြင်းအဆင့်သို့ တက်နိုင်မည့်သဘောဖြစ်သည်။

"ဒါပေမယ့် တိုးတက်နှုန်းက နှေးလွန်းတယ်"

"ဒါက ပုံမှန်ပါပဲ။ လေဟာနယ်သန့်စင်အဆင့်ရဲ့ အနှစ်သာရကို နင်နားမလည်သေးလို့ပါ"

နတ်မယ်က လှိုဏ်ဂူထဲတွင် သရဲတစ်ကောင်လို လွတ်လပ်စွာပျံဝဲနေရင်း ရှင်းပြသည်။

"အနှစ်သာရ...ဟုတ်လား"

"ငါမေးမယ်။ လေဟာနယ်သန့်စင်အဆင့်နဲ့ စုစည်းခြင်းအဆင့်ကြားက အကြီးမားဆုံးကွာခြားချက်က ဘာလဲ

"ကွာခြားချက်...စည်းမျဉ်းစွမ်းအားကို ထိန်းချုပ်တာလား"

"ဟုတ်တယ်။ စည်းမျဉ်းထိန်းချုပ်တာပဲ။ စည်းမျဉ်းကို ပိုထိန်းချုပ်နိုင်လေ ကျင့်စဉ်အဆင့် ပိုတည်ငြိမ်လာလေပဲ"

"ဪ...အဲလိုလား။ စည်းမျဉ်းကို ဘယ်လိုထိန်းချုပ်ရမှာလဲ"

လုယန် မေးသည်။ စည်းမျဉ်းအကြောင်း သူလုံးဝမသိ။

"နင်ကအခု စုစည်းခြင်းအဆင့်ကို ရောက်လုနီးပါးအခြေအနေပဲ။ မျက်လုံးကိုမှိတ်ပြီး ဝိညာဉ်အာရုံဖြန့်လိုက်။ လှိုဏ်ဂူတစ်ခုလုံးကို အာရုံခံပါ"

ကျင့်စဉ်ခဏတည်ငြိမ်ချိန်ကို အခွင့်ကောင်းယူ၍ ဝိညာဉ်စွမ်းအားကို လှိုဏ်ဂူထဲတွင် ဖြန့်လိုက်သည်။ တစ်လက်မမကျန် ရှင်းလင်းစွာမြင်နေရသည်။

အိပ်ပျော်နေသည့်မိန်းကလေးများ အစောပိုင်းက မြေပေါ်ကျခဲ့သည့် မုန့်အပိုင်းအစများ...

"ပြီးရင် နင့်ခန္ဓာကိုယ်က ဝိညာဉ်တစ်ခုလိုဖြစ်လာပြီး လှိုဏ်ဂူလေဟာနယ်နဲ့ ပေါင်းစပ်သွားတယ်လို့ စိတ်သွင်းပါ"

စိတ်ကူးယဉ်ဈာန်သွင်းခြင်းသည် လုယန်၏ အားသာချက်တစ်ခုဖြစ်သည်။ ကိုယ့်ကိုယ်ကို ရေကန်တစ်ခုလိုသဘောထားသည်။ နေရာစုံကိုဖြန့်ကျက်သည်။

လှိုဏ်ဂူလေဟာနယ်၏ တစ်လက်မချင်းစီက ကိုယ့်အစိတ်အပိုင်းဖြစ်လာပြီး စိတ်ကြိုက်ထိန်းချုပ်နိုင်သည်ဟု တွေးသည်။

နတ်မယ်၏စကားသံက လုယန်နားထဲတွင် ပဲ့တင်ထပ်နေသည်။

"နောက်ဆုံးနဲ့ အရေးကြီးဆုံးက စကားမှာ စွမ်းအားပါရမယ်။ နင်ရေရွတ်လိုက်တဲ့ စကားတိုင်းမှာ နင့်စွမ်းအားပါရမယ်။

အခု လေဟာနယ်ထဲမှာ စည်းမျဉ်းတစ်ခုခု တည်ဆောက်ကြည့်ပါ။ ဘယ်လိုစည်းမျဉ်းမဆို ရတယ်"

"ငါဒီနေရာမှာ စည်းမျဉ်း သတ်မှတ်မယ်။ - လှိုဏ်ဂူထဲက မုန့်ဖတ်တွေအားလုံး အမှိုက်ပုံးထဲကိုသွားရမယ်"

စည်းမျဉ်းတည်ဆောက်လိုက်သည်နှင့် ကြမ်းပြင်ပေါ်မှ မုန်အကြွင်းအကျန်များ ပျံတက်လာပြီး အမှိုက်ပုံးထဲသို့ တန်းရောက်သွားသည်။

"ဟုတ်တယ် ဟုတ်တယ် အဲဒါမျိုးပဲ"

ပထမဆုံးအကြိမ်မှာပင် လုယန်အောင်မြင်သွားသဖြင့် နတ်မယ်အံ့ဩနေသည်။

လုယန် စိတ်အားတက်ကြွလာပြီး ဆက်ကျင့်ကြံသည်။

"ငါဒီနေရာမှာ စည်းမျဉ်းသတ်မှတ်တယ်။ - လှိုဏ်ဂူအတွင်းမှာ စာအုပ်တွေ က,ခုန်ရမယ်"

ကျမ်းစာတိုက်မှငှားလာသည့် စာအုပ်များ စားပွဲပေါ်တွင် ထောင်သွားသည်။ စာအုပ်ထောင့်စွန်းများက ခြေထောက်အသွင်ဖြင့် စားပွဲပေါ်တွင် ခုန်ပေါက်နေသည်။ သာမန်အသိဉာဏ်ဖြင့် နားလည်နိုင်မည်မဟုတ်။

စည်းမျဉ်းအသုံးပြုနည်းကို တတ်ကျွမ်းဖို့ နီးစပ်လာပြီဟု လုယန်ခံစားရသည်။ ထိုလှုပ်ရှားမှုမျိုးအတွက် ကြည့်ရှုသူပိုများလေ ပိုကောင်းလေဖြစ်သည်။

"ငါဒီနေရာမှာ စည်းမျဉ်းသတ်မှတ်တယ် - ယွမ်မုန်မုန်၊ ချင်ဟဲ၊ အောင်းလင်း၊ ကျန်းလျန်ယိနဲ့ ကျင်းချိုင်ဝေတို့ နိုးလာစေ"

