အခန်း (၃၉၇-၃၉၈)
Vol. 40 Ch. 397-398
အခန်း။ ၃၉၇
ကုမျိုးနွယ်စု ဘိုးဘေးမှာ အလွန်ပါးနပ်လှသည်။ သူသည် လူအုပ်၏ ဒေါသကို အကျိုးအမြတ်များဖြင့် ပြန်လည်ချော့မြှေ့ကာ ဖြစ်ပေါ်လာသော ထိခိုက်မှုများကို အနည်းဆုံးဖြစ်အောင် ကြံဆောင်နေခြင်းပင်။
သို့သော် လုံယီ၏ ရင်ထဲတွင်မူ အေးစက်မှုကို ခံစားနေရသည်။ သူသည် ဤလောကရှိ သူရဲကောင်းများကို အထင်သေးမိခဲ့ပုံရသည်။
နှစ်ပေါင်း ရာချီ အသက်ရှင်လာခဲ့သည့် မြေခွေးအိုကြီးများသည် သူရေးဆွဲထားသည့် ဇာတ်ညွှန်းအတိုင်း လုံးဝ ကစားကြမည် မဟုတ်ပေ။
အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်ရှိသူ နှစ်ဦး ပူးပေါင်းလိုက်ပြီဆိုလျှင် အမှားအယွင်း အနည်းငယ်ရှိရုံနှင့်ပင် သူသည် ဤနေရာတွင် ပိတ်မိသွားနိုင်သည်။
သို့သော် အကြီးအကဲ ဝမ်သည် မည်မျှပင် တွက်ချက်ထားပါစေ ဟွမ်ချွမ်မိစ္ဆာဂိုဏ်းဝင်များ ဤနေရာတွင် ရှိနေသည်ကိုတော့ ကြိုတင်သိမြင်နိုင်မည် မဟုတ်ပေ။ ဤအချက်ကို စဉ်းစားမိသည်နှင့် လုံယီ၏ စိတ်ထဲတွင် အကြံတစ်ခု ရလာသည်။
သူသည် သံချပ်ကာဖောက်ထွင်းခြင်းအတတ်ကို တိတ်တဆိတ် အသက်သွင်းလိုက်ပြီး အင်အားအနည်းဆုံးဖြစ်သော မိစ္ဆာဂိုဏ်းဝင် နှစ်ဦးထံသို့ ပစ်လွှတ်လိုက်သည်။
ထိုသူနှစ်ဦးမှာ နာကျင်စွာ အော်ဟစ်လိုက်ရပြီး မျက်နှာများ ဖြူလျော်ကာ တစ်ကိုယ်လုံး တုန်တုန်ရီရီဖြင့် ရပ်နေကြတော့သည်။
ထိုဆူညံမှုကို သတိပြုမိသွားသော သံချပ်ကာဝတ် အစောင့်များမှာ ဟွမ်ချွမ်ဂိုဏ်းသားများ ရှိရာဘက်သို့ အရှိန်အဟုန်ဖြင့် ပြေးဝင်လာကြသည်။
"မကောင်းတော့ဘူး"
အတွင်းစိတ်တွင် မကောင်းသော အကြံရှိနေကြသည့် ဟွမ်ချွမ်ဂိုဏ်းသားများသည် လန့်ဖျပ်သွားသော ကြောင်များကဲ့သို့ပင် အလန့်တကြား ထရပ်လိုက်ကြသည်။ အချို့မှာ ခန္ဓာကိုယ်ပေါ်တွင် ဝိညာဉ်ချီစွမ်းအင်များ စီးဆင်းလာပြီး မှော်အတတ်ကို ထုတ်ဖော်ရန် ပြင်ဆင်နေကြပြီ ဖြစ်သည်။
လုံယီက အရေးတကြီး အော်ဟစ်လိုက်သည်။
"ဒီကောင်တွေက ငါတို့ကို နှိမ်နင်းဖို့ လာကြတာပဲ။ ဘာလို့ အရင်လက်ဦးမှု မယူတာလဲ"
ထိုစကားကို ကြားသောအခါ အခြားမိစ္ဆာဂိုဏ်းသားများလည်း ထောက်ခံကြသည်။ အစောင့်အကြပ်ဆန်းမှာလည်း လှုပ်ရှားချင်နေပြီ ဖြစ်သော်လည်း ဆုံးဖြတ်ချက်ကို ဇွတ်မချရဲဘဲ ဆယ့်သုံးယောက်မြောက် အကြီးအကဲကို လှမ်းကြည့်လိုက်သည်။ သူမ၏ မျက်ခုံးများ တွန့်ချိုးနေသည်ကို ကြည့်ခြင်းအားဖြင့် သူမသည်လည်း ဝေခွဲမရ ဖြစ်နေပုံရသည်။
မူလက အခြေခံအုတ်မြစ်တည်ဆောက်သူ တစ်ဦးတည်းသာ ရှိမည်ဟု ထင်ထားသဖြင့် သူမက အနိုင်ရမည်ဟု ယုံကြည်ချက်ရှိခဲ့သည်။ ယခုမူ နှစ်ဦးဖြစ်နေသဖြင့် အကျိုးအမြတ်ကို ချိန်ဆနေရခြင်းပင်။
သို့သော် လုံယီက သူမကို စဉ်းစားရန် အချိန်မပေးတော့ပေ။ သူသည် မတ်တတ်ရပ်ကာ ဒေါသတကြီး အော်ဟစ်လိုက်တော့သည်။
"တောက်... ဒါ ဘယ်လို မိစ္ဆာအတတ်လဲ။ ငါတို့ရဲ့ ညီအစ်ကိုတွေကို ဒုက္ခပေးနေပြီ။ ရဲရင့်တဲ့ ညီအစ်ကိုတို့... ကုမျိုးနွယ်စုဟာ မိစ္ဆာတွေနဲ့ ပူးပေါင်းပြီး ငါတို့ကို သွေးနဲ့သန့်စင်ပြီး အသွင်ပြောင်းခြင်းအစီအရင်အတွက် ယဇ်ပူဇော်ဖို့ ကြံစည်နေကြတာ"
သွေးဖြင့်သန့်စင်၍ အသွင်ပြောင်းခြင်းအစီအရင်ဆိုသည်မှာ လုံယီက ဂိုဏ်း၏ မှတ်တမ်းဟောင်းများထဲတွင် ဖတ်ဖူးသည့် ရှေးဟောင်း မိစ္ဆာအစီအရင်တစ်ခု ဖြစ်သည်။
