အခန်း (၃၉၅-၃၉၆)
Vol. 40 Ch. 395-396
အခန်း။ ၃၉၅
အလောင်းထိန်းချုပ်ခြင်းဂိုဏ်း၏ မှတ်တမ်းဟောင်းများထဲတွင် ဖော်ပြချက်တစ်ခု ရှိဖူးသည်။
ယင်လျှပ်စီးဗုံးသည် အလွန်တရာ အစွမ်းထက်သော်လည်း ၎င်းကို ဖော်စပ်သည့် နည်းလမ်းမှာ အလွန်ယုတ်ညံ့ ရက်စက်လှသဖြင့် မိစ္ဆာကျင့်ကြံသူများ၏ လက်ထဲတွင်သာ တွေ့ရလေ့ရှိသည်။ ယင်လျှပ်စီးဗုံး တစ်လုံးတည်းနှင့်ပင် ချီသန့်စင်ခြင်းအထောက်အထိပ်အဆင့်ရှိသူကို အသက်အန္တရာယ် ပေးနိုင်သည်။
အကယ်၍ အရေအတွက်သာ များမည်ဆိုပါက အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်ရှိ ကျင့်ကြံသူကြီးများကိုပင် ခြိမ်းခြောက်နိုင်စွမ်း ရှိသည်။
ဤအချက်ကို ကြည့်ခြင်းအားဖြင့် ဟွမ်ချွမ်ဂိုဏ်းသည် ကုမျိုးနွယ်စု၏ လေလံပွဲကို ဖျက်ဆီးရန် အသေအလဲ ကြံစည်ထားကြောင်း ထင်ရှားနေသည်။
အစောင့်အကြပ်ဆန်းက ယင်လျှပ်စီးဗုံးများကို ထုတ်ပြလိုက်သောအခါ လူအုပ်ကြီးမှာ ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။
"လေလံပွဲနေ့အထိ ဘာလို့ စောင့်နေမှာလဲ။ အခုပဲ ဝေပေးလိုက်လေ"
"ဟွန့်... မင်းတို့က ကြိုသုံးမိလို့ ငါတို့ အစီအစဉ် ပျက်ကုန်ရင် ဘယ်လိုလုပ်မလဲ" အစောင့်အကြပ်ဆန်းက ယင်လျှပ်စီးဗုံးများကို ဂရုတစိုက် သိမ်းဆည်းထားပြီး ငြင်းပယ်လိုက်သည်။
ဘေးနားတွင် ရှိနေသော လုံယီမှာမူ ထိုယင်လျှပ်စီးဗုံးတွေကို ဘယ်လိုယူရမလဲဟု တိတ်တဆိတ် ကြံစည်နေမိသည်။
နောက်ရက်များတွင် လုံယီသည် ဤဝင်းအတွင်း၌ပင် နေထိုင်ကာ ဟွမ်ချွမ် မိစ္ဆာကျင့်ကြံသူများနှင့် ရောနှောနေထိုင်ခဲ့သည်။ သူသည် အလွန်သတိရှိပြီး သံသယမဝင်စေရန် စကားကို တတ်နိုင်သမျှ နည်းနည်းသာ ပြောသည်။
ထိုမိစ္ဆာကျင့်ကြံသူများမှာလည်း သူတို့ကြားထဲတွင် လူစိမ်းတစ်ယောက် ရောက်နေသည်ကို လုံးဝ သတိမထားမိကြပေ။
သူတို့၏ စကားဝိုင်းများမှတစ်ဆင့် လုံယီသည် ဟွမ်ချွမ်ဂိုဏ်း၏ လျှို့ဝှက်ချက်များစွာကို သိရှိလာခဲ့သည်။ သူတို့၏ ပြောကြားချက်အရ ဟွမ်ချွမ်ဂိုဏ်း၏ သြဇာမှာ ကျောက်နိုင်ငံအတွင်း၌သာမက အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ချူနိုင်ငံ၊ ယန်နိုင်ငံ၊ ယွဲ့နိုင်ငံများနှင့် အလယ်
ပိုင်းတိုက်ကြီး၏ အနက်ရှိုင်းဆုံးနေရာများအထိပင် ပျံ့နှံ့နေသည်ဟု ပြောကြသည်။
လက်ရှိတွင် ဂိုဏ်း၌ အကြီးအကဲ ၁၇ ဦး ရှိပြီး အားလုံးမှာ အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်အထက်တွင် ရှိကြသည်။ ဂိုဏ်းချုပ်နှင့် ဒုဂိုဏ်းချုပ်တို့မှာမူ မည်မျှအထိ အစွမ်းထက်သည်ကို ခန့်မှန်း၍မရဘဲ ဂိုဏ်းကြီးတစ်ခု၏ ခေါင်းဆောင်နှင့် အင်အားချင်း မခြားနားကြောင်း သိရသည်။
ဟွမ်ချွမ်ဂိုဏ်းသည် အခြေမဲ့ကျင့်ကြံသူများ၊ ဂိုဏ်းကြီးများမှ အပယ်ခံရသူများနှင့် ကျင့်ကြံခြင်း မိသားစုများမှ လူများကို အဓိက စည်းရုံးလေ့ရှိသည်။ ကျင့်ကြံမှုအဆင့် အဆမတန် မြန်မြန်တိုးတက်လိုသော လောဘကို လူတိုင်း မတွန်းလှန်နိုင်ကြပေ။
မကြာခင် ရောက်လာမည့် ဆယ့်သုံးယောက်မြောက် အကြီးအကဲနှင့် ပတ်သက်၍ မည်သူမျှ မသိကြသဖြင့် လုံယီမှာ စိတ်အေးသွားရသည်။ ဆိုလိုသည်မှာ ထိုအကြီးအကဲသည် စူးယွီနှင့် ဆုံဖူးလိမ့်မည် မဟုတ်ပေ။
လုံယီ၏ ရုပ်ဖျက်ခြင်းပါရမီနှင့် မိစ္ဆာကျင့်ကြံသူများ၏ ဖုံးကွယ်ခြင်းအတတ်တို့ ပေါင်းစပ်လိုက်လျှင် အားလုံးကို လှည့်စားရန် လုံလောက်သည်။
လေလံပွဲ မစတင်မီ တစ်ရက်အလိုတွင် အနက်ရောင် ဝတ်ရုံဝတ်ထားသော ပုံရိပ်တစ်ခု ကောင်းကင်ယံမှ ဆင်းသက်လာပြီး ခြံဝင်းအလယ်တွင် ရပ်နားလိုက်သည်။ ဟွမ်ချွမ်ဂိုဏ်း၏ ဆယ့်သုံးယောက်မြောက် အကြီးအကဲ ရောက်ရှိလာပြီ ဖြစ်သည်။