"နေဦး နေဦး။ နင့်ထက်ကျင့်စဉ်အဆင့်မြင့်တဲ့ လူတွေအတွက် စည်းမျဉ်းသတ်မှတ်လို့မရဘူး"

နတ်မယ် အမြန်တားသည်။

"ဝေါ့"

စည်းမျဉ်း တည်ဆောက်ပြီးသည်နှင့် တစ်ခုခုမှားနေသည်ကို လုယန်အာရုံခံမိသည်။ ချက်ချင်း သွေးတစ်ပွက် အန်ထွက်လာသည်။

ယွမုန်မုန်တို့လူစု မျက်လုံးဖွင့်ကြည့်သည်။ လုယန် မြေပြင်ပေါ်လဲပြီး သွေးအန်နေသည်ကို မြင်ရသည်။

*****************************

အခန်း (၁၁၃၃) ဓားမသေမျိုး၏စေတနာ

"အကိုလု၊ အဆင်ပြေရဲ့လား"

လုယန်ကြောင့် အောင်းလင်းတို့လူစု တကယ်လန့်သွားသည်။ သူတို့အိပ်မပျော်မီက အကောင်းပကတိရှိခဲ့သည်။ ယခုနိုလားချိန်တွင် ဘာကြောင့် ထိုမျှဒဏ်ရာအပြင်းအထန်ရနေသည်မသိ။

အမယွမ်က ရိုက်ခဲ့ခြင်းလော။

မိန်းကလေးများ လုယန်ကို ကုတင်ဆီအမြန်သယ်ကြသည်။

"အဟွတ်..အဟွတ်၊ အသေးအဖွဲ မတော်တဆမှုလေးပါ"

လုယန် စည်းမျဉ်းကျွမ်းကျင်ဖို့ စိတ််အားထက်သန်လွန်းခဲ့သည်။ သွေးပူများ သုံးလေးကြိမ်အန်ထုတ်ပြီးနောက် စိတ်တည်ငြိမ်သွားသည်။

စုစည်းခြင်းအဆင့်စည်းမျဉ်းနှင့် မသေမျိုးတစ်ဝက်ငါးယောက်ကို ထိန်းချုပ်ဖို့ သူဘယ်လိုများ တွေးမိခဲ့သည်မသိ။ သေကြောင်းကြံခြင်းသာ ဖြစ်သည်။

မှန်သည်။ လူတစ်ယောက်သည် ဘယ်တော့မှ စိတ်ကူးယဉ်မလွန်သင့်။

သူချမှန်သည့်စည်းမျဉ်းက ကောင်းကင်ကံကြမ္မာဆန့်ကျင်သည့်အရာမျိုးမဟုတ်၍ တော်သေးသည်။ မိန်းကလေးများကို နှိုးရုံသာဖြစ်သည်။

မဟုတ်လျှင် ကောင်းကင်ဆင်းရဲဖြတ်ကျော်သည်ထက် ဆိုးဝါးလောက်သည်။

သွေးအန်နေသော်လည်း ခံစားချက်အရိယဖလသန္ဓေစွမ်းအားကြောင့် အတော်သက်တောင့်သက်သာခံစားနေရသည်။

မဟုတ်သေး၊ မဟုတ်သေး။ ထိုသက်သာမှုမျိုးကို လက်ခံ၍မဖြစ်။ သူ့စိတ်သူ ထိန်းချုပ်လိုက်သည်။

တစ်နေ့နေ့တွင် ပျော်ရွှင်မှုရဖို့ ဝေဒနာရှာဖွေသည့်အဖြစ်မျိုး ရောက်သွားမည်ကို စိုးရိမ်သည်။ အရိယဖလသန္ဓေစွမ်းအား၏ ကြောက်စရာအကျိုးဆက်က ထိုအချက်ဖြစ်သည်။ အသံတစ်ချက်မှမထွက်ဘဲ သူ့အကျင့်ကို ပြောင်းလဲပစ်နိုင်သည်။

"ဒေါက် ဒေါက်"

တံခါးခေါက်သံ ပေါ်လာသည်။ နတ်မယ်က သိစိတ်နယ်မြေသို့ ဖျတ်ခနဲဝင်သွားသည်။ ကျင်းချိုင်ဝေ တံခါးသွားဖွင့်သည်။ ထောင်ယောင်ယဲ့ဖြစ်သည်။

"အကိုလုယန်၊ ဒဏ်ရာဘယ်လိုနေသေးလဲ"

လုယန် ဒဏ်ရာကုနေစဉ်အတွင်း ထောင်ယော်ယဲ့ လေးငါးကြိမ် လာလည်သည်။ ယွမ်မုန်မုန်ကို ပထမဆုံးအကြိမ်တွေ့ဖူးခြင်းမဟုတ်။ လုယန်ကို စောင့်ကြပ်နေသူများ တစ်ခန်းလုံးပြည့်နေသည်။ သူရောက်လာတိုင်း အရေးနိမ့်သလို ခံစားရသည်။

"အကိုလု အဆင်ပြေရဲ့လား"

လုယန် နှုတ်ခမ်းထောင့်နှင့် အိပ်ယာခင်းပေါ်စွန်းထင်းနေသည့် သွေးများကိုကြည့်၍ သူထိတ်လန့်နေသည်။ လုယန်ဒဏ်ရာများ ဘာကြောင့်ထိုမျှပြင်းထန်သည်မသိ။

"စိုးရိမ်စရာမလိုပါဘူး ညီမထောင်"

လုယန် လေသံအေးအေးဖြင့်ပြောသည်။

"ကျင့်ကြံရင်းနဲ့ အမှားအယွင်းလေး နည်းနည်းဖြစ်သွားတာပါ။ ဒါမျိုးက ဖြစ်တတ်ပါတယ်။ နောက်တစ်ကြိမ် ပိုဂရုစိုက်ဖို့ပဲ လိုတာပါ"