၎င်းမှာ သေဆုံးသူများ၏ သွေးကို စုပ်ယူပြီး အစွမ်းထက်လာစေသည့် အစီအရင် ဖြစ်သည်။ ဤခန့်ညားသော အစီအရင်အမည်ကို လုံယီက ထုတ်သုံးလိုက်ပြီး အောက်ဘက် စင်မြင့်ပေါ်ရှိ စီးဆင်းနေသော အနက်ရောင် မျဉ်းကြောင်းများကို အထောက်အထားအဖြစ် ပြသလိုက်
သောအခါ တက်ရောက်လာသူများသည် ထိုအစီအရင် မျဉ်းကြောင်းများကို ကြည့်ကာ စိုးရိမ်
ထိတ်လန့်လာကြသည်။
အမြဲတမ်း လာနေကျဧည့်သည်များပင်လျှင် ဤအစီအရင်မှာ လေလံပွဲအတွက် နှစ်ပေါင်းများစွာ သုံးလာသည့် အရာမှန်း သိသော်လည်း ယခု အခြေအနေကြောင့် တကယ်ပဲ ငါတို့ကို ထောင်ချောက်ဆင်နေတာလားဟု သံသယဝင်လာကြတော့သည်။
"ညီအစ်ကိုတို့... ကုမျိုးနွယ်စုကို ပြန်တိုက်ခိုက်ကြ"
လုံယီ၏ လက်ထဲတွင် ကြက်ဥခန့်ရှိသော မွဲပြာရောင် လုံးဝန်းသည့် အရာတစ်ခု ရုတ်တရက် ပေါ်လာသည်။
သူသည် ၎င်းအတွင်းသို့ ဝိညာဉ်ချီစွမ်းအင်များကို အရှိန်အဟုန်ဖြင့် ထည့်သွင်းလိုက်ရာ ဝူးခနဲ အသံနှင့်အတူ ထိုအရာသည် အောက်ဘက်ရှိ လေလံစင်မြင့်ဆီသို့ အရှိန်အဟုန်ဖြင့် ပျံသန်းသွားတော့သည်။
"ဟင်း... ပုစွန်စာလောက်ရှိတဲ့ အလင်းစက်လေးကများ ငါ့ရှေ့မှာ တောက်ပချင်သေးတာလား" ကုမျိုးနွယ်စု ဘိုးဘေးက မထီမဲ့မြင် ပြုံးရင်း နှာခေါင်းရှုံ့လိုက်သည်။
သူက လက်တစ်ဖက်ကို ဝေ့ယမ်းလိုက်ရာ လေလံစင်မြင့်ထက်တွင် ကြီးမားလှသော ဝါကြန့်ကြန့် သစ်သားထီးကြီးတစ်ချောင်း ပေါ်လာပြီး လေထဲတွင် ဖြည်းဖြည်းချင်း လည်ပတ်နေသည်။
ထိုထီးမျက်နှာပြင်မှ စိမ်းဖန့်ဖန့် အလင်းတန်းများစွာ ထွက်ပေါ်လာပြီး အောက်ဘက်ရှိ ကုမျိုးနွယ်စုဝင်များကို အလုံပိတ် ကာကွယ်ပေးထားလိုက်သည်။
ဒိုင်း
မွဲပြာရောင်လုံးလေးသည် သစ်သားထီးနှင့် ထိမိသည်နှင့် ပြင်းထန်စွာ ပေါက်ကွဲသွားသည်။ မိုးကြိုးပစ်ချလိုက်သကဲ့သို့ အသံကြီး ဟိန်းထွက်လာပြီး တိုက်စားနိုင်စွမ်းရှိသော မွဲပြာရောင် ယင်ချီစွမ်းအင်များ ပျံ့နှံ့သွားတော့သည်။
သို့သော် သစ်သားထီးမှ စိမ်းရောင်အလင်းတန်း ဝင်းခနဲ လက်သွားသည်နှင့် ထိုချီစွမ်းအင်များသည် နှင်းခဲများ နေပူမိသကဲ့သို့ ချက်ချင်း အရည်ပျော် ပျောက်ကွယ်သွားရသည်။
"အသေးအဖွဲ လှည့်ကွက်တွေပါ..."
ကုမျိုးနွယ်စု ဘိုးဘေးက စကားပင် မဆုံးသေးမီမှာပင် သူ၏ မျက်နှာရိပ်မျက်နှာကဲ ချက်ချင်း ပျက်ယွင်းသွားတော့သည်။
အကြောင်းမှာ လုံယီ၏ နောက်တွင် ယင်လျှပ်စီးဗုံးပေါင်း ဒါဇင်နှင့်ချီ၍ နတ်မိမယ်လေးများ ပန်းကြဲလိုက်သကဲ့သို့ သူရှိရာနေရာသို့ တပြိုင်နက်တည်း ပျံသန်းလာသောကြောင့်ပင်။
"သေပေတော့... ဟန်ဆောင်နေတဲ့ ကောင်"
"သတ်ကြဟေ့"
ဟွမ်ချွမ် မိစ္ဆာဂိုဏ်းဝင်များသည် သူတို့လက်ထဲရှိ ယင်လျှပ်စီးဗုံးများကို တစ်လုံးပြီးတစ်လုံး အငြိုးတကြီး ပစ်လွှတ်လိုက်ကြသည်။
ဒိုင်း ဒိုင်း ဒိုင်း ဒိုင်း ဒိုင်း
ပေါက်ကွဲသံကြီးများမှာ တစ်ဆက်တည်း ထွက်ပေါ်လာတော့သည်။ မိုးသက်မုန်တိုင်းအလား ပြင်းထန်သော တိုက်ခိုက်မှုများက သစ်သားထီးကြီးပေါ်မှ စိမ်းဖန့်ဖန့် အလင်းများကို တိုက်စားဖျက်ဆီးပစ်ရာ ထီးကြီးမှာ တကျွိကျွိ မြည်သံနှင့်အတူ အက်ကွဲကြောင်းများ ပေါ်လာသည်။ ယင်လျှပ်စီးဗုံးတစ်လုံးချင်းစီ၏ အစွမ်းမှာ ချီသန့်စင်ခြင်း အထောက်အထိပ်အဆင့်ရှိ တိုက်ခိုက်မှုတစ်ခုနှင့် ညီမျှသည်။