သူမသည် အသက် ၃၀ ကျော်ခန့် ရှိပြီး တောက်ပသော အနီရောင် ဝတ်ရုံကို ဝတ်ဆင်ထားသော်လည်း သူမ၏ ဆွဲဆောင်မှုရှိသော ကိုယ်လုံးကိုယ်ပေါက်ကို ဖုံးကွယ်ထားနိုင်ခြင်း မရှိပေ။ သူမ၏ မျက်တောင်များမှာ ရှည်လျားထူထဲပြီး နှုတ်ခမ်းများမှာ နီရဲနေကာ မျက်ဝန်းများမှာ အနက်နှင့် ခရမ်းရောင် ရောယှက်နေပြီး ညှို့ဓာတ်တစ်မျိုး ထွက်ပေါ်နေသည်။ ဆယ့်သုံးယောက်မြောက် အကြီးအကဲမှာ အမျိုးသမီးတစ်ဦး ဖြစ်နေခြင်းပင်။
သူမ၏ အရှိန်အဝါမှာ အလွန်နက်ရှိုင်းလှသဖြင့် လုံယီပင် ကြက်သီးထသွားရသည်။ သူမသည် အကြီးအကဲ ဝမ်ထက်ပင် ပို၍ အန္တရာယ်ရှိပုံရသည်။ လုံယီသည် သူ၏ သွေးနှောင်ဖွဲ့ခြင်းအတတ်နှင့် သွေးချီစွမ်းအင်ပြောင်းလဲခြင်းအတတ်ကို အနည်းငယ် အသက်သွင်းကာ သူ၏ နဂိုမူလ ချီစွမ်းအင်ကို ဖုံးကွယ်လိုက်သည်။ တစ်ချိန်တည်းမှာပင် ရုပ်ဖျက်ခြင်းပါရမီကို အသုံးပြုကာ မည်သည့် ဟာကွက်မျှ မရှိစေရန် သတိထားလိုက်သည်။
ဆယ့်သုံးယောက်မြောက် အကြီးအကဲသည် လုံယီ၏ ထူးခြားမှုကို သတိမထားမိဘဲ သူမ၏ အေးစက်သော အကြည့်များဖြင့် လူအုပ်ကို ဝေ့ကြည့်လိုက်ရာမှ ရုတ်တရက် ဆွဲဆောင်မှုရှိသော အပြုံးတစ်ခုသို့ ပြောင်းလဲသွားသည်။
"ဒီမှာ ရှိနေတဲ့သူတွေက ငါတို့ဂိုဏ်းရဲ့ သူရဲကောင်းတွေပဲ။ မင်းတို့ရဲ့ ကြိုးစားအားထုတ်မှုတွေအတွက် ကျေးဇူးတင်ပါတယ်..."
စကားပြောနေစဉ်မှာပင် သူမ၏ ဝတ်ရုံကော်လာမှာ အနည်းငယ် ပွင့်သွားပြီး နှင်းကဲ့သို့ ဖြူဖွေးသော အသားအရေမှာ ပေါ်ထွက်လာရာ ကျင့်ကြံသူအများအပြားမှာ စိတ်လှုပ်ရှားကာ သူမ၏ ညှို့ဓာတ်အောက်သို့ ကျရောက်သွားကြတော့သည်။ လုံယီပင်လျှင် ရင်ခုန်သံ အနည်းငယ် မြန်သွားရသည်။
ကံကောင်းထောက်မစွာဖြင့် သူ၏ စိတ်ထဲမှ သိန်းငှက်ပုံရိပ်က သတိပေးလိုက်သဖြင့် လုံယီသည် အသိပြန်ဝင်လာပြီး ထိုအမျိုးသမီး၏ ပရိယာယ်ထဲသို့ ကျမသွားခဲ့ပေ။
သို့သော် သူသည် မသိသာစေရန်အတွက် အခြားသူများကဲ့သို့ပင် မိန်းမောနေသော မျက်နှာထားကို ဟန်ဆောင်ပြလိုက်သည်။
"အားလုံး ကြိုးစားခဲ့ကြတာပဲ။ အကျိုးရှိတဲ့သူကို ဆုချရမှာပေါ့။ ငါကိုယ်တိုင် မင်းတို့ကို ကောင်းကောင်း ဆုချပါ့မယ်"
ဆယ့်သုံးယောက်မြောက် အကြီးအကဲက ဝင်းအတွင်းကို ဝေ့ကြည့်လိုက်သည်။
ထို့နောက် သူမသည် ရှေ့ဆုံးတွင်ရှိသော အသားဖြူဖြူနှင့် ရုပ်ဖြောင့်သော အမျိုးသား ကျင့်ကြံသူတစ်ဦးထံ အကြည့်ပို့လိုက်ပြီး "ငါ့ဆီက ဆုလာယူချင်လား" ဟု မေးလိုက်သည်။
သူမသည် ကိုယ်ကို အနည်းငယ် ကိုင်းလိုက်ရာ သူမ၏ ကိုယ်လုံးကိုယ်ပေါက်မှာ ပိုမိုထင်ရှားလာပြီး ယောက်ျားလေးကျင့်ကြံသူမှာ မိန်းမောသွားကာ အသည်းအသန် ခေါင်းညိတ်ပြလိုက်တော့သည်။
အားလုံး အသိပြန်ဝင်လာချိန်တွင်မူ ထိုကျင့်ကြံသူနှင့် ဆယ့်သုံးယောက်မြောက် အကြီးအကဲတို့မှာ အခန်းတွင်းသို့ ဝင်သွားကြပြီဖြစ်ကြောင်း တွေ့လိုက်ရသဖြင့် အားလုံးက ထိုသူ၏ ကံကောင်းမှုကို မနာလိုဖြစ်ကာ ကျိန်ဆဲနေကြတော့သည်။ မကြာမီမှာပင် အခန်းတွင်းမှ အမျိုးသမီး၏ ညည်းတွားသံများနှင့် အမျိုးသား၏ အသက်ရှူသံပြင်းပြင်းများ ထွက်ပေါ်လာတော့သည်။
"ဟွန့်... ဝမ်ချိန်က ဘာများ ထူးခြားနေလို့လဲ ကြည့်ရတာ မိန်းကလေးကျပုံစံနဲ့။ အကြီးအကဲက လူကြမ်းတွေကို မကြိုက်ဘူးလားမသိဘူး"
"ဝမ်ချိန်ကတော့ ကံကောင်းတာပဲ။ သူ့ရဲ့ ရုပ်ချောချောလေးနဲ့ မိန်းမပျိုလေးတွေကို ဖြားယောင်းခဲ့တာ အခုတော့ အကြီးအကဲရဲ့ မျက်စိကျခြင်းကိုတောင် ခံရပြီ။ ဘယ်လိုလုပ် မနာလိုမဖြစ်ဘဲ နေနိုင်မှာလဲ"
နံရံဘေးတွင် ခိုးနားထောင်နေကြသူများမှာ မနာလိုစိတ်များဖြင့် မျက်လုံးများ နီရဲနေကြပြီး ဝမ်ချိန်၏ နေရာတွင် သူတို့သာ ဖြစ်လိုက်ချင်ကြသည်။
သို့သော် ခဏအကြာတွင်မူ...
