အခန်း (၁၁၃၅-၁၁၃၇)
Vol. 76 Ch. 1135-1137
အခန်း (၁၁၃၅) ဘိုးဘေးကောင်းချီးကြောင့်
"ဖြေတတ်မယ်ထင်တာပဲ..."
အင်ပါယာရှား ခဏတုံ့ဆိုင်းနေပြီးနောက် ခေါင်းငြိမ့်သည်။
မေးခွန်းပေါက်ကြားမည်စိုး၍ စာစစ်များ ကြီးကြပ်သူများပင်မသိအောင် ထိုမေးခွန်းများကို ကိုယ်တိုင်ထုတ်ခဲ့သည်။
သူထုတ်ထားသည့်မေးခွန်းများကို သူကိုယ်တိုင်ဖြေရမည်ဟု တစ်ခါမှမတွေးခဲ့ဖူး။
သို့သော် သူသည် အရည်ချင်းအစစ်အမှန်ဖြင့် အင်ပါယာဖြစ်လာသူဖြစ်သည်။ မဟာရှားအင်ပါယာများထဲတွင် သူ့စာပေအဆင့်အတန်းက မြင့်မားသည်။ ထိုမေးခွန်းများကို ဖြေနိုင်စွမ်းရှိသည်။
"ဖြေတတ်ရင်လည်း လေရှည်မနေနဲ့။ အခုချက်ချင်းရေး။ ငါတို့သုံးယောက်ထဲမှာ မင်းတစ်ယောက်ပဲ စာပေပညာတတ်တာ။ မင်းဘာတွေရပ်စောင့်နေတာလဲ။ ငါက မင်းအတွက် စာရေးပေးရဦးမှာလား"
ကိုယ့်အုပ်ချုပ်ရေးပညာကိုယ် အတော်ကောင်းသည်ဟု နတ်မယ်ခံစားရသည်။
နိုင်ငံအုပ်ချုပ်သူတစ်ယောက်အနေဖြင့် အရာအားလုံးကို သိနိုင်မည်မဟုတ်။ မူဝါဒများချမှတ်၍ အကြမ်းဖျင်းဗျူဟာချပေးဖို့သာ တာဝန်ရှိသည်။
ဥပမာ ရှောင်ယွမ်ကို အနိုင်တိုက်မည့် ဗျူဟာမျိုး...
တော်ဝင်စာမေးပွဲလို အသေးအဖွဲကိစ္စကို သူ့လက်အောက်ခံများသာ ကိုင်တွယ်ဖြေရှင်းလိမ့်မည်။
"ဪ နေဦး။ ဒီစာရွက်ထဲက လက်ရေးအတိုင်း တူအောင်ရေးပါ"
နတ်မယ်က အရိုးရိုင်း၏ အဖြေလွှာကို ဆွဲထုတ်၍ အင်ပါယာရှားကို ညွှန်ကြားသည်။ သူသည် လုပ်ရာကိုင်ရာတွင် ဟာကွက်မရှိအောင် စေ့စပ်သေချာသည်။
အရိုးရိုင်းသည် ကျားကိုးစီးစားမကုန်သည့် ခန္ဓာကိုယ်မျိုးရှိသော်လည်း လက်ရေးက အတော်လှပသေသပ်သည်။
အင်ပါယာရှား "..."
ဘိုးဘေးနှင့် အထက်အရာရှိအမိန့်အောက်တွင် သူတစ်ခြားရွေးချယ်စရာမရှိ။ နိုင်ငံ့အစီရင်ခံစာများကို ဘေးဖယ်၍ အရိုးရိုင်းကိုယ်စား စာမေးပွဲဖြေရသည်။
မေးခွန်းများဖတ်ကြည့်ပြီးနောက် အကြမ်းဖျင်းစိတ်ကူးရလာသည်။ နည်းနည်းဖြည့်တွေး၍ အဖြေများကို ချောမွေ့စွာ ချရေးသည်။
ကျန်းပင်ကန်းနှင့်နတ်မယ်က ဘေးတွင် အေးအေးလူလူစကားပြောရင်း စောင့်နေသည်။
ကျန်းပင်ကန်းက သူ့ပေါင်သူရိုက်ပြီး နတ်မယ်စကားကို အပြည့်အဝထောက်ခံသည်။
"အရှင်ကိုးဆယ့်ငါးဆိုတာ ငါးခုတစ်တန်းကျားကစားနည်း တီထွင်ခဲ့တဲ့ ကိုးဆမသေမျိုးကို ရည်ညွှန်းတာပါလို့ ကျုပ်ပြောခဲ့ပါတယ်။
မဟာယုအရာရှိတွေက ပညာမတတ်ဘူး။ သူတို့အင်ပါယာကို ရည်ညွှန်းတာပါဆိုပြီး အတင်းငြင်းတယ်။ ကောင်တီစာမေးပွဲတောင် ကျုပ်မအောင်ဘူး"
မှားသယောင်ထင်ရသည့် သူ့အတွေးက မှန်သွားသည်။ ရှေးဟောင်းမသေမျိုးတစ်ယောက်ဖြစ် အသိဗဟုသုတပိုများသည်မှာ မဆန်းလှ။
"ရှေးဟောင်းမသေမျိုးငါးယောက်ဟာ ကျားခုံပေါ်က မိုးနဲ့မြေကို ကိုယ်စားပြုတယ်လို့ ကျုပ်အမြဲတမ်းတွေးခဲ့တာ။ ကျားငါးစေ့ တစ်တန်းတည်းဖြစ်ရင် အနိုင်ရတယ်။
ဒါဟာ မသေမျိုးငါးယောက်စုစည်းရင် ဘယ်အတားအဆီးမဆို ကျော်လွန်နိုင်တယ်ဆိုတဲ့ သဘောပဲ။
ကျွတ်...အရင်က ကျုပ်ပြောတာကို ဘယ်သူမှ မယုံကြဘူး။ ကျုပ်ကို ပညာမတတ်တဲ့လူ၊ သူတို့အင်ပါယာရဲ့ မြင့်မြတ်မှုကို မနာလိုဖြစ်တဲ့လူလို့တောင် စွပ်စွဲခဲ့တယ်"
မဟာယုခေတ်နှောင်းပိုင်း ဆိုးဝါးသည့် နိုင်ငံရေးအခြေအနေက သူ့လိုပညာရှင်တစ်ယောက်ကို နိုင်ငံတည်အင်ပါယာတစ်ယောက်ဖြစ်အောင် ဖိအားပေးခဲ့သည်ဟု သူယူဆသည်။
အင်ပါယာရှားက စာရေးရင်း သူတို့ပြောသည့်စကားများကို နားထောင်နေသည်။
..ဘိုးဘေးကိုယ့်ကိုယ်ကို ပညာတတ်တယ်လို့ ယုံကြည်ရင် ဒီမေးခွန်းတွေ လာဖြေကြည့်ပါလား။ မေးခွန်းကိုတောင် ဘိုးဘေးနားလည်ရဲ့လား..
"ကောင်လေး၊ မင်းငါ့အကြောင်း မကောင်းတွေးနေတာလား"
ကျန်းပင်ကန်းက အင်ပါယာရှားကို သင်္ကာမကင်းသည့် မျက်လုံးဖြင့်ကြည့်သည်။
"ကျုပ်မလုပ်ရဲပါဘူး ဘိုးဘေး.."