ယခုကဲ့သို့ အလုံးပေါင်း ဒါဇင်ချီကာ တပြိုင်နက် ပေါက်ကွဲသွားသောအခါ ထွက်ပေါ်လာသည့် ချီစွမ်းအင်မှာ အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်ရှိ ကျင့်ကြံသူကိုပင် တုန်လှုပ်သွားစေသည်။
ဝုန်း
နောက်ဆုံးတွင် ချီစွမ်းအင်များ စုပြုံသွားမှုကြောင့် ကြီးမားသော သစ်သားထီးကြီးသည် ဆက်လက် မခံနိုင်တော့ဘဲ အပိုင်းပိုင်းအပြတ်ပြတ်ဖြစ်ကာ ကွဲထွက်သွားတော့သည်။
ထိန်းမနိုင်သိမ်းမရသော ချီစွမ်းအင်လှိုင်းကြီးမှာ အောက်ဘက်ရှိ စင်မြင့်ဆီသို့ ကျဆင်းသွားတော့သည်။
ခဏချင်းမှာပင် ကျောက်ခဲစအနများ လွင့်စင်ကာ လေလှိုင်းများ အရှိန်ပြင်းစွာ တိုးထွက်လာပြီး မွဲပြာရောင် မှိုပွင့်ပုံသဏ္ဌာန် မီးခိုးလုံးကြီးမှာ ကောင်းကင်ယံသို့ မြင့်တက်သွားတော့သည်။
"ပြေးကြဟေ့"
"တောက်... ကုမျိုးနွယ်စုကတော့ လုပ်လိုက်ပြီ။ ငါ နောက်ဘယ်တော့မှ မလာတော့ဘူး"
"ငါ့ခြေထောက်... အား... ငါ့ခြေထောက်တွေ"
ကျင်းသဏ္ဌာန် လေလံကွင်းပြင်ကြီးတစ်ခုလုံးမှာ ငရဲခန်းအလား ဖြစ်သွားပြီး အော်ဟစ်သံများ၊ ကျိန်ဆဲသံများနှင့် ဆူညံသွားတော့သည်။
ဖုန်မှုန့်နှင့် မီးခိုးများကြောင့် မည်သူ့ကိုမျှ ရှင်းလင်းစွာ မမြင်ရတော့ဘဲ လူအုပ်ကြီးမှာ တစ်ဦးနှင့်တစ်ဦး တိုက်မိကာ ရုန်းရင်းဆန်ခတ် ဖြစ်ကုန်ကြသည်။
"သူခိုး... မင်းကို ငါ သတ်မယ်"
စင်မြင့်ပေါ်မှ ဒေါသတကြီး ဟိန်းဟောက်သံ ထွက်ပေါ်လာသည်။ ထို့နောက် မြေပြင်မှနေ၍ စိမ်းရင့်ရောင်ရှိသော လူသားပုံသဏ္ဌာန် သစ်ပင်ကြီးတစ်ပင် ရုတ်တရက် ထိုးထွက်ကာ မြင့်တက်လာတော့သည်။
ထိုသစ်ပင်ကြီးမှာ ရှေးဦးကမ္ဘာဦးတောနက်ကြီးထဲမှ ထွက်ပေါ်လာသကဲ့သို့ပင် ထည်ဝါလှပြီး ၎င်း၏ကြမ်းတမ်းသော ခန္ဓာကိုယ်ပေါ်တွင် နက်ရှိုင်းသော အက်ကြောင်းများ ထင်ကျန်နေသည်။
၎င်း၏ ကိုယ်လက်အင်္ဂါများကို လိမ်ရှုပ်နေသော သစ်ပင်ပင်စည် ဒါဇင်ပေါင်းများစွာဖြင့် ဖွဲ့စည်းထားပြီး အထက်မြင့်မားသော နေရာတွင် အိုမင်းရင့်ရော်နေသော သစ်သားမျက်နှာကြီးတစ်ခု ဖြစ်ပေါ်နေသည်။
ခန္ဓာကိုယ်မှ လိမ်တွန့်နေသော အနက်ရောင် သစ်ကိုင်းပေါင်းများစွာ ထွက်ပေါ်လာပြီး ဟွမ်ချွမ်မိစ္ဆာဂိုဏ်းသားများဆီသို့ အရှိန်အဟုန်ဖြင့် ထိုးစစ်ဆင်တော့သည်။
ထိုသစ်ကိုင်းများမှာ အကောင်းဆုံးသော လှံရှည်များထက်ပင် ပိုမိုထက်ရှနေပြီး ရှောင်တိမ်းရန် အချိန်မရလိုက်သော ကံဆိုးသူအချို့၏ ခန္ဓာကိုယ်များကို လေထဲမှာတင် အလွယ်တကူ ထိုးဖောက်သွားတော့သည်။
"ဖယ်စမ်း"
ဟွမ်ချွမ်ဂိုဏ်း၏ ဆယ့်သုံးယောက်မြောက် အကြီးအကဲသည် နောက်ဆုံးတွင် အောင့်မထားနိုင်တော့ဘဲ သူမ၏ ခန္ဓာကိုယ်မှ တုန်လှုပ်ချောက်ချားဖွယ် ဝိညာဉ်ချီစွမ်းအင်လှိုင်းများ ထွက်ပေါ်လာသည်။
သူမ၏ မျက်ဝန်းများမှာ သွေးရောင်ပြောင်းသွားပြီး ဆံပင်ရှည်များမှာလည်း မီးခိုးရောင် အနီရောင်အဖြစ် ပြောင်းလဲကာ လေထဲတွင် အရူးအမူး ဝေ့ယမ်းနေတော့သည်။
တစ်ချိန်တည်းမှာပင် သူမသည် အနီရောင် ပိုးထည်လိပ်တစ်ခုကို လေထဲသို့ ပစ်တင်လိုက်ရာ အလင်းများ ပွင့်ထွက်သွားသည်။
ထို့နောက် ၎င်းမှာ ကြီးမားသော အနီရောင် ရေတံခွန်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားပြီး သောင်းကျန်းနေသော သစ်ပင်ဘီလူးကြီးဆီသို့ စီးဆင်းသွားတော့သည်။