"အား"
ရင်ကွဲမတတ် အော်ဟစ်သံကြီးတစ်ခု လေထုထဲသို့ တိုးဝင်လာသည်။ ထိုအသံထဲတွင် ထိတ်လန့်မှု၊ ကြောက်ရွံ့မှုနှင့် မျှော်လင့်ချက်ကင်းမဲ့မှုတို့ အပြည့်ပါဝင်နေပြီးနောက် ရုတ်တရက် တိတ်ဆိတ်သွားတော့သည်။
ဝုန်း
အခန်းတံခါးကြီး ပွင့်ထွက်သွားပြီး လူတစ်ယောက်၏ ပုံရိပ်မှာ အမှိုက်သရိုက်တစ်ခုကဲ့သို့ အပြင်သို့ လွင့်ထွက်လာသည်။
စောစောက လူတိုင်း အားကျခဲ့ရသော ဝမ်ချိန်ပင်။ ယခုအခါ သူ၏ ရုပ်သွင်မှာ နွမ်းနယ်ခြောက်ကပ်နေပြီး အသားအရေများ တွန့်လိပ်ကာ ဆံပင်များမှာလည်း ဖြူဖွေးနေသည်။ ပါးစပ်မှလည်း သွားရည်များ ကျနေပြီး ရုတ်တရက် အသက် ၅၀ ခန့် ကြီးရင့်သွားသကဲ့သို့ ဖြစ်နေတော့သည်။
"ဒါ... ဒါက ချီစွမ်းအင်စုပ်ယူခြင်းအတတ်ပဲ"
တစ်ဦးက အံ့အားသင့်စွာ အော်ဟစ်လိုက်သည်။
ထိုစကားကို ကြားသောအခါ အခြားသူများ၏ မျက်နှာမှာ ချက်ချင်း ပျက်သွားကြသည်။ ချီစွမ်းအင်စုပ်ယူခြင်းဆိုသည်မှာ ကာမဆက်ဆံခြင်းမှတစ်ဆင့် တစ်ဖက်လူ၏ ကျင့်ကြံမှုနှင့် သက်စောင့်အားများကို စုပ်ယူပစ်သည့် နည်းလမ်းဖြစ်သည်။
၎င်းမှာ အဆင့်မြင့် မိစ္ဆာကျင့်ကြံသူများသာ တတ်မြောက်လေ့ရှိပြီး သာမန်လူများမှာ ထိုအတတ်နှင့် ကြုံတွေ့ရပါက ချက်ချင်း သေဆုံးခြင်း သို့မဟုတ် သက်တမ်း အကုန်နီးပါး ဆုံးရှုံးခြင်းတို့ ဖြစ်ပေါ်တတ်သည်။ ဝမ်ချိန်မှာ ၎င်း၏ သာဓကပင်။
"အလဟဿပဲ ဒီလောက်လေးတောင် မခံနိုင်ဘူးလား"
အခန်းထဲမှ အကြီးအကဲ အမျိုးသမီး၏ မကျေမနပ် အသံ ထွက်ပေါ်လာသည်။
နောက်တစ်စက္ကန့်တွင် မွှေးပျံ့သော လေညင်းတစ်ခုနှင့်အတူ အကြီးအကဲ အမျိုးသမီးမှာ လူအုပ်ကြားသို့ ပြန်ရောက်လာသည်။ သူမသည် ဝတ်ရုံကိုပင် ပြန်မဝတ်ထားပေ။ ကိုယ်ကျပ် အနီရောင် အတွင်းခံကိုသာ ဝတ်ဆင်ထားပြီး ဆီးနှင်းကဲ့သို့ ဖြူဖွေးသော အသားအရေမှာ ထင်
ထင်ရှားရှား ပေါ်လွင်နေသည်။
အရေးကြီးသော နေရာများကိုသာ ဖုံးကွယ်ထားသော သူမ၏ အလှမှာ အနုပညာ လက်ရာတစ်ခုကဲ့သို့ပင်။ သူမသည် အန္တရာယ်ရှိမှန်း သိကြသော်လည်း လူအုပ်ကြားမှ တံတွေးမြိုချသံများကို အတိုင်းသား ကြားနေရသည်။
"ဒီညကို ငါနဲ့အတူ ပျော်ပျော်ပါးပါး ဖြတ်သန်းပြီး နိဗ္ဗာန်ဘုံကို သွားချင်တဲ့သူ ရှိသေးလား" သူမ၏ ဆွဲဆောင်မှုရှိသော မျက်ဝန်းများက လူအုပ်ကို ဝေ့ကြည့်လိုက်သည်။
သို့သော် ယခုအချိန်တွင်မူ လူအများစုမှာ သူမ၏ ရွေးချယ်ခြင်း မခံရစေရန် ခေါင်းငုံ့ထားကြတော့သည်။ အလှအပက ဆွဲဆောင်မှုရှိသော်လည်း အသက်က ပို၍ အရေးကြီးသည်။
"မင်း... ဒီကိုလာခဲ့"
သူမ၏ မီးလျှံကဲ့သို့သော အကြည့်များက သူ့ထံသို့ ရောက်လာသောအခါ လုံယီသည် စိတ်ထဲမှ ကျိန်ဆဲလိုက်မိသည်။ တကယ်ပင် သူ ရွေးချယ်ခံလိုက်ရခြင်းပင်။ သူသည် စိတ်ကို တင်းထားပြီး ရှေ့သို့ တစ်လှမ်း တိုးလိုက်သည်။
စူးယွီမှာ ချမ်းသာသော ကုန်သည်မျိုးနွယ်မှ လာသူဖြစ်သဖြင့် အခြေခံ ရုပ်ရည်မှာ အတော်လေး ကောင်းမွန်လှရာ သူမ၏ မျက်ဝန်းများမှာ အရောင်တောက်သွားသည်။
သို့သော် သူမ စကားမပြောမီမှာပင် လုံယီက "ခွင့်လွှတ်ပါ အကြီးအကဲ ကျွန်တော်က မိန်းမတွေကို စိတ်မဝင်စားလို့ပါ" ဟု ပြောလိုက်သည်။
"ဟင်"
အမျိုးသမီး၏ မျက်ခုံးများ တွန့်ချိုးသွားပြီး အကြည့်များက အေးစက်သွားသည်။
"ဒီမှာရှိတဲ့ ညီအစ်ကိုတွေ အားလုံး သိကြပါတယ်။ အစောင့်အကြပ်ဆန်း... ဟုတ်တယ်မလား"
အစောင့်အကြပ်ဆန်းမှာလည်း စိတ်ထဲမှ ကျိန်ဆဲနေမိသည်။ အကြီးအကဲ၏ ထက်ရှသော အကြည့်အောက်တွင် သူသည် မတတ်သာဘဲ ခေါင်းညိတ်ပြလိုက်ရသည်။
"သွားစမ်း"