အင်ပါယာရှားက ဟန်ဆာင်ပန်ဆောင်ပြုံး၍ ပြန်ဖြေသည်။ အပြီးသတ်သွားသည့် အဖြေလွှာကို ကျန်းပင်ကန်းထံ လှမ်းပေးသည်။
"ပြန်စစ်ဆေးကြည့်ပါဦး ဘိုးဘေး"
ကျန်းပင်ကန်း စာရွက်ကို တစ်ချက်ကြည့်သည်။ အင်ပါယာရှားရေးထားသည့် အဖြေများကို သူနားမလည်။ သူ့မြေးပုခုံးကို ဟန်ပါပါပုတ်၍
"မင်းဘာကြည့်နေတာလဲကွ။ ငါမင်းကိုယုံကြည်ပါတယ်"
ကျန်းပင်ကန်းက နတ်မယ်ကို အဖြေလွှာပေးသည်။
"တာအိုရှင်နတ်မယ်၊ ဒါနဲ့ဆို ကျုပ်စာမေးပွဲအောင်ပြီလို့ သတ်မှတ်လို့ရလား"
နတ်မယ်လည်း အင်ပါယာရှားရေးထားသည့် အဖြေများကို နားမလည်။ သူ့စာပေပညာအဆင့်က ရှောင်ယန်ထက်အတော်နိမ့်သည်။ ရှောင်ယန်ရှိနေလျှင် သူသေချာပေါက်နားလည်လိမ့်မည်။
သို့သော် ကိုယ့်အားနည်းချက်ကို ထုတ်မပြ။ အင်ပါယာရှား၏အဖြေများက အတော်ကောင်းသယောင် ဟန်လုပ်၍
"ဒါပေါ့၊ နင်ကအခု မဟာပဲဝါနိုင်ငံရဲ့ နန်းတွင်းကျောင်းစာပေဝန်ကြီးဖြစ်ပြီ"
ကျန်းပင်ကန်းမျက်လုံးများ အပျော်ရိပ်လွှမ်းလာသည်။ နန်းတွင်းကျောင်းစာပေဝန်ကြီးဆိုသည်က တော်ဝင်ပညာရေးအဖွဲ့တွင် အမြင့်ဆုံးရာထူးဖြစ်သည်။ တကယ်ပါရမီထူးသူများသာ ရနိုင်သည့်နေရာဖြစ်သည်။
မဟာရှားတွင် ထိုရာထူးကို သူ့ကိုယ်သူ သတ်မှတ်နိုင်သော်လည်း ရှေးဟောင်းမသေမျိုးငါးယောက်၏ခေါင်းဆောင်က ချီးမြှင့်သည့်အခြေအနေနှင့်တော့ လုံးဝနှိုင်းယှဉ်၍မရ။
"တာအိုရှင်နတ်မယ်။ နောင်အားတဲ့အခါ စကားထပ်ပြောကြသေးတာပေါ့"
နတ်မယ်အလုပ်များနေမှန်းသိသဖြင့် ကျန်းပင်ကန်းက ဆက်နေဖို့မပြော။
ပြည့်စုံသည့် အဖြေလွှာကိုကိုင်၍ နတ်မယ် တော်ဝင်စာမေးပွဲခန်းမသို့ ပြန်သည်။ လုယန်နှင့်အရိုးရိုင်းက ကောင်းကင်ဆင်းရဲနှင့် အလုပ်များနေကြဆဲဖြစ်သည်။
လျှပ်စီးဒဏ်ကြောင့် ပုံပျက်ပန်းပျက်ဖြစ်နေသော်လည်း အရိုးရိုင်း အားမန်တက်ကြွနေဆဲဖြစ်သည်။ လျှပ်စီးကို ဆက်၍ခုခံနိုင်စွမ်းရှိသည်။
စာမေးပွဲအဖြေလွှာကို ခုံပေါ်တွင်ချပြီး လုယန်၏ သိစိတ်နယ်မြေထဲသို့ ပြန်ဝင်သွားသည်။
"နတ်မယ်၊ ခင်ဗျားဘယ်ကို ထွက်သွားတာလဲ"
လုယန် တွေးမရ။ နတ်မယ်ထွက်သွားသည်မှာ နေ့တစ်ပိုင်းနီးပါးကြာသည်။ သိစိတ်နယ်မြေတွင် စကားသံမကြားရသဖြင့် နည်းနည်းနေသားမကျသလို ခံစားရသည်။
"ကျန်းပင်ကန်းဆီသွားလည်ရင်း အရိုးရိုင်းအတွက် အကူအညီသွားတောင်းတာပါ။ ပြောရဦးမယ်။ ကျန်းပင်ကန်းရဲ့ ပညာအရည်အချင်းက မနိမ့်လှဘူး။ ငါနဲ့တန်းတူအဆင့်ရှိတယ်။
ဒါကြောင့် ငါသူ့ကို နန်းတွင်းကျောင်းစာပေးဝန်ကြီး ခန့်လိုက်ပြီ"
နတ်မယ်က ဝင့်ကြွားသည့်လေသံဖြင့် ပြောသည်။ ရှောင်ယန်အကူအညီမပါပဲ ဝန်ကြီးတစ်ယောက်ခန့်လိုက်နိုင်သဖြင့် သူ့ကိုယ်သူ အတော်ထူးခြားသည်ဟု ခံစားရသည်။
လုယန်ကို မျှော်လင့်ရိပ်သန်းသည့်အကြည့်ဖြင့် ပြန်ကြည့်နေသည်။
လုယန် "..."
..ကျုပ်ကို ဘာပြောစေချင်လို့လဲနတ်မယ်။ မဟာပဲဝါနိုင်ငံက အနှေးနဲ့အမြန် ပျက်စီးတော့မယ်လို့ ကျုပ်ထင်နေတယ်...
သူသည် အမယွမ်ဘက်တော်သားဖြစ်၍ တော်သေးသည်။ မဟာပဲဝါနိုင်ငံ ပြိုလဲလျှင် နတ်မယ်ကိုခေါ်ပြီး ဒုက္ခသည်အဖြစ် အမယွမ်ဆီ ခိုလှုံနိုင်သည်။
"ခင်ဗျား တကယ်တော်တာပဲ"
နတ်မယ်မျက်နှာကဲကို နားလည်သဖြင့် လုယန် အားတက်သရော လက်မထောင်ပြသည်။
"ဒါပေါ့၊ နင်ငါ့ကို ဘယ်လိုလူမျိုး ထင်နေလို့လဲ"
နတ်မယ်မျက်နှာ ပြုံးရွှင်နေသည်။
ကိုယ့်ကိုယ်ကို ချီးကျူး၍ရသော်လည်း ရှောင်ယန်လို့ သစ္စာခံတစ်ယောက်၏ ချီးကျူးစကားကို ကြားရသလောက် စိတ်ကျေနပ်စရာမကောင်း။
နန်းမြို့တော်အထက်မှ ကောင်းကင်ဆင်းရဲကို လုယန် သုံးရက်ကြာအောင်ရင်ဆိုင်သည်။ အတော်ထူးခြားသည့် မြင်ကွင်းမျိုးဖန်တီးသည်။
သို့သော် အဓိကအကြောင်းရင်းကတော့ ကောင်းကင်လျှပ်စီးဖြင့် အရိုးရိုင်းခန္ဓာကိုယ်သန့်စင်ရာတွင် ကူညီဖို့ဖြစ်သည်။ လျှပ်စီးသန့်စင်ချိန်ကြာမြင့်လျှင် ပိုအကျိုးထူးသည်။
ထူးခြားသည့်မြင်ကွင်းမျိုး ဖန်တီးသည်က လုပ်သင့်၍လုပ်ရခြင်းဖြစ်သည်။
"ညီလေးအရိုးရိုင်း၊ ငါသွားတော့မယ်...ဪ..သတိလစ်သွားပြီပဲ"
သူ့စွမ်းအားများ လျော့ပါးလာသည်ကို သတိထားမိသည်။ အရိုးရိုင်းကိုယ်တိုင်ဆင့်ခေါ်ခဲ့သ်ောလည်း သူ့ကိုယ်ပွားခန္ဓာသည် သုံးရက်သာခံနိုင်သည်။
သွားရတော့မည်။
ထွက်မသွားမီ ကောင်းကင်ဆင်းရဲပျောက်ကွယ်မည့်အချိန်ကို ခန့်မှန်းတွက်ချက်၍ ကောင်းကင်ကိုလက်ညှိုးထိုးပြီး နတ်ဘုရားတစ်ပါးလို ကျယ်လောင်စွာအော်ဟစ်အမိန့်ပေးလိုက်သည်။
"သွားစမ်း"
စကားသံက နန်းမြို့တော်တစ်ခုလုံး နားကွဲမတတ် ဟိန်းထွက်သွားသည်။ ထိုစကား၏စွမ်းအား သက်ရောက်သကဲ့သို့ ကောင်းကင်ဆင်းရဲတိမ်တိုက်များ မည်းနက်နေရာမှဖြူလာသည်။ ထို့နောက် ပျောက်ကွယ်သွားသည်။
အရိုးရိုင်းက ကောင်းကင်လျှပ်စီးဒဏ်ကြောင့် သတိလစ်နေသည်။ စွမ်းအင်မိုးများကျလာပြီး သူ့ဒဏ်ရာများကို ကုသသည်။ လုယန်နှင့်နတ်မယ် ထွက်သွားပြီးနောက် ငေးငေးငိုင်ငိုင်ဖြင့် သူပြန်သတိရလာသည်။ အပြည့်အဝဖြေထားသည့် အဖြေလွှာကိုကြည့်၍ နားမလည်နိုင်အောင် ဖြစ်သွားသည်။
"ငါ့မှာ အိပ်ရင်းလမ်းလျှောက်တဲ့အကျင့်မျိုး ရှိနေတာများလား"
....