လုယန်က အေးအေးလူလူရှိနေသဖြင့် ထောင်ယော်ယဲ့ နောက်ထပ်ဆက်ပြောဖို့ မသင့်တော့။

"အရိုးရိုင်းကိုယ်စား လာတွေ့တာပါ။ ပြီးခဲ့တဲ့ရက်ပိုင်းက အရိုးရိုင်းက အကို့ကို ကိုယ်တိုင်လာနှုတ်ဆက်ချင်တာ။ ဒါပေမယ့် အဲဒီတုန်းက အကိုတံခါးပိတ်ကျင့်စဉ်ဝင်နေတယ်လေ။ သူမသွားခင် ကျွန်မကို သတင်းပါးပေးဖို့ မှာသွားတယ်"

လုယန်တံခါးပိတ်၍ ကျင့်စဉ်ကျမ်းရေးနေချိန် ဧည့်သည်အားလုံးကို လက်မခံခဲ့။ 'တံခါးပိတ်ကျင့်နေသည်'စာတန်းကို ဖြုတ်ခဲ့သည်မှာ မကြာသေး။

"အရိုးရိုင်းက ဂိုဏ်းတာဝန်ရှိလို့ ခရီးဝေးထွက်သွားတာလား"

လုယန်စဉ်းစားသည်။ ခရီးဝေးထွက်ရမည်ဖြစ်၍ သူ့ကိုနှုတ်ဆက်လိုခြင်းဖြစ်မည်။

"မဟုတ်ဘူး။ နန်းမြို့တော်မှာ တော်ဝင်စာမေးပွဲသွားဖြေတာပါ"

"ဘယ်လို"

"သာမန်လူတွေကြားမှာ ဉာဏ်အလင်းရဖို့ဆိုရင် မဟာရှားကို အရာရှိအဖြစ်ဝင်တဲ့နည်းက အကောင်းဆုံးလို့ သူယုံကြည်လို့ပါ"

စာမေးပွဲမဖြေမီ လေဟာနယ်သန့်စင်အဆင့်သို့တက်လျှင် ခရီးထွက်ဖို့ အန္တရာယ်များသည်။ ထို့ကြောင့် အဆင့်မတက်မီ စာမေးပွဲဖြေလိုခြင်းဖြစ်သည်။

"ကျွန်မတို့ဂိုဏ်းက ရှားရုံးတော်မှာ သူ့အတွက်ရာထူးတစ်နေရာရအောင် ပြောပေးနိုင်ပေမယ့် သူက သူ့စာပေအရည်အချင်းနဲ့သူ အရာရှိဖြစ်ချင်တာ"

နတ်မယ်ထက် ဉာဏ်ရည်နည်းနည်းသာမြင့်သည့် အရိုးရိုင်းအကြောင်းတွေးရင်း လုယန်အတော်စိုးရိမ်လာသည်။

သို့သော် နတ်မယ်က အရိုးရိုင်းအပေါ် ယုံကြည်ချက်အတော်ရှိသည်။

"အရိုးရိုင်း သေချာပေါက်စာမေးပွဲအောင်မှာပါ။ သူက ငါမသေမျိုးကိုယ်တိုင် ကောင်းချီးပေးထားတဲ့ ရှေးဟောင်းအရိုင်းမျိုးနွယ်ရဲ့ တစ်ဦးတည်းသောမျိုးဆက်ပဲလေ"

လုယန် ပို၍ပင်စိုးရိမ်လာသည်။

ထောင်ယော်ယဲ့က မှော်ဖန်လုံးအသစ်တစ်ခုပေးပြီးနောက် ထွက်သွားသည်။ နတ်မယ် သိစိတ်နယ်မြေမှ ထွက်လာသည်။

"တကယ်တော့ စည်းမျဉ်းတွေကျွမ်းကျင်ချင်ရင် ဂိုဏ်းထဲမှာအောင်းနေတာက အကောင်းဆုံးရွေးချယ်မှုမဟုတ်ဘူး"

လုယန်စိတ်များ လှုပ်ရှားလာသည်။ နေရာကောင်းတစ်ခုကို တွေးမိသည်။

"ဗုဒ္ဓနိုင်ငံကို သွားဖို့ပြောနေတာလား"

"ဟုတ်တယ်။ ဗုဒ္ဓနိုင်ငံက အကောင်းဆုံးရွေးချယ်စရာပဲ။ စည်းမျဉ်းတွေကို ကျွမ်းကျင်တယ်ဆိုတာ အခြေခံအားဖြင့်တော့ မိုးမြေကို နားလည်နိုင်စွမ်းပဲ။

ဗုဒ္ဓနိုင်ငံမှာ မသေမျိုးခန္ဓာတစ်ခုရှိနေတော့ ပိုထိရောက်တယ်။ နင်ကူးဖြတ်ခြင်းအဆင့်တက်တဲ့အခါ စည်းမျဉ်းနားလည်နိုင်စွမ်း ပိုမြင့်လာလိမ့်မယ်"

ဗုဒ္ဓနိုင်ငံကိုသွားဖို့ အခွင့်အရေးပေါ်လာသည်ကို လုယန်ငြင်းစရာအကြောင်းမရှိ။

နောက်တစ်ကြိမ် မသေမျိုးဖြစ်ခွင့်ရတော့မည်။

ဗုဒ္ဓနိုင်ငံသို့မသွားမီ သူ့ညီအကိုကောင်း လောင်မုန်ကို စေတနာဖြင့် အဖော်ခေါ်သည်။

မုန်ကျင်းကျိုက လုယန်နှင့်မသေမျိုးတစ်ဝက်ငါးယောက်ကိုကြည့်သည်။ လုယန် မသေမျိုးဖြစ်လာမည့်ကိစ္စကို တွေးသည်။ အစကတည်းက ဗုဒ္ဓမုန်ဟု နာမည်ကျော်နေသည့် သူ့အဖြစ်သူတွေးသည်။

သူသာ ဗုဒ္ဓနိုင်ငံသို့လိုက်သွားလျှင် တစ်ရက်မှငြိမ်းချမ်းမည်မဟုတ်။

လုယန်က မုန်ကျင်းကျိုးကို စေတနာဖြင့် အားတက်သရောအကြံပြုသည်။

"လောင်မုန်၊ ဒီလိုမသေမျိုးဖြစ်မယ့် အခွင့်အရေးကို မင်းလက်မလွှတ်သင့်ဘူး။ ဗုဒ္ဓနိုင်ငံကိုရောက်ရင် ငါက မသေမျိုးဖြစ်လာမယ်။ မင်းက မသေမျိုးတစ်ယောက်ရဲ့ ညီအကိုဖြစ်လာမယ်လေ။ တွေးကြည့်ရုံနဲ့ ပျောက်စရာကောင်းပါတယ်"