အကြီးအကဲ အမျိုးသမီးသည် အစောင့်အကြပ်ဆန်းကို သိပုံရပြီး လုံယီကိုမူ ရွံရှာသော အကြည့်ဖြင့် ကြည့်ကာ မောင်းထုတ်လိုက်သည်။
သူမသည် အခြားသော အသင့်အတင့် ရုပ်ရည်ရှိသည့် မိစ္ဆာကျင့်ကြံသူတစ်ဦးကို ထပ်မံ ရွေးချယ်လိုက်သည်။ ထိုသူ၏ ရုန်းကန်မှုကို ဂရုမစိုက်ဘဲ အနက်ရောင် အလင်းတန်းတစ်ခုဖြင့် ဖုံးလွှမ်းကာ အခန်းတွင်းသို့ ပြန်ဝင်သွားတော့သည်။ ထိုကံဆိုးသူမှာ အတန်ကြာအောင် ခံနိုင်ရည်ရှိခဲ့သော်လည်း နောက်ဆုံးတွင်မူ ချီစွမ်းအင်အားလုံး စုပ်ယူခံရကာ အသက်ပျောက်သွားခဲ့ရသည်။
လူအုပ်ကြီးမှာ ထိတ်လန့်တုန်လှုပ်နေစဉ်မှာပင် သူမသည် ထပ်မံ ရွေးချယ်ခြင်းကို ရပ်နားလိုက်သည်။
"ငါ ပင်ပန်းပြီ အရင် အိပ်တော့မယ်"
သူမ၏ အသံကြောင့် လူတိုင်းမှာ သက်ပြင်းချနိုင်တော့သည်။ အချို့မှာ စိတ်ထဲမှ ကြောက်ရွံ့မှုများကို ဖြေဖျောက်ရန် ဖဲရိုက်ကြသည်။ အချို့မှာမူ အနားယူရန် ရွေးချယ်ကြသည်။ အစောင့်အကြပ်ဆန်းမှာမူ ကြောက်စိတ်ကြောင့် ဖြစ်ပေါ်လာသော ကာမဆန္ဒကို ဖြေဖျောက်ရန် ပေါင်ဒါလိမ်းထားသော လူငယ်ကို အခန်းထဲသို့ အတင်းဆွဲခေါ်သွားတော့သည်။ မည်သူမျှ ထွက်ပြေးရန် မစဉ်းစားရဲကြပေ။ အကယ်၍ အဖမ်းခံရပါက ယခုထက် ဆယ်ဆမက ပိုမိုဆိုးဝါးသော ကံကြမ္မာနှင့် ရင်ဆိုင်ရမည်ကို သိနေကြသောကြောင့်ပင်။
လုံယီသည် အခြေအနေကို တစ်ချက်ကြည့်လိုက်သည်။ ယင်လျှပ်စီးဗုံးများမှာ အစောင့်အကြပ်ဆန်း၏ ခါးရှိ သိုလှောင်အိတ်ထဲတွင် ရှိနေသည်။ သူသည် ထိုအရာအချို့ကို ရရှိရန် အစီအစဉ်ဆွဲရမည်။ မဟုတ်ပါက မနက်ဖြန်တွင် အားလုံးကို ဝေပေးလိုက်လျှင် သူ၏ အခွင့်အရေး ဆုံးရှုံးသွားပေလိမ့်မည်။
သို့သော် ဇွတ်အတင်း လုပ်၍မရပေ။ အတွင်းဝင်းထဲတွင် အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်ရှိ အကြီးအကဲ တစ်ဦး ရှိနေသဖြင့် အခွင့်အရေးကို စိတ်ရှည်လက်ရှည် စောင့်ရပေလိမ့်မည်။ အကယ်၍ တစ်ခုခု ချို့ယွင်းသွားပါက သူသည် ချက်ချင်း ထွက်ပြေးရန်သာ ရှိတော့သည်။
အခန်း။ ၃၉၆
အခွင့်အရေးမှာ လုံယီထံသို့ အချိန်မီ ရောက်ရှိလာခဲ့သည်။
ညဉ့်နက်ပိုင်းတွင် စိတ်မကျေမချမ်းဖြစ်နေသော အကြီးအကဲ (၁၃) သည် လူရွေးရန် အခန်းထဲမှ တိုက်ရိုက်ထွက်လာပြီးနောက် အတွင်းဝင်းထဲတွင် ပျော်ပါးမြူးထူးသံများ ပျံ့လွင့်လာတော့သည်။ ထိုအချိန်တွင် အစောင့်အကြပ်ဆန်း၏ အခန်းထဲ၌လည်း ကာမစိတ်ရိုင်းများ ပြင်းထန်နေဆဲပင်။
လုံယီသည် တံခါးဝသို့ တိတ်တဆိတ် ကပ်သွားပြီး ပြတင်းပေါက် စက္ကူကို အပေါက်ဖောက်ကာ အတွင်းမှ ကြည့်မကောင်းသော မြင်ကွင်းကို အကဲခတ်လိုက်သည်။ သူ၏ စိတ်နှလုံးမှာ ငြိမ်
သက်နေသော ရေကန်တစ်ခုကဲ့သို့ အေးစက်နေဆဲပင်။
သူ၏ လက်ထဲမှ ငွေအပ်တစ်ဒါဇင်ခန့်မှာ လျှပ်စီးကဲ့သို့ ပျံထွက်သွားပြီး အခန်းတွင်းရှိ လူနှစ်ဦး၏ ဂုတ်ပိုးမှ ဖုန်းချီသွေးကြောမှတ်၊ ဦးခေါင်းထိပ်မှ ပိုင်ဟွေးသွေးကြောမှတ်နှင့် နားရွက်နောက်မှ ဆန်းကျောင်းသွေးကြောမှတ်များကို တိတိကျကျ စိုက်ဝင်သွားသည်။
အတွင်းမှ အသံများမှာ ချက်ချင်းပင် တိတ်ဆိတ်သွားတော့သည်။
လုံယီ၏ ခန္ဓာကိုယ် သွေးကြောမှတ်များအပေါ် ကျွမ်းကျင်မှုမှာ ပြိုင်စံရှားလှရာ အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်အောက်ရှိ မည်သည့်ကျင့်ကြံသူမျှ သူ၏ လက်ဦးမှုကို ရှောင်လွှဲနိုင်မည် မဟုတ်ပေ။
သူသည် အခန်းထဲသို့ ဝင်ကာ အစောင့်အကြပ်ဆန်း၏ သိုလှောင်အိတ်ကို ဖွင့်ကြည့်လိုက်ရာ အတွင်း၌ ယင်လျှပ်စီးဗုံးအလုံးရေ ၅၀ မှ ၆၀ ခန့်အထိ ရှိနေသည်ကို တွေ့လိုက်ရသည်။ ၎င်းမှာ ရှိနေသော လူအရေအတွက်ထက် နှစ်ဆပင် ပိုနေသေးသည်။
ကံကောင်းလိုက်တာ...