"မင်းကြီး၊ ဒါက တော်ဝင်စာမေးပွဲမှာ ပထမရတဲ့အဖြေလွှာပါ"
စာစစ်မှူးအရာရှိက အင်ပါယာရှားကို ရှင်းလင်းသေသပ်သည့် အဖြေလွှာတစ်ခု လာပေးသည်။
ကိုယ်တိုင်ဖြေထားသည့် အဖြေလွှာဖြစ်နေသည်ကို မြင်ရသဖြင့် အင်ပါယာရှားစိတ်ထဲ ကျေနပ်သွားသည်။
သူ့စာပေစွမ်းရည် လုံးဝလျော့မသွားသေး။
"ဝန်ကြီးချူး။ ဒီအဖြေလွှာက အဖြေတွေကို ဘယ်လိုသဘောရလဲ"
စာစစ်မှူးက လေးလေးစားစားပြန်ပြောသည်။
"မင်းကြီး၊ ဒီစာဖြေသူရဲ့အရည်အချင်းက သာမန်ပါပဲ။ ကြောင်းကျိုးဆင်ခြင်ဉာဏ်နည်းတယ်။ ရှင်းလင်းချက်တွေကလည်း ရှုပ်ထွေးဝေဝါးနေတယ်။ ကံကောင်းလို့သာ ပထမနေရာရတာပါ"
"ဖျောက်"
အင်ပါယာရှား နဖူးသွေးကြောများ ထောင်းထလာသည်။ လက်ထဲမှစာရေးစုတ်တံ အသံတိတ်ကျိုးသွားသည်။ မျက်နှာမှအပြုံးက မျက်လုံးသို့မရောက်။
"ကံကောင်းလို့ဆိုတာက ဘာလဲ"
"စာမေးပွဲဖြေတုန်းမှာ ကောင်းကင်ဆင်းရဲတစ်ခု ကြုံခဲ့ရလို့ပါ။ ဒီတစ်ယောက်ပဲ မေးခွန်းအားလုံး ဖြေတယ်။ ကျန်တဲ့လူတွေက စာရွက်ဗလာတွေပဲ အပ်ကြတယ်။ အမှတ်ပေးလို့မရဘူး။
ဒီတော့ ဒီတစ်ယောက်က ဖြေတာဘယ်လောက်ညံ့ညံ့ အားလုံးပြီးအောင်ဖြေတဲ့အတွက် အမှတ်ပေးစရာ နည်းနည်းတော့ရှိပါတယ်။ ဒါကြောင့် ပထမရတာပါ"
အင်ပါယာရှား အပြုံးမပျက်အောင်ထိန်းထားသည်။
"အဲလိုလား။ ကောင်းပြီလေ။ ငါ့အမြင်တော့ ဒီအဖြေလွှာထဲမှာ ဖြေထားတာတွေက အတော်ကောင်းတယ်လို့ ယူဆတယ်။ ငါသဘောကျတယ်။
ဒီလိုလုပ်ကြတာပေါ့။ ဒီစာမေးပွဲမှာ သူ့ကိုပထမနေရာပေးလိုက်မယ်။ ငါနောက်ထပ် မေးခွန်းအသစ်တစ်စုံထုတ်မယ်။ သုံးရက်အတွင်း ကျန်တဲ့လူတွေကို စာမေးပွဲပြန်ဖြေခိုင်းပါ"
.......
"အဲ...ငါက ပထမရတယ်ပေါ့"
အသားကင်ဆိုင်တစ်ခုတွင် ဇာတိမြေ၏လက်ရာကို အမှတ်တရပြန်စားသာက်နေစဉ် နန်းတွင်းစာမေးပွဲ၌ ပထမရကြောင်း အရိုးရိုင်းသိလိုက်ရသည်။
"ဘိုးးဘေးတွေရဲ့ကောင်းချီးက ဒီလောက်တောင်အစွမ်းထက်တာလား"
****************************
အခန်း (၁၁၃၆) ပဲဝါနိုင်ငံ ဘိုးဘေးဘုံကျောင်း
လုယန်နှင့်နတ်မယ်၏ သိစိတ်အာရုံ ဗုဒ္ဓနိုင်ငံသို့ ပြန်ရောက်လာသည်။
"အဲ..ဒါက ဘယ်နေရာလဲ"
ဘုံကျောင်းပျက်တစ်ခုထဲ ရောက်နေကြောင်း လုယန် ကိုယ့်ကိုယ်ကို သိလိုက်ရသည်။ ကြာပုလ္လင်ပေါ် တင်ပျဉ်ခွေထိုင်နေသည်။ လက်ချောင်းများကို ကြာပွင့်သဏ္ဌာန်ကွေးညွှတ်ထားသည်။
ဗုဒ္ဓရုပ်ထုတစ်ခုနှင့် တူနေသည်။
အပြင်ဘက်တွင် မိုးတဖွဲဖွဲကျနေသည်။
"အား၊ ဂိုဏ်းသခင်လေး နိုးလာပြီလား"
ကျင်းချိုင်ဝေက လုယန်ဘေးတွင်ရှိနေသည်။ လုယန်အသိစိတ်ပြန်ဝင်လာမှန်းသိသဖြင့် တစ်ခြားမိန်းကလေးများကို သွားခေါ်သည်။
လုယန် နည်းနည်းတွေးရခက်နေသည်။ လွန်ခဲ့သည့်သုံးရက်က အရိုးရိုင်း သူ့ကိုဆင့်ခေါ်ခဲ့သည်။ ထိုစဉ်က ဗုဒ္ဓနိုင်ငံ သဲကန္တာရအလယ်သို့ သူရောက်နေခဲ့သည်။
သုံးရက်အတွင်း ဘုံကျောင်းတစ်ခုသို့ သူ့ကိုဘယ်လိုသယ်လာကြသည်မသိ။
ဘယ်ဘုံကျောင်းမှန်းလည်းမသိ။
"နိုးလာပြီလား"
"အိုး၊ ဒီဘုံကျောင်းက အတော်စိတ်ဝင်စားစရာကောင်းတာပဲ"
နတ်မယ် အပြင်သို့ပျံထွက်လာပြီး ဘုံကျောင်းကို စိတ်ဝင်တစား စူးစမ်းသည်။ ဤဘုံကျောင်းတည်ဆောက်သူသည် အတော်စိတ်ကူးကောင်းသည်။
"ဒုခေါင်းဆောင်နိုးလာပြီလား"