"သွားစမ်းကွာ သွားစမ်း သွားစမ်း"

ဓားမသေမျိုးလုယန်၏ စေတနာကို မုန်ကျင်းကျိုးက ပစ်ပယ်သည်။ လုယန်ထပ်ပြော၍မရတော့။ နတ်မယ်၊ ယွမ်မုန်မုန်၊ ချင်ဟဲ၊ အောင်းလင်း၊ ကျန်းလျန်ယိ၊ ကျင်းချိုင်ဝေတို့နှင့်အတူ တစ်ကိုယ်တည်း ဗုဒ္ဓနိုင်ငံသို့ ခရီးထွက်ရသည်။

ပုံမှန်အားဖြင့် လေဟာနယ်သန့်စင်အဆင့်တစ်ယောက်သည် တတ်နိုင်သမျှ ခရီးမသွားဖြစ်အောင် ရှောင်သင့်သည်။ တာအိုလမ်းစဉ်ဂိုဏ်းမှ ဗုဒ္ဓနိုင်ငံသို့ရောက်ဖို့ ရက်အတော်ကြာသည်။

သို့သော် မသေမျိုးတစ်ဝက်များစွာ အဖော်ပြုပါလာသဖြင့် ပြဿနာတစ်စုံတစ်ရာမရှိနိုင်။

လမ်းတွင် မတရားမှုကြုံလျှင် ဓားဆွဲထုတ်၍ ကူညီရသည်တော့ရှိသည်။ စိတ်ဓာတ်ကျနေသည့် မိန်းကလေးတစ်ယောက်ကို ကယ်တင်လိုက်သည်။ ကယ်ပြီးမှ အိပ်မက်ရေပွက်အတွက် ဇာတ်လမ်းဖန်တီးနေကြောင်းသိရသည်။

လုယန်မထင်မှတ်ဘဲ ပေါ်လာသဖြင့် ဒါရိုက်တာက သူ့ကို အိပ်မက်ရေပွက်ဇာတ်လမ်းအတွက် သရုပ်ဆောင်ပေးဖို့ စေတနာဗရပွဖြင့် ဖိတ်ခေါ်သည်။

ထို့နောက် အလုံပိတ်ခံထားရသည့် တောင်တန်းရွာငယ်တစ်ခုသို့ အမှတ်မထင်ဝင်မိသည်။ နာကျည်းဒေါသဖြင့် သေဆုံးခဲ့သည့် ချီပြည့်စုံခြင်းအဆင့် သရြမတစ်ယောက်က ခရီးသွားများကို သတ်ဖြတ်နေသည်။ လုယန်ကို ပုံရိပ်ယောင်ကျိန်စာတိုက်သည်။ သူ့ဆံပင်တစ်ချောင်းဖြင့် သတ်ဖြတ်လိုက်သည်။

နောက်ထပ်စုံစမ်းစစ်ဆေးချက်များအရ လူ့ဘဝက ထိုသရဲမကို သတ်ဖြတ်ခဲ့သူသည် မဟာရှားမင်းသားတစ်ယောက်ဖြစ်ကြောင်း သိရသည်။ ထို့ကြေင့် ရှားရုံးတော်သို့ လုယန် တိုင်ကြားစာပို့လိုက်သည်။

နောက်ထပ်ပြဿနာများရှောင်ရှားလိုသဖြင့် သူရုပ်ဖျက်ပြီး အသားကင်ဆိုင်တစ်ဆိုင်သို့ဝင်သည်။ ဖောက်သည်များအပေါ်လှည့်စား၍ မလတ်ဆတ်သည့် အစားအသောက်များ ရောင်းနေသည်ကိုကြုံရသည်။

ဆိုင်ဝန်ထမ်းကလုယန်ကို 'မင်းဘာလုပ်နိုင်လို့လဲ" ဟု အော်ဟစ်သည်။ မှော်တံဆိပ်ဖြင့် ကိုးငရဲဂိုဏ်းကို ချက်ချင်းဆက်သွယ်ပြီး ဈေးကွက်ချဲ့ရာတွင် စားသောက်ကုန် အရည်အသွေးထိန်းဖို့နှင့် သူ့ကိုပြဿနာရှာသည့် ဆိုင်ဝန်ထမ်းကိစ္စ ဖြေရှင်းဖို့ လှမ်းပြောသည်။

သတင်းကြားသဖြင့် ဂိုဏ်းချုပ်မူပိုင်ယိကိုယ်တိုင် ရောက်လာပြီး ဂိုဏ်းသခင်လေးလုကို နှုတ်ဆက်သည်။ ဆိုင်ဝန်ထမ်းများ လိပ်ပြာလွင့်မတတ် ထိတ်လန့်တုန်လှုပ်သွားသည်။

ထို့နောက်တွင်မှ ဗုဒ္ဓနိုင်ငံသို့ သူဘေးကင်းစွာ ရောက်လာသည်။

"အမယွမ်က လူကဲခတ်သိပ်မကောင်းဘူးလို့ ကျုပ်ပြောသားပဲ။ အခုလို လောကထဲထွက်ပြီး အတွေ့အကြုံယူတာ ဘယ်လောက်ကောင်းလဲကြည့်ဦး။ ဘာမှ တိုက်ခိုက်နေဖို့မလိုဘူး"

ခရီးစဉ်က အတော်ငြိမ်းချမ်းခဲ့သည်ဟု လုယန်ခံစားရသည်။ မသေမျိုးတစ်ဝက်များ သူ့ကိုကာကွယ်ပေးဖို့ပင် မလိုလောက်။

ဗုဒ္ဓနိုင်ငံသို့ရောက်ပြီးနောက် မသေမျိုးခန္ဓာ တည်ဆောက်သည်။ နတ်မယ်၏ မသေမျိုးဝိညာဉ်အာရုံဖြင့်ထိန်းချုပ်သည်။ မသေမျိုးတစ်ယောက်ဖြစ်လာသည်။

"ဒါက နေလို့ထိုင်လို့ အများကြီးပိုကောင်းသွားတယ်"

လုယန် သက်ပြင်းချမိသည်။ ဗုဒ္ဓနိုင်ငံထက် ပိုကောင်းသည့်နေရာ မရှိနိုင်။ တာအိုလမ်းစဉ်ဂိုဏ်းမှာပင် ထိုမျှနေထိုင်၍မကောင်း။

'ဒါက အကိုလုယန်ရဲ့ မသေမျိုးခန္ဓာလား"

နတ်မယ်နှင့် ချင်ဟဲမှလွဲ၍ ကျန်သည့်မိန်းကလေးများ တအံ့တဩ ဖြစ်နေသည်။ လုယန် မသေမျိုးခန္ဓာတစ်ခု တည်ဆောက်နိုင်ကြောင်းသာ ကြားဖူးသည်။ လက်တွေ့မမြင်ဖူးခဲ့။

ယနေ့မှ လက်တွေ့မြင်ရသည်။ တကယ်အံ့ဩစရာကောင်းသည်။

....