အနီရောင် ပိုးထည်မှာ အဆုံးမရှိ ဆန့်ထွက်လာပြီး နဂါးတစ်ကောင်ကဲ့သို့ သစ်ပင်ဘီလူး၏ အဆစ်အမြစ်များနှင့် သစ်ကိုင်းများကို ရစ်ပတ်ချည်နှောင်လိုက်ရာ သစ်ပင်ဘီလူးကြီးမှာ ချက်ချင်းပင် လှုပ်မရအောင် တောင့်တင်းသွားပြီး အန္တရာယ်ပြုနိုင်စွမ်း သိသိသာသာ လျော့ကျသွားသည်။
"ဟွမ်ချွမ်အကြီးအကဲ... အရိုးစားမိစ္ဆာမလား"
ကုမျိုးနွယ်စု ဘိုးဘေးက ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
"ဟားဟားဟား... ဒီနေ့ ဒီလောက် ငါးကြီးကြီးတစ်ကောင် မိမယ်လို့ မထင်ထားမိဘူး" ကောင်းကင်ယံမှ အကြီးအကဲ ဝမ်က စိတ်လှုပ်ရှားစွာ ရယ်မောလိုက်သည်။
သူက လက်တစ်ဖက်ကို ဝေ့ယမ်းလိုက်ရာ အနက်ရောင် အစီအရင်အလံ လေးခုမှာ အလင်းတန်းများအလား ပျံထွက်သွားပြီး လေးထောင့်ပုံစံ အစီအရင်တစ်ခု ဖြစ်ပေါ်လာသည်။
ခဏချင်းမှာပင် ကြီးမားသော အနက်ရောင် ကုဗတုံးပုံသဏ္ဌာန် လှောင်အိမ်ကြီးတစ်ခု ဖြစ်ပေါ်လာတော့သည်။
မင်ရည်ကဲ့သို့ နက်မှောင်နေသော ထိုလှောင်အိမ်ကြီးမှာ ယုတ်မာညစ်ထေးသော ချီစွမ်းအင်များဖြင့် ပြည့်နှက်နေသည်။
အတွင်းပိုင်းတွင် ပုံပျက်ပန်းပျက် သရဲမျက်နှာများ၊ လူ့လက်များနှင့် သွေးရောင်ပုံရိပ်များ ရံဖန်ရံခါ ပေါ်လာတတ်သည်။ အဝေးမှ ကြည့်လျှင်ပင် ချမ်းစိမ့်မှုကို ခံစားရပြီး အသက်ရှူရ ကျပ်စေသည်။
၎င်းမှာ အကြီးအကဲ ဝမ်၏ ကျော်ကြားသော အရပ်လေးမျက်နှာ ငရဲလှောင်အိမ်အတတ်ပင်။
"ဖမ်းဆီးစမ်း"
အကြီးအကဲ ဝမ်၏ ခန္ဓာကိုယ်ထဲမှ ဝိညာဉ်ချီစွမ်းအင်များ ပေါက်ကွဲထွက်လာပြီး မြစ်တစ်စင်းအလား စီးဆင်းသွားသည်။
အရပ်လေးမျက်နှာ ငရဲလှောင်အိမ်သည် ချက်ချင်းပင် နေရာရွေ့သွားပြီး ဆယ့်သုံးယောက်မြောက် အကြီးအကဲ အရိုးစားမိစ္ဆာမနှင့် ပတ်ဝန်းကျင်ရှိ မိစ္ဆာကျင့်ကြံသူ အများအပြားကို ငုံ့ယူ ဖုံးအုပ်လိုက်တော့သည်။
ဤအမှုကို ပြီးမြောက်ပြီးနောက် အကြီးအကဲ ဝမ်၏ မျက်နှာမှာ အနည်းငယ် ဖြူလျော်သွားပြီး ဆေးပုလင်းတစ်လုံးကို အလျင်အမြန် ထုတ်ယူလိုက်သည်။
သူသည် ရွှေရောင်ဆေးလုံးများကို တွန့်ဆုတ်ခြင်းမရှိဘဲ ပါးစပ်ထဲ သွတ်သွင်းကာ သူ၏ ဝိညာဉ်အဆီအနှစ်များကို အမြန်ဆုံး ပြန်လည်ဖြည့်တင်းလိုက်သည်။
"အား"
လှောင်အိမ်ထဲတွင် ပိတ်မိနေသော မိစ္ဆာကျင့်ကြံသူများသည် ကျူးကျော်ဝင်ရောက်လာသော ယုတ်မာသည့် ချီစွမ်းအင်များကို မောင်းထုတ်ရန် အသည်းအသန် ကြိုးစားကြသည်။
သို့သော် ၎င်းမှာ သမုဒ္ဒရာထဲသို့ ရေတစ်စက် ချသကဲ့သို့သာ ရှိပြီး ခဏအတွင်းမှာပင် ထိုချီစွမ်းအင်များအောက်တွင် နစ်မြုပ်ကာ သူတို့၏ ခန္ဓာကိုယ်များမှာ မှတ်မိနိုင်စွမ်းမရှိတော့အောင် တိုက်စားခံလိုက်ရတော့သည်။
"အရပ်လေးမျက်နှာ ငရဲလှောင်အိမ်ဆိုတော့... မင်းက အလောင်းထိန်းချုပ်ခြင်းဂိုဏ်းက ဝမ်ဟုန်ယွဲ့ပဲ ဖြစ်ရမယ်"
အကြီးအကဲ ဝမ်၏ ကျော်ကြားလှသော အတတ်နှင့် ရင်ဆိုင်ရသောအခါ အရိုးစားမိစ္ဆာမသည် မပေါ့ဆရဲပေ။ သူမသည် ပန်းရောင် ပန်းထိုးအိတ်လေးတစ်အိတ်ကို ထုတ်လိုက်ရာ ၎င်းမှာ သူမ၏ ဦးခေါင်းအထက်တွင် ငြိမ်သက်စွာ မျောလွင့်နေသည်။
ထို့နောက် ၎င်းအိတ်ထဲမှ ပန်းရောင် မီးခိုးအမြောက်အမြား ထွက်ပေါ်လာပြီး သူမ၏ ပတ်ဝန်းကျင်တွင် ပျံ့နှံ့သွားကာ ယုတ်မာသော ချီစွမ်းအင်များ သူမထံ မရောက်ရှိနိုင်အောင် လုံးဝတားဆီးပေးလိုက်တော့သည်။