"မသေမျိုးအမ ပြန်ရောက်ပြီလား"
"သခင့်ကို ဂါရဝပြုပါတယ်"
သုံးရက်လုံးလုံး သူတို့စောင့်ခဲ့ကြသည်။ နတ်မယ်နှင့်လုယန်၏သိစိတ်ဝိညာဉ် ယခုမှ ပြန်ရောက်လာသည်။
"တ-ခေါင်းဆောင်၊ ဒီဘုံကျောင်းကို နင်ဆောက်ထားတာလား"
နတ်မယ်က ပြုံး၍မေးသည်။ လုယန်က အတွေ့အကြုံမရှိ၍ မသိသော်လည်း သူက ဘုံကျောင်း၏ထူးခြားချက်ကို ချက်ချင်းသတိထားမိသည်။
ယွမ်မုန်မုန်က တခစ်ခစ်ရယ်လျက်
"အင်း၊ ကျွန်မတစ်ယောက်တည်းရဲ့ စိတ်ကူးမဟုတ်ပါဘူး။ ခေါင်းဆောင်နဲ့ဒုခေါင်းဆောင်က ဘာမှမပြောဘဲ ထွက်သွားတယ်။ ဘယ်တော့ပြန်လာမယ်လည်းမသိဘူး။
ကျွန်မတို့က ကန္တာရထဲမှာ အမြဲတမ်းရပ်စောင့်မနေနိုင်ဘူးလေ။ မြို့တော်ကိုဝင်ဖို့ကျတော့လည်း ကျွန်မတို့လူအုပ်က များလွန်းတယ်။ အပြင်ထွက်ရင် ခပ်လျှိုလျှိုနေရမယ်လို့ ခေါင်းဆောင်ပြောထားတယ်မဟုတ်လား။
ဒါကြောင့် ဒီနေရာမှာပဲ မိုးဒဏ်လေဒစ်ခံနိုင်တဲ့ ဘုံကျောင်းတစ်ခုတည်ဆောက်ဖို့ ဆုံးဖြတ်လိုက်တာ။ ပြီးတော့ ဘုံကျောင်းတည်ဆောက်မယ်ဆိုမှတော့ အရသာရှိတဲ့ အစားအသောက်နဲ့ ဆောက်ကြရင်ကောင်းမလားလို့ ကျွန်မအကြံပြုလိုက်တယ်"
ထိုသို့ပြောရင်း ယွမ်မုန်မုန်က လုယန်ဆီလျှောက်လာပြီး သူထိုင်နေသည့်ကြာပုလ္လင်ကို နည်းနည်းဖဲ့ယူ၍ ပါးစပ်ထဲထည့်ပေးသည်။
"စားကြည့်ပါ ဒုခေါင်းဆောင်။ စားလို့ကောင်းလား"
လုယန် အလိုလို ကိုက်စားမိသည်။ ကြာပုလ္လင်က တကယ်အရသာရှိကြောင်း တွေ့လိုက်ရသည်။ ဘယ်လိုပစ္စည်းများဖြင့် တည်ဆောက်ထားသည်တော့မသိ။
"ဒါက ကြာပန်းမဟုတ်ဘူးမို့လား။ သက်ရှည်ဝိညာဉ်သီးပင်က သစ်ရွက်ပါ"
"ဟုတ်ပါတယ် သခင်"
ချင်ဟဲကပြောသည်။ ထိုသစ်ရွက်များသည် သက်ရှည်အရိယဖလသန္ဓေမှ စိုက်ပျိုးထားခြင်းဖြစ်သည်။ မသေမျိုးသစ်ရွက်များနှင့် ခွဲခြားမရ။ ဝိညာဉ်ကျောက်များဖြင့် တန်ဖိုးဖြတ်၍မရ။
"ဒီပြတင်းပေါက်တွေက ဝိညာဉ်သစ်သီးပြားတွေနဲ့ လုပ်ထားတာပါ"
ကျင်းချိုင်ဝေက စိတ်အားထက်သန်စွာ ထပ်ပြောသည်။ ဘုံကျောင်းတည်ဆောက်သည့်အလုပ်တွင် သူလည်းအတော်အားစိုက်ခဲ့သည်။
"ဆီမီးအိမ်က နတ်ဆိုးနယ်မြေကနေ ကျွန်မယူလာတဲ့ ပျားရည်ပါ"
"...ဒါဆို ဘုံကျောင်းတစ်ခုလုံး စားလို့ရတယ်ပေါ့"
ဘုံကျောင်းကို နတ်မယ်ဘာကြောင့် စိတ်ဝင်စားနေကြောင်း လုယန် အခုမှသဘောပေါက်လာသည်။ တကယ်ထူးခြားသည်။ အမိုးအကာအဖြစ်ရော စားစရာအဖြစ်ပါ သုံးနိုင်သည်။
"အပြင်မှာ မိုးရွာနေတယ်မဟုတ်လား။ ဘုံကျောင်းက အဆင်ပြေပါ့မလား"
အပြင်ဘက်တွင် မိုးကျသံ ကြားနေရသည်။
"စိတ်မပူပါနဲ့။ ဘုံကျောင်းတည်ဆောက်ဖို့သုံးတဲ့ ပစ္စည်းအားလုံး မိုးဒဏ်လေဒဏ်ခံနိုင်ပါတယ်"
ယွမ်မုန်မုန်က ယုံကြည်ချက်အပြည့်ဖြင့်ပြောသည်။ ဘုံကျောင်းတည်ဆောက်ရသည့် အဓိကရည်ရွယ်ချက်ကည်း မိုးဒဏ်လေဒဏ်ကာကွယ်ဖို့ဖြစ်သည်။ မိုးကြောင့် ပျက်စီးစရာအကြောင်းမရှိ။
"ဘုံကျောင်းက မပြီးသေးဘူးမဟုတ်လား။ တစ်ချို့နေရာတွေ ဟာ,နေသေးတယ်။ မပြီးသေးရင် ကျုပ်လည်းကူညီပါ့မယ်"
လုယန်က အပေါက်ငယ်တစ်ခုရှိနေသည့် နံရံတစ်နေရာကို လက်ညှိုးထိုးပြသည်။
ကျင်းချိုင်ဝေက လက်မြှောက်၍
"အဲဒီ့နေရာက ကျွန်မစားထားတာပါ"
"..."
...ဒါဆိုခင်ဗျားတို့က တစ်ချိန်လုံး ဘုံကျောင်းဆောက်လိုက် စားလိုက်လုပ်နေခဲ့တာပေါ့...