နန်းမြို့တော်။ တော်ဝင်စာမေးပွဲကွင်းပြင်။

ယနေသည် တော်ဝင်စာမေးပွဲနေ့ဖြစ်သည်။ ငါးနှစ်တစ်ကြိမ် အမြဲကျင်းပသည်။ လောကတစ်ခွင်မှ စာပေပါရမီရှင်များ လက်စွမ်းပြသည့်အချိန်ဖြစ်သည်။

စာမေးပွဲစသည်နှင့် ကျောင်းသားတစ်ယောက် အခက်ကြုံသည်။ ချွေးသီးချွေးပေါက်များ ကျနေသည်။ လက်မြောက်၍ သူအချက်ပြသည်။

စာမေးပွဲကြီးကြပ်သူက ခပ်အေးအေးလျှောက်လာသည်။

"ဘာဖြစ်တာလဲ ကျောင်းသား"

ဖြေဆိုသူ၏ အထောက်အထားကတ်ကို တစ်ချက်ကြည့်သည်။

အရိုးရိုင်း။

"ကျုပ်ပြဿနာတစ်ခု ဖြစ်နေလို့ပါ။ အပြင်ကို ခဏထွက်လို့ရမလား"

ကြီးကြပ်သူ မျက်မှာင်ကျုံ့သွားပြီး အရိုးရိုင်းကို သင်္ကာမကင်းသည့်မျက်လုံးဖြင့်ကြည့်၍ မာန်မဲသည်။

"မရဘူး။ စားမေးပွဲက သုံးရက်ကြာမယ်။ အဲဒီ့အချိန်အတွင်း စာဖြေသူတွေ အပြင်ထွက်ခွင့်မရှိဘူး။ မင်းက စာမေးပွဲစစချင်း အပြင်ထွက်ချင်တယ်ပေါ့။

စာမေးပွဲမေးခွန်းတွေ မင်းရဲ့ကြံရာပါတွေဆီ လက်ဆင့်ကမ်းချင်တာလား"

စာမေးပွဲသမိုင်းတလျှောက် ထိုအဖြစ်မျိုး အတော်များများကြုံခဲ့ဖူးသည်။

ချွေးပြန်နေရင်းမှ အရိုးရိုင်း စိတ်ပျက်လက်ပျက်ပြောသည်။

"ကျုပ်တကယ် ထိန်းမထားနိုင်တော့လို့ပါ"

"စားတာသောက်တာ သေးပေါက်တာကအစ ဒီမှာပဲလုပ်ရမယ်။ အပြင်ထွက်ခွင့်မပြုဘူး"

"ကျုပ်ရဲ့ကျင့်စဉ်အဆင့်ကို ထိန်းမထားနိုင်တော့လို့ပါ"

***************************

အခန်း (၁၁၃၄) ပြင်ပအကူအညီ

ကြီးကြပ်သူ ချက်ချင်းမျက်နှာပျက်သွားသည်။ အစောပိုင်းကလို ဟန်တစ်လုံးပန်တစ်လုံး မနေနိုင်တော့။

စာဖြေသူများထဲတွင် ကျင့်ကြံသူများလည်း ပါသည်။ ကျင့်ကြံသူများ မသမာနည်းလမ်းမသုံးနိုင်စေရန် တော်ဝင်စာမေးပွဲကွင်းပြကို ဝိညာဉ်စွမ်းအင်ချုပ် မှော်စက်ဝန်းတစ်ခု အုပ်ထားသည်။

ကျင့်စဉ်စွမ်းအားများ ဤနေရာတွင် သုံး၍မရ။

သို့သော် ထိုမှော်စက်ဝန်းသည် ကောင်းကင်လျှပ်စီးဒဏ်ကို ခံနိုင်မည်လော...

"မင်း...မင်း အခုချက်ချင်းအပြင်ထွက်လိုက်"

"နောက်ကျသွားပြီ"

အရိုးရိုင်း ကောင်းကင်သို့ မော့ကြည့်သည်။ ရာသီဥတု ရုတ်တရက်ပြောင်းသွားသည်။ လျှပ်စီးမိုးကြိုးများ ပေါ်လာသည်။ ကောင်းကင်ဆင်းရဲက အရိုးရိုင်းကို ပစ်မှတ်ထားနေသည်။

"စာဖြေသူတွေအားလုံး အပြင်ကိုမြန်မြန်ထွက်ကြ"

အရိုးရိုင်း အပြင်မထွက်နိုင်သဖြင့် တစ်ခြားလူများကိုသာ ထွက်ခိုင်းရသည်။ ဟာသမဟုတ်။ စာဖြေသူများထဲတွင် ကောင်းကင်လျှပ်စီးဒဏ်ကို ခံနိုင်မည့်လူ မရှိသလောက်ရှားသည်။

ထိုမျှကြောက်စရာကောင်းသည့် မြင်ကွင်းမျိုး မမြင်ဖူးကြသဖြင့် စာဖြေသူများ ထိတ်လန့်နေသည်။ ဝိညာဉ်ပြောင်းအဆင့်မှ လေဟာနယ်သန့်စင်အဆင့်သို့တက်သည့် ကောင်းကင်ဆင်းရဲဖြစ်သည်။