ဤမြင်ကွင်းကို အခြေခံအုတ်မြစ်တည်ဆောက်သူ သုံးဦးက ခြယ်လှယ်နေကြသဖြင့် သာမန်လူများမှာ မည်သည့်အရာကိုမျှ မမြင်နိုင်တော့ဘဲ မြေပြင်ပေါ်တွင် ဝပ်စင်းကာ တုန်လှုပ်နေကြရုံသာ တတ်နိုင်ကြသည်။
သို့သော်လည်း စင်မြင့်၏ အောက်ဘက်တွင် မီတာတစ်ရာခန့် ကျယ်ဝန်းသော နေရာလွတ်တစ်ခု ရှိနေသည်။ ပတ်ပတ်လည်ရှိ ကျောက်နံရံများတွင် အလင်းပေးရန်အတွက် ဝင်းလက်သော ပုလဲများကို စီခြယ်ထားပြီး လူ ခုနစ်ဦး ရှစ်ဦးခန့်မှာ ထိုနေရာတွင် တိုးဝှေ့နေကြပြီး အားလုံးမှာ ဝတ်ရုံများကို ဝတ်ဆင်ထားကာ မျက်နှာများ တည်တင်းနေကြသည်။
"ဘိုးဘေးက ဒီနှောင့်ယှက်သူတွေကို နှိမ်နင်းနိုင်ပါ့မလား"
"ရယ်စရာပဲ ဘိုးဘေးက အခြေခံအုတ်မြစ်တည်ဆောက်ခြင်း အဆင့်ရှိတဲ့ ကျင့်ကြံသူကြီးပဲ။ သူ့သူငယ်ချင်း အကြီးအကဲ ဝမ်လည်း ရှိသေးတာပဲ။ ဒီနှောင့်ယှက်သူတွေ ဘယ်လောက်ပဲ ကြမ်းကြမ်း ဘာမှ အဖတ်တင်မှာ မဟုတ်ဘူး"
"ရတနာတွေကိုပဲ သေချာစောင့်ကြည့်ထားကြ။ ဘိုးဘေးက ဒီလူမိုက်တွေကို ရှင်းလိုက်တာနဲ့ လေလံပွဲကို ဆက်လုပ်ရမှာ"
သူတို့၏ ရှေ့တွင် လေလံတင်မည့် တောက်ပသော ရတနာ အခုနှစ်ဆယ်ခန့်ကို ကျောက်စားပွဲပေါ်တွင် ပုံထားသည်။ သူတို့ သတိမထားမိလိုက်သည်မှာ သူတို့၏ နောက်ကွယ်ရှိ မြေပြင်မှာ ရုတ်တရက် အက်ကွဲသွားခြင်းပင်။
ထို့နောက် မည်သည့်အသံမျှ မထွက်ဘဲ မြေထုမှာ ဘေးတစ်ဖက်တစ်ချက်စီသို့ အသာအယာ ကွဲထွက်သွားပြီး လူတစ်ယောက်မှာ တိတ်တဆိတ် ထွက်ပေါ်လာတော့သည်။
အခန်း။ ၃၉၈
ထိုသူသည် သူ၏ ဘယ်ဘက်လက်ကို ဆန့်ထုတ်လိုက်ကာ လက်ဖဝါး အလယ်ဗဟိုတွင် ထင်ရှားသော ဒဏ်ရာတစ်ခု ပေါ်လာပြီး ထိုမှတစ်ဆင့် ပေသုံးဆယ်ကျော် မြင့်မားသော သွေးရောင်ပုံရိပ်တစ်ခု ထွက်ပေါ်လာကာ ပုပ်စော်နံသော အနံ့အသက်များနှင့်အတူ ရှေ့သို့ တိုးဝင်သွားတော့သည်။
ကုမျိုးနွယ်စုဝင်များသည် ချီသန့်စင်ခြင်း အစောပိုင်းအဆင့်မှ အထောက်အထိပ်အဆင့်အထိ ရှိကြသော်လည်း အော်ဟစ်ချိန်ပင်မရဘဲ သွေးအိုင်များအဖြစ် ပြောင်းလဲသွားကြရသည်။
လုံယီ၏ မျက်နှာမှာ တည်ငြိမ်နေဆဲပင်။ သူ့ကို ရန်သူအဖြစ် ရွေးချယ်ခဲ့ကြသူများဖြစ်သဖြင့် ယခုကဲ့သို့ သေမင်းနှင့် တွေ့ဆုံရန် ပြင်ဆင်ထားသင့်သည်။
သူ့ရှေ့ရှိ ကျောက်စားပွဲပေါ်တွင် ရွှေရောင်၊ ငွေရောင်များဖြင့် ဝင်းလက်နေပြီး ဆွဲဆောင်မှုရှိသော အဖိုးတန်ရတနာ အခုနှစ်ဆယ်ကျော် ငြိမ်သက်စွာ ရှိနေသည်။
သူတို့အထဲတွင် ကျောက်စိမ်းကဲ့သို့ ကြည်လင်နေသော လက်ကိုင်မပါသည့် မြစိမ်းရောင် ပျံလွှားဓားငယ်တစ်လက်၊ နုပျိုခြင်းဆေးလုံးဟု စာသားထွင်းထားသော ကျောက်စိမ်းဖြူပုလင်းငယ်၊ ကားခေါင်မိုးခန့် ကြီးမားပြီး အထပ်ထပ်အခဲအခဲ ဖြစ်နေသော အနီနက်ရောင် မှိုကြီးတစ်ပွင့်တို့ ပါဝင်သည်။
သို့သော် လုံယီကို အဆွဲဆောင်နိုင်ဆုံးအရာမှာ လက်သီးဆုပ်ခန့်ရှိသည့် မြစိမ်းရောင် ဝိညာဉ်သီး ဖြစ်သော လေစီးသီးပင်။ သူသည် တွန့်ဆုတ်မနေဘဲ ထိုရတနာအားလုံးကို သိုလှောင်အိတ်ထဲသို့ သိမ်းကျုံးထည့်လိုက်သည်။
ထို့နောက် လေစီးသီးကို ကောက်ယူလိုက်သည်။ သူ၏ စွမ်းရည်ပြမျက်နှာပြင်ကို ကြည့်
လိုက်သောအခါ လျှပ်တပြက်အစွမ်း၏ နောက်တွင် အပေါင်းလက္ခဏာလေး ပေါ်လာသည်ကို တွေ့ရသည်။
အပြင်ဘက်တွင် တိုက်ပွဲများ ပြင်းထန်နေသော်လည်း သူသည် စိတ်ကို တည်ငြိမ်စွာ ထားလိုက်သည်။