ယွမ်မုန်မုန်က သွားဖြဲရယ်လျက် နတ်မယ်နှင့်လုယန်ကို ဘုံကျောင်းအပြင်ဘက်သို့ ဆွဲခေါ်သွားသည်။
"ကြည့်လိုက်၊ ဒါက ဘုံကျောင်းအတွက် အားလုံးစဉ်းစားထားတဲ့ နာမည်ပဲ"
တံခါးအထက် ဆိုင်းဘုတ်ပေါ်တွင် 'ပဲဝါဘုံကျောင်း'ဟု ရေးထားသည်။ စာလုံးများက ကြွရွထင်ရှားနေသည်။
"ဒီဘုံကျောင်းက တကယ်ကောင်းတယ်။ ဒါကို ငါတို့မဟာပဲဝါနိုင်ငံရဲ့ ဘိုးဘေးဘုံကျောင်းအဖြစ် သတ်မှတ်ကြတာပေါ့"
နတ်မယ်က အကြံပြုသည်။ နိုင်ငံတိုင်းတွင် ဘိုးဘေးဘုံကျောင်းများ တည်ဆောက်ကြသည်။ သူတို့မဟာပဲဝါနိုင်ငံသည် ယခုမှတည်ထောင်စဖြစ်သော်လည်း ဘိုးဘေးဘုံကျောင်းတစ်ခုတော့ သေချာပေါက်လိုလာလိမ့်မည်။
လုယန်မှလွဲ၍ အားလုံးပျော်နေကြသည်။ သူတို့သုံးရက်တာ အားထုတ်မှုကို နတ်မယ်က အသိအမှတ်ပြုလိုက်သည့်သဘောဖြစ်သည်။
ယခု မဟာပဲဝါနိုင်ငံ အပြင်လောကအစစ်တွင် စတင်အခြေချလာသည်။
တည်ဆောက်ထားသည့် ဘိုးဘေးဘုံကျောင်းက နည်းနည်းကြောင်တက်တက်နိုင်သည်ဟု လုယန်ခံစားမိသော်လည်း အားလုံးက ထောက်ခံနေသည်ဖြစ်၍ မသေမျိုးတစ်ယောက်အနေဖြင့် နောက်ထပ်ဝင်ပြောဖို့မသင့်တော့။
"ကျုပ်တို့ဘိုးဘေးဘုံကျောင်း ပြည့်စုံသွားအောင် ကျုပ်လည်းကူညီပေးမယ်။
ဒီနေရာမှာ ငါစည်းမျဉ်းသတ်မှတ်တယ်။ - မဟာပဲဝါနိုင်ငံဘိုးဘေးဘုံကျောင်းရဲ့ လိုအပ်နေတဲ့နေရာတွေ ပြန်ပြည့်စေ"
ဗုဒ္ဓနိုင်ငံတွင် မသေမျိုးခန္ဓာဖြင့် စည်းမျဉ်းချမှတ်ရသည်က တာအိုလမ်းစဉ်ဂိုဏ်းတွင် လုပ်ရသည်ထက် ပိုလွယ်ကူသည်။ ဗုဒ္ဓနိုင်ငံသည် တကယ့်နေရာကောင်းတစ်ခုဖြစ်သည်။
ရွှေရောင်ဗုဒ္ဓယုံကြည်မှုစွမ်းအင်များစွာ ပေါ်လာသည်။ အစားအသောက်များအဖြစ် အသွင်ပြောင်းပြီး ဘုံကျောင်း၏ လစ်ဟာနေသည့်နေရာများကို ဖြည့်သည်။
မျက်တောင်တစ်ခတ်အတွင်း ဘိုးဘေးဘုံကျောင်းက တည်ဆောက်ပြီးစ အသစ်စစ်စစ်လိုဖြစ်သွားသည်။
ကျင်းချိုင်ဝေ စိတ်ဝင်စားလာသဖြင့် ပြုပြင်ထားသည့်နေရာကို စားကြည့်သည်။ ထို့နောက် ခေါင်းခါသည်။
"အဆင်မပြေဘူး ဂိုဏ်းသခင်လေး။ စည်းမျဉ်းစွမ်းအားနဲ့ ဖန်တီးတဲ့ အစားအသောက်က ဝိညာဉ်အနှစ်မပါဘူး"
"ငါလည်း မြည်းကြည့်ချင်တယ်"
ယွမ်မုန်မုန်၊ ချင်ဟဲနှင့် တစ်ခြားလူများလည်း စားကြည့်သည်။ သူတို့ဖန်တီးထားသလောက် အရသာမကောင်းဟု ခံစားရသည်။
"ရှောင်ယန်၊ အစားအသောက်အပေါ် လေးစားတဲ့စိတ်မျိုး ရှိဖို့လိုတယ်"
နတ်မယ်လည်း လုယန်၏ဟာကွက်ကို ထောက်ပြသည်။
လုယန် "..."
..ဆောရီးပါ၊ ကျုပ်မှားသွားတယ်။ စည်းမျဉ်းစွမ်းအားကို တစ်ခြားနည်းနဲ့ လေ့ကျင့်ပါ့မယ်...
အစားအသောက်ကို လေးစားသည့်အနေဖြင့် လုယန် စည်းမျဉ်းစွမ်းအားကို ပြန်ရုတ်သိမ်းလိုက်သည်။ ဘိုးဘေးဘုံကျောင်းက ပျက်စီးနေသည့် မူလအခြေအနေသို့ ပြန်ရောက်သွားသည်။
"လူတစ်ယောက်လာနေတယ်"
လုယန် မသေမျိုးအာရုံကိုဖြန့်ရင်း ရုတ်တရက်ပြောလိုက်သည်။ လူတစ်စု သူတို့ရှိရာဘက်သို့ လာနေသည်ကို အာရုံခံမိသည်။ အားလုံး သေမျိုးများဖြစ်သည် မိုးခိုစရာ ရှာနေကြပုံရသည်။
"မြန်မြန်ပုန်းကြ"
အားလုံး ဘုံကျောင်းထဲ ပြန်ဝင်ကြသည်။ ကြာပုလ္လင်ပေါ် ရပ်သူရပ် ထိုင်သူထိုင်ကြသည်။ ဗုဒ္ဓ၊ ဗောဓိသတ္တများအဖြစ် ရုပ်ဖျက်ကြသည်။
"ဦးလေးဝမ်၊ ဒီမှာဘုံကျောင်းတစ်ခုရှိတယ်။ မိုးခိုရအောင်"
လူတစ်စု အလောတကြီးပုံစံဖြင့် ရောက်လာသည်။ ဘုံကျောင်းကိုမြင်လိုက်ရသဖြင့် ပျော်သွားကြသည်။
"ထူးဆန်းတယ်။ ဒီဘုံကျောင်းက ဘယ်တုန်းကပေါ်လာတာလဲ"
ဦးလေးဝမ် အပြင်ဘက်တွင်ရပ်လျက် တစ်ခုခုမှားနေသလို ခံစားရသည်.