လုံယီ၏ မျက်လုံးများ ဝင်းလက်သွားသည်။
သူသည် ခေတ္တစဉ်းစားပြီးနောက် ထက်ဝက်ကို ယူလိုက်ကာ ကျန်ထက်ဝက်ကိုမူ မူလအတိုင်း ထားပေးခဲ့သည်။ တစ်ချိန်တည်းမှာပင် သူ၏ သွေးရောင်ပုံရိပ်ကို အသုံးပြုကာ ပေါင်ဒါလိမ်းထားသော လူငယ်၏ ခန္ဓာကိုယ်ကို မည်သည့်အစအနမျှ မကျန်စေဘဲ ဝါးမြိုပစ်လိုက်သည်။ ခဏအကြာတွင်မူ ထိုလူငယ်အဖြစ် အသွင်ပြောင်းထားသော လုံယီသည် အလွန်သတိထားလျက် အခန်းထဲမှ ပြန်ထွက်လာခဲ့သည်။
သူသည် ဖဲကစားနေသော လူများအနားမှ တမင်ဖြတ်လျှောက်သွားသဖြင့် လူအများအပြားက သူ့ကို မြင်လိုက်ကြသည်။ ထို့နောက် သူသည် ခြံဝင်းအပြင်ဘက်သို့ ထွက်ခွာသွားပြီးနောက် ပြန်မလာတော့ပေ။
နံနက်တွင် အစောင့်အကြပ်ဆန်း နိုးလာသောအခါ ယင်လျှပ်စီးဗုံးထက်ဝက် ပျောက်ဆုံးနေသည်ကို သိရှိပြီး ဒေါသအလိပ်လိပ် ထွက်တော့သည်။ အခြားသူများ၏ စကားအရ ပေါင်ဒါလိမ်းထားသော လူငယ်မှာ အပြင်သို့ ခိုးထွက်သွားကြောင်း သိရသဖြင့် ထိုလူငယ်ကပင် ဗုံးများကို ခိုးယူကာ ထွက်ပြေးသွားသည်ဟု သူ တစ်ထစ်ချ မှတ်ယူလိုက်တော့သည်။
နောက်ထပ် တစ်ရက် ကုန်ဆုံးသွားပြီးနောက် နောက်ဆုံးတွင် လေလံပွဲနေ့သို့ ရောက်ရှိလာခဲ့သည်။ နံနက်အစောပိုင်းတွင် အကြီးအကဲ (၁၃) သည် ဝင်းအတွင်းသို့ ရောက်လာပြီး လူစုလိုက်သည်။
"အားလုံး အသင့်ပဲလား"
အကြီးအကဲ (၁၃) က အေးစက်စွာ မေးသည်။ ယနေ့တွင် သူမသည် ကိုယ်ကို လုံအောင် ဖုံးအုပ်ထားပြီး အေးစက်သော အရှိန်အဝါများ ထွက်ပေါ်နေသဖြင့် မနေ့က လူနှင့် လုံးဝ မတူတော့ပေ။
အစောင့်အကြပ်ဆန်းမှာ သူမ၏ ဒေါသကို ကြောက်သဖြင့် ဗုံးထက်ဝက် ပျောက်ဆုံးနေသည်ကို မပြောရဲဘဲ ကြိတ်မှိတ်ကာ ခေါင်းညိတ်ပြလိုက်ရသည်။
ထို့နောက် မိစ္ဆာကျင့်ကြံသူတစ်အုပ်သည် ချင်းလုံစံအိမ်ဆီသို့ အပြေးအလွှား ဦးတည်ခဲ့ကြသည်။
ချင်းလုံစံအိမ်မှာ ဟယ်မြို့တော်၏ အရှေ့တောင်ဘက်ရှိ ပေရာပေါင်းများစွာ မြင့်သော ချင်းလုံတောင်ရင်ပြင်တွင် တည်ရှိသည်။ စံအိမ်ဂိတ်ဝ၏ အပြင်ဘက်နံရံကို ကျောက်နီများဖြင့် တည်ဆောက်ထားပြီး ဆယ်ပေကျော် မြင့်မားကာ နှစ်ကာလကြာမြင့်မှုကြောင့် အက်ကြောင်းလေးများနှင့် အပေါက်ငယ်လေးများမှာ အထင်းသား ပေါ်လွင်နေသည်။
အတွင်းပိုင်း အဆောက်အဦးများကိုမူ တောင်စောင်းအတိုင်း တည်ဆောက်ထားပြီး အပြာရောင် အုတ်ကြွပ်မိုးများ၊ လှပသော လျှောက်လမ်းများနှင့် မဏ္ဍပ်များမှာ တောင်ထိပ်အထိ သွယ်တန်းနေသည်။
လေလံပွဲကို အမြင့်ဆုံးနေရာတွင် ကျင်းပခြင်းပင်။ တောင်စောင်းတစ်လျှောက်တွင် ဒေသခံဈေးသည်များမှာ မုန့်များ၊ သစ်သီးများနှင့် မျက်နှာဖုံးများကို ရောင်းချနေကြသဖြင့် အလွန်စည်ကားလှသည်။
စံအိမ်ဂိတ်ဝကိုမူ သံချပ်ကာဝတ် လက်နက်ကိုင် အစောင့်အကြပ် ဆယ်ဂဏန်းခန့်က တင်းကျပ်စွာ စောင့်ကြပ်နေကြသည်။
လက်မှတ်ရှိသူများသာ အပေါ်သို့ တက်ခွင့်ရကြသည်။ လုံယီတို့ အဖွဲ့မှာမူ ဆန်းကုန်သွယ်ရေးအသင်းဟူသော အမည်ကို အသုံးပြုခဲ့ကြသည်။ အစောင့်အကြပ်ဆန်းက ကြိုတင်ဝယ်ယူထားသော လက်မှတ်များကို ပြသလိုက်ရာ အစောင့်များက အနှောင့်အယှက်မရှိ လွှတ်ပေးလိုက်သည်။
တောင်ထိပ်သို့ ရောက်သောအခါ အလယ်ဗဟိုကို မြေနိမ့်သဏ္ဌာန် တူးထုတ်ထားပြီး အောက်ဘက်သို့ ဆင်းသွားသော လှေကားထစ်များကို တွေ့ရသည်။ အောက်ဆုံးအလွှာတွင် လေလံပွဲအတွက် အသုံးပြုမည့် ချောမွေ့သော ကျောက်ဖြူစင်မြင့်ကြီး ရှိနေသည်။
အထက်ဘက် လှေကားထစ်များတွင်မူ ဧည့်သည်များ ထိုင်ရန်အတွက် ဖျာများကို ခင်းကျင်းထားသည်။ လေလံစင်မြင့်နှင့် အနီးဆုံးနေရာတွင်မူ သီးသန့် ကျောက်ခန်းဆောင် ဆယ်ခုကျော် ရှိနေသည်။
လုံယီသည် သူ၏ အဝါရောင်အသက်ရှူအတတ်ကို အသုံးပြုကာ သူ၏ မျက်လုံး သွေးကြောမှတ်များကို ဖွင့်လိုက်သည်။ သူ၏ ရှေ့မှ ကမ္ဘာကြီးမှာ မွဲပြာရောင်အဖြစ် ပြောင်းလဲသွားပြီး သက်ရှိများမှာမူ သူတို့၏ ဇီဝစွမ်းအားအလိုက် အနီရောင်နှင့် အဝါရောင် အလင်းတန်းများအဖြစ် မြင်တွေ့နေရသည်။