[လျှပ်တပြက် (ကျွမ်းကျင်မှု ၀/၈၀၀ + လေစီးသီး ၁ လုံး) → လျှပ်တပြက် (အောင်မြင်မှုအဆင့်ငယ် ၀/၅၀၀၀ + လေစီးဆေးလုံး ၁ လုံး)]
သူ့စိတ်ထဲတွင် ထူးဆန်းသော မှတ်ဉာဏ်များ ပေါ်လာပြန်သည်။ သူသည် နီမြန်းသောဦးရစ်
ငှက်များ၏ ခေါင်းဆောင်အဖြစ် ပြောင်းလဲသွားပြီး သာမန်ငှက်များထက် ဆယ်ဆခန့် ကြီးမားသော ကိုယ်လုံးကိုယ်ပေါက်ကို ပိုင်ဆိုင်ထားသည်။
အဖိုးတန် ရတနာများစွာကို စားသုံးခဲ့သဖြင့် သူ၏ အရှိန်အဝါမှာ တောအုပ်အတွင်းရှိ မည်သည့်ငှက်နှင့်မျှ မနှိုင်းယှဉ်နိုင်အောင် မြန်ဆန်လာသည်။ သူသည် တောအုပ်တစ်ခုလုံးကို စိုးမိုးရုံသာမက မတ်တတ်လမ်းလျှောက်နိုင်သော မျောက်ဝံကဲ့သို့ သတ္တဝါများကိုပင် သူ၏ လျှပ်စီးကဲ့သို့ အရှိန်ဖြင့် အနိုင်ယူခဲ့သည်။
နောက်ဆုံးတွင် ကမ္ဘာတစ်ခုလုံးမှာ သူ၏ နယ်မြေဖြစ်လာပြီး အပြာရောင် အသီးတစ်မျိုးကို စားသုံးကာ သူ၏ ပါရမီကို ထပ်မံ မြှင့်တင်နိုင်ခဲ့သည်။
လက်တွေ့တွင်မူ လုံယီ မျက်လုံးဖွင့်လိုက်သည်။ အေးစက်သော ချီစွမ်းအင်များ သူ၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာပြီး ခြေထောက်ရှိ ဒူးဆစ်နေရာတွင် စုစည်းသွားသည်။ ခြေထောက်ရှိ ကြွက်သားများနှင့် အကြောများမှာ အကောင်းဆုံးသော မှော်လက်နက်များကဲ့သို့ ခိုင်မာတောင့်တင်းလာသည်။
ဒူးဆစ်ရှိ တွန့်လိမ်နေသော ကြွက်သားအဝိုင်းများမှာ မူလက ငါးဆယ်ခန့်သာ ရှိသော်လည်း ယခုအခါ တစ်ရာကျော်အထိ တိုးပွားလာခဲ့ပြီ ဖြစ်သည်။
သူသည် အင်အားကို အနည်းငယ် ထုတ်သုံးလိုက်သည်နှင့်...
ဘုန်း
အသံထက်မြန်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။
ထိုအသံကို နားက မကြားရသေးမီမှာပင် လုံယီသည် မြေအောက်ခန်း၏ အခြားတစ်ဖက်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
သူ၏ ပတ်ဝန်းကျင်တွင် ဖြူလွလွ မြူခိုးများ အလိုအလျောက် ဖြစ်ပေါ်လာပြီး သူ၏ ပုံရိပ်ကို ဝေဝါးသွားစေသည်။
ငါ့ရဲ့ အရှိန်က အသံရဲ့ အမြန်နှုန်းထက် ကျော်လွန်သွားပြီပဲ။
ထိုသို့ တွေးတောရင်း သူသည် အထက်သို့ မော့ကြည့်လိုက်သည်။ ထူထဲသော စင်မြင့်ကို ဖြတ်ကျော်လျက် အပေါ်ယံကောင်းကင်တွင် ဖြစ်ပွားနေသော အခြေခံအုတ်မြစ်တည်ဆောက်ခြင်းတိုက်ပွဲကို သူ မြင်နေရသည်။
"မိစ္ဆာမ... အသေခံပေတော့"
အကြီးအကဲ ဝမ်က ဒေါသတကြီး အော်ဟစ်သည်။ အရပ်လေးမျက်နှာ ငရဲလှောင်အိမ်ကြောင့် ဆယ့်သုံးယောက်မြောက် အကြီးအကဲမှာ လွယ်လွယ်နှင့် မလွတ်နိုင်ဘဲ ဖြစ်နေသည်။
ကုမျိုးနွယ်စု ဘိုးဘေးကလည်း မက်မွန်သားဓားကို အသုံးပြုကာ အလင်းတန်းများဖြင့် တိုက်ခိုက်နေသည်။
ဆယ့်သုံးယောက်မြောက် အကြီးအကဲမှာမူ အလွန် စိုးရိမ်ပူပန်နေသည်။ ဤနေရာမှာ အလောင်းထိန်းချုပ်ခြင်းဂိုဏ်းနှင့် အလွန်နီးသဖြင့် အချိန်ဆွဲနေလျှင် သူမအတွက် ပို၍ အန္တရာယ်ရှိမည်ကို သိသည်။
သို့သော် အကြီးအကဲ ဝမ်မှာ ကုသိုလ်ကို တစ်ယောက်တည်း ယူလိုသဖြင့် သူ၏ ဂိုဏ်းသားများကို အကြောင်းကြားခြင်း မရှိသည်ကို သူမ မသိပေ။
သူမသည် သူ၏ ရင်ဘတ်ကို လက်ဖြင့် ထိုးနှက်လိုက်ရာ မျက်နှာမှာ နီမြန်းသွားပြီး သွေးတစ်လုတ်ကို ကျောက်စိမ်းနက် ဆံထိုးပေါ်သို့ ထွေးထုတ်လိုက်သည်။ ထိုဆံထိုးသည် ချက်ချင်းပင် အရှိန်တိုးလာပြီး မက်မွန်သားဓားကို ကျော်ဖြတ်ကာ လေထဲသို့ ခုန်တက်သွားတော့သည်။