"ပဲဝါဘုံကျောင်း...ဒီလိုနာမည်မျိုး တစ်ခါမှမကြာူးဖူးဘူး"
"အထဲကို မြန်မြန်ဝင်ကြစို့"
မိုးကအဆက်မပြတ်ရွာနေသည်။ အအေးမိလျှင် ခရီးဆက်ဖို့ ခက်သွားမည်။
ဘုံကျောင်းထဲသို့ သူတို့ပြေးဝင်ကြသည်။ ဘုံကျောင်းက ပျက်စီးနေသော်လည်း လေဒဏ်မိုးဒဏ်တော့ ကာကွယ်နိုင်သည်။
"ဟူး...တော်သေးတာပေါ့"
အားလုံး ဝန်ထုပ်များချ၍ မိုးရေစိုမစို စစ်ဆေးသည်။ အဝတ်စားများချွတ်၍ မီးကင်ရန်ပြင်ကြသည်။
"ဒါက ဘယ်လိုဗုဒ္ဓမျိုးလဲ"
အချိန်ရသည်နှင့် သူတို့အားလုံး ဘုံကျောင်းကို စူးစမ်းကြသည်။ ထိုဗုဒ္ဓ၊ ဗောဓိသတ္တရုပ်ထုများကို သူတို့လုံးဝမသိ။
သို့သော် ရုပ်ထုအားလုံးက တည်ကြည်သည့်အသွင်ရှိသည်။
"ဒီဗောဓိသတ္တကိုကြည့်ဦး။ သေးသေးလေးပါလား"
ကျင်းချိုင်ဝေကို ရည်ညွှန်းခြင်းဖြစ်သည်။
"တော်တော့။ ကြည်ညိုလေးစားရမယ့်အရာတွေကို မလေးမစားမလုပ်နဲ့"
ဦးလေးဝမ်က အားလုံးကို အော်ငေါက်ပြီး ဗုဒ္ဓနှင့် ဗောဓိသတ္တရုပ်ထုများရှေ့တွင် ဒူးထောက်ခိုင်းပြီး မိုးဒဏ်ကာကွယ်ပေးသည့်အတွက် ကျေးဇူးတင်ကြောင်း ပြောခိုင်းသည်။
နောက်ဆုံးတွင် ဦးလေးဝမ်က ဝိညာဉ်ကျောက်အိတ်တစ်လုံးထုတ်သည်။ သိပ်မများသော်လည်း သဒ္ဓါတရားကို အဓိကထား၍ ဗုဒ္ဓရုပ်ထုတစ်ခု၏ခြေရင်းမှ အလှူခံပုံးထဲ ထည့်လိုက်သည်။
"ဦးလေးဝမ်၊ ဒါတွေက သင်္ချိင်းကနေ မနေ့ကကောက်ရခဲ့တဲ့ ဝိညာဉ်ကျောက်တွေမဟုတ်လား။ ဘာလို့ဗုဒ္ဓရုပ်ထုကို ပေးနေတာလဲ"
အဖွဲ့သားတစ်ယောက်က နားမလည်ဟန်ဖြင့် မေးသည်။
ဦးလေးဝမ်က သက်ပြင်းချ၍ ပြန်ပြောသည်။
"မနေ့က ဒီဝိညာဉ်ကျောက်အိတ်ကို ငါတွေ့တယ်။ ဒီနေ့ ဘုံကျောင်းတစ်ခုတွေ့တယ်။ လောကမှာ ဒီလောက်တိုက်ဆိုင်တာမျိုး ရှိနိုင်လို့လား။
ဒါကံရေစက်ပဲ။ ဒီဝိညာဉ်ကျောက်တွေကို ငါမယူသင့်ဘူး။ ဘုံကျောင်းကိုပဲ လှူသင့်တယ်"
မိုစဲသွားပြီးနောက် ဦးလးဝမ်တို့လူစု ကုလားအုတ်ကိုယ်စီဖြင့် ခရီးဆက်ကြသည်။
လုယန် ကြာပုလ္လင်ပေါ်မှ ခုန်ဆင်းလာပြီး သူ့ခြေရင်းမှ အလှူခံပုံးကို ထူးဆန်းသည့်မျက်နှာဖြင့် ကြည့်နေသည်။ ထိုအိတ်သည် သူ့အသက်ဓာတ်နှင့် ဆက်သွယ်မှုတစ်ခုရှိနေသည်ကို အာရုံခံမိသည်။
"ဒါက အသက်ဖိုးငွေနဲ့ တူနေသလိုပဲ"
(**တန်ချန်ဝူ၏ ညီမတန်ချင်ချင်ဝယ်ဖို့ ဓားပြဂိုဏ်းက 'အသက်ဖိုးငွေ'ပို့ခဲ့ဖူးသည်။ ထိုအသက်ဖိုးငွေက မှော်စွမ်းအားမပါ။ ယခုငွေက မှော်ကျိန်စာတစ်မျိုးပါသည်)
*************************
အခန်း (၁၁၃၇) မုန်မိသားစု၏ လှုပ်ရှားမှု
"အသက်ဖိုးငွေ..ဟုတ်လား"
ဗောဓိသတ္တအားလုံး အသက်ဝင်လာသည်။ အလှူခံပုံးနားသို့ ဝိုင်းလာပြီး စပ်စုကြသည်။ ထိုငွေမျိုးကို တစ်ခါမှမကြားဖူးကြ။
"ရှေးဟောင်းခေတ်တုန်းက မရှိခဲ့လို့ဖြစ်မှာပါ။ မဟာချန် ဒါမှမဟုတ် မဟာယုခေတ်ရောက်မှ တီထွင်ခဲ့တာ ဖြစ်နိုင်တယ်"
လုယန် ရှင်းပြသည်။
ဝိညာဉ်ကျောက်အိတ်နှင့် သူ့သက်တမ်းကြားမှ ဆက်သွယ်မှုကို ခံစားနေရသည်။ တစ်ဘက်လူက သူ့သက်တမ်းကို ဝိညာဉ်ကျောက်ဖြင့် ဝယ်ဖို့ကြိုးစားခြင်းဖြစ်သည်။
"အသက်ဖိုးငွေဆိုတာ အသက်ဆွဲဆန့်တဲ့ မိစ္ဆာလမ်းစဉ်တစ်မျိုးပါ။ ပုံမှန်ကတော့ သင်္ချိုင်းတစ်ခုမှာ ဒါမှမဟုတ် လမ်းဆုံတစ်ခုမှာ ငွေအိတ်ကိုချပြီး ကျင့်ကြံကြတယ်။
ငွေကောက်သွားတဲ့လူရဲ့သက်တမ်းကို ငွေရှင်က ရတယ်။ အတင်းအကြပ် လဲလှယ်ယူတဲ့သဘောမျိုးပဲ"
"အကိုလုယဲ့သက်တမ်းကို ယူဖို့ကြိုးစားရဲတယ်ပေါ့"
မိန်းကလေးများအားလုံး မကျေမနပ်ဖြစ်သွားသည်။ ထိုကိစ္စသည် ဥပဒေမဲ့လုပ်ရပ်ဖြစ်သည်။
"ဘယ်သူလုပ်တာလဲ ကြည့်ကြတာပေါ့။ ဒီနေရာမှာ ငါစည်းမျဉ်းတည်ဆောက်မယ် - အသက်ဖိုးငွေပိုင်ရှင်ကို ရှာဖွေမယ်"
...
ညရောက်လာသည်။ သစ်ကိုင်းခြောက်မာျးပေါ်တွင် ကျီးကန်းများက ခြောက်ခြားဖွယ်အော်မြည်နေသည်။ မှုန်ရီနေသည့် သူတို့မျက်လုံးများက အတော်ကြာမှသာ တစ်ကြိမ်လှုပ်ရှားသည်။
ဤနေရာသည် ကျင်အန်းမြို့တော်အပြင်ဘက်မှ စွန့်ပစ်သင်္ချိုင်းမြေဖြစ်သည်။ အမည်မပေါ်သည့်အလောင်းများ မြှုပ်နှံထားသည်။ လေထုက ယင်ဓာတ်များပြည့်နေသည်။
မကောင်းဆိုးဝါးများကို ဒေါသထွက်အောင်လုပ်မိမည်စိုး၍ သတ္တိကောင်းသည့် သူခိုးများပင် အနားမသီရဲကြ။