သို့သော် ခေတ္တမျှ ကြည့်ရှုပြီးနောက် လုံယီ မျက်မှောင်ကြုတ်လိုက်မိသည်။ ကျင့်ကြံသူများ၏ သွေးချီစွမ်းအင်မှာ သာမန်လူများထက် ပိုမိုအားကောင်းသော်လည်း ယခုနေရာတွင် ကိုယ်ခံပညာရှင်များလွန်းသဖြင့် သူတို့၏ သွေးချီစွမ်းအင်မှာ ကျင့်ကြံသူများနှင့် မခြားနားဘဲ ရှိနေသည်။ အကယ်၍ ဝမ်မျိုးနွယ်စုဝင်များက သူတို့၏ ကျင့်ကြံမှုကို ဖုံးကွယ်ထားပြီး မျက်နှာဖုံးများ ဝတ်ဆင်ထားမည်ဆိုပါက လူအုပ်ကြားတွင် သူတို့ကို ရှာဖွေရန်မှာ အလွန် ခက်ခဲပေလိမ့်မည်။
ဟွမ်ချွမ် မိစ္ဆာကျင့်ကြံသူများသည် အောက်ဘက်ရှိ သီးသန့်ခန်းဆောင်များသို့ မသွားဘဲ အမြင့်ဆုံးနေရာရှိ ဖျာများတွင်သာ စုဝေးကာ ထိုင်လိုက်ကြသည်။
ဤသို့ဖြင့် သူတို့သည် အထက်စီးမှနေ၍ အခြေအနေကို စောင့်ကြည့်နိုင်ပြီး တိုက်ခိုက်ရာတွင်လည်း ပထဝီဝင်အနေအထားအရ အားသာချက် ရရှိစေမည်ပင်။
အကယ်၍ အခြေအနေများ ဆိုးရွားလာပါက ထွက်ပေါက်နှင့် အနီးဆုံးနေရာတွင် ရှိနေခြင်းက ထွက်ပြေးရန်အတွက် များစွာ အဆင်ပြေစေသည်။
"လေစီးသီးကို လေလံတင်တာနဲ့ ငါတို့ စတင်လှုပ်ရှားပြီး သူတို့ကို အပြတ်ရှင်းမယ်"
အစောင့်အကြပ်ဆန်းက အဖွဲ့ဝင်များကို အချက်ပြလိုက်သည်။ ထိုစကားကြောင့် မိစ္ဆာကျင့်ကြံသူများသည် စိတ်လှုပ်ရှားတက်ကြွလာပြီး အဆင်သင့် ပြင်ထားကြတော့သည်။
အချိန်ကြာလာသည်နှင့်အမျှ အခြားသော အင်အားစုများနှင့် လေလွင့်ကျင့်ကြံသူများလည်း တစ်ယောက်ပြီးတစ်ယောက် ဝင်ရောက်လာကြသည်။
ရွှေရောင်သံချပ်ကာဝတ်ပြီး လှံရှည်များ ကိုင်ဆောင်ထားသော အစောင့်အုပ်စုတစ်စုသည် ခန့်ညားထည်ဝါပြီး အနီရောင် ဝတ်ရုံဝတ်ထားသော လူလတ်ပိုင်း အမျိုးသားတစ်ဦးကို ခြံရံကာ ရောက်ရှိလာသည်။
ထိုသူကို မြင်သည်နှင့် လူအများက မြို့တော်ဝန်ဟု ခေါ်ဝေါ်ကာ ရိုသေစွာ နှုတ်ဆက်ကြသည်။ သူသည် ကုမျိုးနွယ်စုကို ထောက်ခံအားပေးရန်အတွက် ကိုယ်တိုင်တက်ရောက်လာသောမြို့တော်ဝန်ဟယ်ပင်။
ထို့နောက် အပြာရောင်ဝတ်ရုံများ ဝတ်ဆင်ကာ မြင့်မားသော သရဖူများ ဆောင်းထားသည့်၊ မောက်မာသော အမူအရာရှိသည့် လူတစ်စု ရောက်ရှိလာပြန်သည်။ သူတို့သည် သာမန်လူများနှင့် ရောနှောခြင်းမရှိဘဲ သီးသန့်နေကြသည်။
အခြားသူများ၏ ပြောစကားအရ သူတို့သည် အိမ်နီးချင်း ကျန်မြို့တော်မှ ကျန်ကျင့်ကြံသူမျိုးနွယ်စုဝင်များ ဖြစ်ကြောင်း လုံယီ သိရှိလိုက်ရသည်။
မြို့တစ်မြို့ကို မျိုးနွယ်စု အမည်ဖြင့် မှည့်ခေါ်ထားခြင်းကပင် သူတို့၏ သြဇာအာဏာ မည်မျှကြီးမားသည်ကို ဖော်ပြနေသည်။
ထိုမျိုးနွယ်စု၏ အင်အားအကောင်းဆုံးသူမှာလည်း ချီသန့်စင်ခြင်း အထောက်အထိပ်အဆင့်သို့ ရောက်ရှိနေသူ ဖြစ်သည်။
ထိုစဉ် စာပေပညာရှင်ပုံစံနှင့် ဆံပင်ရှည်ရှည်၊ အသက် ၃၀ ခန့်ရှိပြီး တောက်ပသော မျက်ဝန်းများရှိသည့် အမျိုးသားတစ်ဦး ပေါ်လာသည်။ သူ၏ ရောက်ရှိလာမှုကြောင့် လေလွင့်ကျင့်ကြံသူများကြားတွင် ဟိုးဟိုးကျော် ဖြစ်သွားရသည်။
"ဒါ လီကျားဝေပဲ။ ကျောက်နိုင်ငံမှာ အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်ကို တက်လှမ်းဖို့ အလားအလာအရှိဆုံး လေလွင့်ကျင့်ကြံသူပေါ့။ သူက အခြေခံအုတ်မြစ်တည်ဆောက်ခြင်း အဆင့်ရှိတဲ့ ကျင့်ကြံသူတစ်ယောက်ရဲ့ လက်ထဲကနေတောင် လွတ်အောင် ပြေးနိုင်ခဲ့ဖူးတာ။ သူ့ရဲ့ ခွန်အားက ဂိုဏ်းကြီးတွေရဲ့ ထိပ်တန်းတပည့်တွေနဲ့ ယှဉ်နိုင်တယ်"
လုံယီသည် ထိုသူကို တစ်ချက်ကြည့်လိုက်ရုံဖြင့် တစ်စုံတစ်ရာ ခြိမ်းခြောက်မှုကို ခံစားလိုက်ရသည်။
ဤသူမှာ သူမြင်ဖူးသမျှထဲတွင် အစွမ်းထက်ဆုံးသော ချီသန့်စင်သူဖြစ်ပြီး အလောင်းထိန်းချုပ်ခြင်းဂိုဏ်း၏ နံပါတ်တစ် ကျင့်ကြံသူ ချူရှောက်ကျဲနှင့် အဆင့်တူလောက် ရှိပေလိမ့်မည်။