အကြီးအကဲ ဝမ်သည် ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ သူ၏ စိတ်နှလုံးထဲတွင် အချက်ပေးခေါင်းလောင်းသံများ ပြင်းထန်စွာ မြည်ဟိန်းသွားတော့သည်။
သူ၏ ခြေဖဝါးအောက်ရှိ ငှက်ပျောရွက်ပျံ မှော်လက်နက်ကို အဆက်မပြတ် နေရာရွှေ့ပြောင်းနေသော်လည်း ကျောက်စိမ်းနက်ဆံထိုး၏ လိုက်လံတိုက်ခိုက်မှုမှ မလွတ်မြောက်နိုင်ဘဲ ဖြစ်
နေသည်။
သူသည် ဝိညာဉ်ချီစွမ်းအင် အကာအကွယ်ဒိုင်းကို ထုတ်ဖော်ကာ ခုခံလိုက်သော်လည်း ဆံထိုးမှ ထွက်ပေါ်လာသော အနက်ရောင် မြူခိုးများနှင့် ထိမိသွားပြီးနောက် ကောင်းကင်ယံမှ လွင့်
စင်၍ ကျလာခဲ့သည်။
ဝေါ့
အကြီးအကဲ ဝမ်၏ ခန္ဓာကိုယ်မှ ဝိညာဉ်အရှိန်အဝါများမှာ ပေါက်ကွဲထွက်တော့မတတ် တုန်ခါနေပြီး မျက်နှာမှာ ဖြူလျော်ကာ သွေးအိုင်တစ်လုတ်ကို ထွေးထုတ်လိုက်ရသည်။
"တောက်... အစုတ်အပဲ့မ"
သူ၏ စိတ်ထဲတွင် အလွန်နာကျည်းသွားသည်။ ဤမျှ အသာစီးရနေသည့် အခြေအနေတွင် ပြိုင်ဘက်၏ ထောင်ချောက်ထဲသို့ သက်ဆင်းသွားလိမ့်မည်ဟု မထင်မှတ်ထားပေ။ ဤဒဏ်ရာမှာ သူ၏ အထွတ်အထိပ် အခြေအနေသို့ ပြန်ရောက်ရန် လပေါင်းများစွာ အနားယူရပေဦးမည်။
သူသည် အရိုးစားမိစ္ဆာမကို ဆက်လက်တိုက်ခိုက်ရန် ပြင်လိုက်စဉ်မှာပင် သူ၏ နောက်ကျောဘက် ပေအနည်းငယ်အကွာရှိ မြေပြင်မှ အက်ကြောင်းတစ်ခု တိတ်တဆိတ် ပွင့်ဟသွားသည်။ ထိုနေရာမှ ပုံရိပ်တစ်ခု ရုတ်တရက် ထိုးထွက်လာရာ ၎င်း၏ အရှိန်အဟုန်မှာ ဤလောကရှိ သာမန်လူသားတို့၏ ခန္ဓာကိုယ် ကန့်သတ်ချက်ကို ကျော်လွန်နေပြီ ဖြစ်သည်။
ဘုန်း
ထိုပုံရိပ်မှာ အကြီးအကဲ ဝမ်၏ အနားသို့ အလွန်အမင်း နီးကပ်လာချိန်မှသာလျှင် အသံထက်
မြန်သော ပေါက်ကွဲသံကြီးက သူ၏ နားထဲသို့ ရောက်ရှိလာသည်။
အကြီးအကဲ ဝမ်သည် ခေါင်းကို ဝှေ့ယမ်း၍ ကြည့်လိုက်ရာ ငွေရောင်အလင်းတန်းများ တောက်ပနေသော ပုံရိပ်တစ်ခုက သူ့ထံသို့ တိုက်ရိုက် ပြေးဝင်လာသည်ကို ထိတ်လန့်ဖွယ် တွေ့လိုက်ရသည်။ အကွာအဝေးမှာ အလွန်နီးကပ်နေပြီး အရှိန်မှာလည်း အလွန်မြန်ဆန်လှသဖြင့် သူ ရှောင်တိမ်းရန် လုံးဝ မတတ်နိုင်တော့ပေ။
တစ်ခါဖူးမျှ မကြုံဖူးသော အသက်အန္တရာယ် ခြိမ်းခြောက်မှုကို အကြီးအကဲ ဝမ် ခံစားလိုက်ရသည်။ သူသည် နောက်ဆုံးလက်နက်အဖြစ် အမြဲတမ်း သိမ်းဆည်းထားသော စိမ်းရင့်ရောင် သံချပ်ကာဒိုင်းကို ထုတ်ဖော်လိုက်သည်။
၎င်းဒိုင်းပေါ်တွင် ခြောက်ထောင့်ပုံစံ အစီအရင်များဖြင့် ပြည့်နှက်နေပြီး လိပ်ခွံတစ်ခုကဲ့သို့ ခိုင်ခံ့သော အလင်းတန်းများ ထွက်ပေါ်နေသည်။
ထို့အပြင် ထိုလိပ်ခွံဒိုင်း၏ အပြင်ဘက်တွင်လည်း ထူထဲလှသော မွဲပြာရောင် ဝိညာဉ်အကာအကွယ်ဒိုင်းကို ထပ်မံ အုပ်မိုးလိုက်သည်။ ၎င်းမှာ သာမန် ချီသန့်စင်ခြင်း အထောက်အထိပ်အဆင့်ရှိ ကျင့်ကြံသူတစ်ဦးထက် ငါးဆ၊ ခြောက်ဆခန့် ပိုမိုထူထဲလှသည်။ ဤစက္ကန့်ပိုင်းအတွင်းမှာပင် အကြီးအကဲ ဝမ် အစွမ်းကုန် ကြိုးစားနိုင်ခဲ့သမျှမှာ ဤမျှသာ ရှိသည်။
ထိုအချိန်တွင် လုံယီသည် သူ၏ ရုပ်သွင်ကို သာမန်အမျိုးသားတစ်ဦးအဖြစ် ထပ်မံပြောင်းလဲလိုက်ပြန်သည်။ သို့သော် သူ၏ မျက်ဝန်းထဲတွင်မူ အရာအားလုံးကို ဝါးမြိုပစ်မည့် မီးလျှံများ တောက်လောင်နေတော့သည်။
"တောင်ဖြိုကွက်"