ရုတ်တရက် ခြောက်ကပ်နေသည့်လက်တစ်ဘက် မြေကြီးထဲမှ ထိုးထွက်လာသည်။ လက်ကောက်ဝတ်တွင် ပုတီးလုံးများ ရစ်ပတ်ထားသည်။ စုစုပေါင်း တစ်ရာ့ရှစ်လုံးရှိသည်။ မဟာစက်ဝန်း၏အရေအတွက်နှင့် ကွက်တိကျတိုက်ဆိုင်နေသည်။
"ဟဲဟဲ၊ ငါအဘိုးကြီးရဲ့ငွေကို လူတစ်ယောက် ကောက်သွားပြန်ပြီ"
မြေကြီးများ တုန်ခါ၍ ပွတက်လာသည်။ လက်ပိုင်ရှင်ပေါ်လာသည်။ အရိုးပေါ်အရေတင် ပိန်လှီခြောက်ကပ်နေသည့် အဘိုးအိုတစ်ယောက်ဖြစ်သည်။
လူနှင့်မတူ။ အရိုးစုကို အရေပြားအုပ်ထားသည်နှင့်တူသည်။
"ငါ့ငွေယူသွားပြီဆိုတော့ ဒီအသက်ကို အခုငါပဲပိုင်ဆိုင်ရတော့မယ်"
အဘိုးအို မျက်လုံးဖွင့်ကြည့်သည်။ ယောက်ျားတစ်ယောက်နှင့် မိန်းမခြောက်ယောက် သူ့ကိုငုံ့ကြည့်နေသည်ကို တွေ့လိုက်ရသည်။
"သူလား။ ရုပ်ဆိုးလိုက်တာ"
ကျန်းလျန်ယိက စက်ဆုပ်ရွံရှာဟန်ဖြင့်ပြောသည်။ အဘိုးအိုထံမှ အပုပ်အဆွေးနံ့များ ထွက်နေသည်။
အဘိုးအိုမျက်လုံးတွင် တွေးရခက်သည့်အရိပ်တစ်ချို့ ဖြတ်သန်းသွားသည်။ သို့သော် အဓိကလူကို သူချက်ချင်းခွဲခြားနိုင်သည်။ လုယန်ဆီ အကြည့်ရောက်သွားသည်။
အသက်ဖိုးငွေယူသွားသူဖြစ်ကြောင်း အာရုံခံမိသည်။
"မင်းလား။ နည်းနည်းတော့ ဗဟုသုတရှိပုံပဲ။ အသက်ဖိုးငွေမှန်းသိလို့ အင်အားအကူတောင် ခေါ်လာတယ်ပေါ့"
အဘိုးအို ခြောက်ကပ်ကပ်ရယ်မောနေသည်။
"အကျိုးမထူးနိုင်ဘူးကွ။ ဒါက ကံကြမ္မာမှော်ကျိန်စာပညာပဲ။ ဒီကျိန်စာစက်ကွင်းမိပြီး လွတ်အောင်ရှောင်ဖို့ဆိုရင် တစ်ခုတည်းသောနည်းလမ်းက ငွေကို တစ်ခြားတစ်ယောက်ဆီ လက်ဆောင်ပေးဖို့ပဲရှိတယ်"
"ခင်ဗျားက ဘယ်သူလဲ"
လုယန် မေးလိုက်သည်။
"ငါလား"
အဘိုးအို ထရပ်လာသည်။ ခန္ဓာကိုယ်က ရယ်ရလွန်း၍ တုန်ခါနေသည်။ ထိုမေးခွန်းကို ဟာသတစ်ခုဟု သူယူဆသည်။
သူ့ရယ်သံက ရှေးဟောင်းအငွေ့အသက်များ လွှမ်းခြုံနေသည်။ သူ့ကိုယ်သူ လှောင်ရယ်နေသလို၊ ဤလောကမှ သက်ရှိအားလုံးကို လှောင်ရယ်နေသလိုရှိသည်။
"ဟဲဟဲ၊ ငါအသက်ရှင်ခဲ့တာ အတော်ကြာပြီ။ ငါဘယ်သူလဲဆိုတာ မေ့သွားပြီ"
လုယန် ခဏအသံတိတ်သွားသည်။ အင်္ကျီလက်ကို အသာလိပ်တင်လိုက်သည်။
"ငါ့နာမည် ကျွမ်းယုမီ၊ တာအိုရှင်ယုလို့ ခေါ်ကြတယ်။ အသက်တစ်ရာကိုးဆယ့်ရှစ်နှစ်ရှိပြီ။ အခြေတည်နောက်ဆုံးအဆင့်။ အလောင်းထိန်းမှော်ပညာကျွမ်းကျင်တယ်။
မိဘမဲ့အဖြစ် ကြီးပြင်းလာတယ်။ အမှိုက်ပုံကြားမှာ ရှင်သန်ခဲ့တယ်။ နေ့တိုင်း ခြင်တွေနဲ့အတူ အိပ်ခဲ့တယ်။ ကံကောင်းထောက်မပြီး အမှိုက်ပုံတစ်ခုမှာ ကျင့်စဉ်ကျမ်းတစ်ခုတွေ့..."
တာအိုရှင်ယု ဒူးထောက်ကျသွားသည်။ နှားခေါင်းမှ သွေးယိုလာသည်။ မျက်နှာတစ်ခုလုံး အညိုအမည်းစွဲအောင် အရိုက်ခံလိုက်ရသည်။ ပါးနှစ်ဘက်တွင် လက်ဗွေရာများ ထင်ရှားစွာရှိနေသည်။
မျက်ရည်စက်လက်ဖြင့် သနားစရာသူ့အတိတ်ကို ပြန်ပြောပြသည်။
"သက်တမ်းတစ်ရာကျော်လောက်နဲ့ ကိုယ့်နာမည်ကိုယ်မေ့သွားသလို ဟန်ဆောင်ပြီး ဟိတ်ကြီးဟန်ကြီးလုပ်နေတယ်ပေါ့"
လုယန် ဘေးပတ်လည်ကို လှည့်ကြည့်သည်။ သူ့မှလွဲ၍ မိန်းကလေးခြောက်ယောက်လုံးက တာအိုရှင်ယုထက် အသက်များစွာပိုကြီးသည်။
"လေရှည်မနေနဲ့။ အလောင်းထိန်းမှော်ပညာကျမ်းကို ထုတ်ပေးစမ်း"
ထိုအဘိုးကြီး၏ ပေါက်တတ်ကရစကားများကို လုယန် နားမထောင်ချင်။
"ကောင်းပါပြီ ကောင်းပါပြီ"
လုယန်ကို သူအတော်ကြောက်သွားသည်။ လုယန်သည် အနည်းဆုံး ရွှေသန္ဓေနောက်ဆုံးအဆင့်ရှိမ်ညဟု သူခန့်မှန်းသည်။ သူ့တစ်သက် ထိုအဆင့်စွမ်းအားရှင်မျိုး နည်းနည်းသာမြင်ဖူးသည်။ ဘာကြောင့် ထိုပုဂ္ဂိုလ်မျိုးနှင့် ကြုံရသည်မသိ။
လုယန်ဘေးမှ မိန်းကလေးခြောက်ယောက်ကို သူကြည့်ပင်မကြည့်ရဲ။ မျက်လုံးဖောက်ထုတ်ခံရမည်ကို စိုးရိမ်သည်။
မိန်းကလေးအားလုံးက ဒဏ္ဍာရီထဲမှ နတ်သမီးများလို လှပကြသည်။
လုယန် အလောင်းထိန်းကျမ်းကို သုံးလးမျက်နှာဖတ်ကြည့်သည်။ အမှန်တကယ်ပင် အလောင်းထိန်းဂိုဏ်းမှ ကျင့်စည်ဖြစ်သည်။
သို့သော် စာအုပ်က တစ်စိတ်တစ်ပိုင်းသာရှိသည်။ မပြည့်စုံတော့။ တာအိုရှင်ယုက မထင်မှတ်ဘဲ ရခဲ့ခြင်းဖြစ်မည်။
"ကျုပ်တို့ချင်း ကံရေစက်ပါတယ်။ ဒီတော့ အသက်ဖိုးငွေပညာကို ဘယ်ကသင်ခဲ့သလဲ မြန်မြန်ဖြေပြီး သေချင်တဲ့ နည်းလမ်းတစ်ခုရွေးပါ"
ဝန်ခံသူများအတွက် ငဲ့ညှာရသည့်စည်းမျဉ်းကို လုယန်နားလည်သည်။
တာအိုရှင်ယုက လေသံခပ်လေးလေးဖြင့်ပြောသည်။