သူတို့နေသည့်မြို့တော်မှာပင် ဝိညာဉ်ပြောင်းအဆင့်ကျင့်ကြံသူများ ရှိမရှိမသေချာလှ။ ကောင်းကင်းဆင်းရဲမြင်ဖူးဖို့ဆို ပိုဝေးသေးသည်။

စာဖြေသူများ စာမေးပွဲဖြေသည့်နေရာမှ အမြန်ထွက်ကြသည်။ အရိုးရိုင်းတစ်ယောက်သာကျန်သည်။

ကောင်းကင်၌လှုပ်ရှားနေသည့် လျှပ်စီးများကိုကြည့်၍ အရိုးရိုင်းမျက်နှာ သွေးဆုတ်ဖြူရော်သွားသည်။

အခြေအနေမကောင်း။ ကောင်းကင်ဆင်းရဲဖြတ်ချိန် အနီးအနားတွင် လူများများရှိလေ လျှပ်စီးစွမ်းအား ပိုပြင်းထန်လေဖြစ်သည်။

ခုနက ကောင်းကင်ဆင်းရဲသည် သူ့ကိုသာပစ်မှတ်ထားသည်ဟုတ်။ သောင်းချီသည့် စာဖြေသူများကိုလည်း ပစ်မှတ်ထားခဲ့သည်။

ထို့ကြောင့် လျှပ်စီးစွမ်းအားက သူ့ခံနိုင်ရည်အတိုင်းအတာထက် များစွာကျော်လွန်သွားသည်။

လက်ရှိတွင် သူသည် ဝိညာဉ်ပြောင်းအဆင့်သာရှိသည်။ ယခုလျှပ်စီးကို စုစည်းခြင်းအဆင့်များပင် ခံနိုင်မည်မဟုတ်။

ထို့ပြင် စာဖြေသူများလည်း လွတ်အောင်ရှောင်နိုင်ဖို့ မဖြစ်နိုင်တော့။ ကောင်းကင်ဆင်းရဲက အားလုံးကို အနှောက်အယှက်ဟုယူ၍ လျှပ်စီးဖြင့်ရိုက်ခတ်ရန် တာစူနေသည်။

"မဖြစ်တော့ဘူး"

အံတင်းတင်းကြိတ်၍ အရိုးရိုင်း မူလဝိညာဉ်ကို ဆင့်ခေါ်သည်။ လက်အုပ်ချီ၍ ဆုတောင်းသည်။

"မသေမျိုးအရှင် ကာကွယ်ပေးပါ။ အရိုင်းမျိုးနွယ်က ဝိညာဉ်ပြောင်းအဆင့်မှာ စွမ်းအားအကြီးဆုံးဘိုးဘေးကို အရိုးရိုင်း ရိုသေစွာဖိတ်ခေါ်ပါတယ်"

သူ့မူလဝိညာဉ်သည် ဤလောကမှထွက်သွားပြီးဖြစ်သည့် အရိုင်းမျိုးနွယ်ဘိုးဘေးဝိညာဉ်တို့၏ စွမ်းအားကို ဆင့်ခေါ်နိုင်သည်။

ပြီးခဲ့သည့်တစ်ကြိမ်ကလို စွမ်းအားအကြီးဆုံး အရိုင်းမျိုးနွယ်ဘိုးဘေးကို ဆင့်ခေါ်သည်မဟုတ်။ ဝိညာဉ်ပြောင်းအဆင့်တွင် စွမ်းအားအကြီးဆုံးဖြစ်ခဲ့သည့် ဘိုးဘေးကိုဆင့်ခေါ်ခြင်းဖြစ်သည်။

ဤတစ်ကြိမ် သူသေချာအဆင့်ခွဲသည်။

လျှပ်စီးတန်း ထိုးဆင်းလာသည်။ စာဖြေသူများ ထိတ်လန့်တုန်လှုပ်သွားသည်။ ခေါင်းကိုလက်ဖြင့်အုပ်၍ ဆောင့်ကြောင့်ထိုင်ကြသည်။

လူတစ်ယောက် လေဟာနယ်ကိုထိုးခွဲ၍ ရောက်လာပြီး ကောင်းကင်ဆင်းရဲကို ရင်ဆိုင်သည်။ သူ့နှုတ်ခမ်းထောင့်တွင် ထီမထင်သည့်အပြုံးရိပ်တစ်ခုရှိသည်။ လက်တစ်ဘက်အသာဝှေ့ယမ်းလျက် ကောင်းကင်လျှပ်စီးကို ဖယ်ထုတ်လိုက်သည်။

"ကောင်းကင်လျှပ်စီးကို တစ်ချက်တည်းနဲ့ ဖယ်ရှားနိုင်တယ်။ ဒီစွမ်းအားရှင်က ဘယ်သူလဲ။

"သူ့ကိုမသိဘူး"

"သူက လေထဲမှာရုတ်တရက် ပေါ်လာတာ။ ကျင့်စဉ်အဆင့် ဘယ်လောက်ရှိမလဲမသိဘူး"

စာဖြေသူများရော ကြီးကြပ်သူများပါ ဆွေးနွေးသံများ ဆူညံစွာ ထွက်ပေါ်လာသည်။ သို့သော် ထိုအမည်မသိလူကို ဘယ်နာမည်ကျော်စွမ်းအားရှင်နှင့်မှ ဆက်စပ်၍မရ။

နန်းမြို့တော်မှ စွမ်းအားမြင့်သူများလည်း တော်ဝင်စာမေးပွဲခန်းဆီမှ အခြေအနေကို သတိထားမိသည်။

မိုးမြေကြားတွင် ဖုံးလွှမ်းနေသည့် အနက်ရောင်တိမ်တိုက်ထဲ၌ ကောင်းကင်ဆင်းရဲကို သတ္တိရှိရှိရင်ဆိုင်နေသည့် လူရိပ်ကိုသာမြင်ရသည်။

ထိုလူက ဘုံကိုးဆင့်အထက်တွင် ထိုင်နေသည့် မသေမျိုးအင်ပါယာတစ်ယောက်နှင့် သဏ္ဌာန်တူသည်။ လောကကို ထီမထင်။ စာဖြေသူများ ပြောဆိုနေသည့်စကားကို အရေးမစိုက်။

လုယန်စိတ်ထဲ ကျိတ်၍ပီတိဖြာနေသည်။ သူအချိန်ကိုက် ရောက်လာသည်။ သူ့ကို အော်ဟစ်အားပေးနေသံများ ကျယ်သထက်ကျယ်လာသည်။

ကျင့်ကြံရသည့်အဓိပ္ပါယ်သည် ထိုအရာပင်မဟုတ်လော...