လူများမှာ အဆက်မပြတ် ဝင်ရောက်လာနေသဖြင့် လေလံပွဲကျင်းပရာ နေရာမှာ ခဏချင်းပင် ပြည့်နှက်သွားတော့သည်။
"မင်းတို့ကတော့ သတ္တိတွေ သိပ်ကောင်းနေကြတာပဲ။ ငါတို့ ချင်းလုံစံအိမ်ကို မင်းတို့အိမ်နောက်ဖေးလို သဘောထားပြီး ခိုးဝင်ရဲတယ်ပေါ့။ ကဲ... အခုပဲ အကျဉ်းထောင်ထဲ လိုက်ခဲ့ကြတော့"
"အရှင်... ကျွန်တော်တို့ကို ခွင့်လွှတ်ပါ အသက်ချမ်းသာပေးပါ"
လေလံပွဲ တရားဝင် မစတင်မီမှာပင် အပြင်ဘက်မှ ဆူညံသံများကို ကြားလိုက်ရသည်။ လုံယီ နားထောင်ကြည့်လိုက်ရာ တစ်စုံတစ်ဦးမှာ လက်မှတ်မရှိဘဲ ခိုးဝင်ရန် ကြိုးစားရင်း အစောင့်များ၏ ဖမ်းဆီးခြင်းကို ခံလိုက်ရခြင်းပင်။
အောက်ဘက်ရှိ ကျယ်ဝန်းသော ကျောက်ဖြူစင်မြင့်ပေါ်တွင် အဝတ်အစားမျိုးစုံ ဝတ်ဆင်ထားသော အမျိုးသား၊ အမျိုးသမီး ခုနစ်ဦး ရှစ်ဦးခန့် ရုတ်တရက် ပေါ်လာသည်။
သူတို့ကို ဦးဆောင်လာသူမှာ အသက် ၆၀ ကျော် ၇၀ နီးပါးရှိပြီး ဆံပင်ဖြူဖြူ၊ အရပ်ရှည်ရှည်နှင့် အနက်ရောင် ဝတ်ရုံဝတ်ထားသော အဖိုးအိုတစ်ဦး ဖြစ်သည်။ သူ၏ အရှိန်အဝါမှာ အလွန်ပင် နက်ရှိုင်းလှသဖြင့် ခန့်မှန်းရခက်လှသည်။
ဆယ့်သုံးယောက်မြောက် အကြီးအကဲပင်လျှင် ထိုသူကို အလေးအနက်ထား စောင့်ကြည့်နေရသည်။ သူသည် အခြားသူမဟုတ်ဘဲ အခြေခံအုတ်မြစ်တည်ဆောက်ခြင်း အဆင့်ရှိသည့် ကုမျိုးနွယ်စု၏ ဘိုးဘေးပင်။
ကုမျိုးနွယ်စု ဘိုးဘေးက ပြုံးလျက် "ကျွန်တော်တို့ ကုမျိုးနွယ်စုရဲ့ ချင်းလုံစံအိမ် လေလံပွဲကို တက်ရောက်လာပေးကြတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်။ ဒီနေ့ လေလံတင်မယ့် ပစ္စည်း စုစုပေါင်း ၂၃ မျိုး ရှိပြီး အားလုံးက အင်မတန် ထူးခြားကောင်းမွန်တဲ့ ပစ္စည်းတွေ ဖြစ်
မယ်လို့ အာမခံပါတယ်" ဟု ပြောလိုက်သည်။
ထို့နောက် သူသည် လက်တစ်ဖက်ကို ဝေ့ယမ်းလိုက်ရာ အလင်းတန်းတစ်ခု ဝင်းခနဲ လက်သွားသည်။ မြေပြင်ပေါ်ရှိ အနက်ရောင် မျဉ်းကြောင်းများမှာ အရှိန်အဟုန်ဖြင့် စီးဆင်းသွားပြီး မြေထုကြီးမှာ တုန်ခါသွားတော့သည်။
မြေအောက်မှနေ၍ မြစိမ်းရောင် ဖန်သားဖြင့် ပြုလုပ်ထားသော စင်မြင့်လေးတစ်ခု ဖြည်းဖြည်းချင်း တက်လာသည်။
ထိုစင်မြင့်၏ အလယ်တွင် အနီရောင် သတ္တုစအနများစွာဖြင့် ပေါင်းစပ်ပြုလုပ်ထားသော တောက်ပသည့် သံချပ်ကာ ဝတ်စုံတစ်ခု ရှိနေပြီး တစ်ချက်ကြည့်လိုက်ရုံနှင့်ပင် ထူးခြားဆန်းပြားလှကြောင်း သိသာလှသည်။
စင်မြင့်၏ ပတ်လည်တွင်လည်း လက်သီးဆုပ်ခန့်ရှိသော အနီရောင် ပုလဲလုံးကြီးများကို စီခြယ်ထားတော့သည်။
ပုလဲလုံး တစ်လုံးချင်းစီမှ တောက်ပသော အလင်းတန်းများ ထွက်ပေါ်လာပြီး လေထုထဲတွင် ကြီးမားသော ရောင်စုံရုပ်ကြွပုံရိပ်တစ်ခုအဖြစ် ပေါင်းစပ်သွားသည်။
ထိုပုံရိပ်တွင် သံချပ်ကာ၏ အသေးစိတ်အချက်အလက်များ၊ သတ္တုစများပေါ်ရှိ အစီအရင်မျဉ်းကြောင်းများနှင့် ၎င်းတို့ကို ဆက်သွယ်ထားသော ရွှေချည်မျှင်များကိုပါ ရှင်းလင်းစွာ မြင်တွေ့နိုင်စွမ်းရှိသည်။
မျက်နှာဖုံးစွပ်ထားပြီး ဆွဲဆောင်မှုရှိသော ကိုယ်လုံးကိုယ်ပေါက်ရှိသည့် အမျိုးသမီးကျင့်ကြံသူတစ်ဦး ရှေ့သို့ တိုးလာကာ ခပ်ဖွဖွရယ်မောလျက် မိတ်ဆက်ပေးလိုက်သည်။
"ဒါကတော့ အထက်တန်းစား ကာကွယ်ရေးမှော်လက်နက်ဖြစ်တဲ့ မီးဖန်သံချပ်ကာပါ။ အလွန်ခိုင်ခံ့တဲ့ မီးဖန်သားနဲ့ ပြုလုပ်ထားပြီး ကျင့်ကြံသူရဲ့ ခန္ဓာကိုယ်ထဲကို ပေါင်းစပ်ထားနိုင်ပါတယ်။ ဘေးအန္တရာယ်နဲ့ ကြုံတွေ့ရတဲ့အခါ ဝတ်ဆင်ထားသူကို အလိုအလျောက် ကာကွယ်ပေးမှာပါ။ သာမန်အထက်တန်းစား တိုက်ခိုက်ရေးမှော်လက်နက်တွေနဲ့တောင် ဖောက်ထွက်ဖို့ ခက်ခဲပါတယ်။
ဒါ့အပြင် ဒီသံချပ်ကာထဲမှာ သန့်စင်ခြင်းအစီအရင်ပါဝင်လို့ ကျင့်ကြံမှုကိုလည်း အထောက်အကူပြုပါသေးတယ်။ ပစ္စည်းအပ်နှံသူက ရွှေနဲ့ငွေကို လက်မခံပါဘူး။ ဝိညာဉ်ချီစွမ်းအင်စုပ်ဆေးလုံး၊ ဝိညာဉ်ကျောက်တုံးဒါမှမဟုတ် တန်ဖိုးတူ ရတနာပစ္စည်းတွေနဲ့ပဲ လဲလှယ်မှာပါ။ အခြေခံလေလံဈေးကတော့ ဝိညာဉ်ချီစွမ်းအင်စုပ်ဆေးလုံး ပုလင်းဆယ်လုံး ဖြစ်ပါတယ်"