"တာအိုရှင်၊ ငါ့ကို တကယ်အပြတ်ရှင်းဖို့ လိုအပ်လို့လား"
သတ္တိပြရမည့်ကိစ္စနှင့် ပတ်သက်လာလျှင် ဘယ်သူ့ကိုမဆို သူယှဉ်ရဲသည်။
"ငါမင်းကို မနိုင်ပေမယ့် မင်းဘေးမှာ တာအိုလက်တွဲဖော်ခြောက်ယောက်ရှိတယ်။ သူတို့ဘေးကင်းအောင် ကာကွယ်နိုင်လို့လား"
တာအိုရှင်ယု ပုတီးတစ်ရာရှစ်လုံးကို အသက်သွင်းလိုက်သည်။ ပုတီးလုံးများ အရောင်တောက်လာသည်။ ထိုပုတီးသည့် သူ့အသက်နှောင်မှော်ရတနာဖြစ်သည်။ ပုတီးလုံးတစ်ခုချင်းစီကို မှော်စွမ်းအားတစ်မျိုးစီ ထည့်သွင်းထားသည်။
အခြေခံ မီးထိန်းချုပ်မှော်ပညာ၊ အခြေခံ ရေထိန်းချုပ်မှော်ပညာ...စသဖြင့်ရှိသည်။ ပုတီးတစ်ရာရှစ်လုံးတွင် ဘယ်စွမ်းအားနှင့်တိုက်ခိုက်မည်ကို ရန်သူများမခန့်မှန်းနိုင်။
"ဟေ့ ဟေ့ ခင်ဗျားပြောချင်ရာစွတ်ပြောမနေနဲ့"
လုယန် မျက်နှာအကြီးအကျယ်ပျက်သွားပြီး တာအိုရှင်ယု ပေါက်တတ်ကရ ထပ်မပြောနိုင်စေရန် ချက်ချင်းရိုက်သတ်လိုက်သည်။
ဝိညာဉ်မှတ်ဉာဏ်ရှာဖွေပြီးနောက် အသက်ဖိုးငွေကျင့်စဉ်ပညာ ဘယ်ကလာသည်ကို နားလည်သွားသည်။
"ဗုဒ္ဓနိုင်ငံမှာ လျှို့ဝှက်ဝိညာဉ်ဂိုဏ်းတစ်ခုရှိတယ်။ အဖွဲ့ဝင်အားလုံး အလောင်းတွေ ဝိညာဉ်တွေနဲ့ပတ်သက်တဲ့ မှော်ပညာတွေကို ကျွမ်းကျင်တယ်။ ဂိုဏ်းမှာ အဆင့်ခွဲတဲ့စနစ် တင်းကြပ်တယ်။
ကောင်းကင်၊ မြေ၊ မှော်၊ အဝါရောင်အဆင့် ဆိုပြီးခွဲထားတယ်။ တစ်ဆင့်ထက်တစ်ဆင့်မြင့်တယ်။ အမြင့်ဆုံးဖြစ်တဲ့ ကောင်းကင်အဆင့်မှာ အဖွဲ့ဝင်ဆယ်ယောက်ရှိတယ်။
အားလုံးမှာ ထူးခြားတဲ့စွမ်းရည်တွေရှိတယ်။ ဒိအဘိုးကြီးက အဝါရောင်အဆင့်အဖွဲ့ဝင်ပါ။ ဝိညာဉ်ဂိုဏ်းရဲ့ အပြင်ဂိုဏ်းသားအဆင့်ပဲရှိတယ်။
အသက်ဖိုးငွေပညာကို ဂိုဏ်းကနေ တိုက်ရိုက်ရခဲ့တယ်။ ပြီးတော့ ဝိညာဉ်ဂိုဏ်းက လျှို့ဝှက်စခန်းနေရာတွေ အများကြီးရှိတယ်။ နေရာတုတွေ နေရာအစစ်တွေ မရေမတွက်နိုင်အောင်များတယ်။
ဒီအဘိုးကြီးလည်း ဂိုဏ်းဝင်တစ်ယောက်ဖြစ်ပေမယ့် ဝိညာဉ်းဂိုဏ်းလျှို့ဝှက်စခန်းအစစ်တွေ ဘယ်မှာရှိလဲဆိုတာ မသိဘူး"
"ဒါဆို ဝိညာဉ်ဂိုဏ်းကို ငါတို့ခြေရာခံလို့မရဘူးပေါ့"
ယွမ်မုန်မုန်က အားမလိုအားမရဟန်ဖြင့် လက်သီးတပြင်ပြင်လုပ်နေသည်။ မဟာတိုက်ပွဲနွှဲပြီး သူ့စွမ်းရည်ကို ပြချင်နေသည်။ ဂိုဏ်းဝင်များကို အဆင့်ဆင့်ခွဲထားသဖြင့် အတော်အင်အားကြီးမည့်သဘောရှိသည်။
"ဟုတ်တယ်။ မရဘူး။ ဒါပေမယ့် လိုလည်းမလိုလောက်ပါဘူး"
"အမ် ဘာလို့လဲ"
"ပြီးခဲ့တဲ့နှစ်ပိုင်းက မုန်မိသားစုနဲ့ အနောက်မိုးပျံဘုံကျောင်းပူးပေါင်းပြီး ဗုဒ္ဓနိုင်ငံက နှလုံးမဲ့ဂိုဏ်းဝင်တွေ ပုန်းခိုနေတဲ့နေရာကို စုံစမ်းဖော်ထုတ်ပြီး ရှင်းလင်းခဲ့တယ်။
အဘိုးကြီးမှတ်ဉာဏ်အရ အဲဒီတုန်းက မုန်မိသားစု ရှင်းလင်းခဲ့တဲ့ထဲမှာ ဝိညာဉ်ဂိုဏ်းရဲ့ အဓိကစခန်းလည်း ပါသွားတယ်တဲ့။ ဒီအဘိုးကြီးက အဆင့်နိမ့်လွန်းလို့ မုန်မိသားစုက သတိမထားမိခဲ့တာ"
လုယန် ကျောက်စိမ်းတံဆိပ်ထဲမှ မှတ်စုစာအုပ်တစ်ခုဆွဲထုတ်လိုက်သည်။
မိန်းကလေးများ ဝိုင်းအုံလာသည်။ စာအုပ်နာမည်က 'မုန်မိသားစု ဗုဒ္ဓနိုင်ငံမှ နှလုံးမဲ့ဂိုဏ်းကို ရှင်းလင်းမှုမှတ်တမ်း'ဟု ရေးထားသည်။
"အဲဒီလှုပ်ရှားမှု ပြီးသွားချိန်မှာ မုန်မိသားစုက ဂုဏ်ပြုတွေ့ဆုံပွဲတစ်ခုလုပ်တယ်။ ကျုပ်ကိုလည်းဖိတ်တယ်။ ဒီမှတ်တမ်းက အဲဒီ့ပွဲမှာ လောင်မုန်ရဲ့အဖေ မုန်ပိုထန်ရေးခဲ့တဲ့ မှတ်တမ်းပါ"
လုယန် စာအုပ်ကိုလှန်၍ စစ်ဆေးကြည့်သည်။ သို့သော် သူနားမလည်။
"ထူးဆန်းတယ်။ ဒီမှတ်တမ်းထဲမှာ ဝိညာဉ်ဂိုဏ်းအကြောင်း ရေးထားတာမပါဘူး။ ဒီအဘိုးကြီးမှတ်ဉာဏ်မှာ ဝိညာဉ်းဂိုဏ်းကို မုန်မိသားစုက ရှင်းလင်းခဲ့တယ်လို့ ပြောထားတယ်"
"ဒီနောပဲ"
ချင်ဟဲက မှတ်တမ်းထဲမှ မထင်မရှားစာကြောင်းတစ်ကြောင်းကို လက်ညှိုးထောက်ပြသည်။
"ဤလှုပ်ရှားမှုတွင် နှလုံးမဲ့ဂိုဏ်းအကြီးအကဲများကို ဖမ်းနိုင်ခဲ့ရုံသာမက 'ကန်လုန်ဂိုဏ်း'နှင့် 'ကောင်းကင်မဲ့ဂိုဏ်း'လို တရားမဝင်အဖွဲ့အစည်း တစ်ဒါဇင်ကျော်ကို ရှင်းလင်းနိုင်ခဲ့သည်'တဲ့"
"ဒါပေမယ့် ဝိညာဉ်ဂိုဏ်းနာမည် မပါဘူးမဟုတ်လား"
ယွမ်မုန်မုန် တွေးရခက်နေသည်။
"ဝိညာဉ်ဂိုဏ်းက 'တရားမဝင်ဂိုဏ်း တစ်ဒါဇင်ကျော်'ဆိုတဲ့ထဲမှာ ပါတာဖြစ်မယ်"
*****************************