လူအုပ်ရှေ့တွင် ကြွားလုံးထုတ်ခွင့်မရလျှင် ဘာကြောင့် ကျင့်ကြံနေမည်နည်း။

ဗုဒ္ဓနိုင်ငံသို့ရော်၍ မသေမျိုးခန္ဓာ တည်ဆောက်ပြီးစမှာပင် လူတစ်ယောက် ဆင့်ခေါ်နေသည်ကို သူအာရုံခံမိသည်။

ပြီးခဲ့သည့်တစ်ခေါက် အရိုးရိုင်းဆင်ခေါ်စဉ်က သူအငိုက်မိသွားခဲ့သည်။ ချက်ချင်းဆွဲခေါ်ခံရသည်။ ယခု သူသည် မသေမျိုးတစ်ယောက်ဖြစ်နေသဖြင့် တိုက်ရိုက်ဆွဲခေါ်၍မရ။

အရိုးရိုင်းဆင့်ခေါ်သည်ဆိုလျှင် အကြောင်းတစ်ခုတော့ရှိရမည်။ မသေမျိုးခန္ဓာက ဗုဒ္ဓနိုင်ငံမှ ထွက်ခွာ၍မရ။ ထို့ကြောင့် သူ့စွမ်းအားတစ်စိတ်တစ်ပိုင်းကို ခွဲထုတ်၍ အရိုးရိုင်းအခြေအနေကို လာကြည့်ခြင်းဖြစ်သည်။

ရောက်ရောက်ချင်း ကောင်းကင်ဆင်းရဲနှင့်ကြုံရသည်။

နန်းမြို့တော်သို့ ရောက်လာသည်မှာ ကိုယ်ပွားခန္ဓာတစ်ခုသာဖြစ်သော်လည်း ကောင်းကင်ဆင်းရဲကိုရင်ဆိုင်ဖို့ ကောင်းကောင်းလုံလောက်သည်။ လက်တစ်ဘက်ဝှေ့ယမ်းရုံဖြင့် လျှပ်စီးကို အလွယ်တကူ ချိုးဖျက်နိုင်သည်။

"ညီလေးအရိုးရိုင်း၊ ငါပါကွ"

လုယန် အရိုးရိုင်းဆီ သိစိတ်အာရုံမှ လှမ်းပြောသည်။ အရိုးရိုင်းအခြေအနေကို သေချာမသိသဖြင့် ရုပ်ဖျက်၍လာခဲ့ခြင်းဖြစ်သည်။

"အကိုလုလား"

အရိုးရိုင်း ပါးစပ်အဟောင်းသားဖြစ်သွားသည်။ အရိုင်းမျိုးနွယ် ဝိညာဉ်ပြောင်းအဆင့်တွင်လည်း အကိုလုက စွမ်းအားအကြီးဆုံးလားမသိ။

"ဘုန်း"

ဒုတိယလျှပ်စီးက ချက်ချင်းဆင်းလာသည်။ လုယန်ကို အသက်ရှူချိန်မပေး။

နန်းမြို့တော်ကောင်းကင်အထက်သို့ လုယန် တက်သွားသည်။ ဗုဒ္ဓမြေလက်ဝါးပညာကို လက်ညှိုးအဖြစ်ပြောင်းသုံးသည်။ အလွန်တရာကြီးမားသည်။ စာမေးပွဲခန်းဆယ်ခုကျော်ကို အလွယ်တကူ ကာကွယ်ပေးနိုင်သည်။

လက်ညှိုးကို ကောင်းကင်သို့ထိုးထားပြီး အရိုးရိုင်းကို အကျိုးအကြောင်းမေးနေသည်။

"မင်းက စာမေးပွဲဖြေရင်း မတော်တဆ အဆင့်တက်သွားတာလား"

အခြေအနေကို သိရပြီးနောက် သူအတော်သဘောကျသွားသည်။ ဝိညာဉ်ပြောင်းအဆင့် ကျင့်ကြံသူအများစုကအဆင့်တက်ဖို့ အခွင့်အရေးရှာရင်း တစ်သက်လုံးအချိန်ကုန်သည်။

အရိုးရိုင်းက အဆင့်မတက်ဖြစ်အောင် ကျင့်စဉ်အဆင့်ကို ဖိနှိပ်ထားရသည်။

"စာမေးပွဲခန်းမမှာရှိတဲ့ မှော်စက်ဝန်းက ကျုပ်ကိုယ်ထဲက ဝိညာဉ်စွမ်းအင်တွေကို အတင်းဖိနှိပ်လို့ အထိန်းအချုပ်လွတ်ပြီး ပြန်ကန်ထွက်သွားတာပါ"

အရိုးရိုင်း အရိုးခံလေသံဖြင့်ပြောသည်။ အစက အရာရှိရာထူးရပြီးမှ အောင်ပွဲခံသည့်အနေဖြင့် အဆင့်တက်ရန် ရည်ရွယ်ခဲ့သည်။

"ကဲ ထားပါတော့။ ဒါက မင်းဖြတ်ရမယ့် ကောင်းကင်ဆင်းရဲဆိုတော့ မဖြစ်မနေ မင်းရင်ဆိုင်ရမှာပဲ"

လုယန် လျှပ်စီးအများစုကို ကြားဖြတ်ထိန်းထားပြီး အနည်းအကျဉ်းကိုသာ အရိုးရိုင်းအတွက် ဖွင့်ပေးသည်။

အဆင့်တက်ဖို့ လျှပ်စီးဒဏ်ကို ခုခံရမည်။ ခန္ဓာသန့်စင်မှုအတွက် မဖြစ်မနေလိုအပ်သည်။ ထိုအဆင့်ကို ကျော်သွား၍မရ။

အရိုးရိုင်း ကျယ်လောင်စွာအော်ဟစ်လိုက်သည်။ ရှေးဟောင်းအရိုင်းမျိုးနွယ်သွေးဆက်ကို အသက်သွင်းသည်။ သူ့အ‌ရေပြားနှင့်အသားကို ထိုးခွဲသွားသည့် လျှပ်စီးဒဏ်ကို အော်ဟစ်ညည်းညူခြင်းမရှိဘဲ ခုခံသည်။