ပထမဆုံး လေလံတင်သည့် ပစ္စည်းမှာပင် အထက်တန်းစား ကာကွယ်ရေးမှော်လက်နက် ဖြစ်နေသဖြင့် တစ်ခါတည်း ဟိုးဟိုးကျော် ဖြစ်သွားရသည်။
ကာကွယ်ရေးမှော်လက်နက်များကို ပြုလုပ်ရန် ခက်ခဲသဖြင့် တိုက်ခိုက်ရေးလက်နက်များထက် ပိုမိုတန်ဖိုးရှိလှရာ လူတိုင်းက အသည်းအသန် လိုချင်နေကြတော့သည်။
"ဆယ်ပုလင်း"
"ဆယ့်ငါးပုလင်း"
"ငါ ပုလင်းနှစ်ဆယ် ပေးတယ်"
လေလံပွဲ စတင်သည်နှင့် ချင်းလုံစံအိမ်သည် ဂိတ်ပေါက်များကို ပိတ်လိုက်ပြီး အစောင့်များစွာဖြင့် ဝိုင်းရံကာ မည်သူမျှ မနှောင့်ယှက်နိုင်ရန် စီစဉ်လိုက်သည်။
သို့သော် ထိုအချိန်မှာပင် လုံယီ၏ စိတ်ထဲမှ သိန်းငှက်ပုံရိပ်က အသည်းအသန် သတိပေးသံ ထွက်ပေါ်လာသည်။ သူနှင့် မနီးမဝေးတွင် ထိုင်နေသော ဆယ့်သုံးယောက်မြောက် အကြီးအကဲ၏ မျက်နှာထားမှာလည်း ရုတ်တရက် ပြောင်းလဲသွားပြီး အထက်သို့ မော့ကြည့်လိုက်သည်။
လေလံကွင်းပြင်ကြီး၏ အထက် ကောင်းကင်ယံတွင် လှေငယ်တစ်စင်း အရွယ်အစားရှိသော အဝါရောင် ငှက်ပျောရွက်ပုံသဏ္ဌာန် မှော်လက်နက်တစ်ခု ရုတ်တရက် ပေါ်လာသည်။
ထိုမှော်လက်နက်ပေါ်တွင် တောင့်တင်းခိုင်မာသော ကိုယ်လုံးကိုယ်ပေါက်နှင့် လူလတ်ပိုင်း အမျိုးသားတစ်ဦး ရပ်နေသည်။ သူ၏ မျက်ဝန်းများမှာ သိန်းငှက်ကဲ့သို့ ထက်မြက်လှပြီး အောက်ဘက်ရှိ လူအုပ်ကို အေးစက်စွာ ကြည့်နေသည်။
သူသည် ရုပ်ဖျက်ထားသော်လည်း ရင်းနှီးနေသော ကိုယ်လုံးကိုယ်ပေါက်နှင့် မျက်ဝန်းများကြောင့် လုံယီ၏ ရင်ထဲ ထိတ်ခနဲ ဖြစ်သွားရသည်။ ၎င်းမှာ အကြီးအကဲ ဝမ်ပင်။
သူသည် လေစီးသီး လေလံတင်ချိန်မှ ပေါ်လာမည်ဟု လုံယီ ခန့်မှန်းထားသော်လည်း ယခုအခါ လေလံပွဲ စသည်နှင့် အထင်အရှား ပေါ်ထွက်လာခြင်းပင်။ ရုပ်ဖျက်ထားသော အကြီးအကဲ ဝမ်သည် ရှေးဟောင်းကြေးမီးအိမ်တစ်ခုကို ထုတ်လိုက်သည်။
ထိုမီးအိမ်မှ စိမ်းဖန့်ဖန့် မီးလျှံများ တောက်လောင်လာသည်နှင့်အမျှ မမြင်ရသော ချီစွမ်းအင်လှိုင်းတစ်ခုမှာ အောက်ဘက်ရှိ လူတိုင်းကို ဖြတ်သန်းသွားတော့သည်။
"အား"
လေလံကွင်းအတွင်းရှိ လူနှစ်ဦးမှာ သူတို့၏ ဝိညာဉ်ချီစွမ်းအင်ကို မထိန်းချုပ်နိုင်တော့ဘဲ အရှိန်အဝါများမှာ သိသိသာသာ ထွက်ပေါ်လာသည်။ အစောင့်များက ထိုသူနှစ်ဦးကို ချက်ချင်းပင် အပြင်သို့ ဆွဲထုတ်သွားကြတော့သည်။
လုံယီ၏ ဝိညာဉ်ချီစွမ်းအင်မှာလည်း တုန်လှုပ်သွားပြီး ထူးကဲယင်ဓာတ်ကျင့်စဉ်က အလိုအလျောက် အလုပ်လုပ်ရန် ပြင်နေသည်။ ကံကောင်းထောက်မစွာဖြင့် သူသည် ခွန်အားအပြည့်ဖြင့် ပြန်လည်ဖိနှိပ်လိုက်ပြီး ရုပ်ဖျက်ခြင်းပါရမီကြောင့် ချက်ချင်း အထင်အရှား ဖြစ်မသွားခဲ့ပေ။
ဒီမီးအိမ်က ထူးကဲယင်ဓာတ်ကျင့်စဉ်ကို ကျင့်ကြံထားတဲ့သူတွေကို ဖော်ထုတ်နိုင်တာပဲ။
လုံယီ၏ မျက်နှာထားမှာ တည်တင်းသွားသည်။ သူသည် အကြီးအကဲ ဝမ်ကို အထင်သေးမိခဲ့ပုံရသည်။ ပြိုင်ဘက်မှာ ပုံမှန်နည်းလမ်းများဖြင့် ကစားနေသူ မဟုတ်ပေ။
ဤအဖြစ်အပျက်ကြောင့် လေလံပွဲအတွင်းရှိ လူများမှာ စိုးရိမ်မကင်း ဖြစ်လာကြသည်။
"ချင်းလုံစံအိမ်က ဘာလုပ်ချင်နေတာလဲ"
"ကုမျိုးနွယ်စုက သူတို့ရဲ့ ဂုဏ်သိက္ခာကို ဂရုမစိုက်တော့ဘူးလား"
ထိုသို့အသံများ ထွက်ပေါ်လာတော့သည်။
အောက်ဘက်ရှိ ကုမျိုးနွယ်စု ဘိုးဘေးက ပြုံးလျက် "အားလုံး စိုးရိမ်စရာမရှိပါဘူး။ ကျွန်တော့်ရဲ့ မိတ်ဆွေဟောင်းက သူ့ဂိုဏ်းက သစ္စာဖောက်တစ်ယောက်ကို လာဖမ်းတာပါ။ သူ မကြာခင် ပြန်ထွက်သွားပါလိမ့်မယ်။ အားလုံးကို အားနာတဲ့အတွက် ဒီနေ့ လေလံပွဲပြီးရင် နောက်လမှာ အဖိုးတန်ရတနာတွေပါဝင်တဲ့ လေလံပွဲတစ်ခု ထပ်ကျင်းပပေးပါ့မယ်။ အဲဒီပွဲအတွက် အားလုံးကို အခမဲ့ လက်မှတ်တွေ ပေးသွားမှာပါ" ဟု ပြောကာ လူအုပ်ကို နှစ်သိမ့်လိုက်သည်။