လုံယီသည် သူ၏ သွေးချီစွမ်းအင်အားလုံးကို စုစည်းကာ ခွန်အားအားလုံးကို ညာဘက်လက်မောင်းဆီသို့ ပို့လွှတ်လိုက်ရာ သူ၏ အင်အားမှာ ပေါင်ချိန် တစ်သိန်းသုံးသောင်းအထိ ရောက်ရှိသွားသည်။
"ကြယ်တာရာခန္ဓာကျင့်စဉ်"
လုံယီသည် ကြယ်တာရာကျင့်စဉ်ကို အစွမ်းကုန် လည်ပတ်လိုက်ရာ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် ကြယ်အလင်းတန်းများ ဝင်းလက်လာပြီး ရင်ဘတ်ပေါ်တွင် ရှစ်ထောင့်ကြယ်ပုံစံ အစီအရင် သုံးခု ထင်ရှားလာသည်။
၎င်းမှာ ချီသန့်စင်ခြင်း နောက်ဆုံးအဆင့်ရှိ ခန္ဓာကျင့်ကြံသူတစ်ဦးနှင့် တူညီလှပြီး သူ၏ ခွန်အားနှင့် ကာကွယ်ရေးစွမ်းအားမှာ များစွာ တိုးတက်လာခဲ့သည်။ သူ၏ အင်အားမှာ ပေါင်ချိန် တစ်သိန်းရှစ်သောင်းအထိ ထပ်မံ တိုးမြင့်လာခဲ့သည်။
"နဂါးထိုးဖောက်ခြင်း"
လုံယီသည် သူ၏ စစ်မှန်သော ခွန်အားကို အသုံးပြုကာ နဂါးသွေးကြောမှတ်ကို ဖိနှိပ်လိုက်ရာ သူ၏ အင်အားမှာ ဒုတိယအကြိမ် ထပ်မံ ပေါက်ကွဲလာပြီး ပေါင်ချိန် နှစ်သိန်းနှစ်သောင်းအထိ ရောက်ရှိသွားသည်။
"ဝိညာဉ်ဝါးမြိုခြင်း"
သူ၏ ဘယ်ဘက်လက်ဖဝါး အလယ်မှ သွေးရောင်ပုံရိပ်သည် ယခုအခါ လုံယီ၏ အဆင့်မြင့်စွမ်းရည်အတွက် လောင်စာအဖြစ်သို့ ပြောင်းလဲသွားပြီး အစွန်းကုန် ပေါက်ကွဲထွက်မည့် အရှိန်အဟုန်ကို အထောက်အကူပြုပေးလိုက်သည်။
လုံယီ၏ ခွန်အားမှာ မယုံနိုင်စရာ ကောင်းလောက်အောင် တိုးမြင့်လာပြီး ပေါင်ချိန် နှစ်သိန်းနှစ်သောင်းမှ နှစ်သိန်းငါးသောင်း၊ သုံးသိန်း၊ သုံးသိန်းခုနစ်သောင်း၊ လေးသိန်းလေးသောင်း၊ နောက်ဆုံးတွင် ပေါင်ချိန် လေးသိန်းကိုးသောင်းအထိ ရောက်ရှိသွားတော့သည်။
သူ၏ ခန္ဓာကိုယ်အတွင်းမှ ထွက်ပေါ်လာသော အံ့သြဖွယ် သွေးချီစွမ်းအင်များကြောင့် လုံယီသည် ကောင်းကင်ယံမှ နေမင်းထက်ပင် ပိုမိုတောက်ပသော အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားသည်။
ထိုအလင်းတန်းမှာ ဖုန်မှုန့်များကို ဖြတ်သန်းသွားသဖြင့် ပတ်ဝန်းကျင်ရှိ လူအားလုံးမှာ မျက်လုံးများကို အလိုအလျောက် ပိတ်လိုက်ကြရသည်။
"သေပေတော့"
လုံယီသည် လက်သီးတစ်ချက်ကို ပစ်လွှတ်လိုက်သည်။ အသံထက်မြန်သော အရှိန်နှင့် ပေါင်ချိန် လေးသိန်းကိုးသောင်းရှိသော ထိတ်လန့်ဖွယ် ခွန်အားတို့ ပေါင်းစပ်လိုက်သောအခါ ထွက်ပေါ်လာသည့် ချီစွမ်းအင်မှာ လူသားတို့၏ စိတ်ကူးစိတ်သန်းထက်ပင် ကျော်လွန်နေတော့သည်။
ဟင်းလင်းပြင်ထဲတွင် လျှပ်စီးများနှင့် မီးလျှံများစွာ ပေါ်ပေါက်လာသည်။ အကြီးအကဲ ဝမ် စုစည်းထားသော အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်ရှိ အကာအကွယ်ဒိုင်းမှာ ခဏချင်းမှာပင် ပန်းကန်ပြားလေးတစ်ချပ်အလား အက်ကွဲသွားပြီး အစိတ်စိတ်အမွှာမွှာ ဖြစ်သွားတော့သည်။
ထို့နောက် သူ အမြဲတမ်း ယုံကြည်အားကိုးခဲ့သော တန်ဖိုးကြီး သံချပ်ကာဒိုင်းမှာလည်း တကျွိကျွိ မြည်ဟီးလာပြီးနောက် ဝုန်း ခနဲ အသံနှင့်အတူ ပေါက်ကွဲကာ သတ္တုစအနများ ဘေးပတ်ပတ်လည်သို့ လွင့်စင်သွားတော့သည်။
လုံယီ၏ လက်သီးမှာ မည်သည့်အရာကမျှ တားဆီးနိုင်ခြင်းမရှိဘဲ အကြီးအကဲ ဝမ်၏ ရင်ဘတ်ဆီသို့ တိုက်ရိုက် ဦးတည်သွားတော့သည်။ နောက်ထပ် စက္ကန့်ပိုင်းအတွင်းမှာပင် ကမ္ဘာပျက်မတတ် ပြင်းထန်သော ပေါက်ကွဲမှုကြီး ဖြစ်ပေါ်တော့မည်ပင်။