ရှေးဟောင်းအရိုင်းမျိုးနွယ်၏နာမည်ကို ထိန်းသိမ်းသည်။

ထိုအချိန်တွင် နတ်မယ်က သိစိတ်နယ်မြေမှထွက်သွားသည်။ သူတစ်ယောက်တည်း အလုပ်အားနေသလို ခံစားရသည်။

"ဒီတော်ဝင်စာမေးပွဲဆိုတာ ဘယ်လိုလဲ ငါကြည့်ဦးမယ်"

သူ့ဘာသာတွေးလိုက်သည်။

"မဟာလေ့လာနည်းဆိုတာ တောက်ပတဲ့မြင့်မြတ်မှုကို တိုးမြှင့်တာ။ လူတွေကို မေတ္တာထားတာ။ အကောင်းဆုံးအနေအထားမှာ ရပ်တန့်တာဖြစ်တယ်။ ထိုအကြောင်းကို ဆွေးနွေးပါ။

- မဟာပညာလေ့လာနည်းဆိုတာဘာကြီးလဲ။

ဝန်ကြီးချုပ်တစ်ယောက်ဟာ နေရာစုံက ပညာပါရမီရှင်တွေကို သူ့အိမ်တော်ဆင့်ခေါ်ပြီး အကြံတောင်းတာ ဆွေးနွေးခိုင်းတာ သင့်တော်ရဲ့လား...

ဒါတွေက ဘာအဓိပ္ပါယ်လဲ"

နတ်မယ်ခေါင်းကုတ်သည်။ မေးခွန်းများကို နားမလည်။ ရှောင်ယန်ပြောသည့် စကားလုံးများထက် ပိုနားလည်ရခက်သည်။

မဟာပဲဝါနိုင်ငံတွင် တော်ဝင်စာမေးပွဲကျင်းပလျှင် ထိုမေးခွန်းမျိုးတော့ သေချာပေါက်မမေး။

"ရှောင်ယန်ကတော့ ဖြေနိုင်..."

နတ်မယ် အကြံတောင်းဖို့ စဉ်းစားသည်။ သို့သော် လုယန်က ထူးဆန်းသည်ပြကွက်များ လှုပ်ရှား၍ ကောင်းကင်ဆင်းရဲကို ခုခံနေသည်။

အောက်ဘက်မှလူများ၏ ချီးကျူးအော်ဟစ်သံကို ကျေနပ်နေသည်။ အရိုးရိုင်းအပေါ်ကျမည့် လျှပ်စီးပမာဏကိုလည်း ထိန်းပေးသည်။

အတော်အလုပ်များနေသည်။

"ကိစ္စမရှိပါဘူး။ တစ်ခြားတစ်ယောက်ကို သွားမေးမယ်"

မေးခွန်းလွှာကိုကိုင်၍ စိတ်အားထက်သန်စွာဖြင့် နန်းတော်တားမြစ်မြေတွင် လယ်ကွင်းထဲတွင် အလုပ်လုပ်နေသည့် ကျန်းပင်ကန်းကို သူသွားတွေ့သည်။

"ဟေး၊ နင်က ကျန်းမိသားစုက မသေမျိုးလား"

ကျန်းပင်ကန်း တုန်လှုပ်သွားပြီး သူ့ပေါက်ပြားကို တိုက်ခိုက်ဖို့ အသင့်ပြင်မိတော့မလို ဖြစ်သွားသည်။

လူတစ်ယောက်က သူမသိအောင် သူ့အနားသို့ အသံတိတ်ချဉ်းကပ်လာနိုင်သည်။

သူလှည့်ကြည့်သည်။ လှပသည့် မိန်းကလေးသရဲမတစ်ယောက်ကို တွေ့လိုက်ရသည်။

"ခင်ဗျားက ရှေးဟောင်းခေတ်က မသေမျိုးဆိုတာလား"

ကျန်းပင်ကန်း နတ်မယ်၏သရုပ်မှန်ကို အလွယ်တကူခန့်မှန်းနိုင်သည်။

"တာအိုရှင်ပင်ကန်း၊ နင်က မဟာပဲဝါနိုင်ငံသားဖြစ်ပေမယ့် သာမန်ပြည်သူအဆင့်ပဲရှိသေးတယ်။ အရာရှိမဖြစ်သေးဘူး။

အရာရှိဖြစ်ချင်ရင် ထူးခြားတဲ့ ပါရမီမျိုးရှိရမယ်"

နတ်မယ် မေးခွန်းလွှာကို ထုတ်လိုက်သည်။

"ဒီမေးခွန်းတွေကို မှန်အောင်ဖြေနိုင်ရင် နင်ကြိုက်တဲ့ရာထူးကို ရွေးနိုင်တယ်"

ကျန်းပင်ကန်း မေးခွန်းလွှာကိုယူ၍ ကြည့်သည်။ ခေါင်းကုတ်သည်။ သူနားမလည်။ သူကျွမ်းကျင်သည့်အပိုင်းမဟုတ်။

တော်ဝင်စာမေးပွဲဖြေနိုင်သည့် အရည်အချင်းသာရှိလျှင် မဟာယုခေတ်အဆုံးတွင် သူပုန်ကန်ထကြွခဲ့စရာမလို။

"ခဏနေဦး။ တစ်ခြားတစ်ယောက်ကို မေးကြည့်မယ်"

ကျန်းပင်ကန်းနှင့်နတ်မယ်တို့ တော်ဝင်ခန်းမတွင် အစီရင်ခံစာများ စစ်ဆေးနေသည့် အင်ပါယာရှားဆီ သွားကြသည်။

"ဒီမေးခွန်းတွေကို မင်းဖြေတတ်လား"

အင်ပါယာရှားက သူ့ဘိုးဘေးနှင့် ရှေးဟောင်းမသေမျိုးကို မော့ကြည့်သည်။ ထို့နောက် စာမေးပွဲမေးခွန်းလွှာကိုကြည့်သည်။ အတော်ကြာအောင် အသံတိတ်သွားသည်။

ဒါတွေက ငါထုတ်ထားတဲ့ မေးခွန်းတွေမဟုတ်လား။

******************************

All Chapters